News @ M-Media

Tag: Dr_Myat_Htoo_Razak

  • ကွဲပြားခြင်းနဲ့ ခွဲခြားခြင်း (သို့မဟုတ်) ဦးကိုနီသို့ အမှတ်တရ

    ကွဲပြားခြင်းနဲ့ ခွဲခြားခြင်း (သို့မဟုတ်) ဦးကိုနီသို့ အမှတ်တရ

    ဒေါက်တာမြတ်ထူးရာဇတ် ရေးသည်။

    ၂၀၁၆ ခုနှစ် အာဇာနည်နေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး တွင် သူရဦးတင်ဦး၊ ဦးကိုနီတို့နှင့်အတူ

    ကျနော့်သူငယ်ချင်း ပေါ်ထွန်းရဲ့သား မင်္ဂလာဆောင်တာကို ကြားရတော့ ကျနော်တို့ ပေါ်ထွန်းတို့ငယ်စဉ်က ကြီးပြင်းလာခဲ့တဲ့ ရပ်ကွက်လေးကို သတိရမိပါတယ်။ အခု ပြန်သတိရမိတဲ့အခါ “ကွဲပြားခြားနား” တဲ့ မိသားစုများစွာ စုစည်းနေထိုင်ခဲ့တဲ့ ရပ်ကွက်ဖြစ်တာကို အမှတ်ပြုမိပါတယ်။ ဒီလိုကွဲပြားမှုတွေကို ငယ်ငယ်တုန်းက သတိမပြုမိတာကိုလည်း အခုမှ ဂရုပြုမိပါတယ်။
    .
    ကျနော် လူမှန်းသိစကနေပြီး ၇တန်းထိနေခဲ့တဲ့ ယောက်လမ်းရပ်ကွက်ဟာ ဗိုလ်ချုပ်ဈေး၊ သမ္မတ ရုပ်ရှင်ရုံ၊ မင်းမနိုင်၊ အရင် စစ်ရုံးချုပ်ကြီး၊ မျက်စိ နား နှာခေါင်းပြည်သူ့ဆေးရုံကြီး (အခု Max Myanmar)၊ အထက (၁) ဒဂုံကျောင်းတို့က ဝိုင်းရံထားတဲ့ ရပ်ကွက်ဖြစ်ပါတယ်။ ရပ်ကွက်မှာနေသူတွေရဲ့အခြေအနေတွေ ကွဲပြားကြပေမယ့် ခွဲခြားမှုတွေမရှိသလောက် နည်းခဲ့ တာတွေကို ကလေးတယောက်အနေနဲ့ အမှတ်ရမိတာလေးတွေကို ပြောပြပါရစေ။
    .
    ကျနော်တို့နေခဲ့တဲ့အိမ်က ၅၁ ဆင်းဒဝစ်လမ်း (အခု ဗိုလ်ရာညွန့်လမ်း)ဖြစ်ပါတယ်။ လမ်းမကြီးကနေ ကိုက် ၁၀၀ လောက် ရှိတဲ့လမ်းတိုလေးထဲမှာ ရှိတဲ့အိမ်ဖြစ်ပါတယ်။ ရှေးခေတ်က နှစ်ထပ်အိမ်ဖြစ်ပါတယ်။ လမ်းတိုလေးရဲ့အဆုံးမှာ ဆေးရုံအမှု ထမ်းတွေနေတဲ့ အိမ်ရာတိုက်ခန်းတွေရှိတဲ့ ဆေးရုံဝင်းရှိပါတယ်။ ပေါ်ထွန်းအပါအဝင် သူငယ်ချင်းတချို့က ဆေးရုံဝင်းထဲ မှာ နေခဲ့ကြပါတယ်။ ဆေးရုံဝင်းထဲမှာ တိုင်းရင်းသား၊ တိုင်းရင်းသူတော်တော်များများရှိပါတယ်။ ကရင်၊ ကချင်၊ ချင်း၊ ရှမ်း၊ ရခိုင်၊ ဗမာ၊ မွန် ဆရာမနဲ့ ဆရာဝန်မိသားစုတွေရှိတာကို မှတ်မိခဲ့ပါတယ်။
    .
    ဘေးက ပျဉ်ထောင်အိမ်မှာနေတဲ့မိသားစုက လမ်းထိပ်မှာ အကြော်ဆိုင်ဖွင့်ပါတယ်။ ဦးကြီးကရွှေတိဂုံစေတီတော်မြတ်ကြီးကို နေ့တိုင်း သွားရောက်ပူဇော်ကန်တော့ပါတယ်။ ကျနော်တို့ ကလေးတွေလည်း တခါတလေ လမ်းလျောက်လိုက်သွားတတ်ပါတယ်။ အဲဒီမိသားစုထဲက မိုးသူက ကျနော်တို့ အင်မတန်ခင်တဲ့သူငယ်ချင်းပါ။ ကစားချင်လွန်းလို့ မိုးသူ မြန်မြန်အလုပ်ပြီးအောင် အကြော်ဆိုင်မှာ သွားကူခဲ့တဲ့ နေ့တွေ ရှိခဲ့တာတွေကို သတိရမိပါတယ်။ သူတို့ မိသားစုကလည်း ကျနော်နဲ့ကျနော့်ညီ အောင်အောင်ကို သူတို့ရဲ့တူသားတွေလို ချစ်ခင်ဆက်ဆံတာကို အမှတ်ရမိပါတယ်။
    .
    အိမ်ရှေ့သုံးထပ်တိုက်အိမ်က ဦးတင်မြင့်ဟာ မဂိုလမ်းက ရွှေဆိုင်ပိုင်ရှင်ပါ။ ဒေဝါလီနေ့တွေမှာ ရပ်ကွက်ထဲ ကျနော်တို့ ကလေးတွေဟာ အင်မတန်အရသာရှိတဲ့ အချိုမုန့်တွေကို သူတို့အိမ်မှာ အဝစားခဲ့ရတာတွေကို သတိရမိပါတယ်။ သူ့သားတွေဟာ အင်ဂျင်နီယာ ဆေးကျောင်းသားတွေဖြစ်လို့ စာအများကြီး ဖတ်ရဖို့ လိုပေမယ့် ရပ်ကွက်လှုပ်ရှားမှုတိုင်းမှာ တက်ကြွစွာ ပါဝင်ခဲ့ကြပါတယ်။
    .
    နှစ်အိမ်ကျော်ရဲ့ဝင်းထဲမှာ မုန့်ဟင်းခါးသည် အဒေါ်ကြီးနဲ့ အချဉ်ထုပ်သည် အဒေါ်ခင်တို့ မိသားစုတွေနေကြပါတယ်။ သူတို့ ဆိုင်တွေဟာ ကျနော်တို့ရဲ့အားထားရတဲ့ဆိုင်တွေပါပဲ။ တခါတလေ မုန့်ဖိုးကုန်သွားရင် နားလည်စွာနဲ့ စားခွင့်ပေးခဲ့ကြပါ တယ်။ သူတို့ရဲ့သားသမီးတွေဟာလည်း ကျနော်တို့ရဲ့ကစားဖော်သူငယ်ချင်းတွေပါ။ ဂေါ်လီရိုက်၊ ဂျင်ပေါက်၊ သရေကွင်း ပစ်၊ ဘော်လုံးကန်ရင်း ရန်ဖြစ်လိုက် ပြန်တဲ့လိုက်ပါပဲ။
    .
    လမ်းထိပ်က အိမ်နှစ်လုံးထဲက တလုံးမှာ ကျနော့်အမေရဲ့တဝမ်းကွဲအရီးလေးနဲ့ မိသားစုနေကြပါတယ်။ အရီးလေးဒေါ်နီရဲ့ ကွယ်လွန်သွားခဲ့တဲ့ခင်ပွန်းက ရခိုင်အမျိုးသားရှေ့နေဦးတင်မောင်ဖြစ်ပါတယ်။ သူတို့တိုက်တခြမ်းမှာ ဗုဒ္ဓဘာသာဝင် ရခိုင် မိသားတစုနေခဲ့ကြပါတယ်။ ဆရာဝန်ဖြစ်လာတဲ့ ကိုခင်ကျော်နဲ့ သူ့ညီ ကိုထွန်းကျော်တို့က ကျနော့်ရဲ့အဆုံးမသပ်တဲ့ မေး ခွန်းတွေကို စိတ်ရှည်စွာနဲ့ ဖြေကြားခဲ့တာတွေကို မှတ်မိနေဆဲပါ။
    .
    ကျနော်တို့ကလေးအဖွဲ့တွေက သင်္ကြန်၊ သီတင်းကျွတ်၊ ခရစ်စမတ်၊ ဒေဝါလီ၊ တရုပ်နှစ်သစ်ကူးနဲ့ အစ်ဒ်နေ့တွေကို ပျော်ရွှင် စွာ စောင့်မျှော်နေမိခဲ့တာတွေကို သတိရမိပါတယ်။ ခရစ်စမတ်သီချင်းလာဆိုတဲ့အဖွဲ့တွေကို ညနက်တဲ့အထိ စောင်ြ့ပီး နား ထောင်ခဲ့သလို မနက်အစောကြီး ထပြီး ဆွမ်းဆန်လောင်းခဲ့တဲ့နေ့တွေဟာ ကျနော်တို့ရဲ့ကလေးဘဝက ပျော်ရွှင်ခဲ့တဲ့နေ့ တွေပါပဲ။ အစ်ဒ်နေ့တွေမှာ အီဒီနဲ့ တရုတ်နှစ်ကူးမှာ အန်ပေါင်း (မုန့်ဖိုး) တွေကို ကျနော်တို့ကလေးတွေ ပုံမှန်ရခဲ့တဲ့ ရပ်ကွက်3လေးလည်းဖြစ်ခဲ့ပါတယ်။
    .
    ရပ်ကွက်ထဲက ကျနော်တို့အားလုံး ဒဂုံမြို့နယ် အစိုးရအထက်တန်းကျောင်း အမှတ် ၁ (အထက ၁ ဒဂုံ) (အရင် က English Methodist School) မှာ ကျောင်းတက်ခဲ့ကြပါတယ်။ နေထိုင်တဲ့ရပ်ကွက်ပေါ် မူတည်ပြီး ဘယ်ကျောင်းတက်ရမယ်ဆိုတာ ကို ဆုံးဖြတ်ခဲ့လို့ဖြစ်ပါတယ်။ ဝင်ငွေအဆင့်အတန်းနဲ့သာ ဆုံးဖြတ်ခဲ့ရင် ကျနော့်ရပ်ကွက်ထဲက သူငယ်ချင်း တော်တော်များ များက အထက (၁) ဒဂုံကို လာနိုင်ခြေ နည်းပါးပါတယ်။
    .
    ကျနော်တို့လမ်းတိုလေးရဲ့အပြင်ရပ်ကွက်ထဲမှာလည်း ကွဲပြားမှုတွေ ရှိနေခဲ့ပါတယ်။ ပြည့်စုံတဲ့ အမျိုးသားရုပ်ရှင်ပိုင်ရှင်ဝင်း (လေးစားရ တဲ့ရုပ်ရှင်မင်းသားဟောင်းကြီး ကိုကျော်သူရဲ့မိသားစု)၊ ဒေါက်တာရွှေတင်(နှလုံးအထူးကု ဆရာဝန်ကြီး)၊ စစ်အရာရှိအိမ်ရာ ဝင်း၊ ရှုမဝတိုက်တို့ ရှိခဲ့သလို လက်လုပ်လက်စားပေါင်းစုံ (ကြံရည်ဆိုင်၊ စာအုပ်အငှားဆိုင်၊ လက်ဖက်ရည်ဆိုင်) တွေလည်း နေထိုင်တည်ရှိခဲ့ပါတယ်။
