News @ M-Media

Author: editor

  • လူအများအား မထိခိုက်စေသော  အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ခြင်း

    လူအများအား မထိခိုက်စေသော အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ခြင်း

    Coexist

    “ဗမာစာသည် တို့စာ
    ဗမာစကားသည် တို့စကား
    တို့ပြည်ကိုချစ်ပါ ၊ တို့စကားကိုလေးစားပါ”
    စသည့်ကြွေးကြော်သံများသည် လွတ်လပ်ရေးမရခင်၊ ဗြိတိသျှနယ်ချဲ့တို့အား တွန်းလှန်ရန်မြန်မာလူထုကို စည်းရုံးရန်၊ ရေးစပ်သီကုံးထားသော မော်ကွန်းဝင်ကြွေးကြော်သံများဖြစ်ကြပါသည်။

    ဂျာမဏီနာဇီခေါင်းဆောင် ဟစ်တလာကလည်း၊ ၎င်း၏စစ်တပ်အတွင်း နိုင်ငံရေးအာဏာရဖို့နှင့် လူမျိုးရေးအသာစီးရဖို့ “အမျိုးဘာသာ၊ သာသနာ” ဟူသော ခေါင်းစဉ်တပ်ကာ၊ ဂျူးလူမျိုးအမြောက်အများကို အဆိပ်ဓါတ်ငွေ့လွှတ်ကာ ရက်စက်စွာသုတ်သင်ခဲ့သည်။

    ယူဂိုစလာဘ် စစ်အာဏာရှင် မီလိုစဗစ်ကလည်း၊ ဘာသာမတူအယူကွဲပြားသော ၎င်းနိုင်ငံရှိ အစ္စလာမ်ဘာသာဝင် မိန်းကလေးများအား၊ ၎င်း၏စစ်တပ်က အဓမ္မပြုကျင့်ခွင့်နှင့် လူသတ်ခွင့်လိုင်စင်ကို ရက်ရောစွာထုတ်ပေးခဲ့သည်။ ရလာဒ်အနေနှင့် ထိုစစ်ခေါင်းဆောင်အား နိုင်ငံတကာတရားရုံးသို့ ဖမ်းဆီး ခေါ်ဆောင်အရေးယူနိုင်ခဲ့သည်။

    အရှေ.တောင်အာရှရှိလူဦးရေသန်း ၂၀၀ ကျော်နှင့် ပြောဆိုသည့် ဘာသာစကားပေါင်း ၂၅၀ ကျော်၊ မတူကွဲပြားသော ယဉ်ကျေးမှုများစွာရှိသည့် အင်ဒိုနီးရှားနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်များစွာ နေ ထိုင်ကြသည်။ ထိုနိုင်ငံ၏ စစ်အာဏာရှင်ဟောင်း ဆူဟာတိုသည်  စစ်အာဏာရှင်ပီပီ အာဏာကိုနှစ်ပေါင်း များစွာ ချုပ်ကိုင်နိုင်ဖို့ရန် လူမျိုးရေး၊ ဘာသာရေး၊ အဓိကရုဏ်းများကို အင်ဒိုတရုတ်လူမျိုးများ၊ အင်ဒို ခရစ်ယာန်ဘာသာဝင်များနှင့် အင်ဒို-အစ္စလာမ်ဘာသာဝင်များအကြား မကြာခဏ ပြုလုပ်ဖန်တီးလေ့ရှိသည်။

    တစ်ဖက်ဘာသာမတူ လူနည်းစုအပေါ်နှိပ်ကွပ်ရန်၊ “အမျိုးဘာသာ၊ သာသနာဟူ၍ ခေါင်းစဉ်တတ်ကာ” နိုင်ငံရေးအမြတ်ထုတ်ခဲ့သည်။ စစ်အာဏာသက်ဆိုးရှည်ခဲ့သည်။ ဒီမိုကရေစီတောင်းဆိုသည့် လူထုလှုပ်ရှားမှုများကြောင့် နောက်ဆုံးတွင်အာဏာကို မူလပိုင်ရှင်အင်ဒိုနီးရှား ပြည်သူလူထုသို့ အပ်ခဲ့ရသည်။ ထို စစ်အာဏာရှင်ကြီးလည်း ဇာတ်သိမ်းမကောင်းရှာခဲ့ပေ။

    မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံအရ လူထု၏ရွေးကောက်ခြင်းမခံရဘဲ တပ်မတော်ကိုယ်စားလှယ်၂၅ ရာခိုင်နှုန်းလွှတ်တော်တွင် ပါဝင်နေရာယူခြင်းသည် အင်ဒိုနီးရှား နိုင်ငံ၏ဖွဲ့စည်းပုံကို အတုယူထားခြင်းဖြစ်သည်။ ယခင် အင်ဒိုနီးရှား စစ်အာဏာရှင်ဖွဲ့စည်းပုံတွင် စစ်တပ်က ၁၀ ရာခိုင်နှုန်း လွှတ်တော်တွင်အ ချောင်ပါဝင်နေခဲ့သည်။

    အမျိုးဘာသာ၊ သာသနာကိုခုတုံးလုပ်ကာ နိုင်ငံရေးအမြတ်ထုတ်နေသော အင်အားစုများ မြန်မာနိုင်ငံတွင်ရှိနေသည်။ ပမာပြရလျှင် “ဓါးသွားထက်က ပျားရည်စက်များနှင့် အလားသဏ္ဍာန်”တူသည်။ ပျားရည်စက်များသာမြင်ပြီး နောက်ကွယ်က ဓါးသွားကိုမမြင်လျှင် သမိုင်းတရားခံများဖြစ်သွားကြမည်။ တိုင်းပြည်နစ်နာမည်ဖြစ်သည်။

    အမျိုးသားခေါင်းဆောင်ကြီး လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည်လည်း အမျိုးဘာ သာ၊ သာသနာအတွက် မြန်မာပြည်သူ လူထု တစ်ရပ်လုံးအား နယ်ချဲ့ဗြိတိသျှလက်အောက်နှင့် ဖက်ဆစ်ဂျပန်လက်အောက်မှ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးအစရှိသည့် အလုံးစုံလွတ်မြောက်ရေး၊ လွတ်လပ် ရေးကို ကြိုးပမ်းရယူခဲ့သည်။ “ဗမာလူမျိုးစုအတွက် ဗုဒ္ဓဘာသာအများစုအတွက် လွတ်လပ်ရေးတိုက်ပွဲဝင် ခဲ့သည် မဟုတ်ပေ။” နိုင်ငံရေးအမြော်အမြင်နှင့် မျိုးချစ်စိတ်ဓါတ်အဆင့်အတန်း ကြီးမားလှသောကြောင့် မြန်မာပြည်သူ လူထုက ရင်ထဲ၊ အသဲထဲနှမြောတသ၊ သတိရနေဆဲပင်ဖြစ်သည်။ ကမ္ဘာတည်သရွေ့ ဗိုလ်ချုပ်ကို သတိရနေမည်ဖြစ်သည်။

    ဗုဒ္ဓမြတ်စွာ၏တရားများသည် မေတ္တာတရားကို အခြေခံသည်။ မေတ္တာဖြင့်လောကကို အလှဆင် နိုင်ကြောင်း၊ သံသရာမှ လွတ်မြောက်နိုင်ကြောင်း ဗုဒ္ဓကိုယ်တိုင် ကျင့်ကြံပြသခဲ့သည်။ “ငါကဲ့သို့ကျင့်ကြံလျှင် ငါကဲ့သို့အောင်မြင်စေမည်” ဖြစ်ကြောင်း မိမိနောက်လိုက်များအား မိန့်ကြားခဲ့သည်။ ထို့ကြောင့ှ်ဗုဒ္ဓမြတ်စွာ၏နောက်လိုက်ကောင်းများ၊ ရဟန်းများကို ဘုရားသားတော်များဟု တင်စားခေါ်ဝေါ်ကြခြင်းဖြစ်သည်။ ဘုရားသားတော်ရဟန်းကောင်း၊ ရဟန်းမြတ်တို့၏တရားများသည် “စမ်းရေပမာ” အေးမြသည်။
    ဒေ၀ဒတ်နောက်လိုက် ရဟန်းများ၏တရားကား အက်စစ်လိုပူပြင်းတောက်လောင်လှသည်။ နောက် လိုက်မှားက အ၀ီစိငရဲလားမည်ဖြစ်သည်။ နောက်လိုက်ကောင်းပီသဖို့၊ ခေါင်းဆောင်ကောင်း၏အမိန့်ကို တိတိကျကျ လေးစားလိုက်နာဖို့လိုသည်။

    ဗုဒ္ဓပွင့်ပေါ်ခဲ့သည်မှာ နှစ်ပေါင်း ၂၆၀၀ ကျော်ခဲ့ပြီဖြစ်သည်။ ခရစ်တော်ပွင့်ပေါ်ခဲ့သည်မှာ နှစ် ပေါင်း ၂၀၁၄ ကျော်ခဲ့ပြီဖြစ်သည်။ တမန်တော်မုဟမ္မဒ် ပွင့်ပေါ်ခဲ့သည်မှာ နှစ်ပေါင်း ၁၄၀၀ ကျော်ခဲ့ပြီဖြစ် သည်။ ကျွန်တော်တို့နေထိုင်သော ကမ္ဘာကြီ၏ သက်တမ်းသည် နှစ်သန်းပေါင်း ၃သောင်းကျော် ခဲ့ပြီဖြစ်သည်။ နေ၏သက်တမ်း၊ လ၏သက်တမ်း၊ ကမ္ဘာ၏အကျယ်အ၀န်း၊ လ၏အကျယ်အ၀န်းတို့ကို တိုင်းထွာနိုင်သောပညာသည် ယနေ့(၂၁)ရာစုတွင် ရှိနေပြီဖြစ်သည်။

