News @ M-Media
Author: editor
  • Tomorrow ဂျာနယ်မှ ဦးကျော်စွာမြင့်က လူမျိုးရေးဘာသာရေး ထိရှလွယ်သည့် မှတ်ချက်မျိုးကို အိုဘားမား ပြောသည်ဟုဆိုကာ ထင်ယောင်ထင်မှားဖြစ်စေရန် facebook ပေါ်တွင် ၀ါဒဖြန့်ခဲ့
    Tomorrow ဂျာနယ်မှ ဦးကျော်စွာမြင့်က လူမျိုးရေးဘာသာရေး ထိရှလွယ်သည့် မှတ်ချက်မျိုးကို အိုဘားမား ပြောသည်ဟုဆိုကာ ထင်ယောင်ထင်မှားဖြစ်စေရန် facebook ပေါ်တွင် ၀ါဒဖြန့်ခဲ့
    နိုဝင်ဘာ ၁၅ ၊ ၂၀၁၅
    M-Media
    သတင်း-သီဟ
    Kyaw Swar Myint Photo
    အစ္စလာမ်ဘာသာဝင်များအား ထိခိုကနစ်နာစေမယ့် ရေးသားချက်တွေကို အမေရိကန် သမ္မတ အိုဘားမား ပြောခဲ့သယောင် ဖန်တီးပြီး Tomorrow ဂျာနယ်  က Contributor တစ်ယောက်ဖြစ်တဲ့ ဦးကျော်စွာမြင့် မှ ၄င်းရဲ့ကိုယ်ပိုင် ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ငါးကြိမ်ထက်မနည်း ရေးသားလှုံဆော်ခဲ့ပါတယ်။
    မနေ့က ပြင်သစ်နိုင်ငံပဲရစ်မြို့တွင် ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု သတင်းတွေကို ထပ်ဆင့် ဖော်ပြရာမှာ ဦးကျော်စွာမြင့်က ” အစ္စလာမ်ဘာသာဝင်တိုင်းဟာ အကြမ်းဖက်သမားတွေမဟုတ်ကြပေမယ့် အကြမ်းဖက်သမားတိုင်းဟာ အစ္စလာမ်ဘာသာဝင်တွေချည်းပါပဲ။” ( ဘားရက်ခ်အိုဘားမား – အမေရိကန်သမ္မတ) ဆိုတဲ့ ကိုယ်ပိုင်မှတ်ချက်နဲ့  ဖေ့စ်ဘွတ်ခ် ပို့စ်ပေါင်း ၅ ခုထက်မနည်းမှာ ရေးသား ဖော်ပြခဲ့တာဖြစ်ပါတယ်။
    ဦးကျော်စွာမြင့် မှတ်ချက်ပေးထားတဲ့ “အိုဘားမားပြောကြားချက်” ဆိုတာကို သမ္မတ အိုဘားမား အမှန်တကယ်ပြောကြားခြင်း ရှိ/မရှိ အမှန်တကယ်သိနိုင်ဖို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ တရားဝင် FB စာမျက်နှာကို “June Gio” အမည်နဲ့ ဆိုရှယ်မီဒီယာ အသုံးပြုသူ တစ်ဥိးမှ မေးမြန်းခဲ့ပါတယ်။
    Kyaw Swar Myint about Obama
    အမေရိကန်သံရုံးမှ အဲဒီ စကားကို သမ္မတအိုဘားမား ပြောကြားခဲ့ခြင်း မရှိကြောင်း ၊ ဦးကျော်စွာမြင့်ရဲ့ မှတ်ချက်ဟာမှားယွင်းကြောင်း အကြောင်းပြန်ခဲ့တာကို တွေ့ရှိရပါတယ်။
    ဦး ကျော်စွာမြင့်က ယခင်အကြိမ်များမှာလည်း လူမျိုးရေး ဘာသာရေး ထိလွယ်ရှလွယ်တဲ့ သတင်းများကို ရေးသားဖော်ပြ ခဲ့ဖူးသူ ဖြစ်ပါတယ်။
    ဆက်စပ်ဆောင်းပါးများဖတ်ရန်
    ———————————
    စည်သူအောင်မြင့်- ” Tomorrow အမုန်းတရားဖြန့်ဖြူးရာ စာမျက်နှာသစ်”
    http://www.m-mediagroup.com/news/32170
    သို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ။ ကုလားတွေလည်း ကြောက်တတ်ပါတယ်။
    http://www.m-mediagroup.com/news/42308
    ပြည်သူ့ ပိုက်ဆံလိမ် ယူနေသည့် အမျိုးသားရေး သူငယ်နာ မစင်သေးတဲ့ မီဒီယာများ
    http://www.m-mediagroup.com/news/32012
  • ပဲရစ် အကြမ်းဖက် တိုက်ခိုက်မှု ကျူးလွန်သူတွေကို ပြင်သစ် အာဏာပိုင်တွေ ကြို ပြီးသိခဲ့
    ပဲရစ် အကြမ်းဖက် တိုက်ခိုက်မှု ကျူးလွန်သူတွေကို ပြင်သစ် အာဏာပိုင်တွေ ကြို ပြီးသိခဲ့
    နိုဝင်ဘာ ၁၅ ၊ ၂၀၁၅
    M-Media
    103169102-RTS6ZSC.530x298
    ကနဦးပိုင်း ခန့်မှန်းသတင်းများအရ လူတစ်ရာကျော်သေဆုံးပြီး ရာချီဒဏ်ရာရစေခဲ့တဲ့ မကြုံစဖူး ပဲရစ်မြို့လယ်တိုက်ခိုက်မှု မတိုင်မီ ပြင်သစ်လုံခြုံရေးအေးဂျင့်များဟာ တိုက်ခိုက်မှုထဲပါဝင်တဲ့ အကြမ်းဖက်သမားတွေကို အသေအချာသိရှိထားပြီး ဖြစ်နေပါတယ်။
    UK Daily Mail ရဲ့ဆောင်းပါး Hunt for the Isis Killers မှာ အကြမ်းဖက်သမား တစ်ဦးက ပြင်သစ်နိုင်ငံသားဖြစ်ပြီး၊ နောက်ထပ်နှစ်ဦး က ဆီးရီးယားနဲ့ အီဂျစ်နိုင်ငံသားတွေဖြစ်တယ်လို့ အာဏာပိုင်တွေ ဆိုကြောင်း အောက်ပါအတိုင်း ထုတ်ဖော်ထားပါတယ်။
    နယ်ခံသတင်းများအရ ယမန်နေ့ည ပါရီတိုက်ခိုက်မှုထဲပါဝင်တဲ့ အကြမ်းဖက်သမားတစ်ဦးက တရားဝင် ပါရီမြို့သားတစ်ဦးဖြစ်ပါတယ်။ Bataclan မှာ ပစ်သတ်ခံရသူရဲ့ လက်ဗွေကို စစ်ဆေးကြည့်တဲ့အခါ Courcouronnes နယ်မြေထဲက တောင်ပိုင်းပါရီသား တစ်ဦး ဖြစ်နေကြောင်း တွေ့ခဲ့ရတယ်။
