News @ M-Media

Tag: iraq

  • နယ်စပ်တွင်ပုန်းခိုနေသည့် IS အဖွဲ့ဝင်များကို ရှင်းလင်းရန် အီရတ်က စစ်ဆင်ရေးတစ်ခု စတင်

    နယ်စပ်တွင်ပုန်းခိုနေသည့် IS အဖွဲ့ဝင်များကို ရှင်းလင်းရန် အီရတ်က စစ်ဆင်ရေးတစ်ခု စတင်



    ဇူလိုင် ၈၊ ၂၀၁၉
    M-Media

    -ဆီးရီးယားနဲ့ ကပ်နေတဲ့ နိုင်ငံအနောက်ပိုင်း နယ်မြေတွေမှာ လူစုနေတဲ့ IS အကြမ်းဖက်အဖွဲ့ စစ်ဆင်ရေးတစ်ခုကို အီရတ်နိုင်ငံက မနေ့မှာ စတင်လိုက်ပြီး အစိုးရစစ်တပ်အဖွဲ့ လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်း ဆောင်ရွက်မှာ ဖြစ်ပါတယ်။

    အီရတ်နိုင်ငံဟာ IS အကြမ်းဖက်အဖွဲ့ကို ၂၀၁၇ ခုနှစ်မှာ အပြီးသတ် တိုက်ထုတ်နိုင်ခဲ့တာပါ။ ဒါပေမယ့် နိုင်ငံအနောက်ပိုင်း ဆာလာဟက်ဒင်၊ နီနီဗာဟ်နဲ့ အန်ဘာရ် ပြည်နယ်တွေက ဝေးလံခေါင်ဖျား ဒေသတွေမှာ IS အဖွဲ့ဝင်တစ်ချို့ ပုန်းရှောင်က လူစုနေပြီး စစ်ဆေးရေးဂိတ်တွေ၊ အစိုးရ အဆောက်အဦးတွေနဲ့ ဒေသခံ အာဏာပိုင်တွေကို ပြောက်ကြားစနစ်နဲ့ တိုက်ခိုက်မှုတွေ လုပ်နေပါတယ်။

    Will of Victory လို့ အမည်ပေးထားတဲ့ အခုစစ်ဆင်ရေးသစ်မှာတော့ အီရတ်နဲ့ ဆီးရီးယား နှစ်နိုင်ငံကြားက နယ်စပ်ဒေသတွေမှာ IS ဖွဲ့ဝင် တစ်ထောင်လောက်ကို ရှင်းလင်းနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

    စစ်ဆင်ရေးကို အစိုးရစစ်တပ်၊ ရှီအာအများစုပါဝင်တဲ့ Hashed al-Shaabi တပ်ဖွဲ့၊ အခြား လူမျိုးစုတပ်ဖွဲ့တွေ ပူးပေါင်းဆောင်ရွက်မှာဖြစ်ပြီး အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တွေက လေကြောင်းကနေ ပစ်ကူပေးမယ်လို့ အီရတ်စစ်တပ်က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဆီးရီးယားနိုင်ငံမှာတော့ IS အကြမ်းဖက်အဖွဲ့ကို အခုနှစ် မတ်လအတွင်းက အောင်မြင်စွာ ရှင်းလင်း တိုက်ထုတ်နိုင်ခဲ့ပါတယ်။

    Ref: Arab News



  • ၂ ရက်အတွင်း ပြင်သစ်နိုင်ငံသား IS ၄ ဦးကို အီရတ်က သေဒဏ်ချမှတ်

    ၂ ရက်အတွင်း ပြင်သစ်နိုင်ငံသား IS ၄ ဦးကို အီရတ်က သေဒဏ်ချမှတ်

    မေ ၂၇၊ ၂၀၁၉
    M-Media

    -ပြင်သစ်နိုင်ငံသား IS အဖွဲ့ဝင်တစ်ဦးကို အီရတ်နိုင်ငံက ဒီကနေ့မှာ သေဒဏ်ချမှတ်ခဲ့ပြီး IS အဖွဲ့နဲ့ ပတ်သက်မှုအတွက် သေဒဏ်ချခံရတဲ့ ပြင်သစ်နိုင်ငံသားအရေအတွက်ဟာ ၂ ရက်အတွင်း ၄ ဦးအထိ ရှိလာပါတယ်။