    “လူသားအစ အာဒမ်နှင့်ဧ၀”ဟူသောစကားကို လူတိုင်းကြားဖူးကြမည်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ဖန်ဆင်းရှင်ဝါဒကို လက်ခံသောဘာသာများမှာ ခရစ်ယာန်ဘာသာ၊ ဂျူးဘာသာနှင့် အစ္စလာမ်ဘာသာများ ဖြစ်ကြသည်။ ထိုဘာသာများ၏ ကျမ်းဂန်များအရ ဘုရားသခင်သည် ဤကမ္ဘာပေါ်တွင် လူသားဖခင် အာဒမ်နှင့် မိခင်ဧ၀ ဇနီးမောင်နှံစုံတွဲတို့ကို ဖန်ဆင်းတော်မူခဲ့သည်။ ထို့ကြောင့် ထိုဘာသာတရားများ၏သွန်သင်ချက်များသည် “ဘုံ” တူညီကြသည်။ ထိုဘာသာများသည် ကမ္ဘာဦးစကတည်းက ရှိနေသော
    ဘာသာများဖြစ်ကြသည်။ တမန်တော် မိုးဇက်ကဂျူးဘာသာကို ရှင်သန်အောင်လုပ်ခဲ့သူအနေဖြင့် သမိုင်း တွင်ခဲ့သည်။ ဂျူးဘာသာဝင်တို့သည် ဓမ္မဟောင်းကျမ်းကို လက်ကိုင်ထားသည်။ ယေရှုခရစ်တော်ကို ခရစ်ယာန်ဘာသာကို ရှင်သန်အောင်လုပ်ခဲ့သူ၊ ဘုရားသားတော်အနေဖြင့် လူသိများခဲ့သည်။ ဓမ္မသစ်ကျမ်းသည် ခရစ်တော်နောက်လိုက်များအတွက် အားထားရာကျမ်းဖြစ်သည်။ တမန်တော်မုဟမ္မဒ်ကို နောက်ဆုံးတမန်တော်အနေဖြင့်လည်းကောင်း၊ လူသားဖခင်အာဒမ်ကို ပထမဆုံးတမန်တော်အနေဖြင့် လည်းကောင်း အစ္စလာမ်ဘာသာဝင်တို့ကလက်ခံထားသည်။ ကုရ်အာန်ကျမ်းစာပါ တရားများသည် တမန်တော်မုဟမ္မဒ်၏ (၂၃)နှစ်နီးပါး ဟောကြားချက်များဖြစ်ပါသည်။

    မည်သို့ပင်ဆိုစေ သစ္စာတရားကိုဟောကြားခဲ့သော လူဘုရားများသည် ကမ္ဘာအနှံ့ “ဂင်္ဂါဝါနု၊ သဲစု တမျှ” ပွင့်ပေါ်ခဲ့ပြီးဖြစ်သည်။ ထိုဘုရားများသည် ကမ္ဘာအနှံ့ လူမျိုးအသီးသီး၌ ပွင့်ပေါ်ခဲ့ပြီးဖြစ်သည်။

    “ပြည်ထောင်စုစိတ်ဓါတ်၊ ပြည်ချစ်စိတ်ဓါတ်ရှိသူများ လက်ခံထားသော အမျိုးဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ခြင်း” ဟူသည် မိမိတိုင်းပြည်ရှိ ပြည်သူလူထုအပေါင်းအား ရင်ဆိုင်နေရသော စီးပွား ရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ လူ့အခွင့်အရေးများနှင့် ပတ်သက်၍ အခက်အခဲ၊ အကျပ်အတည်းပေါင်းစုံ၊ ဒုက္ခပေါင်းစုံမှကင်းလွတ်အောင်၊ ပြေလည်အောင် စွမ်းဆောင်ပေးခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် မိအေး သုံးခါနာခဲ့ရသော တိုင်းပြည်ဖြစ်သည်။ နယ်ချဲ့ဗြိတိသျှနှင့် ဖက်ဆစ်ဂျပန်တို့၏ ကျူး
    ကျော်စစ်များကြောင့် တိုင်းပြည်အနှံ့သင်္ချိုင်းမြေဖြစ်ခဲ့ရသည်။ လွတ်လပ်ရေးရပြီးနောက်တွင်လည်း ပြည်တွင်းစစ်များကြောင့် တိုင်းပြည်နစ်နာခဲ့ရသည်။ နှစ်(၅၀)ကျော် စစ်အာဏာရှင်အဆက်ဆက်၏ ဆိုးမွေများကြောင့် မြန်မာနိုင်ငံတွင် ဆင်းရဲသားနှင့် သူဌေးဆိုသူများကို နှိုင်းယှဉ်လျှင် “စားစရာမရှိသောသူများနှင့်  ထားစရာမရှိသောသူများ” ဟူ၍ လူတန်းစားနှစ်မျိုးပေါ်ထွက်ခဲ့သည်။ အကျိုးဆက်အနေဖြင့် ၀န်ထမ်းလောကတစ်ခုလုံး လာဘ်ပေးလာဘ်ယူဖြင့် အာဂတိလိုက်စားကာ ယနေ့တိုင်ပျက်စီးနေသည်။ ပညာရေးလောက လည်းနိမ့်ကျလျက် အာမခံချက်မရှိဖြစ်ခဲ့ရသည်။ လူထု၏နားမျက်စိသဖွယ်ဖြစ်သော သတင်းမီဒီယာ လောကလည်း လွှမ်းမိုးချုပ်ကိုင်ခြင်းခံရပြီး၊ ပြည်သူလူထု ဗဟုသုတခေါင်းပါးခဲ့ရသည်။ ကမ္ဘာမီးလောင်၊  သားကောင်ချနင်းခံရသည့် သဘောမျိုးဖြစ်ခဲ့ရသည်။

    “၀န်ကြီးကတိုက်ဆောက်၊ စစ်သားက ဂျိုင်းဒေါက်၊ ပြည်သူက ဗိုက်မှောက်” ဟူသော လူထုနှလုံးသားကြားက ရင်တွင်းဖြစ် ခံစားချက်များ နေရာအနှံ့ ပျံ့နှံ့ခဲ့ သည်။

    ယခုလိုစစ်ဗိုလ်တစ်မတ်သား အရပ်သားအစိုးရလက်ထက်တွင်လည်း ယခင်စစ်အစိုးရလက် ထက်ဟောင်းက ၎င်းတို့မိသားစု ဆွေမျိုးသားချင်းများပိုင် စီးပွားရေးလုပ်ငန်းများ၊ ရှယ်ယာများနှင့် ပေါင်းစား၊ ချစား၊ ဖျက်စား စစ်အစိုးရအလိုတော်ရှိ ခရိုနီများ၏ အကျိုးစီးပွားရေးသာ၊ အကျိုးရှိသွားပြီး မြန်မာ ပြည်သူလူထုအပေါင်းမှာ ဒုက္ခနွံထဲမှ ရုန်းကန် မထွက်နိုင်ကြတော့ပေ။ ပြည်သူလူထု အများစုမှာ မြေမဲ့၊ ယာမဲ့၊ အိမ်မဲ့ ဘ၀နှင့်ရှိနေသည်ကို Media မီဒီယာများတွင် ယနေ့တိုင်တွေ့နေရဆဲဖြစ်သည်။

    အသက်ရှည်ကျန်းမာရေးနှင့်ပတ်သက်လျှင် ၂၀၁၄ ခုနှစ်က ကမ္ဘာ့ကုလသမဂ္ဂ UNDP စာရင်း အရ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၃ နိုင်ငံကို နံပါတ်စဉ်လိုက်တပ်၍ ဖော်ပြခဲ့သည်။ ဖိုးသက်ရှည်၊ ဖွားသက်ရှည် နံပါတ်တစ်နေရာတွင် ဂျပန်၊ ဒုတိယနေရာတွင် ဆွီဒင်၊ တတိယနေရာတွင် ကနေဒါနိုင်ငံနှင့် ၁၉၂နေရာတွင် မြန်မာနိုင်ငံရှိနေသည်ကို အံ့ဩထိတ်လန့်စွာတွေ့ခဲ့ရသည်။

    မြန်မာနိုင်ငံ၏ စီးပွားရေးချွတ်ချွံကျမှုကြောင့် သားကောင်ဖြစ်ခဲ့ရသူများမှာ ဆင်းရဲသားအမျိုး ကောင်းသမီးငယ်များ ပင်ဖြစ်သည်။ စီးပွားရေးအတ္တဘီလူးများ၏ မြှောက်လုံး၊ မက်လုံးတွေကြောင့် လူမှောင်ခိုကူးများမှတဆင့် ထိုမိန်းကလေးများ နိုင်ငံခြားသား တရုတ်ဇနီးမယားများဖြစ်ကုန်ကြတော့သည်။

    အချို့မိန်းကလေးများမှာ တဏှာရူးများယစ်မူးရာနေရာ၊ လိင်ဖျော်ဖြေရေးနေရာများ ကာရာအိုကေ၊ အ နှိပ်ခံများ၊ ထိုင်းနိုင်ငံရှိ KTV နှင့် ဘီယာအရက်ဆိုင်များသို့ အလုပ်ဝင်ခဲ့ကြရသည်။ ဆိုးကျိုးရလာဒ်အနေ ဖြင့် စာရိတ္တမဏ္ဍိုင်ယိမ်းယိုင်ကာ၊ AIDS ရောဂါဝေဒနာရှင်များ ဘ၀နှင့် ဇာတ်သိမ်းခဲ့ရသည်။ တန်ဖိုးရှိလှ သည့် လူ့ဘ၀အချည်းအနှီးဖြစ်ခဲ့ရသည်။

    ထို့ကြောင့်မိမိအမျိုးဘာသာ၊ သာသနာကိုထိန်းသိမ်းစောင့်ရှောက်သူလိုများ အနေဖြင့်မိမိတို့ ၏အမျိုးကောင်း ဆင်းရဲသား အမျိုးသမီးငယ်လေးများအာ၊ ပညာဗဟုသုတမြှင့်တင်ပေးရမည်။ စိတ်ဓါတ် ခွန်အားမြှင့်တင်ပေးရမည်။ တိုင်းနှင့်ပြည်နယ် မြို့ရွာအနှံ့ ဘ၀အာမခံချက်အတွက် အသက်မွေးဝမ်း ကြောင်းသင်တန်းများကို ပညာဒါနအနေဖြင့် ဖွင့်လှစ်ပေးရမည်။ မိသားစု စားဝတ်နေရေး အတွက် အလုပ်အကိုင်၊ အခွင့်အလမ်းများကို ရှာဖွေပေးရမည်။ ပါးစပ်က လေသေနတ်ပစ်နေရုံနှင့် အလုပ်မဖြစ်ပါ။ ခရီး
    မတွင်ပါ။ ကမ္ဘာပေါ်တွင် ဘာသာတရားများသည် ငြိမ်းချမ်းရေးတရားများကိုပေးသည်။ လောကီလော ကုတ္တရာနှစ်ဘ၀ အတွက် ကောင်းကျိုးချမ်းသာကို ပေးကြပါသည်။

    လူတစ်ဦး၊ တစ်ဖွဲ့၏ မင်းမဲ့စရိုက်လုပ်ဆောင်မှု၊ လူသားမဆံမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတို့ ကြောင့် ထိုကျူးလွန်သူ၏ ထိုဘာသာ တရားကို စော်ကားခြင်းသည် အဓိပ္ပါယ်မဲ့ လုပ်ရပ်ဖြစ်သည်။

    သံကို ဖျက်သည်မှာ သံချေးဖြစ်သည်။ ထို့ကြောင့်လည်း “မြတ်ဗုဒ္ဓက ငါ၏သာသနာကို ဖျက် မည့်သူများမှာ အခြားသူမဟုတ်၊ ငါ၏ဘာသာဝင်များထဲမှ ဖြစ်ကြမည်” ဟု နှစ်ပေါင်း၂၆၀၀ ကျော်ကကြိုတင်မိန့်မှာခဲ့ပါသည်။