    အဲ့ဒီလူဟာ အသက် ၃၀ ၀န်းကျင်ရှိပြီး ယမန်နေ့ညတိုက်ခိုက်မှု မတိုင်မှီကတည်းက ပြင်သစ်အကြမ်းဖက်ဆန့်ကျင်ရေး အရာရှိများနဲ့ သိကျွမ်းနှင့်ပြီးသားလို့ ပြင်သစ်သတင်းများက ဆိုပါတယ်။
    အလားတူစွာပဲ လူ ၁၂ ဦးသေဆုံးခဲ့တဲ့ ၂၀၁၅ ဇန်န၀ါရီ ချာလီဟက်ဘို တိုက်ခိုက်မှုကိုကြည့်ရင် ပြင်သစ်လုံခြုံရေးအေးဂျင့်များက အဲ့ဒီဖြစ်ရပ်မတိုင်မီ ကျူးလွန်ခဲ့ကြသူတွေကို ဆယ်စုနှစ်တစ်ခုစာနီးပါး ခြေရာခံနေခဲ့တယ်။ အဲ့ဒီထဲက အကြမ်းဖက်သမားတစ်ဦးကို အနည်းဆုံး ၂ ကြိမ် ဖမ်းဆီးထိန်းသိမ်းခဲ့ကြတယ်။ တစ်ကြိမ် အကျဉ်းချခဲ့ဖူးပါတယ်။ အဲ့ဒီထဲကနှစ်ဦးကို သူတို့သင်တန်းတက်ခဲ့ကြတဲ့၊ လက်တွဲတိုက်ခိုက်ဖူးတဲ့ နာမည်ကြီး အကြမ်းဖက်အဖွဲ့အစည်းများရှိရာ နိုင်ငံရပ်ခြား ဆီးရီးယားနယ်ထဲအထိ သွားရောက်ခြေရာ ခံခဲ့ကြတယ်။ ဒါဟာ ပြင်သစ်နယ်ကိုပြန်ဝင်လာတဲ့ သူတို့ကို နောက်ထပ်ခြေရာမခံမီက အဖြစ်အပျက်ပါ။ အလွန်အင်မတန် အံ့သြစရာကောင်းတာကတော့ ပြင်သစ်လုံခြုံရေးအေးဂျင့်များက အဲ့ဒီအကြမ်းဖက်သမားများကို ဆယ်စုနှစ်တစ်ခုစာ ခြေရာခံ လိုက်ခဲ့ပြီးနောက်မှာမှ အမှုကိုပိတ်သိမ်းဖို့ ဆုံးဖြတ်လိုက်ကြတယ် ဆိုတာပါပဲ။ သို့အားဖြင့် အကြမ်းဖက်သမားများအဖို့ သူတို့ရဲ့ နောက်ဆုံးအစီအစဉ်ကြီး အထမြောက်အောင် လုပ်ဆောင်ဖို့အတွက် အချိန်လုံလုံလောက်လောက် ရရှိသွားပါတယ်။
    စစ်ဆင်ခြင်းနဲ့ ထောက်လှမ်းခြင်းက အရာမရောက်
    ————————————————-
    ချာလီဟက်ဘို တိုက်ခိုက်မှုနဲ့ ပုံစံတူမြင်ကွင်းမျိုးကို ယခုတဖန် ထွက်ပေါ်ကြုံဆုံရပြန်ပါပြီ။ အစွန်းရောက်တွေကို ပြင်သစ် လုံခြုံရေးအေးဂျင့်များက သိထားပြီးကြသော်လည်း သူတို့ကို ကြိုတင် မတားဆီးနိုင်ခဲ့ကြပါဘူး။ လက်ရှိဥပဒေပြဋ္ဌာန်းချက်များက လုံခြုံရေးအေးဂျင့်တွေကို လုပ်ပိုင်ခွင့်များစွာ ထပ်တိုးပေးအပ်ထားသည့်တိုင် ခုလို အဆင့်မြင့်တိုက်ခိုက်မှုသာ ထပ်မံဖြစ်ပွားလာခဲ့တယ်။ ထိုးဖောက်ထောက်လှမ်းစုံစမ်းမှုဖြစ်စေ ပြည်ပစစ်ဆင်မှုဖြစ်စေ အကြမ်းဖက်ပြဿနာကို မဖြိုလှဲနိုင်ဘူးဆိုတာ ဒီအချက်က ထင်ရှားလာစေ ပါတယ်။ ပြင်သစ်အစိုးရ ကိုယ်တိုင်က အကြမ်းဖက်မှု ရပ်တန့်ရေးကို တမင်မပြုလုပ်လေသလားလို့ ယူဆစရာပါ။ ပြဿနာက ပြင်သစ် လူဝင်မှုကြီးကြပ်ရေး ဥပဒေ မဟုတ်ပါဘူး။ အန္တရာယ်ပေးနိုင်သူတွေဟာ ပြင်သစ်ထဲမှာပဲ ရှိနေပြီး သူတို့ကို ပြင်သစ် လုံခြုံရေးအေဂျင်စီတွေက တောက်လျှောက်ခြေရာခံနေခဲ့ပြီးသားဖြစ်နေတယ်။ ဆီးရီးယားဟာလည်း ပြဿနာ မဟုတ်ပါဘူး။ အကြမ်းဖက်သူတွေက အဲ့ဒီကိုသွားပြီး ကြောက်စရာ အတတ်တွေ ရယူခဲ့ကြတယ်၊ ပြင်သစ်ပြန်မလာခင် ပုံသွင်းခံရတယ်။ ဒါကိုလည်း ပြင်သစ်လုံခြုံရေးအေးဂျင့်များက ခြေရာခံနိုင်ခဲ့ပြီးလည်းဖြစ်ပါတယ်။ တကယ့်ပြဿနာကတော့ အန္တရာယ်ပေးနိုင်တဲ့ ဒီလူတွေတစ်ဦးချင်းရဲ့ ဘ၀နေထိုင်မှု၊ အလုပ်အကိုင် နဲ့ ပြင်သစ်လူ့အဖွဲ့အစည်းထဲ ဖျက်ဆီးရေးကြံစည်ချက်တွေကို လုံခြုံရေးအေးဂျင့်တွေက အတိုင်းသား သိနေပါလျက် ဘာဆိုဘာမှ မပြုလုပ် မဆောင်ရွက်ခြင်းပါပဲ။ သိသိကြီးနဲ့ လွှတ်ထားခဲ့ကြတာပါ။ သိပ်မကြာတော့တဲ့အချိန်မှာ ပြင်သစ်အစိုးရ (နဲ့) ဆီးရီးယားအပေါ်စစ်ဆင်နေကြတဲ့ သူ့ရဲ့အလိုတူအလိုအသီးသီးက အရေးယူမှုအစီအစဉ်တစ်ရပ်ကို အဆိုပြုကြပါလိမ့်မယ်၊ ပြင်သစ်နဲ့ဥရောပတစ်ခွင်မှာ အကြမ်းဖက်မှုအန္တရာယ်ရှိကြောင်း သူတို့က ယိုးမယ်ဖွဲ့ကြပါလိမ့်မယ်။ ဒါပေမယ့် တကယ့်အရှိတရားမှာ ဒီပြဿနာက ပြင်သစ်အစိုးရကိုယ်တိုင် ကိုယ်တွယ်ဖြေရှင်းနိုင်တဲ့ ကိစ္စဖြစ်နေတာကို တွေ့ရတယ်။ ဒါကြောင့် ပြဿနာအစစ်ကတော့ ပြင်သစ်အစိုးရကိုယ်တိုင်ပါပဲဆိုတာ ရှင်းလင်းထင်ရှားနေပါတယ်။
    ပဲရစ်တိုက်ခိုက်မှုနောက်ကွယ်မှာ ISIS ဆိုရင် ISIS နောက်ကွယ်မှာက ဘယ်သူလဲ ?
