News @ M-Media
Tag: boxing
  • ကမ္ဘာ့ အိုလံပစ်ကြိုးဝိုင်း အတွင်းမှ မြန်မာ့လက်ဝှေ့ကျော်များ
    ရွှေဘိုဘာမထီခင်အောင်
    အပျော်တမ်းလက်ဝှေ့ဗိုလ်လုပွဲတွင် ကမ္ဘာ့အိုလံပစ် လက်ဝှေ့ဗိုလ်လုပွဲသည် အမြင့်ဆုံးဖြစ်ခဲ့သည်။ ထိုထိုသောကမ္ဘာ့အိုလံပစ် လက်ဝှေ့ဗိုလ်လုပွဲသို့ ကျွန်တော်တို့မြန်မာနိုင်ငံမှ တိုင်းရင်းသားလက်ဝှေ့ သူရဲကောင်း(၁၈)ဦးတက်ရောက်ကာ ယှဉ်ပြိုင်အနိုင်လုခဲ့ကြသည်။
    ၁၉၄၈-ခုနှစ်၊ ဇူလိုင်လတွင် ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တွင် (14)ကြိမ်မြောက်ကမ္ဘာ့လက်ဝှေ့ ဗိုလ်လုပွဲကြီး ကျင်းပရာ မြန်မာ့ လက်ဝှေ့ကျော်နှစ်ဦး နိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့ ထိုးသတ်ခွင့် ရရှိခဲ့ကြသည်။
    မန္တလေးမြို့၊ အမျိုးသား အထက်တန်းကျောင်းသားဟောင်း မျိုးသန့်(ဖလိုင်းဝိတ်တန်း)သည် ပထမ ညတွင် နာမည်ကျော်ဝါရင့် လက်ဝှေ့ချန်ပီယံ ကနေဒါနိုင်ငံမှ ဂျိုအူလက်ဆန်ဒိုလူအား အမှတ်ဖြင့် အပြတ် အသတ်အနိုင်ထိုးလိုက်နိုင်သည်။ ကမ္ဘာ့လက်ဝှေ့ကျော်ပေါင်း (၃၀၀)ကျော်း ထိုးခဲ့ဖူးသူ ကနေဒါနိုင်ငံသားအား ပြည်ပ လက်ဝှေ့ပွဲတစ်ခါမှ မထိုးဖူးသူမျိုးသန့်က အပြတ်အနိုင်ရလိုက်သဖြင့် မြန်မာ့ သတ္တိကို ကမ္ဘာက သိရှိ သွားခဲ့သည်။
    ကရင်ပြည်နယ်မှ ဘားအံသားကြီးစောဟာဒီ(ဘင်တန်ဝိတန်း)သည် သီဟိုဠ် ချန်ပီယံပီ ပရဲယားကို ရှုံးနိမ့်ခဲ့ရသည်။
    BaNyein003
    ၁၉၅၂-ခုနှစ်က (၁၅)ကြိမ်မြောက် ကမ္ဘာ့အိုလံပစ် လက်ဝှေ့ဗိုလ်လုပွဲကို ဖင်လန်နိုင်ငံ၊ ဟယ်လ်ဆင်ကီ မြို့တွင် ကျင်းပခဲ့ရာ စံလှ(ဘင်တန်ဝိတ်တန်း)၊ ကျားဘညိမ်း(ဖယ်သာဝိတ်တန်း)၊ ဟယ်ဆယ်သော်မဆင် (ဖလိုင်းဝိတ်တန်း)၊ သကြားမဂျစ် (လိုက်ဝဲလ်တာဝိတ်တန်း) တို့သွားရောက် ယှဉ်ပြိုင်ခဲ့သည်။
    Ma Jit
    သကြားမဂျစ်
        ရွှေမန်းသား ကျားဘညိမ်းနှင့် သကြားမဂျစ် အညစ်ခံရသဖြင့် (၃မှတ်-၂မှတ်)ဖြင့် ရှုံးခဲ့ရသည်။ ကျားဘညိမ်းနှင့် ယှဉ်ပြိုင်ရသူမှာ ပိုလန်နိုင်ငံမှ နာမည်ကြီး လက်ဝှေ့ကျော် လီဇက်ဒရိုဂို(စ်)ဖြစ်သည်။ မဂျစ်၏ ယှဉ်ပြိုင်ဘက်မှာ အိမ်ရှင်ဖင်လန်နိုင်ငံသား အီးမက်လင်းနစ်ဖြစ်သည်။ ဟယ်ဆယ်သော်မဆင်က ဖိလစ်ပိုင် နိုင်ငံမှ အေ-အဆွန်ကွန်အား ရှုံးနိမ့်ခဲ့သည်။ မန္တလေးမှ ဗဟိုအမျိုးသားအထက်တန်းကျောင်းသား စံလှ ၀ိတ်တန်းတက်သွား၍ တစ်ပွဲမှ မထိုးခဲ့ရပါ။ အညစ်ခံလိုက်ရသူ နာမည်ကျော် ကျားဘညိမ်းသည်လည်း မန္တလေးဗဟို အမျိုးသား အထက်တန်းကျောင်းသားဟောင်းဖြစ်ပါသည်။
    Ye Swe
    ရဲဆွေ
    ၁၉၅၆-ခုနှစ်က (၁၆)ကြိမ်မြောက် ကမ္ဘာ့လက်ဝှေ့ဗိုလ်လုပွဲကို သြစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့၌ ကျင်းပခဲ့သည်။ ရဲဆွေ (ဖလိုင်းဝိတ်တန်း)၊  ရဲချစ်(ဖယ်သာဝိတ်တန်း)၊ သိန်းမြင့်(ဘင်တန်ဝိတ်တန်း)၊ တီအောင်(လိုက်ဝဲလ်တာဝိတ်တန်း) တို့လေးဦးသွားရောက်ယှဉ်ပြိုင်ကြရာဝယ် အားလုံးရှုံးနိမ့်ခဲ့ကြသည်။ မန္တလေးသား ရဲဆွေ၏ ထိုးဖက်က ဗြိတိန်နိုင်ငံချန်ပီယံ (ဂျော်နီကဒ်ဝဲလ်)၊ ၎င်းသည် ၁၉၅၈-ခုနှစ်တွင် ကမ္ဘာ့ ကြေးစားဘင်တန်ဝိတ်တန်းချန်ပီယံဖြစ်သွား၏။
