အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး (မဘသ) ဗဟိုအဖွဲ့ ဥက္ကဌ ဘဒ္ဒန္တ အရှင်တိလောကာဘိဝံသ အင်းစိန်ရွာမဆရာတော်နှင့် တွေ့ဆုံခြင်း။
=========================
စည်သူအောင်မြင့် တွေ့ဆုံမေးမြန်းသည်။
.
ပြီးခဲ့တဲ့ အောက်တိုဘာ ( ၄ ) ရက်နေ့က ရန်ကုန် သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်းအတွင်းမှာ မဘသ အဖွဲ့ကြီးရဲ့ အမျိုးစောင့် ဥပဒေ အောင်ပွဲ အခမ်းအနား ကျင်းပခဲ့ပါတယ်။ အလားတူ အခမ်းအနားကို မြန်မာနိုင်ငံမြို့နယ် တချို့မှာလည်း ကျင်းပခဲ့ပါတယ်။ လက်ရှိကာလဟာ ရွေးကောက်ပွဲကျင်းပဖို့ အလွန်နီးကပ်နေပြီး ပါတီတွေ မဲဆွယ် စည်းရုံးမှုတွေလည်း လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ ကာလလည်း ဖြစ်ပါတယ်။ ဒီအချိန် တချို့သော အမျိုးစောင့်ဥပဒေ အောင်ပွဲတွေမှာ မဘသအဖွဲ့ဝင် လူပုဂ္ဂိလ်နဲ့ သံဃာတချို့ဟာ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ အမတ်ကို မဲမပေးနဲ့ဆိုတာမျိုး လွှတ်တော်ထဲမှာ အမျိုးစောင့်ဥပဒေကို ဝေဖန်ဆွေးနွေးခဲ့တဲ့ NLD ကို မဲမပေးနဲ့ ဆိုတာမျိုး အတိအလင်း ဟောပြောမှုတွေ ရှိခဲ့ပြီး ပြည်တွင်းပြည်ပသတင်းမီဒီယာတွေကလည်း ဒီကိစ္စကို ဝေဖန်ဖော်ထုတ်တာတွေ ရှိလာပါတယ်။ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး မွန်းတည့်နေ ဂျာနယ်ဟာ မဘသ ဗဟိုရုံးချုပ်အဖြစ် အသုံးပြုထားတဲ့ ဆရာတော် သီတင်းသုံးရာ အင်းစိန်ရွာမကျောင်းတိုက်ဆီ သွားရောက်ပြီး သိလိုသည်များကို ဆရာတော်ထံ မေးမြန်းလျှောက်ထားခဲ့ပါတယ်။ အောက်ဖော်ပြထား သည်များဟာ မဘသ ဗဟိုဥက္ကဌ အင်းစိန်ရွာမ ဆရာတော်ကြီး ပြောကြားထားသည်များ ဖြစ်ပါတယ်။
.
မေး။ ။ဆရာတော်တို့ မ.ဘ.သ အဖွဲ့ကြီးအနေနဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ဖို့လိုတယ်ဆိုပြီးတော့ လုပ်ကိုင် ဆောင်ရွက်နေကြတာပေါ့ ဘုရား၊၊ ဒါနဲ့ပတ်သက်ပြီး ဆရာတော်ကြီးက ၀ါတော်အရရော၊ သက်တော်အရရော ကြီးမြင့်တယ်ဆိုတော့ ခေတ်အဆက်ဆက်ကို ဖြတ်သန်းဖူးတော့ တပည့်တော်တို့ တိုင်းပြည်ကို ခေတ်သုံးခေတ် ပိုင်းခြားပြီး မေးပါရစေဘုရား။ လွတ်လပ်ရေးရပြီးခေတ်၊ လွတ်လပ်ရေးရပြီး အချိန်ကနေ ၁၉၆၂ ခုနှစ်ထိ တပည့်တော်တို့ ဘာသာ သာသနာဟာ ဘယ်လို အခြေအနေများရှိခဲ့သလဲ ဘုရား။
.
အဲဒီ ခေတ်အခြေအနေတုန်းက ဘာသာ သာသနာနဲ့ ပတ်သက်ပြီးတော့ ပြောပလောက်အောင် အန္တရာယ်များတာ သိပ်မတွေ့ခဲ့ဘူးပေါ့နော်။ အဲဒီတုန်းက ဗုဒ္ဓဘာသာ ကလည်းများတယ်၊ တာဝန်ရှိတဲ့ အုပ်ချုပ်နေတဲ့ ပုဂ္ဂိုလ်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေကလည်း ဗုဒ္ဓဘာသာ ရင့်သန်တဲ့ ပုဂ္ဂိုလ်တွေပဲ များတယ်။ အဲဒီအချိန်တုန်းက ရောက်လာတဲ့ ဘာသာခြား လူမျိုးခြားတွေလည်းပဲ အခုချိန်လောက် များသောအားဖြင့် အခုလတ်တလော ခင်ဗျားတို့လည်း အသိပဲလေ ကမ္ဘာ့အစွန်းရောက်တွေက နောက်ပိုင်း မှများလာတာ။ အဲဒီတုန်းက သိပ်မရှိဘူးလေ။ ၁၉၆၂ ဟိုဘက်တုန်းက သိပ်မကြားရဘူးပေါ့။ ဒီမှာလည်းပဲ အဲဒီ အန္တရာယ်တွေ သိပ်မရှိဘူးလေ။
.
မေး။ ။ တင်ပါ့ဘုရား။ ဆိုတော့ ၁၉၆၂ နဲ့ ၁၉၈၈ မှာကျတော့ ဗိုလ်ချုပ်ကြီးနေ၀င်း အာဏာသိမ်းပြီးတော့ အုပ်ချုပ် တာပေါ့နော်။ အဲဒီကာလအပိုင်းအခြားမှာရော ဘယ်လို အခြေအနေရှိလဲဘုရား။
.
အဲဒီတုန်းကတော့ စစ်တပ်က အဘက်ဘက်က ထိန်းချုပ်ထားခြင်းကြောင့် ဘာသာခြားလူမျိုးခြား အန္တရာယ်တွေလည်း ပြော ပလောက်အောင် ဒီလောက်ကြီး မရှိဘူးပေါ့နော်။ အခုနောက်ပိုင်း ကာလ ပထမ န. ၀. တ တက်လာတယ်၊ န. ယ. က တက်လာတယ်။ န. ယ. က နောက်ပိုင်းကြတော့ နည်းနည်းလေး လက်ရှိ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေရဲ့ အုပ်ချုပ်မှုအပေါ်မှာ လျော့ရဲတာတွေ၊ လာဘ်စားတာတွေ ဒါတွေ ပေါ်မှာ မူတည်ပြီးတော့ ဘာသာကိုဖျက်ဆီးလိုတဲ့ပုဂ္ဂိုလ်တွေက အခွင့်ကောင်းတွေရလာတယ်။ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ပူးပေါင်းပြီးတော့၊ အဲဒီအချိန်မှာ နည်းနည်းလေး ပြဿနာတွေရှိလာတယ်။ အဲဒါတွေက အခုနောက်ပိုင်းမှာကြတော့ ပိုပြီးတော့ ဆိုးသွမ်းလာတယ်။ အရင်တုန်းကဆိုရင် အများရှေ့မှာ မုဒိမ်းကျင့် တာတို့၊ အရွယ်မရောက်သေးတဲ့လူတွေ လိင်အကြမ်းဖက်မှုတွေ သိပ်မရှိဘူးပေါ့နော်။ အခုနောက်ပိုင်း အဲဒါတွေ တော်တော် သောင်းကျန်းလာတယ်။
.
၁၉၆၂ နဲ့ ၁၉၈၈ ကြားထဲမှာတော့ သိပ်မရှိသေးဘူးပေါ့ဘုရား။ ၁၉၈၈ နဲ့ ၂၀၁၀ ထိ တပ်မတော် အစိုးရ ခေတ်မှာကော ရှိလာပြီလားဘုရား။
.
အထိုက်အလျှောက်ရှိလာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘူးသီးတောင်၊ မောင်တော ပြဿနာ တွေ ရခိုင်လူမျိုးတွေ လူမျိုးတုံး သတ်ဖြတ်မှုကိစ္စတွေမှာကြတော့ ထိုက်သင့်သလောက်ရှိလာတယ်။ ဒါပေမဲ့ အစိုးရက နိုင်အောင်ထိန်းနိုင်တယ်။
.
မေး။ ။ နိုင်အောင်မထိန်းနိုင်တာ ဘယ်အချိန်ကလဲဘုရား။
.
နိုင်အောင်မထိန်းနိုင်တာကတော့ အခုနောက်ပိုင်း အဲဒီ၊ ခန့်မှန်းခြေတော့ ၁၉၈၈ – ၉၉ ခုနောက် ပိုင်းလောက်မှာ နည်းနည်းလေး တဖြည်းဖြည်း လျော့ရဲလာတယ်။ ခုန ဆရာတော် ပြောသလိုလေ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ လာဘ်စားမှုတွေ ဘာတွေက ရှိလာတော့ နောက်ပိုင်းကျတော့ အခု ၂၀၁၀ ပေါ်မှာကျတော့ ပိုများလာတယ်လေ၊ ရခိုင်အရေးအခင်းတို့ မိတ္ထီလာအရေးအခင်းတို့၊ ဥက္ကံအရေးအခင်းတို့ ပေါ်လာတယ်၊ ဒါတွေက သိသိသာသာ ထင်ရှားလာတယ်။
.
မေး။ ။အရှင်ဘုရားခုနက ရှင်းပြသလိုဆို ၁၉၉၉ နောက်ပိုင်းမှာ ပြဿနာတွေစဖြစ်ပြီဆိုတော့ ဒီပြဿနာတွေနဲ့ ပတ်သက်လို့ အဓိက တာဝန်ရှိတဲ့သူတွေဟာ ဘယ်သူတွေများဖြစ်မယ်လို့ ဆရာတော်ဘုရားယူဆပါသလဲ ဘုရား။
.
ဒါကတော့ အစုံပဲ။ အဓိက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေဆိုတာကတော့ အားလုံး ပြည့်စုံအောင် ဖော်ပြဖို့ကတော့ သိပ်မလွယ်ဘူးပေါ့။ ဒါပေမဲ့ တာဝန်ရှိတဲ့ ထိန်းသိမ်းတဲ့ ပုဂ္ဂိုလ်တွေ၊ အခွင့်ထူးခံပုဂ္ဂိုလ်တွေ အဲဒီဥစ္စာတွေ အားလုံးပဲ ပါပါတယ်။ အဲဒီထဲမှာပဲ ကျန်တဲ့ပုဂ္ဂိုလ်တွေကလဲ ပူးပေါင်းမှု အားနည်းလာတဲ့ ပုဂ္ဂိုလ် တွေရှိတယ်။
.
မေး။ ။ အဓိက အစိုးရအာဏာပိုင်တွေကို ဆိုလိုတာလားဘုရား။ သို့မဟုတ် အခြား သာမန်ပြည်သူတွေကို ဆိုလို တာလားဘုရား။
.
အစိုးရအာဏာပိုင်တွေပေါ်မှာလည်း နည်းနည်းမူတည်တယ်။ အခွင့်ထူးခံ ပုဂ္ဂိုလ်တွေကလည်း အခွင့်အရေးများများ ယူလာတာလည်း ပါတယ်။ နောက်ပြီးတော့ ကျန်တဲ့ အာဏာပိုင်မဟုတ်တဲ့ ပြည်သူ တွေ၊ အတိုက်အခံတွေ၊ နိုင်ငံရေးသမားတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းတာတွေလည်းပါတယ်။
.
မေး။ ။ ဆရာတော်ဘုရားရှင်းပြတဲ့ အဲဒီအချိန်တုန်းကဆိုရင် တပည့်တော်တို့နိုင်ငံကို အန္တရာယ်ကျရောက်စေတဲ့ လူဦးရေ ၀င်ရောက်မှုတွေ ရှိလာပြီပေါ့နော်။ ရှိလာပြီဆိုတဲ့ အချိန်မှာ တာဝန်ရှိတဲ့လူတွေထဲမှာ ဥပမာ NLD
လို အဖွဲ့အစည်းမျိုးပေါ့။ အဲဒီ အဖွဲ့အစည်းကော ပါပါလား ဘုရား။
.
ခုနက ပြောသလို ပူးပေါင်းဆောင်ရွက်မှုပေါ့။ သူက ပူးပေါင်းဆောင်ရွက်မှုမရှိရင် သူလည်းပါ မှာပဲလေ။ ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့ ပုဂ္ဂိုလ်တွေအကုန်လုံး ပါတယ်လို့ ဆရာတော်တို့ ဆိုလိုတာပါ။
.
မေး။ ။ တင်ပါ့။ တပည့်တော်တို့နားလည်သလောက်ဆိုရင် အဲဒီအချိန်တုန်းက NLD ပါတီဆိုတာက ထောင်ထဲ ကိုထည့်ထားခံရတယ်။ လူတွေကိုဖမ်းထားတယ်။ ဒေါ်အောင်ဆန်းစုကြည်ဆိုလည်း နေအိမ် အကျယ်ချုပ်နဲ့။ အဲဒီလို အခြေအနေမျိုးမှာ သူတို့ အနေနဲ့ ဒီကိစ္စကို ဘယ်လိုများ ပူးပေါင်းပါဝင်လို့ ရနိုင်မလဲဘုရား။ ဆရာတော်ဘုရားရဲ့ အတွေ့အကြုံအရ မိန့်ပါဘုရား။
.
မဟုတ်ဘူးလေ ဆရာတော်က ဘယ်ကိုပါဝင်တယ်ဆိုတဲ့ဥစ္စာကို မပြောဘူး။ ပူးပေါင်းပါဝင်မှု မဟုတ်တဲ့ ပုဂ္ဂိုလ်တွေမှန်သမျှ ပါတယ်လို့ ပြောနေတာနော်။ ဘယ်နည်းနဲ့ပဲ ဖြစ်ဖြစ်ပေါ့။ ထောင်ထဲကျသည်ဖြစ်စေ။ မကျသည်ဖြစ်စေ။ ထိုက်သင့်သလောက် အကြံပေးလို့ရတယ်၊ ပြောဆိုလို့ရတဲ့ ဥစ္စာတွေရှိတယ်။ သူ့ကို ပါဝင်တယ်၊ မပါဝင်တယ်ဆိုတာမျိုး ဆရာတော်ပြောလိုတာ မဟုတ်ဘူး။ ဒီအကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာမှုမှာ ကိုင်တွယ်မှုတွေမှာ ပြည်သူတွေပေါ်မှာလည်း တာဝန်ရှိသလို အုပ်ချုပ်ရေးပေါ်မှာလည်း တာဝန်ရှိတယ်။ အဲဒီထဲမှာ ပါဝင်မှုမပါတဲ့ ပုဂ္ဂိုလ်တွေ မှန်သမျှဟာ ပူးပေါင်းတယ်ဆိုတဲ့ သဘောလည်းပြောလို့ရ တယ်။ ဘယ်ပုဂ္ဂိုလ်တွေရယ်လို့ မဟုတ်ဘူး။ အားလုံးပဲ။
.
