News @ M-Media

Author: editor

  • ဘာသာရေး လူမျိုးရေး စော်ကား လှုံ့ဆော်နေသည့် နေမျိုးဝေအား UNC ပါတီမှ တရားစွဲ အမှုဖွင့်ပြီ

    ဘာသာရေး လူမျိုးရေး စော်ကား လှုံ့ဆော်နေသည့် နေမျိုးဝေအား UNC ပါတီမှ တရားစွဲ အမှုဖွင့်ပြီ

    M-Media
    မိုးစက်
    စက်တင်ဘာ ၇၊ ၂၀၁၅

    12231591_745361738902522_1794798695_n

    ရန်ကုန်။    ။ ဆိုရှယ်မီဒီယာတွင် အမုန်းတရားများ နှစ်ချီရေးသားလှုံဆော်ရေးသားနေသော် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုးဝေကို အမျိုးသား ညီညွတ်ရေး ကွန်ဂရက်ပါတီမှ သင်္ဃန်းကျွန်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးရန်နိုင်က တရားစွဲ အမှုဖွင့်တိုင်ကြားလိုက်ကြောင်း သိရပါတယ်။

    ဦးနေမျိုးဝေသည် အောက်တိုဘာလ ၂၈ ရက်နေ့တွင် သူ၏လူမှုကွန်ယက်စာမျက်နှာပေါ်တွင် “အစ္စလာမိစ္ဆာဝါဒသို့ သွတ်သွင်းဖို့ ကြံစည်နေသော မွတ်စလင်ကုလားပါတီ” ဟုရေးသားထားပြီး “အမျိုးသား ညီညွတ်ရေး ကွန်ဂရက် ပါတီဝင် ကိုယ်စားလှယ်လောင်းများကို မဲပေးခြင်းမှ ​ရှောင်​ကြဉ်​ကြပါရန်​ အလေးအနက်တိုက်တွန်းပါသည်” ဟု ရေးသားထားသည်။ ထို့အပြင် ယင်းပါတီ၏ လိုဂိုဘေးတွင် ကြက်ခြေခတ် သင်္ကေတကိုလည်း ဖော်ပြထားကြောင်းကို တွေ့ရပါတယ်။

    “နေမျိုးဝေက ကျွန်တော်တို့ပါတီကိုတင်မကပါဘူး။ အစ္စလာမ်မိစ္ဆာဝါဒဆိုပြီး သုံးထားတာကတော့ အစ္စလာမ်ဘာသာဝင်တွေ အကုန်လုံးကို စော်ကားလိုက်ခြင်း ဖြစ်ပါတယ်။ သူ ယုတ်ညံ့တဲ့ အသုံးအနှုန်းတွေ သုံးထားတာက ပုဒ်မ (၂၉၄) ပါ။ နောက် ဘာသာသာသာနာတစ်ခုကို အကြည်ညိုပျက်စေတဲ့ စကားလုံးတွေသုံးတာက ပုဒ်မ (၂၉၅) ပါ။ ဒါကြောင့် ကျွန်တော့်အနေနဲ့ သူ့ကို အီလက်ထရောနစ် ဥပဒေနဲ့ တရားစွဲဆိုထားတာပါ” လို့ ဦးနေမျိုးဝေကို တရားစွဲဆိုထားသူ ဦးရန်နိုင်က ပြောပါတယ်။

    အခုလို ဘာသာရေးကိုခုတုံးလုပ်ပြီး မဲမပေးဖို့ ရေးသားထားတဲ့အတွက် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ ဥပေဒကိုလည်း ချိုးဖောက်လိုက်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဦးနေမျိုးဝေကို တာမွေမြို့နယ် မြို့နယ်ရဲစခန်းတွင် အီလက်ထရောနစ် ဥပဒေ ၆၆(ဃ)  ပ/၁၂၇၁/ ၂၀၁၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရပါတယ်။

    ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးဆုံးဖြတ်ချက်အရ ဦးရန်နိုင်မှ တရားလိုပြုလုပ်ကာ အမှုဖွင့်တိုင်ကြားထားပြီး တာမွေမြို့နယ်ရဲစခန်းမှ ယနေ့ အောက်တိုဘာလ (၇) ရက်နေ့တွင် တရားလိုနှင့် ပါတီဝင် တစ်ဦးဖြစ်သူ ဦးမျိုးညွှန့်တို့ကို ခေါ်ယူမေးမြန်း ခဲ့သည်။ ပါတီမှ သက်ဆိုင်သူများကို ခေါ်ယူမေးမြန်းစစ်ဆေးပြီး အကြောင်းအရာ ခိုင်လုံပါက တရားခံကို ပြစ်မှုဆိုင်ရာ တရားဥပဒေကြောင်း အတိုင်း ဆောင်ရွက်သွားမည်ဟု သိရပါတယ်။

    “ကျွန်တော့်အနေနဲ့ကတော့ သူသိပ်ကို တရားလွန်တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ပါတီရဲ့ “အမျိုးသားဝါဒမှလူမျိုးစုံသွေးစည်း ညီညွတ်ရေးဝါဒသို့” ဆိုတဲ့  ပါတီဆောင်ပုဒ်ကို သူက “သွေးနှောဖျက်ဆီးရန် ကြံစည်နေတဲ့ပါတီ” ဆိုပြီးသုံးထားပါတယ်။ ကျွန်တော်တို့ မဲမရတာ ကိစ္စမရှိပါဘူး။ ဘုရားသခင်အလိုတော် အတိုင်းပါ။ ဒါပေမယ့် အစ္စလာမ်ဘာသာကို စော်ကားတာ၊ ကျွန်တော် တို့ကို မြန်မာနိုင်ငံကို လူမျိုးစုံ သွေးနှောဖျက်စီးရန် ကြံစည်နေတဲ့ ပါတီဆိုတာကိုတော့ လုံးဝလက်ခံပေးလို့ မရပါဘူး”  ဟု ဦးရန်နိုင်က သုံးသပ်ပြောဆိုခဲ့ပါတယ်။

    အမျိုးသား ညီညွတ်ရေးကွန်ဂရက်ပါတီမှ  ဦးနေမျိုးဝေ၏ ပါတီအပေါ်စော်ကားမှု၊ အစ္စလာမ်သာသာနာအပေါ် စော်ကားမှုတို့ကို မည်သည့်နည်းနှင့်မျှ တုံ့ပြန်ခြင်းမပြုဘဲ တရားဥပဒေလမ်းကြောင်းဖြင့်သာ အရေးယူဆောင်ရွက်ရန် အမျိုးသား ညီညွတ်ရေး ကွန်ဂရက်ပါတီ ဥက္ကဌဖြစ်သူ ဒေါက်တာလှမြင့်က နိုဝင်ဘာလ (၃) ရက်နေ့တွင် ပါတီဝင်များကို ကြေငြာချက်တစ်စောင်ထုတ်၍ ညွှန်ကြားခဲ့သည်။

    မနက်ဖြန်တွင် တစ်နိုင်ငံလုံးနေရာအနှံ့ကျင်းပတော့မည့် ပါတီစုံရွေးကောက်ပွဲကြီးတွင်  အမျိုးသား ညီညွတ်ရေးကွန်ဂရက်ပါတီအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ (၁၀) ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

  • စစ်တပ်နောက်ခံပြုပါတီ အာဏာထပ်ရမှာ အဖိအနှိပ်ခံ တိုင်းရင်းသားများ စိုးရိမ်

    စစ်တပ်နောက်ခံပြုပါတီ အာဏာထပ်ရမှာ အဖိအနှိပ်ခံ တိုင်းရင်းသားများ စိုးရိမ်

    နိုဝင်ဘာ ၇ ၊ ၂၀၁၅
    M-Media

    5635c74071518.image
    ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းမှ စာသင်ကျောင်း တခုတွင် တွေ့ရသော ကရင်ပြည်နယ်မှ ကလေးငယ်များ

    – နှစ်ပေါင်း ၇၀ နီးပါး အချိန်ကာလအတွင်း ကရင်တိုင်းရင်းသားများ၏ ကျေးရွာများမှာ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ကရင်အမျိုးသားများမှာ နေရာတွင်ပင် ကိစ္စတုံး သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ တိုင်းရင်းသူ အမျိုးသမီးများကတော့ အဓမ္မပြုကျင့် ခံခဲ့ရလေသည်။ ထိုအချင်းအရာများက ကမ္ဘာ့ အရှည်ကြာဆုံး ပြည်တွင်းစစ်ဖြစ်ပွားနေသော မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်အောက် ရုန်းကန်နေရသည့် တိုင်းရင်းသားလူနည်းစုများ၏ ဘ၀များပင် ဖြစ်သည်။

    ၎င်းတို့၏ ဇာတိမြေကို “လစ်လျူရှုခံရသော အကြမ်းဖက်ခံဒေသ” ဟု ခေါ်ဆိုကြပြီး ကရင် တိုင်းရင်းသား ၃၅၀၀၀၀ ခန့်မှာ နေအိမ်များမှ မောင်းထုတ်ခြင်းခံရကာ တောအုပ်များ သို့မဟုတ် ထိုင်းနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် သွားရောက် နေထိုင်ကြရလေသည်။

    ယခုတွင်တော့ ၎င်းတို့ထဲမှ အသက်ရှင်ကျန်ရစ်ကြသူများက နိုဝင်ဘာ ၈ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်အပေါ် မျှော်လင့်ချက် ထားနေကြသည်။ ထိုရွေးကောက်ပွဲမှာ စစ်တပ်ကျောထောက်နောက်ခံ ပြုထားသည့် အာဏာရပါတီက ဒီမိုကရေစီ ပြယုဂ် ဒေါ်အောင်ဆန်းစုကြည် ပဲ့ကိုင်နေသည့် အတိုက်အခံပါတီ၊ တိုင်းရင်းသားပါတီများနှင့် ယှဉ်ပြိုင်ရမည့် ရွေးကောက်ပွဲဖြစ်သည်။ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP အနိုင်ရပါက ကရင်ပြည်နယ်နှင့် ၁.၅ သန်းသော ကရင်ပြည်သူတို့မှာ ငရဲတွင်းထဲ ပြန်လည် ကျရောက်မည်ကို ကရင်တိုင်းရင်းသားများက စိုးရိမ်နေကြသည်။

    “တကယ်လို့ USDP က အာဏာထပ်ရရင် ကျွန်တော်တို့ အရင်အတိုင်းပဲ ဆက်လျှောက်ရမှာပါ။ ကျွန်တော်တို့ သူဖုန်းစားဘ၀မှာပဲ ဆက်ရှိနေပါလိမ့်မယ်။ သူတို့ရှုံးရင်တော့ တိုင်းပြည်က ပြောင်းလဲသွားပါလိမ့်မယ်။ ဒါက နောက်ဆုံးပွဲပါပဲ” ဟု ပြည်နယ်မြို့တော် ဖားအံဝန်းကျင်ရှိ ရွာများ၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ခွန်ကြည်မြင့်က ပြောကြားခဲ့သည်။

