News @ M-Media

Author: editor

  • မြန်မာနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားလာနိုင်ကြောင်း တပ်မတော် သတိပေး

    မြန်မာနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားလာနိုင်ကြောင်း တပ်မတော် သတိပေး

    ရန်ကုန် ၊ စက်တင်ဘာ ၅ ။ ။ မြန်မာနိုင်ငံအတွင်းပိုင်းဒေသများတွင် အကြမ်းဖက် ဖောက်ခွဲတိုက်ခိုက်မှုများ ဖြစ်ပွားလာနိုင်သဖြင့် မသင်္ကာ ဖွယ်ရာများ တွေ့ရှိပါကနီးစပ်ရာ တပ်စခန်း၊ ရဲစခန်းများနှင့် တပ်ဌာနချုပ်များကို အကြောင်းကြားရန် တပ်မတော်က သတိပေးထားသည်။

    မြန်မာနိုင်ငံအတွင်းပိုင်းဒေသများတွင် အကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်မှုများ လုပ်ဆောင်ရန် ပြည်ပနိုင်ငံတစ်ခုက စီစဉ်နေပြီး အဆိုပါ နိုင်ငံ၌ သွားရောက်အလုပ်လုပ်ကိုင်သည့် အလုပ်သမားများကို အခြားနိုင်ငံတစ်ခု၌ အကြမ်းဖက် သင်တန်းများ တက်ရောက်ရန် စေလွှတ်ခဲ့ပြီး အဆိုပါ အဖွဲ့များသည် ဒေသန္တရပစ္စည်းများနှင့် မိုင်းလုပ်နည်းများကို ကျွမ်းကျင်သူများ ဖြစ်သည်ဟု တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    အကြမ်းဖက်တိုက်ခိုက်လိုသူများ၏ ဘူးသီးတောင်-မောင်တောဒေသ၌ ဖြစ်ပွားနေသည့် ဘင်္ဂါလီအရေးကိစ္စကို ကမ္ဘာက ပိုမိုအာရုံစိုက်လာစေရန်အတွက် မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးများဖြစ်သည့် နေပြည်တော် ၊ရန်ကုန် ၊မန္တလေး ၊ မော်လမြိုင် စသည့် မြို့ကြီးများ၌ အကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်ရန် ပြင်ဆင်နေသည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    အဆိုပါကိစ္စရပ်များကြောင့် ပြည်သူလူထု မှ အကြမ်းဖက် သမားများ၏ မသင်္ကာဖွယ်ရာ လှုပ်ရှားမှုသတင်းများ၊ ဖောက်ခွဲရေးသုံး ပစ္စည်းများ (အမိုနီယမ်နိုက်ထရိတ်-ပုလဲဓာတ်မြေသြဇာ) တရားမ၀င်စုဆောင်းနေမှုများကို သိရှိပါက နီးစပ်ရာ တပ်စခန်း၊ ရဲစခန်းများနှင့် တပ်ဌာနချုပ်များကို အကြောင်းကြားသွားကြပါရန် တပ်မတော်က ထုတ်ပြန်ထားသည်။

     

    မဇ္ဈိမမှ ကူုးယူဖော်ပြသည်။
    http://www.mizzimaburmese.com/article/31622

  • “အကျဉ်းထောင်တွေ ဆက်လက် တည်ဆောက်နေမည့်အစား”

    “အကျဉ်းထောင်တွေ ဆက်လက် တည်ဆောက်နေမည့်အစား”

    အင်္ဂလိပ်အဘိဓာန် Merriam Webster Dictionary တွင် အကျဉ်းထောင်ဟူသည် တရားရုံးတစ်ခုတွင် အမှုရင်ဆိုင်နေရစဉ်ဖြစ်စေ၊ တရားရုံးမှ တရားစီရင်ပြီးသည့်အခါ ပြစ်မှုအတွက် ကျူးလွန်သူအား ပြစ်ဒဏ်အနေဖြင့် ထိန်းသိမ်းထားရာနေရာတစ်ခုဟု ပြန်ဆိုထား ပါသည်။

    မြန်မာနိုင်ငံတွင်အကျဉ်းထောင်ပေါင်း၎ခု ရှိလေသည်။ အကျဉ်းထောင်အသီးသီးတွင် အကြောင်းအမျိုးမျိုးကြောင့် အကျဉ်းချခံနေရသူ အကျဉ်းသားပေါင်း ၈၀၀၀၀ (ရှစ်သောင်းခန့်) ရှိ ကြောင်းသိရပါသည်။ အကျဉ်းထောင်များကို အမျိုးအစားခွဲခြားရာတွင် လူ ၁၀၀၀ဆံ့သည့် အကျဉ်း ထောင်ကို (က)အဆင့်ဟူ၍လည်းကောင်း၊ လူ၅၀၀ဆံ့သည့် အကျဉ်းထောင်ကို (ခ) အဆင့်ဟူ၍ လည်းကောင်း ခွဲခြား သတ်မှတ်ထားပါသည်။