    အသက် ၃၇ နှစ်အရွယ် မူစတာဖာ မိုဟာမက် အီဘရာဟင်ဆိုသူကို ကြိုးကွင်းစွပ် ကွပ်မျက်ဖို့ အမိန့်ချခဲ့တာပါ။ အီရတ်တရားရုံးဟာ မနေ့ကလည်း ပြင်သစ်နိုင်ငံသား ၃ ဦးကို IS နဲ့ ဆက်နွယ်မှုအတွက် သေဒဏ်ချမှတ်ခဲ့ပါတယ်။ တရားစွဲဆိုမှုမှာ ပါဝင်ခဲ့တဲ့ ပဉ္စမမြောက် IS အဖွဲ့ဝင်ဟာ ထိန်းသိမ်းမှုအတွင်း ညှင်းပမ်းနှိပ်စက်ခံခဲ့ရတဲ့အတွက် အမိန့်ချမှတ်မယ့်ရက်ကို ရွှေ့ဆိုင်းခဲ့ပါတယ်။

    ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး အဂ်နက်စ် ဗွန်ဒါ မူးလ်က IS အဖွဲ့ဝင်တွေအပေါ် တရားစီရင်မှုအာဏာဟာ အီရတ်နိုင်ငံရဲ့လက်ထဲမှာ ရှိတယ်ဆိုတာကို အသိအမှတ်ပြုကြောင်း ပြောကြားခဲ့ပေမယ့် သေဒဏ်ပေးမှုကိုတော့ မိမိတို့အစိုးရက ကန့်ကွက်တယ်လို့ ဆိုပါတယ်။

    IS အဖွဲ့မှာ ပါဝင်ခဲ့တဲ့ ထောင်နဲ့ချီတဲ့ နိုင်ငံခြားသားတွေကို ဥပဒေကြောင်းအရ ဘယ်လိုကိုင်တွယ်မလဲဆိုတာနဲ့ပတ်သက်ပြီး မေးခွန်းတွေ မြင့်တက်နေစဉ်မှာ ဒီလို သေဒဏ်ချမှတ်မှု ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

    အီရတ်က အခု သေဒဏ်ချမှတ်ခဲ့တဲ့ ပြင်သစ်နိုင်ငံသားတွေဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလအတွင်း ဆီးရီးယားက အမေရိကန်ကျောထောက်နောက်ခံပြု ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) ကနေ လွှဲပြောင်းပေးအပ်ခဲ့တဲ့ IS အဖွဲ့ဝင် ပြင်သစ်နိုင်ငံသား ၁၂ ဦးထဲက ဖြစ်ပါတယ်။ ကာ့ဒ်တပ်ဖွဲ့ ဦးဆောင်တဲ့ SDF ဟာ ဆီးရီးယားနိုင်ငံမှာ IS အဖွဲ့ကို အမြစ်ဖြတ်နိုင်ခဲ့တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

    Ref : Daily Mail

  • IS ခေါင်းဆောင်၏ ၀ါဒဖြန့်ဗီဒီယိုသစ် ထွက်ပေါ်လာ၊ ဂျီဟတ်အောင်မြင်မည်ဟု ဘုရားက အာမ,မခံထားကြောင်းပြော

    IS ခေါင်းဆောင်၏ ၀ါဒဖြန့်ဗီဒီယိုသစ် ထွက်ပေါ်လာ၊ ဂျီဟတ်အောင်မြင်မည်ဟု ဘုရားက အာမ,မခံထားကြောင်းပြော

