News @ M-Media

Author: editor

  • ရန်ကုန်ရောက် ကမန် ၂ဝ နေရပ်ရင်းပြန်ရန် ဆန္ဒမရှိ

    ရန်ကုန်ရောက် ကမန် ၂ဝ နေရပ်ရင်းပြန်ရန် ဆန္ဒမရှိ

    Kaman2
    ရခိုင်ပြည်နယ်မှ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို.နယ်သို့ရောက်ရှိနေသော ကမန်တိုင်းရင်းသားအချို.။ (ဓာတ်ပုံ- ကေဇွန်နွေး/Myanmar Now)

    ဒီဇင်ဘာ ၂၂ ၊ ၂၀၁၅

    မင်္ဂလာဒုံ (Myanmar Now)  — မကြာသေးမီက ရန်ကုန်မြို့သို့ရောက်လာသော ရခိုင်ပြည်နယ်မှ ကမန်တိုင်းရင်းသားတချို့သည် နေရပ်ရင်းပြန်ရန် ဖိအားပေးမှုများနှင့် ရင်ဆိုင်နေရသော်လည်း  နေရာသစ်တွင်သာ ဆက်လက်နေထိုင်ကြမည်ဟု တနင်္လာနေ့တွင် ပြောလိုက်သည်။

    ဒုက္ခသည်စခန်းမှ အသိမပေးဘဲ ထွက်ခွာလာသော ၎င်းတို့ကို နေရပ်ပြန်ရန် အာဏာပိုင်တို့က ကမန်နိုင်ငံရေးပါတီတစ်ခုမှတစ်ဆင့် ပြောကြားခဲ့သည်ဟု မင်္ဂလာဒုံမြို့နယ်၊ စိန်ရွှေကုန်းရပ်ကွက်တွင် နေထိုင်နေသူ မတင်ဇာနှင်းကပြောသည်။

    “ကျွန်မတို့ကတော့ ဖမ်းချင်ဖမ်းပလေ့စေ။ မပြန်ဘူး။ ကျွန်မတို့ကနို င်ငံသားလက်မှတ်လဲ ရှိပြီးသား။ ဖမ်းချင်တိုင်း ဖမ်းလို့တော့မရဘူးလို့ ယူဆတယ်”ဟု အသက် ၂၂ နှစ်အရွယ် မတင်ဇာနှင်းက Myanmar Now ကို ပြောသည်။

    ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တည်းခိုရာနေအိမ်သို့ အာဏာပိုင်တို့ရောက်လာပြီး ဧည့်စာရင်း စစ်ခဲ့သေးသည်ဟု သူက ဆက်ပြောသည်။ ရန်ကုန်သို့ ရောက်လာသူများထဲတွင် အစ္စလမ်ဘာသာဝင်၂ဝ၊ ရခိုင်ဗုဒ္ဓဘာသာဝင် ၂ ဦး ပါဝင်ကြောင်း ကမန်လူမှုကွန်ယက်အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းငွေက ရှင်းပြသည်။

    ဆေးကုသရန်၊ အလုပ်လုပ်ကိုင်ရန်၊ ရန်ကုန်ရောက် မိသားစုများနှင့် ပြန်လည်ပေါင်းစည်းရန် စသည့် ရည်ရွယ်ချက် အသီးသီး ရှိကြသော ၎င်းတို့ထဲတွင် တက္ကသိုလ်တက်ရမည့်သူတချို့လည်း ပါဝင်ကြောင်း သူက ဆက်ပြောသည်။

    “အားလုံးက မှတ်ပုံတင်ရှိပြီးသား။ အကြောင်းမရှိ အကြောင်းရှာဖမ်းရင်ဥပဒေကြောင်းအရ ကျွန်တော်တို့ရင်ဆိုင်မယ်” ဟု ဦးထွန်းငွေက ပြောသည်။

    ရန်ကုန်၊ မရမ်းကုန်းမြို့နယ်တွင်လည်း ကမန်တိုင်းရင်းသား ၂ ဦးရောက်ရှိနေကြောင်း ကမန်ပါတီတစ်ခုက ဆက်သွယ် ပြောကြားလာသဖြင့် သိရသည်ဟု မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှအရာရှိတစ်ဦးဖြစ်သော ဦးမြင့်အောင်ကို ကိုးကားပြီး ဧရာဝတီ သတင်းဌာန၏သတင်းတစ်ပုဒ်တွင် စနေနေ့က ဖော်ပြထားသည်။

    “သူတို့ နေရပ် ပြန်တာရော၊ ဘာရော အကုန်လုံးကို ပါတီက တာဝန်ယူပါမယ်လို့ကျနော်တို့ကို ပြောထားပါတယ်။ ဘယ်တော့ ပြန်မယ်ဆိုတာကိုတော့ ကျနော်တို့လည်း မသိပါဘူး”ဟု ဦးမြင့်အောင်က ဧရာဝတီကို ပြောသည်။

    ကမန်ဆိုတာ ဘယ်သူတွေလဲ
    ————————–
    ကမန်တို့သည် ရခိုင်ပြည်နယ်ရှိ  ဘင်္ဂါလီ ခေါ် ရိုဟင်ဂျာမွတ်စလင်တို့နှင့် ကိုးကွယ်သည့် ဘာသာ တူညီသည်ကလွဲ၍ ကွဲပြားသည့်အခြေအနေရှိသူများ ဖြစ်သည်။

    သူတို့သည် ဗုဒ္ဓဘာသာအများစု နေထိုင်သည့် မြန်မာနိုင်ငံတွင်တရားဝင်အသိအမှတ်ပြုထားသော တိုင်းရင်းသားလူမျိုးစုများတွင်ပါဝင်သည်။

    လွန်ခဲ့သော ခြောက်ရာစုနှစ်ကျော်က ကမန်တိုင်းရင်းသားတို့သည်အစ္စလာမ်ဘာသာသို့ပြောင်းလဲ ကိုးကွယ်ခဲ့ကြသော်လည်း ရခိုင်တို့၏ လူမှုရေးထုံးတမ်း အစဉ်အလာများကို ဆက်လက် ကျင့်သုံးနေကြသည်။ ၎င်းတို့အများစုမှာ ပြည်နယ်တွင်း ကမ်းရိုးတမ်းမြို့များဖြစ်သော သံတွဲ၊ေ ကျာက်ဖြူ၊ စစ်တွေ၊ ရမ်းဗြဲတို့တွင် နေထိုင်ကြသည်။

