News @ M-Media
Author: editor
  • စစ်တွေ ဒါးပိုင် ဒုက္ခသည်စခန်းမှ မျှော်လင့်ချက်မဲ့နေသည့် ရောဂါသည်တစ်ဦး
    စစ်တွေ ဒါးပိုင် ဒုက္ခသည်စခန်းမှ မျှော်လင့်ချက်မဲ့နေသည့် ရောဂါသည်တစ်ဦး
    နိုဝင်ဘာ ၂၁ ၊ ၂၀၁၅
    M-Media
    တင်နိုင်ဝင်း ပေးပို့သည်။  dar pane
    စစ်တွေ မြို့နယ် ဒါးပိုင်ဒုက္ခသည် စခန်းနေ အသက် ၂၂ နှစ် အရွယ်ရှိ  အန်ဂျူမာဟာ  ပါးစပ်မှအနာဖြစ်ပြီး အသားတွေ ကြွေကျနေတဲ့ ရောဂါ ခံစား နေရတာ ၃ လ ကျော်ရှိပါပြီ။
    ပါးစပ်ကင်ဆာ ဖြစ်နေတယ်လို့ ယူဆရပြီး ပါးစပ်မှ အသားများ တနေ့တခြား ကြွေကြလျက်ရှိတဲ့ အန်ဂျူမာဟာ ဆရာဝန်တယောက်မျှ မပြသနိုင်ခဲ့တဲ့အတွက် သူမ ဘာရောဂါဖြစ်လဲ ဆိုတာကိုတောင် တိတိကျကျ  မသိဘူးလို့ ပြောပါတယ်။
    အန်ဂျူမာရဲ့ ကျန်းမာရေး အခြေအနေမှာ တစ်ရက်ထက်တစ်ရက် ဆိုးရွားလာပြီး မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် သေခြင်းတရားကို ပဲ စောင့်မျှော်နေရတယ်လို့ ဒုက္ခသည်စခန်းမှာရှိတဲ့ ၄င်းနဲ့ ဘဝတူ တယောက်က ပြောကြားပါတယ်။
    ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် ဇွန်လနှောင်းပိုင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် ဒေသခံ မွတ်စလင်မ် ၁ သိန်းကျော် ဟာ အိုးအိမ်စွန်ခွါ ထွက်ပြေးခဲ့ရပြီး ဒုက္ခသည်စခန်းများမှာ နေထိုင်လာရတာ အခုဆိုရင် ၃ နှစ်ကျော်ရှိလာပြီဖြစ်ပါတယ်။
    dar pane2
  • ဆီးရီးယား ဒုက္ခသည်များကို ဆက်လက် လက်ခံ သွားမည်ဖြစ်ကြောင်း ပြင်သစ် သမ္မတပြော
    ဆီးရီးယား ဒုက္ခသည်များကို ဆက်လက် လက်ခံ သွားမည်ဖြစ်ကြောင်း ပြင်သစ် သမ္မတပြော
    နိုဝင်ဘာ ၂၀၊ ၂၀၁၅
    M-Media
    နိုင်မြတ်ဇော်
    .
    အမေရိကန် ပြည်နယ်အုပ်ချုပ်ရေးမှုးအချို့ဟာ ဒုက္ခသည်တွေကို လက်မခံဖို့ပြောဆိုတဲ့အချိန်မှာ ပြင်သစ်နိုင်ငံဟာ ဆီးရီးယားဒုက္ခသည်တွေကို တံခါးဖွင့်ပြီး လှိုက်လှိုက်လှဲလှဲကြိုဆိုနေဆဲပါ။ . ခိုလှုံရာရှာနေတဲ့ ဒုက္ခသည်တွေအရေးနဲ့ပတ်သက်လို့  ကျွန်တော်တို့ရဲ့ လူသားခြင်းစာနာတဲ့ဝတ္တရားဟာ ပြင်သစ်ပြည်သူတွေကို ကာကွယ်မှုနဲ့အတူ ဒုက္ခသည်တွေအပေါ် စာနာမှုဟာလည်း တပြေးတတန်းတည်း ထားပါတယ်။ (ပြင်သစ်သမ္မတ - Francois Hollande) ပဲရစ်တိုက်ခိုက်မှုဖြစ်ပျက်ခဲ့ပေမယ့်လည်း ဆီးရီးယား ဒုက္ခသည် သုံးသောင်း လက်ခံသွားမှာဖြစ်တဲ့ အကြောင်းပြင်သစ်ကပြောပါတယ်။ . ပြင်သစ် တာဝန်ရှိသူတွေပြောဆိုချက်အရ ယခုအချိန်ထိ သံသယရှိသူ ရှစ်ဦးဟာ ဥရောပ နိုင်ငံသားတွေဖြစ်ကြပါတယ်။ . ကိုးယောက်မြောက် သံသယရှိသူထံမှာ ဆီးရီးယား ပတ်စ်ပို့ တွေ့ရပေမယ့် ပြင်သစ်နဲ့ ဂျာမနီနိုင်ငံက တာဝန်ရှိသူတွေက ဒီပတ်စပို့ဟာ IS တွေက ဒုက္ခသည်တွေအရေးနဲ့ပတ်သက်လို့ အာရုံပြောင်းအောင် တမင်သက်သက် ပစ်ထားခဲ့တာဖြစ်နိုင်တယ်လို့ဆိုပါတယ်။ . တကယ်လည်း IS တွေဖြစ်စေချင်တဲ့ အတိုင်းပဲ အမေရိကန်က နိုင်ငံရေးသမားအချို့ဟာ ပြုမှုခဲ့ပါတယ်။ပြည်နယ် ၃၁ ခုက အုပ်ချုပ်ရေးမှုးတွေဟာ ဒုက္ခသည်တွေကို လက်မခံချင်ဘူးလို့ပြောဆိုခဲ့တယ်။ . "ဘာလို့ လက်မခံချင်ရတာလဲဆိုတော့ ကျွန်တော်ကတော့ လူတိုင်းသိနားလည်တဲ့အရာလို့ပဲပြောရမှာပဲ" (မစ်ချီဂန် ပြည်နယ်အုပ်ချုပ်ရေးမှုး) . ဒါပေမယ့် ပြင်သစ်မှာတော့ လူတိုင်းနားလည်တဲ့အရာက တစ်မျိုးဖြစ်နေပါတယ်။ တိုက်ခိုက်မှုကို တိုက်ရိုက်ခံရတဲ့တိုင်းပြည်ကရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုတွေက တဆင့် ISIS အကြမ်းဖက်သမားတွေ သွတ်သွင်းချင်တဲ့သဘောတရားက လူထုအချင်းချင်းကြားမှာအပြန်အလှန်အပြစ်တင်ပြီး သံသယနဲ့သွေးကွဲအောင် အဆိပ်ခပ်ချင်တာပဲ ဒီမှားယွင်းတဲ့အတွေးအခေါ်ထဲမှာ ပိတ်မိသွားအောင် ကျွန်တော်ကိုယ့်ကိုကိုယ် စိတ်အလိုမလိုက်ရဘူး။ . အမေရိကန်အုပ်ချုပ်ရေးမှုးတွေဟာ ခုလိုပြင်သစ်ရဲ့ တုံ့ပြန်မှုကနေ သင်ယူနားလည်နိုင်ကြပါ့မလား ?
