News @ M-Media

Tag: ALD

  • ရခိုင်တောင်ပိုင်း အမျိုးသားရေးဝါဒီတို့ကို တန်ပြန်တိုက်စစ်ဆင်သော NLD

    ရခိုင်တောင်ပိုင်း အမျိုးသားရေးဝါဒီတို့ကို တန်ပြန်တိုက်စစ်ဆင်သော NLD

    ဆွေဝင်း/Myanmar Now

    12065776_1234923659856366_8247256981965881736_n
    တောင်ကုတ်မြို့တွင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောစဉ် (ဓါတ်ပုံ NLD)

    ရခိုင်ပြည်နယ်တွင် အင်အားကောင်းသည့် ရခိုင်အမျိုးသားပါတီက  ဒေသအတွင်း မဲအပြတ်အသတ်ဖြင့်အနိုင်ရရန်  အမျိုးသားရေးစိတ်ဓာတ်ကို နှိုးဆွနေသော်လည်း ပြည်နယ်တောင်ပိုင်း မဲဆန္ဒနယ်များတွင်မူ NLD  နိုင်မည့် အလားအလာများ ရှိနေသည်။

    ဆင်ခေါင်း၊ ရခိုင်ပြည်နယ် (Myanmar Now) – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်ဖြစ်သူ ဦးစိုးဝင်းသည် လက်တစ်ဖက်က  ခပ်နွမ်းနွမ်းပင်နီတိုက်ပုံကို မြဲမြဲဆုပ်လျက်၊ ကျန်လက်တစ်ဖက်က စကားပြောမိုက်ကရိုဖုန်းကို ကျစ်ကျစ်ပါအောင်ကိုင်ထားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးကိုလည်း ရှေ့နောက်ယိမ်းထိုးကာ  ဆင်ခေါင်းကျေးရွာရှိ ရာဂဏန်းမျှသော ရခိုင်တိုင်းရင်းသားတစ်စုကို မေးခွန်းများ တရစပ် ပစ်ထုတ်လိုက်သည်။

    “၂ဝဝ၇ ခုနှစ်တုန်းက ဘုန်းကြီးတွေကို သတ်ဖို့ အမိန့်ပေးတာ ဒေါ်အောင်ဆန်းစုကြည်လား”

    “လက်ပံတောင်းတောင်မှာ မနက်စောစော ဘုန်းကြီးတွေကို မီးလောင်ဗုံးနဲ့ အာရုံဆွမ်းကပ်တာ ဘယ်သူလဲ၊ ဒေါ်အောင်ဆန်းစုကြည်လား” ဟု သူက ပါးစပ်မှအမြှုပ်ထွက်မတတ် မေးမြန်းလိုက်သည်။

    ပရိသတ်က  “မဟုတ်ဘူး၊ မဟုတ်ဘူး” ဟု ဆိုကာ လက်ခုပ်လက်ဝါးတီးပြီး သူ၏ မာန်ပါလှသည့် ဟောပြောမှုကို တုံ့ပြန်လိုက်ကြသည်။

    ရခိုင်၊ ဗုဒ္ဓဘာသာ ဖြစ်သူ ဦးစိုးဝင်း၏ ထိုဟောပြောပွဲကို ရခိုင်ပြည်နယ်တောင်ဘက်တွင် အကြီးဆုံးမြို့ဖြစ်သည့် သံတွဲမြို့အရှေ့ဘက်  တောကြိုအုံကြားရှိ ဆင်ခေါင်းကျေးရွာ၏ ဖုံထူသည့် ရွာလမ်းဆုံတစ်ခုတွင် ပြုလုပ်နေခြင်းဖြစ်သည်။
    800
    သံဃာတော်များ နှင့် ဗုဒ္ဓသာသာနာကို စော်ကားခဲ့သူမှာ ဒေါ်အောင်ဆန်းစုကြည်မဟုတ်၊ စစ်တပ်၊ လက်ရှိအစိုးရနှင့် အာဏာရပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတွင်နေရာယူထားသော ဗိုလ်ချုပ်ကြီးဟောင်းများသာဖြစ်သည်ဟု သူက မဲဆန္ဒရှင်များကို ရှင်းပြနေသည်။

    ဗုဒ္ဓဘာသာအခြေခံ အမျိုးသားရေးဝါဒကို ၂ဝ၁၅ ရွေးကောက်ပွဲတွင် မည်သို့အသုံးချနေကြောင်း ဦးစိုးဝင်း၏ မဲဆွယ်စည်းရုံးရသည့် အခြေအနေက ဖော်ပြနေသည်။

    ဒေါ်အောင်ဆန်းစုကြည်၏ NLDပါတီအနိုင်ရပါက ဗုဒ္ဓဘာသာဝင်အများစုရှိသည့် မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာ လွှမ်းမိုးမည်ဖြစ်ကြောင်း  အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ)မှ ဘုန်းတော်ကြီးများက ပြောကြားနေသည်။

    နိုင်ငံမဲ့ ရိုဟင်ဂျာ/ဘင်္ဂါလီမွတ်စလင် တစ်သန်းခန့်နေထိုင်သော ရခိုင်ပြည်နယ်တွင် လူမျိုးရေး အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့သည့် ထိုစွပ်စွဲပြောဆိုချက်များ အထူးပျံ့နှံ့လျက်ရှိသည်။

    3

    “ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထုကျောခိုင်းတာ မြင်စေချင်တဲ့သူတွေက၊ ရွေးကောက်ပွဲမှာ ရှုံးစေချင်တဲ့သူတွေက ဒီလို ကောလာဟလတွေကို  ဖြန့်နေတယ်။ ဒါတွေကို မယုံပါနဲ့။ ဒီကောလာဟလတွေကို ယုံမယ်ဆိုရင် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေဦးမှာပဲ” ဟု ဦးစိုးဝင်းက ပရိတ်သတ်ကို ပြောနေသည်။

    ဟောပြောပွဲ၏ နောက်နားရှိ အုန်းပင်တစ်ပင်အောက်တွင် ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်ပိုစတာ တစ်ခုရှိနေပြီး၊ ထိုအရာနှင့်ပေ အနည်းငယ်အကွာတွင်  “မျိုးစောင့်ဥပဒေ ပညာပေးဟောပြောပွဲ” ဟု ရေးသားထားသော မဘသ၏ ပိုစတာတစ်ခု စိုက်ထူထားသည်ကိုလည်း တွေ့ရသည်။