    ၂ဝ၁၂ ရခိုင်ပြည်နယ်တွင် ဘာသာရေးလူမျိုးရေးအခြေခံသောပဋိပက္ခများဖြစ်ပြီးနောက်ပိုင်း အစ္စလာမ်ဘာသာကိုးကွယ်မှုကိုအကြောင်းခံ၍ အာဏာပိုင်တို့၏ ခွဲခြားဆက်ဆံမှုများကို ခံနေရပြီး ၎င်းတို့၏နို င်ငံသားအခွင့်အရေးများပါ ချိုးဖောက်ခံနေရသည်။

    ကမန်တိုင်းရင်းသားခေါင်းဆောင်တို့က ၎င်းတို့နှင့် ဘာသာတူသည့်ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ ခေါ် ရိုဟင်ဂျာတို့နှင့် မဟာမိတ်ပြုမည့်အစား သူတို့သည် ရိုဟင်ဂျာမဟုတ်ကြောင်း ကွဲပြား ထင်ရှားအောင် ကြိုးစားနေကြသည်။၂ဝ၁၅  ရွေးကောက်ပွဲတွင် အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်က အပြတ်အသတ်အနိုင်ရရှိခဲ့မှုသည် ၎င်းတို့၏ ကံကြမ္မာကို အကောင်းဘက်သို့ ပြန်လည်ရောက်ရှိစေမည်ဟု မျှော်လင့်နေကြသည်။

    ရခိုင်ဒေသမှ ရန်ကုန်သို့
    ————————
    မကြာသေးမီက ရခိုင်ဒေသမှ ထွက်ခွာခဲ့သူ ၂ဝ ခန့်သည် ဒုက္ခသည်စခန်းတွင် ဘဝတိုးတက်လမ်း မရှိသည့်အတွက် ရန်ကုန်သို့ ရောက်လာခြင်း ဖြစ်သည်ဟု

    ကမန်လူမှုကွန်ယက်အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းငွေက သုံးသပ်သည်။ ရမ်းဗြဲမှ ရန်ကုန်သို့ မတူညီသည့် လမ်းကြောင်းမှ ရောက်လာခြင်း ဖြစ်ကြောင်း

    မင်္ဂလာဒုံမြို့နယ်တွင် နေထိုင်လျက်ရှိသော မဖြူဖြူမွန်က ပြောပြသည်။ “သံတွဲလေဆိပ်မှာရော၊ ရန်ကုန်လေဆိပ်မှာရော ဘာမှ အစစ်အဆေးလည်းမရှိခဲ့ဘူး။

    မှတ်ပုံတင် တရားဝင်ရထားတဲ့သူဆိုတော့ ဘယ်သူကမှလည်း အနှောက်အယှက်မပေးခဲ့ဘူး” ဟု မဖြူဖြူမွန်က ရှင်းပြသည်။

    သို့သော်လည်း ကိုပြည့်ဖြိုးအောင်ဟု အမည်ရသော လူငယ်တစ်ဦးကမူ ရခိုင်ပြည်နယ်ရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် သူ၏ နိုင်ငံသား စိစစ်ရေးကတ်ကို

    မိနစ် ၂ဝ ကြာ စစ်ဆေးခံခဲ့ရသည်ဟု ပြောသည်။ ယခုအခါ ၂၄ နှစ်အရွယ် ကိုပြည့်ဖြိုးအောင်သည် မင်္ဂလာဒုံမြို့နယ်တွင် နေထိုင်လျက်ရှိပြီးေ နရာသစ်သည်  ၎င်းတို့အတွက် ပညာရေး၊ လူမှုရေး၊ စီးပွားရေး တိုးတက်စရာလမ်းကြောင်း ဖော်ဆောင်ပေးနိုင်သည့် ဒေသ ဖြစ်မည်ဟုမျှော်လင့်လျက်ရှိသည်။

    သူ့နည်းတူ မင်္ဂလာဒုံသို့ ရောက်နေသော  ၃၉နှစ်အရွယ် မစိပ်က ၂ဝ၁၂ ခုနှစ် ရခိုင်ဒေသ ပဋိပက္ခများ ဖြစ်ပွားချိန်မှ စတင်ပြီး ဒုက္ခသည်စခန်းတစ်ခုတွင် နေထိုင်ခဲ့ရသည်ဟု Myanmar Now ကို ပြောသည်။

    (ထက်ခေါင်လင်း၊ ဖြိုးသီဟချိုတို့ ပူးပေါင်း ရေးသားသည်)

    Myanmar Now မှ ကူးယူဖော်ပြသည်။

    မူရင်းသတင်းလင်ခ်- http://www.myanmar-now.org/my/news/i/?id=d7e3fab5-93eb-4ada-891d-f339ed89c932

    ဆက်စပ်သတင်းများ ဖတ်၇န်
    ——————————
    ရန်ကုန်ရောက် နိုင်ငံသားစိစစ်ရေးကတ် ကိုင်ထားသူ ၂၀ ကို ရခိုင်သို့ ပြန်ရန် လဝက ညွန်ကြား
    http://www.m-mediagroup.com/news/50125

    ကမန်ဒုက္ခသည်များကို နေရပ်ရင်း အတင်းပြန်ခိုင်း
    www.m-mediagroup.com/news/50190

  • တမန်တော်နေ့ အထိမ်းအမှတ် ဘာသာပေါင်းစုံ ဟောပြောပွဲ မြေနီကုန်းမှာ ပြုလုပ်မည်

    တမန်တော်နေ့ အထိမ်းအမှတ် ဘာသာပေါင်းစုံ ဟောပြောပွဲ မြေနီကုန်းမှာ ပြုလုပ်မည်

    ဒီဇင်ဘာ ၂၁၊ ၂၀၁၅
    M-Media
    မိုးစက်
    Metta 1
    ရန်ကုန်။    ။ ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် ကျရောက်တော့မည့် အစ္စလာမ်ဘာသာဝင်များ၏ ရှေ့ဆောင်ပ တမန်တော်မုဟမ္မဒ် (ငြိမ်းချမ်းစေသား) ၏ ဖွားသန့်စင်နေ့ အထိမ်းအမှတ် အဖြစ် မေတ္တာ ကမ်းပိန်းမှ ဦးစီးပြီး ငြိမ်းချမ်းရေး အခမ်းအနားတစ်ခုကို ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရပါတယ်။

