News @ M-Media

Category: ဦးရာဇတ်

  • အာဇာနည် အမျိုးသား ခေါင်းဆောင်ကြီး ဆရာကြီး ဦးရာဇတ် ၏ (၁၁၆)နှစ်မြောက်မွေးနေ့

    ဖန်နဝါရီ ၁၉၊ ၂၀၁၄
    M-Media

    116

    ယနေ့ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့သည့် အာဇာနည် အမျိုးသား ခေါင်းဆောင်ကြီး ဆရာကြီး ဦးရာဇတ် ၏ (၁၁၆)နှစ်မြောက်မွေးနေ့ဖြစ်ပါသည်။

    ဆရာကြီးဦးရာဇတ်နေ့ အထိမ်းအမှတ်ဂုဏ်ပြုသောအားဖြင့် ဆရာကြီးဦးရာဇတ်အကြောင်း ပိုစ်များကို M-Media စာဖတ်ပရိတ်အတွက် ပြန်လည်မိတ်ဆက် ပေးလိုက်ပါတယ်။

    အမည်မခံလိုသူ စာရေးဆရာကြီး သို့မဟုတ် အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ် =>http://www.m-mediagroup.com/news/4223

    ကျွန်မဖေဖေ=>http://www.m-mediagroup.com/news/4299

    ဗမာတွေ ဘယ်မှာ စည်းကမ်း မဲ့လို့လဲ=>http://www.m-mediagroup.com/news/4316

    မမေ့နိုင်ရွယ်ရည် ၆၆-နှစ်တိုင်လေပြီ အာဇာနည်မြတ် ဦးရာဇတ်=>http://www.m-mediagroup.com/news/16191

    သူ့စကားများက ညွှန်းဆိုနေသည့် ဆရာကြီး ဦးရာဇတ်အကြောင်း=>http://www.m-mediagroup.com/news/4239

    အာဇာနည်ခေါင်းဆောင်ဆရာကြီး ဦးရာဇတ် ၏ အတ္ထုပ္ပတ္တိ အကျဉ်း =>http://www.m-mediagroup.com/news/1388

    မန္တလေး ၁၃ဝဝ ပြည့်အရေးတော်ပုံနှင့် အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ် =>http://www.m-mediagroup.com/news/1365

    သူများတွေပြောတဲ့ ဆရာကြီးဦးရာဇတ်အကြောင်း =>http://www.m-mediagroup.com/news/1334

    ဆရာကြီး ဦး(အဗ္ဗဒူလ်) ရာဇတ်၏ လက်ရာ ရတုပိုဒ်စုံ =>http://www.m-mediagroup.com/news/1330

    အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ် အခြားပိုစ်များ ဖတ်ရန် => http://www.m-mediagroup.com/news/tag/urazak-2/

    အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ် အကြောင်း ဓါတ်ပုံများ ကြည့်ရန် =>https://www.facebook.com/media/set/?set=a.484313664944442.97896.468226919886450&type=3

    ဆရာကြီး ဦးရာဇတ် (၁၁၅) နှစ်မြောက် အခမ်းအနား ဓါတ်ပုံများ =>https://www.facebook.com/media/set/?set=a.488522597856882.98579.468226919886450&type=3

  • အာဇာနည်များနှင့် ခေါင်းဆောင်မှု စွမ်းရည် စကားဝိုင်းမှ ဦးရာဇတ်အကြောင်း

    အာဇာနည်များနှင့် ခေါင်းဆောင်မှု စွမ်းရည် စကားဝိုင်းမှ ဦးရာဇတ်အကြောင်း

    ဇူလိုင်-၁၉၊၂၀၁၃
    Credit. Moe Rain FB မှ ကူးယူဖော်ပြပါသည်။

    Sky Net TV မှာ ထုတ်လွှင့်သွားတဲ့ အာဇာနည် ခေါင်းဆောင်ကြီးများနှင့် ခေါင်းဆောင်မှု စွမ်းရည် စကားဝိုင်းမှ ဆရာကြီး ဦးရာဇတ်အကြောင်း

    တိုင်းပြည်အတွက် အသက်စွန့်ပြီးပေးလှူသွားကြတဲ့ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ခေါင်းဆောင်မှုစွမ်းရည်နှင့် စိတ်နေစိတ်ထားကို ယနေ့ခေတ်လူငယ်များ အတုယူအားကျပြီး၊ နိုင်ငံအတွက် အကျိုးရှိတဲ့ အခန်းကဏ္ဍတွေမှာပါဝင်လာကြစေရန် ရည်ရွယ်။
    sky net teen channel
    စည်သူမင်းဟန်(sky net)
    စာရေးဆရာဦးကျော်ကျော်လှိုင်( chairman, Smart Group of Companion)
    စာရေးဆရာမမြူပါရ်
    ရန်ဟိန်းအောင်(တတိယဆုရှင်-စာပေမြှင့်တင်လူ့စွမ်းအင် စာဖတ်စာရေးနှင့်တင်ဆက်မှု စွမ်းရည်ပြိုင်ပွဲ)

    ဦးရာဇတ်
    -ပညာရေးနှင့် အမျိုးသားစီမံကိန်းဝန်ကြီး
    -အမျိုးသားကျောင်းအုပ်ဆရာကြီး ဖြစ်ခဲ့၊ ဆရာကြီး ဦးရာဇတ်လောက် ဆရာကြီးပီသသူရှား
    -ပညာရေးနှင့်ပတ်သက်ပြီး အလွန်အမျှော်အမြင်ကြီး
    -ကျောင်းသားတွေကို ဘွဲ့ရရုံတင်မက၊ နိုင်ငံကိုချစ်တဲ့၊ အများအကျိုးကို ဆောင်ရွက်လိုစိတ်ရှိတဲ့ လူများကို မွေးထုတ်ပေးခဲ့
    -ပါဠိ နဲ့ အင်္ဂလိပ်စာကိုသင်ကြားပေးခဲ့
    -မန်းလေးမြို့နန်းရှေ့ ရွှေကျောင်းဆရာတော်ဆီမှာ ဗုဒ္ဓဘာသာနဲ့ပတ်သက်တာတွေကို လေ့လာခဲ့
    -မန္တလေးတက္ကသိုလ်ဖြစ်လာအောင် ကြိုးပမ်းခဲ့
    -အဖေမစ္စတာရှိုတ်(ခ်) အဗ္ဗဒူလ်ရာမန်
    -အမေဒေါ်ငြိမ်းလှ
    -အဖေ အသက်(၇) နှစ်မှာ မြန်မာပြည်ရောက်လာ၊ မိတ္ထိလာသူဒေါ်ငြိမ်းလှနှင့်အိမ်ထောင်ကျ
    -ဦးရာဇတ်အဖေဟာ အစ္စလာမ်ဘာသာဝင်ဖြစ်သော်လည်း သူ့ဇနီးကို အစ္စလာမ်ဘာသာဝင်ရမယ်လို့မတိုက်တွန်းခဲ့
    -ဦးရာဇတ်ကလွဲရင် မောင်နှစ်မအားလုံးဗုဒ္ဓဘာသာဖြစ်လာ
    -ကျတော်တို့ နိုင်ငံမှာ အစ္စလာမ်ဘာသာနဲ့ ဗုဒ္ဓဘာသာဟာ အတူတူပဲ၊ ခွဲမရပါဘူး။ လွပ်လပ်ရေးတိုက်ပွဲမှာ ခွဲမရခဲ့သလို ခုချိန်မှာလည်း မြန်မာမူစလင်အစ္စလာမ်ဆိုတာ ခွဲမရပါဘူး
    -ဘာသာရေးဆိုတာ လူတစ်ယောက်ရဲ့စိတ်အညှာပါ။ စိတ်အညှာကို ကိုင်လှုပ်နေသရွေ့ကတော့ အကုန်လုံး ကြွေကျပျက်ဆီးသွားနိုင်ပါတယ်။
    -လွတ်လပ်ရေးကို ယူခဲ့တုန်းက သူရယ်၊ကိုယ်ရယ် မခွဲခြားပဲ ယူခဲ့သလိုပဲ၊ ခုချိန်မှာလည်း ဒီလိုစိတ်မျိုးနဲ့ပဲ စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင် ၊ နားလည်မှုရှိရှိ နေသွားနိုင်မယ်ဆိုရင် မြန်မာပြည်ငြိမ်းချမ်းတိုးတက်လာမယ်
    -လူမျိုးကိုချစ်တယ်၊ ဘာသာကိုချစ်တယ်ဆိုတာ အင်မတန်ကောင်းတဲ့ စိတ်ဓါတ်ပါ။ ဒါပင်မယ့် အဲဒီစိတ်ဓါတ်တွေရဲ့အပေါ်မှာ လူသားချင်းစာနာထောက်ထားတဲ့စိတ်ဓါတ်က အပေါ်မှာရှိနေပါတယ်။
    (စကားဝိုင်းမှ ဆွေးနွေးချက်)