    မြန်မာနိုင်ငံတွင် လူဦးရေ ၁၀၀၀ဆံ့သည့် အကျဉ်းထောင် ၃ ခုကို သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်ကတည်းက တည်ဆောက်ခဲ့ရာ ယခုအခါတွင် ပြီးစီးလုနီးပါးဖြစ်နေပြီဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ် နှစ်ကုန်တွင် ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း။ ထိုအကျဉ်းထောင် အသစ်မှာ ၃ခုမှာ (၁) ကချင်ပြည်နယ်ရှိ မိုးညှင်းထောင် (၂) ပဲခူးတိုင်းဒေသကြီးရှိ ဒိုက်ဦးထောင်နှင့် (၃) မွန်ပြည်နယ်ရှိ ကျိုက်မရောထောင်တို့ပင်ဖြစ်ကြောင်းသိရှိရပါသည်။ မကွေးတိုင်းဒေသကြီးတွင်လည်း အကျဉ်း ထောင် အသစ်တစ်ခု ထပ်မံတည်ဆောက်သွားရန် စီစဉ်နေကြောင်း။ အခုလို အကျဉ်းထောင်တွေကို ထပ်မံတိုးချဲ့တည်ဆောက်နေတာဟာ ဝေးလံတဲ့ဒေသတွေမှာရှိတဲ့ အကျဉ်းသားတွေ သွားလာပို့ ဆောင်ရေး လွယ်ကူအောင် ရည်ရွယ်တာဖြစ်တယ်လို့ မြန်မာနိုင်ငံအကျဉ်းဦးစီးဋ္ဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ပြောခဲ့ပါသည်။

    မြန်မာနိုင်ငံတွင် အကျဉ်းဦးစီးဋ္ဌာနသည် ပြည်ထဲရေးဝန်ကြီးဋ္ဌာန လက်အောက်တွင် ရှိပါသည်။

    အခုလို အကျဉ်းထောင်တွေ ထပ်မံတိုးချဲ့နေတာကို အကောင်းမြင်ရှုထောင့်အရ ကြည့်လျှင် ထောင်ထဲမှာ အကျဉ်းသားတွေ စုပြုံပြွတ်သိပ်ထားရှိနေရသည့် အခက်အခဲပြဿနာများကို ဖြေရှင်း ရာရောက်သဖြင့် ကောင်းသော်လည်းပဲ၊ ထောင်ထဲမှာ အကျဉ်းသားတွေ များပြားနေရခြင်းသည် မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးမှု အားနည်းနေခြင်းကို ဖော်ထုတ်ပြသရာ ရောက်ပေလိမ့်မည်။ တရားဥပဒေစိုးမိုးမှု အားနည်းနေသည့် တိုင်းပြည်တိုင်းတွင် အကျင့်ပျက်၊ခြစား၊ လာဘ်ပေး၊ လာဘ်ယူမှု့များ ဒုနဲ့ဒေး ဖြစ်ပေါ်နေတတ်ပြီး ရာဇဝတ်မှု့များလည်း များပြားတတ်ကြောင်း စာရေးသူ လေ့လာဖူးပါသည်။

    ထင်ပေါ်ကျော်ကြား လူသိများသည့် နိုင်ငံအချို့၏ လူဦးရေ အချိုးအစားနှင့် အကျဉ်းသား ဦးရေတို့ကို တင်ပြရလျှင် အမေရိကန်နိုင်ငံ၏ လူဦးရေ သန်းပေါင်း ၃၂၀ကျော်တွင် အကျဉ်းသား ၂၁၉၃၇၉၈ နီးပါး တရုတ်နိုင်ငံ၏လူဦးရေ သန်းပေါင်း ၁၃၀၀ကျော်တွင် အကျဉ်းသား ၁၅၄၈၄၉၈ ဦး နီးပါး ရုရှားနိုင်ငံ၏ လူဦးရေ သန်းပေါင်း ၁၄၃သန်းကျော်တွင် အကျဉ်းသား ၈၇၄၁၆၁ ဦးနီးပါး သက်ဆိုင်ရာနိုင်ငံ၏ အကျဉ်းထောင် အသီးသီးတွင် အကျဉ်းကျခံနေရပါသည်။ မြန်မာနိုင်ငံ၏ လူဦးရေ ၅၁.၄၉ သန်းကျော်တွင် အကျဉ်းကျခံနေရသူပေါင်း ရှစ်သောင်းနီးပါး ရှိနေကြပါသည်။ ယူအေအီး(UAE)နိုင်ငံတွင် အကျဉ်းထောင်များသည် ကြီးကျယ်ခန့်ညားလှသည်။ သို့သော် ထိုအကျဉ်းထောင်များတွင် အကျဉ်းသားများကား မရှိသလောက်ဖြစ်သည်။ အကြောင်းမှာ တရား ဥပဒေစိုးမိုးမှု၊ အပြည့်အဝရှိသောကြောင့် ဖြစ်သည်။ ဥပမာ “ကားမရပ်ရ”ဟု သတ်မှတ်ထားသော နေရာတွင် ကားရပ်မိပါက ပထမဆုံးနှင့်နောက်ဆုံးအကြိမ်အဖြင့် ယူအေအီးသုံးငွေ ဒဲဟမ် (dirham) ၅သိန်းကို ဒဏ်ငွေအဖြင့်ပေးဆောင်ရလေသည်။ ဒုတိယအကြိမ် “ကားမရပ်ရဇုံ”တွင် ကားရပ်မိပါက ယာဉ်မောင်းသူ၏ လိုင်စင်ကို ထာဝရ ရုတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်သည်ကို လေ့လာဖူးပါသည်။

