News @ M-Media

Author: YinYin

  • ကက်သလစ်ဘုန်းတော်ကြီးများ၏ လိင်ပိုင်းဆိုင်ရာစော်ကားခံရသူများနှင့် ပုပ်ရဟန်းမင်းကြီး တွေ့ဆုံ

    ကက်သလစ်ဘုန်းတော်ကြီးများ၏ လိင်ပိုင်းဆိုင်ရာစော်ကားခံရသူများနှင့် ပုပ်ရဟန်းမင်းကြီး တွေ့ဆုံ

    ဇူလိုင် ၇၊ ၂၀၁၄
    M-Media

    7

    – ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ခရစ်ယာန်ဘုန်းတော်ကြီးများက ကလေးငယ်များအား လိင်ပိုင်းဆိုင်ရာစော်ကားမှုများကို ဖြေရှင်းရန် ဗာတီကန် ကော်မရှင်၏ ကြိုးပမ်းမှု တစ်ရပ် အနေနှင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က စော်ကားခံရသူများအား ပထမဆုံးအကြိမ် အဖြစ် ယနေ့တွင် တွေ့ဆုံခဲ့သည်ဟု သိရသည်။

    ဗြိတိန်၊ ဂျာမနီနှင့် အိုင်ယာလန်တို့မှ အစော်ကားခံရသူ ၆ ဦးနှင့် ဗာတီကန်ရှိ စိန့်ပီတာဘုရားကျောင်းအနီး ၎င်း၏ ကိုယ်ပိုင်နေအိမ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထိုဆွေးနွေးမှုတွင် လွန်ခဲ့သည့် ၁၀ နှစ်ခန့်က လိင်ပိုင်းဆိုင်ရာ စော်ကားမှုများဖြစ်ပွားခဲ့သည်ဟု သတင်းထွက်ခဲ့သည့် အမေရိကန်ပြည်ထောင်စု ဘော်စတွန်မြို့မှ ခရစ်ယာန်ဘုန်းတော်ကြီး ဆီယန် အိုမာလေးလည်း ပါဝင်ခဲ့သည်။

    ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက ပုပ်ရဟန်းမင်းအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည့် ဖရန်စစ်မှာ ဆယ်စုနှစ်တစ်ခုကြာ ဖြစ်ပွားခဲ့ပြီး ကက်သလစ်အသင်းတော်၏ ပုံရိပ်ကို ပျက်ဆီးစေသည့် ခရစ်ယာန်ဘုန်းတော်ကြီးများ၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများအတွက် ထိရောက်သော ဆောင်ရွက်မှုများ မရှိသောကြောင့် ကမ္ဘာတစ်ဝှမ်းမှ ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

    သို့သော်လည်း အဆိုပါရာဇ၀တ်မှုများအတွက် လုံးဝ သည်းခံတော့မည်မဟုတ်ဟု ပြီးခဲ့သည့်မေလက ကြေညာခဲ့ပြီး ထိုပြဿနာအားဖြေရှင်းရန် ကော်မရှင်တစ်ခု ကိုလည်း ဖွဲ့စည်းခဲ့သည်။

    လွန်ခဲ့သည့် ၁၀နှစ်အတွင်း ကက်သလစ်ဘုန်းတော်ကြီးများ၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ၃၄၂၀ မှုအား အသင်းတော် တရားရေးအဖွဲ့မှ စစ်ဆေးခဲ့ပြီး ဘုန်ကြီး ၈၄၈ ပါးအား လူဝတ်လဲစေခဲ့ကာ ၂၅၇၂ ပါးအား ၎င်းတို့ကျူးလွန်ခဲ့သည့် ပြစ်မှုအတွင် ဘ၀တစ်သက်တာလုံး ဆုတောင်းအာပတ်ဖြေရန် အမိန့်ချမှတ်ခဲ့သည်ဟု ဗာတီကန် တာဝန်ရှိသူများက ယခုနှစ်အတွင်း သတင်းထုတ်ပြန်ခဲ့သည်။

