News @ M-Media

Author: editor

  • ကမန်တွေ ရန်ကုန်ပြောင်းရွှေတာ သုံးသပ်ဖို့ အဆိုတင်သွင်းမှု ဖွဲ့စည်းပုံကို ကျော်လွန်နေဟုဆို

    ကမန်တွေ ရန်ကုန်ပြောင်းရွှေတာ သုံးသပ်ဖို့ အဆိုတင်သွင်းမှု ဖွဲ့စည်းပုံကို ကျော်လွန်နေဟုဆို

    မတ် ၆၊ ၂၀၁၈
    M-Media
    မိုးစက်

    ဒုက္ခသည် စခန်းမှပြောင်းရွှေ့လာတဲ့ ကမန်တိုင်းရင်းသား

    ရန်ကုန်။ ။ ရခိုင်ပြည်နယ်မှ ကမန်တိုင်းရင်းသား (၅၅) စု ရန်ကုန်မြို့ကို တရားဝင်ပြောင်းရွေ့နေထိုင်ခြင်းကို ပြန်လည် သုံးသပ်ပေးနိုင်ဖို့အတွက် မတ်လ(၅) ရက်နေ့က လွှတ်တော်မှာ အဆိုတင်သွင်းခဲ့တဲ့ ပြည်ခိုင်ဖြိုး ပါတီ လွှတ်တော်အမတ် ဦးမောင်မြင့်ရဲ့ ပြောစကားဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကျော်လွန်နေပါတယ်လို့ ကမန်လူမှုဖွံ့ဖြိုးရေးကွန်ယက် ဥက္ကဌဖြစ်သူ ဦးထွန်းငွေက ဝေဖန်ပြောဆိုလိုက်ပါတယ်။

    “ကမန်တိုင်းရင်းသားတွေက တိုင်းရင်းသား (၁၃၅) မျိုးထဲမှာလည်း ပါတယ်။ ရခိုင်လူမျိုးစု (၇) စုထဲက တစ်စုဖြစ်တယ်။ ကိုးကွယ်တဲ့ ဘာသာတရားဟာ လူမျိုးနဲ့ မဆိုင်ဘူး။ မြန်မာနိုင်ငံဟာ ပြည်ထောင်စု နိုင်ငံဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ရှိတယ်။ သူတို့က အစ္စလာမ်ဘာသာကိုမှ ရန်ကုန်ရောက်လာရင် စိုးရိမ်စရာဖြစ်တယ်လို့ ပြောခြင်းသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကျော်လွန်ပြီး နားမလည်တဲ့ သဘောမျိုးနဲ့ ပြောခြင်းဖြစ်တယ်။” လို့ ဦးထွန်းငွေက ဆိုပါတယ်။

    ၂၀၁၇ ခုနှစ် ဇူလိုင်လ (၂) ရက်နေ့က နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားခဲ့တဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူ ပေါက်တော ရမ်းဗြဲမြို့နယ်တွေက ကမန်တိုင်းရင်းသား (၅၅) စုကို ရန်ကုန်မြို့ကို တရားဝင်ပြောင်း ရွေ့နေထိုင်ခြင်းကို ပြန်လည်သုံးသပ်ပေးဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း ပြည်ခိုင်ဖြိုး ပါတီ လွှတ်တော်အမတ် ဦးမောင်မြင့်က ပြောဆိုခဲ့ပါတယ်။

    “ကမန်တွေက ရှေ့ကနေပြီးတော့ အပိုင်နေရာတွေကို သိမ်းလိုက်မယ်။ ဘင်္ဂါလီတွေ နောက်ကလိုက်လာမယ်။ ဒါမျိုးကိုလည်း ကြောက်ရတာပေါ့။ ပြီးတော့ စိုးရိမ်တာပေါ့။ နောက်တစ်ခုက ကမန် (၅၅) စုဆို (၅၅) စုပေါ့။ အဲ့ထဲမှာ လူ (၂၀၀ )ရှိမလား၊ (၂၀၀) ရှိရင် (၂၀၀) ပြောပေါ့။ (၅၅) စုဆိုပြီး ပြောထားပြီးတော့ အဲ့ထဲမှာ လူတွေကြိုက်သလိုထည့်နေမှာ ဒါလည်း ကျွန်တော့်အနေနဲ့ မကြိုက်ဘူး။ ပွင့်လင်းမြင်သာမှု မရှိဘူးပေါ့။ ဒီလိုပဲ ကျွန်တော်သုံးသပ်တာပေါ့။” လို့ လွှတ်တော်အပြီး မီိဒီယာများနှင့် တွေ့ဆုံစဉ်မှာ ဦးမောင်မြင့်က ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

    ၎င်းက ရခိုင်ပြည်နယ်မှာဖြစ်တဲ့ ကင်ဆာဆဲလ်တွေကို ရခိုင်ပြည်နယ်မှာပဲ ကုတာကောင်းကြောင်းနှင့် ရန်ကုန်သို့ ပို့လိုက်မည်ဆိုပါက တစ်ပြည်လုံး ပြန့်သွားမှာဖြစ်ကြောင်းလည်း တင်ပြခဲ့ပါတယ်။ မစ္စတာကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ ကြားဖြတ်အစီအရင်ခံစာပါ အကြံပြုချက်တွေကို အစိုးရက အကောင်အထည်ဖော်နေတာဟာ ကွဲလွဲနေတယ်လို့လည်း ထောက်ပြခဲ့ပါတယ်။