    ဥရောပတိုက်ရှိ နယ်သာလန်နိုင်ငံတွင် တရားဥပဒေစိုးမိုးမှု့ အပြည့်အဝရှိပြီး ပြည်သူလူထုသည် တရားဥပဒေကို လေးစားလိုက်နာပြီး နိုင်ငံအနှံ့ ပြစ်မှုကျူးလွန်သူများ မရှိသလောက်ဖြစ်နေခဲ့သောကြောင့် အကျဉ်းထောင်များကို တဖြည်းဖြည်းချင်း ပိတ်သိမ်းနေရပြီး ဟိုတယ်များအဖြစ် အစားထိုးပြောင်းလဲနေသည်ကို အံ့သြဖွယ်ရာ တွေ့နေရပါသည်။

    အမေရိကန်နိုင်ငံတွင် ရာဇဝတ်မှု့ကြောင့် အကျဉ်းကျနေသူများကို နောင်တရ သင်ခန်းစာ ရပြီး လမ်းမှန်သို့ ပြန်လည်ရောက်ရှိလာစေရန် အပတ်စဉ် အလှည့်ကျ ဘာသာရေး ဓမ္မကထိက ဆရာများအား ထောင်တွင်းသို့ ပင့်ဖိတ်၍ ဟောပြောပို့ချစေပါသည်။ တရားနာယူစေပါသည်။

    စင်္ကာပူ၊မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် လိင်မှု့ကိစ္စနှင့် အကျဉ်းကျနေသူ အမျိုးသမီး များကို အသက်မွေးဝမ်းကြောင်းပညာများ ဖြစ်သည့် ဇာထိုး၊ပန်းထိုး၊အချုပ်အလုပ်၊လက်မှု့ပညာရပ် များကို ပြင်ပ ပညာရှင်များကို အချိန်ပေးခေါ်ယူ၍ အကျဉ်းထောင်များတွင် သင်ကြားပေးစေပါသည်။ အကျဉ်းထောင်မှ လွတ်မြောက်ပြီးနောက် ပြင်ပတွင် သမာအာဇီဝနည်းဖြင့် ဘဝရပ်တည်နိုင်ရန် ဖန်တီးပေးခြင်းဖြစ်ပါသည်။

    တကယ်တော့ အကျဉ်းထောင်ဟူသည် ရာဇဝတ်မှု့၊ ဒုစရိုက်မှု့စသည်တို့ကို ကျူးလွန်ဖောက် ဖျက်သူများကို သင်ခန်းစာပေးရာ နေရာတစ်ခုဖြစ်သည်။ သို့သော် မြန်မာပြည်တွင် တရားဥပဒေ သည် “ချိန်ခွင်လျှာပမာ” မဖြစ်သေးပဲ။ “လူကိုခင်ရင်၊မူကိုပြင်သည်။ လူကိုမုန်းရင်၊ မူကိုသုံးသည့်ပုံစံ မျိုး” ကျင့်သုံးနေခြင်းကြောင့် လူကောင်း၊သူကောင်း များသည်ပင် ပစ်မှတ်ထားခံရပြီး “သားရေကွင်းလို” တရားစီရင်မျိုး၌ မတရားဖမ်းဆီး အကျဉ်းကျခံနေရသူများသည် မြန်မာပြည်နှံ့ အကျဉ်းထောင်အသီးသီးတွင် ရှိနေကြပေသည်။ မြန်မာနိုင်ငံ၏ တရားစီရင်ရေး ခေတ်အဆက်ဆက် အစိုးရများလက်ထက်က လာဘ်ပေး၊လာဘ်ယူ အကျင့်ပျက်၊ခြစားမှု့များကြောင့် “စည်း” ပေါက်နေ ကြောင်း နိုင်ငံတကာက မီးမောင်းထိုးပြနေပါသည်။

