News @ M-Media

Author: editor

  • ကာတာတွင် ရွှေ့ပြောင်းအလုပ်သမားများကိစ္စ စုံစမ်းမှုကို ကုလရုပ်သိမ်း

    ကာတာတွင် ရွှေ့ပြောင်းအလုပ်သမားများကိစ္စ စုံစမ်းမှုကို ကုလရုပ်သိမ်း

    နိုဝင်ဘာ ၁၁၊ ၂၀၁၇
    M-Media

    – ကုလသမဂ္ဂ အလုပ်သမားရေးရာအဖွဲ့က ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲကို လက်ခံကျင်းပမည့် ကာတာနိုင်ငံတွင် ပြည်ပအလုပ်သမားများအား မတရားပြုမူဆောင်ရွက်မှုများနှင့် ပတ်သက်၍ စုံစမ်းမှုကို ပိတ်သိမ်းလိုက်ပြီး ကာတာ၏ ပြုပြင်ပြောင်းလဲရေးအစီအစဉ်အပေါ် ချီးကျူးခဲ့သည်။

    တက်ကြွလှုပ်ရှားသူများနှင့် ထင်ရှားသော နိုင်ငံတကာအလုပ်သမားသမဂ္ဂများက ကာတာနိုင်ငံသည် ဖီဖာဘောလုံးပြိုင်ပွဲကျင်းပရန် အခြေခံအဆောက်အအုံစီမံကိန်းများ တည်ဆောက်ရေးတွင် ရွှေ့ပြောင်းအလုပ်သမားများအပေါ် ကျွန်သဖွယ် စေခိုင်းမှုများ ရှိနေကြောင်း စွပ်စွဲပြောဆိုခဲ့ကြသည်။

    ၂၀၁၄ ခုနှစ်တွင် နိုင်ငံတကာအလုပ်သမားရေးရာအဖွဲ့ချုပ်က ကာတာအနေဖြင့် အလုပ်သမားများပေါ် အဓမ္မစေခိုင်းခြင်း ရှိ၊ မရှိနှင့် ပြည်ပရွှေ့ပြောင်းအလုပ်သမားများအတွက် ဥပဒေအရ လုံလောက်သော အကာအကွယ်ပေးနိုင်ခြင်း ရှိ၊ မရှိကို စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ခဲ့သည်။

    ယင်းအချိန်ကတည်းက ကာတာသည် အနည်းဆုံးလုပ်ခအပါအ၀င်၊ နေထိုင်စရာပေးရေး၊ တိုင်းပြည်မှ ထွက်ခွာမရအောင် ပြုလုပ်ထားခြင်းမျိုး မရှိစေရေး စသည့် ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို သဘောတူခဲ့သည်။

    ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီတွင် ကာတာက အလုပ်သမားများအနေဖြင့် လုပ်ခငွေများကို နေ့စား၊ သို့မဟုတ် တစ်လချင်းစီကို ကတ်စနစ်ဖြင့် ပေးချေသည့် လုပ်ခကာကွယ်ရေးစနစ်တစ်ခုကို မိတ်ဆက်ပေးခဲ့သည်။

    ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ကာတာသည် လူပြောခံရဆုံးဖြစ်သည့် kafala စနစ် (အလုပ်လုပ်ရန်၊ နေထိုင်ခွင့်ကျရန်၊ အလုပ်ပြောင်းရန် သို့မဟုတ် တိုင်းပြည်မှထွက်ခွာရန် မိမိဒေသမှ အာမခံပေးသူရှိရမည့်စနစ်) ကို ပယ်ဖျက်လိုက်ကြောင်း ကြေငြာခဲ့သည်။

