News @ M-Media
Tag: crime
  • ဂလော်စတာ ဗလီကျောင်းတော် မီးရှို့မှုတွင် ပါဝင်သော ကြံရာပါအား ဖမ်းမိ
    ဇွန်-၂၁၊ ၂၀၁၃
    M-Media
    ဂလော်စတာ (Gloucester) မှ ဗလီကျောင်းတော် မီးရှို့မှုတွင် ပါဝင်ခဲ့သော ကြံရာပါလူအား ဗြိတိန်စုံထောက်များက လက်ရဖမ်းဆီးထားပြီဖြစ်သည်။
    Gloucesterအင်္ဂါနေ့ည၊ ဒေသစံတော်ချိန် ၁၂.၅၀ နာရီခန့်တွင် ရိုင်ခရော့ဖ်လမ်း (Ryecroft Street) ရှိ ဗလီကျောင်းတော်သည် မီးလောင်ကျွမ်းနေသဖြင့် မီးသတ်ကိုခေါ်ယူငြိမ်းသတ်ခဲ့ရသည်။ ယင်းမီးရှို့မှုတွင် မည်သူမျှ ထိခိုက်ဒဏ်ရာ မရ ရှိခဲ့သော်လည်း ဗလီကျောင်းတော်၏ အ၀င်တံခါးသည် မီးလောင်ကျွမ်းမှုကြောင့် အနည်းငယ်ပျက်စီးခဲ့ကြောင်း သိရသည်။
    CCTV တွင် ကင်မရာမှတ်တမ်းများအား ရဲဌာနမှပြန်လည်ကြည့်ရှုရာတွင် လူတစ်ယောက်သည် ဗလီကျောင်းတော်တံခါးဝတွင် ဓာတ်ဆီများလောင်းကာ၊ အ၀တ်စုတ်တစ်ခုကို မီးရှို့၍ ၄င်း ဓာတ်ဆီပေါ်ကို ပစ်ပြီး မီးထတောက်စေခဲ့သည် ကိုတွေ့ရှိခဲ့ရသည်။
    ရဲအရာရှိများက ဂလော်စတာရှိ သံသယဖြစ်သူ အသက် ၃၇ နှစ်အရွယ် အမျိုးသားအား မီးရှို့မှုဖြင့် ပထမဦးစွာ ဖမ်းဆီးခဲ့ပြီး၊ တဖန် အင်္ဂါနေ့ညနေတွင် ချယ်လ်တန်ဟမ် (Cheltenham) မှ အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးအား ကြံရာပါအဖြစ် ထပ်မံဖမ်းဆီးခဲ့သည်။
    ယခုအခါ ၄င်းသူ နှစ်ဦးအား ရဲဌာနတွင် ထိန်းသိမ်းထားသည်ဟု ဆိုသည်။
    “ ဂလော်စတာသည် လူမျိုးပေါင်းစုံရှိပြီး၊ ထူးခြားနွေးထွေးသော လူ့အဖွဲ့အစည်းတည်ရှိနေသည့် နေရာတစ်ခုဖြစ်သောကြောင့် ယခု အဖြစ်အပျက်အတွက် လူများသည် လွန်စွာမှ စိတ်ကွက်ဒေါသ ဖြစ်နေခဲ့ကြသည်။ ၄င်းအဖြစ်ပျက်မဖြစ်ပေါ်ခင် လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်က နိုင်ငံအတွင်း မည်ကဲ့သို့သော လူမျိုးရေး တင်းမာမှုများဖြစ်ပေါ်ခြင်းကို မတွေ့ရှိရသည့် အတွက် ကျွန်တော် စိတ်ထဲငြိမ်းချမ်းနေခဲ့ရသည် ” ဟု ဂလောင်စက်စတာ၏ ရဲမှူးကြီး ရစ်ချက်ဘ့ာဂ် (Richard Burge) မှပြောကြားခဲ့သည်။
    Ref: Press TV
  • ရာဇာမင်း အထူးကား ဓါးမြ တိုက်ခံရသည့် အမှုမှ ဓါးမြ(၃)ဦးအား ဖမ်းဆီးရမိ
    ရာဇာမင်း အထူးကား ဓါးမြ တိုက်ခံရသည့် အမှုမှ ဓါးမြ(၃)ဦးအား ဖမ်းဆီးရမိ
    ဇွန် ၁၄၊ ၂၀၁၃
    M-Media
    ဇာဏီ
