News @ M-Media

Tag: IRAC

  • ၁၉၉၉-ခုနှစ်က ထုတ်ပြန်ခဲ့သော အစ္စလာမ်ညွှန်ကြားချက်ကို ဧရာဝတီတိုင်း ဒေသကြီးရှိ မြို့နယ် အစ္စလာမ် ကောင်စီခွဲများ သိရှိစေရန် ထပ်မံထုတ်ပြန်

    ဇွန် ၁၈၊ ၂၀၁၃
    M-Media
    သုတ

    ပုသိမ်မြို့ ။ ။ ဧရာဝတီတိုင်းဒေသကြီး၊ အစ္စလာမ်သာသနာရေးရာကောင်စီမှ ခရိုင်/မြို့နယ် အစ္စလာမ်ကောင်စီခွဲများ သိရှိနိုင်ရန် ၁၉၉၉-ခုနှစ်က အစ္စလာမ် သာသနာရေးရာ ကောင်စီ ဌာနချုပ်မှ ထုတ်ပြန်ခဲ့သော အစ္စလာမ့်ညွှန်ကြားချက်ကို ဇွန်လ (၁၇)ရက်နေ့တွင် တိုင်းဒေသကြီး အစ္စလာမ်ကောင်စီမှ ထပ်မံ ထုတ်ပြန်လိုက်ကြောင်း သိရသည်။

    အဆိုပါ ထုတ်ပြန်စာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ်က အစ္စလာမ့်ညွှန်ကြားချက် (အထူးလုပ်ငန်းစဉ်) ၁/၉၉ ဖြင့် ၁၉၉၉-ခုနှစ်က ထုတ်ပြန်ခဲ့သော ညွှန်ကြားချက်ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိထားရန် လိုအပ်လာသောကြောင့် ဧရာဝတီတိုင်းဒေသကြီး အစ္စလာမ်ကောင်စီက ထုတ်ပြန်လိုက်ခြင်းဖြစ်ပါသည်။

    ဤကဲ့သို့ ထပ်မံထုတ်ပြန်လိုက်ရခြင်းမှာ ယခုအခါတွင် မသမာသူ လူယုတ်မာများက အစ္စလာမ်သာသနာနှင့် မွတ်စလင်မ်များအပေါ် မဟုတ်မမှန် စွပ်စွဲပြီး ပြဿနာများဖန်တီးကာ အသက်အိုးအိမ်များ၊ ဗလီများ၊ အစ္စလာမ့်စာသင်ကျောင်းများကို ကြိုတင်အကွက်ချ စီမံမှုများဖြင့် ရခိုင်မှအစ၊ မိတ္ထီလာအလယ်၊ လက်ရှိနောက်ဆုံး လားရှိုးအထိ အဆိုးဆုံးအခြေအနေများ ကြုံခဲ့ရပြီး နောက်ထပ် မည်သည့်နေရာတွင်မဆို မည်သို့ ပြုလုပ်မည်ဆိုသည်ကို စိုးရိမ်နေရသည့် အခြေအနေမျိုး ရင်ဆိုင်ကြုံတွေ့နေရသဖြင့် ထုတ်ပြန်လိုက်ရခြင်းဖြစ်သည်ဟု သိရှိရပါသည်။

    ယခင်က အမျိုးပျောက်မှာစိုးကြောက်စရာ ကဲ့သို့ လက်သိပ်ထိုး ဖြန့်ဝေသည့် မုန်းတီးရေးစာအုပ်များတွင်ပါ ရှိသော မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်များမှာ ဗုဒ္ဓဘာသာ အမျိုးသမီးများကို အဓမ္မလက်ထပ်ယူပြီး သားဖောက်သာသနာပြုနေကြောင်း စွပ်စွဲချက်များကို ယနေ့ ခေတ် ဒီမိုကရေစီ အစိုးရ လက်ထပ်တွင် တရားပွဲများ ၌ ပြောင်ပြောင်တင်းတင်း ဟောကြားလျက် ရှိကြပြီး လက်ကမ်းစာစောင် နှင့် ဆိုရှယ်မီဒီယာများတွင်လည်း မွတ်စလင်မ် မုန်းတီးရေး လှုံဆော်မှုများမြင့်တက်လျက် ရှိသည်ကို တွေ့ရှိပါသည်။

    IMG_0005

     

    IMG_0001

    IMG_0002

  • ဒေါပုံ နွယ်အေးတွင် လူမျိုး/ဘာသာ မခွဲဘဲ စာရေးကိရိယာများ လှူဒါန်း

    ဇွန်လ ၁၅၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်

    ဒေါပုံ နွယ်အေးတွင် လူမျိုး/ဘာသာ မခွဲဘဲ ကလေးငယ်များ ပညာရေးအတွက် စာရေးကိရိယာများလှူဒါန်း

    ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံ မြို့နယ်၊ နွယ်အေးစွန္ဒီဂျာမေဗလီ၌ ဇွန်လ ၁၅ရက်နေ့က” နွယ်အေးစွန္နီဂျာမေဗလီ သာရေးနာရေးဆပ်ကော်မတီနှင့် သာသနာရေးရာ ကောင်စီ အစ္စလာမ့်တံခွန်တို့မှ ပူးပေါင်း၍ ပဉ္စမကြိမ်မြောက်အဖြစ် ၂၀၁၃-၁၄ ပညာသင်နှစ် စာရေးကိရိယာ ပေးအပ်ပွဲ ” အခမ်းအနားကို နံနက် (၉)နာရီမှ စတင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

    P6150131

    နွယ်အေးရပ်ကွက်၊ ဗုဒ္ဓဘာသာ နာရေး ကူညီမှုအသင်း အတွင်းရေးမှူး ဦးစိန်မောင်မှ “ကျွန်တော်တို့က တစ်ဖက်ကလည်း နာရေး ကူညီမှု လူမှုရေး ကဏ္ဍတွေ ရှိတယ်။ အခုဆိုရင်လည်း ဘာသာရေးမှာ မခွဲခြားဘဲ ကျွန်တော်တို့ ၀ိုင်းဝန်းပြီး လုပ်ကြတာပါ။ ခုလို ပူးပေါင်းပါဝင် ဆောင်ရွက်တာ နှစ်ကြိမ်မြောက်ပါပြီ။ ကျွန်တော်တို့ ရပ်ကွက်မှာ တကယ်ဒုက္ခရောက်တဲ့သူတွေ၊ ဆင်းရဲတဲ့ သူတွေ အများကြီး ရှိပါတယ်။ ကျောင်းမထားနိုင်တဲ့ ကလေးက အစရှိပါတယ်။ လှူဒါန်းပေးတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ကျေးဇူးတင်တယ်။ ကျွန်တော်တို့က ပရဟိတ အနေနဲ့ဆောင်ရွက်ပေးတာပါ။ ကျွန်တော်တို့ရပ်ကွက်မှာ ဘာသာပေါင်းစုံ ရှိပါတယ်။ အားလုံးက ငယ်မွေး ခြံပေါက်တွေကြီးပါပဲ။ ကျွန်တော်တို့ရပ်ကွက်က လူမျိုး ဘာသာမခွဲခြားဘဲ စည်းလုံးမှု ရှိပါတယ်။ အခုလို ပေးအပ်လှူဒါန်းပွဲမှာ အယုတ်အလတ် အမြတ်မရွေး၊ လူမျိုးမခွဲခြားဘူး။ မိသားစု စိတ်ဓာတ်နဲ့ လုပ်ကြတာ ဖြစ်တယ်။ တစ်ယောက်နဲ့ တစ်ယောက် သူတစ်လှည့် ကိုယ်တလှည့် လူမူရေး လုပ်ငန်းတွေမှာ ၀ိုင်းဝန်းကူညီလုပ်ကိုင် ဆောင်ရွက်ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ညီအကိုမောင်နှမ စိတ်ဓာတ်နဲ့ ရင်းရင်းနှီးနှီး ဆက်ဆံကြတယ်။ ပဋိပက္ခဆိုတာလည်း ဘာမှကို မရှိကြဘူး။ နောင်လာမယ့် ကလေးတွေရဲ့ အနာဂတ်ကို ဖွံဖြိုးတိုးတက်မှု အတွက် ပံ့ပိုးပေးသလို ဖြစ်တဲ့ အတွက် အရမ်းပဲ ၀မ်းသာပီတီ ဖြစ်ရပါတယ်”  ဟု M-Media သို့ပြောသည်။