    Ref; CNA

  • အိမ်ရှေ့မင်းသားဟောင်း၏ ဘဏ်စာရင်းများကို ဆော်ဒီပိတ်သိမ်း

    အိမ်ရှေ့မင်းသားဟောင်း၏ ဘဏ်စာရင်းများကို ဆော်ဒီပိတ်သိမ်း

    နိုင်ဝင်ဘာ ၁၀၊ ၂၀၁၇
    M-Media

    – ဇွန်လတွင် အရိုက်အရာမှ ဖယ်ပးခဲ့ရသည့် ဆော်ဒီအိမ်ရှေ့မင်းသားဟောင်း မိုဟာမက် ဘင် နာယက်ဖ်၏ ဘဏ်အကောင့်များကို ဆော်ဒီအစိုးရက ပိတ်သိမ်းလိုက်ပြီး အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။

    မိုဟာမက် ဘင် နာယက်နှင့် နီးစပ်သောဆွေမျိုးများ၏ ဘဏ်စာရင်းများကိုပါ ဆော်ဒီအာဏာပိုင်များက ပိတ်ပစ်ခဲ့သည်ဟု ရိုက်တာသတင်းဌာနနှင့် Wall Street ဂျာနယ်တို့က ဖော်ပြကြသည်။

    အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန် ဦးဆောင်ကာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးစီမံကိန်းကို စနေနေ့က စတင်ဆောင်ရွက်ခဲ့ပြီး မကြာခင် အိမ်ရှေ့မင်းသားဟောင်း၏ ဘဏ်စာရင်းပိတ်သိမ်းမှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။

    ခြစားမှုတိုက်ဖျက်ရေးတွင် တော်ဝင်မျိုးနွယ်များ၊ အစိုးရအရာရှိများနှင့် သြဇာကြီးသော စီးပွားရေးလုပ်ငန်းရှင်များလည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ငွေကြေးခ၀ါချခြင်းနှင့် လာဘ်စားမှုအပါအ၀င် စွပ်စွဲမှုပေါင်းများစွာနှင့် ရင်ဆိုင်နေရသည်။

    ထိန်းသိမ်းထားခံရသူများအနက် မင်းသား ၁၁ ယောက်၊ လက်ရှိဝန်ကြီး ၄ ဦးနှင့် ဝန်ကြီးဟောင်းများစွာ ပါဝင်ပြီး မမျှော်လင့်ထားသည့် အခြေအနေနှင့် ကြုံတွေ့ကာ ထိတ်လန့်နေကြသည်။

    ခြစားမှုတိုက်ဖျက်ရေးအစီအစဉ်တွင် ပိတ်သိမ်းခံရသော ပြည်တွင်းဘဏ်စာရင်းများမှာ ၁၇၀၀ ကျော် ရှိနေပြီး ထပ်မံတိုးတက်လာဖွယ် ရှိနေသည်။

    Ref: Aljazeera

    (Photo- ဆော်ဒီအိမ်ရှေ့မင်းသားဟောင်း မိုာမက် ဘင် နာယက်ဖ်)

  • တောင်ကိုရီးယား-အင်ဒို ကန်ဒေါ်လာ ၂ ဘီလီယံနီးပါး ကုန်သွယ်ရေး သဘောတူညီချက်ရ

    တောင်ကိုရီးယား-အင်ဒို ကန်ဒေါ်လာ ၂ ဘီလီယံနီးပါး ကုန်သွယ်ရေး သဘောတူညီချက်ရ

    နိုဝင်ဘာ ၁၀၊ ၂၀၁၇
    M-Media

    – တောင်ကိုရီးယားသမ္မတ၏ အင်ဒိုနီးရှားခရီးစဉ်အတွင်း နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် ကန်ဒေါ်လာ ၂ ဘီလီယံဖိုး လက်မှတ်ရေးထိုးခဲ့သည်ဟု တောင်ကိုရီးယား Yonhap သတင်းဌာနက ဖော်ပြခဲ့သည်။

    ဗုဒ္ဓဟူးနေ့က ရောက်ရှိလာခဲ့သည့် သမ္မတ မွန်ဂျီအင်မှာ စီးပွားရေဖိုရမ်တစ်ခု မတက်ရောက်ခင် ထိုသဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုနှင့်လည်း ထိုနေ့နှောင်းပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

