News @ M-Media

Tag: anti IS

  • IS အား တိုက်ဖျက်ရေး စည်းလုံး ညီညွတ်ရန် အမေရိကန်ရှိ ထိပ်တန်း မွတ်စလင်အဖွဲ့ တိုက်တွန်း

    IS အား တိုက်ဖျက်ရေး စည်းလုံး ညီညွတ်ရန် အမေရိကန်ရှိ ထိပ်တန်း မွတ်စလင်အဖွဲ့ တိုက်တွန်း

    ဇူလိုင် ၉၊ ၂၀၁၆
    M-Media
    85de2764-266d-470b-aaf8-61916511adfe
    – တူရကီ၊ အီရတ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဆော်ဒီအာရေဗျတို့မှာ IS ရဲ့ စနက်ကြောင့် အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဒီအကြမ်းဖက်အဖွဲ့ကို ချေမှုန်းရေး စည်းလုံးညီညွှတ်ကြဖို့ အမေရိကန်နိုင်ငံရဲ့ အကြီးဆုံးမွတ်စလင်အဖွဲ့ကြီးဖြစ်တဲ့ အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီ (CAIR) က တိုက်တွန်းဆော်သြလိုက်ပါတယ်။

    ကြာသာပတေးနေ့က ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက်ထဲမှာ ဒီလို တိုက်တွန်းလိုက်တာဖြစ်ပြီး CAIR ရဲ့ နိုင်ငံလုံးဆိုင်ရာ အမှုဆောင်ဒါရိုက်တာ နီဟတ် အ၀ဒ်က

    “ISIS အကြမ်းဖက်အဖွဲ့ဟာ အစ္စလာမ်သာသနာရဲ့ သွန်သင်ချက်နဲ့ ဆန့်ကျင်တဲ့ ကိစ္စတွေကို ပြုလုပ်နေတယ်ဆိုတာ ပြောစရာတောင် မလိုတော့ပါဘူး။ သူတို့လုပ်ရပ်နဲ့ သူတို့ သက်သေပြနေတာပါ။ ပြီးခဲ့တဲ့နှစ်တွေ အတွင်းမှာကတည်းက ဒီလူသတ်ကောင်တွေဟာ မည်သည့်ဘာသာတရားရဲ့ စည်းကမ်းကိုမှ မလိုက်နာဘဲ အပြစ်မဲ့တဲ့လူတွေကိုပဲ သတ်ပြီးရင်းသတ်နေတာ ဖြစ်ပါတယ်၊ နောက်ဆုံး မဒီနာမြို့က တမန်တော်မြတ်ဗလီ အပြင်ဘက်မှာ ဗုံးခွဲတိုက်ခိုက်တဲ့အထိ ဖြစ်လာခဲ့ပါတယ်”

    “ဒီအစွန်းရောက်တွေကို သုတ်သင်ဖို့၊ ရက်စက်ကြမ်းကြုတ်တဲ့ အာဆတ်အစိုးရကို ဖြုတ်ချဖို့၊ ဒေသတွင်း အေးချမ်းတည်ငြိမ်မှုရရှိဖို့၊ ISIS နေရာမှာ နောက်ထပ်အကြမ်းဖက်အုပ်စုတစ်ခု ထပ်မံမ၀င်ရောက်လာဖို့အတွက် ကမ္ဘာကြီး၊ ဒေသတွင်းအင်အားစုတွေအနေနဲ့ ကိုယ်ရဲ့မတူညီမှုတွေကို ဘေးဖယ်ထားပြီး ဒီအစွန်းရောက်တွေကို ချေမှုန်းဖို့ တောင်းဆိုလိုက်ပါတယ်”  လို့ ပြောကြားခဲ့ပါတယ်။

