News @ M-Media

Tag: China

  • MNDAA လက်နက်ကိုင်အဖွဲ့၏ တရုတ်ဘဏ်စာရင်း ပိတ်မှုကို မြန်မာ ကြိုဆို

    MNDAA လက်နက်ကိုင်အဖွဲ့၏ တရုတ်ဘဏ်စာရင်း ပိတ်မှုကို မြန်မာ ကြိုဆို

    မတ် ၂၂၊ ၂၀၁၇
    M-Media

    MNDAA အဖွဲ့က ဘဏ်စာရင်းဖွင့်ထားသည့် တရုတ် စိုက်ပျိုရေးဘဏ် လိုဂို

    – ကိုးကန့်ဒေသတွင် လှုပ်ရှားနေသည့် တိုင်းရင်းသား မဟာမိတ်လက်နက်ကိုင်အဖွဲ့ MNDAA ၏ ဘဏ်ငွေစာရင်းကို တရုတ်က ပိတ်ပစ်လိုက်မှုအတွက် ကျေးဇူးတင်သည်ဟု မြန်မာအစိုးရက ပြောကြားလိုက်သည်။

    တရုတ်နိုင်ငံပိုင် စိုက်ပျိုးရေးဘဏ် (AgBank) တွက် အပ်ထားသည့် MNDAA ၏ ငွေစာရင်းကို ပြီးခဲ့သည်တစ်ပတ်က ပိတ်ပစ်လိုက်သည်ဟု သတင်းထွက်ပေါ်လာခဲ့ပြီး ဘဏ်တာဝန်ရှိသူများကမူ မိမိတို့အနေဖြင့် ဘဏ်လုပ်ငန်းများအကြောင်းကို ထုတ်ပြောခွင့်မရှိကြောင်း၊ သို့သော်လည်း အကြမ်းဖက်မှု၊ ရာဇ၀တ်မှုတို့နှင့်
    ဆက်စပ်သည့် ဘဏ်စာရင်းများကို လက်ခံမည်မဟုတ်ကြောင်း VOA သတင်းဌာနသို့ ပြောကြားခဲ့သည်။

    တရုတ်၏ ထိုလုပ်ရပ်အတွက် ကျေးဇူးတင်သည်ဟု သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့သည်။

    “ဒီလုပ်ရပ်ကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ နယ်စပ်ဒေသမှာ တည်ငြိမ်အေးချမ်းရေးဟာ နှစ်နိုင်ငံစလုံးအတွက် ဘုံအကျိုးစီးပွား ဖြစ်ပါတယ်။ ဒါဟာ တရုတ်ရဲ့ အင်မတန် အပြုသဘောဆောင်တဲ့ ဆောင်ရွက်ချက်ပါပဲ” ဟု ဦးဇော်ဌေးက ဆိုသည်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီး ဟွာချွမ်ယင်းက မိမိအနေဖြင့် AgBank ၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ တိတိကျကျ မသိရသေးကြောင်း၊ မိမိတို့မှာ အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ၀င်ရောက်မစွက်ဖက်ဆိုသည့်မူကို အမြဲတမ်းထိန်းသိမ်းထားပြီး မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေကို လေးစားကြောင်း၊ တရုတ်ပိုင်နက်ကို အသုံးပြု၍ တရုတ်-မြန်မာ ဆက်ဆံရေးနှင့် နယ်စပ်ဒေသ တည်ငြိမ်ရေးကို ထိခိုက်စေမည့် မည်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမှ ခွင့်ပြုသွားမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

    MNDAA အဖွဲ့၏ AgBank စာရင်းသို့ တိုက်ရိုက် သို့မဟုတ် မိုဘိုင်းငွေလွှဲမှုစနစ်မှနေ၍ ၂ နှစ်နီးပါးအတွင်း ကန်ဒေါ်လာ ၅ သိန်းကျော် ၀င်ရောက်ခဲ့သည်။

    အဆိုပါလက်နက်ကိုင်အဖွဲ့မှာ ယခုလအစောပိုင်းက ကိုးကန့်ဒေသတွင် အစိုးရစစ်တပ်ကို တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်အတွက် နှစ်ဖက် အပြန်အလှန်တိုက်ပွဲများ ဖြစ်ပွားနေသည်။

    Ref: Reuters

  • တရုတ်တက္ကသိုလ်တွင် ဆော်ဒီက စာကြည့်တိုက်ဖွင့်

    တရုတ်တက္ကသိုလ်တွင် ဆော်ဒီက စာကြည့်တိုက်ဖွင့်

    မတ် ၁၈၊ ၂၀၁၇
    M-Media

    – ဆော်ဒီဘုရင် ဆလ်မန်မှာ ၎င်းအား ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ချီးမြှင့်ခဲ့သည့် Peking တက္ကသိုလ်တွင် ‘ ဘုရင် အဘ်ဒူလ်အဇစ် ပြည်သူ့စာကြည့်တိုက်’ ကို ယမန်နေ့တွင် ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

