News @ M-Media

Tag: China

  • ကာဘွန်အလွန်ထွက်သည့်ကားများကို ဘေဂျင်းတွင် ပိတ်ပင်မည်

    ကာဘွန်အလွန်ထွက်သည့်ကားများကို ဘေဂျင်းတွင် ပိတ်ပင်မည်

    နိုဝင်ဘာ ၂၂၊ ၂၀၁၆
    M-Media

    – ဘေဂျင်းမြို့ထဲနှင့် အနီးတစ်ဝိုက်ရှိ လေထုအရည်အသွေးနှင့်ပတ်သက်၍ သတိပေးချက် ထုတ်ပြန်ထားသော ဒေသများတွင် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ဖြစ်စေသော ကားအိုကားဟောင်းများ မောင်းနှင်ခြင်းကို လာမည့်နှစ်တွင် ပိတ်ပင်သွားမည်ဟု တရုတ်နိုင်ငံမြို့တော် ဘေဂျင်း၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဗျူရိုက ယမန်နေ့တွင် ပြောကြားလိုက်သည်။

    တရုတ်နိုင်ငံမြောက်ပိုင်းတွင် ဆောင်းရာသီကာလ၌ လေထုတွင် မြူခိုးဖုံးလွှမ်းမှုများ ဖြစ်တတ်ပြီး ကားမောင်းရာနှင့် ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်သော ထိုအခြေနေကို ထိန်းချုပ်နိုင်ရန်အတွက် တရုတ်နိုင်ငံမှာ ပြီးခဲ့သည့် နှစ်များအတွင်း လေထုသန့်ရှင်းရေး အစီအစဉ်များစွာကို ဆောင်ရွက်ခဲ့သည်။

    ယခုအစီအစဉ်မှာ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှစတင်ကာ ကာဘွန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ အစိုးရ၏ လက်ရှိစံချိန်စံညွှန်းများနှင့် မကိုက်ညီသည့် မော်တော်ယာဉ်များ – ၁၀ နှစ်ကျော်သက်တမ်းရှိယာဉ်များကို – မြို့တော်ဘေဂျင်း၊ ဟီဘေးပြည်နယ်နှင့် တီယန်ဂျင်းပြည်နယ်တို့ရှိ အနီရောင် သို့မဟုတ် လိမ္မော်ရောင် သတိပေးချက်များ ထုတ်ပြန်ထားသည့် ဒေသများတွင် မောင်းနှင်ခြင်းကို ပိတ်ပင်သွားမည်ဖြစ်သည်။

    တားမြစ်ချက်ချိုးဖောက်သည့် မော်တော်ယာဉ်များကို လမ်းမပေါ် မောင်းနှင်သွားလာသည့် လေးနာရီတိုင်းအတွက် ယွမ် ၁၀၀ ကောက်ခံမည် ဖြစ်သည်။

    ဘေဂျင်းမြို့တော်အစိုးရမှာ ကာဘွန်ထုတ်လွှတ်မှုကို လျှော့ချရန်အတွက် မြို့အတွင်းမောင်းနှင်သည့် ယာဉ်များ လျော့နည်းစေရန် နံပါတ်ပြားများကန့်သတ်ခြင်း၊ လျပ်စစ်ကားများ ၀ယ်ယူရန်အတွက် ချေးငွေထုတ်ပေးခြင်းတို့ကို ဆောင်ရွက်လျက် ရှိနေသည်။

    Ref : CNA

  • မိမိတို့နှင့်ပူးပေါင်းခြင်းက ကန်အတွက် တစ်ခုတည်းသော ရွေးချယ်ခွင့်ဟု တရုတ်သမ္မတ ပြော

    မိမိတို့နှင့်ပူးပေါင်းခြင်းက ကန်အတွက် တစ်ခုတည်းသော ရွေးချယ်ခွင့်ဟု တရုတ်သမ္မတ ပြော

    နိုဝင်ဘာ ၁၅၊ ၂၀၁၆
    M-Media

    china-2

    – ကမ္ဘာ့အကြီးဆုံး စီးပွားရေးရှိသည့် နိုင်ငံကြီးနှစ်ခုဖြစ်သည့် တရုတ်နှင့် အမေရိကန်အနေဖြင့် နှစ်နိုင်ငံကြားဆက်ဆံရေးကို ထိန်းသိမ်းရန်အတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေးသာ နောက်ဆုံးနည်းလမ်းဖြစ်သည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်ကို အကြံပြုပြောကြားလိုက်သည်။