    မြန်မာနိုင်ငံ၏ ၅၂ သန်းသော ပြည်သူများတွင် ကရင်လူမျိုးအပါအ၀င် တိုင်းရင်းသားများ၏ အရေအတွက်က ၄၀ ရာခိုင်နှုန်း ရှိလေသည်။ ၎င်းတို့အတွက်ကတော့ ထိုရွေးကောက်ပွဲက နိုင်ငံ၏ ဒီမိုကရေစီသို့ သွားရာ ကြမ်းတမ်းသောလမ်းတွင် ခြေလှမ်းတစ်ခုထက်ပို၍ အဓိပ္ပါယ်ရှိလေသည်။ အချိန်အတော်ကြာ မက်ခဲ့ရသော အိပ်မက်များ အကောင်အထည် ပေါ်လာကောင်း ပေါ်လာနိုင်မည့် အခွင့်အရေးမျိုးလည်း ဖြစ်သည်။

    ယခင်က ဘားမားဟုသိကြသည့် မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ်က ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီး သိပ်မကြာခင်မှာပင် ကရင်တိုင်းရင်းသားများက ဗဟိုအစိုးရကို ပုန်ကန်ကြသည်။ ထိုအချိန်မှစ၍ ဗဟိုအစိုးရတွင် ယခုအချိန်အထိ ဗမာလူမျိုးများသာ ကြီးစိုးခဲ့လေသည်။ နိုင်ငံ၏ ပထမဆုံး အခြေခံဥပဒေနှင့် ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်တို့တွင် တိုင်းရင်းသားလူနည်းစုများအကြား မစံစားခဲ့ရသော အရှိန်အ၀ါကို အပ်နှင်းထားပြီး ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ခွဲထွက်နိုင်ခွင့်ကိုပင် ကတိပြုထားလေသည်။

    သို့သော်လည်း ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ထိုကတိက၀တ်များအားလုံး ပျက်ဆီးသွားပြီး ကချင်၊ ရှမ်း၊ ကရင်နှင့် အခြားသော တိုင်းရင်းသားလူနည်းစုများမှ လက်နက်ကိုင်တပ်များ အလျှို၊ အလျှို ပေါ်ထွက်လာကြပြီး တော်လှန် ပုန်ကန်ကြလေတော့သည်။ မြန်မာနိုင်ငံမှ သမိုင်း ပညာရှင်နှင့် အစိုးရ အကြံပေးဖြစ်သူ ဦးသန်းမြင့်ဦးက ထိုကဲ့သို့ အဆုံးမသတ်နိုင်ပဲ သွေးထွက်သံယိုမှု များပြားခဲ့ခြင်းကို တိုင်းပြည်၏ “အမွေဆိုး” ဟု သမုတ်ခဲ့သည်။

    “တိုင်းရင်းသားတွေရဲ့ ပြဿနာအတွက် အာမခံချက်ရှိတဲ့ ဆုံးဖြတ်ချက်တစ်ခု မချမှတ်နိုင်ဘဲ နဲ့တော့ ပြည်သူတွေ မျှော်လင့်နေတဲ့၊ ပြည်သူတွေနဲ့ ထိုက်တန်တဲ့ အနာဂတ်မျိုး ပေးနိုင်မှာမဟုတ်သလို၊ ဖြစ်လည်း ဖြစ်လာမှာ မဟုတ်ပါဘူး” ဟု နိုင်ငံတကာ တတ်သိပညာရှင်များအဖွဲ့ဖြစ်သော International Crisis Group မှ အာရှဆိုင်ရာ ဒါရိုက်တာ တင်မ် ဂျွန်စတန်က ပြောကြားခဲ့သည်။

    ၂ နှစ်ကျော်ကာလအတွင်း ဆွေးနွေးမှုပေါင်း ၂၀၀ ကျော် ပြုလုပ်ခဲ့ပြီးနောက် အောက်တိုဘာ ၁၅ ရက်နေ့က နိုင်ငံလုံးဆိုင်ရာအပစ်ရပ်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ အာဏာရ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဌဖြစ်သည့် သမ္မတဦးသိန်းစိန်က ထိုသဘောတူညီချက်မှာ အနာဂတ်မျိုးဆက်အတွက် မိမိတို့၏ “သမိုင်းဝင်လက်ဆောင်” ဖြစ်သည်ဟု အမွှမ်းတင်ခဲ့သည်။

    သို့သော်လည်း လူနည်းစုတိုင်းရင်းသားများထဲမှ အဓိကလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး KNU အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၂၀ ကျော်မှ ၈ ဖွဲ့သာ ထိုသဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့လေသည်။ ၁၉၈၀နှင့် ၁၉၉၀ ပြည့်နှစ်များတွင် ဆွေးနွေးညှိနှိုင်းခဲ့ကြသည့် အခြား အပစ်ရပ်ရေး သဘောတူညီချက်များကတော့ ပျက်ပြယ်သည့် အနေအထားကို ရောက်ခဲ့ရလေသည်။

    “အကောင်းဆုံးကို ကျွန်တော် မျှော်လင့်ပါတယ်။ ဒါပေမယ့် ဒီအပစ်ရပ်ရေးကိုတော့ ၁၀ ရာခိုင်နှုန်းပဲ ယုံကြည်မှုရှိပါတယ်” ဟု KNU အဖွဲ့ဝင်ဖြစ်ပြီး ပြည်နယ်မြို့တော် ဖားအံတွင် ရပ်ရွာအကြီးအကဲအဖြစ် ဆောင်ရွက်နေသည့် မန်ခင်ထွန့်က ပြောကြားခဲ့သည်။

    ငြိမ်းချမ်းရေးဆွေးနွေးပွဲ သဘောတူညီချက် ရရှိခဲ့ပြီးနောက် အစိုးရတပ်က တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တစ်ချို့အား တိုက်ခိုက်မှုကြောင့် ထိုသဘောတူညီချက်နှင့် ပတ်သက်၍ အစိုးရ၏ စိတ်စေတနာအပေါ် သံသယဖြစ်မှုမှာလည်း နှစ်ဆတိုးလာခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အနည်းဆုံး အင်အား ၂၅၀၀၀၀ ခန့်ရှိသော မြန်မာစစ်တပ်အတွက် လက်နက်အဆင့်မြှင့်တင်ရန် အစ္စရေးသို့ ဈေးဝယ်ထွက်နေခြင်းကြောင့် ထိုလက်မှတ်ထိုးပွဲတွင် မရှိခဲ့။

    နိုင်ငံရှိ အချို့နေရာများတွင် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ရွေးကောက်ပွဲကို ရပ်ဆိုင်းခြင်း၊ သို့မဟုတ် ဖျက်သိမ်းရခြင်းများလည်း ရှိနေသည်။ ကချင်ပြည်နယ်တွင်မူ မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် နှစ်ဖက် အသေအပျောက်များ ရှိခဲ့သည်ဟု သတင်းများက ဖော်ပြကြပြီး ၂၀၁၁ ခုနှစ် အပစ်ရပ်ရေးသဘောတူညီချက် ပျက်ဆီးခဲ့ပြီးနောက်ပိုင်း တိုက်ခိုက်မှုများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် ကချင်ပြည်သူ အရေအတွက်မှာ တစ်သိန်းကျော် ရှိလာခဲ့ပြီဖြစ်သည်။

    “တစ်ဖက်မှာလည်း ရွေးကောက်ပွဲရှိနေတယ်။ နောက်တစ်ဖက် အောက်ခြေမှာလည်း ဗမာစစ်တပ်က တိုင်းရင်းသားအုပ်စုတွေအပေါ် အဟန့်အတား လုံးဝမရှိဘဲ တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေပါတယ်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း ရွေးကောက်ပွဲကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး နှုတ်ဆိတ်နေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်” ဟု ရှမ်းတိုင်းရင်းသားများအတွက် ထိုင်းအခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားသူ အမျိုးသမီး ချမ်သောင်က ပြောကြားခဲ့သည်။

    ရှမ်းပြည်နယ်တွင် အစိုးရတပ်များက အင်အားဖြည့်တင်းမှုများ ပြုလုပ်နေကာ ပြည်သူများအား ငြှင်းပမ်းနှိပ်စက်မှုများ၊ မြေနေရာများကို စစ်စခန်းဆောက်ရန် သိမ်းယူမှုများ၊ ရွာသားများအား လူသားတံတိုင်းအဖြစ် ဆောင်ရွက်မှုများလည်း ရှိနေသည်ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။

    မြန်မာစစ်တပ်မှ ပြုလုပ်ခဲ့သော လူ့အခွင့်ချိုးဖောက်မှုများအား အသေးစိတ် မှတ်တမ်းတင်ထားသည့် စာရွက်စာတမ်းများကို လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းတို့က အများအပြား ရရှိထားကြသည်။ ထိုစာရွက်စာတမ်းများတွင် အချို့သော တိုင်းရင်းသားလက်နက်ကိုင်များ၏ ကျူးလွန်မှုများ ပါဝင်သော်လည်း မြန်မာအစိုးရစစ်တပ်၏ ကျူးလွန်မှုလောက် မများ။ တိုက်ခိုက်မှုဖြစ်ပွားစဉ်အတွင်း တရားလက်လွတ် ကျင့်သုံးမှုများ ရှိခဲ့သည်ဟု အစိုးရက ၀န်ခံခဲ့ပြီး ၎င်းတို့တိုက်ခိုက်သည့် အဖွဲ့များကို “အကြမ်းဖက် အဖွဲ့အစည်းများ” ဟု ကင်ပွန်းတပ်ခဲ့သည်။

    မသေချာမှုများ ရှိနေသော်လည်း ကရင်ပြည်နယ်ရှိ ဒေသများအပါအ၀င် တစ်ချိန်က စစ်တလင်းဖြစ်ခဲ့ရသော ဒေသအချို့၌ ငြိမ်းချမ်းမှု ပြန်လည်ရောက်ရှိလာခဲ့သည်။ တိုင်းရင်းသား လူနည်းစုများမှာ သမ္မတဦးသိန်းစိန်အစိုးရ တက်လာခဲ့သည့် ၂၀၁၁ ခုနှစ်ကတည်းက တရားဝင် နိုင်ငံရေးအခန်းကဏ္ဍတစ်ခုကို ရရှိခဲ့လေသည်။

    လာမည့်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသည့် နိုင်ငံရေးပါတီ စုစုပေါင်း ၉၃ ခုမှ ၅၉ ရာခိုင်နှုန်းမှာ တိုင်းရင်းသား သို့မဟုတ် ဘာသာရေးလူနည်းစု၏ ပါတီများ ဖြစ်ကြသည်။ လွှတ်တော်နေရာ၏ ၃ ပုံတစ်ပုံက တိုင်းရင်းသားလူနည်းစုများ လွှမ်းမိုးသော ဒေသများကို ကိုယ်စားပြုလေသည်။

    “ဒီနေ့တော့ မြန်မာနိုင်ငံက တိုင်းရင်သားအများစုဟာ လွတ်လပ်ရေးရပြီးကတည်းက သူတို့နိုင်ငံဟာ အခုအချိန်မှာ ဘယ်လို ရှေ့ဆက်နေတယ်ဆိုတာကို ခပ်ကြွားကြွားလေး ပြောကြပါတယ်” ဟု ဂျွန်စတန်က ပြောကြားခဲ့သည်။