    —————————————————————-
    အစ္စလာမ့်နိုင်ငံတော်(ထူထောင်ရေးအဖွဲ့) လို့အမည်ခံထားတဲ့ ISIS ကို ဒီတိုက်ခိုက်မှုရဲ့နောက်ကွယ်က တရားခံလို့ ဆိုကြတယ်။ ဒါဆိုရင် ISIS နောက်ကွယ်မှာ ဘယ်သူတွေရှိနေကြသလဲ ဆိုတဲ့ မေးခွန်း ထွက်လာပါတယ်။ အကြမ်းဖက်အဖွဲ့အစည်းတွေဟာ ဒဏ္ဍာရီဆန်လှတဲ့ စွမ်းရည်တွေပိုင်ဆိုင်ထားပါတယ်ဆိုတဲ့အကြောင်း၊ (ယခင်က) အီရန် နဲ့ (ယခုမှာ) ရုရှားရဲ့အကူအညီကိုယူပြီး ဆီးရီးယား၊ အီရတ်နဲ့ လက်ဘနွန်က ဟစ်ဇဘိုလာတို့အပေါ် ရေရှည်စစ်ဆင်ရေးတွေ ဆင်နွှဲနိုင်စွမ်းရှိကြောင်း အနောက်တိုင်းက ဆက်လက်ထိန်းသိမ်းဖို့ ကြိုးပမ်းနေကြတယ်၊ ဒါကြောင့် ISIS ဟာ မဟာအင်အားကြီးနိုင်ငံများရဲ့ အသုံးတော်ခံအုပ်စုဖြစ်ကြောင်း ထင်ရှားပါတယ်။
    ပူလစ်ဇာဆုရှင် စာနယ်ဇင်းသမား Seymour Hersh ရဲ့ တွေ့ဆုံမေးမြန်းမှုများအရ ISIS ဟာ ၂၀၀၇ ခုနှစ်က စတင်ခေါင်းပြူလာတယ်လို့ စာမျက်နှာ ၉ မျက်နှာပါ သူ့ရဲ့ The Rediredtion အစီရင်ခံစာထဲ ဖော်ပြထားပါတယ်။ ဂိုဏ်းကွဲအစွန်းရောက်တွေ(အလ်ကိုင်ဒါ အုပ်စုတွေ)ကို အထူးအားဖြည့်အသုံးချပြီး ဆီးရီးယားမှာ မတည်မငြိမ်ဖြစ်စေဖို့နဲ့ ဆီးရီးယားအစိုးရကို ဖြုတ်ချဖို့ အစီအစဉ်ကြီးတစ်ရပ် ရှိခဲ့ကြောင်း အဲ့ဒီ အင်တာဗျူးများက ဖော်ထုတ်လှစ်ပြလိုက်ပါတယ်။ မိမိရဲ့ အခိုင်မာဆုံး မဟာမိတ်ဟောင်းကြီး ဆော်ဒီအာရေဗျကတဆင့် အလ်ကိုင်ဒါတို့ဆီ ငွေကြေးနဲ့လက်နက်တွေကို အမေရိကန်က တိတ်တဆိတ် လွှဲပြောင်းပံ့ပိုးပေးခဲ့ပါတယ်။
    ၂၀၁၂ ခုနှစ် ထောက်လှမ်းရေးအေဂျင်စီဋ္ဌာန Department of Intelligence Angency (DIA) ရဲ့အစီရင်ခံစာမူကြမ်းမှာ ဒီအချက်ကို ထင်ထင်ရှားရှားတွေ့ရပါတယ်။
    “အခြေအနေအရှုပ်အထွးကို ဖြည်ချလိုတယ်ဆိုရင် လုပ်ဆောင်နိုင်တဲ့ ဖြစ်နိုင်ချေတစ်ရပ်ရှိပါတယ်။ ဆီးရီးယားအရှေ့ပိုင်း (Hasaka နဲ့ Der Zor) မှာ အတိအလင်းကြေငြာတဲ့ သို့မဟုတ် ကြိတ်ပုန်း စလဖီဝါဒီအုပ်စုကို ထူထောင်ဖို့ပါပဲ။ ဒါဟာ ဆီးရီးယားအစိုးရကို အထီးကျန်စေရေးအတွက် အတိုက်အခံတွေလိုနေတဲ့ အင်အားစုတွေကို အတိအကျ အားဖြည့်ထောက်ကူပေးရာ ရောက်စေတယ်။ အီရန်နဲ့အီရတ်မှာ ရှီအာတွေ ခြေလှမ်းကျယ်လာရေး မဟာဗျူဟာ ချမှတ်နေတယ်လို့ ထင်မှတ်လာအောင် လုပ်ရပါမယ်”။
    “အားဖြည့်ထောက်ကူပေးမယ့်အင်အားစုများ” ဆိုတာ – အတိုက်အခံတွေကိုထောက်ခံတဲ့ အနောက်တိုင်း၊ ပင်လယ်ကွေ့နိုင်ငံများ၊ တူရကီနိုင်ငံ (နဲ့) အာဏာရအုပ်စုကိုထောက်ခံတဲ့ ရုရှား၊ တရုတ်၊ အီရန်တို့ ဖြစ်တဲ့အကြောင်း DIA အစီရင်ခံစာက တိတိကျကျ စာရင်းချပြထားပါတယ်။
    ဒီနေ့ထိ ဆီးရီးယားပဋိပက္ခကြားက ဂိုဏ်းကွဲအုပ်စုတွေရဲ့ထိန်းချုပ်နယ်မြေတွေကို အသေးစိပ်ဖော်ပြထားတဲ့ မည်သည့်ကမ္ဘာ့မြေပုံကိုမဆို ယူကြည့်လိုက်ရင် – ISIS ဆိုတာ နိုင်ငံတစ်ခုဆိုတဲ့အဆင့် လုံးဝမဟုတ်ပါဘဲ နေတိုးအဖွဲ့ဝင် တူရကီပိုင်နက်ကနေ ပြူထွက်လာတဲ့ အဆက်မပြတ် ကျူးကျော်စီးနင်းမှုတစ်ရပ် ဖြစ်နေကြောင်း ရှင်းလင်းသွားပါလိမ့်မယ်။ ယခုအချိန်မှာ မြစ်ကြောင်းကျုံ့နေပြီးသား ယူဖရေးတီးစ်မြစ်အနောက်ဖက်ကမ်းရိုးတန်းနဲ့ ဆီးရီးယားမြို့တော် Ad Dana အကြားရှိ တူရကီ-ဆီးရီးယားနယ်စပ်ကို ဖြတ်ကျော်ထားတဲ့ တူရကီရဲ့ကနဦးလမ်းကြောကတဆင့် ဖြတ်သန်းဝင်ရောက်လာတာဖြစ်တယ်။
    2300syria-ISIS-7-27-15
    တူရကီ-ဆီးရီးယားနယ်စပ်ဒေသကနေ တိုက်ရိုက်ဆန်တက်လာတဲ့လမ်းကြောတစ်လျှောက်က ISIS ထိန်းချုပ် နယ်မြေတွေကို မီးခိုးရောင်နဲ့ပြသထားပါတယ်။ လက်ရှိချိန်မှာ ဒီလမ်းကြော၊ အလက်ပိုမြို့ ၀န်းကျင်တစ်ခွင်နဲ့ ယူဖရေးတီးစ်မြစ် အနောက်ဖက် ကမ်းမြှောင်တစ်လျှောက်ကို ဆီးရီးယား-ရုရှားပူးပေါင်းတပ်ဖွဲ့က အနိုင်ရပြီး ဖြတ်တောက် ပိတ်ဆို့ထားပါတယ်။ ယူဖရေးတီးစ်မြစ်အရှေ့ဖက်ဒေသများကတော့ ကာ့ဒ်နဲ့ ဆီးရီးယားတပ်ဖွဲ့များက ထိန်းချုပ် ထားပြီးသားဖြစ်တယ်။ ISIS ရဲ့အစောပိုင်း အထောက်အပံ့ကို ပေးကူနေတာ ဟာ နေတိုးအုပ်စုပါ။ သို့သော် နေတိုး အုပ်စုဝင်နိုင်ငံ တစ်ခုကို တိုက်ခိုက်တဲ့နောက်ကွယ်တရားခံက ISIS ပါလို့ ဆိုထားကြပါတယ်။
    ဆီးရီးယားအစိုးရနဲ့ နောက်ခံအင်အားစုကို ဖယ်ထုတ်ပစ်ဖို့ အနောက်တိုင်းရဲ့အားထုတ်မှု၊ သူတို့တွန်းထိုးလိုက်တဲ့ ဇာတ်ခင်းမှုဟာ ဆီးရီးယား-ရုရှားပူးပေါင်းစစ်ဆင်ရေးတွေကြောင့် ဒီလမ်းကြောတည်ငြိမ်ကျဉ်းမြောင်းလာတာနဲ့အမျှ ယခုချိန်မှာ ပြုတ်ပြုတ်ပြုန်းနေရပြီဖြစ်ပါတယ်။
    လွန်ခဲ့တဲ့ရက်သတ္တပတ်ကပဲ ဆီးရီးယားတပ်ဖွဲ့များက နှစ်များစွာ ပိတ်ဆို့ခံထားရတဲ့ ကွေး တပ်မတော်လေဆိပ်ကို အခိုင်အမာ ပြန်လည်ထိန်းချုပ်သွားနိုင်ခဲ့တယ်။ လေဆိပ်ဟာ ယူဖရေးတီးစ်မြစ်ကနေ မိုင် ၂၀ မျှသာ ကွာဝေးပါတယ်။ ရုရှားလေကြောင်းပစ်အကာအကွယ်ရထားတဲ့အတွက် ဆီးရီးယားတပ်ဖွဲ့များဟာ ဆီးရီးယားကမ်းခြေတစ်လျှောက် တူရကီနယ်စပ်ဖက်ကို ဆန်တက်ရှင်းလင်းနိုင်ခဲ့ပြီး၊ ISIS  တို့ ဆီးရီးယားအတွင်းပိုင်းထိ ထိုးဖောက်ချက်ကို ဖြတ်တောက်ပစ်မယ့် အကျစ်လစ်ဆုံးတပ်ဦး အသွင်ဆောင်လာပါပြီ။
    မြောက်ပိုင်းက ISIS ရဲ့ အားဖြည့်လမ်းကြောင်းတွေကို ဖြတ်တောက်နိုင်မယ်ဆိုရင် ဒီအဖွဲ့ရဲ့ ဇွတ်တိုးတိုက်ခိုက်မှုစွမ်းရည် ချည့်နဲ့သွားစေမှာဖြစ်တယ်။ အနောက်တိုင်းရဲ့ အစိုးရပြောင်းလဲရေးအခွင့်အလမ်းတံခါးဟာလည်း အလျင်အမြန် ပိတ်သွားပါလိမ့်မယ်။ ဒီတံခါးမပိတ်သွားအောင် ကာကွယ်သောအားဖြင့်  နောက်ဆုံးခံစစ်အနေနဲ့ ပြင်သစ်အစိုးရက မိမိရဲ့ပြည်သူပြည်သားများကိုပင်လျှင် ထိုးကျွေးတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
    အမှန်အားဖြင့် ပြင်သစ်နိုင်ငံဟာ ချာလီဟက်ဘို တိုက်ခိုက်သူများကို သိခဲ့တယ်၊ လတ်တစ်လော ပါရီတိုက်ခိုက်မှုမှာ ပါဝင်သူတွေကိုလည်း ရှေးဦး မဆွကတည်းက သိခဲ့တယ်။ သူတို့ရဲ့အစီအမံတွေ အကောင်အထည်ဖော်ဖို့ အချိန်ကောင်းစောင့်နေခဲ့တာကိုလည်း သိထားနိုင်ချေ ရှိပါတယ်။ သိပါလျက်နဲ့ ဘာမှ မလုပ်ဘဲ ရပ်ကြည့်နေခဲ့ကြတယ်။ ရှေ့ဆက်ဆိုရရင် ပြင်သစ်အစိုးရဟာ နိုင်ငံ့လုံခြုံရေးကို ထိန်းသိမ်းမယ့်အစား ဒါကိုပဲ လက်နက်အဖြစ် အသုံးချဖို့ ရွေးချယ်ခဲ့ကြတယ်။ လူထုရဲ့အမြင်ကိုဆန့်ကျင်ပြီး မိမိတို့ရဲ့ ပြည်ပရေးရာပထ၀ီနိုင်ငံရေးအစီအစဉ်မှာ အကျိုးအမြတ်ရဖို့ပဲ ကြည့်ခဲ့ကြပါတယ်။
    တကယ်လို့ ပြင်သစ်ပြည်သူများအနေနဲ့ မိမိတို့ပိုင်နက်အတွင်း အဖန်တလဲလဲ အကြမ်းဖက်တိုက်ခိုက်ခံရမှုအတွက် တာဝန်ရှိသူတွေကို အပြင်းစား တွန်းလှန်လိုတယ်ဆိုရင် …….
