News @ M-Media

Category: ထူးချွန်လူငယ်

  • Top 10 ဝင်ဖို့ ၇ မှတ်အလိုနဲ့ ၆ ဘာသာဂုဏ်ထူးရှင် မောင်မျိုးမင်းသိန်းနှင့် တွေ့ဆုံခြင်း

    Top 10 ဝင်ဖို့ ၇ မှတ်အလိုနဲ့ ၆ ဘာသာဂုဏ်ထူးရှင် မောင်မျိုးမင်းသိန်းနှင့် တွေ့ဆုံခြင်း

    ဇွန် ၁၄ ၊ ၂၀၁၆
    M-Media
    မေးမြန်းသူ-သီဟ

    Myo Min၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းတွေကို ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့ က ထုတ်ပြန်ပေးခဲ့ပါတယ်။

    ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ (၆၃၆,၂၃၇) ဦးရှိပြီး (၁၉၀,၃၈၈) ဦးအောင်မြင်ခဲ့ရာ အောင်ချက်ရာခိုင်နှုန်း (၂၉.၉၂) % ရှိခဲ့တယ်လို့ သိရပါတယ်။ အောင်မြင်သူများ အနက်  အထက(၂) ဗန်းမော် နှင့် ရန်ကုန်မြို့ အောင်အကယ်ဒမီကိုယ်ပိုင် စာသင်ကျောင်းတွင် ပညာသင်ကြားခဲ့ပြီး အမှတ်ပေါင်း (၅၄၈) မှတ်ရရှိပြီး ဘာသာစုံ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူ မောင် မျိုးမင်းသိန်းကို M-Media မှ တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

     

    M-Media- ညီလေးရဲ့ နာမည်၊ မွေးသက္ကရာဇ်၊ မိဘများ နဲ့ နေရပ်ဇာတိလေး မိတ်ဆက်ပေးပါအုံး။

    ဖြေ- နာမည်က မောင်မျိုးမင်းသိန်းပါ။ ၁၀-၂-၂၀၀၀ မှာ မွေးပါတယ်။ အဖေက ဦးလှသိန်း အမေကဒေါ်ရီရီချစ်ပါ ၊ မိဘ နှစ်ပါးစလုံးက အငြိမ်းစား ကျောင်းဆရာ/ဆရာမတွေပါ။  ဇာတိက ကချင်ပြည်နယ်ဗန်းမော်မြို့ ဖြစ်ပါတယ်။

    M-Media- ဂုဏ်ထူး (၆)ဘာသာ ထွက်အောင်  အခြေခံ ခိုင်အောင် ဘယ်အချိန်ကတည်းက စပြီး ကြိုးစားခဲ့ရသလဲ ညီလေး အတွေ့အကြုံကို ပြောပြပါ။
    ဖြေ- ငယ်ငယ်ကတည်းကကြိုးစားခဲ့ပါတယ်။ အထူးသဖြင့်၆တန်းလောက်ကစပြီး ရည်ရွယ်ချက်ခိုင်ခိုင်မာမာနဲ့ ဇွဲရှိရှိကြိုးစားခဲ့ပါတယ်

    Myo Min mark

    M-Media- ဘာသာစုံ ဂုဏ်ထူးထွက်အောင် ဘယ်လိုပုံစံ စာကျယ်ခဲ့သလဲဆိုတာ မျိုးဆက်သစ်တွေကို မျှဝေပေးပါအုံး။
    ဖြေ- အဓိကတော့ စာကို သူအချိန်နဲ့ သူကျက်ပါတယ်။ နှစ်စကတည်းက ၆ ဘာသာ ဂုဏ်ထူးမှန်းထားတယ်ဆိုတော့ နှစ်ကတည်းက အချိန်ကို သေချာသတ်မှတ်တယ်။ သေချာ ပိုင်းခြားတယ်။ တပတ်စာ၊ တလစာ Time Tables တွေဆွဲပါတယ်။ revision အတွက်

    Schedule တွေ ဆွဲပါတယ်။ စားချိန်၊ အိပ်ချိန်၊ စာကျက်ချိန်ကို သေချာ ပိုင်းခြားပြီး သတ်မှတ်ခဲ့ပါတယ်။

    M-Media- အနာဂတ် ရည်မှန်းချက်က ဘာလဲ။

    ဖြေ- အနာဂတ်ရည်မှန်းချက်က ဆရာဝန်တယောက်ဖြစ်ဖို့ပါ။ ဆရာဝန်တယောက်ဖြစ်ဖို့ ဆိုတာထပ် Professional ဆရာဝန် တယောက်ဖြစ်ဖို့ပါ။

    M-Media-ငယ်စဉ်ကနေ အတန်းစဉ်အလိုက် ရရှိခဲ့တဲ့ ထူးချွန်ဆုတွေရှိလား?၊

    ဖြေ- အထက(၂) ဗန်းမော်ကျောင်းကနေ ၇ တန်းမှာ ပဉ္စမ ဆု ရပါတယ်။  ၈ တန်းမှာ ဆဌမ ဆုရပါတယ်။ ၉ တန်းမှာတော့ တမြို့နယ်လုံးမှာ ပထမဆုရပါတယ်။

    M-Media-အခုလို ဘာသာစုံဂုဏ်ထူးနဲ့အောင်မြင်တဲ့အတွက် ဘယ်လိုပီတိမျိုးကိုခံစားရပါသလဲ။

    ဖြေ- အရမ်းကို ပျော်ပါတယ်။ အဓိက ကတော့ ဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ်ကို အရမ်းပဲ ကျေးဇူးတင်ပါတယ်။  နောက်ပြိးကတော့  ကျနော် ဘာသာစုံ ဂုဏ်ထူးနဲ့ အောင်လို့ ပျော်နေတဲ့ မိဘတွေ ကို တွေ့ရလို့ အရမ်းပဲ ပီတိ ဖြစ်မိပါတယ်။

    M-Media- လက်ရှိ မြန်မာ့ ပညာရေး စနစ်ကို ဘယ်လိုဝေဖန် အကြံပြု ပြောကြားလိုပါသလဲ။

    ဖြေ- အခု အစိုးရအသစ်တက်ပြီးနောက်ပိုင်း သူငယ်တန်းက စ ပြောင်းလဲပြီးလုပ်နေတာဖြစ်လို့  Next Generation အတွက်ကောင်းပါတယ်။ နောက်ပြီး ၁၀ တန်းကျောင်းသားတွေ အတွက်လဲ ဒီနှစ်တော့ မပါဘူး။ နောက်နှစ်တွေက စပြီး တက္ကသိုလ်တွေမှာ အမှတ်နဲ့ ခွဲတာ မဟုတ်ဘဲ ဝင်ခွင့်ဖြေပြီး တက်ရောက်နိုင်မှာ ဖြစ်လို့ အရမ်းကိုကောင်းပါတယ်။

    M-Media-ထူးချွန်လူငယ်တယောက်အနေနဲ့ အနာဂတ်မှာ တိုင်းပြည်တိုးတက်အောင် ဘယ်လို့ အခန်းကဏ္ဍကနေ ပါဝင်ပေးဆပ်ဖို့ စိတ်ကူးပါသလဲ။
    ဖြေ- တိုင်းပြည်တပြည်တိုးတက်ဖို့အတွက်က စီးပွားရေး၊ ကျန်းမာရေး ၊ စည်းလုံး ညီညွတ်ဖို့ အားလုံးလိုအပ်ပါတယ်။  ကျနော်ရည်မှန်းချက်က ဆရာဝန်ယောက် ဖြစ်ဖို့ ဆိုတော့ ပြည်သူတွေရဲ့ ကျန်းမာရေးကို စောင့်ရှောက်တဲ့ အခန်းကဏ္ဍကနေ ပါဝင်သွားပါ့မယ်။ ပညာတတ်လူငယ်တွေ အများကြီးပေါ်ထွန်း လာစေချင်ပါတယ်။

    M-Media- မွတ်စလင်မ် လူငယ်တယောက်အနေနဲ့  Community အတွက်ရော ဘယ်လိုအကျိုးပြုအလုပ်တွေ လုပ်သွားမယ်လို့စဉ်းစားထားပါသလဲ။
    ဖြေ- ကိုယ်ကျွမ်းကျင်ရာ လိမ္မာရာ အတတ်ပညာနဲ့ Community အတွက် လုပ်ပေးသွားမယ်လို့ စဉ်းစားထားပါတယ်။ မျိုးဆက်သစ်တွေအတွက်လဲ တတ်နိုင်သလောက်ကူညီပေးသွားပါ့မယ်။

    M-Media- ဖြည့်စွက်ပြောချင်တာလေးရှိပါသလား။
    ဖြေ- ရည်မှန်းချက်ရှိသူအားလုံး သေချာကြိုးစားစေချင်ပါတယ်။ ကြိုးစားတဲ့နေရာမှ စိတ်ဓါတ်ကျနိုင်တဲ့ အခြေအနေ အမျိုးမျိုး ကြုံရနိုင်ပါတယ်။ အဲလို အခြေအနေမှာ လည်း စိတ်ဓါတ်မကျဘဲ တင်းထားစေချင်ပါတယ်။ နောက်ပြီး မိမိတို့ ကိုးကွယ်ရာ အလိုက် ဘုရား၊တရား အမြဲသတိရကျစေချင်ပါတယ်။

    M-Media – အခု လို ဖြေကြားပေးတဲ့ ညီလေး မျိုးမင်းသိန်းကို M-Media က အထူးပဲ ကျေးဇူးတင်ပါတယ်။

    ဖြေ-ဟုတ်ကဲ့ ကျနော်လဲ ကျေးဇူးတင်ပါတယ်။

    Top 10

  • တူရကီတွင် ပြုလုပ်ခဲ့သည့် ဓါတ်ပုံပြိုင်ပွဲမှာ ပထမဆုရသွားသူ ရာဇာလင်းအောင်ရဲ့ ရင်ခုန်သံ

    တူရကီတွင် ပြုလုပ်ခဲ့သည့် ဓါတ်ပုံပြိုင်ပွဲမှာ ပထမဆုရသွားသူ ရာဇာလင်းအောင်ရဲ့ ရင်ခုန်သံ

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၆
    M-Media
    သီဟ ဆက်သွယ်မေးမြန်းသည်။
    10330399_554872791344936_7904608662387940962_n
    တူရကီ နိုင်ငံ Istanbul Center For International Students က နိုင်ငံတကာ ကျောင်းသားများအတွက် ပြုလုပ်ပေးတဲ့ ဓါတ်ပုံပြိုင်ပွဲတွင် Yıldız Teknik University မှာ Mechatronics Engineering မေဂျာနဲ့ မြန်မာနိုင်ငံကနေ သွားရောက် ပညာသင်ကြားနေတဲ့ အသက် ၁၇ နှစ် အရွယ် ကျောင်းသားလေး မောင်ရာဇာလင်းအောင်က ပထမဆု ရရှိခဲ့ပါတယ်။ ဆု ရရှိခဲ့တဲ့ မောင်ရာဇာလင်းအောင် ကို M-Media ကနေ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

    Yar zar Lin Aung

    မေး ။     ။  ညီလေး ဝင်ပြိုင် တဲ့ ပြိုင်ပွဲ အမျိုး အစားနဲ့ ကျင်းပတဲ့ အဖွဲ့အစည်း အကြောင်းပြောပြပေးပါအုံး။

    ဖြေ၊     ။ ပြိုင်ပွဲ အမျိုးအစားကတော့ Istanbul ရောက် နိုင်ငံခြားကျောင်းသားတွေ အတွက် လုပ်ပေးတဲ့ Turkey အစိုးရ အသိမှတ်ပြု ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။
    ပြိုင်ပွဲကို ဦးဆောင်တဲ့ အဖွဲ့အစည်းကတော့ ICIST လို့ခေါ်တဲ့ အဖွဲ့ အစည်းပါ။ Istanbul Center For International Students ပါ ။
    နိုင်ငံတကာ ဟို ဖီဂျီ Iceland ကနေ ဒီဘက် ပါကီ India ဟိုဘက် Europe ထိ နိုင်ငံပေါင်းစုံက လူ ၇၀၀ ကျော် တစ်ယောက်ကို ၃ ပုံနဲ့ ဝင်ပြီးပြိုင်ခဲ့တဲ့ ပြိုင်ပွဲဖြစ်ပါတယ်။
    ပြိုင်ပွဲကို ရထား Bus လမ်းပေါ်တွေမှာ Poster တွေ အမြောက်အမြားထောင်ပြီး ကြော်ငြာခဲ့ပါတယ်။

    မေး။    ။ ဆု ရရှိပုံ လေးပြောပြပေးပါအုံး။
    ဖြေ။    ။ ဆုရွေးချယ်ပုံကတော့ Vote နဲ့ပါ။ ပြိုင်ပွဲဝင်ရဲ့ Vote တောင်းဆိုမှုရော သူတို့ဘက်ကပေးတဲ့ Vote ရယ် ။ အပြင်ပိုင်းဝင်ကြည့်သူရဲ့ Vote ၂ ခုပေါင်းပြီး ဆုံးဖြတ်တာပါ။