    -တက္ကသိုလ်ဆိုတာ ဘွဲ့ရဖို့တစ်ခုတည်း မဟုတ်၊
    -တက္ကသိုလ်လို့ပြောလိုက်ရင် အချက်သုံးချက်နဲ့ပြည့်စုံရမယ်
    (၁) အဆောင်ရှိရမယ်( တစ်ယောက်နဲ့တစ်ယောက် တဝန်းထဲမှာ နေကျ၊ ရည်းနှီးကျ၊ အမြင်ခြင်းဖလှယ်ကျ၊)
    (၂) တက္ကသိုလ်ရဲ့ အနှစ်သာရက တစ်နေရာက တစ်နေရာသို့ လူမျိုးပေါင်းစုံ လာရောက်စုဝေးကြရမယ်(ကျွန်တော်တို့က စေတနာထားပြီး ချင်းပြည်နယ်မှာ တက္ကသိုလ်သွားဖွင့်တာတော့ ကောင်းပါတယ်။ ဒါပင်မယ့် ချင်းပြည်နယ်က လူတွေချည်းပဲ တက်နေရင် သူတို့အတွက် ဘယ်လို အကျိုးကျေးဇူး၊ ဗဟုသုတရမှာလဲ။ )
    (၃) လွတ်လွတ်လပ်လပ် ကိုယ့်ကိုကိုယ် ထိန်းကျောင်းနိုင်ရမယ်
    (ဦးကျော်ကျော်လှိုင်)

    -တခြားသူတစ်ယောက်အတွက် သူချင်းစာစိတ်ရှိ
    -လုပ်ကြံခံရတဲ့အချိန်မှာ “သူ့ကိုထူပေးတဲ့လူကို ကျတော်ကအရေးမကြီးပါဘူး၊ ဗိုလ်ချုပ်နဲ့သခင်မြကို ဂရုစိုက်ပေးလိုက်ကြပါ၊ သူတို့က ပိုအရေးကြီးတယ်လို့”ပြောခဲ့
    -ဂျပန်ခေတ်အဖမ်းခံနေရတဲ့အချိန်၊ ပညာတတ်တပည့်တွေက လာထုတ်ကြတဲ့အခါ “တခြားထောင်သားတွေ ရှိသေးတယ်၊ငါအခွင့်ထူးခံပြီးမထွက်ဘူး” လို့ပြောကာ အင်္ဂလိပ်တွေဗုံးကျဲတဲ့ ကြားထဲမှာ ထောင်သားတွေနဲ့ အတူနေခဲ့
    -ကိုယ့်အတွက် အခွင့်အရေးရှိပင်မယ့် တခြားသူတွေမရတဲ့ အခွင့်အရေးမျိုးကို ထူးပြီးမယူခဲ့
    (စကားဝိုင်းမှ ဆွေးနွေးချက်)

    ကျန်ခေါင်းဆောင်ကြိးများအကြောင်း Record လုပ်ထားသူများရှိခဲ့ရင် M-Media သို့ Message ပို့ အကြောင်းကြားပေးကြပါ။

  • မမေ့နိုင်ရွယ်ရည် ၆၆-နှစ်တိုင်လေပြီ အာဇာနည်မြတ် ဦးရာဇတ်

    ဇူလိုင် ၁၇၊ ၂၀၁၃
    M-Media
    အမ်တူးအေ

    မမေ့နိုင်ရွယ်ရည် ၆၆-နှစ်တိုင်လေပြီ အာဇာနည်မြတ် ဦးရာဇတ် (၆၆-နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်)

    Razak

    ၁၈၉၈-ခု ၊ ဇန်န၀ါရီလ ၂၀-ရက်နေ့မှာ လူသားတစ်ဦး ကမ္ဘာမြေကို ဖွားမြင်ရောက်ရှိလာတယ်။ သူ ရောက်ရှိလာရာ ဇာတိချက်ကြွေမွေးရပ်မြေက မြန်မာနိုင်ငံအလယ်ပိုင်း မြို့တစ်မြို့ဖြစ်တဲ့ မိတ္ထီလာဆိုတဲ့ မြို့လေးမှာဖြစ်တယ်။ တိုက်ပိုင်အင်စပတ်တော် မစ္စတာရှိတ်ခ်အဗ္ဗဒူရ်ရဟ်မန်နှင့် ဒေါ်ငြိမ်းလှ ဆိုတဲ့ အစ္စလာမ်ဘာသာဝင် မိဘ ၂-ပါးရဲ့ သားသမီး ၁၃-ယောက်အနက် စတုတ္ထမြောက် သားအဖြစ်နဲ့ မွေးဖွားခဲ့ခြင်းပါ။ မောင်မောင်ကြီးဟု နာမည်ရှိခဲ့ပေမယ့် ရာဇတ်လို့သာ နာမည်တွင်ခဲ့ပါတယ်။

