News @ M-Media

Author: editor

  • မဲပေးခွင့်နှင့် ကိုယ်စားပြုခွင့် ဆုံးရှုံး နစ်နာနေရသော မြန်မာနိုင်ငံမှ မွတ်စ်လင်မ်များ

    မဲပေးခွင့်နှင့် ကိုယ်စားပြုခွင့် ဆုံးရှုံး နစ်နာနေရသော မြန်မာနိုင်ငံမှ မွတ်စ်လင်မ်များ

    နိုဝင်ဘာ ၅ ၊ ၂၀၁၅
    M-Media

    4000
    (ဓာတ်ပုံ) မိမိ၏ နိုင်ငံသားစိစစ်ရေးကဒ်ပြားတွင် မြန်မာ+ အိန္ဒိယလူမျိုးဟု ဖော်ပြ ခံထား ရသည်ကို ပြသနေသော မွတ်စ်လင်မ် အမျိုးသမီးငယ် တစ်ဦး (ဓာတ်ပုံ – Thomas Cristofoletti ၊ The Guardian)

    မြန်မာ့ရွေးကောက်ပွဲအချိန်နီးကပ်လာသည်နှင့်အမျှ မွတ်စ်လင်မ်တို့သည် မိမိနှစ်သက်ရာကို ရွေးချယ်မဲပေးခွင့် ငြင်းပယ်ခံနေရသည်။

    ဒေါ်ဝင်းမြမြသည် ဒေါ်အောင်ဆန်းစုကြည်နှင့်  NLD အတွက်၊ ၎င်းပြင် သူမ၏ လက်ဝဲရံအဖြစ် အရာအားလုံးကို ပေးဆပ်ခဲ့သူဖြစ်သည်။ ၂၀၀၃ ခုနှစ် စစ်အစိုးရဟောင်း ကျောထောက်နောက်ခံပြု လူအုပ်စု၏ တိုက်ခိုက်မှုကို ခံရသူထဲတွင် သူမလည်း ပါဝင်ခဲ့၏။ အဆိုပါ ဒီပဲယင်းလုပ်ကြံမှု၌ လူအများအပြား သေကြေခဲ့ပြီး၊ သူမလည်း နှစ်များစွာ အကျဉ်းစံခဲ့ရကာ သူမ၏မိသားစုပိုင် ဈေးဆိုင်သည်လည်း ပိတ်သိမ်းခံလိုက်ရသည်။ ထိုစဉ်ကရရှိခဲ့သော ဒဏ်ရာသည် သူမကို ယခုတိုင် ဒုက္ခပေးနေဆဲ။ “(အဲ့ဒီဒဏ်ရာကြောင့်) ရေအိမ်ကောင်းကောင်း မသွားနိုင်သေးပါဘူး” ဟု သူမ၏ညီမဖြစ်သူက ဆိုသည်။ ဒေါ်ဝင်းမြမြကမူ “NLD အတွက် အသက်ပေးသွားပါမယ်” ဟု ပြောပါသည်။

    ဤမျှအထိ ပေးဆပ်မှုရှိလင့်ကစား ဒေါ်ဝင်းမြမြသည် ရွေးကောက်ပွဲ၌ NLD အတွက် ရှေ့ထွက်ခွင့် မရရှိခဲ့။ လာမည့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ ဤဆယ်စုနှစ်များအတွင်း လွတ်လပ်ပွင့်လင်းမျှတမှု အရှိဆုံး ဖြစ်ရမည်ဟု ဆိုထားသည့်တိုင် မြန်မာနိုင်ငံထဲတွင် ဘာသာရေးနှင့်ပတ်သက်၍ ထိလွယ်ရှလွယ် အခြေအနေ၌ ရှိနေဆဲဖြစ်သည်။ မွတ်စ်လင်မ်တို့အနေနှင့် သာမန်မဲဆန္ဒရှင်မှသည် အတွေ့ကြုံ ရင့်ကျက်သော နိုင်ငံရေးသမားများ အထိ ရွေးကောက်ပွဲထဲ ပါဝင်ခွင့်ကို အဟန့်အတားပြုခြင်း ခံနေရသည်။

    ထို ဘာသာရေး တင်းမာမှု၏ မဖြစ်သင့်သော အနေအထားထဲပါဝင်နေသူ မန္တလေးတိုင်း NLD ဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြသည်လည်း လွှတ်တော် အမတ်လောင်း အဖြစ် ရွေးကောက်ပွဲဝင်ရန် လျှောက်ထားသူ မွတ်စ်လင်မ်များ အနက် အပါအ၀င် တစ်ဦးဖြစ်သည်။ သို့သော် ကိုးကွယ်ယုံကြည်မှုအပေါ် အကြောင်းပြု၍ ပယ်ချခံခဲ့ရသည်။

    “ကျွန်မဟာ နိုင်ငံအနှံ့သွားပြီး ရွေးကောက်ပွဲအတွက် (NLD ကို မဲပေးကြဖို့) အစ္စလာမ်ဘာသာဝင်များကို တိုက်တွန်းပေးရမယ်လို့ ကျွန်မတို့ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ဖူးပါတယ်။ ဒါပေမယ့် (ခုချိန်မှာတော့) ကျွန်မကို ကိုယ်စားလှယ်လောင်း အဖြစ် ဝင်မပြိုင်စေချင်ဘူး ” ဟု ဒေါ်ဝင်းမြမြက ပြောပြသည်။

     

    daw win mya mya
    ဓာတ်ပုံ – မွတ်စ်လင်မ်ဖြစ်နေခြင်းကြောင့် လာမည့်ရွေးကောက်ပွဲ အတွက် ကိုယ်စားလှယ်လောင်း မဖြစ်ခဲ့ရသည့် မန္တလေးတိုင်း NLD ပါတီဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ (ဓာတ်ပုံ – Thomas Cristofoletti ၊ The Guardian)

    မွတ်စ်လင်မ်တို့သည် နိုင်ငံ့လူဦးရေ ၅၁ သန်းအနက် အနိမ့်ဆုံး ၅ ရာခိုင်နှုန်းထိ ရှိနေပါသည်။ သို့ရာတွင် အာဏာရပါတီ သို့မဟုတ် အတိုက်အခံပါတီဖက်မှ မွတ်စ်လင်မ် ကိုယ်စားလှယ်လောင်း တစ်ဦးကိုမျှ မတွေ့ကြရချေ။ အစွန်းရောက် အမျိုးသားရေး လှုပ်ရှားမှု ကြီးထွားလာခြင်း၏ ဖိအားက မိမိတို့အပေါ် ရိုက်ခတ်နေကြောင်း NLD မှ ၀န်ခံထားသည်။

    တစ်ချိန်တည်း၌ မြန်မာနိုင်ငံ အနောက်ပိုင်းရှိ နှိပ်စက်ညှင်းပန်းခံ လူနည်းစုဝင် ရိုဟင်ဂျာ မွတ်စ်လင်မ်တစ်သန်းကျော် တို့မှာ နိုင်ငံမဲ့များအဖြစ် တွန်းပို့ခံရပြီး မဲပေးခွင့်လည်း မရရှိချေ။

    မြန်မာနိုင်ငံတွင်း မွတ်စ်လင်မ် လူ့အဖွဲ့အစည်းများ အကြား၌လည်း နိုင်ငံသားဝိသေသ အထောက်အထားအပေါ် အငြင်းပွားဖွယ်ဖြစ်အောင် ခွဲခြားခံ ရမှုနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ရှိနေသည်။

    “သူတို့ဟာ မိမိကိုယ်ကို မြန်မာ(နိုင်ငံသား)တွေ အဖြစ် ခံယူထားကြပါတယ်။ ဒါပေမယ့် ရုတ်တရက်ဆိုသလို သူတို့အပေါ် နိုင်ငံခြားသားလို ဆက်ဆံလာကြတယ်ဆိုပြီး မြန်မာမွတ်စ်လင်မ်တွေက ကျွန်တော့်ကို ပြောပြပါတယ်။ ဒါတွေဟာ သူစိမ်းဆန်တဲ့ ခံစားချက် ၀င်အောင် ဖန်တီးနေတဲ့အပြင် သင့်မြတ်မှုကို ဖယ်ထုတ်နေတယ်ဆိုတာ သိပ်ကိုရှင်းလင်းလွန်းနေတယ်။ မွတ်စ်လင်မ်ဦးရေ များပြားတဲ့ မြို့ရွာတွေမှာ ပိုပြီး ဇောက်ချဦးတည် လုပ်ဆောင်လာနိုင်ပါတယ် ” ဟု Burma Campaign UK ၏ ဒါရိုက်တာ Mark Farmaner က The Guardian သို့ ပြောသည်။

    လက်ရှိကာလများတွင် နိုင်ငံသား စိစစ်ရေး ကဒ်ပြားရလိုလျှင် (မိမိတို့၏သားချင်းများ၊ ဆက်နွှယ်မှုများ မရှိပါဘဲလျက်) မိမိတို့၏လူမျိုးကို အိန္ဒိယ သို့မဟုတ် ပါကစ္စတန် အဖြစ် မှတ်ပုံတင်ရန် မွတ်စ်လင်မ်တို့အား ခိုင်းစေနေကြသည်။

    မဲပေးရန်အတွက်ဖြစ်စေ၊ ပြည်ပထွက်ရန်အတွက်ဖြစ်စေ နိုင်ငံသားစိစစ်ရေးကဒ်ပြားမှာ မရှိမဖြစ်လိုအပ်ပါသည်။

    မန္တလေး လ၀ကဦးစီးမှူး ဦးသောင်းဇော်က “ဘယ်သူဘယ်ဝါဖြစ်ဖြစ် မွတ်စ်လင်မ်ဆိုတာနဲ့ ကျွန်တော်တို့က အိန္ဒိယလို့ ရေးသွင်း မှာဖြစ်တယ်” ဟုဆိုသည်။

    အိန္ဒိယ သို့မဟုတ် ပါကစ္စတန် အဖြစ် လူမျိုးအမည်ကို စာရင်းမသွင်းရန် ငြင်းဆန်ခဲ့ကြောင်း၊ မိမိတင်ပြသော အထောက်အထားတို့ အား ငြင်းပယ်ခဲ့ကြောင်း မန္တလေးတွင် မိသားစုလိုက် မျိုးဆက်နှင့်ချီ၍နေထိုင် လာခဲ့သည့် ဈေးဆိုင်ပိုင်ရှင်ဖြစ်သူ ဟာဂျီဦးရန်အောင် မှ ပြောပြသည်။ ယခုသော် မဲပေးခွင့် မရတော့။

    “ကျွန်တော်က ဗမာလူမျိုး ဖြစ်တာကို သူတို့ ငြင်းပယ်ခဲ့ကြတယ်။ လူမျိုးနဲ့ဘာသာ ဘာမျှ မသက်ဆိုင်ကြောင်း (ရောထွေးလို့မရကြောင်း) ကျွန်တော် သူတို့ကို ပြောပါတယ်။ ခင်ဗျားရဲ့ဘာသာက အစ္စလာမ်ဖြစ်နေရင် ခင်ဗျားက အလိုအလျောက် သွေးနှောဖြစ်ပြီးသားပါပဲလို့  သူတို့က သူတို့ရဲ့ လ၀ကပေါ်လစီသစ် အရ ပြန်ပြောပါတယ်” ဟု သူက မျက်ရည်ဝဲလျက် ဆိုရှာသည်။