    သို့သော်လည်း အခြေခံ ရည်မှန်းချက်များကတော့ ပြည့်မြောက်မှု မရှိသေး။ အဆိုပါ ရည်မှန်းချက်များတွင် ကျောက်စိမ်း၊ ကျွန်းသစ်၊ သဘာဝဓာတ်ငွေ့၊ ရွှေနှင့် ရေအားလျှပ်စစ်တို့ အပါအ၀င် တိုင်းရင်းသား ဒေသများရှိ သယံဇာတများမှ ရရှိသော အကျိုးအမြတ်များကို ခွဲဝေပေးခြင်းလည်း ပါဝင်သည်။ ထိုအကျိုးအမြတ်များမှာ လက်ရှိအချိန်တွင် အစိုးရ၊ ၎င်းတို့နှင့်နီးစပ်သည့် ခရိုနီများထံသို့သာ စီးဝင်နေကြသည်။

    တိုင်းရင်းသားများက ၎င်းတို့၏ဒေသအား ကိုယ်ပိုင်အုပ်ချုပ်ခွင့် အဆင့်တစ်ခုအထိ ပေးမည့် ဖက်ဒရယ်အုပ်ချုပ်ရေး စနစ်ကိုလည်း အလိုရှိနေကြသည်။ ဗမာလူမျိုးအများစုရှိသည့် တိုင်းပြည်တွင် အစိုးရက တိုင်းရင်းသားလူနည်းစုများကို “ဗမာဇာတ်သွင်းခြင်း” (လူမြိုခြင်း) ကို တားဆီးရန်လည်း ဖြစ်သည်။

    ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှစ်ခုစလုံးကပင် ၎င်းတို့အနိုင်ရရှိပါက တိုင်းရင်းသားများ၏ အခွင့်အရေးကို ဆောင်ရွက်ပေးသွားမည်ဟု ကတိပေးထားကြသည်။ ဒေါ်အောင်ဆန်းစုကြည်က သူမအနေဖြင့် “ဒုတိယပင်လုံ” ကို ကျင်းပပေးမည်ဟုပင် ဆိုထားသည်။

    တိုင်းရင်းသားလူနည်းစုများအား သူမက ထိုကဲ့သို့ သိသိသာသာ အားပေးထောက်ခံထားသော်လည်း ထိုကိစ္စကို ဦးစားမပေးခြင်းနှင့် နိုင်ငံတစ်ဝှမ်း တိုင်းရင်းသားများ၏ ဒေသအတွင်း ဗမာလူမျိုးကြီးစိုးသော NLD မှ ကိုယ်စားလှယ်လောင်းများ ၀င်ရောက်ယှဉ်ပြိုင်ခြင်းအတွက် ဝေဖန်မှုများကို ခံနေရသည်။ အချို့ တိုင်းရင်းသားပါတီ ခေါင်းဆောင်များကမူ ၎င်းတို့ပါတီမှာ NLD နှင့် မဟာမိတ်ဖွဲ့ရေးအတွက် မျှော်လင့်နေကြသည်။

    စစ်တပ်အပြင် တိုင်းရင်းသား လူနည်းစုများမှာ အခြားသော ပြဿနာများကိုလည်း ရင်ဆိုင်ကြုံတွေ့နေကြသည်။ မည်သို့ပင်ဖြစ်စ တိုင်းရင်းသားအများစုကတော့ မနက်ဖြန်တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲမှာ ၎င်းတို့၏ ဆန္ဒများအတွက် အလှည့်အပြောင်းဖြစ်နိုင်သည့် အလားအလာရှိနေသည်ဟု ရှုမြင်နေကြသည်။

    “နှစ်ပေါင်း ၆၀ လောက် ဆိုးဆိုးဝါးဝါး ဖိနှိပ်ချုပ်ချယ်မှုအောက်မှာ ကျွန်တော်တို့ နေထိုင်လာခဲ့ရပါတယ်။ ဒါ့ကြောင့် ကျွန်တော် မဲပေးတဲ့အခါ ဒီမဲဟာ ကျွန်တော်တို့ကို ကြောက်ရွံ့မှုကနေ လွတ်မြောက်စေလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဇွဲကပင်တောင်ခြေရှိ ရွာငယ်လေးတွင် နေထိုင်သည့် မန်ခင်ထွန့်က ဖွင့်ဟခဲ့သည်။

    ပိုင်ဆိုင်သည့်မြေများအား အာဏာပိုင်များ၏ နှစ်ကြိမ်တိုင်တိုင် သိမ်းယူခြင်း ခံခဲ့ရသည့် အနီးအနားရွာမှ ခွန်ကြည်မြင့်ကမူ ၎င်း၏ မိသားစု ၇ ဦးစလုံး မဲပေးနိုင်ရန်အတွက် ပြင်ဆင်နေသည်။ သို့သော်လည်း အာဏာရပါတီက အာဏာကို လွယ်လင့်တကူ စွန့်လွှတ်ပါ့မလားဆိုသည့် သံသယများလည်း ရှိနေသည်။

    “သူတို့က အာဏာရှင်တွေလေ။ တကယ်လို့ ဒေါ်စု အနိုင်ရခဲ့ရင် တိုင်းပြည် မတည်မငြိမ်ဖြစ်အောင်လုပ်ပြီး အာဏာကို ဆက်ယူထားနိုင်တယ်။ သူတို့မှာသေနတ်ရှိတယ်။ ပါဝါအာဏာအားလုံးလည်း သူတို့မှာ ရှိနေပါတယ်။ တကယ်လို့ ကြံ့ခိုင်ရေးက နိုင်ရင်တော့ ပြည်သူတွေက အုံကြွလာကြလိမ့်မယ်။ ပြီးတော့ လက်နက်ရှိတဲ့သူတွေကလည်း ထကြွလာကြလိမ့်မယ်” ဟု ခွန်ကြည်မြင့်က ပြောကြားခဲ့သည်။

    ရွှေတောရွာမှ ကရင်နှစ်ခြင်း သင်းအုပ်ဆရာ ပီတာငြိမ်းက မငြိမ်မသက်မှုနှင့် အကြမ်းဖက်မှုများ ချုပ်ငြိမ်းသွားရန် မျှော်လင့်နေလေသည်။ အစိုးရစစ်တပ်က လယ်ထဲတွင် အလုပ်လုပ်နေသည့် ၎င်း၏သားကို သေနတ်ဖြင့်ပစ်ခတ်ပြီး ဒဏ်ရာရအောင် လုပ်ခဲ့သည်။ သမီးဖြစ်သူကလည်း ထိုင်းနိုင်ငံတွင် ဒုက္ခသည်အဖြစ် ခိုလှုံနေရသည်။

    “ဒီတစ်ခါတော့ ဘုရားသခင်က စောင်မပြီး ကျွန်တော်တို့အတွက် ခေါင်းဆောင်ကောင်းတစ်ယောက် ချီးမြှင့်မယ်လို့ မျှော်လင့်ပါတယ်”

    The New York Times တွင် ဖော်ပြခဲ့သော AP သတင်းဌာနမှ မြန်မာဌာနမှုးဟောင်း ဒေါ်အေးအေးဝင်း ရေးသားသည့် “Myanmar’s Minorities Fear Election Victory by Military” ဆောင်းပါးကို မြတ်သူရအောင် မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

  • ကမန် တိုင်းရင်းသားများရဲ့ ရွေးကောက်ပွဲ အလွန် မျှော်လင့်ချက်

    ကမန် တိုင်းရင်းသားများရဲ့ ရွေးကောက်ပွဲ အလွန် မျှော်လင့်ချက်

    ရခိုင်ပြည်နယ်တွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားပြီးနောက်ပိုင်း နိုင်ငံသား အခွင့်အရေး ဆုံးရှုံးနေသော ကမန်တိုင်းရင်းသားများက ၎င်းတို့၏ကံကြမ္မာကို ၂ဝ၁၅ ရွေးကောက်ပွဲက တစ်ဖန်ပြောင်းလဲစေမည်ဟု မျှော်လင့်နေကြသည်။

    Kaman family
    ပုံစာ – ရခိုင်ပြည်နယ်လွှတ်တော်အတွက် ရွေးကောက်ပွဲဝင်သည့် သံတွဲရှိ ကမန်အမျိုးသားတိုးတက်ရေးပါတီမှ ဦးသန်းဝင်းကို မိသားစုဝင်များနှင့်အတူ သံတွဲမြို့နေအိမ်တွင် မကြာသေးမီက တွေ့ရစဉ် (ဓာတ်ပုံ – ဆွေဝင်း/Myanmar Now)

    ဆွေဝင်း/Myanmar Now

    ပေါက်တော (Myanmar Now) — လွန်ခဲ့သော ၂ နှစ် အောက်တိုဘာလဆန်းတွင် ကိုဇော်လင်းတစ်ယောက်  ရခိုင်ပြည်နယ်တောင်ပိုင်း  သူနေထိုင်ရာ ရွာငယ်လေးဖြစ်သည့် ပေါက်တောရွာအတွင်း သက်ငယ်မိုးအိမ်လေး၏ နောက်ဖက်တွင်တည်ရှိသော တောင်ကုန်းပေါ်သို့  အလျင်အမြန်တက်ပြေးခဲ့သည်။

    သူတို့မိသားစုမှာ အစ္စလာမ်ဘာသာကိုးကွယ်သူများဖြစ်သည်။ သူနှင့် မိသားစုဝင်များ ထိုတောင်ကုန်းပေါ် အသက်လု၍ပြေးလွှားနေရခြင်းမှာ တုတ် ဓားကိုင်စွဲထားသည် ရခိုင်ဗုဒ္ဓဘာသာဝင်တို့က မွတ်စလင်အိမ်များကို ပစ်မှတ်ထား မီးရှို့တိုက်ခိုက်နေခြင်းကြောင့်ဖြစ်ပြီး၊  နောက်ဆုံး သူတို့နေထိုင်ရာရွာသို့ ဝင်ရောက်လာသောကြောင့်ဖြစ်သည်။

    ထိုသို့ပြေးလွှားနေစဉ်တွင် ကိုဇော်လင်းသည် ရွာနှင့် နှစ်မိုင်ခန့်ကွာဝေးသော  ရဲစခန်းကိုဖုန်းဆက် အကူအညီတောင်းသော်လည်း  ထိုရဲစခန်းရှိရဲအရာရှိက လုံခြုံရေးဆိုင်ရာကိစ္စရပ်များကြောင့် မအားလပ်သဖြင့် လာရောက်မကူညီနိုင်ကြောင်းသာပြောဆိုပြီး ဖုန်းချသွားသည်။

    တောင်ထိပ်တွင် သူတို့ ပုန်းအောင်းပြီး အန္တရာယ်ကိုတိမ်းရှောင်နိုင်ခဲ့သော်လည်း သူ့အိမ်အပါအဝင် ပေါက်တောရွာရှိ မွတ်စလင်အိမ်များ  ပြာအတိကျသွားသည်အထိ မီးရှို့ခံလိုက်ရသည်။ အနီးနားရှိ သဗြုချိုင်ရွာတွင်မူ  ၉၁ နှစ်အရွယ် မွတ်စလင်အဖွားအိုကို တိုက်ခိုက်သူများက  ဓားဖြင့် အကြိမ်ကြိမ်ထိုးပြီး နောက်ဆုံးတွင် မီးပုံထဲပစ်သွင်းလိုက်ကြသည်။

