News @ M-Media

Author: M-Media

  • ပါမောက္ခ ဒေါက်တာဦးဖေအောင်သန်း (ဒသနိကဗေဒ ဌာန ၊ မန္တလေး တက္ကသိုလ်) ကွယ်လွန်

    ပါမောက္ခ ဒေါက်တာဦးဖေအောင်သန်း (ဒသနိကဗေဒ ဌာန ၊ မန္တလေး တက္ကသိုလ်) ကွယ်လွန်

    အောက်တိုဘာ ၂၂ ၊ ၂၀၁၆
    M-Media
    သီဟ
    u-phay-aung-than
    မန္တလေး တက္ကသိုလ် ဒဿနိကဗေဒ ဌာန ရဲ့ ပါမောက္ခ ဒေါက်တာ ဦးဖေအောင်သန်း ၂၀၁၆ အောက်တိုဘာ ၁၆ ရက် မနက် (၉း၃၅) တွင် ကွယ်လွန်ကြောင်း သိရှိရသည်။ အင်ကြင်း မွတ်စလင်မ် သုဿာန် ဥယျာဉ်သို့ ပို့ဆောင်၍ အစ္စလာမ်ဘာသာ ထုံးစံဖြင့် အဆိုနေ့ ၌ပင် သင်္ဂြိုလ်ခဲ့ကြောင်း သိရှိရသည်။

    A.ဦးဟာမြိဒ် (ခ) ဒေါက်တာဦးဖေအောင်သန်းကို ၁၉၅၉ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် အဖ သခင် ဦးသန်းဖေ၊ အမိ ဒေါ်ဖွားရင်တို့မှ ပျဉ်းမနားမြို့တွင် ဖွားမြင်ခဲ့ကြောင်း သိရှိရသည်။

    ငယ်စဉ်က အထက(၂) ပျဉ်းမနားမြို့တွင် ပညာသင်ကြာခဲ့ပြီး မိထ္ထီလာမြို့ ဒေသ ကောလိပ်တွင် နှစ် တက်ရောက်ခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် ဒဿနိက ဗေဒ ဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ပြီး ၁၉၈ တွင် မဟာဝိဇ္ဖာဘွဲ့ကို လည်းကောင်း ဒဿနိက ဗေဒ ဘာသာရပ်ဖြင့် ပါရဂူဘွဲ့ကို ၂၀၁၀ ခုနှစ်မှာ ရရှိခဲ့ပါသည်။

    ၁၉၈၆ ခုနှစ်တွင်  ပျဉ်းမနားမြို့ အထက(၂) တွင် အထက်တန်းနည်းပြ အဖြစ် အစိုးရ ဝန်ထမ်း အဖြစ် စတင်ခဲ့ပြိး ၁၉၈၇ ခုနှစ်မှ စတင်ပြီး ကွယ်လွန်ချိန် ၂၀၁၆ ခုနှစ် အထိ မြန်မာနိုင်ငံ အနှံအပြားရှိ တက္ကသိုလ်များ၏ ဒဿနိက ဗေဒ ဌာနတွင် နည်းပြ၊ လက်ထောက်ကထိက၊ ကထိက၊ တွဲဖက်ပါမောက္ခ၊ ပါမောက္ခ ရာထူး အဆင့်ဆင့်ဖြင့် နှစ်ပေါင်း ၃၀ ခန့် တာဝန်ထမ်းဆောင်ခဲ့သည်။

    ကွယ်လွန်ချိန်တွင် အသက် ၅၇ နှစ် ရှိပြီဖြစ်ပြီး ဇနီးဖြစ်သူ ဒေါ်ခင်စိုးဦးနှင့် သား တယောက် ၊ သမီး တယောက် ကျန်ရစ်ခဲ့ကြောင်းသိရသည်။

  • ရခိုင်ပြည်နယ်က အစ္စလာမ် ဘာသာဝင် ၄ ဦးကို တာမွေမှာ တွေ့လို့ ဖမ်း

    ရခိုင်ပြည်နယ်က အစ္စလာမ် ဘာသာဝင် ၄ ဦးကို တာမွေမှာ တွေ့လို့ ဖမ်း

    အောက်တိုဘာ ၂၂ ၊ ၂၀၁၆
    M-Media
    သီဟ
    14671258_630605593785645_2466798977313116683_n
    ရခိုင်ပြည်နယ် ကျောက်တော်က အစ္စလာမ်ဘာသာဝင် (၄) ဦးကို တာမွေမြို့နယ်မှာ တွေ့လို့ ဖမ်းဆီးလိုက်ကြောင်း ပြည်တွင်းသတင်း ဌာန တခု ဖြစ်တဲ့ 5 Plus News ရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

    ရန်ကုန်တိုင်း တာမွေမြို့နယ် အရိုးကုန်ရပ်ကွက် အတွင်း အောက်တိုဘာ ၂၂ ရက် မနက် (၃) နာရီလောက်မှာ မီးတန်းလှည့်ကင်း ကားက တွေ့ရှိလို့ ဖမ်းဆီးခဲ့တာဖြစ်ကြောင်း နဲ့ စစ်ဆေးတွေ့ရှိချက်တွေအရ ရခိုင်ပြည်နယ် ကျောက်တော်မြို့ကနေ တယောက်ကို ပွဲစားခ (၁၅) သိန်းနဲ့ လွန်ခဲ့တဲ့ (၅) ရက်ကတည်းက ရောက်ရှိခဲ့တာဖြစ်တယ်လို့ 5 Plus News မှာ ဖော်ပြပါတယ်။