မေး။ ။ ဆရာတော်ဘုရားလည်းရှင်းပြသွား သလိုဆိုရင် ၁၉၆၂ ရှေ့ပိုင်းမှာ တိုင်းပြည်ရဲ့ ဘာသာသာသနာမှာ စွန်းတာထင်းတာတွေ သိပ်ပြီးတော့ အဖြစ်နည်းခဲ့တာပေါ့။ ၁၉၆၂ နောက်ပိုင်း ပြန်ကြည့်လိုက်လို့ရှိရင် တပည့်တော်တို့ တိုင်းပြည်ဟာ အခြားသောနိုင်ငံတွေနဲ့နှိုင်းယှဉ်လို့ မရအောင် အများကြီးနိမ့်ကျသွားတဲ့ အခြေအနေတွေ ဖြစ်ခဲ့ပါတယ် ဘုရား။ ဒီတော့ ပြည်သူအားလုံးက ဒီတိုင်းပြည်ကြီးကို ပြန်ပြီး ဖွံ့ဖြိုးစေချင်တယ်။ တိုးတက်စေချင်တယ်။ လွတ်လွတ်လပ်လပ်နဲ့ နေချင်ကြတဲ့အခါကျတော့ ရွေးကောက်ပွဲကြီးကိုမျှော်ကြတာ ပေါ့ ဘုရား။ မျှော်ကြတော့ ရွေးကောက်ပွဲကြီးမှာ လွတ်လွတ်လပ်လပ် မဲပေးချင်ကြတာပေါ့။ ဒါပေမဲ့ တစ်ဖက်မှာ ဖြစ်နေတာက အထူးသဖြင့် မဘသဆရာတော် တော်တော်များများက မျိုးစောင့်ဥပဒေနဲ့ပတ်သက်ရင် လွှတ်တော်ထဲမှာ ဆွေးနွေးစဉ်ကာလတုန်းက NLD အမတ်တွေက ဒါကို ကန့်ကွက်ဆွေးနွေးတာတွေရှိ ခဲ့တယ်။ အဲဒီလိုဆန့်ကျင်ဆွေးနွေးခဲ့တဲ့အတွက် လာမဲ့ရွေးကောက်ပွဲမှာ NLD ကိုမဲမပေးပါနဲ့လို့ ပြောဆိုစည်းရုံးတာတွေ ရှိနေပါတယ်ဘုရား။ ဆိုတော့ ပြည်သူတွေလွတ်လပ်ပိုင်ခွင့်ကို ဒီလိုမျိုးဘယ်သူ့ကိုမဲပေးပါ၊ ဘယ်သူ့ကိုမပေးပါနဲ့လို့ ပြောဆိုတာဟာ သင့်တော်ပါရဲ့လား။
.
( အခြားသံဃာတစ်ပါး – ဘုန်းကြီးတွေက အမိန့်ပေးလို့မှမရတာ။ အသိပညာပေးတာပဲရှိတယ်။)
နမူနာတစ်ခု ဆရာတော်ပြောမယ်။ ဒေါ်အောင်ဆန်းစုကြည် ကယားပြည်ခရီးစဉ်မှာ တစ်သီးပုဂ္ဂလတွေကို မဲမပေးနဲ့လို့ သူက ပိတ်ပင်တယ်။ သူက ပိတ်ပင်ခွင့်ရှိသလား။ အဲဒီသဘောမျိုးပေါ့။ ကိုယ့်အမျိုးဘာသာ သာသနာကို အန္တရာယ်ဖြစ်လာမဲ့ မည်သူ့ကိုမဆို ထိုက်သင့်သလောက် ဒါကတော့ ရှောင်ရှားဖို့လိုအပ်မယ်။ မရှောင်ရှားရင် သူတို့ကို အမျိုးဘာသာ သာသနာဖျက်တဲ့ ပုဂ္ဂိုလ်လက်ထဲထည့် ပေးသလို ဖြစ်မှာပေါ့။ ဘယ်ပုဂ္ဂိုလ်ရယ်လို့ NLD ရယ်လို့ ပြောတာမဟုတ်ပါဘူး။ အမျိုးဘာသာ သာသနာဖျက်မဲ့ သူတွေကိုတော့ ရှောင်ရှားဖို့လိုအပ်တယ်။ သူကဖျက်မလား မဖျက်ဘူးလား။ မဖျက်ရင် ရှောင်ရှားစရာမလိုဘူး။ ဖျက်ရင်တော့ ရှောင်ရှားဖို့လိုအပ်မယ်ပေါ့။
.
မေး။ ။ နောက်ဆုံးပေါ့ ဘုရား။ ဆရာတော်ဘုရားရဲ့ တစ်ပါးချင်း အမြင်ဆိုရင်ပေါ့။ ဆရာတော်ဘုရားရဲ့ ၀ါတော်သက်တော် ကြီးရင့်မှုအရ မြင်တွေ့ရပြီ ထင်ပါတယ်။ တပ်မတော်အစိုးရဆို ဘယ်သူတွေလဲ။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဆရာတော်တွေ့ခဲ့တယ်။ NLD ဆရာတော်တွေ့ခဲ့တယ်။ ဆရာတော် တစ်ပါးချင်းအနေနဲ့ NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးဘာသာ သာသနာကို ဖျက်ဆီးမဲ့ ပုဂ္ဂိုလ်တွေရဲ့ ပါတီလို့ယူဆပါသလား။
.
ဒါတွေက ဆရာတော်တို့က ပုဂ္ဂိုလ်တိုက်ရိုက်၊ ပါတီတိုက်ရိုက်ကို မပြောလိုပါဘူး။ အမျိုးဘာသာ သာသနာအတွက် အကျိုးပြုတဲ့ပုဂ္ဂိုလ်လား အကျိုးမပြုတဲ့ပုဂ္ဂိုလ်လား။ လက်ရှိလုပ်ငန်းပေါ်မှာပဲ အကျိုးပြုသလား အဲဒီ စံအပေါ်မှာပဲ မူတည်ပြီး အကျိုးမပြုဘူး အနှောင့်အယှက် ဖြစ်လာတယ်ဆိုရင်တော့ ဒီပုဂ္ဂိုလ်က ထိုက်သင့်သလောက်တော့ ရှောင်ရှားဖို့ လိုအပ်မယ်။ အကျိုးပြုတဲ့ ပုဂ္ဂိုလ်ဆိုရင်တော့ လက်တွဲဖို့ လိုအပ်တယ်ဆိုတဲ့ သဘောပေါ့။ ဆရာတော် တစ်နေ့ကပဲ ကယားပြည်နယ် မော်ချီးဒေသ ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ကယ်ဆယ်ဖို့ လုပ်ရင်း အဲဒီထဲမှာ သဘောထားထုတ်ပြန်ချက် တစ်ခု ထည့်လိုက်ပါတယ်။ အဲဒီမှာတွေ့ပါလိမ့်မယ်။ တကယ်တော့ လက်ရှိ လူတစ်စုကောင်းစားရေး အာဏာရှင်စနစ်ကတော့ ပြောင်း လဲရေးလိုအပ်နေပြီ။ ဒါပေမဲ့ အမျိုးသားရေးလက္ခဏာ မပျောက်ပျက်ဖို့ အရေးကြီးတယ်။ အမျိုးသားရေးလက္ခဏာဆောင်တဲ့ အပြောင်းအလဲဖြစ်ဖို့ လိုအပ်တယ်ဆိုတဲ့သဘောမျိုး ဆရာတော်ပြော ပြီးပြီ။ ဆရာတော်တို့က အာဏာရှင်ကိုလည်း မလိုလားဘူး။ အပြောင်းအလဲလိုအပ်တယ်။ အပြောင်းအလဲ ဆိုတာက ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်ဘာသာ သာသနာအတွက် အကျိုးပြုမဲ့ အပြောင်းအလဲ ဖြစ်စေချင်တယ်။ ကိုယ့်လူမျိုး ကိုယ့်ဘာသာသာသနာအတွက် အန္တရာယ်ဖြစ်စေမဲ့ အပြောင်းအလဲမျိုးကိုတော့ ရှောင်နိုင်သလောက် ရှောင်ဖို့ လိုအပ်မယ်။ ဒါ ဆရာတော်တို့က မဲဆွယ်ပိုင်ခွင့် မရှိဘူး။ အသိပေးတာပဲ ရှိတယ်။
.
ဘယ်သူ့ကိုမဲပေးပါ ဘယ်သူ့ကိုမဲမပေးပါနဲ့ ဆိုတာတော့ မပြောပါဘူး။
.
မွန်းတည့်နေဂျာနယ် အတွဲ ၂ ၊ အမှတ်(၃၂) မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
Author: M-Media
-
ဟစ်တလာကို လွတ်ငြိမ်း ချမ်းသာ ခွင့်ပေးချင်သူ အစ္စရေး ၀န်ကြီးချုပ် နေတန်ယာဟု
အောက်တိုဘာ ၂၃ ၊ ၂၀၁၅
M-Media
လေးမောင် တင်ဆက်သည်။
.
– ဂျူးလူမျိုးအားလုံးကို သုတ်သင်ဖို့ဆိုတဲ့ ကြိုးပမ်းမှုအတွက် နောက်ဆုံး ဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်ခဲ့တာဟာ အဒေါ့ဖ် ဟစ်တလာ ခေါင်းဆောင်တဲ့ နာဇီဂျာမနီသာ ဖြစ်တယ်ဆိုတာ မေးခွန်းထုတ်စရာမလိုတဲ့ ကိစ္စတစ်ခုပါ။
.
ဒါပေမယ့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ ဒီသဘောထားဟာ ဟစ်တလာရဲ့ သဘောထားမဟုတ်ဘဲ ၁၉၄၁ ခုနှစ်မှာ ဟစ်တလာနဲ့ တွေ့ဆုံခဲ့တဲ့ အဲဒီအချိန်က ဂျေရုစလင်မွဖ်သီ ဟဂ်ျ အေမင် အလ်-ဟူစိန်နီက အကြံပေးခဲ့တာဖြစ်တယ်လို့ အံ့အားသင့်ဖွယ် ပြောဆိုခဲ့ပါတယ်။
.
“အဲဒီအချိန်တုန်းက ဟစ်တလာဟာ ဂျူးလူမျိုးတွေကို လူမျိုးတုန်း မသုတ်သင်ချင်ပါဘူး။ မောင်းပဲ မောင်းထုတ်ချင်ခဲ့တာ။ ဒါပေမယ့် ဟဂ်ျ အေမင် အလ်ဟူစိန်နီက ဟစ်တလာဆီသွားပြီး ‘သူတို့ကို မောင်းထုတ်ရင်၊ သူတို့ ပါလက်စတိုင်းကို ရောက်လာမှာပေါ့’ (လို့ ပြောခဲ့တယ်) ‘ဒါဆို ဘယ်လိုလုပ်ရမလဲ’ လို (ဟစ်တလာက) ပြန်မေးတဲ့အခါ (ဟူစိန်နီက) ‘မီးရှို့ပစ်လိုက်’ လို့ ပြန်ဖြေခဲ့တယ်” လို့ အောက်တိုဘာ ၂၀ ရက်နေ့ ဂျရုစလင်မှာ ပြုလုပ်တဲ့ ၃၇ ကြိမ်မြောက် ဇီယွန်ကွန်ဂရက်မှာ နေတန်ယာဟုက ပြောကြားခဲ့ပါတယ်။
.
ဟူစိန်နီဟာ အဲဒီအချိန်တုန်းက ပါလက်စတိုင်းခေါင်းဆောင် တစ်ယောက် ဖြစ်ခဲ့ပြီး ပါလက်စတိုင်းသမိုင်းမှာ ထင်ရှားတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။အထောက်အထားမဲ့
———————
နေတန်ယာဟုရဲ့ ဒီ သွားပုပ်လေလွင့်ပြောကြားမှုကို သက်သက်ပြနိုင်တဲ့ ဗီဒီယို၊ အသံမှတ်တမ်း ရေးသားချက်တွေ ဘာဆိုဘာမှ မရှိပါဘူး။ (နေတန်ယာဟုကတော့ ဟစ်တလာရဲ့လက်ထောက် အိုက်ခမန်းက တရားစီရင်မှုမှာ ထွက်ဆိုခဲ့တာလို့ ဆိုပါတယ်)
.
ပါလက်စတိုင်းတွေအပေါ် အစ္စရေးရဲ့ ဖိနှိပ်မှုတွေကို ကာကွယ်ဖို့ ရမယ်ရှာ ပြောဆိုလေ့ရှိတဲ့ နေတန်ယာဟုရဲ့ ဒီစကားအတွက် အစ္စရေးနဲ့ ပါလက်စတိုင်းဒေသတွေမှာပါ ဝေဖန်သံတွေ ညံခဲ့ပါတယ်။
.
တစ်ချို့ကတော့ နေတန်ယာဟုဟာ စက်ဆုပ်စရာအကောင်းဆုံး ဟိုလိုကော့စ် (ဂျူးများအား လူမျိုးတုန်းသတ်ဖြတ်ရန် နာဇီတို့၏ အစီအစဉ်) ကနေ ဟစ်တလာကို ဖယ်ထုတ်လိုက်ပြီး ဓာတ်ငွေ့ခန်းတွေ၊ လက်ဖြောင့်တပ်ဖွဲ့တွေသုံး ဂျူး ၆ သန်းကျော်ကို စနစ်တကျ သတ်ဖြတ်မှုအတွက် ဟူစိန်နီကို အပြစ်တင်လိုက်တာပဲလို့ ဝေဖန်ခဲ့ကြပါတယ်။
.
ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ PLO အတွင်းရေးမှူး ဗိုလ်ချုပ် စအီဘ် အီရာကသ်က နေတန်ယာဟုရဲ့ ဒီအခြေအမြစ်မရှိ ပြောကြားမှုကို ငြင်းပယ်ခဲ့ပါတယ်။ တကယ်တော့ နာဇီတွေက ဂျူးတွေကို နှိပ်ကွပ် သတ်ဖြတ်နေတာတွေ ရပ်တန့်စေဖို့ ပါလက်စတိုင်းတွေဟာ မဟာမိတ်တွေနဲ့အတူ ရှေ့တန်းက ပါဝင်တိုက်ခိုက်ခဲ့ကြသူတွေပါ။
.
