News @ M-Media

Tag: မြန်မာ့သမိုင်း

  • ရန်ကုန်တက္ကသိုလ်သမဂ္ဂ၏ ပထမဆုံးဥက္ကဋ္ဌ ကိုထွန်းစိန်

    ရန်ကုန်တက္ကသိုလ်သမဂ္ဂ၏ ပထမဆုံးဥက္ကဋ္ဌ ကိုထွန်းစိန်

    ရေးသူ – ဒေါက်တာမြင့်ဆွေ

    အိုးဝေဂျာနယ် စာမျက်နှာ၁၃၊ ၁၅၊ ၂၊ ၁၉၇၁၊ မူရင်းဆောင်းပါး ပါ ခေါင်းစီးပုံ

    ကျောင်းအုပ်ကြီး မစ္စတာစလော့၏ ခွင့်ပြုချက်အရ ကိုထွန်းစိန် ယူနီဗာစီတီဘက်သို့ပြောင်းရွှေ့လာပြီး ပြည်ကျောင်းဆောင်တွင် နေထိုင်၍ကျောင်းတက်ပါသည်။ ထိုကဲ့သို့ကောလိပ်ပညာကိုသင်ကြားလာရင်း နယ်ချဲ့၏ လက်ပါးစေဗျူရိုကရက်များက ဖိနှိပ်မှုတွေနှင့်ကျောင်းအများစုကို ချုပ်ချယ်ကြသည်ကို တွေ့ရှိနေရသည်။ အလိုတော်ရိကျောင်းသားတစ်စုကို လက်သပ်မွေးနေကြောင်း ကျောင်းသားကြီးများထံမှ မကြာခဏလိုလိုလည်း ကြားသိနေရသည်။ သတင်းစာများထဲ၌လည်း ဖတ်ရှုနေရသည်။ ငါတို့နိုင်ငံရေးစိတ်ထက်သန်တဲ့ ကျောင်းသားတွေ၊ ဖာသည့်ဖာသာနေတဲ့ကျောင်းသားတွေဟာ အနှိမ်ခံနေရတယ်။ ဗျူရိုကရက်တွေလည်း သူတို့တစ်တွေကို အရိုအသေပေး၊ စလုပေးမှသဘောကျပါတယ်။ မပေးရင်မကြိုက်ဘူး။ ဒီနယ်ချဲ့တွေဟာလည်း ဒို့နိုင်ငံကိုလာပြီး နိုင်ငံသူနိုင်ငံသားတွေကို အမျိုးမျိုးဖိနှိပ်ရင်း အမြတ်ထုတ်နေကြတယ်။ ကြာရင်ဒို့တစ်တွေအားလုံးတော့ ကျွန်သပေါက်တွေဖြစ်ကုန်တော့မှာပဲဟု တွေးမိလာသည်။

    မစ္စတာစလော့ကြိုက်သော ကျောင်းသားတချို့ မှာ အများအားဖြင့် အလိုတော်ရိတွေသာ ဖြစ်ကြသည်။ မျက်နှာဖြူဆရာကြီး၏  အလိုကိုလိုက်လျှင်  အခွင့်အရေးရနိုင်သည့်  အလိုတော်ရိများမှာ ကျောင်းမှထွက်ပြီး တစ်နေ့  ဂုဏ်ဒြပ်ရှိသည့်အလုပ်ကို လျှောက်ထားသောအခါ ထောက်ခံချက်ကောင်း ရရှိနိုင်လိမ့်မည်ဟု မျှော် လင့် နေကြသူများသာဖြစ်သည်။ ထိုသူများမှာ  မစ္စတာစလော့ကို  လွန်ဆန်ပြီး ဘာတစ်ခုမှ လုပ်ဝံ့ကြသူများ  မဟုတ်သည်ကို ကိုထွန်းစိန် တဖြည်းဖြည်း သိရှိလာလေသည်။

    ကိုထွန်းစိန်သည် ပညာဥာဏ် ထက်မြက်သူတစ်ယောက် ဖြစ်သည်ကို မစ္စတာစလော့က အလိုတော်ရိ တပည့်တစ်ယောက်အနေနှင့်  မွေးမြူချင်သည်ကို  ကိုထွန်းစိန် သိရှိသည်။ သို့သော် အမွေးမခံဘဲ သူ၏ စာ   ထက် နိုင်ငံရေး စာအုပ်များကိုသာ ကြိုးစား ဖတ်ရှုလာခဲ့လေသည်။

    ကိုထွန်းစိန်သည် ၁၉၂၆ ခုနှစ်တွင်  အမ်အက်စီစာမေးပွဲကို  အောင်မြင်ခဲ့လေသည်။ ၁၉၂၈-၂၇ ခုနှစ်  စာသင်နှစ်တွင် ပြည်ကျောင်းဆောင်မှ  ပုဂံကျောင်းဆောင်သို့  ပြောင်းရွှေ့ သွားခဲ့သည်။ နိုင်ငံရေးစိတ်ထက်  သန်သူတစ်ယောက် ဖြစ်သော်လည်း သူနှင့် နီးနီးကပ်ကပ်ဆက်ဆံရသော ဆရာသများများကိုမှ ရိုသေသည်။ ကလန်ကဆန် မလုပ်တတ်သော်လည်း ဗျူရိုကရက်ဆရာကြီးများကိုမူ မကြိုက်ပေ။

    ထိုစဉ်က ပုဂံကျောင်းဆောင်၏ အဆောင်ကြီးမှာ အင်္ဂလိပ်စာ ပါမောက္ခ ဖရေဇာ၊ လက်ထောက်ကထိ ကဆရာ ဦးကာဖြစ်သည်။

    ကိုထွန်းစိန်သည် ပုဂံကျောင်းဆောင်၌ ကျောင်းပိတ်သည့်နေ့များ၌ ရန်ကုန်တစ်ဖက်ကမ်း သန်လျင်၌ နေထိုင်သော အစ်ကိုဖြစ်သူ ကိုထွန်းငြိမ်းထံသို့ အလည်အပတ် သွားလေ့ရှိသည်။ သန်လျင်တွင် ဘီအိုစီဓါတ် ခွဲခန်း လက်ထောက်အဖြစ် တာဝန်ထမ်းနေသော သခင်စိုးမှာ ထိုအချိန်က အင်္ဂလိပ်စာနှင့် ရေးသားထားသော နိုင်ငံရေးစာအုပ်များကို နှံ့ နှံ့စပ်စပ် မဖတ်ဘူးသေးပါ။ ကိုထွန်းစိန်က သခင်စိုးအား အင်္ဂလိပ်စာအုပ်များကို ဖတ် စေချင်၍ ရန်ကုန်မှ သန်လျင်သို့  လာရောက်လည်ပတ်သည့်အခါတိုင်း အင်္ဂလိပ်စာနှင့် ထုတ်ဝေခဲ့သော စာအုပ်

    ပေါင်းများစွာကို ယူဆောင်လာပေးလေ့ရှိသည်။ သခင်စိုးကလည်း ကြိုးစားပြီးဖတ်သည်။  မကြာမီမင် နိုင်ငံရေး အသိ ကြွယ်ဝလာပြီး ကိုထွန်းစိန်နှင့် သခင်စိုးမှာ အလွန်တရာ  ရင်းနှီးသွားခဲ့လေသည်။ သူတို့  နှစ်ဦးစလုံး ခြင် ထောင် တစ်ခုတည်း၌ အိပ်လာခဲ့သောသူများ ဖြစ်သည်။ သို့ရာတွင် ယနေ့ အချိန်တွင် သူတို့ နှစ်ဦး၏ လမ်းစဉ် မှာ တခြားစီ ဖြစ်သွားခဲ့လေပြီ။

    ကိုထွန်းစိန်သည် သင်္ချာလက်ထောက်ကထိကဆရာ ဦးကာ၏ စေတနာအရ စာသင်နှစ် ၁၉၂၈-၂၉ ခုတွင် တက္ကသိုလ် သင်္ချာဌာနတွင် နည်းပြဆရာလေးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ပုဂံကျောင်းဆောင်၌ လည်း  အဆောင်မှူးလေး၏  တာဝန်ကို  ထမ်းဆောင်နေစဉ်အတွင်း  ကျောင်းဆောင်တွင်  နေထိုင်ကြသော ကျောင်းသားများနှင့်  ရင်းရင်းနှီးနှီးပင်  နေထိုင်လေ့ရှိသည်။  ကျောင်းသားများကျင်းပသော အစည်းအဝေးကို လည်း တက်ရောက်လေ့ရှိသည်။ ထိုနှစ်အတွင်းက တစ်နေ့ ညနေတွင် အလယ်ကျောင်းဆောင်များ၏ ထမင်း စားအဆောင်၌ ကျောင်းသားများ၏ အစည်းအဝေးကို  တက်ရောက်ရန်  သူ၏  သူငယ်ချင်းဖြစ်သူ ကိုလူထွန်း လာခေါ်၍ လိုက်ပါသွားခဲ့လေသည်။

    အစည်းအဝေးသို့  ကျောင်းသားအများအပြားလည်း ရောက်ရှိလာကြသည်။ ၁၉၂၀ ပြည့် တက္ကသိုလ် သပိတ်ကြီး ပြီးဆုံးသွားခဲ့သော်လည်း  တက္ကသိုလ်နယ်မြေအတွင်း  အစည်းအဝေး မကျင်းပမီနှင့် ကျင်းပပြီးစီး သည့်အခါတိုင်း ကျောင်းသားများ သီဆိုသော အမျိုးသားသီချင်းမှာ(ဘုရားသခင်သည် ကျွန်ုပ်တို့၏ ဘုရင်မင်း မြတ်ကို ကယ်တင်ပါစေသတည်း) ဟူသော နယ်ချဲ့၏ သီချင်းပင် ဆိုလေ့ဆိုထ ရှိနေကြသေးသည်။

    အစည်းအဝေးသို့  ရောက်ရှိနေကြသော ကျောင်းသားများ  အစည်းအဝေး  မကျင်းပမီ  ကျောင်းသား အားလုံး  မတ်တတ်ရပ်ကာ  အင်္ဂလိပ်အမျိုးသားသီချင်း သီဆိုနေကြသည်ကို နောက်မှ ရောက်ရှိလာသော ကို ထွန်းစိန်သည် မတ်တတ်မရပ်ဘဲ ကုလားထိုင်ပေါ်၌ ထိုင်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်ရင်း တစ်ကိုယ်လုံး ဆတ် ဆတ်တုန်လျက်နေသည်။ ‘ သြော် ဒို့အမျိုးသားသီချင်း မဟုတ်တဲ့ ဒီနယ်ချဲ့အမျိုးသား သီချင်းကို ယခုထက်တိုင် ဆိုနေရသေးပါလား ‘ ဟု ရေရွတ်လျက်ရှိနေသည်။

    နယ်ချဲ့ အမျိုးသားသီချင်း သီဆိုပြီးဆုံးသွားသည်နှင့် တစ်ပြိုင်နက် ထိုင်နေရာမှ ဗြုန်းခနဲထလိုက်ပြီး အင်္ဂ လိပ်ဘာသာစကားဖြင့် (ထိုခေတ်က မြန်မာလို ပြောလေ့မရှိပါ။)

    ‘ကျောင်းသားရဲဘော်အပေါင်းတို့ ကျွန်တော် ဒီနေရာ ကနေပြီး စကားအနည်းငယ် ပြောပါရစေ၊ ဒီမှာ ရောက်နေကြတဲ့ ကျွန်တော်တို့တစ်တွေဟာ မြန်မာတိုင်းရင်းသားတွေ ဖြစ်ကြပါတယ်။ အင်္ဂလန်ကလာပြီး စာ သင်နေကြတဲ့ အင်္ဂလိပ် မျက်နှာဖြူလူမျိုးကျောင်းသားရယ်လို့  တစ်ဦးတစ်ယောက်မျှ မရှိပါဘူး။ ယခု မြန်မာ တိုင်းရင်းသား ကျောင်းသားတွေရဲ့ အစည်းအဝေးမဖွင့်ခင် ခင်ဗျားတို့  သီဆိုခဲ့ကြတဲ့ အမျိုးသားသီချင်းဆိုတာ က (ဘုရားသခင်သည် ကျွန်ုပ်တို့၏ ဘုရင်မင်းမြတ်ကိုကယ်တင်နိုင်ပါစေသတည်း) တဲ့။ သေသေချာချာ စဉ်းစားကြည့်စမ်းပါ။ ကျွန်တော်တို့ဆိုတဲ့ စကားတစ်လုံးဟာ အင်မတန်အရေးကြီးပါတယ်။ အင်္ဂလန်မှာရှိနေတဲ့ အင်္ဂလိပ်ဘုရင်ဟာ မျက်နှာဖြူလူမျိုးတွေရဲ့ ဘုရင်ဖြစ်တယ်။ ဗမာတိုင်းရင်းသားတွေရဲ့ ဘုရင်မဟုတ်ပါဘူး ဆိုတာစဉ်းစားပြီးအမှန်တရားကို မြင်တဲ့အတိုင်း အလွယ်တစ်ကူနှင့်ပင် သိနိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ဗမာတိုင်းပြည်ကြီးကို အနိုင်ကျင့်ပြီးသိမ်းပိုက်ထားတဲ့ နယ်ချဲ့တွေရဲ့ ဘုရင်မင်းမြတ်ကို ကယ်တင်ပါစေလို့ ဆုတောင်းနေကြတာဟာ အလွတ်တရာမှ ရှက်စရာကောင်းလှပါတယ်ဆိုတာ ကျွန်တော်ရဲဘော်တို့အားလုံးကို ပြောပြချင်ပါတယ်။

    သည်အကြောင်းနဲ့ပတ်သက်ပြီး ယခုရောက်ရှိလာကြတဲ့ ရဲဘော်ကျောင်းသားအားလုံး ဤနေ့ ဤရက် ဤအချိန်မှစပြီး ကျောင်းသားသမဂ္ဂအဆောက်အဦး အစည်းအဝေးပွဲမှာဖြစ်စေ၊ အခြားသော ကျောင်းသားပွဲလမ်းသဘင်မှာဖြစ်စေ ဒီသီချင်းကိုလုံးဝမဆိုဘဲနေကြရန် အဆိုတင်သွင်းပါတယ်။

    ဘာကြောင့်လဲဆိုတော့ ၁၉၂၀ ခုနှစ်က ကျွန်တော်တို့နောင်တော် ကျောင်းသားဟောင်းကြီးများဟာ သူတို့တစ်တွေကို ဖိနှိပ်ထားတဲ့ ထမ်းပိုးအောက်က ရုန်းကန်ပြီး အနစ်နာခံကာ သပိတ်မှောက်ခဲ့ကြတယ် မဟုတ်လား။ သပိတ်ကြောင့်တချို့တွေဟာ ပညာအညွှန့်တုံးခဲ့ကြရတယ်။ ဘာအမြတ်ထွက်ခဲ့သလဲဆိုရင် မဟုတ်ရင် မခံဘူးဆိုတဲ့ မျိုးရိုးဇာတိမာန ရှိကြတယ်ဆိုတာလောက်သာ အချိန်ကာလ အားလျော်စွာပြနိုင်ခဲ့ကြတယ်။ ထို့ထက်ပိုပြီး ရွက်ဆောင်နိုင်ရန် အခွင့်အရေးမရရှိခဲ့ကြဘူး။ သူတို့တတွေကောလိပ်မှ ထွက်သွားပြီးတဲ့နောက်ပိုင်းမှာ ဒီတက္ကသိုလ်ကိုဝင်ရောက်လာတဲ့ ကောလိပ်ကျောင်းသားတွေအားလုံးဟာ ဗျူရိုကရက် ဆရာကြီးတွေ ပြုမူသမျှကို ငြိမ်ခံလာခဲ့ကြတယ်။ နောင်တော်ကြီးတွေရဲ့ လမ်းစဉ်ကို မလိုက်နိုင်ကြပါဘူး။ ဒီလိုဆိုရင် ကျွန်တော်တို့တစ်တွေရဲ့ ကြမ္မာဟာ ဆိုးရွားသည်ထက် သွားရန်သာရှိတော့တယ်။ ကျွန်တော်တို့အားလုံး အေးစက်စက်နေလို့ မဖြစ်တော့ပါဘူး။ အဲဒီတော့ ကျွန်တော် ခုနက တင်သွင်းတဲ့အဆိုကို လေးနက်စွာစဉ်းစားကြရန် ပန်ကြားအပ်ပါတယ် “ ဟုပြောပြီး စကားကိုရပ်ကာ ထိုင်ချလိုက်လေသည်။