    P6150145

    နွယ်အေး စွန္ဒီ ဂျာမေဗလီကြီး၏ အတွင်းရေးမှူး ဦးမောင်ထူးမြင့်မှ ” ခုလို အခမ်းအနား ကျင်းပတာ ဒီအကြိမ်နဲ့ဆိုရင် ငါးကြိမ်မြောက် ဖြစ်ပါတယ်။ ကလေးတွေကို ပညာတက် ဖြစ်စေချင်တယ်။ အဲဒီ့အတွက် ကျွန်တော်တို့က တစ်ဖက်တစ်လမ်းကနေ တပိုင်တနိုင် ကူညီပံ့ပိုးပေးတာပါ။ ကျွန်တော်တို့ ဒီဗလီမှာ မျက်စိ စမ်းသပ်တာတို့ အခါခွင့် သင့်ရင် သင့်သလို လိုအပ်တဲ့ အစီအစဉ်တွေ ပညာရေး ကဏ္ဍတွေမှာလည်း ဆောင်ရွက်ပါတယ်။ မကြာသေးခင်ကပဲ အခြေခံ လူတန်းစားတွေအတွက် ဆေးခန်းလေး ဖွင့်ပေးထားပါတယ်။ ဘာသာလူမျိုး မခွဲခြားဘဲ အကုန်လုံးကို တိုးတက်စေချင်တယ်။ ကျန်းမာရေးတွေ ကောင်းစေချင်တယ်။ အဲလို ရည်ရွယ်ချက်တွေနဲ့ ကျွန်တော်တို့ တက်နိုင်တဲ့ ဥာဏ်စွမ်းလေးတွေနဲ့ လက်လှမ်းမှီသလောက်လေး အားလုံးကို တပြေညီ ဖွံ့ဖြိုး တိုးတက်စေချင်တယ်၊ ကျန်းမာရေးတွေ ကောင်းစေချင်တယ်။ နောင်နှစ်တွေမှာ အလျဉ်းသင့်သလို ကူညီနိုင်တဲ့ဘက်ကနေ ကူညီဆောက်ရွက်ဖို့ အမြဲကြိုးစားနေပါ့မယ်” ဟု M-Media သို့ပြောသည်။

    ကျွန်တော်တို့ ရပ်ကွက်က အစဉ်အလာအရ  ဟိုးတုန်းကတည်းက ဘာသာပေါင်းစုံ ညီညီညွှတ်ညွှတ် တိုင်တိုင်ပင်ပင် လုပ်လာခဲ့ကြတာပါ။ အပြန်အလှန် ချစ်ချစ်ခင်ခင် လုပ်ကြပါတယ်။ ဘာသာပေါင်းစုံက ဒီကလေးတွေ ပညာရေး တိုးတက်ဖို့ လာမယ့် အနာဂတ်တွေမှာ တိုင်းပြည်တိုးတက်ဖို့ သယ်ပိုးထမ်းဆောင်နိုင်တဲ့ သားကောင်း သမီးမြတ်တွေ ပေါ်ထွက်လာဖို့ ရည်ရွယ်ပါတယ်” ဗလီ ဥက္ကဌ ဟာဂျီ  ဦးလှဦးမှ  M-Media သို့ပြောသည်။

    ကျွန်မက နွယ်အေးရပ်ကွက် သဇင်နွယ်လမ်းမှာနေတာပါ။ ကျွန်မ နာမည်က ဒေါ်လှတင်ပါ။ ကလေးက သုံးယောက် ရှိပါတယ်။ နှစ်တန်း တစ်ယောက်၊ လေးတန်း တစ်ယောက်၊ ခြောက်တန်း တစ်ယောက်ပါ။ အ.မ.က (၅)မှာ တစ်ယောက်ရှိပါတယ်။  အ.မ.က (၄)မှာ နှစ်ယောက် ပညာသင်ကြားနေတာပါ။ မရှိတဲ့ အချိန်မှာ ဒီလို ထောက်ပံ့ကူညီတာမျိုး ရှိတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ခဲတံလိုရင် ၊ စာအုပ်လိုရင် ပူစရာ မလိုတော့ဘူးပေါ့။ ကလေးတွေလည်း စိတ်ချမ်းသာပြီး ပျော်ရွှင်ကြတယ် ”  ဟု M-Media သို့ပြောသည်။

    “ကျွန်မ နာမည်က မစန္ဒာထွေးပါ။ သားလေးက လေးတန်း ကျောင်းတက်နေတာပါ။ ကလေးတွေရဲ့ ပညာရေးအတွက် လှူပေးတာ ဖြစ်တဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။ ဒီတစ်ခေါက်နဲ့ဆိုရင် ကလေးအတွက် ကျောင်းသုံး ပစ္စည်းတွေ ရတာ နှစ်ကြိမ်ရှိပါပြီ ”  ဟု  ကျောင်းသုံး ပစ္စည်း လာရောက်ထုတ်ယူ သူများထဲမှ ကျောင်းသား မိဘတစ်ဦးမှ M-Media သို့ပြောသည်။

    အဆိုပါ အခမ်းအနားတွင် နွယ်အေးရပ်ကွက်ရှိ မူလတန်းမှ တက္ကသိုလ်ဝင်တန်း ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း လူဦးရေ (၁၅၀၀)ကျော်အား စာရေးကိရိယာများ  ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရပါသည်။

    More Photo

    P6150147

    P6150143

  • အစ္စလာမ် သာသနာရေးရာ ကောင်စီမှ လူမျိုး/ဘာသာသာမရွေး ကျောင်းအပ်နှံရေး ပညာသင်ထောက်ပံ့.

    ဇွန်လ ၂၊ ၂၀၁၃
    M-Media
    သတင်း- ဆူးထက်

    ပုဇွန်တောင် မြို့နယ် အစ္စလာမ် သာသနာရေးရာ ကောင်စီမှ ကြီးမှူးကျင်းပသော ပဉ္စမကြိမ်မြောက် ၂၀၁၃-၁၄ ပညာသင်နှစ်အတွက် လူမျိုး ဘာသာမရွေး ကျောင်းအပ်နှံရေး အစီအစဉ် အခမ်းအနား

    ရန်ကုန် ။          ။      ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ် အစ္စလာမ်သာသနာရေးရာကောင်စီမှ ကြီးမှူးကျင်းပသော ပဉ္စမကြိမ်မြောက် ၂၀၁၃-၁၄ ပညာသင်နှစ်အတွက် လူမျိုး ဘာသာမရွေး ကျောင်းအပ်နှံရေး အခမ်းအနား အစီအစဉ်ကို ဇွန်လ ၂-ရက်နေ့က ရုံးခန်းတည်ရှိရာ အမှတ်(၅၈)၊ ၅၄လမ်း၊(၂)ရပ်ကွက်၊ ပုဇွန်တောင်မြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

    P6020019

    အဆိုပါ အခမ်းအနားသို့ အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ် ဥက္ကဌ ဦးညွန့်မောင်သျှိန်၊ မဟာ ၀ိဇိတာရာမတိုက်၊ ကျွဲဆည်ကန်(၁)လမ်း၊ ပြည်ကြီး တံခွန် မြို့နယ်၊ မန္တလေး မလိခ ၀ါဆိုကျောင်းမှ ဆရာတော် ဦးဇိန၊ ရပ်မိရပ်ဖများနှင့် ဖိတ်ကြားထားသော ဘာသာပေါင်းစုံမှ ကျောင်းသားမိဘများ၊ မီဒီယာများ စုံလင်စွာ တက်ရောက်ခဲ့ကြောင်း သိရသည်။

    ပုဇွန်တောင် မြို့နယ် ပညာရေး တာဝန်ခံ ကိုရဲထွန်းဟန်မှလည်း ကျောင်းအပ်နှံရေးအစီအစဉ်ရဲ့ ရည်ရွယ်ချက်ကို အခုလို ပြောပြခဲ့ပါတယ်။ “ကျွန်တော်တို့  ဒီလိုအစီအစဉ်မျိုးကို ၂၀၀၈-ခုနှစ်ကတည်းကက စတင်ခဲ့တာဆိုတော့ အခုအကြိမ်နဲ့ ဆိုရင် ၅-ကြိမ်မြောက်ပါပြီ၊ ကျွန်တော်တို့မြို့နယ် အတွင်းမှာရှိတဲ့ ကလေးသူငယ်တွေရဲ့ ပညာရေး မြင့်မားရေး နဲ့ အခြေခံ ပညာရေး အားလုံး အလုံးစုံ တတ်မြောက်ရေးအတွက် ရည်ရွယ်ချက် ဖြစ်ပါတယ်၊ ပုဇွန်တောင်မြို့နယ် အတွင်းမှာရှိတဲ့ လိုအပ်ချက်ရှိနေတဲ့ ဘာသာပေါင်းစုံက ကလေးတွေကို ပေးတာပါ။ ပုဇွန်တောင် မြို့နယ် အတွင်းမှာကို ကျွန်တော်တို တကယ်တမ်း လေ့လာတဲ့ အခါမှာ လိုအပ်နေတဲ့ ကလေးတွေကို ၀မ်းနည်းစွာ တွေ့ရတဲ့ အတွက် ဒီလိုစီစဉ်ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်” ဟု M-Media သို့ ပြောပြခဲ့ပါတယ်။