    ငယ်စဉ်က မန္တလေးမြို့ ၀က်စလီယန် ကျောင်းမှာ စာသင်ခဲ့ရပြီး ပညာရေးထူးချွန်တာကြောင့် အတန်းကျော်ပြီး တက္ကသိုလ်ဝင်တန်းကို တက်ရောက်ခွင့်ရခဲ့ပြီး ၁၉၁၂-ခုနှစ်မှာ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့တယ်။ ကောလိပ်သိပ္ပံကျောင်း အိုင်အေအထက်တန်းတက်နေချိန်မှာပဲ အင်္ဂလိပ်စာ စာစီစာကုံး ပထမဆုရရှိပြီး Bhai Meah ရွှေတံဆိပ်ဆုရရှိခဲ့တယ်။ ရှမ်းပြည်နယ်မှ ၃၆-ကောင် ထီအကြောင်း ဆောင်းပါးရေးပြီး အိန္ဒိယနိုင်ငံထုတ် New Time မဂ္ဂဇင်းကို ပေးပို့ခဲ့ရာမှာလည်း ပထမတန်း ဆောင်းပါးဆု ရရှိခဲ့ပြန်ပါတယ်။ ပညာရေးမှာသာမက အားကစားဘက်မှာလည်း ထူးချွန်လှသည့်အတွက် ခရစ်ကတ်၊ ဘောလုံး၊ တင်းနစ်၊ လက်ဝှေ့ စတဲ့ အားကစားတွေမှာ တက္ကသိုလ်က သတ်မှတ်ပေးတဲ့ Blue အဆင့်ရရှိခဲ့ပြီး ဘောလုံးမှာတော့ College First Player တစ်ဦးဖြစ်ခဲ့သူပါ။

    နောက် ၁၉၂၀ ကျောင်းသားသပိတ် အရေးတော်ပုံကစပြီး ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့တယ်။ မန္တလေးမြို့ ဗဟိုအမျိုးသားကျောင်းမှာ အင်္ဂလိပ်နဲ့ ပါဠိဘာသာကို သင်ကြားပေးတဲ့ ဆရာတစ်ဦးဖြစ်လာတယ်။ ဆရာ ဦးရာဇတ်ဟာ အစ္စလာမ် သာသနာဝင်တစ်ယောက်ဖြစ်ခဲ့ပေမယ့် ဘာသာရေးမှာ ခွဲခြားမှု မရှိခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ အစ္စလာမ်သာသနာဝင်တစ်ယောက်ဖြစ်ပြီး မန္တလေးမြို့က မဟာဝိသုတာရာမကျောင်းတိုက်ရဲ့ ဓမ္မာရုံစာကြည့်တိုက်မှာ အသင်းဥက္ကဌအဖြစ် တာဝန်ယူပေးတာဟာ သိသာနေတယ်။ ဒါတင် မဟုတ်သေးပါဘူး။  မန္တလေးမြို့ နန်းတော်ရှေ့တိုက်တော်ကျောင်းတိုက်၊ ခင်မကန်ကျောင်းတိုက်၊ အတုမရှိကျောင်းတိုက်များရှိ တိုက်အုပ်ဆရာများထံသွားကာ မြန်မာစာနှင့် ပါဠိကို လေ့လာဆည်းပူးရင်း ရဟန်းရှင်လူများနှင့် ခင်မင်ရင်းနှီးစွာ ပေါင်းသင်းခဲ့ပြီး ဗုဒ္ဓအယူဝါဒကိုလည်း လေးစားခဲ့သည်။

    ဆရာဦးရာဇတ်သည် ၁၉၂၃-ခုနှစ်တွင် မန္တလေးမြို့ ဗဟိုအမျိုးသားကျောင်းမှာ ကျောင်းဆရာကြီးအဖြစ်မှတဆင့် ကျောင်းအုပ်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။ ယခုတိုင် မန္တလေး ဗဟိုအမျိုးသားအထက်တန်းကျောင်း (ယခု အ.ထ.က-၂) ရဲ့ ကျောင်းဆောင်ကြီးရှေ့မှာ ထိုင်နေတဲ့ ခြင်္သေ့ပုံရုပ်ထုကြီးနဲ့ ‘အတ္တာဟိ အတ္တာနော နာထော’ဆိုတဲ့ ကြွေးကြော်သံဟာလည်း ဆရာကြီးဦးရာဇတ်လက်ထက်မှာ ရွေးချယ် သတ်မှတ်ပြုခဲ့တာပါ။ ဆရာကြီး ဦးရာဇတ်ဟာ သူ့ရဲ့ ဗဟိုအမျိုးသားကျောင်းကြီးမှာ အမျိုးသားအပျော်တမ်းရဲတပ်၊ အမျိုးသားဘင်ခရာတပ်၊ အမျိုးသားရဲညွန့်တပ်တွေကို ဖွဲ့စည်းပြီး ကျောင်းသားတွေကို ပညာရေးသာမက မျိုးချစ်စိတ်ဓါတ်ကိုပါ သင်ကြားပေးခဲ့ပြီး ကျောင်းသားများအကျိုးအတွက် သမဂ္ဂဖွဲ့စည်းပေးခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

    ဆရာကြီးဦးရာဇတ်ဟာ မြန်မာဘာသာ ပျို့၊ ကဗျာ၊ လင်္ကာ စာပေများကိုသာမကပဲ အင်္ဂလိပ်ဘာသာမှာလည်း အလွန်ကို ကျွမ်းကျင်လှတာကြောင့် မျက်နှာဖြူမင်းကြီး မစ္စတာရှားမင်းက ပုလိပ်အဖွဲ့(ယခုခေတ်အခေါ် ရဲတပ်ဖွဲ့)မှာ ၀င်ရောက်အမှုထမ်းဖို့ ဖိတ်ခေါ်ပြီး အင်စပက်တော် ရာထူးတိုက်ရိုက်ခန့်မယ်ဆိုတာကို ငြင်းပယ်ခဲ့တာကို ကြည့်ခြင်းအားဖြင့်လည်း မျိုးချစ်စိတ်ဓါတ်ပြင်းထန်သော ဆရာကြီးရဲ့ စိတ်ဓါတ်ကို ခန့်မှန်းလို့ ရနိုင်ခဲ့ပါတယ်။

    ဆရာကြီးဟာ ဗဟိုအမျိုးသားအထက်တန်းကျောင်းအုပ်ကြီးဘ၀မှာ သူ့ရဲ့ တပည့်တွေကို မကြာခဏ ရွတ်ပြလေ့ရှိတဲ့ အင်္ဂလိပ်ကဗျာတစ်ပုဒ်ရှိခဲ့တယ်။ ကဗျာရဲ့ မြန်မာဘာသာပြန် ကတော့ “ဒါ တို့ပြည် ဒါတို့မြေလို့ မဆိုတဲ့သူဟာ အသက်ရှင်လျက် ၀ိညာဉ်မဲ့နေတဲ့သူလို၊ အသက်ရှင်နေပေမယ့် သေနေတဲ့သူလို ဘာမှ အသုံးမကျဘူး”ဟူ၍ ဖြစ်တယ်။ ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံကို ချစ်မြတ်နိုးတဲ့ ဆရာကြီးရဲ့ စိတ်ဓါတ်ကလည်း ပေါ်လွင်လှပါတယ်။