    ဘာသာမခြား၊ လူမျိုးမခွဲခြားဘဲ မေတ္တာနှင့်ခွင့်လွှတ် ချစ်ကြည်စို့ ဟူသည့်ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေး အခမ်းအနားကို ပြုလုပ် ကျင်းပသွားမှာ ဖြစ်ပါတယ်။

    အဆိုပါ ငြိမ်းချမ်းရေးတရားများကို ဘာသာအသီးသီးမှ ဆရာတော်ကြီးများ ဖြစ်ကြသော ဘန္ဒန္တအရိယာဝံသာဘိဝံသ (မေတ္တာကမ်းပိန်း ပဓာန နာယက ဆရာတော် စေတိယင်္ဂဏဓမ္မာစရိယ ဝဋံသကာပရိယတ္တိသာသနဟိတ (သကျသီဟ)ဓမ္မာစရိယ မြဝတီမင်းကြီး စာသင်တိုက်၊ မန္တလေးမြို့) ၊ အလ်ဟာဂ်ျခလီဖွာ ဦးအေးလွင် (နာယကမေတ္တာကမ်းပိန်း၊ ကာဒရီယာ၊ အလီယာ ဆော်သြရေးမှူး၊ အစ္စလာမ်ဓမ္မဗိမာန်) ၊ ဦးဇိန (ဦးဇင်းသုည) (မေတ္တာ ကမ်းပိန်း မလိခဝါဆိုကျောင်း ၊ မဟာဝိဇီတာရာမတိုက်၊ မန္တလေးမြို့) ၊ Rev.George Shwe Tun (ကက်သလစ်ဂိုဏ်းချုပ်ကျောင်း) ၊ အလ်ဟဂ်ျဒေါက်တာဆောင်းလွင်အောင် (Imamah Alazhar. Cairo, Imamah LLU,Parkisstan) နှင့် ဆရာဦးဆန်းမင်းနိုင် (ဓမ္မကထိက၊ ဟိန္ဒူဓမ္မပလက အဖွဲ့) တို့မှ တရားရေအေးတိုက်ကျွေးမှာ ဖြစ်ပါတယ်။

    metta 2

    “ကျွန်တော်တို့ မေတ္တာကမ်းပိန်းက ဒီလို ဘာသာရေးအခမ်းအနားတွေမှာ ဘာသာပေါင်းစုံက ညီအစ်ကိုမောင်နှမတွေ ပူးပေါင်းလုပ်ဆောင်နေကြပါ။ ဘာသာပေါင်းစုံက ဆရာတော်ကြီးတွေကလည်း ဒီလိုနေ့ထူးနေ့မြတ်တွေ မှာ မေတ္တာတရားငြိမ်းချမ်းရေး တရားတွေကို ဟောကြားပေးတယ်။ ဒီအခမ်းအနားကိုလည်း လူမျိုးဘာသာမခွဲခြားဘဲ မည်သူမဆို လာရောက်နိုင်ပါတယ်” လို့ မေတ္တာကမ်ပိန်းမှ တာဝန်ခံ ဦးဆန်တင့်ကျော်က ပြောပါတယ်။

    ယင်းငြိမ်းချမ်းရေးတရားပွဲကို ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ည ၇နာရီခွဲမှ ည ၁၁နာရီခွဲအထိ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် မြေနီကုန်း (မြောက်) ကူဝသွလ်အစ္စလာမ်ရာသစ်အဖွဲ့ ရှမ်းကုန်းလမ်းတွင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

    မေတ္တာကမ်းပိန်းကို 2010 ခုနှစ်တွင် မေတ္တာကို လိုလားသည့် လူငယ်တစ်စုမှ စတင်တည်ထောင်ခဲ့ပြီး ဘာသာကြီးလေးခု၏ နေ့ထူးနေ့မြတ်များ၊ တိုင်းရင်းသား တို့၏ နေ့ကြီး ရက်ကြီးများတွင် စည်းလုံးစွာဖြင့် ဘာသာလူမျိုးမခွဲခြားဘဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။

  • အိပ်မက်ထဲက ကျောင်းကလေး

    အိပ်မက်ထဲက ကျောင်းကလေး

    ဒီဇင်ဘာ ၂၁ ၊ ၂၀၁၅
    M-Media
    .ကျော်မိုးအောင် ရေးသည်။
    photo-wherefore-3
    မာတင်လူသာကင်း၏ “I have a Dream” မိန့်ခွန်း ကမ္ဘာကျော်ခဲ့ပါသည်။ သူ့ကိုအားကျမိခြင်း ဆိုရမည်လားမသိ ကျွန်တော်လည်း အိပ်မက်တစ်ခု အတန်ကြာ မက်နေခဲ့ဖူးသည်။ ကျွန်တော့် စိတ်ကူးယဉ် အိပ်မက်ထဲက ကျောင်းကလေးအကြောင်း ဝေမျှချင်ပါသည်။

    ထိုစိတ်ကူးအိပ်မက်က ထူးဆန်းလှသည်တော့ မဟုတ်။ လွယ်လွယ်ဖွင့်ဆိုရလျင် ငြိမ်းချမ်းသော အမုန်းမရှိသော ချစ်တတ်ကြသော မေတ္တာတရားကိုအခြေခံသော နားလည်ပေးတတ်ကြသော ကျောင်းလေးပင်။
    အမေရိကန်ပြည်ထောင်စု Oregon ပြည်နယ်ရှိ Woodburn School District အမည်ရှိ ကျောင်းလေးသို့ လေ့လာရေးရောက်ခဲ့ဖူးသည်။ ထိုကျောင်းလေး၏ အဝင်ဝတွင်ရေးထားသော စာသားလေးအား မိမိအသက်ရှင်နေသရွေ့ မေ့နိုင်တော့မည်မထင်။ “There is no place for hate at our school.” “အမုန်းတရားအတွက် တို့ကျောင်းမှာ နေရာမရှိ” တဲ့။ ထိုသို့သော အမုန်းမရှိသည့်ကျောင်းများ မြန်မာပြည်အနှံ့ စိတ်ကူးယဉ် မြင်ယောင်မိသည်။