    ” ကမန်တိုင်းရင်းသားတွေ ခုလိုပြောင်းလာတာကို စိုးရိမ်စရာရှိတယ်၊ ပြန်လည်သုံးသပ်ပါလို့ ပြောတဲ့ဟာကို ကျွန်တော့်အနေနဲ့က ကြိုဆိုလိုက်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကမန်တိုင်းရင်းသားတွေဆီိမှာ မှတ်ပုံတင်လည်း ရှိတယ်။ တရားဝင်
    သန်းခေါင်စာရင်းလည်း ရှိတယ်။ ကျွန်တော်တို့ တောင်းဆိုထားတာတွေထဲမှာ မူလနေရာကိုပြန်လည်ရရှိဖို့ဆိုတာ ပါတယ်။ မူလနေရာမှာ ဗလီတွေရှိတယ်၊ အိုးအိမ်တွေရှိတယ်။ ပြန်လည် တည်ဆောက် ပေးပါ။ ပြောနေတာ ကြာပါပြီ။ ခု လွှတ်တော်အမတ်ပြောတာက ရည်ရွယ်ချက်တစ်ခုနဲ့ ဖြစ်ချင်ဖြစ်မယ်။ ပြန်လည်ပြီး နေရာထိုင်ခင်းချပေးမယ်ဆိုရင် ကမန်တိုင်းရင်းသားတွေက ကိုယ့်နေရာ ကိုယ့်ဒေသမှာ ပြန်နေထိုင်မယ်။ တစ်ခုရှိတာက လွတ်လပ်စွာ သွားလာခွင့်ရှိရမယ်။ လွတ်လပ်စွာ ပညာသင်ခွင့်၊ လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားခွင့် ရှိရမယ်။ တခြားနေရာတွေ သွားရင်လည်း မှတ်ပုံတင်ရှိတဲ့အတွက် တခြားတိုင်းရင်းသားတွေနည်းတူ သွားခွင့်လာခွင့် ရှိရမယ်။ အဲ့ဒါတွေ ရရင် အချိန်မရွေး ကိုယ့်နေရာတွေမှာ ပြန်နေဖို့ အဆင်သင့်ရှိပါတယ်။” လို့ ကမန်တိုင်းရင်းသားတွေ အားလုံးရဲ့ ဆန္ဒကို ကမန်လူမှုဖွံ့ဖြိုးရေးကွန်ယက်က ဥက္ကဌဖြစ်သူ ဦးထွန်ငွေက ထပ်လောင်းပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

    ဇွန်လ ၁ ရက်နေ့က နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ကြေငြာချက်မှာ ကျောက်ဖြူ ပေါက်တော ရမ်းဗြဲ မြို့နယ်မှာရှိတဲ့ ဒုက္ခသည်စခန်း သုံးခုကို ပိတ်သိမ်းခဲ့ပြီးတော့ အိမ်ထောင်စုပေါင်း ၅၅ စုကို တစ်အိမ်ထောင်ကို ငွေကျပ် ၅ သိန်း လူတစ်ဦးကို ငွေကျပ် ၁ သိန်းစီနဲ့
    ရန်ကုန်မြို့ကို ပြောင်းရွေ့နေထိုင်ခွင့်ပြုခဲ့ကြောင်း ဖော်ပြထားခဲ့ပါတယ်။

    ရခိုင်ပြည်နယ်မှာရှိတဲ့ မိမိတို့ပိုင်ဆိုင်တဲ့ အိုးအိမ်ပစ္စည်းတွေကို ထားခဲ့ပြီး ပြောင်းရွေ့လာတဲ့ ကမန်တွေဟာ ရန်ကုန်မြို့ မှော်ဘီမြို့နယ် ဘွက်ကြီးမှာ ကမန်လူမှု့ဖွံ့ဖြိုးရေးကွန်ယက် ရဲ့ အကူအညီနဲ့ မြေနေရာပေါ်မှာ ယာယီအိမ်များတည်ဆောက်ပြီး လက်ရှိနေထိုင်နေကြတာဖြစ်ပြီးတော့ ပြောင်းရွေ့လာတဲ့ အချိန်မှစပြီး ယနေ့တိုင် အစိုးရအကူအညီ တစ်စုံတစ်ရာမျှ မရရှိဘဲ မိမိတို့ဘာသာ အဆင်ပြေသလို ရပ်တည်နေနေရတယ်လို့လည်း သိရပါတယ်။

  • ရန်ကုန်မြို့ရဲ့ သမိုင်းဝင် ယဉ်ကျေးမှု အဆောက်အအုံများကို ဝါသနာတူလူငယ်များ ပူးပေါင်းလေ့လာ

    ရန်ကုန်မြို့ရဲ့ သမိုင်းဝင် ယဉ်ကျေးမှု အဆောက်အအုံများကို ဝါသနာတူလူငယ်များ ပူးပေါင်းလေ့လာ

    မတ် ၃၊ ၂၀၁၈
    M-Media
    မိုးစက်

    ရန်ကုန်။ ။ ရန်ကုန်မြို့မှာရှိတဲ့ သမိုင်းဝင် ယဉ်ကျေးမှု အထိမ်းအမှတ်အဆောက်အအုံများကို ဝါသနာတူတဲ့ လူငယ်တစ်စုက ပူးပေါင်းလေ့လာ စူးစမ်းခြင်းကို မတ်လ(၁) ရက်နေ့က ဒုတိယအကြိမ်မြောက် ပြုလုပ်ခဲ့ကြပါတယ်။

    ယဉ်ကျေးမှုအမွေအနှစ်တွေကို လူတိုင်းပါဝင်လေ့လာနိုင်အောင် ကူညီဆောင်ရွက်ပေးနေတဲ့အဖွဲ့ကို အတိုကောက် CHIT လို့ နာမည်ပေးထားပြီး Cultural Heritage Initiative Tour လို့ အမည်ရပါတယ်။

    “ရန်ကုန်မြို့မှာ မတူကွဲပြားတဲ့ ဘာသာရေးတွေ ယဉ်ကျေးမှုတွေ ဓလေ့ထုံးတမ်းစဉ်လာတွေက ရန်ကုန်မြို့က အစဉ်အလာနဲ့ရှိနေတဲ့ မြို့ဖြစ်တယ်။ လက်ရှိလဲ တွေ့နေရတယ်။ ဘာစဉ်းစားမိလဲဆိုတော့ ဒီလိုအဆောက်အဦးတွေ ဒီလိုအစဉ်အလာတွေကို လူတွေသိလားဆိုပြီးတော့ ကိုယ်နဲ့သိတဲ့သူငယ်ချင်းတွေကို မေးကြည့်တော့ သူတို့တွေက အနည်းငယ်လောက်ပဲ သိကြတယ်။ အဆောက်အဦးတွေကိုလည်း သေချာမရောက်ဖူးကြဘူး။ ဂျူးဘုရားကျောင်းတို့ ဗလီတို့ဆိုတာ တော်ရုံမရောက်ဘူးကြဘူး။
    ဆိုတော့ ဒီအဆောက်အဦးတွေရဲ့ သမိုင်းကြောင်းကို လူတွေပိုပြီး သိလာအောင် အစီအစဉ်တစ်ခုလုပ်မလား ဆိုပြီး ကျွန်တော် စဉ်းစားကြည့်တော့ ကျွန်တော်တို့ စိတ်ဝင်စားတဲ့ လူငယ်တစ်စုကနေ စဖြစ်ခဲ့တာပါ” လို့ အဆိုပါ CHIT အဖွဲ့ကို စတင်တည်ထောင်သူတစ်ဦးဖြစ်တဲ့ ကိုဇော်ဝင်းညွန့်က ခုလိုစလုပ်ဖြစ်ခဲ့တဲ့ ရည်ရွယ်ချက်ကို ဆိုပါတယ်။

