News @ M-Media

Author: YinYin

  • ဘာသာရေးအကြမ်းဖက်မှုဖြစ်ပွားရန် မန္တလေးတွင် လှုံ့ဆော်ခဲ့သော်လည်း ပြန်လည် တည်ငြိမ်

    ဘာသာရေးအကြမ်းဖက်မှုဖြစ်ပွားရန် မန္တလေးတွင် လှုံ့ဆော်ခဲ့သော်လည်း ပြန်လည် တည်ငြိမ်

    ဇူလိုင် ၁၊ ၂၀၁၄
    M-Media
    သုတ

    ဓါတ်ပုံအညွှန်း - ကိုဇော်မင်းထွန်း FB စာမျက်နှာမှ ကူးယူပါသည်။
    ဓါတ်ပုံ – ကိုဇော်မင်းထွန်း FB စာမျက်နှာမှ ကူးယူပါသည်။

    မန္တလေး ။ ။ မန္တလေးမြို့ ၂၇-လမ်းနှင့် ၈၂-လမ်းထောင့်ရှိ ဆန်းလ္ဘက်ရည်ဆိုင်ရှေ့တွင် အကြမ်းဖက်မှုဖြစ်ပွားစေရန် လှုံ့ဆော်ခဲ့သော်လည်း အချိန်မီ တားဆီး ထိန်းသိမ်းနိုင်သဖြင့် ယခုအခါ အခြေအနေ ပြန်လည် တည်ငြိမ်နေပြီဖြစ်ပါတယ်။

    ယနေ့ည ၈-နာရီဝန်းကျင်ခန့်တွင် ဆန်းလ္ဘက်ရည်ဆို
    င်အနီးသို့ လူတစ်စု ရောက်လာပြီး ဆန်းလ္ဘက်ရည်ဆိုင်အား ဖျက်ဆီးမည်ဟု အော်ဟစ်ခဲ့ကြသဖြင့် အနီးအနားဝန်းကျင်မှ လူများစုရုံးရောက်ရှိလာပြီး လူစုလူဝေးဖြစ်သွားခြင်းဖြစ်ပါတယ်။

    လ္ဘက်ရည်ဆိုင်အား ဖျက်ဆီးမည်ဟု အော်ဟစ်သူများက အော်၍ ထွက်ပြေးသွားခဲ့ပြီး ယခုအခါ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ အခြေအနေအား ထိန်းသိမ်းထားပြီပါတယ်။

    ဇွန်လ ၃၀-ရက်နေ့ သစ်ထူးလွင်ဘလော့ဂ်တွင် ဆန်းလ္ဘက်ရည်ဆိုင်ပိုင်ရှင် မူဆလင်ညီအစ်ကိုနှစ်ဦးက ဗုဒ္ဓဘာသာဆိုင် အလုပ်သမ တစ်ဦးအား အဓမ္မပြုကျင့်ဟူသော သတင်းခေါင်းစဉ်ဖြင့် သတင်းတင်ခဲ့ပြီးနောက် ယခုကဲ့သို့ ဆူပူလှုံ့ဆော်မှုများ မန္တလေးတွင် ဖြစ်ပွားစေရန် တမင်ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း တွေ့ရပါတယ်။

    ၎င်းသတင်းမှာ အမှန်တကယ် ဖြစ်ပွားခြင်းမရှိခဲ့ဘဲ ဘာသာရေးအဓိကရုဏ်းဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ၎င်းသတင်းထွက်ပေါ်ခဲ့ပြီး နောက်ရက်တွင် ယခုကဲ့သို့ မန္တလေး၌ ဆူပူလှုံ့ဆော်ခဲ့သော်လည်း မန္တလေးဒေသခံများမှ ဘာသာလူမျိုးမခွဲခြားခဲ့သည့် အစဉ်အလာအား ဆက်လက်ထိန်းသိမ်း၍ မန္တလေးမြို့ တည်ငြိမ်အေးချမ်းစေရန် ၀ိုင်းဝန်းလက်တွဲ ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။