    မန္တလေးသား ရဲချစ်က ဂျပန်နိုင်ငံသားကာတာမိုတိုအား ရှုံးနိမ့်၏။ သိန်းမြင့်အား အနိုင်ထိုးသွားခဲ့သူ ဘရာဇီးလ်နိုင်ငံသားဂျော်ဖရီသည် ကမ္ဘာ့ ဖယ်သာ ၀ိတ်တန်းကြေးစား သရဖူ ဆွတ်ခူးသွားနိုင်ခဲ့သည်။ ကဒ်ဝဲလ် နှင့် ဂျော်ဖရီသည် ကမ္ဘာ့အိုလံပစ် ချန်ပီယံဘွဲ့ရယူပြီးမှ ကမ္ဘာ့ကြေးစား လက်ဝှေ့သို့ ကူးပြောင်းကာ ချန်ပီယံ ဖြစ်ခြင်းဖြစ်သည်။
    01
    ၁၉၆၀-ပြည့်နှစ်တွင် (၁၇)ကြိမ်မြောက် ကမ္ဘာ့ အိုလံပစ်လက်ဝှေ့ ဗိုလ်လုပွဲကို အီတလီနိုင်ငံ၊ ရောမမြို့ ၌ ကျင်းပခဲ့ရာ မြန်မာ့လက်ရွေးစင်လှညွန့်(ဖလိုင်းဝိတ်တန်း)၊ သိန်းမြင့်(ဘင်တန်ဝိတ်တန်း)နှင့် မန္တလေး အမျိုးသား အထက်တန်း ကျောင်းသားလေး သန်းထွန်း(ဖယ်သာဝိတ်တန်း)တို့သွားရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
    လှညွန့်သည် ပထမညတွင် နာမည်ကျော်ဝါရင့်လက်ဝှေ့ကျော်ဗီကေရာဂွန်(ပိုလန်)အား အမှတ် အပြတ်အသတ်ဖြင့် အနိုင်ရသည်။ အလွန်ပင်ပညာသားပါပါနှင့်ထိုးသတ်သွား၍ ကမ္ဘာ့လက်ဝှေ့ကြည့် ပရိသတ်များက လှညွန့်အား တစ်ခဲနက်အားပေးခဲ့ကြသည်။ လှညွန့်သည် ဒုတိယည၀ယ် အမေရိကန်ပြည်ထောင်စုမှ ဘာဘဲယားအား (၃မှတ်-၂မှတ်)ဖြင့် ရှုံးခဲ့ရသည်။
    သိန်းမြင့်သည်လည်း လှညွန့်ကဲ့သို့ ပညာသားပါပါနှင့် ထိုးသတ်ကာ လူဇင်ဘတ်နိုင်ငံသား စီးရစ်(ဇ်) အား အနိုင်ထိုးသတ်ခဲ့သည်။ တစ်ရုံလုံး ဟိန်းဟည်းစွာ အားပေးခဲ့ကြသည်။ ဒုတိယညမှာ သိန်းမြင့်သည် ပါကစ္စတန်နိုင်ငံသား မိုဟာမက်နာဇီးကို အမှတ်ဖြင့် အပြတ် အနိုင်ယူလိုက်ပြန်သည်။ ရောမညနေခင်းသတင်း စာက “မြန်မာလှညွန့်နှင့် သိန်းမြင့် ကမ္ဘာ့အဆင့်မီခြင်း”ခေါင်းစဉ်ဖြင့် သတင်းပါလာသည်။ သိန်းမြင့်သည် တတိယညပွဲစဉ်၍ ဆိုဗီယက်ရုရှနိုင်ငံသားနှင့် ဥရောပတိုက်ချန်ပီယံ နီကိုလေနှင့် ထိုးရမည်ဖြစ်သော်လည်း ဒူးဒဏ်ရာဟောင်းပြန်ပေါ်လာသဖြင့် ဆရာဝန်က ထိုးခွင့် မပြုတော့ချေ။ ဆေးကျသဖြင့် ရှုံးနိမ့်ရ ချေတော့သည်။
    ရွှေမန်းသားသန်းထွန်း(၁၇)နှစ်သည် သူ့သတ်ဖက် နီဂရိုး ကပ္ပလီဒဗလျူမေရာ(တောင်အာဖရိက)ကို နဖူးတွေ့ဒူးတွေ့ရဲရဲဝံ့ဝံ့ ရင်ဆိုင် ယှဉ်ပြိုင်၍ သုံးချီစလုံးနောက် တစ်လက်မ,မဆုတ်တမ်း ယှဉ်သတ်ရာ ပရိသတ် များက ထိုင်ကြည့်၍ အားမရသဖြင့် မတ်တပ်ရပ်၍ လှိုက်လှိုက်လှဲလှဲတစ်ခဲနက ၏် အားပေးခဲ့သည်။ သန်းထွန်း ၏ သတ္တိနှင့် ခံနိုင်ရည်ရှိမှုကို ကမ္ဘာ့ပရိသတ်က အသိအမှတ်ပြုခဲ့ကြသည်။ သို့ရာတွင် သန်းထွန်း(မြန်မာ) သည် (၃မှတ်-၂မှတ်)ဖြင့် ရှုံးခဲ့ရသည်။ (မင်းထိုးတား ကြေးစားဆန်တယ်၊ ကမ္ဘာ့ကြေးစား လက်ဝှေ့ထိုးရင် မင်းကမ္ဘာ့ချန်ပီယံဖြစ်လာနိုင်တယ်၊ ငါ့နိုင်ငံကို လိုက်ခဲ့မလား၊ ငါကမ္ဘာ့ကြေးစား လက်ဝှေ့ချန်ပီယံ ဟိုဂင်းကစ်ဘာဆေးပဲ)ဟု သန်းထွန်းလေးအား ကမ္ဘာ့ကြေးစား ချန်ပီယံကပင် လာရောက် ကမ်းလှမ်းခဲ့သည်။