    တကယ်တမ်းတော့ ထိုသို့သောကျောင်းများ မြန်မာပြည်တွင် အမြောက်အမြား ရှိခဲ့ဖူးသည်။ အသစ်အဆန်း မဟုတ်ပါ။

    ဥပမာအနေဖြင့် ဖော်ပြရလျင် မြန်မာနိုင်ငံ ကိုလိုနီဘဝက ဖွင့်ခဲ့သည့် နေရှင်နယ်ကျောင်း ခေါ် အမျိုးသားကျောင်းပင်။ အထူးသဖြင့် မန္တလေးမြို့တွင် ဆရာကြီးဦးရာဇတ် တည်ထောင်အုပ်ချုပ်ခဲ့သော ယခင်က အမျိုးသားအထက်တန်းကျောင်း လက်ရှိ အမှတ် (၂) အထက။ မြန်မာပြည်တွင် ရဟန်းတော်များ ကိုယ်ရင်များ သင်္ကန်းဝတ်ဖြင့် ကျောင်းတက်ခွင့်ပြုခဲ့သော ပထမဆုံးသောကျောင်း။ ဗုဒ္ဓဘာသာဝင် ကျောင်းသားများ မနက်စောစော ဘုရားမရှိခိုးပါက မွတ်စလင်မ်ဆရာကြီးက ကြိမ်လုံးတစ်ချောင်းဖြင့် လိုက်ရိုက်တတ်သောကျောင်း။ မွတ်စလင်မ်ကျောင်းသားများ သောကြာနေ့လည်တွင် ဝတ်ပြုရန် ဗလီသွားခွင့်ပြုသောကျောင်း။ မြန်မာမှု အမျိုးသားရေးစိတ်ဓာတ်အတွက် မြန်မာစာသာမက ပါဠိစာပေပါ သင်ကြားပေးပြီး တစ်ဖက်ကလည်း အင်္ဂလိပ်ဘာသာစကားဖြင့် မပြောမနေရ သတ်မှတ်ကာ နိုင်ငံတကာနှင့် ရင်ဘောင်တန်းစေသောကျောင်း။ မျက်ကန်းမျိုးချစ်မဟုတ်ဘဲ မှန်မှန်ကန်ကန်ဖြင့် တိုင်းပြည်အပေါ် အကျိုးပြုသူများအား မွေးထုတ်ပေးသောကျောင်း။ ထိုကျောင်းမှထွက်သော လူမျိုးကွဲ ဘာသာကွဲ ကျောင်းသားကျောင်းသူများ က ညီရင်းအစ်ကို မောင်ရင်းနှမပမာ ရာသက်ပန် ချစ်ခင်ကြလျက် တစ်ဦးအပေါ်တစ်ဦး နားလည်မှုရှိ ယုံကြည်မှု တည်ဆောက်နိုင်ခဲ့ကြသည်။ မြန်မာ့အနာဂတ်အတွက် ထိုသို့သောကျောင်းများ မရှိမဖြစ် လိုအပ်နေသည်ဟု အခိုင်အမာ ယုံကြည်မိပါသည်။

    အများသိကြသည့်အတိုင်း မကြာသေးမိကာလများက မြန်မာပြည်သူပြည်သား မောင်နှမများအကြား မလိုလားအပ်ဘွယ် ပဋိပက္ခများ ဖြစ်ခဲ့ကြရသည်။ အိမ်ကြက်ခြင်း အိုးမည်းသုတ်ခံရသည့်အတွက် နားလည်မှုလွဲမှားကာ အချင်းချင်း အမုန်းပွားကြစရာများ ကြုံခဲ့ကြရသည်မှာ ဝမ်းနည်းစရာကောင်းလှသည်။ တိုင်းပြည်တွင်းရှိ မတူကွဲပြားသောသူတို့အချင်းချင်း လက်ချင်းယှက်ကာ အတူရှေ့ဆက်ကြရမည်က မရှိမဖြစ်လိုအပ်ချက်တစ်ရပ်ဖြစ်ပါသည်။ မည်သည့်နည်းဖြင့်မျှ အမုန်းဖြင့် ရေရှည် ရှေ့ဆက်နိုင်ကြမည် မဟုတ်။ တစ်ဦးနှင့်တစ်ဦး တစ်သက်လုံး သူစိမ်းပြင်ပြင် ရန်သူသဖွယ် ဆက်ဆံကြဖို့ဆိုသည်ကလည်း မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်။ မတည့်အတူနေကြရန် မဖြစ်သင့်သည့် တိုင်းသူပြည်သားအချင်းချင်း မတူဘဲ တည့်အောင် ထိမ်းကြောင်း ပေးနိုင်သည်က စာသင်ကျောင်းများကပင်။

    မတည့်သည့်အနေအထား ဖြစ်နေရခြင်း၏ အဓိကအကြောင်းရင်းသည် တစ်ယောက်အကြောင်း တစ်ယောက် အမှန်မသိကြဘဲ နားလည်မှု လွဲနေကြခြင်းကြောင့်သာ။ တစ်ဦးအပေါ်တစ်ဦး နားလည်ဖေးမပြီး ယုံကြည်မှု ရှိကြရန် လိုအပ်လှသည်။ ထိုအချက်ကို ဖြည့်ဆည့်ပေးကြရမည်က ကျောင်းများ၏ တာဝန်တစ်ရပ်ပင်။ ကျောင်းများတွင် မတူကွဲပြားကြသူအချင်းချင်း ငယ်စဉ်ကတည်းက လက်ပွန်တတီး ချစ်ချစ်ခင်ခင် နေတတ်သည့်အလေ့အကျင့် ကျောင်းများက ရနိုင်ပါသည်။