    Ref : Aljazeera

  • ဘိုကိုဟရမ်အဖွဲ့ ပြန်ပေးဆွဲခဲ့သည့် အမျိုးသမီးအချို့ ပြန်လည် လွတ်မြောက်လာ

    ဘိုကိုဟရမ်အဖွဲ့ ပြန်ပေးဆွဲခဲ့သည့် အမျိုးသမီးအချို့ ပြန်လည် လွတ်မြောက်လာ

    ဇူလိုင် ၇၊ ၂၀၁၄
    M-Media

    3

    – ပြီးခဲ့သည့်လက နိုက်ဂျီးရီးယားအရှေ့မြောက်ပိုင်းတွင် ဘိုကိုဟရမ်အဖွဲ့၏ ပြန်ပေးဆွဲခံခဲ့ရသည့် အမျိုးသမီး ၆၀ ကျော်မှာ ပြန်လည်လွတ်မြောက်လာခဲ့သည်ဟု သိရသည်။

    စုစုပေါင်း ၆၃ ဦးရှိသည့် အဆိုပါ အမျိုးသမီးအုပ်စုမှာ ၎င်းတို့ကို ပြန်ပေးဆွဲသူများ အစိုးရတပ်များကို သွားရောက်တိုက်ခိုက်ချိန်တွင် ထွက်ပြေးလာခဲ့ကာ သောကြာနေ့ ညပိုင်းက ပြန်ရောက်ခဲ့ကြောင်း ဘိုနိုပြည်နယ် ပြည်သူ့ကင်းအဖွဲ့မှ အကြီးတန်းအရာရှိ အဘတ်စ် ဂါဗာက ဂျာနစ်လစ်များအား ပြောကြားခဲ့သည်။

    ဘိုနိုပြည်နယ် မြို့တော် မိုင်ဒူဂူရီမှ အဆင့်မြင့်လုံခြုံရေးအရာရှိတစ်ဦးကလည်း ထိုသတင်းအား အတည်ပြုခဲ့ပြီး ၎င်းအနေဖြင့် ထိုကိစ္စနှင့်ပတ်သက်၍ ပြောရေးဆိုခွင့် မရှိသောကြောင့် အမည်ဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံခဲ့သည်။

    ဘိုကိုဟရမ်လက်နက်ကိုင်များနှင့် နိုက်ဂျီးရီးယား အစိုးရတပ်များမှာ သောကြာနေ့ ညပိုင်းကတည်းက တိုက်ပွဲများဖြစ်ပွားနေခဲ့ပြီး၊ လုံခြုံရေးတပ်ဖွဲများ အနီးရှိ ကျေးရွာများသို့ ကင်းလှည့်နေစဉ် လက်နက်ကိုင်များက ရဲစခန်းများ၊ ကင်းစခန်းများကို တိုက်ခိုက်ခဲ့ကြသည်။

    ဘိုကိုဟရမ်အဖွဲ့မှာ ပြီးခဲ့သည့်လက ချီဘွတ်မြို့ရှိ စာသင်ကျောင်းတစ်ခုမှ ကျောင်းသူ ၂၀၀ ကျော်ကိုပြန်ပေးဆွဲခဲ့ပြီး၊ ထိုကျောင်းသူများလွတ်မြောက်ရေးအတွက် Bring Back Our Girls ခေါင်းစဉ်ဖြင့် နိုင်ငံတစ်ဝှမ်း လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။ ယခုလွတ်မြောက်လာသည့် အမျိုးသမီးများတွင် အဆိုပါကျောင်းသူ အရေအတွက်မည်မျှ ပါဝင်သည်ကို သိရှိရခြင်းမရှိသေးပေ။

    Ref : ChannelNewsAsia

  • ဘရာဇီးလ်အသင်း ဗိုလ်လုပွဲတက်နိုင်ပါကလည်း နေးမာ ပါဝင်ကစားနိုင်တော့မည်မဟုတ်

    ဘရာဇီးလ်အသင်း ဗိုလ်လုပွဲတက်နိုင်ပါကလည်း နေးမာ ပါဝင်ကစားနိုင်တော့မည်မဟုတ်

    ဇူလိုင် ၇၊ ၂၀၁၄
    M-Media

    – မနက်ဖြန်ညတွင် ကစားမည့် ဆီးမီးဖိုင်နယ်ပွဲတွင် ဂျာမနီအား အနိုင်ယူကာ ဘရာဇီးလ်အသင်း ဗိုလ်လုပွဲ တက်နိုင်ခဲ့လျှင်ပင် အသင်း၏ အားထားရသည့် တိုက်စစ်မှူး နေးမာမှာ ပါဝင်နိုင်ရန် အလားအလာမရှိတော့ဟု ဘရာဇီးလ်အသင်း၏ ဆေးအဖွဲက ပြောကြားလိုက်သည်။