    သို့သော်လည်း ထိုအဖြစ်အပျက်များကိုအကြောင်းပြု၍ အိမ်နီးခြင်းဗုဒ္ဓဘာသာတို့အပေါ် မည်သည့်အာဃာတမှ မထားကြောင်း ကိုဇော်လင်းက ပြောသည်။

    “အားလုံး ခံရတာပဲလေ။ ရခိုင်တွေလည်း ဘာသာရေးခုတုံးလုပ်တာကို ခံရတာပဲ” ဟု သူက ၂ဝ၁၃ ထိုအရေးအခင်းအပြီး  ပြန်ဆောက်ထားသည့် သူ့အိမ်၏ဝါးကြမ်းပြင်တွင် ထိုင်လျက် ပြောဆိုသည်။

    ကိုဇော်လင်းတို့ မိသားစုမှာ ဗုဒ္ဓဘာသာရခိုင်များနှင့် ပဋိပက္ခစတင်ဖြစ်ခဲ့သော ဘင်္ဂါလီ ခေါ် ရိုဟင်ဂျာမွတ်စလင်တို့နှင့် ဘာသာရေးတူညီသည်ကလွဲ၍ ကွဲပြားသည့်အခြေအနေများရှိသည့် ကမန်မွတ်စလင်များဖြစ်သည်။ သူတို့သည် ဗုဒ္ဓဘာသာအများစု နေထိုင်သည့် မြန်မာနိုင်ငံတွင် တရားဝင်အသိအမှတ်ပြုထားသော တိုင်းရင်းသားလူမျိုးစုများတွင်ပါဝင်သည်။

    လွန်ခဲ့သော ခြောက်ရာစုနှစ်ကျော်က ကမန်တိုင်းရင်းသားတို့သည် အစ္စလာမ်ဘာသာသို့ပြောင်းလဲ ကိုးကွယ်ခဲ့ကြသော်လည်း ရခိုင်တို့၏ လူမှုရေးထုံးတမ်း အစဉ်အလာများကို ဆက်လက် ကျင့်သုံးနေကြသည်။ ၎င်းတို့အများစုမှာ ပြည်နယ်တွင်း ကမ်းရိုးတမ်းမြို့များဖြစ်သော သံတွဲ၊  ကျောက်ဖြူ၊ စစ်တွေ၊ ရမ်းဗြဲတို့တွင် နေထိုင်ကြသည်။

    ၂ဝ၁၂ ရခိုင်ပြည်နယ်တွင် ဘာသာရေးလူမျိုးရေးအခြေခံသော ပဋိပက္ခများဖြစ်ပြီးနောက်ပိုင်း အစ္စလာမ်ဘာသာကိုးကွယ်မှုကိုအကြောင်းခံ၍ အာဏာပိုင်တို့၏ ခွဲခြားဆက်ဆံမှုများကို ခံနေရပြီး ၎င်းတို့၏ နိုင်ငံသားအခွင့်အရေးများပါ ချိုးဖောက်ခံနေရသည်။

    ကမန်တိုင်းရင်းသားခေါင်းဆောင်တို့က ၎င်းတို့နှင့် ဘာသာတူသည့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ ခေါ် ရိုဟင်ဂျာတို့နှင့် မဟာမိတ်ပြုမည့်အစား သူတို့သည် ရိုဟင်ဂျာမဟုတ်ကြောင်း ကွဲပြား ထင်ရှားအောင် ကြိုးစားနေကြသည်။   ၂ဝ၁၅  ရွေးကောက်ပွဲသည် ၎င်းတို့၏ ကံကြမ္မာကို အကောင်းဘက်သို့ ပြန်လည်ရောက်ရှိစေမည်ဟု မျှော်လင့်နေကြသည်။

    လူဦးရေတစ်သန်းကျော်ရှိသည့် ဘင်္ဂါလီရိုဟင်ဂျာတို့မှာ ရွေးကောက်ပွဲတွင် ပါဝင်မဲထည့်ခွင့် မရကြသော်လည်း ကမန်တိုင်းရင်းသားတို့မှာ မဲထည့်ခွင့်တော့ရကြသေးသည်။

    အာဏာရပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီလွှမ်းမိုးထားသည့် လွှတ်တော်နှင့် အစိုးရ အုပ်ချုပ်သည့် လွန်ခဲ့သည့်နှစ်များတွင် ပြည်သူတို့က ကသောင်းကနင်း ဖြစ်ရပ်များနှင့် ရင်ဆိုင်နေရပြီး အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုသာ မဲထည့်ရန်  အများအပြားက အားသန်နေသကဲ့သို့  ကမန်တိုင်းရင်းသားတို့မှာလည်း ထိုပါတီကိုသာ မဲထည့်ပြီး အပြောင်းအလဲဖြစ်ရန် မျှော်လင့်နေသည်။

    “ကြံ့ခိုင်ရေး (ပါတီ) ဘယ်လိုဆိုးဆိုးဝါးအုပ်ချုပ်သွားတာ ကျုပ်တို့အားလုံးသိတာပဲ” ဟု သံတွဲမြို့ရှိ ကမန်တိုင်းရင်းသားတစ်ဦးဖြစ်သူ ကျုရှင်ဆရာ  ကိုတင်မောင်ထွန်းကဆိုသည်။

    “ဥပဒေစိုးမိုးရေးကို ရချင်လို့ ကမန်တိုင်းရင်းသား ရပ်မိရပ်ဖတွေကလည်း NLD ကိုပဲ မဲပေးဖို့ ဆုံးဖြတ်ပြီးကြပြီ” ဟု သူက ဆက်၍ ဆိုသည်။

    ခွဲခြားဆက်ဆံခံရမှုများ

    ခန့်မှန်းခြေစာရင်းများအရ ကမန်တိုင်းရင်းသားတို့သည် မြန်မာတစ်နိုင်ငံလုံးတွင် ငါးသောင်းခန့်ရှိပြီး နှစ်သောင်းခန့်မှာ ရခိုင်ပြည်နယ်တွင်နေထိုင်ကြရာ ၂ဝ၁၂ အရေးအခင်းများနောက်ပိုင်း ၎င်းတို့ ခွဲခြားဆက်ဆံမခံနေရကြောင်း ရခိုင်ပြည်နယ်လွှတ်တော်အတွက် ရွေးကောက်ပွဲဝင်သည့် သံတွဲရှိ ကမန်အမျိုးသားတိုးတက်ရေးပါတီမှ  ဦးသန်းဝင်းက ဆိုသည်။

    အရေးအခင်းများဖြစ်ပြီးနောက်ပိုင်း အသက် ၁၈ နှစ်ပြည့်လာသော ကမန်တို့မှာ နိုင်ငံသားစိစစ်ရေးကတ် မရရှိတော့ခြင်းကြောင့် ၎င်းတို့နေထိုင်ရာ  မြို့များမှ ထွက်ခွာခွင့်မရခြင်း အပါအဝင်   ပညာရေး၊ လူမှုရေး အခွင့်အရေးများ ဆုံးရှုံးနေကြောင်း သူက ဆိုသည်။

    “အရေးအခင်းမတိုင်မီကတော့ နိုင်ငံသားအခွင့်အရေးအားလုံး တန်းတူရတယ်။ ဒီနောက်ပိုင်းကျတော့ အဲလိုမဟုတ်တော့ဘူး။ ယခင်ကတည်းက  မှတ်ပုံတင်ရထားသူတွေကတော့ လွတ်လွတ်လပ်လပ် သွားလာလို့ရပါတယ်” ဟု သူက ဆိုသည်။

    “ခွဲခြားခံရတာအဓိကအကြောင်းကတော့ဗျာ မွတ်စလင်မို့လို့ပဲ။  ကျွန်တော်သာ နိုင်ငံသား မှတ်ပုံတင်ကိုင်ဆောင်ထားပေမယ့်၊ နိုင်ငံသားဖြစ်ပေမယ့်  ကျွန်တော့်သားကျတော့ မှတ်ပုံတင်မရဘူး။ သူတက္ကသိုလ်သွားတက်ဖို့ဟာ အခက်ကြုံနေရတယ်” ဟု သူက ရှင်းပြသည်။

    အရေးအခင်းနောက်ပိုင်း မွေးဖွားလာသော ကမန်တိုင်းရင်းသားကလေးငယ်များအတွက် ဖွားစာရင်း မရခြင်း၊  မှတ်ပုံတင်မရှိသော  ကမန်လယ်သမားများ  မြေယာပိုင်ဆိုင်ခွင့် လျှောက်ထားမှု အခက်အခဲဖြစ်ခြင်းတို့နှင့် ကြုံနေရကြောင်းလည်း သူက ပြောပြသည်။

    သူ၏ အိမ်နီးခြင်းဖြစ်သူ ကမန်အမျိုးသမီးငယ်သုံးဦး လွန်ခဲ့သောလအနည်းငယ်က မှတ်ပုံတင် မရှိဘဲ ရန်ကုန်သို့ သွားရောက်ခဲ့ပြီး၊  မှတ်ပုံတင်အတု ကိုင်ဆောင်ပြီး သံတွဲသို့ ပြန်လာသည်ကို ရဲများက စစ်ဆေး တွေ့ရှိပြီးနောက် အဖမ်းခံရကာ ထောင်ခြောက်လစီ ကျသွားကြသည်။

    ကမန်အမျိုးသားတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးလှတိုးက ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် မကြာသေးမီလအနည်းငယ်အချိန်ထိ လုပ်ကိုင်ခဲ့သူ ဦးမောင်မောင်အုန်းနှင့် ကမန်တိုင်းရင်းသားများ နိုင်ငံသားအခွင့်အရေးရရှိရေးအတွက် ၂ဝ၁၄၊၂ဝ၁၅ တို့တွင် သုံးကြိမ် ဆွေးနွေးညှိနှိုင်းခဲ့သော်လည်း မည့်သည့်ရလဒ်မှ မရရှိခဲ့ကြောင်း ဆိုသည်။
    (သူ၏ ကမန်အမျိုးသားတိုးတက်ရေးပါတီသည် ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးတို့ရှိ မဲဆန္ဒနယ် ၄ ခုတွင် ဝင်ရောက်ယှဉ်ပြိုင်သည်။)

    “ဦးမောင်မောင်အုန်းကတော့ သူ ရခိုင်ရပ်မိရပ်ဖတွေနဲ့ တိုင်ပင်ပြီး ညှိနှိုင်းပေးပါ့မယ် တဲ့။ ဒါကိုကလည်း သိပ်တော့ သဘာဝမကျဘူး။ သူ့ကို  အချိန်ပေးပါ တဲ့၊ သူသာ ဝန်ကြီးချုပ်ရာထူးကသာ ထွက်သွားတာ ဘာမှဖြစ်မလာခဲ့ဘူး” ဟု ဦးလှတိုးက ဆိုသည်။