    ၁၉၆၄-ခုနှစ်က (၁၈)ကြိမ်မြောက်ကမ္ဘာ့အိုလံပစ်လက်ဝှေ့ဗိုလ်လုပွဲကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပရာ မြန်မာ့ လက်ရွေးစင် လက်ဝှေ့သမား သုံးဦးဖြစ်သော ဂျိတ်ဘာဝါး(ဖလိုင်းဝိတ်တန်း)၊ သိန်းမြင့် လ(ဘင်တန်ဝိတ်)၊ တင်ထွန်း(ဖယ်သာဝိတ်တန်း) တို့အား စေလွှတ်ခဲ့သည်။ ဂျိတ်ဘာဝါးသည် ဆိုဗီယက်ရုရှား နိုင်ငံက ဥရောပချန်ပီယံ ဆာလိုကင်နှင့် ထိုးသတ်ရာ ဖက်သည်ဟု မတရားအကြောင်းပြ၍ ဂျိတ်ဘာဝါးအား ထုတ်ပယ်ခဲ့သည်။ ပြဿနာတက်၍ ကြိုးဝိုင်းဒိုင်သည် ပြိုင်ပွဲတစ်လျှောက်လုံး ဒိုင်လုပ်ခွင့် မရတော့ချေ။
    သိန်းမြင့်သည် ဂါနာနိုင်ငံမှ နီဂရိုးကပ္ပလီစီအာရ်မေကေအား နောက်ကောက်ဖြင့် ရှုံးခဲ့သည်။
    တင်ထွန်း၏ စွမ်းဆောင်ချက်ကြောင့် မြန်မာ့လက်စွမ်းကို လက်ဖျားခါယူရတော့သည်။ တင်ထွန်း (မြန်မာ)၏ လက်ရည်သည် ကမ္ဘာ့ချန်ပီယံဖြစ်နိုင်သည်ဟု ဂျပန်သတင်းစာက ရေးသားခဲ့သည်။ တင်ထွန်းက ဥရောပဖယ်သာဝိတ်တန်း ချန်ပီယံနာမည်ကျော်ရော်နယ် စမစ်သ်(ဗြိတိန်)အား ပထမအချီ-တစ်မိနစ် လေးစက္ကန့်အတွင်း နောက်ကောက်ဖြင့် အလဲထိုးအနိုင်ယူလိုက်သည်။ ကမ္ဘာ့လက်ဝှေ့ကြည့်ပရိသတ် အားလုံး အံ့သြ ကုန်နိုင်ဖွယ်ဖြစ်ကုန်တော့သည်။ နောက်ရက် ဂျပန် သတင်းစာကျောဖုံးတွင် “ဗြိတိန် ယူနီယံဂျက်အလံကို မြန်မာတင်ထွန်းက ဆွဲချလိုက်ပြီ”ဟူသောခေါင်းစည်း(၆)လိုင်း စာလုံးမည်းဖြင့် ဖော်ပြ ထားတော့သည်။ မြန်မာ တင်ထွန်း၏ ခြေနှစ်ချောင်း အကြားတွင် အင်္ဂလိပ်မျက်နှာဖြူ ရော်နယ်စမစ်သ် ဒူးထောက်လဲနေသည့်ပုံ၊ သူ့ရင်ဘတ်တွင် ယူနီယံဂျက်အလံကြီးနှင့်။
    တင်ထွန်းသည် ဒုတိယညတွင် နိုင်ဂျီးရီးယားနိုင်ငံမှ အန်ထော်နီအင်ဒေ့(ရှ်)နှင့်ထိုးသတ်ရာ တင်ထွန်းက (၄မှတ်-၁မှတ်) အမှတ်ပြတ်ဖြင့် အနိုင်ရပြန်သည်။ တတိယည၀ယ် တင်ထွန်းသည် အနောက် ဂျာမနီမှ အိတ်ဇကုနှင့် ယှဉ်ပြိုင်ထိုးသတ်ရာ (၃မှတ်-၂မှတ်)ဖြင့် ကပ်၍ ရှုံးနိမ့်ခဲ့ရသည်။ အသည်းနာစရာ ကောင်းသည်။ တင်ထွန်းခမျာ ငိုလျက် ကြိုးဝိုင်းပေါ်မှ ဆင်းလာရှာသည်။
    ၁၉၆၈-ခုနှစ်တွင် (၁၉)ကြိမ်မြောက်ကမ္ဘာ့လက်ဝှေ့ဗိုလ်လုပွဲကို မက္ကဆီကိုနိုင်ငံ၊ မက္ကဆီကိုစီးတီး မြို့၌ ကျင်းပသည်။ သက်လေးဦး (ဖလိုင်းဝိတ်တန်း)နှင့် တင်ထွန်း(ဖလိုင်းဝိတ်တန်း)တို့ သွားရောက်ယှဉ်ပြိုင် ခဲ့သည်။ သက်လေးဦးက ကေဗားနီးယား (သီရိလင်္ကာ)ကို အမှတ်ဖြင့် ရှုံးနိမ့်ပြီး တင်ထွန်းက ကျူးဘားနိုင်ငံမှ လာဇုံစတီးအား နောက်ကောက်ဖြင့် ရှုံးနိမ့်ခဲ့သည်။ တင်ထွန်းနိုင်နေရာမှ အ၀င်မှား၍ ရှုံးနိမ့်ခဲ့ရသည်။
    Noorul297
    ဝင်းမောင် (ဘယ်) နှင့် Orlando marotinize -ယာ(ကျူးဘား- ချန်ပီယံဖြစ်ကာ ရွှေတံဆိပ် ရသွားသူ) ယှဉ်ပြိုင်ထိုးသတ်နေစဉ်
    ၁၉၇၂-ခုနှစ်က အကြိမ်(၂၀)မြောက် ကမ္ဘာ့အိုလံပစ်လက်ဝှေ့ဗိုလ်လုပွဲကို ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့၌ ကျင်းပခဲ့သည်။ မြန်မာ့ လက်ရွေးစင်ဒေါ်လာ(ဖလိုင်းဝိတ်တန်း)နှင့် ၀င်းမောင်(ဘင်တန်ဝိတ်တန်း)တို့ သွားရောက်ယှဉ်ပြိုင်ခဲ့သည်။