    “ရူးနေကြပြီလားမသိပါဘူးဗျာ။ မန္တလေးက ဗလီဝတ်ကျောင်းတွေ နှစ်ပေါင်းဘယ်လောက် သက်တမ်းရှိနေပြီဆိုတာ ခင်ဗျားတို့ သိကြပါသလား။ တချို့ဆိုရင် နှစ်ပေါင်း ၂၀၀ အထက်မှာ၊ သက်တမ်း အနုဆုံးပင်လျှင် နှစ်ပေါင်း ၁၅၀ ကျော်နေပါပြီ။ ကျွန်တော်တို့ ဒီမြေမှာ ရာစုချီပြီး နေထိုင်လာကြတာပါ။ ကျွန်တော့်လူမျိုးအမည်ကို အိန္ဒိယလို့ ရေးရမယ်ဆိုရင် အဲ့ဒီ(နိုင်ငံသားစိစစ်ရေး)ကဒ်ကို မယူဘူး”။

    မြန်မာလူမျိုးအဖြစ် စာရင်းသွင်းပေးရန် အချို့က အာဏာပိုင်များကို လာဘ်ထိုးရကြောင်း၊ ယခင်က ဒေါ်လာ ၄၀ သို့မဟုတ် ၅၀ ပေးရသော်လည်း ယခုဈေးမှာ ဒေါ်လာ ၁၅၀ ဖြစ်ကြောင်း သူက ဆက်လက်ပြောပြပါသည်။

    Hj Yan Aung
    ဓာတ်ပုံ – ဟာဂျီဦးရန်အောင်သည် USDP ပါတီဝင်ဟောင်း မွတ်စ်လင်မ်တစ်ဦးဖြစ်သည်။ လွန်ခဲ့သောနှစ်အနည်းငယ်က မှတ်ပုံတင်ပျောက်သွားသဖြင့် အသစ်ပြန်လည်လျှောက်ရာ၌ သူ၏လူမျိုးအမည်ကို အိန္ဒိယ သို့မဟုတ် ပါကစ္စတန်အဖြစ် ရေးသွင်းရန် အဓမ္မစေခိုင်းခံရသည်။ သူမှ ငြင်းပယ်ခဲ့သည်။ (ဓာတ်ပုံ – Thomas Cristofoletti ၊ The Guardian)

    မြန်မာ့နန်းမြို့တော်ဟောင်း မန္တလေးတွင် ဗုဒ္ဓဘာသာဝင်နှင့် မွတ်စ်လင်မ်တို့သည် ရာစုနှစ်ပေါင်းစွာ အေးအတူပူ အမျှ ချစ်ကြည်ရင်းနှီးစွာ ယှဉ်တွဲနေထိုင် လာကြသော်လည်း၊ နိုင်ငံတစ်ဝှမ်း တင်းမာမှုများဖြစ်လာပြီး ယမန်နှစ် ဇူလိုင်လအတွင်း မွတ်စ်လင်မ်ဆန့်ကျင်ရေး အဓိကရုဏ်း၌ လူနှစ်ဦးသေဆုံး သွားခဲ့ရသည်။ မန္တလေးဒေသခံ မွတ်စ်လင်မ်များစွာတို့၏ အိမ်များသည် ယခုအခါ ရှောင်တခင် တိုက်ခိုက်မှုမှ အကာအကွယ်ရရန် သံတံခါးများ တပ်ဆင်၍ ညပိုင်းတွင် သော့ခတ်ထားကြရသည်။

    “ရှေးကာလကတည်းက ကျွန်တော်တို့ အတူတစ်ကွ အေးချမ်းစွာ နေထိုင်လာခဲ့ကြတာပါ။ ဘာပြဿနာမှ မဖြစ်ခဲ့ကြဘူး။ မွတ်စ်လင်မ် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေက နိုင်ငံအ၀ှန်း ပြန့်နှံ့နေပါတယ်။ အာဏာရ USDP ပါတီနဲ့ သာမန်လူထုထဲမှာ တင်မဟုတ်ဘူး – NLD ပါတီဝင်တွေထဲမှာပင်လျှင် ရှိနေကြပါတယ်။ ရွေးကောက်ပွဲကို ကျွန်တော် စိတ်မ၀င်စားဘူး၊ ကျွန်တော့်အနေနဲ့ ဘယ်သူ့ကိုမဲပေးရမယ် ဆိုတာ မပြောနိုင်သေးပါဘူး” ဟူ၍  ဦးစမားညီညီက ဆိုသည်။ သူသည် စစ်အုပ်ချုပ်ရေးခေတ် တက်ကြွလှုပ်ရှားသူ မွတ်စ်လင်မ်ကျောင်းသားဟောင်း တစ်ဦးဖြစ်ကာ၊ မွတ်စ်လင်မ်တို့အားဖိနှိပ်ခြင်းအပေါ် အသံထုတ်ရန် ပျက်ကွက်ခဲ့သည့် NLD အား သူမှ အယုံအကြည် ကင်းမဲ့လျက်ရှိသည်။ သူ၏ အိမ်ခေါင်မိုးထိပ်တစ်ဖက်မှကြည့်လျှင် မန္တလေးမြို့လေးဖက်လေးတန်ရှိ မွတ်စ်လင်မ် အသိုင်းအ၀ိုင်းများကို မြင်ရသလို နောက်တစ်ဖက်မှကြည့်ပါက တင်းမာမှုကြီးမားအောင် တို့မီးရှို့မီးလုပ်နေသူ အရှင်ဝီရသူ၏ ဘုန်းကြီးကျောင်းကိုလည်း တွေ့မြင်နေရသည်။

    Samar Nyi Nyi
    ဓာတ်ပုံ – မွတ်စလင်မ်လူ့အဖွဲ့အစည်းမှ တက်ကြွလှုပ်ရှားသူ စီးပွားရေးလုပ်ငန်းရှင် ဦးစမားညီညီအား သူ့အိမ်ခေါ်မိုးထိပ်ပေါ်၌ တွေ့ရစဉ် (ဓာတ်ပုံ – Thomas Cristofoletti ၊ The Guardian)

    မွတ်စ်လင်မ်တို့ကို ခွေးရူးများအဖြစ် သူ၏ အတို့အထောင်တရားများထဲ ရည်ညွှန်းလေ့ရှိပြီး ဗုဒ္ဓဘာသာဝင် ဘင်လာဒင်ဟု အမည်တွင်သူ အရှင်ဝီရသူက မွတ်စ်လင်မ်တို့မှာ မြန်မာပြည်ကိုသိမ်းရန် ကြံစည်နေသည်ဟု ဆို၏။

    တစ်ချိန်က အတိုက်အခံဖက် ရပ်တည်ပြီး ယခုတိုင် ဒေါ်အောင်ဆန်းစုကြည်ပုံ တက်တူးရှိနေသေးသော ဦးဝီရသူက ၎င်းကို “ရှက်လို့” ဟုဆိုလျက် ဖုံးကွယ်ထား၏။ ယခုအခါ သူသည် အစွန်းရောက် အမျိုးသားရေးအုပ်စု မဘသ၏ ခေါင်းဆောင် တစ်ဦးဖြစ်လျက်ရှိသည်။ မဘသသည် နိုင်ငံတွင်းရှိ အမျိုးသမီးများနှင့် မွတ်စ်လင်မ်များကို ပစ်မှတ်ထားသည့် မျိုးစောင့်ဥပဒေ ထွက်ပေါ်ပြဋ္ဌာန်းနိုင်ရန် လှည့်လည်ဦးဆောင်ကြိုးပမ်းခဲ့သည့်အဖွဲ့ဖြစ်သည်။

    “ဗုဒ္ဓဘာသာဝင်တွေကို မွတ်စ်လင်မ်တွေရဲ့အန္တရာယ်ကနေ ကာကွယ်လို စိတ်သက်သက်သာ ဖြစ်တယ်။ အမှန်တကယ်တော့ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေကို ထိမ်းမြားပြီး မွတ်စ်လင်မ်ဖြစ်အောင်လုပ်ခြင်းအားဖြင့် မွတ်စ်လင်မ်တွေဖက်က အကြမ်းဖက်မှုကို စတင်ခဲ့တာပါ။ မွတ်စ်လင်မ် အမျိုးသားအားလုံးလိုလို ဒီပုတ်ထဲကဒီပဲပါပဲ” ဟု သူက The Guardian သို့ ပြောဆိုသည်။

    ဦးဝီရသူနှင့် မဘသအဖွဲ့သည် မြန်မာအစိုးရ၊ စစ်တပ်နှင့် ပတ်သက်ချိတ်ဆက်နေကြောင်း၊ ၂၀၁၂ ခုနှစ်တွင် အရပ်သားတစ်ပိုင်း အစိုးရဖြင့် စတင်သော ဒီမိုကရေစီအကူးအပြောင်းအား ဖြိုလှဲရန် အကြမ်းဖက်ဇာတ်လမ်းကို ခင်းကျင်းတင်ဆက်ခဲ့ခြင်းဖြစ်ကြောင်း အလ်ဂျဇီးယား သတင်းဋ္ဌာန၏ စုံစမ်းဖော်ထုတ်ချက်တစ်ရပ် ပြီးခဲ့သည့်လ၌ ထွက်ပေါ်ခဲ့သည်။

    “အစွန်းရောက် အမျိုးသားရေးဝါဒီ(ဘုန်းတော်ကြီး)တွေဟာ နိုင်ငံရေး အမြတ်ထုတ်ဖို့အတွက် သူတို့ရဲ့သြဇာကို အသုံးချပြီး အများပြည်သူတွေ မွတ်စ်လင်မ်တွေအပေါ် အကြောင်းမဲ့ အကြောက်တရားဖြစ်လာအောင် တွန်းထိုး မှိုင်းတိုက်ခဲ့ကြတယ်။ ၂၀၀၇ ခုနှစ်က စစ်တပ်အာဏာကို တံတိုင်းကြီး အဖြစ် ရင်ဆိုင်အံတုခဲ့ကြတဲ့ သံဃာထုက အခုဆိုရင် စစ်တပ်ရဲ့လက်ကိုင်တုတ်ဖြစ်ကုန်ပြီလို့ အများက ပြောဆိုနေကြရပါပြီ။ (အဲ့ဒီ) မြန်မာနိုင်ငံရဲ့အစစ်မှန် အကူးအပြောင်းမှာ  ငြိမ်းချမ်းစွာနဲ့ ရှေ့ထွက်ခဲ့ကြတဲ့ ဒီမိုကရေစီထောက်ခံသူသံဃာများအနက် အချို့ဟာ အခုကျတော့ အမုန်းတရားကို ဟောပြောနေကြတယ်” ဟု အကျိုးအမြတ်မကြည့် လူ့အခွင့်အရေးအဖွဲ့ Forty Rights အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ မက်သယူး စမစ်က ဆိုသည်။

