News @ M-Media

Tag: အတွေ့အကြုံ

  • ချစ်ခြင်းဖြင့် တည်ဆောက်ယူပါ…

    ချစ်ခြင်းဖြင့် တည်ဆောက်ယူပါ…

    ဇန်နဝါရီ ၂၁ ၊ ၂၀၁၆
    M-Media
    ပျံလွှား ရေးသည်။

    No one is born

    ဒီနေ့ ကျောင်းကအပြန် ၂၀၂ ကားလိုင်းပေါ်က ဖြစ်ရပ်လေးတစ်ခုက ဘာသာရေးနဲ့ လူမျိုးရေး နဲ့ ပဋိပက္ခတွေနဲ့ ကမ္ဘာချီ နာမည်ဆိုးရနေတဲ့ နိုင်ငံအတွက် ကျွန်တော့်ရင်ထဲမှာ မျှော်လင့်ချက်တစ်ခု ပီတိနဲ့ယှဉ်ပြီး ဖြစ်ခဲ့ရပါတယ်။

    ကြပ်သည်လည်းမဟုတ် ချောင်သည်လည်းမဟုတ်တဲ့ ကားပေါ်အနေအထားမှာ ကျွန်တော်နဲ့ မျက်နှာချင်းဆိုင် ဘက်အခြမ်းမှာ ၄-၅နှစ်အရွယ် ကလေးငယ်တစ်ဦးကို ချီပွေ့ထားသော လူကြီးပိုင်းတစ်ယောက်နဲ့ အခြားလူလတ်ပိုင်းတစ်ဦး။

    ကလေးကို ပွေ့ချီထားတဲ့ လူကြီးက အသားခပ်လတ်လတ်နဲ့ ယနေ့ခေတ်အမြင်နဲ့ ဗမာဟု ယေဘူယျမှတ်ယူနိုင်သည့်ပုံစံမျိုး။

    လူလတ်ပိုင်းကတော့ ယဉ်ကျေးစွာပြောလိုလျှင် အသားညို၊ ဒဲ့ပြောလျှင်တော့ အသားမည်းမည်းပေါ့၊ မုတ်ဆိတ်ပါသည်။ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အရပ်ခေါ်တိုင်း အများခေါ်သည့်အတိုင်း ခေါ်မည်ဆိုလျှင် ကုလားဟု ခေါ်ခံရမည့် ပုံစံ။

    သူတို့နှစ်ဦးတွင် တူညီတာက နှစ်ဦးစလုံး ရှပ်အင်္ကျီနှင့် လုံချည်ကို ဝတ်ဆင်ထားခြင်းပင်။ တူညီမှုထဲက မတူညီတာက လူကြီးပိုင်းသူက အင်္ကျီ လက်ရှည်ကို ဝတ်ဆင်ထားပြီး အင်္ကျီအောက်စွန်းကို လုံချည်ထဲ သေသေသပ်သပ်ထည့်က ဝတ်ဆင်ထားသည်။

    လူလတ်ပိုင်းသူကတော့ အင်္ကျီလက်တိုကို အပြင်ထုတ်ဝတ်ထားသည်။
    နောက်တူညီမှုတစ်ခုကတော့ သူတို့ နှစ်ဦးစလုံး အပြုံးကိုယ်ဆီဖြင့် ပွင့်လင်းခင်မင်သည့် အမူအရာဖြင့် တစ်ဦးကို တစ်ဦး စကားပြောဆိုနေကြခြင်းပါ။

    အဲ့ဒီနောက် ကျွန်တော်လည်း လှမ်းနေသည်က တစ်ကြောင်း၊ ကိုယ့်အတွေးနဲ့ ကိုယ်ကတစ်ကြောင်းဖြင့် လိုက်ပါလာပြီး အမှုမဲ့အမှတ်မဲ့ဖြစ်သွားသည်။

    အဝိုင်းမှတ်တိုင်ရောက်ခါနီးမှာ ကားအပေါက်ဘက်ကို အမှတ်မထင် အာရုံပြုမှုလိုက်သည့်အချိန် လူကြီးပိုင်းသူက သားငယ်လေးကို ပွေ့ချီလျက် ဆင်းရန်ဟန်ပြင်နေပြီး သူ့ကလေးငယ်ကို “သားရေ ဦးဦးကို နှုတ်ဆက်လိုက်ဦး” ဆိုပြီးပြောလိုက်သံကြားလိုက်သည်။

    “ဦးဦး သွားတော့မယ် တာ့တာ” ဆိုပြီး လက်ဝှေ့ကာ အပြစ်ကင်း လှိုက်လှဲစွာ ပြုံးပြပြီး သူတို့ နှစ်ဦး ဆင်းသွားကြသည်။ ထိုအချိန် လူလတ်ပိုင်းသူမှာ ပြုံးလျက် ကားပေါ်တွင် ကျန်ခဲ့ကာ ဆက်လိုက်ပါလာခဲ့ပါတယ်။