    ထို့ပြင် IS အကြမ်းဖက်အဖွဲ့ကို ဆန့်ကျင်ကြောင်း ဆိုရှယ်မီဒီယာ၌ ဖော်ပြရာတွ် အသုံးပြုသည့် #StopCallingISISIslamic လှုပ်ရှားမှုကိုလည်း အ၀ဒ်က ချီးကျူးခဲ့ပြီး အခြားသော အဖွဲ့အစည်းများအနေဖြင့်လည်း ၎င်းတို့ကဲ့သို့ ကြေငြာချက်ထုတ် ရှုတ်ချရန်လည်း တိုက်တွန်းခဲ့ပါတယ်။

    Ref : IINA

  • IS နှိမ်နှင်းရေးလုပ်ငန်းတွင် အမေရိကန်လျှို့ဝှက်အာကာသစခန်း ပါဝင်မည်

    IS နှိမ်နှင်းရေးလုပ်ငန်းတွင် အမေရိကန်လျှို့ဝှက်အာကာသစခန်း ပါဝင်မည်

    မေ ၁၅၊ ၂၀၁၆
    M-Media

    us

    – အီရတ်နဲ့ဆီးရီးယားက IS အကြမ်းဖက်အုပ်စုကို တိုက်ခိုက်နေတဲ့ စစ်ဆင်ရေးလုပ်ငန်းတွေမှာ အကူအညီပေးဖို့ ပင်တဂွန်စစ်ဌာနချုပ်က ၎င်းရဲ့ လျှို့ဝှက်အာကာသစခန်းသစ်ကို အသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

    ကာကွယ်ရေးဝန်ကြီး အက်ရှ်တန် ကာတာ က JICSpOC ဆိုတဲ့ အမေရိကန်ရဲ့ လျှို့ဝှက် အာကာသစခန်းသစ်ကို အကြမ်းဖက်နှိမ်နင်းရေးလုပ်ငန်းတွေမှာ အသုံးပြုချင်တယ်လို့ ကြာသာပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။ အဲဒီစခန်းဟာ ကော်လိုရာဒိုပြည်နယ် ရှရီဗာလေတပ်စခန်းအတွင်းမှာ တည်ရှိပါတယ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာကတည်းက အာကာသစခန်းရဲ့ လုပ်ငန်းတွေ စတင်နေတာဖြစ်ပြီး အမျိုးသားစစ်ဘက်ထောက်လှမ်းရေးရုံးမှ အရာရှိတွေလည်း ပါဝင်ပါတယ်။ JICSpOC ဟာ NSA နဲ့ CIA တို့လို ထောက်လှမ်းရေးဌာနတွေနဲ့ ပူးတွဲလုပ်ကိုင်နေပြီး အမေရိကန် ထောက်လှမ်းရေးဂြိုဟ်တုတွေကိုလည်း ကိုင်တွယ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

    “(IS တွေကို) တိုက်ခိုက်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းဖို့ ကျွန်တော်တို့ရဲ့ အာကာသစခန်းကို ညွှန်ကြားထားပြီးပါပြီ၊ အကူအညီပေးဖို့အတွက် ကျွန်တော်တို့ လုပ်နိုင်တာလေးတွေကို ဖော်ထုတ်ဖို့ပါ” လို့ ကာတာက ပြောကြားခဲ့ပါတယ်။

    Ref: Presstv

  • IS ၏ နှိပ်စက်သောင်းကျန်းမှုများမှာ တမန်တော်မုဟမ္မဒ်သခင်၏ သွန်သင်ချက်နှင့် ဆန့်ကျင်နေကြောင်း သုတေသနတစ်ရပ်က ဖော်ပြ

    IS ၏ နှိပ်စက်သောင်းကျန်းမှုများမှာ တမန်တော်မုဟမ္မဒ်သခင်၏ သွန်သင်ချက်နှင့် ဆန့်ကျင်နေကြောင်း သုတေသနတစ်ရပ်က ဖော်ပြ

    မေ ၁၊ ၂၀၁၆

    M-Media

    prophet

    – Islamic State အစ္စလာမ့်နယ်ပယ်ဟု အမည်ခံထားသော ဒေသတွင်း၌ ခရစ်ယာန်တို့အား ညှင်းပန်းနှိပ်စက်နေမှုများမှာ တမန်တော်မုဟမ္မဒ်သခင်၏ ရေးသားချက်များနှင့် ကိုက်ညီမှုမရှိကြောင်း သုတေသနတစ်ရပ်က ဖော်ပြလိုက်သည်။