    .
    ယောက်ျား ဖြစ်ပေမယ့် မိန်းကလေးဆန်ပြီး မိတ်ကပ်နှုတ်ခမ်းနီဆိုးတတ်တဲ့ ကိုချစ်တိုးနဲ့ မိန်းကလေးဖြစ်ပေမယ့် ဆံပင်တိုတို နဲ့ ပုဆိုးကို ယောက်ျားလို ဝတ်တတ်တဲ့ မခိုင်မာတို့လည်း ရပ်ကွက်ထဲမှာနေကြပါတယ်။ ဘာလို့ သူတို့ အဲဒီလို ဖြစ်နေတာလဲလို့ မေးကြည့်မိတော့ ကျနော်တို့ရဲ့ကရင်အဒေါ်က ”သူတို့ဘဝနဲ့ သူတို့နေတတ်သလို နေတာပဲ။ နင်တို့ကို ဘာဒုက္ခပေးလို့လဲ။ သူတို့နေတတ်သလို နေပါစေ” လို့ ဖြေလိုက်တာကို အခုထိ သတိရမိလိုက်ပါတယ်။
    .
    ကျနော်တို့ကလေးတသိုက်ကို ရပ်ကွက်ထဲက မိသားစုအားလုံးက ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြပါတယ်။ ဘယ်သူ့ ကလေးကိုမဆို သွန်သင်ဆုံးမခွင့် အားလုံးမှာ ရှိကြပါတယ်။ ခွဲခြားတာ မရှိခဲ့ပါဘူး။ ကျနော်တို့လမ်းထဲမှာ မဟုတ်တာတွေ လုပ်လာခဲ့ရင် အချဉ်ထုပ်သည် အဒေါ်ခင်ရဲ့ချက်ချင်း အဆူခံရတာတင်မက အိမ်မှာလည်း ထပ်ဆင့် အဆူခံရပါတယ်။ အဒေါ်ခင်က အိမ်ကို အကြောင်းကြားလိုက်လို့ပါ။
    .
    ကျနော်တို့ရဲ့ရပ်ကွက်လေးမှာ ကြီးပြင်းလာခဲ့ဘဝက ကွဲပြားတာကို ခွဲခြားစရာမလိုကြောင်းကို လက်တွေ့ကျကျနဲ့ တဖြည်းဖြည်းချင်း သင်ပေးလိုက်သလိုပါပဲ။ ဝင်ငွေ၊ ပညာ၊ အလုပ်၊ လူမျိုး၊ ဘာသာကွဲပြားနိုင်ပေမယ့် လူသားအဖြစ် ကွဲပြားမှုမရှိလို့ ခွဲခြားစရာမလိုတာကို မေတ္တာ၊ စေတနာတွေနဲ့ လက်တွေ့ပြသခဲ့တဲ့ လူမှုပတ်ဝန်းကျင်ကို အင်မတန်လေးစား ကျေးဇူးတင်မိ ပါတယ်။
    .
    အခု အချိန်မှာတော့ အရင်နှစ် ၄၀နဲ့ မတူတော့တာတွေကို သတိထားမိပါတယ်။ ကျနော်တို့နေခဲ့တဲ့ရပ်ကွက်လေး ပြောင်းလဲသွားသလို တိုင်းပြည်ကြီးကလည်း ပြောင်းလဲနေခဲ့ပါတယ်။ အဆင့်အတန်းကွဲပြားမှုတွေ အင်မတန်များလာခဲ့သလို လူ လူချင်း ခွဲခြားမှုတွေကလည်း မယုံနိုင်အောင် ပြန့်ပွားနေတာကို ကြားသိခဲ့ရပါတယ်။ ဥစ္စာ၊ အာဏာပြည့်စုံသူတွေရဲ့ကလေး တွေ တက်တဲ့ကျောင်းတွေကို လက်လုပ်လက်စားမိသားစုတွေရဲ့ကလေးတွေ ဘယ်လိုမှ မတက်နိုင်တာကိုလည်း ဝမ်းနည်းစွာ အမှတ်ပြုမိပါတယ်။
    .
    တချိန်တည်းမှာပဲ ကွဲပြားမှုတွေကို ပုံကြီးချဲ့ပြီး မုန်းတီးရက်စက်ရေးတွေကို ဆော်သြောနေတဲ့အဖွဲ့တွေရှိနေတာကိုလည်း သတိထားမိပါတယ်။ ကျနော်ကြီးပြင်းလာခဲ့တဲ့ ပတ်ဝန်းကျင်ရဲ့ဗုဒ္ဓတရားတော်အောက်မှာ ကွဲပြားမှုတွေကို မေတ္တာနဲ့တုံ့ပြန် ခဲ့ကြတာတွေဟာ အခုခေတ်မှာ ရှားပါးလာသလို ခံစားမိပါတယ်။ ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်မှုတွေဟာ မြန်မာ ပြည်သာမက ကမ္ဘာကြီးမှာပါ ကြုံတွေ့နေရတာကို ရင်နင့်စွာ ခံစားမိပါတယ်။
    .
    ဒီဆောင်းပါးရေးနေရင်း ရှေ့နေကြီး ဦးကိုနီ လုပ်ကြံခံလိုက်ရတာကို ဝမ်းနည်းကြေကွဲစွာနဲ့ ကြားသိခဲ့ရပါတယ်။ ဦးကိုနီကို ကျနော် ၈၈၈၈ လှုပ်ရှားမှုတုန်းက မတွေ့ခဲ့ရပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ရှင်းလင်းပြတ်သားတဲ့ တင် ပြမှုတွေကို လေးစားစွာ နားထောင်မှတ်သားခဲ့ပါတယ်။
    .
    လူကိုယ်တိုင် တွေ့ဆုံစကားပြောခွင့်ရခဲ့တဲ့အခါ ဦးကိုနီကို ပိုမို လေးစားလာမိပါတယ်။ သူ့ရဲ့တိုင်းပြည်ချစ်စိတ်၊ ဥပဒေရေး ရာကျွမ်းကျင်မှု၊ အမြှော်အမြင်ကြီးမှု၊ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်လေးစားမှု၊ ဘာသာတိုင်းကို လေးစားနားလည်မှု နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အခရာကျမှုကို ဦးစားပေးချက်တွေကို ပိုသိလာခဲ့ပါတယ်။
    .
    ဦးကိုနီ မြန်မာပြည်ကို ဘယ်လောက်ထိ ချစ်ခင်မြတ်နိုးပေမယ့် သူ့ရဲ့ဘာသာရေးကွဲပြားမှုကြောင့် လူတချို့တွေက ရက်စက်ရင့်သီးစွာ ခွဲခြား ဆက်ဆံခဲ့ကြတာတွေကို စိတ်မကောင်းစွာ ကြားသိမြင်တွေ့ခဲ့ရပါတယ်။ အကြောင်းကြောင်းကြောင့် နောက်ဆုံးအသက်ကို ပေးဆပ်ခဲ့ရတဲ့အခြေထိ ရောက်ခဲ့ရပါတယ်။
    .
    ဦးကိုနီဟာ တိုင်းပြည်ကို ကောင်းမွန်စေချင်လွန်းတဲ့ ချစ်စိတ်အပြည့်ရှိတဲ့ ရဲဝံ့တဲ့သူရဲကောင်းတယောက်ဖြစ်တယ်လို့ ယုံကြည်မိပါတယ်။ ကွဲပြားမှုတွေကို ကြောက်စိတ်မုန်းတီးစိတ်တွေဟာ ဗုဒ္ဓဘာသာရဲ့မေတ္တာကို အခြေခံတဲ့ သွန်သင်ဆုံးမ မှုတွေနဲ့ မကိုက်ညီဘူးလို့လည်း မြင်မိပါတယ်။ လူထုအများစုက ဦးကိုနီကျဆုံးသွားတာကို ဝမ်းနည်းကြေကွဲမှုတွေ လှိုက်လှိုက်လှဲလှဲဖော်ပြကြတာ တွေ့ရ ကြားရတော့ ရင်နင့်နေတဲ့ကြားက အားတက်မိပါတယ်။
    .
    ဒေါ်အောင်ဆန်းစုကြည်ရဲ့ခေါင်းဆောင်မှုအောက်မှာ ကျနော်တို့ချစ်မြတ်နိုးတဲ့ မြန်မာပြည်ရဲ့အနာဂတ်အတွက် ကွဲပြားမှု တွေကို ရဲဝံ့တည်ငြိမ်စွာနဲ့ အသိအမှတ်ပြုလက်ခံပြီး တိုင်းပြည်ရှေ့ရေးကောင်းမွန်လာစေဖို့ ခွဲခြားနှိမ့်ချရက်စက်မှုတွေ မရှိ အောင် တပ်မတော်နဲ့ လုံခြုံရေးမိသားစုအပါအဝင် ပြည်သူအားလုံးက တားဆီးဦးဆောင်သွားနိုင်ကြပါစေလို့ လေးနက်စွာ မျှော်လင့်ဆုတောင်းလိုက်ပါရစေ။
    .
    (ဒေါက်တာမြတ်ထူးရာဇတ်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်၏ မြေးတဦး ဖြစ်သည်)

    http://burma.irrawaddy.com/news/2017/01/31/129597.html

  • ကျန်းမာရေး ကဏ္ဍမူဝါဒ ဒေါက်တာ မြတ်ထူးရာဇတ်၏ ဆွေးနွေးပွဲပြုလုပ်

    ဇူလိုင် ၂၀၊ ၂၀၁၃
    M-Media
    KK

    ရန်ကုန် ။              ။          Health and Building Country Ownership in Myanmar ခေါင်းစဉ်ဖြင့် ဒေါက်တာ မြတ်ထူးရာဇတ်၏ ဆွေးနွေးပွဲ ကို ယနေ့ နေ့လည် ၂-နာရီမှ ညနေ ၅-နာရီ ဗိုလ်တထောင်မြို့နယ်ရှိ Orchid Hotel တွင် ပြုလုပ်ခဲ့သည်။