    ချင်း တိုင်းရင်းသားဒေါ်လာသည် ဆိုဗီယက်ရုရှားနိုင်ငံမှ ဘင့်စကီးနှင့် ယှဉ်ပြိုင်ခဲ့ရရာ ယှဉ်ပြိုင်ခဲ့ရရာ ပထမအချီနှင့် ဒုတိယအချီမှာ အသာစီးနှင့်ထိုးနိုင်၏။ တတိယအချီ၌ ဘင့်စကီးက ဒေါ်လာအား ဒိုင်ပွဲရပ်ဖြင့် အနိုင်ယူသွားတော့သည်။ ၀င်းမောင်က ကျူးဘားနိုင်ငံ၏ ၀ါရင့် လက်သီးရှင်အိုလင်းဒိုမာတီနက်ဇ်နှင့် ယှဉ်ပြိုင်ရသည်။
    ၁၉၄၈-ခုနှစ်က (၂၃)ကြိမ်မြောက်ကမ္ဘာ့အိုလံပစ် လက်ဝှေ့ဗိုလ်လုပွဲကြီးကို အမေရိကန်ပြည်ထောင် စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန် ဂျလိစ်မြို့၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ ဇော်လတ် (လိုက်ဝိတ်တန်း) တစ်ဦးတည်းကိုသာ စေလွှတ်ခဲ့သည်။ ဇော်လတ်(ကချင်တိုင်းရင်းသား)သည် နိုင်ဂျီးရီးယားနိုင်ငံမှ အသားမည်းကပ္ပလီ“ခရစ်တိုဖာအော့ဆိုင်း”အား အမှတ်ဖြင့် ရှုံးနိမ့်ခဲ့ရသည်။
    ကမ္ဘာ့အိုလံပစ်လက်ဝှေ့ဗိုလ်လုပွဲသို့ မြန်မာ့လက်ရွေးစင်(၁၈)ဦးယှဉ်ပြိုင်ရာတွင် သိန်းမြင့်(နှစ်ပွဲ)၊ တင်ထွန်း(နှစ်ပွဲ)၊ မျိုးသန့်(တစ်ပွဲ)၊ လှညွန့်(တစ်ပွဲ)၊ စုစုပေါင်းခြောက်ပွဲအနိုင်ရခဲ့သည်။
    ကမ္ဘာ့အိုလံပစ်လက်ဝှေ့ကြိုးဝိုင်းလက်ရွေးစင်အဖြစ် သိန်းမြင့်သုံးကြိမ်၊ တင်ထွန်းနှစ်ကြိမ်တိုင်တိုင် အရွေးခံခဲ့ရသည်။
    ယနေ့အချိန်တွင် ဂျိတ်ဘာဝါး၊ သက်ဦးလေး၊ ရဲဆွေ၊ သိန်းမြင့်နှင့် ၀င်းမောင်တို့ငါးဦးသက်ရှိထင်ရှား ရှိနေပါသည်။
    ရွှေဘိုဘာမထီခင်အောင်
    ၂၀၀၉ ခုနှစ်၊ မေလ က ထုတ်ဝေခဲ့သော “မန္တလေး အနှစ် ၁၅၀ ပြည့် မဂ္ဂဇင်း”  မှ ကူးယူဖော်ပြပါသည်။
  • မုဟမ္မဒ် အလီ (ခ) ကက်စီးယက်စ် ကလေး
    မေ-၁၇၊၂၀၁၃
    M-Media
    ဝေဇင် စုစည်းတင်ပြသည်။
    ငယ်ဘဝ
    1
    မုဟမ္မဒ်အလီကို ၁၉၄၂ ခုနှစ် ဇန်န၀ါရီ ၁၇ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ ကန်တာကီ ပြည်နယ်၊ လူဝီဗေးလ်မြို့တွင် မွေးဖွားခဲ့ပြီး မွေးချင်းနှစ်ယောက်အနက် အကြီးဖြစ်သည်။ ငယ်နာမည်မှာ ကက်စီးယက်စ် မာဆဲလ်လက်စ် ကလေး(Cassius Marcellus Clay) ဖြစ်သည်။ ကလေး ကို လက်ဝှေ့ထိုးရန် ပထမဦးဆုံးညွှန်ကြားသူမှာ လူဝီဗေးလ် မြို့ရှိ ရဲအရာရှိတစ်ဦးဖြစ်ပြီး သူ၏ လက်ဦးဆရာလည်းဖြစ်သည်။ ထိုအချိန်က ကလေးမှာ အသက် ၁၂ အရွယ်သာရှိသေးသည်။ ကလေး၏ အပျော်တမ်းလက်ဝှေ့သမားဘ၀တွင် ကန်တာကီ ရွှေလက်အိတ် ချန်ပီယံ (၆)ကြိမ်၊ အမေရိကန် ရွှေလက်အိတ် ချန်ပီယံ (၂) ကြိမ်၊ အပျော်တမ်းလက်ဝှေ့ချန်ပီယံ တစ်ကြိမ်၊ ၁၉၆၀ ခုနှစ် အီတလီနိုင်ငံ ရောမမြို့တွင် ကျင်းပပြုလုပ်သည့် နွေရာသီ အိုလံပစ်တွင် လိုက်ဟဲဗီးဝိတ်တန်း လက်ဝှေ့ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ကြိမ်၊ စသဖြင့် ဆုတံဆိပ်ပေါင်း မြောက်များစွာရရှိခဲ့သည်။
    ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဘဝ
    2
    ပရော်ဖက်ရှယ်နယ်ဘ၀ ပထမဦးဆုံးပွဲကို ၁၉၆၀ အောက်တိုဘာ ၂၉ ရက်နေ့တွင် ကျွန်နေ ဟန်စကာ(Tunney Hunsaker) နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး ကလေး က အနိုင်ရရှိခဲ့သည်။ ၁၉၆၀ မှ ၁၉၆၃ ခုနှစ်အထိ ၁၉ ပွဲယှဉ်ပြိုင် ထိုးသတ်ခဲ့ပြီး ရှုံးပွဲမရှိခဲ့ချေ။ ၁၅ ပွဲတွင် ပြိုင်ဘက်များကို အလဲထိုး၍ အနိုင်ယူခဲ့လေသည်။