    အစည်းအဝေးအခန်းထဲ၌ရှိနေကြသော ကျောင်းသားများအားလုံး တွေဝေသွားကြသည်။ ထမင်းစား အဆောင်ကြီးတစ်ခုလုံး တုပ်တုပ်မျှမလှုပ်ဘဲ ငြိမ်လျက်သား နားထောင်နေကြသော ကျောင်းသားကြီးများ အားလုံးကစပြီး လက်ခုတ်အားရိုက်ပြီး တီးလိုက်ရာမှ တစ်ခန်းလုံး ပဲ့တင်ထပ်သွားခဲ့လေသည်။ လက်ခုပ်သံများငြိမ်သွားသော အခါတက္ကသိုလ်မြန်မာစာပေဋ္ဌာနတွင် အင်္ဂလိပ်- မြန်မာ ဘာသာပြန်ဆရာအဖြစ် ထိုစဉ်ကတာဝန် ထမ်းဆောင်လျှက်ရှိနေသော သခင်ဘသောင်းက ကိုထွန်းစိန်အနားသို့လာပြီး လက်ကိုတအား ဆုပ်ဆွဲ၍ နှုတ်ဆက်သည်။ မစ္စတာအမ်အေရာရှစ်ကလည်း ထိုနည်းတူပင်နှုတ်ဆက်သည်။ သခင်ဗစိန်မှာမူ သူများထက်ပိုသည်။ လက်ဆွဲနှုတ်ဆက်ရုံတွင်သာမကဘဲ ကိုထွန်းစိန်၏ ကိုယ်ကြီးတစ်ကိုယ်လုံးကို တအားသိမ်းကြုံးဖက်တော့သည်။

    စိတ်တက်ကြွ

    ကိုထွန်းစိန်က ကိုယ်ထည်ကြီးကြီးလန်ဘား သခင်ဗစိန်က ပုတလက်လေးဖြစ်နေ၍ သခင်ဗစိန်က ကိုထွန်းစိန်၏လည်ပင်းကို အားရပါးရဖက်ပြီး နှုတ်ဆက်နိုင်ရန် ကိုထွန်းစိန်က သူ၏ခါးကြီးကို ကုန်းပြီးပေးရပါသည်။ အစည်းအဝေးတက်ကြသော ကျောင်းသားအားလုံး စိတ်အားတက်ကြွလာကြသည်။ ပျော်လာကြသည်။ အော်ကြသည်။ ထိုနေ့မှစပြီး ကျောင်းသားအားလုံးနယ်ချဲ့၏ အမျိုးသားသီချင်းကို ကျောင်းသားသမဂ္ဂ အဆောက်အဦးအတွင်းနှင့် တက္ကသိုလ်နယ်မြေ သို့မဟုတ် အခြားနေရာများ၌ ဖြစ်စေ မဆိုကြတော့ဟု တညီတညွှတ်တည်း ဆုံးဖြတ်ချက်ချလိုက်ကြလေသည်။ ထိုညအဖို့ ကိုထွန်းစိန်မှာ အထူးမျက်နှာ ပွင့်လန်းလျှက် ရှိနေသည်။

    တစ်ယောက်နှင့် တစ်ယောက်မသိကြသေးသည့် နိုင်ငံရေးစိတ်ထက်သန်သော ကျောင်းသားကြီးများ ပထမဆုံးအကြိမ် ရဲဘော်ရဲဘက်များဖြစ်လာကြသည်။ ကျွန်တော်ကသခင်ဗစိန်၊ ကျွန်တော်က ထွန်းစိန် တွေ့ရတာဝမ်းသာပါတယ်။ ကျွန်တော်က ဘယ်သူဘဲ၊ ဘယ်ဝါဘဲနှင့် မိတ်ဖွဲ့နေကြသံတွေမှာ တစ်ခန်းလုံးဆူညံလျက် ရှိနေသည်။

    ဆုံးဖြတ်ချက်

    ထိုညတွင်ကျင်းပသောအစည်းအဝေးပွဲသည် နယ်ချဲ့၏အမျိုးသားသီချင်းကို ထိုအချိန်မှစပြီး ကျောင်းသားသမဂ္ဂ၌ သီဆိုခြင်းမပြုတော့ဘဲ အပြီးအပိုင်ဆုံးဖြတ်လိုက်သော အစည်းအဝေးပင်ဖြစ်ခဲ့သည်။

    ကိုထွန်းစိန်၏အဆိုကိုကျောင်းသားများအားလုံး ထောက်ခံအတည်ပြုပြီးသည့် အချိန်မှစပြီး “ ဘုရားသခင်သည် ကျွန်ုပ်တို့၏ ဘုရင်မင်းမြတ်အား ကယ်တင်နိုင်ပါစေသတည်း “ ဟူသော နယ်ချဲ့၏ အမျိုးသား သီချင်းသည် ရန်ကုန်တက္ကသိုလ် သမဂ္ဂအစည်းအဝေးများတွင် သီဆိုချင်းမပြုကြတော့ပေ။

    အန္တရာယ်

    ကိုထွန်းစိန်သည် နယ်ချဲ့အမျိုးသားသီချင်းကို တက္ကသိုလ်သမဂ္ဂအဆောက်အဦးအတွင်း မသီဆိုကြရန် စိတ်လိုက်မာန်ပါ အဆိုတင်သွင်းခဲ့သည်။ နယ်ချဲ့ကိုဆန့်ကျင်ခဲ့လျှင် သူ့အပေါ်တွင် မည်သို့အကျိုးသက်ရောက်လာမည်၊ အပြစ်ရှိလာမည်ကို ဂရုမထားသူဖြစ်သည်။ သူ၏ပြင်းပြနေသောစိတ်သည် သူရင်ဆိုင်ရမည့်အန္တရာယ်ကို မမြင်နိုင်အောင် ဖုံးလွှမ်းထားလျက်ရှိသည်။

    ကျောင်းသားများအစည်းအဝေးပြီးသွားပြီးနောက် တစ်နေ့ကောလိပ်စာသင်ချိန်တွင် သူ၏တာဝန်ကို ထမ်းဆောင်ရန် သင်္ချာဋ္ဌာနသို့သွားရောက်သောအခါ မစ္စတာစလော့မွေးထားသော အလိုတော်ရိကျောင်းသား စပိုင်များသည် ကိုထွန်းစိန်အကြောင်းကို တိုင်ထားနှင့်ကြပြီဖြစ်သည်။

    သင်္ချာဋ္ဌာနသို့ရောက်၍မကြာမီပင် သင်္ချာနည်းပြဆရာကိုထွန်းစိန်က မစ္စတာစလော့ကို အဆောတလျင်တွေ့ရန် ဆင့်ခေါ်လိုက်သောစာတစ်စောင်ကို ကျောင်းအုပ်ကြီးရုံးမှ ကုလားမင်းစေတစ်ယောက်က ကိုထွန်းစိန်ထံ လာရောက်ပေး၏။ ကိုထွန်းစိန်သည် ကျောင်းအုပ်ကြီးထံမှစာကိုဖတ်ရှုပြီး ရုံးခန်းသို့သွားရောက်ပြီး မစ္စတာစလော့နှင့်တွေ့ဆုံသည်။

    “ ဦးထွန်းစိန်သည် တက္ကသိုလ်နယ်မြေမှာ အမျိုးသားသီချင်းကို ကျောင်းသားအားလုံး မသီဆိုကြရန် ညက ကျောင်းသားအစည်းအဝေးမှာ အဆိုတင်သွင်းတယ်ဆိုတာ ဟုတ်သလား “

    “ ဟုတ်ပါတယ် ဆရာကြီး “

    “ ဘာဖြစ်လို့တင်သွင်းရတာလဲ၊ အမျိုးသားသီချင်းကို မသီဆိုဘူးလို့ ပိတ်ပင်တားဆီးတာဟာ အင်မတန်အပြစ်ကြီးတယ်ဆိုတာကို သိရဲ့လား၊ နိုင်ငံကိုအုပ်ချုပ်တဲ့အစိုးရကို သက်သက်ဆန့်ကျင်လိုက်တာဘဲ “ ဟု မစ္စတာစလော့က ပြောလေသည်။

    ကိုထွန်းစိန်က –

    “ ကျွန်တော်စော်ကားတာမဟုတ်ပါဘူး။ မှန်တာတွေကို အဆိုတင်သွင်းခဲ့တာပါ။ အမျိုးသားသီချင်း ဆိုရအောင်ဟာလည်း ဘုရားသခင်သည် ကျွန်ုပ်တို့ ဘုရင်မင်းမြတ်ကို ကယ်တင်ပါစေသတည်း – တဲ့။ ဘုရင်မင်းမြတ်ဆိုတာ ကျွန်တော်တို့မြန်မာနိုင်ငံမှာ မရှိပါဘူး ဆရာကြီး။ ဂရိတ်ဗြိတိန်မှာသာ နေတာပဲ။ ကျွန်တော်တို့ဘုရင်ကို အင်္ဂလိပ်တွေဟာ ကုလားစစ်သား အကူအညီနဲ့ ဖမ်းပြီး အိန္ဒိယကို ခေါ်ဆောင်သွားခဲ့တယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေဟာ ဘုရင်ပါသွားတဲ့အချိန်ကစပြီး အောက်ကျနောက်ကျနေလာခဲ့ရာက တဖြည်းဖြည်းမျက်လုံးတွေ ပွင့်လာကြပြီး အတွေးအခေါ်တွေလည်း တဖြည်းဖြည်းကျယ်ပြန့်လာပြီး နောက်ကိုတက္ကသိုလ်သမဂ္ဂမှာ အင်္ဂလိပ်အမျိုးသားသီချင်းကို ကျောင်းသားတွေ သီဆိုကြတော့မှာ မဟုတ် “ ဟု နည်းပြဆရာ ကိုထွန်းစိန်က ကျောင်းအုပ်ကြီး မစ္စတာစလော့အား ရဲရဲတောက် ပြန်ပြောလိုက်လေသည်။

    အလုပ်ထွက်

    မစ္စတာစလော့ကား ပါးနပ်ပြီး ပရိယာယ်ကြွယ်ဝသော ဆရာကြီးဖြစ်သည်။ ဣနြေ္ဒရစွာနှင့်ပင်နည်းပြဆရာ ကိုထွန်းစိန်အား “ ဒီလိုဆိုလျှင် ဦးထွန်းစိန် မိမိအပြစ်ကို သိတဲ့အနေနဲ့ပဲ အလုပ်ကချက်ချင်းနုတ်ထွက်စာ တင်ပေတော့ ” ဟု မိန့်ဆိုလိုက်သောအခါ။

    “ ကျွန်တော်ဟာမိမိအလုပ်တာဝန်ကို ကျေပွန်စွာထမ်းဆောင်နေတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော်တို့တိုင်းရင်းသားတွေအတွက် မကျေနပ်တာတွေကိုသာ ရင်ဖွင့်ခဲ့ခြင်းဖြစ်လို့ ကျွန်တော့်မှာအပြစ်မရှိဘူးလို့ ကျွန်တော်ယူဆပါတယ်။ ကျွန်တော်တော့ နုတ်ထွက်စာမတင်နိုင်ပါဘူး။ ဆရာကြီးကျွန်တော့်ကိုမကျေနပ်လျှင်၊ ကျွန်တော့်မှာ အပြစ်ရှိတယ်လို့ယူဆလျှင် အချိန်မရွေးအလုပ်မှ ထုတ်ပစ်ပါ” ဟု ပြန်ပြောလေသည်။

    ပျားအုံတုတ်ထိုး

    မစ္စတာစလော့အဖို့ အခက်ကြုံသွားသည်။ ကိုထွန်းစိန်ကိုအလုပ်မှ ထုတ်ပစ်လိုက်လျှင် ပျားအုံကိုတုတ်နှင့်ထိုးလိုက်သလို ဖြစ်သွားမည်ကို ကွက်ကျော်မြင်ထား၍ ဘာမျှပြန်မပြောတော့ဘဲ “ ဒီလိုဆိုလည်း နောက်ကိုဒီလိုမလုပ်နဲ့ လုပ်ခဲ့လျှင်တော့ ပြင်းထန်စွာအရေးယူရမှာပဲ ” ဟု ပြောပြီးလေးနက်စွာ သတိပေး လိုက်ကာ ကိုထွန်းစိန်အားပြန်လွှတ်လိုက်လေသည်။

    သို့နှင့်ပင် ကိုထွန်းစိန်သည် မစ္စတာ ဒီဂျေစလော့ကို အောင်မြင်ခဲ့ဖူးလေသည်။

    ဒေါက်တာဦးညိုသည် မျိုးချစ်စိတ်ထက်သန်သောကျောင်းသားများ စုဝေးရာ တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အဦးကို လှူဒါန်းခဲ့သူဖြစ်သည်။ ဗြူရိုကရက်ဆရာကြီးတွေကို တော်လှန်ပြီး နယ်ချဲ့အစိုးရလက်အောက်မှ လွတ်မြောက်ရန် ရုန်းကန်ကြမည့် တက္ကသိုလ်ကျောင်းသားခေါင်းဆောင်များ စုဝေးရာ ဌာနကြီးကို လှူဒါန်းရာတွင် တက္ကသိုလ်အာဏာပိုင်များ သဘောတူညီချက်ကိုယူပြီး ငွေတစ်သိန်းကျော်အကုန်ခံ ဆောက်လုပ်ပေးခဲ့သည်။

    ယူနီဗာစီတီ ကျောင်းအုပ်ကြီး မစ္စတာစလော့သည် နေ့တစ်နေ့ ညနေအချိန်တွင် မြို့ပေါ်မှ မြို့မျက်နှာဖုံး လူကြီးတို့ကို ဖိတ်ကြားပြီး ယူနီဗာစီတီ ဂျွမ်းဘားကစားရုံကြီးဘေးနားရှိ မြက်ခင်းပြင်ဘေးပေါ်တွင် လက်ဖက်ရည်ပွဲနှင့် ဧည့်ခံရင်း ဦးညိုကို ဂုဏ်ပြုစကား ပြောကြားပြီးနောက် ဦးညိုအား ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ အယ်(လ်)အယ်(လ်)ဘီ ပေးရန် အထူးစပါယ်ရှယ် တက္ကသိုလ်ဘွဲ့နှင်းသဘင် အခမ်းအနားကို ကျင်းပရန် လက်ဖက်ရည်ပွဲ၌ ကြေညာလိုက်လေသည်။