    ဆရာကြီးဦးရာဇတ်ဟာ ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ လုပ်ကြံခံခဲ့ရချိန်မှာ ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာန ၀န်ကြီးအဖြစ် နိုင်ငံ့ တာဝန် ထမ်းဆောင်နေဆဲ ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်ပါတယ်။

    ဆရာကြီးဟာ နိုင်ငံရေး၊ အမျိုးသားရေးတွင်သာမက စာပေကို ချစ်မြတ်နိုးပြီး ပိုဒ်စုံရတုများ၊ မြန်မာ-အင်္ဂလိပ် ဆောင်းပါးများ၊ ဘာသာပြန်စာပေများ၊ စာတမ်းများ၊ လုံးချင်းစာအုပ်များ၊ သမိုင်းမှတ်တမ်းစာအုပ်များကိုလည်း ရေးသားခဲ့သေးတယ်။

    ဆရာကြီးဦးရာဇတ်၏ အရည်အချင်းနှင့် မျိုးချစ်စိတ်ကို သိရှိသော ဗိုလ်ချုပ်အောင်ဆန်းက ဂျပန်ခေတ်မှ အစပြုကာ ဆရာကြီးဦးရာဇတ်အား နိုင်ငံရေးနယ်ပယ်တွင် ပါဝင်ဆောင်ရွက်ရန် တိုက်တွန်းခေါ်ဆောင်လာခဲ့သဖြင့် ဆရာကြီးအနေဖြင့် နိုင်ငံရေးနယ်ပယ်အတွင်းသို့ ရောက်လာခဲ့ရခြင်းလည်း ဖြစ်ပါတယ်။

    ဗိုလ်အောင်ကျော်ကျဆုံးသော ၁၉၃၈-ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး၌ ကျောင်းသားများ သပိတ်မှောက်ရာတွင် ဆရာကြီး၏ အမျိုးသားကျောင်းမှ ကျောင်းသားများလည်း ပါဝင် သပိတ်မှောက်ခဲ့ကြပါသည်။

    ၁၉၃၈-ခုနှစ် ဖေဖော်ဝါရီလ ၁၃-ရက်နေ့တွင် မန္တလေးမြို့မှာ ဗမာမွတ်စလင်မ်လူငယ်များက နိုးကြားရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး နိုးကြားရေးအဖွဲ့သည် တို့ဗမာအစည်းအရုံးဝင် သခင်များနှင့် နီးစပ်သည့်အတွက် သခင်များက အထူးအားပေးခဲ့ပါတယ်။ ၁၉၄၀-ခု မေလ ၄-ရက်နေ့မှာ ဗမာမွတ်စလင်မ်ဗဟိုနိုးကြားရေးအဖွဲ့ချုပ်ရဲ့ ဒုတိယအကြိမ် မျက်နှာစုံညီ ကွန်ဖရင့်ကို ရမည်းသင်းခရိုင်၊ ယင်းတော်ရွာကြီးတွင် ကျင်းပခဲ့ပြီး နိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စလင်မ်အဖွဲ့ကြီးတစ်ခုဖွဲ့ပြီး ဆရာကြီး ဦးရာဇတ်က ဥက္ကဋ္ဌ၊ ဦးကိုကိုလေးက အတွင်းရေးမှူးအဖြစ် တင်မြှောက်ခံခဲ့ရပါတယ်။ ယင်းတော်ညီလာခံမှာ ဆရာကြီးပြောကြားခဲ့တဲ့မိန့်ခွန်းဟာ မြန်မာနိုင်ငံသားမွတ်စလင်မ်တွေအတွက် သမိုင်းဝင်မိန့်ခွန်းတစ်ရပ်လည်း ဖြစ်ပါတယ်။

    ၁၉၄၅-ခု ဒီဇင်ဘာ (၂၄၊ ၂၅၊ ၂၆)မှာ ပျဉ်းမနားမြို့၌ ပြည်လုံးကျွတ် ဗမာမွတ်စလင်မ်မျက်နှာစုံညီ အစည်းအဝေးကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပရာ ဖဆပလအဖွဲ့ ဥက္ကဌကြီး ဗိုလ်ချုပ်အောင်ဆန်း မတက်ရောက်နိုင်ခဲ့သော်လည်း ဖဆပလဌာနချုပ် ကိုယ်စားလှယ်အဖြစ် သခင်ဝတင်တို့ တက်ရောက်ခဲ့ပါတယ်။ မျက်နှာစုံညီအစည်းအဝေးကြီးမှာ ဆရာကြီး ဦးရာဇတ်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ရပြီး ဆရာကြီးတင်သွင်းသည့် ‘ဗမာမွတ်စလင်မ်ကွန်ဂရက်’အမည်ကို ရွေးချယ်ခဲ့ကြပါတယ်။ အဲ့ဒီ ညီလာခံမှာပဲ အဆို(၄)ရပ်တင်သွင်းခဲ့ကြပြီး ဗမာကို ဗမာကသိရေး၊ ဗမာမွတ်စလင်မ်တိုင်းရင်းသားများသည် အစ္စလာမ်ဘာသာ ကိုးကွယ်ကြသည့် ဗမာအမျိုးသားများဖြစ်ကြသည်ဟူသော ကြွေးကြော်သံနှစ်ခုလည်း ထွက်ပေါ်လာခဲ့ပါတယ်။

    ၁၉၄၆-ခု စက်တင်ဘာ ၂၃-ရက်နေ့ သာစည်မြို့မှာကျင်းပတဲ့ အိုလမာအဖွဲ့ချုပ်စတင်ဖွဲ့စည်းမည့် ညီလာခံသို့ တက်ရောက်ခဲ့ပြီး တိုင်းရင်းမွတ်စလင်မ်တို့အား ကျမ်းစာများ၏ အမိကျမ်းမြတ်ကုရ်အာန်ကို အဓိပ္ပါယ်ယတ္ထနှင့်တကွ သိနားလည်ရန် လိုအပ်ကြောင်း ရှင်းလင်းမိန့်ကြားခဲ့ပြန်တာကို ကြည့်ခြင်းအားဖြင့်လည်း မြန်မာနိုင်ငံသား မွတ်စလင်မ်တွေအတွက် သောကကြီးမားခဲ့တာကိုလည်း မြင်တွေ့ရပြန်ပါတယ်။ ဒီဇင်ဘာ ၆-ရက်မှ ၈-ရက်ထိ ရန်ကုန်မြို့ ဇိနသ်အစ္စလာမ်မိန်းကလေးကျောင်းမှာ ကျင်းပတဲ့ ဗမက ပြည်လုံးကျွတ် ညီလာခံကြီးမှာ ဗမာမွတ်စလင်မ်တို့သည် လူနည်းစုလော လူများစုလောဟူ၍ နှစ်ဘက်သဘောကွဲလွဲနေသည်ကို ဆရာကြီးရဲ့ သဘာပတိမဲဖြင့် ဗမာမွတ်စလင်မ်ကို လူများစုအဖြစ် ဆုံးဖြတ်လိုက်ခဲ့ကြပါတယ်။