    တက္ကသိုလ်သို့ ရောက်ရှိလာသည့် ဘုရင် ဆလ်မန်ကို တရုတ်ပညာရေးဝန်ကြီး ချန်ဘောင်ရှန်းနှင့် တာဝန်ရှိသူအများအပြားက ကြိုဆိုခဲ့ကြသည်။

    တက္ကသိုလ်ဥက္ကဌကမူ ဘုရင်ကြီးကို ကြိုဆိုပါကြောင်း ယခုကဲ့သို့ စာကြည့်တိုက်ဖွင့်လှစ်ခြင်းမှာ နှစ်နိုင်ငံဆက်ဆံရေးကို ခိုင်မာစေကြောင်း ပြောကြားခဲ့သည်။

    ‘ဘုရင် အဘ်ဒူလ် အဇစ် စာကြည့်တိုက်’ အကြောင်းနှင့် ထိုစာကြည့်တိုက်က ဘာသာစကားအမျိုးမျိးဖြင့် သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာ စာအုပ်စာတမ်းများ ထုတ်ဝေနေသည့်အကြောင်း ရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင်ကိုလည်း စာကြည့်တိုက်ဖွင့်ပွဲတွင် ပြသခဲ့သည်။

    ဘုရင်ဆလ်မန်ကမူ မိမိအနေဖြင့် Peking တက္ကသိုလ်သို့ လာရောက်လည်ပတ်ရခြင်းအတွက် ကျေနပ်မိကြောင်း၊ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့အတွက်လည်း ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့သည်။

    “သိပ္ပံနဲ့ အသိပညာနယ်ပယ်မှာ ဆော်ဒီအာရေဗျရဲ့ အကျိုးစီးပွား ခိုင်မာစေဖို့ အခွင့်အလမ်းကို ကျွန်တော် ရှာဖွေခဲ့ပါတယ်။ တိုင်းပြည်ရဲ့ ဉာဏ်သစ်လောင်းမှုနဲ့ တိုးတက်မှုမှာ သိပ္ပံပညာက အခြေခံအုတ်မြစ်ပါပဲ။ ‘ဘုရင် အဘ်ဒူလ် အဇစ် ပြည်သူ့စာကြည့်တိုက်’ ဖွင့်လှစ်နိုင်မှုအတွက် ကျွန်တော် ကျေနပ်မိပါတယ်။ ဆော်ဒီဘုရင့်နို
    င်ငံနဲ့ တရုတ်နိုင်ငံတို့အကြား သိပ္ပံသုတေသနယ် အသီးသီးမှာ ပူးပေါင်းဆောင်ရွက်မှု ထပ်လုပ်နိုင်ဖို့ နှစ်နိုင်ငံ ပြည်သူလူထုတွေအတွက် ပေးဆပ်ဖို့ ဆော်သြလိုက်ပါတယ်” ဟု ဆော်ဒီဘုရင်က ပြောကြားခဲ့သည်။

    ဆော်ဒီအာရေဗျနှင့် တရုတ်နိုင်ငံတို့အကြောင်း တန်ဖိုးရှိသည့် စာအုပ်နှစ်အုပ်ကိုလည်း အဆိုပါ စာကြည့်တိုက်တွင် ထားရှိသွားမည်ဖြစ်သည်။

    Ref: Arab News

  • စစ်ဖြစ်နေတဲ့ ကိုးကန့်ဒေသအပေါ် တရုတ်က ဘယ်လိုသဘောထား ရှိနေလဲ

    စစ်ဖြစ်နေတဲ့ ကိုးကန့်ဒေသအပေါ် တရုတ်က ဘယ်လိုသဘောထား ရှိနေလဲ

    မတ် ၉၊ ၂၀၁၇
    M-Media

    – မြန်မာနိုင်ငံမြောက်ပိုင်းတွင် တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပေါ်လာခဲ့ပြီး မြန်မာပြည်သူများစွာမှာ တရုတ်နိုင်ငံထဲသို့ ထွက်ပြေးရသည်အထိ ဖြစ်ခဲ့သည်။ တရုတ်နှင့် ထိစပ်နေသည့် ကိုးကန့်ဒေသနှင့် ပတ်သက်၍ ပြည်သူများ၏ စိုးရိမ်မှုများလည်း ကျယ်ကျယ်ပြန့်ပြန့် မြင့်တက်လာခဲ့သည်။ ဤဒေသတွင် လက်ရှိဖြစ်နေသော အခြေအနေကို နားလည်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပထမမျိုးဆက် ခေါင်းဆောင်များ၏ နိုင်ငံရေး သဘောထားများကို ပြန်ကြည့်ရမည်။