    Health and Building Country Ownership in Myanmar

    အဆိုပါ ဆွေးနွေးပွဲတွင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအတွက် ကိုယ်ထူကိုယ်ထ ၀ိုင်းဝန်းလုပ်ဆောင်ကြရမည့် အကြောင်းအရာများ၊ ပြုပြင်ပြောင်းလဲရေးတွင် ၀ိုင်းဝန်းဖော်ဆောင်ကြမည့် လုပ်ငန်းရပ်များအတွက် လူထုအားလုံး ပါဝင်လုပ်ဆောင်ကြရမည့်အကြောင်းအရာများကို  Health and Building Country Ownership in Myanmar ခေါင်းစဉ်ဖြင့် ဒေါက်တာ မြတ်ထူး ရာဇတ်မှ ဦးဆောင်ဆွေးနွေးပေးခဲ့ပြီး ကျန်းမာရေးကဏ္ဍမူဝါဒများကို စိတ်ပါဝင်စားသောအဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ သတင်းမီဒီယာများ အပါအ၀င် စိတ်ပါဝင်စားသူ ၁၀၀-ကျော် တက်ရောက် ပါဝင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

    ဒေါက်တာ မြတ်ထူးရာဇတ်သည် အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်၏ မြေးတော်စပ်သူဖြစ်ပြီး MBBS, MPH, PhD တစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

    ဓါတ်ပုံများ ကြည့်ရန်။ Click Here

  • လူထု ကျန်းမာရေးနဲ့ လူတစ်စု ကျန်းမာရေး

    ဒေါက်တာမြတ်ထူးရာဇတ်

    via  http://www.myanmarij.com

    ဆေးရုံအများစုသည် ဆေးဝါး၊ ဆရာဝန် လုံလောက်မှု မရှိခြင်း ခံစားရဆဲ ဖြစ်သည်
    ဆေးရုံအများစုသည် ဆေးဝါး၊ ဆရာဝန် လုံလောက်မှု မရှိခြင်း ခံစားရဆဲ ဖြစ်သည်

    လူထုဆိုတာ လူတစ်ဦး လူတစ်စုစီ ပါဝင်ပေါင်းစည်းမှုကြောင့် ဖြစ်လာတာပါ။  လူတစ်ဦး လူတစ်စုစီရဲ့ ကောင်းကျိုး ဆိုးကျိုးတွေဟာ လူထု ရဲ့ကောင်းကျိုးဆိုးကျိုးတွေနဲ့ တစ်နည်းမဟုတ် တစ်နည်းနဲ့ မှီခိုဒွန်တွဲနေ ပါတယ်။ လူတစ်ဦး လူတစ်စုစီရဲ့ ကျန်းမာရေး အခြေအနေတွေဟာ လူထုရဲ့ ကျန်းမာရေးပဲ ဖြစ်ပါတယ်။ ဒါကြောင့် လူတစ်ဦး လူတစ်စုစီရဲ့ ကျန်းမာရေး ကောင်းမွန်လာဖို့ ကြိုးစား ဦးစားပေးနေချိန်မှာ အများလူထုရဲ့ ကျန်းမာရေးကိုလည်း အာရုံစိုက်ကြဖို့ အရေးကြီးပါတယ်။

    ငွေရှိအာဏာရှိတဲ့ လူတစ်ဦး လူတစ်စုစီရဲ့ ကျန်းမာရေးကိုပဲ ဦးစားပေးပြီး အများလူထုရဲ့ ကျန်းမာရေးကို လျှစ်လျှူရှု ထားမယ်ဆိုရင် တိုင်းပြည်ရဲ့ ရေရှည် ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်လာမှာပါပဲ။ ဘယ်လောက် ချမ်းသာတဲ့ နိုင်ငံမှာပဲဖြစ်ဖြစ် ကျန်းမာရေး စနစ်ဟာ အများလူထုရဲ့ ကျန်းမာရေးကို ဦးစားမပေးဘူး ဆိုရင် တိုင်းပြည်ရဲ့ ဖွံ့ဖြိုးမှုကို ထိခိုက်နေခဲ့တာတွေ ကို တွေ့နေကြရပါတယ်။ ကျန်းမာရေး ကုန်ကျစရိတ် များလေလေ ဖွံ့ဖြိုးတိုးတက်မှု အတွက် ရင်းနှီးသုံးစွဲစရိတ်ရှိမှု နည်းလေလေပဲ ဖြစ်ပါတယ်။

    အမေရိကန် ပြည်ထောင်စုကို ဥပမာ ကြည့်လို့ရပါတယ်။ ထိပ်တန်း ဆေးကုသမှုတွေပေးနေနိုင်တဲ့ နိုင်ငံ တစ်ခု ဖြစ်ပေမယ့် ၂ဝ၁၁ ခုနှစ်မှာ လူဦးရေ ၄၈.၆ သန်း(၁၅.၇ ရာခိုင် နှုန်း)ဟာ ကျန်းမာရေး အာမခံမှု မရှိပါဘူး။ ၂ဝ၁ဝ ခုနှစ်မှာ ကျန်းမာရေး ကုန်ကျစရိတ်ဟာ နိုင်ငံ  GDP ရဲ့ ၁၇.၉ ရာခိုင်နှုန်း (US $ ၂.၆ Trillion) ဖြစ်ပါတယ်။ ဆေးရုံနဲ့ ဆရာဝန် စရိတ်ဟာ ကုန်ကျစရိတ်ရဲ့ ၅၁ ရာခိုင်နှုန်းဖြစ်ပါတယ်။ ကျန်းမာရေး စနစ်ကို တိုးတက်ပြောင်း လဲနိုင်အောင် ကြိုးစားနေကြတာ ကြာပြီဖြစ်ပေမယ့် အယူအဆ ကွာခြားမှုနဲ့ ရှေ့ဆက်လုပ်ဆောင်ဖို့ လမ်းကြောင်း မတူညီတာတွေကြောင့် လွှတ်တော် ကိုယ်စားလှယ်တွေ၊ အစိုးရအဖွဲ့ဝင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊ ကျန်းမာရေး လုပ်သားတွေ၊ ပြည်သူတွေဟာ ဆက်လက်စကား စစ်ထိုးပွဲတွေ ဆင်နွှဲနေရင်း ကျန်းမာရေး ကုန်ကျ မှုတွေ ပိုများလာတာကို ရင်ဆိုင်နေ ရပါတယ်။ အခုအတည်ပြုခံရပြီ ဖြစ်တဲ့ “အိုဘားမားကဲ” (Obama Care) ဥပဒေကြောင့် ဝင်ငွေနဲ့ မိသားစုရော အများလူထုပါ ကျန်းမာရေး အာမခံချက်တွေ ပိုရလာကြမယ် လို့ မျှော်လင့်ရပါတယ်။

    လုပ်သားထု ကျန်းမာရေး မကောင်းရင် ကုန်ထုတ်လုပ်မှု ကျဆင်းလာပြီး လုပ်ငန်းရှင်တွေ ဝင်ငွေနည်းလာ၊ တိုင်းပြည်ဝင်ငွေ နည်းလာပြီး တိုင်းပြည် တိုးတက်ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်ပါတယ်။ ဆရာ၊ ဆရာမ တွေ ကျန်းမာရေး မကောင်းရင် ပညာရေး တိုးတက်မှုတွေ ထိခိုက်နိုင်ပါတယ်။ ရဲနဲ့ တပ်မတော်သားတွေ ကျန်းမာရေး မကောင်းရင် တိုင်းပြည် ကာကွယ်ရေး ထိခိုက်နိုင်ပါတယ်။ဒါတွေကိုကြည့်ရင် လူထုကျန်းမာရေး မကောင်းတဲ့ အခါ လူနာမိသားစု အိတ်စိုက် ငွေကုန်ခံရတာ အပြင် တိုင်းပြည် တိုးတက်ဖွံ့ဖြိုးမှုတွေ ထိခိုက်နေနိုင်တာတွေကို မြင်နိုင်ပါတယ်။

    နေမကောင်းတဲ့ လူနာ တစ်ယောက် ဆေးရုံ၊ ဆေးခန်းမှာ တစ်နာရီကျော် စောင့်ပြီးမှ ဆရာဝန်က ၂ မိနစ် မပြည့်အောင် ကြည့်ပေးတာကို ကျေးဇူးတင်နေရတဲ့ ဘဝ ၊ ပြည်သူ့ဆေးရုံ၊ ဆေးခန်းတွေမှာ လူတကာရဲ့ ဟိန်းဟောက်မှုတွေကို သည်းငြီးခံပြီး နေမကောင်းတဲ့ လူနာကို ကြည့်ပေးဖို့မျက်နှာချို သွေးနေရတဲ့ မိသားစုရဲ့ ဘဝ၊ ဆေးရုံတွေမှာ ဆေးမရှိ လို့ ဆေးဆိုင်တွေမှာ ဈေးကြီးပေးပြီး ဆေးရှာဝယ် နေရတဲ့ လူနာရှင်တွေရဲ့ဘဝတွေ ဟာ ဖွံ့ဖြိုးဆဲ နိုင်ငံအများစုက လူအများစု ကြုံတွေ့နေရတဲ့ ဘဝတွေပဲ ဖြစ်ပါတယ်။