    ဒီမိနစ်ပိုင်း အဖြစ်အပျက်လေးက ကျွန်တော့်ခေါင်းထဲကို အတွေးပေါင်းများစွာကို ဝင်ရောက်စေခဲ့ပါတယ်။

    အသားအရောင် အမျိုးနွယ် ပုံစံ (ဘာသာတရားလည်း ကွဲပြားမယ်လို့ ယူစမိပါတယ်၊ ဒါပေမယ့် ဘာသာတရားများဟာ ကန့်သတ်မှုကို လွန်မြောက်တဲ့အတွက် အသားအရောင် မျက်နှာအသွင်အပြင်စတာတွေနဲ့ မခွဲကောင်းတဲ့ အတွက် အတိအကျတော့ မပြောနိုင်ပါ)စတာတွေ မတူတဲ့ လူနှစ်ဦး ဘာကြောင့် တူညီစွာ တစ်ဦးကိုတစ်ဦး ပြုံးပြနိုင်ကြတာလဲ။

    ပြုံးရုံတင်မကဘဲ မိမိရဲ့ မျိုးဆက်ဖြစ်တဲ့ ကလေးငယ်လေးကိုပါ ကိုယ်နဲ့ မတူကွဲပြားတဲ့ သူတစ်ဦးကို ဟက်ဟက်ပက်ပက် ရိုးသားစွာ ပြုံးပြတတ်အောင် သင်ပေးနိုင်ရတာလဲ။

    ကျွန်တော် ငြိမ်းချမ်းရေး လူသားကြီး နယ်လ်ဆင် မင်ဒဲလား Nelson Mandela ရဲ့ စကားကို တွေးမိနေရင်း…

    “No one is born hating another person because of the color of his skin, or his background, or his religion. People must learn to hate, and if they can learn to hate, they can be taught to love, for love comes more naturally to the human heart than its opposite.”

    (ဘယ်သူကမှ အခြားသူတစ်ယောက်ကို သူရဲ့ အသားရောင်၊ နောက်ကြောင်း ဒါမှမဟုတ် ဘာသာတရားကြောင့်ဆိုပြီး မုန်းတီးပြီး မွေးလာတာ မဟုတ်ပါဘူး။ မုန်းဖို့ဆိုတာလည်း သင်ယူရတာပဲ။ မုန်းဖို့သင်ယူနိုင်ရင် ချစ်တတ်ဖို့ သင်ပေးနိုင်တာပဲ။ ချစ်ခြင်းမေတ္တာက အမုန်းတရားထက် စာရင် လူသားရဲ့ နှလုံးသားနဲ့ ပိုနီးပါတယ်။)

    မှတ်ချက် – မနှစ်တုန်းက ကိုယ်တွေ့ဖြစ်ရပ်လေးကို ရေးထားပြီး အခုမှ မျှဝေဖြစ်တာပါ။

  • ကုလား ဌေးမြင့်လား? ကရင် ဌေးမြင့်လား?

    ကုလား ဌေးမြင့်လား? ကရင် ဌေးမြင့်လား?

    စက်တင်ဘာ ၁ ၊ ၂၀၁၅
    ရေးသူ-  ညီညီကျော်
    11953111_719026008241198_4690043030010813177_n
    မနေ့ကညနေ…..ဆွေမျိုးတစ်ယောက်ရဲ့ကျန်းမာရေး ကိစ္စနဲ့ ဆွေးနွေးချင်လို့ တော်တော်ခင်မင်တဲ့ မိတ်ဆွေ ခွဲစိတ်အထူးကု ဆရာဝန် တစ်ယောက်ဆီဖုန်းဆက်ဖြစ်ပါတယ်။

    သူကဆေးခန်းထိုင်နေကြောင်းအပြန်မှာ အိမ်ကိုဝင်လာမယ့် အကြောင်း ပြောပါတယ်။

    ဒါနဲ့ကျွန်တော်က အိမ်မှာငါမရှိဘူး အပြင်ရောက်နေတယ် မင်းဆီငါအခုဝင်လာမယ် လမ်းလည်းကြုံနေတာပဲလို့ပြောပြီး သွားတွေ့ဖြစ်ပါတယ်။

    ကျွန်တော့် သူငယ်ချင်း ထိုင်တဲ့ဆေးရုံလည်း ရောက်ရော အောက်ထပ်မှာတွေ့တဲ့ သူနာပြုဆရာမလေး တစ်ယောက်ကို ကျွန်တော် ဒေါက်တာဌေးမြင့် နဲ့တွေ့ချင်လို့ပါ၊ ဖုန်းဆက်ထားပါတယ်လို့ ပြောပြပြီး လေးလေးစားစား အကူအညီတောင်းပါတယ်။

    သူနာပြုဆရာမလေး။        ။ တွေ့ချင်တာ ကုလား ဌေးမြင့်လား၊ ကရင် ဌေးမြင့်လား ၊ရှေ့မှာ ဒေါက်တာတပ်မခေါ်ပါဘူး။