    11

    မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးပြည်နယ်များတွင် တစ်ခုအပါအဝင်ဖြစ်ပြီး မတည်ငြိမ်မှု အများဆုံး ဖြစ်ပွားနေသည့် ရခိုင်ပြည်တွင် NLD  သည် အင်အားကောင်းသည့် ရခိုင်အမျိုးပါတီ (ANP) ကို အကြိတ်အနယ်ယှဉ်ပြိုင်နေရသည်။  ရခိုင်တိုင်းရင်းသားတို့၏ လူမျိုးရေးစိတ်ဓာတ်ဖြင့် ထောက်ခံမဲများရရန် မျှော်လင့်ထားသည့် ANP က  တိုင်းဒေသကြီးလွှတ်တော်အတွက် ၃၄ နေရာ၊ ပြည်သူ့လွှတ်တော်အတွက် ၁၇ နေရာ၊ အမျိုးသားလွှတ်တော်အတွက် ၁၂ နေရာတို့ကို ဝင်ရောက်ယှဉ်ပြိုင်နေပြီး ထိုနေရာအများစုကို အနိုင်ရရန် မျှော်လင့်ထားသည်။

    တောင်ပိုင်းက စစ်မြေပြင်
    ————————-
    ရခိုင်ဘာသာနှင့်ယဉ်ကျေးမှုတို့ ပိုမိုအားကောင်းရာ ပြည်နယ်၏ အလယ်ပိုင်း၊ မြောက်ပိုင်း ဒေသတို့သည် ANP  ပါတီ အခိုင်အမာ  အားကောင်းသည့်နေရာများ ဖြစ်သော်လည်း ဗမာစကားကို ပြောသော  မြန်မာနိုင်ငံအလယ်ပိုင်းဒေသနှင့် ဆက်စပ်နေသည့် ပြည်နယ် တောင်ပိုင်းတွင်မူ ANP ၏ လူထုထောက်ခံမှုမှာ ပီပီပြင်ပြင် မရှိလှပေ။  ပြည်ခိုင်ဖြိုးပါတီကလည်း ဗုဒ္ဓဘာသာရခိုင်ပြည်သူများ၏ ဓလေ့ထုံးတမ်းယဉ်ကျေးမှုများကို ကာကွယ်စောင့်ရှောက်ပေးမည့် ပါတီတစ်ခုအဖြစ် ဒေသခံလူထုလက်ခံလာစေရန် လုပ်ဆောင်လျက်ရှိသည်။

    ဒေသတွင်းဖြစ်ပွားသည့်လူမျိုးရေး ပဋိပက္ခများကြောင့် ဒေသခံများ ၂ဝ၁၂ ခုနှစ်မှစ၍ ထိခိုက်မှုများဖြစ်ခဲ့ကာ လူပေါင်း တစ်သိန်းခန့်ကို ရွှေ့ပြောင်းပေးခဲ့ရသည်။ ရွှေ့ပြောင်းရသူ အများစုမှာ ကိုယ့်ကိုယ်ကိုယ် ရိုဟင်ဂျာဟု ခေါ်ဆိုပြီး အစိုးရက ဘင်္ဂါလီဟု ခေါ်ဆိုသူများ ဖြစ်သည်။  သံတွဲတွင်  ၂ဝ၁၃ ခုနှစ် အောက်တိုဘာလအတွင်းကလည်း  မွတ်စလင်ကျေးရွာများကို ဗုဒ္ဓဘာသာ ရခိုင်တို့၏ တိုက်ခိုက်မှုများ ဖြစ်ပွားရာ လူသေဆုံးမှုရှိခဲ့သည်။

    မွတ်စလင်တို့၏ ယာယီနိုင်ငံသားကဒ် (White Card) များကို အစိုးရက ဖေဖော်ဝါရီလအတွင်း ရုပ်သိမ်းပြီးနောက် ဘူးသီးတောင်၊ မောင်တောမြို့တို့မှ မွတ်စလင် တစ်သိန်းခန့် မဲပေးခွင့် ဆုံးရှုံးသွားခဲ့သည်။ ရိုဟင်ဂျာတို့ မဲပေးခွင့်ဆုံးရှုံးသွားသည့်အခါ ANP က ပြည်နယ်အတွင်း နိုင်ငံရေး အသာစီးရရေးအတွက် NLD ကို အနိုင်ရရန်  လိုအပ်လာပြီဖြစ်သည်။

    ANP ပါတီက ရခိုင်ပြည်နယ်၏ အမျိုးသားလုံခြုံရေးနှင့် သဘာဝရင်းမြစ်များကို ကာကွယ်စောင့်ရှောက်ပေးမည်ဟု  ကတိပေးထားသည်။

    “ရခိုင်တိုင်းရင်းသားတွေကသာ ရခိုင်ပါလီမန်ကို ထိန်းချုပ်နိုင်မှ မိမိတို့ရဲ့ တိုင်းရင်းသားတွေရဲ့ လုံခြုံရေးနဲ့ အနာဂတ်ကို ကာကွယ်နိုင်မှာဖြစ်ပါတယ်”  ဟု ANP  ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ကျိတ်တလိမြို့တွင် နိုဝင်ဘာ ၁ ရက်ကနေ့က မဲဆန္ဒရှင်များနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

    Myanmar Now က ဆက်သွယ်မေးမြန်းရာတွင်လည်း   ဒေါက်တာအေးမောင်က ရခိုင်ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်များတွင်  သူ့ပါတီက  ၉ဝ ရာခိုင်နှုန်းကျော် အပြတ်အသတ်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

    ထို့ပြင် ပြည်ခိုင်ဖြိုးပါတီကလည်း အနိုင်ရရန် ကြိုးပမ်းလျက်ရှိသည်။ သမ္မတဦးသိန်းစိန်သည် (အင်္ဂါနေ့) နိုဝင်ဘာ ၃ ရက်က စစ်တွေမြို့မှတစ်ဆင့်  ရခိုင်ရှေးဟောင်း မြောက်ဦးမြို့ရှိ စေတီတစ်ဆူတွင် ထီးတော်တင်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

    အမျိုးသားရေးဝါဒီတို့၏ တိုက်ခိုက်မှုများ
    ——————————————
    သံတွဲမြို့နှင့်အနီးဝန်းကျင်ကျေးရွာများတွင် မဲပေးခွင့်ရှိသူ ၉ဝ,ဝဝဝ ခန့်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့၏ စာရင်းအရ သိရသည်။