    အစိုးရနှင့်စစ်တပ်ရော မဘသပါ ပတ်သက် ဆက်နွှယ်မှု မရှိကြောင်း နှစ်ဖက်စလုံးမှ ငြင်းဆန်ထားကြသည်။ သို့သော် မွတ်စ်လင်မ်ပြစ်မှုများကို စွပ်စွဲဖော်ပြလေ့ရှိသော သူ၏ဖေ့စ်ဘွတ် စာမျက်နှာမှတဆင့် အပြောင်းအလဲ အပေါ် သူ့သြဇာသက်ရောက်ကြောင်း ဦးဝီရသူက ကိုယ်ရည်သွေးပြောဆိုနေဆဲပင်။

    Wira thu
    ဓာတ်ပုံ – ရွေးကောက်ပွဲမတိုင်မီ မွတ်စ်လင်မ်ဆန့်ကျင်ရေးလှုပ်ရှားမှုဖြင့် အရှိန်အဟုန်ပြင်းစွာ ပြုလုပ်ခဲ့သော မဘသအဖွဲ့၏ ဦးဆောင်ဆရာတော် တစ်ဦးဖြစ်သူ ဦးဝီရသူအား မစိုးရိမ်ကျောင်းတိုက်ရှိ သူ့ရုံးခန်း၌ တွေ့ရစဉ် (ဓာတ်ပုံ – Thomas Cristofoletti ၊ The Guardian)

    “ဆိုးသွမ်းတဲ့ ရဲတွေ၊ တရားသူကြီးတွေ၊ မွတ်စ်လင်မ်တွေကို အစိုးရက အရေးယူလျက်ရှိပါတယ်။ ဘာမှ သွားပြီး အကြံပေးလမ်းညွှန်နေစရာ မလိုပါဘူး။ ဦးဇင်းရဲ့ ဖေ့စ်ဘွတ်ပေါ် ရေးတင်လိုက်ယုံနဲ့ လုံလောက်ပါတယ်” ဟု သူက ဆိုသည်။

    သူ၏အမြင်နှင့် အခန်းကဏ္ဍကို သက်သေထူနိုင်ရန်လား(စီမံထားလေသလား) မသိ။ မိနစ်အနည်းငယ်အကြာတွင် လင်မယားနှစ်ဦး ရောက် ရှိလာပြီး  ၎င်းတို့သမီး၏ချစ်သူမှာ မွတ်စ်လင်မ်လူငယ် တစ်ဦးဖြစ်နေကြောင်း၊ ထိုသူငယ်အား ဖမ်းဆီးပေးပါမည့် အကြောင်း သူ့ရှေ့တွင် ဒူးထောက်၍ အသနားခံတင်ပြလေသည်။ မကြာသေးမီက ပြဋ္ဌာန်းလိုက်သော ဥပဒေတွင် ဘာသာ မတူထိမ်းမြားမှုကို ပြင်းထန်စွာ တားမြစ်တား၏။

    “ဘာသာတရားနှစ်ခုဟာ ဆန့်ကျင်ဖက် ဖြစ်တာကြောင့် ထိမ်းမြားပေါင်းစပ်ဖို့ မဖြစ်နိုင်ပါဘူး။ တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်တွေဆီမှာ ခွင့်လွှတ်ခြင်းနဲ့ မေတ္တာတရား စိတ်သဘောထားရှိတဲ့အတွက် သူတစ်ပါးကို ထိခိုက်နစ်နာအောင် ဘယ်တော့မှ မလုပ်ပါဘူး။ ဒါ့ကြောင့် ဗုဒ္ဓရဲ့သားတော်ထံမှာ လာရောက် အကူညီတောင်းတင်လျှောက်ရခြင်းဖြစ်ပါတယ်” ဟု ဖခင်ဖြစ်သူ ဦးထွန်းလှအောင်က ဆိုသည်။

    ဦးဝီရသူသည် ဖြေးဖြေးချင်း ကိုယ်ကိုကိုင်းညွှတ် နားထောင်နေလျက် သူ၏ စမတ်ဖုန်းအား ကိုင်တွယ် ပွတ်သပ်နေခဲ့၏။ ၎င်းတို့၏တိုင်တန်းချက် အပေါ် မိမိမှ စုံစမ်းစစ်ဆေးပေးမည့်အကြောင်း၊ အကယ်၍ အမှန်ဖြစ်ပါက ဖေ့စ်ဘွတ် စာမျက်နှာပေါ် ရေးတင်လိုက်မည်ဖြစ်ကြောင်း ကတိပြုပြောကြားသည်ကို တွေ့လိုက်ရပေသည်။

    wirathu and couple
    ဓာတ်ပုံ – မိမိ၏သမီးကို အစ္စလာမ်ဇာတ်သွင်းရန်ကြိုးစားနေသည့် သမီး၏ ချစ်သူအား ဖမ်းချုပ်ပေးရန် အရှင်ဝီရသူထံ လာရောက် အရေးဆိုနေသော ဗုဒ္ဓဘာသာဝင်လင်မယားကို တွေ့ရစဉ် (ဓာတ်ပုံ – Thomas Cristofoletti ၊ The Guardian)

    မန္တလေးရှိ အချို့မွတ်စ်လင်မ်များအကြား ရွေးကောက်ပွဲနှင့်ဆက်နွှယ်၍ အကြမ်းဖက်မှုများ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

    ရွေးကောက်ပွဲပြီးသည့်နောက် မည်သည့်အရာဖြစ်လာပါစေ မြန်မာနိုင်ငံ သမိုင်း၌ မွတ်စ်လင်မ်အမတ်များ ကင်းစင်သော ပထမဆုံး ပါလီမန်တစ်ရပ် ပေါ်ပေါက်လာဖွယ် ရှိနေ၏။ မည်သို့ပင်ရှိစေကာမူ မွတ်စ်လင်မ် အရေး၌ ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆိတ်နေသော်ငြား မွတ်စ်လင်မ်မဲဆန္ဒရှင်များစွာကမူ – အကယ်၍ သူမ၏ပါတီ အာဏာရလာလျှင် ဘာသာရေး တင်းမာမှုများ လျော့ကျအောင် လုပ်ဆောင်သွားလိမ့်မည်ဟူသော သူတို့၏မျှော်လင့်ချက်ကို ဒေါ်အောင်ဆန်းစုကြည် အပေါ် ခိုင်မတ်စွာ ရပ်တည်ထားရှိဆဲသာ။

    ကိုယ်စားလှယ်လောင်းများထက် ပါတီကိုသာကြည့်၍ မဲပေးကြပါဟု ဒေါ်စုကြည်က မဲဆန္ဒရှင်များကို တိုက်တွန်းထားသည်။

    “တကယ်လို့ NLD က ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် ကျွန်မတို့ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အခြားဘာသာတရားများ အပေါ် ဘယ်တော့မှ ခွဲခြားချိုးနှိမ်ဆက်ဆံသွားမှာ မဟုတ်ဘူးလို့ ကျွန်မ ပြောလိုပါတယ်” ဟု ဒေါ်ဝင်းမြမြက ဆိုသည်။

    ဟာဂျီဦးရန်အောင်သည်လည်း ထိုသဘောထားအတိုင်းပင်။ အကယ်၍ သူသည် မဲပေးခွင့်ရခဲ့ပါက ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ပါတီကိုသာ မဲပေးမည်ဖြစ်ကြောင်း ပြောခဲ့ပေသည်။

    လက်ရှိကြားကာလတွင်တော့ ကျွန်တော်တို့သည် ထိုင်(ကြည့်)ပြီး စိုးရိမ်ပူပန်နေယုံသာ ရှိပါတော့၏။

    xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
    Ref : The Guardian
    Poppy McPherson ရေးသားသော No vote, no candidates: Myanmar’s Muslims barred from their own election ဆောင်းပါးကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။

  • တပ်မတော်သားတွေ အနှောင်အဖွဲ့ကင်းစွာ မဲပေးနိုင်မလား

    တပ်မတော်သားတွေ အနှောင်အဖွဲ့ကင်းစွာ မဲပေးနိုင်မလား

    ဆွေဝင်း/Myanmar Now

    Myanmar soldiers march during ceremonies Saturday, March 27, 2010, marking the 65th anniversary Armed Forces Day in Naypitaw, Myanmar.  The day remembers Myanmar's struggle against occupying Japanese Army during World War II. (AP Photo/David Longstreath)
     (AP Photo/David Longstreath)

    မှော်ဘီ၊ ရန်ကုန် (Myanmar Now) – ရန်ကုန်မြို့ ဆင်ခြေဖုံး တပ်ရင်းတစ်ခုတွင်  တစ်နေ့တာ လေ့ကျင့် သင်တန်းများပြီးဆုံးပြီးနောက် လယ်ကွင်းထဲမှ တက်လာသည့် တပ်ကြပ် ခင်မောင်သန်းနှင့် ရဲဘော်သုံးဦးတို့၏ စစ်ရောင်ယူနီဖောင်းများတွင် ရွှံ့များဖြင့် ပေလူးနေသည်။
    သူတို့သည် စိုက်ပျိုးရေး နည်းပညာ သင်တန်းတက်ရောက်ရန် မြန်မာနိုင်ငံအခြားဒေသများရှိ တပ်စခန်းများမှ ယခုသင်တန်းသို့ ရောက်ရှိနေခြင်းဖြစ်သည်။

    နိုဝင်ဘာ ၈   ရွေးကောက်ပွဲတွင် သူတို့ မဲပေးမည်လား၊ လွတ်လွတ်လပ်လပ် မဲပေးခွင့်ရှိမည်လား ဆိုသည့် မေးခွန်းများကို  ပြတ်သားရှင်းလင်းစွာ ပြန်လည် ဖြေဆိုနိုင်ခြင်းမရှိခဲ့ပေ။

    “ကျွန်တော်တို့အနေနဲ့ ဘယ်ပါတီကို မဲပေးရမယ်ဆိုပြီး ညွှန်ကြားခံထားရတာ မရှိပါဘူး” ဟု တပ်မတော်တွင်   ၃၅ နှစ်ခန့် တာဝန်ထမ်းဆောင်ပြီးဖြစ်သည့် အသက် ၅၂ နှစ်အရွယ် တပ်ကြပ် ခင်မောင်သန်းက ပြောသည်။

    မဲပေးရာတွင် ယူဆောင်သွားရမည့် နိုင်ငံသားစိစစ်ရေးကတ်သည်  တပ်ရင်းတွင် ထားခဲ့ရသဖြင့် အဆိုပါနေ့တွင် မဲပေး၍ ရ၊ မရ မသိကြောင်း သူက ပြောသည်။

    “ကျွန်တော်မဲပေးမယ့် ပါတီအမည်ကို ကျွန်တော့်မိခင်တပ်ရင်းမှာရှိတဲ့ တစ်ယောက်ယောက်ကို ဖုန်းကနေပဲ မက်ဆေ့ခ်ျပေးဖြစ်မယ် ထင်တယ်” ဟု သူဖြစ်ချင်သည့် အနေအထားကို ပြောသည်။