    ၁၉၄၅-ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ဖဆပလအဖွဲ့ရဲ့ ပထမဦးဆုံး ဥက္ကဌအဖြစ် ရွေးချယ်ခန့်အပ်ခြင်းလည်း ခံခဲ့ရပြီး ၁၉၄၇-ခုနှစ် ဧပြီလမှာ ကျင်းပတဲ့ တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲမှာတော့ မန္တလေးမြို့အရှေ့ပိုင်း အမတ်အဖြစ် ရွေးကောက်ခြင်း ခံခဲ့ရပါတယ်။

    မန္တလေး ဥပစာကောလိပ် အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ရန် ကြိုးစားခဲ့ပြီး မန္တလေးတက္ကသိုလ်ကြီးသည် ဆရာကြီးဦးရာဇတ်နှင့် ဦးကိုလေးတို့ နှစ်ဦး ပူးပေါင်းအားထုတ်မှုရဲ့ ရလဒ်အဖြစ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ မန္တလေးတက္ကသိုလ်ရဲ့ ပထမဦးဆုံးဆောက်လုပ်တဲ့ အဆောင်ကို နောင်အခါမှာ ဆရာကြီးအား ဂုဏ်ပြုတဲ့အနေနဲ့ ‘ရာဇတ်ခန်းမဆောင် (Razak Hall)’လို့ အမည်ပေးထားခဲ့ပြီး ယခုအခါ မန္တလေးတက္ကသိုလ်ရဲ့ စာကြည့်တိုက်ဖြစ်လာပါတယ်။

    ပညာရေးနဲ့ပတ်သက်ပြီး မန္တလေးတက္ကသိုလ်တည်ထောင်ပြီးလျှင် ပါဠိတက္ကသိုလ်ကြီးတစ်ခု တည်ထောင်ရန်လည်း ဆရာကြီးအနေနဲ့ ကြိုးစားခဲ့ပြန်ပါတယ်။ ယနေ့မြင်တွေ့နေရတဲ့ ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်တွေရဲ့ ရှေ့ပြေးလို့ပင် ပြောစမှတ်ပြုနိုင်ပါတယ်။

    ဆရာကြီး ဦးရာဇတ်ဟာ အမိတိုင်းပြည်ကို တန်ဖိုးထား ချစ်မြတ်နိုးပြီး ဘာသာ သာသနာကို ကြည်ညိုလေးစားသည့် တိုင်းရင်းသား တိုင်းရင်းဖွားများ ညီညွတ်ရေးကို အထူးမျှော်မှန်းခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပြီး သံဃာတော် ဆရာတော်ကြီးများ၏ လေးစားချစ်ခင်ခြင်းကို ခံယူရရှိခဲ့သည်မှာ ဆရာကြီးဦးရာဇတ်၏ အားကျ အတုယူဖွယ် ထူးချွန်သော အရည်အချင်းများအနက် တစ်ခုပင်ဖြစ်ပါတယ်။

    ဘာသာ လူမျိုးပေါင်းစုံ၊ သံဃာတော် ဆရာတော်ကြီးများ၏ လေးစားချစ်ခင်ခြင်းခံရတဲ့ ဆရာကြီးဦးရာဇတ်ဟာ တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း ၁၉၄၇-ခု၊ ဇူလိုင်လ ၁၉-ရက် မနက် ၁၀း၃၇ နာရီမှာ မသမာသူ လူတစ်စုရဲ့ သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံ သတ်ဖြတ်မှုကြောင့် အတွင်းဝန်ရုံးမှာ ဗိုလ်ချုပ်အောင်ဆန်းတို့နှင့်အတူ သွေးအိုင်ထဲမှာ တိုင်းပြည်အတွက် အသက်ပေးသွားခဲ့ရတဲ့ အာဇာနည်တစ်ဦးဖြစ်လာပါတော့တယ်။