  • စစ်မီးလျှံ၊ ပဋိပက္ခနှင့် ငြိမ်းချမ်းရေး
    စစ်မီးလျှံ၊ ပဋိပက္ခနှင့် ငြိမ်းချမ်းရေး
    နိုဝင်ဘာ ၂၀ ၊ ၂၀၁၅
    M-Media
    မာန်ထက်သျှံ ရေးသည်။
    un-arms
    စစ်တို့မည်သည် လက်နက်ကိုင်သည်။ အကြမ်းဖက်သည်။ အနိုင်ရရေးအတွက် လူ့အသက်ကို သတ်ကြသည်။ လူသားများ၏ အသက်၊အိုးအိမ်၊ စည်းစိမ်များ ဆုံးရှုံး ပျက်စီးတတ်သည်။ ထို့ကြောင့် စစ်ဆိုသော အရာကို လူသားများမုန်းသည်။
    ပဋိပက္ခ ဆိုသည်မှာ တစ်ဦးနှင့်တစ်ဦး၊ အုပ်စုတစ်ခုနှင့် တစ်ခု အမြင်မကြည်လင်မှု မကျေနပ်မှုများမှ စတင်တတ်သည်။ ပဋိပက္ခကြောင့် လူတို့၏ အသက်ဇီဝိန် ကြွေကျတတ်သည်။ လူ့အဖွဲ့အစည်းများ အတိဒုက္ခရောက်ကြရသည်။ ပဋိပက္ခကို လူတို့မလိုလား လူသားများစက်ဆုပ်ကြသည်။
    ငြိမ်းချမ်းမှုအတိဖြင့် တည်ဆောက်ထားသော ကမ္ဘာကြီး ဖြစ်စေလိုကြသည်။ ငြိမ်းချမ်းရေးကို မျှော်လင့် တောင့်တကြသည်။ ငြိမ်းချမ်းမှု၏ ဓါတ်သဘောကို ခံစားလိုကြသည်။ လူသားတိုင်းငြိမ်းချမ်းချင်သည်။
    စစ်ဘေးဒဏ်ကြောင့် ကမ္ဘာသူကမ္ဘာသားတို့ အခက်အခဲမျိုးစုံကြုံတွေ့ရသည်။ စစ်မီးလျှံကြောင့် မြန်မာပြည်သားတို့ ဒုက္ခနွံ့နစ်ခဲ့ကြသည်။ စစ်မက်ဖြစ်ပွားမှု၏ ရလဒ်သည် လူသားအားလုံးကို ဘေးတွေ့စေသည်။ စစ်ပွဲတွေကြောင့် ကလေးသူငယ်များ၏ တောက်ပတဲ့ အနာဂတ်ဘ၀ကို ရိုက်ချိုးပစ်သည်။ ဒါကြောင့် စစ်ပွဲတွေ မရှိရင်ကောင်းမည်ဟု ပြောလာကြသည်။
    ပဋိပက္ခတွေ ကမ္ဘာတစ်လွှားဖြစ်သည်။ ပဋိပက္ခတွေ မြန်မာ တ၀ှမ်းဖြစ်ပြန်ပြီ။ လူတွေကြောင့်လား။ မူတွေကြောင့်လား။ ခွဲခြားဆက်ဆံမှုတွေကြောင့်လား။အရောင်အသွေး အဆင်းသဏ္ဍန်ကြောင့်လား။ ပဋိပက္ခ၏ နောက်ဆက်တွဲဖြစ်စဉ်ကြောင့် ဒုက္ခသည်စခန်းတွင် လူအများ ပြည့်ကျပ်နေသည်။
    ငြိမ်းချမ်းရေးဆိုတာ ဘယ်မှာရှာရမည်နည်း။ သတင်းစာဂျာနယ်တွေပေါ်မှာလား။တီဗွီပေါ်မှာလား။ လူကြီးတွေဆီမှာလား။ အစိုးရဆီမှာလား။ လူတွေရဲ့ မျက်နှာပေါ်မှာလား။ဖြေပေးပါ စာရှုသူ။ အပြုံးပီတိမဲ့နေသော မျက်နှာကို ငြိမ်းချမ်းပါတယ်လို့ ပြောနိုင်မလား။ ထိတ်လန့်ခြင်း၊ လွှမ်းဆွေးခြင်းများနှင့် ဖုံးနေတဲ့ မျက်နှာကို အေးချမ်းပါတယ်လို့ ဆိုနိုင်ပါ့မလား။
    စစ်၏ အမည်းစက်ကြောင့် ငိုကြွေးသံနှင့် အတူ ကြောက်ရွံ့ခဲ့ကြသည်။ အနိဠာရုံ မြင်ကွင်းများကြောင့် ၀မ်းနည်းပူဆွေးခဲ့ရသည်။ အမိမဲ့၊ အဖမဲ့ ကလေးသူငယ်များ၏ ဘ၀သည် အသိုက်ပျက် ငှက်ငယ် တစ်ကောင် ကဲ့သို့ ပျံသန်းရာ ခရီးလမ်း ပျောက်ဆုံးနေရရှာသည်။
    ပဋိပက္ခတွေ ဖြစ်နေသည်။ ဘာသာမတူလို့၊ လူမျိုးကွဲလို့၊ အသားအရောင် ကွဲပြားလို့၊ နိုင်ငံရေး အယူအဆချင်း မတူလို့ပေါ့။ ကွဲပြားမှုသည် အင်အားတစ်ရပ်ဟု ခံယူစေချင်သည်။ လူသားများကြား ကွဲလွှဲမှုတွေ ရှိကောင်းရှိမည်။ သို့သော် ကွဲလွှဲမှုကို အခြေခံကာ ကွဲပြဲမှုတော့ မဖြစ်သင့်။ ငါစွဲ၊ ၀ါဒစွဲ၊ ဂိုဏ်းဂဏစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဘာသာစွဲ၊ လူမျိုးစွဲ၊ ပါတီစွဲ၊ ဒေသစွဲ၊ မိရိုးဖလာစွဲ၊ ပတ်ဝန်းကျင်စွဲ စသည့် အချည်အနှောင်များကြောင့်ဆိုလျှင် အဘယ်မှာ ပဋိပက္ခကို ဖြေရှင်းနိုင်အံ့နည်း။
