News @ M-Media

Tag: anti_Muslim_in_Myanmar

  • Rakhine: သံတွဲမြို့တွင် ဆူပူအကြမ်းဖက်မှု ဖြစ်ပေါ်စေရန် လှုံ့ဆော်

    စက်တင်ဘာ ၂၈၊ ၂၀၁၃
    M-Media
    ထွန်းတောက်

    TanDwe

    သံတွဲ ။ ။ သံတွဲမြို့တွင် ဆူပူအကြမ်းဖက်မှု ဖြစ်ပေါ်စေရန် လှုံ့ဆော်သော လုပ်ဆောင်မှု တစ်ရပ် ယနေ့ နေ့လည် ၃-နာရီက ဖြစ်ပေါ်ခဲ့ပြီး ယခုအချိန်မှာ စစ်တပ်နှင့် ရဲမှ ၀ိုင်းဝန်းထိန်းသိမ်းနေရကြောင်း သိရသည်။

    ဖြစ်ပွားပုံမှာ ယနေ့နံနက်ပိုင်းက သံတွဲမြို့ရှိ ငပလီရောင်းဝယ်ရှေ့တွင် သုံးဘီးဆိုင်ကယ်တစ်စီး လာရောက်ရပ်ထားမှုကြောင့် ဆိုင်ရှေ့ပိတ်မရပ်ရန် ပြောရာ လမ်းပေါ်ရပ်တာဘာဖြစ်လဲဟု ပြောကာ ဆိုင်ကယ်မောင်းထွက်သွားခဲ့ပြီး နေ့လည် ၂-နာရီခန့်တွင် လူစုလူဝေးပြုလုပ်ကာ၊ နေ့လည် ၃-နာရီခန့်က ငပလီရောင်းဝယ်ရေး ဆိုင်ပိုင်ရှင် နှင့် သံတွဲမြို့နယ် ကမန်တိုးတက်ရေးပါတီ၏ ဥက္ကဌလည်းဖြစ်သူ ဦးကျော်ဇံလှကို ရဲစခန်းမှ မြို့နယ်မှူးမှ လာရောက်ခေါ်ယူသွားခဲ့သည်။

    ထို့နောက် ရခိုင်တိုးတက်ရေးပါတီမှ ဦးဆောင်ကာ ဦးကျော်ဇံလှမှ ဆဲဆိုသည်ဟုဆိုကာ လူစုလူဝေးဖြင့် လူ ၁၅၀-ခန့်ရှိ လူအုပ်ကြီးမှ ရဲစခန်းရှေ့တွင် ၀ိုင်းလာပြီး ဦးကျော်ဇံလှ၏ အိမ်ကို ဖျက်ဆီးမည်ဟု ပြောဆိုခဲ့ကြောင်းနှင့် ယခုအခါ ဦးကျော်ဇံလှ၏ အိမ်ရှေ့တွင် လူ(၂၀၀)ခန့်မှ အကြမ်းဖက်ရန် လုပ်ဆောင်နေပြီး ရဲနှင့် စစ်တပ်မှ ၀ိုင်းဝန်း ထိန်းသိမ်းနေသည်ဟု သိရသည်။

    နောက်ဆက်တွဲ သတင်းကို ထပ်မံ ဖော်ပြပါမည်။

    ================

    နောက်ဆက်တွဲသတင်း (၄း၁၅-နာရီ)

    လူ ၂၀၀-ခန့်မှာ လူစုကွဲသွားပြီး ရဲစခန်းအနီးတ၀ိုက်တွင် လူ ၃၀-၀န်းကျင်ခန့် စုရုံးမှုရှိနေပြီး၊ ဦးကျော်ဇံလှ၏ အိမ်အနီးတွင်တော့ စစ်တပ်ချထားကြောင်း ထပ်မံသိရှိရသည်။

  • ၀ံသာနုရက္ခိတ စိတ်ရှိစေရန် ခေါင်းစဉ်တပ်၍ မွတ်စလင်မ် မုန်းတီးရေးစာရွက်များ တိုက်ကြီးမြို့တွင် လှုံ့ဆော်ဖြန့်ချီ

    သြဂုတ် ၃၁၊ ၂၀၁၃
    M-Media
    အေးမောင်

    img391
    တိုက်ကြီး ။         ။        ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့တွင် ၀ံသာနုရက္ခိတ စိတ်ရှိစေရန်ဟု ခေါင်းစဉ်တပ်၍ မွတ်စလင်မ် မုန်းတီးရေးဖြစ်စေမည့် စာရွက်များကို လိုက်လံဖြန့်ဝေ၍ ဘာသာရေးအရ အကြမ်းဖက်မှုများ ဖြစ်ပွားစေရန်အတွက် သြဂုတ်လ ၂၁-ရက်နေ့က လှုံ့ဆော်ဖြန့်ချီနေကြောင်း သိရသည်။

    အဆိုပါ လက်ကမ်းစာစောင်တွင် ၀ံသာနုရက္ခိတစိတ်ရှိစေရန်အတွက် တိုက်ကြီးမြို့နယ်လုံးဆိုင်ရာ အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး ဖြစ်မြောက်ရေးအဖွဲ့ဟု သိရပြီး ၉၆၉ လှုပ်ရှားသူများ ဦးဆောင်နေကြောင်း သိရသည်။

    အဆိုပါ လက်ကမ်းစာစောင်တွင် မိဘဆရာအပေါင်းကို ဦးတည်၍ ကလေးများအား သင်ကြားပေးသင့်သည်များဟု ရေးသားထားသည်များမှာ ဘာသာတရားကို သင်ကြားပေးခြင်းမဟုတ်ဘဲ ဘာသာတစ်ခုမှ တစ်ခုအပေါ်သို့ ကလေးဘ၀ကတည်းမှစပြီး အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိ သင်ကြားပေးရန် လှုံ့ဆော်ထားသည်ကို တွေ့ရပါသည်။

    အဆိုပါလက်ကမ်းစာစောင်များဖြန့်ဝေနေမှုနှင့် ပတ်သက်၍ တိုက်ကြီးမြို့သို့ ဆက်သွယ်စုံစမ်းရာ အဆိုပါ လက်ကမ်းစာစောင်ကို လက်ခံရရှိထားပြီး ဘာသာပေါင်းစုံ စည်းလုံးညီညွတ်မှုကိုလိုလားသူ ဗုဒ္ဓဘာသာ အမျိုးသားတစ်ဦးမှ ပြောကြားသည်မှာ “အရင်ကတော့ ကျွန်တော်တို့ဒီမှာ အဲလို ခွဲခြားမြင်တာတွေ မရှိဘူး။ ကျွန်တော်တို့ တိုက်ကြီးမှာက မွတ်စလင်မ်နဲ့ ဗုဒ္ဓဘာသာတွေဆိုတာ ရောပြီး နေနေကြတာ။ တချို့ဆို မိသားစုတစ်ခုတည်းမှာပဲ ဗုဒ္ဓဘာသာရေ မွတ်စလင်မ်ရော ရှိနေတဲ့သူတွေလည်း ရှိတယ်ဗျ။ အခုလို ၀ံသာနုရက္ခိတ စိတ်ရှိစေဖို့ခေါင်းစဉ်တပ်ပြီး မွတ်စလင်မ်တွေရဲ့ သောကြာနေ့တိုင်းဆုတောင်းဆိုတာကို တလွဲဖော်ပြထားတာမျိုးလည်း မကြိုက်ဘူး။ ကျွန်တော့်မှာလည်း မွတ်စလင်မ်မိတ်ဆွေတွေရှိပါတယ်။ အခုလို ကိုယ့်ဘာသာတရားအတွက် သွန်သင်ဆုံးမခိုင်းတာမျိုးမဟုတ်ပဲ တခြားဘာသာကို တလွဲပြောထားတာမျိုးကို ကျွန်တော်မကြိုက်ပါဘူး။ အခု ဒါတွေလုပ်နေတာလည်း ၉၆၉ အဖွဲ့တွေ လုပ်တယ်လို့သိရတယ်။ ကျွန်တော်ကတော့ ဒါမျိုးလုပ်ရပ်ကို လုံးဝ အားမပေးပါဘူး။ ၉၆၉ ခေါင်းစဉ်တပ်ပြီး လုပ်နေတာကိုလည်း လုံးဝ ရှုံ့ချပါတယ်”လို့ ပြောပြခဲ့ပါတယ်။