    “တရုတ်နဲ့ အမေရိကန်အတွက် တစ်ခုတည်းသော ရွေးချယ်စရာနည်းလမ်းက ပူးပေါင်းဆောင်ရွက်ရေးသာ ဖြစ်တဲ့အကြောင်းကို အချက်အလက်တွေက သက်သေပြနေပါတယ်” ဟု ဖုန်းဖြင့် စကားပြောဆိုမှုအတွင်း ရှီက ထရမ့်အား ပြောကြားခဲ့သည်ဟု CCTV သတင်းဌာနမှ ဖော်ပြခဲ့သည်။

    ထို့ပြင် ပိုမိုကောင်းမွန်သည့် တရုတ်-အမေရိကန်ဆက်ဆံရေး ဖြစ်လာရန်အတွက် မိမိတို့နှစ်ဖက်စလုံးမှာ ကြိုးပမ်းအားထုတ်ရန်၊ နှစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့ကို တိုးမြှင့်ရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    ထရမ့်၏ ရွေးကောက်ပွဲအနိုင်ရမှုအတွက် ချီးကျူးသည့်အနေဖြင့် ပြုလုပ်သည့် အဆိုပါ ဖုန်းခေါ်ဆိုမှုတွင် ရှီက မိမိတို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုမှာ ကမ္ဘာကြီးနှင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးကို မြှင်တင်ပေးခဲ့သည်ဟု ဆိုသည်။

    ခေါင်းဆောင်နှစ်ဦးမှာ နီးကပ်သည့် ဆက်ဆံရးကို ထိန်းသိမ်းရး သဘောတူညီခဲ့ပြီး မကြာမီ တွေ့ဆုံရန်လည်း ရှိနေသည်။

    Ref : Presstv

  • ခွဲထွက်မှုကို သည်းခံမည်မဟုတ်ဟု ထိုင်ဝမ်ကို တရုတ်သတိပေး

    ခွဲထွက်မှုကို သည်းခံမည်မဟုတ်ဟု ထိုင်ဝမ်ကို တရုတ်သတိပေး

    နိုဝင်ဘာ ၁၂၊ ၂၀၁၆
    M-Media

    china

    – တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်လူမျိုးအားလုံး စည်းလုံးညီညွှတ်ရန် တိုက်တွန်းလိုက်ပြီး မည်သည့်ခွဲထွက်ရေး လှုပ်ရှားမှုကိုမဆို လုံးဝ သည်းခံမည်မဟုတ်ဟု ပြောကြားလိုက်သည်။

    “ကျွန်တော်တို့အနေနဲ့ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်း၊ မည်သည့်နိုင်ငံရေးပါတီကိုမှ ဘယ်အချိန် ဘယ်နည်း လမ်းမျိုးနဲ့မဆို တရုတ်နိုင်ငံရဲ့ နယ်နမိတ်က ခွဲထွက်ခွင့်ပေးမှာ မဟုတ်ပါဘူး” ဟု တရုတ်နိုင်ငံ၏ ပထမဆုံး သမ္မတ ဆွန်ယက်ဆင်၏ နှစ် ၁၅၀ မြောက် မွေးနေ့အဖြစ် ဘေဂျင်းရှိ ပြည်သူ့ခန်းမကြီးတွင် ယမန်နေ့က ပြုလုပ်သော အခမ်းအနားတွင် ရှီက ပြောကြားခဲ့သည်။

    ထို့ပြင် တိုင်းပြည်၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်ကို ကာကွယ်စောင့်ရှောက်သွားမည်ဟုလည်း သန္ဓိဌာန်ပြုခဲ့သည်။

    “ကျွန်တော်တို့ရဲ့ ပိုင်နက်နယ်နိမိတ်နဲ့ နိုင်ငံတော်အချုပ်အခြာအာဏာကို တည်တံ့ခိုင်မြဲချင်ရင် ကျွန်တော်တို့တိုင်းပြည်ကို နောက်ထပ်ခွဲထွက်ခွင့်၊ သမိုင်းတကျော့ပြန်လည်ခွင့် လုံးဝမပေးဖို့ပါပဲ။ ဒါဟာ ပြည်သူတွေနဲ့ ကျွန်တော်တို့ သမိုင်းအပေါ် ခိုင်ခိုင်မာမာ ကတိပြုလိုက်တာပဲ ဖြစ်ပါတယ်”