    ညီညီကျော်။            ။ ကဲ…. ညီမရေ ကုလား ဒေါက်တာဌေးမြင့်က ကိုယ့်သူငယ်ချင်းပါ။ ကုလား ဒေါက်တာ ညီညီကျော် လာတွေ့ တယ်လို့ပြောပေးပါ။

    သူနာပြုဆရာမလေး ။        ။ဟုတ်ကဲ့ပါရှင်လို့ပြောပြီး….ခွေးချီးပုံ လတ်လတ်ဆတ်ဆတ် ပေါ်မှောက်လဲတဲ့ မျက်နှာမျိုးနဲ့ ဆေးခန်းထဲ ပြေးဝင်သွားပါတော့တယ်။

    ကျွန်တော် မိတ်ဆွေနဲ့တွေ့ပြီး ဆေးခန်းကပြန်တော့ ကောင်တာ ကျောပေးပြီး ထိုင်နေတဲ့ သူနာပြုဆရာမလေးကို သွားတွေ့ပြီးကူညီမှုအတွက် ကျေးဇူးတင်ပါကြောင်း ၊ ကျွန်တော် ကုလား ဒေါက်တာ ညီညီကျော် ဖြစ်ပါကြောင်း visiting card လေးပေးရင်း နှုတ်ဆက်ဖြစ်အောင်သွား နှုတ်ဆက်လိုက်ပါသေးတယ်ခင်ဗျ….

    ဆရာမလေးရဲ့ ဟန်ဆောင်မချိပြုံး ပြုံးထားတဲ့ မျက်နှာပေါ်မှာ သူမရဲ့နှလုံးသားရောင်ပြန်လေးဟပ်လို့ပေါ့။

    နေရာတိုင်းမှာဘာတွေဖြစ်ကုန်တာလဲ???

    အာဏာဆိုတဲ့အရာ တစ်ခုတည်မြဲဖို့ အတွက် တစ်နိုင်ငံလုံးရဲ့စိတ်ဓာတ်တွေကို လူ့အဆင့်အတန်း မမီအောင် ဖျက်ဆီးပစ်ရတာ ထိုက်တန်ပါရဲ့လား???

    အပြန်မှာ ကားဒရိုင်ဘာက ဆရာဘာတွေသဘောကျပြီး ပြုံးနေတာလဲလို့မေးပါရဲ့…..ညီညီကျော် မှာအဖြေမရှိပြန်ပါဘူး။

    မေတ္တာဖြင့်
    ဒေါက်တာ ညီညီကျော်

    **မှတ်ချက်။    ။ စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ဖော်ပြခြင်းဖြစ်သည်။

  • လေဒီဝေ နှင့် ရန်ကုန်ဈေးသည်များ

    လေဒီဝေ နှင့် ရန်ကုန်ဈေးသည်များ

    စက်တင်ဘာ ၇၊ ၂၀၁၄
    M-Media
    -မဝေ(လရိပ်ပြာ) ရေးသည်။
    DSC_3501
    လေဒီဝေတို့ မိသားစု ၁.၆.၁၄ နေ့က မြောင်းမြရွှေမြို့တော်ကြီးကနေ ရန်ကုန်ရွှေမြို့တော်သို့ အပြီးအပိုင် ပြောင်းရွှေ့လာခဲ့ကြပါတယ်။ ရန်ကုန်မြို့ရဲ့ တာမွေမြို့နယ်ထဲမှာ တိုက်ခန်းနဲ့ နေပါတယ်။ ရန်ကုန်မြို့ နံနက်မိုးလင်းတာနဲ့ ဈေးသည်ပေါင်းစုံရဲ့ အော်သံကြားရပါတော့တယ်။

    “ပဲ………….ပြုတ်”
    “လယ်………ထဲ…တိုး……ဝင်”
    “ကြောင်ကြီးသုပ်”
    “တိုဖူးသုပ်”
    “ကြာဇံချက် ”
    “တပ်တရာ ပူပူလေး”
    “ရေသန့်ရမယ် ရေသန့်”
    “ဖလုတ်လုံး…..”
    “ဆံ…….ကျွတ်……..တွေဝယ်တယ်။”
    “အီမြိုက်……..ပစ်အုံးမလား”
    “ကြွက်ကြော်ပူပူလေး”
    “စိတ် ……စိတ်….စိတ်……..”
    “ပါမုန့်…….ပါမုန့်…”

    ဈေးသည်တွေရဲ့အော်သံကြားတော့ သားရေ ဘာတွေရောင်းနေလဲမသိဘူး။ နားလည်တဲ့ဟာတော့ နားလည်တယ်။ နားမလည်တဲ့ဟာကျတော့ “ကြောင်ကြီးသုပ်တဲ့” မေမေရေ ရန်ကုန်က လူတွေ ကြောင်တောင် သုပ်စားရောင်းစားတယ်။ “မဟုတ်ဘူးသားရဲ့” ရှောက်သီးသုပ်ရောင်းတာ။ “ဟော ကြွက်ကြော် ကြွပ်ကြွပ်လေးတဲ့ ရန်ကုန်မှာ ကြွက်ကြီးတွေက လမ်းပေါ်တောင်သွားနေတာ အဲ့ဒါဖမ်းပြီး ရောင်းတာထင်တယ်။ မဖြစ်နိုင်ဘူး၊ ခေါ်မေးစမ်း။ မစားဘဲနဲ့ မမေးချင်ပါဘူး။