    တရားဥပဒေကို ချိုးဖောက်သူသည် ပြစ်မှုကျူးလွန်သူဖြစ်၏။ အပြစ်ရှိ၍ထောင်ကျခြင်းသည် ထိုပြစ်မှုကျူးလွန်သူ၏ ကိုးကွယ်ယုံကြည်ရာ ဘာသာတရားနှင့်လုံးဝ မသက်ဆိုင်ပေ။ ပမာပြရလျှင် အိန္ဒိယနိုင်ငံတွင် ဟိန္ဒိုဘာသာဝင်အများစုနေထိုင်ကြသည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံ၏ အကျဉ်းထောင် များတွင် ဟိန္ဒိုဘာသာဝင် အများစုကိုသာတွေ့ရမည်။ အလားတူ ဖိလစ်ပိုင်နိုင်ငံတွင် ရိုမာန်ကတ်သလစ် ခရစ်ယာန်ဘာသာဝင်များရှိကြ၏။ ထို့ကြောင့် ဖိလစ်ပိုင်နိုင်ငံ၏ အကျဉ်းထောင်များတွင်  ခရစ်ယာန်ဘာ သာဝင်အများစု ကိုတွေ့ရမည်။ အင်ဒိုနီးရှားနိုင်ငံတွင်လည်း အစ္စလာမ်ဘာသာဝင် အမြောက်အမြားနေထိုင် ကြ၍ အင်ဒိုနီးရှား အကျဉ်းထောင်များတွင် အစ္စလာမ်ဘာသာဝင် အများစုကိုတွေ့ရမည်မှာ သဘာဝကျလှ သည်။ အလားတူ သီရိလင်္ကာနိုင်ငံနှင့် မြန်မာနိုင်ငံတွင်ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် အများစုနေထိုင်ကြ၍ ထိုနှစ်နိုင်ငံ၏ အကျဉ်းထောင်ထဲတွင် ထိုထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များကိုမြင်တွေ့ရမည်မှာမြေကြီး လက်   ခတ်မလွှဲဖြစ် သည်။

    လူ့အဖွဲ့အစည်းတိုင်းတွင်ပြဿနာရှိတတ်သည်။ ပဋိပက္ခဖြစ်တက်သည်။ ပဋိပက္ခဖြစ်၍ ရာဇ၀တ်မှုကျူးလွန်လျှင်၊ ပြစ်မှုထင်ရှားလျှင်၊ တရားဥပဒေက အဆုံးအဖြတ်ပေးလိမ့်မည်။ သွေးရင်းသားရင်း ညီအစ်ကိုမောင်နှမအရင်းများသည်ပင်လျှင် အချင်းများရာဇ၀တ်မှုကျူးလွန်၍ ထောင်ကျခံနေရသူ အမြောက်အများရှိသည်။ ပြစ်မှုကျူးလွန်သူများကို ဒေါသဖြစ်နေသော လူအုပ်ကြီး က ဥပဒေမဲ့ လူအင်အားသုံး၊ အနိုင်ကျင့်ခြင်း၊ ပြစ်မှုကျူးလွန်သူ၏ ဘာသာတူလူနည်းစုဝင်များ၏ အသက်အိုးအိမ်စည်းစိမ်များကို ဖျက်ဆီးခြင်း၊ ဘာသာရေးအဆောက်အဦး များကိုမီးရှို့ခြင်းများသည် ကြေးခေတ်၊ ကျောက်ခေတ်၊ လူယဉ်ကျေးမှု ကင်းမဲ့သော အမိုက်ခေတ်က “အင်အားသည် အမှန်တရား” (Might is right) ဆိုသည့်အတွေးအခေါ်ဖြစ်သည်။ ထိုကဲ့သို့ အကြမ်းဖက်ခြင်းကို ယခုခေတ်လို ယဉ်ကျေးသော လူ့ကမ္ဘာက လုံးဝလက်မခံကြတော့ပေ။ လူရိုင်းများ၏ အသွင်သဏ္ဍာန်ဖြစ်သော ကြောင့်ဖြစ်သည်။

    “သင်ပြုသောကံ၊ ပဲ့တင်သံ သင်ထံပြန်လာမည်။ ဘယ်သူမပြုမိမိမှု”စသည်တို့သည် သွေး ထွက်အောင် မှန်သောသစ္စာစကား၊ အမှန်တရားများဖြစ်ကြသည်။ နိုင်ငံတစ်နိုင်ငံသည် မိသားစုဝင်တစ်ခုနှင့်တစ်ခု အလားတူသည်။ မိသားစုဝင်များ မကောင်းလျှင် အိမ်ထောင်ဦးစီး၊ ခေါင်းခဲရသည်။ အိမ်ထောင်ဦးစီး မကောင်းလျှင်လည်း မိသားစုဝင်များ စိတ်ပျက်ရတက်သည်။ အရှက်ရတက်သည်။

    ထို့ကြောင့်နိုင်ငံအနှံ့ ရာဇ၀တ်မှုများ ပပျောက်အောင်၊ အရွယ်ရောက်သူတိုင်း ပညာသင်ကြား စေရေးသည် မရှိမဖြစ် လိုအပ်ချက် တစ်ရပ်ဖြစ်သည်။ စာသင်ကျောင်းများများကို နိုင်ငံအနှံ့တိုင်းနှင့် ပြည်နယ်များတွင် ဖွင့်လှစ်နိုင်ခြင်းသည် နိုင်ငံတစ်ဝှမ်းလုံးရှိ အကျဉ်းထောင်များကို ပိတ်ပစ်လိုက်ခြင်းနှင့် တူပေသည်။ ပညာအသိ၊ ပညာသတိသည် နိုင်ငံအတွက်အရေးကြီး၏။ ပညာသည်အရာရာကို ထိန်း ကြောင်းပေးသည်။ ထို့ကြောင့် အနာဂတ်မျိုးဆက်လူငယ်များ၏ ပညာရေးကို အခမဲ့မသင်မနေရ ပညာရေးအနေဖြင့် ဥပဒေပြုပြဌာန်းပေးသင့်သည်။ နိုင်ငံတော်ဘဏ္ဍာငွေမှ ငွေကြေးအမြောက်အများကို ကာကွယ်ရေးအသုံးစရိတ်တွင် အလွန်အမင်း သုံးစွဲနေခြင်းကိုရပ်တံ့၍၊ ပညာရေးအသုံးစရိတ်တွင်ပိုမို သုံးစွဲသင့်သည်။ အရှေ့တောင်အာရှ အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သည့် စင်္ကာပူနိုင်ငံသည် ရန်ကုန်မြို့ထက် သေးသော်လည်း ကမ္ဘာအလယ်တင့်တယ်နေခြင်းသည် ပညာရေးစနစ်ကြောင့် ဖြစ်သည်။ စင်္ကာပူနိုင်ငံ ၏နိုင်ငံတော်ဘဏ္ဍာငွေမှ သုံးစွဲသောငွေကြေးပမာဏ အများစုသည် ပညာရေးကဏ္ဍာတွင်ဖြစ်သည်။
    ပညာမြင့်မှလူမျိုးတင့်တယ်မည်ကို လက်တွေ့ကျင့်သုံးသောနိုင်ငံဖြစ်သည်။

    မြန်မာနိုင်ငံတွင် ထေရ၀ါဒဗုဒ္ဓဘာသာ၊ ရှင်သန်ရေးအတွက်၊ ဓမ္မစကူးများ၊ နွေရာသီယဉ်ကျေး လိမ္မာသင်တန်းများ နေ့စဉ်လမ်းဘေး တရားပွဲများကိုမြို့တိုင်း၊ ရွာတိုင်းနှင့် နိုင်ငံအနှံ့လုပ်ပိုင်ခွင့် အပြည့်အ ၀ကို၊ နိုင်ငံတော်မှရရှိနေပါသည်။ နိုင်ငံတော်အစိုးရသည် မိမိတို့ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ အထူးလုပ် ပိုင်ခွင့်များ၊ အခွင့်အရေးများကို အခြားဘာသာများထက်ပို၍ ပေးထားသောကြောင့် ဗုဒ္ဓသာသနာပြန့်ပွား ရေးအတွက် စိုးရိမ်စရာမလိုပါ။ “ပတ္တမြားမှန်လျှင် နွံမှာမနစ်ပါ။ နွံနစ်သော်လည်းမညစ်ပါ။”

    အမျိုးဘာသာ၊ သာသနာကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် အထူးဂုဏ်ယူစရာဖြစ်သည်။ သို့သော် မိမိလူမျိုးစုတစ်စုနှင့် ကိုးကွယ်သည့် ဘာသာပြန့်ပွားရေး အတွက် အခြားမတူကွဲပြားသော လူ မျိုးများနှင့် ဘာသာဝင်များကို နှိပ်ကွပ်ခြင်း၊ လုပ်ကြံဇာတ်လမ်းများကို တမင် ရည်ရွယ်ချက်ရှိရှိအကွက်ကျကျ ဖန်းတီးကာ အသိဥာဏ်နည်းပါးသူများ စိတ်ထဲသို့အဆိပ်မှိုင်းများ သွပ်သွင်းခြင်း မတူကွဲပြားခြားနားခြင်း diversity တို့ကိုလက်ခံနိုင်စွမ်းမရှိခြင်းတို့သည် အမြင်ကျဉ်းမြောင်းခြင်းကို သက်သေပြရာ ရောက်ပါသည်။

    လူ့ဂုဏ်သိက္ခာရှိသူတိုင်း မတူကွဲပြားခြားနားခြင်းကို အင်အားစုတစ်ရပ်၊ အလှတရားတစ်ရပ်အ နေဖြင့်အသုံးချသင့်ပါသည်။ ဥပမာပြရလျှင် ထမင်းစားပွဲဝိုင်းကြီးတစ်ခုတွင် အသား၊ ငါး၊ ဟင်းသီးဟင်း ရွက်မျိုးစုံရှိနေသော အခါမိမိနှစ်သက်ရာ ဟင်းလျာကို စားသုံးမည်ဖြစ်သည်။ အချို့သောဟင်းလျာများကို၊ ကြိုက်နှစ်သက်ခြင်း မရှိသည့်အတွက် ကိုယ်နှင့်မတည့်သည့်အတွက်၊ စားသုံးခြင်းမရှိသည်မှာ အဓိပ္ပါယ် ပြည့်ဝလှပါသည်။ ဘာသာတရားဆိုင်ရာ ကိုးကွယ်ယုံကြည်မှုများသည်လည်း အလားတူဖြစ်သည်။ မိမိ
    နှစ်သက်သည့် ဘာသာကို လွတ်လပ်စွာကိုးကွယ်ယုံကြည်မည်ဖြစ်သည်။