    ယင်းအဖွဲ့မှာ မည်သည့်အဖွဲ့အစည်း မည်သည့်လက်အောက်ခံမှ မဟုတ်ဘဲ စိတ်ပါဝင်စားတဲ့ လူငယ်တွေဝိုင်းပြီး ကိုယ့်ပိုက်ဆံကိုယ်စိုက်ပြီး လုပ်နေကြတာလို့လည်း သိရပါတယ်။

    ” လူငယ်တွေကြားမှာ နားလည်မှု ယုံကြည်မှုတွေ တိုးလာမယ်။ ပြီးတော့ ကိုယ်မသွားဘူးတဲ့နေရာတွေကို အားလပ်ရက်မှာ ရောက်ဖူးမယ်။ ဗဟုသုတတွေ တိုးပွားမယ်။ ဒါလေးတွေ ရလာဖို့ပဲ ဒီအစီအစဉ်ကနေ မျှော်လင့်ပါတယ်။” လို့ ကိုဇော်ဝင်းညွှန်က
    ဆက်လက်ပြောဆိုခဲ့ပါတယ်။

    ဖေဖော်ဝါရီလ (၁၂) ရက်နေ့က ပထမဆုံးအကြိမ်စတင်ပြုလုပ်ခဲ့ပြီး ဆူးလေစေတီတော်၊ ချာ့ခ်ျကျောင်း၊ မဂိုရှီအာဗလီ ဝတ်ကျောင်းတော်တို့ကို သွားရောက်လေ့လာခဲ့ကြပါတယ်။ ယခု ဒုတိယအကြိမ်မှာတော့ ကာလီမမယ်တော် ဘုရားကျောင်း၊ ဂျူးဘုရားကျောင်းတို့ကို သွားရောက် လေ့လာလည်ပတ်ခဲ့ကြတာ ဖြစ်ပါတယ်။

    “တော်တော်များများက ရန်ကုန်မှာ ဂျူးဘုရားကျောင်းရှိတယ်ဆိုတာကို မသိကြဘူး။ ခုလို လာကြတာကို ကျေးဇူးတင်တယ်။ ဒီအချိန် ဘာသာရေးနဲ့ပတ်သက်ပြီး မြန်မာပြည်အတွက် အရေးကြီးဆုံးအချိန် ဖြစ်ပါတယ်။
    ခုလို မရောက်ဖူးသေးတဲ့နေရာတွေကို ရောက်ပြီး ဒီနေရာတွေရဲ့ အကြောင်းကို သိသွားတဲ့အခါ အများကြီး ဗဟုသုတတွေ ရပါတယ်။” လို့ ဂျူးဘုရားကျောင်းမှ လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်သူ Sammy Samuels က ပြောပါတယ်။

    အဆိုပါ CHIT အဖွဲ့မှာ တစ်လလျှင် နှစ်ကြိမ် အနည်းဆုံး အားလပ်ရက်များတွင် ရန်ကုန်မြို့မှာရှိတဲ့ ယဉ်ကျေးမှုအဆောက်အအုံတွေကို သွားရောက်လေ့လာကြမည်ဖြစ်ပြီး စိတ်ဝင်စားသူ မည်သူမဆို ပူးပေါင်းပါဝင်နိုင်ကြောင်း ၎င်းတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာလည်း ရေးသားဖော်ပြထားပါတယ်။

  • ရွှေတံဆိပ်(၅)ဆုရှင် တချိန်က မြန်မာ့လက်ရွေးစင်

    ရွှေတံဆိပ်(၅)ဆုရှင် တချိန်က မြန်မာ့လက်ရွေးစင်

    နိုင်ငံတကာ ပြိုင်ပွဲများ တွင် လက်ဝှေ့(Boxing) အားကစားနည်းဖြင့် တိုင်းပြည်အတွက် ရွှေတံဆိပ်(၅)ဆု ၊ငွေတံဆိပ် ၃ ခု၊ကြေးတံဆိပ် ၂ ခု ရယူပေးခဲ့သော (ဦး)ဝင်းမောင် (ဘောက်ဆာ) ရဲ့ ဘဝ ကောက်ကြောင်း ဖော်ပြလိုက်ရပါတယ်။

  • မွတ်ဆလင် ၄ ယောက်အမှု ထောင်ဒဏ်တွေ ထပ်တိုးချ

    မွတ်ဆလင် ၄ ယောက်အမှု ထောင်ဒဏ်တွေ ထပ်တိုးချ

    မန္တလေးက ပန်းချီဆရာ ဦးဇော်မင်းထွေး၊ ဗန်းမော်မြို့က ဦးဧရာမန်း နဲ့ ဦးမြင့်သိန်း၊ မိုးညှင်းက ဦးခင်မောင်ရွှေ တို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ မန္တလေး ခရိုင် တရားရုံးက ထောင်ဒဏ် ၇ နှစ် ကနေ ၁၅ နှစ်အသီးသီး ချမှတ်လိုက်ပါတယ်။

    အစ္စလာမ် တပ်မတော် ထူထောင်ဖို့ ကြိုးပမ်းတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံတော် ပုန်ကန်မှု ဥပဒေ အရ သူတို့ ကို ၂၀၁၆ ဒီဇင်ဘာလ အတွင်း က ထောင်ဒဏ် တသက် (ထောင်ဒဏ် တသက်ပြစ်ဒဏ်ခံရပါက အနည်းဆုံးထောင်ဒဏ် အနှစ် ၂၀ ကျခံရတတ်သည်)ချမှတ်ခဲ့တဲ့အပြင် အဲဒီ အရင် ကလည်း သူတို့ကို အမရပူရ တရားရုံးက နိုင်ငံတော် အကြည်ညို ပျက်စေမှုပုဒ်မ၊ မတရား အသင်း ဆက်သွယ်မှု ပုဒ်မ၊ အရေးပေါ်စီမံချက် ဥပဒေ တွေနဲ့ ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။

