News @ M-Media

Author: editor

  • မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး

    မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး

    အောက်တိုဘာ ၂၆ ၊ ၂၀၁၇
    M-Media

    မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီး များနှင့် ကိုယ်စားလှယ်အဖွဲ့များ၏ ဆွေးနွေးချက်များအရ နှစ်နိုင်ငံအကြား အောက်ဖော်ပြပါ အချက် ၁၀ ချက်ကို ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ပါသည်-
    .
    (က) နယ်စပ်ဒေသဆက်ဆံရေး တည်ငြိမ်အေးချမ်းရန်နှင့် နယ်စပ်ဒေသတွင် လုံခြုံရေး တိုးမြှင့်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများနှင့် ၁၉၈၀ နယ်စပ်ဒေသ သဘောတူညီချက်ပါ ပြဋ္ဌာန်းချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ရန်
    .
    (ခ) နယ်ခြားစောင့်တပ်ဖွဲ့များ၏ ဒေသအဆင့် ညှိနှိုင်းဆောင်ရွက်ရေး အစည်းအဝေး အား ၃ လ လျှင် ၁ ကြိမ် ကျင်းပရန်နှင့် အကြီးအကဲများအဆင့်၌ နယ်ခြားစောင့် တပ်ဖွဲ့များ၏ ဗဟိုအဆင့်အစည်းအဝေးအား နှစ်စဉ်ကျင်းပရန်
    .
    (ဂ) လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ဆွေးနွေးမှုတို့နှင့် စပ်လျဉ်း၍ နားလည်မှု စာချွန်လွှာအရ လုပ်ပိုင်ခွင့်အာဏာအပ်နှင်းထားသော သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းတို့အကြား ကာလအပိုင်းအခြားအလိုက် ဆွေးနွေးပွဲများ စီစဉ်ပြုလုပ် ရန်
    .
    (ဃ) လိုအပ်ပါက ဝန်ကြီးအဆင့်အစည်းအဝေးအား ကျင်းပရန်နှင့် ၁ နှစ်လျှင် ၁ ကြိမ် ဒုတိယဝန်ကြီး/အတွင်းဝန်အဆင့် အစည်းအဝေးများ စီစဉ်ပြုလုပ်ရန်
    .
    (င) မူးယစ်ဆေးဝါးတရားမဝင်သယ်ဆောင်မှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရန်
    .
    (စ) အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ သဘောတူညီ ချက် လက်မှတ်ရေးထိုးမှုအား စဉ်းစားသုံးသပ်ရန်
    .
    (ဆ) ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မြန်မာနိုင်ငံသားများ ဝင်ရောက်မှုအား ချက်ချင်းရပ်တန့် ရန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားများအား စောနိုင် သမျှ အစောဆုံးပြန်လည်နေရာချထားရေးအတွက် ရခိုင်ဒေသအတွင်း ပုံမှန်အခြေ အနေ ပြန်လည်ရောက်ရှိရန်
    .
    (ဇ) ပြန်လည်နေရာချထားရေးကြီးကြပ်ရေးအတွက် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် သဘောတူညီချက်နှင့်အညီ ပူးတွဲလုပ်ငန်းအဖွဲ့ ဖွဲ့စည်းရန်၊ ရခိုင်ဒေသမှ စွန့်ခွာ ထွက်ပြေးသူများ ပြန်လည်ခေါ်ယူရေးနှင့် စပ်လျဉ်း၍ နှစ်နိုင်ငံသဘောတူညီချက် များအား အပြီးသတ် ဆောင်ရွက်ရန်
    .
    (ဈ) သတင်းအချက်အလက်ဖလှယ်ရေး၊ ဆက်သွယ်ဆက်ဆံရေးနှင့် နှစ်နိုင်ငံညှိနှိုင်း ဆောင်ရွက်ရေးတို့အတွက် အောက်ခြေအဆင့်၊ အလယ်အလတ်အဆင့်၊ ဗဟို အဆင့်တို့၌ ဆက်သွယ်ဆက်ဆံရေးအရာရှိများ သတ်မှတ်ရန်
    .
    (ည) အပြန်အလှန်ယုံကြည်မှုများ တည်ဆောက်နိုင်ရေးအတွက် အလည်အပတ် ခရီးစဉ်များ အပြန်အလှန်တိုးမြှင့်ဆောင်ရွက်ရန်
    .
    ကိုးကား- ပြည်ထဲရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်

  • AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး

    AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး

    အောက်တိုဘာ ၂၆ ၊ ၂၀၁၇

    ဓါတ်ပုံ- ဒုဗိုလ်မှူးကြီးအဆင့်ရှိသူ ဦးအောင်မြတ်ကျော် အားဖမ်းဆီးရမိစဉ်က(Photo- Eleven)

    ရခိုင့်တပ်မတော် AA အဖွဲ့က ဒုဗိုလ်မှူးကြီးအဆင့်ရှိသူတစ်ဦး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

    ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့က တာမွေမြို့နယ်မှာ သေနတ်တွေ၊ ကျည်ဆံတွေ၊ မူးယစ်ဆေးဝါးတွေနဲ့ စစ်ဝတ်ပစ္စည်းတွေ၊ ဆက်သွယ်ရေးစက်ပစ္စည်းတွေကို AA ရဲ့ ဒုဗိုလ်မှူးကြီးအဆင့်ရှိသူ ဦးအောင်မြတ်ကျော် ဆိုသူဆီကနေ ဖမ်းဆီးရမိခဲ့ပြီးနောက် လက်နက်ပုဒ်မ ၁၉(စ)နဲ့ အမှုဖွင့်စစ်ဆေးခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

    အဲဒီနောက် အမှုနောက်ဆက်တွဲအနေနဲ့ ဒဂုံမြို့သစ်မြောက်ပိုင်း၊ မြောက်ဥက္ကလာပ၊ လှိုင်သာယာ စတဲ့ မြို့နယ်တွေမှာ စိတ်ကြွဆေးပြားတွေ၊ စစ်သုံးသံလိုက်အိမ်မြှောင်တွေ၊ လက်နက်ခဲယမ်းတွေကို ထပ်မံဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

    အဲဒီအမှုတွေနဲ့ ဆက်စပ်ပြီး ဦးအောင်မြတ်ကျော်အပါအ၀င် ၉ ဦးကို မူးယစ်မှုတွေနဲ့လည်း အမှုဖွင့် စစ်ဆေးခဲ့တယ် လို့ သိရပါတယ်။

    စစ်ဆေးတွေ့ရှိချက်တွေအရ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း မူးယစ်ဆေးဝါးရောင်းချလို့ရရှိတဲ့ အကျိုးအမြတ်တွေကနေ တိုက်ခန်းဝယ်ယူတာ၊ ပရိဘောဂတွေ၊ မော်တော်ယာဉ်တွေ၊ စက်လှေတွေ ၀ယ်ယူတာ အပြင် ရန်ကုန်-စစ်တွေ ကားလမ်းဘေးက ၇ ဧက နီးပါးရှိတဲ့ ရာဘာခြံတွေကို ၀ယ်ယူပိုင်ဆိုင်ခဲ့တယ်လို့ ဆိုပါတယ်။

    ဘဏ်တချို့မှာရှိတဲ့ ငွေလက်ကျန် သိန်း ၄၀၀ ကျော်အပါအ၀င် စုစုပေါင်း ငွေကျပ်သိန်းပေါင်း ၆ ထောင်ကျော်ဟာ မူးယစ်ဆေးဝါးရောင်းချလို့ရတဲ့ အကျိုးအမြတ်တွေကို အသွင်ပြောင်းလဲဝယ်ယူထားတယ်ဆိုတာ စစ်ဆေး ပေါ်ပေါက်ခဲ့တဲ့အတွက် အထူးစုံစမ်းစစ်ဆေးရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဆန်းထွန်းက တရားလိုလုပ်ပြီး သင်္ဃန်းကျွန်းမြို့မ ရဲစခန်းမှာ အမှုဖွင့်စစ်ဆေးနေတာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

    RFA မြန်မာပိုင်းမှ ကူးယူဖော်ပြပါသည်။

     

    ဆက်စပ်သတင်းဖတ်ရှုရန်

    Arakan Army(AA) အဖွဲ့နှင့် ဆက်စပ်သည့် လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါး အမြောက်အများ ဖမ်းမိကြောင်း အစိုးရ သတင်းထုတ်ပြန်