    ခင်မောင်သန်းနှင့်အတူရှိနေသည့် ရဲဘော်တစ်ဦးက သူ၏ မိခင်တပ်ရင်းမှ တပ်ရင်းမှူးက သူ့ကိုယ်စား မဲပေးလိမ့်မည်ဟု ပြောသည်။ နောက်ရဲဘော်တစ်ဦးကို မေးကြည့်သည့်အခါ ဒေါသထွက်သွားပြီး စစ်တပ်အတွင်း နိုင်ငံရေးကိစ္စပြောခြင်းသည် ရှောင်ကြည်စရာဖြစ်သည်ဟု  ခါးခါးသီးသီး တုန့်ပြန်သည်။

    မြန်မာနိုင်ငံတွင် တပ်မတော်သားဦးရေ လေးသိန်းခန့်ရှိပြီး အများစုသည်  တပ်ရင်းတပ်ဖွဲ့များအတွင်းရှိ  မဲရုံများတွင် မဲပေးကြမည်ဖြစ်သည်။ တပ်မတော်သားများ လွတ်လပ်စွာ မဲပေးခွင့်ရှိမည်လားဆိုသည့် မေးခွန်းနှင့် ပတ်သက်၍ နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများက အဖြေမရှာနိုင်သေးပါ။

    ဦးသိန်းစိန် အပါအဝင် ဗိုလ်ချုပ်ကြီးဟောင်းများက ဦးဆောင်နေသော အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် တပ်မတော်၏ ကိုယ်ခွဲပါတီအဖြစ် ရှုမြင်ခံထားရသောကြောင့် တပ်မတော်သား အများအပြား  ရွေးကောက်ပွဲတွင် လွတ်လပ်စွာ မဲပေးခွင့်ရရှိပါမည်လားဟု  အခြားနိုင်ငံရေးပါတီများက စိုးရိမ်လျက်ရှိသည်။

    တပ်ရင်းတပ်ဖွဲ့များရှိသည့် မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများက စစ်တန်းလျားတွင် မဲပေးမည့်ပုံစံကို သံသယရှိကြောင်းနှင့် အတိုက်အခံတို့အတွက် စစ်သားမဲများရရန် မျှော်လင့်မထားကြောင်း ပြောကြားသည်။

    “စစ်တပ်တွေထဲမှာ ပေးမယ့်မဲတွေက ကျွန်တော်တို့အတွက်မဖြစ်နိုင်ဘူးလို့ ယူဆထားပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများအနက် ရှားရှားပါးပါး စစ်တပ်အရာရှိဟောင်းတစ်ဦးဖြစ်သူ အသက် ၅၉ နှစ်အရွယ် ဒုတိယ ဗိုလ်မှူးကြီးဟောင်း ကျော်ဇေယျက ပြောသည်။

    အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ကျိတ်ပြီး လေးစားခဲ့သောကြောင့် NLD ပါတီသို့ ဝင်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးတွင် စစ်တပ်၏ အခန်းကဏ္ဍကို လျှော့ချသင့်ပြီဖြစ်ကြောင်း သူက ပြောသည်။

    ၂ဝဝ၈ အခြေခံဥပဒေအရ လွှတ်တော်အတွင်း ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို စစ်တပ်က အလိုအလျောက် ရမည် ဖြစ်သောကြောင့် အဆိုပါ နေရာများအတွက် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် မလိုပေ။

    မဲပေးရန် အမိန့်

    ဒုတိယဗိုလ်မှူးကြီးဟောင်း ကျော်ဇေယျဝင်ရောက်ယှဉ်ပြိုင်မည့်  ရန်ကုန်၊ ဒဂုံမြို့နယ် မဲဆန္ဒနယ်တွင် မဲပေးခွင့်ရှိသူ ၁ဝ,ဝဝဝ ခန့်အနက် ၃,ဝဝဝ ခန့်သည် တပ်မတော်သားများအဖြစ် မှတ်ပုံတင်ထားပြီး အချို့သည် စစ်ဆေးရုံတွင် အလုပ်လုပ်နေသူများဖြစ်သည်။
    သို့သော် ၎င်း၏ မဲဆန္ဒနယ်အတွင်းရှိ စစ်တပ်လိုင်းခန်းများတွင် နေထိုင်ကြောင်း မှတ်ပုံတင်ထားသည့် အဆိုပါ တပ်မတော်သား ၃,ဝဝဝ အနက် ၁,ဝဝဝ ခန့်သည့် မည်သည့်နေရာတွင် ရောက်ရှိနေထိုင်သည်ကို မသိရကြောင်း ၎င်းကပြောသည်။ စစ်အစိုးရလက်ထက်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အစိုးရရုံးဌာနများကို နေပြည်တော်သို့ ရွှေ့ပြောင်းခဲ့သည့် ၂ဝဝ၅ ခုနှစ်မှစ၍ အဆိုပါ စစ်တပ်လိုင်းခန်းများတွင် လူနေထိုင်မှုမရှိတော့သော်လည်း ၎င်းတို့အမည်များ ဒဂုံမြို့နယ်အတွင်းရှိ မဲစာရင်းတွင် ပါနေကြောင်း သူက ပြောသည်။

    ထို့ပြင် ၎င်း၏ မဲဆန္ဒနယ်အတွင်း မဲပေးနိုင်သူများစာရင်းသို့ အထူးရဲတပ်ဖွဲ့ဝင် ၇ဝဝ ခန့်၏ အမည်ကိုလည်း ရွေးကောက် ပွဲကော်မရှင်က ထည့်ခဲ့ကြောင်း သူကပြောသည်။
    သူ၏ မဲဆန္ဒနယ်အတွင်း မဲပေးမည့်သူ ထက်ဝက်ခန့်သည့် စစ်ဘက်မှ ဖြစ်သောကြောင့် ၎င်းတို့ထံမှ မဲများကို မျှော်လင့်၍ မရကြောင်း၊ တပ်မတော်သားများအနေဖြင့် မိမိတို့သဘောအတိုင်း မဲပေးကြမည်မဟုတ်ဘဲ အထက်အရာရှိများ၏ အမိန့်အတိုင်း မဲပေးကြလိမ့်မည်ဟု ဦးကျော်ဇေယျက သုံးသပ်သည်။
    “ကျွန်တော် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တယ်ဆိုရင်တောင်မှ ပွတ်ကာသီကာပဲဖြစ်မှာပါ” ဟု ၎င်းက ပြောသည်။

    ၂ဝ၁၃ ခုနှစ်တွင် အငြိမ်းစားမယူမီအထိ စစ်တပ်တွင် နှစ်၃ဝ ကျော် တာဝန်ထမ်းဆောင်ခဲ့ သူတစ်ဦးဖြစ်သည့်အတွက်  မြန်မာနိုင်ငံတွင် အင်အားအကြီးဆုံးအဖွဲ့အစည်းဖြစ်သည့် စစ်တပ်၏ သဘောသဘာဝကို နားလည်ထားကြောင်း ဦးကျော်ဇေယျက ရှင်းပြသည်။
    တပ်မတော်သားများနှင့်၎င်းတို့၏ မိသားစုများ  နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် မည်သည့် ပါတီမှ ကိုယ်စားလှယ်များကို ရွေးချယ်ရမည် ဆိုသည်မှာ အထက်မှလာသောအမိန့်ပေါ်တွင် မူတည်နေကြောင်း ၎င်းက ပြောသည်။

    “စစ်တပ်ထဲက တာဝန်ရှိသူတစ်ယောက်ကနေ တပ်ရင်းမှူးက အစိမ်းကိုပဲ မဲပေးရမယ်လို့ အမိန့်ပေးထားတယ်လို့ ပြောလိုက်ရင် အားလုံးက အစိမ်းကိုပဲ မဲပေးကြမှာပါ” ဟု အစိမ်း ရောင်အလံနှင့်ပါတီအမှတ်တံဆိပ်ကို သုံးထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင ဖွံ့ဖြိုးရေးပါတီအား ရည်ညွှန်းကာ ဦးကျော်ဇေယျက ပြောသည်။

    အမိန့်မနာခံသူများအနေဖြင့် အနာဂတ် အခွင့်အလမ်းများ၊ ရာထူးတိုးမှုများ ထိခိုက်မှုရှိနိုင်ကြောင်း၊ မဲပေးရာတွင် လျှို့ဝှက်မှု ရှိသင့်သော်လည်း  အများသူငါ ဝင်ရောက်ခွင့်မရှိသော စစ်တပ်နယ်မြေအတွင်းရှိ မဲရုံများတွင် မဲရေတွက်မည်ဖြစ်သောကြောင့်  လျှို့ဝှက်လုံခြုံမှု အပြည့်အဝရမည် မဟုတ်ကြောင်း ဦးကျော်ဇေယျက ပြောသည်။

    ‘ယုံကြည်ရသောရွေးကောက်ပွဲ ပေါ်ပေါက်ရေးပြည်သူများ ပူးပေါင်းအဖွဲ့’ မှ အမှုဆောင်ညွှန်ကြားရေးမှူး ဦးစိုင်းရဲကျော်စွာမြင့်က  မဲပေးသည့် မဲရုံများတွင်သာ ဆန္ဒမဲလက်မှတ်များကို စစ်ဆေးခြင်းသည် မဲဆန္ဒရှင်များ၏ လျှို့ဝှက် ဆန္ဒမဲပေးခွင့်ကို ထိခိုက်စေနိုင်သည်ဟု ဆိုသည်။

    “အခြားနိုင်ငံတွေမှာဆိုရင် မဲရုံက မဲလက်မှတ်တွေကို လျှို့ဝှက်လုံခြုံမှုရှိတဲ့ အခြားနေရာတစ်ခုခုမှာ သွားပြီး ရေတွက်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံမှာ ဒီစနစ် မရှိသေးပါဘူး။ ဒီမှာ ကိုယ်ပေးတဲ့ မဲရုံမှာပဲ မဲတွေကို ရေတွက်ကြတယ်။ အဲဒီလိုလုပ်ခြင်းကြောင့် နောက်တက်မယ့်အစိုးရအနေနဲ့ အဲဒီမဲဆန္ဒနယ် ကျေးရွာကိုပဲဖြစ်ဖြစ်၊ စစ်တပ်နယ်မြေကိုပဲဖြစ်ဖြစ် အငြိုးအတေးရှိလာနိုင်ပါတယ်” ဟု ဦးစိုင်းရဲကျော်စွာမြင့်က ပြောသည်။

    ရွေးကောက်ပွဲဆိုင်ရာ ညွှန်ကြားချက်များ
    —————————————–
    စစ်တပ်အရာရှိများက ရွေးကောက်ပွဲနှင့်ပတ်သက်၍ အောက်ခြေသို့ သီးခြားအမိန့်များ ထုတ်ပြန်ထားခြင်း ရှိ၊ မရှိ မသိရသော်လည်း သူတို့အရိပ်အကဲကတော့ ရှင်းနေပါသည်။