    တစ်ချိန်ထဲမှာပဲ ဖွံ့ဖြိုးဆဲ နိုင်ငံအများစုက ငွေရှိ အာဏာရှိသူတွေနဲ့ သူတို့ရဲ့မိသားစုတွေ ကတော့ ခေတ်မှီ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းတွေမှာ သာမကပဲ တိုင်းပြည်ပြင် ပက ဈေးကြီးပေးရတဲ့ ဆေးရုံ၊ ဆေးခန်းတွေမှာပါ ကျန်းမာရေး ကုသမှုကို ခံယူလေ့ရှိကြပါတယ်။ ငွေ၊ အာဏာရှိသူတွေ ပုဂ္ဂလိက ဆေးရုံ၊ ဆေး ခန်းတွေ၊ နိုင်ငံခြား တွေမှာ သွားပြီး ဆေးကုကျ လေလေ ပြည် သူ့ဆေးရုံ၊ ဆေးခန်းတွေကို အစိုးရ က ပံ့ပိုးမှု ကျဆင်းလာ လေလေပဲ ဖြစ်ပါတယ်။

    ကျန်းမာရေးကောင်းဖို့ ဆိုရင် ရောဂါကုသမှု တစ်ခုတည်းကို အဓိက ထားလို့ မရပါဘူး။ ရောဂါဖြစ်၊ ရောဂါ ပိုဆိုးလာမှ ဆေးရုံ၊ ဆေးခန်းသွားရင် ငွေ ပိုကုန်တာ သာမက အချိန်ကုန် လူပန်းပြီး ထိရောက်မှု နည်းတာတွေ ကိုလည်း တွေ့ရတတ်ပါတယ်။ ရောဂါဝေဒနာ ဖြစ်မလာအောင် ကြိုတင်ကာ ကွယ်တားဆီးရေး၊ ထိရောက်စွာ ကုသရေး၊ ဆက်လက်ပြုစုစောင့် ရှောက်ရေးနဲ့ ကျန်းမာရေးမြှင့်တင် ရေးအစရှိတဲ့ ကဏ္ဍအားလုံးကို မှန်ကန်ထိရောက်စွာနဲ့ တိုးတက် လာအောင် ဝိုင်းဝန်းလုပ်ကိုင်ကြရပါ တယ်။ ဒီကဏ္ဍတိုင်းဟာ လူတစ်ဦး လူတစ်စုအတွက် ရောလူထုအတွက် ပါ အရေးကြီးပါတယ်။

    ရောဂါကာကွယ်တားဆီးရေး ကို ထိရောက်စွာဦးစားမပေးခဲ့ရင် ရောဂါဖြစ်မှုများလာတာနဲ့အမျှ ကုသစရိတ်တွေ ပိုမိုကုန်ကျလာ ပါတယ်။ ဥပမာပေးရမယ်ဆိုရင် ကာကွယ်ဆေးပြည့်စုံစွာ မရရှိထား တဲ့ ကလေးတွေဟာ ကာကွယ်ဆေး ရထားတဲ့ ကလေးတွေထက် ရောဂါဖြစ်နှုန်း ပိုများတတ်ပါတယ်။

    ရောဂါကို ထိရောက်စွာ ကုသမှု ဟာလည်း ရောဂါပျောက်ကင်းအောင်၊ ဆက်လက် မဆိုးရွားစေအောင် သာမကပဲ တချို့ရောဂါတွေ ဆက်လက် မပြန့်ပွားအောင်ပါ လုပ်ဆောင် နိုင်ပါတယ်။ အဆုတ်တီဘီရောဂါ ကို ဥပမာပေးပါရစေ။ တိကျပြည့်စုံစွာ ကုသမှုကို ရရှိထားတဲ့ တီဘီရောဂါ ရှင်ဟာ မိမိရဲ့ရောဂါ သက်သာ ပျောက်ကင်းတာ သာမကပဲ တခြားသူတွေကို မိမိထံမှရောဂါ ကူးစက်စေနိုင်မှုကို တားဆီးကာ ကွယ်နိုင်ပါတယ်။

    တချို့ရောဂါ ကျန်းမာရေးချို့ ယွင်းမှုတွေဟာ ထိရောက်စွာ ဆက်လက်ပြုစုစောင့်ရှောက်မှုတွေ လိုအပ်ပါတယ်။ ဥပမာ ခြေလက် ထိခိုက်ဒဏ်ရာရခဲ့တဲ့သူတွေက  အရိုးဆက်၊ ဖြတ်တောက်မှုတွေ လုပ်ပေးရုံနဲ့ မပြီးပါဘူး။ သူတို့ အတတ်နိုင်ဆုံး ပုံမှန်ပြန်လည်လှုပ် ရှားလာနိုင်ဖို့၊ လူထုကြားမှာ သွား လာလှုပ်ရှားနိုင်ဖို့တွေဖြစ်လာအောင် အားလုံးက ဝိုင်းဝန်းကြိုးစားပံ့ပိုး ကူညီကြရပါမယ်။

    ကျန်းမာရေးမြှင့်တင်မှု ကတော့ လူတိုင်း ကိုယ့်ကျန်းမာရေးကိုကိုယ် ပိုမိုကောင်းမွန်လာအောင် ထိန်းချုပ် လုပ်ကိုင်နိုင်ခွင့် ရရှိလာရေးဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး လူတစ်ဦးချင်း စီသာမကပဲ လူထုနဲ့ ပတ်ဝန်းကျင်တိုးတက်ကောင်းမွန် လာအောင်လည်း လုပ်ဆောင်ကြရ ပါတယ်။ ဥပမာပေးရရင် ကျန်းမာရေး ဗဟုသုတ တိုးတက်လာပြီး ကိုယ့်ကျန်းမာရေး ပိုကောင်းလာ အောင် အစားအသောက် အနေအထိုင် ဆင်ခြင်တာတို့၊ မိခင်နဲ့ ကလေး ကျန်းမာရေး၊ ကျောင်းကျန်းမာ ရေး၊ အလုပ်ခွင် အန္တရာယ်ကင်း ကျန်းမာရေးတို့ ပိုမို တိုးတက်လာ အောင် ကြိုးစားပံ့ပိုးမှုတွေပါပဲ။

    တိုင်းပြည် တစ်ခုရဲ့ လူထု ကျန်းမာရေးကို အစိုးရက အဓိက တာဝန်ယူကြရပါတယ်။ ကျန်းမာရေး လုပ်သားများ ရဲ့  ကျင့်ဝတ် မှန်ကန်စွာနဲ့ ကုသစောင့်ရှောက်မှု၊ ပညာ အတွေ့အကြုံပြည့်စုံမှု၊ စေတနာနဲ့ နွေးထွေးစွာ ပြုစုမှုတွေ ဟာ ပြည်သူတွေရဲ့ မှန်ကန်တဲ့ ရပိုင်ခွင့်တွေပဲ ဖြစ်ပါတယ်။ ကျန်းမာရေး လုပ်သားများမှာလည်း လိုအပ်တဲ့ ဆေးဝါးနဲ့ပစ္စည်း ပံ့ပိုးပြည့်စုံမှု၊ ထိုက်တန်တဲ့ ဝင်ငွေနဲ့ ရပိုင်ခွင့်ရှိမှု၊ ပညာ အတွေ့အကြုံ ဆက်လက် သင်ယူပိုင်ခွင့်ရှိမှုတွေ ရှိရပါတယ်။ အာဖရိကန် နိုင်ငံ တချို့မှာ ဆိုရင် ရပ်ရွာဒေသ အသီးသီးမှာ အရည်အချင်း ပြည့်ဝစွာနဲ့ လူထု ကျန်းမာရေးကို ထိရောက်စွာ ထမ်းဆောင်ကြမယ့် ဆရာဝန် အပါအဝင် ကျန်းမာရေး လုပ်သားကောင်း များစွာ မွေးထုတ်ရုံ သာမကပဲ ပြည်တွင်းမှာ ဆက်လက် တာဝန် ထမ်းဆောင်ဖို့ အခြေအနေတွေ ပံ့ပိုး တည်ဆောက်ပေးနေတဲ့ စီမံကိန်းတွေကို အကောင် အထည်ဖော်နေ ကြပါပြီ။ ဒီစီမံကိန်းတွေဟာ ပြည်သူတွေရဲ့ လိုအပ်ချက် တင်ပြမှုတွေ နဲ့ အရေးပေါ် လိုအပ်ချက်တွေပေါ် မူတည်ပြီး အစိုးရနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ရဲ့တာဝန်ယူ လုပ်ဆောင်မှုတွေကြောင့် ဖြစ်ပါတယ်။

    တိုင်းပြည် ကျန်းမာရေးအတွက် အစိုးရနဲ့ ကျန်းမာရေးလုပ်သားများ တာဝန်ကြွေပန်ဖို့လိုသလို အများပြည်သူတိုင်း မှာလည်း ကိုယ့်တာဝန်ကိုယ် ကြေပြွန်ကြဖို့ လိုပါတယ်။ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်း ပိုင်ရှင်များရဲ့ ကျင့်ဝတ် ထိန်းသိမ်းမှုနဲ့ မှန်ကန် သင့်တော်တဲ့ ဈေးနှုန်းသတ်မှတ်မှု၊ ဆေးဝါးနဲ့ ဆေးပစ္စည်း ကုမ္ပဏီပိုင်ရှင်တွေနဲ့ ကိုယ်စားလှယ် အေးဂျင့်တွေရဲ့ ကျင့်ဝတ်မှန်ကန်မှု၊ စာနယ်ဇင်းနဲ့ မီဒီယာတွေရဲ့ မှန်ကန်ပြီး အပြုသဘော ဆန်တဲ့ ဝေဖန်တင်ပြမှု၊ ဥပဒေ ပညာရှင်တွေနဲ့ တရားသူကြီးတွေရဲ့ မျှတပြတ်သားစွာ အကြံပေးဆုံးဖြတ်မှု၊ ရှေ့နေတွေ ရဲ့ ကျင့်ဝတ် မှန်ကန်စွာနဲ့ တင်ပြလျှောက်လဲမှု၊ အပြည်ပြည်ဆိုင်ရာ ကျန်းမာရေး အဖွဲ့အစည်းတွေနဲ့ နိုင်ငံခြား ပညာရှင်တွေရဲ့ စေတနာမှန်ကန်စွာနဲ့ တာဝန်ထမ်းဆောင်မှု၊ ပြည်သူ တွေရဲ့ ကိုယ်တိုင်ကြိုးစားပါဝင်မှု အပြင် ကိုယ်နဲ့ ကိုယ့်မိသားစု ရပ်ရွာ ရဲ့ ကျန်းမာရေး လိုအပ်ချက်တွေကို သက်ဆိုင်သူတွေကို အပြုသဘောနဲ့ တုံ့ပြန် အကြံပေးမှုတွေဟာ မရှိမဖြစ်တဲ့ တာဝန်တွေပါပဲ။

