News @ M-Media

Tag: China

  • အမေရိကန်၏ ရေပိုင်နက်ကျော်မှုအတွက် တရုတ်က ပြင်းထန်စွာ ရှုတ်ချ

    အမေရိကန်၏ ရေပိုင်နက်ကျော်မှုအတွက် တရုတ်က ပြင်းထန်စွာ ရှုတ်ချ

    အောက်တိုဘာ ၂၃၊ ၂၀၁၆
    M-Media

    china-2

    – တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားရေပိုင်နက်အနီး အမေရိကန်စစ်သင်္ဘောတစ်စင်း သွားလာမှုကို တရုတ်က ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး ဥပဒေဘောင်ကို ကျော်လွန်သည့်လုပ်ရပ်၊ ရန်စသည့်အပြုအမူ ဖြစ်သည်ဟု ပြောကြားလိုက်သည်။

    ပါရာဆဲလ်ကျွန်းစုရှိ တရုတ်ရေပိုင်နက်ထဲသို့ အမေရိကန်သင်္ဘောတစ်စီး သောကြာနေ့က ၀င်ရောက်ခဲ့ခြင်းဖြစ်ပြီး မိမိတို့ ရေတပ်သင်္ဘော ၂ စင်းက သတိပေးခဲ့ရကြောင်း သောကြာနေ့ညပိုင်းက တရုတ် ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည် ကြေငြာချက်တွင် ဖော်ပြထားသည်။

    တရုတ်မှာ ဗီယက်နမ်နှင့် ထိုင်ဝမ်တို့ ပိုင်ဆိုင်သည်ဟု ပြောကြားသည့် ကျွန်းများကိုလည်း ထိန်းချုပ်ထားသည်။ ကာကွယ်ရေးဝန်ကြီးဌာနကမူ တရုတ်နိုင်ငံပိုင်နက်အတွင်းသို့ ၀င်ရောက်မှုမှာ တရားဥပဒေကို ဆိုးရွာစွာ ချိုးဖောက်မှုဖြစ်ပြီး တင်မတကာ ရန်စခြင်းဖြစ်ကြောင်း ကြေငြာချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။

    နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည် ကြေငြာချက်တွင် အမေရိကန်၏ အဆိုပါလုပ်ရပ်က တရုတ်၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို လုံးဝ ချိုးဖောက်ရုံသာမက တရုတ်နိုင်ငံဥပဒေနှင့် နိုင်ငံတကာဥပဒေတို့လည်း ချိုးဖောက်ရာရောက်သည်ဟု ဖော်ပြခဲ့သည်။

    ပင်တဂွန်ကမူ မိမိတို့မှာ သောကြာနေ့က ဖျက်သင်္ဘော USS Decatur ကို ပါရာဆဲလ်ကျွန်းအနီးသို့ စေလွှတ်ခဲ့ကြာင်း သို့သော်လည်း နိုင်ငံတကာ ဥပဒေတွင် သတ်မှတ်ထားသည့် ရေပိုင်နက်ဖြစ်သော ရေမိုင် ၁၂ မိုင်အတွင်းသို့ ၀င်ရောက်ခဲ့ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

    ထို့ပြင် အဆိုပါသင်္ဘောမှာ အစောင့်အရှောက်မပါဘဲ တရားနည်းလမ်းတကျ ထိုဒေသသို့ ၀င်ရောက်ခဲ့ကာ၊ မည်သည့်အဖြစ်အပျက်မှ မဖြစ်ပျက်ခဲ့ကြောင်း ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    Ref : channenlnewsasia