    ဆရာတော် ဦးကုသလကလည်း ဆရာကြီးကို အလေးထားခဲ့ပုံမှာ – “ခရိုင်ဖဆပလကို ဖွဲ့စည်းမှာမို့ မန္တလေးခရိုင် ဖဆပလအဖွဲ့ ဥက္ကဋ္ဌကို မိမိတို့ ကြိုက်နှစ်သက်ရာ ပုဂ္ဂိုလ် များကို ရွေးချယ်ပေးပါရန် ဗိုလ်ချုပ်အောင်ဆန်းက တင်ပြလိုက်တယ်။ မန္တလေးမှာ သခင်တစ်ယောက်ကနေပြီး ဘာပြောလဲဆိုရင် ‘မန္တလေးဟာ နောက်ဆုံး နေပြည်တော်ရဲ့ မြို့တော်ဖြစ်ကြောင်း၊ နောက်ပြီး ဗုဒ္ဓဘာသာသာသနာ ထွန်းကားတဲ့နေရာလဲဖြစ်ကြောင်း၊ ဆရာကြီး ဦးရာဇတ် လို ကုလားတစ်ယောက်ကို ဥက္ကဋ္ဌအဖြစ်တင်မြှောက်တဲ့ကိစ္စဟာ မသင့်ပါကြောင်း။ သူ့အစား (အခြားတစ်ယောက်)ကိုသာ ရွေးချယ် တင်မြှောက်သင့်ကြောင်း’အဆိုကို တင်သွင်းဆန္ဒမဲပေးခဲတယ်။ ဂျပန်တွေလက်နက်မချခင် အထက်မြန်မာပြည် ဖဆပလဖွဲ့မယ့် အချိန်တုန်းက သခင်တွေအားလုံး အကြောင်းအမျိုးမျိုးပြပြီး လက်မခံ ကြဘူး။ ဒီလိုငြင်းနေကြတော့ ဖတပလဥက္ကဋ္ဌတင်ဖို့ လူရှာ မတွေ့ တာနဲ့ အထက်မြန်မာပြည် ဖတပလ အဖွဲ့ကို မဖွဲ့နိုင်ဘူး။ တစ်ပတ်လောက်နေမှ ဆရာကြီးဦးရာဇတ်ကို သတိရတော့ ဆရာကြီး ဦးရာဇတ်ဆီ ပြေးရတယ်။ ဆရာကြီးကိုပြောတော့ ဖတပလဥက္ကအဖြစ် ရွေးချယ်တာကို သူလက်ခံလိုက်တယ်။ ‘ဘယ်သူမှ လုပ်ချင်တဲ့လူမရှိတုန်းက မွတ်စလင်ကုလားဆိုတဲ့လူကြီးက ဥက္ကဋ္ဌတာဝန်ကို ယူပေးခဲ့တာပါ။ အခုမှ တိုင်းပြည်ကြီး အန္တရာယ် ကင်းရှင်းတော့မှ ဒီကုလားကြီးနဲ့ ဒီမင်းနေပြည်တော်မြို့ကြီးနဲ့ မသင့်တော်ဘူးလို့ ပြောမှ ပြောတတ်ပလေတယ်။ ဒါတွေကို စဉ်းစား ကြည့်ပေါ့။ အဲဒီတော့ ဘုန်းကြီးတို့ရဲ့ဆန္ဒဟာ ဟိုတုန်းကလဲ အနစ်နာခံဥက္ကဋ္ဌလုပ်ခဲ့တာ ဒီဆရာကြီးဦးရာဇတ်ပဲ။ အခုလဲ ဒီဆရာကြီး ဦးရာဇတ်ကိုပဲ ပြန်တင်သင့်တယ်”ဆိုတာ ဆန္ဒပြုကြောင်း ရှင်းလင်းတင်ပြလိုက်တယ်။ (ဆရာတော် ဦးကုသလ-တိတ်ခွေ)
    ဆရာမကြီး လူထုဒေါ်အမာကလည်း – “ဆရာကြီးက ကျွန်မတို့ဆရာကြီးလေ၊ ကျွန်မတို့အမျိုးသား နေရှင်နယ်ကျောင်းက (၁၀)တန်းအောင်လာခဲ့တာ၊ ဆရာကြီးတို့ မွေးပေးလိုက်တဲ့ အမျိုးကိုချစ်တတ်ဖို့၊ အများအတွက် ကိုယ်ကျိုးအနစ်နာခံဖို့ဆိုတဲ့စိတ်တွေဟာ ကျွန်မတို့တစ်သက်လုံးအဖို့ ခုထက်ထိ ပဲ့ကိုင်ထိန်းကျောင်းပေးနေတာဆိုတော့ ဆရာကြီးရဲ့ ကျေးဇူးက ကြီးပါတယ်။ ကျွန်မစာရေးဆရာဖြစ်လာရတာ ဆရာကြီးရဲ့ တိုက်တွန်းအားပေးမှုကြောင့်၊ မေတ္တာစေတနာ ကြောင့်လို့ ကျွန်မက တစ်သက်လုံး ခံယူပြီး အမြဲ သတိရနေတာပါ။ ဆရာကြီးမစ္စတာရာဇတ်နဲ့ ဆက်ဆံရတာကတော့ ဗမာတွေကလဲသူ့ကို ဗမာတစ်ယောက်လို၊ ညီရင်းအစ်ကိုလို ဆက်ဆံကြ တာပဲ။ မွတ်စလင်မ်တွေကလဲ သူ့ကို မွတ်စလင်မ်တစ်ယောက်အတိုင်း ဆက်ဆံတာပါပဲ။ ဆရာကြီးမှာ ဗမာနဲ့တစ်သားတည်းပေါင်းထားတဲ့ ပြောဆိုလုပ်ကိုင်မှုတွေ အပြည့်အ၀ရှိပါတယ်။ ဗမာမွတ်စလင်မ်တွေဆိုပြီး ခွဲခြမ်းခွဲခြမ်းလုပ်မှု ဘယ်တော့မှ မရှိပါဘူး။ ဆရာကြီးအပြုအမူအနေ ထိုင်ဟာ အတုယူစရာ အလွန်ကောင်းပါတယ်။ ကျွန်မတို့နိုင်ငံဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပေါင်းစည်း နေထိုင်ကြတဲ့ ပြည်ထောင်စုနိုင်ငံဖြစ်လေတော့ ဆရာကြီးရာဇတ် ထားရှိတဲ့ စိတ်ဓာတ်မျိုးသာထားရှိကြရင် အချင်းချင်း စည်းလုံး ညီညွတ်ရေးဟာ တကယ်ခိုင်မာနိုင်ပါတယ်။ ဆရာကြီးဟာလဲ သူ့တစ်သက် မြန်မာပြည်သူတွေရဲ့ အကျိုးကို တတ်နိုင်သလောက် ဆောင်ကြဉ်းသွားပြီး တပည့်တပန်းနဲ့ လုပ်ဖော် ကိုင်ဖက်တွေကို နမူနာကောင်းပြသွားနိုင်တဲ့ ပုဂ္ဂိုလ်ကြီးပေမို့ ထာဝစဉ်လေးစားမြတ်နိုးလျက်သာရှိပါတယ်။ (လူထုဒေါ်အမာ)

    အခု ဇူလိုင်လ (၁၉)ရက် အာဇာနည်နေ့မှာဆိုရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ဆရာကြီးဦးရာဇတ်အပါအ၀င် နိုင်ငံခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရတာ ၆၆-နှစ်တိုင်ခဲ့လေပြီ။ ဒါပေမယ့် အာဇာနည်နေ့ကိုတော့ မမေ့သင့်ပါပေ ဆိုတဲ့ စာသားအတိုင်း အာဇာနည်နေ့နဲ့အတူ ဆရာကြီးဦးရာဇတ်အပါအ၀င် အာဇာနည်ခေါင်းဆောင်ကြီးများကို အမြဲ လွမ်းဆွတ်တသ ဂုဏ်ယူနေကြဦးမှာပါ။

    ဘာသာလူမျိုးတိုင်းရဲ့ နှလုံးသားမှာ ဆရာကြီးဦးရာဇတ်ရဲ့ ပုံရိပ်က စွဲထင်ကျန်နေခဲ့တာ ယခုဆိုရင် ၁၁၅-နှစ်ပြည့်မြောက်ခဲ့ပြီးပါပြီ။ ဆရာကြီးဦးရာဇတ်ကို အောက်မေ့တသတဲ့ ဂုဏ်ပြုအခမ်းအနားကို ၂၀၁၂-ခုနှစ်က မန္တလေးမြို့မှာ ရဟန်းသံဃာများနှင့် လူမျိုးဘာသာပေါင်းစုံ ပါဝင်ခဲ့ကြသလို အခု ၂၀၁၃-ခုနှစ်မှာ အာဇာနည်ခေါင်းဆောင်ကြီးများဂုဏ်ပြုပွဲနှင့် ဆရာကြီးဦးရာဇတ် (၁၁၅)နှစ်မြောက် အခမ်းအနားကို ရန်ကုန်မြို့မှာလည်း ရဟန်းသံဃာများ၊ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ အလွှာအသီးသီးမှ ဆရာကြီးအား မြတ်နိုးလေးစား အလေးထားသူများက ပါဝင်ကျင်းပနိုင်ခဲ့တာဟာလည်း ဆရာကြီးဦးရာဇတ်အတွက် ဂုဏ်ယူဖွယ်ရာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