    ဘာသာပေါင်းစုံမှ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်ဝင်တန်း ကျောင်းသား ကျောင်းသူ စုစုပေါင်း (၂၁၉) ယောက်အား ပညာသင် ထောက်ပံ့ကြေးငွေ နှင့် ကျောင်းသုံးပစ္စည်း (ဗလာစာအုပ်၊ ခဲတံ၊ ပေတံ၊ ဘောပင်၊ ကော်ပါဗူး၊ ကျောင်းဝတ်စုံ (၃)စုံ၊ ကျောပိုးလွယ်အိတ်)တို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ စုစုပေါင်း လှူဒါန်းကုန်ကျငွေ သိန်း(၄၂) ကုန်ကျ ခဲ့ကြောင်း သိရသည်။

    ယင်းအခမ်းအနားကို နံနက် (၉)နာရီမှ စတင်ကျင်းပ၍ ညနေ (၅)နာရီတွင် အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါတယ်။

    More Photo on FB

  • မွတ်စလင်များ ပါတီနိုင်ငံရေး မလုပ်ရန် တိုင်း အစ္စလာမ်ကောင်စီ မေတ္တာရပ်ခံ

    မေ-၅၊၂၀၁၃
    M-Media

    ဧရာဝတီတိုင်းအတွင်း အစ္စလာမ်ဘာသာဝင်များ ရပ်ရွာအကျိုးပြုလုပ်ငန်းများ၊ လူထုအကျိုးပြုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ပြီး မိမိတို့၏ ပညာရေး၊ စီးပွားရေး လုပ်ငန်းများကိုသာ အာရုံစိုက်ဆောင်ရွက်ရန်နှင့် ပါတီနိုင်ငံရေးကိစ္စများနှင့် ကင်းကင်းရှင်းရှင်းနေကြရန် ဧရာဝတီတိုင်းဒေသကြီး အစ္စလာမ်သာသနာရေးရာကောင်စီ မှ တိုက်တွန်းမေတ္တာရပ်ခံသည့်စာကို ဧပြီလ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်းသိရှိရပါသည်။

     

    IMG_0006 IMG_0007 IMG_0008

  • ဝန်ကြီးဦးဆန်းဆင့် အစ္စလာမ် အဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံပွဲတွင် ပြောခဲ့သည့် အမှာစကား

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၃
    M-Media
    source:Irac Ansari Dept

    သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သရေစည်သူဦးဆန်းဆင့် အစ္စလာမ်ဘာသာရေး အဖွဲ့ ခေါင်းဆောင်များနှင့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည့် အမှာစကား

    ရန်ကုန်။     ။ (၂၇-၂-၂၀၁၃) ရက်နေ့ နေ့လယ်(၂)နာရီတွင် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး သရေစည်သူ ဦးဆန်းဆင့်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ရန်ကုန်မြို့၊ ဗိုလ်ဆွန်ပက်လမ်း၊ အမှတ်(၁၈၃)ရှိ အစ္စလာမ် သာသနာရေးရာ ကောင်စီ ဌာနချုပ်ရုံးသို့ လာရောက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ ကြီး၏ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

    ထိုသို့ တွေ့ဆုံပွဲတွင် ဝန်ကြီးဦးဆန်းဆင့်မှာ အောက်ပါအတိုင်း အမှာစကားပြောကြားဆွေးနွေးခဲ့ပါသည်။

    22

    အခုလို ကျွန်တော်တို့ အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများကို သာသနာရေးဝန်ကြီးဌာနက တွေ့ဆုံတဲ့ပွဲမှာ ကြွရောက်လာကြတဲ့ ဘာသာရေး အကြီးအကဲ ခေါင်းဆောင်များ၊ တာဝန်ရှိပုဂ္ဂိုလ်များအားလုံး၊ အလ္လာဟ်အရှင်မြတ်ရဲ့အမိန့်ကိုနာခံ တမန်တော်ရဲ့မေတ္တာတရား သစ္စာတရားကို နာခံကြတဲ့ လူကြီးမင်းများ အားလုံး လောကီ၊ လောကုတ္တရာ နှစ်ဖြာသော ကောင်းကျိုး မင်္ဂလာတွေ ရရှိခံစားနိုင်ပါစေလို့ ကျွန်တော်မေတ္တာပို့ပါတယ်။

    ကျွန်တော် အခုလိုတွေ့ဆုံရတာ အလွန်ပဲ ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ ဘာသာရေးအဖွဲ့ အသီးသီးက ခေါင်းဆောင်များနဲ့ တာဝန်ရှိသူများသည် နဂိုကတည်းက ကျွန်တော်တို့နှင့် ရင်းနှီးပြီးသူများဖြစ်ပါတယ်။ အထူးတော့ မိတ်ဆက်စရာ မလိုတော့ပါဘူး။ ကျွန်တော့်အနေနဲ့ကတော့ ကျွန်တော် ဧရာဝတီတိုင်းသား တစ်ဦးဖြစ်ပါတယ်။ ကျုံပျော်မြို့နယ်မှာ မွေးပါတယ်။ ရေကြည်အသုတ်မှာ ကြီးပါတယ်။ ကျွန်တော် တပ်မတော်ထဲကို တက္ကသိုလ်ကနေ ကူးပြောင်းသွားကတည်းက နှစ်ပေါင်း(၄ဝ)ကျော် တာဝန်ထမ်းဆောင်ခဲ့ရာမှာ (၂ဝ၁ဝ)မှာ ကျွန်တော့်ရဲ့မွေးရပ်တိုင်းကနေ ရွေးချယ်ခံရတာဖြစ်ပါတယ်။ ဧရာဝတီတိုင်းမှာ ရေကြည်မြို့နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကနေပြီးတော့ တိုင်းဒေသကြီး ဥက္ကဋ္ဌတာဝန် (၂)နှစ်ထမ်းဆောင်ခဲ့ပါတယ်။

    ကျွန်တော့်အနေနဲ့ ပွင့်ပွင့်လင်းလင်းပြောရရင် အုပ်ချုပ်မှုအာဏာရခေါင်းဆောင် တစ်ဦးထက် ပြည်သူလူထုရဲ့ အကျိုးကိုထမ်းဆောင်ရတဲ့ ဥပဒေကို ကာကွယ် ထမ်းရွက်တဲ့ ခေါင်းဆောင်ဖြစ်ချင်တာ အမှန်ပါပဲ။ သို့သော် လိုအပ်ချက်အရ ပြည်ထောင်စုအဆင့်မှာ တာဝန်ပေးတဲ့အတွက် ပြည်ထောင်စု ဝန်ကြီးတာဝန်ကို ယူခဲ့ရတဲ့အတွက် ယခင်ဧရာဝတီတိုင်းဒေသကြီး တစ်ခုတည်းအစား ပြည်ထောင်စု တိုင်းဒေသကြီး ပြည်နယ်အားလုံးကို ကိုယ်စားပြုရမှာဖြစ်တဲ့ အတွက် ပိုပြီးကျယ်ပြန့်တယ်လို့ ကျွန်တော့်အနေနဲ့ ခံယူမိပါတယ်။ ဒါ့ကြောင့် ကနေ့ အုပ်ချုပ်မှုပိုင်းမှာ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ တစ်ခုတော့ရှိပါတယ်။ ဥပဒေပိုင်းနဲ့ အုပ်ချုပ်ရေးပိုင်း ပုံသဏ္ဌာန် အဆင်သဏ္ဌာန်လေးတော့ ကွာခြားပါတယ်။ ဥပဒေပိုင်းကတော့ ဥပဒေရဲ့လွတ်လပ်ခွင့်၊ ဥပဒေရဲ့အကျိုးပြုမှုကို လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်တယ်။ အုပ်ချုပ်မှုပိုင်းကျတော့ အုပ်ချုပ်မှုပိုင်း ဆိုင်ရာ ဆောင်ရွက်ရမယ့် ဘောင်လေးတွေ ကန့်သတ်ချက်လေးတွေ ရှိနေသေးတယ်လို့ ပြောချင်ပါတယ်။ ဒါရှိကိုရှိရတာပါပဲ။ ဘယ်ဒီမိုကရေစီနိုင်ငံမဆိုမှာလည်းဘဲ ကွဲပြားမှုတွေရှိနေပါတယ်။