    မိုးကောင်းကင်ယံတွင် တစ်ခါတစ်ရံတွေ့ရသော သက်တံ့ရောင်သည် သဘာဝအလှတရားများ ထဲမှ တစ်ခုဖြစ်သည်။ မြင်ရသူ အပေါင်းမျက်စိ ပသာဒရှိလှသည်။ သက်တံ့တွင် မတူကွဲပြားခြားနားသော ခရမ်း၊ မဲ၊ ပြာ၊ စိမ်း၊ ၀ါ၊ လိမ်၊ နီ စသည့် ခုနှစ်ရောင်ပေါင်းစပ်ထားသည်ကို တွေ့ရသည်။

    ထို့ကြောင့်မတူကွဲပြားခြားနားခြင်းသည် သဘာဝအလှတရားတစ်ခုကို ဖန်တီးပေးနိုင်စွမ်းရှိ သည်ကို လက်တွေ့ခံစားနိုင်သည်။

    မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ တစ်ခုဖြစ်သည့် အိန္ဒိယနိုင်ငံတွင် လူဦးရေသန်းပေါင်း ၁၂၀၀ ကျော်ရှိသည်။ ဟိန္ဒူဘာသာဝင် အများစု နေထိုင်ကြသည်။ မတူကွဲပြားသော ဘာသာပေါင်းစုံ၊ ယဉ်ကျေး မှုပေါင်းစုံ၊ ဘာသာစကားမျိုးစုံ ရှိကြသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စ သည့်ကဏ္ဍမျိုးစုံ၌ အရည်အချင်းရှိသူကို နေရာပေးလေ့ရှိသည်။ ဥပမာ နိုင်ငံ၏အုပ်ချုပ်ရေးတွင် ဘာသာ မတူသူများထဲမှ သမ္မတဖြစ်ခဲ့ဘူးသူ လည်းရှိသည်။ ၀န်ကြီးချုပ်လုပ်နေသူလည်း ရှိသည်။ ကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့ဖူးသူလည်း ရှိသည်။ အနုပညာလောကတွင်လည်း အိန္ဒိယရုပ်ရှင် Bollywood သည် အမေ ရိကန်ရုပ်ရှင် Hollywood ပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယနေရာမှာ ရှိသည်။ မတူကွဲပြားသော ဘာသာဝင် များထဲမှ မင်းသားရှရွှတ်ခန်း၊ အမရ်ခန်း၊ စလ်မာန်းခန်း ကဲ့သို့သော ကမ္ဘာကျော် Bollywood မင်းသားများ ပေါ်ထွက်ခဲ့ကြသည်။ ကမ္ဘာ့ဒီမိုကရေစီ အင်အားကြီး နိုင်ငံတစ်ခုက အရည်အချင်းရှိသူကို နေရာပေးခြင်း၊ ခွဲခြားဆက်ဆံမှုမရှိခြင်း၊ မတူကွဲပြားခြားနားခြင်းကို နိုင်ငံ၏ပုံရိပ်တစ်ခုအင်အားစုတစ်ခု အနေဖြင့် ကမ္ဘာသိအောင် လက်တွေ့ဖော်ဆောင်နေပေသည်။

    အရှေ့တောင်အာရှ၏ လူသိအများဆုံး နိုင်ငံငယ်လေးဖြစ်သည့် စင်္ကာပူနိုင်ငံ၏အစိုးရအဖွဲ့၌မလေးလူမျိုး၊ တရုတ်လူမျိုး၊ အိန္ဒိယလူမျိုး၊ စင်္ကင်္ာပူလူမျိုးများစသည့် မတူကွဲပြားသောလူမျိုးများနှင့် ဘာ သာဝင်များရှိကြသည်။ လူမျိုးနှင့် ဘာသာရေးသည် သာမညကိစ္စ၊ အရည်အချင်း အရည်အသွေးသည် အဓိကဖြစ်ကြောင်း သက်သေထူနေသည်။

    ခေတ်မီဖွံ့ဖြိုးတိုးတက်လာသော နိုင်ငံတစ်ခုတည်ဆောက်ရာတွင် အမျိုးဘာသာ၊ သာသနာ နှင့်မတူကွဲပြား ခြားနားခြင်းများကို “လက်ချောင်း ၅ ချောင်းသဖွယ်မြင်သင့်သည်။” လက်ငါးချောင်း၏ အရွယ်အစားများ မတူညီကြသော်လည်း လက်တွေ့တွင် သူ့နေရာနှင့်သူ အသုံးဝင်ကြောင်း သဘော ပေါက်ထားသင့်ပါသည်။ “ငါနှင့်ငါသာနှိုင်းစရာ၊ ငါနှင့်မတူ ငါ့ရန်သူ” ဟူသည် အတ္တစိတ်ကြီးမားသူတို့ ၏ အတွေးအခေါ်ဖြစ်သည်။ “ဘာသာရေး၊ လူမျိုးရေး၊ ပညာရေးနယ်ပယ်များ၌ ထိုစိတ်ဓါတ်မျိုး ရှိသူ
    များသည် စိတ်ရောဂါဝေဒနာရှင်များနှင့်တူသည်”ဟု အမေရိကန်စိတ်ပညာရှင်အင်ဒရူးရောဘတ်က ရေးသားခဲ့သည်။ ကမ္ဘာ့သမိုင်းတစ်လျှောက်တွင် အမျိုးဘာသာ၊ သာသနာကို ထိန်းသိမ်းစောင့်ရှောက်တတ်သော လူအမျိုးအစား(၃)မျိုးကို လေ့လာတွေ့ ရှိရသည်။ ပထမ အမျိုးအစားဝင် လူများသည် မိမိလူမျိုးစုနှင့် မိမိဘာသာဝင်တို့၏အကျိုးကိုသာ ရည်ရွယ်လုပ်ဆောင်သည်။ ငါနှင့်မတူ၊ ငါ့ရန်သူ သဖွယ် မြင်သော လူအုပ်စုများဖြစ်ကြသည်။ ထိုသူတို့သည် မိမိတို့နှင့် မတူသော အခြားလူမျိုးများနှင့် ဘာသာ၊ သာသနာဝင်များကို ပုတ်ခတ်၊ ရှုတ်ချစော်ကားသည်။ ယုတ်စွအဆိုး မိမိတို့အုပ်စုတောင့်ရင်၊ တောင့်သလို တဘက်အင်အားစုများကို ပြဿနာရှာ၊ နည်းလမ်းပေါင်းစုံ သုံးကာတိုက်ခိုက်သော အမြင်ကျဉ်းသည့်အုပ်စုဖြစ်သည်။

    အမျိုးဘာသာ၊ သာသနာနှင့် ပတ်သက်၍ ဒုတိယအမျိုးအစားလူတန်းစားများမှာ မတူကွဲပြားခြားနားခြင်းကို နိုင်ငံတော်၏ အင်အားတစ်ရပ်အနေနှင့် လက်ခံပြီး၊ မိမိနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာ၊မြို့ရွာအနှံ့ တွင်သာမက၊ တိုင်းနှင့်ပြည်နယ်ရှိ လူမျိုးများပေါင်းစုံတို့နှင့် ခင်မင်ရင်နှီး ချစ်ကြည်စွာနေထိုင်နိုင်သော လူမျိုးဖြစ်သည်။ ထိုသူတို့သည် မတူကွဲပြားသော လူမျိုးစုများ၊ ဘာသာဝင်များအကြား အပြန်အလှန် ရိုသေလေးစား၊ တန်ဖိုးထားပြီး အခက်အခဲတစ်စုံ၊ တစ်ခုရှိလျှင် ကူညီရိုင်းပင်းလိုစိတ်ရှိသော လူများဖြစ်ကြသည်။ ထိုသူများသည် နိုင်ငံတော်၏ အဓိက အခြေခံအုတ်မြစ်လူသားများဖြစ်ကြသည်။

    ထိုသူများသည် ပညာဗဟုသုတကြွယ်ဝသည့် အတွေးအခေါ်ပြည့်ဝသည့် ပညာတက်အင်အားစုများ ဖြစ်ကြသည်။

    အမျိုးဘာသာ၊ သာသနာနှင့်ယှဉ်၍ တတိယအမျိုးအစားလူတန်းစားများမှာ မိမိတိုင်းပြည် အတွက်၊ ကမ္ဘာကြီးအတွက်၊ လူသားအကျိုးပြု(ပရဟိတ)လုပ်ငန်းများလုပ်နေသော လူသားများ၊ သိပ္ပံ ပညာရှင်များ၊ မိမိနိုင်ငံတိုးတက်ဖွံ့ဖြိုးရေးအတွက်၊ အထွေထွေလွတ်မြောက်ရေးကြိုးပမ်းနေသော အာဇာနည်များ အမျိုးသားခေါင်းဆောင်များ ဖြစ်ကြသည်။ ထိုသူတို့သည် တိုင်းပြည်အုပ်ချုပ်မင်းလုပ် သောအခါတွင်လည်း မင်းကျင့်ဝတ်တရား(၁၀)ပါး နှင့်အညီ ပြည်သူလူထုကို အုပ်ချုပ်သည်။ ပြည်သူ့
    အချစ်တော် လူသားဝါဒ၊ ပြည်ချစ်စိတ်ဓါတ်ကျင့်သုံးသူများ ဖြစ်ကြသည်။ ထိုသူများသည် အမျိုး၊ ဘာသာ၊ သာသနာနှင့်ပတ်သက်၍ ကမ္ဘာကြီးနှင့်ပတ်သက်၍ ထိုကဲ့သို့အမြင်သဘောထားရှိသည်။

    “ကမ္ဘာ့လူသားများအားလုံးသည် ဧည့်သည်များဖြစ်ကြသည်။ အချိန်တစ်ချိန်တွင် ဤကမ္ဘာကြီးမှ မုချ ဧကန်စွန့်ခွာသွားရမည်ဖြစ်သည်။ လူသားများကိုးကွယ်ယုံကြည်သော ဘာသာတရားများသည် လောကီ၊ လောကုတ္တရာကောင်းကျိုးချမ်းသာနှင့် ငြိမ်းချမ်းမှု အပေါင်းကို ပေးစွမ်းနိုင်ရန်ဖြစ်သည် ဟုယုံကြည်ထားသည်။”

    “သင်ပြုသောကံ၊ ပဲ့တင်သံ၊ သင့်ထံပြန်လာမည်” ဟူသောစကားသည် ကံ၊ ကံ၏အကျိုးကို သရုပ်ဖော်ခြင်းဖြစ်သည်။ ကျွန်တော် တို့သည် စိုက်ခင်းတစ်ခုတွင် ကောက်ပဲသီးနှံများ၊ ဆေးဖက်ဝင်အ ပင်များ စိုက်ပျိုးလျှင် လူသားများအတွက် အကျိုးရှိလှ၏။ ထိုသို့မဟုတ်ဘဲ ထိုစိုက်ခင်းတွင် မူးယစ်ထုံထိုင်းဘေးဖြစ်စေတက်သည့် ဘိန်းပင်များစိုက်ပျိုးလျှင် စီးပွားဖြစ်မည်မှာ အမှန်ပင်ဖြစ်သည်။ ကံဆိုးလျှင် ထောင်နန်းစံ ရမည်မှာလည်း အသေအချာပင်။ အ၀ီစိငရဲလားမည်မှာလည်း ရာနှုန်းပြည့်ဖြစ်သည်။