    –  ကိုလိုနီခေတ် မြန်မာ့သမိုင်း အဘိဓာန်၊ မြဟန်
    –  စာရေးဆရာအမည်မခံလိုသော စာဆိုရှင် ဦးရာဇတ်၊ ကျော်ဝင်းမောင်
    –  မြန်မာ့စွယ်စုံကျမ်း
    –  ကျွန်မတို့အဖေ ကျွန်မတို့အမေ၊ ခင်ခင်စိန်၊ သွေးသောက်မဂ္ဂဇင်း၊ ၁၉၅၄ – ဇူလိုင်
    –  ဆရာကြီးဦးရာဇတ် အထ္ထုပ္ပတ္တိ(ပထမတွဲ)၊ ၀မ်းအိုဝမ်းကျော်ဝင်းမောင်
    –  မန္တလေး ၁၃၀၀-ပြည့် အရေးတော်ပုံမှသည် နယ်ချဲ့တော်လှန်ရေးသို့၊ ၀မ်းအိုဝမ်းကျော်ဝင်းမောင်
    –  စံပယ်ကြူလျှင် ပန်ချင်သူကောက်မြဲ၊ သုတေသီတစ်ဦး
    –  ၇၅-နှစ်မြောက် အမျိုးသားနေ့ စိန်ရတုသဘင်မဂ္ဂဇင်း။
    –  ဆရာကြီးဦးရာဇတ် ဆောင်းပါးများ၊ M-Media

  • မွှေးပျံ သင်းကြိုင် ရနံ့စုံ လှိုင်တဲ့နေ့

    ဇန်နဝါရီ ၂၅ ၊ ၂၀၁၃
    စိန်စံထိုက် (ဟံသာမြေ)
    M-Media

    ၂၀. ၁. ၂၀၁၃ တနင်္ဂနွေနေ့ နေ့လည် (၃) နာရီခန့်တွင် strand hotel ခန်းမကြီးအတွင်းမှာ ရနံ့စုံသင်းပျံတဲ့ ပန်းဥယျာဉ်ကြီးတစ်ခု ကောင်းကင်က ခုန်ဆင်းလာသလား မှတ်ရအောင် မွှေးပျံသင်းကြိုင် ရနံ့စုံလှိုင် ခဲ့ပါတယ်…။

    အကြောင်းကတော့ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား ဂုဏ်ပြုပွဲနှင့် ဆရာကြီး ဦးရာဇတ်၏ (၁၁၅) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားပွဲကြီးကို လူမျိုးစုံ၊ ဘာသာစုံတို့မှ ရဟန်းသံဃာ ၊ လူငယ်၊ လူကြီး အလွှာစုံမှ စုဝေးရောက်ရှိကာ နိုင်ငံကျော် အနုပညာရှင်များမှမြန်မာ့ ဇာတိသွေး ဇာတိမာန် တက်ကြွ စေမည့် အမျိုးသားရေး တေးသီချင်းများ သီဆိုခြင်းမှာ တက်ရောက်လာကြသူ ပရိသတ် အားလုံး ကြက်သီးမွှေးညှင်းများ ထလောက်အောင် မျိုးချစ်စိတ်များ တဖွားဖွား ပေါ်ပေါက်ခဲ့ရသောကြောင့်ပင် ဖြစ်လေသည်။

    13

    တေးသီချင်းများကို နားသောတဆင်ရင်း  နိုင်ငံတော်၏ ဆောင်ပုဒ်တစ်ခုဖြစ်သော “မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး” ဟူသောဆောင်ပုဒ်ကို အကောင်အထည် ဖော်နေသည့်အလား နှလုံးသားထဲ စွဲမှတ် ခံစားမိလျက်သား ဖြစ်ခဲ့ရပါသည်။

    အခမ်းအနားမှာကြွရောက်လာကြတဲ့ ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်များ ဗုဒ္ဓဘာသာဝင်များ၊ ခရစ်ယာန် ဘုန်းတော်ကြီးများနှင့် ခရစ်ယာန် ဘာသာဝင်များ၊ ဟိန္ဒူဆရာတော်များ၊ ဟိန္ဒူဘာသာဝင်များ၊ အစ္စလာမ် ဓမ္မကထိကများနှင့် အစ္စလာမ် ဘာသာဝင်များ တဖွဲဖွဲ ကြွရောက်လာကြသည့်မြင်ကွင်းမှာ အားရကျေနပ်ဘွယ် ပီတိဖြစ်ဘွယ်ရာပင် ဖြစ်တော့သည်။

    အခမ်းအနားတွင်  တက်ရောက် ဟောပြောကြသော သီတဂူဗုဒ္ဓတက္ကသိုလ်မှ ဆရာတော် အရှင်တိက္ခသာရ နှင့် ရှု့ထောင့်စုံမှ ပညာရှင် အသီးသီး၏ ဟောပြောချက်များတွင် တူညီသော အချက်မှာ ဆရာကြီး ဦးရာဇတ်အား ချီးမွမ်း ထောပနာ ပြုခြင်းပင် ဖြစ်ပေသည်။

    10

    16

    ဤသည်ကိုပင် ကျွန်တော့်အသိစိတ်တွင် လက်ကနဲ အသိတစ်ချက် ၀င်လာပြီး စဉ်းစား တွေးတောစရာများ ပေါ်လာခဲ့ရပေသည်။အကြောင်းမှာ ဆရာကြီး ဦးရာဇတ်သည် အစ္စလာမ် ဘာသာဝင် ဖြစ်ပါလျှက် နိုင်ငံအကျိုး၊ လူမျိုးအကျိုးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ရင်း တိုင်းပြည်အတွက် အသက်ကိုပင် ပေးဆပ်ခဲ့သူတစ်ဦး ဖြစ်ခဲ့ပြီး ဆရာကြီး၏ နောက်ပိုင်းတွင် အစ္စလာမ် ဘာသာဝင်များ အနက် ဗိုလ်မှုးကြီးဘရှင်၊ ဦးရာရှစ်၊ ဦးခင်မောင်လတ်၊ ဗိုလ်မှုးကြီးတင်စိုး၊ သံအမတ်ကြီး ဦးဖေခင်၊ ၀မ်းအိုဝမ်း ကျော်ဝင်းမောင်၊ ဆရာကြီး ဃာဇီမုဟမ္မဒ်ဟာရှင်(မ်)၊ ဆရာကြီးချယ် စသော နိုင်ငံအကျိုး၊ လူမျိုးအကျိုး၊ သာသနာ အကျိုးများကို စွမ်းစွမ်းတမံ ဆောင်ရွက်သည့် ပုဂ္ဂိုလ်များ ပေါ်ပေါက်ခဲ့ပါသော်လည်း ယခုနောက်ပိုင်း ကာလများတွင် ထိုထိုသော မျိုးချစ်အာဇာနည် ပုဂ္ဂိုလ်များ ပေါ်ပေါက်မှု မရှိတော့ဘဲ ယခင်က သမိုင်းဝင် ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ် အခမ်းအနားများပြုလုပ်ခြင်းဖြင့် လွမ်းဆွေး တမ်းတ သတိတရဖြင့် ရင်သပ်ရှုမော အလွမ်းတောထဲ ယောင်လည်လည် ဖြစ်နေခဲ့ကြ ရပေသည်။     ။        ။        ။

    ဒါသည်ပင် ကျွန်တော့် အတွက် များစွာ စဉ်းစား တွေးတောဘွယ်ရာ ဖြစ်ရပေတော့သည်။

    တကယ်ဆိုပါလျင် ဦးရာဇတ်ကိုယ်ပွါးများ တစ်စ တစ်စ တိုးပွါးလာသင့်ပါလျှက် ဤသို့ မဖြစ်ပေါ်ခြင်းမှာ . . .