    ပညာဗဟုသုတ အခြေခံနည်းပါးကြ၍ ခိုး၊ဆိုး၊လုယက်၊သတ်ဖြတ်မှု၊လောင်းကစား၊ မူးယစ် ဆေးဝါးမှု စသည်တို့ကြောင့် အကျဉ်းကျခံနေရသူများ၏ စိတ်ဓာတ် (Mind Set) များကို ပြုပြင် ပြောင်းလဲစေရန် အပြောအဟောကောင်းသည့် စာပေပညာရှင်များကို ပင့်ဖိတ်ကာ လစဉ် သို့မဟုတ် အပတ်စဉ် ပညာပေး အစီအစဉ်များကို ပြုလုပ်ခြင်း၊ အကျဉ်းထောင်အသီးသီးတွင် စာကြည့်တိုက်ငယ်လေးများ ဖန်တီးပြီး၊ စာပေနှင့် နီးစပ်အောင်ပြုလုပ်ခြင်း၊ နေ့စဉ်သတင်းစာများ၊ အပတ်စဉ်ဂျာနယ်များကို အကျဉ်းထောင်အသီးသီးတွင် ထားကာ အချိန်ပေး ဖတ်ရှုလေ့လာစေခြင်း၊ အသက်မွေးဝမ်းကြောင်း၊ လက်မှု့ပညာရပ်များကို သင်ကြားပေးခြင်း စသည်တို့သည် လူ့စွမ်းအား အရင်းအမြစ်များ တိုးတက်မြင့်မားလာစေရန် ဖန်တီးပေးခြင်းဖြစ်ပါသည်။ သို့မဟုတ်ပါက အကျဉ်းထောင်ဟူသည် ရာဇဝင်လူဆိုးများပြောသလို “အမေကမွေး၊ ထောင်ကကျွေး” ပုံစံဖြစ်နေပါ တော့မည်။ တရားဥပဒေစိုးမိုးမှု့ အားနည်းနေခြင်းကြောင့် လူဆိုး၊သူခိုး၊ရာဇဝတ်သားများ၊ တစ်နေ့ ထက် တစ်နေ့ များပြားလာခြင်းသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ခြိမ်းခြောက် ခြင်းခံလာရပြီး နိုင်ငံတည်ငြိမ်ရေးကိုပါ ထိခိုက်စေပါသည်။ နိုင်ငံပုံရိပ်ကိုပါ တရိပ်ရိပ်ကျဆင်းလာ စေပါသည်။

    ထို့ကြောင့် အကျဉ်းထောင်တွေကို ထပ်မံဆောက်လုပ်ရန်ကြံစည်နေခြင်းသည် အကျဉ်းသားများ ထပ်မံရောက်ရှိလာစေရန် ဖိတ်ခေါ်နေ သလိုမျိုးဖြစ်နေသည်ဟု နိုင်ငံရေး အကျဉ်းသားတစ်ဦးက ဝေဖန်ထောက်ပြပြောဆိုပါသည်။ စာရေးသူ၏ မြတ်ဆရာ နိုင်ငံကျော် စာရေးဆရာကြီး၊ မြန်မာစာဆရာကြီးလည်းဖြစ် ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ဆရာအောင်သင်းပြောခဲ့ သလို “စာကြည့်တိုက် တစ်ခုဖွင့်လိုက်နိုင်ခြင်းသည် အကျဉ်းထောင်တစ်ခုကို ပိတ်ပစ်နိုင်လိုက်ခြင်း” ဖြစ်သည်ဟူသော စကားကို နာယူမှတ်သားပြီး နိုင်ငံတစ်ဝန်း မြို့နယ်၊ကျေးရွာ၊ရပ်ကွက်များတွင် စာကြည့်တိုက်များ၊ ရွေ့လျားစာကြည့်တိုက်များ၊ တစ်နိုင်တစ်ပိုင်တည်ထောင်ခြင်းသည် နိုင်ငံတော်၏ အမှန်တကယ်လိုအပ်သော ကွက်လပ်များကို ဖြည့်စွက်ကူညီရာရောက်သည်ဟု စာရေးသူ ထင်မြင်မိပါသည်။ ခေတ်အဆက်ဆက် ချည့်နဲ့ ဆုတ်ယုတ်ခဲ့သော အကျဉ်းထောင်စနစ် ကိုလည်း ပြုပြင်ပြောင်းလဲပြီး နိုင်ငံတော်၏ ဘဏ္ဍာငွေများကို ပညာရေးဆိုင်ရာ အလုပ်အကိုင် အခွင့် အလမ်းများဖန်တီးပေးခြင်းဆိုင်ရာ ကဏ္ဏအသီးသီးတွင် ရင်းနှီးမြှပ်နှံပြီး နိုင်ငံတော်အတွက် အလုပ် လုပ်ကြပါစို့ဟု အကြံပြုတိုက်တွန်းလိုက်ပါသည်။

    ဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှုတက္ကသိုလ် R.I.T)

  • ဧည့်စာရင်း တိုင်ကြားခြင်း နှင့် လဝကကို အကြောင်းကြားရန်

    ဧည့်စာရင်း တိုင်ကြားခြင်း နှင့် လဝကကို အကြောင်းကြားရန်

    မြို့နယ်တစ်မြို့နယ်အတွင်းလာရောက် တည်းခိုတော့မယ်ဆိုရင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေအရ တည်းခိုသူအား အရေးယူခြင်းကို ပယ်ဖျက်ထားတာ မှန်သော်လည်း၊ အခြားပုဒ်မများနဲ့ အရေးယူနိုင်စရာ အကြောင်းများ ရှိနေပါတယ်။