    ဒါတွေဟာ ကျွန်တော်နိုင်ငံ တချို့မှာ ပြီးခဲ့တဲ့အနှစ် ၂ဝ ကျော် အတွင်း ကြုံတွေ့ခဲ့ရတာတွေကို ပြန် လည်ဖလှယ်မိတာပါ။ တချို့ အခြေ အနေတွေက မြန်မာပြည်က လက်ရှိ အခြေအနေတွေနဲ့ တူကောင်းတူနိုင် ပေမယ့်  မြန်မာပြည်မှာ ဘာလုပ် သင့်တယ် ဘာဖြစ်သင့်တယ်ဆိုပြီး ဆရာလုပ်နေတာမဟုတ်ပါဘူးဆို တာကို လေးစားစွာမေတ္တာရပ်ခံပါ ရစေ။

    တိုင်းပြည်ကနေ အခြေအနေ အကြောင်းကြောင်းကြောင့်ထွက်ခဲ့ရ တာ ၂၄ နှစ်ရှိနေခဲ့ပေမယ့် ကိုယ့် ကို လူဖြစ်လာအောင် အဘက် ဘက်က ဆက်လက်ပညာပေးသွန် သင်ပံ့ပိုးနေတဲ့ တိုင်းပြည်နဲ့ သင် ဆရာမြင်ဆရာကြားဆရာတွေကို ဘယ်နေရာရောက်ရောက် ကျေးဇူး တင်စွာနဲ့ သတိရနေမြဲဖြစ်ပါတယ်။ ပြည်တွင်းမှာ အခက်အခဲ များစွာ ကြားက လူမှုရေးကျန်းမာရေး လိုအပ်ချက်တွေကို ကျရာနေရာ ကနေ ထိရောက်စွာ ကိုယ်ထူကိုယ်ထ တာဝန်ယူ ထမ်းဆောင် ပံ့ပိုးနေတဲ့သူတိုင်း ကိုလည်း အင်မတန် အားရ၊ အားကျ၊ အားကိုးကြောင်းလေးစားစွာ ပြောကြားပါရစေ။

    နိုင်ငံတိုင်းမှာ လူထုကျန်းမာရေး တိုးတက်ကောင်းမွန်လာအောင် လုပ် ဆောင်နေချိန်မှာ အခက်အခဲပေါင်း မြောက်များစွာကို ရင်ဆိုင်နေရ သလိုမြန်မာပြည်ဟာလည်း အခက်အခဲ များစွာကို ကျော်ဖြတ်ရမှာပါပဲ။ ဒါပေမယ့် တိုင်းသူပြည်သားတွေရဲ့ စိတ်ဓာတ်၊ သတ္တိ၊ အရည်အချင်းနဲ့ ညီညွတ်စွာ လုပ်ကိုင် ချက်တွေကြောင့် ပြည်နယ်တိုင်းဒေသ အားလုံးမှာ လူထု ကျန်းမာရေးမျှတစွာ တိုးတက် လာမယ်နေ့တွေဟာ သိပ်မဝေးတော့ ဘူးလို့ မျှော်လင့် ယုံကြည် မိပါတယ်။

    ဒေါက်တာ မြတ်ထူးရာဇတ် (ဆရာကြီးဦးရာဇတ်၏ မြေး)

    (http://www.myanmarij.com/?p=8732   တွင် ဖော်ပြထားသည်ကို ကူးယူဖော်ပြပါသည်။

    (ဒေါက်တာ မြတ်ထူးရာဇတ်သည် အာရှနှင့် အာဖရိကအတွင်း HIV/AIDS ဆိုင်ရာ သုတေသနလုပ်ငန်း၊ ကုသ အကူအညီပေးခြင်းနှင့် ကျန်းမာရေးလုပ်သားများ အရည်အချင်းမြှင့်တင်ပေးသော နိုင်ငံတကာ ကျန်းမာရေး အဖွဲ့အစည်းများတွင် အလုပ်လုပ်ကိုင်နေသော မြန်မာဆရာဝန်တဦးဖြစ်သည်။ ၂၀၀၉ မှစ၍ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်လျက်ရှိပြီး ကမ္ဘာ့ကျန်းမာရေးနှင့် ကျန်းမာရေးစနစ်များ တိုးတက်ကောင်းမွန်စေရေး လုပ်ကိုင်လျက်ရှိသည်။)

  • ဒေါက်တာ မြတ်ထူးရာဇတ် နှင့် ကျန်းမာရေးကဏ္ဍ အင်တာဗျူး (by MIJ)

    ဒေါက်တာ မြတ်ထူးရာဇတ် နှင့် ကျန်းမာရေးကဏ္ဍ အင်တာဗျူး (by MIJ)

    ဒီဇင်ဘာ ၁၂၊ ၂၀၁၂

    Source: Myanmar Independent News journal

    အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးစနစ် မြှင့်တင်နိုင်ရေး လုပ်ငန်းများတွင် လုပ်ဆောင်နေသော အမေရိကန်ပြည်ထောင်စု တွင် နေထိုင် သည့် ဒေါက်တာမြတ်ထူး ရာဇတ်သည်ပြည်တွင်းတွင် ဆရာဝန် တစ်ယောက်အဖြစ် ရပ်တည်ခဲ့ပြီးမှ အပြည်ပြည်ဆိုင်ရာ ကျန်းမာရေး အဖွဲ့အစည်းများတွင် အကြံပေးသူ၊ စီမံကိန်း တာဝန်ခံ စသည့် တာဝန်များကို ထမ်းဆောင်နေသူ ဖြစ်ရာ ယင်းကို မြန်မာအင်ဒီပဲန်ဒင့်မှ ကျန်းမာရေးဆိုင်ရာ အရေးကိစ္စများမေး မြန်းခဲ့ပါသည်။ ယင်းတို့ အနက် မှ ကောက်နုတ် ဖော်ပြအပ်ပါသည်။

    မေး။ ။ အခုတလော ဆရာဝန်တွေ ကျင့်ဝတ်နဲ့မညီ လုပ်ကြတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့  လူထုကြား ထဲမှာ မကျေနပ်မှုတွေ ရှိနေသလို  မီဒီယာတွေ ကလည်း ရေးကြပါတယ်။ တစ်ဖက်က ဆရာဝန် တွေကလည်း သူတို့ဘက်က မှန်တာတွေကို ကျတော့ မီဒီယာတွေက မရေးဘူး ဆိုတဲ့ အမြင်မျိုးတွေ ရှိပါတယ်။ အဲဒီပေါ်မှာ ဆရာ ဘယ်လို ယူဆပါသလဲ။

    ဖြေ။ ။ ကျွန်တော်တို့ လူတစ်ဦးချင်း ရဲ့ ကျန်းမာရေး၊ တစ်ချိန်တည်းမှာ လူတစ်ဦး တစ်ယောက်ကို ကုသရေး ပဲ ဦးစီးပေးမယ်ဆိုရင်တော့ လူထုရဲ့ ကျန်းမာရေးက ထိခိုက်လာ နိုင်ပါတယ်။ ကျွန်တော် ဖြစ်စေချင်တာ ကတော့ လူထုကျန်းမာရေးဆိုတာ ကို ဦးစားပေးစေချင်ပါတယ်။ လူထု ကျန်းမာရေး ဦးစားပေးတဲ့အခါမှာ ကုသရေး လည်း ပါပါတယ်။ စောင့်ရှောက်ရေးလည်း ပါပါတယ်။ တချို့ကျတော့ ကုသလိုက်လို့ ရောဂါပျောက် သွားပြီး ပေမယ့် ထပ်ပြီးတော့ ပြုစု စောင့်ရှောက်မှုမရှိရင်  ဥပမာ ခြေထောက်ကျိုးတဲ့လူတွေ၊ လက်ကျိုး တဲ့သူပဲဖြစ်ဖြစ် ဆက်ပြီးတော့ ပြုစု စောင့်ရှောက်ဖို့လိုပါတယ်။ ကာကွယ်ရေး၊ ကုသရေး၊ ပြုစုစောင့်ရှောက် ရေး အားလုံးပါတဲ့ ကျန်းမာရေးစနစ် ဖြစ်ဖို့ အရေးကြီးပါတယ်။

    မေး။ ဆရာက ကိုယ်တိုင် ကျန်းမာ ရေးစောင့်ရှောက်မှု ပေးခဲ့ဖူးတဲ့     ဆရာဝန်လည်း ဖြစ်တယ်။ နိုင်ငံတကာ အတွေ့အကြုံ လည်း ရှိတဲ့အခါ ကျတော့ မြန်မာပြည် ရဲ့ ကျန်းမာ ရေးမူဝါဒအနေနဲ့ လက်ရှိမူဝါဒတွေ ဟာ လုံလောက်နေပြီလား။ အဲဒီအ ပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

    ဖြေ။ ။ လက်ရှိမူဝါဒကတော့ လုံ လောက်တယ်လို့ မထင်ပါဘူး။ ဘယ် နိုင်ငံမှာမှ ကျန်းမာရေးစနစ်က ထိတ် ထိတ်ကြဲကောင်း တယ်ဆိုတာ မရှိပါဘူး။ တစ်ကမ္ဘာလုံးမှာ ဘယ်လောက် ပဲချမ်းသာတဲ့နိုင်ငံပဲဖြစ်ဖြစ် သူတို့ရဲ့ ကျန်းမာရေးစနစ်ကို ပြင်ဆင်နေတာ  အများကြီးရှိပါတယ်။

    မေး။ ။ အခုလတ်တလောမှာ တတ် နိုင်တဲ့သူတွေက ရောဂါဖြစ်မှပဲ အထူးကု ဆရာဝန်တွေနဲ့ ကုမယ်။ ဒါမှ မဟုတ် ဒီက ဆေးကုသမှုကို မယုံတဲ့ အတွက် နိုင်ငံခြားကို ထွက်ကုတယ် ဆိုတာကိုတွေ့ရသလို၊ မတတ်နိုင်တဲ့ သူတွေကျတော့လည်း အထူးကု ဆီလည်း လက်လှမ်းမမီ၊ ဂျီပီလို့ခေါ်တဲ့ အထွေထွေကု ဆရာဝန်တွေရဲ့ အခန်းကဏ္ဍကိုလည်း သိပ်ပြီးတော့ အရေးပါတယ်လို့ မမြင်တော့ဘဲ လမ်းဘေး ဆေးဆိုင်လေးတွေကနေ စပ်ဆေးဆိုပြီးတော့ ကျန်းမာရေး အခြေခံ ဗဟုသုတ မရှိတဲ့သူများက စပ်ပြီးတော့ ပေးလိုက်တဲ့ ဆေးတွေကို အားကိုးပြီးတော့ သုံးလာကြတယ်။ အဲဒီလို အစွန်းနှစ်ဖက် ဖြစ်နေတဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပုံစံပေါ်မှာ ဆရာ ဘာများ ပြောစရာရှိလဲ။