    စင်္ကာပူနိုင်ငံ သင်ရိုးစာအုပ်များကို လေ့လာကြည့်မိရင်း အင်မတန် အားကျအတုယူစရာသင်ခန်းစာများ တွေ့မိပါသည်။ မူလတန်းအရွယ် ကလေးများအတွက် လူမှုရေး Social Studies ဖတ်စာပါ အကြောင်းအရာက “ကျွန်တော့်တို့ အိမ်နီးခြင်းကောင်းများ Our Neighbours” ဟူသည့်အကြောင်းအရာ။ ထိုစာစဉ်၏ သင်ခန်းစာများက ကျောင်းသားများအား အခြား ယဉ်ကျေးမှုတို့နှင့် နီးစပ်ခွင့် ပေးခြင်း ဖြစ်သည်။ နည်းစပ်ခွင့်ပေးခြင်း ဆိုသည်ကို နားလည်မှု မလွဲစေရန် အလွန်အရေးကြီးလှသည်။ အခြားဘာသာသို့ ကူးပြောင်းစေရန် သာသနာပြုခြင်းမဟုတ် သူတို့ဘာလုပ်ကြသလဲ အပြန်အလှန် သိစေရန်သာ သွန်သင်ပြခြင်းဖြစ်သည်။ ဥပမာအားဖြင့် ဆိုရလျင် အိမ်နီးခြင်းတစ်ဦးက ဟိန္ဒူဘာသာဝင် ဖြစ်ပြီး သူတို့၏ ဒီပါဝလီပွဲတော်သို့ သွားလည်ကြပုံ ဟိန္ဒူမိသားစု၏ ဓလေ့ထုံးစံများကို လေ့လာခွင့် ရပုံ သူတို့ ကျွေးမွေးဧည့်ခံသော အချိုမုန့်များ စားကြလျက် မီးအတူ ထွန်းကြပုံ စသည်တို့ကို ဇာတ်လမ်းသဖွယ် သရုပ်ဖော်ထားသည်။ ထိုနည်းတူစွာပင် ခရစ်ယာန်အိမ်နီးခြင်းတို့၏ ခရစ်စမတ်ပွဲတော်အကြောင်း မွတ်စလင်မ်တို့၏ ရမ္မဇာန် ဥပုသ်လနှင့် ဝါကျွတ် အီးဒ်ပွဲတော်အကြောင်း တရုတ်နှစ်သစ်ကူး အကြောင်း ဇာတ်လမ်းသဖွယ် ပုံဖော်ရင်း မတူညီမှုအလှတရားကို အိမ်နီးခြင်းကောင်းတို့ အဖြစ်  သွန်သင်သွားသည်က ပညာသား ပါလှသည်။ အမုန်းတရား ဖြစ်စေစရာကို အမြစ်မှ တွန်းလှန်ပေးထားသည် ဆိုနိုင်ပါသည်။

    ကျွန်တော်တို့နိုင်ငံတွင်လည်း ထိုသို့သွန်သင်မည့်ကျောင်းများ မဖြစ်မနေ လိုအပ်နေပါသည်။ ကျောင်းများတွင် ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ချစ်ချစ်ခင်ခင် စုပေါင်းနေတတ်ကြပုံကို (implicitly and explicitly) မသိမသာ ကျွဲကူးရေပါ သင်ရုံမျှမက သိသိသာသာလည်း သွန်သင်ပေးသင့်ပါသည်။ တစ်ဦးနှင့်တစ်သီး သူစိမ်းပြင်ပြင် တစ်ယောက်အကြောင်းတစ်ယောက်မသိသည့် အနေအထားဖြင့် ကြီးပြင်းလာကြလျင် ပတ်ဝန်းကျင်က ကြားသိသမျှဖြင့်သာ တစ်ဦးအပေါ်တစ်ဦး အမြင်လွဲမှားကြနိုင်ပါသည်။

    ထို့ကြောင့် ကျွန်တော့် စိတ်ကူးယဉ်အိပ်မက် ကျောင်းကလေးတွင် ငြိမ်းချမ်းမှုကိုလိုလားသော မေတ္တာတရားထွန်းကားစေလိုသော လူမျိုးဘာသာ အသီးသီးမှ အနာဂတ်ခေါင်းဆောင်များအား မေတ္တာတရားအကြောင်း အချစ်အကြောင်း ဟန်ပြမဟုတ်ဘဲ စံပြအဖြစ် သွန်သင်ပေးနေမိပါသည်။ ထိုကျောင်းလေးတွင် ဘာသာစုံ လူမျိုးစုံမှ ကျောင်းသားလေးများ တစ်ယောက်အကြောင်းတစ်ယောက် သိစေရန် ဘာသာစုံ လူမျိုးစုံတို့၏ ပွဲတော်များ ဓလေ့ထုံးတမ်းများကို အားလုံးပါဝင် ပျော်ပျော်ရွှင်ရွှင်ဖြင့် စိတ်ကူးယဉ် ကျင်းပပေးနေမိသည်။ ထိုကျောင်းလေးတွင် မည်သည့်ဘာသာတရားတစ်ခုခု၏ လွှမ်းမိုးမှုမှမရှိ သို့သော် အားလုံးသောသူတို့ ကိုယ့်ဘာသာတရားအတွက်ကိုယ် ဂုဏ်ယူ ပျော်ရွှင်တတ်စေရန် ခွင့်ပြုပေးထားသည်။ ကျောင်းစာကြည့်တိုက်တွင်လည်း ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ၏ ချစ်စရာ့ အလှတရားများကို ဖော်ညွှန်းထားသည့် စာအဆိပ်မသင့်မည့် စာကောင်းပေမွန်များ ထားပေးထားချင်သည် တစ်ချိန်ချိန် ဦးဆောင်သူများ ဖြစ်လာကြသည့်အခါ ချစ်ချစ်ခင်ခင် နားလည်မှုရှိရှိ ရွှေလက်တွဲလျက် တိုင်းပြည်ကို ထူထောင်သူများ ဖြစ်စေရန် မတူညီခြင်းကို ပြသနာအဖြစ် မရှုမြင်ဘဲ မတူကွဲပြားခြင်း၏အားကို အသုံးချတတ်သူများ ဖြစ်စေရန် သွန်သင်ပေးချင်လှပါသည်။ ဘာသာစုံ လူမျိုးစုံမှ ဆရာများကလည်း စံနမူနာလက်တွဲကာ ငြိမ်းချမ်းခြင်း အလှတရားကို ဖော်ဆောင်ပေးနေသည့် စံပြကျောင်းလေးကို စိတ်ကူးယဉ် အကောင်အထည် ဖော်နေမိသည်။