    အဲဒီအတွက် ဦးဇော်မင်းထွေး၊ ဦးမြင့်သိန်းနဲ့ ဦးဧရာမန်း တို့ဟာ အနည်းဆုံးထောင်ဒဏ် ၃၂ နှစ် ကျခံရမှာ ဖြစ်သလို၊ ဦးတင်မောင်ရွှေ က ထောင်ဒဏ် ၄၂ နှစ် ကျခံရတော့မှာ ဖြစ်ပါတယ်။

    ဒီဇင်ဘာလ ၂၈ ရက်နေ့က တရားခွင် ကို ရောက်လာတဲ့ တရားခံ တွေ က သူတို့ ထောင်ထဲ ရောက်နေပြီးသား အချိန်ကာလမှာ ပြဌာန်းတဲ့ အဲဒီ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ သူတို့ကို တရားစွဲတာဟာ ဥပဒေကြောင်းအရ အလွန် မှားယွင်းနေကြောင်း နဲ့ သူတို့ မွတ်ဆလင် ဖြစ်တဲ့ အပေါ်မှာ တမင်သက်သက် ပစ်မှတ်ထား အရေးယူနေတာလို့ ဘီဘီစီ ကို ပြောပါတယ်။

    အရင်တုန်းကလည်း ရဲတပ်ဖွဲ့က ဒီတရားခံတွေဟာ ကချင်လွတ်မြောက်ရေး တပ်မတော် KIA နဲ့ ဆက်သွယ်ခဲ့တယ်လို့ စွပ်စွဲခံရပြီး လက်နက်ကိုင် တပ်ဖွဲ့ထောင်ဖို့ ရည်ရွယ်ခဲ့ကြတယ် လို့ နိုင်ငံတော်ပုန်ကန်မှု အပါအဝင် တခြားအမှုတွေ နဲ့ စွပ်စွဲခဲ့ကြပေမယ့် တရားရုံးကို သက်သေ တစုံတရာ မတင်နိုင်ခဲ့ကြောင်း၊ တရားခံ ကို ရဲတွေ က စစ်ဆေးထားတဲ့ ရဲစစ်ချက် ကိုသာ တရားရုံးကို တင်ပြခဲ့ကြောင်း၊ အဲဒီလို လုပ်ရပ်တွေ ဟာ တရားဥပဒေ တွေ နဲ့မညီကြောင်း တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦး က ဘီဘီစီ ကို ပြောပါတယ်။

    မတရားသင်း သတ်မှတ်ခံရဆဲ ဖြစ်တဲ့ ကေအိုင်အေ အဖွဲ့နဲ့လည်း သူတို့ ဆက်သွယ်မှု မရှိဘူးလို့ ဦးဇော်မင်းထွေးက ပြောပါတယ်။

    အခု မွတ်ဆလင် ၄ ယောက် ဟာ အမှုမဖြစ်ခင် က ဗန်းမော်မှာ တိုင်းရင်းဆေးဆရာလုပ်နေတဲ့ ဦးဧရာမန်းနဲ့ မိုးညှင်း က ဦးခင်မောင်ရွှေတို့သာ တယောက်နဲ့တယောက် သိနေကြတာဖြစ်ပြီး ကျန်သူတွေ ဟာ တယောက်နဲ့တယောက် သိပင် မသိဖူးကြတဲ့သူတွေ ဖြစ်တယ်လို့ ဦးဧရာမန် က ပြောပါတယ်။

    ရဲတပ်ဖွဲ့က စစ်ချက်တွေ သူတို့ဘာသာရေးထားပြီး သူတို့ကို ဖိအားလာပေးကာ လက်မှတ် ထိုးခိုင်းလို့ လက်မှတ်ထိုးပေးလိုက်ရတာလို့လည်း သူတို့က ပြောပါတယ်။

    အရင်ပြစ်ဒဏ်တွေတုန်းကလည်း အယူခံဝင်ထားပေမယ့် ပြောင်းလဲမှုတော့ ရှိမလာခဲ့ပါဘူး။

    ဒါပေမယ့် သူတို့ ကတော့ အဲဒီပြစ်ဒဏ်တွေရော၊ အခုပြစ်ဒဏ် ကို ပါ အယူခံ ဆက်ဝင်သွားမယ်လို့ ပြောပါတယ်။

    BBC မှ ကူးယူဖော်ပြသည်။

  • “တိုင်းရင်းသား”  အဓိပ္ပါယ်ဖွင့်ဆိုချက်

    “တိုင်းရင်းသား” အဓိပ္ပါယ်ဖွင့်ဆိုချက်

     

    မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး၁၃၅မျိုးရှိမရှိအငြင်းပွားနေသောကိစ္စကို အစိုးရအဖွဲ့နှင့် လွှတ်တော်ကိုတင်ပြပြီး အတည်ပြု ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့ အင်အားဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီက နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပသော သန်းခေါင်စာရင်း နည်းပညာရပ်ဆိုင်ရာ နိုင်ငံတကာအကြံပေးဘုတ်အဖွဲ့၏ နိုင်ငံတွင်း ဆွေးနွေးပွဲအပြီးမှာ ပြောကြားခဲ့ပါသည်။