    မွန်ပြည်နယ် ။             ။  မွန်ပြည်နယ်၊ ရေးမြို့မှ ရန်ကုန်သို့ ထွက်လာသည့် ရာဇာမင်းအထူးယာဉ်အား ဓါးမြတိုက်မှုမှ ဓါးမြ(၅)ဦးအနက် (၃)ဦးအား ဖမ်းဆီးရမိပြီဖြစ်ကြောင်း သတင်းရရှိသည်။
    ဓါးမြ (၅)ယောက်အနက် တစ်ယောက်မှာ မော်လမြိုင်မှထွက်ပြေးပြီး၊ အခြားတစ်ယောက်မှာ ရေးမှဖြစ်ပြီး သူလည်း ထွက်ပြေးနေသည်ဟု သိရသည်။ ယခုအခါ ဖမ်းဆီးရမိသော တရားခံ(၃)ယောက်အား သထုံမှ ပြည်နယ် မော်လမြိုင်သို့ ခေါ်ဆောင်လာပြီဖြစ်သည်ဟု သိရသည်။ အဆိုပါ (၃)ယောက်တွင် သေနတ်(၂)လက်နှင့် ဗုံး(၁)လုံးလက်ရဖမ်းဆီးရမိသည်ဟုလည်း သိရသည်။
    အဆိုပါ ဓါးမြမှုမှာ ရေးမြို့မှ ရန်ကုန်သို့ ထွက်လာသည့် ရာဇာမင်းအထူးယာဉ်အား ဇွန်လ ၉ ရက်နေ့ ည ၉-နာရီခန့်က သရက်တောအနီးတွင် ဓါးမြတိုက်ပြီး သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ယာဉ်မောင်းသေဆုံးပြီး ယာဉ်နောက်လိုက် ဒဏ်ရာရကာ ခရီးသွားပြည်သူများ ထံမှာ ငွေကြေးနှင့် ရွှေထည်ပစ္စည်းများကို လုယက်ဓါးမြ တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
  • ဗြိတိသျှ ဆယ်ကျော်သက် ၄ ယောက်အား အစ္စလာမ် ဘာသာရေးကျောင်း မီးရှို့မှုဖြင့် ဖမ်းဆီး
    ဇွန် ၁၂ ၊ ၂၀၁၃
    M-Media
    UK_school_fire_295
    လန်ဒန်။    ။လွန်ခဲ့သော ရက်သတ္တပတ်အကုန်က လန်ဒန်မြို့ဆင်ခြေဖုံးရှိ အစ္စလာမ်ဘာသာရေးကျောင်းဆောင်မီးလောင်ကျွမ်းမှုနှင့် ပတ်သက်သည့်သံသယဖြစ်ဖွယ် ဗြိတိန်နိုင်ငံသား ဆယ်ကျော်သက် ၄ ဦးအား ယမန်နေ့တွင် ဖမ်းဆီးထားကြောင်း ရဲဌာနမှ ပြောကြားခဲ့သည်။
    ဗြိတိန်နိုင်ငံအတွင်း လူ့အဖွဲ့အစည်းများအကြား အခြေအနေတင်းမာနေခိုက်၊ ချီစလီဟတ်စ် (Chislehurst) အရပ်ရှိ ဒါရုလ် အူလူမ်း (Darul Uloom) အစ္စလာမ်ဘာသာရေးကျောင်း၌ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
    မီးလောင်ကျွမ်းနေစဉ်က ကျောင်းအတွင်း၌ လူအယောက် ၁၃၀ ရှိနေကာ၊ ကယ်ဆယ်ခဲ့သူများအနက် ၂ ယောက်သည် မီးခိုး အဆိပ်သင့်၍ ဆေးကုသမှုပေးခဲ့ရကြောင်း ရဲများက ဆိုသည်။
    မီးရှို့မှုဖြင့် သံသယရှိသူ ၁၇ နှစ်အရွယ် နှင့် ၁၈ နှစ်အရွယ် ဆယ်ကျော်သက် ၂ ဦးစီကို ဖမ်းဆီးထားပြီး ဖြစ်ကြောင်း၊  ရဲများသည် မကြာသေးမီရက်များအတွင်း အစ္စလာမ့်ရပ်ဝန်း၏နေရာနှစ်ခုတွင် ဖြစ်ပွားသွားသည့် သံသယဖြစ်ဖွယ်မီးလောင်ကျွမ်းမှုများကိုလည်း စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း ရဲမင်းကြီး ဘားနဒ် ဟိုဂမ်ဟောဝီ (Bernard Hogan-Howe) က ပြောကြားခဲ့သည်။