    ငြိမ်းချမ်းသော ဘ၀ဟူသည် စိုးရိမ် ကြောက်ရွံ့မှု ကင်းရမည်။ ၀မ်းနည်း ပူဆွေးမှု ကင်းရမည်။ လုံခြုံမှုရှိပြီး သဟဇာတ ရှိသော လူမှုအသိုက်အ၀န်းထဲမှ ဖြစ်ရမယ်။ မတရားမှုတွေကင်းစင်ပြီး ရင့်ကျက်တည်ငြိမ်သော လူမှုဘ၀၀န်းကျင်ကို လူသားတိုင်း လိုလားကြသည်။
    စစ်ပွဲတွေကို ကြည့်လိုက်ပါ။ စာသင်ခန်းတွင်ရှိရမည့် အရွယ်များ ရှေ့တန်း စစ်မျက်နှာပြင်တွင် တိုက်ခိုက်နေကြသည်။ စာရေးသော လက်များသည် သေနတ်ကိုင်ဆောင်သော လက်များ အဖြစ် အသွင်သဏ္ဍာန်ယူနေကြသည်။ လူ့အကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်ရမည့် အစား မိုင်းထောင် ဗုံးခွဲနေကြရသည်။အချို့မှာ ပညာရေးဖြင့် ထိတွေ့ရမည့်အစား သွေးထွက်သံယိုမှုများနှင့် ကျင်လည်နေကြရသည်။
    စစ်ပွဲတွေဘာကြောင့်ဖြစ်လာရသနည်း။ ကိုယ့်အယူအဆချင်း မတူညီလို့ လက်နက်စွဲကိုင် တိုက်ကြတာလို့ပြောရင် မှားမည်မထင်။ တစ်ဦးနှင့် တစ်ဦး၊တစ်ဖက်နှင့် တစ်ဖက် တိုက်ကြ ခိုက်ကြ ခုတ်ကြ ထစ်ကြနှင့် စစ်ပွဲဆိုရွံ့ရှာမိလေပြီ။
    ပဋိပက္ခတွေကို ဘယ်သူဖန်တီးသနည်း။ လူတစ်စုဟုဆိုကြသည်။ နောက်ကွယ်မှ ကြိုးကိုင်သူများဟု ပြောကြသည်။ နောက်ကွယ်မှ ကြိုးကိုင်သူ လူတစ်စုဟု ဆိုလျှင် ပိုမှန်မည်။ ဘာကြောင့်များ ဖန်တီးရသနည်း။ အယူဝါဒမှိုင်းတွေကြောင့် အစွဲတွေကြောင့် အမုန်းမီးတွေကြောင့် ဒေါသအမှားတွေကြောင့် အမျိုးမျိုးသုံးသပ်ကြသည်။ သို့ပေမယ် လူသားတိုင်းကတော့ ပဋိပက္ခမှိုင်းတိုက်သော လူအချို့ကို ဆန်ကျင်နေကြရသည်။
    ငြိမ်းချမ်းရေးရမ္မက်သည် ချိုမြိန်သည်။ ခံစားမှု အေးစက်စေသည်။ ရင့်ကျက် တည်ငြိမ်သည်။ လူသားတိုင်း ဆာလောင် တောင့်တကြသည်။ ငြိမ်းချမ်းခြင်း အတိဖြင့် ဖုံးလွှမ်းတဲ့ ကမ္ဘာမြေတခွင်ရှင်သန် အသက်ဆက်လိုကြသည်။
    စစ်ပွဲတွေအကြောင်းမေးချင်သည်။ နှစ်၆၀ကျော် တိုင်အောင် မဖြေရှင်းနိုင်တဲ့ မြန်မာပြည်းတလွှားက သေနတ်သံများ ဘယ်တော့များမှ ရပ်စဲမှာလဲ။ ပြည်ထောင်စု သွေးချင်းညီအစ်ကိုတွေ အကြား ယုံကြည်မှုခိုင်မာစွာ ဘယ်တော့မှတည်ဆောက်နိုင်မှာလဲ။ တမြေတည်းနေ၊ တရေတည်းသောက် မောင်နှမသားချင်းများဟု အဘယ့်ကြောင့် မခံယူနိုင်ဝံ့သနည်း။ စစ်ဒဏ်အလူးအလဲ ခံစားနေရသော ပြည်သူတွေကို မေးကြည့်ပါ။ စစ်တိုက်တာကောင်းကြလားလို့။ အားလုံး အဖြေတစ်ခုတည်း ထွက်မည်မှာ မလွှဲပေ။ ‘စစ်ပွဲဆိုတာကို ကျုပ်တို့ အလိုမရှိ’တဲ့  ။
    ပဋိပက္ခတွေ အကြောင်းဆိုချင်သည်။ မြန်မာပြည် အနောက်ဘက်ခြမ်းကစပြီး အလယ်ပိုင်းတ၀ိုက်ကို မွှေကာ အရှေ့ဘက်ခြမ်းရောက် ထိတိုင်အောင် မငြိမ်းတဲ့ ဘာသာရေး ပဋိပက္ခမီးတွေ ဆက်ပြီး တောက်လောင်နေဦးမှာလား။ ကြောက်ရွံ့မိသည်။ ထိတ်လန့်မိသည်။ လူမှုစီးပွားဘ၀ ပျက်သုဉ်းရသည်။ မည်သည့် လူသားအတွက်မှ အကျိုးမရှိ။ ပဋိပက္ခကြောင့် နေရပ်ရှောင်ခွာ ထွက်လာကြသူများကို မေးကြပါ။ ဖြေကြပါဦးမည်။ ‘ဘာသာရေး၊လူမျိုးရေး ပဋိပက္ခများကို လုံးဝအလိုမရှိ’  လို့။