    အစ္စလာမ်ဘာသာဝင်များသည် တိုင်းချစ်ပြည်ချစ် မျိုးချစ်စိတ် မရှိတော့၍လား?

    သို့တည်းမဟုတ်ပါက . . . ထိုသို့ မပေါ်ပေါက်အောင် စနစ်တကျ ဟန့်တားမှုများ ရှိနေသည်လား ဆိုသည်ကို အများစုမှ လေ့လာ သုံးသပ် အဖြေရှာရန် လိုအပ်ပေသည်။

    တကယ်ဆိုလျှင် အစ္စလာမ် ဘာသာ၏ အဆုံးအမတွင် “မိမိနေထိုင်သော တိုင်းပြည်ကို ချစ်မြတ်နိုးခြင်းသည် အီမာန်တည်းဟူသော ဘာသာရေး ယုံကြည်ချက်၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်သည်” ဟု လမ်းညွှန်ထားသည်ဖြစ်၍  အစ္စလာမ် ဘာသာဝင်မှန်လျှင် တိုင်းပြည် အကျိုးဆောင်ရွက်ရန် သာသနာ့တာဝန် တစ်ရပ်ဟု မှတ်ယူကြရမည် ဖြစ်ပေသည်။   ။          ။       ။

    ထိုအခမ်းအနားတွင် ဟောပြောသည့် ပုဂ္ဂိုလ်များ အားလုံး အထူးပင်ကောင်းမွန်လှပေသည်။ ထိုအကောင်းဆုံးများထဲမှ ကျွန်ုပ် အနှစ်သက်ဆုံးကိုဖေါ်ပြရမည်ဆိုပါက (အရှင်တိက္ခသာရကထိက သာသနာ့ဒဇဓမ္မာစရိယ(B.A,M.A) (သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်) မှ ဟောကြားသော ဗုဒ္ဓ၏ အဆုံးအမ တရားထူးဖြစ်သော

    “ဂရုဏာနဲ့ ပညာ ၂ပါး ရှိမှ လူသား အားလုံး ငြိမ်းချမ်းမှု ရမယ် ”

    “လူအချင်းချင်း လူလို မြင်တတ်တဲ့ ဂရုဏာစိတ် ရှိကြရမယ် ”ဟူသော ဟောပြောချက်သည်လည်းကောင်း၊

    သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာခင်မောင်ညွှန့် ဟောပြောတဲ့ “ကိုးကွယ်ချင်တဲ့ဘာသာ ကိုးကွယ်ပါစေ – ဘယ်မှာမွေးသလဲ၊ ဘယ်မှာ နေသလဲ ဆိုတာပဲ အရေးကြီးတယ်”ဟူသော ဟောပြောချက် တို့မှာ တကယ့်ကို အနှစ်သာရရှိတဲ့ တန်းဖိုးထား မမေ့အပ်တဲ့ တရားတွေပါလားလို့ ယုံကြည်မှု ဖြစ်ရပါတယ်။

    ဒါကြောင့် ကျွန်တော်တို့မြန်မာနိုင်ငံဖွါး မျိုးဆက်သစ် အစ္စလာမ်မောင်မယ်များဟာ ဒီလိုအခမ်းအနားတွေမှာ ပါဝင်ကြားနာပြီး ဆရာကြီးဦးရာဇတ်လို တိုင်းပြည်နဲ့လူမျိုးအတွက် ဘ၀တွေ ပေးဆပ်ရင်း အစ္စလာမ်ဘာသာဝင်တို့ရဲ့ ဂုဏ်ကိုမြှင့်တင်ကြရင်း၊ အတားအဆီးများရှိမယ် ဆိုရင်တောင် ထိုအတားအဆီးများကိုဖြတ်ကျော်ရင်း မိမိတတ်စွမ်းသမျှ ခွန်အားဖြင့် တိုင်းပြည်အကျိုး သယ်ပိုးကြပါစို့လို့ ဆန္ဒပြုရင်း . . .

    ဆရာကြီး ဦးရာဇတ် ရဲ့ ၁၁၅ ကြိမ်မြောက် အခမ်းအနားကြီးကို ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။

     

    စိန်စံထိုက် (ဟံသာမြေ)

  • မြွေဆိပ်ဖြေဆေးဝယ်ရန် ဂရုဏာရှင်အသင်းသို့ ဦးရာဇတ်(၁၁၅)နှစ်မြောက် ကျင်းပရေးကော်မတီမှ ငွေ ၂၃ သိန်းလှူဒါန်း

    ဇန်နဝါရီ ၂၀ ၊ ၂၀၁၃
    M-Media

    ဓါတ်ပုံ (Pathi Zaw Min Tun)
    ဓါတ်ပုံ (Pathi Zaw Min Tun)

    အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူးပြီး ဦးရာဇတ်(၁၁၅)နှစ်မြောက် မွေးနေ့အထိမ်းအမှတ် ကျင်းပရေးကော်မတီမှ ကရုဏာရှင်အသင်း (ညောင်ဦးမြို့) သို့ အများပြည်သူတို့ အတွက် မြွေဆိပ်ဖြေဆေး အလုံး (၁၄၀) ၀ယ်ယူ လှူဒါန်းနိုင်စေရန် ငွေကျပ် ၂၃၁၀၀၀၀ (နှစ်ဆယ့် သုံးသိန်း တစ်သောင်းကျပ်) ကိုအထိမ်းအမှတ် အခမ်းအနား ကျင်းပနေစဉ်မှာပင် ပေးအပ် လှူဒါန်းခဲ့ကြာင်း သိရပါတယ်။

    အာဇာနည်အမျိုးသား ခေါင်းဆောင်ကြီးများ ဂုဏ်ပြုပွဲနှင့်ဆရာကြီး ဦးရာဇတ်(၁၁၅)နှစ်မြောက် မွေးနေ့ အခမ်းအနားကို တနင်္ဂနွေနေ့ က ရန်ကုန်မြို့ The Strand Hotel တွင် ကျင်းပ ပြုလုပ်တာဖြစ်ပြီး အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ၊ ဘာသာပေါင်းစုံမှ ဆရာတော်များ ခေါင်းဆောင်များ၊ နိုင်ငံရေးနယ်ပယ်မှ ခေါင်းဆောင်များ၊ သံတမန်များ၊ ဆရာကြီး၏ တပည့်သားမြေးများ၊ဆရာကြီးအား ချစ်ခင်လေးစား ကြည်ညှိကြသူ မြန်မာပြည် တလွှားမှ ဧည်သည်တော်များ နှင့် သတင်းမီဒီယာများ တက်ရောက်အားပေး ဂုဏ်ပြုခဲ့ကြပါတယ်။

    ဂရုဏာရှင်အသင်း(ညောင်ဦးမြို့) ၏ FaceBook စာမျက်နှာ