    သို့သော် ရွေးကောက်ပွဲတွင်မူ အသက် ၁၈ နှစ်ပြည့်ပြီး မှတ်ပုံတင် မရှိသော ကမန်တိုင်းရင်းသားများမှာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှုးတို့၏  ထောက်ခံချက်ဖြင့် မဲထည့်ခွင့် ရမည်ဖြစ်ကြောင်း သံတွဲရှိ ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူများက ဆိုသည်။

    ရွေးကောက်ပွဲ ဒွိဟများ

    ရခိုင်ပြည်နယ်တွင် ပြည်ခိုင်ဖြိုး၊ NLD တို့ ပြီးလျှင် ရခိုင်လူမျိုးတို့ ဦးဆောင်သည့် ရခိုင်အမျိုးသားပါတီ (ANP)  မှာ အားအကောင်းဆုံးပါတီဖြစ်သည်။

    ကမန်လွှတ်တော်အမတ်လောင်း ဦးသန်းဝင်းက ANP  ပါတီမှာ ရခိုင်အမျိုးသားအရေးကို ရှေ့တန်း အလွန်အကျုးတင်နေသဖြင့် ကမန်တို့မှာ  NLD ကိုသာ မဲပုံပေးကြလိမ့်မည်ဟု ခန့်မှန်းသည်။

    “ဖြစ်နိုင်ရင် ANP ကိုပဲ မဲထည့်ချင်တယ်။ တကယ်တော့ ရခိုင်ဆိုတာ ကိုယ့်အစ်ကိုကြီးလိုပဲ။ ဒါပေမယ့် ခက်တာက ကျွန်တော်တို့ကို ဘင်္ဂါလီနဲ့ ကမန်  အတူတူပဲ၊ မွတ်စလင်ပဲ ဘာညာ ဆိုတော့ ကျွန်တော်တို့လည်း NLD ကိုပဲ မဲထည့်ရမှာပေါ့” ဟု သူက ရှင်းပြသည်။

    သူဝင်ပြိုင်နေသည့် ရခိုင်ပြည်နယ် လွှတ်တော် တစ်နေရာအတွက် သူ့ကိုယ်သူ မဲပေးမည် ဖြစ်သော်လည်း ပြည်ထောင်စု လွှတ်တော်နေရာများအတွက်မူ NLD ကိုသာ မဲထည့်မည်ဖြစ်ကြောင်း၊ NLD ဦးဆောင်သော အစိုးရသည် ကမန်တိုင်းရင်းသားတို့၏ နိုင်ငံသားဖြစ်ခွင့် အခြေအနေများကို လျင်မြန်စွာ ဖြေရှင်းပေးသွားမည်ဟု မျှော်လင့်ကြောင်း ဦးသန်းဝင်းက ပြောသည်။

    NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ မြန်မာနိုင်ငံရှိ မွတ်စလင်များ ဖိနှိပ်ခံနေရခြင်းအပေါ် အရေးတယူ ပြောဆိုခြင်း မရှိသောကြောင့်  နိုင်ငံတကာတွင် ဝေဖန်ခံနေရသည်။

    အမျိုးသားရေးဝါဒီ သံဃာတော်အချို့ကလည်း  မွတ်စလင်ဆန့်ကျင်ရေးလှုံ့ဆော်မှုများ ရွေးကောက်ပွဲ မတိုင်မီ ပြောဆိုခဲ့ပြီးနောက်တွင်  NLD ပါတီက မည်သည့် မွတ်စလင် တစ်ဦးတစ်ယောက်ကိုမျှ ၎င်း၏ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ထည့်သွင်းခြင်း မရှိခဲ့ပေ။

    သို့ရာတွင် ပေါက်တော ကျေးရွာမှ ကိုဇော်လင်းကမူ NLD ပါတီကိုသာမဲထည့်မည်ဟု ဆိုသည်။

    “တိုင်းရင်းသားတွေအားလုံး မျှမျှတတ ဆက်ဆံခံရမယ့် နိုင်ငံရေးစနစ်မျိုး NLD က လုပ်နိုင်မယ်လို့ ထင်တာပဲ” ဟု သူက ဆိုသည်။ ပြည်နယ်တောင်ပိုင်းရှိ ကမန်တို့မှာ NLD ကို မဲထည့်မည့် အခြေအနေ ရှိသော်လည်း NLD အားမကောင်းသော၊ အမျိုးသားရေးစိတ်ဓာတ်များ၊ လူမျိုးရေး စိတ်ဓာတ်များမြင့်မားနေသော ပြည်နယ်မြောက်ပိုင်းတွင်မူ   ANP သို့မဟုတ် ပြည်ခိုင်ဖြိုးပါတီ တို့ကိုသာ မဲထည့်ကြမည်ဟု မျှော်လင့်ရသည်။

    “NLD က ဒီမြောက်ပိုင်းမှာတော့ စည်းရုံးရေးလည်း သိပ်မရှိဘူး၊ အားမကောင်းဘူးဗျ။ ကျွန်တော်ကတော့ ANP ပါတီကို ပြည်ထောင်စုလွှတ်တော်နေရာတွေ အတွက် မဲထည့်သွားမယ်” ဟု ပြည်နယ်လွှတ်တော်နေရာအတွက်  ကမန်တိုင်းရင်းသားတိုးတက်ရေးပါတီကိုယ်စားပြု၍ စစ်တွေမြို့နယ်တွင်   ဝင်ရောက်ယှဉ်ပြိုင်သော ကိုကျော်ငြိမ်းက ဆိုသည်။

    ကိုကျော်ငြိမ်း၏ မဲဆွယ်ပွဲများတွင် ကမန်တို့သည် မွတ်စလင်ဖြစ်သော်လည်း ဘင်္ဂါလီတို့ကဲ့သို့ မဟုတ်ဘဲ တရားဝင်အသိအမှတ်ပြု ရခိုင်မျိုးနွယ်တိုင်းရင်းသားတစ်စုဖြစ်ကြောင်း ရခိုင်လူမျိုးတို့ကို ရှင်းပြခဲ့သည်ဟု သူက ဆိုသည်။

    “ဒီအချက်ကိုပဲ ထပ်ခါထပ်ပြောခဲ့တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကမန်တိုင်းရင်းသားတွေရဲ့အဓိက ပြဿနာက ဘင်္ဂါလီတွေနဲ့ အတူတူလို့ အသတ်မှတ်ခံရလို့ပဲ” ဟု သူက ပြောသည်။

    ၂ဝ၁၄ သန်းခေါင်စာရင်းကောက်ယူချိန်တွင် ဘင်္ဂါလီတို့ကို ရိုဟင်ဂျာလူမျိုးများဟု ထည့်သွင်း ကောက်ယူခြင်းမပြုရန် ကမန်တိုင်းရင်းသားတိုးတက်ရေးပါတီက  ကြေညာချက် ထုတ်သည့် နည်းဖြင့် ရိုဟင်ဂျာဆိုသော အသုံးအနှုန်းကို မနှစ်မြို့သော ရခိုင်တိုင်းရင်းသားများနှင့် တစ်သားတည်းရှိကြောင်း ပြသခဲ့သည်။

    “ဒီရွေးကောက်ပွဲမှာ ကျွန်တော်တို့ မဲရတယ် မရတယ် ဆိုတာထက်၊ ရွေးကောက်ပွဲအပြီး ကမန်တိုင်းရင်းသားတွေရဲ့အခြေအနေ ဘယ်လိုဖြစ်မလဲဆိုတာ  ပိုအရေးကြီးတယ်” ဟု ကိုကျော်ငြိမ်းက ဆိုသည်။   ။

  • သင်္ဃန်းကျွန်းမှာ နိုင်ချေရှိတဲ့ နောက်ထပ် အမတ်လောင်းတစ်ဦး

    သင်္ဃန်းကျွန်းမှာ နိုင်ချေရှိတဲ့ နောက်ထပ် အမတ်လောင်းတစ်ဦး

    “ဥပဒေကလည်း ကွက်ကြားမိုးရွာလို့မဖြစ်ဘူး”

    IMG_2740

    အင်တာဗျူး
    ထက်ခေါင်လင်း / Myanmar Now

    ရှေ့နေ ဦးရန်နိုင်သည်  ရန်ကုန်မြို့ရှိ အစ္စလာမ်ဘာသာဝင် အများအပြား နေထိုင်ရာ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ အမတ်လောင်းတစ်ဦးဖြစ်သည်။ ကနဦးတွင် ရွေးကောက်ပွဲကော်မရှင်က သူ့ဖခင်၏ နိုင်ငံသားဖြစ်မှု အခြေအနေနှင့်ပတ်သက်ပြီး သံသယ ဖြစ်ကာ သူ့ကို အမတ်လောင်းအဖြစ်မှ ရုပ်သိမ်းခဲ့သည်။   အယူခံအဆင့်ဆင့်တင်ခဲ့ပြီးနောက်တွင် ရွေးကောက်ပွဲဝင်ခွင့် ပြန်ရခဲ့သည်။

    မကြာသေးခင်က Myanmar Now သတင်းထောက် ထက်ခေါင်လင်းနှင့်ရန်ကုန်တွင် တွေ့ဆုံစဉ်    မြစ်ဝကျွန်းပေါ်ဒေသ၊ မြောင်းမြဇာတိ၊ ၅၅ နှစ်အရွယ် ဦးရန်နိုင်က ရွေးကောက်ပွဲ အနိုင်ရရှိမှုအခြေအနေ၊ ဗုဒ္ဓဘာသာ နှင့် အစ္စလာမ် ဘာသာဝင်များကြား ဆက်ဆံရေး၊  မဘသ အဖွဲ့၊ အမတ်လောင်း ရွေးချယ်ချိန်တွင် ပါတီများက အစ္စလာမ်ဘာသာဝင် တို့ကို ပစ်ပယ်ပုံတို့အကြောင်း ပြောပြထားသည်။

    မေး – ဦးရန်နိုင် ဘာကြောင့် ရွေးကောက်ပွဲဝင်ရတာလဲ။
    ဖြေ – အစ္စလာမ်ဘာသာဝင် လူနည်းစုတွေရဲ့ ပြောရေးဆိုခွင့်အခြေအနေအရ ဝင်ပြိုင်တာလို့ ပြောလို့ရမယ်။ လက်ရှိအခင်းအကျင်းမှာတော့  ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်တွေဟာ လွှတ်တော်ထဲကို ရောက်လာနိုင်ခြေကတော့ အရမ်းကိုနည်းနေပါတယ်။
    လွှတ်တော်ထဲကိုရောက် နိုင်ဖို့ဆိုတာထက် အစ္စလာမ်ဘာသာဝင် ကိုယ်စားလှယ်လောင်းဆိုတာနဲ့ကို ဘယ်ပါတီကမှ လက်မခံတာကိုတွေ့ရတယ်။  အစ္စလာမ်ဘာသာဝင် ကိုယ်စားလှယ်ပါလိုက်ရင် သူတို့ မဲမရမှာစိုးတယ်၊ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့  ဘာသာချစ်အသင်းအဖွဲ့တွေက အထင်အမြင်လွဲမှာလို့ ယူဆကြတယ်။ NLD မှာ ကိုယ်စားလှယ်တွေကို တင်ကြပေမယ့်  အနီးကပ်မှ ဖြုတ်ချလိုက်တယ်။ ဒါကိုကြည့်ခြင်းအားဖြင့် သူတို့က မြန်မာတစ်နိုင်လုံးမှာရှိတဲ့ ပါတီဝင်တွေအားလုံးအပေါ်မှာ
    ဘာသာရေးကိုအကြောင်းပြပြီးတော့ ခွဲခြားဆက်ဆံနေတယ်။   ပါတီကြီးတွေကို အားမကိုးနိုင်တဲ့အနေအထားမျိုး တွေ့ရတယ်။ အဲဒါကြောင့် ကျွန်တော်တို့က ကိုယ့်ပါတီနဲ့ကိုယ်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ဖို့ ကြိုးစားတယ်။  ကိုယ့်လူနည်းစုရဲ့အခွင့်အရေးကို ဘယ်ပါတီကမှ လက်မခံပေမယ့် ကိုယ့်ဘာသာ ရုန်းကန်လှုပ်ရှားမယ်ဆိုတာကို ပြတဲ့သဘောနဲ့ ဝင်ပြိုင်တာပါ။