    ဒီကနေ့ ကျွန်တော်တို့သွားနေတဲ့ ဒီမိုကရေစီစနစ်သည် Reform အခုနသံအမတ်ကြီးလည်း ပြောတယ်။ ကူးပြောင်းနေတဲ့အချိန်ဖြစ်တယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ခံယူပါတယ်။ မြန်မြန်ကူးပြောင်းဖို့လိုတယ်လို့။ ဒါကြောင့် ကျွန်တော်တို့နောက်ကလည်း တွန်းပါတယ်။ ရှေ့ကလည်းဆွဲတင်ဆောင်ရွက်နေပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ အလေ့အကျင့်နည်းခဲ့တဲ့အတွက် ကနေ့ (၂)နှစ်ကာလ ရှိသွားသော်လည်းပဲ တချို့နေရာတွေမှာ တော်တော်လေးကို အခက်အခဲတွေ ဖြစ်နေတယ်။ အခုန ညွှန်မှူး အငြိမ်းစားကြီး ပြောသွားခဲ့သလိုပါပဲ Rule of the law ပီပြင်ပြီလား။ နောက် ဥပဒေတွေ အသက်ဝင်လာပြီလား။ နောက်ဥပဒေ စိုးမိုးမှုရှိပြီလားဆိုတဲ့ မေးခွန်းတွေ ဆက်ပြီးမေးလို့ရပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ အောက်ခြေမှာ Rule of the law ဥပဒေတွေ အသက်ဝင်ခြင်း၊ ဥပဒေစိုးမိုးခြင်းတွေ နည်းသေးတယ်ဆိုတာ ပြောလိုပါတယ်။

    မနေ့ကပဲ ကြည့်လေ မအူပင်မှာ လယ်သမားတွေ ရေနက်ကွင်းကိစ္စ ပြဿနာဖြစ်ရင်းနဲ့ လာပြီးထိန်းကျောင်းတဲ့ ရဲတပ်ဖွဲ့ဝင်များနဲ့ ပြဿနာဖြစ်ပါတယ်။ ကိုယ်ထိလက်ရောက်တွေ ဖြစ်တဲ့အနေအထား။ အင်တာနက်ပေါ်မှာ ပါပြီးသား အကြောင်းအရာဖြစ်တဲ့ အတွက်ကြောင့် အကျယ်ချဲ့ပြီး မပြောတော့ပါဘူး။ ဒီလိုတွေဖြစ်ပါတယ်။ ကနေ့ ဒီမိုကရေစီ ကျင့်သုံးခွင့် ရပြီဆိုတော့လည်းပဲ ကျွန်တော်တို့ အပြည့်အဝမရသေးတဲ့အတွက် ဒီလိုထိခိုက်မှုတွေ၊ ပွတ်တိုက်မှုတွေ၊ ရှနမှုတွေ ရှိနေသေးတယ်ဆိုတာကို အထူးပြောစရာမလိုဘူးလို့ ထင်ပါတယ်။ ကျွန်တော်တို့က Reform လုပ်ချင်တယ်။ ဥပဒေကြောင်းအရ သွားချင်တယ်။ သို့သော်လည်းပဲ မပြောင်းလဲချင်တဲ့သူနဲ့၊ ယခင်အတိုင်းကို ပုံသေအချိုးကျနေပြီး ဒီအခေါက်ကို မဖြေချင်တဲ့သူတွေ အုပ်ချုပ်မှုထဲမှာ ရှိသေးသလို ပြည်သူတွေထဲမှာလည်းပဲ ဒီမိုကရေစီဆိုတာကို ထဲထဲဝင်ဝင်မသိသေးတဲ့ အားနည်းချက်တွေရှိပါတယ်။ ဒါ့ကြောင့်မို့လို့ အခုဖြစ်ပွားနေတဲ့ ပြဿနာတွေမှာ ဒါတွေပါပါတယ်။ ကနေ့ ဘာသာရေးအရ လွတ်လပ်ခွင့်၊ ပြီးရင် ပြောဆိုလုပ်ကိုင်ခွင့်တွေသည် လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်တွေ ရှိရမယ့်အချိန် ရောက်ပြီဖြစ်သော်လည်းပဲ ကျွန်တော်တို့အနေနဲ့ ထိန်းကျောင်းပြီးတော့ ချိန်ဆနေရတယ်ဆိုတာကို ပြောချင်တဲ့သဘောပါ။ ကျွန်တော်က ပြည်သူ့ကိုယ်စားလှယ်တစ်ယောက် ဖြစ်ခဲ့တဲ့အတွက် အုပ်ချုပ်မှုပိုင်းကို ရောက်သော်လည်းပဲ ပြည်သူတွေက ရွေးချယ်ပေးတဲ့၊ လွှတ်တော်က ရွေးချယ်ပေးတဲ့၊ သမ္မတကြီးက nominate ပြုတယ်။ ရွေးချယ်ပေးတာသည် ပြည်သူပါ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ပြည်သူ့ဝန် ထမ်းရမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ဌာနမှာ Mind sense ပါပြောင်းပြီး ဆောင်ရွက်သွားပါမယ်။

    ဒါကြောင့်မို့လို့ ကျွန်တော်တို့ ဘာလုပ်ရမလဲဆိုတာကို သိရအောင် တင်ပြချင်ပါတယ်။ သာသနာရေးဝန်ကြီးဌာနရဲ့ လုပ်ငန်းတာဝန်မှာ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်
    (၁)က ဘာသာအသီးသီး လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိရန် (ဒါအခြေခံ ဥပဒေမှာ ပါပြီးသားပါ)၊
    (၂) ထေရဝါဒ ဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားထွန်းကားစေရန်၊
    (၃) အပြည်ပြည်ဆိုင်ရာ သာသနာရေးကိစ္စရပ်များ ကူညီဖြေရှင်းနိုင်စေရန်၊
    (၄) မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းစဉ်လာ ရှင်သန်ပေါ်ထွန်းလာစေရန် (ဒါကျွန်တော်တို့အားလုံး ဘာသာအသီးသီးသာ ကွဲသော်လည်းပဲ “မြန်မာလူမျိုး တိုင်းရင်းသားများ”ဖြစ်တယ်။ ဒါကြောင့်မို့လို့ ရိုးရာ ယဉ်ကျေးမှုတွေ ရှင်သန်ထွန်းကားဖို့ဆိုတဲ့အချက် ဒါကိုကျွန်တော်တို့ ရည်ရွယ်တယ်။

    ထိုနည်းလည်းကောင်းပဲ ကျွန်တော်တို့ရဲ့ မူဝါဒ
    (က) မြန်မာနိုင်ငံတွင် နေထိုင်ကြသော နိုင်ငံသူနိုင်ငံသားတိုင်း လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ပြုရန်၊
    (ခ) ဘာသာအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ နေထိုင်ရန်၊
    (ဂ) ဗုဒ္ဓဘာသာ သံဃာတော်များ အချင်းချင်းညီညွတ်ရန်၊
    (ဃ) ပြဋ္ဌာန်းထားသော တရားဥပဒေအတိုင်း ဆောင်ရွက်ရန်၊

    ကျွန်တော်တို့ ဥပဒေတွေ ပြဋ္ဌာန်းထားပြီးပါပြီ။ ကျွန်တော်တို့ ဒီကနေ့သွားတာက Rule of the law ဖြစ်ပါတယ်။ အဓိက က ဘာလဲ။ (၂ဝဝ၈)ခုနှစ်က ကျွန်တော်တို့အားလုံး မဲပေးခဲ့တဲ့ Resemble အရ ပေါ်ပေါက်လာတဲ့ (၂ဝဝ၈) ဥပဒေကို ကျွန်တော်တို့အားလုံး လိုက်နာရမှာဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ဥပဒေများကို သိရှိပြီးလိုက်နာဖို့လိုပါတယ်။ ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ ဥပဒေတွေကို သိအောင်လုပ်ဖို့လိုပါတယ်။ လိုက်နာဖို့လိုပါတယ်။ ပြီးရင် တည်ဆဲဥပဒေတွေရှိပါတယ်။ (၄ဝ၃)ခုရှိပါတယ်။ ဒါတွေကိုလည်း လိုက်နာပြီး၊ သက်ဆိုင်ရာက ထုတ်ပြန်တဲ့ အမိန့် ညွှန်ကြားချက်များကိုလည်း လိုက်နာဖို့လိုပါတယ်။