    မိမိလုပ်ရပ်တိုင်းသည် ကုသိုလ် သို့မဟုတ် အကုသိုလ်ကိုဖြစ်စေသည်ကို၊ လုံးဝမမေ့သင့်ပေ။ လူသား တိုင်းသည် ဤလောကတွင် သက်ရှိထင်ရှားရှိစဉ် ကောင်းသောလုပ်ရပ်များကို စက္ကန့်မလပ်၊ မိနစ်မပြတ်၊အချိန်တိုင်းလုပ်ဆောင်နေပါမှ သံသရာတွင် ၎င်းလုပ်ရပ်တို့၏ အကျိုးကျေးဇူးကို မုချခံစားရမည်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ မနာလိုဝန်တိုစိတ်များ အမုန်းတရားများ၊ ရန်လိုစိတ်များကို နိုးဆွပေးသည့် သဘောမျိုးဖြင့် အမျိုးဘာသာ၊ သာသနာ ဟူသော စကားလုံးကို တွင်တွင်ကြီး သုံးကာ၊ နိုင်ငံရေးမြတ်ထုတ်မည်ဆိုပါက မြတ်ဗုဒ္ဓ လမ်းစဉ်နှင့် အလှမ်းဝေးကာ တိုင်းပြည် မတည်မငြိမ်ဖြစ်ပြီး မိအေး(၄)ခါနာဘ၀နှင့်လည်း ရင်ဆိုင်ရမည်။ ပြည်သူလူထုတစ်ရပ်လုံး စစ်ကျွန်ဘ၀သို့ လုံးဝကျရောက်မည်သာဖြစ်တော့သည်။

    ဂျက်ဖရီတင်အုန်း(ရန်ကုန်စက်မှု့တက္ကသိုလ်)
    R.I.T

  • ဗာဒံပင် (သို့မဟုတ်) အုန်းပင်

    ဗာဒံပင် (သို့မဟုတ်) အုန်းပင်

    နိုဝင်ဘာ ၂၄ ၊ ၂၀၁၅
    M-Media
    နှင်းဆီခင်ရေးသည်။

    badam copy

    မြေပြင်ပေါ်မှာပေါက်နေတဲ့ သစ်ပင်ကြီးတွေက သဏ္ဍန်ခြား နားသလို သဘာဝလည်း ဆိုပါရစေ။ ဆိုပါစို့ အုန်းပင်နှင့် ဗာဒံပင် ကိုပဲကြည့်။ အုန်းပင်က အမြစ်တွေက မြေမှာ စုစုစည်းစည်း ခြေကုပ်ယူပြီး အမြင့်ကိုထိုးတက်တယ်။ အလက်တွေရှိပေမယ့် အခက်လုံးဝမထွက်ဘူး။ ရင့်ရော်နေတဲ့ အခက်တွေကိုခြွေချပြီး အပင်ထိပ်မှာပဲ အသီးတွေအလက်တွေနှင့် စုစုစည်းစည်းရှိနေတယ်။ အုန်းပင်တစ်လုံး အသုံးဝင်တယ် ဆိုတာကတော့ စိုက်ပျိုးရေး ပညာရှင်တွေရဲ့အဆိုအရ သိရသလို သက်တမ်းအနေနှင့် နှစ် (၆၀) ကျော်အထိ အသီးတွေသီးရင်း အကျိုးပြုနိုင်တယ်လို့ ဆိုတယ်။ ဗာဒံပင် ကျတော့တစ်မျိုး၊ အကိုင်းအခက်တွေဖြာပြီး ကြီးထွားမြန်တယ်။ အရွက်တွေကလည်း သိပ်သလို အသီးတွေကလည်း တစ်ပုံတစ်ပင်သီးတယ်။ သက်တမ်းရင့်လာတဲ့ အရွက်တွေက ဝါရာကနီရဲလာပြီး ကြွေကျလို့မှမကြာဘူး။ အရွက်စိမ်းတွေချက်ချင်းဆိုသလို ဝေနေရော။ အမြစ်တွေကလည်း ခိုင်ခိုင်ခံ့ခံ့ကြီး မြေမှာကုပ်တွယ်ပေးထားတယ်။ နေပြောက် မထိုးအောင် အရိပ်လည်းပေးတယ်။

    ကောင်းပြီ လူတွေမှာရော လောကကြီးကို တစ်ယောက်တည်းရောက်လာတယ်။ ပညာတွေသင်၊ စီးပွားတွေရှာ ဘဝမှာ သင့်တင့်လျောက်ပတ်တဲ့ အခြေအနေ တစ်ခုနဲ့ ရှင်သန်တယ်။ ပြီးတော့ ရှာဖွေစုဆောင်းလာသမျှကို ကိုယ့်ရဲ့မျိုးဆက်လည်းမကျန်၊ ဘဝရဲ့နောက်ဆုံးအချိန်တွေထိ အထီးကျန်ကုန်ဆုံးသွားသူတွေလည်း ရှိတယ်။ တစ်ခုရှိတာက ကိုယ့်ရဲ့အဖော်အလျာ် အဖြစ် သွေးသားရင်းချာထဲကပဲဖြစ်ဖြစ် သူစိမ်းသူရံထဲကဆိုရင် ခေါ်ယူထားရင်း နေပျော်တဲ့ဘဝတစ်ခုကို ဖန်တီးရတယ်။

    တချို့ကျပြန်တော့ ပညာ ဥစ္စာ ပြည့်စုံလာလို့ပဲဆိုဆို (တချို့လည်းမပြည့်စုံခင်) ဘဝလက်တွဲဖော်နှင့် နှစ်ယောက်တစ်ဘဝ ထူထောင်လိုက်ကြတယ်။ အိမ်ထောင်သက်တမ်းရှည်လာတာနှင့်အမျှ သားသမီးတွေ ပွားစည်းလာရာက မြေး၊ မြစ်တွေ ရလာသည့်တိုင် မျိုးဆက်တွေထားခဲ့ပြီးမှ လောကကြီးက စွန့်ခွာသွားကြတယ်။

    အစ်မတစ်ယောက်ကပြောဖူးတယ်။ “မိန်းမတစ်ယောက်ရဲ့ဘဝမှာ တစ်ခါမှအိမ်ထောင်မပြုဘဲ အပျိုကြီးဖြစ်တာထက် သားသမီးတွေကျန်ရစ်တဲ့ မုဆိုးမဘဝက ပိုပြီးသာပါတယ်ဟာ။
    အကိုင်းအခက် မထွက်ဘဲ ထီးထီးကြီးပေါက်နေတဲ့ အုန်းပင်ထက် အရိပ်လည်းပေး အကိုင်းအခက်လည်းပေးတဲ့ ဗံဒါပင်ဘဝဟာ ပိုပြီးမကောင်းပေဘူးလား။ တစ်ခုတော့ရှိတာပေါ့ အုန်းသီးရဲ့အသုံးဝင်ပုံနဲ့ တန်ဖိုးက ဗာဒံသီး၊ ဗာဒံစေ့ထက်တော့ အများကြီးသာတာပေါ့။ ဒါပေမယ့် လူတွေကို အရိပ်အာဝါသဖြစ်တာမျိုးကတော့ ကွာတယ်လေ” တဲ့။

    ကျွန်မမိတ်ဆွေတစ်ဦးဖြစ်တဲ့ ဒေါ်သက်သက်တင်က အငြိမ်းစားအလယ်တန်းပြဆရာမ ဆွေမျိုးသားချင်းနည်းပါတယ်။ အပျိုကြီး၊ တူမမိသားစုနဲ့အတူနေတယ်။ တူမက ပလာဇာမှာ ဆိုင်ထွက်တယ်။ သားသမီးက သုံးယောက်၊ တူမနှင့်သူ့ယောင်္ကျားက မနက်ကထွက်သွားရင် မိုးချုပ်မှပြန်ရောက်တယ်။ သားသမီးတွေက အလုပ်သွားတဲ့သူကသွား၊ ကျောင်းသွားတဲ့ သူကသွားမို့ ဒေါ်သက်သက်တင်ကို ဂရုတစိုက်ပြုစုဖို့ သူကတော့ မရှိဘူးပေါ့။ တကယ်တော့ တူမရဲ့မိသားစုက ဒေါ်သက်သက်ပိုင် တိုက်ခန်းမှာ လာနေကြတာ။ ကျန်းမာရေးချို့ယွင်းလာတာနှင့်အမျှ အိမ်သူအိမ်သားတွေက စိတ်မရှည်ချင်ကြတော့ဘူး။

    တစ်သက်လုံးစုဆောင်းလာသမျှငွေနှင့် လက်ဝတ်လက်စားတွေလည်း တူမလင်မယားက ခေါင်းစဉ် မျိုးစုံနဲ့ တောင်းလို့ ကုန်ပြီ။ နောက်ဆုံးတော့ ငြူငြူစူစူလုပ်တဲ့ကြားက ထမင်းတစ်လုပ်စားနေရတာကိုပဲ အဒေါ်လုပ်သူက ကြံဖန်ကျေးဇူး တင်နေရတယ်။ လစဉ်မှာတော့ တူမကိုပဲ ပင်စင်လစာအပ်ရတယ်။ တစ်နေ့တစ်ခြားကျန်းမာရေးအခြေအနေ မကောင်းတာမို့ ဒေါ်သက်သက်တင် အနေနှင့် စိတ်ဓာတ်ကျပြီးရင်းကျပေါ့။ ရင်းနှီးသူတွေကလည်း အလျဉ်းသင့်သလို ကူညီထောက်ပံ့ပေးကြတယ်။

    တူမ မိသားစုကလည်း အဒေါ့်ကို လူအိုရုံပို့ဖို့ အားသန်နေကြတယ်။ လုပ်ဖော်ကိုင်ဖက် ဆရာမတစ်ဦးက အကြံပေးလို့ အသက်(၇၀) ဆယ်ကျော် ဂီလာနတွေချည်း (လူမျိုးဘာသာမရွေး) လက်ခံတဲ့ ဆည်းဆာရိပ်သာကို ဆက်သွယ်မိ သွားတာက ဒေါ်သက်သက်တင် အတွက် တကယ့်ကိုရွှေအခွင့်အရေးလို့ ဆိုရမှာပါ။ စေတနာ မပါတဲ့ စောင့်ရှောက်မှုအောက်မှာ နေလို စိတ်မရှိတော့တာ မို့ မျှော်လင့်ချက်ရောင်ခြည်လေး သန်းလာတဲ့ အနာဂတ်ကို ဒေါ်သက်သက်တင် အားကိုးတစ်ကြီး မျှော်နေခဲ့မိတယ်။ အမှုဆောင်အဖွဲ့အစည်းအဝေးမှာ ညှိနှိုင်းပြီးတဲ့အခါမှာတော့ ဘဝတူဇရာထောင်းပြီးဖြစ်ကြတဲ့ သက်ကြီးရွယ်အိုတွေနှင့်အတူ ဘဝကို အဆုံးသတ်တဲ့အထိ ကျေကျေနပ်နပ်ကြီး နေခွင့်ရသွားမှာပါ။

