News @ M-Media
Category: ကမ္ဘာကျော် မွတ်စလင်များ
ကမ္ဘာတွင်ကျော်ကြားခဲ့သော မွတ်စလင်မ် သိပ္ပံ၊ ၀ိဇ္ဖာ ပညာရှင်ကြီးများ၊နိုဘယ်ဆုရှင်များ၊ ကမ္ဘာကျော်အားကစားသမားများ၊ အနုပညာရှင်များ
  • သင်္ချာနှင့် နက္ခတ္တဗေဒ ပညာရှင်ကြီး အူမာရ် အလ်-ခေယမ်(Umar Al-Khayyam)
    သင်္ချာနှင့် နက္ခတ္တဗေဒ ပညာရှင်ကြီး အူမာရ် အလ်-ခေယမ်(Umar Al-Khayyam)
    ဇန်နဝါရီ ၁၁၊ ၂၀၁၄
    M-Media
    စုစည်းတင်ဆက်သူ- ကိုလေး
    Umar_al-Khayyam_1
    အူမာရ် အလ်-ခေယမ်(Umar Al-Khayyam) ဟာ အစ္စလာမ် သိပ္ပံပညာ သမိုင်း၏ အကြီးကျယ်ဆုံးသော သင်္ချာနှင့် နက္ခတ္တဗေဒ ပညာရှင်များထဲမှ တစ်ဦးဖြစ်ပါတယ်။ ထို့ပြင် ကဗျာအရေးကောင်းသူတစ်ဦဖြစ်ပြီး ကျော်ကြားတဲ့ အတွေးအခေါ်နဲ့ ပက်သက်တဲ့ ကဗျာတစ်ပုဒ်ဖြစ်တဲ့ လေးကြောင်းတစ်ပိုဒ် ရူဘိုင်ယတ် (Rubaiyat) ကဗျာကို ရေးသားခဲ့သူလည်းဖြစ်ပါတယ်။ ခေယမ်ဟာ သင်္ချာ နယ်ပယ်ကိုလည်း အကျိုးပြုခဲ့သူဖြစ်ပြီး သူရေးသားခဲ့ အလ်ဂျီဘရာကျမ်းတွေနဲ့ ဖြေရှင်းချက်တွေမှာ ကုဗတုံးနဲ့ ပက်သက်တဲ့ ရှင်းလင်းတဲ့ ညီမျှခြင်းတွေ၊ သက်သေပြချက်တွေလည်း ပါဝင်ပါတယ်။ ခေယမ်ဟာ အတွေးအခေါ်ပညာရှင်၊ သင်္ချာပညာရှင်နှင့် ကဗျာဆရာတစ်ဦးဖြစ်ပြီး မက္ကင်းနစ်၊ ပထ၀ီ၊ တွင်းထွက်ဓာတ်သတ္တု၊ ဂီတနှင့် အစ္စလာမ့် အတွေးအခေါ်ပိုင်းဆိုင်ရာ ကျမ်းပေါင်းများစွာကိုလည်း ပြုစုခဲ့သူဖြစ်ပါသေးတယ်။
    ပါရှန်းလူမျိုးတစ်ဦးဖြစ်တဲ့ အလ် ခေယမ်ကို ၁၀၄၈ခုနှစ် မေလမှာ နီရှာဘူရ်းမြို့(ယခု အီရန်နိုင်ငံ အရှေ့မြောက်ပိုင်း) ရှိ လက်မှုပညာသည် မိသားစုမှ မွေးဖွားခဲ့တာပါ။ ‘အလ်ခေယမ်’ ဆိုသည်မှာ ‘တဲဆောက်သူ’ လို့ အမည်ရပါတယ်။ ခေယမ်ဟာ မူလတန်းပညာကို နီရှာဘူးရ်နှင့် ဘော့ခ်မြို့တို့တွင် သင်ယူခဲ့ပြီး အစ္စဖာဟန် (ယခုအီရန်တောင်ပိုင်း) နှင် စမာကန် (ယခုဥဇဘက်ကစ္စတန် အရှေ့ပိုင်း) တို့တွင် အလုပ် လုပ်ခဲ့ပါတယ်။ စမာကန်တွင် ရှိစဉ်အခါက ထိုဒေသ၏ အမြင့်ဆုံး အစိုးရအရာရှိဖြစ်သူ အဘူတာဟီရ် (Abū Tāhir) က ခေယမ်အား ၎င်းလက်အောက်တွင်ခေါ်ကာ အမှုထမ်းခိုင်းခဲ့ပါတယ်။
    ခေယမ်ကို ဂုဏ်ပြုသောအားဖြင့် ၁၈၉၂ ခုနှစ်မှာတော့ ခေယမ်၏ နာမည်ဖြင့် စင်တာတစ်ခုကို လန်ဒန်တွင် တည်ထောင်ခဲ့ပြီး၊ လပေါ်မှ ချိုင့်ခွက် တစ်ခုကိုလည်း ၁၉၇၀ တွင် ခေယမ်ဟု အမည်ပေးခဲ့ပါတယ်။ ထို့ပြင် ၁၉၈၀ ခုနှစ်က သင်္ချာနယ်ပယ်တွင် တီထွင်နိုင်ခဲ့သည့် cone တစ်ခုကိုလည်း ခေယမ်၏ နာမည်မှည့်ပေးခဲ့ပြီး၊ ၁၉၃၄ ခုနှစ်တွင် နီရှာဘူးရ်ရှိ ၎င်း၏ ဂူဗိမာန်တွင် ၎င်းရဲ့ ပုံတူရုပ်ထုတစ်ခုကိုလည်း ပြုလုပ်ပေးခဲ့ပါတယ်။
    ခေယမ်၏ ကဗျာစာပေဆိုင်ရာ ထူးချွန်မှုမှာ အရှေ့တိုင်းတွင် ပြောစမှတ်ပြုကြသော်လည်း၊ ဥရောပတိုင်းပြည်များမှာ သူရဲ့ကျော်ကြားမှုဟာ သိပ်မကြာသေးခင်က စခဲ့တာပါ။ အနောက်နိုင်ငံများမှာတော့ ခေယမ်ကို အရှေ့တိုင်း ကဗျာဆရာနှင့် ပညာရှင်အဖြစ်လူသိများပါတယ်။ ၁၈၉၅ ခုနှစ်မှာ အင်္ဂလိပ် ကဗျာဆရာတစ်ယောက်ဖြစ်တဲ့ အက်ဒ၀ပ် ဖစ်ဇ်ဂျရဲလ်(Edward Fitzgerald) က ခေယမ်၏ လေကြောင်း တစ်ပိုဒ်ကဗျာရှည်မှ ၇၅ ပိုဒ်ကို ဘာသာပြန်ဖော်ပြခဲ့ပြီး ယခုတိုင် လူကြိုက်များ လျက်ရှိပါတယ်။
    442px-Khayyam-paper-1stpage
    Cubic equation and intersection of conic sections” the first page of two-chaptered manuscript kept in Tehran University
    ၁၈၉၅ ခုနှစ်မတိုင်ခင် နှစ်အနည်းငယ်ကလည်း ခေယမ်၏ အလ်ဂျီဘရာတွေ့ရှိချက်များကို ဂျာမန်လူမျိုး သင်္ချာပညာရှင် ဖရန့်ဖ် ၀ပ်ကီ(Woepcke) က ပြန်လည်ဖော်ထုတ်ကာ အနောက်တိုင်း ပညာရှင်များထံသို့ ပို့ဆောင်ပေးခဲ့ပါတယ်။ ထို့ပြင် ခေယမ်၏ အခြား ကဗျာ မြောက်များစွာကိုလည်း ဥရောပရှိ ဘာသာစကားမျိုးစုံဖြင့် ပြန်ဆိုကာ ပုံနှိပ်ထုတ်ဝေခဲ့ကြပါသေးတယ်။
    ခေယမ်၏ ကျော်ကြားသော ကဗျာကတော့ အတွေးအခေါ်ပိုင်းဆိုင်ရာနဲ့ ရသပိုင်းကို ပေါင်းစပ်ရေးဖွဲ့ထားတဲ့ ရူဘိုင်ယတ် ကဗျာဖြစ်ပြီး၊ ထိုကဗျာထဲတွင် လွတ်လပ်တဲ့ အတွေးအခေါ်များ၊ လူသားဝါဒ၊ ပြင်းပြသော တရားမျှတမှု၊ ကံကြမ္မာ၏  လှည့်ကွက်နှင့် အယုံအကြည်ကင်းဝါဒတို့ကိုလည်း ထည့်သွင်းရေးထားပါတယ်။
    ခေယမ်၏ အားထုတ်မှုမှာာ အရှေ့တိုင်းနှင့် အနောက်တိုင်းရှိ ပညာရှင်များအပေါ် ကြီးမားသော လွှမ်းမိုးမှုများလည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် သင်္ချာ ပညာရပ်တွင် ခေယမ်၏ အားထုတ်မှုများမှာ အစ္စလာမ် သင်္ချာလောက ရှာရက်ဖ် အလ်-ဒင် အလ်-တူစီ (Sharaf al-Din al-Tusi) မပေါ်ခင် ၁၂၁၃ ခုနှစ်အထိနှင့် အနောက်တိုင်း သင်္ချာလောကတွင် ဒက်စ်ကာတီ (Descarte) မပေါ်ခင် ၁၆၅၀ ခုနှစ်အထိ ကျော်ဖြတ်နိုင်သူမရှိခဲ့ပါဘူး။