    မလေးရှားကို  အလုပ်သွားရောက်လုပ်ကိုင်ဖို့ ကျောက်တော်က လာတာ စုစုပေါင်း (၅) ဦး ဖြစ်ပြီး ဖမ်းဆီးခံသူများမှာ နာစီး(၂၀)နှစ်၊ ရွှေမောင် (၂၁)နှစ်၊ မောင်လှ (၂၀)နှစ်နဲ့ လာလူး(၂၀)နှစ်  ၄ ဦး ဖြစ်ပြီး လွတ်မြောက်နေသူ  စူမီယာဒန်ဘာ (၂၀)နှစ် ကို ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။ ဖမ်းဆီးထားသူတွေကို လ.၀.က အက် နဲ့ တာမွေ ရဲစခန်းက အမှုဖွင့်ထားကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

    ရခိုင်ပြည်နယ်မှ အစ္စလာမ် ကိုးကွယ်သူ ကမန်လူမျိုးများအပါအဝင် အခြားသော အစ္စလာမ်ဘာသာဝင်များမှာ လွတ်လပ်စွာ သွားလာခွင့် မရှိကြောင်း ၊  မိမိတို့ နေထိုင်ရာမြို့နယ် ပြင်ပသို့ ခရီးသွားလိုလျင် သက်ဆိုင်ရာ လဝက သို့ အကြောင်းကြား ခွင့်ပြုမိန့် တောင်းခံရပြီး သက်ဆိုင်ရာမှ ခွင့်ပြုမှသာ သွားလာခွင့်ရှိသည်။ အဆိုပါ ခွင့်ပြုမိန့် မပါရှိလျင် နယ်ကျော် လဝက ပုဒ်မဖြင့် တရားစွဲဆို၍ ပြစ်ဒဏ်ချမှတ်ခြင်း ခံရကြောင်း သံတွဲမြို့ခံ အစ္စလာမ်ဘာသာဝင်တဦးမှ ပြောပြပါတယ်။

    ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်တွင် အစ္စလာမ်ဘာသာဝင် ၁ သန်း ကျော်ရှိတယ်လို့ သိရှိရပါတယ်။

  • ဝေး

    ဝေး

    အောက်တိုဘာ ၂၁ ၊ ၂၀၁၆
    M-Media
    နှင်းဆီခင် ရေးသည်။

    broken-relationship

    တစ်ဦးနှင့်တစ်ဦး ရင်ခုန်ခံစားခြင်းက အချစ်ရဲ့အစလို့ ဆိုကြတယ်။ ချစ်သက်တမ်း တိုခြင်း၊ ရှည်ခြင်းပေါ်တည်တယ်လို့ မဟုတ်။ ဘဝတစ်ခုကို နှစ်ယောက်တည်းနှင့် တည်ဆောက်ဖြစ်ကြသည်ပဲလေ။ ကြားလူမလို ချစ်သူချင်း နားလည်ခံစားမှုသာ အဓိကပါလို့ဆိုပြီး နှစ်ဦးသဘောတူရုံနှင့် လက်တွဲကြသူတွေရှိကြသလို၊ အမေ့အလိုအကျ အမေ့စိတ်တိုင်းကျ ရွေးချယ်ပေးတဲ့ ဘဝခရီးဖော်ကို လက်တွဲလိုက်ကြသူတွေလည်း လောကမှာ မရှားပါဘူး။

    တစ်ခါတစ်ရံကျပြန်တော့ သီးချိန်၊ ပွင့်ချိန်တန်ပေမယ့် ကိုယ်တိုင်ရင်ခုန်ခံစားရမယ့် သူလည်းမရှိ၊ အမေတို့လို လူကြီးမိဘတွေလည်း ထိထိရောက်ရောက် မစီစဉ်ပေးနိုင်တဲ့အခါ ကြားလူကို အားကိုးရပြီပေါ့။ နှစ်ဖက်မိဘတွေနှင့် ရင်းနှီးကျွမ်းဝင်ပြီးသားဆိုတော့ အပြောအဆိုကောင်းကောင်းနှင့် ချိတ်ဆက်ပေးရင်း တစ်မိသားစုနှင့် တစ်မိသား ပေါင်းဖက်ဖြစ်သွားတာတွေလည်း လက်တွေ့ဘဝမှာ အများကြီးပါ။

    တစ်ခုပဲရှိတယ်။ ပုံပြင်တွေ တချို့ဝတ္တုတွေထဲမှာလို ပျော်ရွှင်စွာ ပေါင်းဖက်ကြလေသတည်းဆိုတဲ့ ဇာတ်သိမ်းမျိုးကြောင့် စာဖတ်သူက ကြည်နူးကျေနပ်မိသည်ပေါ့။ တကယ်တော့ ဒါကစာထဲမှာ ဇာတ်သိမ်း၊ လက်တွေ့ဘဝမှာတော့ ဒါကဘဝရဲ့အစ၊ တကယ့်ကို အစပိုင်းလေးပဲရှိသေးတာလေ။ အိမ်ထောင်သက်တမ်းတစ်လျှောက် ကြုံရဆုံရမှာတွေက အများကြီးမှ အများကြီးပဲ မဟုတ်လား။ သူစိမ်းတစ်ရံဆံနှစ်ဦး တစ်မိုးအောက်မှာ အတူနေရင်း အပေးအယူမျှဖို့ဆိုတာက ဘယ်သီအိုရီ၊ ဘယ်အဓိပ္ပါယ်သတ်မှတ်ချက် နိယာမတွေကို လိုက်နာရမယ်လို့ ရှိတာမှမဟုတ်တာ။ လက်တွေ့ဘဝမှာ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ကလေး တစ်ခုကို ထူထောင်နိုင်တယ်ဆိုတာ နည်းနည်းနှောနှော မဟုတ်တဲ့ ကံကောင်းခြင်းတစ်ရပ်လို့ ဆိုနိုင်ပါတယ်။