    “ဘယ်ကလူတစ်စုလည်းတော့ မသိဘူး အော်ပြီးထွက်ပြေးကြတာ။ လ္ဘက်ရည်ဆိုင်ကို ဖျက်ပစ်မယ်နဲ့ အော်တယ်။ ပြီးတော့ အဲ့ဒီအချိန်က မွတ်စလင်တွေ ညဘက် ဘုရားဝတ်ပြုဖို့သွားနေကြတာရယ်၊ ဗလီအနီးတစ်ဝိုက်ဖြစ်နေတာရယ်နဲ့ လူတွေ စုပြုံရောက်သွားကြတယ်။ ခဏနေတော့ ရဲတွေလည်း ရောက်လာတယ်။ အော်ပြေးတဲ့သူတွေက ပြေးပြီ။ အဲ့ဒီနား စုရုံးရောက်လာတဲ့လူတွေပဲ ကျန်တော့တာ။ ရဲကလည်း အဲ့ဒီနားရှိနေတဲ့သူတွေကိုပဲ ဖမ်းဖို့လုပ်နေတော့ မဆိုင်သူတွေ ပါကုန်မှာစိုးလို့ ကျွန်တော်တို့ဝိုင်းပြီး ပြောနေရတယ်။ အခုတော့ အခြေအနေ တည်ငြိမ်နေပါပြီ။ ၂၈လမ်း တလျှောက်လည်း လမ်းပိတ်လိုက်တယ်။ ရဲတွေလည်း အစောင့်ချထားတယ်”လို့ အခင်းဖြစ်ပွားရာအနီးတွင် ရောက်ရှိနေသူ မန္တလေးမြို့ခံတစ်ဦးက ဆိုပါတယ်။

  • လက်ရှိ အစိုးရကို မယုံကြည်လို့ ဆန္ဒဖော်ထုတ်နေ ရခြင်းဖြစ်တယ်ဟု ကိုနန္ဒာစစ်အောင်ဆို

    လက်ရှိ အစိုးရကို မယုံကြည်လို့ ဆန္ဒဖော်ထုတ်နေ ရခြင်းဖြစ်တယ်ဟု ကိုနန္ဒာစစ်အောင်ဆို

    ဇွန် ၂၁၊ ၂၀၁၄
    M-Media
    လမင်း

     DSC02980

    ရန်ကုန်  ။     ။   လက်ရှိအစိုးရကို မယုံကြည်တဲ့အတွက် ယခုကဲ့သို့ ဆန္ဒတွေကို ထုတ်ဖော်နေရခြင်းဖြစ်ပါတယ်လို့ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သူ ကိုနန္ဒာစစ်အောင်က ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ရန်ကုန်တောင်ပိုင်းခရိုင်လုံးဆိုင်ရာ ဆန္ဒထုတ်ဖော်ပွဲအတွက် စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

    “ဒီမိုကရေစီနိုင်ငံမှာ ဆန္ဒတွေပြနေတာဟာ ဒီမိုကရေစီရဲ့ပြရုပ်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ မရ ရအောင်တောင်းဆိုနေမှာပါ။ နောက်ကိုလည်း ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဆက်ပြီးဆန္ဒတွေပြနေဦးမှာပါပဲ။ ပြည်သူလူထုက ရွေးချယ်တင်မြောက်တဲ့ အစိုးရတစ်ရပ်ဖြစ်လာရန်အတွက် ၅၉ (စ)ကိုပြင်ရန်အတွက်လည်း တောင်းဆိုသွားမှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

    ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ရန်ကုန်တောင်ပိုင်းခရိုင်လုံးဆိုင်ရာ ဆန္ဒထုတ်ဖော်ပွဲတွင် တောင်ပိုင်းခရိုင်မှ မြို့နယ်များဖြစ်ကြသော သန်လျင်၊ ကျောက်တန်း၊ ခရမ်းသုံးခွ၊ ဒလ၊ တွံတေး၊ ဆိပ်ကြီးခနောင်တို၊ ကော့မှူး၊ ကွမ်းခြံကုန်း စသည့်မြို့နယ်များပါဝင်မည်ဖြစ်သည်။

    အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် လူအင်အား ၃၀၀၀ ပါဝင်ရန် ခွင့်ပြုမိန့်ရရှိထားပြီဖြစ်ပြီး နေ့လည် ၂-နာရီမှ ညနေ ၅-နာရီအထိ ပြုလုပ်သွားမည်ဖြစ်ပြီး နိုင်ငံရေးနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များမှလည်း ဖွဲ့စည်းပုံနှင့်ပတ်သက်ပြီး ပြည်သူလူထုအား ဟောပြောပွဲများပြုလုပ်သွားမည်ဖြစ်သည်။