  • တရုတ်နှင့် ရုရှား ဒုံးဖျက်စစ်ရေးလေ့ကျင့်မှု ထပ်မံပြုလုပ်မည်

    တရုတ်နှင့် ရုရှား ဒုံးဖျက်စစ်ရေးလေ့ကျင့်မှု ထပ်မံပြုလုပ်မည်

    အောက်တိုဘာ ၁၂၊ ၂၁၀၆
    M-Media

    china-2

    – တောင်ကိုရီးယားတွင် ဒုံးခွင်းစနစ်ချထားရန် အမေရိကန်နှင့် တောင်ကိုရီးယားတို့က ကြိုးစားခဲ့ပြီးနောက် တရုတ်နှင့် ရုရှားတို့သည် လာမည့်နှစ်တွင် ဒုတိယအကြိမ်မြောက် ပူးတွဲ ဒုံးဖျက်စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သွားမည်ဟု တရုတ်နိုင်ငံပိုင်မီဒီယာက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

    အမေရိကန်နှင့် တောင်ကိုးရီးယားတို့သည် မြောက်ကိုးရီးယားရန်မှ ကာကွယ်ရန် အကြောင်းပြချက်ဖြင့် အမေရိကန်လုပ် ဒုံးခွင်းစနစ် (THAAD) ကို တပ်ဆင်ရန် ဆွေးနွေးမှုများကို ပြီးခဲ့သည့်လများတွင် ပြုလုပ်ခဲ့သောကြောင့် တရုတ်နှင့် ရုရှားတို့က ပထမဆုံးအကြိမ် ဒုံးဖျက် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မေလတွင် ပြုလုပ်ခဲ့သည်။

    ယခုအခါတွင် THAAD စနစ်ကို တောင်ကိုးရီးယားကျွန်းဆွယ်တွင် တပ်ဆင်ရန် ရှိနေပြီး အဆိုပါစနစ်၏ အားကောင်းသော ရေဒါများက မိမိတို့၏ လုံခြုံရေးကို ထိခိုက်စေမည်ဖြစ်ပြီး၊ ကိုရီးယားကျွန်းဆွယ်ရှိ တင်းမာမှုများတွင် မည်သည့် လျော့ကျမှုမှ ဖြစ်မည်မဟုတ်ဟု တရုတ်နှင့် ရုရှားတို့က ပြောကြားခဲ့သည်။

    ယခု ဒုတိယအကြိမ် နှစ်နိုင်ငံ ဒုံးဖျက် စစ်ရေးလေ့ကျင်မှုကို ဘေကျင်းတွင်ပြုလုပ်ခဲ့သည့် ကာကွယ်ရေးဆိုင်ရာဖိုရမ်တွင် ကြေငြာခဲ့ခြင်းဖြစ်ပြီး၊ ထိုကဲ့သို့ ကြေငြာခြင်းမပြုမီ THAAD ဒုံးခွင်းစနစ် တောင်ကိုရီးယားတွင် ချထားမှုကို တရုတ်အကြီးတန်း စစ်ဖက်ဆိုင်ရာ အရာရှိတစ်ဦးက ဝေဖန်ခဲ့သည်။

    Ref : CNA

  • တရုတ်တွင် အဆောက်အဦးများပြို၍ အနည်ဆုံး လူ ၈ ဦးသေဆုံး

    တရုတ်တွင် အဆောက်အဦးများပြို၍ အနည်ဆုံး လူ ၈ ဦးသေဆုံး

    အောက်တိုဘာ ၁၀၊ ၂၀၁၆
    M-Media

    – တရုတ်နိုင်ငံအရှေ့ပိုင်းတွင် ယနေ့မနက်အစောပိုင်းက အဆောက်အဦး ပြိုကျမှုများ ဖြစ်ပွားခဲ့သောကြောင့် လူ ၈ ဦး သေဆုံးခဲ့ပြီး အပျက်အဆီးများကို ရှင်းလင်းနေဆဲဖြစ်ကာ သေဆုံးသူများ ထပ်တိုးလာနိုင်သည်ဟု သိရသည်။

    ကျိကျန်းပြည်နယ် ၀မ်ကျိုးမြို့ရှိ အဆောက်အဦး ၄ ခု ပြိုကျခဲ့ခြင်းဖြစ်ပြီး ဒေသစံတော်ချိန် ယနေ့နေ့လည်အထိ ပျောက်ဆုံးနေသည့် စာရင်းအတိအကျကို မသိရှိရသေးပေ။