     

  • ထူးချွန်သည့် မွတ်စလင်မ် ကျောင်းသား/သူများကို ဂုဏ်ပြုပွဲ ပဲခူးမှာပြုလုပ်

    ထူးချွန်သည့် မွတ်စလင်မ် ကျောင်းသား/သူများကို ဂုဏ်ပြုပွဲ ပဲခူးမှာပြုလုပ်

    အောက်တိုဘာ ၁၆၊ ၂၀၁၇
    M-Media
    မိုးစက်

    ပဲခူးမြို့ မြန်မာမွတ်စလင် ပညာရေးနှင့် ငြိမ်းချမ်းရေးကော်မတီက ဦးစီးပြီး ၂၀၁၆-၂၀၁၇ ခုနှစ် တက္ကသိုလ် ဝင်တန်းအောင်မြင်သူများနှင့် ဂုဏ်ထူး ထူးချွန်ဆု ရရှိသည့် မွတ်စလင်မ် ကျောင်းသား/ကျောင်းသူများ ကို ပဲခူးမြို့မှာ အောက်တိုဘာလ ၁၄ ရက်နေ့က ဂုဏ်ပြုခဲ့ကြပါတယ်။

    “ကျွန်တော်တို့ ဒီ ဂုဏ်ပြုချီးမြှင့်တဲ့ပွဲမှာ လူငယ်တွေကိုပဲ နေရာပေးပြီး နောက်မျိုးဆက်သစ်တွေ စွမ်းဆောင်ရည် တိုးမြှင့်စေဖို့အတွက် စင်ပေါ်မှာလည်း လူငယ်တွေကိုပဲ ချီးကျုးဂုဏ်ပြုစကားတွေပြောခိုင်းပြီးတော့ ခုလို ထူးချွန်ကျောင်းသားတွေကို ဂုဏ်ပြုရတာပဲ ဖြစ်ပါတယ်” လို့ မြန်မာမွတ်စလင် ပညာရေးနှင့် ငြိမ်းချမ်းရေးကော်မတီမှ တာဝန်ခံတစ်ဦးဖြစ်သူ ကိုညီညီဇော်က ဆိုပါတယ်။

    တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ၄၆ ဦးအနက် ရိုးရိုးအောင်မြင်သူများကို ဆုတံဆိပ်၊ ဂုဏ်ပြုလတ်မှတ်နှင့် ဂုဏ်ထူးဖြင့် အောင်မြင်သူများကို ငွေသားပါ ထပ်မံ ချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။

    အဆိုပါ ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ပဲခူးမြို့ မြန်မာမွတ်စလင် ပညာရေးနှင့် ငြိမ်းချမ်းရေးကော်မတီက ယခု ၂၀၁၇ ခုနှစ်တွင် (၉) ကြိမ်မြောက် ဦးစီးကျင်းပခဲ့တာဖြစ်ပြီး အဆိုပါအဖွဲ့က လူမှုရေးလုပ်ငန်းများအဖြစ် သဘာဝဘေးအန္တရယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ပညာရေးထောက်ပံ့မှုများ နှင့် သွေးလှူဒါန်းခြင်း လုပ်ငန်းများကို လုပ်ကိုင်လျှက် ရှိကြောင်း သိရှိရပါတယ်။

     

  • ဇေယျာဖြိုးနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဆက်စပ်မှုရှိ၊ ၄င်း၏ ကုမ္ပဏီရုံးခန်း တွင် သေနတ်ထည့်သည့် အိတ်နှစ်အိတ်တွေ့ရှိ

    ဇေယျာဖြိုးနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဆက်စပ်မှုရှိ၊ ၄င်း၏ ကုမ္ပဏီရုံးခန်း တွင် သေနတ်ထည့်သည့် အိတ်နှစ်အိတ်တွေ့ရှိ