    ဦးညိုမှာ ငွေ၏အရှိန်အဝါကြောင့် ဒေါက်တာဘွဲ့ ရရှိသွားခဲ့သည်။

    ပထမအစည်းအဝေး

    နွေရာသီကျောင်းပိတ်ရက်မစမီ ၁၉၃၁ ခုနှစ်၊ ၃-လခန့်အလိုတွင် တက္ကသိုလ်သမဂ္ဂအဆောက်အဦ ဆောက်လုပ်ပြီးစီးသွားခဲ့ပြီးနောက် ယူနီဗာစီတီနှင့် ယုဒသန်ကျောင်းသားများ စုပေါင်းပြီး ထိုအဆောက်အဦ၌ ပထမဆုံးအကြိမ် အစည်းအဝေး ခေါ်ကြသည်။ အစည်းအဝေးတွင် တက္ကသိုလ်ကျောင်းသားသမဂ္ဂဖွဲ့ရန် ဆွေးနွေးရာမှ တက္ကသိုလ်ကျောင်းသားသမဂ္ဂ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကိုရေးဆွဲရန် ကော်မတီ အဖွဲ့ငယ်ကလေးကို ဖွဲ့စည်းလိုက်ကြသည်။

    ထိုအဖွဲ့ကလေးတွင် (၁) မစ္စတာ အမ်အေရာရှစ်၊ (၂) ကိုထွန်းတင် ဝန်ကြီးဟောင်း(ကွယ်လွန်)၊ (၃) ဦးကျော်ခင် ချယ်ရာမင်(ကွယ်လွန်)၊ (၄) ကိုဘဖေ(အစိုးရရှေ့နေ)၊ (၅) မစ္စတာယာယဆင် ဝတ်လုံ(ကွယ်လွန်)၊ (၆) ကိုကျော်ဒင်း၊(၇) ကိုသိန်းမောင် (၈) ကိုစံဖောအောင်၊ (၉) သခင်ဗစိန်တို့ ပါဝင်ကြပါသည်။

    ထိုအစည်းအဝေးတွင်-

    (၁) ကျောင်းသားထု၏ မဲဆန္ဒဖြင့် အမှုဆောင်ကော်မတီကို ရွေးကောက်တင်မြှောက်ကြရန်။

    (၂) တက္ကသိုလ်ကျောင်းသားသမဂ္ဂ၏ ဖွဲ့စည်းပုံ စည်းမျဉ်း ဥပဒေ ရေးဆွဲရန်။

    (၃) အမှုဆောင်ကော်မတီ ရွေးကောက်ပွဲ တင်မြှောက်ရန်ကိစ္စများကို ဆွေးနွေးကြသည်။

    ထိုအစည်းအဝေးတွင် ကျောင်းသားများသည် သမဂ္ဂ၏ ဥက္ကဋ္ဌနှင့် အမှုဆောင် ရွေးကောက်ပွဲကို ကြီးကြပ်ကျင်းပပေးရန် ယာယီအမှုဆောင်အဖွဲ့ငယ်ကလေးကို ဖွဲ့စည်းလိုက်ကြသည်။ ထိုအဖွဲ့ငယ်ကလေးကိုပင် သမဂ္ဂ၏ စည်းမျဉ်းဥပဒေကြမ်း ရေးဆွဲပြီး ထုတ်ဝေရန်နှင့် ကျောင်းသားရွေးကောက်ပွဲကို ကြီးကြပ်ကျင်းပပေးရန် တာဝန်လွှဲအပ်လိုက်ကြပါသည်။ ထိုအဖွဲ့ကလေး၏ သက်တမ်းမှာ လေးငါးလမျှသာ ကြာခဲ့ပါသည်။

    ၁၉၃၁ ခုနှစ်၊ မိုးရာသီအချိန်တွင် ၁၉၃၁-၃၂ စာသင်နှစ်အတွက် တက္ကသိုလ်စာသင်တန်းများ ပြန်လည်ဖွင့်လှစ်သောအခါ ယာယီအမှုဆောင်အဖွဲ့သည် ဥပဒေစည်းမျဉ်းကို ရေးဆွဲပြီးစီးနေပြီဖြစ်သည်။ စည်းမျဉ်းဥပဒေ စာအုပ်ကိုလည်း သမဂ္ဂအသင်းဝင်များသို့တင်ကြိုဝေငှပြီးနောက် ယာယီအမှုဆောင်ကော်မတီသည် သမဂ္ဂအဆောက်အဦ အပေါ်ထပ် ခန်းမဆောင် အသင်းဝင်ကျောင်းသားထု အစည်းအဝေးကို ခေါ်ပြီး သမဂ္ဂအဖွဲ့ ဥက္ကဋ္ဌတင်မြှောက်ရန် ညှိနှိုင်းဆွေးနွေးသည်။

    ထိုအချိန်တွင် ကိုထွန်းစိန်သည် တက္ကသိုလ် သင်္ချာဘာသာဌာနမှ နုတ်ထွက်ပြီး ပထမနှစ် ဥပဒေသင်တန်း၌ သင်တန်းတက်ရောက် သင်ကြားလျက်ရှိနေသည်။ ကိုထွန်းစိန်၏ ပြောပုံ၊ ဆိုပုံ၊ သတ္တိရှိပုံများကို ကျောင်းသားအများကပင် အထင်ကြီးကြသည့်အလျှောက်

    ဥက္ကဋ္ဌအဆင့်အတန်းနှင့် သင့်တော်သူ ဖြစ်သည်ဟု ထင်မြင်ယူဆလျက်နေကြရာမှ သခင်ဗစိန်က ကိုထွန်းစိန်အား ဥက္ကဋ္ဌနေရာအတွက်စာရေးပြီး အဆိုတင်သွင်းလိုက်သည်။

     ပထမရွေးကောက်ပွဲ

    အစည်းအဝေးတွင် ရွေးကောက်ပွဲ ကြီးကြပ်ရေးကော်မတီသည် ဥက္ကဋ္ဌနေရာအတွက် ရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက်ကို တစ်လခန့်ခွာပြီး သတ်မှတ်လိုက်သည်။ ရက်အတော်ကြာမျှ ကိုထွန်းစိန်နှင့် ယှဉ်ပြိုင်အရွေးခံမည့်သူ မပေါ်လာခဲ့သော်လည်း တစ်နေ့တွင် ဆရာကြီး ဒီဂျေစလော့၏ အလိုတော်ရှိများက ကိုထွန်းစိန်နှင့်ယှဉ်ပြိုင်ရန် ကိုအိန်(ဦစောခေတ်ဝန်ကြီး ဦးအိန်)ကို ဥက္ကဋ္ဌနေရာအတွက် အဆိုတင်သွင်းလိုက်ရာမှ တက္ကသိုလ်ရာဇဝင်တွင် ကျောင်းသားများ ပထမဆုံးအကြိမ် မဲဆန္ဒနှင့် ရွေးကောက်ပွဲ တင်မြှောက်ရမည့် ရွေးကောက်ပွဲမှာ ပေါ်ပေါက်လာခဲ့လေသည်။

    ရွေးကောက်ပွဲ မကျင်းပမီ ကိုထွန်းစိန်နှင့် ကိုအိန်ဘက်မှ အားပေးသူများအားလုံး သူတို့လူ မဲရရှိရေးအတွက် မဲဆွယ်ကြသည်။ကိုအိန်ကမူ ဆွယ်တရားဟောခြင်း လုံးဝမပြုခဲ့ပေ။ အေးအေးသာ နေခဲ့သည်။

    သမဂ္ဂဥက္ကဋ္ဌ ရွေးကောက်ပွဲ ပေါ်ပေါက်လာသော်လည်း ရန်ကုန်ယူနီဗာစီတီကောလိပ်နှင့် ယုဒဿန်ကောလိပ် ကျောင်းသားအများစုမှာ ကျောင်းသားနိုင်ငံရေးကို စိတ်မဝင်စားကြပါ။ ၁၉၂၀ ခု၊ ကျောင်းသားသပိတ်ကြီး ပြီးဆုံးသွားသည့်နောက်ပိုင်းတွင် ကျောင်းသားအများမှာ နိုင်ငံရေး၌ စိတ်မဝင်စားဘဲ ဖြစ်နေကြပါသည်။ ကျောင်းဥပဒေကို ကျူးလွန်ခဲ့လျှင် တက္ကသိုလ်အာဏာပိုင်များက ကျောင်းထုတ်ပစ်မည်ကို ကျောင်းသား တော်တော်များများမှာ ကြောက်ရွံ့နေကြသည်။

    ကိုထွန်းစိန်နှင့် သခင်ဗစိန်ခေတ်က နိုင်ငံရေးနှင့် အမျိုးသားစိတ်ထက်သန်သော ရဲရဲတောက်ကျောင်းသားများမှာ လက်တစ်ဆုပ်စာမျှလောက်သာ ရှိနေသေးသည်။ ထိုကျောင်းသားအနည်းစုထဲတွင် တကယ့်မျိုးချစ်စိတ်ရှိသူ သခင်ဗစိန်သည် စိတ်ဓာတ်အပြင်းအထန်ဆုံး ဖြစ်ခဲသည်။ သခင်ဗစိန်ပင်လျှင် ကိုထွန်းစိန်အား ဥက္ကဋ္ဌအဖြစ် အဆိုတင်သွင်းခဲ့သည်။ ကျောင်းသားများကိုလည်း နိုင်ငံရေးနှင့် အမျိုးသားစိတ် နိုးကြားလာအောင် ကိုထွန်းစိန်နှင့်အတူ ကျောင်းသားများထံ သွားပြီး နိုင်ငံရေးနှင့် မဲဆွယ်တရားဟောခဲ့ပေသည်။

    ကိုကျော်သိန်း(ယနေ့ အိုင်စီအက်ဟောင်း ဦးကျော်သိန်း)က ကိုထွန်းစိန်အား သမဂ္ဂဝါဒရေးရာနှင့် ပတ်သက်သောအကြောင်းများကို ပြတ်သားစွာပြောပြီး ကျောင်းသားထုအား မဲဆွယ်ရန် တိုက်တွန်းအားပေးနေခဲ့သည်။

    တရားဟောခက်

    ထိုစဉ်က တက္ကသိုလ်သမဂ္ဂရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ကျောင်းသားခေါင်းဆောင်များမှာ ကျောင်းသားများသို့သွားပြီး တရားဟော၏။ ကျောင်းသားအားလုံး ပါဝင်လာပြီး တစ်နေ့မှာ နယ်ချဲ့တွေလက်အောက်မှ လွတ်မြောက်ရလိမ့်မည်လို့ ကျွန်တော့်အနေနှင့်တော့ မမှိတ်မသုန် ယုံကြည်ပါတယ်။ ဒီအတွက်ကြောင့် စည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်းသွားကြရန်အတွက် သမဂ္ဂကိုလည်း ဝင်ကြပါ။ ကျောင်းသားတွေအားလုံး ရှေ့တန်းကနေပြီး နယ်ချဲ့နှင့် ဗြူရိုကရက် ဖိနှိပ်မှုတွေကို တိုက်ဖျက်ပါ့မယ်။ သို့အတွက် ကျွန်တော့်ကို မဲဆန္ဒပေးကြပါဟု ပြောခဲ့လေသည်။

    တရားဟောရအခက်ဆုံးနေရာမှာ အမျိုးသမီးများ နေထိုင်သော တက္ကသိုလ်အင်းယားဆောင်နှင့် သင်တန်းကျောင်းဆောင်ပေါင်းနှစ်ဆောင်ဖြစ်သည်။

    ကိုထွန်းစိန်တို့ လူသိုက်အားလုံးပင် ယဉ်ကျေးသိမ်မွေ့စွာနှင့် ကျောင်းသူအမျိုးသမီးများကို တရားဟောပြောကြပါသည်။ အင်္ဂလိမ်လူမျိုးနှင့် အင်္ဂလိပ်ဘာသာကြီးစိုးသော အချိန်ဖြစ်၍ ကျောင်းသားခေါင်းဆောင်များသည် အင်္ဂလိပ်ဘာသာဖြင့်ပင် တရားဟောပြောပြီး မဲဆွယ်ကြပါသည်။

    အင်းယားကျောင်းဆောင်တွင် ကိုထွန်းစိန်က ဂုဏ် သရေရှိအမျိုးသမီးများခင်ဗျာ၊ ကျွန်တော်တို့ တက္ကသိုလ် ကျောင်းသားသမဂ္ဂ တည်ထောင်ရတာဟာ တခြားကြောင့် မဟုတ်ပါဘူး၊ တက္ကသိုလ် ကျောင်းသားအားလုံးရဲ့အကျိုးနှင့် မြန်မာပြည်သူ၊ ပြည်သားအားလုံးရဲ့ အကျိုးအတွက် ဖြစ်ပါတယ်၊ ကျွန်တော်တို့ ကျောင်းသားတစ်တွေနဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေဟာ ဒီနယ်ချဲ့အစိုးရအောက်မှာ နှစ်အတော်ကြာကစပြီး အလူးအလဲ ခံစားလာခဲ့ရတာ ယနေ့တိုင်ဖြစ်ပါတယ်။ တက္ကသိုလ် ဗျူရိုကရက်ကြီးတွေကလည်း မကြာခဏလိုလို ကျောင်းသားတွေအပေါ်မှာ ဖိနှိပ်နေတာကို ကျွန်တော်တို့တစ်တွေ ကြားသိနေရပါတယ်။ ကျောင်းသားတွေအားလုံး အနစ်နာခံနေရတဲ့အတွက် ကျွန်တော်တို့ သမဂ္ဂဖွဲ့ပြီး နစ်နာမှု အမှုတွက် ရဲဝံ့စွာနှင့် သူတို့တစ်တွေကို အရေးဆိုရပါလိမ့်မယ် အဖွဲ့ကြီးကို ကျောင်းသားတွေ စည်းစည်းရုံးရုံးနှင့် ထောက်ခံအားပေးခဲ့လျှင် ကျွန်တော်တို့က ရှေ့တန်းကနေပြီး ဒီအာဏာပိုင်တွေက ရဲရဲဝံ့ဝံ့နှင့် အရေးဆိုပြီး တိုက်ပါမယ်။

    ကျွန်တော်ဟာ ကျောင်းသားများအကျိုးနှင့်တကွ တိုင်းပြည်အတွက်ကို တက္ကသိုလ်သမဂ္ဂအဖွဲ့ရဲ့ ဥက္ကဋ္ဌအနေနှင့် ရွ့ပ်ရွပ်ချွံချွံ ရွက်ဆောင်ပါ့မယ်လို့ သန္နိဋ္ဌာန်ချပြီး ဖြစ်ပါတယ်။ ရွက်ဆောင်တဲ့အခါ ကျွန်တော်တို့အမျိုးသားတွေနှင့်ချည်း မဖြစ်ပါဘူး။ အမျိုးသမီးတွေပါ တစ်ဖက်တစ်လမ်းက ပါဝင်ပြီး အကူအညီပေးမှ အောင်မြင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ အမျိုးသမီးဟာ တချို့နိုင်ငံတွေက အမျိုးသမီးတွေနှင့်မတူပါဘူး။ လွတ်လပ်ခွင့်တွေ အများကြီးရှိနေပါတယ်။ အမျိုးသမီးတွေ သမဂ္ဂအဖွဲ့ထဲ ဝင်ကြပါ။ ကျွန်တော့်ကို မဲပေးကြပါ။ ကျောင်းသားအရေးနှင့် နိုင်ငံအရေးအတွက် ကြိုးပမ်းကြပါလို့ ကျွန်တော် ပန်ကြားပါတယ်။

    ကျွန်တော်သာ တက္ကသိုလ်သမဂ္ဂဥက္ကဋ္ဌအဖြစ် ရွေးချယ်ခြင်း  ခံခဲ့ရလျှင် ကျွန်တော်တို့ချမှတ်ထားတဲ့ ဝါဒအတိုင်း ကျင့်သုံးပါ့မယ်လို့ ဒီနေရာကနေပြီး ကြေညာပါတယ်။

    ကျွန်တော်နှင့် ကျွန်တော့်ရဲဘော်များက ကျင့်သုံးမယ့် အဓိကဝါဒကတော့ ဤတက္ကသိုလ်နယ်မြေမှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူများအား အမျိုးသားစိတ် နိုးကြားထက်သန် လာစေရန် ဖြစ်ပါတယ်။