    သမ္မတမှာ ထိုင်ဝမ်၏ ခွဲထွက်ရေးကြိုးပမ်းမှုအား တရုတ်နှင့် ထိုင်ဝမ်ပြည်သူများ၊ ကမ္ဘာတစ်ဝှမ်းရှိ တရုတ်လူမျိုးများအားလုံးက ညီညီညွတ်ညွတ် ဆန့်ကျင်ရန်၊ ထိုင်ဝမ်ခေါင်းဆောင်များအနေဖြင့် ထိုဝမ်ကျွန်းနှင့် တရုတ်ပြည်မကြီးတို့မှာ တစ်ခုတည်းသော တရုတ်နိုင်ငံ၏ အစိတ်အပိုင်းဖြစ်သည်ဆိုသော ယူဆချက်ကို လက်ခံရန် တိုက်တွန်းခဲ့သည်။

    ၁၉၉၂ ခုနှစ် ထိုင်ဝမ်နှင့် တရုတ်တို့၏ သဘောတူညီချက်အရ တရုတ်တစ်နိုင်တည်းပေါ်လစီကို နှစ်ဖက်စလုံးက လက်ခံခဲ့သော်လည်း ဇန်န၀ါရီလက အာဏာရလာသည့် ထိုင်ဝမ်သမ္မတသစ်ကမူ ထိုအယူဆကို လက်ခံကြောင်း သို့မဟုတ် ငြင်းပယ်ကြောင်း ပြောကြားခဲ့ခြင်းမရှိချေ။

    Ref; Presstv

  • တရုတ်လုံခြုံရေးအရာရှိတစ်ဦး အင်တာပိုဥက္ကဌဖြစ်လာ

    တရုတ်လုံခြုံရေးအရာရှိတစ်ဦး အင်တာပိုဥက္ကဌဖြစ်လာ

    နိုဝင်ဘာ ၁၁၊ ၂၀၁၆
    M-Media

    interpol

    – နိုင်ငံတကာ ရာဇ၀တ်မှုဆိုင်ရာရဲတပ်ဖွဲ့ (အင်တာပို)သည် ၎င်းတို့၏ ဥက္ကဌသစ်အဖြစ် တရုတ် အကြီးတန်းလုံခြုံရေးအရာ ရှိတစ်ဦးကိုလည်းကောင်း၊ ဒုတိယဥက္ကဌအဖြစ် ရုရှားအရာရှိတစ်ဦးကိုလည်းကောင်း ခန့်အပ်ခဲ့သည်ဟု သိရသည်။

    အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့တွင် နိုဝင်ဘာ ၇ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် အင်တာပို၏ ၈၅ ကြိမ်မြောက် အထွေထွေညီလာခံတွင် ထိုကဲ့သို့ ခန့်အပ်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါအဖွဲ့၏ Twitter စာမျက်နှာတွင် ဖော်ပြထားသည်။ ဥက္ကဌဖြစ်သူမှာ တရုတ်ပြည်သူ့လုံခြုံရေး ဒုတိယ၀န်ကြီး မန် ဟောင်ဝေးဖြစ်ပြီး ဒုတိယဥက္ကဌမှာ မော်စကိုရှိ အင်တာပို၏ အမျိုးသားဗဟိုဗျူရိုဌာနခေါင်းဆောင် အလက်ဇန်းဒါး ပရိုကိုချော့ ဖြစ်သည်။

    တရုတ်အရာရှိတစ်ဦးကို ယခုကဲ့သို့ ဥက္ကဌအဖြစ် ခန့်အပ်မှုက တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ခြစားမှုတိုက်ဖျက်ရေး အစိတ်အပိုင်းတစ်ခုဖြစ်သော ပြည်တွင်း လာဘ်ပေးလာဘ်ယူမှု တွန်းလှန်ရေးကို တွန်းအားဖြစ်စေမည်ဖြစ်သည်။ ထို့ပြင် ခြစားမှုအတွက် အလိုရှိသူများ နိုင်ငံပြင်ပသို့ တိမ်းရှောင်သွားသည့်အခါ လိုက်လံဖမ်းဆီးရာတွင် တရုတ်နိုင်ငံအတွက် ပိုမို အဆင်ပြေစေမည်ဖြစ်သည်။