    “There is no place for hate in our school အမုန်းတရားအတွက် တို့ကျောင်းမှာ နေရာမရှိ”ဆိုသည်မှ နောက်တဆင့်တက်ကာ “There is no place for hate in our society အမုန်းတရားအတွက် တို့အသိုင်းအဝိုင်းမှာ နေရာမရှိ” “There is no place for hate in our country အမုန်းတရားအတွက် တို့နိုင်ငံမှာ နေရာမရှိ” “There is no place for hate in our world အမုန်းတရားအတွက် တိုကမ္ဘာမှာ နေရာမရှိ”ဆိုသည့် အဆင့်ဆင့် တက်လှမ်းချင်မိသည်။

    ကလေးများနှင့်နေရသော ကျောင်းဆရာတစ်ဦး၊ ရင်သွေးငယ်ရှိသော ဖခင်တစ်ဦး၏     စိတ်ကူးယဉ် အိပ်မက် ဖြစ်ပါသည်။ ကလေးကလားဆန်သည် ဆိုချင်ဆိုနိုင်ပါသည်။ လက်တွေ့ ဖြစ်လာဖို့ကတော့ “ပြိုင်တူ တွန်းလျင် ရွေ့နိုင်ပါသည်” ဟူ၍သာ။

  • တက္ကသိုလ်ဝင်တန်း အခမဲ့ ပညာဒါန သင်တန်း ဖွင့်ပွဲ ဒလမြို့နယ် ကမာကဆစ်မှာ ကျင်းပ

    တက္ကသိုလ်ဝင်တန်း အခမဲ့ ပညာဒါန သင်တန်း ဖွင့်ပွဲ ဒလမြို့နယ် ကမာကဆစ်မှာ ကျင်းပ

    ဒီဇင်ဘာ ၂၀ ၊ ၂၀၁၅
    M-Media
    သတင်း – ဟိန်းထက်
    1934609_141056316263423_1967768195376760947_n
    ငြိမ်းချမ်းမှုတည်ဆောက်ရေးကွန်ရက် Peace Cultivation Network-(PCN) နှင့် ကမာကဆစ်ဆရာတော် ဦးဧသိက တို့ ပူးပေါင်း ဖွင့်လှစ်သည့် တက္ကသိုလ်ဝင်တန်း အခမဲ့ပညာဒါနသင်တန်း ဖွင့်ပွဲ့အခမ်းအနားကို  ရန်ကုန်တိုင်း ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် ကမာကဆစ်အနောက် ဘုန်းတော်ကြီးကျောင်း၌ ဒီဇင်ဘာ ၂၀ ရက်နေ့ (ယနေ့) တွင် ကျင်းပပြုလုပ်ခဲ့သည်ဟုသိရသည်။

    အခမ်းအနားကို မနက် ၁၀ နာရီမှ ၁၂ နာရီခွဲအထိ ကျင်းပပြုလုပ်ခဲ့ပြီး ကျောင်းထိုင်ဆရာတော်၊ သင်ကြားမည့် ဆရာ၊ ဆရာမများ၊ ကျောင်သားကျောင်းသူများ၊ မြို့နယ်အုပ်ချုပ်ရေးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

    အနောက်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်က ဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ပညာဒါနသင်တန်းကို ပံ့ပိုးကူညီပေးသည့် “ငြိမ်းချမ်းမှု တည်ဆောက်ရေးကွန်ရက် (PCN)” မှ ဒုဥက္ကဌ ဦးတင်မျိုးဝင်း(ဗိုလ်မှူး ငြိမ်း) က သင်တန်းနှင့်ပတ်သက်သည့် ရည်ရွယ်ချက်များ၊ ဆောင်ရွက်သွားမည့် ကိစ္စများကို တင်ပြခဲ့သည်။

    ဒလမြို့အုပ်ချုပ်ရေးမှူးရုံး လူမှုအထောက်အကူပြုဌာနမှ တာဝန်ရှိသူတစ်ဦးကလည်း ကျေးဇူးတင်စကားပြောကြားခဲ့ကာ ဆရာများကိုယ်စား ဆရာဦးစိုးအောင်က ပညာဒါနသင်တန်းနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။

    အဆိုပါ တက္ကသိုလ်ဝင်တန်း ပညာဒါနသင်တန်းမှာ အခမဲ့ဖြစ်ပြီး ကျောင်းသားများအား၊ ဗလာစာအုပ်၊ ဘောပင်တို့ အပါအ၀င် ကျောင်းသုံးပစ္စည်းများ၊ သင်ကြားမည့် စာရွက်စာတမ်းများကိုပါ အခမဲ့ ဝေငှသွားမည်ဖြစ်ကာ၊ မေခွန်းဟောင်း စာအုပ်များကိုလည်း တစ်ယောက်တစ်အုပ်စီ အခမဲ့ပေးအပ်သွားရန် အစီအစဉ်ရှိနေသည်ဟု သင်တန်းတွင် အင်္ဂလပ်စာသင်ကြားပေးမည့် ဆရာ ဂျက်ဖရီ ဦးတင်အုန်းက ပြောကြားခဲ့သည်။ လက်ရှိတွင် သင်တန်းတက်ရောက်ရန် စာရင်းပေးသွင်းထားသည့် ကျောင်းသားဦးရေမှာ ၃၅ ဦးရှိနေသည်ဟု သိရသည်။