    ၁၈၈၅ ခုနှစ်တွင် ဗြိတိန်က ကုန်းဘောင်မင်းဆက်လက်မှ မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့ပြီး ဗြိတိန်သျှပိုင် အိန္ဒိယ၏ အစိတ်အပိုင်းအဖြစ် သွတ်သွင်းခဲ့သည်။ ထိုအချိန်က ကိုးကန့်ဒေသမှာ တရုတ်နိုင်ငံ၏ အုပ်ချုပ်မှုအောက်တွင် ရှိခဲ့ပြီး နောက်ပိုင်း မြနမာနိုင်ငံသို့ လွှဲပေးရန် ဗြိတိန်၏ ဖိအားပေးမှုကို ချင်မင်းဆက်က ခံခဲ့ရသည်။ ယနေ့အချိန်အထိ ထိုဒေသတွင် နေထိုင်သူများမှာ တရုတ်၏ အဓိကလူမျိုးဖြစ်သော ဟန်လူမျိုးများဖြစ်သည်။ မြန်မာနိုင်ငံ၏ တိုင်းရင်းသားမျိုးနွယ်တစ်ခုအဖြစ် ၎င်းတို့မှာ ကိုးကန့်ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရထားသည်။

    တရုတ်နှင့် မြန်မာနိုင်ငံတို့ နယ်စပ်ကိစ္စဆွေးနွေးသည့် ၁၉၅၀ ပြည့်နှစ်များတွင်လည်း ကိုးကန့်ဒေသက အငြင်းပွားစရာ ပြဿနာတစ်ခု ဖြစ်ခဲ့သည်။ ကိုကန့်ဒေသကို မြန်မာသို့ပေးကာ တရုတ်ဖက်က အလျှော့ပေးခဲ့သည်။ ၁၉၆၀ ခုနှစ် မြန်မာနိုင်ငံနှင့် တရုတ်တို့ ချုပ်ဆိုသည့် နယ်နနမိတ် သဘောတူညီချ က်အရ ကိုးကန့်မှာ မြန်မာနိုင်ငံ၏အစိတ်အပိုင်း တရားဝင်ဖြစ်လာခဲ့သည်။

    ယနေ့အချိန်အထိ တရုတ်ပြည်သူအများစုက ကိုးကန့်အား မြန်မာနိုင်ငံသို့ ပေးလိုက်ခြင်းမှာ ကြီးမားသော ဆုံးရှုံးမှုတစ်ခုဖြစ်သည်ဟု ယုံကြည်နေကြသည်။ ရုရှားက ခရိုင်းမီးယားကို ပြန်သိမ်းသကဲ့သို့ ကိုးကန့်ကို တရုတ်က ပြန်သိမ်းရန် တိုက်တွန်းမှုများပင် ရှိနေလေ၏။

    ၎င်းတို့ကိုယ်ကို တရုတ်နွယ်ဖွားများဟု ပြောကြသည့် ကိုးကန့် တိုင်းရင်းသားလက်နက်ကိုင် အချို့ကလည်း ထိုသဘောထားများကို ပြောလာကြသည်။ မြန်မာစစ်တပ်ကို ချေမှုန်းရေး တရုတ်က စစ်ရေးအရ တိုက်ရိုက် ကူညီထောက်ပံ့ရန်လည်း ၎င်းတို့က တောင်းဆိုသည်။

    ထိုဒေသ၏ သမိုင်းဆိုင်ရာအခြေအနေကို နားလည်ထားမှသာလျှင် ကိုးကန့်အား မြန်မာနိုင်ငံသို့ လွှဲပေးရေး ဆုံးဖြတ်ချက်၏ အရေးပါမှုကို မိမိတို့အနေဖြင့် သဘောပေါက်နိုင်မည်ဖြစ်သည်။

    ၁၉၅၀ ပြည့်နှစ်များက တရုတ်နိုင်ငံမှာ အမေရိကန်၏ ပိတ်ဆို့မှုကို ခံထားရသည်။ ထိုအချိန်က မြန်မာအစိုးရမှာ အမေရိကန်နှင့် စစ်ရေးသဘောတူ စာချုပ်ချုပ်ထားပြီး အမေရိကန်ထံမှ စစ်ရေးအကူအညီများကို ရရှိနေသည်။ ကူမင်တန်အကြွင်းအကျန်တပ်များက မြန်မာနိုင်မြောက်ပိုင်းမှ တရုတ်အား ပြန်တိုက်ရန် ကြိုးစားသည့်အချိန်တွင် တရုတ်ကို ရင်ဆိုင်ရန် အိန္ဒိယကလည်း မြန်မာကို မပြတ်တမ်း လှုံ့ဆော်နေသည်။

    မြန်မာနှင့် တရုတ်အကြား နယ်စပ်ဒေသကိစ္စ ဖြေရှင်းမှုက ဒေသတွင်း တင်းမာမှုကို လျော့ကျစေပြီး ကူမင်တန်အကြွင်းအကျန်တပ်များကို ချေမှုန်းရန်၊ တရုတ်-အိန္ဒိယစစ်ပွဲတွင် တရုတ်နိုင်ငံအတွက် လိုအပ်နေသော အထောက်အပံ့ကို ရရှိစေရန်အတွက် အကူအညီဖြစ်စေခဲ့သည်။