    ဧပြီ ၃၀၊ ၂၀၁၉
    M-Media

    ဗီဒီယိုသစ်တွင်တွေ့ရသည့် အဘူ ဘာကာ အလ်-ဘဂ္ဂဒါဒီ

    – IS အကြမ်းဖက်ခေါင်းဆောင် အဘူဘာကာ အလ်-ဘဂ္ဂဒါဒီရဲ့ ၀ါဒဖြန့် ဗီဒီယိုတစ်ခုကို IS မီဒီယာချန်နယ် Al Furqan က မနေ့မှာ လွှင့်တင်ခဲ့ပြီး တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ ဘဂ္ဂဒါဒီက သူ့နောက်လိုက်တွေကို ဗီဒီယိုမှာ တိုက်တွန်းခဲ့ပါတယ်။

    ၂၀၁၄ ခုနှစ် အီရတ်နဲ့ ဆီးရီးယားတို့က နယ်မြေတစ်ချို့ကို သိမ်းပိုက်ပြီး သြဇာအမြင့်ဆုံး ရောက်နေချိန် ဘဂ္ဂဒါဒီ မိန့်ခွန်းပြောတဲ့ ဗီဒိယိုတစ်ခု ပေါ်ထွက်ခဲ့ဖူးပြီး အခုဗီဒီယိုက ဒုတိယမြောက် ဖြစ်ပါတယ်။

    ၁၈ မိနစ်နတာကြာမြင့်တဲ့ဗီဒီယိုမှာ ဘဂ္ဂဒါဒီက ဧပြီလ ၂၁ ရက်နေ့ သီရိလင်္ကာမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲမှုတွေဟာ ဆီးရီးယားမှာ သူတို့အဖွဲ့ရဲ့ နောက်ဆုံးခြေကုပ်စခန်း ဆုံးရှုံးရမှုကို လက်စားချေတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ခရစ်ယာန် ဘုရားကျောင်း ၃ ခုနဲ့ ဟိုတယ် ၃ ခု အပါအ၀င် နေရာ ၈ နေရာမှာ ဖြစ်ပွားခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုတွေဟာ မတ်လအတွင်း နယူးဇီလန်နိုင်ငံ ခရိုက်ချက်မြို့က ဗလီနှစ်လုံး အကြမ်းဖက်ခံရမှုကို လက်တုန့်ပြန်တာဖြစ်တယ်လို့ စုံစမ်းမှုမှာတွေ့ရကြောင်း သီရိလင်္ကာ အာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။

    ဘဂ္ဂဒါဒီက သတ်ဖြတ်၊ ဖမ်းဆီးခံရတဲ့ အဖွဲ့ဝင်တွေအတွက် ထပ်ပြီးလက်စားချေမယ်လို့ ဗီဒီယိုထဲမှာ ပြောကြားခဲ့ပြီး အာဖရိကမှာ ‘ခရူးဆိတ်ဝါဒီ ပြင်သစ်နဲ့ သူတို့ရဲ့ မဟာမိတ်တွေ’ အပေါ် တိုက်ခိုက်မှု တိုးမြှင့်လုပ်ဆောင်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    ပြီးခဲ့တဲ့ ၅ နှစ်အတွင်း အရှေ့အလယ်ပိုင်းက တိုက်ပွဲတွေမှာ ဘဂ္ဂဒါဒီတစ်ယောက် သေဆုံးတာ၊ ဒဏ်ရာရတာမျိုး ဖြစ်နိုင်တယ်လို့ အမေရိကန်နဲ့ ရုရှားတို့က သီးခြားစီပြောကြားမှုတွေလည်း ရှိခဲ့ပါတယ်။  ဒါပေမယ့် မနေ့က ထွက်ပေါ်လာတဲ့ ဗီဒီယိုမှာတော့ သူဟာ ကျန်းကျန်းမာမာရှိနေတဲ့ အနေအထားရှိပြီး၊ ၂၀၁၄ ခုနှစ်က ဗီဒီယိုထက် နည်းနည်း အိုစာသွားတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ ၂၀၁၄ ခုနှစ်နောက်ပိုင်း ဘဂ္ဂဒါဒီရဲ့ အသံဖိုင်တွေသာ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