    ဒီကနေ့တွေ့ဆုံပွဲမှာ ရောက်ရှိနေကြတဲ့ ဘာသာရေးခေါင်းဆောင်များ၊ တာဝန်ရှိပုဂ္ဂိုလ်များကို ကျွန်တော်မေတ္တာရပ်ခံချင်ပါတယ်။ ဒီကနေ့ ကျွန်တော်တို့သွားမှာက ဥပဒေအတိုင်းဖြစ်ပါတယ်။ ယခင် တပ်မတော်အုပ်ချုပ်ရေး ကာလက အမိန့်ညွှန်ကြားချက် အရ ဆောင်ရွက်ခဲ့တာ များပါတယ်။ ဒီအဖွဲ့တွေထဲမှာ ကျွန်တော်ကဏ္ဍအသီးသီးမှာ ပါဝင်ထမ်းဆောင်ခဲ့ဖူးပါတယ်။ အထူးသဖြင့် ရန်ကုန်တိုင်းမှာဆိုရင် အရေးအခင်းကာလတွေမှာ ကျွန်တော်တာဝန်ထမ်းဆောင်ခဲ့ရတာ ဖြစ်တဲ့အတွက်၊ အခြေခံကျကျ အောက်ခြေကို ရောက်ပြီးဖြစ်တဲ့အတွက် ဒါတွေကို ကျွန်တော်သိရှိခဲ့ပြီးဖြစ်ပါတယ်။ ဒီကနေ့ ကျွန်တော်တို့သွားမယ့် ပြည်သူ့အစိုးရသည် လွှတ်တော်တွေ ပေါ်ပေါက်ပြီးဖြစ်တဲ့ အတွက်ကြောင့် လွှတ်တော်တွေကပြဋ္ဌာန်းတဲ့ ဥပဒေတွေအတိုင်း လိုက်နာပြီး ဦးဆောင်ပြီး သွားရမှာဖြစ်ပါတယ်။
    တင်ပြဆွေးနွေးခဲ့တာ အားလုံးကို ခြုံပြီးကြည့်မယ်ဆိုရင် အဓိက(၃)ချက်ပါပဲ။

    နံပါတ်(၁)အချက်က ကျွန်တော်တို့ ဘာသာရေးဆိုင်ရာ ဆောင်ရွက်ချက်များနဲ့ ပတ်သက်လို့ တချို့နေရာလေးတွေမှာ လိုအပ်ချက်လေးတွေ ရှိနေသေးတယ်ဆိုတဲ့အချက်။
    ဒုတိယအချက်က ဘာသာတစ်ခုနဲ့တစ်ခု ထိခိုက်ပြီးတော့မှ ပုတ်ခတ်မှုတွေဖြစ်ပါတယ်။ ဒါတွေကို အရေးယူပေးဖို့။
    နောက်တစ်ခုကတော့ အားလုံး ညီညီညွတ်ညွတ်နဲ့ ချစ်ကြည်ဖို့အတွက်ကို ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးမှုနဲ့ပတ်သက်လို့ ဖွဲ့စည်းထားတဲ့ အဖွဲ့ကြီးက တကယ့်ကို ထိထိရောက်ရောက်နဲ့ အရှိန်အဟုန်နဲ့ ဆောင်ရွက်ပေးပါဆိုတဲ့ အချက်(၃)ချက် အကျဉ်းချုံးပြီးရပါတယ်။

    အသေးစိတ်အချက်တွေ ကျွန်တော့်ကို စာနဲ့တင်ထားတာရှိပါတယ်။ ဒီမှာတော့ ကျွန်တော်တို့ ပြောကြားခွင့်မရနိုင်ပါဘူး။ တချို့လည်း အခုမှ ကျွန်တော်လေ့လာရမှာဖြစ်ပါတယ်။

    အဲဒီတော့ ကျွန်တော့်အနေနဲ့ တင်ပြဆွေးနွေးချင်တာကတော့ ဒီနေ့ကျွန်တော်တို့ဆောင်ရွက်နေရတဲ့ ဖြစ်ပေါ်နေတဲ့ အဖြစ်အပျက်တွေ၊ မှန်ပါတယ်။ အခု ဘာသာရေးအသင်း အဖွဲ့ခေါင်းဆောင်ကြီးများနဲ့ တာဝန်ရှိသူများ သိကြသလို ဘေးမီးတွေ၊ သွေးထိုးမှုတွေ၊ မလိုတဲ့သူတွေရဲ့ ဆောင်ရွက်ချက်တွေ၊ ပယောဂတွေ ရှိနေတယ်ဆိုတာ အမှန်ပါပဲ။ ပယောဂတွေရှိတဲ့အတွက်ကြောင့် တည်ငြိမ်အေးချမ်းတဲ့ အခြေအနေတွေ ရှုပ်ထွေးလာအောင် နောက်ပိတ်ဆုံး ပျက်စီးခြင်းဖြစ်အောင် ကြံရွယ်နေတယ်ဆိုတာကို ကျွန်တော်တို့ သဘောပေါက်ပါတယ်။ လူကြီးတွေလည်း သဘောပေါက်ပါတယ်။ ကျွန်တော်တို့ ဘာလုပ်ဖို့လိုသလဲ။ ဥပဒေနဲ့အညီ ကျွန်တော်တို့ သာသနာရေးဝန်ကြီးဌာနကတော့ သာသနာရေးဆိုင်ရာ အဖွဲအစည်းများနဲ့ ပူးပေါင်းပြီးတော့မှ ကြီးတဲ့ပြဿနာကို ငယ်ပြီးတော့ တဖြည်းဖြည်းနဲ့ လျော့နည်းပပျောက်သွားအောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါလက်တွဲသွားမှာပါ။ ဒီမှာလည်းပဲ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈)မှာပါတဲ့ နိုင်ငံသားနှင့် နိုင်ငံသားရဲ့ အခွင့်အရေးနဲ့ တာဝန်တွေရှိတယ်။ ဒီအခွင့်အရေးတွေ ခံစားရသလို နိုင်ငံသားတွေမှာ တာဝန်တွေရှိတယ်။

    အားလုံးချစ်ကြည်ရင်းနှီးပြီးတော့မှ နိုင်ငံတော်ရဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးတွေကို မထိပါးအောင် အားလုံးမှာ တာဝန်ရှိတယ်ဆိုတဲ့ အချက် ကျွန်တော်တို့ ပူးပေါင်းလုပ်သွားမှာပါ။ အတတ်နိုင်ဆုံး ဦးဆောင်ပြီးတော့မှ ဆောင်ရွက်သွားဖို့ အတွက်လည်း ကြိုးစား သွားမှာဖြစ်ပါတယ်။ တစ်ခုတော့ရှိပါတယ်။ ပြဿနာတစ်ခုဖြစ်လာပြီဆိုရင် အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ ဖြစ်နိုင်ဖို့၊ တစ်ဖက်နဲ့ တစ်ဖက် အရှိန်အဟုန်တွေ၊ ဒေါသအရှိန်အဟုန်တွေ၊ အာဃာတအရှိန်အဟုန်တွေ၊ မကျေနပ်ချက်တွေကို တဖြည်းဖြည်းလျှော့ပြီးတော့မှ၊ မတူတဲ့အမြင်တွေကို လျှော့ပြီးတော့မှ သည်းခံပြီးညှိဖို့လည်း ကျွန်တော်ပြောချင်ပါတယ်။