    ယင်းသဘောတူညီချက်ထဲ၌ နှစ်ဖက်အစိုးရများ လက်မှတ်ရေးထိုးထားသည့် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာ (MOU) တစ်ခုလည်း ပာဝင်သည်ဟု သမ္မတရုံးမှ ချုံ ဝေဒီက ပြောကြားခဲ့သည်။

    ပုဂ္ဂလိကကဏ္ဍတွင် ကန်ဒေါ်လာ ၁.၉ ဘီလီယံတန်သည့် နောက်ထပ် MOU ငါးခုကိုလည်း နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့သည်။

    Ref:CNA

  • အီရန် နျူသဘောတူညီချက်တွင် ဒုံးကျည်ကိစ္စမပါဟု အီးယူအကြီးအကဲပြော

    အီရန် နျူသဘောတူညီချက်တွင် ဒုံးကျည်ကိစ္စမပါဟု အီးယူအကြီးအကဲပြော

    နိုဝင်ဘာ ၁၀၊ ၂၀၁၇
    M-Media

    – ဥရောပသမ္မဂ၏ နိုင်ငံခြားရေးရာအကြီးအကဲ Federica Mogherini က အီရန်နှင့် အင်အားကြီး ၆ နိုင်ငံအကြား ရေးထိုးထားသည့် နျူကလီးယားသဘောတူညီချက်သည် အီရန်နိုင်ငံ၏ ဒုံးကျည်အစီအစဉ်နှင့် ပက်သက်မှုမရှိကြောင်း၊ ယင်းစာချုပ်အတိုင်း အတိအကျလိုက်နာရန် အရေးပါကြောင်းပြောကြားလိုက်သည်။

    ဗုဒ္ဓဟူးနေ့တွင် Brussels မြို့၌ နေတိုးကာကွယ်ရေးဝန်ကြီးများကိုေ တွေ့ဆုံမှုမတိုင်မီ သတင်းထောက်များကို ဖြေကြားရာ၌ Mogherini က အီရန်၏ ဒုံးကျည်အစီအစဉ်များသည် အဆိုပါစာချုပ်နှင့် မသက်ဆိုင်ကြောင်း၊ သီးခြားဖြစ်ရပ်နှစ်ခုအဖြစ် ရှူမြင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

    ထို့နောက် Mogherini က အီရန်၏ နိုင်ငံတကာနျူစွမ်းအင် အေဂျင်စီနှင့် ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုအပေါ် ချီးမွမ်းခဲ့သည်။

    အေဂျင်စီမှာ ၂၀၁၅ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်အရ အီရန်၏ဆောင်ရွက်မှုများကို စောင့်ကြည့်အကဲဖြတ်နေပြီး အီရန်မှာ သဘောတူညီချက်ကို လိုက်နာလျက်ရှိသည်ဟု အကြိမ်ကြိမ်ပြောကြားထားသည်။

    အမေရိကန်က အီရန်၏ ဒုံးကျည်အစီအစဉ်မှာ နျူသဘောတူညီချက်ကို ချိုးဖောက်သည်ဟု စွပ်စွဲထားပြီး အီရန်က မိမိတို့မှာ မည်သည့် ကုလဆုံးဖြတ်ချက်များကို မချိုးဖောက်ကြောင်း၊ ဒုံးကျည်များမှာ ကာကွယ်ရေးကိစ္စအတွက်သာဖြစ်ပြီး နျူကလီးယားထိပ်ဖူးတပ်ဆင်ရန် ပြုလုပ်စီမံထားခြင်း မရှိကြောင်း ထားသည်။

    Ref: Press TV

    (Photo- ဥရောပသမဂ္ဂ ၏ နိုင်ငံခြားရေးရာအကြီးအကဲ )

  • ကင်ဆာဆဲလ်များကို ၃ ရက်အတွင်း သတ်နိုင်မည့် နည်းလမ်းသစ်တစ်ခု တွေ့ရှိ

    ကင်ဆာဆဲလ်များကို ၃ ရက်အတွင်း သတ်နိုင်မည့် နည်းလမ်းသစ်တစ်ခု တွေ့ရှိ

    နိုဝင်ဘာ ၁၀၊ ၂၀၁၇
    M-Media

    – မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လေ့လာဆန်းစစ်မှုအရ ကင်ဆာဆဲလ်တွေကို ၃ ရက်အတွင်း သတ်နိုင်မယ့် နည်းလမ်းကို အမေရိကန်ပြည်ထောင်စု အီလီနွိုက်စ်ပြည်နယ်က တက္ကသိုလ်တစ်ခုရဲ့ သုတေသနမှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