    အေဒီ ၆၂၂ နှင့် ၆၃၂ အကြား မုဟမ္မဒ်သခင်၏ လုပ်ဆောင်ချက်များအပေါ် ထဲထဲဝင်ဝင် လေ့လာချက်တစ်ရပ်က အွမ္မဟ်(လူ့အဖွဲ့အစည်း)အတွင်း အတူတစ်ကွနေထိုင်ကြသည့် ခရစ်ယာန်များမှာ ကာကွယ်စောင့်ရှောက်မှုရရှိခဲ့သည်ဟု ဖော်ပြလျက်ရှိနေသည်။

    သုတေသနစာတမ်းရှင် ဒေါက်တာ Craig Considine က “တမန်တော် ရည်မှန်းသည့် မွတ်စ်လင်မ်တိုင်းပြည်ဟူသည် ဘာသာရေးသင့်မြတ်မှုနှင့် ပြည်သူ့အခွင့်အရေးအပြည့်အ၀ရှိသော တိုင်းနိုင်ငံသာဖြစ်သည်” ဟု သုံးသပ်ထောက်ပြထား၏။

    “သုတေသနပြုချက်အရ ထင်ထင်ရှားရှားတွေ့ရတာကတော့ လက်ရှိခေတ်ပေါ် IS တွေက ခရစ်ယာန်တွေကို ခွဲခြားဆက်ဆံ မတရားပြုမူနေခြင်းဟာ တမန်တော်မုဟမ္မဒ်ရဲ့ ပဋိညာဉ်ပြုထားချက်နဲ့ အလျဉ်းကိုက်ညီအံဝင်မှု ရှိမနေဘူးဆိုတာပါပဲ” ဟူ၍ သူက ဆိုသည်။

    ပြန်လည်ရှာဖွေတွေ့ရှိလိုက်သည့် ဤအထောက်အထားများသည် မွတ်စ်လင်မ်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ဖြေလျော့မှု ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း၊ ထိုအချက်အလက်များမှာ အစ္စလာမ်အပေါ် တစ်ဖက်သတ်ရွံကြောက်ရောဂါ နှင့် အစ္စလာမ့်လောကထဲမှ အစွန်းရောက်ရောဂါအတွက် ကုစားချက်တစ်မျိုးဖြစ်လာနိုင်ကြောင်း တက္ကဆက်ပြည်နယ် Rice University မှ Dr Considine က ယုံကြည်ထား၏။

    “သူ့ရဲ့(တမန်တော်ရဲ့) သတင်းစကားမှာ မေတ္တာတရားနဲ့ ငြိမ်းချမ်းခြင်းတွေ ကွန့်မြူးဖြာထွက်လျက် ရှိပါတယ်။ ဒါဟာ အမေရိကန်လူ့အဖွဲ့အစည်းသာမက ကမ္ဘာလောကတစ်ခုလုံး ထာဝစဉ်လိုအပ်နေတဲ့အရာဖြစ်တယ်”။

    ခရစ်ယာန်လူငယ်ပညာရှင် ဒေါက်တာ ခရိတ် ကွန်စီဒိုင်း၏အဆိုအရ ယင်းသို့အထောက်အထားများမှာ ကမ္ဘာတစ်ဝှမ်း ဘာသာရေးကျောင်းများ၊ ဋ္ဌာနများတွင် တည်ရှိနေပြီး၊ အကြောင်းအမျိုးမျိုးကြောင့် ရာစုနှစ်များစွာ ပုံနှိပ်ထုတ်ဝေနိုင်ခြင်းနှင့် ဘာသာပြန်ဆို၍ လူထုပရိသတ်သိရှိစေအောင် မပြုလုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော် သူက ဤသို့ မှတ်ချက်ပြုလိုက်ပါသည်။