    မြန်မာနှင့် နယ်စပ်ပြဿနာကို ဆွေးနွေးအဖြေရှာမှုမှတစ်ဆင့် ဖြေရှင်းခြင်းအားဖြင့် အိမ်နီးချင်းနိုင်ငံများအပေါ် မိတ်ဆွေပီသမှုကို ပြသရန်၊ အခြားသော အိမ်နီးချင်းနိုင်ငံများနှင့် အနာဂတ်တွင် နယ်စပ်ပြဿနာများ ဖြေရှင်းရေး ရှေ့ပြေး နမူနာဖြစ်စေရန် တရုတ်က ရည်ရွယ်ခဲ့သည်။

    တရုတ်ဝန်ကြီးချုပ်ဟောင်း ချူအန်လိုင်းက တရုတ်-မြန်မာ နယ်စပ်ပြဿနာကို ဖြေရှင်းမှုမှာ နိုင်ငံရပ်ခြားမှ တရုတ်အပေါ်ရှိနေသည့် ဖိအားများကို လျော့ကျစေရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု အောင်မြင်ရေး၊ တရုတ်အပေါ် နိုင်ငံရပ်ခြားမှ ကျူးကျော်မှု၊ ထိခိုက်စေမှု စစ်မျက်နှာကို ဖရိုဖရဲဖြစ်စေရေး အကူအညီဖြစ်နိုင်သည်ဟု တစ်ခါက ပြောခဲ့ဖူးသည်။ သို့သော် ထိုရည်မှန်းချက်များက မပြည့်ဝဘဲ အဓိကအားဖြင့် ထိုစဉ်က နိုင်ငံတကာ အသိုင်းအ၀ိုင်းကြောင့် ဖြစ်သည်။ ထိုအချိန်က တရုတ်မှာ အရှေ့တောင်အာရှနှင့် တောင်အာရှတို့တွင် ကွန်မြူနစ်လှုပ်ရှားမှုများကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ထောက်ပံ့နေပြီး ကိုးကန့်လွတ်မြောက်ရေး လက်နက်ကိုင်အဖွဲ့ ပေါ်ထွက်လာမှုတွင် ထိုထောက်ပံ့မှုက တစ်စိတ်တစ်ပိုင်း ပါဝင်သည်။

    ၁၉၇၈ ခုနှစ် ပြုပြောင်းလဲရေးနှင့် တံခါးဖွင့်ဝါဒကို ကျင့်သုံးပြီးနောက် ကွန်မြူနစ်လှုပ်ရှားမှုများကို ထောက်ပံ့ရေးနှင့် ပဋိပက္ခ ငြိမ်းချမ်းစွာအဆုံးသတ်ရေးဆိုသည့် အရှေ့အနောက်မညီသည့် ပေါ်လစီကို ကျင့်သုံးခဲ့သည်။ ခေါင်းဆောင်ဟောင်း ဇန် ရှောင်ပင်း အရှေ့တောင်အာရှသို့ သွားရောက်ပြီးကတည်းက ဒေသတွင်းမှ တရုတ်လူမျိုးများမှာ တရုတ်နိုင်ငံ ဖွံ့ဖြိုးရေးအတွက် အကြီးအကျယ် ထောက်ပံ့မှု ပေးခဲ့သည်။

    ယခုအချိန်တွင်တော့ တရုတ်နိုင်ငံမှာ ကမ္ဘာ့ ဒုတိယ စီးပွားရေးအကြီးဆုံးနိုင်ငံဖြစ်နေပြီး ပတ်ဝန်းကျင်ဒေသများ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးရန်၊ အားလုံးအတွက် အကျိုးရှိမည့် စီးပွားရေးဇုန် တည်ထောင်ပေးရန် အခွင့်အလမ်းအသစ်များကိုလည်း ရင်ဆိုင်နေရသည်။ ယခုအချိန်မှာ ယခင် တရုတ်ခေါင်းဆောင်များ၏ မဟာဗျူဟာမြောက်သော အမြင်ကို နားလည်နိုင်သည့် အချိန်လည်းဖြစ်သည်။

    တရုတ်နိုင်ငံမှာ ရုရှားမဟုတ်သလို၊ ရုရှားကိုလည်း လိုက်တုမည်မဟုတ်။ ကိုးကန့်မှာ မြန်မာနိုင်ငံ၏ ပိုင်နက်ဖြစ်သည်။ ထို့ကြောင့် ကိုးကန့်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးမှာ မြန်မာနိုင်ငံ၏ စီရင်ပိုင်ခွင့်အတွင်း ရှိနေသည့်ကိစ္စဖြစ်သည်။ ထိုဒေသ ဆက်လက်ဖွံ့ဖြိုးနေသမျှ ကာလပတ်လုံး၊ ပြည်သူများ၏ လူနေမှုအဆင့်အတန်း တိုးတက်နေသမျှ ကာလပတ်လုံး ထိုအခြေအနေက တရုတ်နှင့် မြန်မာအကြား နယ်စပ်ဒေသ ဖွံ့ဖြိုးရေးအတွက် မောင်းနှင်ပေးမည့် အကြောင်းအရင်းတစ်ခု ဖြစ်လာနိုင်သည်။