    ကင်ဆာဆဲလ်အတွင်းမှာရှိတဲ့ ခရိုမက်တင် (Chromatin) တည်ဆောက်မှုကို ပြောင်းလဲပြီး ဆဲလ်တွေကို သတ်ပစ်တဲ့နည်းဖြစ်ပြီး သုတေသနရလဒ်ကို Nature Bimedical ဆေးပညာဂျာနယ်မှာ ဖော်ပြထားတာဖြစ်ပါတယ်။

    ခရိုမက်တင်ဆိုတာ DNA နဲ့ ဟစ္စတုန်း (histones) လို့ခေါ်တဲ့ ပရိုတိန်းကို ပေါင်းထားတာဖြစ်ပြီး ကင်ဆာဆဲလ်တွေ ကြီးထွားဖို့အတွက် ခရိုမက်တင်က အထောက်အကူပေးပါတယ်။

    “မျိုးရိုးဗီဇကို hardware လို့ ခေါ်မယ်ဆိုရင် ခရိုမက်တင်က software ပါ။ ကင်ဆာလို ရှုပ်ထွေးတဲ့ ရောဂါမျိုးတွေဟာ တစ်ဦးချင်းစီရဲ့ မျိုးရိုးဗီဇပေါ်မှာ အခြေမခံပါဘူး။ ထောင်နဲ့ချီတဲ့ မျိုးရိုးဗီဇတွေ အပြန်အလှန် ထိခိုက်ပွတ်တိုက်မှုအပေါ်မှာ အခြေခံတာဖြစ်ပါတယ်” လို့ လေ့လာမှုမှာ ပါဝင်သူ ဗာဒင် ဘက်ခ်မန်းက ပြောကြားခဲ့ပါတယ်။

    ဘက်ခ်မန်းတို့အဖွဲ့ဟာ သက်ရှိဆဲလ်တွေအတွင်းမှာ ခရိုမက်တင်ကို အချိန်မလပ် စောင့်ကြည့်နိုင်မယ့် Partial Wave Spectroscopic (PWS) နည်းလမ်းသစ်တစ်ခုကို တီထွင်ခဲ့ပြီး ကင်ဆာဆဲလ်တွေ ဖြစ်ပေါ်စေတဲ့ ခရိုမက်တင်ကို စောင့်ကြည့်လေ့လာခဲ့ပါတယ်။

    နောက်ပိုင်းမှာတော့ ကင်ဆာဆဲလ်ရဲ့ နျူကလီးယက်စ်မှာ လျှပ်စစ်ဓာတ်တို့ကာ ခရိုမက်တင်ရဲ့ တည်ဆောက်ပုံ ပြောင်းလဲပြီး ကင်ဆာဆဲလ်တွေကို သေသွားအောင် FDA အသိအမှတ်ပြု ဆေးနှစ်မျိုးနဲ့ စမ်းသပ်နိုင်ခဲ့ပါတယ်။

    သုတေသနပညာရှင်တွေက လက်ရှိမှာ ကင်ဆာဆဲလ် ၇ မျိုးလောက်ကို စမ်းသပ်အောင်မြင်ထားကြောင်း သူတို့ရဲ့ အခုတွေ့ရှိချက်တွေကို တရိစ္ဆာန်နဲ့ လူတွေမှာ စမ်းသပ်ဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ကြပါတယ်။

    ဒီကုသမှုနည်းလမ်းသာ အောင်မြင်မယ်ဆိုရင်တော့ ကင်ဆာဆဲလ်တွေကို ၃ ရက်အတွင်း သတ်ပစ်နိုင်မှာ ဖြစ်ပါတယ်။

    Ref: Medical News Today