    Xinhua သတင်းဌာနကမူ ကယ်ဆယ်ရေးသမားများက အပျက်အဆီးများအောက်တွင် ပိတ်မိနေသူ အရေအတွက်ကို စီစစ်နေဆဲဟု ဖော်ပြခဲ့သည်။ ကနဦးသတင်းများအရ အပျက်အဆီးများအောက် ပိတ်မိသူ ၂၀ ကျော်ရှိပြီး အဆောက်အဦးပြိုကျမှု အကြောင်းအရင်းကို စုံစမ်းစစ်ဆေးဆဲဟု ဆိုသည်။

    လက်ရှိတွင် ရာနှင့်ချီသော စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်တို့က ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည်။ တရုတ်နိုင်ငံတွင် ဆောက်လုပ်ရေး အရည်အသွေး ညံ့ဖျင်းမှုကြောင့် အဆောက်အဦးများ ပြိုကျမှုမှာ ပြီးခဲ့သည့်နှစ်များအတွင်း အဖြစ်များခဲ့သည်။

    မေလကအတွင်းကလည်း ကွေကျိုးပြည်နယ်တွင် မြေပြိုမှု၏ နောက်ဆက်တွဲအဖြစ် လူနေအဆောက်အဦးတစ်ခု ပြိုကျမှုကြောင့် လူ ၁၆ ဦး သေဆုံးခဲ့သည်။

    Ref: Aljazeera

  • ဂျပန်တွေက ဘာ့ကြောင့် တရုတ်ထက်ပိုပြီး နိုဘယ်ဆု ရကြတာလဲ

    ဂျပန်တွေက ဘာ့ကြောင့် တရုတ်ထက်ပိုပြီး နိုဘယ်ဆု ရကြတာလဲ

    အောက်တိုဘာ ၁၀၊ ၂၀၁၆
    M-Media

    japan
    ၂၀၁၆ ခုနှစ်အတွက် ဆေးဘက်ဆိုင်ရာ နိုဘယ်ဆု ရသည့် ဂျပန်ဇီဝဗေဒပညာရှင် ယိုရှီနိုရီ အိုဆူမီ

    – တရုတ်နဲ့ ဂျပန်နိုင်ငံတို့ဟာ အစေးမကပ်တဲ့ တိုင်းပြည်နှစ်ခုဆိုတာ လူတိုင်းသိကြပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ တရုတ်ပြည်သူတွေက ဘာ့ကြောင့် ဂျပန်နိုင်ငံဟာ တရုတ်ထက်ပိုပြီး နိုဘယ်ဆုတွေ ရရှိကြလဲဆိုတာကို လေ့လာ သုံးသပ်နေကြပြီ ဖြစ်ပါတယ်။

    ၂၀၁၆ ခုနှစ်အတွက် ဆေးဘက်ဆိုင်ရာ နိုဘယ်ဆုကို ဂျပန်ဇီဝဗေဒပညာရှင် ယိုရှီနိုရီ အိုဆူမီက ရရှိခဲ့ပြီး၊ ဒီနယ်ပယ်မှာပဲ ၂၀၁၅ ခုနှစ်က တရုတ်ဆေးဝါးဆိုင်ရာ ပညာရှင် တူ ယူယူက နိုဘယ်ဆု ရခဲ့ဖူးပါတယ်။ ဒါပေမယ့် ၁၉၄၉ ခုနှစ်နောက်ပိုင်း ဂျပန်နိုင်ငံက ရရှိခဲ့တဲ့ နိုဘယ်ဆု အရေအတွက်ဟာ ၂၅ ခုအထိ ရှိနေပြီး တရုတ်ကတော့ ဒီကာလအတွင်းမှာ ၃ ခုသာ ရရှိထားပါတယ်။