    နောက်တစ်ဦးက ဒေါ်လှလှခင်၊သူလည်း အပျိုကြီး ကုမ္မကီတစ်ခုမှာ မန်နေဂျာ၊ သွက်လက်ဖျတ်လစ်တယ်၊ စိတ်ရင်းကောင်းပြီး အလှူဒါန ရက်ရောတယ်။ တူ၊တူမတွေလည်း တော်တော်သံယောဇဉ်ရှိကြတယ်။ နောက်ပြီး အမတစ်ယောက်လို လိုလေသေးမရှိ ဂရိုစိုက်တာမို့ ပတ်ဝန်းကျင်ကတောင် ချီးကျူးကြရတယ်။ လွန်ခဲ့တဲ့နှစ်လလောက်တုန်းက ဒေါ်ခင်လှလှတော်တော်လေးကို ကျန်းမာရေး ယိုယွင်းလာတယ်။ အဲဒီ မတိုင်ခင်ကဆို လူမှုရေးလုပ်ငန်းတော်တော်များများမှာ တက်တက်ကြွကြွပါဝင်ခဲ့တယ်။ ရပ်ကွက်သာရေးနာရေး လူကြီးသူမကျန်းမာရေး ကူညီစောင့်ရှောက်အဖွဲ့စတာတွေမှာ အဓိကတာဝန်ကို ယူထားတာမို့ အချိန်အားမရှိသလောက်ထိပါပဲ။

    ဒေါ်ခင်လှလှဘဝမှာ အထီးကျန်ခံစားရတာမျိုး မရှိသလို အေးချမ်းတဲ့ဘဝလေးကို ပိုင်ဆိုင်ခွင့်ရခဲ့တယ်။

    လောကမှာခြွေရံတယ်ဆိုတဲ့စကား ရှိပေမယ့် ကျွန်မအတွက်တော့ ပြောင်းပြန်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မနေထိုင် မကောင်းတဲ့အခါမှာ ဒါမှမဟုတ် ကျန်းမာနေတဲ့ အခါတွေမှာ ခြွေစရာမလိုဘဲ တူ၊တူမတွေက ရံထားကြပြီးသားပါ။ ရှိသေးတယ်၊ ကျွန်မပိုင်ငွေတွေကို ကျွန်မစိတ်တိုင်းကျလှူတယ်၊ တန်းတယ်။ အဲဒီအတွက် ကျွန်မဘဝမှာ တစ်ယောက်တည်းဆိုပေမယ့် ကျွန်မအပေါ်ကြင်နာယုယပြီး ဖေးဖေးမမရှိနေကြတဲ့သူတွေနှင့် နေခွင့်ရတာဟာ ကံကောင်းတာပဲပေါ့။ ဒီတော့ အပူအပင်မရှာဘဲ တစ်ကိုယ်တည်းနေရတဲ့ ကျွန်မဘဝကို ကျွန်မဘယ်တော့မှ နောင်တရမှာမဟုတ်ဘူး။ သားသမီးတွေ လင်မယားဝေယျဝစ္စတွေနဲ့ လုံးချာလိုက်နေတဲ့ ကျွန်မသူငယ်ချင်း တချို့ကတော့ ကျွန်မဘဝကို အားကျကြတယ်တဲ့လေ။

    ဒေါ်ခင်ညှိက ကျွန်မတို့ရဲ့အိမ်နီးချင်း ရင်းနှီးတဲ့မိတ်ဆွေ။ မိဘတွေသဘောတူသူနှင့် အိမ်ထောင်ပြုခဲ့ရာမှ သားတစ်ယောက်၊ သမီးနှစ်ယောက် ထွန်းကားခဲ့တယ်။ မိဘလက်ထပ်ကတည်းက အိမ်ပြင်ထွက်ပြီး စီးပွားမရှာခဲ့ဖူးသလို အိမ်ထောင်မကျတော့လည်း စီးပွားအရှာကောင်းတဲ့ ယောင်္ကျားကြောင့် မပူမပင်နေခဲ့ရတယ်။ သားသမီးတွေကလည်း လိမ္မာရေးခြားရှိကြတယ်။ သားအကြီးဆုံးက အဖေနှင့်အတူစီးပွားရေး လုပ်သလို သမီးနှစ်ယောက်ကလည်း ဘွဲ့ရအောင်ပညာသင်ကြပြီး အိမ်မှာပဲ စာရေးကိရိယာဆိုင် ဖွင့်ထားတယ်။ ဒေါ်ခင်ညှိကတော့ အိမ်ထောင်ထိန်းသိမ်းရုံပဲပေါ့။

    ပြီးခဲ့တဲ့နှစ်တုန်းကပေါ့။ ဒေါ်ခင်ရီရဲ့ယောင်္ကျားရုတ်တရက်ဆုံးပါးသွားတယ်။ (ခရီးသွားရင်းကားမှောက်လို့) ဒေါ်ခင်ညှိတို့ မိသားစုအလူးအလဲခံစားရတာမို့ ပတ်ဝန်းကျင်က ဝိုင်းဝန်းအားပေးနှစ်သိမ့်လာခဲ့ကြတယ်။ သူတို့မိသားစုအတွက် ပင်စည်ကြီးပြိုလဲသွားသလိုပါပဲ။ ဒေါ်ခင်ညှိုကပြောတယ်။

    “ကလေးတွေ အဖေမရှိတော့လို့ ကျွန်မတို့မိသားစုလေး အပြင်းအထန်ခံစားရပါတယ်၊ ဒါပေမယ့်ရှင် ကျွန်မမှာ လောက်လောက်လားလား သားသမီးတွေရှိနေတာကဖြေစရာလေး ရတာပေါ့ရှင်” တဲ့။

    အမှန်ပါပဲ။ ဒေါ်ခင်ညို ရဲ့သားသမီးတွေက အဖေမရှိတော့တဲ့နောက် သူတို့အမေကို နှစ်ဆတိုးပြီး ကြင်နာယုယကြတယ်။ ဂရုစိုက်ကြတယ်။ ဒီတော့ ဟိုတုန်းကလိုပဲ ဒေါ်ခင်ညို တစ်ယောက်အေးအေးလူလူနေနိုင်တာပေါ့။ ဘုရား တရားအလုပ်ကိုပိုပြီး လုပ်နိုင်သလို သွားလေသူအတွက် အလှူအတန်းလည်း မကြာခဏဆိုသလို လုပ်ခွင့်ရတယ်။

    “အင်း… မခင်ညိုတစ်ယောက် မိဘစကား နာခံပြီး အိမ်ထောင်ပြုလိုက်တာ မှန်သွားတာပေါ့။ သူကတစ်ဦးတည်းသော သမီးဆိုတော့ အဖေအမေမရှိတော့ရင် မျက်စိသူငယ်နဲ့ကျန်ခဲ့မှာ။ ခုတော့ ယောင်္ကျားမရှိတော့ပေမယ့် သားသမီးတွေ ကျန်ခဲ့သေးတယ်။ သူတို့လေးတွေကလည်း အားကိုးလောက်တော့ သူတို့မိသားစုအခြေမယိုင်ဘူးပေါ့” လို့ဒေါ်ခင်ညိုရဲ့ ကြီးတော်ကပြောတာ ကြားလိုက်ရတယ်။ တစဆက်တည်းမှာပဲ ကျွန်မတို့ရဲ့ ငယ်သူငယ်ချင်း လဲ့လဲ့အကြောင်းကို တွေးမိတယ်။ လဲ့လဲ့က ဘဏ်တစ်ခုမှာ လက်ထောက်မန်နေဂျာ ၊ ရုပ်ချောသဘောကောင်း၊ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး အပူအပင်မရှာချင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အသက်လေးဆယ်နားနီးတဲ့အထိ အပျိုကြီးဘဝနှင့်နေလာခဲ့တယ်။ မိဘတွေမရှိတော့လို့ အစ်ကိုမိသားစုနှင့် အတူနေရင်းဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းခွင့်ရတယ်။ ဒါပေမယ့် အကိုနှင့်ယောင်းမတို့က အိမ်ထောင်ပြုဖို့ ခဏခဏတိုက်တွန်းတယ်။ လက်ထပ်ခွင့်တောင်းသူကလည်း တခြားသူ မဟုတ် ယောင်းမဘက်က ဆွေမျိုး ဆေးလိပ် မသောက်၊အရက်မသောက်၊ ကွမ်းမစားစီးပွားပြီးစီးပွားသာရှာဖို့ စိတ်ဝင်စားတဲ့သူ၊ မိန်းမတစ်ယောက်ကို တင့်တောင်းတင့်တယ်ထားနိုင်တဲ့ လူပျိုကြီး။

    အစ်ကိုနှင့်ယောင်းမက မိန်းမသားတစ်ယောက်တည်းရပ်တည်ဖို့မလွယ်တာ၊ အလံမရှိတဲ့ရထားကအစ ဥပမာဥမေယျတွေနှင့် နားချတာကြောင့် လဲ့လဲ့တစ်ယောက် အိမ်ထောင်ပြုခဲ့တယ်။ သားတစ်ယာက် သမီးတစ်ယောက် ရလာတော့ လဲ့လဲ့ကိုသူ့ယောင်္ကျားက အလုပ်ထွက်ခိုင်းတယ်။ ကလေးတွေကိုရင်အုပ်မကွာကြည့်ဖို့ ပိုအရေးကြီးတယ်။ လိုသမျှငွေ သူရှာနိုင်တာပဲဆိုတော့လည်း လဲ့လဲ့မှာ အလုပ်ကိုနှမြောခြင်းကြီးစွာနှင့် စွန့်လွှတ်လိုက်ရပြန်တယ်။