    ကိုလံဘီယာနှင့်ကစားခဲ့သည့် ကွာတားဖိုင်နယ်ပွဲစဉ်တွင် နေးမာမှာ ကိုလံဘီယာကစားသမားနှင့် ထိခိုက်မိခဲ့ပြီး နောက်ကျောတွင် ဒဏ်ရာရရှိခဲ့သည်။ ဘရာဇီးလ် မီဒီယာများကမူ နေးမာမှာ ဂျာမနီနှင့်ပွဲ သို့မဟုတ် နောက်ဆုံးဗိုလ်လုပွဲတွင် နေးမာ ပြန်လည်ပါဝင်နိုင်မည်ဟု ရေးသားခဲ့ကြသော်လည်း ဘရာဇီးအသင်း ဒေါက်တာ ဂျိုဆေး လူးဝစ်ရန်ကိုက နေးမာအနေဖြင့် ဒဏ်ရာအကင်း မသေသေးပဲ ၀င်ကစားခဲ့ပါက ၎င်း၏ အနာဂတ် ကြံ့ခိုင်မှုကို ထိခိုက်လိ့မ်မည်ဟု သတိပေးခဲ့သည်။

    “ကမ္ဘာ့ဖလားဖိုင်နယ်မှာ ကစားဖို့ သူ့မှာ အခွင့်အရေးမရှိတော့ပါဘူး။ သူ အသင်းနဲ့ရှိနေမှာ ဖြစ်ပေမယ့် လုံးဝ ၀င်ကစားနိုင်မှာ မဟုတ်ပါဘူး။ တကယ်မရှိတဲ့ အရာတစ်ခုကို ထင်ယောင်ထင်မှားဖြစ်အောင် ကျွန်တော်ဖန်တီးမှာမဟုတ်ပါဘူး။ သူ့ကို့ မကစားခိုင်းတာကလွဲလို့ ကျွန်တော်တို့မှာ ရွေးစရာမရှိပါဘူး” ဟု ရန်ကိုက ပြောကြားခဲ့သည်။

    ဂျာမနီအသင်းနှင့် ကစားမည့် ဘရာဇီးလ်အသင်းတွင် သီယိုဂိုဆေးလ်ဗားမှာလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်ကစားနိုင်မည်မဟုတ်ပေ။
    Ref : Goal

  • ရမ်ဇာန်အထောက်အကူပြု ဘက်စုံသုံး ဆော့ဖ်ဝဲ Google Play တွင် Download ရယူသူ အများဆုံးဖြစ်လာ

    ရမ်ဇာန်အထောက်အကူပြု ဘက်စုံသုံး ဆော့ဖ်ဝဲ Google Play တွင် Download ရယူသူ အများဆုံးဖြစ်လာ

    ဇူလိုင် ၇၊ ၂၀၁၄
    M-Media

     

    – အစ္စလာမ်ဘာသာဝင်တို့၏ ရမ်ဇာန်ဥပုသ်လအတွက် ရည်ရွယ်ထုတ်လုပ်ထားသော ဖုန်းဆော့ဖ်ဝဲတစ်ခုမှာ ယခုနှစ် ရမ်ဇာန်လအတွင်း Google Play ၌ Download ရယူမှုအများဆုံး ဆော့ဖ်ဝဲအဖြစ် မှတ်တမ်းဝင်ခဲ့သည်ဟု သိရသည်။

    RAMADAN PHONE 2014 အမည်ပေးထားသည့် အဆိုပါ ဆော့ဖ်ဝဲကို Carib Publishing မှ ပြီးခဲ့သည့် နှစ်ပတ်ကျော်က ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး အစ္စလာမ် ဘာသာဝင်များအား ရမ်ဇာန်လမြတ်အတွင်း စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အထောက်အပံ့များရရှိရန် ရည်ရွယ် ဖန်တီးထားခြင်းဖြစ်သည်။