    “ကံကောင်းထောက်မစွာနဲ့ ဘယ်သူမှ အန္တရာယ်မဖြစ်ခဲ့ပါဘူး၊ ဒါပေမယ့် သိကြတဲ့အတိုင်း မီးဆိုတာ  လူ့အသက်ကို ဆုံးရှုံးစေတတ်ပါတယ်။ ရဲဌာနကနေ လန်ဒန်မြို့တစ်ခွင်  ပြဿနာဖြစ်ပွားနိုင်တဲ့ အစ္စလာမ်နဲ့သက်ဆိုင်တဲ့နေရာတွေမှာ ရဲအရာရှိတွေ၊ ပတ္တရောင်တွေကို ပိုမိုတိုးမြင့် ချထားပါတယ်  ” ဟု သူကပြောပြသည်။
    လွန်ခဲ့သည့်လက  ဗြိတိန်စစ်သားတစ်ဦး တာဝန်ချိန်ပြင်ပတွင် အသတ်ခံခဲ့ရပြီးနောက်ပိုင်း၊ အစ္စလာမ့် ဆန့်ကျင်ရေး တိုက်ခိုက်မှုများ တိုးမြင့်ဖြစ်ပေါ်လာခဲ့သည်။ ပြစ်မှုကျူးလွန်လွန်သူ အမျိုးသားနှစ်ဦးကိုလည်း လူသတ်မှုဖြင့် အရေးယူထားပြီးဖြစ်သည်။
  • လူ ၄၇ ဦးသေဆုံးခဲ့သည့် ဘတ်စ်ကား မီးလောင်ကျွမ်းမှုမှာ သွေးရိုးသားရိုးမဟုတ်ဟု တရုတ်နိုင်ငံမှဆို
    ဇွန် ၉၊၂၀၁၃
    M-Media
    ရှားမိန်(Xiamen) ဆိပ်ကမ်းမြို့၏ အရှေ့တောင်ဘက်တွင် ယဉ်အသွားအလာရှုပ်ထွေးနေချိန်အတွင်း လူ ၄၇ ယောက် သေဆုံး၍ အမြောက်အများကို ဒဏ်ရာရစေခဲ့သော ဘတ်စ်ကားမီးလောင်ကျွမ်းမှု တစ်ရပ်သည်  ဖြစ်ပေါ်ခဲ့သည်။ တရုတ်နိုင်ငံရဲတပ်ဖွဲ့မှ အဆိုပါ မီးလောင်ကျွမ်းမှု၌ သံသယရှိသူအား သတ်မှတ်စုံစမ်းနေပြီဖြစ်ကြောင်း သိရသည်။
    bus fire
    သံသယရှိသူမှာ မည်သူဖြစ်သည်ဟု ရှားမိန်မြို့ရှိ ရဲတပ်ဖွဲ့က ဖော်ပြခြင်းမရှိသေးကြောင်း သိရသည်။
    သောကြာနေ့ညနေတွင် ဘတ်စ်ကားသည် ၄င်း၏ယာဉ်ကြောအတိုင်းသွားလာနေစဉ်  မြို့အတွင်းရှိ တစ်လမ်းမောင်းကုန်းတက်ပေါ်သို့ရောက်ရှိချိန်၌ ရုတ်တရက်မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
    မီးလောင်ကျွမ်းထားသော အခွံသာကျန်သည့် ဘတ်စ်ကားအတွင်း သေဆုံးသူ၏ရုပ်အလောင်းများအား အရေးပေါ်ကယ်ဆယ်မှုအဖွဲ့က တွေ့ရှိခဲ့သည်ဟု ဒေသခံမီးသတ်ဌာနမှ ပြောပြသည်။
    စုံစမ်းသူများက ဘတ်စ်ကားသည် ဒီဇယ်ဆီသုံးသောကားဖြစ်သော်လည်း ပျက်စီးနေသောယာဉ်ပေါ်တွင် ဓာတ်ဆီအစအနများကို တွေ့ရှိခဲ့ရကြောင်း၊ ကား၏ ဆီတိုင်ကီနှင့် ကားတာယာများမှာလည်း လောင်ကျွမ်းထားခြင်းမရှိကြောင်း သိရသည်။
    “ ဆိုးဝါးသောရာဇ၀တ်မှု ဖြစ်ခြင်း ”