    ဘာသာလူမျိုးပေါင်းစုံ အေးချမ်းစွာနေထိုင်လျက်ရှိတဲ့ တိုက်ကြီးမြို့အားလည်း အကြမ်းဖက်မှုများ ဖြစ်ပေါ်စေရန် အမျိုးဘာသာစောင့်ရှောက်ရေး အမည်ဖြင့် ၉၆၉ အဖွဲ့မှ လှုံ့ဆော်မှုများ ဆက်တိုက် လုပ်ဆောင်နေတာကြောင့် တိုက်ကြီးမြို့မှာ အကြမ်းဖက်မှုတွေ ဖြစ်မလာအောင် ၀ိုင်းဝန်းထိန်းသိမ်း ကြိုးပမ်းနေကြတယ်လို့ အဆိုပါ မြို့ခံမှ ဆက်လက်ပြောပြခဲ့ပါတယ်။

    img392

  • ရခိုင်အကြမ်းဖက်မှုများတွင် သတင်းသွားရောက်ယူခဲ့သည့် အမေရိကန်ဂျာနယ်လစ်နှစ်ဦးအား မြန်မာအစိုးရ နာမည်ပျက်စာရင်းသွင်း

    ရခိုင်အကြမ်းဖက်မှုများတွင် သတင်းသွားရောက်ယူခဲ့သည့် အမေရိကန်ဂျာနယ်လစ်နှစ်ဦးအား မြန်မာအစိုးရ နာမည်ပျက်စာရင်းသွင်း

    M-Media
    သြဂုတ်လ ၃၀ ရက်၊ ၂၀၁၃
    www.dvb.no

    ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်ခဲ့သည့် မွတ်စလင်ဆန့်ကျင်ရေးအကြမ်းဖက်မှုမှ ဗွီဒီယိုအပိုင်းအစတစ်ခု အင်တာနက်ပေါ်တွင် ပျံ့နှံ့ခဲ့ပါသည်။ ထိုဗွီဒီယို ကို နိုင်ငံခြား သား သတင်းထောက်များက ခဲရာခက်ဆစ် ရိုက်ကူးထားပုံပေါ်နေပြီး လူအုပ်ကြီးက ၄င်းတို့အား ရန်မူပုံများပါ ပါဝင်နေပါသည်။

    နိုင်ငံခြားသား သတင်းထောက်များက ဗလီအတွင်းသို့ ၀င်ရောက်လာကြသည်ကို အဓမ္မမောင်းထုတ်ရုံမက အမျိုးသားတစ်ဦးက နိုင်ငံခြားသူ အမျိုးသမီးအား မဖွယ်မရာ ပြုလုပ်ပြခဲ့ရုံမက (၀.၄၁ မိနစ်) ရဲဝန်ထမ်းကလည်း ရိုက်သတ်ပစ်လိုက်မယ် ဟု ခြိမ်းခြောက်ပြောနေခဲ့ပါသည်။ (၁.၃၂ မိနစ်)

    ထိုနေရာသည် ဗလီအဆောက်အဦဖြစ်သော်လည်း ရခိုင်ဗုဒ္ဓဘာသာလူအုပ်ကိုသာ တွေ့ရပြီး ဗလီထဲသို့ အ၀င်မခံသည့်အချက်မှာ မည်သည်ကြောင့်ဖြစ် သည်ကိုမူ ကွဲပြားစွာ မသိရှိရသော်လည်း အာဏာ ပိုင်များကမူ ကန့်သတ်နယ်မြေဟု ဆိုပါသည်။

    ယခုကဲ့သို့ ရိုဟင်ဂျာအရေးကို အရင်းတည်ကာ နိုင်ငံနှင့်အ၀ှမ်း မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုများ တအုံနွေးနွေးရှိနေစဉ် မြန်မာအစိုးရက ထိုဗွီဒီယိုအား ကိုယ်တိုင်ရိုက်ကူးခဲ့သည့် အမေရိကန်နိုင်ငံသား ဂျာနယ်လစ်နှစ်ဦးကို အမည်ပျက်စာရင်းသွင်းလိုက်ကြောင်း သိရပါသည်။

    ထိုအကြောင်းနှင့်စပ်လျဉ်း၍ အသေးစိတ်ကို DVB အင်္ဂလိပ်ပိုင်းက “Burma blacklists two US-based reporters for covering Rohingya crisis” ခေါင်းစဉ်ဖြင့် တင်ပြထားပါသည်။

    အမ်-မီဒီယာပရိသတ်ကြီး မြန်မာဘာသာပြန်အား ရှုစားနိုင်ပါပြီ။
    ==================================================================

     

    Download လုပ်ပြီးကြည့်လိုသူများအတွက်
    File Size= 17.6 MB
    Google Doc =>http://goo.gl/UiKEOO

    ရိုဟင်ဂျာများအပေါ် ဖိနှိပ်ညှဉ်းဆဲခံနေရမှုများကို မှတ်တမ်းတင်ဖို့ ရခိုင်ကို သွားရောက်ခဲ့ကြတဲ့ အမေရိကန်ဂျာနယ်လစ်နှစ်ယောက်ကို မြန်မာအစိုးရက အမည်ပျက် စာရင်းသွင်းခဲ့တယ်လို့ သိရပါတယ်။

    သူတို့က ရခိုင်ပြည်နယ်မှာ ပြဿနာတွေဖြစ်နေတုန်း သွားရောက်ခဲ့ကြတာပါ။ ဒါပေမယ့် ယခုလ၊ သြဂုတ်လဆန်းပိုင်းမှာ မြန်မာပြည်ထဲပြန်ဝင်ဖို့ ကြိုးစားရာ မှာတော့ ၀ါရှင်တန်မြန်မာသံရုံးက သူတို့ကို ဗီဇာထုတ်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ သူတို့နှစ်ဦးကတော့ အစိုးရမဟုတ်တဲ့ ဓါတ်ပုံထောက် လှမ်းရေးအေဂျင်စီ တစ်ခုရဲ့ ၀န်ထမ်းတွေပါ။