“နာဇီအာဏာရှင်တွေကို တွန်းလှန်ဖို့အတွက် ပါလက်စတိုင်းတွေရဲ့ ကြိုးပမ်းမှုတွေဟာ ကျွန်တော်တို့ရဲ့ ဖျောက်ဖျက်လို့မရတဲ့ သမိုင်းကြောင်း အစိတ်အပိုင်းတစ်ခုပါပဲ” လို့ အီရာကသ်က ပြောခဲ့ပါတယ်။
.
ပြီးခဲ့တဲ့ သီတင်းပတ်တွေကနေ စတင်လာခဲ့တဲ့ ပါလက်စတိုင်းပိုင်နက်အတွင်းက တင်းမာမှုတွေကို တည်ငြိမ်စေဖို့ အတွက် နေတန်ယာဟုအနေနဲ့ လက်လွတ် စပယ်ပြောဆိုတာတွေ မလုပ်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်နဲ့ ကမ္ဘာ့ခေါင်းဆောင်တွေက တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်မျိုး တိုက်တွန်းထားတဲ့အချိန်မှာ နေတန်ယာဟုက ဒီလိုပြောလိုက်တာ ဖြစ်ပါတယ်။
.
“(နေတန်ယာဟုရဲ့) ဆိုးရွားတဲ့ ဒီမှတ်ချက်တွေဟာ တရားမျှတမှုနဲ့ တည်ငြိမ်အေးချမ်းမှုကို အလိုအပ်ဆုံးဖြစ်နေတဲ့ ဒီနေ့အချိန်မှာ ကွဲပြဲမှုကို ပိုပြီး နက်ရှိုင်းစေပါတယ်။ ဒီမှတ်ချက်တွေဟာ နိုင်ငံရေးပြဿနာကို ဘာသာရေးအသွင်ဆောင်ဖို့ မီးထိုးပေးလိုက်သလိုဖြစ်ပြီး ပါလက်စတိုင်းပိုင်နက်ကို ထပ်မံကျူးကျော်သိမ်းပိုက်ဖို့နဲ့ ပါလက်စတိုင်းတွေအပေါ် အကြမ်းဖက်မှုတွေ ဆက်လုပ်ဖို့ သူ့ရဲ့ရည်ရွယ်ချက်ကို ထင်ထင်ရှားရှား ဖော်ပြလိုက်တာလည်းဖြစ်ပါတယ်” လို့ အီရာကသ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
.
အန္တရာယ်ရှိသော သမိုင်းရုပ်ဖျက်မှု
———————————–
နေတန်ယာဟုရဲ့ ဒီပြောကြားချက်တွေကို အစ္စရေးတွေကိုယ်တိုင်က ဆန့်ကျင်ခဲ့ကြပါတယ်။ နိုင်ငံရဲ့ အဓိကအတိုက်အခံ ဇီယွန်နစ်ပါတီ အကြီးအကဲ အိုက်ဇက် ဟာဇော့ဂ်က နေတန်ယာဟုဟာ အစ္စရေး ၀န်ကြီးချုပ်ဖြစ်ရုံသာမက ဂျူးလူမျိုးတွေရဲ့ဝန်ကြီးချုပ် ဖြစ်တယ် ဆိုတာကို မေ့သွားပြီးလို့ ဆိုပါတယ်။
.
“ဒါဟာ အန္တရာယ်ရှိတဲ့ သမိုင်းရုပ်ဖျက်မှုပါ။ ဒါကို မဆိုင်းမတွပြင်ဆင်ဖို့ နေတန်ယာဟုကို ကျွန်တော် တိုက်တွန်းပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ သူ့ရဲ့ ပြောကြားမှုတွေက ဟိုလိုကော့စ်အဖြစ်အပျက်ကို သေးနုပ်စေပြီး၊ ဒီအဖြစ်အပျက်အတွင်းမှာ ကျွန်တော်တို့ လူမျိုးတွေအပေါ် နာဇီတွေနဲ့ အာဏာရှင် ဟစ်တလာတို့က စီစဉ်ခဲ့တဲ့ ဆိုးရွားတဲ့ ဖြစ်ရပ်ဆိုးတွေ ကိုလည်း သေးနုပ်စေခဲ့ပါတယ်။ နောက်ပြီး ဟိုလိုကော့စ် ငြင်းပယ်သူတွေကို ဂွင်ဆင်ပေးလိုက်သလို ဖြစ်နေပြီး သူတို့ကို ပါလက်စတိုင်းတွေနဲ့ ပဋိပက္ခတွေဖြစ်အောင် လုပ်ပေးလိုက်တာပါပဲ” လို့ ဟာဇော့ဂ်က ဆိုပါတယ်။
.
ကမ္ဘာကလည်း ပြောပြီ
—————————
ကမ္ဘာတစ်ဝှမ်းက ပညာရှင်တွေ၊ ဂျူးတွေ၊ အနုပညာရှင်တွေကလည်း နေတန်ယာဟုရဲ့ ဒီမှတ်ချက်တွေကို ရှုတ်ချခဲ့ကြပါတယ်။
.
အင်္ဂလန်မှာရှိတဲ့ လက်စတာတက္ကသိုလ်က ခေတ်သစ် ဥရောပနှင့် ဂျူးသမိုင်းပညာရှင် ကလော်ဒီယာ ပရက်စ်တဲလ်က ဟစ်တလာ ဂျူးတွေကို သတ်ဖြတ်ဖို့ ဆုံးဖြတ်ချက်မှာ ပါလက်စတိုင်းမွဖ်သီ ဟူစိန်နီက လွှမ်းမိုးမှုရှိတယ်ဆိုတဲ့အကြောင်း သူမ ဘယ်တုန်းကမှ မကြားဖူး၊ မဖတ်ဖူးဘူးလို့ ဆိုပါတယ်။
.
“ဂျူးတွေကို နာဇီတွေက မောင်းထုတ်နေတာ၊ သတ်ဖြတ်နေတာတွေ ကောင်းကောင်း ဖြစ်နေတဲ့အချိန်မှ မွဖ်သီက ဘာလင်ကို ရောက်လာ ခဲ့တာပါ။ (ပါလက်စတိုင်းကို သိမ်းပိုက်ထားတဲ့) ဗြိတိန်ကို ဆန့်ကျင်တဲ့အတွက် နာဇီကို ထောက်ခံတာကိုတော့ ထည့်တွက်လို့ မရပါဘူး” လို့ ပရက်စ်တဲလ်က ပြောခဲ့ပါတယ်။
.
အစ္စရေး-ပါလက်စတိုင်း သုတေသနနဲ့ သတင်းအချက်အလက်စင်တာကို တည်ထောင်ခဲ့သူ ဂါရှန် ဘတ်စ်ကင်ကလည်း နေတန်ယာဟုရဲ့ ဒီလိုပြောကြားမှုဟာ ပါလက်စတိုင်း ခေါင်းဆောင်ပိုင်းက နာဇီတွေနဲ့ ဆက်စပ်မှုရှိနေတယ်ဆိုတဲ့ အစ္စရေးက အရပ်ပြောစကားတွေကို ခိုင်မာစေဖို့ ဆောင်ရွက်လိုက်တာလို့ ဆိုပါတယ်။
.
“မနေ့က (အောက်တိုဘာ ၂၀ရက်နေ့က) ဘန်ကီမွန်နဲ့ သတင်းစာရှင်းလင်းပွဲ လုပ်တဲ့အခါမှာ နေတန်ယာဟုက (ပါလက်စတိုင်းသမ္မတ) အဘတ်စ်ဟာ ဟားမက်စ်နဲ့ IS အဖွဲ့လိုမျိုးသာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဒါတွေအားလုံးဟာ လှုံ့ဆော်မှုတွေသာဖြစ်ပြီး ယုတ္တိမရှိတဲ့ ကိစ္စတွေပါပဲ” ဘတ်စ်ကင်က ဆိုပါတယ်။
.
“လူတိုင်းက သူ့ကို ကောင်းကောင်း ပြောနေကြပါတယ်။ Facebook နဲ့ Twitter တွေမှာ သွားပြီး နေတန်ယာဟုကို ဟီဘရူးဘာသာ စကားနဲ့ပြောထားတဲ့ မှတ်ချက်တွေကို ကြည့်ရင် သိရပါလိမ့်မယ်။ သူဟာ သမိုင်းဆရာရဲ့ သားဖြစ်ပေမယ့်၊ သမိုင်းကို နကန်းတစ်လုံးမှ မသိတဲ့ လူတစ်ယောက်ပါပဲ”
.
ဗြိတိန်က ဂျူးလူရွှင်တော် ဒေးဗစ် ရှနိုက်ဒါကလည်း နေတန်ယာဟုကို Twitter ကနေတစ်ဆင့် လှောင်ပြော ပြောခဲ့ပါတယ်။
.
“သေချာတာပေါ့ နေတန်ယာဟုရေ။ ဟစ်တလာဆိုတဲ့လူက အမြဲတမ်း ပေါ့ပေါ့နေပေါ့ပေါ့စား၊ နမော်နမဲ့ လူမျိုးမှတ်လား။ ဂျူးတွေကို ဘယ်လိုလုပ်ရမလဲဆိုတဲ့ ကိစ္စမှာ အကြံတွေဘာတွေ ယူချင်မှာပေါ့”
.
ဂျာမနီ အဓိပတိ မာကဲလ်လည်း မနေသာတော့
——————————
ဂျေရုစလင်မှာ ပြောခဲ့တာကို အားမရသေးတဲ့ နေတန်ယာဟုဟာ အောက်တိုဘာ ၂၁ ရက်နေ့ ဘာလင်ကို ရောက်လာပြီးတဲ့ နောက်ပိုင်းမှာလည်း ဟိုလိုကော့စ် အတွက် တာဝန်ရှိသူဟာ ဟစ်တလာဖြစ်တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်သလို ဟူစိန်နီရဲ့ ပါဝင်ပတ်သက်မှုကိုလည်း ငြင်းဆန်လို့ မရဘူးလို့ ဆိုပါတယ်။
.
ဂျာမန်ဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်ကတော့ နေတန်ယာဟုရဲ့ စည်းလွတ်ဝါးလွတ်ပြောကြားမှုကို လက်မခံခဲ့ဘဲ ဟိုလိုကော့စ်အတွက် ဂျာမနီသာလျှင် တာဝန်ရှိတယ်လို့ ပြတ်ပြတ်သားသား ပြောခဲ့ပါတယ်။
.
“သမိုင်းအပေါ် ကျွန်မတို့ရဲ့ ရှုမြင်ပုံကို ပြောင်းလဲစရာ ဘာအကြောင်းမှ မရှိပါဘူး။ အထူးသဖြင့် ဒီပြဿနာနဲ့ ပတ်သက်လို့ပေါ့။ ဟိုလိုကော့စ်အတွက် ကျွန်မတို့ ဂျာမနီသာ တာဝန်ရှိတယ်ဆိုတာကို လက်ခံပါတယ်” လို့ နေတန်ယာဟုရှေ့မှာပဲ မာကဲလ်က ပြောကြားခဲ့ပါတယ်။
.
သမိုင်းကြောင်း
———————-
ဟစ်တလာရဲ့ ဂျူးဆန့်ကျင်ရေးသဘောထားဟာ မှတ်တမ်း အတိအကျ ရှိနေပါတယ်။ အဲဒီတစ်ထဲက တစ်ခုကတော့ ၁၉၁၉ ခုနှစ်မှာ ဂျာမနီ ကြည်းတပ်က စစ်ဗိုလ်တစ်ယောက်ဆီကို ဟစ်တလာရေးတဲ့စာထဲမှာ ဂျူးဆိုတာ ဘာသာတရားမဟုတ်ဘဲ လူမျိုးတစ်မျိုးသာဖြစ်ပြီး အဲဒီလူမျိုးဟာ ဂျာမနီလူ့အဖွဲ့အစည်းကို ခြိမ်းခြောက်နေတယ်လို့ ပြောင်ပြောင်ပဲ ရေးသားဖော်ပြထားပါတယ်။
.
“နောက်ဆုံးရည်ရွယ်ချက်ကတော့ ဂျူးတွေကို ရှင်းပစ်ဖို့ပါပဲ။ ဒီရည်ရွယ်ချက်တွေ အောင်မြင်ဖို့ တစ်နိုင်ငံလုံးအပေါ် သြဇာသက်ရောက်တဲ့ အစိုးရတစ်ခုတည်းကသာလျှင် လုပ်နိုင်ပါလိမ့်မယ်” လို့ ဟစ်တလာက အဲဒီစာထဲမှာ ရေးသားခဲ့ပါတယ်။ ဒီစာကိုတော့ နုရင်ဘတ်က နာဇီမော်ကွန်းတိုက်မှာ တွေ့ခဲ့ရတာဖြစ်ပြီး အခုတော့ Simon Wiesenthal Center မှာ ရှိနေပါတယ်။
.
နောက်ဆုံးမှာ ဟစ်တလာဟာ အဲဒီလိုအစိုးရမျိုးကို ဦးဆောင်နိုင်ခဲ့ပြီး ဥပဒေပြဌာန်းခြင်း၊ ဂတ်တိုတွေထဲကို မောင်းထုတ်ခြင်း၊ လက်ဖြောင့်တပ်သားတွေနဲ့ပစ်သတ်ခြင်း၊ မရဏစခန်းတွေထဲမှာ သတ်ဖြတ်ခြင်းတွေကနေ တစ်ဆင့် ဂျူးကင်းစင်ရေး ပေါ်လစီတွေကို အကောင်အထည် ဖော်ခဲ့ပါတယ်။ ဒီလုပ်ရပ်တွေဟာ ပါလက်စတိုင်းမွဖ်သီ ဟိုစိန်နီနဲ့ မတွေ့ဆုံခင်ကတည်းက အကောင်အထည်ပေါ်နေတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။
.
အင်္ဂလိပ်ကိုလိုနီဖြစ်နေတဲ့ ပါလက်စတိုင်းနယ်မြေ လွတ်မြောက်ရေးအတွက် ကြိုးပမ်းတဲ့ ဟူစိန်နီကို အင်္ဂလိပ်နဲ့ ပြင်သစ်တို့က ဖမ်းဖို့ ကြိုးစားရာမှာတော့ ဟူစိန်နီတစ်ယောက် ထွက်ပြေးခဲ့ရပြီး နောက်ဆုံးမှာ ဂျာမနီကို ရောက်လာခဲ့ပါတယ်။ နောက်ပြီး ဟစ်တလာနဲ့လည်း ၁၉၄၁ ခုနှစ်မှာ တွေ့ဆုံခဲ့ပါတယ်။
.