    ဟဲဗီးဝိတ်ချန်ပီယံ
    ali_liston_1024x768
    ကလေး၏ ရလဒ်ကောင်းများကြောင့် ထိုစဉ်က ဟဲဗီးဝိတ်ချန်ပီယံ ဆန်နီ လစ်စတန်(Sonny Liston)ကို စိန်ခေါ်နိုင်သူ ဖြစ်လာခဲ့သည်။ ကလေးနှင့် လစ်စတန်တို့၏ပွဲကို ၁၉၆၄ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ယှဉ်ပြိုင်ထိုးသတ်ရန် ရွေးချယ်သတ်မှတ်ခဲ့သည်။ မထိုးသတ်မီ တစ်ရက်အလို ကိုယ်အလေးချိန် စစ်ဆေးသောနေ့တွင် ကလေးက သူသည် လစ်စတန်အား “လိပ်ပြာကဲ့သို့ မျောလွင့်၍ ပျားကဲ့သို့ တုပ်မည်” (float like a butterfly and sting like a bee) ဟု သူ၏ ထိုးသတ်မည့်နည်းစနစ်ကို တင်စားခဲ့ပြီး သူ၏ နာမည်ကျော် နည်းစနစ်လည်းဖြစ်ခဲ့သည်။ ကလေးနှင့် လစ်စတန်တို့ထိုးသတ်ရာတွင် စတုတ္ထအချီမှလွဲ၍ အချီတိုင်းတွင် ကလေးက အသာရခဲ့သည်။ ၇ ချီမြောက်တွင် ပြိုင်ဘက် လစ်စတန်က ဘယ်ဘက်ပခုံးဒဏ်ရာရရှိ၍ ထပ်မံထိုးသတ်ရန် ငြင်းဆန်ခဲ့သောကြောင့် ကလေးမှာ ဟဲဗီးဝိတ်ချန်ပီယံဖြစ်လာခဲ့သည်။ ထိုစဉ်က ကလေးမှာ အသက် ၂၂ နှစ်အရွယ်သာရှိသေးသည်။
    အစ္စလာမ်သာသနာသို
    Muhammad Ali Boxer
    Muhammad-Ali-Converted-to-Islam-Religion
    ဟဲဗီးဝိတ်ချန်ပီယံဖြစ်ပြီးနောက် ကလေးသည် အစ္စလာမ်သာသနာသို့ ပြောင်းလဲသက်ဝင်ကြောင်း ကြေညာခဲ့ပြီး သူ၏ အမည်ကိုလည်း မုဟမ္မဒ်အလီ အဖြစ် ပြောင်းလဲခဲ့သည်။ လူမည်း မွတ်စလင် အဖွဲ့အစည်းဖြစ်သည့် နေးရှင်းအော့ဖ် အစ္စလာမ်(Nation of Islam) အဖွဲ့တွင်လည်း အဖွဲ့ဝင်ဖြစ်ခဲ့သည်။
    ချန်ပီယံဘွဲ့ ကာကွယ်
    ချန်ပီယံဘွဲ့ကို လက်လွှတ်ခဲ့ရသည့် လစ်စတန်က အလီအား ပြန်လည်စိန်ခေါ်ခဲ့ပြီး မေလတွင် ယှဉ်ပြိုင်ထိုးသတ်ရန် သတ်မှတ်ခဲ့သည်။ ထိုပွဲတွင် အလီက ပထမအချီ ၁ မိနစ်နှင့် ၅၂ စက္ကန့်မှာပင် လစ်စတန်အား အလဲထိုး အနိုင်ယူခဲ့သည်။
    အလီသည် ဒုတိယအကြိမ်မြောက် ချန်ပီယံကာကွယ်ပွဲကို ဖလွိုက်ပတ်တာဆန်နှင့် ထိုးသတ်ခဲ့ပြီး အလီ ကပင် အနိုင်ရရှိခဲ့သည်။
    WBA  ဟဲဗီးဝိတ်ချန်ပီယံတစ်ဦးဖြစ်သူ အာနီတယ်ရယ် (Ernie Terrell) နှင့် ၁၉၆၆ မတ်လ ၂၉ ရက်နေ့တွင် ထိုးသတ်ရန် စီစဉ်ထားခဲ့သော်လည်း ဗီယက်နမ်စစ်ပွဲနှင့် ပက်သက်သည့် အလီ၏ မှတ်ချက်ကြောင့် အီလီနွိုက်စ်ပြည်နယ် အားကစားကော်မရှင်က ပြိုင်ပွဲကျင်းပရန် ခွင့်မပြုခဲ့ပေ။
    ထို့ကြောင့် အလီသည် အမေရိကန်ပြင်ပသို့ ထွက်ခဲ့ပြီး ဂျော့ဂ်ျ ချူဗလို(George Chuvalo)နှင့် ကနေဒါတွင်လည်းကောင်း၊ ဟင်နရီကူးပါး(Henry Cooper)၊ ဘရိုင်ယန် လန်ဒန်(Brian London) တို့နှင့် လန်ဒန်တွင်လည်းကောင်း၊ ကားလ် မိုင်လ်ဒန်ဘာဂါ(Karl Mildenberger)နှင့် ဖရန့်ဖတ်တွင်လည်းကောင်း အသီးသီး ထိုးသတ်ခဲ့ပြီး အလီကပင်အနိုင်ရရှိကာ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကို ကာကွယ်ခဲ့သည်။
    ထို့နောက် အမေရိကန်သို့ပြန်လာခဲ့ပြီး တက္ကဆက်ပြည်နယ် ဟူစတန်မြို့တွင် ကလီဗ်လန်ဒ် ၀ီလီယံ(Cleveland Williams) နှင့်ထိုးသတ်ခဲ့ပြီး သုံးချီအတွင်း အလီက အလဲထိုးအနိုင်ယူနိုင်ခဲ့သည်။