    ဖြေ။ ။အန္တရာယ် အရမ်းကြီးပါတယ်။ အခုလိုမျိုး အစွန်းနှစ်ဖက် ရောက်နေတဲ့ ကဏ္ဍမှာဆိုရင် ပြည်သူလူထု အတွက်လည်း အန္တရာယ်ကြီးသလို၊ တိုင်းပြည် အတွက်လည်း အန္တရာယ်ကြီးတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့ ဒီမှာနေခဲ့တဲ့အချိန် ကွမ်းယာဆိုင်တွေမှာ ဆေးရောင်းတယ် ဆိုတာ ရှိပါတယ်။ အရင်ကတည်းက ရှိတာပါ။ ဒါပေမယ့် သူတို့သည် ဆရာဝန်၊ ဆရာမတွေရဲ့ အကြံပေးချက်တွေကို တစ်ခါတလေ ကျရင် နားထောင် တတ်ပါတယ်။ တကယ်လို့သာ ကိုယ့်ဘာသာကိုယ် ဆေးစပ်ပြီး ရောင်းကြမယ်ဆိုရင် အခြေအနေက တော်တော်ကို မကောင်းပါဘူး။ တစ်ချိန်တည်းမှာ ပဲ ပါရဂူတွေချည်းပဲ သွားပြနေမယ် ဆိုလို့ရှိရင် မလိုအပ်ဘဲနဲ့ ဆေးရုံဆေး ခန်းတွေမှာ လူတွေအကြာကြီးစောင့် ရတာ ဖြစ်သွားနိုင်ပါတယ်။ အထွေ ထွေရောဂါကုဆရာဝန် ဂျီပီဆိုတာ   နိမ့်ကျတာ မဟုတ်ပါဘူး။  အထွေ ထွေရောဂါကုတဲ့ ဆရာဝန်တွေသည် အင်မတန် အရေးကြီး ပါတယ်။ ပညာ တကယ်တတ်ပြီးတော့ ထိထိရောက် ရောက်လုပ်နိုင်တဲ့ ဂျီပီဆရာဝန်တွေ နဲ့ စပြီးပြကြည့်ဖို့ အရေးကြီး ပါတယ်။ သူတို့က လိုအပ်လာမယ် ဆိုလို့ရှိရင် အထူးကုတွေကို ပြရပါမယ်။ အဲဒါဆိုရင် အထူးကုတွေ အတွက်လည်း ကုသမှုကပိုပြီး ထိရောက် လာပါတယ်။ အထွေထွေ ရောဂါကု ဆရာဝန်တွေအနေနဲ့လည်း ထိထိ ရောက်ရောက် ကုနိုင်ဖို့ဆိုရင် ဘာတွေလိုမလဲ။ ဘယ်နေရာတွေ လေ့လာထားရမလဲ။  သူတို့ရဲ့တိုးတက်မှု အတွက် ကို ဘာလုပ်လာနိုင်မလဲ။ အထွေထွေ ရောဂါကုတဲ့နေရာမှာ ထူးချွန်တဲ့ အထွေထွေ ရောဂါအထူးကု ဆရာဝန်ဆိုတာ ပေါ်လာမှာပါ။ MRCGP Family Medicine စတဲ့ အထူးကုမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ လူထုက အထွေထွေ ရောဂါကု ဆရာဝန်တွေကို နားလည်ဖို့ အရေးကြီးသလို အထူးကု ဆရာဝန်တွေကပါ နားလည်ပေးဖို့ အရေးကြီးပါတယ်။ တစ်ချိန်တည်းမှာပဲ ဆေးခန်း၊ ဆေးရုံ၊ ကျန်းမာရေးဝန်ကြီး ဌာနအားလုံးက အထွေထွေ ရောဂါကု ဆေးခန်း၊ ဆေးရုံတွေရဲ့ အရေးပါမှုကို အလေးအနက်ပြု လာကြရမှာပါ။ အဲဒီလို လုပ်နိုင်မယ်ဆိုရင် ကျွန်တော်တို့ တိုင်းပြည်ရဲ့ ကျန်းမာရေးစနစ်ဟာ တိုးတက်လာမှာ ဖြစ်ပါတယ်။  တိုင်းရင်းဆေး၊ သုတေ သန၊ ကျန်းမာရေး၊ ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေး ဦးစီးဌာန၊ စီမံခန့်ခွဲရေး ဌာနအားလုံး က ပေါင်းပြီး လုပ်ကြ ရမှာပါ။

    မေး။ ။ ပြည်တွင်း ပြည်ပ အန်ဂျီအိုတွေရဲ့ အခန်းကဏ္ဍကရော ကျန်းမာရေးစနစ် ကို ကောင်းအောင်လုပ်တဲ့ နေရာမှာ ဘယ်လောက် အတိုင်းအတာအထိ လုပ်သင့်ပါသလဲ။ အဲ ဒီအဖွဲ့တွေအနေနဲ့ လူထုရဲ့ကျန်းမာရေး စရိတ်ကို လျှော့ချပေးရုံ ထက်မကတဲ့ ရည်မှန်းချက်မျိုးနဲ့ အလုပ်လုပ်နိုင်သေး တယ်လို့ မြင်မိပါတယ်။ အထူး သဖြင့် ပြည်တွင်းက အခမဲ့ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းတွေက လူထုအတွက် ဆေးကုသရေး ကုန်ကျစရိတ် သက်သာအောင်ဆိုတာလောက်ထိပဲ ဦးတည်သလို ဖြစ်နေကြတာမို့ အဲဒီအတွေး အခေါ်ကို ပြောင်းအောင် ဘယ်လို လုပ်နိုင်ဦးမလဲ။ နောက်တစ်ဆက် တည်းမှာ မီဒီယာတွေရဲ့ အခန်း ကဏ္ဍပေါ့။ အဲဒီလိုအတွေးပြောင်း အောင်လို့ မီဒီယာကရော ဘယ်လို လုပ်သင့်သလဲ ဆိုတာလေးကို ပြောပေးပါ။

    ဖြေ။ ။ အိုင်အန်ဂျီအို၊ အန်ဂျီအို တိုင်းဟာလည်း ထိရောက်တာ မ ဟုတ်ပါဘူး။ ဘယ်လောက်ပဲ စေတနာ ရှိရှိ သူတို့မှာ လုပ်နိုင်တဲ့အင်အား ဆိုတာ သူတို့ရဲ့ အတွေ့အကြုံ၊ လုပ် ငန်းကျွမ်းကျင်မှုတွေပေါ်မှာ အများ ကြီး မူတည်ပါတယ်။ တချို့အိုင်အန် ဂျီအိုဆိုရင် ကျွမ်းကျင်သူ အများကြီး ရှိပါတယ်။ တချို့ မကျွမ်းကျင်တာ လည်း ရှိပါတယ်။ တချို့ဆို အန်ဂျီ အိုနာမည်သိပ်မကြီးပေမယ့် သူတို့ က ကျွမ်းကျင်မှု ရှိပါတယ်။ တချို့ အင်အား တောင့်တင်းတဲ့ အန်ဂျီအို ရှိသလို အင်အားမတောင့်တင်းတဲ့ အန်ဂျီအိုတွေလည်း ရှိပါတယ်။ တ ချို့ ငွေရေးကြေးရေး မတောင့်တင်း တဲ့ အန်ဂျီအိုတွေက ပိုပြီးတော့ ထိထိရောက်ရောက် လုပ်နိုင်တာကို တွေ့ဖူးပါတယ်။ ဥပမာ ထိုင်းနိုင်ငံ မှာ အန်ဂျီအိုတစ်ခုဟာ ကိုယ့်ထူး ကိုယ်ချွန်ပြီး သေသေချာချာ ထိထိ ရောက်ရောက်  လုပ်နိုင်တာမို့ HIV နဲ့ ပတ်သက်တဲ့ ကိုယ်ကိုအရင်းပြု ပြီး ပိုက်ဆံရှာရတဲ့ အမျိုးသမီးတွေ မှာ HIV ကူးစက်မှုကို  တော်တော် လေး ကာကွယ်ပေးနိုင်ခဲ့ပါတယ်။ သိပ်ပြီးတော့ ကြီးမားတဲ့ အန်ဂျီအို ကြီးတွေမှာလည်း အစိုးရဌာနနဲ့ ဘာ မှမထူးတာမျိုးတွေ တွေ့ရပါတယ်။ လူထုက နားလည်မှုရှိလာအောင် မီဒီယာက အများကြီး လုပ်ပေးနိုင်ပါ တယ်။ ဘယ်အန်ဂျီအိုတွေက ဘာ တွေကို ထိထိရောက်ရောက် လုပ် ပေးနိုင်လဲ၊ သူတို့ရဲ့ထိရောက်မှုက ဘာတွေရှိသလဲ။ သူတို့ရဲ့ကျွမ်း ကျင်မှုတွေ ဘာတွေရှိနိုင်လဲ။ နောက် တစ်ခုက အပြည်ပြည်ဆိုင်ရာအန်ဂျီ အိုတွေနဲ့ အန်ဂျီအိုတွေက တစ်ယောက် နဲ့တစ်ယောက် ခြေချင်းလိမ်မနေပါ နဲ့။ အားလုံး မျှမျှတတနဲ့ ညီညီညွတ် ညွတ်နဲ့ ဘယ်သူကတော့ဖြင့် ဘယ် နေရာမှာ သင့်တော်တယ်၊ ဘယ်ကွေ့ မှာ ဘယ်တက်နဲ့ လှော်မှာလည်း ဘယ်နေရာလေးမှာ ဘယ်သူကဖြင့် ပိုပြီးတော်လဲပေါ့။ ပြည်သူလူထု ကလည်း ပြန်ပြီးဆန်းစစ်ပိုင်ခွင့်ရှိ ရမယ်။ မီဒီယာအနေနဲ့ ဆန်းစစ်ပိုင် ခွင့်ကို ထိထိရောက်ရောက်တင်ပြပေး နိုင်မယ်ဆိုရင် ပိုပြီးကောင်းပါတယ်။ ဘာမှ ထူးထူးခြားခြားမရှိဘဲ ကောင်းမွန်တဲ့အချက်တွေဆိုရင် လူတွေက ကျော်ဖတ်ကြပါတယ်။ သိပ်ပြီးတော့ စိတ်လှုပ်ရှားစရာကောင်း တာမျိုး၊ အင်မတန်ဆိုးဝါးတဲ့ အဖြစ် မျိုးဆိုရင် အဖတ်များကြပါတယ်။ ဒါလူ့သဘာဝပါ။ မီဒီယာကို စိန် ခေါ်ပါတယ်။  ဒီပျင်းစရာကောင်း တဲ့၊ စိတ်ဝင်စားစရာ မကောင်းတဲ့၊ ဒါပေမယ့် အင်မတန်မှထိရောက်တဲ့ ဖြစ်ရပ်တွေကို ဘယ်လိုမျိုး တင် ပြနိုင်မှာလဲ။ မီဒီယာကို စိန်ခေါ် ချင်တာ၊ မေတ္တာ ရပ်ခံချင်တာက တော့ ဒီတာဝန်ကို ကျေပါပေါ့။ ကျန်းမာရေးလုပ်သားတွေမှာ တာ ဝန်ရှိသလို ပြည်သူတွေမှာလည်း တာဝန်ရှိ ပါတယ်။ ပြည်သူတွေရဲ့ အားထားစရာ ပုဂ္ဂိုလ်တွေကလည်း တာဝန်ကျေဖို့ အရေးကြီးပါတယ်။