ဒါပေမယ့် သူ ဒီလိုတွေ့ဆုံတဲ့အချိန်မှာ ဒုတိယကမ္ဘာစစ်အတွင်း နာဇီတွေက ဂျူးတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေဖြစ်တဲ့ ဘာဘီယာရ် (Babi Yar)၊ ဂျက်ဝါဘ်နီ (Jedwabne) တို့လို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေဟာ လအတော်ကြာ ကတည်းက ဖြစ်ခဲ့ပြီးပါပြီ။
.
မီးလောင်ရာလေ့ပင်
———————–
အစ္စရေးစစ်သားတွေနဲ့ ဂျူးအစွန်းရောက်တွေဟာ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက အလ်အက်ဆွာ ဗလီဝတ်ကျောင်းတော်ကို ပြီးခဲ့တဲ့လမှာ ၀င်ရောက်စီးနင်းခဲ့ပြီးနောက်ပိုင်း ပါလက်စတိုင်းပိုင်နက်တွေအတွင်းမှာ မငြိမ်မသက်ဖြစ်နေတဲ့အချိန် နေတန်ယာဟုရဲ့ ဒီလို ပြောဆိုမှုဟာ တင်းမာမှုတွေ ပိုပြီး မြင့်တက်လာအောင် မီးလောင်ရာ လေပင့်ပေးလိုက်တာပါပဲ။
.
ဂျူး-မွတ်စလင် ချစ်ကြည်ရေးကို မြှင့်တင်ဆောင်ရွက်ပေးနေတဲ့ မန်ဟက်တန်ကောလိပ်က မဟ်နဇ် အက်ဖ်ရီဒီက ဒီလိုအချိန်မျိုးမှာ ဒီလိုမှတ်ချက်တွေဟာ တော်တော်လေး ဆိုးဆိုးဝါးဝါး ဖြစ်စေတယ်လို့ ဆိုပါတယ်။
.
အရှေ့အလယ်ပိုင်းက မွတ်စလင်တွေဟာ ဟိုလိုကော့စ်ကို မငြင်းပယ်ကြပေမယ့် ဥရောပက ပြုလုပ်လိုက်တဲ့ ဒီရာဇ၀တ်မှုကြောင့် ဆယ်စုနှစ်ချီ ကြာလာတဲ့ အခုအချိန်မှာ အစ္စရေးရဲ့ ဗိုလ်ကျမှုကို ခံနေရတယ်လို့ ရှုမြင်နေကြပါတယ်။ ဒါ့ကြောင့် ဂျူးတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ နာဇီတို့ရဲ့လုပ်ရပ်ကို ထင်ရှားတဲ့ ပါလက်စတိုင်း ပညာရှင်တစ်ဦးနဲ့ ဆွဲချိတ်လိုက်တာဟာ လက်ရှိ မတည်ငြိမ်တဲ့ အခြေအနေကို ပိုဆိုးအောင် လုပ်လိုက်တာပဲလို့ အများစုက ရှုမြင်နေကြပါတယ်။
.
“ကျွန်တော်တို့ ဒါမျိုး မလိုချင်တော့ပါဘူး။ ဒီလိုပြောတာဆိုတာဟာ ဒေါသတွေ၊ မခံချင်စိတ်တွေနဲ့ မှားယွင်းတဲ့ အချက်အလက်တွေကိုသာ ပိုပြီးဖြစ်စေပါတယ်” လို့ အက်ဖ်ရီဒီက ပြောကြားခဲ့ပြီး ဟူစိန်နီဟာ ဟစ်တလာနဲ့ တစ်ကြိမ်သာ တွေ့ဆုံခဲ့တယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ (တကယ်တော့ ဟစ်တလာ တစ်ခိုးထွားနေတဲ့အချိန်မှာ ကမ္ဘာပတ်ပြီး နယ်မြေသိမ်းပိုက်နေတဲ့ ဗြိတိန်အပါအ၀င် ကမ္ဘာ့ခေါင်းဆောင်တွေဟာ ဂျာမနီကို တကူးတကသွားရောက်ပြီး ဟစ်တလာနဲ့တွေ့ဆုံတာ သဘောတူညီချက်တွေ၊ စာချုပ်တွေ ချုပ်ဆိုခဲ့တဲ့ သမိုင်းမှတ်တမ်းတွေလည်း အထင်အရှား ရှိနေပါတယ်)
.
Ref: CNN,Aljazeera -
အုပ်စုဖွဲ့ဆောင်ရွက်ခြင်း (သို့မဟုတ်) Team Work
အောင်တိုဘာ ၂၁ ၊ ၂၀၁၅
M-Media
နှင်းဆီခင်ရေးသည်။
လူဆိုတာလောကအလယ်မှာ ထီးတည်းနေလို့ရတာမျိုး မဟုတ်လို့ အပေါင်းအသင်း မိတ်ဆွေဆိုတာ ရှိစမြဲပါပဲ။ ကိုယ်နှင့်သဟဇာတမျှပြီး ဆက်ဆံရေး အဆင်ပြေလွယ်ကူသူတွေရှိသလို မေးခွန်းတစ်ခွန်းဖြေတစ်ခွန်း၊ မျက်နှာမှုန်ကုပ်ကုပ်နှင့် ဆက်ဆံရေး ခက်သူတွေလည်း ရှိပြန်တယ်။ အရာခပ်သိမ်း ကိုယ့်သဘောဆန္ဒနှင့် ကိုက်ညီသူတွေချည်း ကြုံဆုံရဖို့ကတော့ အခက်သားလား။ တစ်ခါတစ်ရံမှာတော့ ကိုယ့်မိသားစုဝင်တွေကို အပထား။ ကိုယ့်စိတ်နှင့်ကိုယ့်ကိုယ်တောင်သိပ်ပြီး အဆင်မပြေချင်လှဘူး။ သူစိမ်းတစ်ရံဆိုလို့ကတော့ ဝေးလာဝေးပေါ့။ပထမအရွယ်ငယ်တုန်းကတော့ ပညာပြီး ပညာအရယူ ရှာဖွေကြရတဲ့အခါ ကိုယ်နှင့်အဆင်မချောတဲ့အတန်းဖော်တွေကို ကြုံရတတ်တယ်။ ပုံသေတော့ မဟုတ်ပေမယ့် ယေဘုယျ အနေနှင့်ကတော့ အကျိုးလိုတဲ့အခါ တစ်ရင်းတစ်နှီး ခင်မင်ချင်ဟန်ပြပြီး လိုဘပြည့်တဲ့အခါမှာတော့ လှည့်ကြည့်ဖော်မရတဲ့ လူစားမျိုးတွေ့ကြုံရတတ်တယ်။ခက်တာက ကိုယ့်ဘာသာ တစ်ယောက်တည်း လေ့လာသင်ယူလို့ချည်း မရနိုင်ပါဘူး။ အတန်းဖော်တွေနဲ့ရောထွေး ဆက်ဆံပြီး စုပေါင်းဆောင်ရွက်ရတာမျိုးတွေက ရှောင်လွဲလို့မရအောင် ရှိနေတတ်တာကိုး။ အဲဒီအခါ မနာလိုဝန်တိုစိတ်အားကြီးသူ၊ ကိုယ့်ကို မနာလိုဝန်တိုဖြစ်နေသူဆိုသလို ရှိနေနိုင်ပါတယ်။ အတူပူးပေါင်းဆောင်ရွက်ရတဲ့ ကျောင်းတွင်းကျောင်းပြင်တာဝန်တွေ ကိစ္စရပ်တွေမှာ ကိုယ်နှင့်စရိုက်တူတာ မတူတာ အမထားဆက်ဆံရသည်ပဲပေါ့။
ကောင်းပြီ။ ပညာသင်ယူရတဲ့ကျောင်းသူကျောင်းသား ဘဝက လွတ်မြောက်လာလို့ လုပ်ငန်းခွင်ဝင်ရတဲ့အခါကျပြန်တော့လည်း ဒီလိုပါပဲ။ လူအမျိုးမျိုး စိတ်ထားအမျိုးမျိုးရှိသူတွေနှင့်ဆက်ံရပြန်ရော။ လုပ်ငန်းသဘာဝအရ ဆက်စပ်နေတာဆိုတော့ စုပေါင်းပြီးအုပ်စုဖွဲ့ဆောင်ရွက်ရတဲ့အခါ အခက်အခဲတွေ အနည်းနှင့်အများကြုံရတဲ့သဘော။ အစစအဆင်ပြေပြီးလုပ်ငန်းခွင်မှာ လုပ်ငန်းခွင်မှာပျော်မွေ့နေသူ မရှိမဟုတ် ရှိတယ်။ ဒါပေမယ့် ရှားတော့ရှားတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ စုပေါင်းဆောင်ရွက်ရတဲ့အခါ မလွှဲမရှောင်သာကြုံဆုံရတာတွေအတွက် ထွက်ပေါက်ရှာနည်းလမ်းတွေ အသုံးပြုဖို့တော့ လိုပါလိမ့်မယ်။
လူ့သဘာဝအရစရိုက်တွေရှိကြပါတယ်။ အဲဒီအထဲမှ ဖော်ရွေခင်မင်တတ်သူတွေလည်း မနည်းမနောရှိနေတတ်တယ်။ အဲဒီသူတွေမှာ မိတ်ဆွေအပေါင်းအသင်းကတော့ များမှများပေါ့။ ဒါပေမယ့် တချို့ကျပြန်တော့ ပင်ကိုယ်သဘာအရ အေးဆေးတယ်။ တစ်ယောက်တည်းအထီးကျန်နေတတ်တယ်။ အဲဒီလိုလူစားမျိုးတွေအတွက် စုပေါင်းဆောင်ရွက်တတ်ဖို့ဆိုတာ တော်တော်ခဲယဉ်းတဲ့ အလုပ်မျိုးပါ။ စုပေါင်းဆောင်ရွက်ကြရတဲ့အခါ ကိုယ့်တာဝန်ကို ပိုင်ပိုင်နိုင်နိုင် မထမ်းဆောင်ရင် ပိုဆိုးတယ်။ တကယ်တော့ မလွှဲသာမရှောင်သာ စုပေါင်းဆောင်ရွက်ရတော့မယ်ဆိုရင် တာဝန်ယူတတ်တဲ့စိတ်ထားမျိုးကို မဖြစ်မနေမွေးမြူရမှာပါ။ ဒါဟာမရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်လို့ပါပဲ။
အုပ်စုဖွဲ့ဆောင်ရွက်တယ်ဆိုတာ သူများတကာတွေရဲ့ အပြုသဘော အပျက်သဘောဆောင်တဲ့ စရိုက်တွေကို ကျင့်သားရအောင် လုပ်ယူရတာပါပဲပေါ့။ သူတို့တစ်ဦးချင်စီရဲ့ စရိုက်သဘာ၊ အကျင့်စာရိတ္တကအစ နားလည်နိုင်အောင် ကြိုးစားရတော့မှာဖြစ်တယ်။ အဲဒီအခါ ကိုယ်က ဦးဆောင်ရတော့မယ်ဆိုရင်လည်း အကောင်းဆုံးဦးဆောင်မှုပေးနိုင်အောင် ကြိုးစားရလိမ့်မယ်။
နေ့စဉ်ဘဝမှာလည်း လူတွေနှင့် ဆက်ဆံမှုကနေ ရှောင်ပြေးချင်လို့လည်း မလွတ်တာပဲနော့။ ဒီတော့ ဘာလုပ်မလဲ။ အခက်အခဲတွေ အဆင်မပြေမှုတွေ ဖြစ်လာလေ မလားလို့တွေးပြီး စိုးရိမ်နေတာထက် အကောင်းဆုံးဦးဆောင်မှုပေးနိုင်အောင် ကြိုးစားရတော့မှာဖြစ်တယ်။ အဲဒီအခါ အရာရာမှာ ဦးဆောင်ဦးရွက်ပြုနိုင်တဲ့ အရည်အသွေးတွေ တိုးတက် ဖွံ့ဖြိုးလာမှာတော့ သေချာတယ်။ ကောင်းပြီ။ အုပ်စုဖွဲ့ဆောင်ရွက် ရတော့မယ်ဆိုရင် ဦးတည်ချက်ကဘာလဲဆိုတာ သိအောင်ဦးဆုံး လုပ်သင့်တယ်။ အဲဒီဦးတည်ချက်ကို ကိုယ့်ရဲ့အုပ်စုဝင်တွေသိအောင် ချပြပေးရမယ်။ ဘယ်သူ့မှာ ဘယ်လိုစရိုက်သဘာဝရှိတယ်၊ ဘယ်လိုအရည်အချင်းရှိတယ်ဆိုတာ ကိုယ်က ခွဲခြားသိမြင်ပြီး သင့်တော်သလို စီမံခန့်ခွဲရင်း တာဝန်ခွဲဝေပေးနိုင်ရမယ်။ ဒါဟာ အရေးကြီးဆုံးနှင့် အခြေခံအကျဆုံးဆောင်ရွက်မှုပါပဲ။ အုပ်စုဝင်တိုင်းဟာ လုပ်ငန်းပြီးမြောက်ဖို့ တာဝန်ရှိတယ်ဆိုတာရယ်၊ လူတိုင်းဟာ အရေးပါအရာရောက်တယ်ဆိုတာကို သူတို့အားလုံးသိပါစေ။ အလုပ်တစ်ခုကိုဆောင်ရွက်တဲ့အခါ ကိုယ်ကခေါင်းဆောင် သူတို့အားလုံးကငယ်သားဆိုတဲ့ သဘောမျိုး မပြောမဆိုမိဖို့နှင့် ခိုင်းစေတဲ့သဘောမျိုး မသက်ရောက်အောင်တော့ သတိပြုရမှာပါ။ စုပေါင်းဆောင်ရွက်ပြီး ရည်မှန်းချက်ပြည့်အောင် လုပ်ဆောင်နေတာပါဆိုတဲ့အသိကို မဖြစ်မနေအသိပေးရမယ်။
နားမလည်တာတွေ မရှင်းတာတွေ သူများ မကျွမ်းကျင်တာတွေကို ကိုယ်တိုင်ကူညီစဉ်းစားဖြေရှင်းပေးရင်း ရဲဘော်ရဲဘက် စိတ်ထားလို့ကတော့ သေချာတယ်။ အလုပ်အောင်မြင်မှာပါပဲ။ ကိုယ်တစ်ယောက်တည်း ဦးနှောက်ပူအောင် စဉ်းစားပြီး အဖြေရှာနေတာထက် အားလုံးစုပြီး ဆွေးနွေးမှု အကြိမ်ကြိမ်လုပ်တာ၊ အကြံဥာဏ်တွေ တင်ပြပြီး ဖလှယ်ယူကြတာ၊ မျှတတဲ့ ဝန်ဆောင်မှုတွေ လုပ်ကြတာဟာ စုပေါင်းဆောင်ရွက်ခြင်းအတွက် အောင်မြင်မှုရဖို့ ရာခိုင်နှုန်းတော်တော်များများ သေချာနေပါပြီ။ လူတိုင်းကိုသူတို့ရဲ့ကိုယ်ပိုင်အရည်အသွေးတွေ ထုတ်ဖော်ခွင့်ပေးတဲ့အခါ ပြောရဲဆိုရဲ ရှိလာကြမယ်။ ရင်းနှီးဖော်ရွေမှုရမယ်။ နောက်ပြီး အထီးကျန်နေတတ်တာမျိုးလည်း ရှိနိုင်မှာ မဟုတ်တော့ဘူး။