    စည်းကမ်းရှိတဲ့ ဒီမိုကရေစီစနစ်ကို သွားနေတဲ့အချိန်မှာ၊ သန့်ရှင်းတဲ့အစိုးရ၊ ကောင်းမွန်တဲ့အစိုးရ သွားနေတဲ့အချိန်မှာ ကျွန်တော်တို့မှာ ပြုပြင်စရာတွေ အများကြီး လိုနေသေးတဲ့ အတွက်ကြောင့်၊ ဒီအခက်အခဲတွေက အောက်ခြေမှာ ရှိနေသေးတဲ့ အတွက်ကြောင့် မအောင်မြင်တာလေးတွေ ရှိနေပါတယ်။ ဟန့်တားတာတွေရှိတယ်။ အထစ်အငေါ့ဖြစ်နေသေးတာတွေ ရှိတဲ့အတွက် ဒီနေ့ဒါလည်း ဧရာဝတီတိုင်းရဲ့ သာဓကပါပဲ။ မနေ့က မအူပင် မလက်တိုမှာဖြစ်တဲ့ ပြဿနာလည်းဒါပဲ။ ဒါဘာလဲဆိုတော့ ညှိနှိုင်း ဖြေရှင်းရင်း၊ ဖြေရှင်းရင်းနဲ့ မပြေလည်တဲ့ဟာတွေဖြစ်တယ်။ တစ်ယောက်နဲ့ တစ်ယောက် အလျှော့မပေးဘဲနဲ့ တဖြည်းဖြည်းကြီး ထွားလာတဲ့ သဘောပါပဲ။ ဒီကနေ့ ကျွန်တော်တို့က ဒီအဖြစ်မခံပါဘူးဆိုပေမယ့် အခုတင်ပြတဲ့အချက်တွေကို ကြည့်ရင် ဘာသာတစ်ခုကိုတစ်ခု ပုတ်ခတ်စော်ကားပြီး ဒီလိုဖြစ်လာပြီးတော့မှ ဒီလိုဖြစ်တဲ့ဟာတွေကို သွေးရိုးသားရိုးမဟုတ်ဘူးဆိုတာ မှန်ပါတယ်။ ကျွန်တော်တို့က ဘာလုပ်ရမယ်။ အနာကိုသိအောင် လုပ်ပြီးတော့မှ တည့်တဲ့ဆေးကို ကျွန်တော်တို့ လုပ်ရပါမယ်။ ဆေးမြီတို လုပ်လို့မရတော့ဘူးဆိုတာ ကျွန်တော်တို့လည်းမြင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အမြန်ဆုံး ပေါင်းစပ်ညှိနှိုင်း အဖြစ်မှန်ကို ဖော်ထုတ်ပြီးတော့မှ ဒီဟာကို ဘယ်သူ လုပ်သလဲဆိုတာကို ကျွန်တော်တို့ သာသနာရေးဝန်ကြီးဌာနအနေနဲ့ တရားဥပဒေကြောင်းဆိုင်ရာ၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာကို ဆောင်ရွက်တဲ့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းပေါင်းစပ်ပြီး ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။

    ဘာဖြစ်လို့လဲဆိုတော့ ၉၈/၉၉ မှာ ဗလီတွေဖျက်တယ် ပြုတယ်။ ပြီးတော့မှ မွတ်စ်လင်မ်အိမ်တွေ မီးရှို့တယ်။ ဒီတုန်းက တုတ်တွေ၊ ဓားတွေ၊ ရဲတင်းတွေနဲ့ အကြမ်းဖက်တဲ့ဆီသွားတဲ့အခါမှာ ကျွန်တော်စစ်ဒေသမှူးနဲ့လည်း ပါခဲ့တယ်။ ဒုတိုင်းမှူးအနေနဲ့ တာဝန်ယူခဲ့ရတာကိုလည်း ရှင်းပြမယ်။ ကျွန်တော်တာဝန်ထမ်းဆောင်တဲ့ကာလဟာ ပြောရလို့ရှိရင် အပြင်းထန်ဆုံးကာလဖြစ်ပါတယ်။ သွေးထက်သံယိုမှု အနည်းဆုံးနဲ့ အပျက်အစီးအနည်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ စဖြစ်တာ ဘယ်မှာလဲ။ မိုးကောင်းဘုရားနားက ရန်ကင်းဗလီမှာစဖြစ်တာ။ ကျွန်တော်နဲ့ ဗိုလ်ချုပ်ကြီးတင်ဦးက ကံဘဲ့ ဆရာအတတ်သင်မှာရှိနေတယ်။ ကျွန်တော်က တာမွေဗလီဆိုတော့ တာမွေဗလီကိုသွားတယ်။ ဟိုရောက်မှ ရန်ကင်းဗလီကို ပြန်ပြေးရတယ်။ အထဲမှာ မီးစပြီးတော့ လောင်နေပါတယ်။ ကျွန်တော်တို့ အချိန်မီတားနိုင်ခဲ့ပါတယ်။ ကြီးကြီးမားမားမဖြစ်အောင် ကျွန်တော်တို့ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ အစဉ်အလာကောင်းတွေရှိပါတယ်လို့ ပြောချင်တာပါ။

    ဒါကြောင့်မို့လို့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ပါ့မယ်။ တည်ငြိမ်အေးချမ်းမှု ပျက်ပြားတဲ့အဆင့်မရှိအောင် ကျွန်တော်တို့ သက်ဆိုင်ရာကလည်း ပဋိပက္ခအသွင်အပြင်ရောက်အောင် ဖန်တီးနေတဲ့ဟာတွေကို လေ့လာဖော်ထုတ်ပြီးတော့မှ၊ အထင်အမြင် လွဲမှားနေမှုတွေကိုလည်း ကျွန်တော်တို့ကိုယ်တိုင် လိုက်ပြီးတော့မှ ဆရာတော်၊ သံဃာတော်များကို ကျွန်တော်တို့ သံဃာ့အစည်းအရုံးများနဲ့ တိုင်ပင်ပြီးတော့မှ မဖြစ်သင့်တာတွေ မဖြစ်အောင်ဆောင်ရွက်ဖို့ တာဝန်ရှိတယ်လို့လည်း ခံယူပါတယ်။ ကျွန်တော်တို့က လိုက်စည်းရုံးပြောသလို တစ်ဖက်ကလည်း အုပ်ချုပ်မှုပိုင်းပါ လက်တွဲပြီးတော့ ဆောင်ရွက်ရမှာဖြစ်တဲ့ အတွက်ကြောင့် ကျွန်တော်တို့ တစ်ခုတည်းနဲ့ မရပါဘူး။ ဒီမှာပါတဲ့ ဘာသာရေးအသင်းအဖွဲ့တွေ လူမှုရေးအသင်းအဖွဲ့တွေ၊ ရပ်မိရပ်ဖတွေ၊ ပြီးလို့ရှိရင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာမှာ ထွေအုပ်တွေ၊ လုံခြုံရေးအရ အကာအကွယ်ပေးရမယ့် ပုဂ္ဂိုလ်တွေပါ ညှိနှိုင်းပေါင်းစပ်ပြီးတော့မှ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ကြီးကြီးမားမားပြဿနာမရှိဘဲနဲ့ ဒါတွေဟာ ကင်းဝေးသွားမယ့် အခြေအနေရှိပါတယ်။

    ဒါကြောင့်မို့လို့ စိုးရိမ်သောကကြီးပြီးတော့မှ ကာကွယ်ဖို့ လုပ်ရင်း လုပ်ရင်းနဲ့ ပိုပြီးတော့မှ မဖြေရှင်းနိုင်တာတွေဖြစ်ပြီး မကြီးထွားစေချင်ဘူးဆိုတာတွေလည်း ကျွန်တော်တွေ့ကြုံခဲ့တဲ့ အတွေ့အကြုံတွေပေါ်မှာ မူတည်ပြီးတော့မှ ဒီမှာရှိတဲ့ ခေါင်းဆောင်ကြီးများနဲ့ တာဝန်ရှိပုဂ္ဂိုလ်များ အနေနဲ့ သားသမီးများ၊ ဘာသာဝင် လူငယ်လူရွယ်များကိုလည်းပဲ ထိန်းကျောင်းပေးပါ။ ကျွန်တော်တို့ကလည်း ဒါကိုမဖြစ်အောင်လုပ်ပေးမယ်။ ဘာလို့လဲဆိုတော့ ဒါဖြစ်သင့်တဲ့ကိစ္စမဟုတ်ဘူးလေ။ အခြေခံဥပဒေမှာလည်း အချင်းချင်းညီညွတ်ရမယ်လို့ ပြောပြီးသားပါ။ ကိုယ်ထိလက်ရောက်ပြုတယ်။ ပုတ်ခတ်တယ်။ တိုက်ခိုက်တယ်ဆိုရင်လည်း ဥပဒေတွေရှိပြီးသားပါ။ ဥပဒေနဲ့အညီ အရေးယူပါမယ်။ Rule of the law အရ တရားဥပဒေစိုးမိုးအောင်၊ ဥပဒေစိုးမိုးမှုရှိအောင် လုပ်လိုက်လို့ရှိရင် မကြီးထွားတော့ပဲနဲ့ တဖြည်းဖြည်းလျော့ပါး ပပျောက်သွားမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒါကြောင့်မို့လို့ ယုံယုံကြည်ကြည်နဲ့ ဆောင်ရွက်ပေးပါ။ ကျန်တဲ့ အခုနတင်ပြတဲ့ အချက်တွေသည်၊ အချို့ကိစ္စတွေသည် နေရာပေါ်မှာ မူတည်နေတာလည်း တွေ့ရပါတယ်။