    “အီရတ်နဲ့ ဆီးရီးယားလို နေရာဒေသများမှာ ခရစ်ယာန်တွေအပေါ် အကြီးအကျယ် အကြမ်းဖက်မှုတွေ ဖြစ်လာတာကြောင့် လက်ရှိအချိန်အခါမှာတော့ ပညာရှင်တွေ၊ အမှန်ယုံကြည်သူတွေက အဲ့ဒီအရာများဖက်ကို ပြန်လှည့်လာကြပါပြီ။ တမန်တော်မုဟမ္မဒ်က ခရစ်ယာန်တွေအပေါ် ဒုက္ခ၀န်ထုပ် ဖြစ်လာမှာကို မလိုလားခဲ့ပါဘူး။ ဒါ့အပြင် ၀င်ရောက်စွက်ဖက်ခြင်း၊ သူတစ်ပါးရဲ့အတွင်းရေးကို ကျူးကျော်ခြင်း၊ ပုဂ္ဂလပိုင်ဆိုင်မှုကို လက်ဝါးကြီးအုပ်ခြင်း အလျဉ်းမရှိခဲ့ပါဘူး။ လက်ရှိသောင်းကျန်းနေတဲ့အုပ်စုဟာ သက်ဆိုင်ရာလူမျိုးနွယ် သို့မဟုတ် နောက်ခံယဉ်ကျေးမှုပေါ်မူတည်ပြီး ပြည်သူတွေကို တန်ဖိုးမထား ပြုမူလုပ်ဆောင်နေခြင်းသာဖြစ်တယ်လို့ သုံးသပ်မိပါတယ်”

    Ref : The Independent

  • အကြမ်းဖက်တိုက်ဖျက်ရေး မွတ်စလင်စစ်ရေးမဟာမိတ်အဖွဲ့တွင် မွတ်စလင်နိုင်ငံအားလုံး ပါဝင်ရန် အလ်-အဇ်ဟာရ်က တိုက်တွန်း

    အကြမ်းဖက်တိုက်ဖျက်ရေး မွတ်စလင်စစ်ရေးမဟာမိတ်အဖွဲ့တွင် မွတ်စလင်နိုင်ငံအားလုံး ပါဝင်ရန် အလ်-အဇ်ဟာရ်က တိုက်တွန်း

    ဒီဇင်ဘာ ၁၇၊ ၂၀၁၅
    M-Media

    al az

    – ပြီးခဲ့သည့် အင်္ဂါနေ့က ဆော်ဒီအာရေဗျဦးဆောင်ကာ ဖွဲ့စည်းခဲ့သည့် အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး မွတ်စလင် စစ်ရေးမဟာမိတ်အဖွဲ့တွင် မွတ်စလင်နိုင်ငံအားလုံး ပါဝင်ကြရန် အစ္စလာမ့်ဓမ္မပညာရေးတွင် အကြီးဆုံး အသင်းအဖွဲ့ဖြစ်သော အလ်-အဇ်ဟာရ်တက္ကသိုလ်က တိုက်တွန်းပြောကြားလိုက်သည်။

    အဆိုပါ စစ်ရေးမဟာမိတ်အဖွဲ့ကို မွတ်စလင်အများစုရှိသည့် နိုင်ငံပေါင်း ၃၄ နိုင်ငံဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး IS အပါအ၀င် အကြမ်းဖက်အဖွဲ့အားလုံးကို နိုင်ငံတာအသိုင်းအ၀ိုင်းနှင့် ပူးပေါင်းကာ တိုက်ဖျက်သွားရန် ရည်ရွယ်ခြင်းဖြစ်သည်။

    အီဂျစ်နိုင်ငံ ကိုင်ရိုအခြေစိုက် အလ်-အဇ်ဟာရ်တက္ကသိုလ်က ထိုကဲ့သို့ စစ်ရေးမဟာမိတ် ဖွဲ့စည်းခဲ့ခြင်းအတွက် ချီးကျူးပြောဆိုခဲ့ပြီး အကြမ်းဖက်ဝါဒ၏ မကောင်းဆိုးဝါးများကို အစ္စလာမ့်ကမ္ဘာမှ မောင်းထုတ်နိုင်လိမ့်မည်ဟု မျှော်လင့်နေသည်။