လူတိုင်းတာဝန်ကိုယ်စီယူတတ်လာတာနှင့်အမျှ သတ်မှတ်ကာလမှာ အလုပ်ပြီးမြောက်ဖို့ သေချာနေပါပြီး ဦးဆောင်ရသူမှာလည်း ဝန်ပိုပိနေတာမျိုး မရှိနိုင်တော့တာမို့ စိတ်ဖိစီးတင်းကျပ်မှုတွေလျော့ပါးသွားမှာ သေချာတယ်။ တစ်ဦးနှင့်တစ်ဦးအဆင်ပြေပြေဆက်ဆံပြီး လုပ်ငန်းအဆင်ချောဖို့ဆိုတာ နည်းနိဿယတွေ၊ စာအုပ်ကြီးအတိုင်းကူးချပြီး ဆောင်ရွက်ရတာမျိုး မဟုတ်ဘူးလေ။ ဒီတော့ ကိုယ်နှင့် ဆက်နွယ်နေသူတွေရဲ့ အရည်အသွေးကောင်းလေးတွေကိုချည်း ရွေးမြင်တတ်တဲ့အကျင့်ရှိမယ်ဆိုရင်ပေါ့။ သူစိမ်းတစ်ရံဆံနှင့်အတူ လက်တွဲပြီး ပျော်ပျော်ကြီး ဆောင်ရွက်နိုင်ပါတယ်ဆိုတဲ့အကြောင်း။
နှင်းဆီခင်
-
မိုဒီ၏ အာဏာ အရှိန်ဖြင့် ဟိန္ဒူ အမျိုးသားရေး အစွန်းရောက်ဝါဒ အားကောင်းလာ
အောက်တိုဘာ ၂၁ ၊ ၂၀၁၅
M-Media
– ၂၀၁၄ ခုနှစ် မေလတွင် လက်ယာယိမ်း BJP ပါတီခေါင်းဆောင် ဟိန္ဒူ အမျိုးသားရေးဝါဒီ နရန်ဒရာမိုဒီ ဝန်ကြီးချူပ် ဖြစ်လာကတည်းက ဟိန္ဒူ အမျိုးသားရေး အုပ်စုများမှာ နိုင်ငံတစ်ဝှမ်းရှိ ဘာသာရေး လူနည်းစုများအပေါ် အကြမ်းဖက်မှုများ ပြုလုပ်လာခဲ့ကြသည်။ထိပ်တန်း ခရစ်ယာန်လူ့အခွင့်အရေးအဖွဲ့တစ်ခု၏ အဆိုအရ မိုဒီ ရွေးကောက် တင်မြှောက်ခံရပြီးချိန်မှ ယခုနှစ် သြဂုတ်လအထိ ဟိန္ဒူ အမျိုးသားရေးဝါဒီများ၏ တိုက်ခိုက်မှုမှာ အနည်းဆုံး ၆၀၀ နီးပါး ရှိခဲ့သည်ဟု သိရသည်။ ထိုတိုက်ခိုက်မှုများထဲမှ ၁၄၉ ခုမှာ ခရစ်ယာန်များအပေါ် ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ကျန်သည့်အကြိမ်များက နိုင်ငံအတွင်းရှိ မွတ်စလင်လူ့အဖွဲ့အစည်းအပေါ် ကျူးလွန်ခဲ့ကြခြင်း ဖြစ်သည်။
ဝေဖန်သူများက ထိုတိုက်ခိုက်မှုများကို ဟိန္ဒူအမျိုးသားရေးနှင့် နိုင်ငံရေးဖိအားပေးအုပ်စု Rashtriya Swayamsevak Sangh (RSS ) ကို သစ္စာခံသည့် အစွန်းရာက်အုပ်စုများက စီစဉ်ကျူးလွန်ကြခြင်းဖြစ်သည်ဟု ဆိုသည်။
ဝန်ကြီးချုပ် နရန်ဒါရာ မိုဒီက RSS ၏ ရာသက်ပန်အဖွဲ့ဝင်ဖြစ်ပြီး ၂၀၁၄ ခုနှစ်ရွေးကောက်ပွဲတွင် မိုဒီ၏ BJP ပါတီ အနိုင်ရရှိရေး ကူညီရာတွင် RSS အဖွဲ့ဝင်များ၏ ထောက်ပံ့မှုက အရေးပါခဲ့သည်။ ရလဒ်ကို အရင်းတည်၍ ထိုစဉ်ကတည်းက မိုဒီ၏ အစွန်းရောက်ဆုံး အမျိုးသားရေး အားပေးသူများမှာ ပုံမှန်လိုလို လမ်းပေါ်သို့ ထွက်ကြပြီး အကြမ်းဖက်မှုများနှင့် လှုံ့ဆော်မှုများကိုသုံး၍ ဟိန္ဒူစစ်စစ် အိန္ဒိယနိုင်ငံဖြစ်ရမည်ဟု ဟစ်ကြွေးကြလေတော့သည်။
မွတ်စလင်များကိုလည်း အတင်းအဓမ္မ ဟိန္ဒူထဲသို့ ပြောင်းခိုင်းသည်။ အမဲသားစားသည်ဟုဆိုကာ အိမ်များကို မီးရှို့ပြီး လူများကိုလည်း သတ်ကြဖြတ်ကြလေသည်။ ဟိန္ဒူအယူဝါဒတွင် နွားက အထူးအခြေအနေတွင် ရှိလေသည်။
တစ်ချိန်တည်းမှာပင် ဟိန္ဒူအမျိုးသားရေးဝါဒီများက အချို့ပြည်နယ်ရှိ ကျောင်းပြဌာန်းစာအုပ်များကို ပြင်ဆင်ကြပြီး၊ မိန်းကလေးငယ်များနှင့် ယောက်ျားလေးငယ်များအတွက် စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်ပေးကာ ၎င်းတို့၏ လုပ်ရပ်များတွင် ကလေးများကို ပြောင်ပြောင်တင်းတင်းပင် သွတ်သွင်းရန် ကြိုးစားလာကြသည်။
ဟိန္ဒူနိုင်ငံစစ်စစ် လိုချင်သူများကို ရှာဖွေရန်နှင့် ၎င်းတို့၏ နိုးကြားမှုက ကမ္ဘာ့ လူဦးရေအထူထပ်ဆုံး ဘာသာရေးမနွယ်သော ဒီမိုကရေစီကျင့်သုံးသည့် အိန္ဒိယနိုင်ငံ၏ အနာဂတ်အတွက် မည်သည့် အဓိပ္ပါယ်ရှိသည်ကို ဖော်ထုတ်ရန် ဟိန္ဒူဒါရိုက်တာနှင့် ဂျာနစ်လစ်အမျိုးသမီး မန်ဒါကီရီ ဂါလော့တ်အား မိမိတို့က တောင်းဆိုခဲ့သည်။
ဂါလော့တ်၏ အမြင်
———————–
စက်တင်ဘာ ၂၈ ရက်နေ့တွင် အသက် ၅၂ နှစ်အရွယ် မွတ်စလင်အမျိုးသား မိုဟာမက် အက်ခ်လားက်မှာ အမဲသားစားသည်ဆိုသော ကောလဟလဖြင့် ဟိန္ဒူလူအုပ်စုကြီး၏ ရိုက်သတ်မှုကို ခံခဲ့ရသည်။၎င်း၏ အသက် ၂၂ နှစ်အရွယ် သားဖြစ်သူက ထိုတိုက်ခိုက်မှုအတွင်း ဒဏ်ရာအများအပြား ရရှိခဲ့သည်။ အပ်ချုပ်စက်နှင့် ခေါင်းကို အရိုက်ခံရခြင်းဖြစ်ပြီး ဆေးရုံတွင် ဦးခေါင်းကို အဓိကခွဲစိတ်မှု ၂ ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ရလေသည်။
ဟိန္ဒူအယူဝါဒတွင် နွားက မြင့်မြတ်သည့် တိရစ္ဆာန်ဖြစ်သည်ဟု ယူဆပြီး နိုင်ငံတစ်ဝှမ်းတွင် ကျယ်ကျယ်ပြန့်ပြန့် ကိုးကွယ်ကြလေသည်။ အိန္ဒိယရှိ ပြည်နယ်အများအပြားတွင် ကျွဲနွားသတ်ဖြတ်မှု ထိန်းချုပ်သည့် ဥပဒေများကို ပြဌာန်းထားကြသည်။ သို့သော်လည်း ထိုဥပဒေကို ပိုမို တင်းတင်းကြပ်ကြပ် ပြဌာန်းရန် မကြာမီကာလအတွင်း ဟိန္ဒူအမျိုးသားရေးဝါဒီများက တောင်းဆိုလာကြပြီး အမဲသားအား ပိတ်ပင်ရန်ပင် ဆော်သြလာကြတော့သည်။ မတ်လအတွင်းက ဝန်ကြီးချူပ် မိုဒီ၏ BJP ဟိန္ဒူအမျိုးသားရေးပါတီ အာဏာရှိသည့် မဟာရက်ရှ်ထရာပြည်နယ်မှ အစိုးရမှာ ထိုအတိုင်း လုပ်လာခဲ့ပြီး အမဲသား ရောင်းချမှုနှင့် စားသုံးမှုတို့ကို ပိတ်ပင်ခဲ့လေသည်။
လမ်းပေါ်တွင်လည်း ဟိန္ဒူအမျိုးသားရေး ၀ါဒီများ ထွက်ပေါ်လာက အခြားပြည်နယ်များတွင် ထိုဥပဒေအ တိုင်း ပြဌာန်းပေးရန် တောင်းဆိုကြလေတော့သည်။ ပြီးခဲ့နှစ်ကစ၍ နိုင်ငံတစ်ဝှမ်းတွင် ဟိန္ဒူအမျိုးသားရေးဝါဒီများ ထိုကိစ္စများနှင့်ပတ်သက်၍ ကိုယ့်လက်ကိုယ်ခြေ လုပ်လာကြသည်။ အစွန်းရောက်အုပ်စု Bajrang Dal မှ ခေါင်းဆောင်ဖြစ်သူ အက်ဂျူ ခိုဟန်က ၎င်းတို့အုပ်စု၏ ကင်းလှည့်မှုတွင် လိုက်လံရိုက်ကူးရန် မိမိတို့အား ခွင့်ပြုခဲ့သည်။ ခိုဟန်မှာ ဟိန္ဒူအမျိုးသားရေး လှုပ်ရှားမှုတွင် ၎င်းတို့က ခြေလျင်တပ်သားများဖြစ်သည်ဟု မှတ်ယူထားသူဖြစ်သည်။
၎င်းတို့အုပ်စု မြို့တွင်းရှိ လမ်းတစ်လျှောက် ကားများကို စစ်ဆေးခြင်းနှင့် နွားပေါ်ရန် ယူဆောင်လာသူများကို ရှာဖွေခြင်းလုပ်ငန်းစဉ်တွင် မိမိတို့က လိုက်ပါသွားခဲ့လေသည်။ ဖမ်းမိသူများ ဘာဖြစ်မည်ဆိုသည်နှင့်ပတ်သက်၍ ခိုဟန်က ပွင့်ပွင့်လင်းလင်းပင် ပြောသည်။
“သူတို့ အသတ်ခံရမည် မဟုတ်သော်လည်း အသက်ထွက်လုမတတ် အရိုက်ခံရမည်ဟူ၏”
ခိုဟန်နှင့် ၎င်းကဲ့သို့သော လူများကို တွန်းအားဖြစ်စေသည့် အရာကတော့ ဟိန္ဒူများမှာ ဖယ်ကျဉ်ခံနေရပြီး ၎င်းတို့၏ ဇာတိမြေတွင်ပင် ဘုံပျောက်နေသည်ဆိုသည့် အယူအဆပင် ဖြစ်လေသည်။“ကျွန်တော်တို့ပိုင်ဆိုင်တာကို ပြန်ယူဖို့ အချိန်ကြပါပြီ။ ဟင်ဒူစတန်ဒေသဟာ ဟိန္ဒူတွေအတွက်လို့ ကျွေးကြော်ဖို့ပေါ့ဗျာ” ဟု ခိုဟန်က မိမိတို့အား မကြာခဏ ပြောခဲ့လေသည်။
တကယ်တော့ ဘာသာရေးတရားများ အပေါ် ယုံကြည်သက်ဝင်မှု ကိန်းဂဏန်းက ခိုဟန်ကျွေးကြော်မှုမှ ခြားနားသည့် အခြေအနေမျိုး ဖြစ်နေသည်။ ယခုလက်ရှိတွင် ဟိန္ဒူဘာသာမှာ အိန္ဒိယနိုင်ငံတွင် အလွန်အမင်းများပြားသည့် အဓိက ဘာသာရေးအုပ်စုကြီးဖြစ်ပြီး နိုင်ငံလူဦးရေ၏ ၇၉.၈ ရာခိုင်နှုန်းအထိပင် ရှိလေသည်။ ဒုတိယအကြီးဆုံး ဘာသာဝင်အုပ်စုက မွတ်စလင်များဖြစ်ပြီး ၁၄.၂၈ ရာခိုင်နှုန်း ရှိနေလေ၏။
အစွန်းရောက် ဟိန္ဒူအုပ်စုများ၏ လှုပ်ရှားမှုများကို မိမိက လိုက်လံစောင့်ကြည့်နေသည်မှာ ယခုဆိုလျှင် နှစ်ပေါင်း အတော်ကြာခဲ့ပြီဖြစ်သည်။ သို့သော်လည်း လွန်ခဲ့သည့် ၁၈ လလောက်တွင်မှ လက်မခံနိုင်ဖွယ်ရာ၊ သည်းမခံနိုင်ဖွယ်ရာ ကိစ္စများ တစ်ခါတစ်ရံတွင် ၎င်းတို့၏ “ဟင်ဒူစတန်” (ဟိန္ဒူနိုင်ငံ) တိုင်းပြည်ဖြစ်ရမည်ဟူသော သဘောထားမှ သွေဖယ်သည့် မည်သူ့ကိုမဆို အကြမ်းဖက်မှုများ ပြုလုပ်သည်ကို ပို၍ တွေ့လာရသည်။
ဝန်ကြီးချုပ်မိုဒီ အာဏာရခဲ့သည့် ၂၀၁၄ ခုနှစ် မေလမှ ယခုနှစ် သြဂုတ်လအကြား ဟိန္ဒူအစွန်းရောက်များက လူနည်းစုများအပေါ် တိုက်ခိုက်မှု ၆၀၀ ကျော်ကို ထိပ်တန်း ခရစ်ယာန်လူ့အခွင့်အရေး အဖွဲ့တစ်ဖွဲ့က မှတ်တမ်းပြုစုထားသည်။ ထိုတိုက်ခိုက်မှုများထဲမှ ၁၄၉ ခုမှာ ခရစ်ယာန်များကို ပစ်မှတ်ထားခြင်းဖြစ်ပြီး ကျန်အကြမ်းဖက် တိုက်ခိုက်မှုများက မွတ်စလင်များ အပေါ် ကျူးလွန်ကြခြင်း ဖြစ်လေသည်။
နွားသားစားသည်ဟု စွပ်စွဲကာ တိုက်ခိုက်ခံခဲ့ရသည့် အက်ခ်လားက်တို့ အမှုက အူတာပရာဒက်ရှ်ပြည်နယ်ရှိ မြို့တော် နယူးဒေလီနှင့် ကီလိုမီတာ ၁၀၀ ပျော့ပျော့သာဝေးသော ဘီဆာရာမြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ခရစ်ယာန်အဖွဲ့မှ မှတ်တမ်းယူထားသည့် တိုက်ခိုက်မှုများထဲမှ အများအပြားမှာ ဤပြည်နယ်တွင် ဖြစ်ပွားခဲ့သည်။
အက်ခ်လားက်အား သတ်ဖြတ်မှုဖြင့် ဖမ်းဆီးထားသည့် လူ ၁၁ ဦးမှ ၈ ဦးမှာ ဒေသတွင်း BJP စည်းရုံးရေးမှူး ဆန်ဂျေးရာနာနှင့် တိုက်ရိုက် အဆက်အသွယ်ရှိသူများဖြစ်ပြီး ၁ ဦးက ၎င်း၏သား ဖြစ်နေသည်။