    “လယ်ထဲတိုးဝင်တဲ့” ဘာသည်လဲ ခေါ်ကြည့်စမ်း

    “လာပါအုံး” ဘာလဲ  “ပဲပြုပ်လေ” အဲ့ဒါကို နင်ဘယ်လိုအော်တာလဲ အော်ပုံကထူးစမ်းလှချည်လား။

    “ဖလုတ်လုံး” ယောက်ျား ဘာတွေရောင်းလည်း လှမ်းကြည့်စမ်း …… ဝါးလုံးတွေထမ်းလာတာ မြင်မှ အော် ဝါးလုံးကိုး”

    အီမြိုက် ပစ်အုံးမလား?

    မေမေရှေ့မှာ အော်နေပြန်ပြီ ဘာသည်လည်း မသိဘူး ထွက်ကြည့်အုးံ “သြော် အမှိုက်သမားပါ။”

    အမယ်လေး ရန်ကုန် ဈေးသည်တွေရယ် ကိုးရီးယား ကားထဲကလို အောက်က စားတမ်းထိုး ဘာသာပြန်ပေးကြပါဦး……..

    ဟိုအရင်လွန်ခဲ့တဲ့ အနှစ် ၂၀ လောက် တုန်းက နယ်မှာနေတုန်း လေဒီဝေရဲ့ သူငယ်ချင်းက ရန်ကုန်ကို မိန်းမခိုးပြေးတယ်။ ရန်ကုန်က သူငယ်ချင်းအိမ်တစ်အိမ်မှာ သွားတည်းတယ်။ နယ်ကလူတွေရဲ့ထုံးစံ မနက်စောစောနိုးတယ်။ အိမ်ရှင်တွေက မထကြသေး။ စုံတွဲအသစ်စက်စက် စောစောစီးစီး ဗိုက်ဆာ အိမ်ရှင်မနိုးသေး။ မိုးတွေကလည်းရွာ…

    တိုက်ရှေ့ လမ်းမပေါ် ဈေးသည် တစ်ဦးပြီးတစ်ဦး အော်ပြီးသွား……….သူငယ်ချင်းရဲ့မိန်းမက ကိုရေဗိုက် ဆာပြီ ဒီတခါလာတဲ့ဈေးသည်ကို ဝါရံတာကနေ ခေါ်ပြီးဝယ်ရအောင်ဆိုတော့ အေးကောင်းတယ်၊ ဒီတခါဘာသယ်လာလာ ခေါ်ရအောင်။

    “မိုး….စို…..စီး …….တွေ…..မိုး………စို……စီး…..တွေ ရမယ်။”

    ဟောလာဘီခေါ်လိုက် –

    “လာပါအုံး” (စားစရာတစ်ခုခုမှတ်လို့)

    “ဆိုက်ကြီးလား ဆိုက်သေးလား ဘယ်နှစ်ရံယူမလဲ” ဈေးသည်က အပေါ်ကိုမော့ကြည့်ပြီးပြောတယ်

    “ဘာရောင်းတာလဲ”

    “ခုံဖိနပ်လေ”

    ဗိုက်ဆာနေတာ ခုံဖိနပ်ဝယ်စားမလား နင်ခုနကဘာအော်တာလဲ ….

    “မိုး….စို…..စီး …….တွေ…..မိုး………စို……စီး…..တွေ ရမယ်။”

    ရွှင်လန်းချမ်းမြေ့ပါစေ –

    မဝေ(လရိပ်ပြာ)

    နောက်ခံ ဓါတ်ပုံအညွှန်း- ရန်ကုန်မြို့တွင်း တစ်နေရာရှိ လမ်းဘေးဈေးသည်များအား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်) –

  • IIUM (Malaysia) ၏ ၂၇ ကြိမ်မြောက်ဘွဲ့နှင်းသဘင် အခမ်းအနား

    ကြိုးစားသူတို့အောင်ပွဲ (သို့မဟုတ်) IIUM (Malaysia) ၏ ၂၇ ကြိမ်မြောက်ဘွဲ့နှင်းသဘင် အခမ်းအနား ( Oct,2011 )

    ပညာရှာရန်ခရီးထွက်ပါ။ ကုရ်အာန် (၁၈း၆၆-၆၇)

    တရုတ်ပြည်ထိဝေးသော်လည်းပညာသွားရောက်ရှာဖွေပါ။(တမန်တော်မြတ် (ဆွ) )

    ပညာရှာရန်ထွက်သွားသူသည် ထိုသူအိမ်ပြန်မရောက်မချင်းအလ္လာဟ့်လမ်းတွင်ရှိနေသည်။(တမန်တော်မြတ် (ဆွ) )