    လူမျိုးရေးပြဿနာအပေါ် အခြေခံသည့် ထိုးနှက်မှုများနှင့် ပတ်သက်ပြီး NLD က  ရခိုင်လူထုကို ပြန်လည် ရှင်းလင်းနေရသည်။

    “ANP ကရော၊ ပြည်ခိုင်ဖြိုးရော ကျွန်တော်တို့ကို ရန်သူလို့ သတ်မှတ်ထားပါတယ်။ ကျွန်တော်တို့ပါတီကို နေ့စဉ်နဲ့အမျှ တိုက်ခိုက်မှုတွေ လုပ်နေပါတယ်” ဟု ပြည်သူ့လွှတ်တော် အမတ်လောင်း သံတွဲမြို့နယ် NLD ဥက္ကဋ္ဌ  ဦးဝင်းနိုင်က ပြောကြားသည်။

    သံတွဲမြို့အနီး ညောင်ခြေထောက်ကျေးရွာနေ အသက် ၅၈ နှစ်အရွယ် ဒေါ်ခင်စန်းလှိုင်က ANP နှင့် ပြည်ခိုင်ဖြိုးပါတီတို့ လွန်ခဲ့သည့်လအတွင်းက  ရွာဘုန်းကြီးကျောင်းသို့ လာရောက်ခဲ့ပြီး NLD သည် မွတ်စလင်တို့ဖြင့် ဖွဲ့ထားသည့်  ပါတီဖြစ်သောကြောင့် မဲမပေးရန် ပြောကြားခဲ့သည်ဟု ဆိုသည်။

    “ရခိုင်အမျိုးသားပါတီက ပြည်ခိုင်ဖြိုးထက် ပိုပြီး ကြမ်းတယ်” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

    အမှန်တကယ်တွင် NLD  ပါတီအနေဖြင့် ရွေးကောက်ပွဲတွင် ဝေဖန်မှုများကို ကြုံတွေ့ရမည်ကို စိုးရိမ်သောကြောင့် မွတ်စလင်တစ်ဦးကိုမှ အမတ်လောင်းအဖြစ် ထည့်သွင်းထားခြင်းမရှိပေ။

    ရွေးကောက်ပွဲတွင် အခြားပါတီများအား ထိပါးပုတ်ခတ်သည့် မဲဆွယ်မှုများကို မလုပ်ဆောင်ခဲ့ကြောင်း ပြည်ခိုင်ဖြိုး၊ ANP တို့က  ငြင်းဆိုထားသည်။

    8

    “မဲဆွယ်စည်းရုံးရာမှာ NLD ပါတီကို မတိုက်ခိုက်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ပါတီ အနိုင်ရရင်တော့ ခိုးဝင်လာတဲ့သူတွေကို  တားမြစ်သွားမှာပါ ” ဟု  သံတွဲမြို့မှ ANP အမတ်လောင်း ဦးမောင်မောင်ဖြူက ပြောကြားသည်။

    သံတွဲမြို့ မဘသ အတွင်းရေးမှုး သုခဝတီကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တစန္ဒိမာက  မဘသအဖွဲ့ အဆိုပြုခဲ့သည့် မျိုးစောင့်ဥပဒေများကို မထောက်ခံသည့် NLD ကဲ့သို့သော ပါတီများကို မဲမပေးရန် သူ့ ဒကာ၊ ဒကာမများကို ညွှန်ကြားထားသည်ဟု ပြောသည်။

    “ဒေါ်အောင်ဆန်းစုကြည်ကို မယုံကြည်ဘူး။ ဦးဇင်းတို့ရခိုင်ပြည်က ယဉ်ကျေးမှု နဲ့ ထုံးတမ်းစဉ်လာတွေကို  တည်ဆောက်ထားတာ။ ဒါပေမယ့် သူက လူ့အခွင့်အရေးကို ဦးစားပေးလွန်းရာကျနေတယ်” ဟု ဘဒ္ဒန္တစန္ဒိမာက  ပြောသည်။

    ရခိုင်ပြည်မှာ ပြန်လည်ဦးမော့လာသည့် NLD
    ——————————————
    ၂ဝ၁၂ အစောပိုင်း ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ဗုဒ္ဓဘာသာဝင် လူတစ်စုက ခရီးသည်တင်ဘတ်စ်ကားတစ်စီးကို တိုက်ခိုက်ကာ မွတ်စလင် ၁ဝ ဦးကို သတ်ဖြတ်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က ‘လူများစုက လူနည်းစုကိုအနိုင်မကျင့်သင့်ဘူး’ ဟု ပြောခဲ့သည်။

    အဆိုပါ စကားကို ပြည်ခိုင်ဖြိုး၊ ANP တို့က ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကို မွတ်စလင်လိုလားသူများအဖြစ်ပုံဖော်ကာ  မဲဆွယ်ရာတွင် အသုံးချလျက်ရှိနေသည်။

    သို့သော် မကြာသေးမီက ဒေါ်အောင်ဆန်းစုကြည်၏ သံတွဲ၊ ဂွ၊ တောင်ကုတ်မြို့ခရီးစဉ်များကြောင့် ရခိုင်ပြည်နယ်တောင်ပိုင်းတွင် NLD ၏  ပုံရိပ်ကို ပြန်လည်မြင့်တက်လာစေကြောင်း အမတ်လောင်း ဦးဝင်းနိုင်က ပြောသည်။

    “ဒေါ်အောင်ဆန်းစုကြည် ပြီးခဲ့တဲ့ လတုန်းက လာပြီး ပြည်သူတွေနဲ့ တွေ့သွားပြီးနောက်ပိုင်း သူ့ကို ပိုမိုနားလည်လာတဲ့အတွက် ရွေးကောက်ပွဲမှာ  ကျွန်တော်တို့နိုင်ပါလိမ့်မယ်” ဟု ဦးဝင်းနိုင်က ပြောသည်။

    ဒေါ်အောင်ဆန်းစုကြည်သည် မွတ်စလင်များကို အခွင့်အရေးပေးခြင်း သို့မဟုတ် သူအာဏာရလာပါက ရိုဟင်ဂျာ/ဘင်္ဂါလီများ ရခိုင်ပြည်နယ်ကို  လွှမ်းမိုးသွားမည်ဆိုသည့် စွပ်စွဲချက်များအပေါ် ရှင်းလင်းရန်  ဖိအားပေးမှုများနှင့် ကြုံခဲ့ရသည်။

