News @ M-Media

Tag: China

  • တောင်တရုတ်ပင်လယ်တွင် တရုတ်က လေကြောင်းကာကွယ်ရေးစနစ်များ ချထားပုံရ

    တောင်တရုတ်ပင်လယ်တွင် တရုတ်က လေကြောင်းကာကွယ်ရေးစနစ်များ ချထားပုံရ

    ဒီဇင်ဘာ ၁၅၊ ၂၀၁၆
    M-Media

    south
    လေကြောင်းကာကွယ်ရေး လက်နက်များ ဖြစ်ပုံရသည်ဟု ဖော်ပြထားသော ဂြိုဟ်တု ဓာတ်ပုံ

    – နိုင်ငံအများအပြားနှင့် ရေပိုင်နက် အငြင်းပွားမှုများရှိနေသော တောင်တရုတ်ပင်လယ်တွင် တရုတ်က ဆောက်လုပ်ထားသည့် ကျွန်းတု ၇ ခုစလုံးတွင် လေယာဉ်ပစ်လက်နက်နှင့် ဒုံးခွင်းလက်နက်ကဲ့သို့ လက်နက်များ တပ်ဆင်ထားပုံရသည်ဟု အာရှရေကြောင်း ပွင့်လင်းမြင်သာရေး ရှေ့ဆောင်အဖွဲ့ (AMTI) က ပြောကြားလိုက်သည်။

    ဂြိုဟ်တုပုံရိပ်များကို အခြေခံကာ အမေရိကန် တတ်သိပညာရှင်များအဖွဲ့ဖြစ်သော AMTI က ယမန်နေ့တွင် ၎င်းတို့၏ တွေ့ရှိချက်များကို ဖော်ပြခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံကမူ ကုန်သွယ်ရေးအရ မဟာဗျူဟာကျသည့် အဆိုပါ ပင်လယ်ပြင်ရှိ ကျွန်းများတွင် စစ်ဖက်နေရာများဖြစ်အောင် ဆောင်ရွက်လိုခြင်းမရှိဟု ယခင်က ပြောကြားထားသည်။

    AMTI ကမူ စပရက်တလေကျွန်းစုရှိ ဖာယာရီခရော့စ်၊ မစ်ချီဖ်နှင့် ဆူဘီ ကျွန်းများတွင် ဆဌဂံပုံ အဆောက်အဦးများကို ဇွန်လနှင့် ဇူလိုင်လကတည်းက စောင့်ကြည့်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ တရုတ်မှာ အဆိုပါကျွန်းစုတွင် စစ်သုံး လေယာဉ်ကွင်းတစ်ခုကိုလည်း တည်ဆောက်ထားခဲ့သည်။

    ဂြိုဟ်တုဓာတ်ပုံများအရ အဆိုပါ အဆောက်အဦးများမှာ လေယာဉ်ပစ်စက်သေနက်၊ ခရုဇ်ဒုံးကျည်များဖြင့် တိုက်ခိုက်မှုကို ကာကွယ်သောစနစ် CIWS နှင့် တူညီသည့် အဆောက်အဦးများဖြစ်သည်ဟု AMTI က ဆိုသည်။

    အဖွဲ့၏ ဒါရိုက်တာဖြစ်သူ ဂရဂ်ျ ပိုလင်းကမူ မိမိတို့အနေဖြင့် အဆိုပါ အဆောက်အဦးများ၏ ရည်ရွယ်ချက်ကို သိရှိရန်အတွက် လပေါင်းများစွာ ဆန်းစစ်ခဲ့ပြီး ယခုအချိန်တွင် ယုံကြည်မှုအပြည့်ဖြင့် ထုတ်ပြောခြင်းဖြစ်ကြောင်း၊ သို့သော်လည်း အဆိုပါ စနစ်များက မည်မျှကြီးမားပြီး၊ မည်မျှ အဆင့်မြင့်သလဲဆိုသည်ကို မသိရှိသေးကြောင်း ပြောကြားခ့သည်။