    မေး။ ။နောက်တစ်ခုက အခကြေး ငွေပေးရတဲ့ ဆေးခန်းကြီးတွေကို သွားတယ်။ အခကြေးငွေပေးတဲ့ အတွက် ကြောင့်မို့လို့ အဲဒါနဲ့ ထိုက်တန်တဲ့ ဝန်ဆောင်မှုမျိုး ရတယ်။ အခမဲ့ ဆေးခန်းတွေမှာ ကျတော့  ပေးလိုက်တဲ့ ဝန်ဆောင်မှုဟာ ဘာမှမထိုက်တန်တဲ့ ဝန်ဆောင်မှုမျိုးတွေ ဖြစ်နေတယ် ဆိုတာမျိုးလည်း ရှိနေပါတယ်။ အဲဒီ အတွက် ကျန်းမာရေး ဝန်ထမ်းတွေ အနေနဲ့ စံတစ်ခုနဲ့ ဝန်ဆောင်မှု ပေးနိုင်ဖို့၊ တစ်နည်းအားဖြင့် သူတို့ရဲ့ အရည်အသွေး၊ သူတို့ရဲ့ကုသမှုတွေဟာ စံတစ်ခုတည်းမှာပဲ (Standard) ဖြစ်နေရမယ်ဆိုတဲ့အမြင်ကို ဆရာ ဘယ်လို သဘောရပါသလဲ။

    ဖြေ။ ။အမြဲတမ်း ဖြစ်သင့်ပါတယ်။ တစ်ချိန်တည်းမှာပဲ မီဒီယာရဲ့အရေး ပါမှုဟာ အဲဒီမှာပါ ပါတယ်။ ဘာကြောင့် လဲ ဆိုတော့ နိုင်ငံခြားမှာ အခမဲ့ ဆေးခန်းတွေ ဖွင့်တယ်ဆိုတာက တော်ရုံတန်ရုံနဲ့ ဖွင့်နိုင်တာ မဟုတ်ဘူး။ အခမဲ့ ဆေးခန်းက ပေးတဲ့ဆေးတွေဟာ တစ်ခါတလေ ကျရင် ပါရဂူဆေးခန်းတွေမှာ ပေးတဲ့ဆေး ထက် ပိုကောင်း တတ်ပါတယ်။ ပိုပြီးတော့ ထိထိရောက်ရောက် တိတိကျကျ ရှိတတ်ပါတယ်။ အဲဒီတော့ အခမဲ့ဆေးခန်းတွေ တကယ်ကို အရည်အသွေး ပြည့်တဲ့ အကြောင်းကို ပြသဖို့ အရေးကြီးလာပါတယ်။ အဲဒီ အတွက် မီဒီယာက နေပြီးတော့  ဆရာဝန်အသင်းတို့၊ ပုဂ္ဂလိက အဖွဲ့အစည်းတို့ကို မေးမြန်းပြီး ဘယ်လို အခမဲ့ဆေးခန်းတွေရဲ့ ဝန်ဆောင်မှုက ယုံကြည်ထိုက်တယ်ဆိုတာမျိုး စ ကားပြောလာနိုင်မယ်ဆိုရင်တော့ ပြည်သူ့ရဲ့ အမြင်မှားမှုတွေ ဟာ ပျောက်ပျက် သွားနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဆေးကုသမှုစံ တစ်ခု Standard ဆိုတာ မရှိလို့ မရပါဘူး။ Standard ဆိုတာ အခြေခံ ကုသမှုဆိုတာကို ပါရဂူဆေးရုံကြီး တွေမှာရော အခမဲ့ဆေးခန်း တွေမှာ ပါ တစ်ပုံစံ တည်း ဖြစ်ရပါမယ်။     အဲဒါကို လူတိုင်းလည်း သိအောင် ပြောနိုင်ဖို့ ကျွန်တော်တို့ ဆရာဝန်တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေမှာ တာဝန်ရှိသလို မီဒီယာကလည်း ထောက်ပြနိုင်မယ်ဆိုရင် ပိုကောင်းမယ် ထင်ပါတယ်။

    Myanmar Independent News journal မှ ကူးယူဖော်ပြပါသည်။

  • ဆရာကြီးသာရှိခဲ့ရင်

    ဆရာကြီးသာရှိခဲ့ရင်

    မြတ်ထူးရာဇတ်

    Source: http://www.myanmarij.com/?p=4459

     

    ဗိုလ်ချုပ်အောင်ဆန်း၊ ဆရာကြီး ဦးရာဇတ် အပါအဝင် အာဇာနည် ခေါင်းဆောင်ကြီး ၉ ဦးကို လူမှန်း သိတတ် ကတည်းက မိသားစုတွေ စာအုပ်စာတမ်းတွေက တစ်ဆင့်သိခဲ့ ကြားခဲ့ ရပါတယ်။ အခုလို ၆၅ နှစ်မြောက် အာဇာနည်နေ့မှာ တိုင်းပြည် လွတ်လပ်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေး၊ ငြိမ်းချမ်းရေးအတွက် လှုပ်ရှားခဲ့တဲ့ လှုပ်ရှားနေဆဲ ဖြစ်တဲ့ ခေါင်းဆောင် များနဲ့ ပြည်သူလူထုကို အာဇာနည်ကြီးများက အားပေးဂုဏ်ယူဆဲ ပဲဖြစ်မှာပါ။

    ဆရာကြီးကို အဖိုးတစ်ယောက် အနေထက် လွတ်လပ်ရေးလှုပ်ရှားမှုရဲ့ခေါင်းဆောင်တစ်ဦးအဖြစ် ပိုမိုသိခဲ့ ပါတယ်။ ဘဝရှင်သန်ရေးအတွက် ဘယ်တိုင်းပြည်တွေမှာ ဘယ်လောက်ပဲ ရုန်းကန်နေရနေရ၊ မြန်မာပြည်ရဲ့ တိုးတက်ဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်းသာယာရေးကို နှလုံးသားထဲမှာ အမြဲစွဲနေ တာကတော့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေ ဖြစ်ကြတဲ့ အာဇာနည် ခေါင်းဆောင်ကြီးများ နဲ့တကွ မိဘ၊ ဆရာသမားများနဲ့ ပြည်သူလူထု တို့ရဲ့ သွန်သင်ဆုံးမ အားပေးပံ့ပိုးမှု ကြောင့်ပဲလို့ မြင်မိပါတယ်။

    မြန်မာပြည် ဖွံ့ဖြိုးတိုးတက်မှုနဲ့ ငြိမ်းချမ်းသာယာရေး လမ်းစကို ပြန်လည်မြင်နိုင်စဖြစ်တဲ့ အခုအချိန်မှာ ဆရာကြီးကို မေးချင်တဲ့မေးခွန်းတွေကို အခုလိုမေးပါရစေ။

    ဆရာကြီးဟာ ပညာရေးကို ဗဟိုပြုပြီး အမျိုးသားစိတ် ထက်သန်တဲ့ နယ်ချဲ့ဆန့်ကျင်ရေး တိုင်းပြည် လွတ်လပ်ရေး လှုပ်ရှားမှုရဲ့ ခေါင်းဆောင်တွေကို ပျိုးထောင်ပေးခဲ့တာ သိခဲ့ရပါတယ်။ အမျိုးသားကျောင်း ထွက်တွေဟာ စာရေးဆရာ/မ၊ ကျောင်းဆရာ/မ၊ ကုန်သည်၊ တပ်မတော်သား၊ အားကစားသမား၊ ပညာရှင်၊ နိုင်ငံရေးသမားစသဖြင့် ကဏ္ဍများစွာမှာ လွတ်လပ်ရေး အတွက် ပါဝင်လှုပ်ရှားခဲ့ကြပါတယ်။

    လက်ရှိအခြေအနေမှာ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ငြိမ်းချမ်းသာယာရေးကို ပံ့ပိုးရေးအတွက် ပညာရေးစနစ်ကို ဘယ်နေရာတွေမှာ ဦးစားပေး ပြင်ဆင်တည်ဆောက်ဖို့ လိုပါသလဲ။ ဘယ်လို ဘာသာရပ်တွေကို အတန်းကျောင်းနဲ့ တက္ကသိုလ်တွေမှာ ဦးစားပေး တည်ဆောက်ရပါသလဲ။ ပညာရေး သာမက အမျိုးသား စီမံကိန်း ဝန်ကြီး ဖြစ်ခဲ့တာကြောင့် ပညာရေး စနစ်က မွေးထုတ်ပျိုးထောင် ပေးလိုက်တဲ့ လူငယ်တွေကို ဘယ်လို အလုပ်တွေ ဖန်တီးပေးပြီး ဘယ်လို ကဏ္ဍတွေမှာ ကျရာတာဝန်ကို ထမ်းဆောင်ပြီး တိုင်းပြည်အတွက် လုပ် ဆောင်စေသင့်ပါသလဲ။ သူတို့ရဲ့ ဆက်လက် ထိရောက်စွာ လုပ်ဆောင်နိုင်ရေးအတွက် တိုင်းပြည်က ဘယ်လို စီမံကိန်းတွေ ချပေးသင့်ပါသလဲ။