    “မေးတဲ့သူတွေကို ဒေါ်အောင်ဆန်းစုကြည်ပြန်ပြောတာက အဲဒီလိုအထောက်အထားမျိုးတွေရှိရင် သူ့ကိုတရားစွဲပါ တဲ့။ အဲဒီလိုပြောတဲ့သူတွေ ဘာမှ ပြန်မပြောနိုင်တော့ဘဲ လူထုကြီးက လက်ခုပ်ဝိုင်းတီးကြပါတော့တယ်” ဟု ဦးဝင်းနိုင်က ပြောသည်။

    “ကျွန်တော်တို့ ပါတီက ရခိုင်ပြည်နယ်တောင်ပိုင်းမှာ ၁၉၉ဝ ရွေးကောက်ပွဲတုန်းက နိုင်ခဲ့တယ်။ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေမဖြစ်ခင်ကလိုပဲ လူထုရဲ့ ထောက်ခံမှုက ပြန်မြင့်တက်လာပါပြီ” ဟု ၎င်းက ပြောသည်။

    ဆင်ခေါင်းရွာမှ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သူ အသက် ၃၂ နှစ်အရွယ် ဇော်မင်းဦးက NLD အပေါ် လူမျိုးရေးအရ တိုက်ခိုက်သည့်  ဝါဒမှိုင်းများကို သူလည်းနားဝင်ခဲ့ကြောင်း၊ သို့သော် ဒေါ်အောင်ဆန်းစုကြည် သံတွဲမြို့တွင် ပြောသွားသည့်စကားများကို ကြားရပြီးနောက်  ယင်းအစွဲများ မရှိတော့ကြောင်း ပြောသည်။

    “အမေစုက ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်၊ မွတ်စလင်ပဲဖြစ်ဖြစ် ကျွန်တော်တို့အားလုံး စည်းလုံး ညီညွှတ်စွာနဲ့ နေစေချင်တယ်။ အမေ့ကို အရမ်းချစ်သွားပြီ။ ကျွန်တော်တို့ ဒီဒေသမှာ ဟိုးအရင်ကတည်းက မွတ်စလင်တွေနဲ့ အကြာကြီးနေခဲ့ကြတာပဲ။ တစ်မြေတည်းနေကြသူအချင်းချင်း ဘာလို့ တိုက်ခိုက်ရမှာလဲ” ဟု သူက ဆိုသည်။    ။

  • ရခိုင် နိုင်ငံရေးခေါင်းဆောင်တို့အား လုပ်ကြံမှုအပေါ် သံသယ မေးခွန်းများ

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၄
    M-Media
    ဘာသာပြန်ဆို- မြင့်မိုရ်မောင်မောင်

    04059220
    PETALING JAYA။    ။ ကွာလာလမ်ပူမြို့ထဲတွင် လုပ်ကြံရန်ကြိုးစားခံရပြီးနောက် မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီ ၇ ရက်တွင် ပြန်သွားသော ဒေါက်တာ အေးမောင် နှင့် ဦးအေးသာအောင်တို့အား သူရဲကောင်းများအလား ကြိုဆိုခဲ့ကြသည်။

    ထိုရခိုင်နိုင်ငံရေး ခေါင်းဆောင်တို့ကို ရာဂဏန်းရှိလူစုမှ အလံများ၊ ဆောင်ပုဒ်များ ကိုင်ဆောင်၍ ကြိုဆိုနှုတ်ဆက်ရာ ယင်းဆောင်ပုဒ် စကားများအနက် “ အစ္စလာမ် အစွန်းရောက်များ သတ်ရန်ကြိုးစားလာသော်လည်း လွတ်မြောက်လာကြသည်” ဟု အဓိပ္ပာယ်ရသော စာသားလည်း အပါအ၀င်ဖြစ်သည်။

    “လုပ်ကြံရန်ကြိုးစားမှု” ဟု ဆိုနေကြသော အချက်သည် မြန်မာမီဒီယာများ၌ တခမ်းတနားဖော်ပြထားကြသည်။

    ဆောင်ပုဒ်ပါ စာသားအတိုင်းပင် အာရကန်ဒီမိုကရေစီ အဖွဲ့ချုပ် Arakan League of Democracy ၏ ဥက္ကဌ ဦးအေးသာအောင်ကလည်း ယင်းတိုက်ခိုက်မှုကို အစ္စလာမ်မစ် အကြမ်းဖက်သမားက ပြုလုပ်ခဲ့သည်ဟု စွပ်စွဲပြစ်တင်ခဲ့သည်။

    “ အဲ့ဒီသေနတ်သမားတွေဟာ အစ္စလာမ်မစ် အကြမ်းဖက်သမားတွေဖြစ်ကြောင်း မလေးရှားနဲ့မြန်မာက ရခိုင်လူမျိုးအားလုံး သိကြပါတယ် ” ဟူသော သူ့စကားကို Myanmar Times မှ ဖော်ပြထားသည်ကို တွေ့ရ၏။

    return malay
    မလေးရှားမှပြန်လာသည့် ရခိုင်ခေါင်းဆောင်များကို ကြိုဆိုနေကြသူများကို ဖေဖေါ်ဝါရီ ၇ရက်နေ့က ရန်ကုန် လေဆိပ်တွင် တွေ့ရစဉ် ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ

    ဖေဖော်ဝါရီ ၅ ရက် ညဥ့် ၁၁ နာရီခန့်က အဆိုပါ နိုင်ငံရေးသမားနှစ်ဦးနှင့် အပေါင်းအပါတို့သည် စင်္ကာပူတွင် မှတ်ပုံထားသည့် နံပါတ်ပြားတပ်ဟု ယူဆရသော BMW 7 ကားများအတွင်း Bukit Bintang ရှိ  အာလော လမ်းမ (Jalan Alor) ပေါ်ရှိနေစဉ် ဆိုင်ကယ်သမား တစ်ဦး ဖြတ်သန်း ပစ်ခတ်ပြီးနောက် မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။

    ထိုနေ့မတိုင်မီတစ်ရက်က ရခိုင်လူမျိုး ၈၈ မျိုးဆက် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ တစ်ဦးဖြစ်သော ကိုအောင်ကြီးအား Ampang (အမ်ပန်းမြို့) ၌ ဓားဒဏ်ရာများဖြင့် သေဆုံးနေကြောင်း တွေ့ခဲ့ရသည်။ သေဆုံးမှု နှင့် သံသဖြစ်ဖွယ်ရာ လုပ်ကြံမှုတို့အကြား ဆက်နွှယ်မှု ရှိနေနိုင်သည်ဟု ရဲတပ်ဖွဲ့မှ သုံးသပ်ပြောကြားသည်။