    ISIS ကို ဒီကနေ့တိုင်အောင် အလျဉ်မပြတ် ကူညီနေပြီး မြင့်တက်ခေါင်းထောင်လာစေတဲ့ – တိုက်ခိုက်မှုကို သိထားပြီး အလျဉ်းမတားဆီးခဲ့တဲ့ ဒီလူတစ်စုတည်းအပေါ် တွန်းလှန်မှုနဲ့ စတင်လိုက်ရမှာဖြစ်ပါတယ်။
    xxxxxxxxxxxxxxxxxxxxxxxxx
    Tony Cartalucci ၏ CONFIRMED: French Government Knew Extremists BEFORE Paris Terrorist Attack ဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုသည်။
    Ref : Globlal Research
  • ပဲရစ်အကြမ်းဖက် တိုက်ခိုက်မှုကို မြန်မာမွတ်စလင် ခေါင်းဆောင်များ ပြင်းပြင်းထန်ထန် ရှုတ်ချ
    ပဲရစ်အကြမ်းဖက် တိုက်ခိုက်မှုကို မြန်မာမွတ်စလင် ခေါင်းဆောင်များ ပြင်းပြင်းထန်ထန် ရှုတ်ချ
    နိုဝင်ဘာ ၁၄၊ ၂၀၁၅
    M-Media
    သတင်း-ညီညီနိုင်
    – ယမန်နေ့က ပြင်သစ်နိုင်ငံပဲရစ်မြို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများအား မြန်မာနိုင်ငံမှ မွတ်စလင်ခေါင်းဆောင်များက ရှုတ်ချလိုက်ပြီး၊ သေဆုံးသွားသည့် အပြစ်မဲ့ပြည်သူများအတွက်လည်း ကြေကွဲ ၀မ်းနည်းရသည်ဟု ပြောကြားလိုက်သည်။
    နေရာ ၅ ခုတွင် ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၅၀ ကျော် သေဆုံးခဲ့သည့် ထိုတိုက်ခိုက်မှုကို IS အဖွဲ့က ၎င်းတို့လက်ချက်ဖြစ်သည်ဟု တာဝန်ယူခဲ့သည်။
    ရန်ကုန်မြို့ စူရ်သီဗလီကြီးမှ ရှေ့ဆောင်အီမာမ်တစ်ဦး ဖြစ်ပြီး၊ ရှောင်ကသ် အစ္စလာမ် မော်လ၀ီကျောင်းမှ ကျောင်းအုပ်ကြီးဖြစ်သူ မွဖ်သီ နူရ်း မုဟမ္မဒ် (ခ) ဦးကိုလေးက တိုက်ခိုက်မှုအတွင်း သေဆုံး ကွယ်လွန်သွားသူများအတွက် ၀မ်နည်းကြေကွဲရသည်ဟု ပြောကြားခဲ့သည်။
    _DSC0811
    “ဒါဟာ လုံးဝ မလုပ်သင့်တဲ့ ကိစ္စပါပဲ။ ဒီ(တိုက်ခိုက်မှု)ထဲမှာ အပြစ်မဲ့တဲ့သူတွေ အများကြီးပါသွားမှာ။ အင်မတန် ကြေကွဲစရာကောင်းတဲ့ကိစ္စပါ။ ကျွန်တော်လည်း တော်တော် စိတ်မကောင်းဖြစ်နေတာပါ။ အပြစ်မဲ့တဲ့ ကလေးတွေ၊ အမျိုးသမီးတွေ၊ သက်ကြီးဝါကြီးတွေ အကုန်လုံး ပါကုန်မှာပါ။ ဘာသာရေးနဲ့ ပတ်သက်တာဖြစ်ဖြစ်၊ လူမှုရေးနဲ့ ပတ်သက်တာဖြစ်ဖြစ်၊ နိုင်ငံရေးနဲ့ ပတ်သက်တာဖြစ်ဖြစ် ဒါဟာ မလုပ်သင့်မလုပ်ထိုက်တဲ့ ကိစ္စပါပဲ။ ပြီးတော့ တော်တော်ကြီးကို ရှုတ်ချသင့်တဲ့ ကိစ္စပါ။ ကွယ်လွန်သွားတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပတ်သက်ပြီးတော့လည်း တော်တော် စိတ်မကောင်းဖြစ်ရပါတယ်”
    မွဖ်သီ နူရ်းမှာ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့တွင်လည်း တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နေသူ ဖြစ်ပြီး IS အဖွဲ့နှင့်ပတ်သက်၍ ၎င်းက “သူတို့လုပ်နေတာတွေအားလုံးဟာ အစ္စလာမ်နဲ့ လုံလုံလျားလျားကြီး ဆန့်ကျင်နေတယ်။ သူတို့ဟာ အခစားတွေလို့ပဲ ကျွန်တော် ရိပ်စားမိတယ်။ နိုင်ငံကြီးတစ်နိုင်ငံက သူတို့ကို လက်သပ်မွေးပြီးတော့ အစ္စလာမ်ကမ္ဘာနဲ့ ကမ္ဘာကြီးကို ရန်တိုက်ပေးထားတာပဲ။ ပြစ်မှုကြီး တစ်ခုကို ကျူးလွန်ပြီးတိုင်း ပြီးတိုင်းမှာ သူတို့က အစ္စလာမ့်ရဲ့ “သက်သေခံချက်” ကို ထောင်ထောင်ပြတယ်။ ဒါဟာ တော်တော်ကြီးကို မွတ်စလင်တွေနဲ့ အစ္စလာမ်ဘာသာအတွက် မကောင်းတဲ့ကိစ္စပဲ”
    ထိုကဲ့သို့ အစ္စလာမ်ကို အလွဲသုံးစားလုပ်နေသည့် အကြမ်းဖက်အဖွဲ့များကြောင့် ငြိမ်းချမ်းစွာနေထိုင်သော ကျန်ရှိသည့် မွတ်စလင်အများစုမှာလည်း အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု မွဖ်သီ နူးရ် မုဟမ္မဒ်က ထည့်သွင်းပြောကြားခဲ့သည်။
    “ဒါမျိုးတွေကြောင့် အခု ခရီးသွားတာတို့မှာ ကျွန်တော်တို့မွတ်စလင်တွေကို လူတွေက အကြမ်းဖက်ဝါဒီတွေလို့ မြင်ကုန်ပြီ။ ဒါဟာ တော်တော်ကြီးကို ၀မ်းနည်းစရာပါပဲ”
    အစ္စလာမ့်ဓမ္မဗိမာန်မှ ဆော်သြရေးမှူး အလ်ဟဂ်ျ ခလီဖွာ ဦးအေးလွင်ကလည်း ထိုအကြမ်းဖက်တိုက်ခိုက်မှု အတွက် သေဆုံးသွားသူများအတွက် စာနာကြောင်း ပြောကြားခဲ့သည်။
    DSCN5664-1
    “ဒီလုပ်ရပ်တွေက အစ္စလာမ်နဲ့ လုံးဝ ဆန့်ကျင်တဲ့လုပ်ရပ်တွေပါပဲ။ အစ္စလာမ်နဲ့ ဘယ်လိုမှ မပတ်သက်ပါဘူး။ သေဆုံးသွားတဲ့ လူတွေအတွက်တော့ တော်တော်လေး ၀မ်းနည်းပါတယ်။ ကုရ်အာန်ကျမ်းမြတ်အရ ပြောရရင် အပြစ်မဲ့တဲ့လူသားတစ်ယောက်ကို သတ်ဖြတ်ခြင်းဟာ လူသားအားလုံးကို သတ်တာပါပဲ။ သေဆုံးသွားတဲ့ လူတွေအတွက် အလွန် စိတ်မကောင်းဖြစ်ရပါတယ်” ဟု ပြောကြားခဲ့သည်။
    အီရတ်အား အမေရိကန်က ကျူးကျော်သိမ်းပိုက်မှုနှင့် ဆီးရီးယားစစ်ပွဲကြောင့် ပေါ်ထွက်လာခဲ့သည့် IS အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကို ကမ္ဘာတစ်ဝှမ်းမှ အစ္စလာမ်ဘာသာရေးခေါင်းဆောင်များနှင့် အသင်းအဖွဲ့များက ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ခဲ့ကြသည်။