    မြန်မာသံရုံးတာဝန်ရှိသူတွေကတော့ သူတို့နှစ်ဦးဟာ Lux Capio Photography Agency ဖြစ်ပြီး မတ်ရိန်းနဲ့ အာလီယာ မဟ်ဘူးဘ်တို့ဖြစ်ကြောင်း အတည်ပြုပြောကြားပါတယ်။ အကြောင်းပြချက် ပေးရာမှာတော့ သူတို့တွေက ပြီးခဲ့တဲ့တခေါက် ရခိုင်ပြည်နယ် ရောက်ခဲ့စဉ် ထိန်းချုပ်ကန့်သတ်ထားတဲ့ မွတ်စလင်ဧရိယာကို ၀င်ရောက်ခဲ့ကြတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့နှစ်ဦးအနေနဲ့ လာမယ့်နှစ်မှာ ဗီဇာရဖို့ ထပ်ကြိုးစားနိုင် ပါတယ်လို့လည်း ဆိုပါတယ်။

    ပြီးခဲ့တဲ့နှစ်အတွင်း သူတို့နှစ်ဦး ရခိုင်ကိုရောက်ခဲ့တော့ ဒေါသပုန်ထနေတဲ့ ဗုဒ္ဓဘာသာဝင် ရခိုင်တွေက သူတို့ကိုအုပ်စုလိုက် ၀ိုင်းဝန်းရန်မူခဲ့ကြတာပါ။ ဘာကြောင့်လဲဆိုတော့ သူတို့က စစ်တွေမြို့စွန် အောင်မင်္ဂလာမှာရှိတဲ့ ဗလီထဲကို ၀င်ရောက်ခဲ့လို့ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူတို့ကို လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေက ထိန်းသိမ်းခဲ့ပြီး ရန်ကုန်ကို ပြန်ခိုင်းခဲ့ပါတယ်။ ရန်ကုန်ရောက်တော့ သူတို့နောက်က စစ်ထောက်လှမ်းရေးတွေ တကောက်ကောက် လိုက်နေတယ်လို့ သူတို့က ဆိုပါတယ်။

    သူတို့နှစ်ဦးက တိုးရစ်ဗီဇာကိုင်ဆောင်ခဲ့ကြတာပါ။ ဒါပေမယ့် ရန်ကုန်မှာရှိတဲ့ နိုင်ငံခြားခရီးသွားလာရေးဝန်ကြီးဌာနက သူတို့ကို စစ်တွေမြို့မှာရှိတဲ့ ဘယ်နေရာ ကိုမဆို သွားလာခွင့်ရှိတယ်ဆိုတဲ့ ခွင့်ပြုချက်ကို ပေးခဲ့ပါတယ်။ ဒါပေမယ့် အောင်မင်္ဂလာကိုဝင်တော့ ရဲတွေက သူတို့ကို တားဆီးခဲ့ကြတယ်။ အဲဒီနောက်သူ တို့က အနီးအပါးမှာရှိတဲ့ ဗုဒ္ဓဘာသာဝင် ရခိုင်တွေ နေရာယူထားတဲ့ ဗလီထဲကို ၀င်တဲ့အခါ ဆိုးသွမ်းလူအုပ်က သူတို့နားကို ၀ိုင်းဝန်း ချဉ်းကပ်ခဲ့ပါတယ်။

    “နေရာတိုင်းက လူတွေ ရောက်လာတယ်။ အာလီယာကို အဲဒီထဲက လူတစ်ယောက်က ခန္ဓာကိုယ် အောက်ပိုင်းကို ပြပြီး မဖွယ်မရာလုပ်ပြခဲ့တယ်။ တချို့ကတော့ ကျွန်တော်တို့ကျောဘက်ကနေ ဓါတ်ပုံမှတ်တမ်းတွေ ရိုက်ယူနေကြတယ်။ ကျွန်တော့်ကင်မရာကိုလည်း လုယူဖို့ ကြိုးစားခဲ့ပါတယ်။” လို့ ရိန်းက ရှင်းပြခဲ့ပါတယ်။

    သူတို့နှစ်ဦး ရိုက်ယူခဲ့တဲ့ဗွီဒီယိုဖိုင်ကတော့ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ အဲဒီဗွီဒီယိုမှတ်တမ်းမှာ ရဲတွေက သူတို့ကို သေနတ်တပြပြ လုပ်ပြီး ခြိမ်းခြောက်နေ တာတွေလည်း ပါဝင်ပါတယ်။ ရခိုင်တွေကတော့ ကင်မရာကိုလုဖို့ ကြိုးစားနေပါတယ်။ အရပ်ဝတ်နဲ့ လူတစ်ယောက်ကတော့ သူ့ကိုယ်သူ ချဲမင်း(Chairman) လို့ဆိုပြီး ဗလီထဲကနေ သူတို့ကို မောင်းထုတ်ပြီးတော့ ပတ်စ်ပို့ပေးဖို့လည်း အော်ငေါက် တောင်းဆိုခဲ့ပါတယ်။

    အဲလိုဖြစ်နေစဉ် သူတို့နှစ်ဦးက ရဲစခန်းကို သွားဖို့ တောင်းဆိုခဲ့တာကြောင့် ရဲစခန်းကို ရောက်ခဲ့ပါတယ်။ ရဲတွေက သူတို့ပတ်စ်ပို့ကို နာရီပေါင်းများစွာ သိမ်းဆည်းထားခဲ့ပါတယ်။ နောက်ဆုံးတော့ နောက်နေ့မနက်အစောဆုံးလေယာဉ်နဲ့ ရန်ကုန်ကို ပြန်ပို့ခဲ့တာပါ။ သူတို့က ဘာကြောင့်ဒီလိုလုပ်ရတာလဲလို့ အထပ်ထပ်အခါခါမေးတဲ့အခါ ကန့်သတ်ဇုန်ထဲ ၀င်ရောက်တာကြောင့်လို့ ရဲတွေက အဖြေပေးခဲ့တယ်လို့ ဆိုပါတယ်။

    “ကျွန်တော်တို့ကို ရန်ကုန်ဝင်ခွင့်ပေးခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့နောက်က လူ ၄ယောက်ကနေ ၆ ယောက်လောက်ထိ ဘယ်နေရာသွားသွား လိုက်နေတယ်။ ကားနှစ်စင်းကို ထရိတ်ဒါးဟော်တယ် ရှေ့မှာ ရပ်ထားတယ်၊ လူတွေက ဟော်တယ်ထဲက ဧည့်သည်ဆောင်မှာထိုင်နေပြီး ကျွန်တော်တို့ ကို စောင့်နေကြတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ကို တွေ့ဆုံစကားပြောမယ့် ဘယ်သူတစ်ဦးတစ်ယောက်မဆိုမှာ အန္တရာယ်ဖြစ်နိုင်တယ်လို့ ယူဆတာကြောင့် ကျွန်တော်တို့လည်း ပြန်ဖို့ လေယာဉ်လက်မှတ်ဖြတ်ခဲ့တယ်။” လို့ ရိန်းက ပြောပြခဲ့ပါတယ်။

    မြန်မာအစိုးရကတော့ ထုံးစံအတိုင်း ဥပဒေတွေ ချပြပြီး နိုင်ငံတကာက ပြစ်တင်ဝေဖန်တာတွေကို အကာအကွယ်ယူပါတယ်။ သူတို့နှစ်ဦးက ဂျာနယ်လစ်ဗီဇာ မပါဘဲ ကန့်သတ်နယ်မြေထဲဝင် တယ်လို့ မြန်မာ အာဏာပိုင်တွေက ပြောကြောင်း ဒီဗွီဘီအင်္ဂလိပ်ပိုင်းက တင်ပြပါတယ်။