    “ အဲ့ဒီ ရခိုင် ခေါင်းဆောင်များဟာ မလေးရှားကို မကြာခဏဆိုသလို လာကြတယ်။ ဒါပေမယ့် ဒီလိုကြုံတွေ့တာကတော့ ပထမဆုံးအကြိမ်ပါပဲ ” ဟု မြန်မာမွတ်စ်လင် မ်အရေး လှုပ်ရှားသူ အဟ်မဒ်က The Star Online သို့ ပြောပြခဲ့သည်။

    ဒေါက်တာအေးမောင်သည် ရခိုင်အမျိုးသား တိုးတက်ရေးပါတီ Rakhine Nationalities Development Party (RNDP) ၏ ဥက္ကဌ နှင့် မြန်မာအစိုးရမှ ဖွဲ့စည်းပေးခဲ့သော  ရခိုင်ပြည်နယ် အရေးအခင်း စုံစမ်းစစ်ဆေးရေးကော်မရှင်တွင် ဦးဆောင်အဖွဲ့ဝင် တစ်ဦးဖြစ်သည်။

    ရခိုင်ခေါင်းဆောင်များသည် ဖေဖော်ဝါရီ ၄ ရက်က မလေးနိုင်ငံသား တရုတ်လူမျိုးများ ပိုင်ဆိုင်သည့် တရုတ်အမျိုးသားများ အစည်းအဝေးခန်းမတွင် ကျင်းပသော “မြန်မာနိုင်ငံရေးပြုပြင်ပြောင်းလဲမှု နှင့် ရခိုင်ပြည်နယ်အရေး” ဆွေးနွေးပွဲအတွက် မလေးရှားသို့ လာရောက်ခြင်းဖြစ်သည်။

    လုပ်ကြံရန်ကြိုးစားမှုကို ခိုင်မာစွာ မဖော်ပြနိုင်သဖြင့် ထိုကိစ္စမှာ ရိုဟင်ဂျာများနှင့်ပတ်သက်၍ လုပ်ဇာတ်ထွင်ခြင်း၊ ပြည်တော်ပြန်၌ လူထုမေတ္တာ ခံယူနိုင်အောင် ဖန်တီးခြင်း ဖြစ်နိုင်သည်ဟု အဟ်မဒ်က ယုံကြည်ယူဆထား၏။

    မြန်မာမီဒီယာစာစောင် နှင့် အွန်လိုင်းရေးသားချက် များစွာကလည်း (ရိုဟင်ဂျာတို့ကို ၎င်းတို့မှခေါ်ဆိုသော) ဘင်္ဂလီများသည် ရခိုင်မှ လာသည့်အုပ်စုအား လုပ်ကြံမှု၌ တာဝန်ရှိသည်ဟု ဆိုထားကြသည်။

    ရိုဟင်ဂျာတို့မှာ ကမ္ဘာ့အညှင်းပန်းခံရဆုံးလူ့အစုဝေးတစ်ရပ်ဖြစ်ကြောင်း ကျော်ကြားသည်။ သူတို့သည် ဘင်္ဂလားဒေ့ရှ်နှင့်ကပ်လျက် သူတို့၏ဇာတိမြေ ရခိုင်ပြည်နယ်၌လည်းကောင်း၊ မြန်မာပြည်တွင်း၌လည်းကောင်း ချိုးနှိမ်ဆက်ဆံမှုကို ရင်ဆိုင်နေရသည်။ နိုင်ငံသားအဖြစ် အသိအမှတ်ပြု မခံရသည်သာမက နိုင်ငံမဲ့ အဖြစ် သတ်မှတ်ခံထားကြရ၏။ သူတို့သည် လူများစုဖြစ်သော ဗုဒ္ဓဘာသာ ရခိုင်လူမျိုးတို့၏ အကြမ်းဖက်မှုကို မကြာခဏ ကြုံတွေ့နေရသည်။

    လုပ်ကြံရန်ကြိုးစားမှု၌ မည်သည့်ရိုဟင်ဂျာမှ မပါဝင်ကြောင်း မလေးရှားရှိ Rohingya Arakanese Refugee Committee (RARC) တာဝန်ခံ Mohammad Sadek “ ကျွန်တော် စုံစမ်းစစ်ဆေးပြီးပါပြီ။ အဲ့ဒီတိုက်ခိုက်မှုမှာ ရိုဟင်ဂျာ တစ်ဦးတစ်လေမျှ မပါဝင်ပါဘူး။ ရိုဟင်ဂျာတွေအပေါ် စွပ်စွဲချက်မှန်သမျှက မှားယွင်းနေပြီး ကျွန်တော်တို့ကို အမည်ဖျက်ခြင်း သာလျှင် ဖြစ်ပါတယ်။ ကမ္ဘာ့တစ်နေရာရာမှာ မြန်မာပြည်က လူတစ်ဦးကို ကျွန်တော်တို့ တိုက်ခိုက်မိတာနဲ့ နေရင်းဌာနီမှာရှိနေတဲ့ ကျွန်တော်တို့ မိသားစုတွေ မိတ်ဆွေတွေ တိုက်ခိုက် ခံရပါလိမ့်မယ်။ အဲ့ဒီ အလုပ်မျိုးလုပ်ဖို့ ကျွန်တော်တို့ မစဉ်းစားကြပါဘူး ” ဟု အခိုင်အမာဆိုပါသည်။

    သို့သော် ရိုဟင်ဂျာ နှင့် ရခိုင်တို့အကြား တင်းမာမှုရှိနေကြောင်း ဒေါက်တာအေးမောင်မှာ ရိုဟင်ဂျာတို့အပေါ် စတင်စော်ကား တိုက်ခိုက်မှုတို့၌ အဓိက ဇာတ်ဆောင်တစ်ဦးဖြစ်ကြောင်းကိုမူ သူက ပြောဆိုခဲ့သည်။
    “ သူဟာ အကြမ်းဖက် ဆူပူသောင်းကျန်းမှုကို ဦးဆောင်ခဲ့လို့ စစ်ရာဇ၀တ်ကောင်အဖြစ် သတ်မှတ်သင့်ပါတယ်။ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဘယ်လိုဦးဆောင်မှုပေးနိုင်မှာလဲ။ ရိုဟင်ဂျာတွေကို ဆက်လက်ဒုက္ခပေးဖို့သာရှိပါတယ် ”။