    ထိုဆောဖ့်ဝဲတွင် ရမ်ဇာန်ဆိုင်ရာ သိမှတ်ဖွယ်ရာများကို ထည့်သွင်းထားပြီး၊ ဆဲဟ်ရီနှင့် အစ်ဖ်သာရ်အချိန်များကိုလည်း ကြည့်ရှုနိုင်မည်ဖြစ်သည်။ ထို့ပြင် ရမ်ဇာန်လ အတွက် ကျန်းမာရေးဆိုင်ရာ အကြံပြုချက်များလည်းပါဝင်ကာ ကစ်ဗ်လာကိုရှာဖွေနိုင်သော သံလိုက်အိမ်မြှောင်ကိုလည်း ထည့်သွင်းထားသည်။

    ရက်ပေါင်း ၆၀ အတွင်း ဖန်တီးခဲ့သည့် အဆိုပါ ဆော့ဖ်ဝဲကို အခမဲ့ဖြန့်ချီခြင်းဖြစ်သည်။ Google Play သို့ လွှင့်တင်ပြီးနောက်ပိုင်း တစ်နှစ်တာအတွက် Download ရယူမှုအများဆုံအဖြစ် စံချိန်တင်ခဲ့ပြီး ရမ်ဇာန်နှင့် ပတ်သက်သည့် ဆော့ဖ်ဝဲများတွင်လည်း လူကြိုက်အများဆုံး ဆော့ဖ်ဝဲအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။

    ထိုဆော့ဖ်ဝဲဖြင့် မိမိတို့၏ ဖုန်းအတွင်း ရမ်ဇာန်နှင့် ပတ်သက်သည့် Theme များ၊ ဂရပ်ဖစ်ကောင်းမွန်သည့် Wallpaperများကို ပြောင်းလဲနိုင်မည်ဖြစ်သည်။ ရမ်ဇာန်နှင့် သက်ဆိုင်သည့် အကြောင်းအရာများအပြင် ဆွလာသ်ဝတ်ပြုချိန်များနှင့် ဟစ်ဂျရီပြက္ခဒိန်တို့လည်း ပါဝင်သည်။ ထို့ပြင် ထိုဆော့ဖ်ဝဲဖြင့် ကုရ်အာန် ကျမ်းတော်မြတ်ကို ရွတ်ဖတ် နားထောင်နိုင်မည်ဖြစ်ကာ ဘာသာပြန်ကိုလည်း ဖတ်ရှုနိုင်မည်ဖြစ်သည်။

    ရမ်ဇာန်ဥပုသ်လတွင် အစ္စလာမ်ဘာသာဝင်များမှာ နံနက်အာရုဏ်တက်ချိန်မှ နေ၀င်ချိန်အထိ စားခြင်း၊ သောက်ခြင်း၊ မေထုန်မှီဝဲခြင်းတို့ကို ရှောင်ကျဉ်ရပြီး အစ္စလာမ်က သတ်မှတ်ထားသည့် သီလများကို ဆောက်တည်ကာ ကုန်အာန်ကျမ်းတော်မြတ် ရွတ်ဖတ်သရဇ္ဈာယ်ခြင်း၊ ဆွလာသ် ၀တ်ပြုခြင်း စသည့် အိဗာဒဟ် ခ၀ပ်ကိုးကွယ်မှုများကို ဆောင်ရွက်ကြရသည်။

    အစားအသောက်ရှောင်ကျဉ်ခြင်းအတွက် နာမကျန်းဖြစ်သူများနှင့် ခရီးသွားလာနေသူများကို ခြွင်းချက်အဖြစ် ပလပ်ခွင့်ပေးထားသည်။

    ဤလမြတ်အတွင်း မွတ်စလင်များမှာ မိသားစု စုပေါင်းဝါဖြေခြင်း၊ ဓမ္မသင်တန်းများ သင်ကြားပို့ချခြင်း၊ ချို့တဲ့သူများအား ကူညီခြင်းနှင့် အထူးဝတ်ပြုမှုများ ဆောက်တည်ခြင်း စသည့် ကိစ္စရပ်များကိုလည်း ပြုလုပ်ကြသည်။