    ဒါတောင် ၂၀၁၀ ခုနှစ်က တရုတ်တက်ကြွလှုပ်ရှားသူ လီရှောင်ဘိုကို ပေးအပ်တဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုကိုပါ ထည့်တွက်မှ ၃ ဆု ဖြစ်ပြီး လီရှောင်ဘိုကို ဒီလို ဆုပေးမှုကို တရုတ်အစိုးရက လက်မခံတာကြောင့် နော်ဝေ-တရုတ် သံအဆက်အသွယ်တောင် ပြတ်တောက်သွားခဲ့ပါတယ်။ ဂျပန်ကတော့ အမေရိကန်ပြီးရင် ကမ္ဘာပေါ်မှာ နိုဘယ်ဆု အများဆုံးရရှိထားတဲ့နိုင်ငံ ဖြစ်ပါတယ်။

    ၁၉၄၉ ခုနှစ် တရုတ်ကွန်မြူနစ်ပါတီ အာဏာရပြီးတဲ့နောက်ပိုင်းမှာ တရုတ်ရူပဗေဒ ပညာရှင်တွေဖြစ်တဲ့ လီကျန်ဒေါင်နဲ့ ယန်ဂျန်နင်းတို့ဟာ တိုင်းပြည်က ထွက်ခွာသွားခဲ့ပြီး အမေရိကန်မှာ အလုပ်လုပ်နေတဲ့အချိန် ၁၉၅၇ ခုနှစ်မှာ ရူပဗေဒနယ်ပယ်အတွက် နိုဘယ်ဆုကို အတူ ရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူတို့ ၂ ယောက်စလုံးဟာ အမေရိကန်နိုင်ငံသားတွေ ဖြစ်လာခဲ့ကြပါတယ်။

    တရုတ်အစိုးရ ကျောထောက်နောက်ခံပြု Global Times စာစောင်ကတော့ ဂျပန်ရဲ့ ဒီလိုအောင်မြင်မှုနဲ့ပတ်သက်ပြီး သုံးသပ်တဲ့ ဆောင်းပါးတစ်ပုဒ်ကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ရေးသားခဲ့ပါတယ်။ How can Japan win so many Nobel Prizes? (ဂျပန်တွေ ဘယ်လိုလုပ် နိုဘယ်ဆုအများကြီး ရကြတာလဲ) ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးသားထားတဲ့ အဲဒီဆောင်းပါးဟာ တရုတ်နိုင်ငံရဲ့ ဆိုရှယ်မီဒီယာမှာ အလျင်မြန် ပြန့်နှံ့သွားခဲ့ပါတယ်။

    ဒီဆောင်းပါမှာ ဂျပန်တွေရဲ့ သားသမီးတွေကို ပြုစုပျိုးထောင်မှုကို အောက်ပါအတိုင်း ထောက်ပြခဲ့ပါတယ်။

    – ဂျပန်တွေဟာ ကလေးတွေကို သဘာဝတရားနဲ့ သိပ္ပံပညာရပ်အပေါ်မှာ စူးစမ်းလေ့လာတတ်အောင် ငယ်ငယ်ကတည်းက သင်ပေးကြပါတယ်။ (ယခုနှစ်နိုဘယ်ဆုရသွားတဲ့) အိုဆူမီကိုယ်တိုင် ငယ်ငယ်တုန်းက သူဟာ ကြမ်းပိုးလေးတွေကိုကြည့်ပြီး အံ့သြခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။ ဂျပန်ပြည်တွေဟာ ဂုဏ်သိက္ခာရဲ့ အရသာကို မြည်းစမ်းချင်စိတ်၊ သဘာဝပတ်ဝန်းကျင်နဲ့ နီးနီးကပ်ကပ်ရှိတဲ့ အခြေအနေမျိုး စတာတွေနဲ့ ကြီးပြင်းလာခဲ့တာပါ။