    လွတ်လပ်ရေးကြေညာစာတမ်း

    “ ၅။ ငါတို့၏ နိုင်ငံတော်ကြီးသည် မည်သူ တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တစ်သင်း၏ အမွေအနှစ်မဟုတ်၊ မည်သူတစ်ဦးတစ်ယောက်၏ ပုဂ္ဂိုလိကအပိုင်းပစ္စည်းမဟုတ်၊ မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့ တစ်သင်းက ချုပ်ကိုင်အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံမဟုတ်။ အတိတ်ကာလက လည်းကောင်း၊ ယခုမျက်မှောက်တွင်လည်းကောင်း နောင်လာလတ္တံသော အနာဂါတ်ကာလ၌ လည်းကောင်း ငါတို့ပြည်ထောင်စုကြီးအတွင်း၌ မှီတင်းနေထိုင်ကြသော ကြီးငယ်ဝေးနီး ကျားမ မခြား သစ္စာတော်ခံ နိုင်ငံသားဟူသရွေ့တို့၏ အမွေအနှစ်ပိုင်ပစ္စည်း အကျိုးခံစားရာဖြစ်သည်ဟူသော လူ့ဘာသာ လူ့တရားနှင့်အညီ ကမ္ဘာဦးကာလ လူတို့၏ ပထမစည်းရုံးမှု၌ လူအပေါင်းတို့၏ သဘောဆန္ဒအရ လူ့အ၀န်း၏ အကျိုးကို ကောင်းစွာဆောင်ရွက်နိုင်အံ့သော ပုဂ္ဂိုလ်ကို ရွေးကောက်၍ သမ္မတတင်မြှောက်ကြသော မဖောက်မပြန် မစွန်းမငြိ ပကတိ သန့်ရှင်းဖြူစင်သော မူလ လူ့ဝါဒနှင့် လျော်ညီစွာ စည်းကမ်းဥပဒေသေချာထင်ရှားစွာ ပိုင်းခြား သတ်မှတ်တူညီသောတရား တူညီသော အခွင့်အရေး၊ တူညီသော အဆင့်အတန်းများဖြင့် ကမ္ဘာအရှည်တည်စိမ့်သောငှာ လူ့အပေါင်း၏ဆန္ဒ သာလျှင် အဓိကဖြစ်သော သမ္မတမြန်မာနိုင်ငံတည်းဟူသော မြတ်သောအဖြစ်ကို လက်ဆုပ် လက်ကိုင် ငါတို့အပိုင်ရပြီ။”

    အထက်ပါ ဖေါ်ပြချက်သည် ၁၉၄၈ခုနှစ်၊ မြန်မာ့လွတ်လပ်ရေးကြေညာစာတမ်းမှ အပိုဒ်တစ်ပိုဒ် ဖြစ်သည်။ မြန်မာ့လွတ်လပ်ရေးအတွက် လူမျိုး၊ဘာသာ ခွဲခြားခြင်းမရှိဘဲ၊  အသက်စွန့် ကြိုးပမ်းခဲ့ကြရာ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးအတွင်း  မှီတင်းနေထိုင်ကြသော တူညီသော အခွင့်အရေး၊ တူညီသော အဆင့်အတန်းများ ရှိကြသည့် မြန်မာနိုင်ငံသားတို့၏  လူအပေါင်းတို့၏ဆန္ဒနှင့် အမွေအနှစ် ဖြစ်ပါသည်။ တိုင်းရင်းသားအကြောင်းများကို ပြောဆို၊ ဆွေးနွေးကြသည့်အခါ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကို မမေ့အပ်ပေ။

    ၁၉၄၈ခုနှစ်၊ လွတ်လပ်ရေးကျောက်တိုင် အုတ်မြစ်ချ အခမ်းအနားမှာ အင်္ဂလိပ်လက်အောက်က လွတ်မြောက်ပြီး၊ အချုပ်အခြာ အာဏာပိုင်နိုင်ငံဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ ရှမ်း၊ ချင်း၊ ကချင်၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း၊ ကယား အားလုံးသည် အညီအမျှ အချုပ်အခြာ အာဏာကို ပိုင်ဆိုင်ကြောင်း လူမျိုးတစ်မျိုးက ပိုင်တာမဟုတ်ကြောင်း၊ လူမျိုးအားလုံး အဖွဲ့အစည်းအားလုံးက ပိုင်ကြောင်း မိန့်ကြားခဲ့ပါသည်။

     ၁၉၄၇ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ

    ၁၉၄၇ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲရန် လမ်းညွှန်ချက် (၇)ချက်အနက် “ဤဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် လူနည်းစုများအဖို့ လုံလောက်သော ကာကွယ်ချက်များ ထည့်သွင်းပြဌာန်း ထားရှိရမည်။”ဟူ၍ ဖေါ်ပြချက်ကိုလည်း သတိချပ်အပ်ပါသည်

    ဗိုလ်ချုပ်အောင်းဆန်းနှင့် ဦးနုလက်ထက်

    “ဗိုလ်ချုပ်အောင်ဆန်းသက်ရှိထင်ရှားရှိစဉ်ကာလနဲ့ဦးနုအုပ်ချုပ်တဲ့ကာလတွေမှာလူမျိုး၁၃၅မျိုးဆိုတာ မရှိခဲ့ပါဘူး။  ဗိုလ်ချုပ်နေဝင်း အာဏာရပြီးတဲ့ နောက်ပိုင်းကျမှ လူမျိုး ၁၃၅ မျိုးဆိုတာဖြစ်လာတာပါ။ နဝတ၊ နအဖ ခေတ်တွေမှာလည်း ဗိုလ်ချုပ်နေဝင်း မူအတိုင်း ၁၃၅မျိုးပဲ။ ဒီမူကိုပဲပြန်ယူနေတယ်။ အရင်ကလည်း၇တိုင်း၊၇ပြည်နယ်၊ ခုလည်း၇တိုင်း၊၇ပြည်နယ်ပဲ ပြန်သုံးနေတယ်။ ဘာမျှမထူးခြားပါဘူး။ လမ်းဟောင်းအတိုင်း ပြန်လျှောက်နေတာ ဖြစ်ပါတယ်။ မဆလမူတွေကို ပြည်သူလူထု အများစုက လက်မခံဘူး။မကြိက်ကြဘူး။အခု ဦးသိန်းစိန်အစိုးရက ဒီအတိတ်က သခန်းစာကသခန်းစာတွေကိုယူပြီး၊ ပစ္စုပ္ပန်မှာအမျိုးသား ညီညွှတ်ရေးကိုပြန်လည် တည်ဆောက်ဖို့လိုပါတယ်။ မဆလတစ်ပါတီခေတ်တုန်းက အတိုင်း ဆက်လက်စွဲကိုင်ထားမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အခြေအနေဟာ စိုးရိမ်စရာတွေ ဖြစ်လာပါလိမ့်မယ်။ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံ ၂မျိုးစလုံးက အမျိုးသားပြန်လည်သင့်မြတ်ရေးကို လုပ်မှ နိုင်ငံရဲ့ အနာဂတ် ကောင်းလာမှာ ဖြစ်ပါတယ်”ဟု နိုင်ငွေသိမ်းက သဘောထားအမြင် ပေးခဲ့ဘူးပါသည်။  ဗိုလ်ချုပ်အောင်းဆန်းနှင့် ဦးနုလက်ထက်တွင် တိုင်းရင်းသားလူမျိုး ၁၃၅မျိုး မရှိခဲ့ပါ။ ဗိုလ်ချုပ်နေဝင်း လက်ထက်တွင် တီထွင်လာခြင်း ဖြစ်ပါသည်။