    အခုထွက်ပေါ်လာတဲ့ ဗီဒီယိုဟာ ဘယ်တုန်းက ရိုက်ကူးခဲ့တာလဲ၊ စစ်မှန်မှု ဘယ်လောက်ရှိလဲဆိုတာကို နိုင်ငံတကာသတင်းဌာနတွေက သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

    ဂျီဟတ်စစ်ပွဲဟာ ကမ္ဘာပျက်တဲ့နေ့အထိ ရှိနေမှာဖြစ်ပြီး ဘုရားရှင်ဟာ ဂျီဟတ်လုပ်ဖို့ အမိန့်ပေးထားပေမယ့် အောင်မြင်မယ်လို့ ပြောမထားကြောင်း၊ အခုလအစောပိုင်းက လစ်ဗျားနိုင်ငံတောင်ဘက် ဖူကာဟာမြို့မှာ တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့ သူတွေ၊ IS အပေါ် သစ္စာခံတဲ့ ဘာကီနာဖာဆိုနဲ့ မာလီက လက်နက်ကိုင်တွေကို ချီးကျူးကြောင်း ဘဂ္ဂဒါဒီက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ဘဂ္ဂဒါဒီဦးဆောင်တဲ့ IS အကြမ်းဖက်အဖွဲ့ဟာ ၂၀၁၄ ခုနှစ်မှာ အီရတ်နဲ့ ဆီးရီးယားတို့က နယ်မြေ တော်တော်များများကို သိမ်းယူနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဒီနယ်မြေတွေကို ပြန်လည်ဆုံးရှုံးခဲ့ပါတယ်။ အီရတ်ဟာ ၂၀၁၇ ခုနှစ်မှာ IS ကို အမြတ်ပြတ် ချေမှုန်းနိုင်ခဲ့ပြီး၊ ဆီးရီးယားက အခုနှစ်အစောပိုင်းမှာ ချေမှုန်းနိုင်ခဲ့ပါတယ်။

    ဆီးရီးယားနိုင်ငံက နောက်ဆုံးခြေကုပ်ဖြစ်တဲ့ ဘဂ်ဟုဇ်မြို့မှာ သေဆုံးသွားတဲ့ အဖွဲ့ဝင်တွေအတွက် နိုင်ငံ ၈ နိုင်ငံမှာ လက်စားချေတိုက်ခိုက်မှုပေါင်း ၉၂ ခု ပြုလုပ်ခဲ့တယ်လို့လည်း ဘဂ္ဂဒါဒီက ဗီဒီယိုအသစ်မှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ ဘဂ္ဂဒါဒီရဲ့ အသံဖိုင်ဟာ ၂၀၁၈ ခုနှစ် သြဂုတ်လမှာ နောက်ဆုံး ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။

    ဘဂ္ဂဒါဒီ အမှန်တကယ် သက်ရှိထင်ရှား ရှိသေးလားဆိုတာနဲ့ပတ်သက်လို့ ၀ိဝါဒကွဲပြားမှုတွေ ရှိနေပြီး အခုဗီဒီယိုအတွက် အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ CIA က မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။

    Ref: Reuters

  • ဆီးရီးယားရှိ အီရတ်ဒုက္ခသည် ၃ သောင်းကျော် ပြည်တော်ပြန်မည်

    ဆီးရီးယားရှိ အီရတ်ဒုက္ခသည် ၃ သောင်းကျော် ပြည်တော်ပြန်မည်

    ဧပြီ ၁၂၊ ၂၀၁၉
    M-Media

    – စစ်ပွဲကြောင့် ဆီးရီးယားနိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရတဲ့ အီရတ်ပြည် ၃ သောင်းကျော်လောက် ပြည်တော်ပြန်ဖို့ အီရတ်အစိုးရနဲ့ သဘောတူညီချက်ရပြီလို့ ဆီးရီးယားမှာရှိတဲ့ ကာ့ဒ်အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။