    ထို့နောက် ၁၉၆၇ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့တွင် အာနီတယ်ရယ်နှင့်ထိုးသတ်ခဲ့သည်။ တစ်လကြာပြီးနောက် ဇိုရာဖော်လီ(Zora Folley) နှင့်ထိုးသတ်ခဲ့ပြီး အလီကပင် အနိုင်ရရှိခဲ့သည်။ ထိုပွဲမှာ အလီ၏ ဟဲဗီးဝိတ်ချန်ပီယံ ကာကွယ်ပွဲ၏ နောက်ဆုံးပွဲဖြစ်ခဲ့ပြီး အမေရိကန်စစ်တပ်သို့ ၀င်ရောက်အမှုထမ်းရန် ငြင်းဆိုမှုကြောင့် ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကို ရုပ်သိမ်းခံခဲ့ရသည်။ လက်ဝှေ့ထိုးသတ်ခွင် လိုင်စင်ပိတ်သိမ်းခံရပြီး လက်ဝှေ့ထိုးသတ်ခွင့်ကို ၅နှစ် ရပ်နားခံခဲ့ရသည်။
    တစ်ကျော့ပြန် လက်ဝှေ့သမားဘဝ
    ၁၉၇၀ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့တွင် အတ္တလန်တာပြည်နယ် အားကစားကော်မရှင်က အလီအား လက်ဝှေ့ထိုးသတ်ခွင့်လိုင်စင်ကို ပြန်လည် ထုတ်ပေးခဲ့သည်။ လက်ဝှေ့ထိုးသတ်ခွင့်လိုင်စင် ပြန်ရပြီးနောက် အောက်တိုဘာ ၂၆ ရက်နေ့တွင် ဂျယ်ရီ ကွာရီ(Jerry Quarry) နှင့် ထိုးသတ်ခဲ့ပြီး တတိယအချီတွင် အလီမှ အနိုင်ရရှိခဲ့သည်။ နောက်ပိုင်းတွင် နယူးယောက် လက်ဝှေ့ကော်မရှင်ကလည်း အလီအား လက်ဝှေ့ပြန်လည်ထိုးသတ်ခွင့် ပြုခဲ့ပြီး၊ ၁၉၇၀ ခုနှစ် ဒီဇင်ဘာလတွင် အော်စကာ ဘိုနာဗီနာ(Oscar Bonavena) နှင့် ထိုးသတ်ခဲ့သည်။ ၁၅ ချီအထိ ထိုးသတ်ပြီးနောက် အလီကပင် အနိုင်ရရှိကာ ထိုစဉ်က ဟဲဗီးဝိတ်ချိန်ပီယံ ဂျိုးဖရေဇာ(Joe Frazier)ကို စိန်ခေါ်နိုင်သူ ဖြစ်လာခဲ့သည်။
    အလီနှင့် ဖရေဇာတို့၏ပွဲကို ၁၉၇၁ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ကျင်းပခဲ့ပြီး “ရာစုနှစ်၏အကောင်းဆုံးပွဲ” (Fight of the Century) ဟု အမည်တပ်ခြင်းခံရသည်။ ၁၅ ချီအပြည့်ထိုးသတ်အပြီးတွင် ဖရေဇာက မိုဟာမက်အလီအား အနိုင်ရရှိခဲ့သည်။ ထိုပွဲမှာ မုဟမ္မဒ်အလီ၏ ဖရော်ဖက်ရှင်နယ် လက်ဝှေ့သက်တမ်းတစ်လျှောက် ပထမဦးဆုံးရှုံးပွဲဖြစ်သည်။ အလီသည်၁၉၇၃ ခု မတ်လ၌ ကင်နော်တန်(Ken Norton) နှင့် ထိုးသတ်သောပွဲတွင် ရှုံးနိမ့်ခဲ့ပြီး သူ၏ ဒုတိယမြောက် ရှုံးပွဲဖြစ်ခဲ့လေသည်။ သို့ရာတွင် စက်တင်ဘာ ၁၀ရက်နေ့တွင် နော်တန်နှင့် ဒုတိယအကြိမ် ပြန်လည်ထိုးသတ်ခဲ့ရာ အလီက အနိုင်ရရှိခဲ့သည်။ သူ့အား အနိုင်ယူခဲ့သည့် ဖရေဇာနှင့် ၁၉၇၄ ခု ဇန်န၀ါရီလတွင် မကြေပွဲထိုးသတ်ခဲ့ကာ အလီကပင် အနိုင်ရရှိခဲ့သည်။
    တကျော့ပြန် ဟဲဗီးဝိတ်ချန်ပီယံ
     GeorgeForeman_MuhammadAli_boxe_30101974_1_600
    ၁၉၇၄ အောက်တိုဘာ ၃၀ ရက်နေ့တွင် ထိုစဉ်က ဟဲဗီးဝိတ်ချန်ပီယံ ဂျော့ဂ်ျ ဖိုမန်(George Foreman) နှင့်ထိုး သတ်ရန် စီစဉ်ခဲ့ပြီး အလီအား အစဉ်တစိုက်အားပေးခဲ့သူ ဟောင်းဝဒ် ကောစဲလ် (Howard Cosell) အပါအ၀င် မည်သူကမျှ ထိုပွဲတွင် အလီနိုင်လိမ့်မည်ဟု မထင်မှတ်ကြပေ။ အလီမှာ လက်ဝှေ့ကျော် ဂျိုးဖရေဇာနှင့် ကင်နော်တန်တို့ကို အကြိတ်အနယ် ထိုးသတ်ခဲ့ရပြီး ဖိုမန်ကမူ ဒုတိယအချီတွင်ပင် နှစ်ဦးစလုံးအား အလဲထိုးအနိုင်ယူနိုင်ခဲ့သည်။