    ငြိမ်းချမ်းရေး သတင်းစကားဆက်ချင်သည်။ ငြိမ်းချမ်းရေးသည် လူသားတို့၏ အသက်၊ လူသားတို့၏ ဘ၀၊ လူသားတို့၏ မနက်ဖြန်၊ လူသားတို့၏ ပစ္စုပန်၊ လူသားတို့၏ အနာဂတ် ၊လူသားတို့၏ မျှော်လင့်ချက် ရောင်ခြည်သာဖြစ်သည်။ ငြိမ်းချမ်းသော ရွှေပြည်ကြီးရဲ့ လွပ်လပ်ခြင်းကို စံစားရသူတစ်ဦးနှင့် သောက အပူမီးဝိုင်းကာ အသက်လုပြေးရသူတစ်ယောက်တို့၏ ခံစားချက်မှာ မိုးနှင့် မြေပမာ ကွာခြားလှပေသည်။ ထိုသူမှာငြိမ်းချမ်းရေး သတင်းစကားကို အပြည့်အ၀ စောင့်စားနေမိသည်။
    စစ်ပွဲအတွင်း ဓါတုလက်နက်တွေသုံးသည်။ လူသားမျိုးရိုး ဗီဇထိတိုင်အောင် ခြိမ်းခြောက်လာသည်။ ဓါတုလက်နက်ပပျောက်အောင်ဟု ဆိုကာ စစ်ပွဲဆင်နွှဲကြပြန်သည်။ ငြိမ်းချမ်းရေးစစ်ပွဲ ဟုဂုဏ်ယူဝံ့ကြွားစွာ တိုက်ကြခိုက်ကြသည်။ ဘယ်လိုပဲဆိုဆို စစ်ဖြစ်ပြီဆိုလျှင် လူသားတွေ အခက်ကြုံသည်။ နေမှုထိုင်မှု စားမှုသောက်မှု အစစအရာရာမှာ ဒုက္ခတွေ့သည်။ ၀မ်းနည်းစရာကောင်းလှပါသည်။
    ပဋိပက္ခကို ရှောင်ရှားလိုသည်။ စစ်မီးလျှံကို မုန်းသည်။ ငြိမ်းချမ်းမှုကို ပိုင်ဆိုင်လိုကြသည်။ သို့သော် ငြိမ်းချမ်းမှုဆိုတာ အဘယ်မှာနည်း။ သေနတ်သံ ၀န်းရံထားတဲ့ လူမှုဝန်းကျင်မှာ ငြိမ်းချမ်းရေး စကား ထွက်ဆိုနိုင်ပါ့မလား။ ဒေါသသံညံနေတဲ့ လူအုပ်ကြားထဲမှာ ငြိမ်ချမ်းပါစေလို့ ပြောနိုင်မှာလား။
    ငြိမ်းချမ်းရေးမျှော်လင့်ချက်ရော ရှိသေးလား။ မေးလိုက်ချင်သည် မြန်မာပြည်ကြီး။ ငြိမ်းချင်မှုမရှိရင် မလွတ်လပ်ဘူး။ လွတ်လပ်မှုမရှိရင် ၀မ်းနည်းလာမယ်။ ပူဆွေးလာမယ်။ မျှော်လင့်ချက်တွေမဲ့လာမယ်။ ငြိမ်းချမ်းခြင်းနှင့် လွတ်လပ်ခြင်းဟာ တစ်ခုနှင့်တစ်ခု အပြန်အလှန် ဆက်စပ်မှီခိုနေတယ်။ ဒီတော့ ငြိမ်းချမ်းရေးဆောင်ယူနိုင်မှ လွတ်လပ်ခြင်း အရသာကို အပြည့်အ၀ခံစားနိုင်မယ်။
    ကမ္ဘာမြေကြီး ပြန်လည်သင့်မြတ်ချင်ပြီ။ မြန်မာပြည်ကြီး ငြိမ်ချမ်းချင်ပြီ။ မြန်မာပြည်ကြီး ဘယ်တော့ ငြိမ်းချမ်းမှာလဲ။ ဒီနေ့လား။ မနက်ဖြန်လား။ မနေ့ကလား။
    ငြိမ်းချမ်းချင်ပြီ။ ငြိမ်းချမ်းချင်ပြီ။ ငြိမ်းချမ်းချင်ပြီ။
    စစ်ဘေးသင့် ပြည်သူတစ်ဦး၏ စကားသံ။
    အေးချမ်းချင်ပြီ။ အေးချမ်းချင်ပြီ။ အေးချမ်းချင်ပြီ။
    ပဋိပက္ခကြောင့် ရှောင်ခွာပြေးနေသူတစ်ဦးရဲ့ ထွက်ဆိုသံ။
    ဘာကြောင့် မငြိမ်းချမ်းသနည်း။ မငြိမ်းချမ်းအောင်လုပ်လို့ မငြိမ်းချမ်းသည်။ ဒါဆို ဘာကြောင့် ငြိမ်းချမ်းအောင် မလုပ်ကြသနည်း။ အဖြေကရှင်းသည်။ အတ္တအတားအဆီးတွေကြောင့် ဖြစ်ဟန်တူသည်။ အတ္တမာန်မာနများ၊ အယူသည်းမှုများ၊ မုန်းတီးမှုများ၊ ရန်ငြိုးရန်ဖက်မှုများ၊ မနာလို ၀န်တိုမှုများ ရှိနေဦးမည်ဆိုက အကြမ်းဖက်  သံသရာထဲတွင် တ၀ဲလည်လည် ဖြစ်နေဦးမည်ဖြစ်သည်။ အတ္တအတားအဆီးတွေကို ဘယ်သူဖန်တီးသနည်း။ လူတွေဖြစ်သည်။ ငြိမ်းချမ်းခြင်းကို လိုချင်တာသည် လူသားဖြစ်သည်။ မငြိမ်းချမ်းမှုကို ဆောင်ကျဉ်းသူမှာလည်း လူသားပင်ဖြစ်သည်။ သို့ဆိုလျှင် လူသားအချင်းချင်း ညှိနှိုင်းကာ ငြိမ်းချမ်းမှုကို တည်ဆောက်လို့ မရနိုင်စွမ်းလား။ အချိန်ကြောင့်လား။ ကာလအကန့်အသတ်တွေကြောင့်လား။ ဘေးဘက်က ဘောင်ခတ်ဝန်းရံမှုတွေကြောင့်လား။ အားလုံးကို ရိုက်ချိုးပြီး ငြိမ်းချမ်းရေးတံခါးကို တွန်းဖွင့်ချင်သည်။ အေးချမ်းမှု အလင်းတန်းကို ဖူးတွေ့ချင်ပြီ။ ဒါကမ္ဘာသူကမ္ဘာသားများ၏ စိတ်ဆန္ဒ။ မြန်မာပြည်သားတို့၏ အာသီသ။ငိမ်းချမ်းမှုကို မျှော်လင့်သည်။ မ၀င့်မရဲ တောင့်တမိသည်။