    အရှေ့ပိုင်းခရိုင်လုံးဆိုင်ရာဆန္ဒထုတ်ဖော်ပွဲကို မေလ ၂၅-ရက်နေ့တွင်ကျင်းပခဲ့ပြီး ဇွန်လ ၂၂-ရက်နေ့တွင် တောင်ပိုင်းခရိုင်လုံးဆိုင်ရာ ဆန္ဒထုတ်ဖော်ပွဲကို ကျင်းပသွားမည်ဖြစ်သည်။ အနောက်ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်လုံးဆိုင်ရာ ဆန္ဒထုတ်ဖော်ပွဲများကိုလည်း ဆက်လက်ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

  • ဂီတဖြင့် အလှူငွေ ရှာပြီး လက်လုပ်လက်စား ပြည်သူများ အလှူငွေများ စုပေါင်းကာ ကချင်စစ်ဘေး ဒုက္ခသည်များကို  လှူဒါန်းခဲ့

    ဂီတဖြင့် အလှူငွေ ရှာပြီး လက်လုပ်လက်စား ပြည်သူများ အလှူငွေများ စုပေါင်းကာ ကချင်စစ်ဘေး ဒုက္ခသည်များကို လှူဒါန်းခဲ့

    ဇွန် ၁၇၊ ၂၀၁၄
    M-Media
    လမင်း

    DSC02701

    ရန်ကုန် ။       ။      ကချင်ပြည်နယ် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ဘေး ဒုက္ခသည်များကို လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်း လူမှုကွန်ရက်အသင်း၊ ရွှေသံစဉ် ဂီတ ဖောင်ဒေးရှင်း နှင့် The Action Times Foundation တို့မှ ပူးပေါင်းပြီး ဂီတဖြင့်ဖျော်ဖြေကာ အလှူငွေရှာပြီး သွားရောက် လှူဒါန်းခဲ့ကြရာ လမ်းတစ်လျှောက်တွင် လက်လုပ်လက်စားပြည်သူများ၏ အလှူငွေများဖြင့် ကချင်စစ်ဘေး ဒုက္ခသည်များကို သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု ဟု The Action Times Foundation မှအတွင်းရေးမှူး မအိန္ဒြာနေနွယ် ကဆိုသည်။

    ကချင်ပြည်နယ် အတွင်းရှိ ဒုက္ခသည်စခန်းများကို ၎င်းအဖွဲ့သုံးဖွဲ့ပူးပေါင်းပြီး ဇွန်လ ၁ရက်နေ့မှစတင်ကာ ရန်ကုန်မြို့ အောင်မင်္ဂလာအဝေးပြေးဝင်းတွင် ဂီတဖြင့် ဖျော်ဖြေ အလှူခံပြီး မန္တလေးမြို့၊ ပြင်ဦးလွင်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ ကွတ်ခိုင်၊ မူဆယ် စသည့်မြို့များတွင် ဖျော်ဖြေခဲ့ကြပြီး ကချင်ဒုက္ခသည် စခန်းများကို အလှူငွေများသွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    အရင်က ရှိုးပွဲတွေမှာပဲ သီချင်းဆိုနေရာကနေ လမ်းဘေးမှာဆိုပြီး အလှူငွေရှာရမယ်ဆိုတော့ ရှက်ခဲ့မိကြောင်း သို့သော်လည်း ဒုက္ခသည်စခန်းကလူတွေအတွက် မိမိတတ်နိုင်တဲ့ဘက်ကနေကူညီဆောင်ရွက်ပေးမယ်ဆိုပြီး စိတ်အားထက်သန်စွာဖြင့် ကူညီသီဆိုပေးခဲ့ခြင်းဖြစ်သည်ဟု ရွှေသံစဉ် ဂီတဖောင်ဒေးရှင်းမှ ကချင် အဆိုတော် Mဆိုင်းလာတို့က ၎င်းအစီအစဉ်တွင် ပါဝင်ဖြစ်ခဲ့ကြောင်း ပြောသည်။