    နိုင်ငံတော်ရဲဌာနချုပ်၊ ပြည်သူ့လုံခြုံရေးဝန်ကြီးက “၄င်းအဖြစ်အပျက်သည် ဆိုးဝါးပြင်းထန်သော ရာဇ၀တ်မှုတစ်ခုဖြစ်သည်” ဟု ၄င်း၏၀က်ဘ်ဆိုက်တွင် ဖော်ပြရေးသားခဲ့သည်။
    အနောက်တိုင်းတွင် အမွိုင် (Amoy) ဟု လူသိများသော အလွန်စည်ကားသည့် ကုန်သွယ်ဆိပ်ကမ်းမြို့ ရှားမိန်မှာ  သောကြာနေ့၏မီးလောင်ကျွမ်းမှုကြောင့် တုန်လှုပ်သွားခဲ့ရသည်။
    ယင်းသို့ဖြစ်လျှင်ဖြစ်ချင်း မြို့တွင်းရှိ ဘစ်ကား လမ်းပန်းဆက်သွယ်ရေးစနစ် Bus Rapid Transit ကို ချက်ခြင်းပင် ရပ်ဆိုင်းခဲ့သည်။ သို့သော် စနေနေ့နံနက်မှစ၍ ပြန်လည် ဖွင့်လှစ်သွားလာစေခဲ့သည်။
    မျက်မြင်သက်သေများက  သူတို့သည်  မီးလောင်ကျွမ်းမှုဖြစ်ပြီး ၁၀ မိနစ်ကြာမှ ပေါက်ကွဲသံများကို ကြားခဲ့ရကြောင်း ဟု ရှားမိန်မြို့၏သတင်းဌာနသို့ပြောကြားခဲ့သည်။ အွန်လိုင်းပေါ်တွင်တင်ထားသော ဓာတ်ပုံများ၌ ကုန်းတက်လမ်းပေါ်တွင်ရှိ ဘတ်စ်ကားအတွင်းမှ မည်းနက်သော မီးခိုးလုံးများတက်နေသည်ကို တွေ့ရ၏။
    ယင်းမွေးမြူရေးခြံတွင်ရှိသော လုံခြုံရေးအစီအမံသည် လုံးဝယိုယွင်းနေကြောင်း၊ စီမံခန့်ခွဲရေးအရာရှိနှစ်ဦးအား ထိန်းသိမ်းထားကြောင်း အာဏာပိုင်များက ပြောကြားသည်။
    “ တရုတ်နိုင်ငံ၌ ယခင်ကပင် ဘတ်စ်ကားများသည် ပစ်မှတ်ထားခံရ ”
    ၂၀၀၉ ခုနှစ်က ချဲန်ဒု(Chengdu) ၏ အနောက်တောင်ဘက်တွင် ဘတ်စ်ကားပေါ်ရှိ ခရီးသည်တစ်ဦးသည် ဆီတိုင်ကီ အားမီးရှို့ခဲ့ရာ လူ ၂၇ ယောက် သေဆုံးခဲ့သည်။ လူအတော်များများလည်း ဒဏ်ရာရရှိခဲ့သည်။
    ထိုနှစ်အတွင်းပင် ရှန်ဟိုင်း(Shanghai) အနီးရှိ ၀ူရှီ(Wuxi) တွင်လည်း စိတ်မကျေမနပ်ဖြစ်နေသော သံမဏိစက်ရုံလုပ်သားတစ်ဦးမှ ကြိုပို့ယာဉ်တစ်စီးကိုမီးရှို့ခဲ့ပြီး  လူ ၂၄ ယောက်သေဆုံးခဲ့သည်။
    ၂၀၀၅ ခုနှစ်၌ တရုတ်နိုင်ငံ အရှေ့တောင်ဘက်တွင် အဆုတ်ကင်ဆာဖြစ်နေသူ အသက် ၄၂ နှစ်အရွယ်ရှိ လယ်သမားတစ်ဦးသည် ဘတ်စ်ကားတစ်စင်းပေါ်တွင် မိမိကိုယ်ကိုသတ်သေရန် လက်လုပ်ဗုံးတစ်လုံးအား ခွဲခဲ့သဖြင့်  လူ ၃၁ ယောက် ဒဏ်ရာရရှိခဲ့သည်။
    Ref:Aljazeera
  • ရေးမှ ရန်ကုန်သို့ထွက်လာသည့် ရာဇာမင်းအထူးကား ဓါးမြတိုက်ခံရ
    ရေးမှ ရန်ကုန်သို့ထွက်လာသည့် ရာဇာမင်းအထူးကား ဓါးမြတိုက်ခံရ
    ဇွန် ၉၊ ၂၀၁၃
    M-Media
    ဇာဏီ
    မွန်ပြည်နယ် ။ ။ မွန်ပြည်နယ်၊ ရေးမြို့မှ ရန်ကုန်သို့ ထွက်လာသည့် ရာဇာမင်းအထူးယာဉ်လိုင်းအား မနေ့ည ၉-နာရီခန့်က သရက်တောအနီးတွင် ဓါးမြတိုက်ပြီး ယာဉ်မောင်းအား သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သတင်းရရှိပါသည်။