    စစ်ပွဲတွေကို မလိုလား၊ ပဋိပက္ခတွေ မဖြစ်စေချင်၊ စစ်မှန်ပြည့်ဝသော ဒီမိုကရေစီနှင့်အတူ လွတ်လပ်ငြိမ်းချမ်း မျှတလမ်းသို့ မတူလက်များတွဲကာ အနာဂတ်မြန်မာပြည်ကြီးကို မြန်မာပြည်သူများအားလုံး ၀ိုင်းဝန်းတည်ဆောက်လိုကြသည်။
    အမှောင်တွေပြီးရင် အလင်းပေါက်လာမည်။ ညကုန်ဆုံးရင် နေ့သစ်ရောက်လာမည်။ လှပတဲ့ အာရုံဦးနံနက်ခင်းမှာ ငြိမ်းချမ်းရေး ဂျိုးဖြူငှက်၏ သာယာနာပျော်ဖွယ် တေးသီမှုသံစဉ်ကို ကြားချင်လှပါဘိ။ တို့ချစ်တဲ့ မြန်မာပြည်ကြီး ထာဝရငြိမ်းချမ်းပါစေလို့ ဆုမွန်စကားခြွေလိုက်ချင်သည်။  ငြိမ်းချမ်းမှုအပေါင်း ခညောင်းပါစေ။
    စာဖတ်သူ အပေါင်းလည်း ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ငြိမ်းချမ်းရေး နှစ်ဖြာသော သုခနှင့် အစဉ် ပြည့်စုံပါစေသတည်း။
    ငြိမ်ချမ်းရေးကို ထာဝရမျှော်လင့်တောင့်တနေသူ
    မာန်ထက်သျှံ
  • ဘာသာရေး အသုံးချ စည်းရှုံးလှုံ့ဆော်သူ လင်မယား အရေးယူခံရ
    ဘာသာရေး အသုံးချ စည်းရှုံးလှုံ့ဆော်သူ လင်မယား အရေးယူခံရ
    နိုဝင်ဘာ ၁၉ ၊ ၂၀၁၅
    မေသန္တာမျိုး
    .12278735_496476763856949_469226572134746750_n
    မန္တလေး။        ။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခြင်းများ ပြုလုပ် ခွင့်မပြုတော့သည့် နိုဝင်ဘာ(၇) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြိး ပျော်ဘွယ်မြို့နယ်၌ အစ္စလာမ်ဘာသာဝင် တို့၏ မြန်မာပြည်သိမ်းပိုက်ရေး စီမံချက်(စ/ဆုံး) ခေါင်းစဉ်ပါ တရားမဝင်စာရွက် နှစ်ရွက်အား ကိုင်ဆောင်၍  စည်းရုံးလှုံ့ဆော်ခြင်းများ ပြုလုပ်ခဲသူ လင်မယားအား နိုဝင်ဘာလ (၁၈) ရက်နေ့ ၊နေ့လည်(၁၂း၀၅) အချိန်တွင် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် အရေးယူခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးထံက သိရသည်။
    .
    ဖြစ်စဉ်မှာ နိုဝင်ဘာ(၇) ရက်နေ့ ညနေ(၅း၃၀) အချိန်က ပျော်ဘွယ်မြို့နယ် သိမ်ကုန်းကျေးရွာအုပ်စု၊ စံပါယ်ကုန်းကျေးရွာ တွင် ဦးပေါ်မှင် (၆၀) နှစ် နှင့် ၄င်း၏ ဇနီး ဒေါ်နု(၆၁) နှစ် တို့သည် အစ္စလာမ် ဘာသာဝင်တို့၏ မြန်မာပြည် သိမ်းပိုက်ရေး စီမံချက်(စ/ဆုံး) ခေါင်းစဉ်ပါ တရားမဝင်စာရွက် နှစ်ရွက် (ထုတ်ဝေသူအမည်/ နေရပ်လိပ်စာ မပါ) အား ကိုင်ဆောင်၍ တစ်အိမ်ဝင် တစ်အိမ်ထွက်သွားရောက်ကာ NLD ပါတီအားမဲထည့်လျှင် အစ္စလာမ်ဘာသာဝင်တို့၏ စော်ကားခြင်း ခံရမည်ဖြစ်ကြောင်းနှင့် ပြည်ခိုင်ဖြိုး ပါတီအား မဲထည့်ရန် စည်းရုံးလှုံ့ဆော်ခဲ့ကြောင်း မှုခင်းမှတ်တမ်းများ အရ သိရသည်။
    .
    ယင်းဖြစ်စဉ်နှင့် ပတ်သတ်၍ အဆိုပါကျေးရွာနေ NLD ပါတီဝင် ၊ အမှတ်(၅) မဲရုံကိုယ်စားလှယ် ဦးစံလှ (၃၈)နှစ် က တိုင်တန်း၍ ဦးပေါ်မှင် ဒေါ်နု တို့အား ပျော်ဘွယ်မြို့မ ရဲစခန်းတွင် (ပ) ၃၆၅/ ၂၀၁၅ ၊ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေပုဒ်မ ၅၈(ဂ) အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးက သိရသည်။
    .