    ကြိုးစားသူတို့၏အောင်ပွဲ (သို့မဟုတ်) ကျောင်းစာမေးပွဲများသာမက အခက်အခဲဟူသော စာမေးပွဲများကို အောင်မြင်စွာ ကျော်ဖြတ်ခဲ့သူတို့၏  ပန်းတိုင်သို့ ရောက်ရှိသောနေ့ဖြစ်ပါသည်။ အကြောင်းမှာ- မလေးရှားနိုင်ငံရှိ  International Islamic University Malaysia(IIUM) ၏ ၂၇ ကြိမ်မြောက်ဘွဲ့နှင်းသဘင် အခမ်းအနားကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၈ရက် ၉ ရက် နှင့် ၁၀ နေ့များတွင် IIUM ၏ CAC (Culture Activity Centre) တွင်ကျင်းပခဲ့ပါသည်။

    International University ဆိုသည့်အားလျော်စွာ နိုင်ငံအစုံမှ လာရောက်ပညာသင်ကြားကြသည့်အတွက် အဆိုပါဘွဲ့နှင်းသဘင်အခမ်းအနားတွင် နိုင်ငံစုံမှ degree  ဘွဲ့ရသူ ၊ master ဘွဲ့ရသူ ၊ Ph.d ဘွဲ့ရသူ ၊ များတက်ရောက်ခဲ့ကြပါတယ်။ မလေးရှား ကျောင်းသားကျောင်းသူများအပြင်၊ အင်ဒိုနီးရှား(Indonesia)၊ ဖီလစ်ပိုင်(Phillipines)၊ ထိုင်း(Thai) မြန်မာ(Myanmar)၊ တရုတ်(China)၊ ကမ္ဘောဒီးယား(Cambaudia)၊ ဆော်ဒီ(Saudi)၊ အီရတ်(Iraq)၊ ယီမင်(Yemen)၊ ပါလက်စတိုင်း(Plastine)၊
    တန်ဇန်းနီးယား(Tanzania)၊ ဂျီပူတီ(Djuputi)၊ ဘော့စနီးယား(Bosnia)၊   အလ်ဗေးနီးယား(Albania)၊ ဆီးရီးယား(Syria)၊ ဘင်္ဂလားဒေ့ရှ်(Banglesh)၊ ကိုဆိုဗို(Kosovo)၊ မော်လ်ဒစ်ဖ်(Maldivs)၊ ကင်ညာ(Kenya)၊ အာဖကန်နစ်စတန်(Afcan)၊ နိုင်ဂျီးရီးယား(Nigeria)  စသည့် နိုင်ငံအသီးသီးမှ လာရောက်သင်ကြားကြသော အရည်အချင်း ပြည့်ဝသော ကျောင်းသားကျောင်းသူတို့ကို ဘွဲ့ချီးမြှင့်ပေးသော အခမ်းအနားပင် ဖြစ်ပေသည်။

    မြန်မာတွင်ကျွန်မအစ်မများ၊ အစ်ကိုနှင့် ကျွန်မကိုယ်တိုင်ဘွဲ့ယူပြီးသည့်အတွက်ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ကျွန်မအတွက် အစိမ်းသက်သက်တော့ ဖြစ်မနေပေ။ သို့သော် ကျွန်မမြင်ဖူးနေသည့် အသွင်များနှင့်တော့ ကွဲပြားခြားနားနေခဲ့သည်။ နိုင်ငံမတူ၊ ယဉ်ကျေးမှုမတူ သည့်အတွက် ကွာခြားချက်တွေရှိနေသည်မှာ အဆန်းတော့လည်း မဟုတ်ပေ။

    မြင်တွေ့ရတဲ့အဆောက်အဦးကတော့ ဘွဲ့နှင်းသဘင်ကျင်းပရာအဆောက်အဦးဖြစ်ပါတယ်။

    CAC ရှေ့က 27th Convocation Ceremony ဆိုတဲ့ ဆိုင်းဘုတ်ရှေ့မှာလည်း အမှတ်တရ ဓာတ်ပုံရိုက်သူတွေကိုလည်းတွေ့ရမှာပါ။ ဘွဲ့ဝတ်စုံမှာ မြန်မာပြည်မှာကဲ့သို့ပင် အားလုံးဆင်တူဖြစ်သည်။ သို့သော် မြန်မာပြည်က အမည်းရောင်နေရာတွင် အပြာရောင်ပြောင်းနေသည်။ ဤကျောင်း၏ထူးခြားချက်တစ်ခုမှာ ကျောင်းမှာရှိသည့် များပြားလှစွာသော အဆောက်အဦးများသည် တစ်ခုနှင့်တစ်ခု မတူကြသော်လည်း တူညီသည့်အချက်မှာ အမိုးဖြစ်သည်။ အဆောက်အဦးတိုင်း ကျောင်းသား ကျောင်းသူများ၏
    အဆောင်များပါမကျန် ဗလီ အပါအ၀င်ရှိ ရှိသမျှ အဆောက်အဦးတိုင်း၏ အမိုးမှာအပြာရောင်ဖြစ်နေခြင်းဖြစ်သည်။ ထို့အတူ ဘွဲ့ဝတ်စုံတွင်လည်း အားလုံးသော ကျောင်းသား ကျောင်းသားများ၏ ၀တ်စုံအရောင်မှာ အပြာရောင်ဖြစ်သည်။ ထိုသို့ဆိုလျှင် ဘယ်မေဂျာဖြင့် ဘွဲ့ရသလဲဆိုတာကို ဘယ်လိုသိနိုင်မည်လဲ ဟုမေးစရာရှိပါသည်။ မြန်မာပြည်မှာကဲ့သို့ပင် လည်ပင်းမှပတ်ထားသည့်အရောင်က မေဂျာအလိုက် အရောင်ကွဲသည်။