    ဒီဗွီဘီအင်္ဂလိပ်ပိုင်းကတော့ မီဒီယာပီပီ မြန်မာအာဏာပိုင်တွေကိုလည်း ဆက်သွယ်မေးမြန်းသလို ရိုဟင်ဂျာ ဂျာနယ်လစ်ဖြစ်တဲ့ ကိုအောင်ဝင်း ကိုလည်း မေးမြန်း ခဲ့ပါတယ်။ ကိုအောင်ဝင်းက အောင်မင်္ဂလာကိုသွားချင်တဲ့ အဲဒီအမေရိကန် ဂျာနယ်လစ်နှစ်ဦးကို ရဲတွေက တင်းတင်းကြပ်ကြပ်ချုပ်နှောင်ခဲ့ တယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ အောင်မင်္ဂလာမှာတော့ နိုင်ငံတကာ အထောက်အပံ့တွေနဲ့ ကူညီရေးတွေ ၀င်ခွင့်မရှိတဲ့ မွတ်စလင်ဒုက္ခသည် စခန်းရှိပါတယ်။

    “ခင်ဗျားတို့ ရခိုင်ပြည်နယ်အစိုးရဆီကနေ ပါမစ်ယူရလိမ့်မယ်။ ကျွန်တော်ခင်ဗျားတို့ (ဂျာနယ်လစ်များ) ကို အိုင်ဒီပီစခန်းပတ်လည်နေရာတွေ ကို ခေါ် သွားနိုင်တယ်။ ဒါပေမယ့် အောင်မင်္ဂလာကိုတော့ အာဏာပိုင်တွေက သွားခွင့်မပြုဘူး” လို့ ကိုအောင်ဝင်းက ရှင်းပြပါတယ်။

    ဒါပေမယ့် ဝေဖန်သူတွေကတော့ ဂျာနယ်လစ်တွေကို အဲဒီလိုထောက်လှမ်းတဲ့လုပ်ရပ်တွေဟာ အရင်စစ်အစိုးရလက်ထက်က လုပ်ရပ်တွေဖြစ်တဲ့အကြောင်း၊ အဲဒီလုပ်ရပ်တွေကြောင့်လည်း ရိုဟင်ဂျာတွေ အလူးအလဲခံခဲ့ရတာတွေံ လူမသိသူမသိဖြစ်ခဲ့ရကြောင်း ဆိုပါတယ်။

    ရိန်းနဲ့ မဟ်ဘူးဘ်ကတော့ သူတို့အနေနဲ့ ရိုဟင်ဂျာတွေ ညှဉ်းပမ်းနှိပ်စက်ခံရတာကို မှတ်တမ်းတင်ဖို့ ကြိုးစားတာကြောင့် ကာယိနြေ္ဒပျက်ပြားအောင် အနှောင့်အယှက်ပေးခံခဲ့ရတာဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ကြောင်း၊ သူတို့မှာ အတွေ့အကြုံရှိနေပြီးဖြစ်ကြောင်း၊ မြန်မာအစိုးရက ရိုဟင်ဂျာတွေကို တရားမ၀င်ခိုးဝင်သူတွေလို့ ဆိုပြီး အခြေခံလူ့အခွင့်အရေးတွေကိုတောင် ငြင်းပယ်ထားကြောင်း၊ ၂၀၁၂ သြဂုတ်လမှာတော့ သူတို့နှစ်ဦးကို ရခိုင်ရဲတွေက ပိတ်နှောင်ထားတာမျိုး အကြိမ်ကြိမ်လုပ်ခဲ့ကြောင်း၊ ရခိုင်ဒေသခံတွေက အာလီယာကို မီးရှို့သတ်ပြစ်မယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း၊ အာလီယာကတော့ ပါကစ္စတန်လူမျိုး အစ္စလာမ်ဘာသာဝင် ဂျာနယ်လစ်ဖြစ်ကြောင်း ဆိုပါတယ်။

    အမေရိကန်နိုင်ငံသား ရိန်းကတော့ စစ်တွေအရှေ့မြောက်ဘက်က မြောက်ဦးကိုရောက်တော့ သူတို့နှစ်ဦး ရုပ်ရှင်ဝင်ကြည့်တဲ့အတွေ့အကြုံကို ပြောပြပါတယ်။ သူက အဲဒီအတွေ့အကြုံကို Third Reich ခေါ် နာဇီဂျာမနီလုပ်ရပ်နဲ့ အလားတူဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ သူတို့နှစ်ဦး ရုပ်ရှင်ရုံထဲဝင်တော့ ရုပ်ရှင်မစခင် ရှေးဟောင်း မျိုးချစ်စိတ်ဓာတ်ထက်သန်ရေး နိုင်ငံတော်သီချင်း စလာပါတယ်၊ ဖန်သားပြင်မှာတော့ ရခိုင်စာသားတွေပြည့်လို့နေပါတယ်။

    ဒါနဲ့ သူတို့က ဘေးကလူကို မေးမြန်းကြည့်တဲ့အခါ သူက – “အဲဒီစာသားတွေက ရိုဟင်ဂျာတွေ အိမ်တွေကို ဘယ်လိုမီးရှို့တယ်၊ လူတွေကို ဘယ်လိုသတ် တယ်ဆိုတာ ရေးထားတာ” လို့ ပြောပြပါတယ်တဲ့။ အဲဒီအချိန်မှာ ရိန်းက သူ့ရဲ့ကင်မရာကို ထုတ်လိုက်တယ်ဆိုရင်ပဲ ဖန်သားပြင်က ၁၉၈၀ ပြည့် လွန်နှစ်တွေ မှာ ရိုက်ကူး ခဲ့တဲ့ ရုပ်မြင်သံကြားဇတ်လမ်းတွဲတွေဆီ ချက်ချင်း ပြောင်းသွားတယ်။ ပြီးတော့ မန်နေဂျာက သူတို့ကို မောင်းထုတ်ခဲ့တယ်။

    “ဒါမျိုး ၀ါဒဖြန့်တာက အရှိန်ပြင်းပြင်းနဲ့ အဆိုးဆုံးအခြေအနေကို ရောက်နေပြီ” လို့ ရိန်းကဆိုပါတယ်။

    မြန်မာအစိုးရက ဒီမိုကရေစီအပြောင်းအလဲကြောင့်နိုင်ငံတကာရဲ့ ချီးကျူးမှုတွေ ခံနေရပါတယ်။ အဲဒီထဲမှာ မီဒီယာထိန်းချုပ်မှု လျော့ချတာတွေ၊ အာဏာရှင် အစိုးရလက်ထက် အမည်ပျက်စာရင်း သွင်းခံရသူတွေကို ပယ်ဖျက်ပေးတာတွေ ပါဝင်ပါတယ်။ အမည်ပျက်စာရင်းထဲ မှာတော့ နိုင်ငံတကာ ဂျာနယ်လစ်တွေ လည်း ပါနေတာကြောင့် အဲဒီဂျာနယ်လစ်တွေအတွက်တော့ အမည်ပျက်စာရင်း ဆိုတာ ထောင်ဘားတန်းတွေ လို မြန်မာပြည်ထဲဝင်ဖို့ကာထားတဲ့ အကာအရံတွေပါပဲ။ ဒါပေမယ့်လည်း လေ့လာသူတွေက အဲဒီအမည်ပျက်စာရင်းထဲမှာ လူပေါင်း ၄၀၀၀ လောက် ကျန်နေသေးတယ်လို့ ဆိုပါတယ်။ ဒီလိုပါပဲ၊ စစ်ထောက်လှမ်းရေးကလည်း အစ္စလာမ်ဆန့်ကျင်ရေး အကြမ်းဖက်လုပ်ရှားမှုတွေမှာ လိုက်လံသတင်းယူကြသူများကို ထောက်လှမ်းစောင့်ကြည့်နေကြ ဆဲဖြစ်ပါတယ်။