    ရပ်/ကျေးဥပဒေ ပုဒ်မ-၁၃(ဎ)အရ

    “တရားဥပဒေ စိုးမိုးရေး၊ မှုခင်းကျဆင်းရေးနှင့် လုံခြုံရေးတို့အတွက် စစ်ဆေးရန် လိုအပ်သော နေအိမ် ဥပစာနှင့်နေရာများကို လုံလောက်သော အကြောင်းပြချက်နှင့် အဖွဲ့ဖြင့် စနစ်တကျ ဝင်ရောက် စစ်ဆေးခြင်း”

    ရပ်/ကျေးဥပဒေ ပုဒ်မ-၁၃(တ)အရ

    “နိုင်ငံခြားသား ဝင်ထွက်သွားလာမှုကို သက်ဆိုင်ရာသို့ သတင်းပေးခြင်း”

    ရပ်/ကျေးဥပဒေ ပုဒ်မ-၁၃(ဇ)အရ

    “ရပ်ကွက် သို့မဟုတ် ကျေးရွာအတွင်း နေထိုင်သူမဟုတ်သော မသင်္ကာဖွယ် သူစိမ်းတွေ့ရှိပါက သက်ဆိုင်ရာသို့ သတင်းပို့ခြင်းနှင့် ထူးခြားဖြစ်စဉ်များကို အချိန်နှု့် တစ်ပြေးညီ အစီရင်ခံခြင်း”

    ဥပဒေပြဌာန်းချက်များအရ လာရောက်တည်းခိုသူကို အရေးယူနိုင်ပါတယ်။

    ရပ်/ကျေးဥပဒေ ပုဒ်မ-၁၇ အရ ရပ်ကွက် သို့မဟုတ် ကျေးရွာအတွင်း နေထိုင်သူသည် ညဉ့်အိပ် ညဉ့်နေ ဧည်သည်အဖြစ် လာရောက်တည်းခိုလျှင် သို့မဟုတ် ဧည့်သည် ပြန်လည်ထွက်ခွာသွားလျှင် အုပ်ချုပ်ရေးမှူးထံ သတ်မှတ်ချက်များနှင့်အညီ မတိုင်ကြားလျှင် အိမ်ရှင်ကိုလည်း အရေးယူပါလိမ့်မယ်။

    မှတ်ပုံတင်မရှိ၊ နိုင်ကတ်မရှိ၊ ယာယီကတ်ပြားတစ်မျိုးမျိုး မရှိသူများ အနေနဲ့ ၁၉၄၉ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ မြန်မာနိုင်ငံတွင်း နေထိုင်သူများမှတ်ပုံတင်ရေး ဥပဒေ ပုဒ်မ – ၆ (၂) ၆ (၃) အရ အရေးယူ ခံရပါလိမ့်မယ်။

    အဲဒီတော့……..
    မြို့နယ်တစ်မြို့နယ်အတွင်း လာရောက် တည်းခိုတော့မယ်ဆိုရင် အိမ်ရှင်က ဧည့်စာရင်းလည်း တိုင်ကြပါ။ လာရောက်တည်းခိုသူက ရပ်ကျေး/ရဲထောက်ခံချက်လည်း ယူခဲ့ကြပါ။ သက်ဆိုင်ရာ လဝကကိုလည်း အကြောင်းကြားကြပါ။ လဝကကို အကြောင်းမကြားရင် ၁၉၄၉ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ မြန်မာနိုင်ငံတွင်း နေထိုင်သူများမှတ်ပုံတင်ရေး ဥပဒေ ပုဒ်မ – ၆ (၂) ၆ (၃) အရ အရေးယူ ခံရပါလိမ့်မယ်။ ထောင်ဒဏ် ၂ နှစ် အထိနဲ့ ငွေဒဏ်ချမှတ်နိုင်ပါတယ်။၁၉၅၁ ခုနှစ် မြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေ ပုဒ်မ- ၂၅၊ ၂၆၊၂၈ တို့အရ အရေးယူခြင်း ဖြစ်ပါတယ်။

    နည်းဥပဒေ ၂၅ ရဲ့ ဆိုလိုရင်းက မိမိမှတ်ပုံတင်ထားတဲ့ လိပ်စာက ထွက်ခွာရင်သက်ဆိုင်ရာ လ.ဝ.က ကိုအကြောင်းကြားရမယ်။

    နည်းဥပဒေ ၂၆ ရဲ့ဆိုလိုရင်းက မိမိ မှတ်ပုံတင်ထားတဲ့လိပ်စာ ပြောင်းရင်းလည်း သက်ဆိုင်ရာ လဝက ကိုအကြောင်းကြားရမယ်။

    နည်းဥပဒေ ၂၈ အရ သက်သေခံကတ်ပြားတစ်ခုခု မရှိရင်လည်း သက်ဆိုင်ရာ လဝက ကို အကြောင်းကြားရမယ်လို့ ဖော်ပြထားပါတယ်။