    မေး – ပြီးခဲ့တဲ့ငါးနှစ်အတွင်း  မြန်မာပြည်မှာ  ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေ အကြားမှာ ရင်းနှီးမှု နည်းလာတာကို ဘယ်လိုသုံးသပ်ချင်သလဲ။
    ဖြေ – အထူးသဖြင့် ခွဲခြားဆက်ဆံမှုပေါ့။ ဒီလိုလုပ်နေတဲ့အကြောင်းအရင်းကလည်း အစ္စလာမ်ကို ခုတုံးလုပ်နေတယ်လို့မြင်တယ်။ ခုတုံးလုပ်ပြီး သူတို့ မဲပိုရအောင်လို့၊ အစ္စလာမ်ပါလာရင် မဲမရနိုင်ဘူးလို့ မြင်ပြီးတော့ ဒါကိုဗန်းပြပြီး မျက်ကန်းမျိုးချစ်ပုံစံမျိုး လုပ်နေတာလို့ ထင်တယ်။

    မေး –  ခွဲခြားဆက်ဆံမှု ဆိုတာ ဘယ်လိုမျိုးလဲ။
    ဖြေ –  အထင်အမြင်တွေ လွဲနေကြတာ။   ဒီလိုဆက်ဆံနေတာလည်း ဗုဒ္ဓဘာသာဝင်တိုင်းမဟုတ်ပါဘူး။ သံဃာတော်တိုင်းမဟုတ်ဘူး။ တချို့သံဃာတော်တွေကို သိပ်ကိုချစ်ကြည်ညိုဖို့ကောင်းတယ်။ သို့သော် ဒီအစ္စလာမ်ဘာသာကို ခုတုံးလုပ်ပြီးတော့ အပုပ်ချပြီးတော့ မဲဆွယ်စည်းရုံးတာတို့၊ အဲဒီလိုမျိုးလုပ်မှ သူတို့ တိုးတက်မယ်လို့  ယူဆတဲ့အဖွဲ့တွေက လုပ်နေတယ်လို့တော့ မြင်တယ်။  ဘာသာကြီးဝါဒ၊ လူမျိုးကြီးဝါဒ  ဘယ်ဘက်ကပဲထားထား မကောင်းပါဘူး။

    မေး –  ဘာသာရေးနဲ့နွယ်တဲ့ပဋိပက္ခတွေ မြန်မာပြည်မှာ ပြန်ဖြစ်လာနိုင်တဲ့အခြေအနေတွေ တွေ့နေရပြီလား။
    ဖြေ – အခု မြင်နေတဲ့ အနေအထားအရတော့ ထိန်းထိန်းသိမ်းသိမ်းလုပ်တဲ့သူတွေ တော်တော်များလာပါပြီ။  ဗုဒ္ဓဘာသာဝင်တွေအသိုင်းအဝိုင်းကိုက နားလည်မှုရှိရှိနဲ့ ထိန်းသိမ်းတာတွေ၊ ဘာသာပေါင်းစုံချစ်ကြည်ရေးအသင်းတွေက အတက်နိုင်ဆုံး ထိန်းနေတယ်လို့ မြင်ပါတယ်။ သို့သော် အဲဒီမှာလည်း သမ္မတ ဦးသိန်းစိန်ကိုယ်တိုင်ပြောခဲ့သလို နောက်ကွယ်က လက်မည်းကြီးတွေကတော့ ရှိနေဆဲပဲပေါ့။ အဲဒီလက်မည်းကြီးတွေ ဘယ်လောက်အတိုင်းအတာထိ လုပ်နေမလဲ၊ သူတို့ကို ဘယ်လောက်အတိုင်းအတာအထိ တားနိုင်မလဲဆိုတာကတော့ အထူးဖြင့် ဥပဒေစိုးမိုးရေးအပေါ်မှာ မူတည်မယ်။ ဥပဒေကလည်း ကွက်ကြားမိုးရွာလို့မဖြစ်ဘူး။ ကျောသားရင်သားမခွဲခြားပဲ ဘယ်ဘာသာဝင်မဆို၊ ဘယ်လိုလူမျိုးမဆို ဥပဒေတစ်စုံတစ်ရာကို ဖောက်ဖျက်လာရင် အရေး ယူဖို့လိုအပ်တယ်။ ဒါကိုသာ ထိထိရောက်ရောက် လုပ်လာနိုင်ရင် ဒီပြဿနာတွေ ပျောက်သွားမယ်လို့ ထင်တယ်။

    မေး – ဥပဒေစိုးမိုးရေး ဆိုတာကို NLD က မကြာခဏ ပြောတဲ့အတွက် သူတို့ ရွေးကောက်ပွဲအနိုင်ရလို့ အစိုးရဖွဲ့နိုင်မယ်ဆိုရင် တကယ်ရော ဥပဒေစိုးမိုးရေး ဆောင်ရွက်နိုင်မယ် ထင်သလား။
    ဖြေ – အခုလက်ရှိ အနေအထားထက်တော့ အများကြီးသာမယ်လို့ ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့သည် နိုင်ငံတကာ အမြင်တွေ၊ အတွေ့အကြုံတွေ ရှိတယ်။   သူတို့ကိုယ်တိုင် နှစ်ပေါင်းများစွာနဲ့ ရာဇသတ်ကြီးဥပဒေမှာပါတဲ့ ထောင်ဒဏ်တွေ အားလုံးပေါင်းရင်တောင်မှ မရှိတဲ့ပုဒ်မမျိုးတွေနဲ့ အကျဉ်းချခံရတာတွေ ဖြစ်ခဲ့တယ်ဆိုတော့ ဥပဒေစိုးမိုးရေကို သူတို့သေသေချာချာ လုပ်လိမ့်မယ်လို့တော့ မျှော်လင့်တယ်။

    မေး –  NLD မနိုင်ဘဲ အာဏာရပါတီ အနိုင်ရသွားရင်   ဘာတွေဖြစ်လာနိုင်သလဲ။
    ဖြေ – မကျေနပ်တာတို့ ဘာတို့က တစ်ကဏ္ဍထားပေါ့။ ဒီပုဂ္ဂိုလ်တွေပဲ ပြန်ရမယ်ဆိုရင်လည်း ပြီးခဲ့တဲ့ သက်တမ်း ၅ နှစ်ထက်တော့ နည်းနည်းလေး  တိုးတက်လာမယ်လို့ ယူဆတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူတို့ရဲ့ အားသာချက်၊ အားနည်းချက်တွေကို သူတို့ကိုယ်တိုင် သိထားတယ်။  အဲဒီဟာတွေ ပြုပြင်ဖို့ သူတို့မှာတာဝန်ရှိတယ်၊ သူတို့သာ ဒါမလုပ်ရင်တော့ သူတို့ကျဆုံးသွားမှာပဲ။ ဘယ်လိုကဏ္ဍတွေလဲဆိုတော့ ဥပဒေစိုးမိုးရေးတို့၊ (ဆန္ဒပြ)ကျောင်းသားပြဿနာ၊   ပြည်သူကနေ သိပ်ဘဝင်မကျတဲ့ ဥပဒေတွေပြဋ္ဌာန်းတာတို့ကို သင်ခန်းစာယူပြီးတော့ ပြင်သင့်တာ ပြင်၊ ပြောင်းသင့်တာပြောင်း၊ အသစ်ပြဋ္ဌာန်းသင့်တာပြဋ္ဌာန်း ဒါမျိုးတွေ လုပ်လာလိမ့်မယ်လို့တော့ မျှော်လင့်တယ်။

    မေး – ၂ဝ၁၅ အလွန်မှာ ဘယ်သူ သမ္မတဖြစ်သင့်တယ်လို့ ယူဆသလဲ။
    ဖြေ –  ဒေါ်အောင်ဆန်းစုကြည်ကို ဖြစ်စေချင်တယ်။ ဥပဒေအရတော့ သူက အတားဆီးခံနေရတယ်။ ကျန်တဲ့ပုဂ္ဂိုလ်တွေ အားလုံးထဲမှာ ဦးရွှေမန်းကို ပိုပြီးသဘောကျတယ်။ ဘာ့ကြောင့်ဆိုတော့ သူက ပျော့ပြောင်းမှုရှိတယ်၊ လွှတ်တော်ဥက္ကဋ္ဌ  သက်တမ်းတလျှောက်မှာ လွှတ်တော်ကိုယ်စားလှယ်တွေကို သူနားလည်မှုရှိတယ်။ ဝိုင်းဝန်းကူညီပေးတယ်။ ပြည်သူတွေရဲ့ ဆန္ဒကို လုပ်နိုင်တာ၊ မလုပ်နိုင်တာထားတော့၊ တကယ်နားထောင်တာလေးတွေ၊  နောက်ပြီးတော့ အတိုက်အခံအင်အားစုတွေကို  မိတ်ဘက်ပုံစံမျိုး ပူးပေါင်းဆောင်ရွက်လာတွေကို မြင်လာရတယ်။

    မေး –  သူက ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်ပိုင်းမှာ မရှိတော့ဘူးဆိုတော့ ပြည်ခိုင်ဖြိုးအမတ်တွေက သူ့ကို သမ္မတအဖြစ် ရွေးပါ့မလား။
    ဖြေ – အဲဒါကတော့ သူတို့ပါတီတွင်း ပြဿနာပေါ့။ ပြည်သူရဲ့ ကိုယ်စားလှယ်တွေနဲ့ နားလည်မှုရှိရှိပေါင်းတယ်၊  အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပေါင်းတယ်။ ဒီကိစ္စတွေကြောင့်   မပေါင်းစေချင်တဲ့အုပ်စုတွေက မကျေမနပ်ဖြစ်တယ်လို့တော့ ကြားမိတယ်။ အဲဒီအတွင်းရေး ပြဿနာတွေကတော့ သူတို့ပဲသိမှာပေါ့။ ဒီဟာကို ကြည့်ခြင်းအားဖြင့် ပြည်သူ့ဆန္ဒသက်သက် အကောင်အထည်ဖော်မှာကို မလိုလားတဲ့အုပ်စုတွေက အခုထက်ထိ အင်အားကောင်းဆဲပဲလို့တော့ ယူဆတယ်။