    အောက်တိုဘာ-၁၃ ၊ ၂၀၁၇

    ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရသည့် အမှုတွင် ပူးပေါင်းတရားခံအဖြစ် ရုံးတင် တရားစွဲဆိုခြင်းကို ခံနေရသည့် ဇေယျာဖြိုးသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် စီးပွားရေး လုပ်ငန်းများ အကျိုးတူ လုပ်ဆောင်သူဖြစ်ပြီး ၄င်း၏ ကုမ္ပဏီရုံးခန်းကို ၀င်ရောက်ရှာဖွေသည့်အခါ သေနတ်ထည့် အိတ်နှစ်အိတ် တွေ့ရှိကြောင်း တရားလိုရှေ့နေများနှင့် ၄င်း၏ရှေ့နေ ကိုယ်တိုင်က ပြောကြားသည်။

    အောက်တိုဘာ ၁၃ ရက်က ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးတွင် ကြားနာစစ်ဆေးနေသော ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရသည့် အမှု ၂၇ ကြိမ်မြောက် ရုံးချိန်အပြီးတွင် တရားရှေ့နေ ဦးနေလက ဗဟန်မြို့၊ ဆရာစံရပ်ကွက်၊ သံလွင်ကွန်ဒိုရှိ ဇေယျာဖြိုး၏ ကုမ္ပဏီရုံးခန်းသို့ ရှာဖွေပုံစံဖြင့် ဗဟန်းမြို့နယ်ရဲစခန်းမှ ဒုရဲအုပ် ကျော်ကျာ်ထွဋ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်မောင်အေးနှင့် ရာအိမ်မှူး ဦးစည်သူအောင်တို့က ၀င်ရောက် ရှာဖွေသည့်အခါ စကားပြောစက်နှစ်လုံး၊ အပိုဘက်ထရီ ခြောက်လုံး၊ ချိုင်းကြားတွင် လွယ်လို့ရသည့် သေနတ်အိတ် အနက်ရောင် နှင့် အညိုရောင်၊ ဦးဝီရသူ၏ ဂန္တ၀င်တရားတော် တို့ကို တွေ့ရှိခဲ့ကြောင်း သတင်းမီဒီယာ များကို ပြောကြားသည်။

    ထို့ပြင် ဇေယျာဖြိုးထံ၌ အငြိမ်းစားယူသွားသည့် ရဲချုပ်ဇော်ဝင်းက ပေးအပ် ထားသည့် ဂုဏ်ပြုလက်မှတ်များနှင့် ဂုဏ်ပြုဆုတံဆိပ်များလည်း ရှိနေသည်ဟု ဦးနေလက ပြောကြားသည်။

    `အဓိက အချက်ကတော့ တွေ့တဲ့ ပစ္စည်းကို ကြည့်မယ်ဆိုရင် ဘာတွေ့ရ လဲဆိုရင် သေနတ်အိတ် နှစ်အိတ်ရယ်၊ ဦးဝီရသူရဲ့ ဂန္တ၀င်တရားတော်ရယ်၊ တရားတော်နဲ့ သေနတ်အိတ် နှစ်အိတ်က ဘယ်လို ဆက်စပ်မှုရှိလဲ ဆိုတာတော့ မသိရဘူး။ ဒုရဲအုပ် ကျော်ကျော်ထွဋ်ကို မေးမြန်းတဲ့ မေးခွန်း ကတော့ အားလုံး စိတ်ဝင်စားလိမ့်မယ်လို့ ထင်ပါတယ်။ တရားခံ ဇေယျာဖြိုးဟာ ဒီအမှုနဲ့ ဘယ်လိုဆက်စပ် လာတယ်ဆိုတဲ့ အပိုင်းကို ဖေါ်ထုတ်တဲ့ အပိုင်းကို တွေ့ရတယ်။ သူက တပ်မတော်က ဗိုလ်ကြီး ဟောင်း တစ်ဦးဖြစ်တယ်၊ ရှာဖွေပုံစံမှာ သိမ်းဆည်းတဲ့ အချိန်ကာလမှာ အသက် ၄၂ နှစ်ရှိတယ်၊ တပ်မတော်က အငြိမ်းစားယူပြီးတဲ့ အခါမှာ ရဲတပ်ဖွဲ့နဲ့ ဆက်စပ်ပြီး လုပ်ငန်းတွေ လုပ်ကိုင်တယ်။ သူတို့ ရှေ့နေတွရဲ့ အပြန်အလှန် စစ်မေးချက်အရ ပေါ်ပေါက်တာပဲ ပြောရမှာပဲ။ ဘာတွေ့ရ လဲဆိုတော့ ရဲချုပ် ဇော်ဝင်း ဆီကနေ ဂုဏ်ပြုလက်မှတ်တွေ ဆုတံဆိပ်တွေ ရထားတယ်လို့ တွေ့ရတယ်` ဟု ဦးနေလက ပြောကြားသည်။