    ပညာဒါနသင်တန်း သင်ကြားမည့်အချိန်မှာ တနင်္လာနေ့မှ သောကြာနေ့အထိ နေ့လည် ၁ နာရီမှ ညနေ ၅ နာရီအထိဖြစ်ပြီး၊ စနေ၊ တနင်္ဂနွေနေ့များတွင် မနက် ၉ နာရီမှ ၁၂ ခွဲအထိ တစ်ကြိမ်၊ နေ့လည် ၁ နာရီခွဲမှ ညနေ ၅ နာရီခွဲအထိ တစ်ကြိမ် သင်ကြားပေးသွားမည်ဖြစ်သည်။ ပညာဒါနသင်တန်းတွင် စုစုပေါင်း ဆရာ၊ ဆရာမ ၁၆ ဦးရှိပြီး နောက်ထပ် ဆရာများကိုလည်း ထပ်မံ ပေါင်းထည့်သွားမည်ဟု သိရသည်။

    10615419_141055702930151_7031100829342592329_n

    အဆိုပါ တက္ကသိုလ်ဝင်တန်း ပညာဒါနသင်တန်းကို ၂၀၀၉ ခုနှစ်ကတည်းက အစ္စလာမ်ဘာသာဝင်ဆရာအများစု ဦးစီး၍ သင်ကြားခဲ့ခြင်းဖြစ်ပြီး အောင်ချက်ကောင်းမွန်မှုကြောင့် ဒလမြို့ရှိပြည်သူများ အားထားရာ ပညာဒါန သင်တန်းတစ်ခုလည်းဖြစ်သည်ဟု သိရသည်။

    လူမျိုးဘာသာမရွေး လက်ခံသင်ကြားပေးသည့် အဆိုပါပညာဒါနသင်တန်းမှာ ချို့တဲ့သူသောပြည်သူများ အခက်အခဲမရှိ ပညာသင်ယူနိုင်ရေး အတွက် ရည်ရွယ်သည်ဟု ဆရာ ဂျက်ဖရီ ဦးတင်အုန်းက ပြောကြားခဲ့ပြီး ဖွင့်လှစ်ခဲ့သည့်သက်တမ်း တစ်လျှောက်လုံး ကျောင်းထိုင်ဆရာတော် အပါအ၀င် ကမာကဆစ် အနောက်ကျောင်းတိုက်မှ လိုလေသေးမရှိ ကူညီပေးခဲ့သည်ဟု ဆိုသည်။

    12360295_546123302217507_6060416007306161999_n

  • ကမန်ဒုက္ခသည်များကို နေရပ်ရင်း အတင်းပြန်ခိုင်း

    ကမန်ဒုက္ခသည်များကို နေရပ်ရင်း အတင်းပြန်ခိုင်း

    BE329DF0-7C84-4F1A-838B-58B8D8872AE6_w640_r1_s_cx5_cy0_cw79

    အလုပ်အကိုင် ရှာဖွေဖို့နဲ့ ကျောင်းတက်ဖို့အတွက် လာကြတဲ့ မြန်မာနိုင်ငံသား မှတ်ပုံတင်ရထားပြီးသား ရခိုင်ပြည်နယ်တွင်းက ကမန်တိုင်းရင်းသား ဒုက္ခသည်တွေကို လူဝန်မှုကြီးကြပ်ရေးဌာန ကနေ နေရပ်ရင်းကို ပြန်ခိုင်းနေပါတယ်။ မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။
     
    ရခိုင်ပြည်နယ်တွင်းက လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေဖြစ် အပြီး နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရတာကြောင့် ဒုက္ခသည်စခန်းမှာ နေထိုင်နေရတဲ့ ရခိုင်လူမျိုးနဲ့ ကမန်လူမျိုး တိုင်းရင်းသားတွေထဲက နိုင်ငံသားမှတ်ပုံတင် ရရှိပြီးသား လူ ၂၀ ကျော်ဟာ ကျောင်းတက်ဖို့နဲ့ အလုပ်အကိုင်ရှာဖွေဖို့အတွက် နေရပ်ကနေ ထွက်ခွာလာခဲ့ပြီး ရန်ကုန်ကို ရောက်ရှိလာခဲ့တာ ၁ လခန့် ရှိပြီ ဖြစ်ပါတယ်။ သူတို့တွေကို လူဝန်မှုကြီးကြပ်ရေး ဌာနဆိုင်ရာက တာဝန်ရှိသူတွေက နေရပ်ရင်း ကို ပြန်ခိုင်းနေတယ်လို့ ကမန်အမျိုးသား တိုးတက်ရေးပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးတင်လှိုင်ဝင်း က ဆိုပါတယ်။
     
    “ဒီလူတွေကို ပြန်လွှတ်တယ်ဗျ။ ဘာကြောင့် ပြန်လွှတ်လဲဆိုတော့ တာမွေမြို့နယ်မှူးတို့၊ မရမ်းကုန်းမြို့နယ်မှူးတို့၊ သူတို့ကပေါ့ဗျာ တိုင်းဦးစီးက ခိုင်းတဲ့အခါ မြို့နယ်အဆင့်တွေက ဘာပြောလဲဆိုတော့ ဒီလူတွေကို ပြန်လွှတ်တော့မယ်ပေါ့နော်။ camp ထဲမှာ သတင်းမပို့လို့တဲ့ ဟ ခင်ဗျားက သတင်းပို့ရလောက်အောင် ကျုပ်တို့က အကျယ်ချုပ် ကျနေတာမှ မဟုတ်ဘဲလို့။ နိုင်ငံသားဖြစ်တဲ့အတွက် နိုင်ငံတော်ကလည်း ဒီလူတွေ မှတ်ပုံတင် ပေးထားတာလည်း အများကြီးပဲလို့။ အဲဒီမှာ ကျောင်းသားတွေ ပါတယ်ဗျာ။ ကျောင်းမတက်ရတာ ဆယ်တန်းအောင်ပြီး ၄ နှစ်ရှိပြီလို့။ ဂုဏ်ထူး ၃ ဘာသာ၊ ၄ ဘာသာ ပါတဲ့ကလေးတွေ ၄ နှစ်ရှိပြီ။ စာမသင်ရတာ။ နောက်တခါ အလုပ်အကိုင်လုပ်နိုင်တဲ့ ကျန်းမာရေးသန်စွမ်းတဲ့ ကလေးတွေကလည်း ယောကျာ်းလေးတွေကလည်း ၁၀ ယောက်ကျော်ကျော်လောက် ရှိတယ်ဗျာ။ ဒီလူတွေလည်း အဲဒီစခန်းထဲမှာ တနေ့ကို ဆန်တဗူးနဲ့ တလကို ဆီတပုလင်းနဲ့ ဒါနဲ့ပဲ နေလာတာလည်း ၄ နှစ်ကျော်ပြီ။ အစိုးရကိုလည်း ကျနော်တို့ တင်ပြတာ၊ တင်ပြတာ၊ တင်ပြတာ ဆိုရင် တင်ပြတာပဲ အဖတ်တင်တယ်။ ဘာမှ ဖြစ်မလာဘူး။ ဘာဖြစ်လို့လဲ ကျနော်တို့က ပြစ်မှုတစုံတရာ ကျူးလွန်ပြီးတော့ အိမ်တွေ၊ ယာတွေ အကုန် မီးရှို့ဖျက်ဆီးခံရပြီးတော့ တခါ ကျနော်တို့ကို စခန်းထဲ ထည့်ရလောက်အောင် ကျနော်တို့က ဘင်္ဂါလီ မဟုတ်ဘူး။ ကျနော်တို့က တိုင်းရင်းသားတွေ။ ခိုးလာတာမဟုတ်ဘူး။ ရမ်းဗြဲကနေ သံတွဲကို ကားစီးတယ်။ သံတွဲကနေ လေယာဉ်ပျံနဲ့ ရန်ကုန်ကို လာကြတာ။”
     