သို့သော်လည်း အစိုးရရုံးစိုက်ရာနေရာနှင့် မလှမ်းမကမ်းတွင် ဖြစ်ပွားခဲ့ပြီး အမုန်းတရားအခြေခံ ရာဇ၀တ်မှုအဖြစ် ထင်ရှားနေသော်လည်း အရေးယူရန်၊ ဖြေရှင်းရန် ဆော်သြမှုကို ၀န်ကြီးချုပ် မိုဒီတစ်ယောက် မသိချင်ယောင် ဆောင်နေလေသည်။ နိုင်ငံတစ်ဝှမ်း ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင်မှုများ ပြုလုပ်နေပြီး မိုဒီကတော့ သိသိသာသာပင် နှုတ်ဆိတ်နေ၏။
အခြားသော BJP ပါတီဝင်များက ထိုကိစ္စနှင့်ပတ်သက်၍ ခပ်ကြမ်းကြမ်းပင် မှတ်ချက်ပေးခဲ့ကြသည်။ လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဆက်ရှီ မဟာရဂ်ျက ၎င်းအနေဖြင့် နွားကို ကာကွယ်ရန်အတွက် လူသတ်ရန် ဆန္ဒရှိပြီး၊ သတ်လည်းသတ်သွားမည်ဟု ဗြောင်ပြောခဲ့သည်။
ဟိန္ဒူအယူဝါဒမှာ ကမ္ဘာပေါ်တွင် ကြီးကျယ်သည့် ဘာသာတရား တစ်ခုဖြစ်ပြီး ရှေ့ဆက်၍လည်း ထိုကဲ့သို့ပင် ဖြစ်သွားမည်ဖြစ်သည်။ နတ်ဘုရားအများအပြားကို ကိုးကွယ်သည့် ဟိန္ဒူတို့၏ အယူဝါဒက (တစ်ခါတစ်ရံ မိသားစု တစ်ခုတည်းမှာပင် ကိုးကွယ်သည့် နတ်ဘုရားများ မတူကြ) မတူညီသော အမြင်များအတွက် သဘောထားကြီးမှုကို ဖော်ကျူးနေသည်။ ထိုသဘောထားကြီးမှုမှာ မျိုးဆက်ပေါင်း များစွာကြာအောင် ဟိန္ဒူဝါဒ၏ အမှတ်အသား ဖြစ်ခဲ့သည်။
သို့သော်လည်း ဟိန္ဒူ အမျိုးသားရေးလှုပ်ရှားမှုက မိမိတို့၏ ဘာသာရေးအမှတ်သညာကို ပြန်ပေးဆွဲကာ အခြားသော အမြင်များကို မသိကျိုးကျွံပြု၍ တစ်ခါတစ်ရံ တိုက်ခိုက်၍ ၎င်းတို့၏ ကိုယ်ပိုင်အမြင်ဖြင့် ကျင့်သုံးရန် ကြိုးစားလာကြသည်။
အိန္ဒိယမှာ ကမ္ဘာပေါ်တွင် ဘာသာရေး မနွယ်သော ဒီမိုကရေစီကျင့်သုံးသည့် လူဦးရေ အများဆုံး နိုင်ငံဖြစ်သည်။ နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေက လူနည်းစုများ ၎င်းတို့၏ ဘာသာတရားကို ကြောက်ရွံ့ခြင်း မရှိဘဲ လွတ်လပ်စွာကျင့်သုံးရန် အာမခံပေးထားလေသည်။ သို့သော်လည်း ယနေ့ခေတ်တွင်မူ မွေးရာပါ အခွင့်အရေးဖြစ်သော လွတ်လပ်စွာ ဖော်ထုတ်ခွင့်နှင့် ကိုးကွယ်ယုံကြည်ခွင့်မှာ ခြိမ်းခြောက်ခံနေရသည်ဟူသော စိုးရိမ်မှုများ ရှိလာခဲ့လေသည်။
လူနည်းစုများအား တိုက်ခိုက်နေသော်လည်း ပြန်လည်ဆန်းသစ်လာသည့် ဟိန္ဒူ အမျိုးသားရေးဝါဒ ရှေ့တန်းတင်သော အဖွဲ့များမှာ ယခင်က ကြုံတွေ့ခဲ့ရဖူးသည်ထက် ပို၍ ထင်သာမြင်သာရှိကာ အန္တရာယ်အရိပ်အရောင် ပိုရှိနေသည်ဟု စာရေးဆရာများ၊ ပညာတတ်များက ရေးသားပြောဆိုနေကြလေသည်။ ဖြစ်ပျက်နေသည့် အခြေအနေထက် ၀န်ကြီးချုပ် မိုဒီ၏ ထိုကိစ္စအပေါ် ဆိတ်ဆိတ်နေခြင်းက ပို၍ ထိုထက် ပို၍ နိမိတ်မကောင်းပုံ ပေါ်နေလေ၏။
Aljazeera တွင် ဖော်ပြခဲ့သည့် India’s Hindu Fundamentalists ဆောင်းပါးကို မိုးဝေ ဆီလျော်အောင် ဘာသာပြန်ဆို တင်ဆက်သည်။
-
လွှတ်တော် ကိုယ်စားလှယ်လောင်း မွေးဖွားစဉ် မိဘများ နိုင်ငံသားဖြစ်ရမည် ဆိုသည့် ဝိရောဓိ
အောက်တိုဘာ ၂၁ ၊ ၂၀၁၅
M-Media
ဦးအုန်းမောင် (ရန်ကင်း) တရားလွှတ်တော်ရှေ့နေ ရေးသည်။ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေ အခန်း(၁)၊ ပုဒ်မ (၂)၊ ပုဒ်မခွဲ (ဃ) ၌လွှတ်တော် ကိုယ်စားလှယ်ဆိုသည့် စကားရပ်တွင် (၁) ပြည်သူ့လွှတ်တော်၊ (၂) အမျိုးသားလွှတ်တော် (၃) တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော်ကို ဆိုလိုကြောင်း ဖော်ပြထားပါသည်။ ပုဒ်မခွဲ (ခ) တွင် လွှတ်တော် ကိုယ်စားလှယ်ဆိုသည်မှာ လွှတ်တော်တစ်ရပ်သို့ ရွေးကောက်တင်မြောက်ခံရသည့် လွှတ်တော် ကိုယ်စားလှယ်ကိုသော် လည်းကောင်း….. ဟုဖော်ပြထားပါသည်။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ (၂၅)၊ ပုဒ်မခွဲ (ခ) တွင် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းထားသူသည် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် မရှိကြောင်း (သို့မဟုတ်) ရွေးကောက်တင်မြှောက်ခံနိုင်ခြင်း အရည်အချင်းနှင့် ပြည့်စုံခြင်း မရှိကြောင်း၊ ကိုယ်စားလှယ်လောင်း တစ်ဦးဦးက လုံလောက်သော အထောက်အထား တင်ပြ၍ ကန့်ကွက်နိုင်သည်ဟု အတိအလင်း ပြဌာန်းထားပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေနှင့် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ရွေးကောက်ပွဲ ဥပဒေတို့အရ ကန့်ကွက်ခွင့်ရှိသူမှာ ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းသူ ရွေးကောက်ခံမည့် မဲဆန္ဒနယ်မြေမှ ယှဉ်ပြိုင်ရွေးကောက်ခံမည့် ကိုယ်စားလှယ်လောင်း တစ်ဦးဦးကသာ လုံလောက်သော အထောက်အထား တင်ပြ၍ ကန့်ကွက်ပိုင်ခွင့်ရှိကြောင်း မြင်သာပါသည်။
အဆိုပါပြဌာန်းချက် အရ ကန့်ကွက်သူသည် ၎င်းမဲဆန္ဒ နယ်မြေတွင် ဝင်ရောက် ယှဉ်ပြိုင်ရွေးကောက်ခံမည့် ကိုယ်စားလှယ်လောင်းသာ ဖြစ်ရမည့် အပြင် ကန့်ကွက်ရာတွင်လည်း လုံလောက်သော အထောက်အထား (Sufficient Documents) များဖြင့် တင်ပြ ကန့်ကွက် ရမည်ဖြစ်ကြောင်း ထင်ရှားပါသည်။ အခြားမည်သူတစ်ဦး တစ်ယောက်ကမျှ ခိုင်လုံသော အထောက်အထားမဲ့ ကန့်ကွက်ခွင့်ရှိကြောင်း ပြဌာန်းချက်လုံးဝ မပါရှိပါ။ ကိုယ်စားလှယ်လောင်း တင်သွင်းလွှာကို ကန့်ကွက်သူမှာ (လ.ဝ.က) ဌာနဆိုင်ရာ ဝန်ထမ်း တစ်ဦးဖြစ်နေပါက ယင်းကန့်ကွက်ချက်မှာ ဥပဒေနှင့်အညီ ညီညွတ်ခြင်း မရှိကြောင်း မြင်သာပါသည်။ သက်ဆိုင်ရာကော်မရှင် အဖွဲ့ခွဲကသာ စိစစ်ပြီး အမိန့် ချမှတ်နိုင်ပါသည်။
၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းပုံအုပ်ချုပ်ပုံ အခြေခံဥပဒေ အခန်း-၂၊ နိုင်ငံသားဖြစ်မှု ပုဒ်မ-၁၀ ၌ ပြည်ထောင်စုမြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် နိုင်ငံသား တစ်မျိုးတည်းသာ ရှိရမည်။သီခြားနိုင်ငံသားဟူ၍ မရှိဘဲ ပြည်ထောင်စုမြန်မာနိုင်ငံသား ဟူ၍သာရှိရမည် ဟုပြဌာန်းထားပါသည်။ ထို့ကြောင့် ထိုဥပဒေကို ပြဌာန်း အတည်ပြုချိန်က နိုင်ငံခြားသား မဟုတ်သော၊ နိုင်ငံခြားသား မှတ်ပုံတင်ကိုင်ဆောင်သူ မဟုတ်သော၊ နိုင်ငံသားအဖြစ် ရွေးချယ်ရန် မလိုအပ်သောသူအားလုံး နိုင်ငံသားဖြစ်ကြောင်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၁၉၄၇) ခုနှစ်အရ ထင်ရှားပါသည်။ နိုင်ငံခြားသားနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတွင် ကိုလိုနီ အုပ်ချုပ်ရေးခေတ် ၁၈၆၄ ခုနှစ် နိုင်ငံခြားသားများ အက်ဥပဒေ (The Foreigners Act) ကို ပြဌာန်းခဲ့ပါသည်။
ရည်ရွယ်ချက်မှာ နိုင်ငံခြားသားများသည် မြန်မာနိုင်ငံအတွင်း နေထိုင်ခွင့် မရှိဘဲ ဖြတ်သန်းသွားလာခြင်း၊ ခရီးသွားခြင်းတို့ကို တားဆီးရန် အတွက် ဖြစ်ပါသည်။ ယင်းဥပဒေပုဒ်မ (၁) ၌ “နိုင်ငံခြားသား “ဆိုသည်မှာ မြန်မာနိုင်ငံသား မဟုတ်သူကို ဆိုလိုသည်ဟု အတိအလင်းပြဌာန်း ထားပါသည်။ ယင်းဥပဒေပုဒ်မ ၆ တွင် ပုဒ်မ(၅) အရ ကြေငြာထားသည့် အရပ်ဒေသသို့ ရောက်ရှိ လာသော နိုင်ငံခြားသားများသည် ယင်းဥပဒေအရ ခန့်အပ်ထားသော အရာရှိထံ သတင်းပို့ရမည်ဖြစ်ပါသည်။ ယင်းဥပဒေအရ အဆိုပါ နိုင်ငံခြားသားကို လတ်မှတ်ထုတ်ပေးရပြီး၊ လတ်မှတ်မပါဘဲ သွားလာနေထိုင်သူ နိုင်ငံခြားသားများအား မည်သို့ အရေးယူနိုင်ကြောင်း ပြဌာန်းထားပါသည်။ ဖောက်ဖျက်သူနိုင်ငံခြားသားအား ပြည်နှင်နိုင်ပါသည်။ ထိုအချိန်က မြန်မာနိုင်ငံလူဦးရေကို ယနေ့လူဦးရေနှင့် နှိုင်းယှဉ်ကြည့်ပြီး နိုင်ငံသားနှင့် နိုင်ငံခြားသားကို မည်သို့ထိန်းချုပ်ခဲ့ကြောင်း မြင်သာပါသည်။ ထို့ကြောင့် ထိုအချိန်က နိုင်ငံခြားသား လက်မှတ် မကိုင်ဆောင်သောသူများကို နိုင်ငံသားအဖြစ် မှတ်ယူနိုင်ကြောင်း မြင်သာပါသည်။
၁၉၄၀ပြည့်နှစ် မြန်မာနိုင်ငံအက်ဥပဒေအမှတ်-၇ဖြင့် (၂၃.၃.၁၉၄၀) ရက်တွင် နိုင်ငံခြားသားများ မှတ်ပုံတင်အက်ဥပဒေ (The Registration of Foreigners Act) ကို (၂၈.၃.၁၉၄၀) ရက်တွင် အာဏာ တည်စေခဲ့ပါသည်။ လွတ်လပ်ရေး မတိုင်ခင်ကာလဖြစ်ပါသည်။ ယင်းဥပဒေပုဒ်မ ၂ (က) တွင် “နိုင်ငံခြားသား” ဟူသည် နိုင်ငံခြားသားများဥပဒေ (၁၈၆၄) တွင် အဓိပယ် ဖော်ပြထားသည့် “နိုင်ငံခြားသား” ကို ဆိုလိုကြောင်း အတိအလင်းပြဌာန်းထားပါသည်။ ယင်းဥပဒေအရ ထိုအချိန်က မြန်မာနိုင်ငံတွင် ရှိနေသော နိုင်ငံခြားသားများ မှတ်ပုံတင်ပြီးဖြစ်ရာ နိုင်ငံခြားသား မှတ်ပုံတင်မကိုင်သောသူများသည် (၁၉၄၇) ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ-၁၀ အရ တစ်မျိုးတည်းသော ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ကြောင်း ပေါ်လွင် ထင်ရှားပါသည်။ နိုင်ငံခြားသား မဟုတ်ကြောင်း သက်သေ ထင်ရှားပြနိုင်သူများသည် နိုင်ငံသားဖြစ်ပါသည်။