    ခလီဖွာ ဦးအေးလွင်က
    “IS နဲ့ ပတ်သက်ပြီးတော့ ဘာမှမပြောချင်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ သူတို့ဟာ အစ္စလာမ် ဘာသာဝင်တွေ မဟုတ်လို့ပါပဲ။ သူတို့လုပ်ရပ်တွေဟာ အစ္စလာမ်နဲ့ ဘာမှ ပတ်သက်တဲ့ကိစ္စတွေ မဟုတ်ဘူး။ ဒ့ါကြောင့် အစ္စလာမ်နဲ့ မပတ်သက်တဲ့သူကို အစ္စလာမ် ဘာသာဝင် တစ်ယောက်အနေနဲ့ ဘာမှ ပြောစရာမရှိပါဘူး” ဟု ပြောကြားခဲ့သည်။
    မြန်မာနိုင်ငံရှိ ရှေ့ဆောင်အီမာမ်များမှာ ဗလီဝတ်ကျောင်းတော်များတွင် ဖွင့်လှစ်သင်ကြားသည့် အခြေခံ အစ္စလာမ်ဘာသာရေး သင်တန်းများ၊ အပတ်စဉ် သောကြာနေ့ ၀တ်ပြုမှုအတွင်း ဟောပြာသည့် တရားဒေသနာများမှ တစ်ဆင့် မြန်မာမွတ်စလင် လူ့အဖွဲ့အစည်းအတွင်း အစွန်းရာက် အယူအဆများ မ၀င်ရောက်စေရေး၊ စစ်မှန်သော အစ္စလာမ့်သွန်သင်ချက်များကို နာလည်းသဘောပေါက်စေရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိနေသည်။
  • အကြီးအကျယ်ရှုံးခဲ့တဲ့ ဒေါက်တာနေဇင်လတ် ပါတီ ရှေ့ခြေလှမ်း ဘာလဲ၊ ဘယ်လဲ ?
    အကြီးအကျယ်ရှုံးခဲ့တဲ့ ဒေါက်တာနေဇင်လတ် ပါတီ ရှေ့ခြေလှမ်း ဘာလဲ၊ ဘယ်လဲ ?
    နိုဝင်ဘာ ၁၄ ၊ ၂၀၁၅
    M-Media
    12096419_556765344472056_5006139340398247684_n (1)
    ဇူလိုင်လအတွင်း နိုင်ငံရေးမြင်ကွင်းပေါ် ရောက်လာတဲ့ အမျိုးသားတိုးတက်ရေးပါတီ NDP တင်သွင်းသော နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ အတွက် ကိုယ်စားလှယ်လောင်းမှာ ၃၅၄ ဦးရှိထိ ရှိနေကြောင်း၊ ကိုယ်စားလှယ်လောင်းဦးရေမှာ စတုတ္ထ အများဆုံးဖြစ်သွားကြောင်း လူအများမှ အံ့သြစဖွယ် တွေ့လိုက်ရသည်။
    သမ္မတဦးသိန်းစိန်၏ နိုင်ငံရေး အကြံပေးအဖွဲ့ဝင်ဟောင်း ဦးနေဇင်လတ် တည်ထောင်သည့် NDP ပါတီ အမှတ်တံဆိပ်၏ ကဒေါင်းပုံသည် ၎င်းပါတီ ကိုယ်စားလှယ်ဝင်များ နိုင်ငံအ၀ှမ်း မဲဆွယ်စဉ်က ထင်ရှားသော အမှတ်အသားထဲ အပါအ၀င်ဖြစ်ခဲ့သည်။ ထိုပါတီ၏ လှုံ့ဆော်မှုဖြစ်သော အမျိုးဘာသာ ကာကွယ်စောင့်ရှောက်ရေး ဥပဒေများအား ထောက်ခံကာကွယ်သွားရေးကို အသံမြှင့်တင်ခဲ့ကြပြီး၊ စည်းရုံးရေးဆင်းချိန်က ရှေးရိုးစွဲဗုဒ္ဓဘာသာ သံဃာများ တက်ရောက်ခဲ့ကြသည်။
    သို့သော် နိုဝင်ဘာ ၈ ရက်မှစတင်ကာ ထိုပါတီ၏မည်သည့်အသံကိုမျှ မကြားရတော့။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် အမတ်နေရာ အများအပြား သိမ်းပိုက်ရရှိလာသည်တွင် NDP မှာ ရှုံးချေစိုက်လာတော့၏။
    ပါတီအနေနှင့် ယခုနှစ်ရွေးကောက်ပွဲတွင် မဲအသာရရေးကို ဦးတည်ခဲ့ခြင်း အလျဉ်းမရှိပါဟု NDP ၏လက်ရှိအကြံပေးအဖွဲ့ဝင် စစ်တပ်အရာရှိဟောင်း ဦးခင်မောင်ဇော်က ဆိုသည်။
    “ကျွန်တော်တို့ မရှုံးခဲ့ပါဘူး။ ကျွန်တော်တို့ အတွက် အချက်အလက် အများအပြားရရှိခဲ့ပြီး အခုဆိုရင် လာမယ့်ငါးနှစ်အတွက် ဘယ်လိုရှေ့ဆက်ရမယ် ဆိုတာ ပိုမို ရှင်းလင်းသွားစေပါတယ်။ ကျွန်တော်တို့ရဲ့ဦးတည်ပစ်မှတ်ကတော့ ၂၀၂၀ ရွေးကောက်ပွဲပဲ ဖြစ်ပါတယ်”။
    ပါတီဦးဆောင်သူ ဦးနေဇင်လတ်သည် ကိုယ်စားလှယ်လောင်း အဖြစ် ရွေးကောက်ပွဲမ၀င်ခဲ့ခြင်းက သူထောက်ပြသည့် အဆိုအား ထောက်ခံလျက်ရှိသည်။
    ပါတီကိုယ်စားလှယ်လောင်း ၃၅၄ ဦးအနက် တစ်ဝက်ခန့်သည် ဦနေဇင်လတ်၏ School of Peace, Democracy and Development မှ ကျောင်းသားဟောင်းများဖြစ်သည်။ အဆိုပါကျောင်း၌ တက်ရောက်သူဦးရေမှာ ၃၀၀၀ ခန့်ရှိကြောင်း သိရသည်။ ထိုကျောင်းသည် ဦးနေဇင်လတ်ကိုယ်တိုင် ပါဝင်လုပ်ကိုင်နေသော မြန်မာ့လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးဋ္ဌာန၊ ဗျူဟာနှင့်နိုင်ငံတကာ လေ့လာရေး ကဏ္ဍနှင့် တစ်စိတ် တစ်ဒေသအားဖြင့် သွယ်ဝိုက်ချိတ်ဆက်လျက်ရှိသည်။
    ပညာရှင်များ၏ အခန်းကဏ္ဍ၊ လိုက်လျောညီထွေအံဝင်စေမည့် စီးပွားရေးမူဝါဒများ၊ ရေရှည်ဖွံ့ဖြိုးရေး အစီအမံများသည် နိုင်ငံ့ အနာဂတ် အတွက် အရေးပါကြောင်း NDP မှ လှုံ့ဆော်အားပေးထားသည်။ ၎င်းပါတီသည် NLD နှင့် USDP တို့အကြားရှိ လစ်ဟာချက်ကို ဖြည့်စွမ်းပေးမည့် တတိယအုပ်စုဝင်အဖြစ် ပုံဖော်ထား၏။
    အစိုးရနှင့် လက်တွဲလုပ်ဆောင်နေသည့် NGO အဖွဲ့ Myanmar Egress ၏ ဆရာဟောင်းတစ်ဦးဖြစ်သူ ပါတီ၏ဗဟိုအလုပ်အမှုဆောင် ဦးပိုက်တင်က မိမိ၏ တပည့်ဟောင်း အချို့ကို ပါတီသို့ခေါ်သွင်းခဲ့သည်။ ကော့မှူးမဲဆန္ဒနယ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ယှဉ်ပြိုင် အရွေးခံခဲ့သော ဒေါ်ယုယုခိုင်သည်လည်း ထိုအုပ်စုအနက်မှ ဖြစ်သည်။ သူမ၏ပါတီသည် နေရာ တစ်ခုမျှ အနိုင်မရကြောင်း နားလည်သွားသည့်အခါ သူမသည် NLD ကို ရှုံးနိမ့်ခြင်းမဟုတ်၊ ပါတီ ခေါင်းဆောင်ကို ရှုံးနိမ့်သွားခြင်းသာဖြစ်၏ ဟု မိမိဖာသာ နှစ်သိမ့်စကား ဆိုခဲ့သည်။