    ခေယမ်မှာ ဆေးဆရာတစ်ဦးလည်းဖြစ်ပြီး ဘုရင်မာလစ်ရှား၏ သားများဖြစ်သည့် ဘာ့က်ယာရူက်၊(Berkyaruk) မိုဟာမက် (Muhammad)နှင့် ဆန်ဂျာ(Sanjar) တို့ကို ဆေးကုသပေးခဲ့ပါတယ်။ စွယ်စုံရ သိပ္ပံပညာရှင် အစ်ဗနေ့ ဆီနာ၏ အတွေးများကို ဆက်ခံသူဖြစ်ပြီး ရူပဗေဒနှင့် ဆေးပညာတို့ကို လေ့လာခဲ့ကာ ဂီတဘက်တွင်လည်း ခေယမ်ဟာ အကျိုးပြုခဲ့ပါသေးတယ်။
    ၁၀၇၀ ခုနှစ်လောက်မှာ ခေယမ်ဟာ စမာကန်ကို ရောက်လာပါတယ်။ အဲဒီဒေသရဲ့ အုပ်ချုပ်သူဖြစ်တဲ့ တရားသူကြီးအဘူတာဟီရ် (Abū Tāhir) ၏ ထောက်ပံ့မှုကိုရခဲ့သည့် ခေယမ်မှာ နှစ်များစွာအရင်ကတည်းက စီစဉ်ထားသည့် ကုဗတုံး ညီမျှခြင်းနှင့် ပက်သက်သည့် ဂဏန်းသင်္ချာဆိုင်ရာ ကျမ်းတစ်စောင် ရီစာလာ (Risala) ကို ပြုစုခဲ့ပါတယ်။ ထိုကျမ်း၏ နောက်ဆက်တွဲကိုလည်း ခေယမ်ဟာ ဘူခါရာမြို့၏ ဘုရင် ရှမ်အလ်မူလူက်(Shams al-Muluk) ရဲ့ နန်းတော်မှာ ဆက်လက်ပြုစုခဲ့ပါတယ်။
    ၁၀၇၄-၇၅ ခုနှစ်များမှာတော့ ဆဲလ်ဂျုက် ဆူလ်တန် ဂျလာလ် အလ် ဒေါင်လာ မာလစ်က်ရှား (Jalāl al-Dawla Malik-shāh) ရဲ့ ဖိတ်ကြားမှုကြောင့် အစ္စဖာဟန်၏ မြို့တော်သို့ ရောက်ရှိလာခဲ့ပြီး နက္ခတဗေဒဆိုင်ရာ စူးစမ်းလေ့လာမှုကို ဦးဆောင် စီမံခန့်ခွဲရပါတယ်။ ပါရှန်းတွေရဲ့ နေပြက္ခဒိန် ကို ပြင်ဆင်ခဲ့ရပြီး ၁၀၇၉ ခု မတ်လ ၁၆ ရက် (ဟစ်ဂျရီ သက္ကရာဇ် ၄၇၁ ခု ရမ်ဇာန် ၁၀ ရက်) နေ့မှာ အပြီးသတ်ခဲ့ ပါတယ်။ ခေယမ်ပြင်ဆင်ခဲ့တဲ့ ပြက္ခဒိန် သစ်ဟာ နှစ်ပါင်း ၃၃ နှစ်အတွင်း ရက်ထပ်နှစ် ၈ နှစ် ပါဝင်ပြီး ယခု သုံးနေတဲ့ ဂရီဂိုရီယန် ပြက္ခဒိန်ထက်လည်း ပိုမိုတိကျပါတယ်။ ဂရီဂိုရီယန် ပြက္ခဒိန်ဟာ နှစ် ပေါင်း ၃၃၃၀ ရောက်တဲ့အခါ ၁ ရက်ပိုပေမယ့်၊ ခေယမ်ပြင်ဆင်ခဲ့တဲ့ ပါရှန်းတို့ရဲ့ နေပြက္ခဒိန် ကတော့ နှစ်ပေါင်း ၅၀၀၀ ကျော်မှ တစ်ရက်သာ ပိုတာပါ။
    ခေယမ်ဟာ အစ္စဖာဟန်မြို့မှာ ၁၈ နှစ်ကြာနေထိုင်ခဲ့ပြီး ထိုနှစ်များကတော့ ၎င်းရဲ့ သိပ္ပံဆိုင်ရာ အသီးအပွင့်တွေ ဝေဆာခဲ့တဲ့နှစ်တွေပါပဲ။  အစ္စဖာဟန်မြို့မှာရှိတဲ့ သိပ္ပံဆိုင်ရာ သုသေသနစင်တာကို ထိုခေတ်အခါက အတော်ဆုံး နက္ခတဗေဒ ပညာရှင်တွေ စုရုံးရောက်ရှိခဲ့ပြီး ခေယမ်က ၎င်းတို့အားလုံးကို စီမံခန့်ခွဲပေးရကာ၊ ၎င်းတို့အားလုံးရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ ‘မာလစ်ရှား နက္ခတဗေဒ ဇယား’ ကို တီထွင်နိုင်ခဲ့ပါတယ်။
    မာလစ်က်ရှား ကွယ်လွန်ခဲ့ပြီး သူ့ရဲ့အရာရှိ နစ်ဇမ် အလ်-မွလ်က် အသတ်ခံခဲ့ရတဲ့ ၁၀၉၂ ခုနှစ်နောက်ပိုင်းမှာတော့ ခေယမ်ရဲ့ အခြေအနေဟာ အဆိုးဘက်ရောက်ခဲ့ပြီး မာလစ်က်ရှား လက်ထက်က ရရှိခဲ့တဲ့ သုသေသနဆိုင်ရာ ထောက်ပံ့မှုတွေ အားလုံး ဆုံးရှုံးခဲ့ရပါတယ်။ မာလစ်က်ရှားရဲ့သား ဆန်ဂျာနန်းတက်တဲ့ ၁၁၁၈ ခုနှစ်မှာတော့ ခေယမ်ဟာ အစ္စဖာဟန်မြို့ကို စွန့်ခွာခဲ့ပြီး ခူရာဆန်မြို့ကို ပြန်လာခဲ့ကာ ကျန်ရှိတဲ့ ဘ၀သက်တမ်းကို မော်ရ်နဲ့ နီရှာပူးရ်မြို့မှာ ကုန်ဆုံးခဲ့ပြီး ၁၁၃၁ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ခေယာမ်ရဲ့ ရုပ်အလောင်းကို နီရှာပူးရ်မြို့မှာရှိတဲ့ သိပ္ပံနယ်ပယ်မှာ ခေယမ်ရဲ့ အထောက်အကူပြုမှုတွေကတော့ သင်္ချာ၊ နက္ခတဗေဒတို့နဲ့ ဆက်စပ်နေပြီး အက်ဘ်ဒဲလ်-ရဟ်မာန် အလ်-ခါဇီနီ (Abd al-Rahmān al- Khāzinī) ရေးတဲ့ ကီသာဗ့် မီဇာန် အလ်-ဟစ်ကမာ (Kitāb Mīzān alhikma) စာအုပ်ရဲ့ သက္ကရာဇ် ၅၁၅ မှ ၁၁၂၁ အထိကာလအတွင်း မှတ်တမ်းများမှာ ခေယမ်ရဲ့ ကြိုးပမ်းမှုတွေကို မကြာခဏ ဖော်ပြညွှန်းဆိုထားပါတယ်။
    အလ်ခေယမ်ရဲ့ ကြိုးပမ်းချက်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    ၁။ ရူဘိုင်ယတ် (Rubaiyat)။ ။ လေးကြောင်းတစ်ပိုဒ်ကဗျာဖြစ်ပြီး ရသနဲ့၊ အတွေးအခေါ်ပိုင်းဆိုင်ရာကို ပေါင်းစပ်ရေးဖွဲ့ထားတဲ့ ကဗျာဖြစ်ကာ ခေယမ်ရဲ့ လက်ရာတွေထဲက အလွန်ကျော်ကြားတဲ့ လက်ရာတစ်ခုပဲဖြစ်ပါတယ်။ ၁၈၅၉ ခုနှစ်က အင်္ဂလိပ်ကဗျာဆရာ အက်ဒ၀ပ် ဖစ်ဇ်ဂျရဲလ်က အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့ပြီး၊ ဂန္တ၀င်စာပေတွေထဲမှာ လူကြိုက်အများဆုံး ဖြစ်ခဲ့ပါတယ်။
    ၂။ ရီစာလာ ဖီ တက်ဆင်မ် ရုဘ် အလ်-ဒါအီရာ (Risala fi taksim rub al-daira)။ ။ စက်ဝိုင်းစိတ်တစ်ခုအား ပိုင်းခြားခြင်းကျမ်း လို့ အမည်ရပြီး မျဉ်းဖြောင့်၊ စက်ဝိုင်းစိတ်၊ ကုဗတုံး ညီမျှခြင်းတွေကို အပြည့်စုံဆုံး အရှင်းအလင်းဆုံး ဖော်ပြထားတဲ့ ကျမ်းဖြစ်ပါတယ်။ ညီမျှခြင်းများကို ကိန်းဂဏန်းတွေနဲ့ ဖြေရှင်းပြထားတဲ့ ဒီကျမ်းကို ကမ္ဘာ့ဘာသာ စကားပေါင်း များစွာကို ပြန်ဆိုထားပြီး ဖြစ်ပါတယ်။ ထို့ပြင် သင်္ချာ၊ ပထ၀ီဝင်နဲ့ ပက်သက်တဲ့ အခြားကျမ်း သုံးကျမ်းကိုလည်း ပြုစုခဲ့ပါတယ်။ ရီစာလာ ဖီလ် ဘာရာဟင် အာလာ မာစာအီလ် အလ်-ဂျဘာရ် ၀ါလ်မူကာဘာလာ (Risala fil-barahin ala masail al-jabar wal-muqabala) ဆိုတဲ့ အလ်ဂျီဘရာကျမ်းကတော့ ခေတ်သစ် အလ်ဂျီဘရာ ပညာရပ်တွေ မပေါ်လာမီက သင်္ချာပညာနယ်ပယ်မှာ အရေးပါဆုံးဖြစ်ခဲ့ပါတယ်။