    လွန်ခဲ့သောနှစ် အနည်းငယ်ခန့်က လူမျိုးရေး အကြမ်းဖက်မှုကြောင့် ရိုဟင်ဂျာ အများအပြား အသတ်ခံရပြီး ထောင်နှင့်ချီ၍ နေရပ်စွန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

    မလေးရှားတွင် ရိုဟင်ဂျာ ၃၄,၀၀၀ မှာ ဒုက္ခသည်များ အဖြစ် ရှိနေပြီး၊ ရခိုင်လူမျိုး ၈၅,၀၀၀ ခန့်မှာ ဒုက္ခသည်အဖြစ်နှင့်လည်းကောင်း အလုပ်သမားများ အဖြစ်နှင့် လည်းကောင်း ရှိနေကြသည်။

    ပြီးခဲ့သည့်ဇွန်လကKlang Valley မြို့တွင် ဖြစ်ပွားခဲ့သော ဗုဒ္ဓဘာသာဝင်မြန်မာနှင့် ရိုဟင်ဂျာတို့ အကြားဖြစ်ပွားသည့်  ဂယက်ကြောင့် လူအနည်းငယ် သေဆုံးပြီး ဒဏ်ရာရခဲ့မှုများရှိခဲ့သည်။

    လုပ်ကြံရေးကြိုးပမ်းမှု ဇာတ်လမ်းထဲတွင် ယိုပေါက်များစွာရှိနေကြောင်း အဟ်မဒ်က ဆိုသည်။ သူတို့သည် “ပစ်၊ ပစ်” ဟု အော်သံကြားပြီး သေနတ်သမားထံ မုတ်ဆိတ် ပါရှိသည်ဟု မြန်မာမီဒီယာများသို့ ပြောပြသည်။ အကယ်၍ သူတို့သည် ကားထဲ၌ ရှိနေပြီး ပစ်ခတ်ခံရသည်ဟု ဆိုပါလျှင် တစ်စုံတစ်ရာကို အဘယ်ကဲ့သို့ ကြားနိုင်မြင်နိုင်ပါမည်နည်း။ တကယ့် သေနတ်သမားသည် ရွေ့လျားနေသည့် အရာပေါ်မှနေ၍ ပစ်မှတ်ကိုရွေးချယ်မည် မဟုတ်ဘဲ စောင့်ဆိုင်းနေမည်သာ ဖြစ်သည်ဟု သူက ထောက်ပြခဲ့သည်။

    “ သူတို့ပြောတဲ့နေရာမှာ ဖြစ်ခဲ့တယ်လို့ ကျွန်တော် မယုံပါဘူး။ အမှန်တကယ်ဖြစ်ခဲ့ရင်တောင်မှ သူတို့ဖာသာ ဖန်တီးတာခဲ့တာမျိုး ဖြစ်ပါလိမ့်မယ် ”။

    ထိုဖြစ်စဉ်တစ်ခုလုံးမှာ များမကြာသေးမီက ရိုဟင်ဂျာ အမျိုးသား အမျိုးသမီးနှင့် ကလေးငယ် ၄၀ ကျော် သတ်ဖြတ်ခံရသော ဒုချီရာတန်းကျေးရွာအမှုကို အာရုံလွှဲဖယ်လို၍ ကြံစည်လိုက်ခြင်းဖြစ်နိုင်ချေရှိသည်ဟု သူက ဆိုသည်။ အမျိုးသမီးများမှာ သူတို့မိသားစုမျက်မှောက်မှာပင် အဓမ္မစော်ကားမှု ခံခဲ့ကြရကြောင်း သတင်းများ၌ တွေ့ရသည်။

    အစိုးရသည် ဗုဒ္ဓဘာသာဝင်များကို မကာကွယ်ဘဲ မွတ်စ်လင်မ်တို့ဖက် ရပ်တည်သည်ဟု စွပ်စွဲခံရမည်ကို စိုးသဖြင့် ရခိုင်တို့အား မည်သည်မျှ ပြောကြားလိမ့်မည် မဟုတ်ကြောင်း၊ ရိုဟင်ဂျာတို့သည် ရခိုင်လူမျိုးများနှင့် ရာစုနှစ်များစွာ ငြိမ်းငြိမ်းချမ်းချမ်း အတူ ယှဉ်တွဲနေထိုင် လာခဲ့ကြကြောင်း၊ RNDP အဖွဲ့သည် ရခိုင်ပြည်နယ်အား ၁၀၀ ရာခိုင်နှုန်း ချုပ်ကိုင်ထားလိုသဖြင့် ဒေသတွင်းရှိနေသည့် ရိုဟင်ဂျာအားလုံးကို ရှင်းထုတ်ချင်နေကြောင်း အဟ်မဒ်က ဖွင့်ချပြောပြခဲ့သည်။

    ** မလေးရှား The Star သတင်းဌာနတွင် ဖော်ပြခဲ့သော ဆောင်းပါးရှင် Rashvinjeet S. Bedi ၏ “Questions arise over ‘assassination attempt’ of Myanmar politicians ” ဆောင်းပါးကို မြင့်မိုရ်မောင်မောင် ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။

  • ရခိုင်ခေါင်းဆောင် ဒေါက်တာအေးမောင်တို့ လုပ်ကြံခံရသည့်သတင်း မလေးမီဒီယာများ မလေးရှား CID ၏အတည်ပြုချက် မရယူနိုင်သေး မီ လေးနာရီစော၍ မြန်မာ မီဒီယာများ သတင်းဖော်ပြခဲ့

    ဖေဖော်ဝါရီ ၇  ၂၀၁၄
    M-Media
    မိုးသောက်

    ရခိုင်ခေါင်းဆောင် ဒေါက်တာအေးမောင်တို့ လုပ်ကြံခံရသည့် သတင်း CID ၏အတည်ပြုချက် မရယူနိုင်သေးမီ လေးနာရီစော ဖော်ပြသည့် မလေးမီဒီယာများထက် အရင်  မြန်မာ မီဒီယာများသတင်းဖော်ပြခဲ့