    ဇေယျာဖြိုး၏ အကျိုးဆောင်ရှေ့နေ ဒေါ်ပပ၀င်းကတော့ ရှာဖွေပုံစုံအရ ကုမ္ပဏီရုံးခန်းတွင် တွေ့ရှိရသော သေနတ်အိတ် နှစ်အိတ်မှာ ဇေယျာဖြိုး ၏ အခန်းမှ တွေ့ရှိခြင်း မဟုတ်ကြောင်း၊ ၀င်ရောက်ရှာဖွေသည့် အချိန်တွင် သူမ၏အမှုသည် ကုမ္ပဏီရုံးခန်းတွင်မရှိဘဲ ကျန်းမာရေးကြောင့် အနားယူနေသည့် အချိန်လည်း ဖြစ်ကြောင်း ပြောကြားသည်။

    `သေနတ်အိတ် တွေ့တယ်ဆိုတာက သူ့အခန်းထဲက တွေ့တာလည်း မဟုတ်ဘူး။ သူ့က အဲဒီအချိန်မှာ ကုမ္ပဏီ ရုံးကိုတက်တာလည်း မဟုတ်ဘူး။ ကျန်းမာရေးကြောင့် အနားယူနေတဲ့အချိန်၊ အဲ့ကဏ္ဍကတော့ သူမသိဘူး။ အဲဒီပစ္စည်းတွေ အဲမှာရှိနေတာလည်း မသိဘူး´ ဟု ၄င်းကပြောကြား သည်။

    ဇေယျာဖြိုးရရှိခဲ့သည့် ဆုတံဆိပ်များအား တရားရုံးသို့ တင်ပြခြင်းမှာ ၄င်း၏ စိတ်နေစိတ်ထားနှင့် စာရိတ္တပိုင်းကို သိရှိစေလိုသည့် အတွက်ကြောင့် တင်ပြရခြင်းသည်ဟုဆိုပြီး ရဲချုပ်ဟောင်း ဇော်ဝင်း၏ ဂုဏ်ပြုလွှာမှာ လည်း အမှုနှင့် ဆက်စပ်မှု မရှိကြောင်း ၄င်းက သတင်းမီဒီယာများကို ရှင်းလင်းပြောကြားသည်။

    `ဆုတံဆိပ်တွေ အနေနဲ့ ကတော့ ကိုဇေယျာဖြိုးက လုပ်ငန်းကြီးကြီး လုပ်ခဲ့တာ၊ ပြည်သူ့ရဲတပ်ဖွဲ့နဲ့ လည်း ဆောက်လုပ်ရေး လုပ်ငန်းတွေ လုပ်ခဲ့တယ်။ အလှူအတန်းတွေလည်း လုပ်ခဲ့တယ်၊ ကိုဇေယျာဖြိုးက အလှူအတန်းတွေ လုပ်ခဲ့တဲ့ လူတစ်ယောက်၊ သူ့မှာ ၀န်ထမ်းတွေလည်း ရှိတယ်၊ ၀န်ထမ်းတွေအပေါ်မှာ ဆက်ဆံ့မှု အနေအထား ဘယ်လိုမျိုး အနေအထား ရှိတယ်ဆိုတာ ပြသချင်တဲ့သဘောနဲ့ ဒါကိုတင်ပြတာ။ အမှုနဲ့ ပတ်သက်မှု မရှိဘူးဆိုပေမယ့် သူရဲ့ Character ပိုင်းကို ကျွန်မတို့က တင်ပြပေးတာပါ´ ဟု ၄င်းကပြောကြားသည်။