    ဖြစ်ပွားပုံမှာ မွန်ပြည်နယ် ရေးမြို့မှ ရန်ကုန်မြို့သို့ မနေ့ည ၇-နာရီကထွက်လာသည့် ရာဇာမင်းအထူးကားအား ရင်းညိမ်နှင့် သထုံကြားရှိ သရက်တောအနီးသို့အရောက် ည ၉-နာရီခန့်တွင် ဓါးမြတိုက်ခဲ့ကြောင်းသိရပါတယ်။ ရာဇာမင်းကားပေါ်တွင် ပါလာသော ခရီးသည်များထဲမှ မော်လမြိုင်ဘက် ပါလာသော ၂-ယောက်သည် သရက်တော အနီးသို့အရောက်တွင် ၎င်းတို့အား ကြိုတင်စောင့်နေသည့် သူတို့၏အဖွဲ့များနှင့်အတူ ကားမောင်းသူအား သေနတ်နှင့်ထောက်၍ လမ်းကြောင်းပြောင်းမောင်းစေခဲ့ပါတယ်။ ကားမောင်းသူမှ လမ်းကြောင်းပြောင်း မမောင်းသည့်အတွက် သေနတ်နှင့်ပစ်သတ်လိုက်ရာ ကားမောင်းသူမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။ ထို့နောက် ယာဉ်နောက်လိုက်မှ ခရီးသည်များအား အန္တရာယ်မပြုရန် တောင်းပန်သည့်အတွက် ပါးစပ်ကို သေနတ်နှင့်ပစ်လိုက်ရာ ပါးနှစ်ဖက်မှ ထုတ်ချင်းပေါက် ကျည်ဆံဖောက်ထွက်သွားသည့်အတွက် အသက်မသေခဲ့ပါ။ အခြား ခရီးသည်များအား အန္တရာယ်ပြုခြင်းမရှိပဲ ပစ္စည်းများကိုသာ လုယက်ယူငင်သွားတယ်လို့ သိရပါတယ်။
    ဓါးမြတိုက်ခံရစဉ်တွင် ကားပေါ်၌ ခရီးသည်အပြည့် တင်ဆောင်လာခြင်းဖြစ်ပြီး၊ ယခုကဲ့သို့ ဓါးမြတိုက်ခံရသည့်အတွက် သထုံအပါအ၀င် ပြည်နယ်ရဲများမှ အဆိုပါဓါးမြတိုက်မှုအား စုံစမ်းနေပြီဖြစ်ကြောင်းနှင့် ရန်ကုန် မော်လမြိုင်လမ်း တလျှောက်တွင်လည်း စစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်းလည်း သိရပါတယ်။
    “ကျွန်တော်ခန့်မှန်းလို့ရတာက မွန်ပြည်နယ်ဘက်မှာ အစ္စလာမ် ဆန့်ကျင်ရေးအဖွဲ့တွေက ရာဇာမင်းကားကို မစီးဖို့ လှုံ့ဆော်နေတယ်။ အခုလိုဖြစ်သွားခဲ့ရင် နောက်ဆို လူတွေ မစီးရဲအောင် လုပ်တာလည်းဖြစ်နိုင်တယ်။ နောက်ပြီးတော့ သူတို့ထင်တာက ရာဇာမင်းကားက မွတ်စလင်မ်တွေပဲစီးတာ၊ အခုလိုလုပ်ရင် မွတ်စလင်မ်တွေပဲ နစ်နာမယ်လို့ တွက်ဆထားပုံရပါတယ်။ အခုကတော့ ကားပေါ်ပါလာတဲ့ ခရီးသည်က မွတ်စလင်မ်အများစု မဟုတ်ဘဲ ဗုဒ္ဓဘာသာ ပိုများပါတယ်။ ရာဇာမင်းကားစီးရင် ဒီလိုဖြစ်မယ်ဆိုတဲ့ ပုံစံနဲ့ ခြိမ်းခြောက်မှုတစ်ခုလုပ်တယ်လို့ ကျွန်တော် သုံးသပ်ကြည့်မိတယ်”လို့ မော်လမြိုင်မြို့ခံ တစ်ဦးက M-Media ကို ပြောပြခဲ့ပါတယ်။