    ရုရှားက ခရိုင်းမီးယားအား ပြန်လည် သိမ်းပိုက်သကဲ့သို့ ကိုးကန့်ဒေသကို ပြန်ယူခြင်းမှာ ကိုးကန့်ရှိ ပဋိပက္ခကို လျှော့ချနိုင်မည်မဟုတ်ဘဲ အခြား အိမ်နီးချင်းနိုင်ငံများအထိပါ တင်းမာမှုက ပြန်နှံ့သွားမည်ဖြစ်သည်။

    တရုတ်နိုင်ငံက ကိုးကန့်ပြည်သူများ၏ ဘေးအန္တရာယ်ကင်းရေးကို လစ်လျူမရှု။ သို့သော်လည်း နိုင်ငံရေးနှင့် သံတမန်ရေး နည်းလမ်းများမှတစ်ဆင့် အခြေအနေတည်ငြိမ်အောင် အတတ်နိုင်ဆုံး လုပ်ဆောင်သွားမည်ဖြစ်သည်။ ကိုးကန့်ဒေသသို့ တရုတ်နိုင်ငံကပေးနိုင်သည့် အထိရောက်ဆုံး ကူညီမှုမှာ ပြည်သူများ အခြေချနိုင်ရေး ကူညီရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာရုံစိုက်ရန်ပင် ဖြစ်သည်။

    Ref: Globaltimes

    ( Globaltimes မှ Why ‘recover’ Kokang is not an option for China ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

  • တရုတ်သိုင်းပညာသမိုင်းတွင် အဓိကနေရာမှ ပါဝင်နေသည့် ဟွေမွတ်စလင်များ

    တရုတ်သိုင်းပညာသမိုင်းတွင် အဓိကနေရာမှ ပါဝင်နေသည့် ဟွေမွတ်စလင်များ

    မတ် ၂၊ ၂၀၁၇
    M-Media

    – အနောက်တိုင်းမီဒီယာတွေဟာ ဘရုစ်လီ၊ ဂျက်ကီချန်း၊ ဂျက်လီ စတဲ့ တရုတ်သရုပ်ဆောင်တွေရဲ့ တိုက်ခိုက်ရေးပညာတွေကို အဓိကထား အာရုံစိုက် ဖော်ပြကြပြီး တရုတ်မွတ်စလင်တွေနဲ့ တရုတ်သိုင်းပညာအကြား ဆက်နွယ်မှုတွေကိုတော့ ကြားဖူးကြသူ သိပ်မရှိပါဘူး။ ရှေးခေတ် ကုန်သွယ်မှုလုပ်ငန်းဟာ အာရပ်မွတ်စလင်တွေနဲ့ တရုတ်လူမျိုးတွေအကြား ခိုင်မာတဲ့ဆက်ဆံရေးတစ်ခုကို ဖြစ်ထွန်းစေခဲ့ပြီး၊ ကမ္ဘာ့အရှေ့ခြမ်းမှာ အစ္စလာမ်သာသနာ ပြန့်နှံ့ဖို့အတွက်၊ တရုတ်မွတ်စလင်ဆိုတဲ့ အမှတ်သညာတစ်ခု ခိုင်ခိုင်မာမာ ပေါ်ထွက်လာဖို့အတွက် အဓိကအကြောင်းအရင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀၀ ကျော်အရင်ကို ပြန်ကြည့်မယ်ဆိုရင် အစောပိုင်း တရုတ်မွတ်စလင်တွေရဲ့ စစ်ရေးစစ်ရာ ခေါင်းဆောင်မှုပိုင်းမှာ အဓိကကျနေမှုက တရုတ်မွတ်စလင်တွေနဲ့ ကိုယ်ခံပညာအကြား ထူးခြားတဲ့ ဆက်နွယ်ပတ်သက်မှုရဲ့ အစ ဖြစ်လာပါတယ်။

    တရုတ်နိုင်ငံက အစ္စလာမ့်သမိုင်းကို ခိုင်ခိုင်မာမာ မှတ်တမ်းတင်ထားနိုင်ခဲ့ပြီး ဟွေလူမျိုး မွတ်စလင်တွေကလည်း နိုင်ငံအတွင်းမှာ အကြီးဆုံး မွတ်စလင်လူနည်းစု လူ့အဖွဲ့အစည်း ဖြစ်ပါတယ်။ အစ္စလာမ်သာသနာကို စတင်ဟောကြားသူ တမန်တော်မုဟမ္မဒ်သခင် ကွယ်လွန်ပြီး ၁၉ နှစ်လောက် အကြာမှာပဲ အာရေဗျနဲ့ တရုတ်အကြား ဆက်ဆံရေးဟာ တည်ငြိမ်နေပြီဖြစ်ပါတယ်။ အာရပ်ဒေသအတွင်း စနစ်ကျတဲ့ အစ္စလာမ်သာသနာပြုလုပ်ငန်းကို အစ္စလာမ့်အင်ပါယာရဲ့ တတိယ
    သမ္မတ အွတ်စ်မန်သခင်လက်ထက်မှာ စတင်ခဲ့တာဖြစ်ပြီး၊ နောက်ပိုင်း ကုန်သွယ်မှုလုပ်ငန်းက အစ္စလာမ်သာသနာ ပြန့်နှံ့မှုမှာ တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့ပါတယ်။

