နိုဝင်ဘာ ၆၊ ၂၀၁၇
M-Media
– အလ်ကိုင်းဒါအဖွဲ့ခေါင်းဆောင်ဟောင်း အိုစမာဘင်လာဒင်ဟာ ကမ္ဘာကျော် ကြောင်နဲ့ကြွက် ကာတွန်းကားကိုကြည့်ကာ အပန်းဖြေလေ့ရှိတယ်လို့ ဗုဒ္ဓဟူးနေ့မှာ စီအိုင်အေက ထုတ်ပြခဲ့တဲ့ ဘင်လာဒင်ရဲ့ စာရွက်စာတမ်းတွေအရ သိရပါတယ်။
၂၀၁၁ ခုနှစ် ပါကစ္စတန်က အက်ဘော့ဒါဘတ်မြို့ရဲ့ အိမ်တစ်အိမ်မှာ ပုန်းအောင်းနေတဲ့ ဘင်လာဒင်ကို အမေရိကန်တပ်ဖွဲ့က ၀င်ရောက်စီးနင်းသတ်ဖြတ်ခဲ့ပြီးနောက်ပိုင်း အဲဒီအိမ်ထဲက ထောင်နဲ့ချီတဲ့ အသံဖိုင်နဲ့ ဗီဒီယိုဖိုင်တွေကို သိမ်းဆည်းရမိခဲ့တာပါ။
အဲဒီအထောက်အထားတွေကနေတစ်ဆင့် အလ်ကိုင်းဒါးအဖွဲ့က ကမ္ဘာတစ်ဝှမ်း ဖြန့်ချက်ထားတဲ့ အကြမ်းဖက်ကွန်ယက်တွေကို တွေ့ရှိခဲ့ရသလို အိုစမာဘင်လာဒင် ကြည့်ရှုခဲ့တဲ့ ဗီဒီယိုတွေလည်း ပါဝင်ခဲ့ပါတယ်။
ဘင်လာဒင်ဟာ YouTube ကနေတစ်ဆင့် ကြောင်နဲ့ကြွက် ကာတွန်းသာမက အထက်တန်းကျောင်း ဘောလုံးအသင်းကနေ နိုင်ငံလက်ရွေးစင်အသင်း၊ ဥရောပ ထိပ်တန်းကလပ်အသင်းမှာ ပါဝင်ခွင့်ရအောင် ကြိုးစားခဲ့တဲ့ ဂျပန်ကာတွန်းကို မှီညမ်းပုံဖော်ထားတဲ့ အီဂျစ်ကာတွန်း Captain Majid ကို ကြည်ရှုခဲ့တယ်ဆိုတာကိုလည်း တွေ့ခဲ့ရပါတယ်။
အဲဒီ ကာတွန်းဟာ ၁၉၈၀ ပြည့်နှစ်တွေနဲ့ ၁၉၉၀ ပြည့်နှစ်တွေမှာ အာရပ်ကမ္ဘာက ကလေးငယ်တွေအကြား ရေပန်းစားခဲ့တဲ့ ကာတွန်းတစ်ခုဖြစ်ပါတယ်။
ဘင်လာဒင်အိမ်မှာ စီအိုင်အေက တွေ့ရှိခဲ့တဲ့ ဗီဒီယိုတွေထဲမှာ ဆော်ဒီဘောလုံးသမားဟောင်း အိုစာမာ အလ်-မူအာဝါလဒ်ဟာ ဘောလုံးပွဲတစ်ခုအတွင်း ကင်မရာသမားကို တိုက်ခိုက်ခဲ့တဲ့ ဗီဒီယိုနဲ့ ၂၀၀၇ ခုနှစ်အတွင်း အွန်လိုင်းမှာ ရေပန်းစားခဲ့တဲ့ အသက် ၄ နှစ်အရွယ် ကလေးငယ်လေးက သူ့ထက် လသာငယ်တဲ့ ညီငယ်လေးအကြောင်း အဖေဖြစ်သူကို တိုင်ပြောတဲ့ ဗီဒီယိုလည်း ပါဝင်ပါတယ်။
Ref: Alarabiya