    ရင်းနှီးကျွမ်းဝင်သူတွေထဲမှာ အိမ်ထောင်ရေး သာယာသူတွေရှိသလို အကြောင်းကြောင်းကြောင့် စလယ်ဝင် ဘဝကနေ အချိန်မတိုင်ခင် ကွဲကြရသည်တွေလည်း ရှိကြပါတယ်။

    ဒေါ်နွဲ့မူဆိုတာက ကုမဏီကြီးတစ်ခုမှာ ဒါရိုက်တာအဖွဲ့ဝင် တစ်ယောက်။ ရာထူးအရသာ ဒေါ် တပ်ခေါ်ရပေမယ့် လူလတ်ပိုင်းတစ်ဦးပါပဲ။ ပညာတတ်၊ ရုပ်ချော၊ မိဘမျိုးရိုးစဉ်ဆက်ချမ်းသာသူ၊ အသက်ရလာပြီဖြစ်တဲ့ မိဘတွေကလည်း အရာရာမှာ သမီးအလိုကျသာမို့ သမီးရဲ့ အိမ်ထောင်ရေး ကိစ္စမှာ ဘာမှဝင်ရောက်စွက်ဖက်တာမျိုး မရှိခဲ့ဘူး။ နွဲ့မူကလည်း တော်ရုံယောင်္ကျားကို အထင်ကြီးတတ်သူမျိုး မဟုတ်လေတော့ အပျိုကြီးဘဝနှင့် အနေကြာလာခဲ့တယ်။

    ကိုမြင့်ထွန်းက ရေကြောင်းအရာရှိဖြစ်ပြီး မောင်နှမသုံးယောက်မှာ အထွေးဆုံးသား၊ မိဘတွေ မရှိကြတော့တဲ့နောက်ပိုင်းမှာ ပင်လယ်ရပ်ခြား ခရီးထွက်နေတာကများတာမို့ အိမ်ထောင်မပြုသေးတဲ့ လူပျိုကြီးတစ်ဦးပေါ့။ အိမ်ထောင်သည် အစ်ကို၊ အစ်မနှစ်ယောက်က အိမ်ထောင်ပြုဖို့ တိုက်တွန်းကြပေမယ့် လွတ်လွတ်လပ်လပ်နေချင်သေးတယ်ဆိုတဲ့ အကြောင်းပြချက်တဲ့ တစ်ကိုယ်တည်းနေလာခဲ့တယ်။ ခရီးက ပြန်ရောက်တိုင်း သူငယ်ချင်းတွေနှင့် ပျော်ပျော်ပါးပါး အချိန်ဖြုန်းခဲ့သည်ချည်းပါပဲ။ နဖူးစာ ရွာလည်တယ်လို့ သူငယ်ချင်းတွေက ပြောကြတယ်။ ကိုမြင့်ထွန်းအစ်မရဲ့ မိတ်ဆွေ ဦးသိန်းထွန်းက ဝါရင့်အောင်သွယ်တော်တစ်ဦးမို့ ကိုမြင့်ထွန်း အိမ်ထောင်ကျခဲ့ပါပြီ။

    ခမ်းနားကြီးကျယ်တဲ့ မင်္ဂလာဧည့်ခံပွဲမှာ ပရိတ်သတ်တွေက ဝေဖန်ကြတယ်။ “နေနှင့်လ ရွှေနဲ့မြ” တဲ့ ရှေ့သွားနောက်လိုက်ညီလိုက်တာနော် တဲ့။ ကိုမြင့်ထွန်းနှင့် နွဲ့မူတို့ရဲ့ အိမ်ထောင်သက်တမ်း တစ်လလောက်အကြာမှာ ကိုမြင့်ထွန်းက သူ့သူငယ်ချင်းတွေကို ရင်ဖွင့်တယ်။

    “ငါ မိန်းမရကံဆိုးတယ်ကွာ” တဲ့။ သူငယ်ချင်းတွေ တအံ့တသြဖြစ်သွားကြတယ်။ ဘယ်နှယ့် ဂုဏ်ချင်း၊နေချင်း၊ ပညာချင်း ဘာမှပြောစရာမလိုအောင် ပြည့်စုံနေကြသူတွေ အဆင်မပြေဘူးဆိုတော့ အံသြမယ်ဆိုလည်း အံ့သြစရာပဲလေ။ ငါက ပင်လယ်ထဲအမြဲသွားနေရတဲ့သူ၊ ကုန်းပေါ်မှာ ရှားရှားပါးပါးနေခွင့်ရတုန်းတော့ မိန်းမဂရုစိုက်တာခံချင်တာပေါ့။ အိမ်ဟင်း အိမ်ထမင်းကို မိန်းမနဲ့ လက်ဆုံစားချင်တယ်။ သားတွေ သမီးတွေ တစ်ပြုံကြီးနဲ့ မိသားစုဘဝကို ရချင်တယ်။”
    “နို့ မင်းမိန်းမနဲ့ အကျေအလည် မဆွေးနွေးဘူးလား”