    ၎င်းအဖွဲ့ သုံးဖွဲ့ပေါင်းပြီး ခရီးစဉ်တစ်လျှောက်တွင် ရွှေစင်စင်္ကြာ ကားဂိတ်ပိုင်ရှင်နှင့် ရန်ကုန် နာရေးကူညီမှုအသင်းတို့မှလည်း လှူဒါန်းခဲ့ကြပြီး ငွေသား၊ ဆေးဝါး၊ အသုံးအဆောင်ပစ္စည်း စုစုပေါင်း သိန်း ၃၀၀ ကျော်ရရှိခဲ့သည်ဖြစ်သည်။

    ကချင်ဒုက္ခသည်စခန်းတွင် ဒုက္ခသည်ပေါင်း ၅၅၀၀ ကျော်ရှိသည်ဖြစ်ပြီး ယခုလတ်တလော ကျောင်းဖွင့်ရာသီတွင် ကျောင်းနေရွယ်ကလေးများ ကျောင်းတက်နိုင်ရေး အတွက် အဓိကလှူဒါန်းခဲ့ကြောင်း သိရသည်။ ယခုကဲ့သို့လှူဒါန်းခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး နောင်တွင်လည်း သွားရောက်လှူဒါန်းရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

  • လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ပြုလုပ်၊ ခြိမ်းခြောက်မှုများကြောင့် ‘အမိုးမရှိတဲ့ကောင်းကင်’ မှတ်တမ်းရုပ်ရှင် မပြသဖြစ်

    လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ပြုလုပ်၊ ခြိမ်းခြောက်မှုများကြောင့် ‘အမိုးမရှိတဲ့ကောင်းကင်’ မှတ်တမ်းရုပ်ရှင် မပြသဖြစ်

    ဇွန် ၁၇၊ ၂၀၁၄
    M-Media
    လမင်း

    DSC02684

    ရန်ကုန် ။        ။ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့ ၀ဇီရာ ရုပ်ရှင်ရုံတို့တွင် ဇွန်လ ၁၅ ရက်မှ ဇွန်လ ၁၉ ရက်နေ့ထိ နံနက် ၁၀ နာရီမှ ညနေ ၆ နာရီအထိ ပြုလုပ်လျက်ရှိသည်။

    အဆိုပါ ရုပ်ရှင်ပွဲတော်တွင် ရုပ်ရှင် ၆၇ ကားပြသမည်ဖြစ်ရာ ပြည်တွင်းရုပ်ရှင် ၃၂ ကား၊ အာဆီယံရုပ်ရှင် ၉ ကား၊ နိုင်ငံတကာရုပ်ရှင် ၂၆ ကား တို့ပါဝင်သည်။ ယင်းရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့အခြေစိုက် ဗြိတိသျှသံရုံး၊ အမေရိကန်အကူညီပေးရေးအဖွဲ့၊ မြန်မာ ထိုင်း ရုပ်ရှင်အဖွဲ့၊ ဆွီဒင်နိုင်ငံနှင့် ကနေဒါနိုင်ငံတို့က ပါဝင် ကူညီပေးခဲ့ကြောင်း သိရသည်။

    ၎င်းလူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်တွင် ဆုများကို အကဲဖြတ်ဒိုင်လူကြီး ၂၀ ပါဝင်သည့်အဖွဲ့က စီစစ်ရွေးချယ်ကာ ဆု ၈ ဆု ချီးမြှင့်သွားမည်ဖြစ်သည်။

    ယခုပြုလုပ်သော ရုပ်ရှပ်ပွဲတော်သည် ဒုတိယ အကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ် ရုပ်ရှင်ပွဲတော်ကို ပြည်တွင်း ပြည်ပ ရုပ်ရှင်ဇာတ်ကား ၅၄ ကားပြသခဲ့ပြီး ဆု ၇ ဆုကိုချီးမြှင့်ခဲ့ကြောင်း သိရသည်။

    ယခုကျင်းပသော ဒုတိယမြောက်အကြိမ် ရုပ်ရှင်ပွဲတော်၏ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇွန်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာ ဟိုတယ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

    အဆိုပါရုပ်ရှင်ပွဲတွင် ပါဝင်ပြသရန် စီစဉ်ထားသော ဒါရိုက်တာမင်းထင်ကိုကိုကြီး ရိုက်ကူးသည့် အမိုးမရှိတဲ့ ကောင်းကင်’ မှာ အွန်လိုင်းမှ ခြိမ်းခြောက် မှုများကြောင့် ပြသခြင်းမပြုတော့ ကြောင်း သိရသည်။