    အီရတ်နိုင်ငံမြောက်ပိုင်းက နိုက်နီဗာဟ်နဲ့ ဆာလာဟက်ဒင် ပြည်နယ်တွေမှာ IS အကြမ်းဖက်အဖွဲ့ ကြီးစိုးချိန် အီရတ်ပြည်သူတော်တော်များများဟာ ဆီးရီးယားဖက် ထွက်ပြေးခဲ့ရတာဖြစ်ပါတယ်။

    ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းက ကာ့ဒ်ဒေသကို အုပ်ချုပ်နေတဲ့ ကာ့ဒ်အစိုးရအဖွဲ့ တာဝန်ရှိသူ မဟ်မူးဒ်ကီရိုက အီရတ်အစိုးရရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒေသကို လာရောက်ကြည့်ရှုကာ အီရတ်ပြည်သူ ၃၁၀၀၀ ပြည်တော်ပြန်ရေး သဘောတူညီခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    “လက်ရှိအချိန်မှာ လူ ၄ ထောင်လောက် စာရင်းပေးပြီးပါပြီ။ အီရတ်အစိုးရက နယ်စပ်ဖွင့်တဲ့အချိန်ကို စောင့်နေတာပါ”

    ဆီးရီးယားမှာမွေးပြီး အီရတ်နိုင်ငံက ထုတ်ပေးတဲ့ အထောက်အထား မရှိသူတွေအတွက် အဖြေတစ်ခုရှာဖို့ အီရတ်အစိုးရကို တောင်းဆိုထားတယ်လို့လည်း ကီရိုက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    လက်ရှိ ပြည်တော်ပြန်မယ့်သူတွေထဲမှာ SDF ထံ လက်နက်ချတဲ့၊ ဒါမှမဟုတ် ထွက်ပြေးရင်း အဖမ်းခံရတဲ့ IS အကြမ်းဖက်သမားတွေ ပါဝင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် IS အဖွဲ့ဝင်တွေအပါအ၀င် အီရတ်နိုင်ငံသားအားလုံးကို ပြန်လည်ခေါ်ဆောင်ဖို့အတွက် အီရတ်အစိုးရကို ပြောဆိုထားတယ်လို့ ကီရိုက ဆိုပါတယ်။

    အီရတ်အစိုးရ တာဝန်ရှိသူတစ်ဦးက ဆီးရီးယားမှာ ခိုလှုံနေတဲ့ သောင်းနဲ့ချီတဲ့ နိုင်ငံသားတွေကို ပြန်လည်ခေါ်ဆောင်သွားမယ်လို့ အခုတစ်ပတ်အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။ ပြန်တော်ပြန်လာတဲ့သူတွေကို နိုင်ငံအနောက်မြောက်ပိုင်း ဆင်ဂျာဒေသမှာ ယာယီနေရာပေးထားဖို့ အီရတ်အစိုးရက စီစဉ်ထားပါတယ်။

    အီရတ်ဟာ IS အကြမ်းဖက်အဖွဲ့ကို ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းမှာ အမြစ်ဖြတ် ချေမှုန်းနိုင်ခဲ့ပြီး၊ ဆီးရီးယားကတော့ ပြီးခဲ့တဲ့လမှာ အမြစ်ဖြတ် ချေမှုန်းနိုင်ခဲ့ပါတယ်။

    Ref: Arab News

  • နှစ် ၃၀ အတွင်း ပထမဆုံး ဆော်ဒီကောင်စစ်ဝန်ရုံး အီရတ်တွင် ဖွင့်လှစ်

    နှစ် ၃၀ အတွင်း ပထမဆုံး ဆော်ဒီကောင်စစ်ဝန်ရုံး အီရတ်တွင် ဖွင့်လှစ်

    ဧပြီ ၅၊ ၂၀၁၉
    M-Media

    ကောင်စစ်ဝန်ရုံးဖွင့်ပွဲမြင်ကွင်း

    – နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံအကြိမ်အဖြစ် ဆော်ဒီအာရေဗျဟာ အီရတ်နိုင်ငံမှာ ကောင်စစ်ဝန်ရုံးတစ်ခုကို ပြန်လည်ဖွင့်လှစ်လိုက်ပြီး ကန်ဒေါ်လာ ၁ ဘီလီယံဖိုး အကူအညီပေးသွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။