    ၂၀၊၁၁၊ ၂၀၁၅ ထုတ် မန္တလေးအလင်း နေ့စဉ်သတင်းစာမှ ကူးယူဖော်ပြသည်။
    Image via-ko aung tun FB
  • အစွန်းရောက် အမျိုးသားရေး၊ ဘာသာရေး အစွဲများကို လက်မခံကြောင်း ရွေးကောက်ပွဲက တစ်ဆင့် ပြသလိုက်သော မြန်မာလူထု
    အစွန်းရောက် အမျိုးသားရေး၊ ဘာသာရေး အစွဲများကို လက်မခံကြောင်း ရွေးကောက်ပွဲက တစ်ဆင့် ပြသလိုက်သော မြန်မာလူထု
    Untitled-1
    ဆောင်းပါးရှင်- ဆွေဝင်း (Myanmar Now)
    ရန်ကုန် (Myanmar Now) – နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲကြီးတွင် အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)  အပြတ်အသတ် အနိုင်ရခြင်းသည်  စစ်တပ်နှင့် ၄င်း၏ ကျောထောက်နောက်ခံပြုထားသည့် နိုင်ငံရေး အင်အားစုတို့ကို ပြည်သူတို့ကအောင်ပွဲခံလိုက်ခြင်းဖြစ်သည်ဟု ပြည်တွင်းပြည်ပတွင် ပြောဆိုမှုများရှိနေသည်။
    ဆယ်စုနှစ်များစွာ လူထုကို ဖိနှိပ်အုပ်ချုပ်ခဲ့ခြင်းကို မဲတစ်ပြားစီဖြင့် ကလဲ့စားချေလိုက်ကြခြင်းဖြစ်သည်ဟု ဆိုနိုင်သကဲ့သို့၊  မဲမသမာမှုတို့ အကြီးအကျယ် ဖြစ်ပွားခဲ့သော၂ဝ၁ဝ ရွေးကောက်ပွဲမှ တက်လာခဲ့သည့် သမ္မတဦးသိန်းစိန် ဦးဆောင်သော အရပ်သားတစ်ပိုင်းအစိုးရ အာဏာလက်လွှတ်ရန် ပြည်သူတို့က “သင်တို့ သွားကြလော့၊ ဆင်းကြလော့” ဟု တစ်ခဲနက်ကြွေးကြော်လိုက်သည်ဟုလည်း ဆိုနိုင်သည်။
    သေချာသည်ကတော့ စစ်မှန်သည့် ဒီမိုကရေစီ အကူးအပြောင်းများဖြစ်ပေါ်ရန် ပြည်သူလူထုက NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့ အာဏာ အပ်နှင်းလိုက်ခြင်းဖြစ်သည်။
    ဤရွေးကောက်ပွဲတွင် အရှုံးကြီးရှုံးနိမ့်သွားသော စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုသာ  ပြည်သူများက အလဲ ထိုးအနိုင်ယူခဲ့ခြင်းမဟုတ်ချေ။
    နိုင်ငံတကာအလယ်တွင် မြန်မာနိုင်ငံကို ဂုဏ်သိက္ခာညှိးနွမ်းစေခဲ့သော ဗုဒ္ဓဝါဒအမည်ခံ အစွန်းရောက် မျိုးချစ်အင်အားစုတို့ကို  ပြည်သူများက အနိုင်ယူခဲ့ခြင်းဖြစ်သည်ဟုလည်း  ကောက်ချက်ပြုနိုင်သည်။
    ဗုဒ္ဓဟောကြားသည့် တရားဓမ္မများနှင့် ကိုက်ညီမှုမရှိသော၊ ကျဉ်းမြောင်းသည့် အစွန်းရောက်တရားများဖြစ်သော “အမျိုး” ၊ “ဘာသာ” စသည့် အယူအဆများအား ကာကွယ်မည်ဟု ကြွေးကြော်နေသော ဘုန်းတော်ကြီးအချို့ဦးစီးသည့် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအသင်း (မဘသ) က ရွေးကောက်ပွဲမတိုင်မီ လအနည်းငယ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ အာဏာရလာပါက မြန်မာပြည်ကြီး အစ္စလမ်ဘာသာလွှမ်းမိုး လတ္တံ့ဟု ပြည်သူလူထုကို မုသာဝါဒ၊ ပိသုဏာဝါစာ စသည့် ဝစီဒုစရိုက်မျိုးစုံဖြင့် မှိုင်းတိုက်ရန် ကြိုးပမ်းခဲ့သည်။
    ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံခြားသားကိုအိမ်ထောင်ပြုခဲ့၍ အမျိုးမစောင့်သည့် ပုဂ္ဂိုလ်ဟူ၍လည်းကောင်း၊  NLD ပါတီသည် မဘသအဖွဲ့ကအကြံပြုတင်သွင်းပြီး နောက်ဆုံး သမ္မတ အတည်ပြုသည့် မျိုးစောင့်ဥပဒေလေးရပ်ကို လွှတ်တော်တွင် ကန့်ကွက်ခဲ့သဖြင့် ထိုပါတီအာဏာရလာပါက ထိုဥပဒေများအားပြင်ဆင်နိုင်သဖြင့် ဘာသာ သာသနာဆုတ်ယုတ်ကုန်တော့မည်ဟူ၍လည်းကောင်း စသဖြင့် မဘသ ဆရာတော်များက နိုင်ငံအနှံ့လှည့်လည်၍ ဟောပြောခဲ့ကြသည်။