    1606962_460015577432999_102835442_n

    ရခိုင်ခေါင်းဆောင် နှစ်ဦးဖြစ်သည့် ဒေါက်တာအေးမောင်နှင့် ဦးအေးသာအောင်တို့ ကွာလာလန်ပူ၌ သေနတ်ဖြင့် ပစ်ခံခဲ့ရသည့် သတင်းကို မလေးရှားနိုင်ငံ၏ အစိုးရပိုင် မီဒီယာ တစ်ခုဖြစ်သော bernama က မလေးရှားနိုင်ငံ၊ Criminal Investigation Department (CID) ၏ အတည်ပြုချက် မရယူနိုင်သေးမီ လေးနာရီခန့်စော၍ သတင်းများ တင်ပြခဲ့ကြောင်း လေ့လာတွေ့ ရှိရပါသည်။

    ယခုတွင်မူ စင်ကာပူအခြေဆိုက် straits times သတင်းစာ သာမက အခြားသော နိုင်ငံတကာ ထင်ရှားသည့် သတင်းစာကြီးများက မလေး bernama ကို ကိုးကား၍ ၄င်းတို့နှစ်ဦး လုပ်ကြံခံခဲ့ရသည်ဟု သတင်းတင်ပြကြပြီဖြစ်ပါသည်။ နိုင်ငံတကာက bernama ကို ကိုးကား သတင်းတင်ပြချိန်မှာ မြန်မာ အခြေဆိုက် Eleven Media Group ၏ သတင်း တင်ပြချိန်ထက် များစွာ နောက်ကျနေကြောင်းလည်း တွေ့ရှိရပါသည်။ အလားတူ ဧရာဝတီသတင်းမှ ရခိုင်ဖေ့ဘွတ်ပေ့ခ်ျကို ကိုးကားပြီး ရခိုင်ခေါင်းဆောင်များ လုပ်ကြံခံရသည့် သတင်းကို အစောကြီး ဖော်ပြခဲ့တာကို တွေ့ရှိရပါတယ်။

    မလေးရှားနိုင်ငံ၊ Criminal Investigation Department (CID) ၏ အကြီးအကဲဖြစ်သူ ACP Khairi Ahrasa က ရခိုင်ခေါင်းဆောင်နှစ်ဦး လုပ်ကြံခံခဲ့ရသည် သတင်းကို အတည်ပြုပေးခဲ့ပြီး စုံစမ်းစစ်ဆေးမှုများလည်း ချက်ချင်း ဆောင်ရွက်နေပြီဖြစ်ကြောင်း bernama သို့ ပြောကြားခဲ့ပါသည်။

    နိုင်ငံတကာတွင် ထင်ရှားကျော်ကြားသည့် Time သတင်းကမူ မလေးရှားနိုင်ငံရောက် ရခိုင်ခေါင်းဆောင်နှစ်ဦးလုပ်ကြံခံရသည့် သတင်းကို ဖော်ပြထားရာ ၌ မြန်မာပြည်တွင်း ရိုဟင်ဂျာများအား ညှဉ်းပမ်းနှိပ်စက်မှုဂရက်များ အိမ်နီးချင်းနိုင်ငံများသို့ အကျိုးသက်ရောက်နေသည့် သဘောကိုဆောင်က သတင်း ရေးသားဖော်ပြထားကြောင်း တွေ့ရှိရပါသည်။

    Time သတင်းက “မြန်မာပြည်မှ ပဋိပက္ခများသည် အရှေ့တောင်အာရှသို့ ပျံ့နှံ့နေကြောင်း၊ အင်ဒိုနီးရှား ဂျကာတာတွင်လည်း ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ကြောင်း၊ မလေးရှားတွင်လည်း လူမျိုးအဓိကရုဏ်းနှင့် သတ်ဖြတ်မှုများဖြစ်ပွားခဲ့၍ မြန်မာ အလုပ်သမားမြောက်မြားစွာ ပြည်တော်ပြန် ခဲ့ကြောင်း၊ ရခိုင် ဗုဒ္ဓဘာသာများနှင့် မြန်မာအစိုးရတို့က ရိုဟင်ဂျာများကို တွန်းထုတ်နေသဖြင့် မလေးတွင် ရိုဟင်ဂျာ များစွာ ရှိနေကြောင်း” ဖော်ပြထားပါသည်။

    ၁) http://world.time.com/2014/02/07/gunmen-target-burmese-mp-in-drive-by-shooting-in-malaysia/
    ၂) http://www.bernama.com/bernama/v7/newsindex.php?id=1012663
    ၃) http://www.straitstimes.com/breaking-news/se-asia/story/two-myanmar-political-party-leaders-escape-suspected-assassination-malay

    Photo Credit =>Arakan Community Malaysia
    ဓါတ်ပုံအညွှန်း- မလေးရှားရောက်ရခိုင်ခေါင်းဆောင်များ

  • ရခိုင်အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်မှု့ ALP နှင့် အစိုးရ အပြန်အလှန်စွပ်စွဲ

    ရခိုင်အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်မှု့ ALP နှင့် အစိုးရ အပြန်အလှန်စွပ်စွဲ

    နိုဝင်ဘာ ၃၀၊ ၂၀၁၂
    M-Media
    မောင်ပုည

    ရခိုင်ပြည် လွှတ်မြောက်ရေးတပ် (ALP)

    အောက်တိုဘာလ အတွင်း ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် မြို့နယ် (၆) ခုတွင်  ဖြစ်ပွားခဲ့တဲ့ မွတ်စလင်မ် လူနည်းစုများအပေါ် အကြမ်းဖက် မီးရှို့သတ်ဖြတ်မှုခြင်း၊ နေရပ်အတင်းစွန့်ခွာအောင် လုပ်ဆောင်ခဲ့သည့်  ဒုတိယအကြိမ် အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်ပတ်သက်ကြောင်း  ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီ (ALP) နှင့် အစိုးရအဖွဲ့တို့ အပြန်အလှန်စွပ်စွဲနေကြပါတယ်။