    မေး။    ။ အခုပြိုင်ပွဲမှာ အနိုင်ရတဲ့သူတွေကို ဘယ်လိုဆုတွေ ချီးမြှင်တာလဲ။
    ဖြေ။    ။ ဆုကတော့ ပထမဆု ကို Iphone 6၊ ဒုတိယဆုကို Lenovo Note Book၊ တတိယဆုကို Ipad Mini ပေးပါတယ်။

    မေး ။    ။ အခုလို ပြိုင်ပွဲမှာ ပထမရတော့ ဘယ်လို ခံစားရလဲ။
    ဖြေ။    ။ ခံစားမှုကတော့ တော်တော်ပျော်ပါတယ် ။ မြန်မာနိုင်ငံကတစ်ယောက်တည်းနဲ့ ပထမဦးဆုံးအကြိမ် ပထမ ရခဲ့တာပါ။ ဒုတိယကနေ ပထမဖြစ်သွားလို့ ပိုပြီးကို ပျော်ပါတယ် ။ ပြီးတော့ သူတို့ရဲ့ Web မှာ International Level ဖြစ်တာကြောင့် Myanmar ဆိုပြီး တွဲခံရပါတယ် ။ Myanmar ဂုဏ်ကို Myanmar Muslim တစ်ယောက်က ဆောင်ခွင့်ရတဲ့အတွက် တော်တော် ဂုဏ်ယူမိပါတယ် ။

    မေး။    ။ တခြား ဖြည့်စွက်ပြီးပြောချင်တာရှိသေးလား
    ဖြေ။     ။ အခုလို ဆုရတဲ့အတွက် ဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ်ကိုကျေးဇူးတင်ပါတယ်။ နောက်ပြီး ဒီကို ပညာသင်နိုင်အောင် စီစဉ်ပေးတဲ့ ကျနော် အဖေ နဲ့ အမေ၊ ကျနော်ဆရာ တို့ကိုလည်း ကျေးဇူးတင်ပါတယ်။
    အနိုင်ရရှိအောင် ကျနော့်ကို Vote ပေးခဲ့တဲ့ သူငယ်ချင်းတွေ အားလုံးကိုကျေးဇူးတင်ပါတယ် ။

  • စင်္ကာပူနိုင်ငံ GCE O-Level ဘာသာစုံ ဂုဏ်ထူးရှင် မယွန်းရတီနိုင်နှင့် အင်တာဗျူး

    စင်္ကာပူနိုင်ငံ GCE O-Level ဘာသာစုံ ဂုဏ်ထူးရှင် မယွန်းရတီနိုင်နှင့် အင်တာဗျူး

    စင်္ကာပူနိုင်ငံ GCE O-Level မှာ ဘာသာစုံ ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သူ မယွန်းရတီနိုင်နှင့် အင်တာဗျူး

    1

    ဇန်နဝါရီ ၂၂ ၊ ၂၀၁၅
    M-Media
    နုရည်ထွန်း ဆက်သွယ် မေးမြန်းသည်။

    စင်္ကာပူနိုင်ငံ Westwood Secondary School မှာ ပညာသင်ကြားနေတဲ့ ညီမငယ် မယွန်းရတီနိုင်ဟာ ၂၀၁၆-ခု ဇန်န၀ါရီလ (၁၁)ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ အောင်စာရင်းအရ GCE O-Level စာမေးပွဲကို ဘာသာစုံဂုဏ်ထူး (7-D)ထွက်ရှိပြီး တစ်ကျောင်းလုံးမှာ ပထမဆုရရှိခဲ့ပြီး တစ်ကျောင်းလုံးရဲ့ Top -1 ဖြစ်ခဲ့ပါတယ်။ (Link)

    မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်တဲ့ ညီမငယ် ယွန်းရတီနိုင်ရဲ့ အောင်မြင်မှုကို ဂုဏ်ပြုမှတ်တမ်းတင်လိုတာရယ် တခြားသော မောင်ငယ် ညီမငယ်များ စံနမူနာယူနိုင်စေ ဖို့ရန် ရည်ရွယ်ပြီး ဆက်သွယ်မေးမြန်း ဖြစ်ခဲ့ပါတယ်။
    .
    ညီမလေးရေ၊ ညီမလေးက စင်ကာပူ GCE O-Level ကို ဘာသာစုံ ဂုဏ်ထူးနဲ့ ထူးချွန်စွာ အောင်မြင်ခဲ့တယ်ဆိုတာ သိရတယ်လေ။ အဲဒါကြောင့် ညီမလေး ထူးချွန်စွာအောင်မြင်ခဲ့သလို နောက်လာမယ့် မောင်ညီမငယ်တွေ စံနမူနာယူလို့ရအောင် ညီမလေးရဲ့ အောင်မြင်မှုလေးတွေ မေးမြန်းမယ့် အစီအစဉ်လေး စလိုက်ကြရအောင်နော်။

    ဟုတ်ကဲ့ အစ်မ။
    .
    ညီမလေးရဲ့ နာမည်ကို ပြောပြပေးပါဦး။ အာရဗီနာမည်ရော၊ မြန်မာနာမည်ရော။

    သမီးရဲ့ မြန်မာအမည်က ယွန်းရတီနိုင်ပါ။ အာရဗီအမည်ကတော့ Rahila ပါ။
    .
    မိဘတွေကရော။

    မိဘတွေက ဦးတင်ကိုနိုင်နဲ့ ဒေါ်သီတာကျော်ပါ။ အဖေက စင်္ကာပူမှာ Residential Technical Officer ရာထူးနဲ့ အလုပ်လုပ်ရင်း သမီးနဲ့ အတူ နေထိုင်ပါတယ်။ အမေကတော့ အခုလောလောဆယ်မှာ နယူးယောက်ခ်မှာ အလုပ်လုပ်ပါတယ်။
    .
    ညီမလေးအသက်နဲ့ မွေးသက္ကရာဇ်ပြောပြလို့ရမလား။

    မွေးသက္ကရာဇ်က ၁၉၉၇-ခု၊ မေလ (၁၂)ရက်ဆိုတော့ အခုဆို သမီး အသက် (၁၈)နှစ်ရှိပါပြီ။
    .
    ညီမလေးရဲ့ ပညာရေးအခြေအနေနဲ့ ကျောင်းမှာ ထူးချွန်မှုလေးတွေကို ပြောပြပေးပါဦး။

    မြန်မာပြည်မှာတုန်းက ဆဌမတန်းအထိ တက်ခဲ့ပါတယ်။ ဗိုလ်တစ်ထောင်(၂)မှာတက်ခဲ့ပြီး (၆)တန်းနှစ် အလယ်မှာ ထွက်ခဲ့တာပါ။ မြန်မာပြည်မှာ တုန်းကတော့ သမီးမှတ်မိသလောက်ဆိုရင် သမီးက ထူးထူးခြားခြား ထူးချွန်ခဲ့တာ သိပ်မရှိဘူး။ သမီးလိုက်နိုင်သလောက်ပဲ လုပ်ခဲ့တာ။ ဒီရောက်တော့မှ သမီးသေချာ ကြိုးစားဖြစ်ခဲ့တာ။

    ဒီစင်္ကာပူကို ရောက်တော့ စာမေးပွဲဖြေရတယ်။ စာမေးပွဲဖြေပြီး အောင်တော့မှ ၅-တန်းက စပြီးတက်ရတယ်။ စာမေးပွဲဖြေပြီး အောင်တော့ မှ ဒီက Public School ကို ၀င်ရတာ။ နည်းနည်းတော့ကြာတယ်။ တစ်နှစ်လောက်နေမှ တက်ရတာ။ (၅)တန်းကနေ စတက်ရတယ်။ Pioneer Primary School မှာ စတက်ခဲ့ပါတယ်။
    .
    ဒီရောက်တော့ ညီမလေးက (၅)တန်းက စတက်တယ်ဆိုတော့ ညီမလေးအနေနဲ့ အခက်အခဲရှိခဲ့လား။

    ရှိတာပေါ့။ အစကဆို ပိုဆိုးတယ်။ အင်္ဂလိပ်စာက လုံးဝ မတတ်ဘူး။ မြန်မာပြည်မှာ အင်္ဂလိပ်စာ သင်တန်းတစ်ခုတော့တက်ခဲ့တယ်။ ဒါပေမယ့် ဒီရောက်တော့ အဲ့ဒီသင်တန်းက သိပ်ပြီး ထူးထူးခြားခြား အကျိုးမရှိဘူးပေါ့နော်။ အဲ့ဒါနဲ့ အင်္ဂလိပ်စာကို တော်တော်ကြိုးစား ယူရပါတယ်။ ပြီးတော့ ကျောင်းစတက်တော့လည်း ဒီကသင်ရတာတွေက သမီး ဟိုမှာသင်ခဲ့ရတာတွေနဲ့ အများကြီး ကွာတယ်လေ။ သင်္ချာ၊ သိပ္ပံကအစ အကုန်လုံး အစကနေပြန်လုပ်ရပါတယ်။ ဆရာ ဦးကျော်ညွန့် (G.T.I) ဆီကို ကျောင်းချိန်ပြီးတာနဲ့ စာသွားသင်ပါတယ်။ ဆရာဦးကျော်ညွန့်က Primary School တို့ Secondary School တို့အတွက် ဘာသာစုံ သင်ပေးပါတယ်။
    .
    ညီမလေးက (၅)တန်းက စပြီး ဒီမှာ ကျောင်းတက်ခဲ့တယ်ဆိုတော့ အတန်းစဉ်အလိုက် ထူးချွန်မှုလေးတွေနဲ့ တခြားသော ပါဝင်မှုလေးတွေကို ပြောပြပေးပါဦး။

    (၅)တန်းမှာတော့ သမီးက စာကို တော်တော်လိုက်နေတုန်းပေါ့နော်။ (၆)တန်းနှစ်ရောက်တော့ ဘာသာနဲ့အတန်းခွဲပါတယ်။ တစ်ဘာသာမှာ A, B, C ဆိုပြီး (၃)ခန်းရှိပါတယ်။ သမီးက သင်္ချာနဲ့ သိပ္ပံမှာ A အခန်းကို ရပါတယ်။ အင်္ဂလိပ်စာကတော့ သိပ်မကောင်းတဲ့အတွက် B အခန်းမှာပဲပေါ့။ အဲ့ဒီကနေပြီး နောက် PSLE (Primary School Leaving Examination) လည်းထွက်ရော သမီး အတန်းထဲမှာ ပထမ ရခဲ့ပါတယ်။ တခြားသော ပြိုင်ပွဲတွေဘာတွေတော့ ပြိုင်တာ မရှိခဲ့ဘူးပေါ့နော်။

    Debate ပြိုင်ပွဲအတွက်လည်း သမီး (၃)လလောက် ပါဝင်ပေးခဲ့ရဖူးပါတယ်။ အဲ့ဒါကတော့ သမီးသူငယ်ချင်း ကိုယ်စား ခဏအစားဝင်ပေးရတဲ့သဘောပါပဲ။ (၃)လလောက်ပဲ သွားပေးခဲ့ရတာပါ။

    Westwood Secondary School မှာ ဂီတာအဖွဲ့တွေ၊ ဆွေးနွေးပွဲတွေ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲတွေ၊ UN က ပြုလုပ်တဲ့ ပွဲတွေနဲ့  တခြား စီးပွားရေးဆိုင်ရာ ပြိုင်ပွဲတွေမှာ တက်ကြွစွာ ပါဝင်ခဲ့ပါတယ်။ အဲ့လို ပါဝင်မှုတွေကြောင့် သာမန်လေ့လာလို့ မရနိုင်တဲ့ တန်ဖိုးရှိလှတဲ့ အတွေ့အကြုံတွေကို ရခဲ့ပါတယ်။

    Business ပြိုင်ပွဲတွေကတော့ သမီးသွားခဲ့တာ (၃)မျိုးလောက်ရှိတယ်ပေါ့နော်။ တစ်ခုကကျ သမီးတို့ ၂-ယောက်ချင်းရဲ့ Business Idea Plan ကို အစအဆုံးလုပ်ရတယ်။ ပစ္စည်းတွေဘယ်ကယူရမယ်၊ စီးပွားရေးဘယ်လိုလုပ်ရမယ်ဆိုတာ လုပ်ပြီး Admission ကို ပို့ရတာပေါ့နော်။ Admission က ဂျပန်ကဆိုတော့ ဂျပန်ကို ပို့ရပါတယ်။ နိုင်ငံတစ်ခုမှာ အယောက် (၅၀)လောက်ပြိုင်ရင် သူတို့က (၂၅)ယောက်လောက် ရွေးပြီးမှ ပြန်ပို့ပေးတာပါ။ တင်တဲ့အချိန်မှာကို သူတို့က Application တစ်ခါဖြတ်သေးတယ်။ Application တင်တုန်းက ၀င်ပြီး ရွေးတဲ့အထိတော့ ရောက်ခဲ့တယ်။ ဟိုဘက်နိုင်ငံကိုတော့ မသွားခဲ့ရဘူး။ သမီး သူငယ်ချင်းတွေတော့ ရောက်သွားခဲ့တယ်။ အဲ့ဒါက တစ်ခုပေါ့နော်။