    “ဟ ဆွေးနွေးတာပေါ့။ သူက အလုပ်တာဝန်ကို ယောင်္ကျားထက်ပိုပြီး ဦးစားပေးတဲ့သူလေ။ ငါ့အိမ်မှာရှိတဲ့ အချိန်လေးမှာတောင် အစည်းအဝေး၊ အစည်းအဝေးနဲ့ နားချိန်ကိုမရှိဘူး။ သူဟာ မိသားစုအတွက် အလုပ်လုပ်နေတယ်ဆိုတာ ငါနားလည်ပေးလို့ ရပါတယ်။ ဒါပေမယ့်ကွာ ငါလည်း ရသမျှအကုန်လုံး သူ့ကိုအပ်တယ်။ ထောက်ပံ့ရမယ့် သူလည်းလုံးဝမရှိဘူး။ ခုတော့ အိမ်ဖော်တွေက ချက်ပြုတ်ကျွေးမွေးတာကိုစား၊ တီဗီကြည့် ပျင်းရင် သူငယ်ချင်းတွေဆီသွားနဲ့ အချိန်ကုန်နေရတယ်။ ငါပြောချင်တာက ယောင်္ကျားတစ်ယောက်ကို နည်းနည်းပါးပါး အလေးထားဖို့ပါကွာ၊ သူကလည်း သူ့အလုပ်မှာ အရေးပါပြီး ဝင်ငွေကလည်းကောင်းတော့ မာနက ခပ်ကြီးကြီး၊ သားသမီးယူဖို့ မစဉ်းစားသေးဘူးတဲ့။ ကဲ…”

    “သာရေး နာရေးကိစ္စတောင်သွားနိုင်ဖို့ သူ့က်ုမနည်းပြောယူရတယ်။ တကယ်တော့ ငါ့မိန်းမဟာ ထက်မြတ်လွန်းတယ်။ အရည်အချင်းရှိတာလည်း မှန်တယ်။ တစ်ခုပဲရှိတယ်။ အိမ်ထောင်ပြုဖို့ မကောင်းဘူး”

    “လူကြီးတွေရဲ့ ဆန္ဒကို မပယ်နိုင်လို့ လက်ခံလိုက်တာမျိုးပဲရှိတယ်။ အများအမြင်မှာတော့ ငါတို့လောက် ကံကောင်းတဲ့သူ မရှိဘူးပေါ့ကွယ။ တကယ်တမ်းပြောရရင် ငါကိုယ်တိုင်ကလည်း မှားပါတယ်။ ကျောင်းတုန်းက ထားခဲ့ဖူးတဲ့ ရည်းစားနဲ့လည်း လွဲခဲ့ရတယ်။ ဟော…
    င့ါအစ်မရဲ့ မိတ်ဆွေ စီစဉ်ပေးတာကို မျက်စိမှိတ်ပြီး လက်ခံလိုက်မိတာကိုး။”

    “မင်းတို့မယူခင်က တစ်ယောက်အကြောင်း တစ်ယောက် အကျေအလည် မဆွေးနွေးခဲ့ကြဘူးလား”

    “တစ်ခါနှစ်ခါ စကားပြောဖူးတာပဲ ရှိတယ်။ ရည်းစားလည်းမဟုတ် ဘာမဟုတ်နဲ့ဆိုတော့ စကားသိပ်မပြောဖြစ်ကြပါဘူး။ လူငယ်တွေလည်း မဟုတ်ကြတော့ သိက္ခာထိန်းနေကြတာလည်းပါတယ်။”

    မည်မည်ရရမဟုတ်ပေမယ့်လည်း ကြာလာတော့လည်း တစ်ယောက်နှင့်တစ်ယောက် အဆင်မပြေဖြစ်လာကြရင်း နောက်ဆုံးတော့ လမ်းခွဲကြတဲ့အထိဖြစ်သွားရော။

    ကျွန်မရဲ့သူငယ်ချင်းနွယ်နွယ်က တက္ကသိုလ်တစ်ခုမှာ လက်ထောက်ကထိကတာဝန်နှင့် ရာထူးတိုးတာကြောင့် သူငယ်ချင်းတွေကို သူ့အိမ်မှာ ဖိတ်ကျွေးတယ်။ သူငယ်ချင်းတွေဆုံကြတော့ ဝိုင်းဖွဲ့ပြောကြရင်း နွယ်နွယ်က သူ့အလုပ်ဌာနအကြောင်း ပြောဖြစ်တယ်။ ပြောဖြစ်ဆို ကျွန်မတို့နှင့် ကျောင်းနေဖက်သူငယ်ချင်း ကိုထွန်းထွန်းရောက်မလာတော့ ကျန်တဲ့သူတွေက နွယ်နွယ့်ကို ဝိုင်းမေးကြတယ်။

    “နင်တို့ ကိုထွန်းကြီးက လာဖြစ်မယ်မထင်ပါဘူးဟာ လာချင်စိတ်လည်း ရှိမှာမဟုတ်ဘူး”

    “ဘာဖြစ်လို့လဲ”

    “ဘာဖြစ်ရမလဲ။ သူ့မိန်းမနဲ့ ကွာရှင်းထားလို့ စိတ်မကြည်လင်ဖြစ်နေတာ”

    “ဘယ်လို၊ ဘယ်လို သူ့မိန်းမ ဒေါက်တာနုနုနဲ့ ကွာရှင်းလိုက်ပြီ ဟုတ်လား” လို့ သူငယ်ချင်းတွေက ဝိုင်းမေးကြတယ်။