    ရခိုင်ပြည်နယ်အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်ချက် ၂⁄ ၂၀၁၂ တွင် အပိုဒ်(၄) တွင်
    ” ယခုကဲ့သို့ လူစုလူဝေးဖြင့် ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ခြင်း၊ တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီး ခြင်းကိစ္စများတွင် တစ်ဖက်အဖွဲ့အစည်းမှာ ကြိုတင်ပြင်ဆင်ခြင်း၊ အသေးစိတ်စီစဉ်ခြင်း၊ ဒေသန္တရလုပ် လက်နက်များဖြင့် အချိန်ကိုက် ပူးပေါင်းလှုပ်ရှားဆောင်ရွက်ခြင်းများ တွေ့ရှိရသည့်အပြင်၊ နိုင်ငံရေးအဖွဲ့ အစည်းနှင့် ငြိမ်းချမ်းရေးယူထားသော အဖွဲ့အစည်းများပါ ပါဝင်ပတ်သက်မှု ရှိနေသကဲ့သို့၊ အခြား တစ်ဖက်အဖွဲ့အစည်းမှလည်း အချို့သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများ ပါဝင်ပတ်သက်နေသည့် အထောက်အထား များကို တွေ့ရှိရပါသည်။” ဟုထည့်သွင်းထုတ်ပြန်ကြေငြာခဲ့ပါသည်။

    ငြိမ်းချမ်းရေး ယူထားသော တစ်ခုတည်းသော ရခိုင်တော်လှန်ရေး ပါတီ ALP ရည်ရွယ်ထားပုံ ရကြောင်း၊ ALP အတွင်းရေးမှူး ၂ ခိုင်သုခ၏ ပြောကြားချက်ကို ဘင်္ဂလားဒေရှ်အခြေစိုက်  နိရဉ္စရာ သတင်းဌာ၏ သတင်းတပုဒ်မှာအောက်ပါ အတိုင်းပြောကြားထားတာကို တွေ့ရပါတယ်။

    “ နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ချက် အမှတ် ၂/၂၀၁၂ မှာ အောက်တိုဘာလအတွင်း တကျော့ပြန်ဖြစ်တဲ့ ရခိုင်ပြည် အကြမ်းဖက် ဆူပူမှုမှာ ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့တွေ ပါဝင်ပတ်သက်မှု ရှိတယ်ဆိုပြီး ရေးထားတဲ့အတွက် ကျွန်တော်တို့ကို ရည်ညွန်းပြီး ပြောဆို တာ ဖြစ်တယ်လို့ ကျွန်တော်တို့ နားလည်တယ်။ ဒါပေမယ့် ကျွန်တော်တို့ဘက်က ထုတ်ပြန်ကြေငြာ ချက် မထုတ်ဘဲ စောင့်နေခဲ့တယ်။ နောက်ဆုံး နိုဝင်္ဘာ ၁၀ ရက်နေ့မှာ ကျွန်တော်တို့ဆီက လူကြီးတွေနဲ့ ဦးအောင်မင်း ထိုင်းနိုင်ငံ ချမ်းမိုင်မှာ တွေ့တဲ့အခါ ဦးအောင်မင်းကလည်း အဲဒီအတိုင်း စွပ်စွဲပြောဆိုလာတယ်။ ဒီလို ပြောဆိုလာတဲ့ အပေါ်မှာ ရှင်းရှင်းလင်းဖြစ်ဖို့ အတွက် ကျွန်တော်တို့ ဘက်က ကြေငြာချက်ထုတ်ပြီး တုန့်ပြန်ရတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

    ဆက်လက်ပြီး ရခိုင်ပြည်နယ် အကြမ်းဖက်မှုတွေမှာ စစ်တပ် က ပါဝင်ပတ်သက်မှုရရှိကြောင်း ခိုင်သုခ စွပ်စွဲလိုက်ပါတယ်။

    “ စစ်တပ်ဖက်က ပါဝင်ပတ်သက်မှုရှိတဲ့ အထောက်အထားတွေ အများကြီးရထားတာရှိတယ်။ အဲဒါ ကိုလည်း ဦးအောင်မင်းကို တရားဝင် ပြောလိုက်တယ်။ အခုဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေမှာ ရခိုင်ပြည်လွတ် မြောက်ရေး ပါတီဖက်က လုံးဝ ပတ်သက်မှုမရှိဘူးဆိုတာကို ရှင်းပြလိုက်ပါတယ်” လို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မီတီ ဒုတိယဥက္ကဌ ဦးအောင်မင်းနှင့် ချမ်းမိုင်တွင် တွေ့ဆုံစဉ်ပြောကြားခဲ့ ကြောင်း ခိုင်သုခ၏ ပြောကြားချက်ကို နိရဉ္စရာ ဖော်ပြထားပါတယ်။

    ရိုက်တာရဲ့ သတင်းတပုဒ်မှာတော့  RNDP ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး “ဦးလှစော”ကတော့ ဇွန်လနဲ့ အောက်တိုဘာလတွေမှာ ဖြစ်ပျက်ခဲ့တဲ့ မွတ်စလင်ဆန့်ကျင် သုတ်သင်ရေး အကြမ်းဖက်မှု တွေမှာသူတို့ပါတီက လုပ်တာမဟုတ်ဘူး၊ ကြိုးကိုင်တာမဟုတ်ဘူးရယ်လို့ ငြင်းဆိုပေမယ် နောက်ဆုံးတစ်ခေါက် ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးတဲ့အခါ အောက်ခြေကပါတီဝင်တွေ ပါဝင်နိုင်ပါတယ်လို့ ဝန်ခံဖြေဆိုသွားကြောင်းကို ဖော်ပြပါတယ်။

    အဓိကရုန်း အကြမ်းမှုတွေမှာ ပါဝင်ပတ်သတ်မှု ထင်ရှားစွာ အထောက်အထားတွေ့ရှိရင် RNDP ပါတီကို ဖျက်သိမ်းပစ်နိုင်တယ်လို့သမ္မတဦးသိန်းစိန်က သတိပေးထားကြောင်း ဒီသတင်းကို RNDP ဘက်၊ စစ်တပ်ဘက်နှစ်ဘက်စလုံးဆီမှ ရိုက်တာသတင်းဌာနက ရရှိထားတာ ဖြစ်ကြောင်း  ဖော်ပြခဲ့တာဖြစ်ပါတယ်။

် မြန်မာ- ဘင်္ဂလာနယ်စပ်တွင် မြန်မာတပ်မတော်မှ GE တပ်သား (၁) ဦး အသတ်ခံရပြီး (၃) ဦးဖမ်းဆီးသွားမှုမှာ ရခိုင်တော်လှန်ရေး ပါတီ ALP ရဲ့ လက်ချက်ဆိုပြီး ကုလားတန် သတင်းဌာနရဲ့ သတင်းတပုဒ်မှာဖော်ပြခဲ့ပါတယ်။