    တချို့ အများစု ဘာသာဝင်တွေရှိတဲ့နေရာတွေမှာ ဘာဖြစ်နေသလဲဆိုတော့ သူတို့နေရာဒေသတွေမှာရှိနေတဲ့ လူထုအများစု သဘောတူညီမှုမရရင် ကျွန်တော်တို့ဟာ ချက်ချင်းမလုပ်ဘဲနဲ့ ကျွန်တော်တို့ ထိန်းသိမ်းရတာတွေ၊ ဂရုစိုက်ရတာတွေ၊ ဆင်ခြင်ရတာတွေ ရှိတတ်ပါတယ်။ ဘာဖြစ်လို့ ကျွန်တော်ပြောရလဲဆိုတော့ ဒီနေ့သွားနေတာ ဒီမိုကရေစီနိုင်ငံ။ ကျွန်တော်တို့ လက်ငါးချောင်းမတူပါဘူး။ ဒီအဖွဲ့ကြီးငါးဖွဲ့မှာလည်း အားလုံးတစ်ညီ တစ်ဖတ်တည်းဆိုတာ ဖြစ်ကိုမဖြစ်နိုင်ပါ။ အများဆန္ဒကို ကိုယ်က သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ၊ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ လွှတ်တော်မှာ မဲခွဲတဲ့အခါ လက်ညှိုးထောင်တယ်။ မဲပေးတယ်။ စက်ခလုပ်နှိပ်တယ်။ ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် အများဆန္ဒကိုယူပြီးတော့မှ ဥပဒေတွေ ပေါ်ထွက်တယ်။ အများဆန္ဒကို လိုက်နာရပြီးတော့ အနည်းစုကို အလေးထားတာပါ။ ကနေ့ကျွန်တော်တို့သွားတာ ဒီမိုကရေစီစနစ်နဲ့ ပြည်သူ့အစိုးရဖြစ်ပါတယ်။ ဒီအတိုင်းပဲသွားမှာဖြစ်ပါတယ်။

    တစ်ခါတစ်ရံမှာ ချက်ချင်းလုပ်ချင်ပေမယ့် ဒီအရ Right ဆိုတာရှိပေမဲ့ ချက်ချင်းလုပ်လိုက်ရင် ကနေ့ပြည်သူအကုန်လုံးက အမြင်မကျယ်သေးဘူးလို့ ပြောချင်ပါတယ်။ တချို့အယူသီးတာရှိတယ်။ ဘာသာရေးအစွဲလန်းကြီးတာတွေရှိတယ်။ ဒီလိုဖြစ်နေတာတွေရှိတာကြောင့် ချက်ချင်းလုပ်လိုက်လို့ရှိရင် အများရဲ့ မကျေနပ်ချက်တွေဖြစ်လာမယ်။ တစ်ယောက်နဲ့တစ်ယောက် အာဃာတတွေ ပြင်းထန်လာပြီးတော့မှ ကိုယ်ထိလက်ရောက် အလွန်အကျွံတွေ မဖြစ်စေချင်တာကြောင့် တချို့နေရာလေးတွေမှာ ထိန်းထိန်းသိမ်းသိမ်းလုပ်ရမယ့် အချိန်လေးတော့စောင့်ရမယ့် အခြေအနေလေးတွေ ရှိနေပါတယ်။ ဖြစ်ပျက်တဲ့ပြဿနာတွေကိုလည်းပဲ မှန်မှန်ကန်ကန်နဲ့ ဆက်သွယ်ဆောင်ရွက်ပေးပါ။ ကျွန်တော်တို့ဝန်ကြီးဌာနမှာလည်း ဘာသာရေးအဖွဲ့ကြီး(၅)ဖွဲ့နဲ့ ဆက်သွယ်ဆောင်ရွက်နိုင်အောင် တာဝန်တွေ သီးသန့်ထပ်ပေးပါ့မယ်။ တစ်ခါတစ်ရံ နေပြည်တော်မှာ ဝန်ကြီးနဲ့ ဒါမှမဟုတ် ဒုဝန်ကြီးနဲ့ ချက်ချင်းမတွေ့ရနိုင်တဲ့အခါ ဘယ်သူနဲ့ဆက်သွယ်ရမှန်းမသိ မဖြစ်ရအောင် ဆက်သွယ်ဆောင်ရွက်နိုင်အောင်လည်းပဲ တာဝန်ပေးပြီး ဘာသာရေးအဖွဲ့ကြီးများနဲ့ ချိပ်ဆက်ပေးထားပါမယ်။ အချိန်မရွေး အဖြစ်မှန် သတင်းမှန်တွေကို အသိပေးပါ။တစ်စုံတစ်ရာ ဖြစ်လာခဲ့ရင် အုပ်ချုပ်မှုအာဏာ၊ တရားစီရင်ရေးအာဏာကို ဆောင်ရွက်နိုင်တဲ့ ပုဂ္ဂိုလ်များနဲ့ ပူးပေါင်းညျှိနှိုင်းပြီးတော့ ဆင့်ကဲ ဆင့်ကဲ တင်ပြပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

    ကျွန်တော်တို့ သာသနာရေးကတော့ အဓိက တာဝန်အရှိဆုံးပါ။ သို့သော်လည်းပဲ ကျွန်တော်တို့ သာသနာရေးကကြီးပဲ လုပ်လို့မရတာတွေ အများကြီးရှိတဲ့အတွက်ကြောင့် ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်ရမယ့်ဟာတွေ ရှိနေပါတယ်။ အခုန ဘာသာရေးခေါင်းဆောင်ကြီး တစ်ဦးက ပြောသွားတာရှိပါတယ်။ ကျွန်တော်တို့ သာသနာရေးဝန်ကြီးဌာနကို မိဘလိုဖြစ်ပါတယ်တဲ့ ကျွန်တော်တို့ဒီနေ့ အုပ်ချုပ်ရေးတာဝန် ထမ်းဆောင်နေသောသူများသည် ပြည်သူ့ရဲ့ဝန်ထမ်းတွေ ဖြစ်ပါတယ်။ ပြည်သူသည်သာ အမိအဖဖြစ်ပါတယ်။ ဒါလေး ကျွန်တော်ပြောချင်ပါတယ်။ ပြည်သူ့တာဝန်တွေကို ထမ်းဆောင်ဖို့အတွက် ကျွန်တော်တို့မှာတာဝန်ရှိတယ်လို့ ခံယူပြီးသားပါ။ ဟိုတုန်းကလည်း ခံယူပါတယ်။ ဟိုတုန်းက ကျွန်တော်တို့ ဝန်ထမ်းကျင့်ဝတ်မှာရှိတယ်။ “သူ့မြေမှာနေ၊ သူ့ရေသောက်၊ သူ့အမွေးပေါက်ရမယ်”ဆိုတဲ့ ဝန်ထမ်းကျင့်ဝတ် ရှိပါတယ်။ ဒီမှာဝန်ထမ်းကထွက်တဲ့ ညွှန်မှူးဟောင်းကြီးတွေ ပါပြီးသား။ ဝန်ထမ်းရဲ့နီတိကျင့်ဝတ်ထဲမှာ ပါပြီသား။ ပြည်သူ့တာဝန်၊ အဲဒီဒေသရဲ့ တာဝန်ကိုထမ်းရမှာ ဝန်ထမ်းတွေရဲ့ တာဝန်ဖြစ်တဲ့ အတွက်ကြောင့် ကျေကျေပွန်ပွန် ထမ်းရွက်နိုင်ဖို့ အတွက် ပြောင်းလဲသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့က အာဏာပိုင်၊ ပြီးတော့ ကျွန်တော်တို့က ကယ်တင်ရှင်မဟုတ်ပါဘူး။ ကျွန်တော်တို့သည် ပြည်သူကပေးတဲ့တာဝန်ကို ထမ်းဆောင်ရမှာဖြစ်တယ်။ ပြည်သူတွေ ကျွန်တော်တို့ဌာနနဲ့ ဆက်ဆံတဲ့နေရာမှာ အခက်အခဲတွေ မဖြစ်ရအောင် ကျွန်တော်တို့ ပြင်ပါမယ်။