    မေး –    အင်အားကောင်းလာတဲ့ မဘသအဖွဲ့အပေါ်မှာရော ဘယ်လိုမြင်လဲ။
    ဖြေ –  အားလုံး လွတ်လပ်စွာကိုးကွယ်ခွင့်၊  ယုံကြည်ခွင့် ရှိသင့်တယ်။ ကိုယ့်ဘာသာအတွက် ကိုယ့်နိုင်ငံမှာရှိတဲ့ တခြားဘာသာဝင်တွေကို တိုက်ခိုက်တာမျိုးတော့ မဖြစ်စေချင်ဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ အစ္စလာမ်တွေသည် ငြိမ်းချမ်းစွာနေတတ်ပါတယ်၊  အင်မတန်ကြောက်တတ်ပါတယ်၊    ဥပဒေတွေ၊ အင်အားကြီးတွေကို လေးစားတတ်ပါတယ်။  အဲဒါကိုတော့ နားလည်စေချင်တယ်။ ကိုယ့်ဘာသာကို ကိုယ်စောင့်ရှောက်တာ ကောင်းပါတယ်။ ကိုယ့်ဘာသာကို စောင့်ရှောက်ခြင်းသည် တခြားဘာသာကို တိုက်ခိုက်ခြင်းမဖြစ်စေချင်ဘူး။

    မေး –   NLD ကို  လူထုအားပေးမှု အများဆုံး ဖြစ်နေတယ် ဆိုတော့  ဦးရန်နိုင်က ရွေးကောက်ပွဲနိုင်ချေ ရှိမယ် ထင်သလား။
    ဖြေ – ကျွန်တော့်မဲဆန္ဒနယ်မှာ ကျွန်တော်နဲ့ ဘာသာတူ မဲဆန္ဒရှင်တွေ ၄ဝ ရာခိုင်နှုန်း လောက်ရှိတယ်။ ကျွန်တော့်မဲဆန္ဒနယ်မှာ ပြည်သူ့လွှတ်တော်မှာ ပြိုင်ကြမှာက ၁ဝ ယောက်ရှိတော့ မဲကွဲမယ့် အနေအထားလည်း တွေ့ရတယ်။   ကျွန်တော့် ဘာသာတူတွေ တလုံးတခဲထဲ ကျွန်တော့်ကိုပေးခဲ့ရင်တော့ ကျွန်တော် အနိုင်ရနိုင်မယ်လို့ ထင်တယ်။ အခု နောက်ဆုံးမှာ NLD က အစ္စလာမ် ဘာသာဝင်ကိုယ်စားလှယ်တွေကို ပယ်လိုက်တဲ့အခါ ကျွန်တော်တို့ဘာသာဝင်တွေက တော်တော်လေး စိတ်မကောင်းဖြစ်ကြတယ်။ အဲဒီတော့ ကိုယ့်ဘာသာတူ ကိုယ်စားလှယ်လောင်းတွေ ပေါ်လာတာကို အားပေးနိုင်တဲ့ အလားအလာတွေ တွေ့နေရတယ်။

    မေး –  ရွေးကောက်ပွဲကရော လွတ်လပ်မျှတနိုင်မလား။
    ဖြေ –  မဲစာရင်းမမှန်တာတွေ့ရတယ်။ အဲဒီတော့ နည်းနည်းစိုးရိမ်စရာလေးတွေတော့ ရှိတယ်ဗျ။  ဒီဟာနဲ့ ဝှက်ဖဲတချပ်ထားတယ်လို့ ယူဆတယ်။ အခု ကြိုတင်မဲတချို့မှာ မဲမသမာမှုတွေ  ဖြစ်လာတယ် လို့တော့ ကြားမိတယ်။   ဝန်ထမ်းတွေကို ဖိအားပေးတာတို့လည်း ကြားရတယ်။ နောက် … ပယ်မဲ။ ပညာပေးရေး အစီအစဉ်တွေကလည်း အားနည်းတော့  ပယ်မဲကလည်း တော်တော်လေးတော့ စိုးရိမ်စရာရှိတယ်။     ။

    ဆက်စပ် ဆောင်းပါးများ ဖတ်ရန်

    သင်္ဃန်းကျွန်း ပြည်သူ့လွှတ်တော် အမတ် အောင်နိုင်ရေး အဆုံးအဖြတ်ကို ဘယ်သူပေးမလဲ
    http://www.m-mediagroup.com/news/47716
    စစ်ကျန် ဒီမိုကရေစီကနေ စစ်မှန်တဲ့ ဒီမိုကရေစီ ရဖို့ ရွေးကောက်ပွဲဝင်မယ့် အမတ်လောင်း ဦးရန်နိုင်
    http://www.m-mediagroup.com/news/46444

  • ဒုက္ခသည် အဖြစ် ခိုလှုံခဲ့သူ မွတ်စလင် အမျိုးသမီး  ကနေဒါ အစိုးရ အဖွဲ့သစ်မှာ ဝန်ကြီးဖြစ်လာ

    ဒုက္ခသည် အဖြစ် ခိုလှုံခဲ့သူ မွတ်စလင် အမျိုးသမီး ကနေဒါ အစိုးရ အဖွဲ့သစ်မှာ ဝန်ကြီးဖြစ်လာ

    နိုဝင်ဘာ ၆ ၊ ၂၀၁၅
    M-Media
    Maryam Monsef
    – ကနေဒါနိုင်ငံ၏ ဒီမိုကရေစီရေးရာ ၀န်ကြီးသစ်မှာ ကလေးဘ၀က မိခင်၊ ညီမနှစ်ဦးတို့နှင့်အတူ အာဖဂန်မှ ကနေဒါသို့ ပြောင်းရွှေ့အခြေချလာခဲ့သည့် အသက် ၃၀ အရွယ် မွတ်စလင်အမျိုးသမီး မရ်ယမ် မွန်ဆက်ဖ် ဖြစ်လေသည်။

    သူမမှာ ပြောင်းလဲတိုးတက်မှုများရှိနေသည့် အွန်တာရီယိုမှ ပီတာဘိုရိုမြို့ကို ကိုယ်စားပြုသည့် လွှတ်တော် အမတ်အသစ်အဖြစ် ကနေဒါ ပါလီမန်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၄ ရက်နေ့) တွင် ၀န်ကြီးချုပ် ဂျက်စတင် ထရူဒူက ၀န်ကြီး ၃၁ ဦး ပါဝင်သည့် ကက်ဘိနတ်တွင် သူမအား ရွေးချယ်ခဲ့ပြီး အငယ်ဆုံး ၀န်ကြီးဖြစ်လာကာ ကနေဒါသမိုင်းတစ်လျှောက် ကက်ဘိနက် အဖွဲ့အတွင်း ပါဝင်ရသည့် စတုတ္ထမြောက် အသက်ငယ်ဆုံး ၀န်ကြီးလည်း ဖြစ်လာခဲ့လေသည်။

    မွန်ဆက်ဖ်မှာ အာဖဂန်နစ္စတန်တွင် မွေးဖွားခဲ့သူဖြစ်ပြီး နိုင်ငံအနောက်ပိုင်း အီရန်နယ်စပ် ဟီရတ်ဒေသတွင် ကြီးပြင်းခဲ့သည်။ သူမ လမ်းလျှောက်တတ်ကာစ အရွယ်တွင် ဖခင်ဖြစ်သူ ကွယ်လွန်ခဲ့ပြီး ညီမ နှစ်ဦးစလုံးမှာ အသက် ၂ နှစ်အောက်အရွယ်သာ ရှိသေးသည်။ ထိုအချိန်က မိခင်မှာ အသက် ၂၀ ကျော်သာ ရှိပြီး ဖခင်ဖြစ်သူ အဘယ့်ကြောင့် သေဆုံးသွားရသည်ကိုလည်း မွန်ဆက်ဖ်က တိတိကျကျ မသိ။

    “အီရန်နဲ့ အာဖဂန်နစ္စတန်နယ်စပ်မှာ ဖြစ်ပွားတဲ့ တိုက်ခိုက်မှုအတွင်းမှာ အဖေက ကြားညပ်သေဆုံးခဲ့တယ်လို့ပဲ ကျွန်မတို့ သိခဲ့ရပါတယ်” ဟု ကနေဒါ  Huffington Post သို အင်္ဂါနေ့တွင် သူမက ပြောကြားခဲ့သည်။

    သူမ မမွေးခင် နှစ်အနည်းငယ်အရင်က ဦးလေးဖြစ်သူမှာ ကဘူးလ်တက္ကသိုလ်ရှိ နေထိုင်ရာ အဆောင်အခန်းထဲမှ ပြန်ပေးဆွဲခြင်း ခံခဲ့ရသည်ဟု သူမက ပြောကြားခဲ့သည်။ ဆေးဝါးအထူးပြု ဘာသာရပ်ဖြင့် တတိယနှစ် တက်ရောက်နေသော ၎င်း၏ ဦးလေးမှာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်ပြီး ဘတ်စ်ကားများပေါ်တွင် ကွန်မြူနစ်ဆန့်ကျင်သည့် စာတမ်းများကို ကပ်လေ့ရှိသည်ဟု ကြားဖူးကြောင်း သူမက ဆိုသည်။

    “အဲဒီညမှာ ကောလိပ်အဆောင်ဟာ စီးနင်းခံရပြီး သူနဲ့ သူ့အခန်းဖော်တွေလည်း အဖမ်းခံခဲ့ရပါတယ်။ ပြီးတော့ သူတို့အကြောင်းကို နောက်ထပ် ဘယ်တော့မှ မကြားရတော့သလို သူတို့ကို မြင်လည်း မမြင်ရတော့ပါဘူး။ ဒါက ကျွန်မတို့မိသားစု နိုးထဖို့ အရေးပါတဲ့ အချက်ပေးခေါင်းလောင်းသံလို့ ကျွန်မ ထင်ပါတယ်”

    အာဖဂန်နှင့် အီရန်အကြား ရွှေ့ပြောင်းနေထိုင်သည့် အချိန်များတွင် မွန်ဆက်ဖ်၏ ကလေးဘ၀ ကုန်ဆုံးခဲ့သည်။

    “အဲဒါကြောင့်ပဲ ကျွန်မ အခုရနေတဲ့ အခွင့်အလမ်းဟာ ပိုပြီး အရေးပါတာပါ။ ဘာ့ကြောင့်လည်းဆိုတော့ ဒီလို သမိုင်းကြောင်းနဲ့ လူဖြစ်လာပြီး လူတွေရဲ့ဘ၀တွေကို သိသိသာသာ သက်ရောက်မှုတွေရှိမယ့် ဆုံးဖြတ်ချက်ချမှတ်ရေး လုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာရတယ်လေ။ ဂုဏ်ယူစရာသိပ်ကောင်းသလို၊ မယုံကြည်နိုင်စရာ အဆင့်အတန်းလည်း ဖြစ်ပါတယ်”