    တရုတ်နိုင်ငံကမူ ထိုပြောကြားမှုအတွက် မည်သည့်တုန့်ပြန်မှုမှ မပြုလုပ်သေးပေ။

    Ref : Aljazeera

  • ထရမ့်က ထိုင်ဝမ်သမ္မတကို ဖုန်းဆက်စကားပြောမှု တရုတ် ကန့်ကွက်

    ထရမ့်က ထိုင်ဝမ်သမ္မတကို ဖုန်းဆက်စကားပြောမှု တရုတ် ကန့်ကွက်

    ဒီဇင်ဘာ ၃၊ ၂၀၁၆
    M-Media

    us

    – အမေရိကန်၏ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ထိုင်ဝမ်သမ္မတအား ဖုန်းခေါ်ဆို စကားပြောမှုကို တရုတ်နိုင်ငံက ကန့်ကွက်လိုက်ပြီး ကမ္ဘာပေါ်တွင် တရုတ်တစ်နိုင်ငံတည်းသာ ရှိသည်ဟု ပြောကြားခဲ့သည်။

    တရုတ်မှာ ထိုဝမ်အား ၁၉၇၉ ခုနှစ်ကတည်းမှစ၍ ပြည်မကြီး၏ ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ထားပြီး အမေရိကန်ကလည်း အဆိုပါ သဘောထားကို အသိအမှတ်ပြုကာ ‘တရုတ်တစ်နိုင်ငံတည်း’ ပေါ်လစီကို အခြေခံ၍ နှစ်နိုင်ငံ အပြန်အလှန် သံတမန်ရေးရာအရ ဆက်သွယ်နေခြင်းဖြစ်သည်။ ထို့ကြောင့် အမေရိကန်နှင့် ထိုင်ဝမ်တို့မှာ သီးသန့် သံအဆက်အသွယ် မရှိပေ။

    ထရမ့်၏ အသွင်ကူးပြောင်းရေးအသင်းက ထရမ့်မှာ ထိုင်ဝမ်သမ္မတ တိုင်ယင်ဝမ်နှင့် သောကြာနေ့က ဖုန်စကားပြောဆိုခဲ့ပြီး နှစ်နိုင်ငံအကြား ရှိပြီးသား စီးပွားရေး၊ နိုင်ငံရေး၊ လုံခြုံရေးဆိုင်ရာ ကူးလူးဆက်ဆံမှုများအကြောင်း ဆွေးနွေးခဲ့ကာ ထရမ့်ကလည်း ထိုင်ဝမ်သမ္မ၏ ယခုနှစ်အစောပိုင်း ရွေကောက်ပွဲတွင် အနိုင်ရရှိမှုအတွက် ဂုဏ်ပြုခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

    အဆိုပါဖုန်းခေါ်ဆိုမှုမှာ ၁၉၇၉ ခုနှစ် တရုတ်နှင့် အမေရိကန်တို့အကြား သံတမန်အဆက်အသွယ် စတင်ပြီးကတည်းက ထိုင်ဝမ်ခေါင်းဆောင်နှင့် အမေရိကန်ခေါင်းဆောင်တို့အကြား ပထမဆုံး စကားပြောဆိုမှုလည်း ဖြစ်သည်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့တွင် ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ထိုလုပ်ရပ်ကို ကန့်ကွက်ကြောင်း အမေရိကန်ဖက်သို့ ပြောကြားခဲ့သည်ဟု ဆိုသည်။

    “ကမ္ဘာမှာ တရုတ်နိုင်ငံ တစ်နိုင်ငံတည်းရှိတယ်လို့ ကျွန်တော် ပြောလိုပါတယ်။ ထိုင်ဝမ်ဟာ တရုတ်ပိုင်နက်နဲ့ ခွဲလို့မရတဲ့ အစိတ်အပိုင်းတစ်ခုပါ။ တရုတ်တစ်နိုင်ငံတည်း ပေါ်လစီကလည်း တရုတ်-အမေရိကန် ဆက်ဆံရေးရဲ့ နိုင်ငံရေး အုတ်မြစ်ပါပဲ” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဂျန်ရွှမ်းက ပြာကြားခဲ့သည်။

    ထို့ပြင် တရုတ်-အမေရိကန် အမိန့်ပြန်တမ်း ၃ ခုတွင် ဖော်ပြထားသည့် ကတိကဝတ်များနှင့်အညီ တရုတ်တစ်နိုင်ငံတည်းပေါ်လစီအား မစွန့်လွှတ်ရန်၊ မိမိတို့နှစ်နိုင်ငံ ဆက်ဆံရေးတွင် မလိုလားအပ်သော အနှောက်အယှက်များ မဖြစ်စေရေးအတွက် ထိုင်ဝမ်နှင့်သက်ဆိုင်သည့် ကိစ္စများကို ဂရုတစိုက် ကိုင်တွယ်ဆောင်ရွက်ရန်လည်း ဂျန်ရွှမ်းက တိုက်တွန်းပြောကြားခဲ့သည်။

    Ref: CNN

  • တရုတ်က တိုက်တန်းနစ်သင်္ဘောပုံတူ တည်ဆောက်နေ

    တရုတ်က တိုက်တန်းနစ်သင်္ဘောပုံတူ တည်ဆောက်နေ

    ဒီဇင်ဘာ ၂၊ ၂၀၁၆
    M-Media

    titanic

    – အများပြည်သူများ အပန်းဖြေနားနေရာတစ်ခုတွင် အလှထားရှိရန်အတွက် တရုတ်နိုင်ငံမှာ ကမ္ဘာကျော် တိုက်တန်းနစ်သင်္ဘော၏ အရွယ်အစားအတိုင်း ပုံတူသင်္ဘောတစ်စီးကို တည်ဆောက်နေသည်ဟု သိရသည်။

    ၂၆၉ မီတာ ရှည်လျားမည့် အဆိုပါ တိုက်တန်းနစ်သင်္ဘော ပုံတူကို ကြာသာပတေးနေ့က စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဆီချွမ်ပြည်နယ် ကျေးလက်ဒေသမှ အပန်းဖြေအနားယူရာ နေရာတစ်ခုရှိ ရေကန်ထဲတွင် ထားရှိသွားမည်ဖြစ်သည်။

    အဆိုပါ ပုံတူသင်္ဘောတွင် ကပွဲခန်းမ၊ ပြဇာတ်ရုံ၊ ရေကူးကန်၊ ပထမတန်း အိပ်ဆောင်များ အပါအ၀င် တိုက်တန်းနစ် သင်္ဘောအစစ်တွင် ပါဝင်ခဲ့သည့် အတွင်းပိုင်း ပုံစံအားလုံးကိုလည်း ထည့်သွင်း တည်ဆောက်မည်ဖြစ်သည်။ ထို့ပြင် သင်္ဘောပေါ်တွင် ၀ိုင်ဖိုင်လည်း အသုံးပြု၍ ရမည်ဖြစ်ကာ အပန်းဖြေနေရာ၏ အဓိက ပြယုဂ် ဖြစ်လာမည်ဖြစ်သည်။

    ယွမ် ၁ ဘီလီယံ (ကန်ဒေါ်လာ ၁၁၅ သန်း) အကုန်အကျခံတည်ဆောက်မည့် အဆိုပါ အစီအစဉ်ကို ၂၀၁၄ ခုနှစ်ကတည်းက စတင်ကြေငြာခဲ့ခြင်းဖြစ်သည်။

    titanic-2
    တိုက်တန်းနစ်သင်္ဘောပုံတူ ထားမည့် စီချွမ်ပြည်နယ်မှာ အပန်းဖြေဥယျဉ် ပုံစံငယ်

    သူခေတ်သူ့အခါက ကမ္ဘာ့အကြီးဆုံးနှင့် အန္တရာယ်အကင်းဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည့် တိုက်တန်းနစ်သင်္ဘောအစစ်ကို အင်္ဂလန်နိုင်ငံ ဘဲလ်ဖက်စ်မြို့တွင် Harland and Wolff ကုမ္ပဏီက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၁၉၁၂ ခု ဆောက်သက်တမ်မှ နယူးယောက်သို့ ပထမဆုံး ခရီးစဉ်မှာပင် အတ္တလန်တိတ်သမုဒ္ဒရာ၌ ရေခဲတောင်ဖြင့်တိုက်မိ၍ နစ်မြုပ်ခဲ့ကာ လူ ၁၅၀၀ ကျော် သေဆုံးခဲ့သည်။

    ၁၉၉၇ ခုနှစ်က ထိုအဖြစ်အပျက်ကို ဟောလီးဝုဒ်က မင်းသား လီယိုနာဒို ဒီကာပရီယို၊ မင်းသမီး ကိတ်ဝင်းစလက်တို့ဖြင့် ရိုက်ကူးခဲ့ပြီး တရုတ်နိုင်ငံအပါအ၀င် ကမ္ဘာတစ်ဝှမ်း၌ အောင်မြင်ခဲ့သည်။ အဆိုပါ ဇာတ်ကား ရိုက်ကူးခဲ့စဉ်က ဒါရိုက်တာ ဂျိမ်းစ် ကင်မရွန်းမှာ မူလသင်္ဘောနှင့် ၉၀ ရာခိုင်နှုန်းတူညီသည့် သင်္ဘောပုံတူကို တည်ဆောက်ကာ ရိုက်ကွင်းအတွက် အသုံးချခဲ့သည်။

    titanic-3
    တရုတ်နိုင်ငံမှ တိုက်တန်းနစ်သင်္ဘောပုံတူ ဆောက်လုပ်ရေး လုပ်ငန်းခွင်

    ၂၀၁၂ ခုနှစ်က သြစတေးလျဘီလျံနာ ကလိုက်ဗ် ပါလ်မာက ရာနှုန်းပြည့်ပုံတူတစ်စီး ဆောက်လုပ်ရန် စီစဉ်ခဲ့သော်လည်း အထ မေမြောက်ခဲ့ပေ။

    တရုတ်နိုင်ငံတွင် ပြည်တွင်း ခရီးသွားလုပ်ငန်းမှာ ဖွံ့ဖြိုးလာခဲ့ပြီး အစိုးရကိုယ်တိုင်က အဆိုပါလုပ်ငန်းကို မြှင့်တင်ပေးနေခြင်းဖြစ်သည်။

    Ref: BBC

    titanic-4
    ၁၉၁၂ ခုနှစ်တွင် အတ္တလန်တိတ် သမုဒ္ဒရာ၌ နစ်မြုပ်ခဲ့သည့် တိုက်တန်းနစ် သင်္ဘော အစစ်
  • တရုတ် ဆောက်လုပ်ရေးလုပ်ငန်းခွင် ပြိုကျမှု ၆၀ ကျော် သေဆုံး

    တရုတ် ဆောက်လုပ်ရေးလုပ်ငန်းခွင် ပြိုကျမှု ၆၀ ကျော် သေဆုံး

    နိုဝင်ဘာ ၂၄၊ ၂၀၁၆
    M-Media

    china-3

    – စက်မှုလုပ်ငန်းဆိုင်ရာ မတော်တဆမှုများ အဖြစ်များသော တရုတ်နိုင်ငံတွင် ဆောက်လုပ်ဆဲ ဓာတ်အားပေးစက်ရုံ၏ အစိတ်အပိုင်းတစ်ခု ပြိုကျမှုကြောင့် အနည်းဆုံး လူ ၆၇ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

    နိုင်ငံအလယ်ပိုင်း ကျန်ရှီပြည်နယ် ဖုန်ချန်းမြို့တွင် ယနေ့မနက်ပိုင်းက ဓာတ်အားပေးစက်ရုံ၏ အအေးခံမျှော်စင် ပြိုကျခဲ့ခြင်းဖြစ်ပြီး အပျက်အဆီးများအောက်တွင် ပိတ်မိနေသူများလည်း ရှိနေသည်။

    လက်ရှိတွယ် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေပြီး မီးသတ်ကားများ၊ စစ်သားများကိုလည်း တပ်ဖြန့်ချထားသည်ဟု ပြည်နယ် မီးသတ်ဌာနက ပြောကြားခဲ့သည်။

    စောစောပိုင်းတွင် သေဆုံးသူ ၄၀ ရှိသည်ဟု ရှင်ဟွာသတင်းဌာနက သတင်းထုတ်ပြန်ခဲ့ပြီး ဒဏ်ရာရရှိသူ ၅ ဦးမှာလည်း ဆေးရုံ၌ ဆေးကုသမှု ခံယူနေသည်ဟု ဆိုသည်။ ပြိုကျမှုဖြစ်ပွားချိန်တွင် လုပ်ငန်းခွင်၌ အလုပ်သမား စုစုပေါင်း ၆၈ ဦး ရှိနေသည်။

    အဆိုပါ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံကို ပြီးခဲ့သည့်ဇူလိုင်လက စတင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ် အစောပိုင်းတွင် ပြီးမည်ဟု ခန့်မှန်းထားသည်။