    ယုံကြည်ချက်

    တက္ကသိုလ်နယ်မြေအတွင်းရှိ ကျောင်းသားသမဂ္ဂ အဆောက်အဦးကြီးဟာ ယခုအခါမှာ ပေါ်ပေါက် လာပါပြီ ၊ ဒီသမဂ္ဂအဆောက်အဦးဟာ ကျောင်းသားကျောင်းသူတွေ စုရုံးပြီး နိုင်ငံနှင့် အမျိုးသားရေး ကြိုးပမ်း ရန်အတွက် ဗဟိုအချက်အချာ နေရာကြီး ဖြစ်စေရမယ်။

    ကိုထွန်းစိန်ဘက်နှင့် ကိုအိန်ဘက်မှလူများ မဲဆွယ်ကြ၊ တရားဟောကြ၊ စည်းရုံးကြရင်းနှင့်ပင် ဥက္က္ကဌ ရွေးကောက်ပွဲနေ့ သို့ ရောက်ရှိ လာခဲ့လေသည်။

    ဥက္ကဌ ရွေးကောက်ပွဲကို နံနက် (၆) နာရီအချိန်တွင် စတင်ကျင်းပသည့် အချိန်မှသပြီး သမဂ္ဂအဖွဲ့ဝင် ကျောင်းသား အများအပြားပင် လာရောက်မဲပေးကြသည်။ ကိုထွန်းစိန်နှင့် ကိုအိန်ဘက်မှ လူများအားလုံး အား ကြိုးမာန်တက် မဲဆွယ်ကြသည်။ မဲဆွယ်ကြရာတွင် ကိုအိန်ဘက်မှ ကျောင်းသားများက သာလွန်သွားသည်။ ကိုအိန်ကို အားပေးသူ ကျောင်းသားများသည် နိုင်ငံရေးကို ဘာသာရေးနှင့် ရောနှောပြီး မဲဆွယ်ကြသည်။ ကို ထွန်းစိန်မှာ  မူဆလင်ဘာသာဝင်ဖြစ်သည်။

    (ကိုထွန်းစိန်ခေတ်က ဥက္ကဌရွေးကောက်ပွဲမှာ အမေရိကန် သမ္မတရေးကောက်ပွဲနှင့် ခပ်ဆင်ဆင် တူသည်။ သမဂ္ဂအဖွဲ့ ဝင် ကျောင်းသားများက လျှို့ ဝှက်မဲပေးစနစ်နှင့် ဥက္ကဌကို တိုက်ရိုက် ရွေးကောက်တင် မြှောက်ကြပါသည်။ သမဂ္ဂ အမှုဆောင်အဖွဲ့ဝင် များကိုလည်း ဤစနစ်ဖြင့်ပင်လျှင် ရွေးကောက်ရပါသည်ဟု ကို ထွန်းစိန်က ပြောပြပါသည်။)

    ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ကြေညာလိုက်သည့် အချိန်မှစပြီး ရက်အတော်ကြာ ကိုထွန်းစိန် နိုင်မည်ဟု တစ်ပြေးနေသော်လည်း ကိုအိန်ကို ထောက်ခံကြသူများက အားကြီးမာန်တက် ကြိုးစားပြီး မဲဆွယ် ကြသဖြင့် မူလက ကိုထွန်းစိန်ကို ထောက်ခံ အားပေးသူများသည်ပင် ကိုအိန်ဘက်သို့  ရောက်ကုန်ကြသည်။ ကိုအိန်ကို အားပေးသည်ကို သဘောမကျ၍ ကိုထွန်းစိန်ဘက်မှ နေပြီး ရှုတ်ချကြသော ကျောင်းသား အများအ ပြားပင်လျှင် ဘာသာရေးစက်ခလုတ်၏ဒဏ်ကို မခံနိုင်ကြ၍ နောက်ပိုင်း၌ ကိုအိန်ဘက်သို့ ရောက်ကုန်ကြသည်။ ကိုအိန်ဘက်မှ လူများစည်းရုံးရေးတွင် တော်ကြပါ၏။ ကျောင်းသားထု၏ အညှာပျော့ကွက်ကို ကိုင်နိုင်ကြသူများ ဖြစ်သည်ဟု ယနေ့ အချိန်တွင် ကိုထွန်းစိန် ပြောပြပါသည်။

    အကြိတ်အနယ်

    ရွေးကောက်ပွဲတွင် ကိုထွန်းစိန်ကို ပုဂ္ဂိုလ်ရေးအရ အာဃာတ ရှိသူများကလည်း ကိုအိန်ဘက်သို့ မဲပေးကြသည်။ ကျောင်းအုပ်ကြီး အလိုတော်ရိများကလည်း ထိုနည်းတူပင်ဖြစ်သည်။

    ရွေးကောက်ပွဲနေ့ နေ့လယ်ပိုင်းအချိန်သို့ ရောက်လာသောအခါ နှစ်ဖက်သို့ မဲပေးကြသူများအားလုံး အကြိတ်အနယ်ဖြစ်လာလေသည်။ နှစ်ဖက်မှ လူများ၏စိတ်များမှာ အကြီးအကျယ် လှုပ်ရှားလျက် ရှိနေကြသည်။  သူ့ဘက်နှင့် ကိုယ့်ဘက် ဘယ်ဘက်က နိုင်မည်ဟု မခန့်မှန်းနိုင်ကြလောက်အောင် ဖြစ်လာသော်လည်း ကိုအိန်ဘက်မှလူများမှာ အိုးစည်၊ ဗုံမောင်းတွေကို တီးကြရင်းနှင့်ပင် မဲဆွယ်လျင်ပင် နေကြသည်။ ရွေးကောက်ပွဲမှာ မြိုင်မြိုင်ဆိုင်ဆိုင် ရှိလှသည်။

    နှစ်ဖက်မှမဲများကို စေ့စေ့စပ်စပ်နှင့် ရေတွက်ခဲ့ရာမှာ ညဥ့်နက် ၁၁ နာရီအချိန်မှ ပြီးဆုံးသွားခဲ့လေသည်။ ရွေးကောက်ပွဲကော်မတီ ဥက္ကဋ္ဌ ကိုကျော်ခင်သည် ဥက္ကဋ္ဌ ထိုင်သည့် ကုလားထိုင်မှ ထကာ မဲအရေအတွက်ကို ကျောင်းသားများကို ကြေညာရန် ဟန်ပြင်လိုက်လေသည်။ အစည်းအဝေးခန်းမတွင် ရှိနေကြသော ကျောင်းသားများအားလုံး ငြိမ်သက်စွာနှင့် နားစွင့်နေကြသည်။ အခန်းကြီးတစ်ခန်းလုံးမှာ တိတ်ဆိတ်နေ၏။

    ကိုကျော်ခင်က-

    “တက္ကသိုလ်ကျောင်းသား သမဂ္ဂအဖွဲ့ဝင်အပေါင်းတို့၊ ရွေးကောက်ပွဲကော်မတီသည် မဲများကို ရေတွက်ကြည့်သောအခါ ယှဉ်ပြိုင်ကြသူ နှစ်ဦးစလုံးရရှိကြသော မဲအရေအတွက်များမှာ တူညီနေသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်၍ ဒီနှစ်ဦးအတွက် မည်သူအနိုင်ရသင့်သည်ကို ဆုံးဖြတ်ပေးရန် ရွေးကောက်ပွဲ ကြီးကြပ်ပေးသည့် ကော်မတီအပေါ်၌ တာဝန်ကျရောက်လာပါသည်။ သမဂ္ဂစည်းမျဉ်းဥပဒေအရ ယှဉ်ပြိုင်ကြသော သူနှစ်ဦးတို့ ရရှိသောမဲအရေအတွက်မှာ တူညီနေခဲ့လျှင် ချယ်ရာမင်သည် အနိုင်မဲကို သူပေးချင်သည့်ဘက်သို့ ပေးနိုင်ခွင့်ရှိပါသည်။ မဲဆန္ဒပေးခြင်းမှာ တရားမမျှတဟု ကန့်ကွက်လာခဲ့ပါလျှင်လည်း ရွေးကောက်ပွဲကိုလည်း ထပ်မံကြီးကြပ် ကျင်းပခွင့်ရှိပါသည်။ ကျွန်တော်သည် ဥက္ကဋ္ဌအနေနှင့် ဤကိစ္စကို အလျင်စလို အဆုံးအဖြတ် မပေးလိုသေးပါ။ ရွေးကောက်ပွဲ ကြီးကြပ်သော ကော်မတီအားလုံးနှင့် လေးနက်စွာ ဆွေးနွေးတိုင်ပင်ရပါဦးမည်။ ဤသို့ ပြောဆိုရသည်မှာ တရားမျှတစေရန်အတွက်သာ ဖြစ်ပါသည်။ အခြား ဘာအကြောင်းမျှမရှိပါ။ သို့အတွက် ယနေ့ည အဆုံးအဖြတ် မပေးသေးဘဲ နက်ဖြန် ၈နာရီ အချိန်ကျမှာသာ ကျွန်တော်၏ မဲဖြင့် အဆုံးအဖြတ်ပေးပါမည်” ဟုပြောပြီး ထုတ်ဖော်ကြေညာလိုက်လေသည်။ တစ်ဦးတစ်ယောက်မျှ စကားမပြောနိုင်ကြပါ။ သမဂ္ဂအဖွဲ့ဝင်အားလုံး လိပ်ခဲတည်းလည်းနှင့်ပင် သမဂ္ဂ အဆောက်အဦးမှ ပြန်သွားကုန်ကြသည်။ မည်သူ့ကို အနိုင်ပေးမည်။ ရွေးကောက်ပွဲကိုပဲ ထပ်မံကျင်းပပေးမည်။ အဖက်ဖက်မှ ကန့်ကွက်သူ ပေါ်ပေါက်လာလျှင် ရွေးကောက်ပွဲ ကြီးကြပ်သည့် ကော်မတီက ပြဿနာကို မည်သူဖြေရှင်းမည်ကို ကျောင်းသားများအားလုံး မျှော်တလင့်လင့်နှင့် ရှိနေကြတုန်းပင် ဖြစ်သည်။ ”

    နောက်တစ်နေ့ ၈ နာရီအချိန်တွင် ကျောင်းသားသမဂ္ဂ အဆောက်အဦး အတွင်းမှာ လာရောက်ကြသော ကျောင်းသားများနှင့် ပြည့်နှက်လျက် ရှိနေ၏။

    ချယ်ရာမင် ကိုကျော်ခင်က ယမန်နေ့က မဲဆန္ဒပေးပွဲမှာ တရားမျှတမှု ရှိမရှိနှင့် ရွေးကောက်ပွဲကော်မတီ၏ ဆောင်ရွက်ချက်များအပေါ်တွင် ကျေနပ်မှု ရှိမရှိ ရွေးကောက်ပွဲကော်မတီ၏ ဆောင်ရွက်ချက်များအပေါ်တွင် ကျေနပ်မှု ရှိမရှိ ရွေးကောက်ပွဲမှာ စည်းမျဉ်းဥပဒေအတိုင်း ကော်မတီက ဆောင်ရွက်ပေးခဲ့သည်။ မပေးခဲ့သည်ကို စတင် မေးမြန်းလေသည်။ အရွေးခံသူ နှစ်ဦးစလုံးကို အားပေးသော ကျောင်းသားများက ကန့်ကွက်စရာမရှိပါ။ ရွေးကောက်ပွဲကော်မတီ တရားမျှတစွာ ဆောင်ရွက်ပေးခဲ့ပါသည်။ အားလုံးကပင် ကျေနပ်ပါသည်။ လစ်ဟင်းမှုများ၊ မသမာမှုများ လုံးဝ မရှိပါ။ ကော်မတီပင် တိကျမှန်ကန်စွာ အဆုံးအဖြတ် ပေးလိမ့်မည်ဟု ယုံကြည်ကြကြောင်းကို ပြန်ဖြေကြလေသည်။

    ချယ်ရာမင် ကိုကျော်ခင်က ဤသို့ဆိုလျှင် ကျွန်တော်နှင့်တကွ ကော်မတီ၏ ဆုံးဖြတ်ချက်ကို ယခုအခါ တင်ပြပါတော့မည်။ ဤရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြသော ပုဂ္ဂိုလ်နှစ်ဦး၏ အရည်အချင်းကို ယုံမှားသံသယ မရှိပါ။ နှစ်ဦးစလုံးပင် တက္ကသိုလ်ကျောင်းသား သမဂ္ဂဥက္ကဋ္ဌ၏ တာဝန်များကို ကျေပွန်စွာ ဆောင်ရွက်ပြီး  ကျောင်းသားများကို ဦးဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ဥက္ကဋ္ဌနေရာအတွက် ရွေးကောက်ပွဲအသစ် ထပ်မံကျင်းပပေးရမည်လား သို့မဟုတ် ကျွန်တော် ဥက္ကဋ္ဌအနေနဲ့ အနိုင်မဲကိုပဲ မည်သူ့ကိုပေးရမည်လား။ ထိုကိစ္စနှစ်ရပ်အတွက် ကြာမြင့်စွာ အချိန်ယူပြီး လေးနက်စွာ စဉ်းစားကြည့်သောအခါ ယခုပြီးစီးသွားသော ရွေးကောက်ပွဲမှာ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်သည်ဟု နှစ်ဦး နှစ်ဖက် စလုံးမှ အတိအလင်း ဖွင့်ဟ ပြောဆိုကြပါသည်။ သို့ဖြစ်ပါ၍ ကျွန်တော် ပေးပိုင်ခွင့် ရှိနေသော အနိုင်မဲကို အသုံးပြုပြီး အဆုံးအဖြတ် ပေးပါတော့မည်။ ကိုထွန်းစိန်နှင့် ကိုအိန် တို့၏ အရည်အချင်းများမှာ တူညီနေသော်လည်း ကိုထွန်းစိန်သည် သူ၏ ကောလိပ်သက်တမ်းတစ်လျှောက်၌  မျိုးချစ်စိတ် အလွန်ထက်သန်လှပြီး ရွပ်ရွပ်ချွံချွံ ဆောင်ရွက်ခဲ့ပေသည်။ ဗြူရိုကရက်ကြီးများကို ရင်ဆိုင်ရာတွင်လည်း သတ္တိပြောင်မြောက်လှပေသည်။ တက္ကသိုလ်ကျောင်းသားများအတွက်သာမက တိုင်းပြည်တစ်ပြည်လုံးမှ တိုင်းရင်းသားများ အကျိုးအတွက်ကိုပါ မျှော်ကိုးပြီး အမျိုးသားရေးကိစ္စများ၌လည်း ဝင်ရောက် ရွက်ဆောင်လိုသော စိတ်ဆန္ဒ ပြင်းပြစွာ ရှိသည်ကို တွေ့နေရသည်။ သို့ဖြစ်၍-

    “ကော်မတီ၏ ချယ်ရာမင်ဖြစ်သူ ကျွန်ုပ် ချယ်ရာမင် ကော်မတီသည် ရန်ကုန်တက္ကသိုလ်ဥပဒေ ပထမနှစ်သင်တန်း၌ တက်ရောက်သင်ကြားနေသော ကိုထွန်းစိန်ဘက်သို့ အနိုင်မဲ ပေးလိုက်သည်ဖြစ်ကြောင်း ဤနေရာမှ ကျောင်းသားထုအား ကြေညာလိုက်ရပါသည်။”