    – တရုတ်နိုင်ငံက မိဘတွေကတော့ ကလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျေနပ်ပျော်ရွှင်မှုကိုပဲ ပိုပြီး အဓိကထားတယ်။ ဂျပန်တွေက ကလးတွေကို မှီခိုမှုကင်းဖို့ အားပေးကြတယ်။ ဥပမာအားဖြင့် ဂျပန်မိဘတွေဟာ သူတို့ရဲ့ ကလေးတွေအတွက် ကောလိပ် ကျူရှင်လခကို ပုံမှန် ပေးလေ့ရှိပေမယ့် ဂျပန်ကျောင်းသားတွေက သူတို့နေထိုင်ဖို့ သုံးစွဲဖို့အတွက် အလုပ်လုပ်ဖို့ ဆန္ဒရှိကြတယ်။

    – ဂျပန်နိုင်ငံက သိပ္ပံသုတေသတွေဟာ ပိုလွတ်လပ်ပြီး၊ အစိုးရရဲ့ ၀င်ရောက်စွက်ဖက်မှုကနေ သိသိသာသာကင်းလွတ်တယ်။ ဂျပန်ပညာရှင်တွေဟာ သုတေသနမှာ မအောင်မြင်ရင် အလုပ်ပြုတ်သွားမယ်ဆိုတဲ့ ဖိအားမျိုးမရှိဘူး။ အဲဒီလို ဖိအားမရှိခြင်းကပဲ သူတို့ရဲ့ အလုပ်မှာ အချိန်တော်တော်ကြ နှစ်မြုပ်လုပ်ဆောင်မှုကို ဖြစ်စေပါတယ်။

    – ဂျပန်သိပ္ပံပညာရှင်တွေဟာ တရုတ်သိပ္ပံပညာရှင်တွေထက် ကမ္ဘာ့အမြင်ပိုကျယ်ပြီး ဒါဟာ အခြားတိုင်းပြည်တွေက ပညာရှင်တွေနဲ့ မကြာခဏ ပညာဖလှယ်မှုတွေ ပြုလုပ်ကြလို့ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ သိပ္ပံဆိုင်ရာ သုတေသနအတွက် ကမ္ဘာ့အဆင့် အဆောက်အဦးတွေ၊ အသုံးအဆောင်တွေရှိနေပြီး အဲဒီအတွက် အစိုးရက သိသိသာသာ ထောက်ပံ့ပေးပါတယ်။

    အဲဒီထောက်ပြချက်တွေကို တရုတ်ပြည်သူတော်တော်များများကလည်း လက်ခံခဲ့ကြပါတယ်။

    တရုတ်နိုင်ငံရဲ့ Twitter လို့သိကြတဲ့ Weibo မှာ အသုံးပြုသူတစ်ယောက်က သိပ္ပံနယ်ပယ်မှာ အောင်မြင်နဲ့ပတ်သက်ပြီး ဂျပန်နဲ့ တရုတ်တို့ရဲ့ ခြားနားချက်ကို အခုလို ထောက်ပြခဲ့ပါတယ်။

    “ဂျပန်က နိုဘယ်ဆုတွေအများကြီးရတာဟာ သိပ်မဆန်းပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ဒီနေ့ ဂျပန်ရဲ့ သိပ္ပံဆိုင်ရာ အောင်မြင်မှု အများစုဟာ ဂျပန်က ချမ်းသာကြွယ်ဝပြီး သိပ္ပံသုတေသနမှာ ငွေကြေးကို လိုလိုချင်ချင် အသုံးပြုခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၊ ၃၀ လောက်က အခြေတည်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံကတော့ ၁၉၇၈ ခုနှစ်ကမှ ပြုပြင်ပြောင်းလဲမှု၊ ပေါ်လစီဖြေလျှော့မှုတွေလုပ်ခဲ့တာဖြစ်ပြီး ဒါတောင် လူတော် တော်တော်များများ ဖိနှိပ်ခံခဲ့ရတဲ့ ၁၀ နှစ်ကြာ ယဉ်ကျေးမှု တော်လှန်ရေးကို ထည့်မတွက်ထားပါဘူး”

    ဝေဖန်သူ နောက်တစ်ဦးကလည်း တရုတ်နိုင်ငံရဲ့ ပညာရေးစနစ်ကို ဝေဖန်ခဲ့ပြီး ကျောင်းသားရဲ့ လွတ်လပ်စွာ တွေးခေါ်နိုင်စွမ်းကို သတ်ပစ်နေတဲ့နေရာလို့ ကင်ပွန်းတပ်ခဲ့ပါတယ်။

