News @ M-Media

Tag: Islamic Military Coalition

  • အကြမ်းဖက်ဝါဒကြောင့် အစ္စလာမ်သာသနာကို အညှိုးနွမ်းမခံတော့ဟု ဆော်ဒီအိမ်ရှေ့မင်းသားပြော

    အကြမ်းဖက်ဝါဒကြောင့် အစ္စလာမ်သာသနာကို အညှိုးနွမ်းမခံတော့ဟု ဆော်ဒီအိမ်ရှေ့မင်းသားပြော

    နိုဝင်ဘာ ၂၆၊ ၂၀၁၇
    M-Media

    အစ္စလာမ့်မဟာမိတ်တပ်ပေါင်းစု ညီလာခံသို့ တက်ရောက်လာသူများ

    – အကြမ်းဖက်ဝါဒကြောင့် အစ္စလာမ်သာသနာရဲ့ ပုံရိပ်ကို အညှိုးနွမ်းခံတော့မှာ မဟုတ်ဘဲ ဒီဝါဒကို မွတ်စလင်တွေ ပူးပေါင်းတိုက်ဖျက်သွားမယ်လို့ ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ဒီနေ့မှာ ပြောကြားလိုက်ပါတယ်။

    နိုင်ငံပေါင်း ၄၁ နိုင်ငံ ပါဝင်တဲ့ အစ္စလာမ့် မဟာမိတ်တပ်ပေါင်းစုရဲ့ ရီယာ့ဒ်မြို့က ညီလာခံ အဖွင့်မိန့်ခွန်းမှာ မင်းသားက ဒီလို ပြောကြားလိုက်တာပါ။

    “ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းတဲ့ သာသနာကို သူတို့တွေ ပုံဖျက်နေတာကို ခွင့်ပြုမှာ မဟုတ်တော့ပါဘူး။ အကြမ်းဖက်ဝါဒကို ကျွန်တော်တို့ အတူတကွ တိုက်ဖျက်သွားမယ်ဆိုတဲ့ ခိုင်မာတဲ့သတင်းစကားကို ကျွန်တော်တို့ ဒီနေ့ ပါးလိုပါတယ်”

    ‘အကြမ်းဖက်ဝါဒ စုပေါင်းတိုက်ဖျက်ကြ’ ဆိုတဲ့ ခေါင်းဆောင်စဉ်နဲ့ ပြုလုပ်တဲ့ ဒီညီလာခံဟာ လွန်ခဲ့တဲ့ ၂ နှစ်အရင်က ဖွဲ့စည်းခဲ့တဲ့ အစ္စလာမ့်မဟာမိတ်တပ်ပေါင်းစုရဲ့ ပထမဆုံး အစည်းအဝေးဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံ ၄၁ ခုက ကာကွယ်ရေးဝန်ကြီးတွေ၊ ကိုယ်စားလှယ်အဖွဲ့တွေ တက်ရောက်ကြမှာပါ။

    မင်းသားကတော့ အကြမ်းဖက်ဝါဒ လုံးဝ အမြစ်ပြတ်သွားတဲ့အထိ တိုက်ဖျက်သွားမယ်ဆိုတာကို အခိုင်အမာ ပြောကြားလိုတယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ကမ္ဘာ့မွတ်စလင်လိဂ်ရဲ့ အထွေထွေအတွင်းရေးမှူး ဒေါက်တာ မိုဟာမက် အလ်-အီဆာက အစွန်းရောက်အယူအဆတွေကို တိုက်ဖျက်နိုင်မယ့် သတင်းစကားတွေ၊ အစ္စလာမ်သာသနာရဲ့ ဘာသာရေးသည်းခံနိုင်မှု၊ မေတ္တာတရားတွေကို ထင်ပေါ်စေတဲ့ သတင်းစကားမျိုးတွေကို မြှင့်တင်ပေးဖို့ လိုအပ်သလို၊ အစ္စလာမ့်ရဲ့ စစ်မှန်တဲ့ သဘောသဘာဝ၊ အယူအဆ၊ အတွေးအခေါ်နဲ့ လူမှုရေး ပြုပြင်ပြောင်းလဲမှုတွကို ပံ့ပိုးပေးဖို့ လိုတယ်လို့ ပြာကြားခဲ့ပါတယ်။

    “အကြမ်းဖက်ဝါဒဆိုတာ အယူအဆပိုင်းဆိုင်ရာ ပြဿနာဖြစ်ပြီး လုံခြုံရေးပြဿနာ တစ်ခုတည်း မဟုတ်ပါဘူး။ ထိရောက်တဲ့ တုန့်ပြန်မှုမျိုး မလုပ်နိုင်တာကြောင့် အခုခေတ် အစွန်းရောက်ဝါဒက ကျယ်ပြန့်လာတာပါ”

    ညီလာခံမှာ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးအတွက် စစ်ဖက် ပူးပေါင်းဆောင်ရွက်မှု၊ လုပ်ဆောင်နိုင်စွမ်းတိုးမြှင့်မှု အကြောင်းတွေကို ဆွေးနွေးသွားဖို့ ရှိနေပါတယ်။

    Ref: Alarabiya