    ကိုထွန်းစိန်ကို အနိုင်ပေးလိုက်သည်နှင့် တစ်ပြိုင်နက်သမဂ္ဂအဆောက်အဦးတစ်ခုလုံးမှာ လက်ခုပ်သံများနှင့် ဆူညံသွားလေသည်။ လက်ခုပ်သံများ ဆူညံသွားခဲ့သော်လည်း အိုးစည် ဗုံမောင်းသံများမှာမူ ထွက်ပေါ်မလာနိုင်တော့ပါ။ ဒို့ဘက်ကလူနိုင်လျှင် ကခုန်ပြီး တအားရိုက်တီးလိုက်မည်ဟု အားခဲလာကြသူများမှာ မကြံနိုင်ဘဲ လက်မှိုင်ချကာ ပြန်ကြရလေတော့သည်။ ကျောင်းသားအားလုံးသည်လည်း အစည်းအဝေးခန်းမဆောင်မှ ထွက်ခွာသွားကြသည်။

    ချယ်ရာမင် ကိုကျော်ခင်သည် အနိုင်မဲကို ကိုထွန်းစိန်သို့ ပေးပြီးလေသောအခါ ဆက်လက်၍ “ဤနေရာက ကျွန်တော် ဖယ်ပေးပါတော့မည်။ မဲဆန္ဒနှင့် အရွေးခံရသော ကိုထွန်းစိန်ခင်ဗျား။ ဥက္ကဋ္ဌရဲ့ ကုလားထိုင်ပေါ်မှာ လာရောက်ထိုင်ပါ” ဟုပြောကာ ဖိတ်ခေါ်ပြီးနောက် စင်မြင့်ပေါ်မှ ဆင်းသွားလေသည်။

    ပထမဆုံးအကြိမ် ကျောင်းသားများ မဲဆန္ဒနှင့် ရွေးကောက်တင်မြောက်ခြင်း ခံရလိုက်ရသော ကိုထွန်းစိန် စင်မြင့်ပေါ်သို့လာပြီး ဥက္ကဋ္ဌနေရာ၌ ဝင်ရောက်ထိုင်လိုက်သည်။

    “ရဲဘော်တို့၊ ကျွန်တော့်ကို မဲဆန္ဒပေးကြတဲ့အတွက် အလွန် ကျေးဇူးတင်ပါတယ်။  ဤသမဂ္ဂအမှုဆောင်ကော်မတီ၏ ဥက္ကဋ္ဌရွေးကောက်ပွဲဟာ တက္ကသိုလ်သမိုင်းမှာ ပထမဆုံးအကြိမ် ပေါ်ပေါက်လာတဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ရှေးက တစ်ကြိမ်တစ်ခါမျှ ဒီလိုအဆောက်အဦးမျိုးမှာ ဒီလိုသမဂ္ဂမျိုး မပေါ်ဘူးသေးပါ။ ယခုမှ ကျောင်းသားထုနှင့်တကွ မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံးအတွက် ကြိုးပမ်းလှုပ်ရှားရန် ခြေကုပ်ယူရမယ့် ဗဟိုအချက်အခြာ နေရာကြီး ပေါ်လာတာဟာ ဝမ်းသာစရာပါပဲ။ ကျွန်တော်တော့ ဤကျောင်းသားသမဂ္ဂကြီးကနေပြီး တစ်နေ့ကျလျှင် မြန်မာနိုင်ငံကြီး လွတ်လပ်ရေးရအောင် ဦးဆောင်ပေးနိုင်မယ့် သားကောင်းရတနာတွေ ပေါ်ထွက်လာလိမ့်မယ်လို့ ယုံကြည်လျက် ရှိနေပါတယ်။ ဒီလို ပေါ်ထွက်လာနိုင်ရေးအတွက် ယခုကစပြီး ကျွန်တော်တို့အားလုံး စုပေါင်းပြီး ကြိုးပမ်းသွားကြရပါလိ့မ်မယ်။ လွတ်လပ်ရေး ပန်းတိုင်သို့ ရောက်အောင် သွားရမယ့်ခရီးကတော့ ရှည်ဝေးလှပါသေးတယ်။ လွတ်လပ်ရေးပန်းတိုင်သို့ သွားရမည့်ခရီး၊ လမ်းခရီးတစ်လျှောက်မှာ အန္တရာယ်တွေ အနှောင့်အယှက်တွေ ဆူးငြောင့်ခလုပ်တွေ ရန်သူတွေကို အများကြီး ရင်ဆိုင်ကြရပါလိ့မ်ဦးမယ်ဆိုတာ သတိထားဖို့ လိုပါတယ်။

    ကျောင်းသားသမဂ္ဂအဖွဲ့ဟာ တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့နှင့် ကျောင်းအုပ်ကြီးရဲ့ လက်အောက်မှာ မရှိစေရပါဘူး။ အခမ်းအနားတွေ အဆောက်အဦးတွေမှာ လွှင့်လေ့ရှိတဲ့ အင်္ဂလိပ်နယ်ချဲ့တွေရဲ့အလံ၊ ယူနီယံဂျက်အလံကို ဒီတက္ကသိုလ် သမဂ္ဂ အဆောက်အဦးမှာ မလွှင့်ဘဲ မြန်မာတို့အလံဖြစ်တဲ့ ဒေါင်းအလံကိုသာ ယခုအချိန်မှစပြီး လွှင့်ထူပါ့မယ်။ ကျွန်တော်တို့တစ်တွေ အသိအမှတ်ပြုတဲ့ အလံဟာ ဒေါင်းအလံသာ ဖြစ်စေရမယ်။ ဒေါင်းအလံဟာ ရှေးမြန်မာတို့ရဲ့ အလံပါပဲ။ ယခုအချိန်ကစပြီး ကျွန်တော်တို့ တစ်တွေဟာ ဒေါင်းအလံကိုသာ အလေးပြုရပါလိမ့်မယ်။ ယူနီယံဂျက်အလံကို အလေးမပြုတော့ပါဘူး။ ယခင်က ကျွန်တော်တို့အဆို တင်သွင်းထားခဲ့တဲ့အတိုင်း တက္ကသိုလ်ကျောင်းဖွင့်တဲ့အချိန်ကစပြီး အခမ်းအနားတွေ၊ ဟောပြောပွဲတွေ၊ အစည်းအဝေးတွေ ကျင်းပတဲ့အခါမှာ သီဆိုလာခဲ့တဲ့ အင်္ဂလိပ်အမျိုးသား နယ်ချဲ့အမျိုးသားသီချင်းအစား မြန်မာအမျိုးသားသီချင်းကိုသာ သီဆိုကြရန် ကြံရွယ်ထားပါတယ်” ဟုပြောကြားပြီး မိန့်ခွန်းကို နိဂုံးချုပ် လိုက်လေသည်။

    တက္ကသိုလ်သမဂ္ဂ ဥက္ကဋ္ဌ မိန့်ခွန်းပြီးဆုံးသွားသောအခါ သမဂ္ဂအဆောက်အဦးကြီး၏ အစည်းအဝေးခန်းမဆောင်ကြီးအတွင်း၌ လက်ခုပ်သံများနှင့် ကြွေးကြော်သံများမှာ သန်းခေါင်အချိန်တိုင် ဟိန်းသွားလေတော့သည်။ ပထမဦးဆုံးအကြိမ် တက္ကသိုလ်ကျောင်းသားထုက ရွေးချယ်တင်မြှောက်ခြင်းခံရသော ဥက္ကဋ္ဌ၏မိန့်ခွန်း ပြီးဆုံးသွားသောအခါ ည ၁၂ နာရီကျော်ပြီဖြစ်၍ ကျောင်းသားအားလုံး ခန်းမဆောင်ကြီး အတွင်းမှ ထွက်ခွာသွားကြလေသည်။

     

    ဒေါက်တာမြင့်ဆွေ

     

     

  • ကိုအောင်ထွန်း (မြန်မာနိုင်ငံ ကျောင်းသား လှုပ်ရှားမှု သမိုင်း စာအုပ်ရေးခဲ့သူ)

    (ကို) အောင်ထွန်းရဲ့ “၈၈ နှစ်၊ မြန်မာနိုင်ငံ ကျောင်းသား လှုပ်ရှားမှု သမိုင်း” စာအုပ်မှ စာရေးသူ ကျောင်းသားခေါင်းဆောင် မြန်မာမွတ်စလင်မ်”ကိုအောင်ထွန်း” ကိုယ်ရေးအကျဉ်းကို ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

    ၁၉၆၇ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် ရန်ကုန် စက်မှု တက္ကသိုလ် ပဉ္စမနှစ် (လျှပ်စစ် – အင်ဂျင်နီယာ) ကျောင်းသား အဖြစ် သင်ကြားနေဆဲ ဖြစ်သည်။ ၁၉၈၇ မဆလ အစိုးရမှ ငွေစက္ကူများ တရားမဝင်ကြောင်း ကြေညာမှုကြောင့် ပေါ်ပေါက်ခဲ့သော ကျောင်းသား လှုပ်ရှားမှုများမှ စတင်ကာ တောက်လျှောက် ပါဝင်ခဲ့သည်။

    ရန်ကုန် စက်မှု တက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ခေါင်းဆောင် တဦး ဖြစ်သည်။ ၁၉၈၈-၈၉ ခုနှစ် တလျှောက်လုံးတွင် ပေါ်ပေါက်ခဲ့သော ကျောင်းသား လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။

    ၁၉၉၀ ဧပြီလ အတွင်း ဗကသများ အဖွဲ့ချုပ် (အောက် ဗမာပြည်) ကို ဖွဲ့စည်းခဲ့ရာတွင် ဗဟို အလုပ် အမှုဆောင် အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် အဖြစ် ပါဝင် ဆောင်ရွက်ခဲ့သည်။ ၁၉၉၀ ခုနှစ်၊ မန္တလေးတွင် ကျင်းပခဲ့သော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ညီလာခံ၌ ဗဟို အလုပ် အမှုဆောင် အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် အဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံခဲ့ရသည်။ ညီလာခံမှ ချမှတ်ခဲ့သော ရက် ၃၀ အတွင်း လွှတ်တော် ခေါ်ယူနိုင်ရေး အတွက် အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်အား ဝိုင်းရံ ကူညီရန် ဟူသော အချက်အား အဓိက အကောင်အထည် ဖော်ခဲ့ကြသူများတွင် ပါဝင်သည်။…

    ၁၉၉၀ ဂန္ဒီ ညီလာခံ အကြို လူထု လှုပ်ရှားမှုများကို ဗကသမှ ဦးဆောင် လှုပ်ရှားခဲ့ရာတွင် ခေါင်းဆောင် လှုပ်ရှားခဲ့သည်။ ဂန္ဒီ ညီလာခံအပြီး စက်တင်ဘာ ၁ ရက်နေ့၌ ဗကသမှ အခြား ခေါင်းဆောင်များနှင့် အတူ ဖမ်းဆီး ခံခဲ့ရသည်။

    ၂၈၊ ၁၀၊ ၁၉၉၀ တွင် ထောင်ဒဏ် ၅ နှစ် ချမှတ်ခြင်း ခံခဲ့ရသည်။ ထောင်မှလွတ်ပြီး ကျောင်းပြန်တက်ခွင့် ရသည့် အတွက် ၁၉၉၇ ခုနှစ်တွင် စက်မှု တက္ကသိုလ်မှ ကျောင်းပြီးခဲ့သည်။

    ၁၉၉၆ ခုနှစ်၊ နှစ်ဆန်းမှ စ၍ “ကျနော် အရေးချင်ဆုံး စာအုပ်” ဟု အမည်ရသော “မြန်မာနိုင်ငံ ကျောင်းသား လှုပ်ရှားမှု သမိုင်း” စာအုပ်ကို စတင် ပြုစုခဲ့သည်။ ၁၉၉၈ ခုနှစ်၊ ဇန်နဝါရီလ အတွင်း ၎င်းစာအုပ် လျှို့ဝှက် ဖြန့်ချိမှုကြောင့် ထောင်ဒဏ် ၁၇ နှစ် ချခံရသည်။ ကိုအောင်ထွန်းဟာပြစ်မှုဆိုင်ရာ ပုဒ်မ ၅(ည), ၁၇/၂၀ အရ ထောင်ဒဏ် ၁၇ နှစ် ဖြင့် သာယာဝတီထောင်တွင် ၁၉၉၈ ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့ မှစ၍ ၁၁ နှစ်ခန့် နေခဲ့ရပြီး ၂၀၀၉ စက်တင်ဘာလ ၁၈ ရက်နေ့တွင်ပြန်လွတ်ခဲ့ပါတယ်။

    ကိုအောင်ထွန်းကို ကမ္ဘာ့တဝှမ်း နိုင်ငံရေးအရ ဖိနှိပ်ခြင်း ခံနေရသော စာရေးဆရာများအား ပေးအပ်သော ဟယ်မန်၊ ဟန်းမတ်ဂရန့်ဆု (Hellman/Hammett Grant) ကို ၁၉၉၉ ခုနှစ်တွင် ချီးမြှင့်ခဲ့သည်။ ကမ္ဘာ့ စာရေးဆရာများ အသင်း အင်တာနေရှင်နယ် ပန်အဖွဲ့ဝင်များ ဖြစ်သော နော်ဝေ၊ ကင်ဘာရာ၊ ကနေဒါရှိ ပန်စင်တာများက ကိုအောင်ထွန်းအား ၎င်းတို့ အဖွဲ့များ၏ ဂုဏ်ထူးဆောင် အဖွဲ့ဝင် တဦးအဖြစ် ကြေညာ ဂုဏ်ပြုခဲ့သည်။

    (source မြန်မာမွတ်စလင်မ်မီဒီယာ)

    မြန်မာနိုင်ငံရေးအပြောင်းအလဲအတွက် ကနဦး အစပျိုးရာ ကျောင်းသားလှုပ်ရှားမှုများတွင် မြန်မာမွတ်စလမ်များမှ အစဉ်တစိုက် အမြဲထိပ်ဆုံးမှာ တက်ကြွစွာ ပါဝင်ခဲ့ကြပါတယ်။

    မြန်မာနိုင်ငံရဲ့ ကျောင်းသားသမိုင်းနဲ့ မြန်မာမွတ်စ်လင်မ်တွေရဲ့ ထူးခြားတဲ့ဆက်စပ်မှုတွေပါ…

    • ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂပထမဆုံး ဥက္ကဌက ဦးထွန်းစိန်
    • မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ပထမဆုံးဥက္ကဌ ဦးရာရှစ်
    • မြန်မာနိုင်ငံကျောင်းသားသမိုင်းစာအုပ်ကို ပြုစုခဲ့သူ ကိုအောင်ထွန်း

    မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း စာအုပ်ဖတ်ချင်သူများ အောက်ကလင့်ခ်တွင်ဖတ်ပါရန်။

  • သခင်အောင်ဆန်းမှ သခင်စိန်ခိုထံသို့ပေးစာ

    မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအသင်း

    ALL BURMA STUDESNTS’ UNION

    တက္ကသိုလ်ဝင်း

    ရန်ကုန်မြို့။

    University Estate

    Rangoon 9-2-1937

    အစီရင်ခံပါသည် ကိုစိန်ခိုခင်ဗျာ

    ပေးပို့လိုက်သောစာကို ရရှိပါ၏။ မိတ်ဆွေသည် မူစလင်လူမျိုး ဖြစ်ငြားသော်လည်း မျိုးချစ်စိတ်ရှိသည်ကို သိရ၍ အထူးဝမ်းသာပါ၏။ စင်စစ်သော်ကား ဘာသာတရားနှင့် မျိုးချစ်စိတ်သည် အလျဉ်းမသက်ဆိုင်။ ငွေအသိန်းအသန်းကြွယ်ဝ၍ ဘုရားတကာ ကျောင်းတကာ အမည်ခံလျက်ရှိသော ဧရာမလူကြီးများပင် ဖြစ်လင့်ကစား မျိုးချစ်စိတ်မရှိက (၀ါ)ကိုယ်ကောင်းကြံက အချည်းနှီးသာတည်း။ မိတ်ဆွေ သမဂ္ဂအသင်းတည်ထောင်ချင်သည်ဟု ပြောသဖြင့် ၀မ်းသာပါ၏။