    အောက်တိုဘာ ၂ဝ ရက်နေ့က နေပြည်တော်တွင် တပ်မတော်အရာရှိ ရာပေါင်းများစွာနှင့် တွေ့ဆုံစဉ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော် မိသားစုများအနေဖြင့် တပ်မတော်အပေါ် နားလည်နိုင်သည့်၊ အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်သည့်၊ ပြည်ပအဖွဲ့အစည်းများနှင့် နိုင်ငံခြားသားများ၏ သြဇာခံမဟုတ်သည့်သူများကိုသာ  ရွေးကောက်ပွဲတွင် မဲပေးရန် မိန့်ခွန်းခြွေခဲ့သည်။
    ထိုစကားသည် တပ်မတော် အရာရှိဟောင်းများနှင့်ဖွဲ့စည်းထားသည့် ပြည်ခိုင်ဖြိုးပါတီကို မဲပေးရန်၊ နိုင်ငံခြားသား တစ်ဦးကို လက်ထပ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD ကို မဲမထည့်ရန်  တိုက်တွန်းချက် ပင်ဖြစ်ကြောင်း အများက လက်ခံထားကြသည်။

    “ကျွန်တော်တို့မှာ ပြည်ခိုင်ဖြိုးကို မဲပေးရုံကလွဲလို့ အခြား ရွေးချယ်စရာမရှိပါဘူး” ဟု ကရင်ပြည်နယ်အတွင်းမှ အမည်မဖော်လိုသူ တပ်မတော်အရာရှိတစ်ဦးက ပြောသည်။

    “ကျွန်တော်တို့မှာ ကိုယ်ကြိုက်တာကို နှစ်သက်စွာ ရွေးချယ်ခွင့်မရှိပါဘူး။ လက်ရှိ အခြေအနေတွေ အရ ပြည်ခိုင်ဖြိုးကိုပဲ မဲပေးရမှာပါ” ဟု ပြောကြားသည်။

    ကရင်ပြည်သူ့ပါတီမှ စောမောင်တုတ်က ကာကွယ်ရေးဦးစီးချုပ်၏ အမိန့်ကြောင့် တပ်မတော်သားများ ရွေးကောက်ပွဲတွင် လွတ်လပ်စွာ မဲပေးခွင့်  ထိခိုက်စေသည်ဟု ဆိုသည်။

    စောမောင်တုတ်သည် တပ်ရင်းတပ်ဖွဲ့ အများအပြားရှိသည့် မှော်ဘီမြို့နယ်တွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ဝင်ရောက် ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း တပ်မတော်သားများထံမှ မဲရရန် မဖြစ်နိုင်ကြောင်း ပြောကြားသည်။

    “ဒီကိစ္စနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ဘာမှလုပ်ပိုင်ခွင့်မရှိပါဘူး။ သူတို့လုပ်တာပဲ လက်ပိုက်ကြည့်နေရမှာပါ” ဟု သူက ပြောသည်။

    ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးတင်အေးက ရွေးကောက်ပွဲနေ့တွင် တပ်ရင်း တပ်ဖွဲ့များအတွင်းရှိ မဲရုံများသို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့များ၊ စာနယ်ဇင်းသမားများကို ဝင်ရောက် ခွင့်ပြုသွားမည်ဟု သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားထားသည်။
    မြန်မာနိုင်ငံရွေးကောက်ပွဲ အတွက် ဥရောပသမဂ္ဂ၏ စောင့်ကြည့်လေ့လာရေး အဖွဲ့ အကြီးအကဲ အလက်ဇန်းဒါးဂရက် လန်းဒေါ့ဖ်က စစ်တပ်အတွင်းရှိ မဲရုံများသို့ ဝင်ရောက်ကြည့်ရှုခွင့် ရရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာမခံထားသည်ဟု ဆိုသည်။

    “ခွင့်မပြုနိုင် ရလောက်အောင် နိုင်ငံတော်လုံခြုံရေး အတွက် ထိခိုက်ခိုက်လောက်တဲ့ ထည့်သွင်း စဉ်းစားရမှုမရှိဘူးဆိုရင် ဥရောပသမဂ္ဂ အဖွဲ့တွေအနေနဲ့  တပ်ရင်းတပ်ဖွဲ့တွေမှာ လုပ်မယ့် မဲပေးမှုတွေကို ဝင်ကြည့်နိုင်ဖို့ ကာကွယ်ရေးဦးစီးချုပ်က သဘောတူထားပါတယ်”  ဟု သူက ပြောကြားသည်။    ။

  • ဒီမိုကရေစီ အသွင်ကူးပြောင်းဖို့ မဲရုံကိုခြေလှမ်းကြစို့

    ဒီမိုကရေစီ အသွင်ကူးပြောင်းဖို့ မဲရုံကိုခြေလှမ်းကြစို့

    နိုဝင်ဘာ ၃ ၊ ၂၀၁၅
    M-Media
    ထက်မြက်ရေးသည်။

    myanmar-election-826x448
    Photo-Reuters

    မကြာမီကျရောက်တော့မည့် ရက်ပိုင်းအနည်းငယ်သာ လိုတော့တဲ့ မြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် သမိုင်းဝင် အထွေထွေရွေးကောက်ပွဲကြီးဟာ ရောက်ရှိလို့ လာပါတော့မယ်။ နိုင်ငံတကာမီဒီယာတွေနဲ့ ကမ္ဘာကစောင့်ကြည့်နေတဲ့ ဒီရွေးကောက်ပွဲဟာ စိတ်ဝင်စားစရာ အလွန်ကောင်းတဲ့ ရွေးကောက်ပွဲလို့ ပြောရရင်လည်း မှားမည်မဟုတ်ပါ။

    တစ်ကမ္ဘာလုံးက စိတ်ဝင်စားနေတဲ့ ရွေးကောက်ပွဲကြီးကို မြန်မာနိုင်ငံကလူတွေက စိတ်မဝင်စားဘူးဆိုရင်တော့ အလွန်ကို ရီစရာကောင်းတဲ့ ဟာသတစ်ခုများ ဖြစ်နေမလားဆိုတာ မေးခွန်းထုတ်စရာပါ။ စစ်အစိုးရအောက်မှာ နှစ်ပေါင်းများစွာနေထိုင် ခဲ့ရတဲ့ ပြည်သူအများစုဟာ နိုင်ငံရေးဆိုတာနဲ့ တစ်ပြိုင်နက် ငါတို့နဲ့မဆိုင်ဘူး။ နိုင်ငံရေးဆိုတာ နိုင်ငံရေးသမားတွေနဲ့ အစိုးရပဲဆိုင်တယ်လို့ မြန်မာနိုင်ငံက အောက်ခြေပြည်သူအများစုရဲ့ စိတ်ထဲမှာ သံမှိုလိုစွဲနေကြတာပါ။

    ပွင့်လင်းမြင်သာမှုရှိလာတဲ့ ယနေ့ခေတ်မှာတောင်မှ ထင်သလောက် ခရီးမရောက်ခဲ့ပါဘူး။ မြို့နေ လူတန်းစားလောက်သာ ရွေးကောက်ပွဲကို စိတ်ဝင်စားကြပေမယ့် ကျေးလက်နေပြည်သူတွေ၊ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ သူတွေကတော့ သူတို့စားဝတ်နေရေးထက် ရွေးကောက်ပွဲကို စိတ်မဝင်စားနိုင်ကြပါ။ လူသူအရောက် အပေါက်နည်းသောနေရာများဆိုလျှင်ပင် ရွေးကောက်ပွဲကို စိတ်ဝင်စားနေကြမှာ မဟုတ်ဆိုတာ သေချာပါတယ်။

    ဒီထဲကမှ ဘယ်သူသမ္မတဖြစ်ဖြစ် ငါတို့ထမင်းငါတို့ ရှာစားရမှာပဲဆိုတဲ့ သူတွေကလည်း တစ်ပုံတစ်ပင်။ ကိုယ့်ထမင်းကိုယ်ရှာစားရတာ ဖြစ်ပေမယ့်လည်း တရားမျှတတဲ့ အုပ်ချုပ်မှု၊ စစ်မှန်တဲ့ ဒီမိုကရေစီတိုင်းပြည်ဆိုရင် ပိုမကောင်းဘူးလားဆိုတာ ကိုယ့်လူတို့ကို မေးချင်လိုက်တာ။ အတွေးဟောင်းတွေကို ထားခဲ့ပြီး ပြောင်းလဲချိန်တန်ပြီဆိုတာကို လူတိုင်း သိသင့်ဖို့ကောင်းနေပြီလို့ ထင်မြင်မိပါတယ်။ အဟောင်းတွေနဲ့ပဲ နေနေမယ်ဆိုရင်တော့ ရှေးယခင်ကလို မြန်မာက ကမ္ဘာမှာ ခေါင်းထောင်နိုင်မှာ မဟုတ်သေးပါဘူး။ စစ်မှန်တဲ့အပြောင်းအလဲလုပ်ဖို့ လိုအပ်နေတာ အသေအချာပါ။

    ရွေးကောက်ပွဲနေ့မှာ မဲပေးဖို့ဆိုရင် တစ်နာရီထက်ပိုကြာမယ်လို့ မထင်ပါဘူး။ မိမိနေထိုင်သည့်ရပ်ကွက်နှင့် မဲရုံဟာ အနီးဆုံးမှာသာ ရှိနေနိုင်ပါတယ်။ မဲရုံကိုသွားမဲပေးပြီး အိမ်ပြန်အလာထိ အလွန်ဆုံးကြာ တစ်နာရီပါ။ ဒီတစ်နာရီလေးကို ပေးဆပ်လိုက်ခြင်းအားဖြင့် တိုင်းပြည်ရဲ့အနာဂတ် အများကြီးပြောင်းလဲသွားနိုင်ပါတယ်။ နှစ်ပေါင်းများစွာကြာမှ ပထမဆုံးကျင်းပမယ့် သမိုင်းဝင်ရွေးကောက်ပွဲမှာ အချိန်တစ်နာရီလောက်တော့ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ပေးဆပ်သင့်တယ်လို့ မြင်မိပါတယ်။

    မဲပေးလို့မရတဲ့ဒေသတွေ၊ တိုင်းတစ်ပါးကိုရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ၊ မဲပေးခွင့်မရတဲ့ ပြည်သူတွေ၊ ကျေးလက်တောရွာက အသိပညာ မကြွယ်ဝတဲ့ ပြည်သူတွေက မဲတွေကို ဆုံးရှုံးခဲ့ရပါပြီ။ မဲပေးဖို့အခွင့်အရေးရှိတဲ့ ပြည်သူတွေအနေနဲ့ တာဝန်သိပြည်သူတစ်ယောက်အနေနဲ့၊ အကြောင်းအမျိုးမျိုးကြောင့် မဲပေးခွင့်မရှိတဲ့ ပြည်သူတွေအတွက် ကိုယ့်ရဲ့မဲတစ်ပြားကို ဘယ်လိုနည်းနဲ့မှ အဆုံးရှုံးခံလို့ မဖြစ်ဘူးဆိုတာကို ပြည်သူတွေသိကြဖို့ လိုအပ်ပါတယ်။