  • အစ္စလာမ်ဆန့်ကျင်ရေး အကြမ်းဖက်များကို ထိရောက်စွာ ဖြေရှင်း ကိုင်တွယ်ဖို့ မြန်မာအား လူ့အခွင့်အရေးစောင့်ကြည့်မှု အဖွဲ့ ပြော

    သြဂုတ်လ- ၂၂ ရက်၊ ၂၀၁၃
    M-Media

    မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုများအတွက် မြန်မာအစိုးရက တာဝန်ယူဆောင်ရွက်မှုများ ပြုလုပ်ရမည်ဟု ဆရာဝန်များအတွက် လူ့အခွင့်အရေးအဖွဲ့အစည်း (Physicians for Human Rights) က ပြောကြားလိုက်ကြောင်း အေအက်ဖ်ပီက သတင်းဖော်ပြထားသည်။

    riot-hit-meiktila
    ယခုနှစ် မတ်လအတွင်းဖြစ်ပွားခဲ့သည့် မိထ္ထီလာမြို့က မွတ်စလင်မ် နေအိမ်များကို မီးရှို့အကြမ်းဖက်မှုများ

    ဆရာဝန်များအတွက် လူ့အခွင့်အရေးအဖွဲ့အစည်းက ယမန်နှစ်အတွင်းဖြစ်ပျက်ခဲ့သော မွတ်စလင်ဆန့်ကျင်ရေး အဓိကရုဏ်းများကို “ကျယ်ပြန့်စွာ ပျံ့နှံ့ခဲ့သည့် စနစ်ကျသော လှုပ်ရှားမှုကြီး” အဖြစ် ကင်ပွန်းတပ်ထားသည်။ ထိုအဖွဲ့၏ အစီရင်ခံစာအရ အဓိကရုဏ်းကြောင့် လူပေါင်း ၂၅၀ အသတ်ခံခဲ့ပြီး ထောင်ပေါင်းများစွာ အိုးအိမ်မဲ့ဖြစ်ခဲ့ရကြောင်း သိရသည်။

    ထိုအဖွဲ့က မြန်မာ၏ လက်ရှိအခြေအနေသည် ငြိမ်သက်နေပြီဟု ထင်ရသော်လည်း အကြမ်းဖက်မှုကျူးလွန်ခဲ့သူများကို ထိရောက်စွာ အရေးယူမှု ပျက်ကွက်နေသေးကြောင်း၊ ထို့ကြောင့် ထပ်မံဖြစ်လာမည့် အဓိကရုဏ်းများကို ကြိုတင်ကာကွယ်ရေးကဏ္ဍ၌လည်း ပျက်ကွက်နေကြောင်း ဆိုသည်။

    “ဒီလိုမျိုးအခြေအနေတွေနဲ့ပတ်သတ်ပြီး ဖုံးဖိထားမယ်၊ နုတ်ဆိတ်နေမယ်ဆိုရင် မြန်မာပြည်တစ်နိုင်ငံလုံးမှာ ဆူပူမှုတွေ ဒါမှမဟုတ် ကပ်ဆိုက်သလိုမျိုးထိ ဖြစ်လာလိမ့်မယ်။ အဲဒီထဲမှာ လူ့အခွင့်အရေးကို ဆန့်ကျင်တဲ့ ရာဇ၀တ်မှုတွေ၊ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ပါဝင်တယ်။” ဟု ဆရာဝန်များအတွက် လူ့အခွင့်အရေးအဖွဲ့အစည်း၏ အစီရင်ခံစာက Burma ဟု သုံးနှုံးကာ ဖော်ပြထားသည်။

    မြန်မာအစိုးရကမူ HRW ၏ စောင့်ကြည့်မှုအစီရင်ခံချက်များကို ပြင်းထန်ခါးသီးစွာ ငြင်းဆန်ပယ်ချခဲ့သည်ချည်းဖြစ်သည်။ သို့သော် မတ်လအတွင်းဖြစ်ခဲ့သည့် မိတ္ထီလာအကြမ်းဖက်မှုတွင် အစ္စလာမ်ဘာသာရေးကျောင်းမှ ကျောင်းသားလူမမယ် အယောက် ၂၀ ကျော်နှင့် ဆရာများ သတ်ဖြတ်ခံခဲ့ရသည်။ ကင်းတားနားကမူ ရဲများ၏ အကာအကွယ်ပေးရန်ပျက်ကွက်ခဲ့မှုကို မိမိအနေဖြင့် ကိုယ်ချင်းစာနိုင်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ထို့ပြင် ဆရာဝန်များအတွက် လူ့အခွင့်အရေးအဖွဲ့အစည်း၏ မြန်မာပြည် ဒါရိုက်တာ ၀ီလျံဒေးဗစ်က မြန်မာမွတ်စလင်ကျူးလွန်သူများသည် ဗုဒ္ဓဘာသာဝင်ကျူးလွန်သူများထက် ပို၍ အပြစ်ဒဏ်ပေးခြင်း ခံနေရကြောင်း ဘန်ကောက်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ “အကြမ်းဖက်တာတော့ ရပ်သွားပြီ။ ဒါပေမယ့် အဲဒီမှာ အကြမ်းဖက်ဖို့ အထောက်အပံ့တွေ ရှိနေတုန်းပဲ။” ဟု ၀ီလျံဒေးဗစ်က အပြစ်ပေးရန်ပျက်ကွက်မှုများ နှင့် အကျင့်စာရိတ္တပျက်ဆီးနေသော တရားသူကြီးများဦးစီးသည့်  တရားစီရင်ရေးကဏ္ဍများကို ရည်ညွှန်းပြောကြားသွားသည်။

    မြန်မာအစိုးရ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွတ်ကမူ သမ္မတဦးသိန်းစိန်က ကုလကိုယ်စားလှယ်အား တွေ့ဆုံဖို့ လုံးဝ (လုံးဝ) အစီအစဉ်မရှိကြောင်း လတ်တလော ကြေညာခဲ့သော်လည်း ကင်းတားနားကမူ ကုလကိုယ်စားလှယ်အား မြန်မာအစိုးရက လုံခြုံရေးပေးရန် ပျက်ကွက်ခဲ့သည်ဟု လူသိရှင်ကြား ပြောဆိုလိုက်ပြီဖြစ်သည်။

    အေအက်ဖ်ပီ
    Ref: (http://www.mmtimes.com/index.php/national-news/7902-rights-group-calls-on-myanmar-to-address-anti-muslim-sentiment.html)

  • ပြည်သူ၊ သံဃာ၊အတိုက်ခံ အားလုံးရှုံးပြီး အာဏာရှင် အမြတ်ထွက်တဲ့ မွတ်စလင်မ် ဆန့်ကျင်ရေး မစ်ရှင်

    ဇူလိုင်-၃၁၊၂၀၁၃
    M-Media
    ဆောင်းပါးရှင်-ရန်လင်းဖြိုး

    ca-june-08-2012

     

    လူတစုတဖွဲ့ ဟာ ကိုယ့်အမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာကို စောင့်ထိန်းမယ်၊ ကိုယ့်ဘာသာ သာသနာအတွက် ရပ်တည်မယ်ဆိုရင် အဲ့ဒီ ဘာသာ သာသနာနဲ့  ပတ်သက်ပြီး ဂုဏ်ယူမှ၊ အထင်ကြီးမှ၊ လေးစားမှ ရပ်တည်မှာပါ။