    ခရီးသွားလာရင်သာမက နိုင်ငံသား စိစစ်ရေးကတ်ပြား မလျှောက်ထားရသေးသူများ၊ လျှောက်ထားဆဲများ၊ ပျောက်ဆုံးများ၊ ယာယီသက်သေခံကတ်ပြားအသစ် မထုတ်ရသေးသူများ၊ ယာယီသက်သေခံ ကတ်ပြားတစ်ခုခု မရှိသူများ၊ အဖြူရောင်ကတ်၊ အစိမ်းရောင်ကတ် မရှိသူများ၊ ရှိသူများ အားလုံးကိုလည်း သက်ဆိုင်ရာ လဝကကို အကြောင်းမကြားရင် အရေးယူခံရမှာ ဖြစ်ပါတယ်။ အားလုံး အကျုံးဝင်တယ်လို့ ဆိုပါတယ်။

    နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားသူများလည်း ခရီးသွားရင် သက်ဆိုင်ရာ လဝကကို အကြောင်းကြားပြီးမှ သွားရမယ် လို့တောင် ပြောနေပါပြီ၊ အချိန်မကျသေးလို့ ကျွန်တော် အသေးစိတ် မပြောသေးတာပါ။

    ကြိုတင် ကာကွယ်နည်း ကတော့…

    မိမိမှတ်ပုံတင်ထားတဲ့လိပ်စာက ထွက်ခွာရင်၊ သက်ဆိုင်ရာ လ.ဝ.က ကိုအကြောင်းကြားပါ။

    မိမိ မှတ်ပုံတင်ထားတဲ့လိပ်စာ ပြောင်းရင်လည်း၊ သက်ဆိုင်ရာ လဝက ကိုအကြောင်းကြားပါ။

    သက်သေခံကတ်ပြားတစ်ခုခု မရှိရင် လည်း သက်ဆိုင်ရာ လဝက ကို အကြောင်းကြားပါ။

    သက်ဆိုင်ရာ လဝကဆိုရာမှာ မိမိနေထိုင်တဲ့ မြို့နယ် လဝက နဲ့ လာရောက် တည်းခိုတဲ့ မြို့နယ် လဝက တို့ကို အကြောင်းကြားတာ အကောင်းဆုံးပါပဲ။ နည်းဥပဒေ ပုဒ်မ-၂၅၊ နည်းဥပဒေ ပုဒ်မ-၂၆ နဲ့ နည်းပဒေ ပုဒ်မ-၂၈တို့ကို မိအောင် ရေးဖို့ လိုပါတယ်။ မိမိမှတ်ပုံတင်ထားတဲ့ လိပ်စာက ထွက်ခွာရင်၊ လိပ်စာပြောင်းရင်၊ ယာယီ သက်သေခံကတ်ပြား တစ်မျိုးမျိုး မရှိရင် သက်ဆိုင်ရာ လဝကများကို ကြိုတင် အကြောင်းကြားထားကြပါ။

    မကြာခင် ၁၉၄၉ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ မြန်မာနိုင်ငံတွင်း နေထိုင်သူများမှတ်ပုံတင်ရေး ဥပဒေ ပုဒ်မ – ၆ (၂) ၆ (၃) အရ အရေးယူတဲ့ အမှုတွေ အများကြီး တက်စရာ အကြောင်းတွေ ရှိနေပါတယ်။ ၁၉၄၀ပြည့်နှစ်၊ နိုင်ငံခြားသားများ မှတ်ပုံ့တင်ရေး အက်ဥပဒေ ပုဒ်မ-၅(၁)(၂)(၃) တို့အရလည်း အရေးယူနိုင်ပါတယ်။ ၃နှစ်အထိ ထောင်ဒဏ်/ငွေဒဏ်၊ ပြည်နှင်ဒဏ်နဲ့ အမိန့်မချမီ ဖမ်းချုပ်ထားနိုင်ပါတယ်။

    အဲဒီအထဲမှာ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များ ရောယောင်ပြီး၊ ပါသွားနိုင်ပါတယ်။

    အရေးယူချင်တဲ့အခါ အရေးယူမယ်။ အရေးယူချင်တဲ့ နေရာမှာ အရေးယူမယ့် သဘော ဖြစ်ပါတယ်။

    ပေါ့ပေါ့ဆဆ မနေကြပါနဲ့။ တကယ်လုပ်နေပါတယ်။

    ဦးခင်မောင်ချို (တရားလွှတ်တော်ရှေ့နေ)
    ၂-၉-၂၀၁၇

     

  • မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေး ဗုဒ္ဓဟူးနေ့ခေါ်မည်

    မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေး ဗုဒ္ဓဟူးနေ့ခေါ်မည်

    ကုလသမဂ္ဂ ဆိုင်ရာ ဗြိတိန် သံအမတ်ကြီး Matthew Rycroft

    ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ သြဂုတ်လ ၃၀ ရက် ဗုဒ္ဓဟူးနေ့ကျရင် အရေးပေါ် အစည်းအဝေး ကျင်းပမှာ ဖြစ်ပါတယ်။ အရေးပေါ် အစည်းအဝေး လုပ်ဖို့ ဗြိတိန်နိုင်ငံရဲ့တောင်းဆိုချက်ကို လုံခြုံရေး ကောင်စီက သဘောတူခဲ့တဲ့ အကြောင်း ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Matthew Rycroft က New York မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ အင်္ဂါနေ့က ခုလိုပြောကြားခဲ့ပါတယ်။