    ကိုထွန်းလွင်က ငယ်ငယ်ကတည်းက မိဘတွေ ဆုံးပါးသွားတာကြောင့် ဦးလေးနှင့် ကြီးပြင်းခဲ့ရတဲ့သူ။ ညီအစ်ကိုမောင်နှမမရှိ၊ တစ်ဦးတည်းသောသား၊ မိဘအမွေအနှစ်မို့ ငွေကြေးအတွက်တော့ မပူပင်ခဲ့ရဘူး။ ကျောင်းတုန်းကလည်း ရည်းစားတွေ ဘာတွေလည်း ရှိခဲ့ဖူးသူမဟုတ်ဘူး။ ကျောင်းပြီးတော့ အလုပ်ဝင်တယ်။ ပညာထူးချွန်တာကြောင့် နိုင်ငံခြားပညာသင်သွားရပြီး ကထိကရာထူး ရခဲ့တယ်။ နွယ်နွယ်နှင့် တစ်ဌာနတည်း။ မနှစ်ကမှ ကြားလူစပ်ဟပ်ပေးလို့ အိမ်ထောင်ကျခဲ့တာ။ အသက်ကလည်း မငယ်တော့တာမို့ ဦးလေးစကားကို မပယ်ရှားဘဲ ဒေါက်တာနုနုနှင့် အိမ်ထောင်ပြုခဲ့တယ်။ သူ့မိန်းမက မဟာသိပံဘွဲ့ရ အထူးကုဆရာဝန်၊ တစ်ဦးတည်းသောသမီး။ ငွေကြေးကလည်း ပြည့်စုံဆိုတော့ ဘာပြောစရာလိုသေးသလဲ။ အားလုံးအဆင်ပြေသည်ပဲပေါ့။ ဒါပေမယ့် အိမ်ထောင်သက်တမ်း တစ်နှစ်အကြာမှာ ကွဲကြကွာကြပြန်ပြီတဲ့လေ။

    ခဏကြာတော့ ကိုထွန်းရောက်လာတယ်။ သူငယ်ချင်းတွေက အားနာလို့ သူ့အိမ်ထောင်ရေးကိစ္စကို လုံးဝမမေးကြဘူး။ ဒါပေမယ့် နောက်ကျမှရောက်လာပြီး ကိုထွန်းလာဘူးလားအကြောင်း လုံးဝမသိထားတဲ့ ကိုမိုးက မေးလိုက်တယ်။

    “မင်း မိန်းမ ပါမလာဘူးလား” ဆိုတော့

    “ငါတို့ ကွာရှင်းပြီးသွားပါပြီကွာ” လို့ ဖြေလိုက်တယ်။

    “အေး ဘာဖြစ်လို့လဲလို့ ထပ်မမေ”ခင် ငါရှင်းပြပါ့မယ်။ ဒီလိုလေ ငါက ငယ်ငယ်လေးကတည်းက မေတ္တာငတ်ခဲ့သူဆိုတာ မင်းတို့အသိ၊ ကျောင်းသားဘဝမှာလည်း စာကိုပဲ ဖိပြီးကြိုးစားခဲ့တယ်။ အလုပ်ထဲရောက်တော့လည်း နိုင်ငံခြားပညာသင်သွားရ၊ နယ်မြေတွေပြောင်းရမို့ အသက်ကြီးမှ မိန်းမရခဲ့တာ။ ငါသူ့ကို နားလည်ပေးပါတယ်။ အိမ်ရှင်မပီသပြီး ငါ့ကိုချက်ပြုတ်ကျွေးမွေးဖို့လည်း မမျှော်လင့်ပါဘူး။ သူကဆေးရုံကဆင်းတာနဲ့ ဆေးခန်းတွေတစ်ခုပြီးတစ်ခုကူးတာကိုတော့ ငါကတားခဲ့တယ်။
    ငါတို့မှာငွေကြေးကိစ္စလည်းမပေါ်တော့ ဆေးခန်းထိုင်တာ လျှော့ဖို့လောက်တင်ပြောမိတာ သူနဲ့ငါ စကားများကြရတဲ့အထိဖြစ်ရော”

    “ဒါကတော့ ညှိယူကြရမှာပေါ့ကွာ။ မဟုတ်ဘူးလား ”

    “ညှိလို့ကိုမရဘူး သူငယ်ချင်း၊ ပိုဆိုးတာ တစ်ခုရှိသေးတယ်။ ငါကငယ်ငယ်လေးကတည်းက ချုချာတဲ့သူလေ။ ဒီတော့ ခေါင်းကိုက်၊ ဗိုက်နာတာမျိုးက ခဏခဏဖြစ်တတ်တာ၊ ငါကလည်း ဂရုစိုက်စေချင်လို့ သူ့ကိုပြောပြရင် ဘယ်ဆေး ဘယ်ဆေးသောက်လိုက်ပေါ့ဆိုပြီး ခပ်ပေါ့ပေါ့လေးပဲ ပြောတတ်တယ်။ ငါကလည်း သက်သာရဲ့လား ဘယ်လိုနေသေးသလဲစသည်ဖြင့် မေးစေချင်တာပေါ့။ တစ်ခါက ငါကသူ့ကို အဲ့ဒီအကြောင်း ဖွင့်ပြောတော့ သူကဘာပြောတယ်ထင်လဲ”

    “အင်း ဆိုစမ်းပါဦး”