    လဲ့လဲ့တို့မိသားစုအမှန်တကယ်ပဲ ပြည့်ပြည့်စုံစုံနေရပါတယ်။ လဲ့လဲ့ယောင်္ကျားက မိုးမလင်းခင် ပွဲရုံကိုထွက်သွားပြီး သားသမီးတွေ အိပ်ချိန်လောက်ရောက်မှ အိမ်ပြန်လာတယ်။ အလုပ်ကြိုးစားတာတော့ လဲ့လဲ့ကတားယူရတဲ့အထိပါပဲ။ တက္ကသိုလ်ကျောင်းသား အကြီးက ခြေလှမ်းပျက်စပြုလာတယ်။ ဆေးလိပ်စွဲရာက မူးယစ်ဆေးဝါးသုံးလာပြီဆိုတော့ လဲ့လဲ့တို့ငယ်ထိပ်မြွေပေါက်ဖြစ်ပြီပေါ့။ ဆေးရုံ အတင်းတက်ခိုင်းပြီး ဆေးဖြတ်ဖို့ လုပ်ကြရတယ်။ သားအတွက်သောကရောက်လို့ မပြီးသေးခင်မှာပဲ သမီးက သူ့ချစ်သူနှင့်မယူရင် မဖြစ်တော့တဲ့အခြအနေရောက်နေပြီဆိုတော့ ဘယ်နှယ့်လုပ်မလဲ။ ပေးစားရပြန်တော့။ ကောင်လေးက သမီးလိုပဲ ပထမနှစ်ကျောင်းသား၊ မောင်နှမတွေထဲမှာ အကြီးဆုံး၊ မိဘတွေကလည်း ချို့ချို့တဲ့တဲ့တွေ ဒီတော့လည်း လဲ့လဲ့တို့က အိမ်ပါသမက်လုပ်ပြီး နှစ်ယောက်စလုံးကို ကျောင်းဆက်ထားပေးရတာပေါ့။ ဒါပေမယ့် ကိုယ်ဝန်ရင့်လာတဲ့သမီးက ကျောင်းထွက်ပြီး အိမ်မှာပဲနေရပြန်တော့ ကိုယ်ဝန်ဆောင်ကို စောင့်ရှောက်ရတဲ့တာဝန်က လဲ့လဲ့ရဲ့ အပိုဝတ္တရားတစ်ခုဖြစ်လာရော။ သမက်လုပ်တဲ့ သူက ယောက္ခမ ပိုက်ဆံနှင့်ေ ကျာင်းတက်တယ်။ လူကပေါ်ကြော့၊ ပေါ့ပေါ့နေ ပေါ့ပေါ့စားလေ။လဲ့လဲ့ယောင်္ကျားကတော့ သားသမီးတွေကိုရော သမက်ကိုပါ ဒေါသအကြီးအကျယ်ထွက်ပြီး မကျေမနပ်ဖြစ်တာပေါ့။

    တစ်နေ့ လဲ့လဲ့ယောင်္ကျားလေဖြတ်သွားလို့ဆိုပြီး အကြောင်းကြားတာကြောင့် ဆေးရုံကို သတင်းမေးသွားလိုက်တယ်။

    “ခင်လေးရယ် ငါ့ယောင်္ကျားကတော့ ဆေးလိပ်မသောက်၊ အရက်မသောက်၊ ကွမ်းမစားတာမှန်ပေမယ့် အစားအသောက်တော့ အင်မတန်မက်တာ. အဲဒီတော့ သွေးတိုးတို့နှလုံးတို့က ဘယ်နေလိမ့်မလဲ။ ဝင်လာပြီပေါ့။ အိမ်ကကျေးဇူးရှင်တွေကြောင့် သောကရောက် ရတာလည်း တစ်ကြောင်းပေါ့ဟာ။ ကဲအခုတော့  ဒုက္ခဟူသမျှငါ့ခေါင်းပေါ်ကျပြီလေ။” လို့လဲ့လဲ့က ရင်ဖွင့်တယ်။ စီးပွားရှာကောင်းတဲ့ယောင်္ကျား တစ်ယောက်အနေနှင့် အိမ်မှာချည်းနေရတာမို့ ကိုယ့်ကိုကိုယ် မကျေမနပ်ဖြစ်နေပြန်ရော။ ညီအစ်ကိုမောင်နှမတွေ ထောက်ပံ့ငွေ၊ ပွဲရုံကိုသူများကြီးကြပ်လုပ်ကိုင်လို့ရတဲ့ငွေနှင့် မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေရတယ်။ အလိမ္မာ နည်းတဲ့ သားသမီးတွေကလည်း လဲ့လဲ့တို့အတွက် တစ်ဒုက္ခ။ “ငါ့ဘာသာ လွတ်လွတ်လပ်လပ်နေပါရစေ။ ငါ့ဝင်ငွေ၊ ငါ့ရာထူးနဲ့ ငါ့ဘဝမှာကောင်းကောင်းမွန်မွန်နေနိုင်ရက်သားနဲ့ အခုတော့ဟာ..ငါ့လောက် ကံဆိုးတဲ့သူရှိပါဦးမလား ခင်လေးရယ်” လို့ ကျွန်မကို ကြေကြေ ကွဲကွဲကြီးပြောရှာတယ်။ ဒုက္ခပြီး ဒုက္ခဆင့်နေတဲ့ သူငယ်ချင်းကို အားပေးနှစ်သိမ့်ပေးကြပေမယ့် လဲ့လဲ့ရင်ထဲက သောကအထုတ်တော့ လျော့လာမယ် မထင်ပါဘူး။

    လဲ့လဲ့ဘဝဟာ ဗာဒံပင် လို အကိုင်းရော အခက်အလက်တွေပါ ဝေခဲ့တာမှန်ပေမယ့် အသီးအပွင့်ကို ခံစားသင့်သလောက် မခံစားရပါဘူး။

    တကယ်တော့ လောကမှာ ပုံသေနည်း အတိအကျမရှိပါဘူး။ လူလွတ်ဘဝနှင့် အထီးကျန်ပြီး အကူအညီမဲ့စွာ ဘဝတစ်ခုကို ကုန်ဆုံးရသူတွေ ရှိကြသလို တစ်ယောက်တည်း တက်တက်ကြွကြွ စိတ်သွားတိုင်း ကိုယ်ပါနိုင်သူတွေလည်း ရှိပြန်ရော။

    အိမ်ထောင်ပြုလိုက်လို့ သားတစ်ရာမြေးတဖြာ နှင့် စိတ်ချမ်းမြေ့စရ အသိုင်းအဝိုင်းကြီးတစ်ခုကို ခံစားခွင့်ရှိကြသလို မီးလိုပူပြင်းပြီး သောကဝေစေတဲ့ သားဆိုး၊ သမီးဆိုးတွေနှင့် ကြုံတွေ့တာမျိုးတွေလည်း မရှားပါဘူး။ ဒီတော့ အုန်းပင်လို အထီးကျန်တာ၊ ဗာဒံပင် လို အကိုင်းအခက်တွေဝေစည်တာဆိုပြီး သီအိုရီကို မသတ်မှတ်နိုင်ပါဘူး ဆိုတာကိုတော့….။

    နှင်းဆီခင်

  • မမလ ဌာနချုပ်မှ ကြီးမှူးတဲ့ (၁၉)ကြိမ်မြောက် စုပေါင်းသွေး လှူဒါန်းပွဲ (ဓါတ်ပုံသတင်း)

    မမလ ဌာနချုပ်မှ ကြီးမှူးတဲ့ (၁၉)ကြိမ်မြောက် စုပေါင်းသွေး လှူဒါန်းပွဲ (ဓါတ်ပုံသတင်း)

    12249689_651881084955031_8307016643964634128_n
    မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ် လူငယ်များ(ဘာသာရေး)အဖွဲ့ မမလ ဌာနချုပ်မှ ကြီးမှူး ကျင်းပသော (၁၉)ကြိမ်မြောက် စုပေါင်းသွေး လှူဒါန်းပွဲကို နိုဝင်ဘာ ၂၂ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
     
    ၄ လ တကြိမ် ပုံမှန်ပြုလုပ်တဲ့ ၄င်းသွေးလှူပွဲဒါန်းမှုတွင် လူမျိုး/ဘာသာပေါင်းစုံမှ သွေးအလှူရှင်များ ပါဝင်လှူဒါန်းကြတယ်လို့ သိရှိရပါတယ်။
     
    ဓါတ်ပုံ- မ.မ.လ ဌာနချူပ်
    12278722_651878644955275_1408105759828430289_n
    11218064_651881138288359_7014218116170204166_n 11221356_651878671621939_911834282353303678_n 12250093_651878718288601_8437038664647191129_n 12274210_651881064955033_4651390610214561755_n 12274457_651878838288589_3592976106252913541_n 12278922_651878788288594_401280588265478764_n
  • ဘတ်စကက်ဘော လက်ရွေးစင်ဟောင်း အဂျစ်ဘိုင်(ခ) ဦးခင်မောင်  ကွယ်လွန်

    ဘတ်စကက်ဘော လက်ရွေးစင်ဟောင်း အဂျစ်ဘိုင်(ခ) ဦးခင်မောင် ကွယ်လွန်

    နိုဝင်ဘာ ၂၃၊ ၂၀၁၅
    M-Media
    သတင်း-သီဟ
    U Khin Maung
    မြန်မာလက်ရွေးစင် ဘတ်စကက်ဘော လက်ရွေးစင်ဟောင်း အဂျစ်ဘိုင်(ခ) ဦးခင်မောင် အသက် (၇၀) နှစ် ဟာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့မှာ မန္တလေးမြို့မှာ ကွယ်လွန်သွားကြောင်း နှင့် ယင်းနေ့၌ပင် မန္တလေး အေးရိပ်ငြိမ် မွတ်စလင်မ် သုသာန် ဥယျာဉ်တော်တွင် မြှုပ်နှံ သင်္ဂြိုဟ်ခဲ့ကြောင်း သိရပါတယ်။

    အဂျစ်ဘိုင်(ခ) ဦးခင်မောင် ကို ၁၉၄၅ ခုနှစ်မှာ မန္တလေးမြို့၌ ဦးဂျမီးလ်၊ ဒေါ်မြင့်တို့မှ မွေးဖွားခဲ့ပါတယ်။ မွေးချင်းလေးယောက် ရှိသည့် အနက်အကြီးသားဖြစ်ပြိး မန္တလေးမြို့ အ.ထ.က (၁) မှာ တက္ကသိုလ် ဝင်တန်းအထိ ပညာသင်ကြားခဲ့ပါတယ်။

    ဘတ်စကက်ဘော ကစားရာတွင် ထူးချွန်၍  လက်ရွေးစင်ဖြစ်လာပြီး ၁၉၆၆ တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ငါးကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲသို့ နိုင်ငံကိုယ်စားပြုပြီး သွားရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

    ၁၉၆၇ တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ ကျင်းပခဲ့တဲ့ လေးကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ တတိယ ဆုရရှိခဲ့ပါတယ်။

    ၁၉၇၀ တွင် တရုတ်ပြည်သို့ ချစ်ကြည်ရေးပွဲ သွားရောက်ကစားခဲ့ပါတယ်။

    မန္တလေးတိုင်း ဘတ်စကက်ဘောနည်းပြ အဖြစ်တာဝန်ထမ်းဆောင်ခဲ့သလို အမှတ်(၄) အ.ထ.က ကျောင်းတွင်လည်း နည်းပြဆရာအဖြစ် တာဝန်ယူခဲ့ပါတယ်။