    ဘေးအန္တရာယ်ကင်းရှင်းရေး စံနှုန်းများကို လိုက်နာမှု အားနည်းသောကြောင့် တရုတ်နိုင်ငံတွင် စက်မှုလုပ်ငန်းဆိုင်ရာ မတော်တဆမှုများမှာ ပုံမှန်လိုလို ဖြစ်ပွားနေသည်။

    Ref: Aljazeera

  • မိမိတို့လုံခြုံရေးအဖွဲ့ကို တူရကီဝင်လျှင် စဉ်းစားပေးမည်ဟု တရုတ်ပြော

    မိမိတို့လုံခြုံရေးအဖွဲ့ကို တူရကီဝင်လျှင် စဉ်းစားပေးမည်ဟု တရုတ်ပြော

    နိုဝင်ဘာ ၂၂၊ ၂၀၁၆
    M-Media

    – ရုရှားနှင့်တရုတ်တို့ ဦးဆောင်သည့် လုံခြုံရေးအဖွဲ့သို့ ၀င်ရောက်ရန် တူရကီမှ လျှောက်ထားလာပါက မိမိတို့အနေဖြင့် လက်ခံရန် စဉ်းစားသွားမည်ဟု တရုတ်နိုင်ငံက ပြောကြားလိုက်သည်။

    တူရကီသမ္မတ အာဒိုဂန်က တူရကီအနေဖြင့် ‘ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့’ ကို ၀င်ရောက်လာနိုင်သည်ဟု တနင်္ဂနွေနေ့က ပြောကြားခဲ့ပြီးနောက် တရုတ်၏ ယခုကဲ့သို့ တုန့်ပြန်မှု ပေါ်ထွက်လာခြင်းဖြစ်သည်။

    အဆိုပါ လုံခြုံရေးအဖွဲ့ကို တရုတ်၊ ရုရှားနှင့် ဗဟိုအာရှ လေးနိုင်ငံဖြစ်သည့် ကာဇက်စတန်၊ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်နှင့် ဥဇဘက်ကစ္စတန်တို့က အိမ်နီးချင်း အာဖဂန်နစ္စတန်နိုင်ငံမှ အစွန်းရောက်အန္တရာယ်နှင့် မူးယစ်ဆေးဝါး အန္တရာယ်များကို တိုက်ဖျက်ရန်အတွက် ၂၀၀၁ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဂျန်ရှောင်းက တူရကီနိုင်ငံသည် ၎င်းတို့အဖွဲ့အစည်းနှင့် ဆွေးနွေးဆဲ မိတ်ဖက်နိုင်ငံဖြစ်နေပြီး၊ တရုတ်နှင့်လည်း အချိန်အတော်ကြာ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်မှု ရှိထားသည်ဟု ပြောကြားခဲ့သည်။

    ဤသို့ ပူးပေါင်းဆောင်ရွက်ခြင်းကို ခိုင်မာအားကောင်းရန် တူရကီနိုင်ငံ၏ ဆန္ဒကလည်း တရုတ်အတွက် အလွန်အရေးပါကြောင်း၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သို့ ၀င်ရောက်ရန် တူရကီက လျှောက်ထားလျှင် မိမိတို့က စဉ်းစားပေးသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    တူရကီမှာ ဥရောပသမဂ္ဂသို့ ၀င်ရောက်ရန် ကြိုးစားနေသော်လည်း မအောင်မြင်သေးဘဲ အာဒိုဂန်ကမူ မိမိတို့အနေဖြင့် ဥရောပသမဂ္ဂသို့ လုံးဝ ၀င်ရောက်ရန် မလိုဘဲ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အဖွဲ့ဝင်သာ ဖြစ်လာနိုင်ကြောင်း မှတ်ချက်ပြုခဲ့သည်။

    ယခုကဲ့သို့ တရုတ်နှင့် ရုရှားတို့ ဦးဆောင်သည့် လုံခြုံရေးအဖွဲ့သို့ ၀င်ရောက်ပါက မဟာမိတ်နိုင်ငံများနှင့် ၎င်း၏ နေတိုးအဖွဲ့ဝင်နိုင်ငံများအတွက် စိုးရိမ်စရာ ဖြစ်လာမည်ဖြစ်သည်။

    Ref : CNA