    အင်တာပိုအဖွဲ့ကို ၁၉၂၃ ခုနှစ်တွင် စတင်ထူထောင်ခဲ့ပြီး လက်ရှိတွင် အဖွဲ့ဝင်နိုင်ငံ ၁၉၀ ရှိကာ ကုလသမဂ္ဂပြီးနောက် ဒုတိယအကြီးဆုံး နိုင်ငံတကာအဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ၀န်ထမ်းပေါင်း ၈၀၀ ခန့်ရှိပြီး နှစ်စဉ်အသုံးစရိတ်သည် ယူရို သန်း ၈၀ ခန့်ရှိကာ အများစုကို အဖွဲ့ဝင်နိုင်ငံများက ထည့်ဝင်ခြင်းဖြစ်သည်။

    Ref : Presstv

  • တရုတ်က ကိုယ်ပျောက်တိုက်လေယာဉ်ကို ပထမဆုံး ထုတ်ပြ

    တရုတ်က ကိုယ်ပျောက်တိုက်လေယာဉ်ကို ပထမဆုံး ထုတ်ပြ

    နိုဝင်ဘာ ၁၊ ၂၀၁၆
    M-Media

    stealth-2

    – တရုတ်နိုင်ငံက ၎င်းတို့၏ ပြည်တွင်းဖြစ် ကိုယ်ပျောက်တိုက်လေယာဉ်ကို ယနေ့တွင် ပထမဆုံးအကြိမ် ထုတ်ဖော်ပြသလိုက်သည်ဟု သိရသည်။

    Chengdu J-20 ဟုအမည်ပေးထားပြီး အင်ဂျင်နှစ်လုံးတပ် အဆိုပါ တိုက်လေယာဉ်ကို နိုင်ငံတောင်ပိုင်း ဇွန်ဟိုင်းမြို့တွင် ယနေ့ပြုလုပ်သည့် တရုတ်လေကြောင်းပြပွဲ Airshow China ဖွင့်ပွဲအခန်းအနားတွင် ၁ မိနစ်ကြာ ပျံသန်းပြသခဲ့ခြင်းဖြစ်သည်။

    “J-20 တိုက်လေယာဉ်ဟာ ကိုယ်ပိုင်မျိုးဆက်သစ် ကိုယ်ပျောက်တိုက်လေယာဉ်ဖြစ်ပြီး အနာဂတ်စစ်မြေပြင် လိုအပ်ချက်တွေနဲ့ ကိုက်ညီအောင် ဖန်တီးထားတာဖြစ်ပါတယ်” ဟု တရုတ် လေတပ်မှ ပြောရေးဆိုခွင့်ရှိသူ ရှင်ကျီခီက ပြောကြားခဲ့သည်။

    အဆိုပါလေယာဉ်မှာ တရုတ်လေတပ်၏ တိုက်ခိုက်နိုင်စွမ်းကို ပိုမိုအားကောင်းလာစေမည်ဖြစ်ပြီး တိုင်းပြည်၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ပိုင်နက်တို့ကို ထိန်းသိန်းရေး စစ်တပ်၏ တာဝန်အတွက် အကူအညီဖြစ်စေမည်ဟုလည်း ၎င်းက ဆိုသည်။

    J-20 တိုက်လေယာဉ်များမှာ အမေရိကန်က ပစိဖိတ်ဒေသတွင် မကြာမီချထားတော့မည့် F-22 တိုက်လေယာဉ်များကို ယှဉ်ရန်ဖြစ်သည်ဟု ယူဆရသည်။ ကျွမ်းကျင်သူများကမူ အမေရိကန်၏ F-22 ကိုယ်ပျောက်လေယာဉ်နှင့် ယခု တရုတ်၏ J-20 လေယာဉ်တို့အား နှိုင်းယှဉ်ရန် စောလွန်းသည်ဟု ပြောကြားခဲ့သည်။

    ၂၀၁၄ ခုနှစ်ကလည်း ထိုကဲ့သို့ လေကြောင်းပြပွဲတွင် ပြည်ထွင်းထုတ် ရေဒါရှောင်ကွင်းနိုင်သော J-31 တိုက်လေယာဉ်များကို တရုတ်က ထုတ်ဖော်ပြသဖူးသည်။

    Ref: Press TV