    “ဒါဟာ မှောင်မိုက်တဲ့အကြမ်းဖက်ဝါဒဒဏ်ကို အခြားသူတွေထက် ပိုပြီးခံစားနေရတဲ့ အစ္စလာမ်နိုင်ငံက ပြည်သူတွေရဲ့ ချက်ခြင်းလက်ငင်း တောင်းဆိုမှုပါ။ အလ်-အဇ်ဟာရ်အနေနဲ့ လူတိုင်းအပေါ်မှာ ကြောက်စရာကောင်းတဲ့ ရာဇ၀တ်မှုတွေကို ကျူးလွန်နေတဲ့ ဒီအကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးအတွက် ဒီမဟာမိတ်အဖွဲ့မှာ ဆက်သွယ်ဖို့ အစ္စလာမ့်နိုင်ငံအားလုံးကို တိုက်တွန်းလိုက်ပါတယ်” ဟု ယမန်နေ့က ထိုတက္ကသိုလ်မှ ထုတ်ပြန်သည့် ကြေငြာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

    ဆော်ဒီတရားရေးဝန်ကြီး ၀ါလစ်ဒ် အလ်-ဆလ်မာနီက အဆိုပါ စစ်ရေးမဟာမိတ်အဖွဲ့ ဖွဲ့စည်းမှုကို ကြိုဆိုခဲ့ပြီး အကြမ်းဖက်ပုံစံအားလုံးကို မွတ်စလင်နိုင်ငံများအားလုံးက ပူးပေါင်းတိုက်ဖျက်လိုသည့် ခိုင်မာသော သန္ဓိဌာန်ကို ဖော်ပြခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ထို့ပြင် အဆိုပါ အကြမ်ဖက်အဖွဲ့များမှာ ဆော်ဒီအာရေဗျနိုင်ငံအပါအ၀င် မွတ်စလင်နိုင်ငံများကို ပစ်မှတ်ထားနေပြီး၊ အလယ်လတ်လမ်းစဉ်ကို ညွှန်ပြထားကာ ပတ်ဝန်းကျင်အား လေးစားဂုဏ်ပေးရန် သွန်သင်ထားသည့် အစ္စလာမ်သာသနာကိုလည်း မှေးမှိန်စေသည်ဟု ဆလ်မာနီက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Arabnews

  • IS အပါအ၀င် အစွန်းရောက်အဖွဲ့အားလုံးကို တိုက်ဖျက်ရန် မွတ်စလင်နိုင်ငံများက စစ်ရေးမဟာမိတ်အဖွဲ့ ဖွဲ့စည်း

    IS အပါအ၀င် အစွန်းရောက်အဖွဲ့အားလုံးကို တိုက်ဖျက်ရန် မွတ်စလင်နိုင်ငံများက စစ်ရေးမဟာမိတ်အဖွဲ့ ဖွဲ့စည်း

    ဒီဇင်ဘာ ၁၅၊ ၂၀၁၅
    M-Media

    mus

    – အကြမ်းဖက်အဖွဲ့အစည်းများကို တိုက်ခိုက်ရာတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မွတ်စလင်နိုင်ငံပေါင်း ၃၄
    နိုင်ငံပါသည့် စစ်ရေးမဟာမိတ်အဖွဲ့တစ်ခုကို ဆော်ဒီအာရေဗျနိုင်ငံက ဦးဆောင်ကာ ဖွဲ့စည်းလိုက်ပြီး စစ်အင်အားကြီးနိုင်ငံများဖြစ်သော အီဂျစ်နှင့် တူရကီတို့လည်း ပါဝင်ခဲ့သည်ဟု သိရသည်။