    Ref : Onislam

  • ဂျွန်းဗလီဝင်းအတွင်းမှ ဖမ်းဆီးသွားသည့် ၅-ဦးအား ၈-ရက်နေ့ ရုံးထုတ်စစ်ဆေးမည် မီဒီယာအချို့ တဖက်စောင်းနင်းရေးသားနေကြ

    ဇူလိုင် ၅၊ ၂၀၁၄
    M-Media
    သုတ
    ဇူလိုင် လဆန်းက စတင်ဖြစ်ပွားခဲ့သည့် မန္တလေးမြို့ အကြမ်းဖက်မှုတွင်ဖြစ်စဉ်တွင် လူ၂ ဦး သေဆုံးခဲ့ပြိး လူအများအပြားဒဏ်ရာရခဲ့ပါတယ်။

    အစ္စလာမ်ဘာသာဝင်များ တဖက်သက်အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရပြိး အစ္စလာမ်ဘာသာဝင်တို့နှင့် ပတ်သက်ပြီး သတင်းအမှားအများအပြား ပြန့်နှံ့ခဲ့ပြိး ဂျွန်းဗလီတွင် လက်နက်များ သိုလှောင်ထားသည်ဟု ကောလဟာလ သတင်းမှာလဲ အင်တာနက်စာမျက်နှာပေါ်မှာ ထွက်ပေါ်ခဲ့ပါတယ်။

    အဆိုပါ မဟုတ်မမှန်သတင်းများကြောင့် ယမန်နေ့ မနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်အပါအ၀င် ရဲများက ၀င်ရောက် ရှာဖွေ၍ လက်နက်တွေ့သည်ဟုဆိုကာ ဂျွန်းဗလီအတွင်းနေထိုင်သူ ၅-ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

    ယနေ့ နံနက်ပိုင်းတွင်မူ ဂျွန်းဗလီအတွင်း လက်နက်များတွေ့ရှိဟူသည့် ခေါင်းစဉ်ဖြင့် လက်နက်ပစ္စည်းများကို ဖော်ပြထားသည့် သတင်းများလည်း နိုင်ငံပိုင် သတင်းစာများနှင့် ပုဂ္ဂလိက မီဒီယာအချို့မှာ ဖော်ပြလာပါတယ်။

    အဆိုပါ ဖမ်းဆီးခံထားရသူ ၅-ဦးအား ယခုအခါ အိုးဘိုအကျဉ်းထောင်သို့ ရွှေ့ပြောင်းလိုက်ပြီဖြစ်ပြီး လာမယ့် ၈-ရက်နေ့တွင် ခရိုင်တရားရုံး၌ ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း သိရပါတယ်။

    ဇွန်လ ၃ ရက်နေ့ ညနေတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး ညမထွက်အမိန့်နှင့် လူ ၅ ဦးထပ်ပိုမထွက်ရ အမိန့်ထုတ်ထားသော်လဲ ယမန့်နေ့ ကွယ်လွန်သူ ကိုထွန်းထွန်း ဈာပနကို ဆူပူအကြမ်းဖက်သူများအပါဝင် လူ သောင်းနှင့် ချီ လိုက်ပို့ခွင့်ပြုခဲ့ပါတယ်။

    အသုဘပို့သူများမှာ တုတ်၊ဓါးလက်နက်များ ပေါ်ပေါ်ထင်ထင် ကိုင်ဆောင်ပြီး မြို့အနှံလှည့်လည်ခဲ့ပြီး အကြမ်းဖက်ဖျက်ဆီးမှုအချို့ ပြုလုပ်ခဲ့သော်လည်း တစုံတရာ အရေးယူကြောင်း သတင်းထုတ်ပြန်ခဲ့ခြင်း မရှိသေးပါဘူး။

ုမိမိကိုယ်ကိုယ်ခုခံကာကွယ်ရန် ဆောင်ထားသည့် အိမ်တိုင်းတွင်ရှိလေ့ရှိသည့် အဆောင်လက်နက်များကို ယခုကဲ့သို့ ကြိးမားသည့် ပုဒ်မတပ်ပြိး မွတ်စလင်များကို တဖက်သက်အရေးယူနေတာဖြစ်တယ်လို့ မန္တလေးမြို့ခံ တဦးက သူ့အမြင်ကို ပြောကြားခဲ့ပါတယ်။