    မိတ္ထီလာ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းကို အခြေခံပြီး အိမ်ဖျက်ခံရသူ  မွတ်စလင်အဒေါ် အဒေါ်ဖြစ်သူထံ တူမက သွားရောက်ခဲ့ပုံနှင့် ပဋိပက္ခအပေါ် အဒေါ်၏အမြင်နှင့် ပဋိပက္ခအတွင်း ၎င်းကို အကူအညီပေးခဲ့သော ဗုဒ္ဓဘာသာဝင် မိတ်ဆွေတစ်ဦးနှင့် ၎င်းတို့ နှစ်ဦးကြား ထားရှိသော ခင်မင်မှုမေတ္တာတရားကို ရိုက်ကူးတင်ပြထားသည့်  ဇာတ်ကားဖြစ်ကြောင်း ဇာတ်ညွှန်း အရသိရသည်။

    အဆိုပါ ရုပ်ရှင် ဇာတ်ကားပြသမည့် သတင်းထွက်ပေါ်ခဲ့၍ ဆိုရှယ်မီဒီယာများ တွင် အစွန်းရောက်လှုပ်ရှားသူများ ဆန့်ကျင်လှုံဆော်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ဒါရိုက်တာ မင်းထင်ကိုကိုကြီး မှ ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

     

  • ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းကို ဘာသာရေးခေါင်းဆောင်များနှင့် ဦးစွာ ဆွေးနွေးသင့်ဟု ဒေါက်တာ စောလှိုင်ဘွားပြောကြား

    ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းကို ဘာသာရေးခေါင်းဆောင်များနှင့် ဦးစွာ ဆွေးနွေးသင့်ဟု ဒေါက်တာ စောလှိုင်ဘွားပြောကြား

    ဇွန် ၁၆၊ ၂၀၁၄
    M-Media
    လမင်း

    DSC02663

    ရန်ကုန်   ။      ။        အစိုးကရေးဆွဲထားသည့် ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းမှာ ဘာသာကြီးလေးခု၏ အဆုံးအမတွေနှင့်ကိုက်ညီမှုမရှိဘဲ ယင်းဥပဒေမရှိဘဲနှင့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ခြင်းသည်သာ အဓိကကျသည်ဟု ဘာသာရေးခေါင်းဆောင်များက ဆိုလိုက်သည်။

    ဇွန်လ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့ ချက်ထရီယမ် ဟိုတယ်တွင်ကျင်းပသည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးအတွက် ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းနှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲတွင် ဘာသာရေးခေါင်းဆောင်များဖြစ်သည့် ရွှေည၀ါဆရာတော်ကြီး၊ ဒေါက်တာ ဆောင်းလွင်အောင်၊ ဦးဆန်းမင်းနိုင်၊ ဒေါက်တာ စောလှိုင်ဘွား စသည့် ဘာသာရေးခေါင်းဆောင်များနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များမှ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

    “တိုင်းပြည်ကောင်းနဲ့ နေချင်နေတာကြာပါပြီ ရောက်အောင်သွားနေကြတာပဲ ဒါပေမဲ့ လူမျိုးရေးတွေဘာသာရေးတွေကြောင့် နှောင့်နှေးနေရတယ်။ လူတွေ အားလုံးဟာ မျှတတဲ့တရားဥပဒေစိုးမိုးရေးကို ခိုလှုံနေကြပါတယ်။ ဗြဟ္မစိုရ်တရား ၄ ပါးထဲက တတိယဗြဟ္မစိုရ်ဖြစ်တဲ့ မုဒိတာဗြဟ္မစိုရ် ခေါင်းပါးနေကြလို့ပါ အဲဒါကိုသာ လက်ကိုင်ကျင့်သုံးသွားမယ်ဆိုရင် ဘယ်ဘာသာဝင်တွေနဲ့မဆို လက်တွဲနေထိုင်နေနိုင်သွားမှာပါ” ဟု ရွှေည၀ါဆရာတော်ကြီးက မိန့်ကြားခဲ့သည်။