    “ရှင်ကလေ အိမ်ထဲမှာပဲနေပြီး သိမ်း ထုပ်သေချာတဲ့ အိမ်ရှင်မမျိုးကို ယူသင့်တာ၊ ကျွန်မလို လူစားမျိုးကိုယူဖို့ မကောင်းဘူးတဲ့… ကဲ။ တစ်နေ့ တစ်နေ့သူနဲ့ငါ တွေ့ချိန်နည်းလာတယ်။ ငါကလည်း ကျောင်းကဆင်းရင် စာအုပ်တွေနဲ့ပဲ အချိန်ဖြုန်းနေတတ်သလို သူကလည်း ဆေးခန်းက ညဘက်ကျမှ ပြန်ရောက်လာတဲ့အခါ ပင်ပန်းနေပြီ။ ငါတို့နှသ်ယောက် အေးအေးလူလူ စကားမမြည် ထိုင်ပြောဖို့အချိန်ဟာ သိပ်ရှားသွားပြီ။ နောက်ဆုံးတော့ကွာ အကောင်းဆုံးနည်းလမ်းကိုပဲ ရွေးလိုက်ကြတာပေါ့။ ဒါပါပဲ။”

    စာရွက်ပေါ်မှာ တွက်ချက်ကြည့်ပြီး အသင့်တော်ဆုံးဆိုတဲ့ သူနှစ်ဦးကို ဆက်သွယ်ပေးလိုက်ခြင်းဟာ အခါခပ်သိမ်း အဆင်မချောတတ်ဘူးဆိုတာကိုတော့…..။

    နှင်းဆီခင်

  • သမ္မတဟောင်း ဘုရှ်မှာ အာဏာရှင် စတာလင်ထက် ပိုဆိုးသည်ဟု အမေရိကန်လူငယ် ၃ ပုံ ၁ ပုံက ယူဆ

    သမ္မတဟောင်း ဘုရှ်မှာ အာဏာရှင် စတာလင်ထက် ပိုဆိုးသည်ဟု အမေရိကန်လူငယ် ၃ ပုံ ၁ ပုံက ယူဆ

    အောက်တိုဘာ ၁၉၊ ၂၀၁၆
    M-Media
    14650617_1224434824265652_3838212669139652535_n
    – အမေရိကန်သမ္မတဟောင်း ဂျော့ဂ်ျ ဒဗလျူ ဘုရှ်မှာ ဆိုဗီယက် အာဏာရှင်ဟောင်း ဂျိုးဆက် စတာလင်ထက် ပို၍ လူများစွာ သတ်ဖြတ်မှုအတွက် တာဝန်ရှိသည်ဟု အမေရိကန် လူငယ် ၃ ပုံတစ်ပုံခန့်က ထင်မြင်ယူဆနေကြောင်း အမေရိကန်အခြေစိုက် အကျိုးအမြတ်မယူသည့် အဖွဲ့ Victims of Communism Memorial Foundation ၏ လေ့လာမှုတွင် တွေ့ရှိခဲ့ရသည်။

    ဒုတိယကမ္ဘာစစ်မတိုင်ခင်နှင့် ကမ္ဘာစစ်ပြီးနောက်တွင် စတာလင်ကြောင့် လူပေါင်း သန်း ၂၀ မှ သန်း ၆၀ မှာ အတိဒုက္ခ ရောက်ခဲ့ရသည်ဟု ပညာရှင်များ၏ တွက်ချက်မှုကို ကိုးကား၍ ထိုအဖွဲ့ ဖော်ပြခဲ့သည်။ သို့သော် အမေရိကန်လူငယ် ၃၃ ရာခိုင်နှုန်းကမူ သမ္မတဘုရှ်၏ လက်ထက်တွင် ထိုထက် ပိုမိုဆိုးရွားခဲ့သည်ဟု ယူဆနေသည်။

    ထို့ပြင် ကွန်မြူနစ်ဝါဒ၊ ကွန်မြူနစ်ခေါင်းဆောင်များနှင့်ပတ်သက်၍ မေးခွန်းများ မေးမြန်းသည့်အခါတွင် အများစုက မသိရှိသည်ကိုလည်း တွေ့ခဲ့ကြသည်။

    Victims of Communism Memorial Foundation အဖွဲ့ကို ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်သည့် လီ အဒ်ဝပ်ကမူ မိမိတို့အဖွဲ့ ၁၉၉၀ ပြည့်နှစ်များတွင် တည်ထောင်ခဲ့ပြီးနောက်ပိုင်း ယခုအချိန်မှာ ကွန်မြူနစ်ဝါဒနှင့်ပတ်သက်၍ ပြည်သူများ၏ လစ်လျူရှုမှု အရှိန်အဟုန် အမြင့်ဆုံးဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “(အမေရိကန်သမ္မတဟောင်း) ရော်နယ် ရေဂင်က လွတ်လပ်မှုဆိုတာ မျိုးဆက်တစ်ခုထက်ပိုပြီး ဆိတ်သုဉ်းသွားတာမျိုး မရှိဘူးလို့ ပြောကြားဖူးပါတယ်။ နှစ် ၁၀၀လောက်ကြာခဲ့တဲ့ ဆိုးရွားတဲ့ ကွန်မြူနစ်ဝါဒရဲ့ သားကောင်တွေ၊ ရာဇ၀တ်မှုတွေ ဘယ်လောက်များတယ်ဆိုတဲ့အကြောင်း လာမယ့်မျိုးဆက်ကို လက်ရှိမျိုးဆက်တွေက အသိပညာပေးဖို့ဟာ မလုပ်မနေရ တာဝန်တစ်ရပ်ပါပဲ” ဟု မစ္စတာ အက်ဒ၀ပ်က ထပ်လောင်း ပြောကြားခဲ့သည်။ ၎င်းမှာ တတ်သိပညာရှင်များ အဖွဲ့တစ်ခုဖြစ်သော Heritage Foundation မှ ထင်ရှားသည့် အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။