    (၁) မည်သည့်အလုပ်မဆို လူနည်းသည်များသည်မှာ ပဓာဏမဟုတ်၊ လူငါးယောက်ရှိလျင် ငါးယောက်နှင့်ပင် အရင်စ၍တည်ထောင်ပါ။ အလုပ်ကျနစွာလုပ်၍ပြပါ။ နောင် လူကြိုက်များလာပါမည်။

    (၂) အသင်းတည်ထောင်သောအခါ ၀ါးခယ်မကျောင်းသားများအသင်းဟု အမည်တပ်၍တည်ထောင်ပါ။ အခြားကျောင်းများရှိလျင် အင်္ဂလိပ်စာသင်ကျောင်းဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ၄င်းကျောင်းများမှ စိတ်ရှိသူမျာနှင့် တိုင်ပင်၍အသင်းတည်ထောင်ပါ။ အသင်းမှာ နိုင်ငံရေး ၀င်ရောက်စွက်ဖက်ရန်မဟုတ်၊ ကျောင်းသားလူငယ်များ၏ ကျန်းမာရေး၊ ပညာရေး၊ ကိုယ်ကျင့်တရား ကောင်းမွန်ရေးအတွက်သာ ဖြစ်သည်။ ဘယ်ပါတီမှ အားမပေးနှင့်၊ ဘယ်ပါတီကိုမှ မချီးမြှောက်နှင့်။ အမျိုးသားနေ့၊ ဦးဝိစာရနေ့များတွင်ကား အောင်ပွဲများ ကျင်းပနိုင်သည်။ ကျင်းပရန်လည်း တိုက်တွန်းသည်။ စကားပြောဟောပွဲ၊ စကားအခြေအတင်ပွဲ၊ သတင်းစာမဂ္ဂဇင်းများကိုဖတ်ခြင်း၊ စာအုပ်ကောင်းများ စုဆောင်း၍ဖတ်ခြင်း၊ချွေတာရေးကျောင်းသားများ ငွေစုသော အလေံအထ ဖြစ်စေခြင်း၊ တိုင်းရင်းဖြစ်အထည်များဝတ်ဆင်ရေး၊ တောဒေသဗဟုသုတဖြစ်ဖွယ်ရယ အရပ်များကို သွားရောက်ကြည့်ရှုမှတ်သားခြင်း အစရှိသည့်လုပ်ငန်းများကို ငွေအင်အားရှိသလို ကြည့်လုပ်။ ငွေရအောင် အသင်းဆက်ကြေးငွေကိုအများသဘောတူသော နှုန်းအတိုင်း ကောက်ခံပါ။ အသင်းထူထောင်ရန်အတွက် အချို့သြဇာရှိသော လူကြီးများနှင့် တိုင်ပင်၍ ဘုရားကျောင်းဇရပ်တစ်ခုခုမှာဖြစ်စေ အစီးအဝေးလုပ်၊ ၄င်းအစီးအဝေးတွင် ကျောင်းသားများကိုသာ အမှုဆောင်အဖြစ် တင်မြှောက်၍ အလုပ်ဆက်လုပ်ပါလေ။ အလုပ်လုပ်ရန်အတွက် အင်္ဂလိပ်လို ရေးသားထားသော စည်းမျဉ်းဥပဒေကို ပို့လိုက်ပါသည်။ အကယ်၍ နားမလည်လျင် မိတ်ဆွေတို့မြို့တွင်ရှိသော နားလည်သူ တစ်ဦးဦးအား မေးမြန်းပါ။ အသင်းထောင်၍ မည်သူမျှ အပြစ်မရနိုင်။

    ယခုအခါ မိတ်ဆွေတို့မှာ စာမေးပွဲ နီးလာပြီ ဖြစ်၍ စာမေးပွဲအောင်ရန်လည်းကြိုးစားကြပါ။ အောင်ပါစေဟူ၍လည်း ဆုတောင်းပါသည်။

    အောင်ဆန်း

    (စာလုံးပေါင်းသတ်ပုံ မူရင်းအတိုင်း ဖော်ပြပါသည်။)

    ဗိုလ်ချုပ်အောင်ဆန်း(ထိုစဉ်က ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း)က ၀ါးခယ်မမြို့နေ သခင်စိန်ခို ခေါ် ဖလာဟွတ်ဒီန်(၁၉၂၀-၂၀၀၂)ထံသို့ ပေးစာ။ မူရင်းစာ လက်ရေးမူအား တပ်မတော် မော်ကွန်းတိုက်တွင် လှူဒါန်းခဲ့ပြီးဖြစ်သည်။

    သခင်စိန်ခိုသည် ဆရာဦးမင်းနိုင် (စာရေးဆရာ ၀ါးခယ်မမောင်မင်းနိုင်)၏ ဘကြီး တော်စပ်ပါသည်။

    သခင်စိန်ခိုအကြောင်း သီးခြားထပ်မံ တင်ပြပါဦးမည်။

    ကိုးကား-အစ္စလာမ့်သုတ မဂ္ဂဇင်းတစ်အုပ်တွင် ဖော်ပြထားသည်ကို မိတ္တူဆွဲမှတ်တမ်းတင်ခဲ့သည်အား ပြန်လည်ဝေမျှပါသည်။ ဆရာဝါးခယ်မမောင်မင်းနိုင်ရေးသားပြုစုသည့် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းဝင် မွတ်စလင်များ စာအုပ်တွင်လည်း ဖော်ပြထားပါသည်။

    By-ကိုကျော်မိုးအောင်

  • အမျိုးသားနေ့နှင့် မြန်မာမွတ်စလင်မ်တို့၏ အခန်းကဏ္ဍ

    နိုဝင်ဘာ-၁၀ ၂၀၁၁

    M-Media

    ၁၂၈၂ ခုနှစ် သပိတ်မှောက်ကျောင်းသားခေါင်းဆောင်ဦးဘဦး၏ လက်ရေးမူ

    အမျိုးသားနေ့သည် ပထမအကြိမ်မြောက် ကျောင်းသားသပိတ်ကြီး ၁၉၂၀ ခုနှစ်မှ ပေါက်ဖွားလာသော လွတ်လပ်ရေး ကြိုးပမ်းချက်တစ်ရပ် ဖြစ်သည်။ ဗြိတိသျအစိုးရသည် ၁၉၂၀ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ဥပဒေသစ်တစ်ရပ်ကို အတည်ပြုကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ယခင်က ရန်ကုန်တက္ကသိုလ်သည် အိန္ဒိယ လက်အောက်ခံ ကလကတ္တားတက္ကသိုလ် ဖြစ်ခဲ့သည်။ ဥပဒေသစ်သည် မြန်မာပြည်၌ သီးသန့်တက္ကသိုလ် တစ်ခုဖွင့်လှစ်ရန် ရည်ရွယ်ချက်နှင့် မြန်မာလူမျိုးများတက္ကသိုလ်ပညာရပ်ကို မသင်ယူနိုင်ရန် ဟန့်တားသော ဥပဒေဖြစ်သည်။

    ထိုဥပဒေသစ်ကို ပြုပြင်ရန် ဂျီ -စီ-ဘီ-အေ ခေါ် မြန်မာပြည်လုံးကျွတ်အသင်းကြီးက တောင်းဆိုမေတ္တာရပ်ခံခဲ့သော်လည်း လက် ထောက်ဘုရင်ခံ ဆားရယ်ဂျီနယ်ကရက်ဒေါက်က လက်မခံဘဲ လျစ်လျူရှုခဲ့ပြီး ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် အတည်ပြုခဲ့သည်။ ထို့ကြောင့် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ လ ၂ ရက်နေ့တွင် တက္ကသိုလ် ကျောင်းသားခေါင်းဆောင်ကြီး ၁၁ ဦးတို့သည် ရွှေတိဂုံစေတီတော်ရင်ပြင် စနေထောင့်တွင် ဗြိတိသျှ အစိုးရ၏ ကျွန်သက်ရှည်ရေးပညာရေးဥပဒေ သစ်ကိုတိုက်ဖျက်ရန် ဆွေးနွေးခဲ့ကြသည်။ မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၈ ရက် သောကြာနေ့(ခရစ်နှစ် ၁၉၂၀ ဒီဇင် ဘာလ ၃ ရက်) နေ့တွင် ရန်ကုန် ကောလိပ်ကျောင်းသားကြီး ၁၁ ဦး တို့သည် ရန်ကုန်ယူနီဘာစီတီအက် ဥပဒေကို သပိတ်မှောက်ရန် ရွှေတိဂုံစေတီတော်ကြီး၏ ရင်ပြင်တော် စနေထောင့်တွင် သစ္စာအဓိဋ္ဌာန်ပြုခဲ့ကြသည်။

    ပထမအကြိမ် ၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ် ကျောင်းသားသပိတ်ကြီး၏ ကျောင်းသားခေါင်းဆောင်ကြီး ၁၁ ဦး၏ အမည်စာရင်းကို ခရစ်နှစ် ၁၉၇၀ ပြည့်နှစ် (မြန်မာနှစ် ၁၃၃၂ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၁၀ ရက်) နိုဝင်ဘာလ ၂၃ ရက် တနင်္လာနေ့တွင်ကျရောက်သော နှစ် ၅၀ ပြည့် ရွှေရတုအမျိုးသားနေ့တွင် ရွှေတိဂုံစေတီတော်၏ရင်ပြင်တော် စနေထောင့်၌ ကျောက်စာတိုင်စိုက်ထူ၍ ကမ္ပည်းရေးထိုး သမိုင်းမှတ်တမ်းတင်ခဲ့သည်။

    ‘ဤနေရာကားမြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့် ကျော် ၈ ရက်နေ့က ရန်ကုန်ကော လိပ်ကျောင်းသားကြီး ၁၁ ဦးတို့ တွေ့ဆုံ၍ ရန်ကုန်ယူနီဘာစီတီအက် ဥပဒေကို သပိတ်မှောက်ရန် သစ္စာ အဓိဋ္ဌာန် ပြုသောနေရာပေတည်း။” ကျောင်းသားကြီး ၁၁ ဦး၏အမည် များမှာအောက်ပါအတိုင်းဖြစ်ပါသည်။

    ၁။ ဘခင်

    ၂။ ဘိုးကွန်း

    ၃။ ဘဦး

    ၄။ အောင်ဒင်

    ၅။ ထွန်းဝင်း

    ၆။ ဖေသိန်း

    ၇။ ဘရှင် (သံတွဲ)

    ၈။ ဘရှင် (ထားဝယ်)

    ၉။ ကေ-ညီပိတ်

    ၁၀။ လှတင်

    ၁၁။ မောင်ဧ

    အထက်ဖော်ပြပါ ဆောင်းပါးအပိုင်းမှာ Eleven ဂျာနယ်မှ ကောက်နှုတ်တင်ပြခြင်းဖြစ်ပါသည်။ ဆောင်းပါး အပြည့်အစုံကိုLink ကိုနှိပ်ပြီးဖတ်ရှုနိုင်ပါသည်။

    ———————————————————————————————

    ကိုဘရှင် (သံတွဲမှာ ) အစ္စလာမ်ဘာသာဝင် မွတ်စလင်မ်ဖြစ်၏။

    တက္ကသိုလ်သပိတ်ခေါင်းဆောင်များတွင် အစ္စလာမ်ဘာသာဝင်တစ်ဦး ပါဝင်သကဲ့သို့ ယင်းကို အားပေးထောက်ခံသည့်အဖွဲ့အစည်းများတွင်လည်း ကာလိဖတ်ကော်မတီ( KHILAFAT COMMITTEE) နှင့် မွတ်စလင်မ်အဖွဲ့ (Muslim League) ဟူသည့် မွတ်စလင်မ် အဖွဲ့အစည်းများလည်း ရှေ့တန်းမှ ပါဝင်ခဲ့သည်ကို အမျိုးသားနေ့နှင့် အမျိုးသားပညာရေးလှုပ်ရှားမှု သမိုင်း အကျဉ်းချူပ်စာအုပ်တွင် ဤသို့ တွေ့ရပါသည်။

    အားပေးသူများ

    ယင်းသို့ ဆုံးဖြတ်သည့် အတိုင်း မြန်မာနိုင်ငံ ကာလိဖတ်ကော်မတီ၊ မွတ်စလင်လိအစရှိသော အိန္ဒိယအမျိုးသားအသင်းများအဖွဲ့နှင့် တစ်ဦးချင်း ပုဂ္ဂိုလ်များသည် သပိတ်စခန်းသို့ လာရောက်အကူအညီပေးကြသည်။ (ညွှန်းပြီး စာ-၂၄၈)

    ထူးခြားချက်မှာ အမျိုးသားကျောင်းများ ထူထောင်ကြဟု လှုံဆော်ခဲ့သည်မှာလည်း မွတ်စလင်တို့ပင်ဖြစ်သည်။ အိန္ဒိယလူမျိုးခေါင်းဆောင်တစ်ဦးဖြစ်သော မစ္စတာ အဘစ်ထရပ်ဂျီ (အဗ္ဗားဆ်သွဗ်ဂျီ) ကလည်း သပိတ်စခန်းသို့ လာရောက်၍ကျောင်းသားများ ၊ အချိန်အလဟဿမဖြစ်စေရန် အမျိုးသားကျောင်းများ စတင်တည်ထောင်ရေးကို တိုက်တွန်းသည်။

    ယူနီဗာစီတီ သပိတ်မှောက် အတ္တုပတ္တိ ဦးဖိုးကွန်း၊ စာ -၉၁ တိုးတက်ရေးမဂ္ဂဇင်း၊ ၁၉၅၃ နိုဝင်ဘာလ(၁) နံပါတ် ၂၆)

    တက္ကသိုလ်ပညာရှိပါက ရာထူးကြိးကြီး ရနိုင်သည့် ခေတ်ကြီးတွင် အမျိုးသားရေး ဇာတိမာန်ဖြင့် ရေသာခိုအချောင်မလိုက်ဘဲ မိမိတက်လမ်းကို အနစ်နာခံကာ ကျောင်းထွက်ခဲ့ကြသည့် ကျောင်းသား အများအပြားတွင် မွတ်စလမ်ကျောင်းသားလည်း ပါဝင်ခဲ့သည်။

    သပိတ်မှောက်ကောင်စီ ကျောင်းသား အစည်းဝေး(၁၉၂၀ ဒီဇင်ဘာ ၂၀) ဆုံးဖြတ်ချက်အရ အာဏာပိုင်တို့၏ အပြုအမူများကို မကျေနပ်ကြောင်း ဆန္ဒပြသည့် အနေဖြင့် ထိုနေ့ပင် ကျောင်းမှ နုတ်ထွက်ကြသည့် ကျောင်းသူ/သား စုစုပေါင်း (၅၀၄) ယောက်တွင် မွတ်စလင်မ် ကျောင်းသား/သူ အများအပြားပါရှိခဲ့သည်ကို အမည်နာမ နှင့် တကွ တွေ့ရသည်။ (ညွှန်းပြီး စာ -၃၀၄-၃၀၉)

    နယ်ချဲ့တို့ ကြိုးကိုင်ထားသည့် ပညာရေးကား အမျိုးသား တက်လမ်းကို ပိတ်ပင်ရာသာ ကျသည်။ ဤအတွက် တိုင်းရင်းသား ယူနီဗာစတီ ပေါ်ပေါက်လာရေးကို ကြိုးပမ်းချက်ထားခဲ့ကြသည်။ “ အစ္စလာမ်ဘာသာဝင် SAS ထရပ်ဂျီမှာ မြန်မာတိုင်းရင်းသား ယူနီဗာစတီ သိပ္ပံ ကျောင်းတော်ကြီး ပေါ်ပေါက်ရေးမှာ အမျိုးသားကောင်စီ ဖွဲ့စည်းရာမှာ ပါဝင်ခဲ့သည်။”