    Colour of Hood : Grey

    Kulliyyah of Islamic Revealed Knowledge and Human Sciences
    Centre for Human Development and Applied Social Sciences (CERDAS)

    Colour of Hood : Yellow

    Kulliyyah of Economics and Management Sciences
    Management Centre
    IIUM Centre for Continuing Education

    Colour of Hood : Blue

    Institute of Education

    Colour of Hood : Red

    Institute of Islamic Thought and Civilisation (ISTAC)

    Colour of Hood : Black

    Ahmad Ibrahim Kulliyyah of Laws
    Harun M. Hashim Law Centre

    Colour of Hood : Green

    Kulliyyah of Information and Communication Technology

    Colour of Hood : Maroon

    Kulliyyah of Engineering
    Advanced Engineering and Innovation Centre

    Colour of Hood : Purple

    Kulliyyah of Architecture and Environmental Design
    Centre for Built Environment

    Colour of Hood : Pink

    Kulliyyah of Medicine

    Colour of Hood : Cream

    Kulliyyah of Pharmacy

    Colour of Hood : Orange

    Kulliyyah of Science

    Colour of Hood : Deep/Dark Purple

    Kulliyyah of Dentistry

    Colour of Hood : Bright Pink

    Kulliyyah of Allied Health Sciences

    Colour of Hood : Peach

    Kulliyyah of Nursing

    Colour of Hood : Gold

    IIUM Institute of Islamic Banking and Finance

    Degree , Master နှင့် Ph.D တို့ကိုမူ လက်အောက်နားတွင်ထိုးထားသည့် ကနုတ်ပန်းများဖြင့် ခွဲခြားထားသည်။ Degree ဆိုလျှင်ကနုတ်ပန်းမှာ တစ်လိုင်း၊ Master  ဆိုလျှင် ကနုတ်ပန်းမှာ နှစ်လိုင်း၊ Ph.D ဆိုလျှင် ကနုတ်ပန်းမှာ သုံးလိုင်း စသည်ဖြင့် ခွဲခြားထားပေသည်။ အားလုံးသောဝတ်စုံများကတော့ အပြာရောင်အောင်ခံပင်ဖြစ်သည်။ ဦးထုပ်သည်လည်းမြန်မာပြည် မှာအသုံးပြုသော အမည်းရောင် ဦးထုပ်ပင်ဖြစ်သည်။ ထူးခြားသည်မှာ Ph.D များကတော့ ဦးထုပ်မှာ အချွန်မဟုတ်ဘဲ အ၀ိုင်းအတွန့်လေးတွေနှင့်
    ဖြစ်သည်။ အထူးခြားဆုံးအချက်မှာ အမျိုးသမီးများအတွက် မြန်မာမှာကဲ့သို့ သစ်ခွပန်း၊ Fancy ပန်း ရှာစရာမလိုခြင်းဖြစ်သည်။ အကြောင်းမှာမူ အမျိုးသမီးများအားလုံး ဟီဂျတ် နို့နှစ်ရောင်ကို ဆောင်းရသောကြောင့်ဖြစ်သည်။ အစ္စလာမ့်တက္ကသိုလ် ဖြစ်သည့်အားလျော်စွာ အစ္စလာမ့်ယဉ်ကျေးမှုတစ်ခုကို တွေ့မြင်ရသည်မှာ စိတ်နှစ်မြို့ဖွယ်ကောင်းလှသည်။ ကျက်သရေရှိလှသည်။

    အပေါ်မှာမြင်ရတဲ့ပုံကတော့ ဘွဲ့နှင်းသဘင်ဈေးရောင်းပွဲဖြစ်ပါတယ်။ အမိုးအဖြူလေးတွေကတော့ ဆိုင်ခန်းလေးတွေပါ။