    ဟွေမွတ်စလင်တွေကတော့ အာရေဗျနဲ့ တရုတ်တို့ရဲ့ ပေါင်းစည်းမှုကနေ ပေါ်ထွက်လာတာဖြစ်ပြီး အစ္စလာမ့်ထုံးတမ်းတွေ စီးဝင်နေတဲ့ တရုတ်ယဉ်ကျေးမှုစစ်စစ်တစ်ခုကို ဖြစ်တည်စေခဲ့ပါတယ်။ ဒီလို ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေကို အဓိကအားဖြင့် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းနဲ့ တရုတ်နိုင်ငံအနှံ့အပြားမှာ ယနေ့အချိန်အထိ တွေ့မြင်နိုင်ပါတယ်။ တရုတ်နိုင်ငံတစ်ဝှမ်းက ဗလီဝတ်ကျောင်းတော်တွေဟာ အစ္စလာမ့်သိပ္ပံဆိုင်ရာ ပညာရပ်တွေကို သင်ကြားရာနေရာဖြစ်သလို တ
    ရုတ်သိုင်းပညာရပ်တွေကို ထိန်းသိမ်းရာနေရာတွေလည်း ဖြစ်လို့နေပါတယ်။

    အချိန်ရှည်ကြာပြီး ကုန်တစ်တန်၊ ရေတစ်တန်သွားရတဲ့ ကုန်သွယ်ခရီးတွေမှာ မိမိကိုယ်ကို ကာကွယ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သင်ယူလေ့လာခြင်းသာမကဘဲ ဒီသိုင်းပညာတွေဟာ မွတ်စလင် သူတော်စင်ကြီးတွေအတွက် နာမ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်း နည်းလမ်းတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ မိမိရဲ့မနောကို ချုပ်တည်းထိန်းချုပ်မှုဆိုတာ သိုင်းပညာနဲ့ အစ္စလာမ့်သွန်သင်မှုတို့ကို ရောင်ပြန်ဟပ်စေတဲ့ ကျင့်ကြံမှုတစ်ခု ဖြစ်ပါတယ်။

    မိမိရဲ့ အကုသိုလ်စိတ်ကို ထိန်းချုပ်ခြင်းဆိုတဲ့ အစ္စလာမ့်ရဲ့ သွန်သင်ချက်ကို တရုတ်မွတ်စလင် သိုင်းပညာရှင်ကြီးတွေက ရုပ်ပိုင်းဆိုင်ရာနယ်ပယ်မှာပါ အသုံးပြုခဲ့ကြပါတယ်။ လက်တွေ့လိုက်နာကြသူတွေဟာ ဒီသွန်သင်ချက်ကို ရုပ်ပိုင်းရော၊ နာမ်ပိုင်းဆိုင်ရာမှာပါ အဓိကထား ကျင့်သုံးခဲ့ကြပါတယ်။ မွတ်စလင်တွေဟာ အေးဆေးတည်ငြိမ်ပြီး စိတ်ခံစားချက်ကို ရှေ့တန်းမတင်ဘဲ ဆုံးဖြတ်ချက် မှန်မှတ်ကန်ချရမယ်ဆိုတဲ့ သွန်သင်ချက်ဟာ တမန်တော် မုဟမ္မဒ်သခင်ရဲ့ “လူတို့အား လှဲချနိုင်သူသည် သူရဲကောင်းအစစ်အမှန်မဟုတ်၊ သူရဲကောင်းအစစ်မှန်ဆိုသည်မှာ ဒေါသထွက်ချိန်၌ ထိုဒေါသကို ချုပ်တည်းနိုင်သူသာဖြစ်သည်” ဆိုတဲ့ သြ၀ါဒတော်ကနေ ဆင်းသက်လာတာဖြစ်ပါတယ်။

    ဆီလတ်နဲ့ ၀ူရှူးတို့လို အမျိးမျိုးသော သိုင်းပညာတွေကို လွန်ခဲ့တဲ့ ရာစုနှစ်အနည်းငယ်အတွင်းမှာ တရုတ်မွတ်စလင်တွေက ပြည့်စုံစေခဲ့တာပါ။ တရုတ်မွတ်စလင်တွေ စတင်ဖန်တီးခဲ့တဲ့၊ ပြုပြင်ခဲ့တဲ့ သိုင်းပညာတွေလည်း များစွာရှိနေပြီး ကျောက်ချွမ် (Zhaquan) နဲ့ ပီဂွာချွမ် (Piguquan) တို့လို ကွန်ဖူးပညာတွေလည်း ဒီအထဲမှာ ပါဝင်ပါတယ်။ ဒီလို သိုင်းပညာတွေကို တစ်ခါတစ်ရံ စစ်တပ်အရာရှိတွေက ဒါမှမဟုတ် တရုတ်နိုင်ငံက မွတ်စလင်တွေ လုံခြုံမှုရှိစေဖို့ တီထွင်ဖန်တီးခဲ့ကြတာဖြ
    စ်ပြီး မျိုးဆက်ပေါင်းများစွာ လျှို့ဝှက် လက်ဆင့်ကမ်းလာခဲ့ကြတာပါ။

    တရုတ်နိုင်ငံက အစ္စလာမ်သာသနာနဲ့ ဒီလိုသိုင်းပညာတွေ ပေါင်းစည်းကြတဲ့ သမိုင်းကြောင်းမှာ ထင်ရှားတဲ့ တရုတ်မွတ်စလင် သိုင်းဆရာကြီးတွေလည်း ပေါ်ထွက်ခဲ့ပါတယ်။ ဥပမာအားဖြင့် မာစတာ ၀မ်ဇီဖျင် (၁၈၈၁-၁၉၇၃)၊ မာစတာ ချန်တုံရှန်း (၁၉၀၈-၁၉၈၆) တို့ဖြစ်ပြီး ဘာသာတရားကို နှလုံးသားထဲကိန်းဝပ်စေကာ ဒီသိုင်းပညာတွေကို လေ့ကျင့် ထိန်းကျောင်းခဲ့ကြတာပါ။ ပြီးတော့ အလ္လာဟ်အရှင်မြတ်နဲ့ နီးကပ်စေဖို့ ကျင့်ကြံအားထုတ်ရာမှာနဲ့ အစ္စလာမ်သာသနာကို သွန်သင်ဖြန့်ချီရာမှာလည်း ဒီသိုင်းပညာကို နည်းလမ်းတစ်ခုအဖြစ် အသုံးချခဲ့ပါတယ်။

    မာစတာ ၀မ်ဇီဖျင်ကတော့ ၀ူရှူး သိုင်းပညာရှင်ကြီးဖြစ်ပြီး ဘာသာတရားနဲ့တွဲကာ အဲဒီသိုင်းပညာကို ကျင့်ကြံ အားထုတ်ခဲ့တာပါ။ အလွန်ကြီးမားတဲ့ ကျောက်တုံးကြီးတွေကို မ,လျက်နဲ့ ကုရ်အာန်ကျမ်းတော်မြတ်ကို ရွတ်ဖတ်မှုဟာ သူ့ရဲ့ကျော်ကြားတဲ့ ကျင့်စဉ်တစ်ခု ဖြစ်ပါတယ်။ ကျင်ကျိုးဗလီဝတ်ကျောင်းတော်ကို သိမ်းပိုက်ဖို့ ဂျာမန်တပ်ဖွဲ့တွေရဲ့ ကြိုးစားမှုကို ဆန့်ကျင်ခဲ့တဲ့ သူ့ရဲ့ ဇာတ်ကြောင်းဟာ တရုတ်မွတ်စလင်သမိုင်းမှာ ထင်ထင်ရှားရှား မှတ်တမ်းတင်ခြင်း ခံထားရပါတယ်။ မာစတာဝမ်ဟာ တရုတ်မွတ်စလင်တွေရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အမှတ်သညာကို ထိန်းသိမ်းခဲ့ရုံသာမက စစ်သားတွေကို စိန်ခေါ်ကာ ၀ိတ်မပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သူပါ။

    အခြားသော တရုတ်သိုင်းပညာတွေကို ထုံးလိုချေ ရေလိုနှောက်ခဲ့တဲ့ မာစတာဝမ်ဟာ တရုတ်ပြည်သူတွေ လေးစားအားကျရသူတစ်ယောက်လည်းဖြစ်ပါတယ်။

    အမျိုးမျိုးသော သိုင်းပညာတွေမှာ တစ်ဖက်ကမ်းခပ်တော်ခဲ့တဲ့ မာစတာဝမ်ဟာ နိုင်ငံခြား ပြိုင်ဘက်ပေါင်းများစွာကို အနိုင်ယူနိုင်ခဲ့တဲ့ သမိုင်းရှိပါတယ်။ တပည့်တပန်းပေါင်းများစွာရှိပြီး တရုတ်ပြည်သူတွေကြားထဲ အစ္စလာမ်သာသနာ ပြန့်ပွားရေးကိုလည်း လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