    Victims of Communism Memorial Foundation အဖွဲ့၏ နှစ်ပတ်လည် အစီရင်ခံစာတွင် လူပေါင်း ၂၃၀၀ ခန့်ကို ဆက်သွယ်မေးမြန်းကာ ထုတ်ပြန်ထားခြင်းဖြစ်ပြီး မှားယွင်းနိုင်ချေမှာ ၂.၈ ရာခိုင်နှုန်း ရှိသည်။

    ထိုအဖွဲ့ကို ၁၉၉၃ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်တွင် အမေရိကန် အထက်လွှတ်တော်၏ တစ်ညီတစ်ညွတ်တည်း အတည်ပြုချက်ဖြင့် သမ္မတ ဘီလ်ကလင်တန်က လက်မှတ်ထိုးကာ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ကွန်မြူနစ်ဝါဒကြောင့် နိုင်ငံတကာမှ ထိခိုက်ခံစားရသူများအရေးကို ဆောင်ရွက်ပေးနေသည့်အဖွဲ့လည်း ဖြစ်သည်။

    ၉/၁၁ တိုက်ခိုက်မှုနှင့် လူအစုလိုက်အပြုံလိုက်ကို သေဆုံးစေနိုင်သော လက်နက်ရှိသည်ဆိုသည့် အကြောင်းပြချက်များဖြစ် အာဖဂန်နှင့် အီရတ်တို့ကို အမေရိကန်က ကျူးကျော်တိုက်ခိုက်ကာ လူများစွာ သေကြေပျက်ဆီးမှု၊ နောက်ဆက်တွဲ ပြဿနာများအတွက် သမ္မတဘုရှ်မှာ အဓိက တာဝန်ရှိသူအဖြစ် ရှုမြင်ခံရသူ ဖြစ်သည်။

    Ref: Washingtontimes

  • လ.၀.က ရုံးနှင့် ပတ်သက်ပြီး အခက်အခဲရှိနေသည့် ပြည်သူတို့ အသံ (၁)

    လ.၀.က ရုံးနှင့် ပတ်သက်ပြီး အခက်အခဲရှိနေသည့် ပြည်သူတို့ အသံ (၁)

    အောက်တိုဘာ ၇ ၊ ၂၀၁၆
    M-Media

    ယခုရက်ပိုင်း လ.၀.က နဲ့ နိုင်ငံသားစိစစ်ရေးကတ် ကိစ္စအကြောင်း M-Media မှာ တင်ဆက်ခဲ့တဲ့ ဆောင်းပါးနဲ့ သတင်းတွေ ဖတ်ရှုပြီး အဆင်မပြေ အခက်အခဲရှိနေတဲ့ ပြည်သူလူထုမှ မိမိတို့ အခက်အခဲများကို မှတ်ချက်ပေးပြိး ဖော်ပြခဲ့ကြပါတယ်။

    အဆိုပါ လူထုအသံများကို သက်ဆိုင်ရာ ဝန်ကြီးဌာနမှာ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ မဲဆန္ဒနယ်မှ လူထုကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်များ သိရှိပြီး ဖြေရှင်းဆောင်ရွက်ပေးနိုင်စေရန် အတွက် စုစည်းပြိးဖော်ပြလိုက်ပါတယ်။

    မှတ်ပုံတင် ပျောက်ဆုံးကို ပြန်လျောက်တာ ၅ လ ရှိသွားပါပြီ။ ခုအချိန်ထိမရသေးဘူး။
    လွင်သီတာ (မင်္ဂလာတောင်ညွှန့် )
    —————————
    အဖေက မော်လမြိုင်က အမေကတခြားမြိုတမြို့ ကဆိုလျင် အမေဖြစ်သူက မော်လမြိုင် အိမ်ထောင်စု မဝင်ရသေးလို့ ကလေးတွေကို အိမ်ထောင်စုသွင်းပေးလို မရဘူးလို့ မော်လမြိုင်လဝကရုံးက ပြောပါတယ်။
    အမေကိုလဲ စာရင်း သွင်းလို့ မရဘူးအ ထွက်ကို အရင်ယူခဲ့ ခိုင်းတယ်။ စစ်ကိုင်းတိုင်း ကန့်ဘလူမြိုမှာ ထွက်ဖို့ သွားတောလည်း အဝင်လ က်ခံကြောင်းအရင်ယူခဲ့ဆိုတော့ ၃ကြိမ် တိတိကြိုးစားတယ်။ မရဘူးဆိုတောစိတ်လျောပြီး ထိုင်နေတုန်း လွတ်တော်ကိုယ်စားလှယ် (၅) ဦးက ပြည်သူနဲ တွေချင်လို့ ရပ်ကွက်ဆင်းတဲ့အချိန်မှာ ကျွန်တော်တင်ပြတော့ ဒီရပ်ကွက်မှာခင်ဗျားလို အခက်အခဲရှိနေတဲ့  မိသားစုဘယ်လောက်ရှိလဲစာရင်းနဲ့ တကွတင်ပြဆိုတော ကျွန်တော်ကိုယ်တိုင်လိုက်ကောက်တာ (၄၀၁) ယောက်ရှိလို တင်ပြတာ အခုထိအဖွဲချုပ်ရုံးမှာ ရှိနေစဲ ၊ သွား တင်ပြတော့ လွှတ်တော်မပြီးသေးဘူးတဲ့အခုဆို (၃) လကျော်ပြီး ရပ်ကွက်ကလူတွေကတော့ နေတိုင်းအိမ်မှာ လာမေးပြီး မင်းတို့ NLD ကလဲအရင်လူတွေလို လူလိမ်တွေလိုပြောပြီးပြန်သွားတယ်။ Media ကတဆင့် ဖော်ပြပေးစေလိုပါတယ် ။ မွန်ပြည်နယ် မော်လမြိုင်မြို စစ်ကဲကုန်းရပ်ကွက် ကပါ။
    ကိုအောင်ဝင်း ( မွန်ပြည်နယ် မော်လမြိုင်မြို စစ်ကဲကုန်းရပ်ကွက်)
    ——————————
    ကျွန်တော်တော့ ကိုယ့်ကလေး (၁၄) နှစ်ပြည့်ပြီ ဒါပေမယ့် လ.ဝ.က ကို မသွားသေးဘူး ဘာဖြစ်လို့ဆိုတော့ ကျွန်တော်တုန်းက တော်တော်ကို ရစ်ခံလိုက်ရတာ ကိုယ့်ကလေး ကျတော့ ကိုယ့်ထက်ပိုဆိုးမလားလို့။
    (မောင်မျိုး)
    ————————————