    ၃။ နောင်ရူဇ် နာမ (Nawruz-nama)။ ။ ပါရှန်းလူမျိုးများရဲ့ နှစ်သစ်ကျမ်းဖြစ်ပြီး အီရန်တို့ရဲ့ ပြက္ခဒိန်ကို ပြင်ဆင်ဖွဲ့စည်းထားတဲ့ ကျမ်းဖြစ်ကာ အစ္စဖာဟန်မြို့မှာရှိတဲ့ ခေယမ်ရဲ့ နက္ခတဗေဒ သုသေသနစင်တာ ဖြိုဖျက်ခံခဲ့ရပြီးတဲ့နောက် ရေးသားခဲ့တာပါ။
    ဒါ့အပြင် မက်ကန်းနစ်၊ ပထ၀ီနဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ ကျမ်းပေါင်း ၉ ကျမ်းကို ရေးသားပြုစုခဲ့ပါသေးတယ်။ ထူးခြားတာကတော့ အလ်ခေယမ်ဟာ ဂီတနဲ့ ပက်သက်တဲ့ စာအုပ်နှစ်အုပ်ကိုလည်း ပြုစုခဲ့တာပါပဲ……
    —————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများ၊ ဘာသာပြန် များကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    M-Media ၏ ခွင့်ပြုချက်မရှိဘဲ စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် ထည့်သွင်းဖော်ပြခြင်းများ လုံးဝ ခွင့်မပြုပါ။
    ဆက်သွယ်ရန် [email protected]
  • ကမ္ဘာ့ပထမဆုံး သိပ္ပံပညာရှင် – အိဗ်နု အလ် ဟိုင်သမ် (Alhazen)
    မတ်လ ၊ ၁၉ ၊ ၂၀၁၃
    M-Media
    စုစည်းတင်ပြသူ – ဂျူလိုင်ရဲရင့်
    ကမ္ဘာကျော် မွတ်စလင်များ ကဏ္ဍ
    ibn_al-haythamအတိတ်ခေတ်က မွတ်စ်လင်မ်သိပ္ပံပညာရှင်တွေအကြောင်းကို လေ့လာကြည့်လိုက်ပါ။ သူတို့ရဲ့ ထက်မြက်မှု၊ ကျွမ်းကျင်လိမ္မာစွာ အကောင်အထည်ဖော်မှု၊ ပညာမျှဝေပေးမှုတွေက ကမ္ဘာကြီးကို ခေတ်မှီသွားစေတာကို တအံ့တသြကြီး တွေ့ကြရပါလိမ့်မယ်။ သူတို့ တစ်ဦးချင်းစီဟာ ဒီနေ့ခေတ်ကာလ နဲ့ သူတို့ခေတ်ကာလကို ကမ္ဘာ့အပြောင်းအလဲဖြစ်သွားစေတဲ့ အမွေတစ်ရပ်စီ ထားရစ်ပေးခဲ့ကြတယ်။ ဒီလို သမိုင်းမှတ်တိုင်ထူခဲ့ကြတဲ့သူတွေထဲက သိပ္ပံပညာရှင်တစ်ဦးရှိတယ်။ သူကတော့ စူးစမ်းတီထွင်ပညာရှင်ကြီး အိဗ်နု အလ် ဟိုင်သမ် ( ၉၆၅ – ၁၀၄၀) ပါဘဲ။
    အဘ္ဘာစစ် ခလီဖာမင်းဆက်ကာလ၊ အီရတ်နိုင်ငံက ဘဆ်ွရာမြို့မှာ သူ့ကို မွေးဖွားခဲ့တယ်။ ဘဂ္ဂဒက်မြို့မှာ ပညာ့ဗိမာန် တည်ထောင်ပြီး နှစ်ပေါင်း ၁၀၀ နီးပါးမှာပေါ့။ သူ့ဘ၀အစောပိုင်းမှာ အဲ့ဒီအချိန်က မွတ်စ်လင်မ် ကမ္ဘာမှာရှိနေတဲ့ လေ့လာရေး၊ တိုးတက်ရေး ယဉ်ကျေးမှုတွေကို တော်တော် အထင်ကြီးခဲ့တယ်။ အစ္စလာမ့်ရေးရာပညာရပ်တွေသင်ကြားပြီး သိပ်မကြာခင် ဘဆ်ွရာရဲ့ မြို့တော်ဝန် ဖြစ်လာခဲ့တယ်။ မြို့တော်ဝန်ဘ၀မှာလဲ သူဟာ သိပ္ပံနဲ့အခြား လက်တွေ့ကျတဲ့ဒဿနိကဗေဒ ဘာသာရပ်တွေကို လေ့လာ မပျက်ခဲ့ပါဘူး။ ဒါပေမယ့် သူဟာ မွတ်စ်လင်မ်ဒေသ တစ်နေရာရောက်သွားပြီး ပြင်ပလောကနဲ့ခေတ္တ အဆက်ပြတ်သွားရာကနေ ကြီးကျယ်မှုတွေ ပွင့်ထွက်လာပါတော့တယ်။
    အီဂျစ်ပြည်ရောက် အိဗ်နု အလ် ဟိုင်သမ်
    သူ ဘဆ်ွရာမြို့တော်ဝန်ဖြစ်နေချိန် အီဂျစ်ပြည်မှာ ဖာသွိမိုဒ် ခလီဖာ က အလ် ဟကီးမ် ဖြစ်တယ်။ သူဟာ အီရတ်က စွန္နီမွတ်စ်လင်မ် အဘ္ဘာစစ်မင်းတွေရဲ့ ပြိုင်ဖက် အစ္စမာအီလီ ရှီအဟ် ခလီဖာခေါင်းဆောင် ဖြစ်တယ်။ အလ် ဟကီးမ်က အိဗ်နု အလ် ဟိုင်သမ်ဟာ နိုင်းလ်မြစ်ကို ပိတ်ဆို့နိုင်တဲ့ အကြံကောင်း ရှိနေတယ်လို့ ကြားရတယ်။ သူဟာ ရှေ့နောက်မညီ အငြင်းသန်လွန်းသူတစ်ဦး၊ ရှီအဟ်ဝါဒအစဉ်အလာကနေခွဲထွက်လာတဲ့ အစ္စမာအီလီဂိုဏ်းခေါင်းဆောင်တစ်ဦး ဖြစ်ပေမယ့် မိမိနယ်မြေအတွက် အကျိုးပြုသူမှန်သမျှကို လက်ကမ်းကြိုဆိုတတ်သူဖြစ်တယ်။ နိုင်းလ်မြစ်ကို ပိတ်မယ့်အတွေးအမြင်နဲ့ပတ်သက်ပြီး ချဉ်းကပ်ဖို့ အလ် ဟကီးမ်က အိဗ်နု အလ်ဟိုင်သမ်ကို အီဂျစ်လာဖို့ ဖိတ်ခေါ်ခဲ့တယ်။ အလ်ဟိုင်သမ်ဟာ နိုင်းလ်မြစ် တစ်လျှောက် လေ့လာပြီးတဲ့အခါ အဲ့ဒီခေတ်ကာလက နည်းပညာနဲ့ အထမြောက်အောင်ဆောင်ရွက်လို့မဖြစ်နိုင်ကြောင်း ရိပ်စားမိသွားတယ်။ ဒါက ပြဿနာ တက်ရပါပြီ။ အလ် ဟကီးမ်ဟာ အဆင်ခြင်မဲ့ ရက်စက်တတ်သူ ၊ စိတ်မမှန်ဘဲ ရူးသွပ်စွာပြုမူဆက်ဆံတတ်သူလို့ ကျော်ကြားတယ်။ ဒီတော့ သူ့အန္တရာယ်ကလွတ်အောင်
    အလ်ဟိုင်သမ်ဟာ အဲ့ဒီပုဂ္ဂိုလ်ထက် ပိုပြီး ရူးနှမ်းသူအဖြစ် ဟန်ဆောင်ပစ်လိုက်တယ်။ အဲ့ဒီလို ရဲရဲတောက် ရူးချင်ယောင်ဆောင်လိုက်တဲ့အခါ အသက်ဘေးက သီသီလေး လွတ်သွားရပေမယ့် ကိုင်ရိုမြို့မှာ အကျယ်ချုပ်အကျဉ်းစံဘ၀ ရောက်သွားခဲ့တယ်။ အဲ့ဒါ အလ်ဟိုင်သမ်ရဲ့ နောက်ဆုံး ဘ၀သက်တမ်း ၁၀ နှစ်ပါဘဲ။
    ထက်မြက်လှတဲ့ သိပ္ပံပညာရှင်ကြီးဟာ အဲ့ဒီ ၁၀ နှစ်တာကာလကို ဒုက္ခလို့ မမြင်ခဲ့ဘူး။ သူလုပ်ချင်နေတဲ့ သူ့ရဲ့သုတေသနအလုပ်တွေကို ငြိမ်းချမ်းစွာ တိတ်တဆိတ်လုပ်ခွင့် ရသွားလို့လေ။ အဲ့ဒီအတော အတွင်း အလင်းနဲ့ပတ်သက်ပြီး စူးစူးစိုက်စိုက် လေ့လာပါတော့တယ်။ အလင်း /အလင်းရောင်ဆိုတာ ဘာလဲ၊ ဘယ်လို လုပ်ဆောင်ချက်တွေရှိလဲ၊ အရာဝတ္ထုတွေကို လူသားတွေက ဘယ်ပုံဘယ်နည်းနဲ့မြင်တွေ့ရတာလဲ ဆိုပြီး သူ သိချင်ခဲ့တယ်။ သူ့ရဲ့လေ့လာမှုနဲ့ရှာဖွေတွေ့ရှိမှုတွေဟာ အပြောင်းအလဲတစ်ရပ်သာဖြစ်ပေမယ့် သူ သုတေသနပြုလိုက်တဲ့လမ်းကြောင်းဟာ အကြီးမားဆုံး အထောက်အကူပြုပညာရပ်ကြီးတစ်ရပ် ဖြစ်သွားခဲ့ပါတယ်။