    ထိုပွဲတွင် ဒုတိယအချီမှစ၍ အလီသည် ဖိုမန်၏ တရစပ်ထိုးသတ်ခြင်းကိုခံခဲ့ရသော်လည်း ၈ ချီမြောက်တွင် အလီက ဖိုမန်အား ပြင်းထန်သည့် လက်သီးချက်ဖြင့် အလဲထိုး အနိုင်ယူနိုင်ခဲ့ကာ ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကို ဒုတိယအကြိမ် ပြန်လည် ဆွတ်ခူးနိုင်ခဲ့သည်။
    ၁၉၇၈ ခုနှစ် ဖေဖော်ဝါရီလတွင် လက်ဝှေ့ကျော် လီယွန် စပင့်(Leon Spinks) နှင့် ထိုးသတ်ရာတွင် ရှုံးနိမ့်ခဲ့ပြီး ဟဲဗီးဝိတ် ချန်ပီယံဘွဲ့ကို လက်လွှတ်ခဲ့ရသော်လည်း ထိုနှစ် စက်တင်ဘာလတွင် လီယွန်စပင့်နှင့် မကြေပွဲ ပြန်လည်ထိုးသတ်ခဲ့ရာ အလီမှ အနိုင်ရရှိခဲ့ကာ ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကို သုံးကြိမ်ဆွတ်ခူးနိုင်သည့် ပထမဦးဆုံး လက်ဝှေ့သမား ဖြစ်လာခဲ့သည်။
    ၁၉၇၉ ခုနှစ် ဇူလိုင်လတွင် အလီသည် လက်ဝှေ့လောကမှ အနားယူလိုက်ပြီဟု ကြေညာခဲ့သည်။ သို့သော်လည်း မကြာမီပင် လက်ဝှေ့ကြိုးဝိုင်းအတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ကာ ၁၉၈၁ ခုနှစ် ဒီဇင်ဘာလတွင်မှ လက်ဝှေ့လောကမှ အပြီးတိုင် အနားယူခဲ့သည်။
    ဂုဏ်ပြုခံ အလီ
    ali
    မုဟမ္မဒ်အလီသည် ဟဲဗီးဝိတ်လက်ဝှေ့သမိုင်း၏ ရွှေခေတ်ဟု ခေါ်ဝေါ်သည့် သူ့ခေတ်သူ့အခါက ထိပ်တန်းဟဲဗီးဝိတ်ချန်ပီယံများကို အနိုင်ယူနိုင်ခဲ့သည်။ ရင်းမဂ္ဂဇင်း(Ring Magazine) ၏ “တစ်နှစ်တာအကောင်းဆုံးလက်ဝှေ့သမား” (Fighter of the Year) အဖြစ် အခြားလက်ဝှေ့သမားများထက် အကြိမ်များစွာ ရွေးချယ်ခံခဲ့ရသည်။  ထို မဂ္ဂဇင်းကပင် ရွေးချယ်သော “တစ်နှစ်တာ အကောင်းဆုံးလက်ဝှေ့ပွဲ” (Fight of the Year) တွင်လည်း အလီမှာ အခြားသူများထက် အကြိမ်များစွာ ဖော်ပြခံခဲ့ရသည်။ ၎င်းအပြင် အလီမှာ နိုင်ငံတကာလက်ဝှေ့အကျော်အမော်များ Hall of fame တွင် ပါဝင်ပြီး Sports Illustrated  မဂ္ဂဇင်း၏ “တစ်နှစ်တာအကောင်းဆုံး အားကစားသမား” စာရင်းတွင်ပါဝင်သည့် လက်ဝှေ့သမားသုံးဦးအနက်မှ တစ်ဦးဖြစ်သည်။
  • အရှေ့တောင်အာရှ လက်ဝှေ့ချန်ပီယံ မြန်မာ့ လက်ရွေးစင် ရွှေကျားတင်မောင်
    အရှေ့တောင်အာရှ လက်ဝှေ့ချန်ပီယံ မြန်မာ့ လက်ရွေးစင် ရွှေကျားတင်မောင်
    ဇွန် ၂၄ ၊ ၂၀၁၁
    M-Media
    ရွှေကျားတင်မောင် (ခေါ်) မို့ဟမ္မဒ် အစ္စမာအီလ်သည် ဖခင်ဦးဂဖား (ခေါ်) ဦးကိုလေး နှင့် မိခင် ဒေါ်ဖွာတီတို့မှ ရမညးသင်းမြို့၊ ၀ါတိုးရပ် အနောက်ပိုင်း၌ ၁၉၃၆- ခုနှစ်တွင် ဖွားမြင်ခဲ့သည်။ မွေးချင်း (၆) ယောက်အနက် ဒုတိယသားဖြစ်သည်။
    အစ်ကို ဦးမြသောင်းသည် မန္တလေးတိုင်း သေနတ်ပစ်အသင်းအတွင်းရေးမှူးနှင့် လက်ရွေးစင်ဖြစ်သည်။ ညီတော်သူ ဦးချစ်ထွန်းသည် မန္တလေးတိုင်း ဘတ်စကက်ဘော လက်ရွေးစင်နှင့် ဘောလုံးလက်ရွေးစင် ဂိုးသမားဖြစ်သည်။ ညီအငယ်ဆုံး ဦးအောင်မြင့်မှာ မြန်မာ့မီးရထားရုံပိုင်ကြီးဖြစ်သည်။
    ရွှေကျားတင်မောင်သည် မန္တလေးမြို့၊ အမှတ် (၃) အ.ထ.ကတွင် (၈)တန်းအထိ၊ အမှတ်(၂) အ.ထ.က (အမျိုးသားကျောင်း)တွင် ဒသမတန်းကို ၁၉၅၇-ခုနှစ်အထိ တက်ရောက်ပညာဆည်းပူးခဲ့သည်။ ကျားဘညိမ်း၏ ရွှေကျားလက်ဝှေ့အသင်းတွင် လက်ဝှေ့ပညာဆည်းပူးခဲ့ပြီး  ကလောင်အမည်ကိုလည်း တင်မောင် (ရွှေကျား) ဟုမှည့်ခဲ့သည်။