    ဘယ်ပါတီ၊ ဘယ်ပုဂ္ဂိုလ်ကို မိမိတို့က မထောက်ခံဟု ဟစ်ကြွေးခဲ့သော်လည်း ပြည်ခိုင်ဖြိုးပါတီ၏ ဥက္ကဋ္ဌဖြစ်သူ သမ္မတကြီးဦးသိန်းစိန်မှာ တိုင်းပြည်အပေါ် အထူးကျေးဇူးဥပကာရရှိသူ ပုဂ္ဂိုလ်၊ ကျေးဇူးရှိသူအပေါ် ကျေးဇူးတုံ့ပြန်ခြင်းမှာ ဗုဒ္ဓတရားတော်နှင့်ညီသည် စသဖြင့် ချီးမွမ်းခန်းများဖွင့်ကာ  ပြည်ခိုင်ဖြိုးပါတီအတွက် တစ်ဖက်လှည့်ဖြင့် မဲဆွယ်ခဲ့ကြသည်။
    ထို့ပြင် မဘသအဖွဲ့က ရွေးကောက်ပွဲမတိုင်မီ ထုတ်ဝေခဲ့သော သာကီသွေး၊ အတုမရှိ စသည့် ဂျာနယ် မဂ္ဂဇင်းများတွင်လည်း မဘသ၏ ဥက္ကဋ္ဌ ဆရာတော် ဦးတိလောကဘိဝံသ အပါအဝင် မဘသ ဦးဆောင်ဆရာတော်များ၊ လူပုဂ္ဂိုလ်များက ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကို တိုက်ရိုက်တစ်မျိုး၊ သွယ်ဝိုက်၍ တစ်ဖုံ ထိုးနှက်တိုက်ခိုက်ခဲ့ကြသည်ကိုလည်း တွေ့ရသည်။
    သမ္မတဦးသိန်းစိန်ကို ဒုတိယသက်တမ်း ဆက်လက်ထမ်းဆောင်စေလိုတယ်ဟု မဘသ၏ အထွေအထွေအတွင်းရေးမှုးဖြစ်သူ ဆရာတော်ဦးဝိမလဗုဒ္ဓိက ဇွန်လတွင်ကျင်းပခဲ့သည့် မဘသ ညီလာခံတွင် အတိအလင်း ထုတ်ဖော်ပြောကြားခဲ့သည်။
    မဘသဆရာတော်များ ထိုကဲ့သို့လှုပ်ရှားနေချိန်တွင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်သူ အစိုးရဝန်ကြီးတချို့ကလည်း အမျိုးဘာသာ သာသနာကို ထမ်းရွက်မည်ဟု အသံကောင်းဟစ်ခဲ့လေသည်။ ပြည်ခိုင်ဖြိုး ပါတီဝင်တချို့ကလည်း မဘသအဖွဲ့ကရေးသားသည်ဟု သံသယဖြစ်ဖွယ်ရာရှိသော ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်သည့် စာရွက်စာတမ်းများကို ဧရာဝတီတိုင်းရှိ မြို့နယ်များတွင် ဝေငှခဲ့သည်။
    ဘာသာရေးနှင့် နိုင်ငံရေး ဒွေးရောယှက်တင် မပြုရန် တားမြစ်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခဲ့ကြသော်လည်း အာဏာပိုင်တို့က မသိကျိုးကျွံပြုခဲ့ကြသည်။
    12088003_733607360116108_4583512116009096811_n
    စစ်ခေါင်းဆောင်များကို မနှစ်မြို့သော၊  ပြည်ခိုင်ဖြိုးပါတီကို မထောက်ခံသောသူတို့၏ မဲများကို ရရှိရန် သမ္မတဦးသိန်းစိန်၏ နိုင်ငံရေး အကြံပေးတစ်ဦးဖြစ်သူ ဦးနေဇင်လတ်ကလည်း ရာထူးမှ ထွက်ကာ အမျိုးသားတိုးတက်ရေးပါတီ (NDP) ကို ထူထောင်ပြီး၊ မဘသအဖွဲ့တွင် တက်ကြွစွာလှုပ်ရှားနေသည့် လူပုဂ္ဂိုလ်တို့ကို အမတ်လောင်းများအဖြစ် ထမ်းဆောင်ရန် ကမ်းလှမ်းခဲ့သည်။ NDP ၏ ပါတီကြေညာ စာတမ်းတွင်လည်း အမျိုးဘာသာ သာသနာစောင့်ရှောက်မည်ဟု ထည့်သွင်းထားသည်။
    ထိုအမျိုးသားရေးလှုပ်ရှားမှုများကိုထောက်ရှု၍ ၁၉၉ဝ ရွေးကောက်ပွဲတွင်ကဲ့သို့  NLD အပြတ်အသတ် အနိုင် မရနိုင်ဟု တွက်ဆမှုများ ထွက်ပေါ်လာသည်။
    သို့သော် ထိုတွက်ဆချက်များ အလုံးစုံမှားယွင်းကြောင်း NLD ၏ အောင်ပွဲရလဒ်များက သက်သေခံလိုက်သည်။
    WNK_4249
    ပြည်ခိုင်ဖြိုးက လွှတ်တော်နေရာ အနည်းငယ်မျှသာ ရရှိပြီး ဦးနေဇင်လတ်၏ ပါတီမှာ ဘဲဥပင် မကွဲခဲ့ပေ။ ထိုနည်းတူ အမျိုးသားရေး၊ ဘာသာရေး အသံများ ဟစ်ထားသော၊ NLD မှ ခွဲထွက် ဖြစ်ပေါ်လာသည့် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF)၊ မွတ်စလင် မုန်းတီးရေးများပြုလုပ်နေသည့် ဦးနေမျိုးဝေ၏ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီတို့မှာလည်း ရွေးကောက်ပွဲတွင် နေရာ တစ်နေရာမှ မရရှိခဲ့ပေ။
    မဘသ အားအကောင်းဆုံးဟူ ဆိုစမှတ်ပြုထားသည့် ဧရာဝတီတိုင်းတွင်ပင် NLD ပါတီက လွှတ်တော်နေရာ အားလုံးနီးပါး ရရှိခဲ့သည်။