    နောက်တစ်ခုကကျတော့ ကုမ္ပဏီလိုမျိုး စလုပ်ရတာ။ JA Company of Media လို့ခေါ်တယ်။ ပြိုင်ပွဲက တကယ့် ကုမ္ပဏီတစ်ခုလိုပဲ လုပ်ရတယ်။ တကယ်ရောင်းပြီး တကယ်အမြတ်တွေနဲ့ ပြိုင်ပွဲလုပ်တာပေါ့နော်။ သမီးတို့က စင်္ကာပူမှာ တတိယ ရခဲ့ပါတယ်။ ဟုတ်ကဲ့ စင်္ကာပူတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ပါ။ ကျောင်းကနေ ပို့တာပါ။

    နောက်တစ်ခုကကျတော့လည်း သမီးတို့က Organization တစ်ခုနဲ့ပေါင်းပြီး သူတို့ရဲ့ ပစ္စည်းလေးတွေကို ခုနက ကုမ္ပဏီလိုမှာလုပ်တဲ့ ပစ္စည်းတွေရယ်ပေါင်းပြီး Foodstuff ဆိုတာ လမ်းဘေးဆိုင်လိုမျိုးလေးကို Shopping Centre မှာ ဖွင့်ရောင်းပြီး Sales တွေနဲ့ တွက်ပြီး ပြိုင်ရတာပါ။ သမီးတို့နဲ့ပေါင်းတဲ့ Organization က French of the Disable Society လို့ခေါ်တယ်။ သူတို့ မသန်စွမ်းလေးတွေ ရဲ့လုပ်တဲ့ပစ္စည်းတွေကို သမီးတို့က ရောင်းပေးတာပေါ့နော်။ ရောင်းပေးတဲ့အထဲမှာ သမီးတို့က ကော်မရှင်နဲ့ရတယ်။ အဲ့ဒီရတဲ့အပေါ်ကိုတွက်ပြီး ဆုပေးတာပါ။

    သြော် … ဟုတ်ကဲ့။ အဲ့ဒါတွေက တချို့ကကျ သူတို့ကရွေးပေးတယ်။ တချို့ကကျ ရွေးခိုင်းတယ်။ ပြိုင်ပွဲအပေါ်မှာလည်း မူတည်တယ်။ တချို့ကကျ လာပြီးတော့ရွေးတယ်။ ရတီ ဒီပြိုင်ပွဲမှာ ပါရမယ်ပေါ့။ တချို့ကျတော့လည်း ပြိုင်ပွဲဝင်ချင်ဝင်၊ ၀င်မယ်ဆိုတော့မှ အင်တာဗျူးပြန် လုပ်တယ်။ အင်တာဗျူးအောင်ရင် ၀င်ရတယ်။

    3
    ကျောင်း Activities များတွင် ပါဝင်ဆောင်ရွက်စဉ်

     ညီမလေးရေ GCE O-Level အကြောင်း နည်းနည်းပြောပြပေးပါလား။

    GCE O Level ဆိုတာ Secondary School က (၄)နှစ်တက်ရပါတယ်။ အဲ့ဒါ Express အတွက်ပါ။ Normal Academic Stream ဆိုရင် (၅)နှစ် တက်ရတယ်။ Express မှာ (၄)နှစ်ပြီးတဲ့အခါ O-Level အတွက် Cambridge University ကနေ မေးခွန်းထုတ်တယ်။ ပြီးရင် စင်္ကာပူကို ပို့တယ်။ စင်္ကာပူရောက်ရင် စင်္ကာပူ ပညာရေးဌာန MOE က မေးခွန်းတွေကို  သူတို့လိုချင်သလို ပြောင်းတယ်။ နည်းနည်း ပိုပြီး ခက်ခဲအောင် ပြောင်းတယ်။ အဲ့ဒါပြီးရင် မေးခွန်းကို သမီးတို့က စာရွက်ပေါ်မှာပဲ ဖြေရတယ်။ Cambridge ကို သမီးတို့ ဖြေထားတာတွေ ပြန်ပို့တယ်။ အဲ့က စစ်ပြီးရင် သမီးတို့ဆီ အမှတ်စာရင်း ပြန်ပို့ပေးတယ်။

    အဲ့ဒါက အရေးကြီးတယ်။ အဲ့ဒီမှာ အောင်မြင်မှ Junior College သွားမလား၊ Polytechnics သွားမလား၊ ITE (The Institute of Technical Education) သွားမလား၊ MI (Millennia Institute) သွားမလား။ အဲ့ဒီ (၄)မျိုးထဲကနေ ကိုယ်မှီမယ့်ကျောင်းကို ရွေးရမယ်။

    Poly မှာဆိုလည်း Courses တွေက မတူဘူး။ အမျိုးအစားနဲ့ Point တွေက မတူဘူးပေါ့။ ပိုတော်လေ ကိုယ်လိုချင်တဲ့ Courses ကို ရလေပေါ့နော်။ အမှက်က (၇၀)ထက်ပိုရင် ဂုဏ်ထူး ရတယ်။ Points က နည်းလေပိုကောင်းလေပါပဲ။  Junior Colleges တက်နိုင်ဖို့တို့ Polytechnics ဒါမှမဟုတ် ITE (Institute of Technical Education) ရွေးချယ်ဖို့က Point နဲ့ ရည်မှန်းချက်အပေါ် မူတည်သွားတယ်။

    ဟုတ်ကဲ့။ GCE O-Level ဆိုတာ သမီးတို့ ဒီမှာတော့ (၁၂)တန်းအဆင့်ပေါ့။ မြန်မာနိုင်ငံအနေနဲ့ဆိုရင်တော့ (၁၀)တန်းဖြေသလို ပုံစံမျိုးပေါ့။

    Point က နည်းလေ ကောင်းလေဆိုတာ ဘယ်လိုပုံစံမျိုးကို ဆိုလိုတာလဲ ညီမလေး။ ရှင်းပြပေးပါဦး။

    သမီးတို့ရဲ့ Marking System က A1, A2, B3, B4, C5, C6, D7, E8, F9 လို့သတ်မှတ်ထားတယ်။ ဂုဏ်ထူးထွက်တယ်ဆိုတာ A1, A2 ရလို့ပါ။ ဂုဏ်ထူးထွက်တာမှာ အမှတ် (၇၀)ကနေ (၇၅)အထိဆိုရင် A1, (၇၅)မှတ်အထက်ဆိုရင် A2 ပေါ့နော်။ နောက် သမီးက ဂီတာမှာ ပါတယ်ဆိုရင် အမှတ်ပြန် ပေးတယ်။  နောက် Sports တွေမှာ ပါတာလည်းရှိတယ်။ အဲ့ဒီမှာပါလို့ သမီးရတဲ့အမှတ်က (၂)မှတ်ရတယ် ဆို ပေါင်းလိုက်ရင် ။ အဲ့လိုပေါ့။ အဲ့ဒါတွေပေါင်းလို့ ရတဲ့အမှတ်က နည်းလေကောင်းလေပေါ့။ အများဆုံးရနိုင်တာက (၂)မှတ်ပေါ့နော်။ သမီးတို့က (၆)ဘာသာကိုပဲ ယူရတယ်။ English က ယူကို ယူရတယ်။ Science တစ်ခုယူရတယ်။ နောက် Combined Humanities တစ်ခုယူရတယ်။ ပြီးရင် ကျန်တာက အကောင်းဆုံးဘာသာရပ်ကို ရွေးပေးတယ်။

    ကိုယ်ယူတဲ့ ဘာသာတွေထဲမှာ Higher Mother Tongue ဆိုတာရှိတယ်။ သူက (၂)မှတ်။ အဲ့ဒါကို A ရတယ်ဆိုရင် သူတို့က (၂)မှတ် ထပ်နှုတ်ပေးတယ်။ GCE O-Level မှာ အများဆုံးရနိုင်တဲ့ အမှတ်ပေါ့နော်။
    .
    ဒါဆို ညီမလေးတို့က စာမေးပွဲကို Cambridge  က မေးခွန်းကို ဖြေရတယ်ဆိုတော့ စာမေးပွဲ အောင်စာရင်းအတွက် ဘယ်လိုပုံစံထုတ်ပြန်ပေးလဲ။

    ဟုတ်။ သမီးတို့ဖြေထားတဲ့ အဖြေလွှာတွေကိုတော့ ပြန်ပို့မပေးဘူး။ သမီးတို့ရဲ့ အမှတ်တွေရယ် Grate တွေရယ်ကိုပဲ ပြန်ပို့ပေးတာ။ ဟုတ်ပါတယ်။ မြန်မာနိုင်ငံမှာလိုပဲ အောင်စာရင်းထွက်မယ့်နေ့ကို ကြေညာပါတယ်။ အောင်စာရင်းကတော့ ကိုယ်တက်တဲ့ကျောင်း မှာပဲ အောင်စာရင်းထုတ်တယ်။ မြန်မာနိုင်ငံမှာလိုတော့ စာရွက်နဲ့ ကပ်ပေးတာမဟုတ်ဘူး။ Announce လုပ်ပေးတာ။ အားလုံးကိုတော့ Announce လုပ်ပေးတာ မဟုတ်ပါဘူး။ ဖြေတာက ကျောင်းသား (၂၀၀)လောက်ရှိတာဆိုတော့ Top 10 ကိုပဲ Announce လုပ်ပေးတယ်။ Top 10 က Stage ပေါ်တက်ပြီး Certificate ကို တက်ယူရတာပေါ့နော်။ ကျန်တဲ့သူတွေအားလုံးကတော့ ကိုယ့်အတန်းပိုင်ဆီမှာ ကိုယ်သွားမေးရတာ။ သမီးတို့မှာ အတန်းပိုင်ဆရာမ နှစ်ယောက်ဆီရှိတယ်။ ဆရာမနှစ်ယောက်က Hall ထဲမှာ စားပွဲနဲ့ထိုင်နေတယ်။ ကိုယ့်နာမည်အစနဲ့ Index မှာ ကိုယ့်နံပါတ်ကိုယ် ကြည့်ပြီး Certificate ကို ဆရာမဆီမှာ ထုတ်ယူရုံပါပဲ။

    4
    အောင်စာရင်း Certificate

    .
    အစ်မ လေ့လာသိရသလောက် GCE O-Level ကိုဖြေတာ တစ်နှစ်မှာ ကျောင်းသား သုံးသောင်းကျော်ရှိတယ်လို့ သိရတယ်။ ဖြေတာ မအောင်တဲ့သူရောရှိလား၊ သူတို့ကျ ဘယ်လို ပြန်လုပ်ရသလဲ။

    မအောင်တဲ့သူ ရှိတာပေါ့။ သူတို့က တစ်နှစ် ပြန်နေရတယ်။ ဟုတ်ပါတယ်။ ခုနကလို Hall ထဲရောက်ပြီး ဆရာမဆီ အောင်စာရင်း သွားထုတ်မှ အောင်တယ် မအောင်ဘူး သိရတာပါ။
    .
    ညီမလေးက ထူးထူးချွန်ချွန်ကိုပဲ တစ်ကျောင်းလုံးမှာ (၇)ဘာသာစလုံး All D ရပြီး  Top 1 နဲ့
    အဆင့်မြင့်ဆုံး ဆိုတော့ အဲလို ထူးချွန်မှုရအောင် ဘယ်လို ကြိုးစားခဲ့လဲ။ ခုနကတော့ ညီမလေးက ပြောခဲ့တယ်။  ထူးချွန်စွာအောင်မြင်ဖို့ အဓိကအချက်က ဘာသာရပ်အားလုံးကို မျှတစွာလေ့လာပြီး စာတွေကို ပြီးစီးအောင် လုပ်တယ်။ Topic တစ်ခုကို တိကျသေချာလိုတဲ့အခါ တွေးတာမှားနေပြီဆိုရင် ဘယ်အချိန်ပဲဖြစ်ဖြစ် ဆရာတွေနဲ့ တွေ့ဆုံမေးမြန်းတယ်လို့ပြော တယ်လေ။ နောက်တခြားရော ဘယ်လိုပုံစံနဲ့ ကြိုးစားခဲ့သလဲ။