    သိပ္ပံနည်းကျ ပညာရပ်
    ဘယ်အရာမဆို သက်သေပြချက်ရှိရမယ်ဆိုတဲ့အချက် ကနေ့သိပ္ပံပညာသင်ကြားသူတိုင်း နားလည်ထားပြီးသားပါ။ လက်တွေ့စမ်းသပ်ချက် မပါဘဲ ယူဆချက်သက်သက်ကိုသာ အခြေခံပြီး သိပ္ပံဆိုင်ရာ သီအိုရီများကို ဖော်ထုတ်တင်ပြလို့ မရနိုင်ပါဘူး။ အိဗ်နု အလ်ဟိုင်သမ်ရဲ့ အလျင်က ဒီအချက်ဟာ အရေးပါအရာရောက်မှု မရှိခဲ့ပါဘူး။ ရှေးခေတ် ဂရိတွေရဲ့ သိပ္ပံအတွေးအခေါ်တွေက အားကောင်းနေခဲ့တယ်။ ဂရိတွေဟာ သိပ္ပံ အချက်အလက်ကို ဆင်ခြင်တုံတရားအားဖြင့် ရှာဖွေနိုင်တယ် သို့တည်းမဟုတ် နတ်ဘုရားတွေရဲ့ ဆောင်ရွက်ပေးမှုလို့ယုံကြည်ခဲ့ကြတယ်။ ဒါကို အိဗ်နု အလ်ဟိုင်သမ် ကောင်းကောင်းနားလည်ထားပါတယ်။ ဒီကြားထဲကနေ အချက်အလက် အသစ်တစ်ရပ်အတွက် သက်သေပြချက်ပေးနိုင်ရမယ် ဆိုတဲ့ သိပ္ပံနည်းကျပညာရပ်အဆိုကို ချပြခဲ့တာကတော့ ရာဇ၀င်မှာ အိဗ်နု အလ်ဟိုင်သမ်က ပထမဆုံးသောသိပ္ပံပညာရှင် ဖြစ်ခဲ့တယ်။
    ဒီလို သိပ္ပံနည်းကျပညာရပ်သမိုင်းနဲ့ပတ်သက်လာယင် ကနေ့ခေတ် အနောက်တိုင်းသင်ရိုးစာအုပ်တွေထဲမှာ မဆိုစလောက်လေးသာဖော်ပြ တတ်ကြတယ်။ ရှေးဂရိ အတွေးအခေါ်တွေကိုသာ ပုံကြီးချဲ့ထားကြတယ်။ ခေတ်သစ်သိပ္ပံဟာ ရော်ဂျာဘေကဲန်၊ ဂလီလီယို ဂါလီလေး နဲ့ အိုင်းဇက် နျူတန် တို့ကြောင့် ဖြစ်လာသယောင်ယောင်နဲ့ပေါ့။ သူတို့မေ့လျော့နေတဲ့ အမှန်တရားတစ်ခုရှိတယ်။
    အဲ့ဒါကတော့ အဲ့ဒီ ဥရောပသားပညာရှင်တွေဟာ အိဗ်နု အလ်ဟိုင်သမ် (နဲ့အခြား မွတ်စ်လင်မ်သိပ္ပံပညာရှင်တွေ)ရဲ့ ပုခုံးပေါ်တက်ရပ်ခြင်းဆိုတဲ့ အကြောင်းပါ။ (တစ်နည်းဆိုရယင် စိန်နားကပ်ရောင်နဲ့ ပါးပြောင်ကြတာပါ)။ တကယ်လို့သာ သက်သေပြနိုင်မှသိပ္ပံသီအိုရီများ ဖြစ်တယ် ဆိုတဲ့ သူ့အိုင်ဒီယာ မရှိလာခဲ့ယင် – အခြေခံသိပ္ပံဆိုတာက ရမ်းတုပ်မှန်းဆမှုတွေ၊ အယူသည်းမှုတွေ၊ သက်သေပြမရတဲ့ဒဏ္ဍာရီတွေဖြစ်နေတဲ့ ခေတ်ဆွေးကြီးထဲ ကျွန်တော်တို့အားလုံး နေထိုင်နေကြရဦးမှာ မလွဲပါဘူး။
    စက္ခုဗေဒကျမ်း
    အိဗ်နု အလ်ဟိုင်သမ်ဟာ သူရဲ့သိပ္ပံဆိုင်ရာတော်လှန်ရေးအမြင်ကို အသုံးပြုပြီး စက္ခုဗေဒပညာရပ်နယ်ပယ်ထဲ တိုးတက်မှုနဲ့ အနားသတ်ပေးနိုင်ခဲ့တယ်။ အလင်းဟာ မျက်စေ့ထဲ ကထွက်ပြီး အရာဝတ္ထုတွေအပေါ်ခုန်ပေါက်ရောက်ရှိသွားတယ်၊ တစ်ခါ မျက်စေ့ထဲ ပြန်ဝင်လာတယ် ဆိုတဲ့ ရှေးဟောင်းဂရိအတွေးအခေါ်ကြီး မှားယွင်းနေကြောင်း သူက ပထမဆုံး သက်သေပြခဲ့သူပါ။ ဒါ့အပြင် မျက်စေ့ရဲ့လုပ်ငန်းစဉ်ကိုလည်း နှိုက်နှိုက်ချွတ်ချွတ် လေ့လာဖော်ထုတ်ခဲ့တယ်။ တစ်ချိန်က ပညာရှင်တို့ရဲ့ဗဟုသုတနဲ့ခွဲခြမ်းစိပ်ဖြာမှုအတတ်ကို အသုံးပြုပြီး မျက်လုံးထဲ အလင်းရောင်ဝင်ရောက်ပုံ၊ အလင်းစုစည်းပုံ၊ မျက်လုံးနောက်ဖက်မှာ ပုံရိပ်ထွက်ပုံကို ပထမဆုံး ရှင်းပြနိုင်ခဲ့တယ်။
    pinhole-camera
    အလားတူစွာဘဲ သူက ကင်မရာရဲ့သဘောသဘာဝကို ပထမဆုံး လေ့လာတင်ပြခဲ့သူလည်း ဖြစ်ပြန်တယ်။ ကင်မရာရဲ့အယူအဆက ရှင်းရှင်းလေးပါ။ ဘူးခွံတစ်ဖက်မှာ အပေါက်သေးသေးလေးဖောက်ထားတယ်။ ဘူးခွံအတွင်းထဲကနေ အပြင်ဖက်အရာတွေကို ခြုံလွှမ်းမြင်တွေ့နိုင်ဖို့သာ ဖြစ်တယ်။ ဒါက ခုခေတ်ကင်မရာတွေရဲ့ အလုပ်လုပ်ဆောင်ပုံ အတိုင်းပါဘဲ။ ခုခေတ်မှာကတော့ မှန်ဘီလူးတွေ ထပ်ဖြည့်ထားတာပဲ ကွာခြားချက် ရှိတာပါ။ ကျွန်တော်တို့သိရှိထားတဲ့ ခေတ်မှီဓါတ်ပုံပညာရပ် မတိုင်မီ နှစ်ရာပေါင်းများစွာကတည်းက ဒီလိုပုံစံမျိုးကို အိဗ်နု အလ်ဟိုင်သမ်က တည်ဆောက်နိုင်ခဲ့ပြီးပါပြီ။
    ဒါတင်မကသေးပါဘူး။ ရေပြင် သို့မဟုတ် ဖန်သား စတဲ့ ကြားခံနယ်တစ်ခုခုထဲ အလင်းဖြတ်သန်းပုံစံနစ် (အလင်းယိုင်ခြင်း) ကိုလည်း လေ့လာဖော်ထုတ်ခဲ့သူပါ။ ဒီတင်ပြချက်ကနေတဆင့် ဆည်းဆာချိန်မှာ ဘာကြောင့်ကောင်းကင်အရောင်ပြောင်းသွားသလဲဆိုတာကို ရှင်းပြသွားနိုင်ခဲ့ပါတယ် ( နေရဲ့အလင်းတန်းက လေထုကို ထောင့်ချိုး တစ်ခုကနေ ထိခတ်တဲ့အခါ ရောင်ခြည်လမ်းလွဲမှု ဖြစ်သွားစေတယ်)။
    ဒီအချက်ကနေထပ်ဆင့်ပြီးတော့ ကမ္ဘာ့လေထုရဲ့ထုထည်ကို တွက်ပြနိုင်ခဲ့တယ်။ ဒါဟာ အာကာသယာဉ်နဲ့ လက်တွေ့မပြနိုင်ခင် နှစ်ပေါင်း ၁၀၀၀ လောက်က ဖြစ်ပါတယ်။ အဲ့ဒီ စက္ခုဗေဒကျမ်းကို ဘာသာပြန်လိုက်တဲ့ခါ ဥရောပတစ်ခွင် ဟိုးလေးတကျော် ဖြစ်သွားတယ်။ နောက်ပိုင်း ဥရောပသားပညာရှင်တွေက ဒီကျမ်းကို အခြေပြုလို့ အလင်းနဲ့စက္ခု အလုပ်လုပ်ဆောင်ချက်၊ သူတီထွင်ချပြခဲ့တဲ့ ကိရိယာများကို ပေါ်ထွက်လာအောင် လုပ်နိုင်ခဲ့ကြတာပါ။
    နောက်တစ်ဆင့်တက်ပြီး မျက်ကပ်မှန်တို့၊ မှန်ဘီလူးတို့၊ အဝေးကြည့်မှန်ပြောင်းတို့၊ ကင်မရာတို့ စသဖြင့် တိုးမြှင့်ပေါ်ပေါက်လာခဲ့တာဖြစ်တယ်။ အလင်း ၏ အလွန် အလင်းအကြောင်း နဲ့ အလင်းဆိုင်ရာပစ္စည်းပစ္စယတွေအကြောင်း နားမလည်ယင်၊ မသုံးယင် ၂၁ ရာစုမှာ ကျွန်တော်တို့ လူဖြစ်ရကျိုးမနပ်သလို ၊ မပြည့်စုံသလို ဖြစ်နေပါပြီ။ အလင်းဆိုင်ရာ အကြောင်းအရာတင် မကသေးဘူး – အိဗ်နု အလ်ဟိုင်သမ်ဟာ တခြားပညာရပ်နယ်ပယ်တွေမှာ စဦး လမ်းဖောက်သူလည်း ဖြစ်ခဲ့တယ်။