    “ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ မနက်ဖြန် အရေးပေါ် အစည်းအဝေး ခေါ်ဖို့ တောင်းဆိုချက်ကို လုံခြုံရေးကောင်စီက သဘောတူပါတယ်။ စစ်တပ်ရဲ့ရန်လိုတဲ့ ဆောင်ရွက်ချက်တွေ၊ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေ များလာတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ အပေါ် ကျွန်တော်တို့က အများ အာရုံစိုက်မှုရအောင် လုပ်ချင်တာပါ။ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီဖက်က တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ အရေးပေါ် အစည်းအဝေး ခေါ်တာ ဖြစ်ပါတယ်။”

    ရခိုင်ပြည်နယ်နဲ့ ပတ်သက်လို့ ကာလကြာရှည်ထဲက ရှိနေတဲ့ ပြဿနာတွေကို ဖြေရှင်ဖို့ လိုအပ်ကြောင်းနဲ့ သက်ဆိုင်နေသူ အားလုံး အခြေအနေကို ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ တိုက်တွန်းကြောင်းလည်း သံအမတ်ကြီး Rycroft ကသူ့ရဲ့ တွစ်တာ စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။

    သြဂုတ်လ ၂၅ ရက်နေ့ မနက်အစောပိုင်းက စလို့ လုံခြုံရေး စခန်းပေါင်း ၃၀ ထက် မနည်းအပေါ် လက်နက်ကိုင် စစ်သွေးကြွတွေက တိုက်ခိုက်ခဲ့သလို ရွာတွေလည်း တိုက်ခိုက်ခံခဲ့ရပါတယ်။ အဲဒီနောက် ရခိုင်ရွာတွေက ပြည်သူ အများအပြား ဘေးလွတ်ရာ ထွက်ပြေးနေကြရသလို၊ မွတ်ဆလင်ရွာတွေ ဖက်ကလည်း ဘင်္ဂလားဒေရှ့်နိုင်ငံဖက်ကို ထွက်ပြေး တိမ်းရှောင် နေကြပါတယ်။

    ဘင်္ဂလားဒေရှ့် ဖက် ထွက်ပြေးတဲ့ ရိုဟင်ဂျာတွေ အပေါ် လုံခြုံရေးတပ်တွေက တိုက်ခိုက်တယ် ဆိုတဲ့ စွပ်စွဲမှုတွေလည်း ထွက်ပေါ်နေပါတယ်။ မြန်မာနိုင်ငံဖက်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေရှ့် နိုင်ငံထဲမှာ လုံခြုံစွာ ခိုလှုံခွင့်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres က ဘင်္ဂလားဒေရှ့် အာဏာပိုင်တွေကို ပန်ကြားခဲ့ပါတယ်။ ဘင်္ဂလားဒေရှ့်ဖက် ထွက်ပြေးနေတဲ့ ရိုဟင်ဂျာ ၅ ထောင်ကျော်ရှိနေပြီး သူတို့ကို လိုလိုလားလား လက်ခံဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ကလည်း တိုက်တွန်း ထားပါတယ်။

    ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid al’ Hussein ကတော့ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေကို အားလုံးက အပြည့်အ၀ လေးစားလိုက်နာဖို့ အတွက် တိုက်တွန်းထားပါတယ်။ လတ်တလော ဖြစ်ခဲ့တဲ့ လုံခြုံရေး စခန်းတွေ အပေါ် အစွန်းရောက် မွတ်ဆလင်တွေရဲ့ တိုက်ခိုက်မှုတွေနဲ့ လုံခြုံရေးတပ်တွေရဲ့အရပ်သားတွေ အပေါ် တိုက်ခိုက်မှုတွေ အပေါ်လည်း သူက အပြစ်တင် ခဲ့ပါတယ်။

    ရခိုင်ပြည်နယ်ထဲက လုံခြုံရေးစခန်းတွေ တိုက်ခိုက်ခံရမှု အပေါ် နိုင်ငံတကာက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သလို တရားဥပဒေနဲ့ အညီ တုံ့ပြန် ဆောင်ရွက်ဖို့ မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါတယ်။ အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက် အဖွဲ့အစည်းတွေဟာ ဘာသာရေးကို ခုတုံးလုပ်ပြီး နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ကာ နယ်မြေ ပိုင်ဆိုင်နိုင်ဖို့ အထိ ရည်မှန်း လုပ်ဆောင်နေတာ ဖြစ်တယ်လို့ တပ်မတော် တာဝန်ရှိသူ တယောက်က အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

    အခုတခေါက် ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် ဖြစ်စဉ်တွေဟာ အရင်ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ မတူဘူးလို့ အမျိုးသား လုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းကလည်း အင်္ဂါနေ့ကပဲ သီးခြား သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ရခိုင်ပြည်နယ် အေးချမ်း တည်ငြိမ် သာယာဝပြောရေး အတွက် အစိုးရနဲ့ နိုင်ငံတကာရဲ့အားထုတ်ဆောင်ရွက်မှုတွေ ထိခိုက်ပျက်စီးစေဖို့ အကွက်ချ စီစဉ်ဆောင်ရွက်နေတာ ထင်ရှားတယ်လို့ ပြောပါတယ်။