    ကျွန်တော့်တပည့်တစ်ယောက် အဖေ၊ အမေ၊ အစ်ကို ၃ ယောက်စလုံး နိုင်ကဒ် ရပြီးပါလျက် သူ့ကျမှ ၂ နှစ်ရှိပြီ နိုင်ကဒ် မရသေးဘူး ရစ်နေတယ်။  ကျိုက်လတ် လဝက ပါ။
    (ကိုကျော်လင်းဦး)
    ————————————
    ကျွန်မသားလေး၂ယောက်၊ အိမ်ထောင်စု စာရင်းထည့်ဖို့လျောက်တာ (၃)နှစ်ရှိပြီ။ ခုထိမရသေးပါ။
    (မခင်မာဆွေ- ဥက္ကံ- တိုက်ကြီး)
    ————————————
    ဘွဲ့ယူဖို့ မှတ်ပုံတင်လျှောက်တာဗျာ။ အဖေက တိုင်းရင်းသား၊ အမေက FRC ၊ အဲ့ဒါ NVC ကတ်ထုတ်ပေးမယ်ပြောတယ်ဗျာ။ လှိုင်မြို့နယ် လ.ဝ.က ရုံးကပါ။  ဘာလုပ်သင့်လဲ။
    (ကိုအေးမင်းအောင်)
    ————————————
    ရန်ကုန်ကျောက်တံတားမြို့နယ်မှာ မှတ်ပုံတင်လုပ်ထားတာ ၃ နှစ်ပြည့်တော့မယ် မရသေးဘူး။ အထောက်ထားပြည့်စုံ လွန်းလို့  ဟိုဘက်ကမ်းတောင်လွန်သေး၊
    (မော်ကျွန်းသား)
    ————————————
    မှတ်ပုံတင်မပြောနဲ့အုန်း။နိုင်ငံသားကဒ်ကိုင်ထားတဲ့အဖေ၊အမေ။ ၆နှစ်နဲ့ ၄နှစ် ခလေးနှစ်ယောက်ရှိတဲ့ မိသားစု နယ်ကနေ ရန်ကုန်ကို ပုံစံ၁၀ထုတ်ပြီး ပြောင်းလာတာ သွေးနှောဆိုပြီး အခုအထိ၂နှစ်လောက်ရှိနေပြီ ရန်ကုန်သန်းခေါင် စာရင်းဝင်လို့မရသေးဘူး။  လမ်းထဲမှာသန်းခေါင် စာရင်းဝင်လို့ မရသေးတာ မိသားစု (၃)စုရှိပါတယ်။ ကမာရွတ်မြို့နယ် လ.၀.ကပါ။
    (ကိုထိန်လင်း- ကမာရွတ်)
    ————————————
    ကျွန်တော့ ၁၁ နှစ်က လုပ်ထားတဲ့ မှတ်ပုံတင် ကဒ်ပြားက အခုထိလဲလို့ကို မရသေးဘူး သွေးနှောတွေတဲ့ အဲဒါဆို ဘာပြုလို့ ၁၁ နှစ်အရွယ်တုန်းက မှတ်ပုံတင်ဟာ သွေးနှောသလေ လုပ်လို့မရပါဆိုပီး မပြောပဲ ယခုကြမှ သွေးနှောတွေတဲ့ အံ့ပါရဲ့ဗျာ
    (ကိုအောင်မင်း)

    ယခုကဲ့သို့ အခက်အခဲရှိသော ပြည်သူများနေဖြင့် မီဒီယာမှ တဆင့် မိမိတို့ အခက်အခဲကို လူထုအသံ ကဏ္ဍ မှ ဖော်ပြပေးစေလိုလျှင် M-Media Facebook Page ကို  Message ပို့၍ သော်လည်းကောင်း၊ [email protected] သို့ အီးမေးလ်ဖြင့်သော် လည်းကောင်း ဆက်သွယ်ပြီးပေးပို့နိုင်ပါတယ်။