    မြန်မာနိုင်ငံကလူတွေဟာ အမှောင်လောကထဲမှာလည်း အကြာကြီးနေခဲ့ဖူးပြီးပါပြီ။ နိုင်ငံသားအခွင့်အရေးဆိုတာကိုလည်း အပြည့်အဝမခံစားခဲ့ရတာ နှစ်ရှည်လများပါ။ လူ့အခွင့်အရေးဆိုတောလည်း ဘာမှန်းမသိတာ နှစ်တွေမနည်းတော့ပါဘူး။ ပြည်သူတွေ ဆာလောင်တောင့်တငတ်မွတ်နေတာတွေက အများကြီးပါ။ ပြောလို့ကို မကုန်နိုင်ပါဘူး။

    မြန်မာ့အနာဂတ်သူရဲကောင်းလေးတွေဖြစ်တဲ့ ကလေးငယ်တွေရဲ့ အနာဂတ်သာယာလှပဖို့ကို ယခုလက်ရှိ (၁၈) နှစ်ပြည့်ပြီးသူများက ဖော်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ ကိုယ်တွေခံခဲ့ရသလို၊ ဖြစ်ခဲ့ရသလို ကိုယ့်မျိုးဆက်ကို ခံစားစေမှာလားဆိုတာတော့ စဉ်းစားစရာပါ။ မျိုးဆက်တွေ အနာဂတ်လှဖို့အတွက်ဆိုရင်တော့ တိုင်းပြည်ကိုအကောင်းဆုံးပြောင်းလဲဖြစ်မှ ဖြစ်မှာပါ။ တစ်ချိန်မှာ တိုင်းပြည်ကိုဦးဆောင်မယ့် ကလေးတွေအတွက် မကောင်းတာတွေထားခဲ့လို့တော့ မရတာ အသေအချာပါ။

    အဲဒါတွေအကုန်လုံးကိုရဖို့ရဲ့ ပထမဆုံးခြေလှမ်းက မဲရုံဆီကိုသွားတာပါပဲ။ အမိနိုင်ငံရဲ့ ရွေးကောက်ပွဲမှာ ပါဝင်ပြီး စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ကြဖို့ကို မိမိကိုယ်တိုင် အုတ်တစ်ချက် သဲတစ်ပွင့်အနေနဲ့ ပါဝင်ရမှာဖြစ်ပါတယ်။ နှောင့်နှေး နောက်ကျကျန်ခဲ့လို့ကို မရပါဘူး။ မိမိရဲ့ မဲတစ်ပြားက တိုင်းပြည်ကို အကောင်းဆုံးဖြစ်သွားစေနိုင်ပါတယ်။

    ပြည်သူတွေ စစ်မှန်တဲ့လူနေမှုဘဝကိုရရှိနိုင်ဖို့အတွက် အပြောင်းအလဲတစ်ခုကိုတော့ လုပ်ပေးရမှာ အသေအချာပင်။ အဲ့ဒီအပြောင်းအလဲကို ဖော်ဆောင်ဖို့လိုအပ်နေပြီလားဆိုတော့ ၁၀၀ ရာခိုင်နှုန်းထက်ကို သေချာနေပါပြီ။

    ရွေးကောက်ပွဲကြီးနီးလာတဲ့နဲ့အမျှ ပါတီစုံကလည်း မဲဆွယ်စည်းရုံးမှုတွေကို လုပ်ဆောင်လျှက်ရှိနေကြပါတယ်။ မဲဆန္ဒရှင်ပြည်သူများအနေနှင့်လည်း ဒီမိုကရေစီကို အကောင်းဆုံးဖော်ဆောင်နိုင်မယ့် ပါတီကို မဲထည့်ခြင်းဖြင့် နိုင်ငံရဲ့အကူးအပြောင်းမှာ ပါဝင်လိုက်ကြရအောင်ပါ။

    မြန်မာ့မြေမှာမွေး မြန်မာ့မြေမှာဖွားတဲ့ ပြည်ထောင်စုတိုင်းရင်းသားအပေါင်း သွေးအေးလို့မနေဘဲ မြန်မာနိုင်ငံရဲ့ သမိုင်းဝင်ရွေးကောက်ပွဲကြီးမှာ ပါဝင်ပေးကြပါ။ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကို တည်ထောင်နိုင်ဖို့အတွက် ပထမဆုံးခြေလှမ်းဖြစ်တဲ့ အသဲကြားက မဲတစ်ပြားကို ပေးကြဖို့အတွက် နိုင်ဝင်ဘာလ ၈ ရက်နေ့မှာ နံနက်(၆) နာရီကနေ ညနေ (၄) နာရီအတွင်း မိမိတို့သက်ဆိုင်ရာ မြို့နယ် နယ်မြေအလိုက် မဲရုံများဆီကို သွားရောက်မဲပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

    ထက်မြက်

  • မိမိတို့ကို သတ်ဖြတ်ခဲ့သည့် နာဇီခြေရာ အတိုင်း လိုက်နင်းလာတဲ့ အစ္စရေး

    မိမိတို့ကို သတ်ဖြတ်ခဲ့သည့် နာဇီခြေရာ အတိုင်း လိုက်နင်းလာတဲ့ အစ္စရေး

    နိုဝင်ဘာ ၃ ၊ ၂၀၁၅
    M-Media
    လေးမောင် တင်ဆက်သည်။
    israel-war1
    – “ခင်ဗျားတို့အားလုံးကို မသေမချင်း ဓာတ်ငွေ့လွှတ် သတ်ပစ်မယ်”

    ဒုတိယကမ္ဘာစစ်အတွင်းမှာ နာဇီတွေက ဂျူးတွေကို ဓာတ်ငွေ့ခန်းထဲမှာ ဓာတ်ငွေ့လွှတ်ပြီး ရက်စက်စွာ သတ်ဖြတ်မှုကို ပြန်ပြောင်း အမှတ်ရစေတဲ့ စကားတစ်ခုပါပဲ။ ဒါပေမယ့် ဒီစကားကို ပြောခဲ့သူကတော့ ဂျာမနီ နာဇီတစ်ယောက် မဟုတ်ဘဲ ဂျူးတစ်ယာက်ဖြစ်နေတယ် ဆိုရင်တော့ စာဖတ်သူတွေအနေနဲ့ အံ့သြကောင်း အံ့သြပါလိမ့်မယ်။

    ဟုတ်ပါတယ်။ ဒီစကားဟာ အစ္စရေးရဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့က ပါလက်စတိုင်း ဒုက္ခသည်တွေကို ရည်ညွှန်းပြီး ပြောခဲ့တဲ့ စကားပါပဲ။ အောက်တိုဘာ ၂၉ ရက်နေ့က ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက အိုင်ဒါ ဒုက္ခသည်စခန်းမှာ ဆန္ဒပြတဲ့ ပါလက်စတိုင်းတွေကို လာရောက် ဟန့်တားတဲ့ အစ္စရေး ရဲတပ်ဖွဲ့က လော်စပီကာနဲ့ ခြိမ်းခြောက်မှုအတွင်းမှာ ထည်သွင်းပြောကြားခဲ့တာပါ။

    “အိုင်ဒါ ဒုက္ခသည်စခန်းမှ ဒုက္ခသည်များ – ကျုပ်တို့ဟာ အစ္စရေး “ကျူးကျော်တပ်ဖွဲ့တွေ” ဖြစ်တယ်။ ခင်ဗျားတို့က ခဲနဲ့ပေါက်ရင် ကျုပ်တို့က ခင်ဗျားတို့ကို မသေမချင်း ဓာတ်ငွေ့လွှတ် သတ်ပစ်မယ်။ ကလေးတွေ၊ လူငယ်တွေ၊ လူကြီးတွေ၊ တစ်ယောက်မှမချန်ဘူး။ အားလုံးကို သတ်ပစ်မယ်။ ခင်ဗျားတို့ကို တစ်ယောက်မှ အရှင်မထားဘူး” လို့ ရင့်ရင့်သီးသီး ပြောကြားခဲ့ပါတယ်။ တစ်မိနစ်တာကြာမြင့်တဲ့ အဲဒီခြိမ်းခြောက်မှုကို ဗီဒီယို မှတ်တမ်း တင်ထားနိုင်ခဲ့ပြီး အွန်လိုင်းမှာလည်း ပြန့်နှံ့ခဲ့ပါတယ်။

    “ခင်ဗျားတို့ထဲက တစ်ယောက်ကို ဖမ်းထားတယ်။ သူက ကျုပ်တို့ဆီမှာ ရှိနေတယ်။ သူ့ကို အိမ်ကဖမ်းလာတာ။ ခင်ဗျားတို့ ခဲနဲ့ဆက်ပေါက်နေမယ်ဆိုရင် သူ့ကို ခင်ဗျားတို့အရှေ့မှာပဲ သတ်ပစ်မယ်” လို့ သူတို့ဖမ်းထားတဲ့ အသက် ၂၅ နှစ်အရွယ် ပါလက်စတိုင်းတစ်ဦးကို ရည်ညွှန်းပြီး အစ္စရေးရဲတပ်ဖွဲ့က ပြောခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ ဒီလူငယ်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။

    “အိမ်ပြန်တော့၊ မပြန်ရင် ခင်ဗျားတို့ကို မသေမချင်း ဓာတ်ငွေ့လွှတ် သတ်ပစ်မယ်။ ခင်ဗျားတို့မိသားစုတွေ၊ ခင်ဗျားတို့ရဲ့ ကလေးတွေ၊ လူတိုင်းကို ကျုပ်တို့သတ်ပစ်မယ်”

    မိမိတို့ရဲ့ ပိုင်နက်တွေကို ကျူးကျော်သိမ်းပိုက်တာ၊ တရားမ၀င်အခြေချအိမ်ယာတွေ တည်ဆောက်တာကို မကျေနပ်တဲ့ အိုင်ဒါဒုက္ခသည်စခန်းက ပါလက်စတိုင်းပြည်သူတွေဟာ အောက်တိုဘာ ၂၉ ရက်နေ့မှာ ဆန္ဒပြခဲ့ကြပြီး အစ္စရေးတပ်ဖွဲ့တွေကတော့ မျက်ရည်ယိုဗုံးတွေကို အသုံးပြု ဟန့်တားခဲ့ပြီး ပါလက်စတိုင်းလူငယ်တွေက ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြလို့ ဒီလို နှိမ်နှင်းရတာလို့ ပြောခဲ့ပါတယ်။

    အိုင်ဒါ ဒုက္ခသည်စခန်းဟာ မိမိတို့ရဲ့ ဇာတိမြေမှာနေရင်း အစ္စရေးကြောင့် ဒုက္ခသည်ဘ၀ ရောက်ခဲ့ကြတဲ့ ပါလက်စတိုင်း ပြည်သူတွေထဲက တစ်စုသာ ဖြစ်ပါတယ်။

    The Times of Israel သတင်းစာကတော့ အဲဒီလို ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်ကို ရာထူးကနေ ခေတ္တ ရပ်ဆိုင်းထားတယ်လို့ ဖော်ပြခဲ့ပါတယ်။

    ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ပါလက်စတိုင်းအမျိုးသား မိုဟာမက် အလ်-အက်ဇာက အဲဒီအဖြစ်အပျက်ဟာ ညနေပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အစ္စရေးတပ်ဖွဲ့တွေဟာ ဂျစ်ကားနဲ့လာပြီး စခန်းထဲကို မျက်ရည်ယိုဗုံးတွေနဲ့ ပစ်သွားခဲ့ပြီးတဲ့နောက် အထက်ပါအတိုင်း လော်စပီကာနဲ့ အော်သွားတာလို့ ဆိုပါတယ်။

    “စခန်းထဲကလူတိုင်းက အဲဒီကိစ္စကိုပဲ ပြောနေကြတာပါ။ အထူးသဖြင့် ကလေးတွေနဲ့ သက်ကြီးရွယ်အိုရှိတဲ့ မိသားစုတွေပေါ့။ ပြီးခဲ့တဲ့နှစ်က အမျိုးသမီးတစ်ယောက်ဟာ မျက်ရည်ယိုဗုံးက ဓာတ်ငွေ့နဲ့ သေဆုံးခဲ့ရတာကြောင့် သူတို့က အဲဒါကို ကြောက်နေကြပါတယ်။ အစ္စရေး ကျူးကျော်တပ်ဖွဲ့တွေက ဒါမျိုးလုပ်မယ်လို့ သူတို့က ယုံကြည်နေကြပါတယ်” လို့ အလ်-အက်ဇာက ပြောခဲ့ပါတယ်။

    အစ္စရေးတပ်ဖွဲ့တွေဟာ သူတို့ကိုယ်သူတို့ “ကာကွယ်ရေးတပ်ဖွဲ့” လို့ သတ်မှတ်ပြီး အခုတစ်ခါမှာ “ကျူးကျော်တပ်ဖွဲ့တွေ” လို့ ကြေငြာသွားတာဟာလည်း သမရိုးကျမဟုတ်ဘူးလို့ သူက ထပ်ပြောပါတယ်။

    “ဒါက အရင်နဲ့မတူပါဘူး။ ကျွန်တော် ၀မ်နည်း၊ ၀မ်းသာ ဖြစ်ရပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ (အစ္စရေးတွေက) ပထမဆုံး သူတို့ကိုယ်သူတို့ ကျူးကျော်သူတွေလို့ သုံးနှုန်းတာကို ကြားရလို့ပါ။ တစ်ခြားနိုင်ငံတွေက ဒါကို ကြားသွားရင် ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကို မျက်ရည်ယိုဗုံး သုံးပြီး၊ ဘာအကြာင်းမှမရှိဘဲ သတ်မယ်လို့ ခြိမ်းခြောက်သွားတာကိုတော့ ဒေါသဖြစ်ပါတယ်”

    အစ္စရေးစစ်တပ်က ပြောရေးဆိုခွင့်ရှိသူကတော့ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ကာ အွန်လိုင်းမှာ ပြန့်နှံ့ခဲ့တဲ့ ဗီဒီယိုကိုလည်း စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

    ပါလက်စတိုင်းတွေရဲ့ နေထိုင်ခွင့်နဲ့ ဒုက္ခသည်အခွင့်အရေးဆိုင်ရာတွေကို ကြိုးပမ်းဆောင်ရွက်ပေးနတဲ့ Badil Resource Centre for Palestinian Residency and Refugee Rights အဖွဲ့ကတော့ ဒီအဖြစ်အပျက်ကို ရှုတ်ချခဲ့ပြီး အစ္စရေးရဲတပ်ဖွဲ့က ဒီလိုကြေငြာမှုဟာ “အိုင်ဒါ ဒုက္ခသည်စခန်းက ပါလက်စတိုင်းပြည်သူတွေကို အလွန်ဆိုးရွားတဲ့ နည်းလမ်းနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မယ်လို့ ရှင်းရှင်းလင်းလင်း၊ ထင်ထင်ရှားရှား ခြိမ်းခြောက်မှုသာ ဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။

    “ဒီကြေငြာချက်ဟာ လူသားတွေရဲ့ အသက်ကို ကြက်ကလေး၊ ငှက်ကလေးတွေလို သထေားတယ်ဆိုတာ ထင်ရှားနေသလို၊ နိုင်ငံတကာ ဥပဒေတွေကို အစ္စရေးတပ်ဖွဲ့တွေက မလိုက်နာဘူးလားဆိုတဲ့ စိုးရိမ်မှုတွေကို အလွန်အမင်းကို မြင့်တက်စေပါတယ်” လို့  Badil အဖွဲ့က ဆိုပါတယ်။

    နောက်ပြီး ဒီအဖြစ်အပျက်အတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပေးဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

    ပြီးခဲ့တဲ့လက ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာရှိတဲ့ အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်ကို အစ္စရေးတပ်ဖွဲ့တွေနဲ့ ဂျူးအစွန်းရောက်တွေက ၀င်ရောက်စီးနင်းကာ ပါလက်စတိုင်းတွေကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ပါလက်စတိုင်းတွေရဲ့ ဆန္ဒပြမှုတွေ၊ တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

    အဲဒီလိုအဖြစ်အပျက်အတွင်းမှာ အစ္စရေးတပ်ဖွဲ့နဲ့ ပါလက်စတိုင်းပိုင်နက်တွေက အစ္စရေးရဲ့ တရားမ၀င်အိမ်ယာတွေမှာ နေထိုင်တဲ့ ဂျူးတွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပါလက်စတိုင်း ၇၀ သေဆုံးခဲ့ပါတယ်။ မိမိတို့ရဲ့ပိုင်နက်ကို ကျူးကျော်သိမ်းပိုက်မှု၊ ပြည်သူတွေကို ဖိနှိပ်ချုပ်ချယ်မှု စတာတွေကို မကျေနပ်တဲ့အတွက် ပါလက်စတိုင်းတွေကလည်း ဓားနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး အစ္စရေး ၉ ဦး သေဆုံးခဲ့ပါတယ်။

    “(အစ္စရေးရဲ့ ဒီလိုကြေငြာမှုဟာ) ကိုယ်ကျင့်တရားပိုင်းနဲ့ ဥပဒေပိုင်းဆိုင်ရာ စံချိန်စံညွှန်းတွေကို ဆိုးဆိုးဝါးဝါး စော်ကားဖောက်ဖျက်လိုက်တာဖြစ်ပြီး၊ ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းက ပြည်သူတွေကို အကြမ်းဖက်တို့ ရည်ရွယ်တာလည်း ဖြစ်ပါတယ်။ အဲဒီလို ခြိမ်းခြောက်မှုနဲ့ ရာဇ၀တ်မှုတွေကို ကျူးလွန်မယ်ဆိုတဲ့ ရည်ညွှန်းမှုဟာ အစ္စရေးစစ်တပ်ရဲ့ ကျူးလွန်မှုတွေကို အရေးမယူပဲထားတဲ့ အခြေအနေကနေ ထွက်ပေါ်လာတဲ့ ရလဒ်လည်း ဖြစ်ပါတယ်”

    ref: aljazeera

  • ကိုးကွယ်ရာ ဘာသာကြောင့် ခွဲခြားခံရသူများ (သို့)  ကမန်တိုင်းရင်းသား

    ကိုးကွယ်ရာ ဘာသာကြောင့် ခွဲခြားခံရသူများ (သို့) ကမန်တိုင်းရင်းသား

    နိုဝင်ဘာ ၃ ၊ ၂၀၁၅
    M-Media
    sin-tat-mon-village
    – စစ်တွေမြို့မှ လှေဖြင့်သာ သွား၍ရသည့် သီးခြား ကျွန်းတစ်ကျွန်းတွင် ရှိသော ဆင်တပ်မော်ရွာတွင် ထောင်နှင့် ချီသော မြန်မာနိုင်ငံသားများမှာ အလွန်အမင်း ဆင်းရဲမွဲတေသည့် အခြေအနေတွင် နေထိုင်နေရပြီး လာမည့် ရွေးကောက်ပွဲတွင်လည်း မဲပေးခွင့်ကို ငြင်းပယ်ခံထားရလေသည်။

    အကြောင်းအရင်းက ၎င်းတို့ကိုးကွယ်သည့် ဘာသာတရားကြောင့် ဖြစ်သည်။ ထိုရွာတွင် မြန်မာအစိုးရက ဘင်္ဂါလီဟုခေါ်ဆိုသည့် ရိုဟင်ဂျာ ၇၀၀၀ ခန့် နေထိုင်ကြပြီး၊ ကမန်တိုင်းရင်းသား ၂၀၀၀ ကျော်ကလည်း ထိုရွာတွင်ရှိသည့် ဒုက္ခသည် စခန်းတွင် နေထိုင်နေကြရလေသည်။  မြန်မာနိုင်ငံမှ မွေးရာပါ နိုင်ငံသားများ ဖြစ်ကြသည့် ကမန်များမှာ ၎င်းတို့၏ ကိုးကွယ်ရာ ဘာသာတရားကြောင့် ၂၀၁၂ ခုနှစ် အကြမ်းဖက်မှုတွင် သားကောင်များ ဖြစ်ခဲ့ရပြီး ၎င်းတို့ မူလနေထိုင်ရာ နေရာများသို့ ယခုအချိန်ထိ ပြန်မရောက်ကြသေး။

    ကမန်လူမျိုးများမှာ အစိုးရက အသိအမှတ်ပြုထားသည့် ရခိုင် တိုင်းရင်းသားလူမျိုး ၇ ခုထဲမှ တိုင်းရင်းသား မျိုးနွယ်စုတစ်စုလည်း ဖြစ်သည်။ ထို့ပြင် ၎င်းတို့တွင် ခိုင်မာသည့် သမိုင်း၊ ၎င်းတို့နေထိုင်ရာဒေသနှင့် ယဉ်ကျေးမှုဆိုင်ရာ ရောထွေးယှက်တင်မှုများလည်း ထင်ထင်ရှားရှား ရှိနေသည်။ ၎င်းတို့၏ ဆွေစဉ်မျိုးဆက်ကို ကြည့်လျှင်လည်း လွန်ခဲ့သည့် ရာစုနှစ်များကတည်းက ရခိုင်ပြည်နယ်တွင် နေထိုင် လာကြသူများ ဖြစ်သည်။ ထိုစဉ်ကတည်းက ၎င်းတို့ကို တိုင်းရင်းသား လူမျိုးများ အဖြစ် ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြလေသည်။

    နိုင်ငံသားဖြစ်ကြောင်း အခိုင်မာဆုံး အထောက်အထားဖြစ်သည့် နိုင်ငံသား စီစစ်ရေးကတ်များပြားကိုလည်း ကမန်များက ရရှိကိုင်ဆောင်ထားကြသည်။ သို့သော်လည်း ၂၀၁၂ ခုနှစ် အကြမ်းဖက်တိုက်ခိုက်မှုနောက်ပိုင်း နိုင်ငံသားအခွင့်အရေးများမှာ တစ်ဖြည်းဖြည်းချင်း ချိုးဖောက်ခံလာရသည်ဟု ၎င်းတို့က ဖွင့်ဟပြောကြားခဲ့သည်။