    သူဟာ ၁၀၂၀ နဲက ၁၀၃၀ ခုနှစ်များမှာ အာကာသလေ့လာရေးပညာ (Astronomy) ကျမ်းများစွာကိုလည်း ရေးသားခဲ့တယ်။ ကြယ်၊ ဂြိုလ်တွေ ရွေ့လျားမှု ဆိုင်ရာ တော်လမီရဲ့တွေးလုံးတွေ မှားယွင်းကြောင်း သူက ထောက်ပြခဲ့တယ်။ စကြ၀ဠာအလုပ်လုပ်ပုံစံနစ်ကို ယုတ္တိဆန်တဲ့ အမြင် တစ်ရပ်ကိုလည်း  ချပြနိုင်ခဲ့တယ်။  ကမ္ဘာဂြိုလ်ဟာ စကြ၀ဠာရဲ့ဗဟိုချက်မ ဆိုတဲ့ ဂရိအတွေးအခေါ်ကို ရိုက်ချိုးပစ်လိုက်တာပါ။
    GodfreyKneller-IsaacNewton-1689
    စင်စစ်မှာတော့ နျူတန်ပြောတဲ့ ကမ္ဘာ့ဆွဲအားအကြောင်းဟာ သစ်ပင်ပေါ်က ပြုတ်ကျလာတဲ့
    ပန်းသီးကြောင့် မဟုတ်ပါဘူး – အိဗ်နု အလ်ဟိုင်သမ်ရဲ့ ကျမ်းဂန်တွေထဲက အချက်အလက်တွေသာဖြစ်ပါတယ်။
    နက္ခတ္တဗေဒ (Astrology) ဟာ သိပ္ပံပညာရပ် မဟုတ်ကြောင်း ပြတ်ပြတ်သားသား ချေပခဲ့တယ်။ သက်သေပြချက်လိုအပ်တယ်ဆိုတဲ့ သူ့ရဲ့ကိုယ်ပိုင် သိပ္ပံအတွေးအမြင်ကို မြဲမြံစွာ ဆုပ်ကိုင်လို့ နက္ခတ္တဗေဒဟာ မည်သည့်သိပ္ပံဘာသာရပ်နဲ့ ဆက်နွှယ်မှု မရှိကြောင်း၊နက္ခတ္တဗေဒသမားတွေရဲ့ ထင်လုံးနဲ့ခံစားချက်တွေသာဖြစ်ကြောင်း သုံးသပ်ပြခဲ့တယ်။ ဖန်ဆင်းရှင်သာလျှင် ခပ်သိမ်းသောအရာတွေရဲ့ အကြောင်းရင်းခံဖြစ်တယ် – ဂြိုလ်နက္ခတ်သွားလာလှည့်ပတ်မှုအပေါ် အရင်းမခံဘူး ဆိုတဲ့ အစ္စလာမ့်မဏ္ဍိုင် အယူဝါဒတစ်ခုနဲ့ ပြဿားတစ်လမ်းသံတစ်လမ်း ဖီလာဆန့်ကျင်နေကြောင်း နက္ခတ္တဗေဒပညာအပေါ် ဝေဖန်ခဲ့သူဖြစ်တယ်။
    အလ်ဟိုင်သမ်ရဲ့ကျမ်းတွေကို ဖတ်ထားတဲ့ အိုင်းဇက် နျူတန် ဟာ ဒီအတွေးအခေါ်တွေအပေါ် အတော်ဘဲ အားထားခဲ့တယ်။ နျူတန်ဟာ ကနေ့ အသုံးပြုနေတဲ့ အင်ဂျင်နီယာ ဖော်မြူလာနဲ့နည်းစံနစ်ကို ဦးဆောင်မှုပေးမယ့် Calculus သင်္ချာပညာအခြေခံကို လေ့လာခဲ့တယ်။အရာဝတ္ထုတို့ရဲ့ရွေ့လျားမှုနိယာမ ( နောက်ပိုင်း နျူတန်ရဲ့ တတိယနိယာမ လို့ ကျော်ကြားလာတယ်)၊ အရာဝတ္ထုအချင်းချင်းဆွဲငင်အား (ကမ္ဘာ့ဆွဲအား)ကိုလည်း ရေးထုတ်ခဲ့တယ်။ စင်စစ်မှာတော့ နျူတန်ပြောတဲ့ ကမ္ဘာ့ဆွဲအားအကြောင်းဟာ သစ်ပင်ပေါ်က ပြုတ်ကျလာတဲ့ ပန်းသီးကြောင့် မဟုတ်ပါဘူး – အိဗ်နု အလ်ဟိုင်သမ်ရဲ့ ကျမ်းဂန်တွေထဲက အချက်အလက်တွေသာဖြစ်ပါတယ်။
    အလ်ဟိုင်သမ်ဟာ အစ္စလာမ့်ပညာရေးမှာလည်း ခေသူ မဟုတ်ခဲ့ဘူး။ တမန်တော်အတုအယောင်များကို ဖော်ထုတ်နည်း၊ မက္ကဟ်မြို့တော်ဖက် မျက်နှာမူဝတ်ပြုနိုင်အောင် လားရာတွက်ချက်မှု ပညာ စာအုပ်များကိုလည်း ကျမ်းပြုရေးသားနိုင်ခဲ့သူပါ။ ခေတ်သစ်စိတ်ပညာရပ်နဲ့ပတ်သက်လို့ လူနဲ့တိရစ္ဆာန်တွေ အပေါ် တေးဂီတအသုံးချ ကုထုံးအကြောင်းကို ရှေ့ပြေး သုတေသနပြုခဲ့သူလည်း ဖြစ်နေပြန်ပါတယ်။
    အမွေအနှစ်
    အိဗ်နု အလ်ဟိုင်သမ်ရဲ့ ကြိုးပမ်းမှု နဲ့ တင်ပြမှုတွေဟာ ခရီးရှည်ကြီးကို ဖြတ်သန်းနေဆဲပါဘဲ။ သူပြုစုခဲ့တဲ့ကျမ်းဂန်များဟာ ၂၀၀ ကျော်အထိ ရှိခဲ့ပေမယ့် ယနေ့မှာတော့ ကျမ်းပေါင်း ၅၀ ၀န်းကျင်သာ ကျန်ရစ်ခဲ့ပါတယ်။ သူ့ရဲ့ရှာဖွေတွေ့ရှိမှုတွေဟာ ယနေ့ကာလတိုင်အောင် ကျွန်တော်တို့ လက်လှမ်းမမီနိုင်လောက်တဲ့အထိ ရှိခဲ့မှာ အမှန်ပါဘဲ။ ကံမကောင်းအကြောင်း မလှစွာနဲ့ သူကွယ်လွန်ခဲ့ပြီးကတည်းက သူ့ရဲ့တင်ပြချက်တွေဟာ လျစ်လျူရှုခံလိုက်ရတယ်။ သူဟာ ပညာရှင်ကြီးတွေနဲ့တွဲလျက်ရှိတတ်တဲ့ ကျော်ကြားလိုမှု၊ သိက္ခာတင်မှုတွေကို လုံးဝ ဂရုမစိုက်ခဲ့သူ ဖြစ်လို့ပါဘဲ။ ဒါကြောင့်လဲ ယနေ့ကမ္ဘာမှာ သူ့ကျမ်းတွေနဲ့ပတ်သက်ပြီး သတိမထားမိကြတာပါ။ အီဗာရီယန်ကျွန်းဆွယ်က မွတ်စ်လင်မ်နယ်မြေတွေကို စပိန်တွေ ကြီးစိုးတော့ သူ့စာအုပ်တွေကို လက်တင်ဘာသာပြန်ဆိုခဲ့ကြတယ်။ ဒါပေမယ့် သူ့နာမည်ရင်းမဟုတ်ဘဲ Alhazen လို့ ဖော်ပြလိုက်ကြတယ်။ ဥရောပ ပညာနိုးကြားရေးခေတ်အတွင်း ထိပ်တန်းမွတ်စ်လင်မ်ပညာရှင်ကြီးတွေရဲ့ အမည်နာမများဟာ ဥရောပလေယူလေသိမ်းအသွင်နဲ့ ပြောင်းလဲလိုက်တဲ့အစဉ်အလာတစ်ရပ် ဖြစ်ခဲ့တယ်။ ဥရောပတိုက်က ခရစ်ယာန်တွေအကြား မွတ်စ်လင်မ်တွေကို ချိုးနှိမ်လိုတဲ့အတွက် -သူတို့ရဲ့တင်ပြချက်တွေကို ဖျောက်ဖျက်လိုတဲ့အတွက်ကြောင့်ပါဘဲ။
    သူ့ရဲ့ထက်မြက်တောက်ပြောင်လှတဲ့ အသိဥာဏ်စဉ်ကို မရေတွက်နိုင်တဲ့လူတွေက ခုတုံးလုပ်ခဲ့ကြပြီးပါပြီ။ သူ့ရဲ့သုတေသန သာ မရှိခဲ့ယင် ဒီကနေ့ ကျွန်တော်တို့ သိရှိကြတဲ့ ခေတ်သစ် သိပ္ပံပညာရပ် နယ်ပယ်ဆိုတာလည်း ဖြစ်ထွန်းလာစရာအကြောင်း ရှိတော့မှာ မဟုတ်တော့ပါဘူး လို့ဘဲ ဆိုချင်ပါတော့တယ်။
    Sources:
    Morgan, M. (2007). Lost History. Washington D.C. : National Geographic Society.
    Masood, E. (2006). Science and Islam. Icon Books.
    “Ibn al-Haytham.” The Columbia Encyclopedia, 6th ed.. 2012.