    အမေရိကန်လူမျိုးတွေက လူဖြူတွေမပြောနဲ့ မြန်မာပြည်ကသွားတဲ့ လူတွေတောင် အမေရိကကို ရောက်ပြီး နှစ်အနည်းငယ်နေလို့  နိုင်ငံသားရပြီးသွားရင် အမေရိကန်ဆိုပြီး ဂုဏ်ယူကြတယ်။ အတော်များများ လက်မထောင်ကြတယ်။ တခြား ချမ်းသာတဲ့ နိုင်ငံတွေ မှာမွေးတဲ့ မြန်မာကလေးတွေတောင် လူမျိုးဘာလဲဆိုရင် အမေရိကန်၊ ကနေဒီယန်၊ သြစီ စသဖြင့်ပြောတယ်။ မြန်မာမဟုတ်ဘူးလားမေးရင် မဟုတ်ဘူးလို့ ဖြေတဲ့ ကလေးတွေ အများကြီး တွေ့ ဖူးတယ်။ သူ့ မွေးတဲ့နိုင်ငံ၊ သူကြီးပြင်းလာတဲ့နိုင်ငံကို အထင်ကြီး ဂုဏ်ယူလို့ ပါ။ မြန်မာ လူမျိုးဖြစ်ရတာ ဂုဏ်မယူချင်တဲ့ (သို့ ) ဂုဏ်မယူနိုင်တဲ့ ကလေးတွေကို အပြစ်တင်လို မရပါဘူး။ တဖက်မှာ သူတို့ ကြီးပြင်းလာတဲ့နိုင်ငံက ကမ္ဘာပေါ်မှာ အကောင်းဆုံးလို့ သတ်မှတ်ခံရတဲ့တိုင်းပြည်။ တဖက်မှာတော့ သူ့ မိဘကြီးပြင်းလာတဲ့ မြန်မာပြည်ဆိုတာ တီဗွီမှာလာရင်လည်း ဒုက္ခ၊ ကွန်ဖရင့်တွေလုပ်ရင်လည်း ဒုက္ခသည်အကြောင်း၊ ပြဿနာတွေ၊ စစ်ပွဲတွေ၊ ဒုက္ခတွေ၊ ဆင်းရဲမွဲတေမှုတွေနဲ့ ချည်းဆိုတော့ ကလေး တွေက မြန်မာလူမျိုးဆိုပြီး မယူဆသလို မြန်မာလဲမဖြစ်ချင်ပါဘူး။ သူငယ်ချင်းတွေနဲ့  စကားပြောတဲ့အခါ ငါက အဲ့လို စုတ်ပြတ်တဲ့ တိုင်းပြည် ကလာတာဆိုပြီး ဂုဏ်ယူမှာ မဟုတ်ပါ ဘူး။ သူဂုဏ်ယူနိုင်ဖို့ ၊ သူဝင်ဆံ့နိုင်ဖို့  သူဟာ ဂုဏ်ယူစရာကောင်းတဲ့၊ ကမ္ဘာပေါ်မှာ အင်အားအကြီး ဆုံး၊ အတော်ဆုံးသိပ္ဗံပညာရှင်တွေထွက်တဲ့၊ အားကစားသမားတွေ ထွက်တဲ့၊ မင်းသားမင်းသမီး အဆိုတော်တွေထွက်တဲ့ တိုင်းပြည်က လူတယောက် ဆိုပြီးမှပဲ သူရပ်တည်မှာပါ။

    သူဂုဏ်ယူဝင့်ကြွားလို့ ရမှပဲ အဲ့ဒီတိုင်းပြည်၊ အဲ့ဒီလူမျိုးအနေနဲ့ ရပ်တည်မှာ၊ ဂုဏ်ယူမှာ၊ တွယ်တာမှာပါပဲ။ သိမ်ငယ် စရာကောင်းတဲ့၊ စိတ် ပျက်စရာကောင်းတဲ့ကိစ္စနဲ့ ပြည့်နေတဲ့ တိုင်းပြည်ကိုတွယ်ပြီး မရှိတဲ့ဂုဏ်ကို ဖက်ထားမှာ မဟုတ်ပါဘူး။ သူနဲ့ မဆိုင်ဘူးလို့ သတ်မှတ်တဲ့ တိုင်းပြည်အတွက်လည်း သူရပ်တည်မှာမဟုတ်ပါဘူး။

    ဒီကလေးရဲ့ ဥပမာဟာ တို့ နဲ့ မဆိုင်ဘူးလို့ ယူဆတယ်ဆိုရင် နောက်ဥပမာတခု ပေးပါရစေ။ မြန်မာဖြစ်ရတာ ဂုဏ်ယူတယ်လို့ ပြောကြတယ်။ ဘာဖြစ်လို့ ဂုဏ်ယူကြတာလဲ။ ကမ္ဘာပေါ်မှာ အဆိုးဆုံး စစ်အစိုးရရှိလို့ ၊ ဒုက္ခသည်တွေအများဆုံးထွက်တဲ့ တိုင်းပြည်ဖြစ်လို့ ၊ ကမ္ဘာပေါ်မှာ အဆင်းရဲဆုံးနဲ့  ပြဿနာအများဆုံးဖြစ်နေတဲ့ တိုင်းပြည်ဖြစ်လို့ ဆိုပြီး ဂုဏ်ယူကြတာ မဟုတ်ပါဘူး။ မြန်မာတွေဟာ ယဉ်ကျေးသိမ်မွေ့ တဲ့၊ အကြင်နာတရားကြီးမားတဲ့၊ ငြိမ်းချမ်းတဲ့၊ ကြီးသူရိုသေငယ်သူလေးစား၊ ဘာသာတရားကို တန်ဖိုးထားတဲ့ လူမျိုးဖြစ်တဲ့အတွက် မြန်မာဖြစ်ရတာ ဂုဏ်ယူတယ်လို့ ပြောကြတာပါ။

    ဂုဏ်ယူစရာရှိလို့  ဂုဏ်ယူကြသလို ကိုယ်ဂုဏ်ယူတဲ့ တိုင်းပြည်နဲ့  လူမျိုးအတွက် ရပ်တည်ကြတာ၊ ကာကွယ်ကြ တာပါ။

    အခုလုပ်နေကြတဲ့ မျိုးစောင့်ဥပဒေဆိုတာ မြန်မာတွေကို ဂုဏ်ရှိအောင် လုပ်နေတာလား၊ ဂုဏ်ကျဆင်းအောင်လုပ်နေတာလားဆိုတာ မေးခွန်းထုတ်ချင်ပါတယ်။ အခုဖြစ်နေတဲ့ မွတ်စလင်မ်ဆန့် ကျင်ရေးအတွက် မြန်မာတွေ ဂုဏ်တက်လာသလားဆိုတာ မေးချင်ပါတယ်။

    ရခိုင်ကစတဲ့ပြဿနာ မိထ္ထီလာ၊ ဥက္ကံနဲ့  လားရှိုး အကြမ်းဖက်မှုတွေ အပြီး မြန်မာနဲ့  ဗုဒ္ဓဘာသာ အဆင့် ဘယ်ကို ရောက်သွားပြီလဲ။