    ဆက်လက်ပြီး ဒေါ်ပပ၀င်းက `ရဲချုပ်ဟာ ပါတယ်ဆိုတာက ဘာပဲဖြစ်ဖြစ် ကိုဇေယျာဖြိုးက ဘယ်အဖွဲ့အစည်းနဲ့ ဖြစ်ဖြစ်၊ ဘယ်သူနဲ့ ဖြစ်ဖြစ် သင့်တင့်အောင် ပေါင်းသင်းဆက်ဆံတယ်၊ အလှူအတန်းတွေကို လုပ်တဲ့အခါမှာလည်း ၀ါသနာထုံတဲ့ အကြောင်းကို ပြချင်တာ တစ်ခုတည်း ပါပဲ။ ဂုဏ်ပြုလွှာ ဆိုတာကလည်း ကိုဇေယျာဖြိုး အလှူအတန်း လုပ်တဲ့ အပိုင်းကိုပဲ ပြမှာပါ။ သက်သေခံ မတင်ပြသေးတဲ့ အတွက်ကြောင့် ဒီဂုဏ်ပြုလွှာဆိုတာ ဘာကိုဂုဏ်ပြုတာလဲ ဆိုတာကို ဘယ်သူမှလည်း မသိနိုင်ဘူး။ ကျွန်မတို့လည်း သက်သေတင်ပြလို့ မရသေးဘူး။ ဘာကြောင့် လဲ ဆိုတော့ အခုသက်သေ အစစ်ခံတဲ့ ဒုရဲအုပ် ကျော်ကျာ်ထွဋ် က ရဲအုပ်ဦးဇော်ဝင်းရဲ့ လက်မှတ်ကို သူမြင်ဖူးတာ မဟုတ်ဘူး။ မြင်ဖူးတယ် ဆိုရင် ကျွန်မတို့ သက်သေခံတင်လိုက်လို့ရှိရင် ဒါထင်ရှားသွားမှာ။ ဘာကြောင့် ဒီလက်မှတ်ရလဲဆိုတာ ထင်ရှားသွားမှာ´ ဟု ပြောကြားသည်။

    ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံး၌ ၂၇ ကြိမ်မြောက် ရုံးချိန်းတွင် ကြားနာစစ်ဆေးခဲ့သော သက်သေများမှာ ဇေယျာဖြိုး၏ ကုမ္ပဏီရုံးခန်းသို့ ရှာဖွေပုံစံဖြင့် ရှာဖွေခဲ့သည့် ဗဟန်းမြို့နယ်ရဲစခန်းမှ ဒုရဲအုပ် ကျော်ကျော် ထွဋ်၊ ဗဟန်းမြို့ ဆရာစံရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်မောင်အေး၊ ဗဟန်းမြို့ ဆရာစံရပ်ကွက်မှ ရာအိမ်မှူး ဦးစည်သူ အောင်၊ လေးဆိပ်ကားပါကင်မှ ဦးအောင်ပိုင်စိုးနှင့် လေဆိပ် CCTV အခန်းမှ ဒေါ်သဇင်ထွေး (ခ) ဒေါ်သိမ့်သိမ့်ထွန်း တို့ ဖြစ်ကြောင်း သိရသည်။

    အောင်ရဲနောင်
    The Ladies News မှ ကူးယူဖော်ပြသည်။

    http://www.theladiesnewsjournal.com/news/fri-2017-10-13-1658/7703

  • ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

    ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နှင့် နိုင်ငံသူ နိုင်ငံသားအားလုံး ငြိမ်းချမ်းသာယာဝပြောစေရန် ရည်ရွယ်သည့် ဘာသာပေါင်းစုံ ဆုတောင်းပွဲကို စက်တင်ဘာ ၁၀ ရက်နေ့က ရန်ကုန်မြို့ အောင်ဆန်း အားကစားကွင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

    ဗုဒ္ဓဘာသာမှ ဆုတောင်းမေတ္တာ ပို့သမှု

     

    အစ္စလာမ်ဘာသာမှ ဆုတောင်းမေတ္တာ ပို့သမှု

    ဟိန္ဒူဘာသာမှ ဆုတောင်းမေတ္တာ ပို့သမှု

    မဟာယန ဗုဒ္ဓဘာသာမှ ဆုတောင်းမေတ္တာ ပို့သမှု

    ခရစ်ယာန်ဘာသာမှ ဆုတောင်းမေတ္တာ ပို့သမှု