    ဆိုင်ခန်းလေးတွေမှာ (ဘွဲ့ဦးထုပ်ဆောင်းထားသော) ၀က်ဝံအရုပ်များနှင့် ပန်းစည်းများကို ရောင်းချနေကြသည်။ ကလေးများအတွက် မိုးပျံပူဖေါင်းအရုပ်များ၊တီရှပ်များလည်း ရောင်းချနေကြသည်။ ၀ယ်သူများကလည်း တိုးဝှေ့ပြီးဝယ်နေကြသည်။ ကျွန်မအတွက် ဒီတက္ကသိုလ်ကြီး၏ ဘွဲ့နှင်းသဘင်အခမ်းအနားနှင့်ကြုံခဲ့ရသည့် ပထမဆုံးအကြိမ်တုန်းကဆိုလျှင် ကျွန်မအတွက်အားလုံးသော မြင်ကွင်းတို့မှာ ထူးဆန်းနေပေသည်။ သို့သော်၃နှစ်ဆက်တိုင် ကြုံပြီးသည့်အချိန်တွင်တော့ အထူးအဆန်းတစ်ခုမဟုတ်တော့သော်လည်း တူညီသည့်အချက်မှာ အစ္စလာမ့်ညီနောင် ညီအစ်မ ပညာတတ်များ၊ အရည်အချင်းရှိသူများကို တစ်နေရာတည်း တွင် တစ်စုတစ်စည်းတည်း အံ့သြစရာကောင်းလောက်အောင်တွေ့မြင်ရသည့် ခံစားချက်ပင်ဖြစ်သည်။  အလွန်ကြည်နူးဖွယ်ကောင်းလှသည်။

    ချစ်စရာကောင်းတဲ့ ဓလေ့လေးတစ်ခုကိုလည်း တွေ့ရသည်မှာ ဘွဲ့နှင်းသဘင် အခမ်းအနားပြီးသည့်အချိန်တွင် Congratulations! ဟု ပြောပြီး အမှတ်တရ လက်ဆောင်ပေးရခြင်းဖြစ်သည်။ သို့သော်ပေးရသူအတွက်တော့ မချောင်ပေ။ နှင်းဆီပန်း၎ ပွင့်လောက်ကိုနောက်ခံ အစိမ်းရောင်ပန်းတစ်မျိုးနဲ့စည်းထား တဲ့ပန်းစည်းကို မလေးရှားငွေ(RM 20) ရှိသည်။ ထမင်းတစ်နပ်ဆိုလျှင်ပင် ပျမ်းမျှ 5Rm ပဲရှိသည့်အတွက် ထမင်း ၄နပ်စာလောက်ပင်ရှိသည်။ မြန်မာငွေ ၆၀၀၀ ကျော်ရှိပေသည်။
    ထိုဈေးနှုန်းမှာ အနဲဆုံးဈေးဖြစ်သည်။ ထို့ထက်ပန်းများပြီး ထို့ထက်လှတာလိုချင်လျှင် ထို့ထက်ငွေပိုပေးရပေသည်။ နှင်းဆီပန်းတစ်ပွင့်ချင်း ၀ယ်လျှင် RM3(မြန်မာငွေ ၁၀၀၀)ခန့်ရှိပေသည်။ပန်းစည်းများထဲတွင် ၀က်ဝံရုပ်လေးများကိုလဲထည့်သွင်းထားသေးသည်။ ၀က်ဝံများဘွဲ့ယူသောနေ့လားဟုထင်ရလောက်အောင် ၀က်ဝံ ပေါက်စလေးမှစ၍ အိုမင်းရင့်ရော်သည့် ၀က်ဝံလေးများ(မျက်မှန်တပ်ထားပါသည်) အထိ ဘွဲ့ဦးထုပ်ဆောင်းထားသော အရုပ်များကို ဈေးတန်းများတွင် တွေ့မြင်နိုင်ပါသည်။
    အရုပ်လက်ဆောင်ရသော အချို့အိမ်ထောင်သည်ရှိသူများ အတွက်တော့ အရုပ်လေးများသည် သူတို့အိမ်ပြန်ရောက်လျှင်သူတို့ကလေးတွေအတွက် ဖြစ်မှာသေချာပေသည်။

    ဘွဲ့ယူပြီးသည့်အချိန်တွင်တော့ မြန်မာတွင်ကဲ့သို့ပင် ဓာတ်ပုံရိုက်ကြပေသည်။ နိုင်ငံတကာမှ လာရောက်သင်ကြားနေကြသည့် အတွက် အချို့ လာဖို့အဆင်ပြေသော မိဘများကတော့ သူတို့သားသမီး ဘွဲ့ယူတာကို ကိုယ်တိုင်လာကြည့်သူများရှိသကဲ့သို့ မလာရောက်နိုင်တဲ့မိဘများလည်း ရှိပေသည်။ ကိုယ်ကြိုးစားခဲ့လို့ရခဲ့တဲ့ အောင်မြင်မှုအတွက်
    ကိုယ့်မိဘကို ဂုဏ်ယူစေချင်သည် မှာလူတိုင်း၏ ဆန္ဒဖြစ်သည်။ သို့သော်…. မိဘမလာရောက်ဘဲကိုယ်တိုင်တစ်ယောက်တည်း တက်ရောက်ရတဲ့သူများ၏ ရင်တွင်း ခံစားချက်မှာတော့ တစ်ခုခုလိုအပ်နေမည်မှာအမှန်ပင်။ မြန်မာတွင်မူ ကိုယ့်သားသမီး ဘွဲ့ယူပြီဆိုလျှင် မိဘ၊ ညီအစ်ကိုမောင်နှမ တွေတစ်သီကြီးလိုက်ကြသည်။ အလွန်ပျော်စရာကောင်းသည်။ ဓာတ်ပုံတွေ မမောတမ်းရိုက်ကြသည်။ နောက်ဆုံးမိသားစုကမလိုက်နိုင်လျှင် ဦးလေး၊ အဒေါ် တို့ကလိုက်ကြသည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံရပ်ခြား မိသားစုနှင့်ခွဲပြီး ပညာသင်ကြားသူတို့ဟာ မြင့်မားတဲ့ အနေအထားတစ်ခုကိုတက်လှမ်းရတဲ့ ထိုအချိန်တွင် အခက်အခဲ၊ အဆင်မပြေမှု ၊အကျပ်အတည်း တို့ဆိုသည်မှာ တစ်ခါတည်းလေ့ကျင့်ထားပြီးသားဖြစ်သည့်အတွက် ကြံ့ခိုင်သင့်သလောက် ကြံ့ခိုင်လိမ့်မည်ဟုထင်သည်။