    နယ်ချဲ့တို့၏ ဘုန်းတော်ဘွဲ့ အမျိုးသား သီချင်းကို မဆိုရန် ကန့်ကွက်ခဲ့တာလည်း မွတ်စ်လင်မ်ပါ။

    ၁၉၂၀ ပြည့်နှစ် တက္ကသိုလ် အထွေထွေ သပိတ်အပြီး ပထမဆုံးအစည်းအဝေးတွင် ဦးထွန်းစိန်က God Save the King နယ်ချဲ့ အမျိုးသား သီချင်းကို တက္ကသိုလ် သမဂ္ဂအဆောက်အအုံတွင် မဆိုကြရန် စိတ်လက်မာန်ပါ အဆိုတင်သွင်းကန့်ကွက်ခဲ့သည်။ ဤအဆိုကြောင့် သခင်ဘသောင်းနှင့် MA ရရှိဒ်တို့က လက်ဆွဲနှုတ်ဆက်ခဲ့ရသည်။

    ဤ ကိစ္စနှင့် ပတ်သက်ပြီး သင်္ချာဌာနမှ မစ္စတာ ဒီဂျေစလော့က သူအားအလုပ်ထွက်စာတင်ရန် ခြိမ်းခြောက်ခဲ့ရာ သူက မမှု့ခဲ့ပေ။ “ မိမိတွင် အလုပ်နှင့် ပတ်သက်သည့် ပြစ်ချက်မရှိ ၍ သူ့ဘက်မှ စပြီး အလုပ်မထွက်နိုင်၊ အမျိုးသားရေး အမြင်ဖြင့် ဆောင်ရွက်ချက်သာ ဖြစ်ကြောင်း” မျက်နှာဖြူ အရာရှိသို့ ရဲဝင့် စွာ ချေပပြောဆိုခဲ့သည်။ ကိုထွန်းစိန်မှာ ရန်ကုန်တက္ကသိုလ် သမဂ္ဂ၏ ပထမဆုံးဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည်။

    စာရေးဆရာ ဝါးခယ်မ မောင်မင်းနိုင် ပြုစုတဲ့ မြန်မာနိုင်ငံနှင့် အစ္စလာမ်သာသနာ စာအုပ် စာမျက်နှာ(၁၉-၂၀)မှ ကောက်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်။

     

    • မြန်မာနိုင်ငံနှင့် အစ္စလာမ်သာသနာ စာအုပ် Download ယူရန်။ Click Here
  • “ဦးရွှေယွန်း(မြိတ်)နှင့် သူ့စာပေရေစီးကြောင်း”

    ပသီကိုကိုလေး

    စာပေဟူသည် လူ့သမိုင်းတလျှောက် လူ့ယဉ်ကျေးမှုနဲ့ မြင့်မားတဲ့အတွေးအခေါ်များကို အထောက်အကူပြုခဲ့တဲ့ အနုပညာတစ်ရပ်ဖြစ်သည်မှာ ငြင်းဆိုနိုင်ဖွယ်မရှိ။ ဥပမာ အနန္တသူရိယအမတ်ကြီးသည် သေရအံ့ဆဲဆဲတွင် သူတည်းတစ်ယောက်ကောင်းဖို့ရောက်မူ သူတစ်ယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာဟူ၍ ရေးခဲ့တယ်။ လက်ဝဲသုန္ဒရအမတ်ကြီးသည် မဲဇာတောင်ခြေရတုကြောင့် မင်းပြစ်ဒဏ်လွတ်ခဲ့ရတယ်။ အနောက်နန်းမိဖုရား မမြကလေးရဲ့ တေးထပ်ကြောင့် ရွှေဘိုမင်းရဲ့ အမျက်ဒေါသကို ပြေစေခဲ့တယ်။ လှိုင်ထိပ်ခေါင်တင်မင်းသမီးသည် တေးထပ်ဘောလယ်တို့ဖြင့် ကနောင်မင်းသားကြီးရဲ့ အမျက်ဒေါသကို ပြေစေခဲ့တယ်။ ရှေးအထက်ထက်က စာဆိုရှင်တို့ဟာ အကြောင်းခံတစ်ခုခုကို အခြေခံပြီး စာပေရေစီးကြောင်းကို စီးဆင်းစေခဲ့ကြတယ်။ ရတုဘုရင် နတ်သျှင်နောင်ရဲ့ရတုတွေဟာ ဒီကနေ့အထိ ရေစီးကြောင်းအတွင်း စီးဆင်းလျက်ရှိတယ်။ စာပေသည် သူ့ခေတ်သူ့အခါနဲ့ လိုက်လျောညီထွေ ဖြတ်သန်းကျော်လွှားစီးဆင်းခဲ့ကြတယ်ဆိုတာ စာပေသမားတိုင်းအသိပါ။ ရှေးခေတ်စာဆိုရှင်တို့ရဲ့ စာပေရေစီးကြောင်းတို့ကို လေ့လာရင် သူ့ခေတ်သူ့အခါရဲ့ သရုပ်သကန်ကို ပေါ်လွင်စေခဲ့ကြတယ်။

    သို့သော် ယနေ့စာပေရေစီးကြောင်းတို့ဟာ ရှေးခေတ်စာပေရေစီးကြောင်းတို့ကို ကျော်လွှားခဲ့ပါပြီ။ ဒါပေမယ့် ရှေးခေတ်စာဆိုရှင်ကြီးများရဲ့ စာပေတို့ကို ပစ်ပယ်လို့မရကောင်းတာတွေလဲ အများကြီးပါ။ သို့သော် ရှေးခေတ်စာပေတို့အကြောင်းကိုလေ့လာရင် ရွှေနန်းတော်အကြောင်း၊ ဘုရင်တို့အကြောင်း၊ မိဖုရားတို့အကြောင်း၊ မှူးမတ်သေနာပတိတို့အကြောင်း စတဲ့စတဲ့အကြောင်းအရာတွေအပေါ်မှာသာ အခြေခံခဲ့ကြတယ်။ တိုင်းသူပြည်သားအများစုကြီးရဲ့ ဘ၀ဖြစ်စဉ်ကို ဖော်ထုတ်ခဲ့ကြတဲ့အကြောင်း မပါသလောက်ပါ။ ဘယ်ပုံဘယ်နည်းနဲ့ စာပေပြုစုခဲ့ကြသည်ပဲဖြစ်ပါစေ စာပေရေစီးကြောင်းကတော့ ဘယ်ခေတ် ဘယ်အခါကမှ ရပ်ဆိုင်းမသွားခဲ့ပါဘူး။ ချဉ်ပေါင်ရွက်သည် မောင်မှိုင်းဝတ္ထုကြီး ထွက်လာတဲ့အခါမှာတော့ ရှေးခေတ်အဆက်ဆက်က စာပေရေစီးကြောင်းတွေနဲ့ ခွဲထွက်လာခဲ့တယ်။ ဆင်းရဲသား တောသူတောင်သားတွေဘက်လှည့်ပြီး ရေစီးကြောင်းပြောင်းလာတယ်။ ဒီနောက်မှာတော့ ခေတ်အကြောင်း စနစ်အကြောင်းပြောင်းပြီးဆင်းလာတဲ့စာပေရေစီးကြောင်းဟ တသွင်သွင် စီးဆင်းလျက်ပါ။

    စာပေရေစီးကြောင်းကို လက်လွှတ်မခံ လိုက်ပါခဲ့တဲ့ စာဆိုရှင် ဦးရွှေယွန်း(မြိတ်)အကြောင်း ရေးချင်ပါတယ်။ ဒီပုဂ္ဂိုလ်ကြီးက ဥပဒေပညာရှင်တစ်ဦးပါ။ ဥပဒေရှုထောင့်က ဦးရွှေယွန်း(မြိတ်)ပြုစုခဲ့တဲ့ စာပေဟာ သူ့ခေတ် သူ့အခါအလျောက် အလွန်တန်ဖိုးရှိလှတဲ့ စာပေရေစီးကြောင်းတစ်ရပ်ပါ။

    ဦးရွှေယွန်း(မြိတ်)အကြောင်း ၁၉၇၄-ခုနှစ်တုန်းက ထုတ်ဝေခဲ့တဲ့ မြိတ်မဂ္ဂဇင်းမှာ စာရေးဆရာ အေးခန့်(မြိတ်)က ရေးခဲ့ဖူးပါတယ်။ အချိန်အခါကလဲ နှစ်အလိုအရ (၁၃)နှစ်နီးပါးရှိနေပါပြီ။ ဖတ်ခဲ့ဖူးသူများလဲ မေ့လောက်ပါပြီ။ ထိုစဉ်ကပင် ကျွန်တော် ဦးရွှေယွန်းအကြောင်းကို စိတ်ဝင်စားခဲ့သူပါ။ ၁၉၇၄-ခုနှစ်တုန်းက အသက်(၅)နှစ် (၆)နှစ်သား အရွယ်တို့ဟာ ဒီကနေ့ (၁၈)နှစ် (၁၉)နှစ်သားအရွယ်ရောက်ကြပါပြီ။ ဒီအချိန်မှာ သူတို့တစ်တွေလဲ ပုဂ္ဂိုလ်ကျော် ဦးရွှေယွန်းအကြောင်းသိစေချင်လို့ ဒီဆောင်းပါးကို ရေးခြင်းပါ။

    နောင်သောအခါ ကျော်ကြားလာမည့် ဥပဒေပညာရှင်ကြီး ဦးရွှေယွန်းကို မြိတ်မြို့ ကံကောင်းရပ်မှ သူကြီးမျိုးရိုးမှ ဆင်းသက်လာတဲ့ (အဘ)ဦးထွန်း (အမိ)ဒေါ်မင်းမိုးတို့မှ ၁၂၃၆-ခု၊ ၀ါဆိုလဆန်း(၆)ရက်၊ အင်္ဂါနေ့မှာ သားဦးအဖြစ် မွေးဖွားခဲ့ပါတယ်။ အဲဒီနှစ်ကို တွက်ရင် အထက်မြန်မာနိုင်ငံမှာ မင်းတုန်းမင်းတရားကြီး နန်းစံနေတုန်းပါ။

    ဦးရွှေယွန်း(မြိတ်)ရဲ့ မိဘအဆက်အနွယ်တို့ဟာ အစ္စလာမ်သာသနာ ကိုးကွယ်ယုံကြည်ကြသူများဖြစ်ကြလို့ ဦးရွှေယွန်းကိုယ်တိုင်လည်း အစ္စလာမ်သာသနာသက်ဝင်ယုံကြည်သူဖြစ်ခဲ့ပါတယ်။

    အာရဗ်ကုန်သည်တွေဟာ အနောက်ဘက် ဒမစကမတ်ကျွန်းစုမှ အရှေ့ဘက် တရုတ်ပြည်အထိ ကူးသန်းသွားလာကြရာမှ မြိတ်မြို့ ဆိပ်ကမ်းကို စခန်းထောက်အဖြစ် အသုံးပြုခဲ့ကြတယ်ဆိုတဲ့ သမိုင်းတွေ ရှိနေပါတယ်။ အာရဗ်ကုန်သည်တွေ အ၀င်အထွက်များခဲ့ရာမှ မြိတ်မြို့မှာလဲ အစ္စလာမ်သာသနာ အမြစ်တွယ်ခဲ့တယ်ဆိုတဲ့ သမိုင်းကြောင်းတို့ရှိခဲ့ပါတယ်။

    ဦးရွှေယွန်း(မြိတ်)ဟာ အစ္စလာမ်သသနာကိုးကွယ်ပေမယ့် အခြေခံပညာကိုတော့ ဘုန်းတော်ကြီးကျောင်းနေပြီး သင်ခဲ့ရတယ်။ နောက်တော့ အင်္ဂလိပ် – မြန်မာ အထက်တန်းကျောင်းပြောင်းပြီး ခေတ်ပညာသင်ခဲ့တယ်။

    ကျောင်းမှာ စာကြိုးစားတယ်။ တော်တယ်။ ဒီတော့ ကျောင်းဆရာ ဆရာမတို့က ချစ်ခင်ကြ၊ စာကြိုးစားမှုအားကောင်းလို့ ပညာရည်ထူးချွန်ဆု အကြိမ်ကြိမ်ရခဲ့သူပါ။

    ဦးရွှေယွန်း အထက်တန်းပညာ ကုန်ဆုံးချိန်မှာ မြန်မာနိုင်ငံမှာ တက္ကသိုလ်မရှိသေးလို့ အိန္ဒိယပြည် ကာလကတ္တားတက္ကသိုလ်သွား ပညာသင်ကြားပြီး ပြန်လာတော့ ကျောင်းဆရာအလုပ်ဝင်လုပ်တယ်။ အသက်(၂၂)နှစ်မှာ အထက်တန်းရှေ့နေစာမေးပွဲဝင်ဖြေတယ်။ အောင်ခဲ့လို့ ကျောင်းဆရာဘ၀က ထွက်ပြီး ရှေ့နေလုပ်ငန်းကို ဇောက်ချလုပ်ကိုင်ခဲ့သူပါ။

    ရှေ့နေလုပ်ငန်းလုပ်တော့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံတို့နဲ့ ဆက်သွယ်ရတယ်။ ငယ်စဉ်က ဘုန်းတော်ကြီးကျောင်းလည်းနေခဲ့ဖူးတော့ ဗုဒ္ဓသာသနာကိုလည်းလေ့လာတယ်။ မိမိကိုယ်တိုင် အစ္စလာမ်သာသနာ ကိုးကွယ်သူဖြစ်တာကြောင့် အစ္စလာမ်သာသနာကိုလည်း လေ့လာတယ်။ သာသနာဝင်ချင်းမတူပေမယ့် သာသနာဝင်ချင်းချစ်ကြည်ရေး၊ စိတ်ဝမ်းမကွဲရေးကြိုးပမ်းခဲ့တယ်။ ပါဠိ – ပေါရာဏတို့ကို ကျွမ်းကျင်အောင်ကြိုးစားခဲ့တယ်။ မြို့ရွာအရေး၊ ရပ်ရွာအရေးတို့မှာလည်း ဦးရွှေယွန်းပါခဲ့ရတာများပါတယ်။

    အလုပ်ကလည်းလုပ်၊ လူချစ်လူခင်ကလဲများလာလို့ မြိတ်မြို့ရဲ့ မြူနီစပါယ်လူကြီးဖြစ်လာတယ်။ တစ်ဆင့်တက်ပြီး မြူနီစပါယ်အဖွဲ့ဥက္ကဋ္ဌဖြစ်လာတယ်။ ဒိစတြိတ်ကောင်စီဥက္ကဋ္ဌလည်းဖြစ်လာတယ်။ အဆုံးအဖြတ်ပေးနိုင်တဲ့နေရာတွေကို ကိုင်လာရတော့ မြို့ရွာစည်ပင်သာယာရေး၊ လမ်းများတိုးချဲ့ဆောက်လုပ်ရေး၊ စာသင်ကျောင်းများတိုးချဲ့ဖွင့်လှစ်ရေးတို့ကို လုပ်ခဲ့တယ်။ အောင်မြင်မှုတွေလည်း ရခဲ့တယ်။ အလုပ်ကလည်းလုပ်၊ မြို့သူမြို့သားတွေကလည်း ချစ်ခင်ကြလို့ ၉၁-ဌာန အုပ်ချုပ်ရေးမှာ မင်းတိုင်ပင်အမတ်ဖြစ်တယ်။ မင်းတိုင်ပင်အမတ်ဘ၀နဲ့ မြိတ်၊ ကျောက်ဖြူတောင်တန်း၊ တနင်္သာရီကားလမ်းဖောက်လုပ်ရေးစီမံကိန်း၊ ကျောက်ဖြူတောင်တန်းမှ မြိတ်မြို့ ရေရရှိရေးစီမံကိန်းတို့ကို တင်ခဲ့တယ်။ ဒါပေမယ့် အဲဒီခေတ် အဲဒီကာလက တိုင်းရေးပြည်ရေးထက် ရာထူးလုပွဲတွေကသာ အဓိကဖြစ်နေလို့ သူ့စီမံကိန်းတွေဟာ မအောင်မြင်ခဲ့ပါဘူး။