    နိုင်ငံရဲ့အရေးကိစ္စတွေနဲ့ပတ်သက်ပြီး အာရုံလွဲခဲ့ရတဲ့အချိန်မှာ အစ္စလာမ်ဘာသာဝင်တွေက နယ်ရုပ်ကလေးတွေဖြစ်ခဲ့ရပြီး နိုင်ငံရေးအလို့ဌာ ဘာသာရေးကို အလွဲသုံးစားမပြုလုပ်ရပေမဲ့ ဘာသာရေးအလို့ဌာ နိုင်ငံရေး ပြုလုပ်နေကြခြင်းဖြစ်ကြောင်း အစ္စလာမ်ဘာသာရေးခေါင်းဆောင် ဒေါက်တာ ဆောင်းလွင်အောင် ကရှင်းလင်းပြောကြားခဲ့သည်။

    အဆိုပါ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းကို ဘာသာရေးခေါင်းဆောင်များဖြင့် ဆွေးနွေးပြီးမှသာ ပြဌာန်းသင့်ကြောင်း သမ္မတထံသို့ တောင်းဆို သွားမည်ဖြစ်ကြောင်းကိုလည်း ခရစ်ယာန်ဘာသာရေးခေါင်းဆောင် ဒေါက်တာ စောလှိုင်ဘွားက ဆိုသည်။

    ဘာသာကူးပြောင်းမှု ဥပဒေမူကြမ်းကို ဟိန္ဒူဘာသာကလုံးဝလက်မခံကြောင်းနှင့် ဘာသာကူးပြောင်းမှုကို ရေးဆွဲတဲ့ပုဂ္ဂိုလ်တွေအနေနှင့် သမိုင်းကြောင်းတွေနှင့် အခြားဘယ်နိုင်ငံတွေမှာ ဘယ်လိုတွေရှိသလဲဆိုတာ လေ့လာဖို့လိုအပ်ကြောင်း ဟိန္ဒူဘာသာရေးခေါင်းဆောင်ဖြစ်သူ ဦးဆန်းမင်းနိုင်က ရှင်းလင်းပြောဆိုခဲ့သည်။

    ရတနာ့မေတ္တာအဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ ဦးမြင့်ဆွေကလည်း မြန်မာနိုင်ငံမှာ ယခုကဲ့သို့ ဆွေးနွေးပွဲတွေ လုပ်နေရခြင်းမှာ အလုပ်အပိုများသာဖြစ်နေရကြောင်း၊အမျိုးဘာသာ သာသနာအလံကိုဆွဲကိုင်ပြီး လုပ်ဆောင်ရသည်မှာ အလွန်လွယ်ကူကြောင်း မြန်မာနိုင်ငံတွင် လူမျိုးရေး ဘာသာရေးကိုအခြေပြုပြီး နိုင်ငံရေးလုပ်တာ အလွန်အန္တရာယ်များကြောင်း၊  ဓမ္မနဲ့ အဓမ္မ လွန်ဆွဲသည့် ယခုတိုက်ပွဲဟာ ဆက်ပြီးရှိနေပြီး အဓမ္မက လူနည်းစုဖြစ်သော်လည်း အင်အားကြီးကြောင်း၊ ဓမ္မသမားတွေ က အေးချမ်းစွာနေလိုကြကြာင်း၊ လာမည် ၂၀၁၅ ရွေးကောက်ပွဲမဖြစ်အောင် ဖန်တီးနေကြပြီး ပြဿနာများသာ တစ်ခုပြီးတခုတခု ဖန်တီးတယ် ပြီး solution မလာသည့် အတွက် ဘာသာအားလုံးစည်းလုံးညီညွတ်စွာနဲ့ ပြဿနာတွေကို လက်တွဲဖြေရှင်းဖို့လိုကြောင်း ဆွေးနွေးပြောဆိုခဲ့သည်။

    မေလ ၂၇ ရက်နေ့တွင် နိုင်ငံပိုင်သတင်းစာများမှ ယင်းကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ မူကြမ်းကို ဖော်ပြထားပြီး ၎င်း မူကြမ်းအပေါ်သို့ ရဟန်းရှင်လူ ပြည်သူများထံမှ အကြံပြုချက်များ၊ ဆန္ဒသဘောထားများကောက်ခံထားလျှက်ရှိပြီး ထိုအကြံပြုချက်များကို ဇွန်လ ၂၀ ရက်နေ့ နောက်ဆုံးထားကာ ပေးပို့ရမည်ဖြစ်သည်။