    “နေ့တိုင်း သူတို့တွေ ကျောင်းသွားတယ်၊ ကျောင်းက ပြန်လာတယ်။ အိမ်စာတွေ တစ်ပုံတစ်ပင်ကို လုပ်ရတယ်။ ဒါက သူတို့ရဲ့ စဉ်းစားတွေးခေါ်မှုကို သင်းသတ်သလို ဖြစ်စေပါတယ်”

    Global Times ကို ဖတ်ရှုတ်တဲ့သူ တစ်ယောက်ကတော့ နိုဘယ်ဆု ချီးမြှင့်မှုကို မေးခွန်းထုတ်ခဲ့ပါတယ်။

    “ပွင့်ပွင့်လင်းလင်းပြောရရင် တစ်ချို့နိုဘယ်ဆုပေးမှုတွေက မေးခွန်းထုတ်စရာကောင်းနေတယ်။ တရုတ်နိုင်ငံက ဆောင်ရွက်ရမှာက တရုတ်ပြည်သူတွေရဲ့ ဘ၀တွေနဲ့ အသက်မွေးမှုတွေ တိုးတက်စေမယ့် နည်းလမ်းတွေ၊ လမ်းကြောင်းတွေ ရှာဖွေရမှာပါ။ တရုတ်နိုင်ငံက နိုဘယ်ဆုတွေ ရလား၊ မရဘူးလားဆိုတာက အဓိကမကျပါဘူး”

    Ref: qz.com

  • “၁၂နှစ်ရွယ် အရှေ့တောင်အာရှသူလေးကို ကိုယ်ဝန်ရစေခဲ့တဲ့ တရုတ်က လူကုန်ကူးမှု”

    “၁၂နှစ်ရွယ် အရှေ့တောင်အာရှသူလေးကို ကိုယ်ဝန်ရစေခဲ့တဲ့ တရုတ်က လူကုန်ကူးမှု”

    အာဏာပိုင်များအား သတိပြုမိသွားစေချင်သည့် လူကုန်ကူးသတင်းတစ်ပုဒ်

    အောက်တိုဘာ ၈ ၊ ၂၀၁၆
    ထင်ကျော် ရေးသည်။
    14494841_536255613240042_2796114310204571007_n

    တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းစု ပြည်နယ်ထဲ ကျုချော့ ဆိုတဲ့မြို့ကလေးရှိ ဗဟိုဆေးရုံကို ၂၀၁၆ ခုနှစ်အောက်တိုဘာလ ၇ ရက်နေ့က လူသုံးဦးရောက်လာပြီး ကိုယ်ဝန်လာအပ်ပါတယ်။ တစ်ဦးက အသက် ၄၀ အရွယ် ခင်ပွန်းသည်လို့ သူ့ကိုယ်သူ မိတ်ဆက်တယ်။ နောက်တစ်ဦးက ဇနီးသည်ပေါ့လေ။ ဇနီးသည်ကိုတော့ အသက် ၂၀ အရွယ်လို့ သူတို့က ပြောတယ်။ တတိယ တစ်ဦးကတော့ တရုတ်ရဲ့ မိခင်၊ ကိုယ်ဝန်ဆောင်သည်ရဲ့ ယောက္ခမ လို့ ခင်ပွန်းသည်ဆိုသူ တရုတ် အမျိုးသားက မိတ်ဆက်တယ်။ဇနီးသည် ဆိုသူ မိန်းကလေးမှာ ကိုယ်ဝန်လည်း သုံးလ ရှိလို့ လာအပ်တာလို့ သူတို့ကဆိုတယ်။