    ရန်ကုန်ကို ရောက်လာသူတွေထဲမှာ ရခိုင်ဗုဒ္ဓဘာသာဝင်တွေနဲ့ ကမန် အစ္စလာမ်ဘာသာဝင်တွေ ပါဝင်ပြီး သူတို့တွေဟာ အရင်က အိုးအိမ်တွေရှိခဲ့ပေမဲ့ ပဋိပက္ခတွေအတွင်း မီးရှို့ဖျက်ဆီးခံ လိုက်ရတဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အခုဆိုရင် ဒုက္ခသည်စခန်းမှာ နေထိုင်စရာ အိုးအိမ်တွေလည်း ပျက်စီးနေပြီဖြစ်သလို စားသောက်ရေး ခက်ခဲနေတဲ့အတွက် လ၀က က ပြန်ခိုင်းပေမဲ့ ပြန်မှာမဟုတ်ဘူးလို့  ရခိုင်ဗုဒ္ဓဘာသာဝင်ေ ဒ်ါဆိပ်ကေ က ဆိုပါတယ်။
     
    “သူတို့ ပြန်ခိုင်းပါစေ။ ကျမတို့ မပြန်ဘူး။ အရင်က အိမ်ရှိတယ် ကျမတို့မှာ အရေးအခင်းမဖြစ်ခင်က။ ဒီလို မီးရှို့ ဒုက္ခသည်တွေ အိမ်မရှိတော့ဘူး။”
     
    ဒီလူတွေကို နေရပ်ရင်းကို ပြန်ပို့မယ်ဆိုတာနဲ့ ပတ်သက်လို့ ကန့်ကွက်တဲ့အနေနဲ့ ကမန်အမျိုးသားတိုးတက်ရေး ပါတီကတော့ နိုင်ငံတော် က တာဝန်ရှိသူတွေကို တရားဝင် စာပို့ထားတယ်လို့ ဦးတင်လှိုင်ဝင်း က ဆိုပါတယ်။
     
    “ကျနော်တို့ တာဝန်ယူပါတယ်။ တာဝန်ခံပါတယ်ဆိုပြီး ကျနော်က ပါတီကစာနဲ့ တရားဝင် စာပို့တယ်ဗျ။ ဒါလည်း မပြီးသေးဘူးဗျ။ ကျနော်တို့ကို တခါ ဒီလူတွေ ဘယ်မှာနေလဲ။ လိပ်စာတွေ၊ ဘာတွေ မေးတယ်ဗျာ။ မိတော့တခါ ကျနော်တို့ကလည်း တိုင်းရင်းသားပဲ။ ဘာကြောက်စရာရှိသလဲ ဒါ ကျနော်တို့ နိုင်ငံပဲလေ။ လ၀က က နေ့တဓူဝ မေးလာတဲ့အခါ ခင်ဗျားတို့ ဒီလောက် အရေးတကြီးဖြစ်အောင် ဘာကြောင့် မေးရတာလဲလို့။ ကျနော်က မေးတဲ့အခါ သူတို့က သူတို့ ပြန်လွှတ်မယ်လို့ ပြောတယ်ခင်ဗျ။ ဟ ခင်ဗျားတို့ ဒါ ဥပဒေကို ချိုးဖောက်တာပဲ။ နိုင်ငံသားတယောက်ကို အဲ့လို လုပ်ပိုင်ခွင့်ရှိသလားလို့ မေးတဲ့အခါ အခု နိုင်ငံတော်သမ္မတကြီး ကိုရော၊ ဒေါ်အောင်ဆန်းစုကြည်ကိုရော၊ နောက်တခါ ရန်ကုန်တိုင်း ၀န်ကြီးချုပ်ကိုရော၊ နောက်တခါ ရန်ကုန်တိုင်း လ၀က ဦးစီးကိုရော ကျနော်တို့ တရားဝင် စာတင်ထားပါတယ်။”
     
    ဒီကိစ္စနဲ့ပတ်သက်လို့ နေရပ်ရင်းကို ပြန်ခိုင်းတဲ့ လ၀က တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ အခုလက်ရှိ ရန်ကုန်ကိုရောက်ရှိလာကြတဲ့ ရမ်းဗြဲမြို့ ဒုက္ခသည်စခန်းက လာကြသူတွေဟာ မကြာသေးခင်က နေပြည်တော်ကပြုလုပ်ပေးတဲ့ မိုးပွင့်စီမံချက်အရ နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ရရှိထားသူများ ဖြစ်တယ်လို့လည်း ပြောပြကြပါတယ်။
     
    VOA မြန်မာပိုင်းမှ ကူးယူဖော်ပြသည်။
     
    http://burmese.voanews.com/content/rakhine-kaman-refugee/3110659.html