    နောက် တချို့ အကန့်အသတ်၊ အတားအဆီး၊ လုပ်ထုံးလုပ်နည်းများနေတာတွေ ရှိတယ်။ ဟိုထောက်ခံချက်တွေ၊ ဒီထောက်ခံချက်တွေ၊ ဟဂ်ျသွားချင်တဲ့ ထောက်ခံချက်၊ ပြီးတော့ ဘာလုပ်ချင်တဲ့ ထောက်ခံချက်၊ ရှင်ပြုပဉ္စင်းခံက အစ၊ နောက်သတင်းစာမှာ ကြော်ငြာထည့်တာက အစ ကျွန်တော်တို့ဆီက ထောက်ခံချက်တောင်းရတာတွေရှိတယ်။ သက်ဆိုင်ရာဌာနနဲ့ အုပ်ချုပ်ရေးအဖွဲ့က ထောက်ခံရင်ပြီးတဲ့ကိစ္စ ကျွန်တော်တို့ သာသနာရေးကို လာလာပြီး ယုနေရတာတွေဖြစ်နေတယ်။ တချို့နေရာတွေသည် ထိန်းရင်း ထိန်းရင်းနဲ့ အကန့်အသတ်တွေ၊ အကန့်တွေများပြီး ပြည်သူတွေ ဒုက္ခရောက်ရတဲ့ အခြေအနေတွေ၊ ဖြေလျှော့ပေးရမယ့် အနေအထားတွေ မြင်နေပါပြီ။ ဒါကို ကျွန်တော်တို့ အပိုင်းက ဆောင်ရွက်သွားပါမယ်။ ဒီအပြင် ကျွန်တော်တို့ဌာနအနေနဲ့ စီးပွားရေးကိစ္စ၊ စီးပွားရေးလုပ်ငန်းတွေမှာ ဝင်ရောက်ပြီး ဆက်နွယ်တဲ့ဟာတွေလည်း မဆောင်ရွက်တော့ပါဘူး။

    ဒါပွင့်ပွင့်လင်းလင်း ပြောလိုက်တာပါ။ ကျွန်တော်တို့က သက်ဆိုင်ရာကို အားပေးပြီး ကူညီပေးတာပဲရှိရမယ်။ ကျွန်တော်တို့ ဝင်ရောက်ပြီး စွက်ဖက်ဆောင်ရွက်တဲ့ ကိစ္စများရှိနေရင်လည်း အချိန်မရွေး ကျွန်တော့်ကို ကိုယ်တိုင်သော်လည်းကောင်း၊ စာရေး၍သော်လည်းကောင်း ဆက်သွယ် အကြောင်းကြားပေးပါ။ ညှိနှိုင်းပေးပါ။ ဒါတွေကို ဥပဒေနဲ့အညီ ပြင်ဆင်သွားဖို့အတွက် ရည်ရွယ်ထားပြီးဖြစ်ပါတယ်။ ကျွန်တော်နောက်ဆုံးပြောချင်တာကတော့ “ကျွန်တော်တို့ကို ကူညီပါ”။ ကျွန်တော်တို့ကလည်း ကနေ့ အဖွဲ့အစည်း အသီးသီးနဲ့ အများပြည်သူရဲ့ အခက်အခဲတွေကို ဥပဒေနဲ့အညီ ကူညီဖြေရှင်း ဆောင်ရွက်သွားပါမယ်။ ဥပဒေနဲ့မညီတာတော့ လုံးဝကူညီမှာ မဟုတ်ဘူးလို့ ပြောပါရစေ။ ကျွန်တော်လည်း ဥပဒေနဲ့မညီတာရှိရင် ကျွန်တော်ပြင်ပါ့မယ်။ ကျွန်တော်တို့အပိုင်းကလည်း ဥပဒေနဲ့မညီတဲ့ အားနည်းချက်တွေရှိရင်လည်း အချိန်မရွေး ထောက်ပြကြပါလို့ ကျွန်တော်ဖိတ်ခေါ်ပါတယ်။ ဒီလိုထောက်ပြတဲ့ အတွက်ကိုလည်း အာဃာတတွေ၊ အမြင်မှားတဲ့ မကြည်လင်တဲ့ဟာတွေ ကျွန်တော်တို့မှာ မရှိပါဘူး။ ကျွန်တော် ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားဖြစ်သလို ဘာသာရေးအသင်းအဖွဲ့များကလည်း ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားနဲ့ ဆက်ဆံစေချင်ပါတယ်။ ရှိခဲ့လို့ပြောတာမဟုတ်ပါဘူး။ ဥပမာပြောတာပါ။ ကျွန်တော်တို့ဝန်ကြီးဌာနပိုင်းကလည်း ကျွန်တော်နဲ့တကွ ဝန်ထမ်းများ ရိုးသားပွင့်လင်းစွာနဲ့ ဆောင်ရွက်သွားမှာဖြစ်သလို ဘာသာရေးဆိုင်ရာ အကြီးအကဲများကလည်း ကျွန်တော်တို့ဌာနပေါ်မှာ ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား မည်သည့်ကိစ္စမဆို ဆက်ဆံပေးပါ။ ဒါဆို ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် အမြင်တွေရှင်းပြီးတော့ လုပ်ရကိုင်ရတာ အဆင်ပြေမှာဖြစ်ပါတယ်။

    ကျွန်တော်နိဂုံးချုပ် ပြောလိုတာက အခုလိုတွေ့ဆုံဖို့စီစဉ်တော့ ကျွန်တော်ပြောလိုက်ပါတယ်။ အရှိအတိုင်းပဲသွားမယ်။ ရှိတဲ့နေရာမှာပဲ တွေ့ဆုံပြီးတော့မှ တကယ့်အနှစ်သာရရှိချင်တာပါ။ အခမ်းအနားတွေ၊ အပြင်အဆင်တွေ ဘာဆိုဘာမှ မလုပ်ပါနဲ့။ ကျွေးတာမွေးတာတွေလည်း မလုပ်ပါနဲ့။ ရေနွေးကြမ်လေးနဲ့ ရေသန့်လေးပဲတိုက်။ ကျွန်တော်တို့ ဘာမှမလိုချင်ဘူး။ ကျွန်တော်ပြောပြီးသားပါ။ ကျွန်တော်တို့အတွက်နဲ့ ဝန်ထုပ်ဝန်ပိုး မဖြစ်စေလိုပါဘူး။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ကအရှိအတိုင်း ပွင့်ပွင့်လင်းလင်းဆောင်ရွက်သွားမယ်။ ရိုးရိုးရှင်းရှင်းနဲ့ ဆောင်ရွက်သွားရမယ်။ ကနေ့ ပွင့်လင်းမြင်သာတဲ့ခေတ် ဖြစ်နေတဲ့အတွက် ဒီအတိုင်း ကျင့်သုံးသွားဖို့ ကျွန်တော်တို့လည်းပြုပြင်သွားပါ့မယ်။ပြည်သူကိုပြင်ခိုင်းပင်ခိုင်းပြီး ကျွန်တော်တို့ မပြင်ဘူးဖြစ်နေရင် ကျွန်တော်တို့ မှားသွားမှာပေါ့။ ကျွန်တော်တို့ကစပြီး ပြင်ရမယ်လို့ ခံယူတဲ့ အတွက်ကြောင့် ကျွန်တော်တို့ကိုယ်တိုင် စတင်ပြီးပြုပြင်နေပါတယ်။ ဒီလိုပြုပြင်မှုမှာ အားလုံးဝိုင်းဝန်းပြီး ကူညီပေးပါလို့ တင်ပြလိုပါတယ်။

    ဒါကြောင့်မို့လို့ အခုလိုတွေ့ဆုံခြင်းသည် ကျွန်တော်တို့ရဲ့ အောင်မြင်ခြင်းအစဖြစ်ပါတယ်။ ကမ္ဘာ့ပညာရှင်ကြီးတစ်ဦးဖြစ်တဲ့ ဟင်နရီဖော့ဝဒ်က ပြောခဲ့ပါတယ်။

    Coming together is beginning,
    Keeping together is progress,
    Working together is a success.

    အခုလို လာရောက်တွေ့ဆုံခြင်းသည် အစဖြစ်ပါတယ်။ အခုလို ခင်ခင်မင်မင် ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်းနဲ့ ဆောင်ရွက်လို့ရှိရင် တိုးတက်မှုဖြစ်လာပါလိမ့်မယ်။ ပူးပေါင်းဆောင်ရွက်သွားကြမယ်ဆိုရင် အောင်မြင်မှုသည် မလွဲဧကန် ရရှိမှာဖြစ်ပါတယ်။

    ဒါကြောင့် ယုံယုံကြည်ကြည်နဲ့ ကျွန်တော်တို့အားလုံး ပူးပေါင်းဆောင်ရွက်ပေးပါလို့ မေတ္တာရပ်ခံရင်း နိဂုံးချုပ်အပ်ပါတယ်။
    အားလုံး မင်္ဂလာပါ ခင်ဗျား။