    ဆေးရုံတာဝန်ရှိသူများ က အသေအချာ ကြည့်လိုက်တော့ ကိုယ်ဝန်ဆောင် မိန်းကလေးဟာ အသက် ၂၀ မဖြစ်နိုင်ဘဲ အသက် ၁၂ ၀န်းကျင်တောင် မရှိတတ်သေးတဲ့ ကလေးငယ် တစ်ဦးသာ ဖြစ်ကြောင်း ခန့်မှန်းတယ်။ ကလေးရုပ်တောင် မပျောက်သေးဘူး။ ကိုယ်ဝန်သည် ကလေးငယ်ကို မေးမြန်းကြည့်လိုက်တော့ တရုတ်ပြည်မကြီးသုံး မင်ဒရင်တရုတ်စကားကို လုံးဝကို မတတ်ကြောင်း ပေါ်လွင်လာတယ်။

    ပြီးတော့ တရုတ်နိုင်ငံသား မှတ်ပုံတင်ကိုလည်း လုံးဝမပြနိုင်ဘူး။ ကိုယ်ဝန်ဆောင်သည်ကို ဆရာဝန်တွေက မေးခွန်းတွေ အများကြီး မေးနေတာကိုလည်းခင်ပွန်း ဆိုသူက ဒေါသထွက်ပြီး ၊ ကိုယ်ဝန်ကိုလာပြတာသာဖြစ်ကြောင်း၊ မလိုအပ်တဲ့ မေးခွန်းတွေ အများကြီး မေးစရာမလိုကြောင်း စိတ်တိုပြတယ်။

    ဒီမှာပဲ ဒီကလေးငယ်ကို ကိုယ်ဝန်ရစေခဲ့တဲ့ ခင်ပွန်းဆိုသူ တရုတ်အမျိုးသားကို ရဲလက်အပ်ပြီး ဖမ်းဆီးစေခဲ့တယ်။ ကိုယ်ဝန်သုံးလကို ဆောင်ထားရတဲ့ မိန်းကလေးငယ်လေးဟာတရုတ်နိုင်ငံသား မဟုတ်ကြောင်း ပေါ်ပေါက်လာတယ်။ တရုတ်ပြည်ရဲ့ တောင်ဖက် အရှေ့တောင် အာရှနိုင်ငံတစ်နိုင်ငံက ဖြစ်နိုင်ကြောင်းသာ ခန့်မှန်းနိုင်သေးပြီး ဘယ်နိုင်ငံက ဆိုတာ အခုထိတော့ သဲသဲကွဲကွဲ မသိရသေးဘဲ ဆက်လက် စစ်ဆေးနေဆဲပဲလို့ ဒီသတင်းအရသိရတယ်။

    သတင်းကတော့ ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ ၇ရက်နေ့( ဒီနေ့) နေ့စွဲ နဲ့ ဗြိတိန်နိုင်ငံ ထုတ် Mirror သတင်းစာမှာ ပါတဲ့ သတင်းဖြစ်ပါတယ်။ ပြောချင်တာက တရုတ်ပြည်ရဲ့ တောင်ဖက်ပိုင်း အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဆိုတာ မြန်မာနိုင်ငံလည်း ဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။

    မြန်မာနိုင်ငံရဲ့ အဓိက နဲ့ အကြီးဆုံး မြို့ကြီးထဲမှာ ကမ္ဘာ့ဒုတိယအများဆုံး စံချိန်တင် မူးယစ်ဆေးဝါး ဖမ်းဆီးမှုကြီး ရှိခဲ့တာတောင် ယနေ့ထိ လက်သည်ပိုင်ရှင် တရားခံများဟာ ဘယ်သူဘယ်ဝါဆိုတာ မဖော်ထုတ်နိုင်သေးတဲ့ Law Enforcement ကိုတာဝန်ယူထားတဲ့ ရဲတပ်ဖွဲ့ဟာ ဒီလို လူကုန်ကူးခံ ကိစ္စမျိုးတွေကို လက်နဲ့မတို့မထိလောက်အောင်ပဲ လျစ်လျူရှုထားသလို ဖြစ်နေရတဲ့ အဖြစ်ကိုတော့ သိမှတ်ရှုမြင်နိုင်ကြပါစေခင်ဗျာ။