    “လူတိုင်းက အမှတ်တံဆိပ်တစ်ခုအပေါ် လှုပ်ရှားနေကြတာပါပဲ။ ဒါကြောင့် ကျွန်မဟာ အကောင်းဆုံးအရှုံးသမားတစ်ဦး ဖြစ်ပါတယ်”။
    အာဏာရပါတီကိုဖြစ်စေ အတိုက်အခံပါတီကိုဖြစ်စေ မနှစ်သက်သော မဲဆန္ဒရှင်များအား “တတိယလမ်းကြောင်း” ဖြင့် ခရီးဆက်စေရန် ရည်ရွယ်ချက်ဖြင့် ပါတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း NDP အဖွဲ့ဝင်များက အခိုင်အမာဆိုကြ၏။
    ပါတီမှတ်ပုံတင်စဉ် ဧပြီလက ဦးနေဇင်လတ်သည် NDP ပါတီအား ဦးဆောင်ရန် သမ္မတ အကြံပေးရာထူးမှ နှုတ်ထွက်ခဲ့သည်။ သို့သော် သမ္မတဖြစ်စေ၊ စစ်တပ်ဖြစ်စေ USDP မှခွာလျှင် သို့မဟုတ် ထိန်းချုပ်မှု လက်လွှတ်လိုက်ရလျှင် သူတို့အတွက် ကျားကန်ပေးမည့် ယန္တရားအဖြစ် ထိုပါတီကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု ကောလဟလများ ရှိနေခဲ့သည်။
    ထိုအခိုက်မှာပင် သမ္မတဦးသိန်းစိန်၊ USDP အဖွဲ့ဝင်အချို့၊ ပြည်ထောင်စုလွှတ်တော်အကြီးအမှူး သူရဦးရွှေမန်းတို့အကြား USDP ထိန်းချုပ်ရေး အတွက် အတွင်းပိုင်း အာဏာအားပြိုင်မှု ဖြစ်ပွားခဲ့သည်။
    “ကျွန်တော်တို့ဟာ တတိယ(ကြားနေ)အုပ်စုဖြစ်ပါတယ်။ ဒါကြောင့် ဘယ်ဖက်ကိုမှ မယိမ်းပါဘူး။ ဒါပေမယ့် USDP က နှုတ်ထွက်လာသူများကတော့ ကျွန်တော်တို့ကို ဦးသိန်းစိန်ရဲ့အစီအမံတစ်ရပ်လို့ ယုံကြည်နေကြတယ်” ဟု ဦးခင်မောင်ဇော်က ပြောကြားသည်။ တစ်ခါ သူရဦးရွှေမန်းသည် သြဂုတ်လအတွင်း ပါတီခေါင်းဆောင်မှ ဖယ်ရှားခံရပြီးကတည်းက NDP နှင့် USDP တို့၏ ဆက်ဆံရေး တိုးတက်ကောင်းမွန်လာခဲ့ကြောင်း ၀န်ခံခဲ့သည်။
    ပါတီထူထောင်သူများသည် USDP အတွင်း တင်းမာမှုများကို တွေ့မြင်ပြီး မိမိတို့အား အစိုးရမှ ကျားကန်ပေးလိုပေးငြား အိပ်မက်မက်နေသူများဖြစ်သည်ဟု ၁၉၈၈ အရေးအခင်းပြီးနောက် ပြည်ပ၌ ၂၄ နှစ်တိမ်းရှောင်ခဲ့သော ကာလရှည်မြန်မာ့ အရေးလေ့လာသူ ဦးအောင်သူငြိမ်းက ဝေဖန်လိုက်သည်။
    ၎င်းသည် သူတို့၏အစီအမံ အမှန်ဖြစ်ခဲ့ပါက ထိုအစီအစဉ်ကျရှုံးသွားလေကြောင်း ထင်ရှားစွာ ပေါ်လွင်လာပေသည်။ USDP မှလည်းကောင်း၊ သမ္မတရုံးမှလည်းကောင်း မိမိတို့ကို သံသယဖြင့် ဆက်ဆံခဲ့ကြသည်ဟု ပါတီဝင်များက ဆိုသည်။ ဦးအောင်သူငြိမ်း၏အဆိုအရ ၎င်းတို့၏ အတွေးအကြံ အလုပ်မဖြစ်သည်ကို ဤအချက်က ပြသနေလေသည်။
    မြန်မာတောင်သူလယ်သမားများ တိုးတက်ဖွံ့ဖြိုးရေး ပါတီအား ၎င်း၏မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုအတွက် ရံပုံငွေထောက်ပံ့ပေးသည် အထိ USDP မှ ပြုလုပ်ခဲ့သည်ဟု NDP ပါတီဝင်များက စွပ်စွဲပြောကြားကြသည်။
    ၎င်းမြန်မာတောင်သူလယ်သမားများ တိုးတက်ဖွံ့ဖြိုးရေးပါတီသည်လည်း ၂၀၁၅ ရွေးကောက်ပွဲအတွက် ခါတော်မှီ ထွက်လာသည့် နိုင်ငံရေးအင်အားစုတစ်ရပ် ဖြစ်ပြီး ကိုယ်စားလှယ်လောင်း ၂၆၈ ဦးဖြင့် ကိုယ်စားလှယ်လောင်းဦးရေ ပဉ္စမအများဆုံး ဖြစ်ခဲ့သည်။
    မိမိတို့ပါတီ ရှုံးနိမ့်ရသည့် အဓိကအကြောင်းရင်းမှာ ပုံဟန်သစ်ဖြင့်ခွဲထွက်လာခြင်းကြောင့်မဟုတ်၊ မဲဆန္ဒရှင်များ၏ ပညာရေးနိမ့်ပါးမှုကြောင့် ဖြစ်သည်ဟု NDP ပါတီဝင်များက ဆိုကြသည်။
    “အနာဂတ်ကောင်းအတွက် အပြောင်းအလဲလုပ်ဖို့လိုပြီး၊ ဒီအပြောင်းအလဲကို NLD ကသာ လုပ်ဆောင်နိုင်မယ်လို့ လူတွေက ဒီအမြင်တစ်မျိုးတည်းကိုပဲ တူညီစွာ ခံယူထားကြတယ်လေ။ သူတို့က ကိုယ်စားလှယ်လောင်း ဘယ်သူဘယ်ဝါဆိုတာကိုတောင် မကြည့်ခဲ့ကြဘူး” ဟု ဦးခင်မောင်ဇော်က ပြောပြသည်။
    မျိုးစောင့်ဥပဒေများကိုထောက်ခံကာကွယ်ရေးအမြင်နှင့်ပတ်သက်၍ ရန်ကုန်မြို့မှ Zillion Successes ကုမ္ပဏီ ဒါရိုက်တာ ဒေါ်ယုယုခိုင်သည် အမျိုးသမီးများအား ဥပဒေအရ ကာကွယ်စောင့်ရှောက်ရန် အဘယ်ကြောင့် လိုအပ်ကြောင်း ရွေးကောက်ပွဲရလဒ်များက အဖြေပေးနေသည်ဟု ဆိုသည်။
    “တွေးခေါ်စဉ်းစားတတ်တဲ့ မဲဆန္ဒရှင်တွေက ၁၃ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျန်တဲ့ ၈၃ ရာခိုင်နှုန်းက NLD ကို မဲပေးခဲ့ကြလို့ပါပဲ”။
    ဒေါ်ယုယုခိုင်၏အဆိုအရ သူမသည် အမျိုးသားညီညွတ်ရေးပါတီ NUP သို့မဟုတ် အမျိုးသားဒီမိုကရက်တစ်အင်အားစု NDF ကဲ့သို့ အခြားအားကောင်းသည့် ဗမာပါတီများနှင့် မဟာမိတ်ဖွဲ့ရန် လျာထားစီစဉ်ခဲ့သေးသည်။ သို့သော် ၎င်းတို့သည်လည်း ကိုယ်စားလှယ်လောင်းများစွာဖြင့် ထွက်ပြိုင်လင့်ကစား အမတ်တစ်နေရာစာမျှ အနိုင်မရရှိခဲ့ချေ။
    သို့သော် ဦးခင်မောင်ဇော်က ဤသည်ကို ပယ်ချခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထူထောင်သူများ၏သဘောတရားအမြင်အပေါ်၌သာ  ဤပါတီကို ထူထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဦးနေဇင်လတ်၏ကျောင်း သို့မဟုတ် အခြားပါတီများနှင့်ပေါင်းစည်းခြင်းပြု၍ ရွေးကောက်ပွဲ၌ပါဝင်မှု  ဆိုသည်မှာ ဖြစ်လာမည်မဟုတ်ကြောင်း သူကဆိုသည်။
    လာမည့် ၂၀၂၀ ခုနှစ်အတွက် NDP သည် ကိုယ်ပိုင်နည်းစဉ်ဖြင့် ရှေ့ဆက်ဖို့ လမ်းကြောင်းချလာဖွယ် ရှိနေပါသည်။
    xxxxxxxxxxxxxxxxxxxx
    Yola Verbruggen မှ mmtimes တွင်ရေးသားဖော်ပြသော The Biggest Loser What Does The Future Hold For The NDP ဆောင်းပါးကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင် ပြန်ဆိုသည်။
  • ကမ္ဘာကျော် မွတ်စလင်မ် ပညာရှင်များ ပါရီမြို့ အကြမ်းဖက်မှု အား ရှုတ်ချ၊ ပါရီမြို့သူမြို့သားများနှင့် အတူရပ်တည်
    ကမ္ဘာကျော် မွတ်စလင်မ် ပညာရှင်များ ပါရီမြို့ အကြမ်းဖက်မှု အား ရှုတ်ချ၊ ပါရီမြို့သူမြို့သားများနှင့် အတူရပ်တည်
    နိုဝင်ဘာ ၁၄ ၊ ၂၀၁၅
    M-Media
    ခေတ်လူ စုဆောင်းတင်ပြသည်။
    ပြင်သစ်နိုင်ငံ မြို့တော်ပါရီတွင် လူတစ်ရာကျော်သေဆုံးခဲ့ရသည့် လတ်တလောဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကို ကမ္ဘာကျော် အစ္စလာမ့်ပညာရှင်နှင့် လူမှုရေး တက်ကြွလှုပ်ရှားသူများမှ မိမိတို့ တရားဝင် ဆိုရှယ်မီဒီယာ စာမျက်နှာများမှ ချက်ချင်း တုန့်ပြန် ရှုတ်ချခဲ့ပြီး ဝမ်းနည်းကြေကွဲရကြောင်းနှင့် ပါရီမြို့သူမြို့သားများနှင့်အတူ ရပ်တည်လျက်ရှိကြောင်း ရေးသားခဲ့ကြပါတယ်။
    အမေရိကန်မှ ကမ္ဘာကျော် နာမ်ပိုင်းရေးရာနှင့် အစ္စလာမ့်ပညာရှင် ဟမ်ဇာယူစွဖ် (Hamza Yusuf) က စာဖတ်သူနောက်လိုက်ပေါင်း သိန်းချီရှိသော မိမိ၏ တရားဝင် Facebook စာမျက်နှာတွင် –
    12243273_1937055913185252_706212238578233826_n
    “ကျွန်တော့်တို့ရဲ့ ဆုတောင်းဝတ်ပြုခြင်းတွေဟာ ကမ္ဘာအနှံ့က အကြမ်းဖက်ခံနေရသူတွေနဲ့အတူ ရှိပါတယ်။”
    ဟု ယနေ့ ရေးသားခဲ့ပါတယ်။
    ဟမ်ဇာယူစွဖ်ဟာ အသက်ဆယ့်ခုနစ်နှစ်မှာ အစ္စလာမ်ကို သက်ဝင်ယုံကြည်လာပြီး ကမ္ဘာအနှံ့ခရီးထွက်ကာ အစ္စလာမ်ပညာရေး နယ်ပယ်မှာ ထင်ရှားလှတဲ့ ဝါကြီး ပညာရှင်ကြီး များစွာထံမှာ နှစ်များစွာ ပညာဆည်းပူးခဲ့သူ ဖြစ်ပါတယ်။ ယခုအခါ အမေရိကားတွင် ကောလိပ်တစ်ခု တည်ထောင်ထားပါတယ်။ အစ္စလာမ့်အနှစ်သာရနဲ့ သူရဲ့ အနောက်ကမ္ဘာရဲ့ အတွေ့အကြုံတွေ ပေါင်းစပ်ပြီး ဟောပြော တင်ပြမှုတွေဟာ ကမ္ဘာကျော်လှပါတယ်။
    ကမ္ဘာ့မွတ်စလင်မ်လူငယ်များ အကြားတွင် နာမည်ကျော်လှသည့် ဇင်ဘာဘွေနိုင်ငံမှ အစ္စလာမ့်ဓမ္မသတ် ပညာရှင် အစ်မေးလ်မင့်ခ် (Mufti Ismail Menk) ကလည်း လူသန်းချီနောက်လိုက်ရှိနေသော သူ၏ တရားဝင် Facebook စာမျက်နှာမှာ ‪#‎ParisAttack‬ ဟုအစပြုပြီး
    12249789_1937056109851899_2603596960533030856_n
    “အကြမ်းဖက်ခြင်းမှာ ဘာသာတရားမရှိပါ၊ ပြီးတော့ နယ်မြေကန့်သတ်ချက်တွေရှိမနေပါ။ ကျွန်တော်တို့ရဲ့ အတွေးတွေဟာ အကြမ်းဖက်ခံတွေနဲ့ (သူတို့ရဲ့) ချစ်တဲ့သူတွေနဲ့ အတူရှိပါတယ်”
    ဟု အကြမ်းဖက်ခြင်းနဲ့ ဘာသာတရားဟာ လုံးဝ မဆိုင်ကြောင်းကို ထောက်ပြထားပြီး ပါရီမြို့အကြမ်းဖက်ခံရသူများနှင့် သူတို့ရဲ့ မိဘဆွေမျိုးချစ်ရသူအပေါင်းအသင်းများနဲ့ အတူရပ်တည်နေကြောင်းကို သူ့ရေးသားနေကြဟန်အတိုင်း တိုတိုရှင်းရှင်းနှင့် ထိထိရောက်ရောက် ရေးသားထားခဲ့ပါတယ်။
    ယူအေအီးသို့ ခေတ္တရောက်ရှိနေသော အမေရိကန်လူမျိုး အစ္စလာမ့်အေးရိပ်ဆာယာသို့ ဖိတ်ခေါ်သူကြီး ယူစွဖ်အက်စ်တေ့စ် (Yusuf Estes) က
    သူတို့လေယာဉ်လွတ်သွားကြောင်းနဲ့ မွတ်စလင်မ်များအနေဖြင့် အစ္စလာမ်က သင်ကြားသည်ကို နာယူရမည်ဖြစ်ကြောင်း မီဒီယာကပြောတာတွေကို နာယူရမှာမဟုတ်ကြောင်း သတိပေးထားပြီး
    12243371_1937056306518546_8075277339802245218_n
    “လူငယ်အများစုဟာ လူလိမ်တွေရဲ့ လှည့်ဖြားမှုကို ခံကြရပြီး မကောင်းဆိုးဝါး (ရှိုက်တွာန်)တွေရဲ့ သိမ်းသွင်းမှုကို ခံနေကြရတယ်။ ပါရီတိုက်ခိုက်မှုဟာ ရှိုက်တွာန်ဘက်က လာတာပဲ။”
    ဟု ပါရီမြို့အကြမ်းဖက်မှုဟာ မကောင်းဆိုးဝါးတို့ရဲ့ လုပ်ရပ်ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ဆိုရှယ်မီဒီယာတွင် ထောက်ပြရေးသား ထားပါတယ်။
    ယူစွဖ်အက်စ်တေ့စ်သည် အသက် ၄၇နှစ်တွင် အစ္စလာမ့်အေးရိပ်ဆာယာသို့ ဝင်ရောက်ခဲ့ပြီး အစ္စလာမ့်သတင်းစကားဖြန့်ချီရေးလုပ်ငန်းတွင် တက်ကြွစွာ လှုပ်ရှားနေသူဖြစ် ပါတယ်။ သူ၏ ဖော်ရွေမှုနဲ့ အရွှန်းဖောက်ဟောပြောသည့်ဟန်ကြောင့် ကလေးငယ်များနှင့် မိသားစုများကြားတွင် နာမည်ရသည့် အစ္စလာမ့်တရားဟောဆရာတစ်ဦးလည်း ဖြစ်ပါတယ်။
    ထို့ကဲ့သို့ပင် အမေရိကန်မှ ပါကစ္စတန်နွယ်ဖွား ကမ္ဘာကျော် အစ္စလာမ့်ပညာရှင်နှင့် သုတေသနပြုသူ ဒေါက်တာ ယာစီးရ်ကာဒီ (Yasir Qadhi)က
    ပြင်သစ်မှာ လတ်တလောဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး
    ပါလက်စတိုင်းနဲ့ ဆီးရီးယားက ပြည်သူတွေရဲ့ အင်မတန်မှကို အခြေအနေဆိုးပြီး တုန်လှုပ်ဖွယ်ပုံတွေကို တလောကပဲ မြင်တွေ့ရခဲ့ပြီးဖြစ်ကြောင်း၊ အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့ ကျူးကျော်စစ်ရဲ့ အလုံးစုံပျက်ဆီးခြင်းတွေကို အီရတ်မှ ကိုယ်တွေ့ကြုံနေကြရပြီဖြစ်ကြောင်း၊ အခြေအနေတွေကို ပိုဆိုးရွားစေလိုက်တဲ့အခါ အဲ့လိုတိုက်ခိုက်မှုတွေကနေ ထွက်ပေါ်လာတဲ့ ဒေါသတွေဟာ မလွဲမရှောင်သာကို ပြန်သက်ရောက်လာမှာဖြစ်ကြောင်းနဲ့ တိုက်ခိုက်မှု အကြမ်းဖက်မှုတွေဟာ တိုက်ခိုက်မှု အကြမ်းဖက်မှုတွေကိုပဲ မွေးဖွားပေးမှာ ဖြစ်ကြောင်း ရေးသားထားပါတယ်။
    “…As the situation exacerbates, inevitably the rising anger from such attacks will circle back. Violence only begets violence.”
    ဒေါက်တာ ယာစီးရ်ကာဒီက ဆက်လက်ပြီး
    ပါရီအကြမ်းဖက်မှုကို အသိဥာဏ်မဲ့လုပ်ရပ်လို့ သုံးနှုန်းထားပြီး ဒီလိုတိုက်ခိုက်မှုတွေကနေ ဘာကောင်းတာများ ရနိုင်ပါ့မလဲဟု ဝေဖန်ထားပါတယ်။
    “So what possible good will come of these senseless attacks?
    ဒီအကြမ်းဖက်အုပ်စုတွေရဲ့ လုပ်ရပ်နည်းသေသျတွေမှာ အကောင်းဆိုလို့ တစ်ခုလေးတောင် မတွေ့မြင်နိုင်ကြောင်းနဲ့ ဒီတိုက်ခိုက်မှုတွေရဲ့ ဆိုးကျိုးကတော့ နောက်ဆက်တွဲအနေနဲ့ အကြမ်းဖက်မှုကို တိုက်ရမယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်ပွဲတွေ ထပ်ပေါ်ပေါက်လာမှာသာဖြစ်ကြောင်းရေးသားထားပြီး သုတေသန ပညာရှင်ပီသစွာ ထိုစစ်ပွဲတွေကနေ တိုက်ခိုက်ခြင်းနဲ့ အကြမ်းဖက်မှု သံသရာသာ ဆက်လည်နေပြီး ကမ္ဘာကြီး အေးချမ်းဖို့ မရှိကြောင်းကို ခွဲခြမ်းသုံးသပ်ပြက မွတ်စလင်မ်များ ထိုသို့ အကြမ်းဖက်မှုများတွင် လုံးဝမပါရမည်ဖြစ်ကြောင်း ပညာပေးထားပါတယ်။
    “…The fact of that matter is that I cannot see a single tangible positive that the tactics of such groups bring (again, with the caveat that this attack in France is coming from such groups). Yet, the harms from such attacks only increases as a result, and the consequences are that the ‘War Against Terror’ is bolstered, leading to a war of terror.”
    အွစ်ဖို့(Oxford)တက္ကသိုလ်မှ ပါမောက္ခဖြစ်သူ ကမ္ဘာကျော် အစ္စလာမ့်ပညာရှင် ဒေါက်တာ သွာရစ်က်ရမဒွန် (Tariq Ramadan)ကလည်း
    12241698_1937056383185205_443718260795515174_n
    “ပါရီ တိုက်ခိုက်မှုများ…
    ဒီထိတ်လန့်ဖွယ် မျက် ကန်းအကြမ်းဖက်မှု သတ်ဖြတ်မှုတွေနဲ့ လူအမြောက်အများသေဆုံးမှုတွေကို ပြင်သစ်နိုင်ငံမြို့တော် လမ်းတွေပေါ်မှ မြင့်လိုက်ရတဲ့အခါ ကျွန်တော်တို့ရဲ့ ပထမဆုံးတွေးမိတာက အကြမ်းဖက်ခံတွေ၊ ဒဏ်ရာရတဲ့သူတွေ၊ သူတို့ မိသားစုတွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေကိုပါ။ ကျွန်တော်တို့ သူတို့နဲ့အတူ အားလုံးနဲ့အတူ ထပ်တူဝမ်းနည်းကြေကွဲရပါတယ်။”
    ဟု fanပေါင်း သန်းချီရှိ မိမိ၏ တရားဝင် Facebook စာမျက်နှာမှ အစချီရေးသားထားပြီး
    ဒီအကြမ်းဖက် လုပ်ရပ်ကို လုံးဝနဲ့ ချက်ချင်းရှုတ်ချကြောင်းနဲ့ အစ္စလာမ်နဲ့ ဒီလိုအစွန်းရောက်အကြမ်းဖက်ခြင်းတွေနဲ့ လူမဆန်တဲ့ ရူးနှမ်းတဲ့ သတ်ဖြတ်ခြင်းတွေနဲ့ လုံးလုံး မဆီဆိုင်ကြောင်း ပြတ်ပြတ်သားသားပြောကြားထားပြီး ဒီဖြစ်ရပ်ကို ပြင်သစ်နိုင်ငံအနေနဲ့ ညီညွတ်ကြဖို့အကြံပြုထားပါတယ်။ အစိုးရ၊ အဖွဲ့အစည်းအားလုံးနဲ့ ပြင်သစ် မွတ်စလင်မ်တွေပါ တစည်းတလုံးတည်း ပါဝင်ရင်ဆိုင်ကြဖို့လည်း ဆော်သြထားပါတယ်။
    သွာရစ်က်ရမဒွန်မှာ အီဂျစ်နိုင်ငံရဲ့ ပထမဆုံးဒီမိုကရေစီနည်းကျ အာဏာရ ပါတီ ညီအစ်ကိုတော်များ အဖွဲ့ရဲ့ တည်ထောင်သူ ကျောင်းဆရာ ဟာစန်အလ်ဘန်နာရဲ့ မြေးအရင်းဖြစ်ကာ ဥရောပတွင် နာမည်ကြီး အစ္စလာမ့်ပညာရှင်တစ်ဦးဖြစ်ပြီး သူ၏ စာအုပ်များမှာ ကမ္ဘာကျော်လှပါတယ်။
    ယူစွဖ်အက်စ်တေ့စ်မှလွဲ၍ ကျန်ပညာရှင်များမှာ ဂျော်ဒန်နိုင်ငံ RSSC သုတေသနစင်တာမှ နှစ်စဉ်ပြုစုသော ကမ္ဘာသြဇာအကြီးဆုံး မွတ်စလင်မ်၅၀၀တွင် ထိပ်ဆုံးစာရင်းတွင် ဖော်ပြခံရသူများဖြစ်ကြပါတယ်။