၁၉၄၀ ခုနှစ် နိုင်ငံခြားသားများ မှတ်ပုံတင် ဥပဒေအရ ၁၉၄၈ ခုနှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေး နည်းဥပဒေကို ပြဌာန်းခဲ့ပါသည်။ လွတ်လပ်ရေး ကာလဖြစ်ပါသည်။ ယင်း ဥပဒေသည် လွတ်လပ်ရေးရပြီး တစ်နှစ်အကြာ (၄.၁.၁၉၄၉) ရက်တွင် စတင်အာဏာတည်ခဲ့ပါသည်။ ယင်းနည်း ဥပဒေ အရ မြန်မာနိုင်ငံအတွင်း သွားလာနေထိုင်သော နိုင်ငံခြားသားများကို မှတ်ပုံတင်ခဲ့ပြီး ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံခြားသား မှတ်ပုံတင် မကိုင်ဆောင်သောသူများသည် (၁၉၄၇) ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အရ နိုင်ငံသားများသာဖြစ်ကြောင်း မြင်သာပါသည်။
ထို့နောက် (၁၉၄၇) ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဌာန်းချက်) များ အက်ဥပဒေကို ပြဌာန်းခဲ့ပါသည်။ ယင်းအက်ဥပဒေ ပုဒ်မ-၂ (င) အရ “နိုင်ငံခြားသား” ဆိုသည်မှာ ပြည်ထောင်စုမြန်မာနိုင်ငံသား မဟုတ်သဖြင့် ထိုအချိန်က ရ နိုင်ငံခြားသားမဟုတ်သူများသည် “နိုင်ငံသား” ဖြစ်ကြောင်း မြင်သာပါသည်။ ယင်းဥပဒေပုဒ်မ-၂ (ဆ) အရ နိုင်ငံခြားသားများအား “ပြည်တွင်း ဝင်ရောက်နေထိုင်ခွင့် လက်မှတ်” ထုတ်ပေးသဖြင့် ယင်းလတ်မှတ် ကိုင်ဆောင်သူ မဟုတ်သူများသည် နိုင်ငံသားများပင် ဖြစ်ပါသည်။ ထိုအချိန်အထိ နိုင်ငံသားများသည် မည်သည့် လက်မှတ်မျှ ကိုင်ဆောင်ရခြင်း မရှိသေးသည်ကို သတိပြုသင့်ပါသည်။
ဤကဲ့သို့ မြန်မာနိုင်ငံတွင် “နိုင်ငံသား” နှင့် “နိုင်ငံခြားသား” ကွဲပြားစေရန် ၁၈၆၄- ခုနှစ် နိုင်ငံခြားသားများ အက်ဥပဒေမှသည် ၁၉၄၈ ခုနှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေး နည်းဥပဒေပြဌာန်းပြီး စတင် အာဏာတည်သည့် (၄-၁-၁၉၄၉) ရက်ထိ နိုင်ငံခြားသား မဟုတ်သည့် နိုင်ငံသားများသည် မည်သည့်နိုင်ငံသား လက်မှတ်မျှ ကိုင်ဆောင်ခြင်းမရှိဘဲ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၁၉၄၇) အရ နိုင်ငံသားအဖြစ် တရားဝင်ရပ်တည်နေသူများ ဖြစ်ပါသည်။
၎င်းနောက် ၁၉၄၉ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေကို ပြဌာန်းခဲ့ပါသည်။ ယင်းဥပဒေပုဒ်မ-၂ တွင် အဆိုပါ မှတ်ပုံတင် စာရင်းကို ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်း နေထိုင်သူများ မှတ်ပုံတင်စာရင်းဟုခေါ်တွင် ရမည်ဖြစ်ကြောင်း ပြဌာန်းချက်အရ မြန်မာနိုင်ငံအတွင်း နေထိုင်သူအားလုံးမှာ နိုင်ငံသားနှင့် နိုင်ငံခြားသားများရှိရာ နိုင်ငံခြားသားမဟုတ်သူများအား မည်သူဖြစ်ကြောင်း သက်သေခံကဒ်ပြားထုတ်ပေးရန် ပြဌာန်းထားပါသည်။ ပုဒ်မ-၇ အရ သက်သေခံကဒ်ပြားတွင် အမည် ကျား/မ၊ အသက်၊ မွေးသက္ကရာဇ်၊ မွေးဖွားရာတိုင်းပြည်၊ နိုင်ငံသားစသည့် အကြောင်းအရာ ဖော်ပြချက်များကို ရေးသွင်းရပါသည်။ အမျိုးသား မှတ်ပုံတင်ဖြစ်ပါသည်။ ၎င်းမှတ်ပုံတင်အရ နိုင်ငံခြားသား မဟုတ်ကြောင်း ထင်ရှားနေရာ ထိုသူများသည် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ နိုင်ငံသားဖြစ်ကြောင်း ထင်ရှားသည်။
၁၉၁၀ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေဒပုဒ်မ-၂ (ဃ) အရ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံကဒ်ပြား (အမျိုးသားမှတ်ပုံတင်) ထုတ်ပေးပါသည်။ ပုဒ်မ ၈ (၁) အရ မှတ်ပုံတင်စာရင်းပုံစံ-၁ ပြုလုပ်ပါသည်။ ပုဒ်မ- ၁၂ (၁)အရ အသက် (၁၂) နှစ်ပြည့်ပြီးသူအားသက်သေခံကဒ်ပြား ထုတ်ပေးပါသည်။ အဆိုပါ သက်သေခံကဒ်ပြားသည် နိုင်ငံခြားသားကို ထုတ်ပေးခြင်းမရှိပါ။ ပုဒ်မ-၃၃ ၌ အထက်ပါနည်းဥပဒေများတွင် မည်သို့ပင်ပါရှိစေကာမူ နိုင်ငံခြားသားများသည် နည်းဥပဒေ ၂၉၊၃၁ မှတစ်ပါး အခြားဥပဒေများနှင့် သက်ဆိုင်ခြင်းမှ ကင်းလွတ်စေရမည်ဟု ဖော်ပြထားပါသည်။
ယင်းဥပဒေပုဒ်မ ၃၃ (က)(ခ) တို့အရ ၁၉၄၀ ပြည့်နှစ် နိုင်ငံခြားသား မှတ်ပုံတင်နည်း ဥပဒေများအရ မှတ်ပုံတင် ထားသည့် နိုင်ငံခြားသားများသည် ဤနည်းဥပေ ဒအရ နိုင်ငံခြားသားသို့ ထုတ်ပေးသည့် သက်သေခံကဒ်ပြားဖြစ်သည်ဟု ဆိုလိုခြင်းကြောင့် နိုင်ငံခြားသား မှတ်ပုံတင်ထားခြင်း မဟုတ်သူများသို့ ထုတ်ပေးသည့် သက်သေခံကဒ်ပြားသည် နိုင်ငံသားသို့ ထုတ်ပေးသည့် မှတ်ပုံတင် သက်သေခံကဒ်ပြားသာဖြစ်ကြောင်း မြင်သာပါသည်။
နိုင်ငံခြားသားများမှတ်ပုံတင်သည့် နည်းဥပဒေများ အရ ထုတ်ပေးသည့် သက်သေခံလတ်မှတ်သည် ဤနည်းဥပဒေအရ နိုင်ငံခြားသားသို့ ထုတ်ပေးသည့် သက်သေခံကဒ်ပြား ဖြစ်သည်ဟုဆိုလိုခြင်းကြောင့် နိုင်ငံခြားသားမှတ်ပုံ တင်ထားခြင်း မဟုတ်သူများသို့ ထုတ်ပေးသည့် သက်သေခံကဒ်ပြားသည် နိုင်ငံသားသို့ ထုတ်ပေးသည့် မှတ်ပုံတင်သက်သေခံ ကဒ်ပြားသာဖြစ်ကြောင်း မြင်သာပါသည်။
၎င်းနောက် ၁၉၄၈ ခုနှစ် ပြည်ထောင်စုသားအဖြစ် (ရွေးချယ်ရေး) အက်ဥပဒေ ၁၉၄၈ ခုနှစ် အက်ဥပဒေ အမှတ် – ၂၆ ကို (၃.၈.၁၉၄၈) ရက်တွင် ပြဌာန်းခဲ့ပါသည်။ ယင်းဥပဒေ မတိုင်မီအချိန်ထိ ၁၉၄၉ ခုနှစ်အက်ဥပဒေနှင့် ၁၉၅၁ ခုနှစ် နည်းဥပဒေတို့အရ အမျိုးသားမှတ်ပုံတင် သက်သေခံကဒ်ပြားကို မည်သူ့ကိုမျှ ထုတ်ပေးခြင်း မရှိသေး၍ နိုင်ငံခြားသားမှတ်ပုံတင် ကိုင်ဆောင်သူများမှအပ ကျန်နိုင်ငံသားများ မည်သည့် လက်မှတ်မျှ ကိုင်ဆောင်ခွင့်မရှိသေးကြောင်း တွေ့မြင်နိုင်ပါသည်။ အမျိုးသားမှတ်ပုံတင် (၃-ခေါက်ချိုး) ကို ၁၉၅၆ ခုနှစ်ခန့်ကမှ ထုတ်ပေးသည်ဟု သိရပါသည်။ မှတ်ပုံတင်မရမီသေဆုံးသူများ၏ အထောက်အထားကို တင်ပြနိုင်မည် မဟုတ်သကဲ့သို့ သေဆုံးသည့်အခါ သက်ဆိုင်ရာသို့ အပ်လိုက်ရသူများ၏ အထောက်အထားကိုလည်း တင်ပြနိုင်မည် မဟုတ်ကြောင်း မြင်သာပါသည်။
၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသား အဖြစ် (ရွေးချယ်ရေး) အက်ဥပဒေမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ-၁၁(ဃ) အရ အရည်အချင်းပြည့်သူတို့အား မြန်မာနိုင်ငံသား အဖြစ် ရွေးချယ်ခွင့်ပေးရန် ပြဌာန်းခြင်းဖြစ် သဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ- ၁၁ (က) (ခ) (ဂ) အရ နိုင်ငံသား ခံယူလိုသော နိုင်ငံသား မဖြစ်သေးသူများအား နိုင်ငံသားလျှောက်ထား ခွင့်ပေးခြင်း ဖြစ်ပါသည်။ ပြည်ထောင်စုသား လက်မှတ် (UCC) ဖြစ်ပါသည်။ ထိုသူသည် ယင်းဥပဒေ ပုဒ်မခွဲ (က) (ခ)(ဂ)(ဃ) (င) နှင့်ညီညွတ်လျှင် နိုင်ငံသား လက်မှတ်ရလိုကြောင်း လျှောက်ထားနိုင်သဖြင့် ၁၉၄၇- ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ- ၁၁ (က) (ခ) (ဂ) အရ နိုင်ငံသား အရည်အချင်း ရှိပြီးသူများ လျှောက်ထားရန်ပင် မလိုကြောင်း မြင်သာပါသည်။
၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသား အဖြစ် (ရွေးချယ်ရေး) အက်ဥပဒေမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ- ၁၁ (ဃ) အရ အရည်အချင်းပြည့်သူတို့အား မြန်မာနိုင်ငံသား အဖြစ် ရွေးချယ်ခွင့်ပေးရန်ပြဌာန်းခြင်းဖြစ် သဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ-၁၁ (က)(ခ)(ဂ) အရ နိုင်ငံသားခံယူလိုသော နိုင်ငံသားမဖြစ်သေးသူများအား နိုင်ငံသားလျှောက်ထားခွင့်ပေးခြင်း ဖြစ်ပါသည်။ ပြည်ထောင်စုသားလတ်မှတ် (UCC) ဖြစ်ပါသည်။ ထိုသူသည် ယင်းဥပဒေပုဒ်မခွဲ (က)(ခ)(ဂ)(ဃ)(င)နှင့် ညီညွတ်လျှင် နိုင်ငံသား လက်မှတ်ရလိုကြောင်း လျှောက်ထားနိုင်သဖြင့် ၁၉၄၇-ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ-၁၁ (က)(ခ)(ဂ) အရ နိုင်ငံသား အရည်အချင်း ရှိပြီးသူများ လျှောက်ထားရန်ပင် မလိုကြောင်း မြင်သာပါသည်။
ထိုသို့လျှောက်ထားခွင့်ရှိသူများသည် နိုင်ငံခြားသားများသာဖြစ်ကြောင်း ၁၉၄၈-ခုနှစ် နိုင်ငံသားရွေးချယ်ရေးဥပဒေပုဒ်မ-၈၊ ပုဒ်မခွဲ(၃) အရထင်ရှားပါသည်။ ပုဒ်မခွဲ(၃) တွင်လျှောက်ထားသူသည် နိုင်ငံခြားသား အဖြစ်ကို စွန့်လွှတ်ကြောင်း မြန်မာနိုင်ငံတော်၏ကျေးဇူး သစ္စာကို စောင့်သိရိုသေမည်ဖြစ်ကြောင်း ကျမ်းကျိန် သစ္စာပြုရမည်ဖြစ်ကြောင်း ဖော်ပြထားချက်အရ သိသာထင်ရှားပါသည်။