    မြန်မာနိုင်ငံက မသိဉာဏ်မကြွယ်ကြသူ မိန်းကလေးငယ်တွေရော မိန်းကလေးကြီးတွေကိုပါ တရုတ်နိုင်ငံ အမျိုးသားတွေရဲ့ဇနီမယားပြတ်လပ်မှု လိုအပ်ချက်ဈေးကွက်အတွက် ပေါ်တင်တစ်မျိုး ၊ လျှို့ဝှက်တစ်သွယ် နယ်စပ်ကနေ လူမှောင်ခိုကူး ရောင်းစားတာကို အကြီးအကျယ် ခံနေကြရရှာတယ် ဆိုတာ တစ်နိုင်ငံလုံးသိကြပါတယ်။

    ဒီကြားထဲ ကလေးငယ်လေးတွေဟာ မြန်မာတစ်နိုင်ငံလုံးမှာ လက်သည်မပေါ်ဘဲ ဟိုနေရာမှာ ပျောက်သွားလိုက်၊ သည်နေရာမှာ ပျောက်သွားလိုက် နဲ့ ပျောက်သာပျောက်သွားပြီး ဘယ်ကိုရောက်သွားကြတယ်။ ဘယ်သူတွေက ခိုးယူခေါ်ဆောင်သွားတယ် ဆိုတာကိုတော့ ဘယ်သူမှ အတိအကျမသိကြရဘူး။

    ဟော ခုတော့ ဒါမျိုးသတင်းမျိုးတွေကို ကြားလာရတယ်။ မြန်မာပြည်က ကလေးငယ်လေးတွေ ဘယ်လောက်များများများ ဒီလိုပုံဒီလိုနည်းနဲ့ မိဘရင်ခွင်ထဲက ရက်ရက်စက်စက် ယူဆောင်သွားခြင်းကို ခံလိုက်ကြရပြီး မိမိတို့လည်း အလိုမတူပါပဲလျက် တစ်ပြည်ရပ်ခြားမှာ ကူသူကယ်သူမရှိ၊ စကားတောင် မပြောတတ်ရှာကြပဲ အတင်းအကြပ် လူကျွန်၊ လိင်ကျွန် အပြုခံနေကြရသလဲဆိုတာကိုတော့ မေတ္တာမခေါင်းပါးကြသူများ အလေးအနက်ထား စဉ်းစားပေးကြပါ။

    တာဝန်ရှိကြသူ အာဏာပိုင်များ အနေနဲ့လည်း အခုဒီသတင်းထဲပါတဲ့ ကလေးမငယ်လေးဟာ မြန်မာနိုင်ငံသား ဟုတ်မဟုတ် ဆိုတာကို နိုင်ငံအစိုးရချင်း ဆက်သွယ်စိစစ်ပြီး မေးမြန်းစုံစမ်းပေးပြီး ဟုတ်ရင် ကယ်တင်ပေးကြပါ။ နောက်ထပ် အလားတူကိစ္စမျိုးတွေလည်း ရှိနေနိုင်ပြီး အပြစ်မဲ့ကြရှာသူလေးတွေကို ကယ်တင်ပြီး နောင်မှာလည်း ဒါမျိုးတွေ မဖြစ်ပေါ်အောင် တားဆီးပေးကြစေလိုကြောင်း မေတ္တာရပ်ခံအပ်ပါတယ် ။ ဒီကလေးငယ်ကို မိမိသမီးလေးသာ ဖြစ်ခဲ့ရင်ဆိုတဲ့ မိဘမေတ္တာစိတ် လေးနဲ့ စာနာနိုင်ကြပါစေခင်ဗျာ။

    ထင်ကျော်
    ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်။

    (မူရင်းသတင်းကို လေ့လာလိုသူများ ယခုလင့်တွင် သွားရောက် လေ့လာနိုင်ကြပါသည်။
    http://www.mirror.co.uk/news/world-news/pregnant-12-year-old-girl-9001329?ICID=FB_mirror_main