    မြန်မာလူမျိုးဟာ အစိုးရဘယ်လောက်ဆိုးဆိုး သည်းခံတတ်တဲ့၊ ခင်မင်စရာကောင်းတဲ့၊ ကြင်နာတတ်တဲ့ လူမျိုးဖြစ်တယ်ဆိုပြီး ကမ္ဘာက အရင်ကသတ်မှတ်ထားခဲ့တယ်၊ ကိုယ်ချင်းစာခဲ့တယ်။ အခု မြန်မာတွေကို ကမ္ဘာက ခွဲခြားဆက်ဆံတဲ့ racist တွေလို့  မြင်ကုန်ပြီ။ မိထ္ထီလာ ကိစ္စမှာ ရက်ရက်စက်စက် သတ်သူကသတ်၊ အဲ့ဒါကို အားရ၀မ်းသာ လက်ခုပ်တီးကြတဲ့ မြန်မာတွေကို ကမ္ဘာက အကြင်နာ တရားကင်းတဲ့ လူတွေလို့  သတ်မှတ်ကြပြီ။ ချစ်စရာကောင်းတဲ့၊ အေးချမ်းတဲ့ လူမျိုးဆိုတဲ့ ဂုဏ်က တစစီ ဖြစ်သွားပြီ။

    ဗုဒ္ဓဘာသာဆိုတာ ဘယ်တုန်းကမှ အဆိုးအပြောမခံခဲ့ရပေမဲ့ ခုတော့ အကြမ်းဖက်၊ အစွန်းရောက်၊ လူသတ်သမား စတဲ့ စာလုံးတွေနဲ့  ဗုဒ္ဓဘာ သာကို သုံးကုန်ကြပြီ။

    ပြည်သူတွေအတွက် အနစ်နာခံတဲ့အတွက် အကြည်ညိုခံထိုက်တယ်လို့  ကမ္ဘာက သတ်မှတ်ထားတဲ့ သံဃာထုတရပ်လုံးကိုလည်း အကြမ်းဖက်သမားတွေ၊ မုန်းတီးရေးသမားတွေကို မြင်ကုန်ကြပြီ။

    ဓားတ၀ံ့ဝံ့နဲ့ ဘုန်းကြီးတွေရဲ့ ပုံတွေ၊ မွတ်စလင်မ်တွေ ငိုနေတဲ့ပုံတွေ အသက်လုပြေးနေတဲ့ဓာတ်ပုံတွေထွက်လာချိန်မှာ အားရ၀မ်း သာ လက်သီးလက် မောင်းတန်းပြီး မွတ်စလင်မ်ဆန့် ကျင်ရေးဆန္ဒပြပွဲဆင်နွဲနေတဲ့ ရာပေါင်းများစွာသော ဘုန်းကြီးတွေရဲ့  ဗီဒီယိုမှတ်တမ်းတွေဟာ ၂၀၀၇ တုန်းက သံဃာထုရခဲ့တဲ့ ကမ္ဘာ့အသိအမှတ်ပြုမှုတွေကို တစစီ ချွေမွလိုက်တာပါပဲ။

    ဗုဒ္ဓဘာသာနဲ့  မြန်မာလူမျိုးကိုတွဲပြီး လိမ္မာယဉ်ကျေးတဲ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးလို့ ပြောခဲ့ပေမဲ့ ခုတော့ မြန်မာဆိုတာရော ဗုဒ္ဓဘာသာ ဆို တာရော ဂုဏ်သိက္ခာကျသွားပြီ။ ကျသွားတာမှ အဆိုးစွန်ထိကျသွားတာပါ။ ထိုင်းနိုင်ငံကဘုန်းကြီးတွေလို အာဂတိလိုက်စားတဲ့၊ ကိုယ်ကျင့် တရားဖောက်ပျက်တဲ့၊ ၀ိနည်းနဲ့ မညီတဲ့ဘုန်းကြီးတွေလောက်ထက်မကပါဘူး။ အကြမ်းဖက်လူသတ်မှုမှာ ကိုယ်တိုင် ပါဝင်တယ်ဆိုတဲ့ အထိ ဂုဏ်သိက္ခာကျဆင်းသွားတာပါ။ သင်္ကန်းဝတ်ကြီးနဲ့  ပြေးနေတဲ့မွတ်စလင်မ် တယောက်ကို နောက်ကနေ ဓားနဲ့ လွားခနဲခုတ်လိုက်တဲ့ ဗီဒီယို ဟာ အဲ့ဒီအခန်း ၁၀ စက္ကန့် လောက်ပဲရှိပေမဲ့ တကမ္ဘာလုံးကို မြင်သွားစေပါတယ်။

    မျိုးစောင့် ဥပဒေဆိုတာလည်း ဘာသာတခုကို ဆန့် ကျင်တဲ့ ကမ်ပိန်းသာမက အမျိုးသမီးတွေကိုပါ ဖိနှိပ်တဲ့ဥပဒေဆိုပြီး ဖြစ်ပြန်တယ်။ အမျိုး သမီးတွေကို တုံးအတဲ့လူတွေ၊ ဆင်ခြင်ဥာဏ်အားနည်းတဲ့လူတွေလို့ ဆိုတာရယ်၊ အမျိုးသမီးတွေရဲ့  ခင်ပွန်း ရွေးချယ်ခွင့်ကို အဓမ္မနည်းနဲ့  ပိတ်ပင်တာတွေဖြစ်လာတော့ မြန်မာတွေဟာ အမျိုးသမီးကိုဖိနှိပ်တဲ့ လူတွေအသွင် ဖြစ်သွားကြပြန်တယ်။ ဘာသာရေးလည်း အစွန်းရောက်၊ တပါးဘာသာကို ရန်လို၊ အကြမ်းကလည်းဖက်၊ အမျိုးသမီးတွေကိုလည်းဖိနှိပ်တော့ မျိုးစောင့်လိုင်းတင်တဲ့ မြန်မာဗုဒ္ဓဘာသာ အချို့ ဟာ တာလီဘန်များနဲ့ တထပ်တည်းနီးပါး ဖြစ်နေပါတော့တယ်။

    မျိုးစောင့် လှုပ်ရှားမှုဟာ မြန်မာတွေ သည်းခံ၊ ယဉ်ကျေး၊ ငြိမ်းချမ်း၊ ခွင့်လွတ်၊ နားလည်မှုရှိပါတယ်ဆိုတဲ့ အချက်တွေကို လုံးဝ ပြောင်းပြန် လှန်ပစ်လိုက်တာပါ။ အခုဆိုရင် မြန်မာတွေကို မသည်းခံ၊ မယဉ်ကျေး၊ မငြိမ်းချမ်း၊ မခွင့်လွတ်၊ နားလည်မှုမရှိ ဆိုတာတွေနဲ့ ပဲ ကမ္ဘာကတွဲမြင်ပါတော့ တယ်။  မြန်မာတွေ ဂုဏ်ယူစရာရှိသမျှကို လုံးဝ ချွေမွလိုက်တာပါပဲလို့  ဆိုရလိမ့်မယ်။

    မြန်မာတွေ ဗုဒ္ဓဘာသာပြည်သူတွေရှုံးပေမဲ့ အနိုင်ရသွားတဲ့လူတွေတော့ရှိတယ်။ ပွဲမပြီးပေမဲ့ စစ်အုပ်စုနိုင်သွားပါပြီ။ ဘာကြောင့်လဲ?