    ဘွဲ့ယူပြီး ခန်းမထဲကထွက်လာသူတို့၏ အပြုံး နှင့် အမှတ်တရလက်ဆောင်ပေးဖို့ စောင့်နေကြသော ဆွေမျိုး၊ မိတ်ဆွေများ ကိုလဲ တွေ့မြင်ရမှာပါ
    အခက်အခဲများကိုကျော်လွှားကာ အောင်မြင်မှုပန်းတိုင်ကို လျှောက်လှမ်းနိုင်ခဲ့သည့် သူများကို ကျွန်မ၏ စိတ်တွင် အလွန်ပင်ချီးကြူးမိပါသည်။ ၀မ်းသာစရာကောင်းသည့် အချက်မှာ မြန်မာများထဲမှ  Computer (Information and Technology) ဖြင့် Degreeဘွဲ့ယူသူ အမျိုးသမီး ( ၁ )ယောက်၊ Master of Business Admin (MBA) ဘွဲ့ယူသူ အမျိုးသမီး (၁) ယောက် ရှိပေသည်။

    ပုခက်လွှဲသောလက်များသည် မာစတာဘွဲ့တွေပင်ယူနေသည်။ အနာဂတ်မျိုးဆက်အတွက် အလားအလာကောင်းတစ်ခုမဟုတ်လားရှင်။ နှစ်ယောက်စလုံးသည်လည်း MMSY မိသားစုဝင်များ ဖြစ်နေကြပြန်သည်။ မြန်မာများထဲတွင် လူတော်များစွာရှိသည် ဆိုသောအသိသည် မြန်မာပြည်နှင့်ဝေးနေရသည့် ကျွန်မရင်ကိုအေးမြစေပါသည်။ လက်ရှိတွင်လည်း မြန်မာများစွာ ပညာသင်ကြားလျှက်ရှိပါသည်။ အင်ရှာအလ္လာဟ်…လာမည့်နှစ်တွင်လည်း မြန်မာထဲမှ ဒီဂရီဘွဲ့ယူသူ၊ မာစတာဘွဲ့ယူသူနှင့် Ph.D ဘွဲ့ယူသူများလည်း ရှိလာမှာဖြစ်သည်။

    အရည်အချင်းရှိသူများမှာ အောင်မြင်ခဲ့ကြပေပြီ။ ပန်းတိုင်သို့ အားလုံးကိုယ်စီအပြေးပြိုင်နေကြစဉ် အချို့လည်းပန်းဝင်သွားကြသည်။ အချို့လဲ ပြေးလမ်းပေါ်တွင်ရှိနေသည်။ အချို့မှာ လမ်းတစ်ဝက်တွင် ခြေခေါက်လဲသူများရှိသလို အချို့လဲမဝေးတော့တဲ့ပန်းတိုင်ကို ဝေးလွန်းသည်အထင်ဖြင့် လမ်းတစ်ဝက်တွင်ပင် အရှုံးပေးပြီး ပန်းတိုင်နှင့်ဝေးရာကို ကျောခိုင်းသွားနေကြသည်။ ကျွန်မကိုယ်တိုင်မည်သည့် အုပ်စုထဲတွင်ပါသလဲ ဆိုသည့်မေးခွန်းကို ကိုယ့်ကိုကိုယ် ပြန်မေးမိပါသည်။ ကျွန်မနောက်က မောင်ငယ်၊ ညီမငယ်များကိုလည်း ထိုမေးခွန်းကိုမည်သူကမှ ကိုယ့်ကိုလာမမေးခင် မိမိကိုယ်မိမိ အရင် မေးထားစေချင်ပါသည်။ လက်ရှိတွင်တော့
    ကျွန်မကိုယ်တိုင်လည်း ပြေးလမ်းပေါ်တွင် ပြေးနေသော သူလိုငါလို သာမန်လူတစ်ဦးပင်ဖြစ်သည်။

    Noble