    Encyclopedia.com:http://www.encyclopedia.com/doc/1E1-IbnalHay.html
    Steffens, B. (2007). Ibn al-Haytham : first scientist. Greensboro, N.C. : Morgan Reynolds Pub.
    http://lostislamichistory.com/ibn-al-haytham-the-first-scientist/
  • သမားတို့၏ ဥသျှောင်
    M-Media
    မတ် ၉ ၊ ၂၀၁၃
    onislam.net တွင်ဖော်ပြထားသော My Muslim Hero Project: The Doctor of Doctors (ရေးသားသူ ခရစ်ယာန်ဘာသာဝင် Dr. Jay Hayes-Light ) ဆောင်းပါးကို မြန်မာပြန်ပါသည်။
    Avicenna Aug 23, 2011
    အစ္စလာမ့် သမားကျော် အစ်ဗနေ့ဆီနာ
    ကျနော့်ရဲ့ ရှုထောင့်အရဆိုရင်ပေါ့ဗျာ။ မွတ်စလင်သူရဲကောင်းတွေကို ရွေးချယ်ရခြင်းဟာ အလွန်ကိုခက်ခဲလှပါ တယ်။ ရွေးချယ်စရာ အလွန်နည်း လို့ တော့ မဟုတ်ဘူး။ သူရဲကောင်းအမျိုးသားတွေ၊ အမျိုးသမီးတွေ မြောက်များစွာထဲက ရွေးချယ်ရမှာ ဖြစ်လို့ပါ။
    တွေးခေါ်ပညာရှင် ဘာထရန် ရော့ဆဲလ်(Bertrand Russell) ရေးတဲ့ အနောက်ကမ္ဘာ ဒဿနိကဗေဒသမိုင်း (History of Western Philosophy) စာအုပ်ထဲမှာ၊  သိပ္ပံ၊ ဒဿနိကဗေဒ၊ ဘောဂဗေဒ၊ အနုပညာ၊ ကဗျာစာပေနဲ့ ဆေးပညာ စတဲ့ နယ်ပယ်တွေကို   တစ်ခေတ်ဆန်းသစ်စေခဲ့တဲ့ အစ္စလာမ်နဲ့ မွတ်စလင် လူ့အဖွဲ့အစည်းရဲ့ ကူညီထောက်ပံ့မှုတွေအကြောင်းကို ၀န်ခံ ဖော်ပြထားပါတယ်။
    သူရဲကောင်းတစ်ယောက်အဖြစ် ခွဲခြားသတ်မှတ်တဲ့အခါ အကြင်နာမေတ္တာကို အဲဒီလူရဲ့ ၀ိသေသလက္ခာတွေထဲက တစ်ခုအဖြစ် တန်ဖိုးဖြတ်ဖို့ ကျနော့် အယူဝါဒ(ခရစ်ယာန်)ရဲ့ သွန်သင်မှုက ကျနော့်ကို တိုက်တွန်းနှိုးဆော်ပေးတယ်။ ဒါပေမယ့် ကျနော့်ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကလည်း ကျနော့်ရွေးချယ်မှုကို လွှမ်းမိုးခဲ့ပါတယ်။  ကျနော်ဟာ ကလေးစိတ်ကျန်းမာရေး ပါရဂူတစ်ယောက်ပါ။ ပြီးတော့ အစ္စလာမ့်ဆေးပညာက လူသားတွေ ကို ပေးအပ်ခဲ့တဲ့ ကူညီထောက်ပံ့မှုကိုလည်း ကျနော် သတိပြုမိပါတယ်။
    အစ္စလာမ်သာသနာ စတင်ပြီး ရာစုနှစ်အနည်းငယ်အတွင်းမှာ အစ္စလာမ်ကမ္ဘာဟာ အနောက်ဘက် အတ္တလန်တိတ် သမုဒ္ဒရာအထိ၊ အရှေ့ဘက် အိန္ဒိယ သမုဒ္ဒရာအထိ ကျယ်ပြန့်သွားခဲ့ပါတယ်။ မွတ်စလင်တွေ သွားခဲ့တဲ့နေရာတိုင်းမှာ ယူနာနီ (Unani) သမားတော်တွေ ပါဝင်ခဲ့ပါတယ်။ ရောက်ရှိတဲ့ အရပ်ဒေသရဲ့အခြေအနေ၊ ရင်းမြစ်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် သူတို့ကိုယ်သူတို့ ပြင်ဆင်ပါတယ်။ အဲဒီ သမားတော်တွေဟာ သူတို့ရောက်ရှိ ခဲ့တဲ့ ဓလေ့အမျိုးမျိုး၊ ဆေးကုသမှု ပုံစံအမျိုးအမျိုးကနေ ဆေးဝါးအသစ်တွေ၊ နည်းပညာတွေ၊ ကုသမှုနည်းလမ်းအသစ်တွေကို လေ့လာရင်း ယူနာနီ ဆေးပညာရပ်ကို (Unani Tibb) ပိုမို ကြွယ်ဝစေခဲ့ပါတယ်။ အဲဒီအထဲမှာ အိန္ဒိယက အယုဝိဒဆေးပညာနဲ့ မြေထဲပင်လယ် ဘက်က ဆေးပညာ ရပ်တွေလည်း ပါဝင်ပါတယ်။
    ၁၃ ရာစု အဆုံးပိုင်းလောက်မှာ အာရဗ်ပညာရှင်များဟာ ဆေးပညာထဲကို သင်္ချာ ပညာရပ် ပေါင်းထည့်ခဲ့ပါတယ်။ ဒါဟာ ဆေးကုသ မှုဆောင်ရွက်တဲ့ အခါနဲ့ ဆေးညွှန်းတွေရေးတဲ့အခါမှာ တိကျဖို့အတွက် လမ်းဖွင့်ပေးခဲ့တာဖြစ်ပြီး၊ သာမန်ဆရာဝန်များ၊ ခွဲစိတ်ကုဆရာဝန်များ ရောဂါရဲ့ဇစ်မြစ်ကို မှန်းဆဖို့ နည်းလမ်းပေးခြင်းလည်းဖြစ်ပါတယ်။ လေ့လာစူးစမ်းခြင်း၊ လက်ရှိ အဖြစ်အပျက်၊ တွက်ချက်မှုတွေကို အသုံးချပြီး ရောဂါရဲ့အဆိုးဝါး ဆုံးအချိန် ကို တွက်ချက်ဖို့ ဖြစ်ပါတယ်။ ဒါမှသာ လူနာတွေအတွက် ပိုမို ထိရောက်တဲ့ ဆေးညွှန်းကို ပေးနိုင်မှာပါ။
    အစ်ဗနေ့ဆီနာ
    သူရဲကောင်းတစ်ယောက်ကို ရွေးချယ်ဖို့အတွက် ဆေးပညာရပ်နယ်ပယ်ကို ဆွဲခေါ်သွားပါမယ်။ ကျနော်၏ ရွေးချယ်မှုကတော့ အဗီဆီနာ (Avicenna)(အဘူ အလီ ဆီနာ သို့မဟုတ် အစ်ဗနေ့ ဆီနာ (Abu Ali Sina, or Ibn Sina (980-1037)) ဖြစ်ပါတယ်။ အဗီဆီနာဟာ ပါရှန်(အီရန်) လူမျိုး သမားတော်နဲ့ ဒဿနိကဗေဒပညာရှင် ဖြစ်ပြီး ဆမနစ် မင်းဆက်(Samanid dynasty)၊ မြို့တော် ဘူခါရာ(Bukhara) မြို့အနီးအနား မှာ မွေးဖွားခဲ့ပါတယ်။ အသက် ၁၀ နှစ်အရွယ်ရောက်ချိန်မှာ သူဟာ ကုရ်အာန်ကျမ်းစာ၊ အာရဗီဘာသာစာပေနှင့် အာရဗီသဒ္ဒါ ကို လေ့လာသင် ယူခဲ့ပါတယ်။
    အသက် ၁၆နှစ်အရွယ်မှာ သဘာဝသိပ္ပံဘာသာရပ်၊ အခြေခံ ရုပ်လွန်ပညာနဲ့ ဆေးပညာရပ် တို့ကို လည်း ကျွမ်းကျင်တတ်မြောက်ခဲ့ပါယ်။ အဲဒီနောက်ပိုင်း မှာ သူဟာ လူနာတွေကို စတင်ကုသပါတယ်။
    အဗီဆီနာ(အနောက်ကမ္ဘာက ခေါ်ဝေါ်သည့် အမည်)ဟာ ပထ၀ီဝင်၊ ဒဿနိကဗေဒ၊ ဥပဒေ၊ နက္ခတ္တဗေဒ စတဲ့ ပညာရပ်နယ်ပယ်တော်တော်များများမှာ ကူညီပေးခဲ့သူပါ။ ဒါပေမယ့် သူရဲ့ အကြီးမားဆုံး အမွေအနှစ်ကတော့ ဆေးပညာနယ်ပယ်မှာ ကျန်ရစ်ခဲ့ပါတယ်။ သူဟာ အရစ္စတိုတယ်ရဲ့ အယူအဆကို အဓိက ဘာသာပြန်ခဲ့သူဖြစ်ပြီး၊ သိပ္ပံနယ်ပယ်၊ ဘာသာရေးနယ်ပယ်နဲ့ ဒဿနိက နယ်ပယ်တို့အတွက် စာအုပ်ပေါင်း ၂၀၀ နီးပါး ရေးသားခဲ့ သူလည်းဖြစ် ပါတယ်။
    အဗီဆီနာရဲ့ အရေးအကြီးဆုံး လုပ်ဆောင်ချက် နှစ်ခုကတော့ ရှီဖာ (‘Shifa’) နဲ့ အလ် ကန်နန် ဖိတစ်ဘ်( ‘Al Qanun fi Tibb’) ခေါ်တဲ့ ကျမ်းနှစ်စောင် ပြုစုခဲ့တာပါ။ ပထမတစ်အုပ်ကတော့ (အရစ်တိုတယ်ရဲ့ အယူအဆကို အခြေခံထားတဲ့) ဒဿနိကဗေဒဆိုင်ရာ စွယ်စုံကျမ်းကြီးဖြစ်ခဲ့ပြီး၊ ဒုတိယတစ်အုပ်ကတော့ ဆေးပညာသမိုင်းမှာ တခုတည်းသော အကျော်ကြားဆုံး စာအုပ်ပါ။ သူရဲ့ ဆေးကုသမှုစနစ်တွေဟာ ဥရောပနဲ့ အရှေ့အလယ်ပိုင်းမှာ အချိန်အတော်ကြာ စံနမူနာဖြစ်ခဲ့ပါတယ်။