    အကြမ်းဖက် တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့ နေရာမှာ အပြစ်မဲ့ပြည်သူတွေ သေကြေပျက်စီးမှု မရှိအောင် အတတ်နိုင်ဆုံး ထိန်းသိမ်း ဆောင်ရွက်နေတယ် လို့လည်း အမျိုးသား လုံခြုံရေး အကြံပေး ဦးသောင်းထွန်းက သတင်းစာရှင်းပွဲမှာ ပြောကြား သွားပါတယ်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အရေးပေါ် အစည်းအဝေးကို ၂၀၀၅ ခုနှစ်က ပထမဆုံး အကြိမ် ခေါ်ယူခဲ့ပြီး ၂၀၀၇ ခုနှစ်ရွှေဝါရောင်တော်လှန်ရေး အပြီး တကြိမ် ကျင်းပခဲ့ပါတယ်။

    VOA မြန်မာပိုင်းမှ ကူးယူဖော်ပြပါသည်။

  • စက်တင်ဘာ ၂ ရက်သည် အီဒွလ်အဿွာဟာ နေ့ဖြစ်၍ အများပြည်သူ အလုပ်ပိတ်ရက်ဖြစ်ကြောင်း ကြေညာ

    စက်တင်ဘာ ၂ ရက်သည် အီဒွလ်အဿွာဟာ နေ့ဖြစ်၍ အများပြည်သူ အလုပ်ပိတ်ရက်ဖြစ်ကြောင်း ကြေညာ

    သြဂုတ် ၃၀ ၊ ၂၀၁၇
    M-Media
    သတင်း-သီဟ

    ရန်ကုန် ။ ။ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ သည် အစ္စလာမ်သာသနာဝင်များ၏ အီးဒ်နေ့ အထိမ်းအမှတ်ဖြစ်သည့် အတွက် အများပြည်သူများ အလုပ်ပိတ်ရက် အဖြစ် နိုင်ငံပိုင် သတင်းစာတွေမှာ ကြေညာထားပါသည်။
    .
    ကြေညာချက်တွင် ၁၃၇၉ ခုနှစ်၊ တော်သလင်း လဆန်း ၁၂ ရက် (၂၀၁၇ ခုနှစ်၊ စက်တင်ဘာ ၂ ရက်) နေ့ သည် အီဒွလ်အဿွာဟာ (ကုရ်ဘာနီအီးဒ်) နေ့ ဖြစ်သည့် အတွက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အတွင်းရှိ ရုံးများ၏ ပိတ်ရက်အဖြစ် လွဲပြောင်းနိုင်သည့် စာချူပ်စာတမ်းများ အက်ဥပဒေပုဒ်မ ၂၅ အရ အများပြည်သူတို့၏ အလုပ် ပိတ်ရက်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
    .
    အဆိုပါ အီဒွလ်အဿွာဟာ (ကုရ်ဘာနီအီးဒ်)နေ့သည် အစ္စလာမ် သာသနာဝင်တို့ အလေးအမြတ်ထားရာ နှစ်စဉ် ကျရောက်သော အီးဒ်နေ့ နှစ်ရက်ဖြစ်သည့် အီဒွလ် ဖိသိရ် (ဝါကျွတ်ဥပုတ်ထွက်- မုန့်အီးဒ်) နှင့် အီဒွလ်အဿွာဟာ (ကုရ်ဘာနီအီးဒ်) ၂-ရက်ထဲမှ ၁-ရက်လည်း ဖြစ်ပါသည်။
    .
    နိုင်ငံတော်အခြေခံဥပဒေတွင် နိုင်ငံတော်အတွင်း တည်ရှိသော ဘာသာများအဖြစ် အသိအမှတ်ပြုထားသော လူနည်းစု ဘာသာများဖြစ်ကြ သော အစ္စလာမ်ဘာသာ အတွက် အီဒွလ်အဿွာဟာ (ကုရ်ဘာနီအီးဒ်)နေ့ ၊ ခရစ်ယာန် ဘာသာ အတွက် ခရစ်စမတ်နေ့၊ ဟိန္ဒူဘာသာသာနာ အတွက် ဒေပါဝါလီနေ့များတွင် အစိုးရ၏ တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးထားပြီး အီဒွလ်အဿွာဟာ နှင့် ဒေပါဝါလီနေ့တို့မှာ ခရစ် သက္ကရာဇ်ကို အခြေခံတွက်ချက်ခြင်း မဟုတ်ဘဲ “လ” အဝင်အထွက်ကို အခြေခံသည့် သက်ဆိုင်ရာ ဘာသာဝင်တို့ရဲ့ ပြက္ခဒိန်ကို အခြေခံထားသောကြောင့် ပုံသေရက် သတ်မှတ်၍ မရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

    .
    Ref: MOI