    တိုင်းရင်းသားလူမျိုး ၁၄၄မျိုး

    ပြည်ထာင်စုသမ္မတမြန်မာနိုင်ငံအစိုးရမှ မြန်မာနိုင်ငံတွင် နေထိုင်ကြသော တိုင်းရင်းသားများကို ရည်ညွန်းရာတွင်တိုင်းရင်းသားလူမျိုး ၁၀၀ကျော်ဟုလည်းကောင်း၊တိုင်းရင်းသားလူမျိုး ၁၃၅မျိုးဟုလည်းကောင်း၊၊ ဖော်ပြလေ့ရှိပါသည်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ ၉-၁၂-၁၉၇၂ရက်စွဲပါ ပုံစံရေးသွင်းရန် ညွှန်ကြားချက်၌ တိုင်းရင်းသားလူမျိုးစု ၁၄၄မျိုးဖော်ပြခဲ့ပါသည်။

    ထို့အပြင်၂၃-၂-၁၉၇၃ရက်စွဲပါနိုင်ငံပိုင် နေ့စဉ်သတင်းစာများတွင် တိုင်းရင်းသားလူမျိုး၁၄၃မျိုး ရှိကြောင်း တရားဝင် ဖော်ပြခဲ့ပါသည်။ ၁၉၇၃ခုနှစ်၊မတ်လ ၁၆ရက်နေ့တွင် ဗဟိုသန်းခေါင်စာရင်း၏ လူမျိုးစုစာရင်း ထုတ်ပြန်သောအခါ ၁၀၈မျိုး ဖြစ်လာခဲ့ပါသည်။ တိုင်းရင်းသားလူမျိုးစာရင်းကို ကိုးကား ဖေါ်ပြရာတွင် လူမျိုး၁၀၀ကျော်ဟူ၍ မရေမရာ သုံးနှုန်းခဲ့ကြရသည်ကိုလည်း သတိပြုမိပါသည်။ ၂၀၁၃ခုနှစ်တွင် ဓနုလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းက လူမျိုးစု၁၃၅မျိုးစာရင်းကို မည်သည့်အစိုးရ လက်ထက်တွင် ပြုစုခြင်းကို လွှတ်တော်တွင် မေးမြန်းခဲ့ရသည်အထိ ပွင့်လင်းမြင်သာမှု မရှိခဲ့ပါ။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ဗဟိုကော်မတီဌာနချုပ်၏ ညှိနှိုင်းပေးချက်အရ မြန်မာနိုင်ငံတွင်တိုင်းရင်းသား လူမျိုး၁၃၅မျိုးပေါ်ပေါက်လာကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုဝန်ကြီးဦးဝင်းမြင့်က လွှတ်တော်ဆွေးနွေးချက်တွင် ဖြေကြားခဲ့ပါသည်။ တိုင်းရင်းသားလူမျိုး၉မျိုး ဖြုတ်ချခံခဲ့ရသည်။ ဆလုံ(ပသျှူး) ရခိုင်စစ်တကောင်း၊ မြန်မာမွတ်စလင်၊ မြေဒူးစသောလူမျိုးများကို ဖြုတ်ခဲ့ပါသည်။ တိုင်းရင်းသားလူမျိုး၁၃၅မျိုးစာရင်းကို သက်ဆိုင်ရာ ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်းသာ ဖြစ်ပါသည်။ မည်သည့်အတွက်ကြောင့် တိုင်းရင်းသား ၉မျိုးကိုဖြုတ်ခဲ့ခြင်းကို မေးခွန်းထုတ်စရာ ဖြစ်နေပါသည်။ သက်ဆိုင်ရာဝန်ကြီးဌာနမှ ဖြေရှင်းချက် ထုတ်သင့်ပါသည်။ ဆောင်ရွက်ပိုင်ခွင့်ရှိ-မရှိ စိစစ်ရန် လိုအပ်ပါသည်။

    ကွဲလွဲမှု

    “လူမျိုးစု ထုတ်ပြန်သောစာရင်းတွင် မျိုးနွယ်စုနှင့် လူမျိုးကွဲကွဲပြားပြား သတ်မှတ်လိုက်ပါက လူမျိုး၁၃၅မျိုး ရှိမည်မဟုတ်ကြောင်း၊ ယခုကွဲပြားမှု အများအပြား ဖေါ်ပြခြင်းသည် တိုင်းရင်းသားများအကြား ကွဲလွဲမှု ဖြစ်ပေါ်စေနိုင်ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရက်တစ်ပါတီ (A.M.D.P) ဦးနိုင်ငွေသိမ်းက ၂၀၁၃ခုနှစ်တွင် ပြောကြားခဲ့ပါသည်။

     ချင်း

    ၁၄-၁၁-၂၀၁၃ရက်တွင် ဟားခါးမြို့တွင် ကျင်းပသော ချင်းအမျိုးသားညီလာခံတွင် ချင်း၅၃မျိုး မရှိကြောင်း၊ ၂၀၁၄ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရာတွင် လူမျိုးနေရာ၌“ချင်း”ဟူ၍သာ ထည့်သွင်းရန်ချင်းအမျိုးသားညီလာခံ တက်ရောက်သူများက သဘောတူကြပါသည်။နာဂလူမျိုးများကို ချင်းမျိုးနွယ်စု၅၃စုတွင် ပါဝင်သော မျိုးနွယ်စုအဖြစ် ထည့်သွင်းခြင်းကိုလည်း နာဂလူမျိုးများက လက်မခံကြပါ။ ချင်းတိုင်းရင်းသားဟူသော အမည်နေရာတွင် ဇိုမီးတိုင်းရင်းသားဟူသော အမည်ကို ပြောင်းလဲရန် တင်ပြမည်ဖြစ်ကြောင်း ဇိုမီးအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောကြားခဲ့ဘူးသည်။