ထို့နောက် ၁၉၄၈ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ(၁၉၄၈-ခုနှစ် အက်ဥပဒေ အမှတ်- ၆၆) ကို (၄.၄.၁၉၄၈) ရက်တွင် ပြဌာန်းခဲ့ပါသည်။ ယင်းအက်ဥပဒေပုဒ်မ-၃(၁) အရ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ- ၁၁ (က) အလို့ဌာ တိုင်းရင်းသား တစ်မျိုးမျိုးဆိုသည်မှာ ၁၉၄၈ခုနှစ် မြန်မနိုင်ငံသားဖြစ်မှု အက်ဥပဒေပုဒ်မ-၃ (၁) တွင် ဖော်ပြထားသော လူမျိုးအမည်များ အပြင် ၁၈၂၃-ခုနှစ်မတိုင်မီ ပြည်ထောင်စုမြန်မာနိုင်ငံတွင် ပါဝင်သောနယ်မြေတစ်ခုခု၌ မိမိတို့၏ ပင်ရင်းတိုင်ပြည်အဖြစ် အခြေစိုက်နေထိုင်ခဲ့သော မျိုးနွယ်စုများသည်လည်း “မြန်မာနိုင်ငံ တိုင်းရင်းသား” ဖြစ်ကြောင်း သတိပြုရမည်ဖြစ်ပါသည်။ ပြည်ထောင်စုနယ်မြေဆိုသည်မှာလည်း ယခုတည်ရှိသော နယ်မြေမဟုတ်ဘဲ ၁၉၄၇ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ-၁၁(က)(ခ)(ဂ) ပါ နယ်မြေများကို ရည်ညွှန်းကြောင်းလည်း ၁၉၄၇ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ-၂ (က) အရမြင်သာပါသည်။ ထိုနယ်မြေဆိုသည်မှာ ဗြိတိသျှဘုရင်မင်းမြတ်၏ အာဏပျံ့နှံ့ရာနယ်မြေ ဖြစ်ပါသည်။ ဆိုလိုသည်မှာ မြန်မာနိုင်ငံတော်လွတ်လပ်ရေးအက်ဥပဒေပူဒ်မ-၂(၂) တွင်ဖော်ပြထားသော နယ်မြေများကို ဆိုလိုပါသည်။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၂ (က) အရ “ယခင်ကဘုရင်ခံမှ တဆင့်ဗြိတိသျှဘုရင်မင်းမြတ် စီရင်အုပ်ချုပ်ခဲ့သော နယ်မြေအားလုံးသည် ပြည်ထောင်စုမြန်မာနိုင်ငံတွင် ပါဝင်သည်” ဟုဆိုထ်ားပါသည်။
ထို့ကြောင့် ၁၉၄၈-ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေပုဒ်မ-၄(၁) အရ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ-၁၁(က)(ခ)(ဂ) ပါ နိုင်ငံသားများသည် ပြည်ထောင်စုမြန်မာနိုင်ငံ၏နိုင်ငံသားများ အဖြစ် တည်ရှိနေသည်ဟု ပြဌာန်းချက် အရလည်း နိုင်ငံသားဖြစ်မှုမှာ အလွန်ရှင်းလင်းပါသည်။ ယင်းဥပဒေများအရ တိုင်းရင်းသားဖြစ်ခွင့်ပင်ရှိသူများကို နိုင်ငံသားခွဲခြားရန် မသင့်ကြောင်း မြင်သာပါသည်။ ၁၉၄၇-ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ-၂ (က) ပါနယ်မြေတွင် မွေးဖွားခဲ့သူများသည် ပုဒ်မ-၁၁(ခ) အရ မြန်မာနိုင်ငံတွင်ပါဝင်လတ္တံသော အာဏာ ပိုင်နက်တွင်မွေးဖွားသူများပင် ဖြစ်ပါသည်။ ထိုသူများသည် ပုဒ်မ-၁၁(ဂ) ပါ အာဏာပိုင်နက်တွင် မွေးဖွားသူအဖြစ်လည်း အကျူံးဝင်ပါသည်။ ပုဒ်မ-၁၁(ဃ) အရ အဆိုပါ အာဏာပြန့်ရာနယ်မြေတွင် မွေးဖွားခဲ့ပြီး ယင်းအခြေခံဥပဒေ အာဏာတည်သည့်နေ့ရက် မတိုင်မီ သို့မဟုတ် ၁-၁-၁၉၄၂ ရက်မတိုင်မီ (၁၀) နှစ်အတွင်း အနည်းဆုံး ၈-နှစ် ထို အာဏာပိုင်နက်အတွင်း နေထိုင်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း ထာဝရနေထိုင်ရန်ကြံရွယ်၍ နိုင်ငံသား အဖြစ်ရွေးချယ်သူတိုင်းသည်လည်း နိုင်ငံသားဖြစ်ပါသည်။
၁၉၄၈-ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေပုဒ်မ-၄(၂)အရ၊ ပြည်ထောင်စုတွင် ပါဝင်သော နယ်မြေတစ်ခုတွင် အနည်းဆုံး ဘိုးဘွားအားလုံး လက်ထက်မှစ၍ မိမိတို့၏ပင်ရင်း တိုင်းပြည် အဖြစ်ဖြင့် မျိုးဆက်မပြတ် ထာဝစဉ် အခြေစိုက်နေထိုင်ခဲ့သည့် အပြင် မိမိ၏မိဘနှစ်ပါးနှင့် တကွ မိမိကိုယ်တိုင် ထိုနယ်မြေ တစ်ခုခုတွင် မွေးဖွားသူဖြစ်လျှင် ထိုသူအား မြန်မာနိုင်ငံသားဟု မှတ်ယူရမည်ဟု ပြဌာန်းချက်အရ ပြည်ထောင်စု နယ်မြေ တစ်ခုခုတွင် အဘိုး၊အဘွားတို့သည် ပင်ရင်းတိုင်ပြည်အဖြစ် မျိုးဆက်မပြတ်ထာဝစဉ် အခြေစိုက်နေထိုင်လာ ခဲ့သည့် အပြင် မိဘနှစ်ပါးနှင့် မိမိကိုယ်တိုင် ထိုနယ်မြေတစ်ခုခုတွင် မွေးဖွားခဲ့လျှင် နိုင်ငံသားပင် စီစစ်ရန် အကြောင်းမရှိတော့ဘဲ ယင်းဥပဒေပြဌာန်းချက် အရ မြန်မာနိုင်ငံသားဖြစ်ပြီးသူများသည် ယခုလည်း နိုင်ငံသားပင်ဖြစ်ကြောင်း ထင်ရှားနေပါသည်။
ထို့ပြင်၁၉၄၈ခုနှစ်ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေပုဒ်မ-၅ (က)(ခ)(ဂ) တို့အရ မွေးဖွားသူများသည်လည်း ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ပါသည်။ ၁၉၈၂-ခုနှစ် နိုင်ငံသား ဥပဒေ မပြဌာန်းမီက နိုင်ငံသားဖြစ်ပြီး သူများသည် နိုင်ငံသားများဖြစ်ပါသည်။ ၁၉၄၈-ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေပုဒ်မ-၅ (က) အရ ၁၉၄၇ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေ အာဏာတည်ပြီးမှ မြန်မာနိုင်ငံသား မိဘ တစ်ပါးပါးမှ ပြည်ထောင်စုမြန်မာနိုင်ငံတွင် မွေးဖွားသူသည်လည်း နိုင်ငံသားဖြစ်ပါသည်။ ၁၉၄၇ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ-၁၄၆၌ နိုင်ငံသားဖြစ်ပြီးသူများ အားလုံး နိုင်ငံသားပင်ဖြစ်ကြောင်း ပြဌာန်းချက် အရ ၁၉၈၂-ခုနှစ် နိုင်ငံသား ဥပဒေ မပြဌာန်းမီက အထက်ဖော်ပြပါ ဥပဒေများ အရ နိုင်ငံသားဖြစ်ပြီးသူများအား နိုင်ငံသားစီစစ်ရန်ပင် မလိုတော့ဘဲ နိုင်ငံသားဖြစ်သည်ဟု မှတ်ယူရပါမည်။ ထို့ကြောင့် ထိုသူများနှင့်မိဘနှစ်ပါးအား ၁၉၈၂-ခုနှစ်တွင် နိုင်ငံသား ဥပဒေဖြင့် စီစစ်ရန် မလိုကြောင်း မြင်သာပါသည်။
လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ-၁၀ (င) အရ၊ မွေးဖွားစဉ်က နိုင်ငံသား မဖြစ်သေးသော မိဘ တစ်ပါးပါးမှဖြစ်စေ၊ နှစ်ပါးလုံးမှဖြစ်စေ မွေးဖွားသည့်နိုင်ငံသားသည် ရွေးကောက်ပွဲတွင် တင်မြှောက်ခံ ပိုင်ခွင့်မရှိစေရဟူသည့် ပြဌာန်းချက်သည် ဥပဒေနှင့် ဆန့်ကျင်နေပါသည်။ အတိအလင်းနိုင်ငံခြားသားဖြစ်သော မိဘများနှင့်သာ သက်ဆိုင်စေသင့်ပါသည်။ ပုဒ်မ-၈ (က)(ခ)(ဂ) ပါ အရည်အချင်းနှင့်ပြည့်စုံသော နိုင်ငံသားများသည် အမျိုးသား၊အမျိုးသမီးမရွေး၊ ဘာသာမရွေး၊ ရွေးကောက်ပွဲတွင် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်ရှိသည်ဆိုသည့် ပြဌာန်းချက် အရ (၂၀၀၈-ခုနှစ်) ဖွဲ့စည်းပုံအခြေခံဥပဒေ မပြဌာန်းမီကလည်းကောင်း၊ ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေ မပြဌာန်းမီကလည်းကောင်း၊ ယင်းဥပဒေအရ ၁၉၈၉၊ ၁၉၉၀ ခုနှစ်ခန့်က နိုင်ငံသားစီစစ်ခြင်းမပြုမီ ကွယ်လွန်ခဲ့ကြသော အမျိုးသားမှတ်ပုံတင် သက်သေခံကဒ်ပြား ကိုင်ဆောင်ခဲ့ကြသော မိဘနှစ်ပါးမှ မွေးဖွားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများစွာ ရှိပါသည်။ အမျိုးသားမှတ်ပုံတင် မပေါ်သေးခင်က ကွယ်လွန်ခဲ့ကြသော မိဘနှစ်ပါးမှ မွေးဖွားခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများစွာလည်း ရှိပါသည်။ အဆိုပါ လွှတ်တော် ကိုယ်စားလှယ်လောင်းများအား ရွေးချယ်ခံ ပိုင်ခွင့်ပြုသည်ဆိုလျှင် အလားတူအခြားလွှတ်တော်ကိုယ်စားလှယ်လောင်းများလည်း ရွေးချယ် တင်မြှောက်ခံ ပိုင်ခွင့်ရှိကြောင်း မြင်သာပါသည်။
သာဓကအားဖြင့် ယခုကျင်းပမည့် ရွေးကောက်ပွဲကာလ (၂၀၁၅) ခုနှစ်တွင် အသက်(၇၀) ခန့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးအား ၎င်း၏မိဘနှစ်ပါးက ၎င်းအား (၁၉၄၅) ခုနှစ်ခန့်က မွေးဖွားရမည်ဖြစ်ပါသည်။ ၎င်းကိုမွေးဖွားပြီးနောက် အမျိုးသားမှတ်ပုံတင် သက်သေခံ လက်မှတ် ထုတ်ပေးခြင်းမတိုင်မီ ၎င်းမိဘနှစ်ပါးစလုံး ကွယ်လွန်ခဲ့လျှင် မည်သည့် အထောက်အထားမျှ ရှိမည် မဟုတ်ပါ။ ထိုသို့ဆိုလျှင် အဆိုပါကိုယ်စားလှယ်လောင်း၏ မိဘနှစ်ပါး၏ မိဘများဖြစ်ကြသော ဘိုးဘွားများမှာ ပို၍ပင် အထောက်အထားရှိရန် အကြောင်းရှိမည် မဟုတ်ပါ။
ထို့ကြောင့်၁၉၄၇၊ ၁၉၇၄၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေများအရ လည်းကောင်း၊ ၁၉၄၈-ခုနှစ် မြန်မာနိုင်ငံ အတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေနှင့် ၁၉၅၁ ခုနှစ် နည်းဥပဒေအရ လည်းကောင်း၊ နိုင်ငံသားဖြစ်ပြီးသော မိဘနှစ်ပါးက မွေးဖွားသူသည် နိုင်ငံသားဖြစ်ကြောင်း မှတ်ယူနိုင်သည်ဖြစ်ရာ၊ ၎င်းအားမွေးဖွားစဉ်က မိဘနှစ်ပါးသည် နိုင်ငံသားဖြစ်ပြီးသူများဖြစ်ကြောင်း ထင်ရှားနေပါ သဖြင့် ကိုယ်စားလှယ်လောင်း အဖြစ် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်ရှိပြီး ၊ပုဒ်မ-၈ (ခ) နှင့် ညီညွတ်ပါသည်။ ပုဒ်မ-၁၀ (ခ) နှင့် ငြိစွန်းခြင်းမရှိသော လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦး ဖြစ်ပါသည်။
သို့ဖြစ်ရာ လွှတ်တော် ကိုယ်စားလှယ်လောင်းကို မွေးဖွားစဉ်က မိဘနှစ်ပါးနိုင်ငံသားဖြစ်ရမည်ဆိုသည့် ရွေးကောက်ပွဲ ဥပဒေပြဌာန်းချက်သည် ယခင်တည်ရှိခဲ့ပြီးသော ဥပဒေများနှင့် ဝိရောဓိမဖြစ်စေရန်နှင့် ယင်းဥပဒေများအရ ရရှိပြီးဖြစ်သော နိုင်ငံသားအခွင့်အရေးများ မဆုံးရှုံးစေသင့်ကြောင်း တင်ပြအပ်ပါသည်။