    စစ်တပ်ခေါင်းဆောင်များလွှမ်းမိုးထားသော အုပ်ချုပ်ရေးကို ပြည်သူတို့ စက်ဆုပ်ရွံရှာမှုသည် မွတ်စလင် ဆန့်ကျင်သည့် လှုပ်ရှားမှုများထက် ပိုမိုအား ကောင်းနေခြင်း၊ လူမျိုးရေး ဘာသာရေးအမည်ခံ အစွန်းရောက် လှုပ်ရှားမှုများကို ပြည်သူအများစုက လက်မခံခြင်းတို့ကို ဤရွေးကောက်ပွဲတွင် ထင်ထင်ရှားရှားပြသလိုက်ခြင်းဟု ကောက်ယူနိုင်သည်။
    ၂ဝ၁၂ ရခိုင်ပြည်နယ်အဓိကရုဏ်းများဖြစ်ပွားပြီး၊ ထိုမီးပွားများ အရှိန်အဟုန်ဖြင့် မြန်မာနိုင်ငံ တစ်ဝှမ်းရိုက်ခတ်လာသည်တွင် မွတ်စလင်မုန်းတီးရေး ခံစားချက်များ တိုးပွားလာသည်ဟု ယူဆခဲ့ကြသော်လည်း နောက်ပိုင်းတွင် ထိုအခြေအနေများသည် နိုင်ငံရေးနှင့် ဆက်နွယ်ကြောင်း ပြည်သူတို့က သံသယဖြစ်လာသည်။
    မွတ်စလင်မုန်းခြင်းသည် NLD ကို မုန်းခြင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို မုန်းတီးခြင်းအဖြစ်သို့ ဆွဲခေါ်ခံသွားရသည်၊ ထိုထိုအမုန်းစကား တရားပွဲများ၊ အင်တာနက်စာမျက်နှာများ၊ ဂျာနယ်များတွင် တသွင်သွင်ပြောဆို ထုတ်လွှင့်နေသူများကိုလည်း အာဏာပိုင်တို့က အရေးမယူ လျစ်လျူပြုနေသည်ကိုလည်း ပြည်သူတို့ သတိမူမိလာသည်။
    နောက်ဆုံး ပြည်သူတို့ကို အမျိုးမျိုးဖိနှိပ်ခဲ့သော ဗိုလ်ချုပ်ကြီးဟောင်းများကို အမျိုးဘာသာ သာသနာစောင့်ရှောင့်မည့် သူများအဖြင့် ပုံဖော် မဲဆွယ်နေခြင်းဖြစ်ကြောင်း  ပြည်သူတို့ တွေ့ရသော အခါ သူတို့၏မကျေနပ်ချက်များ အထွဋ်အထိပ်ရောက်လာခဲ့သည်။
    သို့သော် သံဃာတော်များကို အလွန်ကြည်ညိုကိုင်းရှိုင်းသည့် ဤထေရဝါဒနိုင်ငံတွင်ရှိသော ပြည်သူတို့သည် ထိုမကျေနပ်ချက်များကို မြိုသိပ်ခဲ့သည်။ ဆန့်ကျင်ဖက် ပြောဆိုပါကလည်း မွတ်စလင်ဘက်က ရပ်သူအဖြစ် စွပ်စွဲခံရမည်ကို စိုးကြောက်ခဲ့သည်။ ထို့ပြင် အကြောင်းမသင့်ပါက စာရေးဆရာ၊ ကျူရှင်ဆရာ ဦးထင်လင်းဦးကဲ့သို့ ဘာသာ သာသနာညှိးနွမ်းစေမှုဖြင့် ဖမ်းဆီးထောင်ချခံရမည်ကိုလည်း သတိထားခဲ့ကြရသည်။
    သို့သော် ရွေးကောက်ပွဲနေ့တွင်ကား မျိုးစောင့်ဥပဒေ ကန့်ကွက်တဲ့ပါတီကို မဲမထည့်ကြနဲ့ ဟူသောစကားများကို ရဲရဲတင်းတင်းဥပက္ခောပြု၍ NLD ပါတီ သောင်ပြိုကမ်းပြို အနိုင်ရစေရန် မဲပေးလိုက်ကြသည်။
    ရခိုင်ပြည်ရှိ အစိုးရအခေါ် ဘင်္ဂါလီ၊ ၎င်းတို့ကိုယ် ၎င်းတို့ ရိုဟင်ဂျာဟုခေါ်သောသူများ နိုင်ငံသားပြုခွင့်ရမရ ဆိုသော အကြောင်းအရာသည် ပြည်သူလူထုကြားတွင် အင်မတန် ထိလွယ်ရှလွယ်ကိစ္စအဖြစ် ဆက်လက် တည်ရှိနေမည်ဖြစ်သော်လည်း၊ အစွန်းရောက် အမျိုးသားရေး၊ ဘာသာရေး အမည်ခံဟောပြောမှုများကို ပြည်သူတို့ လက်မခံကြောင်း ရွေးကောက်ပွဲရလဒ်များက ထင်ထင်ရှားရှားဖော်ပြလိုက်သည်။
    ပြည်ခိုင်ဖြိုးရှုံးသွားသည်ကို မည်သို့သဘောရပါသနည်းဟု မိမိက မေးမြန်းသောအခါ ရန်ကုန်ရှိ မဘသ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက   “သေခါနီးဆဲဆဲလူကို ကယ်ဖို့ဆိုတာ မလွယ်ဘူးဗျ” ဟု မှတ်ချက်ပြုသည်။
    လက်ရှိအချိန်တွင်တော့ မဘသဆရာတော်များက NLD ပါတီ၏ အနိုင်ရမှုကို ကြိုဆိုသည်ဟူ၍လည်းကောင်း၊ မျိုးစောင့်ဥပဒေများနှင့် ၁၉၈၂ နိုင်ငံသားပြုခွင့်ဥပဒေအား ပြင်ဆင်ရန်ကြိုးစားပါက ငြိမ်နေလိမ့်မဟုတ်ဟု ထုတ်ဖော် မိန့်ကြားထားသည်။
    မည်သို့ပင်ဆိုစေကာမူ  မြန်မာနိုင်ငံရှိလူထုသည် ဘာသာရေးအစွဲ၊ လူမျိုးရေးအစွဲ ပြင်းထန်သူများ မဟုတ်ကြောင်း ရွေးကောက်ပွဲမှ တစ်ဆင့်ပြသလိုက်သည်ကို မဘသ ဆရာတော်များသည် လည်းကောင်း၊ နိုင်ငံတကာမှ စောင့်ကြည့် လေ့လာနေသူများသည် လည်းကောင်း အတန်အသင့် သဘောပေါက်နိုင်ပြီဖြစ်သည်။     ။