    ထိုစဉ်က ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် ကျောက်ဖြူမှ ကမန်တိုင်းရင်းသား ၄၀၀၀ ခန့်မှာ ကြောက်ရွံ့ထိတ်လန့်စွာဖြင့် စစ်တွေသို့ ထွက်ပြေးကြရသည်။ လှေဖြင့် ၂ ရက်ကြာ သွားရောက်ခဲ့ပြီးနောက် စစ်တွေဆိပ်ကမ်းသို့ ဆိုက်ကပ်ခွင့်မရခဲ့။ ထို့ကြောင့် အဆိုပါ ဆင်တပ်မော်ကျွန်းတွင် ရိုဟင်ဂျာများနှင့်အတူ နေထိုင်ခဲ့ရပြီး လအနည်းငယ်ကြာပြီးနောက် ထိုနေရာမှာ ဒုက္ခသည်စခန်း ဖြစ်လာခဲ့သည်။

    ယနေ့တွင်တော့ အဆိုပါ ဒုက္ခသည်စခန်းမှာ ပြည်နယ်အစိုးရနှင့် နိုင်ငံတကာ အန်ဂျီအိုများ၏ ထောက်ပံ့မှုများကြောင့် စတင် တည်ထောင်စဉ် အချိန်ကထက် ပို၍ တိုးတက်မှုများ ရှိနေပြီဖြစ်သည်။ တဲများ၏နေရာတွင် သစ်သားအိမ်များ ဖြစ်လာသည်။ ကလေးငယ်များအား နို့ချိုတိုက်ကျွေးရန် အမျိုးသမီးများအတွက် သီးသန့်နေရာများ ရှိလာခဲ့ပြီး ဥနှင့် အသား ရရှိရန် မွေးထားသော ကြက်များကလည်း ကျွန်း၏ ရွံ့ထူသောအပိုင်းတွင် လွတ်လပ်စွာ ပြေးလွှား အစာရှာနေကြပေသည်။

    သို့သော်လည်း ရခိုင်ပြည်အပေါ် သစ္စာစောင့်သိမှုအတွက် ဂုဏ်ယူကြသည့် ကမန်တိုင်းရင်းသားများ ၎င်းတို့၏ အိမ်များသို့ ပြန်လည် အခြေချနိုင်ရေးမှာ ရွှေပြည်တော် မျှော်တိုင်းဝေးနေသေးသည်။ ထို့ပြင် ဒုက္ခသည်စခန်း၌ ကျန်းမာရေးစောင့်ရှောက်မှု ချို့တဲ့ခြင်း၊ ၎င်းတို့၏ လူ့အဖွဲ့အစည်းအတွက် နိုင်ငံရေးအရ ပါဝင်ရပ်တည်ခွင့် မရခြင်းတို့ အတွက်လည်း ကမန်တိုင်းရင်းသားများက ဝေဖန်မှုများ ရှိနေသည်။ အာဏာရ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ကိုယ်စာလှယ်လောင်းဖြစ်ခဲ့ဖူးသော ဦးကျော်လှမှာလည်း ယခုတွင်တော့ ကမန်တိုင်းရင်းသားများ မဲပေးခွင့် ပြန်လည်ရရှိရေးအတွက်သာ တိုက်ပွဲဝင်နေရသည်။
    myanmar-elex-kaman-pic-2-data
    “အရင် ရွေးကောက်ပွဲတွေတုန်းက ကျွန်တော်တို့ လူမျိုးတွေဟာ မဲပေးနိုင်ခဲ့ပါတယ်။ ၁၉၇၄၊ ၁၉၉၀ နဲ့ ၂၀၁၀ ရွေးကောက်ပွဲတွေမှာပေါ့။ အခြားဒုက္ခသည်စခန်းတွေမှာတော့ မဲဆန္ဒရှင်စာရင်းတွေ လာကပ်ပေးတယ်။ ဒါပေမယ့် ကျွန်တော်တို့စခန်းမှာတော့ မရှိဘူး။ ဒါ့ကြောင့် သမ္မတဆီကို ကျွန်တော်တို့ စာရေးတင်ပေမယ့် အခုအချိန်အထိ အစအနတောင် မတွေ့ရသေးပါဘူး” ဟု ဦးကျော်လှက ပြောကြားခဲ့သည်။

    တစ်ချိန်တည်းမှာပင် ကမန်တိုင်းရင်းသားများမှာ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် မရသလို၊ ဒုက္ခသည်စခန်းတွင်လည်း ကန့်သတ်မှုများ ခံနေရသည်။ ဦးကျော်လှကမူ ၎င်းတို့၏ လူ့အဖွဲ့အစည်းအတွက် အဖြေကို လတ်တလောတွင် မျှော်လင့်၍ မရေသေးဟု ဆိုသည်။

    “ကျွန်တော်တို့ဟာ ရွေးကောက်ပွဲပြီးနောက်မှာ တက်လာမယ့် အစိုးရကို မျှော်လင့်နေပါတယ်။ ဒါ့ကြောင့် ရွေးကောက်ပွဲကို စောင့်ကြည့်နေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

    ၎င်း၏ အသက် ၄၉ နှစ်အရွယ် ညီမဖြစ်သူ ဒေါ်ဥမ္မာစော၏ ခင်ပွန်းသည်မှာ ၂၀၁၄ ခုနှစ်တွင် နေမကောင်းဖြစ်ပြီး ကွယ်လွန်သွားခဲ့သည်။ သူမမှာ ကလေးနှစ်ယောက်နှင့်အတူ အဆိုပါ ဒုက္ခသည်စခန်းတွင် နေထိုင်နေရသည်။ သူမ၏ အကိုအကြီးဆုံးက စင်ကာပူရှိ သင်္ဘောလိုင်းတွင် အလုပ်လုပ်နေပြီး သူမက အစ်ကိုဖြစ်သူအား ရခိုင်သို့ ပြန်မလာရန် ပြောထားသည်။

    “အစ်ကိုကြီးကို ပြန်မလာဖို့ ကျွန်မ ပြောထားပါတယ်။ ဒီမှာက ဘယ်အချိန်မဆို အဓိကရုဏ်ဖြစ်နိုင်တယ်လေ။ ဒါပေမယ့် ကျွန်မတို့ Viber နဲ့ အဆက်အသွယ် ရှိပါတယ်။ ကျွန်မတို့က ဒီနိုင်ငံသားတွေပါ။ ကျွန်မမှာ နိုင်ငံသားစီစစ်ရေးကဒ်ပြား ရှိပါတယ်။ ဒါပေမယ့် ကျွန်မတို့ စစ်တွေကို သွားလို့မရဘူး။ ကလေးတွေက ပညာသင်ဖို့ လိုတယ်လေ။ လူတွေက ဒီမှာပဲ ဆေးကုသမှုမရဘဲ သေဆုံးနေကြတယ်” ဟု သူမက ပြောကြားခဲ့သည်။

    ဥမ္မာစောအပါအ၀င် ဆင်တပ်မော် ဒုက္ခသည်စခန်းတွင် နေထိုင်သူ အများစုအတွက် ကျန်းမာရေးစောင့်ရှောက်မှုက အဓိကပြဿနာ ဖြစ်နေသည်။ သူမက နည်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) တစ်ပတ်တစ်ခါ စခန်းသို့လာသည့်အခါ စကားပြန်အဖြစ် ဆောင်ရွက်သည်။ မိလ္လာစနစ် အကန့်အသတ်ရှိနေသည့် စခန်းအတွင်း နေထိုင်သူများ၏ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်သက်၍ အသိပညာပေးသည့် အစီအစဉ်တွင်လည်း ဒေါ်ဥမ္မာစောက ကူညီပေးသည်။

    စခန်းတစ်ဝိုက်တွင် ရဲတပ်ဖွဲ့ဝင်များက အမြဲတမ်း ရှိနေကြပြီး စခန်းမှ ၀င်သူ၊ ထွက်သူမျာကို ကြီးကြပ်စစ်ဆေးကာ၊ တရားဥပဒေစိုးမိုးရေးကိုလည်း ဆောင်ရွက်သည်။ စခန်းအတွင်းသို့ လာရောက်သတင်းယူကြသည့် မီဒီယာများ၏ အင်တာဗျူများ၊ မှတ်တမ်းများကိုလည်း ၎င်းတို့က လိုက်ပါကြည့်ရှုလေသည်။

    ရဲတပ်ဖွဲ့ဝင်များ တစ်ဝိုက်တွင်တော့ ကလေးမျာက မိုးဖွဲဖွဲလေးတွင် ဆော့ကစားနေကြသည်။ ထိုကလေးအများစုက အဟာရချို့တဲ့မှုနှင့် အရေးပြားယားယံမှု ဝေဒနာများကို ခံစားနေရသည်။ အမျိုးသားများက ထိုင်၍ ငါးဖမ်းပိုက်များကို ချည်နှောင်နေကြသည်။ ၎င်းတို့မှာ တစ်နေ့တာ ငါးဖမ်းရန်အတွက် ရဲကို ငွေပေးရလေသည်။

    ကမ်းခြေတစ်လျှောက်တွင် အသုံးမပြုသည့် ၂ ထပ်အဆောက်အဦးတစ်ခု ရှိသည်။ သို့သော်လည်း ဆေးခန်း သို့မဟုတ် စာသင်ကျောင်းအဖြစ် မည်သူကမှ မဖန်တီးကြ။

    ဖြစ်သလိုဆောက်လုပ်ထားသည့် ၀တ်ပြုဆောင်တစ်ခုက ဒုက္ခသည်အများစုအတွက် ဂုဏ်ယူစရာ ဖြစ်နေသည်။ ၎င်းတို့၏ ယခင်မူလ နေထိုင်သည့် နေရာများတွင်တော့ ဗလီဝတ်ကျောင်းတော်များမှာ ဖျက်ဆီးခံရပြီး၊ တစ်ချို့မှာ စစ်သားများနှင့် ရဲများ၏ စခန်းအဖြစ် အသုံးပြုခြင်း ခံနေရလေသည်။

    အစိုးရက ခရီးသွားလာမှု ကန့်သတ်ချက်ကို ဖယ်ရှားလိုက်လျှင်တောင်မှ မိမိ၏ နေအိမ်များသို့ ပြန်လည်သွားရောက်ရေးတွင် လုံခြုံမှုမရှိခြင်း၊ အနာဂတ်တွင် ထိုကဲ့သို့ အကြမ်းဖက်တိုက်ခိုက်ခံရနိုင်ခြင်း စသည့် အကြောင်းအရင်းများက ကမန်တိုင်းရင်းသားတို့အတွက် စဉ်းစားစရာကိစ္စများ ဖြစ်နေပေသည်။

    “ဒီအကြောင်းအရင်းအတွေကြောင့် ကျွန်တော်တို့ ထိခိုက်ခံစားနေရတယ်။ ဒီအကြောင်းအရင်းအတွေကပဲ ကျွန်တော်တို့ရဲ့ ကံကြမ္မာ ဖြစ်နေပါတယ်” ဟု ဦးကျော်လှ ပြောကြားခဲ့လေသည်။

    Ref: Channelnewsasia
    မိုးဝေ ဘာသာပြန်ဆိုသည်။