    နှစ်ပေါင်း ၂၀ လုံးလုံး အစိုးရက နည်းမျိုးစုံနဲ့  သတ်ဖို့ ကြိုးစားပေမဲ့ မသေခဲ့တဲ့ BBC၊ VOA၊ RFA၊ DVB၊ Irrawaddy စတဲ့ ပြည်ပသတင်း ဌာနတွေ အခုတော့ သေသွားပြီ။ ဘင်္ဂလီငွေယူ၊ ဆော်ဒီငွေယူပြီး တိုင်းပြည် ရောင်းစားတယ်ဆိုပြီး ပြည်သူတွေကိုယ်တိုင်က ယူဆသွား ကြပြီ။ ဒီသတင်းဌာနတွေဟာ မြန်မာစစ်အစိုးရ အကြောက်ဆုံး ဌာနတွေဖြစ်တယ်။ အစိုးရက မျက်စိပိတ် နားပိတ်ပြည်သူတွေကို လိမ်ချင် တိုင်း လိမ်လို့ မရအောင် သတင်းတွေထုတ်ပြန်ပေးခဲ့တဲ့အတွက် အစိုးရ အမုန်းဆုံး သတင်းဌာနတွေ။

    နိုင်ငံတကာအဖွဲ့ အစည်းတွေဟာလည်း စစ်အစိုးရ လက်ထက် စစ်အစိုးရရဲ့  ယုတ်မာမှု၊ အကြမ်းဖက်မှု၊ ညှင်းပမ်း နှိပ်စက်မှုတွေကို အမြဲထောက်ပြ ဝေဖန်ပြီး နိုင်ငံတကာမှာ မြန်မာအစိုးရကို အကျပ်အတည်း ရိုက်စေခဲ့တယ်။ ဒီအဖွဲ့ တွေကို ပြည်သူတွေ အားကိုးခဲ့တယ်။ အဲ့ဒီ ပြည်သူတွေရဲ့  ကျောထောက် နောက်ခံအဖွဲ့ တွေကို ပြည်သူတွေ ကိုယ်တိုင်က ကုလားဘက်လိုက်တဲ့ အချုပ်အခြာ အာဏာကို ကျူးကျော်တဲ့ အဖွဲ့ တွေအဖြစ် မြင်သွားကြပြီ။

    ဒေါ်အောင်ဆန်းစုကြည်ဆိုတာ စစ်အစိုးရရဲ့  ရန်သူ နံပါတ် ၁။ သူ့ ရဲ့နောက်မှာ တကမ္ဘာလုံးရှိတယ်။ အစိုးရတွေ၊ အတိုက်အခံပါတီတွေ၊ လူအခွင့်အရေးအဖွဲ့ ၊ ဘာသာရေးအဖွဲ့ ၊ တက်ကြွလှုပ်ရှားသူ အဖွဲ့ စသဖြင့် အဖွဲ့ တွေ။ ရခိုင်နဲ့  မွတ်စလင်မ်ကိစ္စတွေဖန်တီးပြီး၊ သူအကျပ်အ တည်းဖြစ်အောင်တွန်းပြီး သူ့ ကို စင်ပေါ်တင်တဲ့အခါ သူ့ အကျပ်အတည်းကြောင့် ရှောင်ရှားဖြေရတဲ့ မွတ်စလင်မ်တွေကလည်း သူ့ ကိုမ ယုံတော့သလို၊ ဗုဒ္ဓဘာသာတွေကလည်း သူ့ ကို မွတ်စလင်မ် ဘက်လိုက်တယ်ဆိုပြီး စွပ်စွဲကြတယ်။ သူပြောလို့ မရတာကို မပြောရမလား ဆိုပြီး နိုင်ငံတကာကလည်း ဝေဖန်ကြတယ်။ နောက်ဆုံးတော့ စစ်အစိုးရရဲ့  ရန်သူ နံပါတ် (၁) ဖြစ်တဲ့ တိုင်းပြည်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်တွင်းမှာရော ပြည်ပမှာရော ထောက်ခံမှု ကျဆင်းသွားတယ်။

    မင်းကိုနိုင်၊ ကိုကိုကြီးအပါအ၀င် အတိုက်အခံတွေကိုလည်း နိုင်ငံတကာက အယုံအကြည်လျော့သွားတယ်။ သူတို့ ကို နှစ်ပေါင်း ၂၀ ကျောထောက် နောက်ခံပေးခဲ့တဲ့ နိုင်ငံတကာက သူတို့ ကို ဆက်ပြီး ထောက်ခံဖို့ ဆိုတာ တော်တော်စဉ်းစားလိမ့်မယ်။

    အရေးအကြီးဆုံးအနေနဲ့  သံဃာထုရဲ့ နိုင်ငံတကာ လက်ခံမှု အသတ်ခံရတယ်။ ၂၀၀၇ တုန်းက သံဃာလှုပ်ရှားမှု ကြောင့် သံဃာထု အင်အားတောင့်လာသလို နိုင်ငံတကာကလည်း သံဃာထုနောက်မှာ ရှိခဲ့တယ်။

    ခုချိန်မှာ သံဃာတော်တချို့ က မဟုတ်တာတွေလုပ်၊ သံဃာတော်ကြီးလို့  မှတ်ယူရသူတွေက ထောက်ခံ၊ ဒါမျိုးတွေကြောင့် သံဃာထုကို နိုင်ငံတကာက အယုံအကြည်လျော့လာတာအပြင် အကြမ်းဖက်သမားတွေကို မြင်လာတယ်။

    ဒီအခြေအနေအားလုံးကိုပေါင်းကြည့်လိုက်ပါ။

    စစ်အစိုးရရဲ့ ရန်သူတွေမှန်သမျှ အသတ်ခံလိုက်ရပြီ။ ပြည်ပမီဒီယာ၊ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတကာ အဖွဲ့ အ စည်း၊ ၈၈ နဲ့  အတိုက်အခံအင်အားစု၊ သံဃာထု။ ခုချိန်ခါ ၈၈ လို အရေးတော်ပုံစဖြစ်မယ်ဆိုရင် ဘယ်သူက ဘယ်သူ့ ကိုကူပြီး ဘယ်လိုလုပ်မလဲ။ ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း ကတည်ဆောက်ထားတဲ့ ပြည်သူ-ပြည်ပမီဒီယာ- နိုင်ငံတကာ အဖွဲ့ အစည်း-အတိုက်အခံ-သံဃာ ဆိုတဲ့ ဆက်နွယ်မှု တခုလုံးဟာ အခု အသတ်ခံ လိုက်ရပြီဖြစ်တဲ့အတွက် အဲ့ဒီဆက်နွယ်မှုရဲ့  ကြံ့ခိုင်မှုမရှိပဲ အစိုးရကို အံ့တုနိုင်ပါ့မလား။

    ပြည်သူတွေအတွက်တော့ ဂုဏ်သိက္ခာနဲ့  ရင်းလိုက်ရတယ်။ အဲ့ဒီအရင်းအနှီးအတွက် အကျိုးရလဒ်ကတော့ ပြည်သူတွေ ဂုဏ်သိက္ခာ ကျဆင်းစေတဲ့ အစိုးရကိုတိုက်ပြီး ပြည်သူတွေရဲ့  ဂုဏ်၊ တိုင်းပြည်ရဲ့  သိက္ခာကို ပြန်ဆယ်မဲ့ တော်လှန်ရေးအတွက် ဆက်နွယ်မှု ကွန်ယက် ဖျက်ဆီးခံလိုက်ရတာပါပဲ။

    ဓါတ်ပုံ Credit => ကာတွန်းဟန်လေး

    ** ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်သာဖြစ်ပါသည်။