    ကန်နန်စာအုပ်ဟာ ဂရိ-အာရဗ် ဆေးပညာရပ်တွေကို ပေါင်းစည်းရေးသားထားတဲ့ ကျယ်ပြန့် ပြည့်စုံတဲ့ စာအုပ်ဖြစ်ပြီး ဥရောပနဲ့ အာရှမှာရှိတဲ့ ဆေးပညာ သင်ကျောင်းတွေနဲ့ လက်တွေ့ကုသမှုတွေမှာ ရာစုနှစ်ပေါင်းများစွာ လွှမ်းမိုးခဲ့ပါတယ်။ ဆေးပညာမှာ အရေးပါတဲ့ စမ်းသပ်တွေ့ရှိမှုပေါင်းများစွာလည်း အဲဒီစာအုပ်ထဲမှာ ပါဝင်ပါတယ်။ ဥပမာအားဖြင့် အဗီဆီနာဟာ တီဘီရောဂါ၊ ၀မ်းကိုက်ရောဂါ စတဲ့ ရောဂါတွေရဲ့ ကူးစက်ပျံနှံ့နိုင်စွမ်းကို ပထမဦးဆုံး စမ်းသပ်တွေ့ရှိခဲ့တဲ့သမားတော်ပါ။ ရေမှ တစ်ဆင့် ရောဂါပျံနှံခြင်း၊ အလ်ကိုဟောနဲ့ ဆာလဖျူရစ်အက်စစ်များရဲ့ ဂုဏ်သတ္တိ၊ မျိုးရိုးဗီဇဆိုင်ရာ အခြေအနေ၊ ဆီချိုရောဂါ စတာတွေကိုလည်း စမ်းသပ် တွေ့ရှိခဲ့ပါတယ်။
    အဗီဆီနာကို ခေတ်သစ်ဆေးပညာဘာသာရပ်ရဲ့ ဖခင်လို့ လူတော်တော်များများက သတ်မှတ်ပါတယ်။ ဘယ်လ်ဂျီယံမှ ဓာတုဗေဒနဲ့ သမိုင်းပညာရှင် တစ်ဦးဖြစ်တဲ့ ဂျော့ဂ်ျ စာတန်(George Sarton) က “အစ္စလာမ်သာသနာရဲ့ အကျော်ကြားဆုံး သိပ္ပံပညာရှင်၊ မျိုးနွယ်အားလုံး၊ ဒေသအား လုံး၊ ခေတ် အားလုံးရဲ့ အအောင်မြင်ဆုံးထဲက တစ်ယောက်” လို့ သူကို တင်စားခဲ့ပါတယ်။
    “ဆရာဝန်များရဲ့ ဆရာဝန်” လို့ သမုတ်ကျတဲ့ အဗီဆီနာရဲ့ ဘ၀၊ သူရဲ့ လုပ်ဆောင်ချက်တွေအတွက် အထိမ်းအမှတ်တွေလည်း ရှိပါတယ်။ ပြင်သစ်နိုင်ငံ ပဲရစ်မြို့က ဆေးတက္ကသိုလ် ခန်းမမှာ သူရဲ့ ပုံတူပန်းချီကို ချိတ်ဆွဲထားပြီး လမျက်နှာပြင်ပေါ်က ချိုမ်းဝှမ်းတစ်ခုရဲ့ အမည်နာမကိုလည်း (သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့) အဗီဆီနာလို့ အမည်ပေးထားပါတယ်။
    ဆေးကျောင်းသားတွေ၊ ဆေးပညာနဲ့ ဆက်စပ်တဲ့နယ်ပယ်ကသူတွေဟာ ဒီ ပုဂ္ဂိုလ်ကျော်ကြီးရဲ့ အ၀အကြောင်းနဲ့ သူရဲ့ လုပ်ဆောင်ချက်တွေ ကို လေ့လာ သင့်ပါတယ်။ ဒွိတ္တ၀ါဒ (အဆိုးအကောင်း ဆန့်ကျင်ဘက်တို့ ဒွန်တွဲ နေသည်ဟူသော သဘောတရား) နဲ့ ပက်သက်ပြီး သူပြောခဲ့တာတွေကို လည်း နားထောင်သင့်ပါတယ်။
  • အဗ္ဗဒွတ်စ် ဆလာမ် (ပါကစ္စတန်) – ရူပဗေဒဆိုင်ရာ နိုဘယ်ဆု ၊ ၁၉၇၉
    အဗ္ဗဒွတ်စ် ဆလာမ် (ပါကစ္စတန်) – ရူပဗေဒဆိုင်ရာ နိုဘယ်ဆု ၊ ၁၉၇၉
    အောက်တိုဘာ၊ ၁၀၊ ၂၀၁၂
    M-Media
    ” မိုးကုပ်စက်ဝိုင်းကို မြော်ကြည့်လိုက်ပါ။ ကျုပ်တို့ ပါကစ္စတန်မှာ ဆလာမ်နောက်တစ်ယောက်ပေါ်လာဖို့ဆိုတာ မြူမှုန်လောက်ရှိတဲ့အရိပ် အယောင်တောင် မတွေ့ရတော့ပါ။ ” (usa အခြေစိုက် pakistanlink သတင်းစာ၊ ၁၉၉၆ ခုနှစ်)
    မွေး – ၁၉၂၆ ဇန်န၀ါရီလ ၂၉
    မွေးဖွားရာနေရာ – ပါကစ္စတန်နိုင်ငံ ၊ ဂျန်းဒေသ
    ကွယ်လွန် – ၁၉၉၆ နိုဝါဘာလ ၂၁
    လူသိများရသည့်အကြောင်းရင်း – အီလက်ထရို ၀ီက် သီအိုရီ (electro weak theory) ၊ အိုင်းစတိုင်း-၀ိုင်းဘဂ်-ဆလာမ် သီအိုရီ (Einstein-Weinberg-Salam theory ) များအပါအ၀င် အခြားသော ရူပဗေဒ၏ သီအိုရီပိုင်းဆိုင်ရာ လေ့လာတွေ့ရှိမှုများ။ ပါကစ္စတန်နိုင်ငံ၏ နူးကလီးယား ဖခင်ကြီး ။
    ပါကစ္စတန်နိုင်ငံသား ၊ နူးကလီးယားဆိုင်ရာ ရူပဗေဒပညာရှင်တစ်ဦးဖြစ်ပြီး ၁၉၇၉ တွင် စတီဗင်ဝိန်းဘာဂ်နှင့် ရှယ်လ်ဒန်လဲ ဂလက်စဂိုတို့ နှင့်အတူ ” အီလက်ထရို ၀ီက် သီအိုရီ ” ကို လေ့လာတွေ့ရှိခဲ့မှုကြောင့် နိုဘယ်ဆုရရှိခဲ့သည်။ ထိုသီအိုရီက အီလက်ထရိုမဂ်နီတစင်မ် ဟုခေါ်သည့် လျှပ်စစ်သံလိုက်စက်ကွင်းများ နှင့် အင်အားနည်း နူးကလီးယားစွမ်းအင်တို့ ပူးပေါင်းခြင်းသဘောတရားကို ရှင်းပြသည်။
    Prof. Dr Abdus Salam ၏ CV အပြည့်အစုံကိုhttp://nobelprize.org/nobel_prizes/physics/laureates/1979/salam-cv…. တွင် လေ့လာနိုင်ပါသည်။
    ဆလာမ်သည် လာဟိုရ်မြို့ အစိုးရကောလိပ်တွင်ပညာသင်ကြားခဲ့ပြီး ၁၉၅၂ ခုနှစ်၌ ကိန်းဘရစ်ဂ်ျ တက္ကသိုလ်မှ သီအိုရီပိုင်းဆိုင်ရာ ရူပဗေဒဘာသာရပ်ဖြင့် Ph.D. ဘွဲ့ ရရှိလေသည်။၁၉၅၁ မှ ၁၉၅၄ ခုနှစ်များတွင် ဆလာမ်သည် မွေးရပ်မြေ၌ သင်္ချာပါမောက္ခတာဝန်ကို ထမ်းရွက်ခဲ့ပြီး အင်္ဂလန်သို့ပြန်ကာ ကိန်းဘရစ်ခ်ျ တက္ကသိုလ် ၌ပင် သင်္ချာကထိကတာဝန်ကို ထမ်းဆောင်ခဲ့သည်။
    ၁၉၅၇ တွင် ယနေ့ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်ကြီးများထဲတွင် နံပါတ် ၅ နေရာလိုက်သည့် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ တော်ဝင်ကောလိပ် (Imperial College of Science and Technology, London ) တွင် သီအိုရီပိုင်းဆိုင်ရာ ရူပဗေဒပါမောက္ခအဖြစ် တာဝန်ထမ်းခဲ့လေသည်။
    (ရည်ညွှန်း – http://www.usnews.com/sections/education/worlds-best-universities )
    ၁၉၆၄တွင် ၊ အီတလီနိုင်ငံ ၊ ထရစ်စတီးမြို့၌ နိုင်ငံတကာ သီအိုရီပိုင်းနှင့်ဆိုင်သော ရုပဗေဒစင်တာတည်ထောင်ရာတွင် founder တစ်ဦး အနေဖြင့် ပါဝင်ခဲ့လေသည်။ ထိုစင်တာက တတိယကမ္ဘာ့နိုင်ငံများရှိ ရူပဗေဒပညာရှင်များအား ကူညီထောက်ပံ့ရန် ရည်ရွယ်လေသည်။ ဆလာမ်သည် မိမိကွယ်လွန်ချိန်အထိ ထိုစင်တာ၏ ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့လေသည်။
    ၁၉၆၀ ပြည့်လွန်နှစ်များတွင် ဆလာမ်သည် လန်ဒန်မြို့ တော်ဝင်ကောလိပ် ( Imperial College ) တွင်ပင် မိမိအား နိုဘယ်ဆုရရှိစေမည့် သုတေသနလုပ်ငန်းကို တစိုက်မတ်မတ် လုပ်ကိုင်နေခဲ့သည်။
    သူ၏ ရူပဗေဒနိယာမ ရှင်းလင်းတင်ပြချက်သည် လျှပ်စစ်သံလိုက်အင်အား (electromagnetic forces) များနှင့် အင်အားနည်း နူးကလီးယားအင်အား (weak nuclear forces) တို့အကြား အခြေခံ စပ်ဆက်တည်ရှိနေမှုကို ဖော်ပြသည်။
    ဘို့စ် – အိုင်းစတိုင်းနိယာမ ( Bose-Einstein statistics )
    ပိုမိုကြီးမားသည့် particle အစိတ်အပိုင်းတစ်ခုမှ ခွဲထွက်လာပြီး ၀ ၊ ၁ ၊ ၂ ၊ ၃ စသည် …. အစဉ်အတိုင်း လည်ပတ်နေသော particle အစိတ်အပိုင်းသေးလေးများဖြစ်နေခြင်းကို Bosons ဟုခေါ်သည်။
    Bosons များထဲမှ အင်အားနည်း ဗက်တာ Bosons များကို w – z bosons များဟုခေါ်သည်။ ထို w – z bosons များ၏ အင်အားကြောင့် အင်အားနည်း နူးကလီးယား (weak nuclear forces) တို့သည် ထုတ်လွှတ်ခြင်းခံရကြောင်း (transmit) ကို ဆလာမ်က ဖော်ထုတ်ခဲ့သည်။
    ဆလာမ်၏ လေ့လာတွေ့ရှိချက်များသည် ပါကစ္စတန်နိုင်ငံအတွက် အဆုံးစွန်သောအောင်မြင်မှုကို ဖြစ်ပေါ်စေသည်သာမက ပါကစ္စတန်နိုင်ငံ၏ နူးကလီးယားဆိုင်ရာ လေ့လာတွေ့ရှိမှုများ ၊ အာကာသဆိုင်ရာ လေ့လာတွေ့ရှိမှုများအတွက် ထူးကဲသာလွန်သည့် စွမ်းဆောင်မှုတစ်ခုကို ဖြစ်ပေါ်စေလေသည်။ ( ရည်ညွှန်း –http://en.wikipedia.org/wiki/Abdus_Salam#Legacy )
    ဆလာမ်သည် ပါကစ္စတန်နိုင်ငံအတွက် အာကာသ အစီအစဉ်တစ်ခုစတင်ရန် အကြံပြုခဲ့ပြီး ပါကစ္စတန်နိုင်ငံ ၊ အာကာသအစီအစဉ် ( space program ) ၏ ပထမဆုံး ဥက္ကဌအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။
    “The Holy Quran enjoins us to reflect on the verities of Allah’s created laws of nature; however, that our generation has been privileged to glimpse a part of His design is a bounty and a grace for which I render thanks with a humble heart.” (Professor Dr. Abdus Salam of Pakistan)
    ” ကျမ်းမြတ်ကုရ်အာန်က အလ္လာဟ်အရှင်မြတ်ရဲ့ ဖန်ဆင်းခြင်းနိယာမဥပဒေအမျိုးမျိုးအပြားပြားကို ခံစား သိမြင်လာစေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မျိုးဆက်တွေက အလ္လာဟ်အရှင်ရဲ့ ဖန်ဆင်းခြင်းပုံစံထဲက လျှပ်တပြက်လောက်စာကလေးကို သိနားလည်ခွင့်ဆိုတဲ့ ဆုလာဘ်ကောင်းချီး ချီးမြှင့်ပေးသနားခံရပါတယ်။ အဲဒီအတွက် ကျွန်တော်အနေနဲ့ အရှင်မြတ်အား နှိမ်ချသောနှလုံးသားဖြင့် ကျေးဇူးတင်ရှိကြောင်းဖော်ပြလိုပါတယ်။ ” (http://nobelprize.org/nobel_prizes/physics/laureates/1979/salam-bio… ၏ ဆလာမ်အထုပ္ပတ္တိ ဖော်ပြချက်မှ)
    ပါကစ္စတန်နိုင်ငံအနေဖြင့် နူးကလီးယားနည်းပညာပိုင်းအတွက် မည်မျှအရေးကြီးနေသည်ကို ဆလာမ်က သိရှိခဲ့သည်။ ဆလာမ်သည် ပါကစ္စတန်နူးကလီးယားအစီအစဉ်၌ အချက်အချာကျသည့် ပုံရိပ်တစ်ခုအဖြစ်ရှိနေပေသည်။
    ပါကစ္စတန်၌ နူးကလီးယားသုတေသန တက္ကသိုလ်တစ်ခု တည်ထောင်ရန် ဆလာမ်အားတာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။ ၁၉၇၂ တွင် ပါကစ္စတန်အစိုးရက အိန္ဒိယ၏ နူးကလီးယားလက်နက်အစီအစဉ်ကို လေ့လာမိလေသည်။ ထိုမှစ၍ ပါကစ္စတန်ဝန်ကြီးချုပ် အလီဘူတိုက နူးကလီယားနည်းပညာဆိုင်ရာ သိပ္ပံပညာရှင်များနှင့် အင်ဂျင်နီယာများပါဝင်သော အဖွဲ့တစ်ခုကို ဖွဲ့စည်းကာ ဆလာမ်အား ကနဦး ဦးဆောင်စေခဲ့သည်။ ဆလာမ်သည် မိမိ၏ လုပ်ဖော်ကိုင်ဖက်လည်းဖြစ် ၊ နှစ်ရှည်တွဲလာခဲ့သည့် သူငယ်ချင်းလည်းဖြစ်သော မစ္စတာ မူနီး အဟ်မဒ်ခန်း နှင့်တွဲ၍ ပါကစ္စတန်နူးကလီးယား အကောင်အထည်ဖော်ရေးလုပ်ငန်းကို သတိဝီရိယထားကာ ပြောင်မြောက်စွာလုပ်ဆောင်ခဲ့ လေသည်။
    ၁၉၇၂ ဒီဇင်ဘာတွင် အိုင်စီတီပီ အဖွဲ့ကို ဆလာမ်က ညွှန်ကြားခဲ့ပြီး နောင် ၅ နှစ်အကြာ ဆလာမ်၏ တပြည့်တဦး ဖြစ်သည့် ရီယာဇွတ်ဒင်း ဦးဆောင်သော် တီပီဂျီအဖွဲ့က နုးကလီးယားလက်နက်၏ သီအိုရီပိုင်းဆိုင်ရာ ပုံစံကို ဆောင်ရွက်အောင်မြင်ခဲ့လေသည်။
    ( ရည်ညွှန်း – http://en.wikipedia.org/wiki/Abdus_Salam#Involvement_in_Pakistan.27… )
    Become the fan of Prof Dr. Abdus Salam on Facebook –
    http://www.facebook.com/#/pages/Dr-Abdus-Salam/11024211686
  • အိုလံပစ် အမျိုးသား မီတာ ၁ သောင်းတွင် ဗြိတိန်နိုင်ငံသား မုဟမ္မဒ်ဖာရာ ဗိုလ်စွဲ
    အိုလံပစ် အမျိုးသား မီတာ ၁ သောင်းတွင် ဗြိတိန်နိုင်ငံသား မုဟမ္မဒ်ဖာရာ ဗိုလ်စွဲ
    လန်ဒန်
    သြဂုတ် ၄ ရက်၊ ၂၀၁၂
    source: http://london-games.reuters.com/
    ဗြိတိန်နိုင်ငံ၏ ပထမဆုံးသော မီတာ ၁ သောင်း အိုလံပစ်ချန်ပီယံအဖြစ် မွတ်စလင်မ်အမျိုးသား မုဟမ္မဒ် ဖာရာဟ်က ရပ်တည်ပေးလိုက်နိုင်ပြီဖြစ်သည်။ ယမန်နေ့က ကျင်းပသော အိုလံပစ် အမျိုးသား မီတာ ၁ သောင်းဖိုင်နယ်တွင် အိမ်ရှင်ပရိသတ်တို့၏ မျှော်လင့်ချက်ကြီးကြီးမားမား အထားခံထားရသော မုဟမ္မဒ်ဖာရာပြိုင်ပွဲ ၀င်နေစဉ် ခြေလှမ်းတိုင်း၌ အိမ်ရှင်ပရိသတ်ထုကြီး၏ အော်ဟစ်အားပေးသံများဖြင့် ညံနေခဲ့သည်။
    ဗြိတိန်နိုင်ငံ၏ ပထမဆုံးသော မီတာ ၁ သောင်း အိုလံပစ်ချန်ပီယံအဖြစ် မွတ်စလင်မ်အမျိုးသား မုဟမ္မဒ် ဖာရာဟ်က
    အသက် ၂၉ နှစ်ရှိပြီဖြစ်သော ဖာရာအနေဖြင့် အိုလံပစ်၊ အမျိုးသားမီတာ ၁ သောင်း တာဝေးအပြေးပြိုင်ပွဲ၌ မိမိမြေတွင်ပင်ပထမဆုံးဗိုလ်စွဲနိုင်သော အားကစားသမားဖြစ်လာပြီး စံချိန်မှာ ၂၇ မိနစ် ၃၀.၄၂ စက္ကန့်ဖြစ်သည်။ ဒုတိယ ငွေတံဆိပ်ရရှိခဲ့သော အမေရိကန်နိုင်ငံသား ဂလန် ရက်ပ်နှင့် စက္ကန့်ဝက် အသာရဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။
    အီသီယိုပီးယားနိုင်ငံသား အိုလံပစ် ရွှေတံဆိပ်လေးဆုရှင် နာမည်ကြီးအပြေးသမား ဘီကီလီက တတိယကြေးတံဆိပ်သာ ရရှိသည်။
    အပြေးပြိုင်ပွဲမှာ အလွန်အကြိတ်အနယ်ရှိခဲ့သလို နောက်ဆုံးတပတ်အထိ စိတ်လှုပ်ရှားမှုများစွာ ပေးနိုင်ခဲ့သည်။ ထိုနောက်ဆုံးတပတ်တွင်မှ ဖာရာက ခွန်အားကို အကောင်းဆုံးအသုံးချကာ မိမိရှေ့မှ အပြေးသမားများကို ကျော်ဖြတ်ပြီး ပထမနေရာကို ပွတ်ကာသီကာဖြင့် ပန်းဝင်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။
    ပန်းဝင်ပြီးလျှင်ပြီးခြင်း မျက်ရည်များဖြင့် ရစ်ဝဲလျက် ပျပ်ဝပ်ဦးချကာ အောင်ပွဲခံအပြီးမှ မိမိ၏သမီးငယ်နှင့် ကိုယ်ဝန်ဆောင်ဇနီးသည်တို့နှင့်အတူ ဘ၀တသက်တွင် မေ့ဖျောက်မရနိုင်တော့မည့် သမိုင်းဝင်မှတ်တမ်းအတွက် ပွေ့ဖက်အောင်ပွဲခံခဲ့ကြသည်။
    ငွေတံဆိပ်ရ ဖာရာ၏ လေ့ကျင့်ဖော် ရက်ပ်ကမူ ၁၉၆၄ နောက်ပိုင်း အမေရိကန်နိုင်ငံသားတစ်ယောက်အနေဖြင့် ထို မီတာ ၁ သောင်းပြေးပွဲတွင် ဆုတံဆိပ်ရခဲ့ခြင်းဖစ်သည်။