    ရနိုင်သမျှ၊ ရတတ်သမျှတွေကို အများပြည်သူတွေအတွက် ထာဝစဉ်အာရုံစိုက်နေသူဖြစ်လေတော့ လူခွန်တော်ဖျက်သိမ်းရေး၊ လယ်ယာမြေ နှစ်ရှည်ငှားရမ်းရေး၊ လယ်သမားများဘ၀ တိုးတက်ရေးနဲ့ မြို့ရွာစည်ပင်သာယာမှုတို့ကို အစဉ်တစိုက်လုပ်နေတာတွေကြောင့် အမ်-ဘီ-အီး ဘွဲ့နဲ့ ကေ-အိုင်-အိပ်ခ်ျ ဘွဲ့ တို့ကို အင်္ဂလန်ပြည့်ရှင် ဘုရင်မက ချီးမြှင့်ခဲ့တယ်။

    ဘုရင်မက ဘွဲ့တွေပေးထားပေမယ့် ဒုတိယကမ္ဘာစစ်ပြီးပြီးလို့ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ ဖ-ဆ-ပ-လ ပေါ်လာတဲ့အခါ မြိတ်မြို့ ဖ-ဆ-ပ-လ အဖွဲ့မှာ ခေါင်းဆောင်တစ်ဦးဖြစ်လာပြီး၊ ဖ-ဆ-ပ-လ စင်မြင့်ပေါ်ကနေပြီး အင်္ဂလိပ်နယ်ချဲ့သမားကို စိန်ခေါ်ခဲ့တယ်။ ဒါကြောင့် မြိတ်မှာ ထူးခြားတဲ့ ကြယ်တစ်ပွင့်ဖြစ်လာတယ်။

    အစ္စလာမ်သာသနာနဲ့ ဦးရွှေယွန်း

    မြို့ရေး ရပ်ရေးတို့ကို မအားမလပ်ဆောင်ရွက်ရင်း မိမိယုံကြည်ကိုးကွယ်ရာ အစ္စလာမ်ဓမ္မများကို နှိုက်နှိုက်ချွတ်ချွတ်လေ့လာခဲ့တယ်။ လေ့လာတော့လည်းတတ်ကျွမ်းလာတယ်။ ဒီတော့လည်း အစ္စလာမ်သာသနာဝင်ချင်းဖြစ်ကြရတဲ့ကိစ္စတွေကို တရားဓမ္မနဲ့ အဆုံးအဖြတ်ပေးနိုင်တဲ့ ဂိုဏ်းသခင်ကြီးဖြစ်လာတယ်။

    မြိတ်မြို့ ကံကောင်းရပ်မှာရှိတဲ့ ထုံးဖိုဗလီ ထရပ်စ်စတီ(ဂေါပက)အဖွဲ့ ဥက္ကဋ္ဌဖြစ်လာတယ်။ မိမိစရိတ်မိမိစားပြီး ဗလီရှေ့ဆောင်အဖြစ် တာဝန်ယူခဲ့တယ်။ လောကီဘုံသားတို့မှာဖြစ်လေ့ဖြစ်ထရှိတဲ့ မွတ်စလင် လင်မယားကွာရှင်းမှု၊ အမွေမှုတို့ကို ဆုံးမသြ၀ါဒပေးပြီး ဖြေရှင်းပေးခဲ့နိုင်တာရှိသလို တချို့ကတော့လည်း ရုံးပြင်ကန္နားရောက်ကြတာတွေလည်း ဒုနဲ့ဒေးပေါ့။ မွတ်စလင်မ်အချင်းချင်းဖြစ်ပွားကြတဲ့ လင်ကွာ မယားကွာ အမွေမှုတွေကလည်း အစ္စလာမ်ဓမ္မသတ်နဲ့ ဆုံးဖြတ်ရတာမျိုးကလည်း အများသား။

    ဦးရွှေယွန်းနဲ့ စာပေရေစီးကြောင်း

    လင်မယားကွာရှင်းမှု၊ အမွေမှုတို့နဲ့ဆက်နွယ်လာတဲ့ ကိစ္စတွေ၊ ရုံးပြင်ကန္နားရောက်ကြရင် ဖြေရှင်းပေးကြတဲ့အခါ အထောက်အကူပြုကြရတာက မဟာမေဒင်လော(ဥပဒေ)။ ရောက်လာကြတဲ့ အမှုတို့ကို ကိုင်တွယ်ဆုံးဖြတ်ပေးကြရတဲ့ တရားသူကြီးတိုင်း မွတ်စလင်မ်များမဟုတ်။ မွတ်စလင်မ်မဟုတ်ကြလို့ မဟာမေဒင်လောကို ပယ်လို့မရ။ ဒီအခက်အခဲမျိုးတွေပြေလည်စေဖို့ အင်္ဂလိပ်လိုမှ မြန်မာလို ဘာသာပြန်ခဲ့တယ်။ ဦးရွှေယွန်းရဲ့ စာပေရေစီးကြောင်းကို မြန်မာနိုင်ငံတရားရုံးများသို့ စီးဆင်းစေခဲ့တယ်။ သူ့စာပေရေစီးကြောင်းကို ပိုမိုလေးနက်စေလိုတဲ့ဆန္ဒနဲ့ ဖ-ဆ-ပ-လ ခေတ်၊ တရားလွှတ်တော်ချုပ်၊ တရားရေးဝန်ကြီးများဖြစ်ကြတဲ့ ဒေါက်တာဘဦး(နောင်သောအခါ သမ္မတဖြစ်လာသူ)၊ ဒေါက်တာဦးအေးမောင် (နောင်သောအခါ တရားရေးဌာန၀န်ကြီးဖြစ်လာသူ)နဲ့ တစ်ချိန်မှာ တရားလွှတ်တော် တရားရေးဝန်ကြီးဖြစ်လာသူ ဦးသောင်းစိန်တို့ထံ ပို့ခဲ့တယ်။

    ဦးရွှေယွန်းဆက်သွယ် ပိုခဲ့သူများကလည်း တလေးတစား သူ့ဆီပြန်ကြားခဲ့ကြတယ်။

    အဆွေတော်ဦးရွှေယွန်း …

    ၁၉၄၉-ခု၊ ဇူလိုင်လ (၁၁)ရက်နေ့စွဲဖြင့်ပေးပို့သော အဆွေတော့်စာကို ရရှိပါသည်။ အဆွေတော်က မိမိစီရင်ရေးသားသော မိုဟာမက်ဘာသာ လက်ထပ်ခန်း၊ ကွာရှင်းခန်း အစရှိသည့်ကျမ်းကို ကျွန်ုပ်အား ဆက်သလိုသည့်အချက်ကို အမှန်အားဖြင့် ဂုဏ်ယူမိပါသည်။

    မြန်မာပြည်တွင် မွတ်စလင်မ်အမျိုးသား အမြောက်အမြားရှိသည့်အပြင် ၎င်းတို့အရေအတွက်သည်လည်း တစ်နေ့တစ်ခြား တိုးပွားလျက်ရှိသဖြင့် မြန်မာဘာသာဖြင့် ရေးသားသော မိုဟာမက်ဘာသာတရားဥပဒေသည် အရေးအကြီးဆုံးဖြစ်သည်။ မွတ်စလင်မ်အမျိုးသားတို့ ကြာမြင့်စွာကပင် အလိုရှိအပ်သောကျမ်းဖြစ်သည်။ ဤကျမ်းသည် လူအများအလွယ်တကူ ၀ယ်ယူသုံးစွဲကြလိမ့်မည်ဟု ယုံကြည်ကြောင်း။ (ဤကျမ်းကို ကျွန်ုပ်အား ဆက်သခွင့်ပြုလိုက်ကြောင်း)။

    နေ့စွဲ ။ ၁၉၄၉-ခု၊ ဇူလိုင်လ (၁၅)ရက်။

    ပုံ/ ဒေါက်တာဘဦး

    တရားဝန်ကြီးချုပ်။

    ပြည်ထောင်စုမြန်မာနိုင်ငံ

    တရားလွှတ်တော်ချုပ်။

    * * * * *

    အဆွေတော် ဦးရွှေယွန်း ….

    အဆွေတော် စီရင်ရေးသားသည့် မွတ်စလင်မ် လက်ထပ်ခြင်းတရားဥပဒေ ပထမတွဲကို ပေးပို့လိုက်၍ ရရှိသဖြင့် အထူးကျေးဇူးတင်ပါကြောင်း။

    အဆွေတော်၏စာကို ပြန်ရာ၌ နှောင့်နှေးရခြင်းအကြောင်းမှာ ဤစာအုပ်ကို သေချာစွာဖတ်ရှုလို၍ဖြစ်ပါကြောင်း။ ထိုစာအုပ်ကို သေချာစွာဖတ်ရှုပြီးနောက် ကျွန်ုပ်ထင်မြင်သည်မှာ ဤစာအုပ်သည် မွတ်စလင်မ်လက်ထပ်ခြင်းနှင့်ဆိုင်သည့် အမှုအခင်းများကိုဆောင်ရွက်ရသည့် တရားသူကြီးများ၊ ရှေ့နေ ရှေ့ရပ်များအတွက် အများဆုံး အကူအညီပေးနိုင်သောစာအုပ်ဖြစ်ကြောင်း၊ ဤတရားဥပဒေ အချက်အလက်များသည် ထိုအရာ၌ မကျွမ်းကျင်သူများအတွက် ရံဖန်ရံခါ အလွန်ရှုပ်ထွေးနက်နဲစေသော်လည်း အဆွေတော်က ထိုအရာများကို စိတ်ဝင်စားစွာဖတ်ရှု၍ အမှုအခင်းများဆုံးဖြတ်ရာ၌ လေးလေးနက်နက် ရှေ့ကို ဆက်လက်၍ လေ့လာပြီး အသုံးပြုနိုင်စေရန် စီစဉ်ထားသည့်အတွက် ကျွန်ုပ်အထူးဝမ်းမြောက်မိပါကြောင်း။

    နေ့စွဲ ။ ၁၉၅၀-ခု၊ ဇန်န၀ါရီလ(၃၀)ရက်။

    ပုံ/အေးမောင်

    တရားဝန်ကြီးချုပ်။

    ပြည်ထောင်စုမြန်မာနိုင်ငံ

    တရားလွှတ်တော်ချုပ်။

    * * * * *

    အဆွေတော်ဦးရွှေယွန်း …

    အဆွေတော်၏ မြန်မာဘာသာဖြင့် ရေးသားစီရင်သော မွတ်စလင်မ် လက်ထပ်ထိမ်းမြားခြင်း တရားဥပဒေကျမ်းကို ရရှိသည့်အတွက် အမှန်ပင် အထူးကျေးဇူးတင်ပါကြောင်း။

    ဤကျမ်းကို ကျွန်ုပ်သည် အထူးစိတ်ဝင်စားစွာ ဖတ်ရှုခဲ့ပါသည်။ အဆွေတော်အား ဤကဲ့သို့ ပြီးမြောက်အောင် ဆောင်ရွက်သည့်အတွက် အထူးဝမ်းမြောက်ပါကြောင်း မေတ္တာပို့ပါသည်။ မြန်မာဘာသာဖြင့် စီရင်ရေးသားသည့် မွတ်စလင်မ်တရားဥပဒေကျမ်းများကို ဤတိုင်းပြည်၌ အချိန်ကာလကြာမြင့်စွာကပင် လိုလားနေလေရာ အဆွေတော်က ထိုလိုလားချက်ကို ဖြည့်စွက်နိုင်သည့်အတွက် ကျွန်ုပ်များစွာ ၀မ်းမြောက်မိပါကြောင်း။

    နေ့စွဲ ။  ၁၉၅၀-ခု၊ ဧပြီလ ၁၂-ရက်။

    ပုံ/သောင်းစိန်

    (တရားဝန်ကြီး)

    ပြည်ထောင်စုမြန်မာနိုင်ငံတော်

    တရားလွှတ်တော်ချုပ်။

    * * * * *

    ဦးရွှေယွန်း၏ စာပေရေစီးကြောင်းသည် မြန်မာနိုင်ငံအတွင်းရှိ အစ္စလာသာသနာဝင်များ၏ လောကတစ်ရပ်လုံးအတွင်းသာ စီးဆင်းခဲ့ရုံသာမက မြန်မာနိုင်ငံအတွင်းရှိ တရားရုံးများသို့တိုင် စီးဆင်းခဲ့ပါတယ်။

    ဦးရွှေယွန်း၏ စာပေရေစီးကြောင်းသည် ပျောက်ကွယ်သွားမည့် ရေစီးကြောင်း မဖြစ်နိုင်သည်မှာ ထင်ရှားလှပါတယ်။

    စာဆိုရှင်ဟူသမျှတို့ရဲ့ ရည်ရွယ်ချက်မှာ မိမိတို့ပြုစုခဲ့ကြတဲ့ စာပေများ အများပြည်သူတို့ကို အကျိုးပြုကြဖို့ ရည်မှန်းကြရမှာ သစ္စာတရားဖြစ်ပါတယ်။ မိမိတို့ပြုစုကြတဲ့ စာပေတို့ဟာလည်း ပြည်သူအတွင်း အဆိပ်အတောက်မဖြစ်စေဖို့ ကြီးစွာ သတိထားကြရမှာလည်း သစ္စာတရားပါ။

    ဦးရွှေယွန်းပြုစုခဲ့တဲ့ ကျမ်းတို့ဟာ ပြည်သူ့အကျိုးပြုစာပေများ၊ အဆိပ်အတောက်ကင်းတဲ့စာပေရေစီးကြောင်းသာဖြစ်ကြောင်း ခြွင်းချက်မရှိယုံကြည်လျက်ပါ။

    ဤဆောင်းပါးကို ၁၉၇၄-ခုနှစ်ထုတ် မြိတ်မဂ္ဂဇင်းမှ စာမျက်နှာ ၅၁-၅၂-၅၃ အေးခန့်(မြိတ်)ပြုစုတဲ့ မြိတ်၏ကြယ်တစ်ပွင့် ခေါင်းစဉ်ပါ ဆောင်းပါးကို ကိုးကားမှီငြမ်းပြုပါတယ်။

    ဦးရွှေယွန်း(မြိတ်)သည် ၁၉၆၀-ခု၊ ဖေဖော်ဝါရီလ (၂၈)ရက် အသက်(၈၆)နှစ်အရွယ်တွင် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ဖြင့် တဒင်္ဂမှ နောက်ဆုံးနေ့တိုင်နေရမည့်စခန်းသို့ မြိတ်မြို့နေအိမ်မှ ပြောင်းရွှေ့သွားခဲ့ရှာပါပြီ။

    အမိန့်နာခံ – ရှောင်ခွာမရ …

    ပြည်သူ့ချစ်ခင် – အသင်သည်လည်း …

    မြေတွင် တစ်နေ့ – ဆင်းခဲ့လေပြီ …

    ပသီကိုကိုလေး

    မိုးသောက်ကြယ်မဂ္ဂဇင်း၊ ၁၉၉၅-ခု ဖေဖော်ဝါရီလ၊ (စာမျက်နှာ ၄၇၊ ၄၈၊ ၄၉၊ ၅၀၊ ၅၁) … မှ ကူးယူပါသည်။