    လစာမရတစ်ချက် ရတစ်ချက်နဲ့ လုပ်ခဲ့တဲ့ အမျိုးသား ကျောင်းဆရာ တစ်ယောက်အနေနဲ့ အခုလက်ရှိ ပညာရေး စနစ်မှာ ရုန်းကန်လှုပ်ရှားပြီး မျိုးဆက်တွေကို ပညာပေးနေတဲ့ ဆရာ၊ ဆရာမတွေရဲ့ လူမှုရေး ဖွံ့ဖြိုးမှု အခြေအနေ တွေကို ဘယ်လို ပံ့ပိုးမြှင့်တင်ပြီး တိုင်းပြည်အနာဂတ်ရဲ့ ပညာရေးစနစ်ကို အပြည်ပြည်ဆိုင်ရာ အဆင့်အတန်းမီ ဖြစ်နေအောင် လုပ်ဆောင်သင့်ပါသလဲ။

    ရဲဝန်ထမ်းဖခင်ရဲ့မေတ္တာရပ်ခံချက်ကို လေးစားစွာ ငြင်းဆန်ပြီး ရွှေတိဂုံ စေတီတော်မြတ်မှာ နယ်ချဲ့ ပညာရေး စနစ်ကို ဆက်လက် သပိတ်မှောက်ခဲ့တဲ့ ကျောင်းသား အနေနဲ့ သာမက ၁၃ဝဝပြည့် မန္တလေးသပိတ်မှာ ကျောင်းသားတွေကို သပိတ်မှောက်ဖို့ တိုက်တွန်း၊ ပံ့ပိုးအားပေးခဲ့တဲ့ ကျောင်းအုပ်ဆရာကြီး ဖြစ်ခဲ့တဲ့ ဆရာကြီးကို “ဘာကြောင့် ငြိမ်းချမ်းစွာ ဆန္ဒပြမှုဟာ တိုင်းပြည် လွတ်လပ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးပါသလဲ။ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကနေပြီး အကြမ်းဖက်မှု၊ ဖျက်ဆီးမှုတွေ ဖြစ်မလာစေဖို့ အဘက် ဘက်ကို ဘယ်လို ကာကွယ် ဦးဆောင်ခဲ့ပါသလဲ” လို့လဲမေးချင်ပါတယ်။

    ပြည်ထောင်စု စည်းလုံးညီညွတ်ရေးအတွက် အဓိကကျတဲ့ အချက် တစ်ခုဖြစ်တဲ့ တိုင်းရင်းသား ပြည်သူလူထုရဲ့ ရိုးရာဓလေ့ ထုံးစံနဲ့ ဘာသာစကားကို အပြန်အလှန် နားလည်လေးစားစွာနဲ့ ယုံကြည်မှု တည်ဆောက်ရေး အတွက် ပညာရေးစနစ်ကနေ ဘယ်လို တစ်တပ်တစ်အား ပါဝင်သင့်ပါသလဲ။ (ဆရာကြီးရဲ့မိတ်ဆွေ လူထု ဦးလှရဲ့တိုင်းရင်းသား ရိုးရာပုံပြင်များ၊ ဆောင်းပါးများနဲ့ သွန်သင်ဆုံးမမှုများဟာ ကျွန်တော့်အတွက် တန်ဖိုးမဖြတ် နိုင်လောက်အောင်ကို အရေးပါခဲ့ပါတယ်။)

    ပြည်ထောင်စု ညီညွတ်ရေး အလံအောက်မှာ ဘာသာပေါင်းစုံကို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့် ရှိဖို့လိုသလို တိုင်းပြည်လွတ်လပ်ရေး ဖွံ့ဖြိုးတိုးတက်ရေးကို ညီညွတ်စွာနဲ့ ဦးစားပေးသင့်ကြောင်းကို ဆရာကြီးရဲ့ မိန့်ခွန်းတွေမှာ ဖတ်ခဲ့ရပါတယ်။ လက်ရှိအခြေအနေ မှာ ဘာသာဝင်ပေါင်းစုံရဲ့ အပြန်အလှန် နားလည်မှု၊ လေးစားမှုနဲ့ ငြိမ်းချမ်း ညီညွတ်မှုတွေကို ဗဟိုပြုပြီး မြန်မာ ပြည်အနာဂတ်တိုးတက်ဖွံ့ဖြိုးရေး အတွက် ဘယ်လိုလုပ်ဆောင်သင့်ပါ သလဲ။

    မန္တလေး အမျိုးသားကျောင်းကြီးမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ဖဆပလ ခေါင်းဆောင်များ၊ ကျောင်းသား    ခေါင်းဆောင်များ၊ ရပ်မိရပ်ဖများ နဲ့ ပြည်သူလူထုတွေဟာ နိုင်ငံရေး ခေါင်းဆောင်များ ညီညွတ်စွာနဲ့ တိုင်း ပြည်အကျိုးကို ဘယ်လို ပံ့ပိုးသင့်သလဲ ဆိုတာကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ နိုင်ငံရေး အခြေအနေမှာ တပ်မတော်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရ အဖွဲ့ဝင်များဟာ ပြည်သူ့ဝန်ထမ်းများနဲ့ ၁၉၈၈ မျိုးဆက် ကျောင်းသား/သူများ အပါအဝင် ပြည်သူလူထုတွေနဲ့ ဘယ်လို နားလည်မှုနဲ့ ယုံကြည်မှုကို တည်ဆောက်သင့်ပါသလဲ။

    ၁၉၄၇ ခုနှစ် ဇွန်လမှာ ကျင်းပခဲ့တဲ့ “ပထမအကြိမ် အရှေ့တောင် အာရှ အပြည်ပြည်ဆိုင်ရာ ကျောင်းသားများ အစည်းအဝေးကြီးမှာ ဆရာကြီး မိန့်ကြားခဲ့တဲ့ Freedom Movement are Peace Movement မိန့်ခွန်းမှာ အိမ်နီးနားချင်း နိုင်ငံများ စည်းလုံးညီညွတ်ရေး၊ အင်အားကြီး နိုင်ငံတွေရဲ့ နယ်ချဲ့အုပ်စိုးမှုကို အစဉ်သတိပြုပြီး ကာကွယ် ဆန့်ကျင်ရေး၊ ကုလသမဂ္ဂ ဖွဲ့စည်းခဲ့တဲ့ ရည်မှန်းချက် တစ်ခုဖြစ်တဲ့ တိုင်းပြည်တိုင်းရဲ့ ကိုယ်ပိုင်ဆုံး ဖြတ်ခွင့်နဲ့ ငြိမ်းချမ်းစွာ ပူးပေါင်းနေထိုင်ရေးစတဲ့ အချက်တွေကို ရှင်းပြခဲ့သလို “လွတ်လပ်ရေး လှုပ်ရှားမှုသည် ငြိမ်းချမ်းရေး လှုပ်ရှားမှု”ဖြစ်ကြောင်းကိုလည်း တင်ပြခဲ့တာ ဖတ်ခဲ့ရပါတယ်။ လက်ရှိ အခြေအနေတွေမှာ အပြည်ပြည် ဆိုင်ရာ စီးပွားရေး မြှုပ်နှံမှု၊ သယံဇာတ ထုတ်ယူသုံးစွဲမှု၊ ပတ်ဝန်းကျင် ကျန်းမာမှု၊ ကမ္ဘာ့လူနည်း စုရဲ့ အာဏာနဲ့ စီးပွားရေး လက်ဝါးကြီးအုပ်မှု၊ လူအများစုရဲ့စားဝတ်နေရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် ဦးစားပေး မှု၊ တိုင်းပြည်နဲ့ ပြည်သူတွေရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ခွင့် ရရှိမှုတွေကို နိုင်ငံတကာ ဆက်ဆံရေး ကဏ္ဍကနေ ဘယ်လို လုပ်ဆောင်သင့်ပါလဲ။

    ဒီမေးခွန်းတွေဟာ အဖိုးမရှိခဲ့တဲ့ မြေးတစ်ဦးရဲ့မေးခွန်းတွေဖြစ်သလို ပြည်သူတစ်ယောက်ရဲ့ တိုင်းပြည် ခေါင်းဆောင် တစ်ဦးကို မေးချင်တဲ့ မေးခွန်းတွေလည်း ဖြစ်ပါတယ်။ ဆရာကြီးနဲ့တကွ အာဇာနည်များဟာ ဒီမေးခွန်းတွေကို အဖြေပေးဖို့ မရှိတော့ပါဘူး။ “ဖိုးလမင်းကို ထမင်းဆီဆမ်း ရွှေလင်ဗန်းနဲ့ပေးပါ”လို့ တောင်းနေ ရမယ့်အချိန်တွေကိုလည်း အများကြီး ကျော်လွန်ခဲ့ပါပြီ။

    ဒီမေးခွန်းတွေကို အဖြေပေးနိုင်မယ့်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့တကွ နောက်မဆုတ်တမ်း လုံ့လစိုက် စွာနဲ့ ရုန်းကန် လှုပ်ရှားနေတဲ့ ပြည်သူလူထုတွေနဲ့ ခေါင်းဆောင်တွေပဲ ဖြစ်ပါတယ်လို့ ယုံကြည်ပါတယ်။

    အာဇာနည် ခေါင်းဆောင်ကြီးများနှင့်တကွ လွတ်လပ်ရေးနှင့် တိုင်းပြည် ပြန်လည်ထူထောင်ရေး ကဏ္ဍအသီး သီးမှာ ကျရာ တာဝန်ထမ်းခဲ့တဲ့ ထမ်းနေဆဲဖြစ်တဲ့ မြန်မာပြည်သူ ပြည်သား အားလုံး ရည်မှန်းခဲ့တဲ့ လူတိုင်း အတွက် ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖြစ်လာဖို့ လမ်းကြောင်းမှန်ကို ဆက်လက် တည်ဆောက် နိုင်ပါစေလို့ မျှော်လင့် ဆန္ဒပြုပါရစေ။