    ၁၉၅၂-ခုနှစ်တွင် ဂျူနီယာဖလိုင်းဝိတ်ချန်ပီယံဆု ရရှိသည်။ ၁၉၅၅-၅၆ ခုနှစ်က မန္တလေးရဲအတတ်သင် သိပ္ပံကျောင်း၌ (၆)လသင်တန်း၊ ၁၉၅၇- မှ ၁၉၆၂ အထိ ပေါက်မြိုင်(အ.လ.က) တွင် ကာယဆရာအဖြစ် တာဝန်ထမ်းဆောင်ရင်း အင်္ဂလိပ်လက်ဝှေ့ကို ထူးချွန်စွာထိုးသတ်ခဲ့၍ မြန်မာပြည် ချန်ပီယံဆုများဆွတ်ခူးရရှိခဲ့သည်။
    ၁၉၅၈-၁၉၆၁-၁၉၆၂-၁၉၆၄ (၄)နှစ် ဆက်တိုက် “လိုက်ဝေါ်လ်တာဝိတ်” တန်း မြန်မာပြည်ချန်ပီယံဆုဆွတ်ခူးခဲ့၍ လက်ဝှေ့အဖွဲ့ချုပ်မှ ရွှေကျားတင်မောင်ကို ရွှေစင်ရုပ်ဆု အပိုင်ချီးမြှင့်ခဲ့သည်။ ဆရာကျားဘညိမ်း၊ ရှူးဂါး မဂျစ်(ဆေးကျောင်း)၊ လှညွန့်(ရေတပ်)၊ သန်းထွန်း (မန္တလေး)တို့လည်း ယင်းဆုရရှိခဲ့သည်။ ဒုတိယအကြိမ် အရှေ့တောင်အာရှပွဲတွင် “လိုက်ဝေါ်တာဝိတ်တန်း” ၌ ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့သည်။
    မြန်မာ့လက်ရွေးစင်အဖြစ် ပါကစ္စတန်၊ ယိုးဒယား၊ ကမ္ဘောဒီးယားလက်ဝှေ့ပွဲများတွင် အရွေးချယ်ခံခဲ့ရသည်။ ၁၉၆၄ ခု၌ ဆရာဖြစ်သူကျားဘညိမ်း ရန်ကုန်သို့ ပြောင်းရွေ့အမှုထမ်းသောကာလတွင် ရွှေကျားတင်မောင်သည် ရွှေကျားလက်ဝှေ့အသင်း၌ ကြီးကြပ်ကွပ်ကဲခဲ့သည်။
    ရွှေကျားတင်မောင်သည် ၁၉၅၇-ခုနှစ်မှ ၁၉၉၃-ခုနှစ်အထိ မန္တလေးတိုင်းလက်ဝှေ့ ဆပ်ကော်မတီ-အတွင်းရေးမှူး၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် တရားသူကြီး၊ မန္တလေးတိုင်း ကျောင်းသားပွဲတော် ဘတ်စကက်ဘော အတွင်းရေးမှူး၊ မန္တလေးတိုင်း အ-သုံးလုံးကြေ အတွင်းရေးမှူး တာဝန်များ ထမ်းဆောင်ခဲ့သည်။
    မြို့တော်ဝန် ဦးမြသောင်း၊ စည်ပင်အလုပ်ဝန်တို့က တာဝန်ပေး၍ ၁၉၅၇-ခုနှစ်မှစ၍ မန္တလေးတိုင်းအတွင်း မိုးကုတ်၊ ပျဉ်းမနား၊ ရမည်းသင်း၊ ပျော်ဘွယ်၊ မိတ္ထီလာမြို့များ၌ လက်ဝှေ့ပွဲများတာဝန်ယူ ကျင်းပပေးခဲ့သည်။ ရွှေကျားတင်မောင် မွေးထုတ်ခဲ့သော လက်ဝှေ့သမားများအနက် ဆီးဂိမ်းပြိုင်ပွဲ ငွေတံဆိပ်ဆုရ ဇော်မျိုးမင်း၊ လူချော (ခေါ်) သန်းဇော်ထွေး၊ မန္တလေး အား/ကာသိပ္ပံမှ ကိုမျိုးနှင့် စည်သူတို့ ပါဝင်လေသည်။
    ရွှေကျားတင်မောင်သည် ပထမဇနီး ဒေါ်တီမာ (ခေါ်) ဒေါ်မမလေးမှ သားသမီး(၉) ဦး ထွန်းကားပြီး ၄င်းဇနီး ၁၉၉၅-ခုတွင် ကွယ်လွန်သည်။ ဒုတိယဇနီး ဒေါ်စိန်စိန်နှင့် သားသမီး (၅)ဦး ထွန်းကားသည်။ ၄င်းသည် ယခုအခါ မန္တလေးမြို့၊ စကြာနွယ်စဉ်ရပ်၊ ဆူးလေပလီဝင်း အရှေ့ပေါက်တွင် ဇနီး၊ သားသမီးများနှင့်အတူ နေထိုင်လျက်ရှိသည်။
    ရွှေကျားဦးတင်မောင်သည် မြန်မာ့မီးရထားတွင် “ရထား/မန်း” အမည်ဖြင့်လည်းကောင်း၊ ကျောင်းပေါင်းစုံ လက်ဝှေ့ပွဲများ၊ တိုင်းအား/ကာ၊ မန္တလေးတိုင်း  ပြည်ခိုင်ဖြိုး၊  ရွှေကျားလက်ဝှေ့အသင်းတို့ကို ဦးဆောင်၍ လက်ဝှေ့နည်းပြတာဝန် ထမ်းဆောင်လျက်ရှိရာ အမိမြန်မာနိုင်ငံ၏ ဂုဏ်ဆောင်မန္တလေး-မွတ်စလင်မ် လက်ဝှေ့အကျော်အမော် ကြယ်တစ်ပွင့်အဖြစ် ဂုဏ်ပြုဖော်ပြအပ်ပါသည်။
    မန္တလေးမြို့လုံးဆိုင်ရာ မဟာတမန်တော်နေ့ စိန်ရတု မဂ္ဂဇင်း