    အဲ့ဒါက သူငယ်ချင်း အပေါင်းအသင်းပေါ်မှာလည်း  မူတည်တယ်။ သမီးရခဲ့တဲ့အခန်းကလည်း အကောင်းဆုံးအခန်းဆိုတော့ သမီးရထားတဲ့သူငယ်ချင်းတွေကလည်း စာကျက်တဲ့သူတွေပေါ့နော်။ အဲ့ဒီတော့ တစ်ခုခု သိချင်ရင် မေးလို့ရတဲ့သူငယ်ချင်းတွေ၊ Discussion လုပ်လို့ရတဲ့ သူငယ်ချင်းတွေ ရှိတာပေါ့နော်။ အပြင်မှာပဲ ပျော်ပါးသွားလာနေတဲ့သူတွေမဟုတ်တော့ Group နဲ့ စာကျက်ကြတာလည်းများတယ်။ ကိုယ်တစ်ယောက်တည်း ကျက်တဲ့အချိန်တွေလည်းရှိပေမယ့် တစ်ယောက်တည်းကျ မကျက်ဖြစ်တဲ့အခါ သူငယ်ချင်းတွေနဲ့ ဆွေးနွေးတယ်။ အဲ့ဒါတွေကလည်း ကူညီမှုရတယ်။ သူမသိတာကိုယ့်မေး၊ ကိုယ်မသိတာ သူ့မေးနဲ့ Discussion ပုံစံမျိုးပေါ့။ နောက်ပြီးတော့ ဆရာ ဆရာမတွေကလည်း ကူညီတယ်။  သမီးတို့ မသိတာ ဘာမဆို သွားမေးလို့ရတယ်။ နောက် အိမ်ရောက်နေရင်လည်း WhatsApp နဲ့လည်း ဘယ်အချိန်ဖြစ်ဖြစ် မေးလို့ရတယ်။  အဲ့ဒါတွေကလည်း အကူအညီရတယ်။

    နောက်ပြီးတော့ သမီးတို့ဆီတာ 10 Years Series တွေရှိတယ်။ အဲ့ဒါကိုကျ သိပ်မလုပ်ကျဘူး။ အမှန်တော့ အဲ့ဒါက အရေးကြီးတယ်။ 10 Years Series ဆိုတာ O-Level ကို (၁၀)နှစ်စာ မေးခွန်းတွေပေါ့နော်။ အဲ့ဒါကို သမီးက မနှစ်က Set (3) တုန်းက တစ်ခါလုပ်တယ်။ Set (3) ရယ် Set (4) အစလောက်ရယ်က တစ်ခါ လုပ်တယ်။ ပြီးတော့ စာမေးပွဲတွေ လုံးဝ မစခင် တစ်လမှာ အဲ့ဒါတွေ ပြန်လုပ်တယ်။ အဲ့လို လုပ်ထားတဲ့အတွက် သူတို့မေးတဲ့ မေးခွန်းတွေကို ပိုပြီးတော့ Familiar ဖြစ်တာပေါ့။ ဒီတော့ သူတို့ ဘယ်လိုမေးလဲ ဘာလဲဆိုတာ ကိုယ်က နည်းနည်းသိနေတာပေါ့နော်။ ဘယ်လိုဖြေရမလဲဆိုတာ ကိုယ်သိနေတာကလည်း အထောက်အကူဖြစ်တယ်။

    ပြီးတော့ သမီးက ကျောင်းက သင်တာတွေအပြင် အပြင်က Ascension Book ဆိုတာရှိတယ်။ သမီးက အဲ့ဒါတွေလည်း နည်းနည်းပါးပါး ၀ယ်ပြီး လေ့ကျင့်တယ်။ နောက်ပြီး တခြား Secondary School တွေကနေ သူတို့ရဲ့ စာမေးပွဲအတွက် မေးနိုင်တဲ့ မေးခွန်းတွေ ရှိတယ်။ အဲ့ဒါတွေလည်း ၀ယ်လို့ရတော့ သမီး ၀ယ်ပြီး လေ့လာပါတယ်။ အဲ့ဒီလောက်ပါပဲ။

    ဟုတ်ကဲ့ Self Studies လုပ်ရတာ များပါတယ်။ ဟုတ်ပါတယ်။ မြန်မာနိုင်ငံမှာတုန်းက သင်ခဲ့ရတဲ့ ပုံစံနဲ့တော့ အတော်လေး ကွာပါတယ်။
    .
    ကျောင်းက ဘယ်လိုပုံစံတက်ရသလဲ။ တစ်နေကုန်လား။ စာတွေကို ဘယ်လိုပုံစံ ပြန်လုပ်သလဲ ညီမလေး။

    ကျောင်းကတော့ မနက် (၇း၂၀)နာရီမှာစတယ်။ ကျောင်းဆင်းချိန်က တစ်နေ့နဲ့တစ်နေ့မတူပါဘူး။ နေ့စဉ် Time Table ရတယ်။ သမီးတို့ယူထားတဲ့ Subject တွေပေါ်မှာ မူတည်တယ်။ သမီးတို့ Secondary မှာက တစ်ခန်းလုံးက တစ်ချိန်ဆိုတော့ တနင်္လာနေ့မှာ (၁)နာရီလောက် ပြီးချင်ပြီးမယ်၊ အင်္ဂါနေ့မှာ (၃)နာရီလောက် ပြီးချင်ပြီးမယ်။ Secondary School မှာ အနောက်ကျဆုံးက (၃)နာရီခွဲလောက်ပေါ့နော်။ အဲ့ဒါပြီးရင် သမီးတို့က CCA (Co-Curricular Activities) ဆိုတာရှိတယ်။ CCA က သမီးယူထားပေါ့။ အဲ့လိုမျိုးရှိတဲ့နေ့ဆို ကျောင်းက နည်းနည်းစောပြီးတယ်။ (၁၁)နာရီခွဲ (၁၂)နာရီဆိုပြီးတယ်။ အဲ့ဒီလောက်ကနေ ညနေ (၅)နာရီခွဲ (၆)နာရီလောက်ထိ CCA ကို သွားရတယ်။ ပြိုင်ပွဲရှိရင်တော့ ပိုပြီးနောက်ကျတတ်တယ်။

    စာလုပ်တာကတော့ စာကို အမြဲတမ်းကြေညက်အောင် နေ့တိုင်းနီးပါး ပြန်လေ့ကျင့်ပါတယ်။
    .
    ညီမလေးက အခု GCE O-Leval မှာ ထူးထူးချွန်ချွန် အောင်မြင်ခဲ့ပြီးပြီဆိုတော့ အခုရော ဆက်ပြီး ပညာသင်ဖို့ ဘယ်လို ရွေးချယ်ခဲ့ပြီလဲ။

    အခုတော့ Nanyang Junior College နဲ့ Saint Andrews´ Junior College ကိုလျှောက်ထားတယ်။ အခုလ (၂၈) ရက်နေ့မှ သိရပါမယ်။
    .
    ဘာကြောင့် အဲ့ဒီ နှစ်ကျောင်းကို လျှောက်ထားတယ်ဆိုတော့ အဲ့ဒီ နှစ်ကျောင်းက ဘယ်လို ကွာခြားချက်ရှိလို့လဲ။ အခုတက်မယ့် ကျောင်းရဲ့ ပညာရေးအခြေအနေက ဘယ်လိုရှိလဲ။

    Nanyang က Carryout Point ဆိုတဲ့ ၀င်ခွင့်ပေးတဲ့ Point က (၇)မှတ် သတ်မှတ်ထားတယ်။ အဲ့ဒီထက် နည်းရင် တက်လို့မရဘူး။ (၇)မှတ်ဆိုတော့ သမီးနဲ့ အံကိုက်ပဲပေါ့နော်။
    Saint Andrews´ ကကျ (၉)မှတ်။ တကယ်လို့ Saint Andrews´ ကို သမီးက ပထမ choice နေရာမှာ ထည့်မယ်ဆိုရင် ၀င်ခွင့်ရတာ သေချာတယ်။ အဲ့ဒီကျောင်းတွေမှာ တက်နေတဲ့သူတချို့နဲ့လည်း သမီး သိနေတော့ သမီးရဲ့အမှတ်နဲ့ဆု Nanyang က ပိုပြီး အံဝင်မယ်၊ Nanyang က စာနည်းနည်း ပိုကြိုစားရတယ်။

    သမီးတို့က အခု Junior College (၂)နှစ်တက်ပြီးရင် GCE A-Level ကို ဖြေရဦးမှာ။ Nanyang က ဒီ A-Level အောင်တဲ့ ရာခိုင်နှုန်း ပိုများတယ်။ ပြီးတော့ အဲ့ဒီကျောင်းက မနက် (၈)နာရီခွဲမှ စတယ်ဆိုတော့ သမီးအတွက် ကျောင်းသွားဖို့အချိန်ပိုရတယ်။ ကျောင်းက အိမ်ကနေ တစ်နာရီလောက် သွားရတယ်။ ဟိုကျောင်းက (၇)နာရီခွဲစတယ်ဆိုတော့ Nanyang က သမီးအတွက် ပိုအဆင်ပြေတယ်ပေါ့နော်။
    .
    ညီမလေးရဲ့ မျှော်မှန်းချက်ကို ပြောပြပေးပါဦး။

    သမီးမှာ အရင်တုန်းကတော့ ရည်မှန်းတာတွေ အများကြီးရှိခဲ့ဖူးတယ်။ ဟိုဟာဖြစ်ရင် ကောင်းမလား၊ ဒီမှာဖြစ်ရင် ကောင်းမလား၊ ပေါက်ကရတွေလည်း ရှိခဲ့တယ်။ မော်ဒယ်လ်ဖြစ်ရင် ကောင်းမလားဆိုတာမျိုးထိပေါ့။ Secondary 2 တုန်းက Physics ယူမလား၊ ပထ၀ီယူမလား၊ Bio ယူမလားဆိုပြီး ဘာသာတွဲတွေ ရွေးရတယ်။ အဲ့ဒီအချိန်တုန်းက ဆရာဝန်ဖြစ်ချင်ခဲ့တယ်။ ဒါနဲ့ Bio ယူလိုက်မယ်ပေါ့နော်။ ဒါပေမယ့် တကယ်လည်း Biology သင်ပြီးတဲ့အခါ စိတ်ဝင်စားဖို့ ကောင်းပေမယ့် စာကျက်ရတာ ခက်တယ်။ အဲ့လို သွေးတွေဘာတွေက သမီးနဲ့လည်း သိပ်အဆင်မပြေဘူးပေါ့နော်။ ဒါနဲ့ ကိုယ်နဲ့မဖြစ်လောက်ဘူးလို့ဆိုပြီး လျှော့လိုက်တယ်။ သမီးက Chemistry ရယ် Science ရယ်ဘက်ကို ၀ါသနာပါတယ်ဆိုတော့ အခု လောလောဆယ်တော့ Biomedical Science ကို စိတ်ဝင်စားပြီး စဉ်းစားထားပါတယ်။ အဲ့ဒါက Bio နဲ့ Chemical ကိုပေါင်းထားပြီး လူနာတွေကို ကူညီဖို့ တီထွင်တာဆိုတော့ စိတ်ဝင်စားတယ်။ Biomedical Engineering ပေါ့။ အဲ့ဒါ ယူဖြစ်မလား မသေချာသေးဘူးပေါ့နော်။ .

    မြန်မာကနေ ဒီမှာ ကျောင်းလာတက်တဲ့တချို့သူတွေရဲ့ စိတ်ထဲမှာ ငါတို့က မြန်မာမို့ ဘယ်လို ခံစားရတယ်ဆိုတဲ့စိတ်မျိုးလေးတွေ ရှိတတ်ကြတယ်လေ။ အဲ့လိုတွေ ရှိတတ်ကြတဲ့အထဲမှာ အခုလို ညီမလေးက ထူးထူးချွန်ချွန် အောင်မြင်သွားတော့ ညီမလေးရဲ့ ခံစားချက်ကရော ဘယ်လိုရှိလဲ။ ညီမလေးက ထူးချွန်စွာအောင်မြင်ခဲ့လို့ အခုဆို ညီမလေးရဲ့ နာမည်ကို ကျောင်းမှာ ရာသက်ပန်ခ ချိတ်ထားမယ်ဆိုတော့ မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ညီမလေးရဲ့ ခံစားချက်လေးကိုလည်း ပြောပြပေးပါဦး။
    သမီးလည်း စလာတုန်းကတော့ အဲ့လို ခံစားချက် နည်းနည်းပါးပါးတော့ ရှိခဲ့တာပေါ့နော်။ သမီးက (၅)တန်းမှာ စတက်တယ်။ သူများတွေက (၁)တန်းကတည်းက တက်နေကြတာဆိုတော့ သူငယ်ချင်းမရှိ ဘာမရှိ အဲ့လိုမျိုးတွေ ရှိခဲ့တယ်။ ပြီးတော့ အင်္ဂလိပ်စကားလည်း သိပ်မပြောတတ်ဘူးဆိုတော့လေ။ အဲ့ဒီ ဖီလင်လ်ကတော့ စလာတဲ့အချိန်မှာ ရှိကို ရှိတတ်ကြပါတယ်။

    ဒါပေမယ့် အဲ့ဒီနှစ်မှာပဲ သမီး သူငယ်ချင်းတစ်ယောက်ရတယ်။ သူကလည်း မွန်ဂိုးလီးယားကနေ တစ်ယောက်တည်း လာရတာဆိုတော့ သူနဲ့သမီး သူငယ်ချင်းဖြစ်သွားတယ်။ သူနဲ့သမီး စာအတူကျက်တယ်ဆိုတော့ ဆရာမတွေလည်း သတိထားမိတယ်။ ပြီးတော့ သမီးတွေ့ခဲ့ဖူးသမျှ ဒီက ဆရာ ဆရာမတွေတော်တော်များများက ကျောင်းသားအားလုံးကို Equal ပဲ ကြည့်တယ်။ ဘယ်သူပဲဖြစ်ဖြစ် ဘာလူမျိုးပဲဖြစ်ဖြစ် အကူအညီလိုတယ်ဆိုရင် အချိန်မရွေး လာမေးပေါ့နော်။

    ငယ်ရင်တော့ သူငယ်ချင်းမရှိသေးရင် တစ်မျိုးခံစားရတာပေါ့။ ဒါပေမယ့် (၁)နှစ် (၂)နှစ်လောက်နေပြီးရင် အဲ့လိုစိတ်တွေက အများစု မရှိတော့ပါဘူး။ နေတတ်ရင် အားလုံးနဲ့ အဆင်ပြေသွားတာပါပဲ။ သမီးသူငယ်ချင်းတွေ မြန်မာပြည်က လာတာတွေလည်းရှိတယ်။ China က လာတာတွေလည်းရှိတယ်။ သူတို့လည်း အဆင်ပြေသွားတာပါပဲ။ အနှိမ်ခံရတယ် ဘာညာကတော့ Student Life မှာ သိပ်မရှိပါဘူး။ စိတ်ပူစရာလည်း မဟုတ်ပါဘူး။

    ကျောင်းမှာ သမီးနာမည်ကို ရာသက်ပန်ချိတ်ထားမယ်ဆိုတော့ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ သမီး ဂုဏ်ယူတယ်၊ အရမ်းလည်း ၀မ်းသာမိပါတယ်။ မြန်မာနိုင်ငံသားတွေက မြန်မာတစ်ယောက် အခုလို ရတယ်ဆိုတာ သိတော့ ၀ိုင်းပြီးဂုဏ်ယူကြလို့လည်း သမီးဂုဏ်ယူပါတယ်။ ဟုတ် ၀မ်းသာတယ်ပေါ့နော် ဟုတ်ကဲ့။
    .
    အခုလို O-Level မှာ ဘာသာစုံဂုဏ်ထူးတာဟာ မြန်မာပြည်ကနေဆို ညီမလေးက ပထမဆုံးဖြစ်မလားပဲ။

    အဲ့လိုတော့ သမီးမသိဘူး။ တစ်ခြား ကျောင်းကောင်းတွေလည်းရှိသေးတယ်။ အဲ့ဒီကျောင်းတွေမှာ သမီးနဲ့အမှတ်တူရတဲ့သူတွေ ရှိနေပေမယ့် သူတို့ထက် အမှတ်များတဲ့သူရှိရင် သမီးနဲ့အမှတ်တူသူက Top တော့ မဖြစ်ဘူး။ သမီးက ပထမဆုံးလားတော့ သမီး မသေချာဘူး။ သမီးလို တော်တဲ့သူတွေ အများကြီးရှိမှာပါ။

    ဟုတ်။ သမီးတို့ကျောင်းက သမီးတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ ဒီက နောက်တစ်ယောက်လည်း ရှိပါတယ်။ သူကလည်း ဘာသာစုံဂုဏ်ထူးထွက်တယ်။ ခုနက သမီးပြောသလို သမီးတို့မှာ A1, A2 ရှိတယ် မို့လား။ သူက သမီးထက် A2 ပိုများတယ်။ A2 ပိုများတဲ့အတွက် အမှတ်ကတော့ သမီးထက် နည်းနည်း ပိုနိမ့်တယ်ပေါ့နော်။ ဒါပေမယ့် ဂုဏ်ထူးကတော့ သူနဲ့အတူတူပါပဲ။
    .
    မြန်မာမိန်းကလေးငယ်တစ်ယောက်အနေနဲ့ တခြားသော မြန်မာမိန်းကလေးငယ်တွေကိုရော ဘယ်လိုစကား လက်ဆောင်ပါးချင်ပါလဲ။

    အခုဆို ညီမလေးကို အားကျနေမယ့် မောင်လေး ညီမလေးတွေလည်း ရှိမယ်။ သူတို့သားသမီးကို ညီမလေးကို ဖြစ်စေချင်လိုက်တာဆိုတဲ့ မိဘတွေလည်းရှိမယ်လေ။ ဒီတော့ မောင်ငယ် ညီမငယ်လေးတွေကိုရော ပညာရေးနဲ့ပတ်သက်ပြီး ဘယ်လို အကြံဥာဏ်ပေးချင်သလဲ။
    ဘာပြောချင်လဲဆိုတော့ … ကြိုးစားပေါ့နော်။ ကိုယ်လိုချင်တဲ့ ရည်မှန်းချက် တစ်ခုရှိတယ်ဆိုရင် အဲ့ဒီကိုရောက်ဖို့အတွက် ဘယ်လိုနည်းလမ်းနဲ့မဆို ကြိုးစားပေါ့နော်။ Destruction ဘက်ကို သိပ်ပြီး အားမရောက်စေနဲ့ပေါ့နော်။ သမီးတို့က ဒီအတန်းတွေမှာ လူငယ်တွေဆိုတော့လေ Destruction တွေ အများကြီးရှိတယ်။ ကျောင်းမှာလည်းရှိတယ်၊ အပြင်မှာလည်းရှိတယ်။ ဒါပေမယ့် ကိုယ်က ကိုယ်လိုချင်တဲ့ အရာဆီမရောက်သရွေ့ ကြိုးစားရမယ်ပေါ့နော်။ ပျော်ရွှင်မှုကိုလည်းလုပ်ပြီး ကိုယ်ကြိုစားသင့်သလောက်လည်း ကြိုးစားပေါ့နော်။

    ညီမငယ်လေးတွေကို ဘာပြောချင်သလဲဆိုတော့ …. မြန်မာပြည်မှာဆို နည်းလမ်းရွေးဖို့က သိပ်မရှိကြဘူးလေ။ ဒေါက်တာလုပ်မလား၊ ဟိုဟာလုပ်မလား၊ ဒီဟာလုပ်မလား ဆိုပြီးတော့ပဲ ရှိတယ်ပေါ့နော်။ ဒါပေမယ့် ဒီမှာရောက်ရင် အဲ့ဒါ ကောင်းတာက ကိုယ်တိုင် ရွေးချယ်စရာတွေက အများကြီးပေါ့။ ရွေးချယ်စရာတွေကို သေချာစဉ်းစားရွေးချယ်ပေါ့နော်။ ပြီးတော့ နိုင်ငံခြားမှာ သွားပြီးတော့ ကျောင်းတက်ရတယ်ဆိုတာ လွယ်ကူတဲ့ကိစ္စရပ် မဟုတ်ဘူးလေ။ တစ်လတစ်လကို School Fees ကလည်းများတယ်။ မိဘက ထောက်ပံ့ရတာလည်း မနည်းဘူးလေ။ ဒီတော့ အဲ့ဒါကို အလကား ဆုံးရှုံးသွားရသလိုမျိုး မဖြစ်စေချင်ဘူးပေါ့။ အဓိကက ကုန်ကျတာနဲ့ တန်အောင် ကြိုးစားရမှာပေါ့နော်။ သြော် နိုင်ငံခြားကိုရောက်သွားပြီပဲ သူတို့ဘ၀က ကောင်းသွားပြီပဲ ဆိုတာမျိုး မဟုတ်ပဲ ကိုယ်က သူများတွေထက် ပိုအောင် ကြိုးစားရမယ်။ ဒီက လူတွေက ဒီမှာမွေးပြီး ကျောင်းလခလည်း အများကြီးမပေးရဘူး။ ကိုယ်တွေက အများကြီးပေးရတယ်၊ နောက်ပြီး သူတို့အတွက်က ဒီလိုကျောင်းတွေကို တက်ဖို့လွယ်တယ်။ သမီးတို့တွေ အတွက်က ဒီလို တက်နိုင်ဖို့မဆိုတာ မလွယ်ဘူး။ ဒါကြောင့် သူတို့တွေထက် ပိုပြီးတော့တောင် ကြိုးစားရမယ်။ ကြိုးစားပြီး သူတို့နဲ့ ယှဉ်နိုင်အောင် သူတို့ထက် ပိုတော်အောင် ကြိုးစားရမယ်။ အဲ့လို အခါကျ နောက် ကိုယ် အလုပ်လုပ်တဲ့အခါကျ ကိုယ့်ရဲ့ ပတ်စ်ပို့စ်ကို မကြည့်တော့ဘဲ ကိုယ့်ထူးချွန်မှုကိုပဲ ကြည့်တော့တယ်။ ဒါကြောင့် အဲ့လို အောင်မြင်ဖို့ အတွက်၊ ကိုယ့်ရည်မှန်းချက် ရောက်ဖို့အတွက် ကြိုးစားစေချင်ပါတယ်လို့။

    ဒီစင်္ကာပူမှာက Competitive က အရမ်းများတယ်။ ဒီတော့ ငါက သူများတွေထက်သာအောင် Top ဖြစ်ရမယ် ဘာညာဆိုတဲ့ အတွေးစိတ်ကြီး တအားမ၀င်ပဲ ကိုယ်ရသလောက် ကိုယ့်ဘက်က အကောင်းဆုံးဖြစ်အောင် အစွမ်းကုန် ကြိုးစားဖို့လိုပါတယ်။ သမီးလည်း အခုလိုရမယ်လို့ တစ်ခါမှ မစဉ်းစားဖူးဘူး။ All D ထွက်ရမယ်လို့လည်း ရည်မှန်းချက်ထားထားတာ မဟုတ်ဘူးပေါ့နော်။ အဲ့လိုမျိုး ထားရင် ပိုပြီးတော့ မလိုအပ်တဲ့ Pressure တွေများတယ်ပေါ့။ ဒါကြောင့် ကိုယ်တိုင် ထိပ်ဆုံးမရောက်ရင်တောင် အကောင်းဆုံးအတွက် ကြိုးစားအားထုတ်နေဖို့လိုပါတယ်။
    .
    ညီမလေးက အခုဒီမှာ ကျောင်းလာတက်တယ်။ Student Pass နဲ့ တက်နေတယ်။ ဒီတော့ ညီမလေး အနေနဲ့ တစ်ချိန်ချိန်မှာ မြန်မာနိုင်ငံကို ဘယ်လိုပုံစံနဲ့ အထောက်အကူဖြစ်အောင် လုပ်မယ်ဆိုတာမျိုး စိတ်ကူးမိတာမျိုးရှိလား။

    တွေးမိတယ်။ အရင်တုန်းက … သမီး ဆရာဝန်ဖြစ်ချင်တုန်းကပေါ့နော်။ မြန်မာပြည်မှာ ဆေးရုံထောင်ချင်တယ်။ သိပ်မတတ်နိုင်တဲ့သူတွေကို ကူညီချင်တယ်ဆိုတာမျိုးရှိတယ်။ အခုကျတော့ အဲ့လို ဆရာဝန်ဖြစ်ဖို့ မရှိဘူးဆိုတော့ သမီးပိုပြီး တော်မယ်ဆိုရင် ဘာသာ စကားတွေကို နည်းနည်းပိုသင်မယ်။ ပြီးရင် မြန်မာပြည်ကနေပြီးတော့ Ambassador လုပ်ဖို့လည်း စဉ်းစားထားတယ်။ နောက် ဘယ်လို ကူညီပေးမလဲဆိုတာ အခုလောလောဆယ် ဘယ်လိုကူညီရမလဲဆိုတာ မသိသေးဘူး။ သမီးကျောင်းပြီးလို့ ဘွဲ့ရပြီဆိုတဲ့အခါမှ မြန်မာပြည်က အခြေအနေကိုကြည့်ပြီး သမီး ကူညီနိုင်သလောက် ကူညီမှာပါ။ သမီး အဖေကလည်း မြန်မာပြည်ကို သိပ်ချစ်တယ်။ ဒီတော့ သမီးက မြန်မာပြည်ကို ဆက်သွယ်ပြီး တစ်ခုခုတော့ ဖြစ်အောင် လုပ်မှာပါ။
    .
    ညီမလေး (၁၈)နှစ်ပြည့် မွေးနေ့တုန်းက ညီမလေးရဲ့ မေမေက ဆုတောင်းပေးတာလေး အစ်မ ဖတ်လိုက်ရတယ်။ GCD O-Level ကို ထူးထူးချွန်ချွန်အောင်မြင်ပါစေတဲ့။ အခု ညီမလေးက ထူးထူးချွန်ချွန်အောင်မြင်တော့ မေမေ့ဆုတောင်းလေးလည်း ပြည့်တယ်။ ညီမလေးရဲ့ ကြိုးစားအားထုတ်မှုလည်း ပါတယ်ပေါ့နော်။ အဲ့ဒီအပေါ် ညီမလေး ဘယ်လို ခံစားရလဲ။

    ဟုတ်။ မေမေ့ရဲ့ ဆုတောင်းလည်းပါတာပေါ့။ အများရဲ့ ဆုတောင်းတွေလည်း ပါတာပေါ့နော်။ ၀မ်းသာပါတယ်။
    .
    အစ်မက အများကြီး မေးပြီးသွားပြီဆိုတော့ တစ်ခြား ထပ်မေးဖို့တော့ မရှိတော့ဘူး။ ညီမလေး အနေနဲ့ရော ဘာများ ထပ်ဖြည့် ပြောချင်တာရှိလဲ။

    စင်္ကာပူမှာ ကျောင်းလာတက်ချင်တယ်၊ ဒါမှမဟုတ် ကျောင်းလာတက်ရင်း တစ်ခုခု အခက်အခဲရှိတယ်ဆိုရင် သမီးကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်။ အကြံဥာဏ်လိုအပ်တယ်ဆိုရင်လည်း သမီးတတ်နိုင်သလောက် ကူညီမှာပါ။ မိဘတွေအနေနဲ့လည်း သမီးကို ခေါ်လို့ရပါတယ်။ သမီးလည်း ဒီကိုလာတုန်းက အဲ့လိုပဲ မြန်မာတစ်ချို့ကို ကျောင်းနဲ့ ပတ်သက်တာတွေ မေး ရတယ်၊ ကျောင်းဝင်ခွင့်ရဖို့ ဘယ်လို လုပ်ရမလဲ၊ ၀င်ခွင့်ရရင် ဘယ်လိုဘာသာရပ်တွေ ရွေးချယ်သင့်လဲ ဆိုတာကိုပေါ့။ သမီးကိုလည်း ကြိုက်တာ မေးလို့ရပါတယ်။   နောက်ပြီး ဆရာဦးကျော်ညွန့် (G.T.I)ကလည်း စာသင်ပေးတယ်ဆိုတော့ ဆရာ့ဆီကိုလည်း ဆက်သွယ်လို့ရပါတယ်။

    2
    အောင်စာရင်း ကြေညာသည့်အချိန် အံ့သြ၀မ်းသာနေသည့် ညီမငယ် ယွန်းရတီနိုင်

    .
    အခုလို ဖြေပေးတာအတွက် ကျေးဇူးအများကြီးတင်ပါတယ် ညီမလေး။

    အခုလို မေးတဲ့အတွက် သမီးလည်း ကျေးဇူးအများကြီးတင်ပါတယ်။ သမီးရဲ့ အဖေနဲ့အမေကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်ပြီး သမီးဒီကို စရောက်တော့ စာသင်ပေးခဲ့တဲ့ ဆရာဦးကျော်ညွန့် (G.T.I)ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။

     ညီမငယ် ယွန်းရတီရဲ့ အောင်မြင်မှုအပေါ် မိခင်တစ်ယောက်အနေနဲ့ ခံစားချက်ကို မိခင်ဖြစ်သူ ဒေါ်သီတာကျော်က အခုလို ပြောပါတယ်။

    အစ်​မက သမီးကိုငယ်​ငယ်​ကတည်းက စာနဲ့ပတ်​သက်​ပြီး ဖိအားမ​ပေးခဲ့ဘူး၊ ဒါ​ပေမယ့်​ သမီးကို အမြဲတမ်း​ပြောဖြစ်​ခဲ့တာက​တော့ သမီးဟာ တစ်ဦးတည်း​သောသမီးဖြစ်​လို့ ကိုယ်​​ခြေ​ထောက်​​ပေါ်ကိုယ်​ရပ်​တည်​နိုင်​​အောင်​ကြိုးစားရမယ်​။ မှီခိုသူမဖြစ်​​စေချင်​ဘူး။

    အစ်မ စင်​ကာပူမှာ ရှိ​နေကတည်းက သူ့ကို ခဏခဏ​ပြောဘူးတာက သမီးကို အ​မေက အရမ်းထူးခွန်တဲ့ ပညာတတ်​ တစ်​ယောက်​ဖြစ်ပြီး နိုင်​ငံတကာနဲ့ ဆက်​ဆံရတဲ့ UN လို​နေရာမျိုးမှာလုပ်​​စေချင်​တယ်​။
    အဲလို​တော့​ပြော ဘူးတယ်။ ကိုယ့်​ တိုင်းပြည် အများ​ကောင်းကျိုးအတွက်​ လုပ်​တဲ့အလုပ်​မျိုး​ပေါ့။ ဒီ​လောက်​ပါပဲ။

    သမီး ဆုရလိမ့်​မယ်​လို့ လုံးဝမ​မျှော်​လင့်​ထားဘူး။ ကိုယ်​အနားမှာမရှိတာမို့ JC ရဖို့ပဲ ​မျှော်​လင့်​ခဲ့တာပါ။

    အခုလို​ အောင်​မြင်​သွားတာမြင်​ရ​တော့ အရမ်းဝမ်းသာပြီး အဲဒီ​နေ့ညက တစ်ညလုံး အိပ်​လို့မ​ပျော်​ပဲ ငို​နေမိတယ်။ မြန်​မာ​တွေအားလုံး ဂုဏ်​ပြုစကား​ပြောကြတဲ့အတွက်​ ပိုပြီးပီတိ ဖြစ်​မိပါတယ်​။

    * * * * * * * * * * * * * * * * * * * *
    * * * စင်္ကာနိုင်ငံ GCE O-Level က ထူးချွန် မြန်မာကျောင်းသူလေးကို ဆက်သွယ်မေးမြန်းရာမှာ ဖြေကြားပေးတဲ့ ညီမငယ်လေး ယွန်းရတီနိုင်ကို ကျေးဇူးအများကြီး တင်သလို မေးမြန်းဖို့ ခွင့်ပြုပေးခဲ့တဲ့ ယွန်းရတီရဲ့ မိဘနှစ်ဦးကို ကျေးဇူးအထူးတင်ရှိပါတယ်။
    ညီမလေး ယွန်းရတီကို ဆက်သွယ်မေးမြန်းရာမှာ ကူညီပေးခဲ့ကြသူများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း … ။

    ဆက်စပ်သတင်း ဖတ်ရန်

    စင်ကာပူကျောင်းမှာ မြန်မာကျောင်းသူ GCE O-Level ကို ဘာသာစုံ ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်

  • မဝေဝေနုရဲ့ မတရားမှုများ အဆုံးသတ်ရေး နှင့်  ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး အိပ်မက်

    မဝေဝေနုရဲ့ မတရားမှုများ အဆုံးသတ်ရေး နှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး အိပ်မက်

    စက်တင်ဘာ ၃၊ ၂၀၁၄
    M-Media
    -လေးမောင် ဘာသာပြန်သည်။
    Rohingya activist and lawyer Wai Wai Nu, a former political prisoner, poses at her office in Yangon
    – အသက် ၂၇ နှစ်အရွယ်ရှိ ဝေေ၀နုမှာ သွေးသားထဲတွင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားရေးဝါဒ စီးဝင်နေသော လူငယ်တစ်ဦးဖြစ်ပြီး၊ လူငယ်ဘ၀၏ လေးပုံတစ်ပုံကို သံတိုင်များနောက်ကွယ်တွင် ကုန်ဆုံးခဲ့ရသူဖြစ်၏။

    သူမမှာ ယခင်က နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်ပြီး ယခုတွင်မူ သူမ၏ လူမျိုးများဖြစ်သည့် မြန်မာနိုင်ငံအနောက်ပိုင်းမှ ရိုဟင်ဂျာလူမျိုးများ ရင်ဆိုင်နေရသော ညှင်းပန်းနှိပ်စက်မှုများ အဆုံးသတ်ရေး အတွက် ဆောင်ရွက်နေလေသည်။

    သူမနှင့်သူမ၏ မိသားစု ခံစားခဲ့ရသည့် မတရားမှုများက ရခိုင်ပြည်နယ်တွင် အဓိကနေထိုင်ပြီိး လူဦးရေ ၁.၃၃ သန်းရှိသည့် လူနည်းစု ရိုဟင်ဂျာများကို ရည်ရွယ်ပြုလုပ်သော မတရားစော်ကားမှုများထဲမှ ဥပမာတစ်ခုသာ ဖြစ်၏။ မြန်မာနိုင်ငံတွင် မျိုးဆက်ပေါင်းများစွာ နေထိုင်ခဲ့သော်လည်း ၎င်းတို့ အများစုမှာ နိုင်ငံသားဖြစ်ခွင့်ကို ငြင်းပယ်ခြင်းခံထားရသည်။

    ဝေေ၀နုမှာ မြန်မာနိုင်ငံရှိ ဘာသာရေးဆိုင်ရာ သည်းမခံနိုင်မှု၊ လူမျိုးရေး တိုက်ခိုက်မှုများနှင့် ပတ်သက်၍  ဆွေးနွေးမှုများအပေါ် လွှမ်းမိုးသော အစွန်းရောက်အမြင်များအား တန်ပြန် တော်လှန်ရေး ပွင့်လင်း ရဲရင့်စွာ ဆောင်ရွက်နေသူများထဲမှ တစ်ဦးဖြစ်လေသည်။

    ရိုဟင်ဂျာများအကြောင်း ဆွေးနွေးလျှင်ဖြစ်စေ၊ အမျိုးသမီးများ မိမိတို့၏ ရွေးချယ်မှုအတိုင်း လက်ထပ်ခွင့်အကြောင်း ဆွေးနွေးလျှင်ဖြစ်စေ သွေးကြွနေသည့် ဘုန်းကြီးများနှင့် အမျိုးသားရေးဝါဒီများက ဗုဒ္ဓဘာသာ-မွတ်စလင် တင်းမာမှုကို အောင်မြင်စွာ မီးထိုးပေးခဲ့၏။

    “အခုဆိုရင် ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေဟာ အချင်းချင်း ပိုမိုကြောက်ရွံ့မှုတွေ အပြန်အလှန်ရှိနေကြပါတယ်။ လူတိုင်းက မလုံခြုံဘူးလို့ ခံစားနေရတာပါ” ဟု ဝေေ၀နုက ရန်ကုန်မြို့ရှိ သူမ၏ရုံးခန်းတွင် Thomson Reuters Foundation သို့ ပြောကြားခဲ့လေသည်။

    “လူအဖွဲ့အစည်းတွေ အကြား ဆက်သွယ်မှု၊ ယုံကြည်မှု ဒါမှမဟုတ် ပေါင်းသင်းဆက်ဆံမှုတွေဟာ အခုအချိန်မှာ နည်းနည်းပဲ ရှိပါတော့တယ်။ ဒါ့ကြောင့် မသမာသူတွေက ပဋိပက္ခတွေ၊ အမုန်းတွေဖြစ်လာအောင် လှုံ့ဆော်ပေးဖို့ လွယ်ကူပါတယ်”

    ဝေေ၀နု၏ ရည်ရွယ်ချက်များမှာ မြန်မာနိုင်ငံအတွင်းရှိ မတူညီသော လူအုပ်စုများအကြား အထူးသဖြင့် သူမ၏ မွေးရပ်မြေဖြစ်သော ရခိုင်ပြည်နယ်တွင် တာရှည်ခံမည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနှင့် မတရားမှုများ အဆုံးသတ်နိုင်ရေး ဆောင်ရွက်ရန်ပင်ဖြစ်၏။

    “ရခိုင်ပြည်နယ်ဟာ ဘာသာလူမျိုးမခွဲခြားပဲ လူတိုင်းအတွက် မျှတမှုရှိပြီး တိုးတက်ဖွံ့ဖြိုးကာ ကြွယ်ဝချမ်းသာတဲ့ ပြည်နယ်တစ်ခု ကျွန်မတို့ဖြစ်ချင်ပါတယ်” ဟု သူမ၏ ဆန္ဒကကို ဝေေ၀နုက ဖွင့်ဟခဲ့သည်။

    သူမတည်ထောင်ထားသည့် Women Peace Network Arakan (ရခိုင် အမျိုးသမီး ငြိမ်းချမ်းရေး ကွန်ယက်) မှာ လူ့အဖွဲ့အစည်းများအကြား ပိုမိုကောင်းမွန်သော နားလည်မှုမျိုး ဖြစ်ထွန်းလာစေရေး အတွက် လေ့ကျင့်သင်ကြားပေးမှုများကို ပြုလုပ်နေသည်။ ထို့ပြင် ခွဲခြားမှု ပုံစံမျိုးစုံကို ခံစားနေရသည့် ရိုဟင်ဂျာအမျိုးသမီးများ၏ အခွင့်အရေးအတွက် ပညာပေးမှုများ ပြုလုပ်နေသည့် အနည်းငယ်သောသူများတွင် ဝေေ၀နုလည်း အပါဝင်ဖြစ်လေသည်။

    1472354_388091024655325_406913226_n
    ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာ ဗီဂျေး နမ်ဘီးယား (Vijay Nambia) နှင့် မဝေဝေနု ၊ သူမ ဖခင် ဦးကျော်မင်း (Photo- Wai Wai Nu FB)

    ရွေးကောက်ပွဲမှ အကျဉ်းထောင်အတွင်းသို့

    ၂၀၀၅ ခုနှစ် အဖမ်းခံရစဉ်က ဝေေ၀မှာ အသက် ၁၈ နှစ်သာရှိသေးပြီး ဥပဒေပညာကို ဆည်းပူးနေသူ တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်၏။ သူမ၏ ပြစ်မှုက ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် လွှတ်တော် အမတ်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည့် ရိုဟင်ဂျာအမျိုးသား ဦးကျော်မင်း၏သမီး ဖြစ်နေသောကြောင့်ပင်။ ထိုရွေးကောက်ပွဲ ရလဒ်အား မြန်မာစစ် အာဏာရှင်များက အသိအမှတ်မပြုခဲ့ကြ။

    ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်မှ ပြည်နယ် ပညာရေးအရာရှိဖြစ်သည့် ဦးကျော်မင်းမှာ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဦးဆာင်သည့် ၁၉၉၀ ရွေးကောက်ပွဲတွင် ရွေးချယ်ခြင်းခံခဲ့ရသော လွှတ်တော်အမတ်များ ပါဝင်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီမှ အဖွဲ့ဝင်လည်းဖြစ်၏။

    အာဏာပိုင်များ၏ ထပ်တလဲလဲ အနှောက်အယှက်ပေးမှုကို ခံခဲ့ရပြီးနောက် ဦးကျော်မင်းတို့ မိသားစုမှာ ၁၉၉၀ ပြည့်နှစ်များတွင် ရန်ကုန်မြို့သို့ ပြောင်းရွှေ့လာ ခဲ့လေသည်။

    ၁၀ စုနှစ်တစ်ခုကျော်ကြာပြီးနောက် ဦးကျော်မင်းတို့ မိသားစုတစ်ခုလုံးမှာ ထိန်းသိမ်းခံခဲ့ရ၏။ ပထမဆုံး ဦးကျော်မင်းဟာ  နိုင်ငံတော်လုံခြုံရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဥပဒများဖြင့် တရားစွဲဆိုခြင်း ခံခဲ့ရလေသည်။ ဦးကျော်မင်း ဦးဆောင်ပြုလုပ်နေသည့် အလုပ်သမား အခွင့်အရေး ဆောင်ရွက်မှုများကို အဆုံးသတ်သွားစေချင်သည့် အတွက် စစ်အာဏာရှင်များက ထိုကဲ့သို့ တရားစွဲခဲ့ခြင်းဟု လေ့လာစောင့်ကြည့်သူများက ဆိုသည်။

    “ကျွန်မတို့တိုင်းပြည်မှာဖြစ်ပွားနေတဲ့ မတရားမှုတွေကို ဆင်ခြင်ဆုံးဖြတ်နိုင်ဖို့ အတွက် ဥပဒေကို ကျွန်မ ငယ်ငယ်ကလေးထဲက နားလည်ချင်ခဲ့တာပါ။ ကျွန်မတို့ ထောင်ထဲလဲရောက်ရော “အခုတော့ (ရည်မှန်းချက်ကို) လက်တွေ့ အကောင်အထည်ဖော်ဖို့ အခွင့်အရေးရပြီ” လို့ အမေက ကျွန်မကို ပြောပါတယ်။ ကျွန်မကတော့ ကံကောင်းတယ်လို့ပဲ ယူဆခဲ့ပါတယ်” ဟု အပြုံးတစ်ပိုင်းဖြင့် သူမကဆို၏။

    ဝေေ၀နုတို့မိသားစုအတွက် စစ်အစိုးရက တံခါးပိတ်ကြားနာမှုသာလုပ်သည်။ ရှေ့နေငှားခွင့်မရ၊ တရားသူကြီးကလည်း သူမတို့၏ ခုခံချေပမှုကို နားမထောင်ဟု သူမကဆိုသည်။ ထို့နောက် ဦးကျော်မင်းက ထောင်ဒဏ် ၄၇ နှစ် ချမှတ်ခံခဲ့ရသည်။ ၎င်း၏ ဇနီးနှင့် သားသမီး နှစ်ဦးတို့က တစ်ဦးလျှင် ထောင်ဒဏ် ၁၇ နှစ်စီ ချမှတ်ခံခဲ့ရလေသည်။

    “(ပြစ်ဒဏ်အတွက်) ကျွန်မတို့ တုန်လှုပ်ပြီး၊ နှုတ်ဆိတ်ခဲ့ရပါတယ်။ ကျွန်အဖေက အသက် ၆၀ ရှိပါပြီ။ ကျွန်မ တရားသူကြီးဘက်ကိုလှည့်ပြီး “စီရင်ချက် အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မရဲ့ အဖွားဟာ အသက်ရှည်ခဲ့တဲ့အတွက် ဒီပြစ်ဒဏ်အတွက် ကျွန်မတို့ အဆင်ပြေမှာပါ” ဆိုပြီး ပြောခဲ့တာကို မှတ်မိနေပါသေးတယ်။ ကျွန်အဖေကိုလည် မစိုးရိမ်ဖို့ ကျွန်မ ပြောခဲ့ပါသေးတယ်။ အချုပ်ခန်းထဲကို ကျွန်မပြန်ရောက်လာတော့ မျက်ရည် မဆည်နိုင်ခဲ့ပါဘူး” ဟု စီရင်ချက် ချခဲ့သည့်နေ့က အကြောင်းကို သူမက ပြန်ပြောင်းပြောပြသည်။ ဤအချိန်တွင်တော့ သူမ၏မျက်နှာတွင် ၀မ်းနည်းမှု အရိပ်ယောင်သန်းလာကာ မျက်ဝန်းမှ မျက်ရည်များကိုပင် သုတ်နေလေ၏။

    အကျဉ်းထောင်အတွင်း နေရသည့်အချိန်များ

    ဝေေ၀နုမှာ ကြမ်းတမ်းသော အာဏာပိုင်များရှိပြီး၊ အခြေအနေ ဆိုးရွားသည်ဟု အမည်ဆိုးဖြင့် ကျော်ကြားသည့် အင်းစိန်ထောင်အတွင်း ၇ နှစ်တာကာလကို ဖြတ်သန်းခဲ့ရသည်။

    အကျဉ်းကျခြင်း၏ စိတ်ပိုင်းဆိုင်ရာဝေဒနာကို သူမ ခံစားခဲ့ရပြီး အခြားသော အကျဉ်းသား အမျိုးသမီးများနှင့် စကားပြောခြင်း စသည့်နည်းလမ်းများဖြင့် ထိုဝေဒနာ ပျောက်ကင်းအောင် ဆောင်ရွက်ခဲ့ရသည်။ ထိုအကျဉ်းသားအများစုမှာ ပြည့်တန်ဆာ အမှု၊ လောင်းကစားအမှုနှင့် မူးယစ်ဆေးမှုတို့ဖြင့် အကျဉ်းကျ ခံနေရသူများ ဖြစ်လေသည်။

    “သူတို့ဟာ ငယ်ငယ်လေးတွေပဲ ရှိပါသေးတယ်။ တစ်ချို့ဆိုရင် ကျွန်မထက်တောင် ငယ်ပါတယ်။ သူတို့မှာ အခြားရွေးချယ်စရာမရှိလို့ ဒီလိုအလုပ်မျိုးတွေကို လုပ်ကြရတာပါ။ အခွင့်အလမ်းတွေမရခဲ့တာ သူတို့ အပြစ်လား” ဟု သူမက မေးခွန်းထုတ်လေသည်။

    ထိုအကျဉ်းသားများ၏ ဇာတ်လမ်းများကို ကြားရခြင်းက သူမအား ကျား၊ မ တန်းတူအခွင့်အရေးရန် လှုပ်ရှားသူအဖြစ် ပြောင်းလဲစေခဲ့ပြီး ဖယ်ကျဉ်ခြင်း ခံထားရသည့် အမျိုးသမီးများအား ကူညီချင်စိတ်ကိုလည်း ဖြစ်ပေါ်လာစေခဲ့သည်။

    “သူတို့နဲ့ တွေ့ဆုံပြီးတဲ့နောက်ပိုင်းမှာ ကျွန်မဟာ ငါပဲ ပြဿနာတွေ အများကြီး ရင်ဆိုင်နေရပါလားဆိုတဲ့ ကိုယ့်ဟာကိုယ် အားငယ်တဲ့စိတ်မျိုး မရှိတော့ပါဘူး။ အင်းစိန်ထောင်ဟာ ကျွန်မအတွက် ဘ၀တက္ကသိုလ်ကြီးပါပဲ” ဟု သူမက ဆိုလေသည်။

    အကျဉ်းထောင် အတွင်း စားဝတ်နေရေး ဒုက္ခရောက်မှုက သူမတို့မိသားစုအတွက် ကာလရှည် ဝေဒနာများဖြစ်စေခဲ့သည်။ ဖခင်ဖြစ်သူ၏ ကျန်းမာရေး ဆိုးရွားလာခဲ့ပြီး၊ သူမ၏ အမဖြစ်သူမှာလည်း အသည်းရောဂါရခဲ့ပြီး သေလုမြောပါးပင်ဖြစ်ခဲ့လေ၏။

    ၂၀၁၁ ခုနှစ်တွင် အာဏာရခဲ့သည့် သမ္မတဦးသိန်းစိန် အစိုးရသစ်၏ နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုပေါ်လစီအရ ၂၀၁၁ ခုနှစ် နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာ ခွင့်ပေးမှုတွင် ဝေေ၀နုတို့ မိသားစု အားလုံး လွတ်မြောက်လာသည်။

    သို့သော်လည်း ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာတို့၏ အခြေအနေမှာတော့ ပို၍ ဆိုးဝါးလာခဲ့လေသည်။

    နိုင်ငံမဲ့ဖြစ်ခြင်း

    ဦးကျော်မင်းမှာ ရိုဟင်ဂျာအမတ်အဖြစ် ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည်။ ရိုဟင်ဂျာဟူသော အခေါ်ဝေါ်နှင့် ပတ်သက်၍ အမြဲတမ်းပင် ဆွေးနွေးငြင်းခုံမှုများ ရှိခဲ့သော်လည်း နိုင်ငံရေး မီးစာတော့ မဖြစ်ခဲ့။ သို့သော်လည်း ၂၀၁၂ ခုနှစ် ဇွန်လနှင့် အောက်တိုဘာလတို့တွင် ဖြစ်ပွားခဲ့သော ဘာသာရေးပဋိပက္ခများပြီးနောက် ယခုအချိန်တွင်တော့ ထိုအသုံးအနှုန်းက တာသွားမှုက ပိုဆိုးလာ၏။

    ထိုပဋိပက္ခကြောင့် လူပေါင်း ၁ သိန်းလေးသောင်းခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အများစုမှာ ရိုဟင်ဂျာများ ဖြစ်ကြလေသည်။

    အစိုးရနှင့် သာမန်မြန်မာပြည်သူများမှာ ရိုဟင်ဂျာများအတွက် ဘင်္ဂါလီဟူသော အသုံးအနှုန်းကို သုံးစွဲကြပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမ၀င် ၀င်ရောက်လာသူများအဖြစ် သတ်မှတ်ကြလေသည်။

    “ရိုဟင်ဂျာတွေဟာ အရင်တုန်းက ဂုဏ်သိက္ခာရှိပြီး လေးစားမှုခံရတဲ့ ဘ၀မျိုးတွေကို တည်ဆောက်ခဲ့ကြပါတယ်။ သူတို့ အရင်ကတည်းက နိုင်ငံမဲ့ဖြစ်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်မမိဘတွေ၊ အဖိုးအဖွားတွေနဲ့၊ အဘိုးအဘွားတွေဟာ နိုင်ငံသားတွေ ဖြစ်ခဲ့ကြပါတယ်” ဟု ဝေေ၀နုက ဆိုလေသည်။

    ၁၉၈၂ ခုနှစ်က စတင်ပြဌာန်းခဲ့သော နိုင်ငံသားဥပဒေက သမိုင်းကို နောက်ပြန် ဖြစ်စေခဲ့ပြီး ရိုဟင်ဂျာများ၏ နိုင်ငံသားဖြစ်ခွင့်ကို ဆုံးရှုံးစေခဲ့သည်။ ထို့ပြင် ၎င်းတို့အား ခရီးသွားခွင့်၊ ပညာသင်ကြားခွင့်နှင့် အလုပ်လုပ်ခွင့် ကန့်သတ်ချက်များကိုလည်း ဖြစ်စေခဲ့သည်ဟု သူမက ဆိုသည်။

    “ဒီကဒ်လေး မရှိတာက လူ့အဖွဲ့အစည်း တစ်ခုလုံကို ထိခိုက်စေပါတယ်။ အခြေခံလူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖြစ်စေတယ်၊ လူသားတွေရဲ့ ဂုဏ်သိက္ခာကို ဖယ်ရှားခံခဲ့ရတယ်။ စိတ်ဓာတ်ကောင်းတွေကိုလည်း ပျက်ဆီးစေပါတယ်”

    စက်တင်ဘာ ၁၅ ရက်နေ့တွင် နိုင်ငံမဲ့ပြည်သူများအတွက် ကမ္ဘာ့ ပထမဆုံး ဖိုရမ်တစ်ခုကို နယ်သာလန်နိုင်ငံ The Hauge တွင် ပြုလုပ်ရန်ရှိနေသည်။ ထိုဖိုရမ်တွင် ၁၀ သန်းခန့်ရှိမည့် နိုင်ငံမဲ့များ၏ အကြောင်းအရာပေါ် အလေးထားဆွေးနွေးသွားမည်ဖြစ်၏။ ဝေေ၀နုကတော့ ထိုဖိုရမ်က ရိုဟင်ဂျာအရေးကိစ္စအား အသက်ဝင် လာစေမည်ဟု မျှော်လင့်နေလေသည်။

    “ကျွန်မရဲအဖေ အစိုးရ အမှုထမ်းဖြစ်ခဲ့သလိုမျိုး၊ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့သလိုမျိုး ကျွန်တို့လက်ထက်မှာ ဘာလိုမဖြစ်နိုင်ရတာလဲ” ဟု သူမက မေးခွန်းထုတ်ခဲ့သည်။

    စစ်အစိုးရ၏ ဆယ်စုနှစ်ပေါင်းများစွာ ၀ါဒဖြန့်မှုကြောင့် ရိုဟင်ဂျာများအပေါ် မကောင်းသည့်အမြင်များ ရှိနေခြင်းကိုလည်း သူက အပြစ်တင်သည်။

    မြန်မာနိုင်ငံရှိ အခြားသောတိုင်းရင်းသားနှင့် ဘာသာရေးလူ့အဖွဲ့အစည်းများအကြား ရိုဟင်ဂျာများအား ဂရုတ်စိုက်မည့်သူမရှိဟု ကုလသမဂ္ဂက ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများကပင် ရိုဟင်ဂျာများအတွက် ရပ်တည်၍ မပြောပေးကြ။

    “ဒီမိုကရေစီဆိုတဲ့ အရာအတွက် ကျွန်မတို့လည်း အရာအားလုံးကို စတေးခဲ့ကြရပါတယ်။ ကျွန်မတို့တိုင်းပြည်ရဲ့ ပိုကောင်းတဲ့ အနာဂတ်ဖြစ်လာဖို့အတွက် ကျွန်မတို့လည်း အတူတူ အလုပ်လုပ်နေကြပါတယ်။ ဒါ့ကြောင့် လူ့အခွင့်အရေးလှုပ်ရှားသူတွေက ရိုဟင်ဂျာတွေမှာ အခွင့်အရေးမရှိဘူးလို့ ဆိုလာရင် ကျွန်မ သိပ်ကို နာကျင်ရပါတယ်။ ကျွန်မတို့ရဲ့သမိုင်းကို စစ်အာဏာရှင်တွေက ဖျက်ဆီးခဲ့တာကြောင့် ဒီလိုပြောတာဟာ သူတို့ (လူ့အခွင့်အရေး လှုပ်ရှားသူတွေ)ရဲ့ အမှားတော့ မဟုတ်ပါဘူး။ စနစ်တစ်ခုလုံးရဲ့ အမှားပါပဲ” ဟု ဝေေ၀နုက နိဂုံးချုပ်ပြောကြားခဲ့လေသည်။

    ရိုက်တာ သတင်းဌာနတွင် ဖော်ပြခဲ့သည့် Young Rohingya woman chases dream of peace and justice in Myanmar ဆောင်းပါးကို လေးမောင် ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။

  • နှလုံးအထူးကု ဖြစ်ချင်ပြီး အခမဲ့ဆေးခန်းတွေ ဖွင့်ပေးချင်တဲ့ ၅ ဘာသာ ဂုဏ်ထူးရှင် မနှင်းဧကရီမျိုး နှင့် တွေ့ဆုံခြင်း

    ဇူလိုင် ၉ ၊ ၂၀၁၄
    M-Media
    တွေ့ဆုံမေးမြန်းသူ-ဆူးထက်

    နိုင်ငံခြား တက္ကသိုလ်တွင် ဆေးကျောင်းတက်ရန် ရည်ရွယ်ထားပြီး ကျန်းမာရေး ဗဟုသုတ မရှိသော အရပ်ဒေသများဆီ သွားရောက်၍ ပြည်သူတွေကို အခမဲ့ ဆေးခန်းတွေ ဖွင့်ပေးမယ်ဆိုသည့် ၅ ဘာသာ ဂုဏ်ထူးရှင် မနှင်းဧကရီမျိုး နှင့် M-Media မှ ဆက်သွယ်မေးမြန်းခဲ့ပါသည်။

    Hin akari Myo copy

    M-Media – ညီမလေးရဲ့ နာမည်၊ မွေးသက္ကရာဇ်၊ အဖေ၊ အမေ နာမည်လေး အရင်ဆုံး မိတ်ဆက်ပေးပါ။
    ဖြေ – ညီမ နာမည်က နှင်းဧကရီမျိုး၊ ၂၀.၄.၁၉၉၈ ခုနှစ် မှာ မွေးတာပါ။ ဖေဖေက ဦးမျိုးအောင်၊ အမေက ဒေါ်ကြူကြူမာပါရှင်။

    M-Media- ညီမလေး တက္ကသိုလ်ဝင်တန်းကို ဘယ်ကျောင်းက အောင်မြင်ခဲ့ပါသလဲ။
    ဖြေ – အ.ထ.က (၅) ဗိုလ်တစ်ထောင်ပါရှင်။

    M-Media – ညီမလေး ၅ ဘာသာ ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တယ်လို့ သိရတယ်။ ဘယ်ဘာသာတွေ ဂုဏ်ထူးပါပြီးတော့ အမှတ်ပေါင်း ဘယ်လောက်ရပါသလဲ။
    ဖြေ – ဟုတ်ကဲ့။ ညီမ ဂုဏ်ထူး ပါခဲ့တဲ့ ဘာသာရပ်တွေက မြန်မာစာ၊ သချာင်္၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ အမှတ်ပေါင်း (၄၈၅) မှတ်ဖြင့် အောင်မြင်ခဲ့တာပါရှင်။

    M-Media – ညီမလေး အနေနဲ့ ဂုဏ်ထူးထွက်နည်းတဲ့ မြန်မာစာကို ဂုဏ်ထူးပါအောင် ဘယ်လို ကြိုးစားခဲ့လဲ။
    ဖြေ – တစ်နေ့စာ တစ်နေ့အပြီး ကျက်တယ်။ အမှတ်ပြည့်ရနိုင်တဲ့ ခက်ဆစ်တွေ၊ ကဗျာတွေ အပေါ်အပိုင်း တွေကို အလွတ်ကျက်တယ်။ တစ်ပတ်ကို တစ်ပုဒ် စာစီစာကုံး လေ့ကျင့်တယ်။ ဆရာ ဂုဏ်ထူး ဦးသိန်းနိုင် ဆီမှာလည်း ၇ တန်းနှစ်ကတည်းက တက်ခဲ့တယ်။

    M-Media-  ညီမလေး ဘယ်နှစ်တန်းမှာစပြီး 1 to 10 ၀င်ခဲ့တာလဲ။
    ဖြေ – ညီမ ငယ်ငယ်လေးကတည်းက ပထမ၊ ဒုတိယ ကို ရခဲ့တာပါ။ ထူချွန် စာမေးပွဲတွေလည်း ဖြေခဲ့တယ်။

    M-Media – ညီမလေးရဲ့ အနာဂတ် ရည်မှန်းချက်က ဘာလဲ။
    ဖြေ – ညီမလေးရဲ့ ၆ တန်းကတည်းက ဆရာဝန် လုပ်မယ်လို့ ရည်မှန်းချက် ထားခဲ့တာပါ။ နိုင်ငံခြား တက္ကသိုလ် တစ်ခုမှာ ဆေးကျောင်း တက်မှာပါ။ နှလုံးအထူးကု ဆရာဝန်လုပ်မယ်လို့ ရည်ရွယ်ချက် ထားထားပါ တယ်။ အမေနဲ့ အစ်မကလည်း ညီမလေးအပေါ် အများကြီး မျှော်လင့်ချက်တွေထားပြီး ဖြစ်စေချင်ကြတယ်။ အဲဒီ့အတွက် ကြိုးစားခဲ့တာပါ။

    M-Media – ညီမလေး စာမေးပွဲအတွက် ပြင်ဆင်နည်းလေးကို နောင်လူတွေအတွက် မျှဝေပေးပါအုံး။
    ဖြေ – အဓိက တစ်နေ့စာ တစ်နေ့ကျက်ဖို့၊ အချိန်ဇယားနဲ့ ကျက်တက်ရင် ပိုကောင်းပါတယ်။ ပြီးတော့ အရေး ကြီးတာက ဆရာ၊ ဆရာမ စာသင်ချိန်တွေမှာ ဂရုစိုက်ပြီး နားထောင်ဖို့ မေးခွန်းဟောင်တွေကြီးကိုပဲ ၂ လ လောက် လေ့ကျင့်ဖို့ပါ။ ဒီဇင်ဘာလလောက်မှာ ပြန်လည် လေ့ကျင့်ခန်းတွေကို စာမေးပွဲ မတိုင်ခင်အထိ လုပ်သင့်ပါတယ်။ ကိုယ် နားမလည်တဲ့ စာတွေကိုလည်း ရှက်ကြောက်မနေပဲ မေးဖို့ လိုပါတယ်ရှင်။

    M-Media- ညီမလေးရဲ့ ရည်မှန်းချက် ပန်းတိုင်ဖြစ်တဲ့ နှလုံးအထူးကု ဆရာဝန် တစ်ယောက် ဖြစ်လာပြီဆိုရင် ပြည်သူတွေကို ဘယ်လို အလုပ်အကျွေးပြုမယ်လို့ စိတ်ကူးထားပါလဲ။
    ဖြေ – ကျန်းမာရေး ဗဟုသုတ မရှိတဲ့ အရပ်ဒေသဆီ သွားပြီး ပြည်သူတွေကို အခမဲ့ ဆေးခန်းတွေ ဖွင့်ပြီး အကျိုးပြုချင်ပါတယ်။

    M-Media – ညီမလေး ဒီအခြေအနေ ဒီနေရာကို ရောက်ရှိဖို့ ဘယ်လိုစိတ်ဓာတ်တွေက လှုံ့ဆော်ခဲ့တာပါလဲ။
    ဖြေ – ဘ၀မှာ အမြင့်ဆုံး ပန်းတိုင်ကို ရောက်ဖို့ ရည်ရွယ်ပြီး ကြိုးစားခဲ့တာပါ။

    M-Media – လက်ရှိ မြန်မာ့ပညာရေး စနစ်ကို ဘယ်လို အကြံပြု ပြောချင်ပါသလဲ။
    ဖြေ – အလွတ်ကျက် ပညာရေး စနစ်လို့ လူအများက ဝေဖန် ပြောဆိုနေကြတဲ့ အဲဒီစနစ် ပပျောက်ဖို့ သင့်ပါ ပြီ။ နိုင်ငံတကာနှင့်လည်း ရင်ဘောင်တန်းနိုင်အောင် ပညာရေး စနစ်ကို မြှင့်တင်သင့်ပါတယ်။

    M-Media  – ညီမလေးရဲ့ ဘ၀မှာ စွဲကိုင်လျှောက်လှမ်းတဲ့ ဆောင်ပုဒ်လေးက
    ဖြေ – မဖြစ်နိုင်တာ မရှိဘူး။ မဖြစ်သေးတာပဲ ရှိတယ်။ ရိုးရိုးကျင့် မြင့်မြင့်ကြံ။

    M-Media – အစ္စလာမ် အမျိုးသမီး တစ်ယောက်အနေနဲ့ နောက်တက်လာမယ့် အမျိုးသမီးငယ်လေးတွေကို ဘာများ ပြောချင်ပါသလဲ။
    ဖြေ – ကိုယ်က အစ္စလာမ် တစ်ယောက်ဖြစ်တဲ့အတွက် အခြားသူတွေထက် အများကြီး ကြိုးစားဖို့ လိုအပ် တယ်။ အစ္စလာမ်ဟာ ကိုယ့်ကြောင် ဂုဏ်တက်ဖို့ လိုအပ်တယ်။ ဂုဏ်ထူးတွေ အများကြီးပါအောင် ကြိုးစား သင့်တယ်။ စာလုပ်ရတာ ငြီးငွေ့သွားရင် ကိုယ်ဝါသနာ ပါရာလေးကို ခဏလုပ်ပြီး စိတ်ဖြေလျှော့သင့်တယ်။ ဘာသာရေး ကိုလည်း လုပ်သင့်တယ်။

    M-Media – ကျေးဇူး အများကြီး တင်ပါတယ် ညီမလေး။