    ကိုးကား- မန္တလေးမြို့လုံးဆိုင်ရာ မဟာတမန်တော်နေ့ စိန်ရတု မဂ္ဂဇင်း

  • ကျမတို့ အတုယူရမည့် မွတ်စလင်တို့၏ ပရဟိတ

    ကျမတို့ အတုယူရမည့် မွတ်စလင်တို့၏ ပရဟိတ

    2015-02-13-MuslimFreeHospitalSign-thumb

    မိုးနှင်းဖြူ ရေးသည်။

    မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံ( Muslim Free Hospital ) ကို ရန်ကုန်မြို့တွင် ၁၉၃၇ ခုနှစ်က စတင်တည်ထောင်ခဲ့သည်။ မွတ်စလင်ခေါင်းဆောင်တစ်စုက ဆေးဝါးကုသရန် မတတ်စွမ်းနိုင်သော ရန်ကုန်ဒေသခံ ဆင်းရဲနွမ်းပါးသူများကို ကုသပေးရန် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ အစဦးပိုင်းတွင် မွတ်စလင်များထံမှရသော ရန်ပုံငွေဖြင့်သာ ရင်းနှီးမတည်ခဲ့သည်။

    မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံ(ဘားလမ်းဆေးရုံ)မှာ ယခုတိုင်တည်ရှိကာ ၀န်ဆောင်မှုပေးလျက်ရှိပြီး မြန်မာမွတ်စလင်တို့၏ လှူဒါန်းခဲ့သော အလှူငွေများဖြင့် လည်ပတ်လျက်ရှိသည်။

    ၁၉၈၈ ခုနှစ်တွင် နိုင်ငံကို Burma မှ Myanmar သို့ပြောင်းလဲခေါ်ဝေါ်ခဲ့ပြီး မြို့ကို Rangoon မှ Yangon မြို့အဖြစ် ပြောင်းလဲခေါ်ဆိုခဲ့သည်။ သို့တိုင်အောင် မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံ၏ ခံယူချက် ဆောင်ရွက်ချက်များမှာ အပြောင်းအလဲမရှိခဲ့ချေ။
    ဆေးရုံစတင် တည်ထောင်စဉ်ကပင် လူမျိုးရေး၊ ဘာသာရေးနှင့် ဆင်းရဲချမ်းသာ ခွဲခြားဆက်ဆံမှုမရှိခဲ့။ မြန်မာမွတ်စလင်တို့သည် ဆင်းရဲနွမ်းပါးသော မွတ်စလင်များ၊ ဗုဒ္ဓဘာသာဝင်များ၊ ခရစ်ယာန်ဘာသာဝင်များ၊ ဟိန္ဒိုဘာသာဝင်များအပါအ၀င် မည်သည့်ဘာသာဝင်အတွက်မဆို ကျန်းမာရေးစောင့်ရှောက်မှုပေးရန်အတွက် ဆေးဝါးဒါန ပြုပေးလျက်ရှိသည်။

    ယင်းမှာ မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသော ထူးခြားသည့် အံ့သြဖွယ်ရာပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် မွတ်စလင်လူဦးရေမှာ ၄ ရာခိုင်နှုန်းသာရှိ၍ လူနည်းစုဖြစ်သည်။ မြန်မာနိုင်ငံက မွတ်စလင်အများစုမှာ ထိတ်လန့်စွာနေထိုင်ရသည်။ ငြိမ်းချမ်းစွာနေထိုင်သော မွတ်စလင်များအား ဆန့်ကျင်အကြမ်းဖက်မည့် ဘေးအန္တရာယ်မှာလည်း မြင့်တက်လျက်ရှိသည်။

    စစ်သွေးကြွ ဗုဒ္ဓဘာသာဘုန်းကြီးတို့က မွတ်စလင်များအား အကြမ်းဖက်ရန် ပေါ်ပေါ်ထင်ထင် လှုံ့ဆော်ကြသည်။ မြန်မာပြည်၏ အချိ့နေရာများတွင် (မွတ်စလင်တို့၏) စီးပွားရေးများ၊ နေအိမ်များ မီးရှို့ခံရသည်။ မွတ်စလင်တို့ သတ်ဖြတ်ခံရသည်။ ဘုန်းကြီးများက မွတ်စလင်တို့အား တိရိစ္ဆာန်နှင့် ခိုင်းနှိုင်းပြောဆိုကာ တိုင်းပြည်မှ ထွက်ခွာသွားရန် တောင်းဆိုခဲ့ကြသည်။ ၂၀၁၃ ခုနှစ်က တိုင်းမ်မဂ္ဂဇင်း ဆောင်းပါးတွင် မန္တလေးမြို့က ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါး၏ အကြမ်းဖက်ဖန်တီးမှုအကြောင်း ရေးသားဖော်ပြခဲ့သည်။ အဆိုပါ ဆောင်းပါးဖော်ပြချိန်ကစပြီး အခြေအနေက ပိုမိုဆိုးရွားလာခဲ့သည်။

    သို့တိုင် မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံမှာမူ ဗုဒ္ဓဘာသာ လူများစုကြီးအား ခွဲခြားဆက်ဆံမှုမရှိ အခမဲ့ ကူညီကုသမြဲ ကုသပေးလျက်ပင်ရှိသည်။ ထို့ပြင် ယင်းဆေးရုံ၌ နိုင်ငံရေးရည်ရွယ်ချက်လည်း မရှိချေ။

    gallery_l_08

    မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံမှ ၀န်ထမ်းများအကြားတွင်လည်း မတူကွဲပြားသော ဘာသာတရားများအကြား သင့်မြတ်မှုကို လှစ်ဟပြသနိုင်ခဲ့သည်။ မွတ်စလင်၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်တို့မှ ဆရာဝန်၊ သူနာပြုအားလုံး လေးစာသမှုနဲ့ အတူတကွ လုပ်ကိုင်ကြသည်။
    ပံ့ပိုးပေးနိုင်မှု အကန့်အသတ်နှင့်သာရှိသော အဆိုပါ ဆေးရုံ၏ ကုသမှု အရည်အသွေးနှင့် အရေအတွက် မှတ်တမ်းများက အမေရိကန်နိုင်ငံ၌ပင် တွေးကြည့်၍ မရသောနိုင် အချက်အလက်များဖြစ်သည်။ မြန်မာပြည်မွတ်စလင်တို့က နှစ်စဉ် ဒေါ်လာ ၄ သိန်း လှူဒါန်းသည်။ လူနာများတွင် ငွေတတ်နိုင်သူက နိုင်သလောက်ပေးသည်။ ငွေကြေးချို့တဲ့သူများကမူ မပေးနိုင်ကြချေ။

    ပြင်ပလူနာဌာနတွင် တစ်ရက်လျှင် လူနာ ၄၅၀ ခန့် ကုသပေးသည်။ ဘားလမ်းဆေးရုံတွင် ကုတင် ၁၆၀ ခန့်ရှိသည်။ လွန်ခဲ့သည့် ၂၀၀၀ ပြည့်နှစ်ကဆိုလျှင် စာရင်းအင်းများအရ တစ်နှစ်အတွင်း ဆေးရုံတက် ကုသလူနာ ၆၀၀၀ ခန့်ကို ၀န်ဆောင်မှုပေးနိုင်ခဲ့သည်။ ဆေးရုံတွင် ဆေးဝါးဌာန၊ ခွဲစိတ်ဌာန၊ သားဖွားဌာနနှင့် မျက်စိအထူးကုဌာန စသဖြင့် ဌာနခွဲများ ဖွင့်လှစ်ထားပြီး ဓါတ်မှန်စမ်းသပ်ခန်း၊ ဆေးပေးခန်း၊ Ultrasound နှင့် ခွဲစိတ်ခန်းများ ရှိသည်။ လက်ရှိအချိန်တွင် ပျမ်းမျှတစ်လအတွင်း မွေးလူနာ ၂၂၀ ခန့်ရှိသည်။
    စုစုပေါင်း ဆရာဝန် ၄၅ ဦးက ဆေးရုံတွင် အချိန်ပေး လစာမဲ့လုပ်ကိုင်လျက်ရှိသည်။

    ထိတ်လန့်ကြောက်မက်ဖွယ်ရာများနေ့စဉ် ဖြစ်ပျက်နေပြီး ရှုတ်ထွေးပွေလီလှသော ကမ္ဘာကြီးတွင် သူတစ်ပါးတို့အား ကူညီစောင်မရန်အတွက်သာ စိုးရိမ်စိတ်ကြီးနေသူတို့ထံမှ ဖြာထွက်လာသော အလင်းတန်းများကို မြင်ရသည်မှာ ကျေနပ်အားရစရာပင်ဖြစ်၏။

    ကျမ ကချင်တိုင်းရင်းသူ တစ်ဦးပါ။
    မြန်မာအမည်မိုးနှင်းဖြူပါရှင်
    .
    ** စာရေးသူ မိုးနှင်းဖြူရဲ့ FB စာမျက်နှာမှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
    xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
    ဆက်စပ် သတင်းနှင့် ဆောင်းပါးများ ဖတ်ရန်
    ——————————–
    ငွေကြေးမပြည့်စုံတဲ့ ဝေဒနာရှင်များကို မွတ်စလင် ကုသိုလ်ဖြစ် ဆေးရုံမှာ အခမဲ့ ကျောက်ကပ်ဆေးပေးနေ
    http://www.m-mediagroup.com/news/44898
    .
    မြန်မာမွတ်စ်လင်မ်တို့၏ အကျိုးပြု သမိုင်း တစ်ပုဒ်နှင့် အားလုံး အတွက် စံနမူနာ
    http://www.m-mediagroup.com/news/38059
    .
    မွတ်စ်လင်မ် ကုသိုလ်ဖြစ်ဆေးရုံ က ဒေါက်တာ ဒေါ်ခင်ဝင်းကြူ ရဲ့ ပုံရိပ် တစေ့တစောင်း
    http://www.m-mediagroup.com/news/32641
    .
    မွတ်စ်လင်မ် ကုသိုလ်ဖြစ် အခမဲ့ဆေးရုံသည် မြန်မာ့ ညီညွတ်သွေးစည်းခြင်း မျှော်လင့်ချက်တစ်ခု
    http://www.m-mediagroup.com/news/18346
    .
    လူမျိုး၊ဘာသာမခွဲ ကုသပေးနေတဲ့ မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံ ၇၆ နှစ်ပြည့်တော့မည်။
    http://www.m-mediagroup.com/news/8347
    .
    ကျောက်တံတားမြို့နယ်ရှိ မွတ်စ်လင်မ် ကုသိုလ်ဖြစ်ဆေးရုံ
    http://www.m-mediagroup.com/news/2371
    .
    ပြည်သူ့ဂုဏ်ရည်ဆု ပဏာမစာရင်းတွင် မွတ်စလင်မ် ကုသိုလ်ဖြစ်ဆေးရုံ ၃ ကြိမ်ဆက်တိုက်ပါဝင်ခဲ့
    http://www.m-mediagroup.com/news/2363