    မြို

    မြိုလူမျိုးများကလည်း သီးခြားတိုင်းရင်းသားမျိုးနွယ်စုဝင်အဖြစ် အသိအမှတ်ပြုစေလိုကြပါသည်။ မြိုတိုင်းရင်းသားလူမျိုးများသည်သန်းခေါင်စာရင်းနှင့်နိုင်ငံသားမှတ်ပုံတင်များပြုလုပ်ရာတွင်လူမျိုးအည်ကိုလွဲမှားစွာ ထည့်သွင်းနေခြင်း မဖြစ်သင့်ကြောင်း မြို(ခမီ) စာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ၂၈-၁၁-၂၀၁၃ရက်နေ့က မြန်မာဂျာနယ်လစ်ရုံးခန်းတွင် သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ပါသည်။

    ရှမ်း

    ရှမ်းကြီးဆိုလျှင်တိုင်းလုံနှင့်ရှမ်းကြီးပါဝင်နေကြောင်းတိုင်းခန္တီးတွင်တိုင်းခန္တီး၊ခန္တီးရှမ်းပါနေကြောင်း၊ ရှမ်းနီတွင် ရှမ်းကလေး၊ တိုင်းလျန်၊ ရှမ်းဗမာ၊ ရှမ်းနီလေးမျိုးပါဝင်ကြောင်း၊ သမိုင်းကြောင်း အထောက်အထားများနှင့် သေချာစွာ စိစစ်သင့်ကြောင်း၊ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံဖြိုးတိုးတက်ရေးပါတီမှ ပြောကြားခဲ့ပါသည်။

    တိုင်းရင်းသားခေါင်းဆောင်များ၏ပြောကြားချက်အချို့ဖြစ်ရာ၊တိုင်းရင်းသားများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းမရှိဘဲ၊မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ဗဟိုကော်မတီဌာနချုပ်မှ တိုင်းရင်းသားလူမျိုးစုရေးရာ ကော်မတီ၏ ဆောင်ရွက်ချက်မျှသာလျှင် ဖြစ်ပါတော့သည်။ တစ်နည်းအားဖြင့် စစ်အစိုးရ အဆက်ဆက် အတည်ပြုခဲ့သော လူမျိုးစာရင်းသာ ဖြစ်ပါသည်။ ယင်းနောက်ကြောင်းကို မသိဘဲ၊ ထပ်ခါထပ်ခါ တိုင်းရင်းသားလူမျိုး ၁၃၅မျိုးကို အတည်ပြု ပြောဆို နေကြခြင်းအားဖြင့် အမှန်ဟု ထင်လာကြသည်။ ထိုသို့တိုင်းရင်းသားလူမျိုး စာရင်း ၁၃၅မျိုးကို အသေဆုပ်ကိုင်ထားသဖြင့်၊ တိုင်းရင်းသားလူမျိုးစာရင်း  ကိုပြန်လည်စိစစ်ရန် လိုအပ်ကြောင်း တိုင်းရင်းသားခေါင်းဆောင်များက ပြောကြားခဲ့ကြပါသည်။ ဤသည်တို့မှာ အကြောင်းအရာအရ တင်ပြခြင်းဖြစ်ပါသည်။ ဥပဒေရှုဒေါင့်မှလည်း သုံးသပ်ရန် လိုအပ်ပါသည်။

    ၁၉၄၈ခုနှစ်၊ မြန်မာနိုင်ငံသားဖြစ်မှုအက်ဥပဒေ

    ၁၉၄၈ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှုအက်ဥပဒေပုဒ်မ-၃(၁)တွင် “ (၁) အခြေခံဥပေဒပုဒ်မ-၁၁ အလို့ငှာ မြန်မာနိုင်ငံတိုင်းရင်းသား တစ်မျိုးမျိုးဆိုသည်မှာ ကချင်၊ ကရင် (ကယား)၊ ချင်း၊ မြန်မာ၊ မွန်၊ ရခိုင်၊ သို့တည်းမဟုတ် ရှမ်းလူမျိုးကိုလည်းကောင်း၊ ၁၈၂၃ခုနှစ် (မြန်မာသက္ကရာဇ် ၁၁၈၅ခုနှစ်) မတိုင်မီကာလမှစ၍ ပြည်ထောင်စုတွင် ပါဝင်သော နယ်မြေတစ်ခုခု၌ မိမိတို့်၏ ပင်ရင်း တိုင်းပြည်အဖြစ် ဖြင့်အခြေစိုက် နေထိုင်ခဲ့သော မျိုးနွယ်စုများကိုလည်းကောင်း ဆိုလိုသည်”ဟု ပြဌာန်းချက်ရှိခဲ့ပါသည်။ တိုင်းရင်းသား လူမျိုး(၈)မျိုးနှင့် ၁၈၂၃ခုနှစ်(မြန်မာသက္ကရာဇ်၁၁၈၅ခုနှစ်) မတိုင်မီကာလမှစ၍ပြည်ထောင်စုတွင် ပါဝင်သော နယ်မြေတစ်ခုခု၌ မိမိတို့်၏ ပင်ရင်း တိုင်းပြည်အဖြစ် ဖြင့်အခြေစိုက် နေထိုင်ခဲ့သော မျိုးနွယ်စုများကိုတိုင်းရင်းသားများအဖြစ် အသိအမှတ်ပြုခြင်းဖြစ်ပါသည်။ပြည့်စုံသော“တိုင်းရင်းသား”အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုအဆိုပါ ဥပဒေတွင်သာတွေ့ရှိရပါသည်။၁၉၈၂ခုနှစ်တွင် မြန်မာနိုင်ငံသား ဥပဒေကို ပြဌာန်းသောအခါ၊ ၁၉၄၈ခုနှစ်၊ မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေကို ရုပ်သိမ်းခဲ့ရာ၊ “တိုင်းရင်းသား” အဓိပ္ပါယ်ဖွင့်ဆိုချက်ပျောက်ခဲ့ရပါသည်။ မည်သို့ဖြစ်စေ “၁၈၂၃ခုနှစ်မတိုင်မီက ”သတ်မှတ်ချက်သည် အရေးကြီးကြောင်း သိသာပါသည်။ အင်္ဂလိပ်-မြန်မာပထမစစ် မတိုင်မီက အချိန်ကာလကို ပိုင်းခြား သတ်မှတ်ထားခြင်းဖြစ် သည်။

    ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသားဥပဒေ

    ၁၉၈၂ခုနှစ်တွင် မြန်မာနိုင်ငံသားဥပဒေကို ပြဌာန်းသည့်အခါ၊ ပုဒ်မ-၃တွင် “ နိုင်ငံတော်တွင် ပါဝင်သောနယ်မြေတစ်ခုခု၌မြန်မာ သက္ကရာဇ်၁၁၈၅ခုနှစ်၊ခရစ်သက္ကရာဇ်၁၈၂၃ခုနှစ်မတိုင်မှီ ကာလမှစ၍ ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခဲ့သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစသော တိုင်းရင်းသားများနှင့် မျိုးနွယ်စုများသည် မြန်မာနိုင်ငံသားများဖြစ်သည်”ဟု ပြောင်းလဲ ပြဌာန်းခဲ့ရာ၊ ၁၉၄၈ခုနှစ်၊ မြန်မာနိုင်ငံသားဖြစ်မှုဥပဒေတွင် “တိုင်းရင်းသား” အဓိပ္ပာယ်ဖွင့်ဆိုချက်ကို “ မြန်မာနိုင်ငံသား” အဓိပ္ပာယ်ဖွင့်ဆိုချက်အဖြစ် ပြောင်းလဲ သတ်မှတ်လိုက်ပါသည်။ ၁၉၈၂ခုနှစ်တွင် မြန်မာနိုင်ငံသားဥပဒေကို ပြဌာန်းခဲ့ပြီး၊  ၁၉၄၈ခုနှစ်၊ မြန်မာနိုင်ငံသားဖြစ်မှုအက်ဥပဒေကို ရုပ်သိမ်းခဲ့ရာ၊ “တိုင်းရင်းသား” အဓိပ္ပါယ်ဖွင့်ဆိုချက် ပျောက်ခဲ့ရပါသည်။

     

    တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေ

    တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေတွင် “ တိုင်းရင်းသား လူမျိုးများ” ဆိုသည်မှာပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တွင် ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခဲ့ကြ သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းလူမျိုးများနှင့် ယင်းတို့၏ မျိုးနွယ်စုများကို ဆိုသည်။ ယင်းစကားရပ်တွင် နိုင်ငံသားပြုခွင့်ရသူများ နှင့် ဧည့်နိုင်ငံသားများ မပါဝင် ”ဟူ၍ ဖော်ပြထားရာ၊ ၁၉၄၈ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေပုဒ်မ-၃(၁)ကဲ့သို့ ဥပဒေအရ ပြည့်စုံသော အဓိပ္ပာယ် ဖွင့်ဆိုချက် မဖြစ်နိုင်တော့ပါ။  ၁၈၂၃ခုနှစ်မတိုင်မှီက စာသားကို သိသိသာသာ ဖြုတ်ထားသည်ကို သတိပြုအပ်ပါသည်။ ၁၈၂၃ခုနှစ်ကို ပိုင်းခြားခြင်းသည် အဓိပ္ပါယ်ရှိပါသည်။အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအချိန် ကာလမတိုင်မီ မြန်မာနိုင်ငံတွင် တည်ရှိနေခဲ့သော လူမျိုးများကို တိုင်းရင်းသားလူမျိုးများအဖြစ် သတ်မှတ်ခြင်း ဖြစ်ပါသည်။

    ၂၀၁၂ခုနှစ်၊ ဇူလိုင်လ(၃၁)ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပသော ရခိုင်ပြည်နယ် အရေး အထူး သတင်းစာရှင်းလင်းပွဲတွင် “၁၈၂၄ခုနှစ်မတိုင်မီက မြန်မာနိုင်ငံတွင် နိုင်ငံခြားသား မရှိကြောင်း ”လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာန ဝန်ကြီးကပြောကြားခဲ့သည်ကိုလည်း မှတ်သားသင့်ပါသည်။ မည်သို့ဖြစ်စေ“၁၈၂၃ခုနှစ်မတိုင်မီက” သတ်မှတ်ချက်သည် အရေးကြီးကြောင်း သိသာပါသည်။

    အချုပ်အားဖြင့်တင်ပြရလျှင် ၁၉၆၂ခုနှစ်မတိုင်မီက ပြဌာန်းခြင်း မရှိခဲ့သော တိုင်းရင်းသား လူမျိုးစာရင်းကို ဦနေ၀င်းလက်ထက်တွင် တိုင်းရင်းသားများ၏ဆန္ဒ မပါဝင်ဘဲ ပြုစုခဲ့ပြီး၊ ဖြုတ်ချင်သည့် လူမျိုးများကိုဖြုတ်၍ စစ်အစိုးရခေတ် အဆက်ဆက် အတည်ပြုခဲ့သော တိုင်းသားလူမျိုးများစာရင်း ဖြစ်နေပါတော့သည်။

    တိုင်းရင်းသား လူမျိုးများစာရင်း အကြောင်းပြောလျှင် ”တိုင်းရင်းသား” အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ပြဌာန်းရန်လိုအပ်ပါသည်။ ၂၀၀၈ခုနှစ်၊ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင်လည်း”တိုင်းရင်းသား”အဓိပ္ပာယ် ဖွင့်ဆိုချက် မပါဝင်သဖြင့်၊၎င်းအခြေခံဥပဒေကိုပြင်ဆင်သည့် အခါ”တိုင်းရင်းသား”အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုထည့်သွင်းပြဌာန်းရပါမည်။၎င်းအခြေခံ ဥပဒေတွင်”တိုင်းရင်းသား”သုံးနှုန်းဖေါ်ပြထားသော်လည်း၊အဓိပ္ပါယ်ဖွင့်ဆိုချက် မပါဝင်ခဲ့ပါ။၂၁ရာစုပင်လုံညီလာခံတွင်လည်း၊” တိုင်းရင်းသား” အဓိပ္ပာယ်ဖွင့်ဆိုချက်ကို  ဆွေးနွေး ဆုံးဖြတ်သင့်ပါကြောင်း အကြံပြုအပ်ပါသည်။

    ဦးခင်မောင်ချို(တရားလွှတ်တော်ရှေ့နေ)

     

    ဆက်စပ် ဆောင်းပါးဖတ်ဖို့

    “တိုင်း” “ရင်း” “သား”၊ Social Construction နှင့် Critical လူမှုရေး သိပ္ပံ သုတေသန