    ဆိုဗီယက်၏ ကျူးကျော်မှုက အာဖဂန်၏ တံခါးအားလုံးကို ပိတ်သွားစေခဲ့ပြီး အခြားသော အာဖဂန်ပြည်သူများကဲ့သို့ပင် မွန်ဆက်ဖ်တို့မိသားစုမှာ နယ်စပ်ဖြတ်ကျော်၍ နေထိုင်ရကာ စစ်ကြီး အဆုံးသတ်ရန် မျှော်လင့်ခဲ့ကြသည်။ ဦးလေးများ၏ အထောက်အပံ့အချို့နှင့်အတူ မွန်ဆက်ဖ်၏ မိခင်က အိမ်ထောင်ကို ထိန်းသိမ်းရသည်။

    “အဲဒီဘ၀ဟာ နှစ်မြို့စရာ အသက်ရှင်နေထိုင်မှုမျိုးတော့ မဟုတ်ပါဘူး” ဟု ဆိုပြီး မိခင်ဖြစ်သူမှာ သူမတို့ ညီအမများအား အိမ်တွင် အင်္ဂလိပ်စာသင်ပေးကာ တစ်ခါတစ်ရံတွင် ကျောင်း၌ သင်ကြားရသည်ဟု မွန်ဆက်ဖ်က ထပ်လောင်းပြောကြားခဲ့သည်။

    “ဒါပေမယ့် အမေ့အတွက် ဒီအခြေအနေဟာ ရေရှည်မခံခဲ့ပါဘူး။ ဘာ့ကြောင်လည်းဆိုတော့ တာလီဘန်တွေဟာ အမျိုးသမီးတွေကို ပညာသင်ကြားဖို့ အားမပေးလို့ပါပဲ”

    မေတ္တာဖြင့် ပျိုးထောင်ခြင်း

    အီရန်တွင်ရှိနေစဉ်အတွင်း မွန်ဆက်ဖ်၏ မိခင်ဖြစ်သူက ဘ၀ကို ရုန်းကန်ခဲ့ရသည်။ သို့သော်လည်း သူမတို့ မိသားစုက အဆင်မပြေ။ အခြားကလေးများက သူမတို့ ညီအမများကို နောက်ကြပြောင်ကြသည်။ ဒုက္ခသည်အဖြစ် နေထိုင်ရသည့်ဘ၀တွင် အချိန်မရွေး ပြန်ပို့ခံရနိုင်သော ခြိမ်းခြောက်မှုလည်း ရှိခဲ့သည်ဟု မွန်ဆက်ဖ်က ဆိုသည်။

    “ဆင်းရဲတယ်ဆိုတာကို ကျွန်မတို့ မခံစားခဲ့ရဘူး။ အနာဂတ်မရှိတာကိုလည်း ကျွန်မတို့ မသိခဲ့ရဘူး။ ဘာ့ကြောင့်လည်းဆိုတော့ မေမေက အချစ်တွေပုံပေးပြီး ကျွန်မတို့ကို လိုလေသေးမရှိ ထားလို့လေ။ ကျွန်မတို့က အားလုံးပြည့်စုံတယ်လို့ပဲ ထင်တာ။ အဖိုးက ဖေဖေ့နေရာကို ၀င်ယူပေးတာကြောင့် ဖခင်အရိပ်မရှိတဲ့ သောကလည်းကိုလည်း ကျွန်မတို့ မခံစားခဲ့ရပါဘူး”

    ၁၉၉၆ ခုနှစ်တွင် မိခင်ဖြစ်သူက ကနေဒါသို့ပြောင်းရွှေ့ရန် ရွေးချယ်ခဲ့သည်။ ထိုခရီးစဉ်တွင် အီရန်၊ ပါကစ္စတန်၊ ဂျော်ဒန်တို့ကို ဖြတ်ခဲ့ရပြီး မြည်း၊ ကုလားအုတ်နှင့် လေယာဉ်ပျံတို့ဖြင့် ကုန်းတစ်တန်၊ ရေတစ်တန် ခရီးနှင်ခဲ့ရသည်ဟု မွန်ဆက်ဖ်က ပြန်ပြောင်းပြောပြသည်။ ထိုခရီးစဉ်အတွင်း သူမ၏ ညီမများက ရေခြောက်လည်း ပေါက်လိုက်သေးသည်။

    ကနေဒါသို့ရောက်သည့်အခါ သူမတို့ မိသားစုမှာ ဒုက္ခသည်အဖြစ် စာရင်းဝင်ခဲ့ပြီး ဦးလေးတစ်ဦးရှိရာ ပီတာဘိုရိုတွင် အခြေချနိုင်ခဲ့သည်။ ထိုစဉ်က မွန်ဆက်ဖ်မှာ အသက် ၁၁ နှစ်သာ ရှိသေးသည်။

    “မြက်ခင်းစိမ်းစိမ်းတွေ၊ ပီတာဘိုရိုမြို့ပတ်ပတ်လည်မှာရှိတဲ့ မြစ်ချောင်းတွေ၊ ပြုံးရွှင်ဖော်ရွေကြတဲ့ ပြည်သူတွေနဲ့ အင်မတန် ကြည်နူစရာကောင်းပါတယ်။ ပြီးတော့ သပိတ်လွယ်ငှက်ကလေးတွေလည်းရှိပြီး အဲဒီငှက်တွေကို ကျွန်မ တစ်ခါမှ မမြင်ဖူးပါဘူး”

    တိုင်းပြည်အသစ်တွင် အသားကျရန်အတွက် သူမမှာ အခက်တွေ့ခဲ့ရသည်။ အိမ်လွမ်းသည့်ဝေဒနာကို ခံစားခဲ့ရပြီး အင်္ဂလိပ်စာမတတ်သည့် ဒုက္ခကိုလည်း ကြုံတွေ့ခဲ့ရသည်။ အိမ်ယာအပါအ၀င် အရာရာတိုင်းက သူမအတွက် အသစ်အဆန်းဖြစ်နေလေသည်။

    Salvation Army၊ New Canadians Centre၊ Casa Maria Refugee Homes နှင့် YMCA တို့ အပါအ၀င် လူ့အဖွဲ့အစည်းအသစ်နှင့် အသားကျရန်အတွက် အသင်းအဖွဲ့များနှင့် လူမှုရေးအဖွဲ့များက သူမတို့ မိသားစုအား ကူညီပေးခဲ့သည်။ သူမကလည်း လက်ရှိအချိန်အထိ Casa Maria နှင့် YMCA တို့တွင် စေတနာ့ဝန်ထမ်း လုပ်ကိုင်နေသည်။

    “စေတနာ့ဝန်ထမ်းတွေနဲ့ အိမ်နီးချင်းတွေက ကျွန်မတို့ရဲ့ ဘ၀ထဲကို ၀င်လာပြီး အထီးကျန်တယ်လို့ မခံစားရအောင်၊  နွေးထွေးတဲ့ အသိုင်းအ၀ိုင်း ရှိလာအောင်၊ သောကမရောက်အောင်၊ လူ့အဖွဲ့အစည်းမှာ ကျွန်မတို့လည်း ပါဝင်တယ်လို့ ခံစားရလာအောင် ဆောင်ရွက်ပေးခဲ့ပါတယ်။ နှစ်ပေါင် ၂၀ ကြာပြီးတဲ့အထိ အဲဒီကြင်နာမှုက ကျွန်မနဲ့အတူ ရှိနေဆဲပါပဲ။ အဲဒါတွေအတွက် လွှတ်တော်အမတ်တစ်ယောက်အနေနဲ့ ကျွန်မ ပြန်ပေးဆပ်ရပါမယ်” ဟု မွန်ဆက်ဖ်က ပြောကြားခဲ့သည်။

    အိမ်ထောင်ရေးအကြောင်း ပြောသည့်အခါတွင်တော့ သူမမှာ ပီတာဘိုရိုမြို့နှင့် လက်ထပ်ထားသည်ဟု အရွှန်းဖောက်ခဲ့လေသည်။

    အသက် ၂၉ နှစ်အရွယ် ၂၀၁၄ ခုနှစ်တွင် မွန်ဆက်ဖ်မှာ ပီတာဘိုရိုမြို့၏ မြို့တော်ဝင်အဖြစ် ၀င်ရောက်ယှဉ်ပြိင်ခဲ့သော် လည်း အောင်မြင်မှုမရခဲ့။ သို့သော်လည်း အိမ်ပေါင်း ၇ သောင်းကျော်ကို ကိုယ်တိုင် သွားရောက် မဲဆွယ်ခဲ့ပြီးနောက် လစ်ဘရယ်ပါတီ၏ လှိုင်းလုံးကြီးနှင့်အတူ အောက်တိုဘာ ၁၉ ရက်နေ့တွင် သူမမှာ လွှတ်တော်အမတ်တစ်ယောက် ဖြစ်လာခဲ့သည်။

    သူမ၏ ကြီးမားသည့် အလုပ်တာဝန်က နိုဝင်ဘာ ၄ ရက် ဗုဒ္ဓဟူးနေ့တွင် စတင်ခဲ့ပြီး ကက်ဘိနက် ၀န်ကြီးအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ကာ ပထမဆုံး ကက်ဘိနတ်အစည်းအဝေးကိုလည်း တက်ရောက်ခဲ့ရလေသည်။

    မွန်ဆက်ဖ်က ဒီမိုကရေစီရေးရာ ၀န်ကြီးရာထူးကို တောင်းဆိုသည်မဟုတ်။ အံ့အားသင့်စွာ တာဝန်ပေး ခံခဲ့ရခြင်းဖြစ်သည်။ အင်တာဗျူးတွင်တော့ သူမက အမျိုးသမီးများနှင့် ပတ်သက်သည့် ကိစ္စများ၊ လုပ်အားခ အညီအမျှရရှိရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကိစ္စများ၊ အထက်လွှတ်တော် အမတ်များ ခန့်အပ်မှုနည်းလမ်းကို ပြောင်းလဲခြင်းနှင့် ရွေးကောက် တင်မြှောက်သည့်စနစ်အား ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

    “ဒီမိုကရေစီ စနစ်အောက်မှာ နေရတာကိုက လက်ဆောင်တစ်ခုပါပဲ။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုဟာ ကြီးမားပြီး ရည်မှန်ချက်မြင့်တဲ့ ကိစ္စတစ်ခုဖြစ်ကာ ပေါ်လစီတော်တော်များများအပေါ်မှာလည်း သက်ရောက်မှုရှိမှာပါ” ဟု မွန်ဆက်ဖ်က ဆိုပြီး နောက်ပိုင်း အသေးစိတ် ပြောပြမည်ဟု ကတိပေးခဲ့သည်။

    ယခုအချိန်တွင် မွန်ဆက်ဖ်တစ်ယောက် ဖက်ဒရယ်အစိုးရတွင် ပီတာဘိုရိုမြို့ကို ကိုယ်စားပြုခွင့် ရခဲ့သည်။ မိခင်ကတော့ သမီးဖြစ်သူအတွက် ဂုဏ်ယူဝမ်းမြောက်နေလေသည်။

    “ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်ခဲ့ရတာတွေ၊ ပေးဆပ်ခဲ့ရတာတွေဟာ အခုတော့ အဓိပ္ပါယ်ရှိလာပြီပေါ့လေ”

    ref: huffingtonpost

    မိုးဝေ ဘာသာပြန်သည်။