    တကယ်တော့ တရုတ်နိုင်ငံမှာ သိုင်းပညာတွေနဲ့ အစ္စလာမ့် သွန်သင်မှုဟာ ထူးခြားတဲ့ ဆက်နွယ်ပတ်သက်မှုနဲ့ သမိုင်းကြောင်း ရှိနေပြီး နှစ်ခုစလုံးဟာ ပိုမိုကြီးမားတဲ့ ရည်ရွယ်ချက်မျိုး အောင်မြင်ပေါက်ရောက်နိုင်တဲ့ နည်းလမ်းတွေလည်း ပါဝင်ပါတယ်။ တရုတ်နိုင်ငံက အစ္စလာမ်သာသနာသမိုင်းမှာ ဒီလို တစ်ခုအပေါ်တစ်ခု ရောင်ပြန်ဟပ်နေခြင်းက ကမ္ဘာ့အရှေ့စွန်းစွန်းမှာ အစ္စလာမ်သာသနာပြန့်ပွားမှုကို ဦးတည်စေခဲ့သလို၊ ဒီသိုင်းပညာကို လက်တွေ့ ကျင့်သုံး ထိန်းသိမ်းမှုကလ
    ည်း စစ်မှန်တဲ့အစ္စလာမ်သာသနာနဲ့အတူ တရုတ်ယဉ်ကျေးမှုရဲ့ ထူးခြားဆန်းကျယ်မှု မပျောက်ပျက်စေတဲ့ ဓလေ့တစ်ခုကို ကာကွယ်ရာမှာ အကူအညီဖြစ်စေခဲ့ပါတယ်။

    ကမ္ဘာကျော် ဟောင်ကောင် သိုင်းရုပ်ရှင်ဖြစ်တဲ့ IP Man ဇာတ်ကားမှာ အဓိကဇာတ်ဆောင် မင်းသားကို ၀မ်ချွမ် သိုင်းပညာ သင်ကြားပေးသူက အစ္စလာမ်ဘာသာဝင် အမ်ဂျစ် အလီဖြစ်ပြီး၊ အလီဟာ အစ္စလာမ်သာသနာနဲ့ သိုင်းပညာတို့အကြားတူညီမှုတွေနဲ့ ပတ်သက်လို့ စိတ်ဝင်စားစရာ အယူအဆတွေကို ဖွင့်ပေးခဲ့သူလည်းဖြစ်ပါတယ်။

    Ref: themuslimvibe.com

  • တရုတ်နိုင်ငံတွင် ခေါက်ဆွဲဈေးများ၍ ပိုင်ရှင်ကို လာစားသူက ခေါင်းဖြတ်သတ်

    တရုတ်နိုင်ငံတွင် ခေါက်ဆွဲဈေးများ၍ ပိုင်ရှင်ကို လာစားသူက ခေါင်းဖြတ်သတ်

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၇
    M-Media

    – တရုတ်နိုင်ငံအလယ်ပိုင်း ဟူးဘေးပြည်နယ် ၀ူဟန်မြို့ရှိ စားသောက်ဆိုင်တစ်ခုတွင် ခေါက်ဆွဲဈေးနှုန်းနှင့်ပတ်သက်၍ စကားများရာမှ ဆိုင်ပိုင်ရှင်မှာ ခေါင်းဖြတ်အသတ်ခံခဲ့ရသည်ဟု သိရသည်။

    စနေနေ့က ဖြစ်ပွားခဲ့သည့် ထိုအဖြစ်အပျက်တွင် ကျူးလွန်သူမှာ ဆီချွမ်ပြည်နယ်မှ အသက် ၂၂ နှစ်အရွယ် အမျိုးသားဖြစ်သည်။ ၎င်းမှာ စားသောက်ဆိုင်တွင် ခေါက်ဆွဲ ၃ ပွဲ မှာယူပြီးနောက် ငွေရှင်းရာတွင် တစ်ပွဲကို တစ်ယွမ် ဈေးများနေသည်ဟုဆိုကာ စားသောက်ဆိုင်ပိုင်ရှင်နှင့် စကားများခဲ့သည်။

    ထို့နောက် လုံးထွေက်သတ်ပုတ်မှုဖြစ်ကာ လာရောက်စားသောက်သူမှာ မီးဖိုချောင်သုံးဓားဖြင့် ဆိုင်ရှင်၏ ခေါင်းအား ဖြတ်ခဲ့ပြီး အနီးရှိ အမှိုက်ပုံးထဲသို့ ခေါင်းကို လွှင့်ပစ်ခဲ့သည်။ ရဲတပ်ဖွဲ့ကမူ အခင်းဖြစ်ပွားခဲ့သည့် ပုံများကို ဆိုရှယ်မီဒီ ယာများတွင် လွှင့်တင်ခြင်းမပြုရန် ပြည်သူများအား မေတ္တာ ရပ်ခံခဲ့သည်။ ကျူးလွန်သူကို နေရာတွင်ပင် ဖမ်းမိခဲ့သည်။

    သေဆုံးသွားသည့် ဆိုင်ရှင်မှာ အသက် ၄၂ နှစ်အရွယ်ရှိပြီး ၎င်း၏ သူငယ်ချင်းဖြစ်သူက အဆိုပါဆိုင်ရှင်မှာ လွန်ခဲ့သည့် ၅ နှစ်က အိမ်ထောင်ကွဲခဲ့ပြီး ၁၃ နှစ်အရွယ် သားဖြစ်သူနှင့် နေထိုင်နေကြောင်း၊ ၎င်းမှာ ရိုးသားသူဖြစ်ပြီး စားသုံးသူ များကို မလိမ်တတ်ကြောင်း ပြောကြားခဲ့သည်။

    Ref: The Star