    အဆိုပါ မဟာမိတ်အဖွဲ့ ဖွဲ့စည်းကြောင်းကို ဆော်ဒီကာကွယ်ရေးဝန်ကြီး မိုဟာမက် ဘင် ဆလ်မန်က ယနေ့တွင် ကြေငြာခဲ့သည်။ ကာတာနှင့် ယူအေအီးတို့ကဲ့သို့ အာရပ်နိုင်ငံများမှာ အဆိုပါ မဟာမိတ်အဖွဲ့တွင် ပါဝင်မည်ဖြစ်ပြီး ပါကစ္စတန် မလေးရှားနှင့် နိုက်ဂျီးရီးယားတို့အပါအ၀င် အာရှနိုင်ငံများ အရှေ့အလယ်ပိုင်းနိုင်ငံများနှင့် အာဖရိကနိုင်ငံများလည်း ပါဝင်သည်။

    IS အဖွဲ့အား ဘုံရန်သူအဖြစ် သဘောထားသော်လည်း ဆော်ဒီ၏ ပြိုင်ဘက်ဖြစ်သော အီရန်နှင့် ၎င်း၏ မဟာမိတ် ဆီးရီးယားနှင့် အီရတ်တို့မှာ ပါဝင်ခြင်းမရှိပေ။

    ဘင်ဆလ်မန်ကမူ မိမိတို့မဟာမိတ်အဖွဲ့မှာ IS ကိုသာမကဘဲ အီရတ်၊ ဆီးရီးယား၊ လစ်ဗျား၊ အီဂျစ်နှင့် အာဖဂန်တို့ရှိ မည်သည့် အကြမ်းဖက်အဖွဲ့အစည်းများကိုမဆို ပစ်မှတ်ထား တိုက်ခိုက်သွားမည်ဟု ပြောကြားခဲ့သည်။ စစ်ရေးအရ လှုပ်ရှားမှုများကို ဒေသတွင်း ဥပဒေများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့်လည်း ပူးပေါင်းသွားမည်ဟု ၀န်ကြီးက ထပ်လောင်းပြောကြားခဲ့သည်။

    ဆော်ဒီသတင်းဌာန SPA ၏ စောစောပိုင်းထုတ်ပြန်မှုတွင် ဆော်ဒီဦးဆောင်သည့် အဆိုပါ မဟာမိတ်အဖွဲ့မှာ “ပူးပေါင်းဆောင်ရွက်ရေးစင်တာ” ကို ဆော်ဒီမြို့တော် ရီယာ့ဒ်တွင် ဖွင့်လှစ်သွားရန် ရှိနေသည်ဟု ဖော်ပြခဲ့သည်။

    “ဘယ်လို ဂိုဏ်းဂန၊ ဘယ်လိုနာမည်ပဲ တပ်ထားတပ်ထား သတ်ဖြတ်မှုတွေ၊ ကမ္ဘာမြေ ပျက်ဆီးရာပျက်ဆီးကြောင်းတွေကို လုပ်ဆောင်နေပြီး အပြစ်မဲ့သူတွေကို အကြမ်းဖက်ဖို့ရည်ရွယ်တဲ့ အကြမ်းဖက်အုပ်စုအားလုံး၊ အကြမ်းဖက်အဖွဲ့အားလုံးရဲ့ မကောင်းဆိုးဝါးလုပ်ရပ်တွေကနေ အစ္စလာမ့်နိုင်ငံအားလုံးကို ကာကွယ်ဖို့ မိမိတို့မဟာမိတ်အဖွဲ့ရဲ့ တာဝန်ပါပဲ” ဟု အဆိုပါ မဟာမိတ်အဖွဲ့မှ ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

    ထိုမဟာမိတ်အဖွဲ့တွင် ပါဝင်သည့် နိုင်ငံအများစုမှာ လက်ရှိအချိန်တွင် IS အား ဆန့်ကျင်တိုက်ခိုက်သည့် စစ်ဆင်ရေးများတွင် ပါဝင်ဆောင်ရွက်နေကြသည်။ ဆော်ဒီနှင့် ပင်လယ်ကွေ့နိုင်ငံများမှာ ဆီးရီးယားရှိ IS အဖွဲ့များအား လေကြောင်းက တိုက်ခိုက်မှုတွင် ပါဝင်နေသည်။

    Ref: Aljazaara, RT