    ကောင်စစ်ဝန်ရုံးကို ဘဂ္ဂဒတ်မြို့က လုံခြုံရေး အထူးတင်းကြပ်ထားတဲ့ ‘အစိမ်းရောင်ဇုံ’ မှာ မနေ့က ဖွင့်လှစ်ခဲ့ပြီး ဆော်ဒီ ကုန်သွယ်ရေးဝန်ကြီး မာဂျစ် ဘင် အဘ်ဒူလာ အလ်-ကာဆာဘီနဲ့ အီရတ် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် အလ်-ဟာကင်တို့ တက်ရောက်ခဲ့ပါတယ်။

    အလ်-ကာဆာဘီက ကောင်စစ်ဝန်ရုံး ပြန်လည်ဖွင့်လှစ်နိုင်ခြင်းဟာ နိုင်ငံဆက်ဆံရေးမှာ ကဏ္ဍသစ်တစ်ရပ် စတင်နိုင်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အီရတ်နိုင်ငံက ဖွံ့ဖြိုးရေး စီမံကိန်းတွေအတွက် ကန်ဒေါ်လာ ၁ ဘီလီယံ ချေးငွေထုတ်ပေးမှာဖြစ်ပြီး ပို့ကုန်တိုးတက်ရေး ကန်ဒေါ်လာ သန်း ၅၀၀ထောက်ပံ့ကာ ဘဂ္ဂဒတ်မြို့ ဆင်ခြေဖုံးမှာ လူတစ်သိန်း ကြည့်ရှုနိုင်တဲ့ အားကစားကွင်းတစ်ခု ဆောက်လုပ်ပေးသွားမယ်လို့ ကာဆာဘီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အာဏာရှင် ဆက်ဒမ်ဟူစိန်လက်ထက် ၁၉၉၀ မှာ အီရတ်က ကူဝိတ်ကို ကျူးကျော်တိုက်ခိုက်ပြီးတဲ့နောက် ဆော်ဒီနဲ့ အီရတ်တို့ သံတမန်အဆက်အသွယ် ပြတ်တောက်သွားခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ သံအဆက်အသွယ် ပြန်လည်ထူထောင်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ အဲဒီတုန်းက ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး အဒဲလ် အလ်-ဂျူဘီရ်ဟာ အီရတ်နိုင်ငံကို ပထမဆုံး လာရောက်လည်ပတ်ခဲ့ပါတယ်။

    ကာဆာဘီက အီရတ်မြို့ကြီးတွေမှာ နောက်ထပ် ကောင်စစ်ဝန်ရုံး ၃ ခု ဖွင့်လှစ်ဖို့ အစီအစဉ်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

    အီရတ်ကိုရောက်နေတဲ့ ဆော်ဒီကိုယ်စားလှယ်အဖွဲ့ဟာ အီရတ်သမ္မတ အဒဲလ် အဘ်ဒူလ် မဟ်ဒီ၊ အစိုးရအကြီးတန်းတာဝန်ရှိသူတွေ၊ အီရတ်စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အီရတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အဟ်မဒ် ရှာဟ်ဖ်က အခုလို ဆော်ဒီကောင်စစ်ဝန်ရုံး ဖွင့်လှစ်လိုက်တဲ့အတွက် ဘုရားဖူးခရီးသွားတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေအတွက် အဆင်ပြေမှာဖြစ်ကြောင်း၊ နှစ်နိုင်ငံ နယ်စပ်ကိုလည်း ကုန်သွယ်ရေးအတွက် ပြန်လည်ဖွင့်လှစ်ဖို့ လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera