News @ M-Media
Tag: KyawNayMin
  • မြန်မာမွတ်စလင် လူ့အဖွဲ့အစည်းပေါ်မှ ၀န်ထုပ်ဝန်ပိုးများ
    မြန်မာမွတ်စလင် လူ့အဖွဲ့အစည်းပေါ်မှ ၀န်ထုပ်ဝန်ပိုးများ
    Friday Time
    ကျော်နေမင်း (မြို့ပြ) ရေးသည်။
    လေးစားအပ်ပါသော စာဖတ်ပရိသတ်ကြီးခင်ဗျား
    ယခုတင်ပြမည့်အကြောင်းအရာများဟာ သတင်းဆောင်းပါးတစ်ပုဒ်ထက် “လူထုအခြေပြုလူမှုမှတ်တမ်း” များဆိုရင် ပိုမှန်ပါလိမ့်မယ်(၂၀၀၀)ပြည့်နှစ်က အစပြုလို့ ယခု၂၀၁၆ခုနှစ်တိုင်အောင် မြန်မာနိုင်ငံတ၀ှမ်း မှာရှိတဲ့မြို့ရွာဒေသပေါင်း (၁၀၀)ကျော်ကို ခြေဆန့်ပြီးရလာခဲ့တဲ့ အခြေခံအချက်အလက်တွေအပေါ် မူတည် ပြီး ရေးသားခဲ့ခြင်းသာ ဖြစ်ပါတယ်။
    အမှန်တကယ်တော့ ပြည်ထောင်စုမြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသားအစ္စလာမ်ဘာသာဝင် အများစုကြီးဟာ၊ အခြားနိုင်ငံသားအများစုနည်းတူ ဆင်းရဲသားလူတန်းစားများသာဖြစ်ပါတယ်။ အချို့သောအဖွဲ့အစည်းများ၊ အဆိုးမြင်မီဒီယာ တချို့နှင့် ရန်လိုနေသော ပုဂ္ဂိုလ် တချို့စွပ်စွဲသလို “ဘာသာခြားတွေချမ်းသာနေကြတယ်”ဆိုတဲ့ မဟုတ်မှန်စွပ်စွဲချက်တွေကို ယခုဆောင်းပါးအားဖြင့် အမှန် ပကတိအခြေအနေကို သိမြင်လာကြစေရန်နှင့် မြန်မာမွတ်စလင် လူ့အဖွဲ့အစည်းအပေါ် တင်ရှိနေသော ၀န်ထုတ်ဝန်ပိုးများ ခံစားနေကြရသော ဒုက္ခ၊ သုခများနှင့် တွေ့ကြုံနေရသော လက်တွေ့အခြေအနေများကို အနာဂတ်တိုင်းပြည်ကိုခေါင်းဆောင်မည့် ပုဂ္ဂိုလ်များနှင့် နိုင်ငံသားများထံသို့ အသိပေးလိုသော ရည်ရွယ်ချက်များ ဖြစ်ပါတယ်။ သတင်းဆောင်းပါး အတွက် ပါဝင်ကူညီပေးခဲ့သော လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအားလည်း အထူးကျေးဇူးတင်ရှိပါတယ်။
    လူတန်းစားအဆင့်အတန်း
    —————————
    နိုင်ငံသားအစ္စလာမ်များရဲ့ ၄ရာခိုင်နှုန်းက ကြွယ်ဝ ချမ်းသာကြပါတယ်။ ဒါပေမယ့်ဒီနေ့ မြန်မာပြည်မှာခေတ်စားနေတဲ့ ဘီလီယံနာခရိုနီ စာရင်းဝင်တစ်ဦးမှ မရှိပါဘူး။ ချမ်းသာတယ် ဆိုပေမဲ့လည်း တရုတ်နွယ်ဖွား သူဌေးတွေရဲ့ ချမ်းသာမှုမျိုးတောင် မရှိနိုင်ပါဘူး။ အချမ်းသာဆုံး သူဌေးဟာ ကိုးကန့်သူဌေး အလယ်အလတ်တန်းစားတစ်ဦးရဲ့ အဆင့်နဲ့ပဲညီမျှနိုင်ပါတယ်။ ပင်မငွေပင်ငွေရင်းနည်းပါးတာကြောင့် လူမှုအကူအညီပေးရေးFoundation မျိုးတွေထူထောင်ထားခြင်းမရှိပါဘူး။ သိပ်ချမ်းသာတဲ့ တစ်ဦးတစ်လေရှိကောင်း ရှိနိုင်သော်လည်း၊ လူမှုအကူအညီပေးတဲ့လုပ်ငန်းတွေကို စိတ်မ၀င်စားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အသင့်အတင့်နေထိုင်နိုင်သော အလယ်လတ်တန်းစား လူတန်းစား(၁၂)ရာခိုင်နှုန်းရှိပါတယ်။ ဒါပေမယ့်ဝမ်းနည်း စရာကောင်းတဲ့ အချက်က သူတို့တတွေ အထဲက ၁ ရာခိုင်နှုန်းလောက်ကသာ လူမှုအကူအညီပေးရေးလုပ်ငန်းတွေကို စိတ်ဝင်စားကြပါတယ်။ များသောအားဖြင့် ကြုံကြိုက်လာတဲ့ အခြေအနေပေါ်မှာ ၀င်ရောက် ကူညီပေးလေ့ရှိကြပြီး၊ တစိုက်မတ်မတ်ပါဝင်ဆောင်ရွက်လေ့မရှိကြပါဘူး။
    နိုင်ငံသားအစ္စလာမ်တွေရဲ့ (၇၅)ရာခိုင်နှုန်းက လက်လုပ်လက်စား ဆင်းရဲသားအများစုကြီးပါ။ ရရာအလုပ်တွေ နေ့တဓူဝ ကိစ္စတွေကိုဖြေရှင်းနေကြရတာပါ။ လယ်သမား၊ အလုပ်သမား၊ ဈေးသည်များနဲ့လက်လီ အရောင်းအ၀ယ်လေးတွေကို လုပ်ကိုင်နေကြရပါတယ်။ ထူးခြားမှု တစ်ခုကတော့ လုပ်ခစားအလုပ်ဝင်ရောက်လုပ်သူနည်းပါးလာပြီး၊ တနိုင်တပိုင်လမ်းဘေး အရောင်းအ၀ယ်၊ ပွဲစားလုပ်ငန်းများနှင့် ၀န်ဆောင်မှု လုပ်ငန်းတွေမှာ အများစုကို တွေ့မြင်ရပါတယ်။ အလုပ်လက်မဲ့အဖြစ် မနေကြဘဲ ရရာအလုပ်ကိုလုပ်ကိုင်ကြတဲ့ စိတ်ဓာတ်မျိုးတွေ ရှိနေကြတာဟာ ထူးခြားချက်တစ်ခုပါ။
    ဥပမာအားဖြင့် ရန်ကုန်မြို့ရဲ့ယခင်မဂိုလမ်း ယခုရွှေဘုံသာလမ်းနေရာမှာ ပစ္စည်းအဟောင်းအရောင်းအ၀ယ် လုပ်နေသူအများစုကိုကြည့်ရင် အစ္စလာမ်အများစုကိုတွေ့ရမှာဖြစ်ပြီး၊ နံနက်ပိုင်းမှာရပ်ကွက်တကာ၊ လမ်းတကာမှာအော်ဟစ်ပြီးပစ္စည်းအဟောင်းလိုက်ဝယ်ပြီး၊ ညနေခင်းမှာအဟောင်းတန်းကိုလာပြီး ၀ယ်ယူသူတွေကိုရောင်းချပေးလေ့ရှိပါတယ်။ အလုပ်မဲ့အကိုင်မဲ့၊ အိုးမဲ့အိမ်မဲ့ အခြေတကျမရှိသူ(၅)ရာခိုင်နှုန်းလောက်ရှိပြီး၊ ယခုအခါနိုင်ငံရဲ့ တချို့ဒေသမှာရှိတဲ့ ဒုက္ခသည် စခန်းက အစ္စလာမ်ဘာသာဝင်လူဦးရေ စာရင်းကိုပါ ထည့်တွက်ရင် ၈ရာခိုင်နှုန်းအထိတိုးပွားသွားနိုင်ပါတယ်။ ဒါဟာ တကယ်တော့ရင်လေးစရာပါ။ အလုပ်လုပ်နိုင်တဲ့အရွယ်ကောင်းတွေဟာ ဒုက္ခသည်စခန်းမှာ ချောင်ပိတ်မိနေနိုင်ပြီး၊ တိုင်းပြည်ရဲ့လူသားအရင်းအမြစ်တွေဆုံးရှုံးနေရခြင်းပါ။ တဆက်တည်းမှာပဲ မြန်မာမွတ်စလင် လူ့အဖွဲ့အစည်းအတွက် ၀န်ထုပ်ဝန်ပိုးတစ်ခုသဖွယ် တည်ရှိလို့နေပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဖြစ်ပေါ်လာမယ့် NLD ဦးဆောင်တဲ့အစိုးရလက်ထက်မှာတိုင်းပြည်နိုင်ငံတ၀ှမ်းက ဒုက္ခသည်တွေ အားလုံးရဲ့ ပြဿနာပြေလည် သွားနိုင်မယ်လို့မျှော်လင့်မိပါတယ်။ အိမ်နီးချင်းနိုင်ငံတွေက ဒုက္ခသည် စခန်းမှာလည်း နိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေဒုနဲ့ဒေးပါ။
    တောင်းရမ်းသူတို့စစ်တမ်း
    —————————
    သောကြာနေ့ ၀တ်ပြုပြီးချိန်ဆိုရင် တောင်းရမ်းသူတွေ တသီတတန်း ၀တ်ကျောင်းတော်ရှိတဲ့ နေရာ အတော်များများမှာ မြင်နိုင် ပါတယ်။ ထူးခြားချက် အများစုဟာရေသာခို အချောင်လိုက်ကြတဲ့ သူတွေဖြစ်နေတာပါ။ နာမကျန်းသူတွေ သက်ကြီးရွယ်အိုတွေ ကိုယ်လက် အင်္ဂါချို့တဲ့သူတွေကို ပေးကမ်းကြရင်းနဲ့ အတုတွေဟာများပြားလာပါတယ်။ မျက်မမြင်အတွက်၊ လမ်းမလျောက်နိုင်သူအတွက် အကြောင်းပြချက်နဲ့လူကောင်း တွေက အဖော်ပြုပြီးတောင်းရမ်းနေကြတာပါ။ မြန်မာ့ ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာနဲ့ သဒ္ဓါတရား အားကောင်းတဲ့မြန်မာရဲ့အကျင့်စရိုက် အတိုင်း မြန်မာ မွတ်စလင်တွေက ပေးကမ်းနေကြတော့၊ သူတောင်းစားတွေ ဘ၀လည်း ပျက်သထက် ပျက်လာပါတော့တယ်။ တဖြည်းဖြည်းနဲ့ ရပ်ကွက်လမ်းတွေပေါ်မှာ၊ ကားတန်းကြီးတွေကြားထဲမှာပါ တောင်းရမ်းသူတွေ များပြားလာခြင်းပါ။ ချိုင်းထောက် အတုတွေနဲ့ လူတွေကို အလွယ်တကူမြင်တွေ့နိုင်ပါတယ်။ ဆိုးဝါးလှတဲ့ အချက်ကတော့ တောင်းရမ်းသူတွေဟာ ဘာသာရေး အဆောင်အယောင်တွေ ၀တ်စား ဆင်ယင်ထားခြင်းပါ။ အမျိုးသမီးတွေက ခေါင်းပုဝါတွေခြုံ၊ အကာအကွယ် ၀တ်ရုံ(ဗုရခါ)တွေဝတ်ပြီး တချို့တောင်းရမ်းနေသလို၊ အမျိုးသားတွေက ဦးထုပ်တွေဆောင်း၊ အဖြူရောင် ၀တ်ရုံရှည်ကြီးတွေဝတ်ပြီး၊ မြင်တွေ့ရသူအပေါင်းကို အထင်မှတ်မှားစေတာပါ။ တကယ်တော့တောင်းရမ်းသူတွေ
    ဆီက ဒီလို အယောင်ဆောင်မှုတွေကို ခွာချလိုက်သင့်တာပါ။
    ဒီကြားထဲအယောင်ဆောင်တချို့က အမည်ခံ မိဘမဲ့ကျောင်းတွေကိုအကြောင်းခံပြီး လုပ်စားကြသူတွေလည်းရှိပါတယ်။ စစ်တမ်းက အံ့ဩစရာ မွတ်စလင်တောင်းရမ်းသူ ၈၀ရာခိုင်နှုန်းဟာ အတုတွေ ရေသာခိုသမားတွေပါတဲ့၊ ဒီကြားထဲအစ္စလာမ် မဟုတ်ဘဲ အယောင်ဆောင်ဝတ်စား ဆင်ယင်သူက ထက်ဝက်နီးပါး(၃၅)ရာခိုင်နှုန်းရှိပါသတဲ့၊ (၁၈)ရာခိုင်နှုန်းကတော့ တကယ် မရှိတာရယ်၊ ကျန်းမာရေး အခက်အခဲတွေကြောင့် အမှန်တကယ် တောင်းစားနေကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
    ဒါပေမယ့် သူတောင်းစားတွေရဲ့ ၇၈ရာခိုင်နှုန်းက အိုးအိမ် အတည်အကျမရှိသူတွေနဲ့ လမ်းဘေးမှာဖြစ်သလိုနေတဲ့ သူတွေပါ။ အကယ်၍များ အလုပ်အကိုင်တစ်ခုခုရှိရင် ဒီအလုပ်စွန့်မလားဆိုတဲ့မေးခွန်းကို ၃၀ရာခိုင်နှုန်းလောက်သာ စွန့်မယ်လို့ဖြေပြီး၊ ကျန်တဲ့လူတွေက ဒီအလုပ်ကိုနှစ်သက်ပါသတဲ့။ လွယ်ကူတဲ့ ရပေါက်ရလမ်းတွေရှိနေတော့ အလုပ်လုပ်ဖို့ပျင်းရိကုန်ကြပါပြီ။ ၀မ်းနည်းစရာကောင်းတဲ့ အချက်က သူတို့နဲ့အတူ လူမမယ်ကလေးတွေ၊ ကျောင်းနေအရွယ်ကလေးတွေ ပညာမသင်ရခြင်းပါ။ ကလေးတွေကိုခုတုံးလုပ်ပြီးတောင်းစားနေတဲ့သူတွေက ၄၀ ရာခိုင်နှုန်း ရှိနေပါတယ်။ ကလေးတွေကို ကျောင်း တက်မလားဆိုတဲ့မေးခွန်းကို ၁၀ ယောက်မှာ ၉ယောက်ဖြစ်တဲ့ ၉၀ရာခိုင်နှုန်းက ကျောင်းဝတ်စုံ ၀တ်ထားတဲ့ ကလေးတွေကိုကြည့်ပြီး တက်ချင်တယ်လို့ဖြေခဲ့တာဟာဖြင့် ကျွန်တော့်ကို မျက်ရည်စို့စေခဲ့ပါတယ်။ သူတို့ရဲ့အနာဂတ်ကိုသိလို့ မဟုတ်ဘဲ ၊ကလေးတွေရဲ့ပင်ကိုယ်စိတ်နဲ့ဖြေခဲ့တာပါ။ ဒီလို မသမာတဲ့တောင်းရမ်းသူတွေကြောင့် ကလေးတွေ အနာဂတ်ပျောက်နေကြရပါပြီ။ အသက်အရွယ်ကြီးရင့်ပြီးတောင်းစားနေသူရဲ့ ၆၅ ရာခိုင်နှုန်းက ခိုလှုံဖို့တစ်နေရာ အလိုရှိပြီး၊၂၀ရာခိုင်နှုန်းက စည်းကမ်း ချုပ်ချယ်တဲ့ ရိပ်သာအစား လွတ်လွတ်လပ်လပ်ပဲနေချင်ပါသတဲ့။
    ဒီလူတွေအားလုံး နီးပါးဖြေကြတာက အစ္စလာမ်ဘာသာဝင် အသက်အရွယ်ကြီးရင့်သူတွေ အတွက် ဘိုးဘွားရိပ်သာတွေက လုံလောက်မှု မရှိဘူးဆိုတာပါဘဲ အဖွဲ့တစ်ဖွဲ့က”သူတောင်းစား ပပျောက်ရေးနဲ့ အလုပ်အကိုင် နေရာချထားရေး” အတွက်ကြိုးစားခဲ့ပေမယ့် ထုထည် ပမာဏကြီးလွန်းတာရယ်၊တောင်းရမ်းသူတွေကကို၌က စိတ်မ၀င်စားတာရယ်ကြောင့် လက်လျှော့ခဲ့ရပါတယ်။ အရင်တုန်းက စီမံချက်နဲ့တောင်းရမ်းသူတွေကို ဖမ်းဆီးတဲ့အခါ မှာ စခန်းတရားရုံးကို အပေးအယူလုပ် လိုက်ဖြေရှင်းပေးတဲ့ ငွေကြေးရှင်(ငွေတိုးချေးစားသူ) တွေရှိပြီး၊အမှုပြီးရင် ကြီးမားတဲ့ အတိုးနှုန်းနဲ့ ပြန်ဆပ် ရပါတယ်။ဝမ်းနည်းစရာကောင်းတဲ့ အချက်က မြန်မာမွတ်စလင် အများစုဟာ ကောင်းရောင်း၊ ကောင်းဝယ် လုပ်စားနေသူတွေကို၊ ထိုက်တန်တဲ့အခကြေးငွေပေးဖို့ တွန့်တိုတတ်ကြပေမယ့် တောင်းရမ်းသူတွေကိုတော့ အကျိုးစ၀ပ် (ကုသိုလ်)ကိုမျှော်ကိုးပြီး တလွှဲဆံပင်ကောင်း လှူဒါန်းလေ့ရှိပါတယ်။
    လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ
    ———————————–
    နိုင်ငံသားအစ္စလာမ်တို့ဟာ ခေတ်အဆက်ဆက်အခွင့်အရေးတွေ လျစ်လျူရှုခံရပြီး၊ အထူးသဖြင့်ဦးနေ၀င်းရဲ့ ဆိုရှယ်လစ်အစိုးရ လက်ထက်မှာ စခဲ့ပါတယ်။ မလွတ်လပ်ခင်နဲ့လွတ်လပ်ရေးရပြီးဦးနုရဲ့ ဒီမိုကရေစီအစိုးရအထိ တိုင်းရင်းသားအစ္စလာမ်တို့ဟာ ၀န်ကြီးရာထူးများ အထိတက်လှမ်း နိုင်ခဲ့ကြပါတယ်။ ထိုက်တန်သူများရှိသော်လည်းဦးနေ၀င်းရဲ့ အစိုးရလက်ထက် မှာ တဖြည်းဖြည်း ဖယ်ရှားခံခဲ့ရပါတယ်။ စစ်အစိုးရကနေ ယခုအစိုးရ လက်ထက်တိုင်အောင်၊ နိုင်ငံသားအစ္စလာမ်တွေ အနေနဲ့ဝန်ထမ်း အကြီးအကဲတွေ ဖြစ်လာဖို့ခဲယဉ်းသွားခဲ့ရတာပါ။ ဒါဟာစနစ်တကျနဲ့ဖယ်ရှားခဲ့တာပါ။ သာမန်နိုင်ငံသား အစ္စလာမ်တွေအဖို့ နိုင်ငံသားစီစစ်ရေး ကဒ်ပြားဟာ မလွယ်ကူတဲ့ကိစ္စပါ။ အမျိုးမျိုးသောကဒ်တွေကို ထုတ်ပေးခဲ့ပြီး၊နိုင်ငံသား အဖြစ်မရရှိအောင်ခွဲခြား ခံခဲ့ရတာဟာ စိတ်မကောင်းဖွယ်ရာပါ။ နိုင်ငံသားစီစစ်ရေးကဒ် မရှိတဲ့အတွက် ခရီးသွားလာခွင့် ပညာသင်ကြား ခွင့်နဲ့ သင်ကြားမှုဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များရရှိဖို့ ငြင်းဆန်ခြင်းခံခဲ့ရပါတယ်။
    ၁၉၄၇၊၁၉၇၄၊၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတိုင်းမှာ လွတ်လပ်စွာ ကိုးကွယ်ခွင့်နဲ့စပ်လျဉ်းပြီး အတိအလင်းဖော်ပြထား ခဲ့ပေမယ့်၊ တကယ် ပကတိအခြေအနေမှာ မရရှိခဲ့ပါဘူး။ ၀တ်ကျောင်းတော်များ တားဆီး ပိတ်ပင်ခံရမှု၊ ပြန်လည်ပြုပြင် တည်ဆောက်ခွင့်ရရှိခဲ့တာဟာ လက်ချိုးရေတွက်လို့ရပါတယ်။ ထို့အတူ ဘာသာရေးစာသင်ကြားမှုတွေကိုလည်း မတူညီတဲ့ဒေသအလိုက် ဟန့်တားခြင်းခံခဲ့ရပါတယ်။ ဒါ့အပြင် တရားစီရင်ရေးနဲ့ပတ်သက်ပြီး ကိုးကွယ်ရာ ဘာသာတရားတွေ၊ ကွဲပြားတဲ့လူမျိုးတွေကို အကြောင်းပြုပြီးခွဲခြားဆက်ဆံခြင်း ခံခဲ့ရပါတယ်။ စွပ်စွဲမှု အမျိုးမျိုးနဲ့ခေါင်းစဉ်တွေအောက်မှာ မတရားတဲ့ တရားစီရင်မှုတွေ ရှိနေခဲ့ရပါတယ်။ တချို့ဆိုရင် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်တာတွေအထိ ခွဲခြားခဲ့ပါတယ်လို့ ဆိုကြပါတယ်။
    ဒါကြောင့် အစ္စလာမ်ဘာသာဝင်အများစုနေထိုင်ရာဒေသတွေမှာ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးနဲ့ဒေသဖွံ့ဖြိုးရေးတို့ဟာ တချို့သော ပြည်နယ်တွေလိုပဲ နိမ့်ကျနေခဲ့ပါတယ်။ နိုင်ငံနဲ့အ၀ှမ်းမှာပေါ်ပေါက်ခဲ့တဲ့အကြမ်းဖက်မှုပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ အစိုးရအနေနဲ့ ထိရောက်စွာကိုင်တွယ်မှု မရှိဘဲ ပဋိပက္ခဖန်တီးနေတဲ့
    အင်းအားစုတွေကို အရေးယူခြင်း မရှိခဲ့ဘူးလို့ ယုံကြည်နေခဲ့ကြပါတယ်။ ယခင်စစ်ခေါင်းဆောင်တွေ ကိုယ်တိုင်ပြောကြားခဲ့တဲ့၊ ခွဲခြားမှုများ၊ မိန့်ကြားချက်တွေဟာ ယခုအခါမှာပေါ်ထွက်လာခဲ့ပြီး၊ နိုင်ငံနှင့်အ၀ှမ်း အမုန်းတရားဟောပြောဖြန့်ချီတဲ့သူတွေကို အရေးမယူခြင်းဟာ၊ အစိုးရအပေါ်မှာ လုံးလုံးလျှားလျှားတာဝန် ရှိခဲ့ပါတယ်။
    ဒါကြောင့်တိုင်းနှင့်ပြည်နယ်နေရာဒေသ၉ခုက လူပေါင်း တစ်ထောင်ခန့်ကို မေးမြန်းထားတဲ့ စစ်တမ်းတစ်ခုအရ ၂၀၁၀ပြည့်နှစ်က နိုင်ငံသား အစ္စလာမ်တွေကို ခွဲခြားမှုနဲ့ စပ်လျဉ်းလို့ လူဦးရေရဲ့ ၆၀ရာခိုင်နှုန်းက နိုင်ငံသားစိစစ်ရေးနဲ့ ဘာသာရေးကိစ္စမှအပ တန်းတူရည်တူ ဆက်ဆံခြင်းခံရပါတယ်လို့ ဖြေဆိုပြီး၊ ၃၀ရာခိုင်နှုန်းကလုံးဝခွဲခြားခံရပါတယ်လို့ ယူဆကြပါတယ်။ ကျန် ၁၀ ရာခိုင်နှုန်းက ဖြေဖို့စိုးရိမ်ကြပါတယ်။ ယခု ၂၀၁၅မှာ ဒီစစ်တမ်းလေးကို ပြန်လည်မေးမြန်းကြည့်တဲ့ အခါမှာ မေးမြန်းခံရသူရဲ့ ၉၃ရာခိုင်နှုန်းကလုံးဝခွဲခြားခြင်းခံရပါတယ်လို့ ဖြေဆိုကြ ပါတယ်။
    ဒီလိုမယုံကြည်မှုတွေ လွှမ်းမိုးခံနေရတဲ့ လူ့အဖွဲ့အစည်း တစ်ရပ်ကို ယုံကြည်မှုတွေပြန်လည် တည်ဆောက်ဖို့အတွက် “ဒီမိုကရေစီ အစိုးရသစ်” မှာ တာဝန်ရှိသလို၊ တန်းတူရည်မျှတဲ့ဆက်ဆံရေးတွေ လျင်မြန်စွာ အသက်ဝင်လာမယ် လို့လဲမျှော်လင့်မိပါတယ်။ တစ်ဦး ချင်းအနေနဲ့ ခွဲခြားဆက်ဆံမှုခံရတာတွေဟာ အပုံအပင်ပါ၊ ထိုနည်းတူစွာနိုင်ငံသား အစ္စလာမ်တွေအနေနဲ့ လည်းဘာသာမတူ လူမျိုးမတူဆိုတဲ့ အခြေအနေတွေအောက်မှာ သူစိမ်းပြင်ပြင်လို သဘောထားပြီးဆက် ဆံမှုဟာ၊ မြန်မာမွတ်စလင် လူ့အဖွဲ့အစည်းဟာ ပိုပြီးဝေးသထက်ဝေးလာတာကိုတွေ့နေရပါတယ်။ ယခု နောက်ဆုံးပေါ် ခွဲခြားဆက်ဆံခံရမှုကတော့၊ မြန်မာတို့ရဲ့အစဉ်အလာ ဓလေ့ထုံးစံတွေအရကျင်းပပြုလုပ်တဲ့ ပွဲလမ်းသဘင်တွေမှာ လမ်းဘေးဈေးရောင်းကြတဲ့အစ္စလာမ်တွေကို အဟန့်အတားပြုလုပ်နေကြခြင်းဟာ အတော့်ကိုဆိုးဝါးလှပါတယ်။
    ဆောင်ရွက်ရန်နည်းလမ်းများ
    —————————-
    ဒီပြဿနာရပ်တွေဖြေရှင်းရေးအတွက် အပိုင်း၂ ပိုင်းရှိပါတယ်။ အစိုးရရဲ့တာဝန်ရှိမှုနဲ့မြန်မာ-မွတ်စလင်လူ့အဖွဲ့အစည်းကိုယ်၌က တာဝန်ခံမှုဖြစ်ပါတယ်။ ဒါပေမယ့် နှစ်ရှည်လုပ်ယူရမယ့် Longtime Plan မျိုးဖြစ်ပါ တယ်။ အစိုးရအနေနဲ့ ဘာတွေလုပ်ပေးနိုင်ပါသလဲ၊ ကြည့်ရအောင်ပါ။ပြည်သူပြည်သားတွေ အားလုံးခွဲခြားရေးအမြင်တွေ၊စိတ်ဓာတ်တွေ၊ အမုန်းတရားတွေပြေပျောက်ဖို့အတွက် အမှန်တကယ်ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးမှု အစီအစဉ်တွေကိုအောက်ခြေက စတင်ရပါမယ်။အခုလက်ရှိအစိုးရလုပ်သလို ဟန်ပြလုပ်ငန်း မျိုးမဖြစ်စေရပါဘူး။ လုပ်နေတဲ့ လူတွေက ကြိုးစားနေပေမယ့် အစိုးရက ထင်သလောက်အားမပေးပါဘူး။
    ကလေးသူငယ်တွေရဲ့ပညာသင်ရိုးညွှန်းတမ်းတွေမှာ Religious Study ဆိုတဲ့ ဘာသာတရားများ လေ့လာမှု အစီအစဉ်ထည့်သွင်းပြီး၊ငယ်စဉ်ကတည်းက အမြင်မသွေလွဲအောင်ကြိုးပမ်းရပါမယ်။ လွတ်လပ်စွာ ၀တ်ပြုကိုးကွယ်ခွင့်၊ ပညာသင်ကြားခွင့်၊ တရားဥပဒေရဲ့စောင့်ရှောက်မှုရယူခွင့်၊ အမှုထမ်းခွင့်၊ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခြင်းခံရခွင့်၊ စီးပွားရေးတွင်တရားမျှတစွာပါဝင်ယှဉ်ပြိုင်နိုင်ခွင့် စသည့်ဆုံးရှုံးခဲ့မှုများကို ပြန်လည် ကုစားပေးသင့်ပါသည်။
    မြန်မာ-မွတ်စလင်လူ့အဖွဲ့အစည်းအနေနဲ့လည်းဒီနိုင်ငံရဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစား တန်ဖိုးထားရပါမယ်။ ဘာသာရေးအရ အစွန်းရောက်မှုတွေကို ရှောင်ရှားပြီး၊ တရားမျှတဲ့လူ့အဖွဲ့အစည်းကို တည်ဆောက်ရပါမယ်။ရေသာခိုအချောင်သမားများကို အားမပေးဘဲ၊ချို့တဲ့သူများ၏ ဘ၀များကိုတောင်းရမ်းမှုမှသည် အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးရပါမယ် အတတ်ပညာအသိပညာ များဖြင့် အနာဂတ်မျိုးဆက်ကို လက်ဆင့်ကမ်းရပါမယ်။
    မိမိတို့၏ရင်သွေးများကိုနိုင်ငံကျေးဇူး သိတတ်သော၊ နိုင်ငံသစ္စာ ခံယူတတ်သော အလေ့အထများမွေးမြူစေ ရပါမယ်။ နိုင်ငံဝန်ထမ်းများတွင်ပါဝင်လုပ်ကိုင်စေ ရပါမယ်။ ရှေးမှုမပျက်ချစ်ကြည်ရင်းနှီးခဲ့သော အစဉ်အလာများအတိုင်း အနာဂတ်နိုင်ငံ၏ ဦးဆောင်မှုကဏ္ဍ၊ တိုင်းပြည်ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များတွင်၊ အုတ်တစ်ချပ် သဲတစ်ပွင့်ဆိုသလို ပါဝင်ကူညီရပါ မယ်။ တိုင်းနိုင်ငံတစ်ဝှမ်း မြန်မာ-မွတ်စလင်လူ့အဖွဲ့အစည်းကို ကိုယ်စားပြုသော “မီဒီယာများ”ပေါ်ထွန်းလာ ရေးကို ကူညီပေးသင့်ပါတယ်။သို့မှသာ မှန်ကန်သောသတင်းဖြစ်ရပ်များ အချိန်နှင့် တပြေးညီထုတ် ပြန်နိုင်မှာဖြစ်ပါတယ်။
    နိဂုံးချုပ်အနေနဲ့ ဒီစစ်တမ်းလေးရဲ့တွေရှိချက်တွေကို သုံးသပ်အကြံပြုတင်ပြချက်တွေကို ပေါ်ပေါက်လာမယ့် “ဒီမိုကရေစီအစိုးရသစ်” တစ်ရပ်အနေနဲ့ ဆောင်ရွက်ပေးပါလို့မေတ္တာရပ်ခံရင်းနဲ့ တစ်ပြိုင်နက်တည်း၊ မြန်မာ-မွတ်စလင် လူ့အဖွဲ့အစည်း တစ်ရပ်လုံးအနေနဲ့လည်းဝန်ထုပ်ဝန်ပိုး တွေကိုစုပေါင်းဖြေရှင်းရင်း၊ တိုင်းပြည်ရဲ့ပြုပြင်ပြောင်းလဲရေး ခရီးလမ်းတစ်လျှောက်မှာ ပါဝင်ဆောင်ရွက်ကြပါစို့လို့ အလေးအနက်တိုက်တွန်းလိုက်ရပါတယ် ခင်ဗျား။
    ဆောင်းပါးရှင်၏ ခွင့်ပြုချက်ဖြင့် Firday Times ဂျာနယ်မှ ကူးယူဖော်ပြပါသည်။
  • ပါးရိုက်ဋီကာ၊ ၀န္နာမိဓလေ့၊ ဓားစာခံ ယဉ်ကျေးမှုနှင့် ထောင်ချောက်နိုင်ငံရေး
    ပါးရိုက်ဋီကာ၊ ၀န္နာမိဓလေ့၊ ဓားစာခံ ယဉ်ကျေးမှုနှင့် ထောင်ချောက်နိုင်ငံရေး
    ဇူလိုင် ၂၅ ၊ ၂၀၁၄
    M-Media
    .ဆောင်းပါးရှင်- ကျော်နေမင်း (မြို့ပြ)
    2
    Cartoon Credit – ကျော်သူရိန်
    ပါးရိုက်ဋီကာ
    ဋီကာချဲ့ ပြရလောက်အောင် တွင်ကျယ်လာတဲ့ လုပ်ရပ်တစ်ခုက ပါးရိုက်သမှု ပြုနေကြခြင်းပါ၊ လုပ်ရပ်တစ်ခုအပေါ် စက်ဆုပ်မှု၊ မုန်းတီးမှု၊ ရွံရှာမှု၊ နာကျည်းမှုနဲ့ မခံချင်စိတ်တို့ အုံကြွလာရာကနေ စိတ်မထိန်းနိုင်တဲ့ လုပ်ရပ်တစ်ခုပါ။ ရိုင်းစိုင်းမှုကိုပြတဲ့ လုပ်ရပ်တစ်ခုပါ။ မျက်လုံးရဲ့ အောက်မျက်ရိုးခုံနဲ့ မေးရိုးရဲ့ အကြားမှာ အကာအကွယ် ပြုပေးထားတဲ့ နူးညံ့ပွဖောင်းတဲ့ အသားစိုင်လေး တစ်ခုဟာ ကြမ်းတမ်းတဲ့ လက်ဖ၀ါးရဲ့ ဒေါသအဟုန်ကို ရင်ဆိုင် အတွေ့မှာ “ဖြန်း”ဆိုတဲ့ အသံနဲ့အတူ ပူစပ် ပူလောင် ခံစားရ၊ တဒင်္ဂမှာ ကြယ်တွေ လတွေ တောင် မြင်သွား ရပါသတဲ့။ ရိုက်ခံရတဲ့ ပါးကို ပွတ်ကိုင်ရင်းနဲ့ ရှက်ဇော တွေဖြာပြီး တုံပြန့်ခြင်းငှာ မစွမ်းသာလို့၊ ချိုးနှိမ်ချတဲ့ မျက်နှာလေးတွေကို သင်တို့မြင်ဖူး ကြပါသလား။ ကျွန်တော် မြင်ဖူးပါတယ်။
    နေရာက ရန်ကုန်မြို့ရဲ့ လူစည်ကားရာ ဈေး တစ်ခု ဖြစ်တဲ့ မင်္ဂလာဈေး၊ နားမှာပါ။ စစ်အစိုးရ လက်ထက်မှာပါ။ ကျွန်တော်နဲ့ ခင်တဲ့ ယာဉ်ထိန်းရဲ တစ်ယောက်ရယ်၊ ကျွန်တော်ရယ်၊ စကားပြောနေတုန်း အဝေးကနေ ကားတစ်ီးလုံး မှန်မှာ အနက်ရောင် စတေကာ တပ်ထားတဲ့ ဆိုက်ကနက် (cygnus) ကား တစ်စီးကို တွေ့လိုက်လို့ စကားပြောနေရင်းနဲ့ လက်တားလိုက်ပါတယ်။ အဲဒီ ကာလက ကားမှာ အနက်ရောင်စတေကာ ကပ်ရင် အရေးယူမယ်လို့ စီမံချက် ချထားပြီး ဖမ်းဆီးနေတဲ့ ကာလလေ၊ ကားကို ရပ်သွားတယ်။ တံခါးကို ဖွင့်လိုက်တယ်။ ကားပေါ်က ရုပ်ခပ်မာမာနဲ့ လူတစ်ယောက် ဆင်းလာပြီး လက်ပြတားတဲ့ ယာဉ်ထိန်းရဲကို ရုတ်တရက် ပါးရိုက်လိုက်တယ်။ ပါးစပ်ကလည်း ပြောလိုက်တယ်။ ငါဘယ်သူလဲ မင်းမသိဘူးလား၊ ဗိုလ်မှူးချုပ် xxx တဲ့ကွ။ ပါးစပ်ဟောင်းလောင်းနဲ့ ပါးကို ပွတ်နေတဲ့ ကျွန်တော့် သူငယ်ချင်း သတိဆွဲပြီး အလေးပြုလိုက်တယ်။ သူ့ကား ပြန်ထွက်တဲ့အထိ တုပ်တုပ်မျှ  မလှုပ်ရဲ ဘူး၊ ကားထွက်သွားတဲ့အခါ ဒီမြင်ကွင်းကို ကြည့်နေတဲ့ ပရိသတ်ကြီးကို သူတစ်ချက်ကြည့်ပြီး နီးစပ်ရာ အငှားယာဉ်တစ်စီးငှားပြီး အမြန်ပျောက်ကွယ်သွားတော့တာပါပဲ။ နှစ်ပေါင်း အတော်ကြာပါပြီ။ သူ့ကို လုံးဝ မတွေ့ရတော့ပါ။ သူ့ကို ကျွန်တော် နောက်ဆုံတွေ့လိုက်ရတဲ့ မျက်ရည်စတွေ ပြည့်လုံရီဝေနေတဲ့ သူ့မျက်လုံးတွေကို ယနေ့တိုင် မှတ်မိနေပါတယ်။
    နောက်တစ်ယောက်က ဇွဲကပင် အသင်းပိုင်ရှိ ဦးလှဌေး ဘောလုံးကွင်းထဲဝင်ပြီး ကွင်းလယ်ဒိုင်ကို ပါးရိုက်ခဲ့တဲ့ မြင်ကွင်းပါ။ ပါးကိုလက်နဲ့ ပွတ်ပြီး တအံ့တသြ ကြည့်နေတဲ့ မတုံ့ပြန်နိုင်ရှာတဲ့ ကွင်းလယ်ဒိုင်ရဲ့ မျက်နှာကို ကျွန်တော်မြင်ယောင်နေမိပါတယ်။ မကျေနပ်လို့ ပါးရိုက်သတဲ့။
    တချိန်က နာမည်ကျော် ရုပ်ရှင်မင်းသမီး ချောကလည်း အင်တာဗျူးတဲ့ သတင်းထောက်မလေးကို ပါးရိုက်လိုက်တာ နိုင်ငံကျော်သွားတယ်။ အဲရှိုက်ထိစေမဲ့ မေးခွန်းကို မကျေနပ်လို့တဲ့။ တရားရုံးက ဒဏ်ငွေ (၁၀၀၀)လား ချမှတ်လိုက်တယ်။ ထိရောက်တဲ့ ပြစ်ဒဏ်ဆိုတာမျိုးလေ။
    ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ၀န်ကြီးတပါးက သူခိုင်းတာ မလုပ်ရကောင်းရဲ့ဆိုပြီး ပြည်နယ် ပညာရေးမှူးကို ခပ်ကြမ်းကြမ်း ဆုံးမလေရာ ၀င်ပြောတဲ့ လ/ထ ကြီးကြပ်ရေးမှူးကို ပါးရိုက်လိုက်သတဲ့။ အကြောင်းက သူ ခရီးမသွားခင် မူလတန်းဆရာတွေရဲ့ ပြောင်းရွှေ့ရေး ကိစ္စတွေကို အမိန့်ထုတ်ပြီး လက်မှတ် ထိုးခိုင်းတာကို ငြင်းဆန်လို့တဲ့ဗျာ။ ဒီဝန်ကြီးက ယခင် ဒုဗိုလ်မှူးကြီး တယောက်ဖြစ်ပြီး ကြံ့ဖွံ့ ပါတီက ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။
    တလောတုန်းကတောင် တက်သစ်စ မော်ဒယ်မင်းသားလေးက ယာဉ်ထိန်းရဲကို ပါးရိုက်ပြန်တယ်။ အကြောင်းက သူစီးလာတဲ့ ကားကို တားလို့တဲ့၊ အမှု ရုံးပေါ်ရောက် မလာဘဲ ငွေကြေးနဲ့ ကြေအေးလိုက်ကြ တယ်။
    နိုင်ငံရေး အကျဉ်းသားတွေရဲ့ အဆိုအရ စစ်ကြောရေး စခန်းမှာ စစ်ကြောရေး တာဝန်ကျ ထောက်လှမ်းရေးတွေက မြင်မြင်ခြင်းပဲ နိုင်ငံရေး လုပ်အုန်းမလားကွ၊ ဆိုပြီး ပါးရိုက်သတဲ့။
    နယ်လှည့်ပါးရိုက်တက်တဲ့ ပြည်ထောင်စု ၀န်ကြီး ဦးအုန်းမြင့် တယောက်လည်း အခု ဘယ်နယ် တွေကို လှည့်ရိုက်နေလဲ မဆိုတတ်ပါဘူး။
    ဆရာကြီး သိပ္ပံမှူးတင်(ခေါ်) ဗိုလ်မှူးတင်မောင်(ငြိမ်း) ကတော့ ဂျပန်မှာ စစ်သင်တန်းတက်တဲ့အခါ ဂျပန်တွေရဲ့ ပါးရိုက်ဆုံးမတာကို ခံရတာဟာ ပိုပြီး မှတ်မိလွယ်ပြီး စည်းကမ်းကောင်းလာစေသတဲ့၊ ပါးရိုက်တာကို အကောင်းပြောတဲ့ ဆေးလိပ် ဆန့်ကျင်ရေး သမားကြီးလေ။
    ပါးရိုက်တဲ့ စစ်တမ်းလေးကို ဇယားချကြည့်တော့ ရိုက်တဲ့သူတွေက အာဏာရှင်တွေ၊ ရေပေါ်ဆီ လူ့မလိုင်တွေ၊ နာမည်ကျော်တွေချည်းဘဲဗျို့။ ရိုက်ခံရတဲ့ သူတွေကတော့ ထုံးစံအတိုင်း နှိမ့်ကျစွာ တာဝန် ထမ်းဆောင်နေတဲ့ နိုင်ငံ ၀န်ထမ်းတွေနဲ့ ပြည်သူတွေသာ ဖြစ်ပါတယ်။ ထို့အတွက်ကြောင့် ဥပဒေပြု ပုဂ္ဂိုလ် ကြီးများကို အကြံပြုလိုပါသည်။ ပါးရိုက်ခြင်းဟာ လူ့ဂုဏ်သိက္ခာကို ချိုးနှိမ်ခြင်းနှင့် ရိုင်းစိုင်းသော ကိုယ်ကျင့် တရားကို ဖော်ထုတ်ပြခြင်း မည်ပါတယ်။ အကြမ်းဖက်မှု စာရင်းသွင်းပြီး ပြင်းထန်သော ဥပဒေ ပြဋ္ဌာန်း၍ အပြစ်ဒဏ် ပေးရန် ဆောင်ရွက်သင့်ပါတယ်။ သို့တည်း မဟုတ်ပါက ပါးရိုက်ခံရသူတွေ များလာလို့ နောင်အခါ သမ္မတကြီး မိန့်ခွန်းပြောရင် “ပါးရိုက်ခံရသော မိဘပြည်သူများခင်ဗျာ” လို့ ပြောရမလို ဖြစ်လာလိမ့်မယ်။ တားဆီးပေးကြပါ။
    အခု အစိုးရခေတ်မှာ ရေပန်းစားလာတဲ့ ကိစ္စတစ်ခုက လုပ်စရာရှိတာသာ လုပ်ပြစ်လိုက်၊ ပြောချင်တာသာ ပြောပြစ်လိုက်၊ ပြီးရင် မှားတာရှိရင် ၀န္နာမိ ပါလို့ တောင်းပန်လိုက်။ ဒီလို ဓလေ့ ထုံးတမ်းကြီး တစ်ခုကို မြင်တွေ့ရပြန်တယ်။
    စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီး မြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒ ဖော်ထုတ်မှု သပိတ်စခန်းကို မီးလောင်ဗုံး ဆက်ကပ် လှူဒါန်းအပြီးမှာ ဒဏ်ရာ ရရှိသော ရဟန်း၊ သာမဏေများအား သမ္မတ ရုံးပြည်ထောင်စု ၀န်ကြီး ဦးလှထွန်း၊ ကျန်းမာရေး ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ဖေသက်ခင်၊ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်၊ စစ်ကိုင်းတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးသာအေး၊ ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ရဲချုပ် ကျော်ကျော်ထွန်း၊ သမ္မတ အကြံပေး ဦးလှမောင်ရွှေနှင့် တာဝန်ရှိသူများက ပြည်ထောင်စု အစိုးရ အဖွဲ့ကိုယ်စား မိုက်မဲတွေဝေ မလိမ္မာကြောင်း ဖြင့် ၀န်ချတောင်းပန်ပြီး ကျေအေးလိုက်ကြတယ်။ အဓိက တာဝန်ရှိသူတွေရဲ့ တာဝန်ယူမှု အခန်းကဏ္ဍဟာ ပျောက်ဆုံးနေတာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့် လုပ်ချင်တာလုပ်ရဲ၊ ပြောချင်တာ ပြောရဲ၊ ဖြစ်ကုန်ကြတာပေါ့။
    ကိုယ်တိုင်ကျတော့ အစားကောင်း၊ အသောက်ကောင်းတွေနဲ့ ရာထူး အဆောင်အယောင် အစီအစဉ်တွေနဲ့ ပြီးပြည့်စုံပြီးတော့ လယ်ထဲကိုင်းထဲမှာ နေပူမရှောင် မိုးရွာမရှောင် ဆင်းရဲခြင်း ဒုက္ခနဲ့ ၀မ်းစာ ရှာနေတဲ့ တောင်သူဦးကြီးတွေကို “အကြွေးကြေအောင်” ထမင်းတနပ်လျော့စား လို့ ပြောတဲ့သူ၊ ၀န်ကြီးလဲ ပြောရက်ပါပေ့တယ်၊ ပြီးတော့မှ ပြန်တောင်းပန်တယ်၊ မှားတာရှိရင် ၀န္နာမိ ပေါ့ လွယ်ပါတယ်။
    အိမ်ရောင်း၊ ကားရောင်းပြီး ငြိမ်းချမ်းရေး လုပ်နေတဲ့ ငြိမ်းချမ်းရေး ဗိသုကာ ၀န်ကြီးတစ်ပါးကလည်း ကိုယ့်တိုင်းရင်းသား အချင်းချင်း တိုက်ခိုက်ကြတဲ့ စစ်ပွဲတွေကနေ သူရ ဘွဲ့တွေ ဘာတွေပေးဖို့ မလိုပါဘူးလို့ ပြောပြန်ရော။ ပြီးမှ နိုင်ငံ၊ ပြည်သူ၊ တပ်မတော်နဲ့ တပ်မတော်သားတွေ အပေါ် သစ္စာ မဖောက်ပါဘူးလို့ ပြန်တောင်းပန်လိုက်တယ်လေ။ တောင်းပန်ရတယ် ဆိုကတည်းက အမှားလုပ်လိုက်လို့ပါ။ ဒါကြောင့် မှန်ကန်တဲ့ ခံယူချက် မရှိရင် စကားတွေကို လက်လွတ်စပယ် မပြောသင့်ပါ။ လုပ်ရပ်တွေကို အစကတည်းက မလုပ်သင့်ပါ။ အမှားတွေလုပ်၊ အမှားတွေပြော၊ ပြီးရင်တောင်းပန်၊ ဒီလိုဓလေ့ကြီး ထုံးတမ်းကြီးကို ခေါင်းဆောင်ဆိုသူတွေ လုပ်ပြနေရင် နိုင်ငံသားတွေ အကြားမှာ ပိုလို့တောင် အစဉ်အလာ ဖြစ်သွားလိမ့်မယ်။ တာဝန်ယူမှု ဆိုတဲ့ အကျင့်ကောင်း၊ ဓလေ့ကောင်းတွေ ပျောက်ကွယ် သွားပါလိမ့်မယ်။ ဒါကြောင့် စာသားလေးတစ်ခု အမှားကြောင့် တာဝန်ယူပြီး ရာထူးက နှုတ်ထွက်သွားတဲ့ ဂျပန်ဝန်ကြီး တပါး အကြောင်းကို ပြောပြချင်ပါတယ်။
    “ယခု ဂျပန်မှာ ၀န်ကြီးချုပ် လုပ်နေတဲ့ “ရှင်ဇိုအဘေး” ဟာ ယခင်တကြိမ်မှာလည်း ၀န်ကြီးချုပ် ဖြစ်ခဲ့ ဖူးပါတယ်။ အဲဒီအခါတုန်းက ဂျပန်ကျောင်းသုံးစာအုပ်မှာ ဂျပန်ဟာ တိမ်မြုပ်ပျောက်ကွယ်နေတဲ့ အရှေ့တိုင်း ယဉ်ကျေးမှုကို ထိန်းသိမ်းရန် အလို့ငှာ အာရှနိုင်ငံများကို သိမ်းသွင်းရခြင်းဖြစ်သည်” လို့ ရေးသားခဲ့ပါသတဲ့။ ဒီမှာတင် တရုတ်နဲ့ ကိုရီးယားမှာ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာပြီး ဆူဆူပူပူ ဖြစ်လာတော့ တာပေါ့။ ဒါနဲ့ ဂျပန်ဝန်ကြီးချုပ်က ပညာရေး ၀န်ကြီးကိုခေါ်ပြီး စာအုပ်ထဲက အမှားကို ပြင်ခိုင်းတော့တာပါ။ ဒီတော့ ဂျပန်ဝန်ကြီးက စာအုပ်ထဲက အမှားဟာ ကျွန်တော်ခံယူထားတဲ့ အမှန်တရားပါ၊ ဒီအမှားကို ပြင်ရမယ်ဆိုရင် ကျွန်တော်ရပ်တည်တဲ့ အမှန်တရားအတွက် အလုပ်က ထွက်ပါတယ်ဆိုပြီးတော့ နှုတ်ထွက်စာ ကိုပေးပြီးတော့ ၀န်ကြီးချုပ်ရုံးထဲက ပြန်ထွက်လာခဲ့တယ်။ ဒါကြောင့် မှားတာရှိရင် “၀န္နာမိ” ပါဆိုတာမျိုး ဂျပန်မှာ ထုံးတမ်းဓလေ့ မဖြစ်ပေါ်လာခဲ့ဘူး ကိုယ့်တာဝန် ကိုယ်ယူတတ်တဲ့ အလေ့အထမျိုး ကျွန်တော်တို့ မွေးယူကြဖို့ အချိန်တန်ပါပြီ။
    ဓားစာခံ ယဉ်ကျေးမှု
    ဆဲဗင်းဂျူလိုင် ရဲ့နောက်တနေ့ 8.7.1962 မှာ မြန်မာပြည် (တ.က.သ) အဆောက်အအုံကြီးကို ဒိုင်းနမိုက်တွေနဲ့ ဖြိုခွဲလိုက်စဉ်က အမိန့်ပေးခဲ့တဲ့ တရားခံဟာ ဗိုလ်ချုပ်အောင်ကြီး ဖြစ်ပြီး သူဘာမှ မသိဘူး လို့ ငြင်းရင် အာဏာသိမ်းခေါင်းဆောင်ကြီး ဦးနေ၀င်းက ဓားစာခံ ယဉ်ကျေးမှုကို စတင်ခဲ့တယ်။
    ဦးနု၊ ဦးကျော်ငြိမ်း၊ ဦးဗဆွေတို့ကို ဖမ်းဆီးချုပ်နှောင်ထားတာ သူမဟုတ်ဘဲ ဗိုလ်ချုပ်ဖေတင်ကို လက်ညှိုးထိုးလို့ ဓားစာခံ ရွေးခဲ့ပြန်တယ်။
    (၂၀၀၃) မေ (၃၀) ရက်နေ့က စစ်ကိုင်းတိုင်းက ဒီပဲယင်းနယ်မှာ ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာတဲ့ ယာဉ်တန်းကို အပြတ်ရှင်းတဲ့ လူသတ်ပွဲကြီးကို အမိန့်ပေး စေခိုင်းခဲ့သူကို ဖော်ထုတ်မရတာ ယနေ့တိုင်အောင် ဖြစ်နေပါတယ်။ တချို့ကတော့ ရိပ်ဖန်းသံဖန်းနဲ့ ကွယ်လွန်သူ ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး စိုးဝင်းကို ဓားစားခံအဖြစ် ထိုးကျွေးချင်ကြတယ်။ လူမရှိတော့ အမှုက ပြတ်ပီလေ။
    (၂၀၀၇) ရွှေဝါရောင် တော်လှန်ရေးမှ အပြစ်ရှိရင် ကြိုးစင်တက်ပါမယ်ဆိုလာသူက ရန်ကုန် တိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးမြင့်ဆွေ (ငြိမ်း) ပါ၊ ၀န်ခံရဲတဲ့ သတ္တိကို ချီးကျုးမိပါတယ်။ ဒါပေမဲ့ တရားခံ မဟုတ်ဘဲ “ဓားစားခံ” တယောက်လို့ ပြည်သူအများက ထင်မြင်နေလေရဲ့၊ အဆိုတော် မေလလာရဲ့ သီချင်းလို “တရားခံ ဘယ်သူလဲဟေ့” ပြော လို့ ဆိုရမလိုလို။
    နောက်တစ်ယောက်က နိုင်ငံတော်ရဲ့ စာရင်းစစ်ချုပ် ဗိုလ်ချုပ်လွန်းမောင်ပါ။ နိုင်ငံတော် အကြီးအကဲတွေနဲ့ အတူ ဂေါက်ရိုက်ကစားလေ့ရှိတယ် ဆိုပဲ။ တကြိမ်တော့ ဂေါက်ရိုက်ရင်းနဲ့ စေတနာ ထားပြီး သတိပေး စကား ပြောမိခဲ့တယ်။ ဒီစေတနာ စကားကြောင့်ပဲ ပညာပေး ခံရပြီး ရာထူးကနေ ဖယ်ရှား ခြင်းခံလိုက်ရပါတယ်။ တကယ်တော့ နိုင်ငံတော် စာရင်းစစ် ချုပ်ရဲ့ လက်ထဲမှာ နိုင်ငံတော်ကြီးရဲ့ စာရင်းဇယားတွေရှိနေတယ်လေ၊ သိနေနိုင်တယ်လေ၊ ဗိုလ်ချုပ်လွန်းမောင်က “ဒီကိစ္စတွေ ပြန်မပြောချင်တော့ဘူး၊ စေတနာ အမှားပေါ့၊ တချို့သော သူတွေက ကိုယ့်စေတနာကို ကိုယ်ကျိုး အတွက် သုံးခဲ့ကြတာတော့ ကိုယ်က ခံရတာပေါ့၊ ဒီအပေါ် ဘာအာဃာတမှ မထားဘူး”လို့ ပြောခဲ့ပါတယ်။ အခုတော့ မွန်ပြည်နယ် ဘီးလင်းနယ်ထဲမှာ “အောင်ပြည့်စုံ”ဆိုတဲ့ ထမင်းဆိုင်ဖွင့်ပြီး အသက်မွေးဝမ်းကြောင်း ပြုနေရ ရှာတယ်၊ ဓားစာခံ ယဉ်ကျေးမှုရဲ့ တရားခံတဦးပါ။
    စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်က မိသားစုရဲ့ လုံခြုံရေးကို တာဝန်ယူမယ်ဆိုရင် စစ်အစိုးရ လက်ထက်က အတွင်းရေးတွေကို ပြောပြဖို့ ရှိပါသတဲ့။ ကိုယ်လုပ်ခဲ့ တာတွေကိုမှ ၀န်မခံဘဲ၊ ဘယ်သူတွေကို ဓားစာခံ လုပ်မလဲဆိုတာကို စိတ်ဝင်တစား နားစွင့်နေကြရဲ့။
    အခုနောက်ဆုံး ဓားစာခံလို့ ပြောစဖွယ် ပြုခံရသူက “သာသနာရေး ၀န်ကြီးဟောင်း ဦးဆန်းဆင့်ပါ။ သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်ကတော့ ….သမ္မတကြီး ဆုံးမတာကို နားမထောင်လို့၊ ကျော်လွန်ပြီး ဆောင်ရွက်လို့ စသည်ဖြင့် ပြောကြားခဲ့သလို ငွေကြေးအလွဲသုံးစားမှုများ ရှိခဲ့ကြောင်းလည်း သတင်းများ၊ ပေါ်ထွက်ခဲ့သည်။ ဦးဆန်းဆင့် ကိုယ်တိုင်က “စစ်ပြီးသား ကိစ္စတစ်ခုအတွက် မတရား လုပ်တာ ခံရတယ်”ဟု ရှင်းလင်းခဲ့ပြန်သည်။ အများပြည်သူ အမြင်မှာတော့ “မဟာသန္ဒသုခ” ကျောင်းတိုက်ကြီး ကိစ္စရပ်အပြီး ဓားစာခံတဦး ပေါ်ထွက်ခဲ့ခြင်း ဖြစ်သည်ဟု သုံးသပ်မှုများ ရှိနေခဲ့ကြတယ်။ ဦးဆန်းဆင့်ကလဲ ထစ်ကနဲ ဖော်ကောင်ဘညွန့် လုပ်မယ်ဆိုပြီး ခြိမ်းခြောက်နေတော့ ပျင်းတောင်ပျင်းသေးတယ်ပေါ့။
    နိုင်ငံတော်နဲ့ ဆိုင်တဲ့ ကိစ္စရပ်တွေမှာ တကယ့်ဖြစ်ရပ်မှန် တရားခံအမှန်တွေ မပေါ်ပေါက်ဘဲ ဓားစာခံ တွေသာ အစားထိုး ဖြေရှင်းနေတဲ့ ယဉ်ကျေးမှု တရပ်တောင် ဖြစ်ပေါ်နေပြီလို့ ယူဆမိပါတယ်။ စကားမစပ် နိုင်ဂျီးရီးယားက “ဘိုကိုဟာရမ်” အဖွဲ့က မိန်းကလေး ကျောင်းသူ (၂၀၀) ကျော်ကို ဓားစာခံလုပ်ပြီး ပြန်ပေးဆွဲသွားတာ ကမ္ဘာကျော်သွားတယ်လေ၊ တလောတုန်းက ဖြစ်ရပ်ပါ။ ဒီထက် အရင်နှစ်ပေါင်း (၅၀) ကျော်ကတည်းက မော်လမြိုင် တက္ကသိုလ်က ပြန်လာတဲ့ ကျောင်းသူလေးတွေကို KNDO သောင်းကျန်းသူတွေက ကြားဖြတ် ပြန်ပေးဆွဲပြီး ဓားစာခံ လုပ်ခဲ့သေးတယ်၊ တရုတ်ဖြူတွေဆီက လက်နက်နဲ့ ကျောင်းသူလှပျိုဖြူတွေနဲ့ လဲလှယ်မယ်တဲ့ဗျာ။ ဓားစာခံ ယဉ်ကျေးမှုရဲ့ အစ မြန်မာပြည်ကလို့ ဆိုရိုးစကား ပေါ်လာနိုင်ပါတယ်။ လေယာဉ်ပြန်ပေးဆွဲမှုကတော့ ကမ္ဘာမှာ မြန်မာက အစဆိုတဲ့ မှတ်တမ်းရှိ ပါတယ်။
    ထောင်ချောက်နိုင်ငံရေး
    ထောင်ထားတဲ့ အကွက်တစ်ခုထဲကို တိုးဝင်လာအောင် လုပ်၊ အချိန်ကိုက်ပြီးမှ မောင်းဖြုတ် ချလိုက်တဲ့ ထောင်ချောက်နည်း ပရိယာယ်ကို ညစ်ပေတဲ့ နိုင်ငံရေးကစားကွက် တစ်ခုအဖြစ် အသုံးပြုနေကြပြီ ဖြစ်ပါတယ်။ ကျောက်ဖြူ-ကူမင်းဓာတ်ငွေ့ပိုက်လိုင်း ကိစ္စ ရခိုင်တစ်ပြည်လုံး လူထု ဆန္ဒပြပွဲ မတိုင်မီလေးမှာ ကျောက်နီမော်မှာ မသီတာထွေး အသတ်ခံရမှုနဲ့ တောင်ကုတ် လူသတ်ပွဲ ထောင်ချောက် ခလုပ်တွေ ဆွဲချခဲ့တယ်။ ဆင့်ကဲဆိုသလို မိတ္ထီလာ၊ လားရှိုးနဲ့ ပဲခူးတိုင်းက မြို့တချို့ရဲ့ ပဋိပက္ခ ထောင်ချောက်တွေဟာ မဖြစ်ခင်ကတည်းက ကြိုသိနေတဲ့ လုပ်ရပ်တွေဆိုတာ ထင်ရှားလာခဲ့ပါ တယ်။ Online ၊ ဖုံးသတင်း လက်ကမ်းစာစောင်၊ မျက်နှာစိမ်းများ ၀င်ရောက်လှုပ်ရှားမှု စသည်ဖြင့် ကြိုတင် အသွင်ဆောင်မှုတွေကို အထင်အရှား မြင်တွေ့ခဲ့ရပါတယ်။ ယခု နောက်ဆုံး ထောင်ချောက်ကြီးကတော့ မန္တလေး ပဋိပက္ခရဲ့ ထောင်ချောက်ကြီးပါ။ Online မှာ တရားဝင်သတင်း ၀ဘ်ဆိုဒ်မဟုတ်တဲ့ သစ်ထူးလွင် ၀က်ဆိုဒ်ဟာ လှုံ့ဆော်မှုကို စတင်ခဲ့တာပါ။ နိုင်ငံတွင်း နိုင်ငံပြင်ပမှ စိတ်ဝင်စားဖွယ်ရာ သတင်းများကို တရားဝင် မီဒီယာများထံမှ ခွင့်ပြုချက် မယူဘဲ အသုံးပြုနေခဲ့တဲ့ တရားမ၀င် တခုပါ။ သတင်းကို အခြေခံပြီး ၀င်ရောက်ကြည့်ရှုသူတွေ အရမ်းများလာတဲ့အခါ စီးပွားရေး ကြော်ငြာဝန်ဆောင်မှုတွေနဲ့ အလုပ်ဖြစ်လာတဲ့ ၀ဘ်ဆိုဒ်တစ်ခုပါ။ ကွန်ပျူတာ ပညာရှင် ဦးဇော်သူရိန်ထွန်းက ဒီမိုကရေစီ တူဒေးကို ပြောကြားရာမှာ “သစ်ထူးလွင်”ကဲ့သို့ မြန်မာ အိတ်ပရက်ဇ်ဆို လဲ ဒီအတိုင်းပါပဲ လို့ ဆိုပါတယ်။
    နိုင်ငံတော် အစိုးရအနေနဲ့ ဒီ “ဘလော့ဂ်’တွေကို ဖော်ထုတ်ပြီး ဆိုင်ဘာ ရာဇ၀တ်မှုများအတွက် အရေးယူရန် လိုအပ်နေပါပြီ။ ခိုင်လုံတဲ့ သတင်း ရပ်ကွက် အဆိုအရ ဒီဝဘ်ဆိုဒ်ဟာ အမေရိကန် ပြည်ထောင်စု မှာ ဖွင့်လှစ်ထားတာလို့ သိရပြီး သက်ဆိုင်ရာ အစိုးရထံ တင်ပြတောင်းဆိုသင့်ပါသည်။ ပြီးခဲ့တဲ့ စစ်အစိုးရ လက်ထက်ကလည်း အမေရိကန် အခြေစိုက် အဖွဲ့အစည်းတစ်ခုကို အစိုးရရဲ့ နိုင်ငံတကာ မျက်နှာစာ အတွက် နှစ်စဉ်ကြေး ဒေါ်လာ သန်းချီပေးပြီး ငှားရမ်းခဲ့ပါသေးတယ်။ မန္တလေး ပဋိပက္ခကြီးဟာ တနည်းအားဖြင့် NLD နဲ့ ၈၈ မျိုးဆက်တို့ရဲ့ ပုဒ်မ ၄၃၆ ဖျက်သိမ်းရေး လက်မှတ်ရေးထိုးပွဲနဲ့ ယှဉ်ပြိုင် ထောက်ချောက်ကြီးလို့ မီဒီယာတွေက မှတ်ချက်ပြုနေပါပြီ။ NLD ပါတီရဲ့ ကြေငြာချက်အတု ထွက်လာတာ ကြည့်ရင် အကွက်ကျကျ ဆောင်ရွက်နေတယ် ဆိုတာ ထင်ရှားနေပါပြီ။ နောက်ထပ် ကြောက်စရာ ထောင်ချောက်ကြီး တခုက “မျိုးစောင့်ဥပဒေ” ထောင်ချောက်ကြီးပါ။ အစိုးရနဲ့ လွှတ်တော်အကြား ဘောလီဘော ပုတ်လို့အပြီးမှာ အပြစ်မဲ့ပြည်သူတွေ အသုံးချခြင်း ခံလိုက်ရမဲ့ နောက်ထပ် ထောင်ချောက် တစ်ခုလို့ မြင်နေရပါပြီ။
    ထို့အတူ လေးနှစ်သက်တမ်းကို ချင်းနင်းဝင်ရောက်လာပြီး ဖြစ်တဲ့ သမ္မတကြီး ဦးသိန်းစိန် အစိုးရဟာ ကောင်းမွန်သော အစိုးရ (Good Government)  သန့်ရှင်းသော အစိုးရ (Clean government) ဆိုတဲ့ နားဝင်ချိုတဲ့ ပြောစကားတွေနဲ့ ပြည်သူတွေ အတွင်းမှာ ရေပန်းစားခဲ့ပါတယ်။
    ၂၀၁၂ ပဋိပက္ခများမှ ယနေ့ထက်တိုင် မန္တလေးအထိ နောက်ကွယ်မှ ဆူပူလှုံ့ဆော်နေသူများရဲ့ ပုံရိပ်ကို စကားလုံး အမျိုးမျိုးနဲ့ ဓာတ်ပြားဟောင်း မိန့်ခွန်းတွေ ချွေနေသော်ငြားလည်း လက်တွေ့မှာ နောက်ကွယ် လက်မည်းကြီး တွေကို ဖော်ထုတ်နိုင်ခြင်း မရှိတဲ့ အတွက် ယုံကြည်မှု လျော့နည်းလာခဲ့ပါပြီ။ တဆက်တည်းမှာပဲ မီဒီယာနဲ့ ပတ်သက်တဲ့ ကိုင်တွယ်ပုံတွေဟာ လုပ်နည်းလုပ်ထုံး လမ်းကြောင်းတွေကနေ သွေဖယ်ပြီး အာဏာရှင် တွေရဲ့ အငွေ့အသက်တွေနဲ့ ကိုင်တွယ် ပုံတွေကြောင့် စာနယ်ဇင်း အသိုင်းအ၀ိုင်းအပါအ၀င် အများပြည်သူတွေက စိုးရိမ်နေကြရပါပြီ။ ဒီအတွက်ကြောင့် အစိုးရ အဖွဲ့ရဲ့ ကောင်းမွန်တဲ့ ပုံရိပ်တွေကို အကာအကွယ်ပြုပြီး အာဏာ တည်မြဲရေး အတွက် ကြိုးစားနေကြသူတွေကို ရည်ရွယ်ပြီး သူတို့ပုံပေါ် ဖော်နေကြတဲ့လုပ်ရပ်တွေ လုပ်ဇာတ်တွေ အတွက် လိုက်လျောညီထွေ မဲ့ ဆောင်ပုဒ်တချို့ကို လက်ဆောင် ပေးလိုက်ချင်ပါတယ်။
    ဖတ်ရှုတော်မူပါ….မိဘပြည်သူအပေါင်းတို့ ခင်ဗျား။
    ပါးရိုက်ဋီကာ—-တွင်ကျယ်လာ
    ဓားစာခံ ယဉ်ကျေးမှု—အမြဲပြု
    ထောင်ချောက်နိုင်ငံရေး —-ရာထူး၊ အာဏာ၊ တည်မြဲရေး
    ကျော်နေမင်း (မြို့ပြ)
    * ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါသည်။
  • ရှက်ဖွယ်ရယ်ကြုံ၊ လုပ်ဇာတ်တွေ အစုံအလင်နဲ့ နင်လားဟဲ့ “ဟဂ်ျ” ဒုက္ခ
    ရှက်ဖွယ်ရယ်ကြုံ၊ လုပ်ဇာတ်တွေ အစုံအလင်နဲ့ နင်လားဟဲ့ “ဟဂ်ျ” ဒုက္ခ
    ဇူလိုင် ၁၆ ၊ ၂၀၁၄
    M-Media
    ရေးသူ- ကျော်နေမင်း (မြို့ပြ)
    hajj_photo
    ဟာဂ်ျခရီးစဉ် တစ်နှစ်တွင် လေယာဉ် အခက်အခဲကြောင့် လေဆိပ်မှာ သောင်တင်သွားတဲ့ မြန်မာ မွတ်စလင်များ
    ဒီတပတ်တော့ မပြောမပြီး မတီးမမြည်ဆိုသလို ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတဲ့ ကိစ္စကြီးတစ်ခု အကြောင်း ရေးချင်သဗျ။ သတင်းမီဒီယာ သမားတွေရဲ့ တာဝန်ဟာ နိုင်ငံသားတွေထံကို မှန်ကန်တဲ့ ဖြစ်ရပ်အခြေအနေတွေကို အရှိကိုအရှိအတိုင်း တင်ဆက်ရတဲ့ တာဝန်ရှိသဗျ။ ဒါကြောင့် မည်သူကိုမှသာစေ၊ နာစေလိုတဲ့ ဆန္ဒမရှိဘဲ လွတ်လပ်စွာ သတင်းစီးဆင်းခွင့် ဆိုတဲ့ အခွင့်အလမ်းကို သတင်းသုံးစွဲသူ ပြည်သူတွေထံ အရောက်ပေး ပို့နေကြတာလဲ ဖြစ်ပါတယ်။ ထို့အတူ ကျွန်တော်ဟာ သတင်း ကျင့်ဝတ်ကို လိုက်နာပြီး ဆန္ဒစွဲ၊ အတ္တစွဲများ ကင်းစွာနဲ့ ရေးသား လက်ခုပ်သံတွေ မလိုချင်ပါ။ ငိုရှိုက်ခဲ့ကြတဲ့ ပြည်သူတွေရဲ့ ကျခဲ့တဲ့ မျက်ရည်တွေနဲ့ ထပ်တူမျှသော စကားလုံးများအတွက်သာ ဂုဏ်ယူနေမှာ ဖြစ်ပါတယ်။
    အစ္စလာမ်ဘာသာဝင်တွေမှာ မဖြစ်မနေ လိုက်နာကျင့်သုံးရတဲ့ မဏ္ဍိုင်ကြီး (၅) ရပ်အနက် “ဟဂ်ျ” လို့ခေါ်တဲ့ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာရွှေမြို့တော်သို့ သွားရောက်ပြီး သာသနာ့ကျင့်စဉ် ကိစ္စရပ်များကို ပြုမူ ဆောင်ရွက်ခြင်းဟာ တစ်ခုအပါအ၀င် ဖြစ် ပါတယ်။ ငွေကြေးတတ် စွမ်းနိုင်သူတို့အဖို့ မဖြစ်မနေ လုပ်ရမဲ့ တာဝန်တစ်ရပ်သာ ဖြစ်ပါတယ်။ ဒီ “ဟဂ်ျ”ကိစ္စကို အကြောင်းပြုလို့ နှစ်စဉ် မြန်မာပြည်မှာ အစ္စလာမ် ဘာသာဝင်တို့ရဲ့ အကြားမှာ ဖြစ်ပွားလေ့ရှိတဲ့ ရှုပ်ထွေးပွေလီမှုတွေဟာ တိုင်းသိပြည်သိ နိုင်ငံကျော် ကမ္ဘာကျော် ရှက်ဖွယ်လိလိပင်တည်း။
    နှစ်ပေါင်းများစွာ ပိတ်ပင်ထားခဲ့ရာမှ (၁၉၈၀) ခုနှစ်မှာ ဦးနေ၀င်းရဲ့ မ.ဆ.လ အစိုးရဟာ ဟဂ်ျ သွားခွင့်ကို ပြန်လည်ခွင့်ပြုခဲ့ပြီး သာသနာရေး ၀န်ကြီးဌာနရဲ့ အစီအစဉ်နဲ့ လူပေါင်း (၁၅၀) ကို စတင်ခွင့်ပြု ခဲ့တာပါ။ ဒီလိုနဲ့ တစတစ နှစ်စဉ်သွားလာခဲ့ကြတာ စစ်အစိုးရလက်ထက်မှာ ခရီးသွားကုမ္ပဏီတွေအနေနဲ့ ပုဂ္ဂလိက ခရီးစဉ်များကို တာဝန်ယူုခဲ့ပြီး ဟဂ်ျ ပြုကြသူလူဦးရေလည်း တိုးပွားလာခဲ့ပါတယ်။ အစိုးရကတော့ နိုင်ငံတော်အစီအစဉ်နဲ့ ခွင့်ပြုတဲ့ မြန်မာ ဟာဂျီများကိုသာ တာဝန်ခံတဲ့ စနစ်မျိုးကိုကျင့်သုံးပြီး ပြီးခဲ့တဲ့ (၂၀၁၃) မှာ သာသနာဝန်ကြီး ဦးဆန်းဆင့်ရဲ့ လက်ထက်ရောက်မှ ပုဂ္ဂလိက အစီအစဉ်ကို လွှဲပြောင်းခဲ့ပါတယ်။ လွပ်လပ်စပြုပြီး ပွင့်လင်းမြင်သာတဲ့ အခြေအနေတွေအကြားမှာ စီးပွားရေး တွက်ခြေကိုက်တာကို အကြောင်းပြုပြီး ဟဂ်ျအကျိုးဆောင်လုပ်ငန်းတွေ မှိုလိုပေါက်ခဲ့ပါတယ်။ ၀န်ကြီးဌာနများ မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီသံရုံး၊ ဆော်ဒီအာရေဗျ နိုင်ငံရှိဟဂ်ျဝန်ကြီးဌာနများရှိ ပိုင်ရာဆိုင်ရာတွေကို ပူးပေါင်းထားနိုင်တဲ့ ကုမ္ပဏီသူဌေး “ဟဂ်ျခရိုနီ” လူတန်းစား တစ်စုလည်း ပေါ်ပေါက်လာပြန်တယ်။ နှစ်ပေါင်ျးားစွာ ဟဂ်ျ “ခရိုနီ”တွေ လက်ဝါးကြီးအုပ်ထားရာကနေ ယနေ့ ပွင့်လင်းမြင်သာတဲ့ စနစ်ကို ရောက်လာတဲ့ အခါမှာ မူလလူဟောင်းကြီးတွေနဲ့ တက်သစ်စ စီးပွားရေး သမားတွေအကြား “စားခွက်လု”တဲ့ တိုက်ပွဲအကြားမှာ မြန်မာ့ ဟာဂျီလောင်းတွေဟာ မြေစာပင်ဘ၀ ရောက်ကုန်တော့တာပါပဲ။
    လိမ်ခံရတာကတော့ နည်းမျိုးစုံလင်ပါတယ်။ တချို့ဟဂ်ျအေးဂျင့်လို့ခေါ်တဲ့ အကျိုးဆောင် ကုမ္ပဏီတွေမှာ ဘာလုပ်ပိုင်ခွင့်မှ မရှိဘူး၊ ဒါပေမဲ့ ခပ်တည်တည်နဲ့ ကြော်ငြာတယ်။ လူစုတယ်။ စရံငွေ ယူပါတယ်။ နောက်မှ လုပ်ပိုင်ခွင့်ရှိတဲ့သူနဲ့ ပေါင်းပြီးလုပ်စားကြတယ်။ တချို့လဲ လူပုဂ္ဂိုလ်ရဲ့ နာမည်ကျော်ကြားမှုကို အသုံးချပြီး လူ ရရှိရေးကြိုးပမ်းတယ်။ ပြီးမှ ကုမ္ပဏီလက်ထဲကို လွှဲပေးလိုက်တယ်။ သူတို့ရဲ့နောက်ခံ ကုမ္ပဏီကြီးတွေကလည်း ရရှိထားတဲ့ ခွဲတမ်းနဲ့ လုပ်ပိုင်ခွင့်ကို ကျော်လွန်ပြီး မနိုင်ဝန်ထမ်းကြတယ်၊ အနီးကပ်မှ ခွဲတမ်းလည်း လိုသလောက်မရ၊ စီစဉ်ထားသလိုလဲ ဖြစ်ဖြစ် မလာတော့ ကြားတဆင့် လူခံတွေ၊ ကုမ္ပဏီငယ်တွေကို ပြေးခိုင်းလိုက်တယ်။ သိပ်လွယ်ကူတယ်လေ၊ ကုမ္ပဏီကြီးတွေ အနေနဲ့ကတော့ ဟိုနုတ်ဒီနုတ်ပြီး ပြန်အမ်းပေးတယ်။ တချို့ကလည်း ပြန်မအမ်းဘဲ နောက်နှစ် ပို့ပေးမယ်ဆိုပြီး တာဝန်ခံတယ်။ တချို့ကြပြန်တော့ လုပ်ပိုင်ခွင့်နဲ့ VISA တွေ၇ထားတယ်၊ ဒါပေမဲ့ သူ့ဆီမှာ သွားမဲ့လူ (ဟာဂျီလောင်း)က အလုံအလောက်မရှိဘူး၊ ဒါကြောင့် VISA ပြန်ရောင်းစားတယ်။
    ယခင်နှစ်တနှစ်တုန်းက VISA တစ်စောင်ကို အမြင့်ဆုံးဈေး US (၁၅၀၀) အထိ ဖြစ်ခဲ့ဖူးတယ်။ ဒီနှစ်ကစပြီး ဈေးဖွင့်တာက US (၈၀၀) ပါတဲ့ခင်ဗျား။ ဒီနှစ်အတွက် ခွဲတမ်း (၁၀၀) ရထားရင် သူ့အတွက် U.S (၈၀၀၀၀)က ကျိန်းသေနေပြီ။ မြန်မာငွေနဲ့ဆိုရင် တဒေါ်လာကို (၉၅၀) ကျပ်နဲ့တွက်ရင် ကျပ်သိန်း (၇၆၀) သူရင်းထားတဲ့ ပမာဏက လွန်ရော၊ ကျွံရော သိန်း(၂၀၀) ကျော်ဆိုတော့ အမြတ်ငွေ သိန်း(၅၀၀) လောက် ကတော့ အသားတင် အမြတ်ရှိနေတယ်။ ခွဲတမ်း (၂၀၀) (၃၀၀) ရထားကြရင် သိန်းထောင်ချီ အမြတ်ရှိတယ်၊ ဒါကြောင့် အလုအယက်ပဲလေ။ ဒေါနဲ့မာန်နဲ့ သဲကြီးမဲကြီး လိုက်နေကြတာ၊ ဘယ်နိုင်ငံသား အစ္စလာမ်တွေရဲ့အကျိုး ဘာသာသနာ့ ကျင့်စဉ်အတွက် ကူညီနေခြင်း အလျဉ်းမဟုတ်ပါ။ စီးပွားရေး အကျိုးအမြတ် တစ်ခုတည်း အတွက် ရလိုမှု အတ္တတွေ အတွက်ဆိုတာကို သိမြင်ကြဖို့ အရေးကြီးနေပါပြီ။
    ဘာကြောင့်လိမ်ခံရပါသလဲ၊ ဆော်ဒီအစိုးရရဲ့ VISA ခွဲ ချထားပေးတဲ့ မူဝါဒကြောင့်ပါ၊ သွားလိုသူ ခရီးသွားများထံကို တိုက်ရိုက်ချထားပေးတဲ့ စနစ်မဟုတ်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ဒီလိုကန့်သတ်ထားရတာဟာ သူတို့နိုင်ငံမှာလည်း အခက်အခဲ ရှိနေလို့ပါ။ တကမ္ဘာလုံးက လူတွေ သန်းပေါင်း ဆယ်ဂဏန်းလောက် တချိန်တည်း တနေရာတည်းကို စုဝေးလာကြတာဖြစ်တော့ နေရေး၊ ထိုင်ရေး၊ စားသောက်ရေး၊ ကျန်းမာရေးနဲ့ အခြားကိစ္စ အထွေထွေအတွက် ထည့်သွင်း စဉ်းစားရပါတယ်။ နိုင်နင်းတဲ့ ပမာဏကို ကန့်သတ်ရတဲ့ အပြင် လက်ခံနိုင်တဲ့ ၀န်ဆောင်မှုကိုလည်း တာဝန် ယူရပါတယ်။ ဒါကြောင့်ရှိတဲ့ တည်းခိုခန်းနေရာနဲ့ တူညီမျှတဲ့ ခရီးသွား ဦးရေကို မျှတမှုရှိရန်အတွက် VISA ချပေးတဲ့ စနစ်ကြောင့် ငွေအင်အား တတ်နိုင်တဲ့ သူတွေကတစ်ဆင့်သာ VISA ရနိုင်တဲ့ အခြေအနေမျိုး ရောက်ရှိသွားပါတယ်။ ဒါကြောင့် စရင်းဝင်တဲ့ ခွဲတမ်းရ ကုမ္ပဏီတွေဟာ ပြည်တွင်းက သွားလိုသူတွေရဲ့ အခြေအနေကို လိုက်ပြီး ဈေးတင်ကစားတော့တာပါပဲ။ တကယ်သွားလို သူတွေအဖို့မှာ သူတို့လက်ခုပ်ထဲက ရေလိုဖြစ်နေတော့တာပါပဲ။ အကြောင်းအမျိုးမျိုးပြပြီး လည်မျိုညှစ်တော့တာပါ၊ အားလုံးငွေချေလို့လဲ ပြီးရော လိမ်ပြေးတဲ့ သူတွေနဲ့တိုးတဲ့ လူတွေခမျာ ရှာဝေဒနာတွေ စွဲကပ်ပြီး အိပ်ယာထဲလဲ၊ စိတ်ဓာတ်တွေကျပြီး သေဆုံးကွယ်လွန်သွားကြတဲ့ အဖြစ်တွေကို ကြားရရင် အလွန်ရင်နာမိပါတယ်။
    ဘာမှမည်မည်ရရ မရှိတဲ့ ကုမ္ပဏီတွေ တနည်း အမည်ခံတွေကို သွားအပ်မိတဲ့လူတွေဟာ ဒုက္ခရောက်ကုန်ကြတယ်။ ထိုင်းကနေ လှည့်ပြန်ရတာတို့၊ ရန်ကုန် မန္တလေး လေဆိပ်တွေကနေ လှည့်ပြန် လာရာတာတွေ ဖြစ်ကုန်တော့ ထိုင်းဟာဂျီ၊ လေဆိပ် ဟာဂျီဆိုပြီး ပြောစမှတ်ပြုကြရပြန်တယ်။ တချို့လဲ လေဆိပ်တောင် မရောက်ရရှာဘူး၊ ကုမ္ပဏီကတော့ မရရအောင် ကြံဖန်ပြီး ခေါ်သွားပါတယ်။ ဟိုလည်း ရောက်ရော ၀န်ဆောင်ခ အပိုကြေးတွေ ထပ်တောင်းပြန်တယ်။ အဆင့်နိမ့်၊ သာမန်အခန်းငယ်လေးတွေမှာ လူတွေကို ပြွတ်သိပ် ထိုးထည့်ထားလိုက်တယ်။ ဘာဝန်ဆောင်မှုမှ မပေးဘူး။ ကိုယ့်လမ်းကိုယ်လျှောက်ပဲ။ များသောအားဖြင့် ဟာဂျီတွေဟာ နီးစပ်ရာနဲ့ အဆင်ပြေအောင် စခန်းသွားကြရတယ်။
    မဟားဒယား ဈေးနှုံးတွေ ယူထားတဲ့ ကုမ္ပဏီတချို့ကတော့ ၀န်ဆောင်မှုတွေ ပေးပါတယ်။ ဒါတောင်လိုအပ်ချက်တွေ ရှိနေတယ်။ အများစုကတော့ သာသနာရေးရာ ကိစ္စဖြစ်နေတော့ သည်းခံကြပါတယ်။ အမေရိကန် နိုင်ငံမှာလို “ဟဂ်ျ”  ခရီးသွား ကုမ္ပဏီတွေရဲ့ ၀န်ဆောင်မှုကို စစ်တမ်းကောက်ယူတဲ့ စနစ်မျိုး လုပ်လိုက်ရင် အကုန်နီးပါး နာမည်ပျက် စာရင်း (Black List) ၀င်သွားမယ်။ သိပ်ဝန်ဆောင်မှုကောင်းတဲ့ သူတချို့သာ လွှတ်နိုင်တယ်။ ၀န်ဆောင်မှု ကောင်းလို့ အထင်မကြီးနဲ့၊ ယူထားတဲ့ ဈေးနှုံးကလည်း တနင့်တပိုး၊ ဒီနှစ်တောင် သိန်း(၆၀) နဲ့ ဈေးဖွင့်မယ်ဆိုလားပဲ၊ ဒီလိုလောကုတ္တရာရဲ့ မျှော်မှန်းချက်နဲ့ သွားကြတဲ့ သာသနာ့ ခရီးစဉ်မှာ အပန်းဖြေစရာနေရာများ၊ ကမ်းခြေများ၊ ဈေးဝယ် စူပါမတ်ကတ်ကြီးများသို့ ပို့ဆောင်ခြင်း စသည်ဖြင့် လောကီရဲ့ ကိစ္စရပ်တွေနဲ့ ဒွန်တွဲပြီး ၀န်ဆောင်ကြော်ငြာမှုများကို လုပ်ဆောင် နေကြခြင်းဟာလည်း မေးခွန်းထုတ်စရာ တစ်ခုဖြစ်လာပြန်တယ်။ ဘုရားလဲဖူး၊ လိပ်ဥလဲတူးပေါ့။
    တကယ်တော့ ဒီ “ဟဂ်ျ” ကျင့်စဉ်ဆိုတာဟာ ငွေကြေးတတ်နိုင်သူတို့အဖို့သာ ပေးအပ်ထားတဲ့ တာဝန်တစ်ခု ဖြစ်ပါတယ်။ အများသူငှာမှ ချေးငှားခြင်း၊ အတိုးဖြင့် ချေးယူခြင်း၊ အခြားသူ အပ်နှံဥစ္စာပစ္စည်း ဖြင့် အသုံးပြုခြင်း၊ အကြွေးဆပ်ရန်ရှိခြင်း၊ အမွေခွဲဝေပေးရန် ရှိခြင်းစသည့် မသုံးစွဲအပ်တဲ့ ငွေကြေးတွေနဲ့ သွားရောက်ခြင်း မပြုရပါ။ အမျိုးသမီးများ လုံခြုံစိတ်ချမှုရှိရန် သက်ဆိုင်ရာ အတွဲစည်းကမ်း(မဲဟ်ရမ်) များ သတ်မှတ်ထားလေရာ မလိုက်နာသူများကိုလည်း တွေ့မြင်နေရပါတယ်။ လူတစ်ဦးရဲ့ သက်တမ်း တလျှောက်မှာ တကြိမ်သာ မပြုမနေရ (ဖရပ်စ်)အဖြစ် သတ်မှတ်ထားလေရာ၊ တချို့ကလဲ ထပ်ခါတလဲ သွားလာနေကြပြန်ရာ တခြားမသွားသေးသူတွေရဲ့ အခွင့်အရေးကို အတင်းလုနေသလို ဖြစ်နေပြန်တယ်။ မြန်မာပြည်အတွက် ခွဲတမ်းက ထောင်ဂဏာန်းသာရတဲ့အတွက်ကြောင့် နှစ်တိုင်းဆိုသလို သွားလိုသူတွေက ပိုများနေပါတယ်။ တကယ်တော့ တကြိမ်ထက်မက သွားနေသူတွေဟာ ကိုယ့်ရဲ့စိတ်သဘော ဆန္ဒ(နဖိလ်အဆင့်) သာဖြစ်တဲ့ အတွက်ကြောင့် တိုင်းပြည်မှာ ဒုက္ခရောက်နေကြရှာတဲ့ သိန်းချီရှိတဲ့ ဒုက္ခသည်တွေကို မေ့မထားသင့်ပါဘူး။
    အခုခေတ် ဆော်ဒီအစိုးရက (၅)နှစ်တကြိမ်သာ ခွင့်ပြုမည်လို့ ကြေငြာ စီစစ်နေတာတောင် အတုမျိုးစုံ၊ လိမ်နည်းမျိုးစုံနဲ့ သွားနေကြတဲ့ လူတွေကို အံ့သြမိပါတယ်။ တချို့ကလည်း ဘယ်လိုအပြစ်တွေ( မတရားမှုများ) ရှိပါစေ၊ မက္ကာရွှေမြို့တော်မှာရှိတဲ့ ၀တ်ကျောင်းတော်ရဲ့ ခြုံထည်ကိုကိုင်ပြီး တောင်းဆုပြုရင် လွတ်မြောက်ရာလမ်းဖြစ်တယ်ဆိုပြီး ထပ်ခါ ထပ်ခါသွားကြပြန်သတဲ့။ အစ္စလာမ်သာသနာကို မိရိုးဖလာအဆင့်နဲ့ ထုံးတမ်း အစဉ်အလာ တစ်ခုလိုသာ နားလည်သဘောပေါက်သူတွေရဲ့ အတွေးအမြင်တွေ ဖြစ်ပုံရပါတယ်။
    ကမ္ဘာ့အစ္စလာမ် ဘာသာတွေအားလုံးနဲ့ သက်ဆိုင်တဲ့ ဒီ “ဟဂ်ျ” ကျင့်စဉ်နဲ့ ပတ်သက်လာရင် မြန်မာနိုင်ငံဟာ ခမ်းနားတဲ့ သမိုင်းကြောင်း ရှိပါတယ်။ မက္ကာရွှေမြို့တော်မှာ မြန်မာနိုင်ငံရဲ့ ကုန်းဘောင် မင်းဆက်ရဲ့ ဘုရင်တပါးဖြစ်တဲ့ “မင်းတုန်းမင်း”ဟာ ခရစ်နှစ် (၁၈၆၀) ပြည့်နှစ်မှာ “ဒေါင်းဇရပ်”ကြီး တစ်ဆောင်ကို ဆောက်လုပ် လှူဒါန်းခဲ့ပါတယ်။ ဗုဒ္ဓဘာသာ သာသနာပြု မင်းတပါးဖြစ်တဲ့ “မင်းတုန်းမင်း”  တရားကြီးရဲ့ နိုင်ငံသား အစ္စလာမ်တို့ အပေါ်မှာ ထားရှိခဲ့တဲ့ စာနာမှုတရားမျှတမှုနှင့် အကြင်နာ တရားတို့သည်ကား မြန်မာတွင်မက ကမ္ဘာမှာပါ စံပြုလောက်ပေတယ်။ ယနေ့ထိုကဲ့သို့ ခေါင်းဆောင်မျိုးကို ရှာဖွေလိုလျှင် ကမ္ဗည်းထိုးထားသော အုတ်ဂူများတွင်လည်းကောင်း၊ စာအုပ်စာပေများတွင် လည်းကောင်း၊ ရှာဖွေနိုင်ကြပေလိမ့်မည်။ ထို “ဒေါင်းဇရပ်” ကြီးကိုပြန်ရဖို့အတွက် ကြိုးပမ်းတာတွေလဲ ရှိခဲ့ပါတယ်။ (၁၉၅၀) ခုနှစ်ကတည်းက စလို့ မြန်မာနိုင်ငံတော် အစိုးရနိုင်ငံခြားရေး ၀န်ကြီးဌာနမှသည် အစိုးရ အဆက်ဆက် ပြည်ထဲရေးနှင့် သာသနာရေး ၀န်ကြီးဌာန၊ သာသနာရေး ၀န်ကြီးဌာနများမှ တာဝန်ရှိသူပုဂ္ဂိုလ်များ ဦးဆောင်လျက် အစ္စလာမ်ဘာသာရေး အဖွဲကြီးများမှ တာဝန်ရှိ ပုဂ္ဂိုလ်များဟာ ကြိုးပမ်းဆောင်ရွက်ခဲ့သော် လည်း ထူးခြားမှုတစုံတရာ မရှိပါ။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ဒီကိစ္စကို ပြည်ထောင်စု လွှတ်တော်မှာ တင်ပြ ဆုံးဖြတ်ချက်ချ၊ နိုင်ငံတော် အစိုးရတရပ်အနေနဲ့ ဆော်ဒီအာရေဗျ ဘုရင် အစိုးရထံကို တင်ပြတောင်းဆိုနိုင်မယ် ဆိုရင် ပြန်လည်ရရှိရေးလမ်းကြောင်း ပွင့်သွားနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ တာဝန်ရှိ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးများမှ ခေါင်းဆောင်များကိုလည်း ဒီနည်းလမ်းကို ကျင့်သုံးကြဖို့အတွက် တိုက်တွန်းချင်ပါတယ်။
    ဒီဒေါင်းဇရပ် အဆောက်အအုံနေရာကို ဖြိုပျက်ပြီး ဟိုတယ်တစ်ခု အသစ်တည်ဆောက်ထားပါပြီ။ မည်သို့ပင်ဖြစ်စေကာမူ၊ ဒီနေရာ ပြန်လည်ရရှိရေး အတွက် အချက်(၂)ချက်ဟာ အရေးကြီးပါတယ်။ ပထမ အချက်အနေနဲ့ တိုင်းပြည်နိုင်ငံအပေါ်မှာ ခိုင်မြဲတဲ့ သစ္စာတွေထားခဲ့ကြတဲ့ မြန်မာမွတ်စလင်မ်တို့ရဲ့ သမိုင်းပါ၊ မတူကွဲပြားခြားနားတဲ့ နေရာဒေသတွေ၊ အခြေအနေတွေမှာ ရှိသော်ငြားလည်း အစ္စလာမ် တရားတော်နဲ့အညီ လိုက်နာ ကျင့်သုံးအပ်တဲ့ တာဝန်ဝတ္တရား၊ နေထိုင်ရာ နိုင်ငံအပေါ်မှာ ကျေးဇူးသစ္စာရှိကြတဲ့ လူပီသတဲ့ ကျင့်ဝတ်တွေကို ချီးမြှောက်ထားတဲ့ အနေနဲ့ မင်းတုန်းမင်း တရားကြီးရဲ့ ဒေါင်းဇရပ် အလှူတော်ဟာ ကမ္ဘာ့မွတ်စလင်တွေ အလယ်မှာဂုဏ်ယူစရာပါ။
    ဒုတိယအချက်အနေနဲ့ ထိုလက်ရှိနေရာမှာ “ဟဂ်ျ” အချိန်ကာလအတိုင်းအတာ တစ်ခုမှာ မြန်မာနိုင်ငံမှ ဟာဂျီများအားလုံးအတွက် အခမဲ့ နေရာထိုင်ခင်း ရမယ်ဆိုရင် တည်းခိုစရာကိစ္စ အလွန်လွယ်ကူ သွားပြီး VISA တိုက်ရိုက် လက်ဝယ်ရရှိရေး အတွက် လမ်းပွင့်သွားနိုင်ပါတယ်။ ကုမ္ပဏီတွေ၊ အကျိုးဆောင်တွေ လက်ဝါးကြီးအုပ်တဲ့ စနစ် ကွယ်ပျောက်သွားနိုင်ပါတယ်။ ဒါဟာ ကျွန်တော်တို့အတွက် ကြိုးပမ်းရမဲ့ အမျိုးသားရေး တာဝန်တစ်ရပ်လို့ ဆိုချင်ပါတယ်။ တခုတော့ရှိတယ် “ဟဂ်ျ” ခရီးသွား ပြည်သူတွေရဲ့ ပတ်စ်ပို့စာအုပ်တွေကို ပုဇွန်ထောင်ချောင်းနားက အမှိုက်ပုံမှာ ပြစ်သွားတဲ့ လူမျိုး၊ သူ့ကုမ္ပဏီက လူတွေကိုထားခဲ့ပြီး လေယာဉ်ပေါ်ကို ကိုယ်လွတ်ရုန်းပြီး တက်ပြေးတဲ့ သူမျိုးတွေကို ဒီတာဝန်မျိုး မပေးမိစေပါနဲ့ဗျိုး။
    နောက်ဆုံးအနေနဲ့ တင်ပြချင်တာက…ကျွန်တော်တို့ နိုင်ငံဟာ နှစ်ပေါင်း (၅၀)ကျော် အာဏာရှင် စနစ်များမှ ဒီမိုကရေစီ စနစ်တရပ်ဆီသို့ လျှောက်လှမ်းနိုင်ခဲ့သော်လည်း နိုင်ငံသား၊ အစ္စလာမ်တို့ အတွင်းမှ လက်ဝါးကြီးအုပ်၊ ဂုတ်သွေးစုတ်နေတဲ့ လုပ်ရပ်လုပ်ဇာတ်များကို ပြောင်းလဲခြင်း မပြုနိုင်သေးတာဟာ ရှက်ဖွယ်ကိစ္စရပ်တစ်ခုပါ၊ နှစ်စဉ်နှစ်တိုင်း “ဟဂ်ျ”ခရီးသွား အချိန်မြင်တွေ့နေကြရတာဟာ အော်ကြ၊ ဟစ်ကြ၊ ပူကြ၊ ညံကြနဲ့ နောက်ဆုံးမှာတော့ ငိုကြွေးခြင်းဒုက္ခတွေကို မြင်တွေ့နေကြရတာဟာ အလွန် ၀မ်းနည်းစရာကောင်းတဲ့ ကိစ္စရပ်တစ်ခုပါ။
    လိမ်လည်လှည့်ဖြားခဲ့သူတွေကို အခွင့်အရေး မပေးသင့်တော့ပါ။ သာသနာ့ခရီးစဉ်အတွက်သာ သီးသန့်ဖြစ်သင့်ပြီး ဈေးနှုန်းများကို အိမ်နီးချင်းနိုင်ငံများနဲ့ တန်းတူဖြစ်သင့် ပါတယ်။ အိန္ဒိယ၊ ဘင်္ဂလားဒေရှ့်၊ ထိုင်းနိုင်ငံတို့မှာ ဒီကဈေးနှုန်းတွေရဲ့ တ၀က်လောက်နဲ့ သွားလို့ရပါတယ်။ တိုက်ရိုက် VISA စနစ် ပေါ်ပေါက်လာရေး အတွက် တွန်းအားပေးသင့်ပါတယ်၊ ငွေကြေးချမ်းသာပြီး ဟဂ်ျသွားပြီး သူတို့အဖို့ တိုင်းပြည်ရှိ ဒုက္ခသည်များကို စာနာထောက်ထားမှု ပြုပေးကြပါ။ နိုင်ငံတ၀ှမ်း အနယ်နယ် အရပ်ရပ်ကနေ “ဟဂ်ျ” သွားလိုကြသူများကို အဆင်ပြေစွာ သွားလာနိုင်ရေး အတွက် ၀ိုင်းဝန်း ကူညီပေးကြဖို့လည်း မေတ္တာရပ်ခံလိုပါတယ်။ “ဟဂ်ျ”သွားလိုသူ ပြည်သူတွေအနေနဲ့လည်း အမွန်သတင်း တွေကို သိရှိနိုင်ဖို့ အတွက် ယခုကဲ့သို့ အကြောင်းအချင်းအရာတွေကို ဖော်ပြတင်ဆက်နေတဲ့ “မီဒီယာ”တွေ ကို ဖတ်ရင်လေ့လာကြပါ။ အလိမ်မခံရပါစေနဲ့၊ အခါအားလျှော်စွာ အစ္စလာမ် သာသနာရေး အဖွဲ့ကြီးများမှ ထုတ်ပြန်ကြေငြာချက်၊ ဟဂ်ျခရီးစဉ် ကူညီရေးအဖွဲ့မှ ကြေငြာချက်များကို နားစွင့်ထားပါ၊ သတိထားပြီး စောင့်ကြည့်ပါ။
    ဒီလိုမှ မဟုတ်ရင်တော့ ခင်ဗျားတို့ အိတ်ကပ်ထဲက ချွေးနဲစာငွေကြေးတွေကို မြေခွေးတွေလို ကောက်ကျစ်တဲ့ မြွေဆိုးတွေလို အဆိပ်ပြင်းတဲ့ ကျားရဲတွေလို အစားကြူးတဲ့ လူကြီးလူကောင်းတချို့၊ အလစ်ချောင်းနေတာ သတိထားဗျို့။ တနှစ်လာလဲ ဒီပြဿနာ၊ တနှစ်လာလဲ ဒီဇာတ်နာကြီးကို ကျွန်တော်တို့တတွေ ၀ိုင်းဝန်းပြီး ပြုပြင်ပြောင်းလဲရေး မလုပ်ကြတော့ဘူးဆိုရင်တော့ “ရှက်ဖွယ်ရယ်ကြုံ၊ လုပ်ဇာတ်တွေ အစုံအလင်နဲ့ နင်ဟားဟဲ့ ဟဂ်ျဒုက္ခ” ဆိုတဲ့ အမွေဆိုးကြီးကို နောက်မျိုးဆက်သစ်တို့ လက်ဆင့်ကမ်း ဆက်ခံရုံမှတစ်ပါး အခြားမရှိနိုင်ပြီ၊ ၀မ်းနည်းစရာ ကောင်းလှပါပေတကား။
    ကျော်နေမင်း(မြို့ပြ)
  • ပေါက္ခရ၀သမိုး မရွာပါနဲ့ ကိုမိုးဟိန်း ( သူရိယနေ၀န်းဂျာနယ် CEO သို့ အိတ်ဖွင့်ပေးစာ )
    ဇွန် ၇ ၊ ၂၀၁၄
    M-Media
    ဆောင်းပါးရှင်- ကျော်နေမင်း (မြို့ပြ)
    Moe Hein
    ကိုမိုးဟိန်း….ရေ
    သူရိယအလင်းကနေ သူရိယနေ၀န်း ဖြစ်လာတာက ဆွဲဆောင်မှု ရှိစေခဲ့တာပါ။ ပြဿနာက “မိုးစက်ဝိုင်” ကစတယ် ဆိုပေမဲ့လည်း ဖိုးလပြည့်ကိုပါ ဆွဲထည့်လိုက်တော့ မီဒီယာမျက်နှာစာမှာ အ၀ါရောင် ဆိုတာကြီး ကင်ပွန်းတပ်ခံလိုက်ရပြီး Yellow Journal, Yellow Journalism ဆိုတာတွေ ခေတ်စား လာပြန်တယ်။ နောက်ပိုင်း ခရိုနီတွေကို နာမည်တွေတပ်၊ ရှားရှားပါးပါး ဓာတ်ပုံတွေ ဖော်ပြခဲ့၊ တိုက်ခိုက် တိုက်ပွဲဝင် ရေးသားနည်းတွေနဲ့ လူထုပရိသတ်ကြီးကို ဖမ်းစားနိုင်ခဲ့တာဟာ အထင်အရှားပါ။ အခုကျပြန်တော့ တရုတ်ကို နာနာနှက်၊ ဘင်္ဂါလီကို သာသာဆော်၊ မသတီစရာ အထိအမိတွေနဲ့ လူမျိုးရေး ခွဲခြားမှု ဇာတ်နာကြီးကို ကပြအသုံးတော်ခံနေပြန်တော့ ကြည့်ရရင် လက်ရှိအခြေအနေအပေါ် လိုက်ပြီး ဈေးကွက်အကြိုက် ရေးသားနည်းတွေကို ပိုင်ပိုင်နိုင်နိုင် စွဲကိုင်နေပြန်တော့ မပြောမပြီး မတီးမမြည် ဆိုသလို ရေးစရာအကြောင်းရယ် ဖြစ်လာပြန်သပေါ့ဗျာ။
    အစ်ကို့ရာထူးက အမှုဆောင် အရာရှိချုပ် (CEO) လည်းဖြစ်ပြန်၊ ပင်တိုင်ဆောင်းပါးရှင်လည်း ဖြစ်ပြန်ဆိုတော့ ဂျာနယ်အပေါ် သြဇာရောက်မှုကတော့ အထွေအထူး ပြောစရာမလိုပါဘူး။ ဂျာနယ်ရဲ့ အခြေခံမူ (၅)ချက်တို့၊ (၁၀) နှစ် အိုးအိမ်စီမံကိန်းတို့ဆိုတဲ့ ရည်မှန်းချက်တွေက ကောင်းမွန်ပါတယ်။ ဂျာနယ်ရဲ့ပင်တိုင်ဆောင်းပါးရှင်တွေဟာ အာဏာရှင်ကိုဆန့်ကျင်ခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ညီအစ်ကို ကျောင်းသားကြီးတွေဖြစ်တော့ ရဲရဲတောက် အတွေးအရေးတွေဟာ အံ့မခန်းဖွယ်ရာပါ။ ရေးရင်းရေးရင်းနဲ့ ဆန္ဒတွေစော၊ အစွဲတွေတွယ်ငြိ၊ ဘောင်တွေကျော်ဖြတ်၊ ဈေးကွက် အလိုက် နေ့တွက်အကိုက် ဆိုတာမျိုးတွေ ဖြစ်လာပြန်တော့ ပြန်လည်သုံးသပ်စေချင်ပါတယ်။ အမှုဆောင်အရာရှိချုပ်ဆိုတဲ့ ရာထူးဟာ မီဒီယာလောကမှာဆိုရင် မိမိအဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာ၊ ကျင့်ဝတ်တို့ကို ထိန်းကျောင်းဖို့ တာဝန်အရှိဆုံးပုဂ္ဂိုလ်ပါ။ မိမိဦးဆောင်နေတဲ့အဖွဲ့အစည်းမှာ အများပြည်သူအကျိုးအတွက် ကျင့်ဝတ်ညီညွတ်မှု၊ လုပ်ထုံးလုပ်နည်း မှန်ကန်မှု၊ ငြိမ်းချမ်းရေး ဦးတည်မှု၊ လူသားချင်း စာနာထောက်ထားမှု သာယာငြိမ်းချမ်းသော လူမှုပတ်ဝန်းကျင် ဖြစ်ထွန်းမှုတို့ကို ရှေ့ရှုပြီး မိမိနဲ့ မိမိမီဒီယာအဖွဲ့အစည်း ဂုဏ်သိက္ခာကို မြှင့်တင်ရပါတယ်။
    ပင်တိုင်ဆောင်းပါးရှင်တွေဖြစ်တဲ့ ထောင်သူရဲဘအုပ်၊ စစ်သူရဲဗလမင်းထင်၊ တောင်သမန်အင်း ငကင်းတို့ရဲ့ အရေးအသားတွေက ပြောင်မြောက်လှပါတယ်။ သည်းခြေကြိုက်သတင်းတွေဖြစ်အောင် ရေးနိုင်တယ်ဆိုပေမယ့် ဆန္ဒဇော၊ အစွဲအလန်းတွေကြောင့် နယ်ပယ်ကျော်လွန်အရေးအသားတွေကို တွေ့နေရပါတယ်။ စာတွေများများဖတ်ဖို့၊ သမိုင်းတွေကို အမှန်အတိုင်းသိအောင် ကြိုးစားထားသင့်ပါတယ်။ သတင်းရေးသားတဲ့နေရာမှာ လိုက်နာအပ်တဲ့ ကျင့်ဝတ်တွေအနက် ‘‘ စကားလုံးများသုံးစွဲရာတွင် ဓမ္မဓိဋ္ဌာန် ကျကျရေးသားရန်၊ လှုံ့ဆော်ရာရောက်သည့်အရေးအသားကို ရှောင်ရှားရန်၊ သတင်း၏ တိကျမှန်ကန်မှုကိုသာ အလေးထားပြီး အထင်အမြင်ဖြင့်စွပ်စွဲမှုကို ရှောင်ရှားရန် ” ဖြစ်ပါတယ်။ အထူးသဖြင့် လူမျိုးရေး၊ ဘာသာရေး အငြင်းပွားစရာပြဿနာရပ်များ (Communal Dispute) နှင့် ပတ်သက်၍ ရေးသားရာတွင် “ အထူးသဖြင့် အဆိုးမြင်စေအပ်သော မကောင်းသတင်းများကို ရေးသားခြင်း မပြုအပ်ရ” ဆိုပြီး လာရှိပါတယ်။ အလွန်သြဇာကြီးမားတဲ့ အပြည်ပြည်ဆိုင်ရာ စာနယ်ဇင်းအတတ်ပညာရှင်အသင်းကြီး (SPJ) ရဲ့ စံပြုအပ်သောလမ်းညွှန်ချက်ပါ။ ဆောင်းပါးရှင်တို့ ကိုယ်တိုင်ကပဲ လူမျိုးခြား၊ ဘာသာခြားမုန်းတီးမှု စရိုက်လက္ခဏာ (Xenophobic Attitude) ရှိနေရင်တော့ ကျင့်ဝတ်ဆိုတာလည်း အလကားဖြစ်သွားမှာပါ။
    ရွေးတွယ်ခံ ခရိုနီများ
    ထောင်သူရဲဘအုပ်ကတော့ ခရိုနီတွေကို တွယ်တဲ့နေရာမှာ ပယ်ပယ်နယ်နယ် လက်သံပြောင်နေတော့ သတင်းရတဲ့ အရင်းအမြစ် (Source)ဟာ အံ့သြစရာပဲဗျို့။ ၂၀၁၃ သီတင်းကျွတ်တုန်းက သမ္မတကြီးအိမ်ကိုသွားတဲ့ ကန်တော့ပွဲခရီးစဉ်မှာ လူဘယ်နှစ်ယောက်တစ်တွဲ သွားရတာ၊ ဂိတ်ဘယ်နှစ်ဂိတ်ဖြတ်ရတာ၊ သမ္မတကြီးက ဘယ်သူ့ကို ဘယ်လိုပြောလိုက်တာတွေကအစ သိနေတော့ CIA အဖွဲ့က အမေရိကန်စပိုင်တွေတောင် အဖေခေါ်ရလောက်တယ်။ ကိုယ်တိုင်ကိုယ်ကျ ခရိုနီ ဟန်ဆောင်ပြီး လိုက်သွားသလားတောင်ထင်ရတယ်။ အကြားအမြင်ရ စာရေးဆရာများဖြစ်နေမလား မသိပါ။ နောက်တစ်ချက်ကတော့ ခရိုနီထဲမှာတောင် လူရွေးပြီး ရွှေသံလွင် ဦးကျော်ဝင်း၊ CB ဘဏ် ဦးခင်မောင်အေး၊ Asia World ဦးထွန်းမြင့်နိုင်၊ ရွှေတောင် ဦးအိုက်ထွန်း၊ ဇေကမ္ဘာ ဦးခင်ရွှေ – ဒီလူတွေချည်းပဲဗျို့။ ရွေးတွယ်ခံ ခရိုနီတွေ ဖြစ်နေရပြန်တယ်။
    ခင်ဗျားတို့သိတဲ့ ခရိုနီတွေ ဒီလူတွေချည့်ပဲ ရှိသလားဗျာ။ အမေရိကန်နဲ့ EU ပိတ်ဆို့စာရင်းတွေကို ကြည့်လိုက်ပါ။ ခင်ဗျားတို့ မမြင်ချင်ယောင်ဆောင်နေယင်တော့ မတတ်နိုင်ဘူးလေ။ ပြောရယင် ဒီလူတွေကတောင် ကြိုးစားအားထုတ်မှု၊ ဥာဏ်နီဥာဏ်နက်အသုံးချမှုကြောင့် ခရိုနီဘွဲ့ရလာတာလို့ ပြောလို့ရပါသေးတယ်။ မကြိုးစားရဘဲ ရေသာခိုအချောင်လိုက်ပြီး ရလာခဲ့တဲ့ အခွင့်ထူးခံလူတန်းစား ခရိုနီတွေအကြောင်းလည်း ရေးသင့်ပါတယ်။ လက်ရှိ ထိပ်တန်းခေါင်းဆောင်တစ်ချို့ရဲ့ သားသမီးတွေ၊ ပြီးခဲ့တဲ့ စစ်အစိုးရဗိုလ်ချုပ်ကြီးတွေရဲ့ အဆက်အနွယ်တွေထဲမှာ သူတို့ထက်တောင် ချမ်းသာတဲ့ခရိုနီတွေ အများကြီး ရှိနေပါတယ်။
    အခု ခင်ဗျားတို့ရေးနေတဲ့ ခရိုနီတွေကမှ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးတွေ လုပ်ပြနေကြပါသေးတယ်။ ဟိုလူတွေကတော့ sorry ပဲဗျို့။ အားလုံးကို Don’t Care (ကရုမစိုက်ပါ) တဲ့ဗျို့။ လွှတ်တော်မှာ ပိုင်ဆိုင်မှုကို တင်ပြဖော်ထုတ်တဲ့အဆို ရှုံးနိမ့်ခဲ့တာကိုကြည့်ရင် သဘောပေါက်သင့်ပါတယ်။ အာဏာအတွင်းစည်းထဲက ခရိုနီတွေ ပိုများပါတယ်။ ဒါကြောင့် သတင်းတွေကို အကြောင်းအရာနဲ့ ထင်ဟပ်ပြီး ရေးသားတဲ့နေရာမှာ သူ – ငါ ခွဲခြားခြင်း မပြုရဘဲ၊ ဖြစ်နိုင်ချေ မဟုတ်ဘဲ တိကျမျှတစွာ ရေးသင့်ပါတယ်။ ကိုယ်မကြောက်ရတဲ့သူ၊ ကိုယ်ပြောလို့ရတဲ့သူတွေချည်းကိုသာ တစ်ဖက်သတ်ဖိထောင်း ရေးနေရင်တော့ ဒါဟာ ကွက်ကျားမိုး (သို့) ပေါက္ခရ၀သ မိုး ရွာနေခြင်းသာဖြစ်တယ်လို့ ဆိုချင်ပါတယ်။
    ရွှေမြန်မာတို့ရဲ့ ထွက်ပေါက်
    တောင်သမန်အင်း ငကင်းရဲ့ ဆောင်းပါးတစ်ခုမှာ မြန်မာပြည်နှင့် ပတ်ဝန်းကျင်နိုင်ငံများမှ ခိုးဝင်နေကြသူများ ဆိုတဲ့ခေါင်းစဉ်အောက်ကနေ ယခုလို ရေးသားခဲ့တာကို တွေ့ရပါတယ်။ ‘‘ ကျုပ်တို့ မြန်မာပြည်ကကောဗျာ၊ ကျုပ်တို့မြန်မာပြည်ထဲကို အနောက်မြောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘင်္ဂါလီတွေ တစ်စက္ကန့်မှာ ဘယ်နှစ်ယောက်လောက်ခိုးဝင်နေပါသလဲ။ အိန္ဒိယပြည်ထဲက ဘယ်နှစ်ယောက်လောက် ခိုးဝင်နေပါသလဲ။ တရုတ်ပြည်ထဲက ဘယ်နှစ်ယောက်လောက် ခိုးဝင်နေပါသလဲ။ ကျုပ်အထင်တော့ တစ်နေ့နေ့ကို နည်းလမ်းပေါင်းစုံနဲ့ လူတစ်ထောင်လောက် ခိုးဝင်နေတယ်လို့ ယူဆတယ်
    ။ ဒါတွေကို ကျုပ်တို့ တိတိကျကျ သုတေသနလုပ်ဖို့ လိုပြီ ” ဆိုပြီး ထင်မြင်ယူဆချက်တွေကို သတင်းဖြစ်လေဟန် ရေးသားထားတာကို တွေ့ရပါတယ်။ မသေချာမရေရာတဲ့ ကိန်းဂဏန်းတွေကို ဖော်ပြခြင်းဟာ ယုတ္တိမရှိတဲ့ ယူဆချက်ပါ။ တစ်နေ့ကို လူပေါင်း ၁၀၀၀ ခိုးဝင်နေတယ်ဆိုရင် တစ်နှစ်ကို လူပေါင်း ၃ သိန်း ၆ သောင်း ၀င်တယ်။ နှစ်ပေါင်း ဘယ်လောက်လဲ။ ကိုလိုနီခေတ်ကတည်းကလား၊ လွတ်လပ်ရေးနောက်ပိုင်းလား၊ မဆလ စစ်အစိုးရလက်ထက်လား။ နှစ်ပေါင်း ၅၀ နဲ့တွက်ရင် ၁၈ သန်း၊ နောက်နှစ်ပေါင်း ၁၀၀ နဲ့တွက်ရင် ၃၆ သန်းဆိုတော့ မြန်မာနိုင်ငံရဲ့ လူဦးရေထက်ဝက်ကျော်ကျော် ရှိနေပြီ။ ကဲ့ ဒါဆိုရင် မှန်ပါ့မလား။ ကျွန်တော်တို့ ရွှေမြန်မာတွေကလည်း အိမ်နီးချင်းနိုင်ငံတွေမှာ အလုံးအရင်းနဲ့ရှိပါတယ်။
    အိန္ဒိယနိုင်ငံ၊ မဒရပ်စ်ပြည်နယ်မှာ ဘားမားမတ်ကက် ဆိုပြီး မြန်မာဈေး ရှိပါတယ်။ တရုတ်နိုင်ငံ ရွှေလီနဲ့ ကြယ်ခေါင်ရဲ့ လမ်းဘေးမှာ ဆေးရောင်းတဲ့ဆိုင်တွေ ဒုနဲ့ဒေးဘဲ။ အားလုံးနီးပါး မြန်မာတွေဗျို့။ ထိုင်းနဲ့ မလေးရှားကတော့ဗျာ မွန်ပြည်နယ်ကလူတွေအတွက်ဆို ဒုတိယအိမ်တဲ့လေ။ တချို့ မွန်ရွာတွေကို သွားကြည့်လိုက်ပါ။ အိမ်တွေမှာ လူတွေမရှိတော့ဘူး။ ဒုတိယအိမ် မှာ အလုံးအရင်းနဲ့ နေထိုင်နေကြတယ်။ ရွှေ့ပြောင်းအခြေစိုက်နေထိုင်မှုတွေ ဖြစ်ကုန်ကြပြီ။ ဒီတော့ မွန်ပြည်နယ်ရဲ့လုပ်သားလိုအပ်ချက်ကို ပဲခူးတိုင်းဖက်ကလူတွေ အလုံးအရင်းနဲ့ ဖြည့်ဆည်းနေလိုက်ကြတာ မွန်ပြည်နယ်မှာ ကျူးကျော်နေထိုင်သူတွေက အများအားဖြင့် ပဲခူးဖက်ကလူတွေ များပါတယ်။ ဒါကြောင့် ရေကြည်ရာမြက်နုရာဆိုသလို ရှင်သန်ရပ်တည်ရေးအတွက်သာ အပြန်အလှန် သွားလာနေကြရတာပါ။ ဘယ်သူမဆို ကိုယ့်နိုင်ငံ၊ ကိုယ့်မွေးရပ်ဇာတိမြေကို ချစ်မြတ်နိုးကြစမြဲပါ။
    ဒါကြောင့် တောင်သမန်အင်း ငကင်းရေ ……… သုတေသနလုပ်ချင်ရင် အကြောင်းအရာနှစ်ခုလုံးကို လုပ်ရပါမယ်။ သူတို့တစ်တွေဆီက ခိုးဝင်တဲ့သူတွေရဲ့အရေအတွက်၊ ကိုယ်တို့ဆီက ခိုးထွက်သွားတဲ့ အရေအတွက် ကိန်းဂဏန်းတွေကို သိသင့်ပ့ါတယ်။ သေချာတာတစ်ခုက ထိုင်းနိုင်ငံရဲ့သဘောထားကြီးမှုကြောင့်သာ ကျွန်တော်တို့ ရွှေမြန်မာတွေ နိုင်ငံတကာကို ထွက်ပေါက်ရခဲ့တာပါ။ ခင်ဗျားတို့ ကျွန်တော်တို့တစ်တွေ အနောက်နိုင်ငံတွေနဲ့ ထိတွေ့ခွင့် ရခဲ့ကြတာပါ။ သူများအကြောင်းပြောချင်ရင် ကိုယ့်မျက်ချေးအရင်ကြည့် ဆိုတဲ့ စကားပုံလေး အသုံးတည့်ပါလိမ့်မယ်။
    ဘင်္ဂါလီမုန်းတီးရေးဝါဒ
    တောင်သမန်အင်း ငကင်းက ဒီလိုဆက်ရေးတယ်ခင်ဗျ။ ‘‘ ဒီ ဘင်္ဂါလီတွေ မြန်မာပြည်ထဲ ၀င်ရောက်တဲ့ လမ်းကြောင်းမှာ မြန်မာပြည်ရဲ့ ဆောက်လုပ်ရေး လုပ်ငန်းအကြီးဆုံး ဘင်္ဂါလီခရိုနီ ကုမ္ပဏီကြီးတွေ ပါဝင်ပတ်သက်နေတယ်လို့ သိထားရတယ်။ သူတို့ဘင်္ဂါလီ ဆောက်လုပ်ရေး ကုမ္ပဏီကြီးတွေရဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင် ကိစ္စတွေ၊ လုပ်ငန်းခွင်သယ်ယူပို့ဆောင်ရေး ကားကြီးတွေနဲ့ ရန်ကုန်အထိကို နယ်စပ်က အဆင့်ဆင့်သွင်းလာတယ်လို့ဆိုတယ်။ တချို့ ဘင်္ဂါလီတွေကလည်း မလေးရှားဖက်ကို ဆက်ထွက်သွားတယ်။ တချို့ကျတော့ မြန်မာပြည်မှာရှိတဲ့ ရောက်ပြီးသား ဘင်္ဂါလီတွေထဲမှာ ရောနှောပစ်လိုက်ကြတယ်။ ဒါကြောင့် မြန်မာပြည်ထဲ ဘင်္ဂါလီတွေ ခိုးဝင်နိုင်ဖို့ အဓိကနေရာကပါဝင်တဲ့ ဘင်္ဂါလီပိုင် ဆောက်လုပ်ရေးကုမ္ပဏီကြီးတွေရဲ့ ခြေလှမ်းတွေ၊ သမိုင်းတွေ၊ လှုပ်ရှားမှုတွေကို မျက်ခြေမပြတ် ကြည့်ဖို့လိုနေပြီဗျ။ ဒီဘင်္ဂါလီခရိုနီ ဆောက်လုပ်ရေးကုမ္ပဏီကြီးတွေက ကျုပ်တို့မြန်မာပြည်ထဲမှာ အရင်ဆုံးလာချထားတဲ့ ထရိုဂျန်မြင်းရုပ်တွေပဲဖြစ်တယ် ” လို့ ရေးသားထားပါတယ်။
    စာရေးသူကျွန်တော်ဟာ မြို့ပြအင်ဂျင်နီယာတစ်ယောက်ပါ။ ကျွန်တော်ကိုယ်တိုင် ခင်ဗျား စွပ်စွဲနေတဲ့ ဘင်္ဂါလီခရိုနီကုမ္ပဏီတွေမှာ မလုပ်ဖူးပေမယ့် ကျွန်တော့် ကျောင်းနေဖက် သူငယ်ချင်းတစ်ချို့လည်း ရှိနေပါတယ်။ တချို့လည်း Sub-Contractor အဖြစ် လုပ်နေကြပါတယ်။ ဘယ်ကလာ ခရိုနီလည်းဗျာ။ သူတို့ဟာသူတို့တောင် တိုင်ပတ်နေကြတယ်။ လုပ်ငန်းတွေ မလည်ပတ်နိုင်၊ လုပ်ငန်းတွေဆီ ငွေမချနိုင်နဲ့ ချာလပတ်လည် ရိုက်နေကြတယ်။ ခရိုနီဆိုတာ ဘာကိုခေါ်သလဲ။ ဒေါ်လာ မီလျံ ဂဏန်းဘယ်နှစ်လုံးလောက် ချမ်းသာရလဲ ဆိုတာကိုလည်း နားလည်အောင်လေ့လာသင့်ပါတယ်။ သူများတွေ ခရိုနီခေါ်တိုင်း ငါလည်း လိုက်ရေးမယ်ဆိုရင် ဒါ ညံ့ရာကျတယ်ဗျာ။ ခင်ဗျားပြောတဲ့ ဒီဆောက်လုပ်ရေး ကုမ္ပဏီသူဋ္ဌေးတစ်ယောက်ရဲ့အိမ်မှာ ကျွန်တော်သွားပြီး သတင်းယူဖူးတယ်။ သူပြောခဲ့တာက – ငါချမ်းသာသလောက်က ကိုးကန့်သူဋ္ဌေးတစ်ယောက်ရဲ့အိမ်မှာ ပန်းကန်ဆေးတဲ့ အဆင့်လောက်ပဲ ရှိတယ် လို့ ပြောခဲ့တယ်။
    သမ္မတဦးသိန်းစိန်ကစလို့ ၀န်ကြီးဦးခင်ရီအလယ် ဒုဝန်ကြီးဦးရဲထွဋ်အဆုံး ရိုဟင်ဂျာ မလိုချင်ပါ လို့သာ ပြောခဲ့တယ်။ ဘင်္ဂါလီ ဆိုရင်တော့ ရပါတယ်။ အခု ခင်ဗျားကျတော့ ဘင်္ဂါလီ ဘင်္ဂါလီ လူမျိုးရေးခေါင်းစဉ်တပ်ပြီး အကြောင်းအရာတွေ တွဲစပ်နေတော့ ရိုဟင်ဂျာ ပြီးတော့ ယခုတစ်ဖန်အလှည့်ကျသူက ဘင်္ဂါလီလားလို့တောင် မေးရမလို ဖြစ်နေပါပြီ။ ထို့အတူ ထရိုဂျန် မြင်းရုပ်တွေဆိုတဲ့ အသုံးအနှုန်းကလည်း မီးလောင်ရာလေပင့်စေတဲ့ အရေးအသားတွေ ဖြစ်နေတာပါ။ ဒါကြောင့် ကမ္ဘာ့စာနယ်ဇင်းကောင်စီရဲ့ ဂျာနယ်လစ်များသို့ လမ်းညွှန်ချက်များအနက်က အောက်ပါအချက် ၂ ခုဟာဖြင့် ခင်ဗျားလိုက်နာသင့်တဲ့ အကြောင်းအရာတွေ ဖြစ်နိုင်ပါတယ်။
    (၁) စာနယ်ဇင်းနှင့်မီဒီယာတို့သည် ငြိမ်းချမ်းရေးကို တည်ဆောက်သူများသာ ဖြစ်ကြစေရန်၊ လှုံ့ဆော်မှု ပြဿနာကို မီးမွှေးကြသူများ မဖြစ်ကြစေရန်
    (၂) စာနယ်ဇင်းနှင့်မီဒီယာများသည် လူမျိုးရေး ဘာသာရေးကွဲပြားခြားနားမှုများ၊ ခွဲခြားမှုများကို ပပျောက်စေပြီး သဟဇာတဖြစ်မှု၊ အပြန်အလှန်နားလည်မှုများကို တည်ဆောက်ပေးကြရန်ဖြစ်သည် တဲ့ခင်ဗျား။
    တစ်ခါ နောက်ထပ် ၂၀၁၃ ခုနှစ် ဧပြီလ ၅ ရက်မှာ ‘‘ ဘင်္ဂလားဒေ့ရှ်က ဘင်္ဂါလီတွေက ဗုဒ္ဓဘာသာ ရဟန်းတွေလို ဦးပြည်းတုံးပြီး၊ ရဟန်းတွေရဲ့ သင်္ကန်းကိုခြုံပြီး၊ ရဟန်းယောင်ဆောင်ပြီး မြန်မာပြည်ထဲ ခိုးဝင်လာတဲ့ဓာတ်ပုံတွေ ရထားတယ်။ ကျုပ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ သွားနေတဲ့ ကားတွေမှာလည်း တစ်ဖက်က အန်စာတုံးလို၊ HiAce တို့လို မှန်လုံကားကြီးတွေထဲမှာ မုတ်ဆိတ်တွေနဲ့ ဘင်္ဂါလီတွေ တစုတဝေးကို မကြာခဏတွေ့နေရတယ်။ ကျုပ်တို့မြန်မာပြည်က အမေရိကန်နဲ့ မတူဘူးလေဗျ။ ကျုပ်တို့က အမေရိကန်တွေရဲ့ လ၀ကလမ်းစဉ်မူဝါဒကို လိုက်လို့မရဘူး။ သြစတေးလျနိုင်ငံရဲ့ လမ်းစဉ်မူဝါဒကိုလိုက်ရမယ်။ အစ္စရေးနိုင်ငံလို ရန်သူတွေအကြားမှာနေရတဲ့ စိတ်ဓာတ်မျိုးနဲ့ တစ်ချိန်လုံး သတိနဲ့နေရမယ်ဗျ။ ဒီလိုမှ မဟုတ်ရင် ” လို့ ရေးခဲ့တယ်။
    ဒါကြောင့် ဒီဆောင်းပါးရဲ့အစမှာ ကျွန်တော်ရေးခဲ့သလို ‘‘ စာဖတ်ပါ။ သမိုင်းအမှန်ကို သိအောင် လုပ်ပါ ” လို့ ဆိုချင်ပါတယ်။ မြန်မာပြည်နဲ့ကပ်နေတဲ့ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်ရဲ့ ပြည်နယ်တွေမှာ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ ဘင်္ဂါလီတွေရှိပါတယ်။ လူဦးရေ သုံးသန်းလောက်ရှိတယ်ဗျ။ သက်ဆိုင်ရာ ၀န်ကြီး နေရာတွေတောင် ရထားတယ်။ ဒီမိုကရေစီတိုင်းပြည်လေဗျာ။ ဟိန္ဒူဘာသာကိုးကွယ်တဲ့ ဘင်္ဂါလီတွေလည်း ရှိတယ်။ သူတို့လည်း ၀န်ကြီးအဖြစ်တွေ ရထားတယ်။ အစိုးရအဖွဲ့ကက်ဘိနက်ထဲမှာလည်း ပါတယ်။ ဒါကြောင့် ဦးပြည်းတုံးပြီး၊ ရဟန်းသင်္ကန်းခြုံပြီး အယောင်ဆောင်ခိုးဝင်လာတယ်လို့ ပြောလို့မရပါ။ ဗုဒ္ဓဘာသာ ဘင်္ဂါလီဖြစ်ရင် သူ့မှာလည်း ရဟန်းဖြစ်ဖို့အခွင့်အရေးရှိပါလိမ့်မယ်။ ရခိုင်ဒေသနဲ့ ဘင်္ဂလားဒေ့ရှ်မှာရှိကြတဲ့ လူမျိုးစုတွေဟာ အတော့်ကို ရုပ်ဆင်းသဏ္ဍာန်တူညီနေတာကိုလည်း တွေ့ရပါလိမ့်မယ်။ ခွဲခြားလို့တောင် မရနိုင်ပါ။ နောက်တစ်ချက်က ဘင်္ဂလားဒေ့ရှ်ဖက်ကနေ ပြန်ဝင်ရောက်လာတဲ့ ဗုဒ္ဓဘာသာအဆက်အနွယ်တွေဟာ မြန်မာပြည်ဖက်ကိုရောက်လာပြီး အိုးအိမ်တွေ ထူထောင်၊ လယ်မြေတွေ နေရာချပေးနဲ့ ဒီလိုလုပ်ပေးနေတာတွေလည်း ရှိနေတယ်။ အဲ့ဒီလူတွေကို သွားကြည့်၊ ဘင်္ဂါလီတွေဘဲလို့ ခင်ဗျား ထင်လိမ့်မယ်။ ခွဲမရတာ။ သူတို့ကို ဒိုင်းနက်လူမျိုးလို့လည်း ခေါ်တယ်။
    ‘‘ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ သွားနေတဲ့ ကားတွေမှာလည်း တစ်ဖက်က အန်စာတုံးလို၊ HiAce တို့လို မှန်လုံကားကြီးတွေထဲမှာ မုတ်ဆိတ်တွေနဲ့ ဘင်္ဂါလီတွေ တစုတဝေး ” ဆိုတာကြီးကတော့ အတော့်ကို ဆိုးဝါးလှတဲ့ စွပ်စွဲချက်ပေါ့ဗျာ။ မုတ်ဆိတ်ထားတိုင်းသာ ဘင်္ဂါလီ ဖြစ်ကြစတမ်းဆိုရင် အမေရိကန်သမ္မတကြီး အေဗရာဟင်လင်ကွန်းလည်း ဘင်္ဂါလီ ဖြစ်နေမှာပေါ့။ ခင်ဗျား အရှင်းဆုံးသိချင်ရင် ဘင်္ဂလားဒေ့ရှ်သံရုံးရဲ့အတွင်းထဲမှာ ချိတ်ထားတဲ့ဓာတ်ပုံတစ်ပုံရှိတယ်။ သူလည်း မုတ်ဆိတ်ကြီးနဲ့ပဲ။ ခင်ဗျား အဲ့ဒီပုံကို ကြည့်ပြီးမှ မုတ်ဆိတ်နဲ့ ဘင်္ဂါလီ ခွဲခြားနိုင်မယ် ထင်ပါတယ်။
    အမေရိကန်၊ သြစတေးလျနဲ့ အစ္စရေး
    ကျုပ်တို့တိုင်းပြည်ဟာ အမေရိကန်နဲ့မတူဘူးဆိုတာ သိပ်မှန်ပါတယ်။ ဘယ်သူနဲ့မှတူဖို့ မလိုပါဘူး။ ဒါပေမယ့် အမေရိကန်ရဲ့မူဝါဒကြောင့်၊ အမေရိကန်ရဲ့ လ၀ကလမ်းစဉ်မူဝါဒကြောင့် ကျွန်တော်တို့ ညီအစ်ကိုတော်ကျောင်းသားတွေ၊ တော်လှန်ရေးသမားတွေ၊ ပညာရှေင်တွေ အခြေချနေထိုင်ခဲ့လို့ရတာပါ။ ကိုမိုးဟိန်းတို့ ကိုမိုးသီးဇွန်တို့ ပိုသိပါလိမ့်မယ်။ ကိုမိုးဟိန်းရေးသလို အမေရိကန်ရဲ့အချုပ်ခန်းတောင် ကျုပ်တို့ဆီက Hotel ဟိုတယ်လိုမျိုးတဲ့လေ။ သူတို့သာ တင်းကြပ်ထားခဲ့ရင် ကျုပ်တို့ ခင်ဗျားတို့ အနံ့တောင် ရှူရဖို့မရှိနိုင်ပါဘူး။
    သြစတေးလျ လ၀ကဥပဒေတွေက အခြေအနေပေါ်မှာ ထိန်းချုပ်ထားရတာပါ။ သူတို့ ယခင်က ကျင့်သုံးခဲ့ကြတဲ့ Immigration ဥပဒေရဲ့ ချို့ယွင်းချက်တွေကို မကွယ်မ၀ှက် ၀န်ခံခဲ့ကြပါပြီ။ လူဖြူအသားပေး Only White ဆိုတဲ့ စနစ်မျိုးကို ပယ်ဖျက်လိုက်ပါပြီ။ ဒေသခံတိုင်းရင်းဌာနေ Aborigin တွေအပေါ်မှာ ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ လူမျိုးသုဉ်းသတ်ဖြတ်မှု၊ ခွဲခြားဆက်ဆံမှုတွေ အားလုံးကို အမှားတွေလို့ဝန်ခံပြီး တိုးတက်ဖွံ့ဖြိုးချမ်းသာစေခဲ့တဲ့ ၂၁ ရာစုရဲ့ သြစတေးလျနိုင်ငံကို တက်လှမ်းနိုင်ခဲ့ကြပါပြီ။ ဒီမိုကရေစီနိုင်ငံဖြစ်တဲ့အတွက် တက်လာခဲ့တဲ့ မဲအနိုင်ရပါတီ၊ ၀န်ကြီးချုပ်ရဲ့မူဝါဒ တွေဟာ အပြောင်းအလဲရှိခဲ့တာပါ။ ယခင်ဝန်ကြီးချုပ် ကေဗင်ရုဒ်နဲ့ ယခုလက်ရှိ ၀န်ကြီးချုပ် တိုနီအက်ဘော့ဂ် တို့ဟာ လူဝင်မှုထိန်းချုပ်ရေးမှာ တူညီတဲ့မူဝါဒတွေ ရှိမှာမဟုတ်ပါဘူး။ ဒါပေမယ့် လူပေါင်းစုံ ဓလေ့ပေါင်းစုံရှိရာ Multi Culturalism သြစတေးလျရဲ့ပုံရိပ်ကိုတော့ ထိန်းသိမ်းထားရာမှာ တူညီပါတယ်။ သြဇီမှာ ကြည့်လိုက်ရင် တရုတ်၊ အိန္ဒိယတွေကို အများကြီးတွေ့နေရပေမယ့်၊ သူတို့ရဲ့ ထုံးတမ်းစဉ်လာပွဲလမ်းသဘင်တွေကို ဆင်ယင်ကျင်းပနေကြပေမယ့် ဘယ်သြဇီတစ်ယောက်မှ ငါတို့ တိုင်းပြည်ကို တရုတ်တွေ၊ အိန္ဒိယတွေ ကြီးစိုးသွားပြီလို့ မယူဆကြဘဲ သူတို့ရဲ့ သြဇီတိုင်းပြည်အပေါ်မှာ တန်ဖိုးရှိတဲ့ နိုင်ငံခြားသားတို့ရဲ့လုပ်အား၊ လူသားဖြစ်တဲ့ ဒုက္ခသည်တွေအတွက် ခိုလှုံစရာ ရှိသင့်တယ်ဆိုတဲ့၊ လူသားဆန်တဲ့ မြင့်မြတ်စိတ်ထားတွေကို တွေ့ရပါလိမ့်မယ်။ ခင်ဗျားတို့ သေချာစွာလေ့လာသင့်ပါတယ်။
    နောက်ထပ်ရေးတာက အစ္စရေးရဲ့စိတ်ဓာတ်မျိုးတဲ့။ ကျုပ် ၁၀ တန်းကျောင်းသားဘ၀က အစ္စရေး နိုင်ငံက ဂျူးအမျိုးသမီးစာရေးဆရာမ ကရင်ဗန်းအိခ်ျ Karin Vaneash နဲ့ တစ်ပတ်လောက် သူ့ရဲ့စကားပြန် အဖြစ် အတူတူနေဖူးခဲ့တယ်။ ဟိုတုန်းက Visa ရက်က သိပ်မရတော့ အချိန်တိုအတွင်းမှာပဲ နေရာအနှံ့ ရောက်တယ်။ တန်ခိုးကြီးဘုရားတွေ၊ ခရစ်ယာန်ဝတ်ပြုကျောင်းတွေ၊ ဗလီတွေအပါအ၀င် နေရာအနှံ့ လျှောက်သွားကြတယ်။ အနားယူတဲ့အချိန်တိုင်း အာရပ် အစ္စရေးကိစ္စကို ပြောဖြစ်တယ်။ အစ္စရေးလူမျိုးတွေဟာ ခင်ဗျားတို့ထင်သလို၊ ကျုပ်တို့ထဲကလူတစ်ချို့ထင်သလို ပြင်းထန်တဲ့ စိတ်ဓာတ်မျိုးတွေသာ ရှိနေတာ မဟုတ်ပါ။ သူတို့ဟာ ဂျာမနီတွေရဲ့ ရက်စက်မှုကိုခံခဲ့ရလို့ အတိတ်ရဲ့ဖြစ်ရပ်တွေ တစ်ပတ်လည်လာမှာကို အလွန်စိုးရိမ်တတ်တဲ့လူမျိုးတွေပါ။ ယခုလို အာရပ်တွေရဲ့ နေရာဒေသတွေ သိမ်းပိုက်နေခြင်းကို ပြည်သူအများစုကြီးက မလိုလားကြပါဘူး။ အထူးသဖြင့် လေဘာတီ ပါတီကဆိုရင် လုံးဝ ကန့်ကွက်နေပါတယ်။ သူများပိုင်အိမ်တွေကို ဖြိုဖျက်ချပြီး ကျူးကျော်အိမ်ရာ ဆောက်လုပ်နေတာဟာ မှန်ကန်တဲ့ အစ္စရေးမူဝါဒမဟုတ်ပါဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးဆိုတဲ့ လမ်းစဉ်ကိုသာ တစိုက်မတ်မတ် လက်ခံထားကြတဲ့ ဂျူးလူမျိုးတွေ ကမ္ဘာပေါ်မှာ မြောက်များစွာရှိနေပါတယ်။ ဒါကြောင့် ကိုယ်ကြိုက်တဲ့အချက်ကျရင် သြစတေးလျလိုမျိုး၊ အစ္စရေးလိုမျိုး ပြောပြီး မကြိုက်တာကျတော့ အမေရိကန်လိုမဟုတ်ဘူးလို့ပြောတဲ့ ကလေးအတွေးနဲ့ အရေးအသားမျိုးတွေကို ဆင်ခြင်သင့်ပါတယ်။ လိုရာဆွဲတွေးရေးသားတဲ့ အကွက်တွေဟာ Facebook ပေါ်မှာသာ အလုပ်ဖြစ်နိုင်ပါတယ်။
    အနာဟောင်းကို တူးဆွခြင်း
    စစ်သူရဲဗလမင်းထင်ရဲ့ မျက်နှာဖုံးဆောင်းပါးမှာပါတဲ့ ပုံကိုကြည့်ပြီး ကြက်သီးထမိပါတယ်။ အေဒီ ၆ ရာစုက ဘာမီယန်ရုပ်ပွားတော်များကို တာလီဘန်တွေ ဖျက်ဆီးနေတဲ့ပုံတွေပါ။ ၂၀၀၁ ခုနှစ်က အဖြစ်အပျက်ပါ။ ဒီကိစ္စကိုအကြောင်းခံပြီး မြန်မာပြည်ရဲ့ဗလီကျောင်းတွေ မြောက်များစွာဖျက်ဆီးခံခဲ့ရတာတွေကို ကျွန်တော်တို့ မှတ်တမ်းတင်ထားတာလေးတွေ ရှိပါတယ်။ မြန်မာနိုင်ငံမှ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး ၅ ဖွဲ့နဲ့အတူ နိုင်ငံသားအစ္စလာမ်တွေအားလုံးက ဒီကိစ္စကို ဆန့်ကျင်ခဲ့ပါတယ်။ အစ္စလာမ်ရဲ့ဥပဒေအရ ‘‘ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်များ၊ ဘာသာရေး အဆောက်အဦများကို ဖျက်ဆီးခြင်း ” မပြုရပါ။ ဒီလိုတစ်ဖက်စွန်းရောက်သူတစ်စုရဲ့ လုပ်ဆောင်ချက်ကို တုန့်ပြန်တဲ့အနေနဲ့ မြန်မာနိုင်ငံမှာ ဗလီဝတ်ပြုကျောင်းတွေကို အကြမ်းဖက်ခံခဲ့ရတာဟာ အလွန်မှားယွင်းတဲ့ တုန့်ပြန်မှုတစ်ရပ်ပါ။ ယခုအခါ သူရိယနေ၀န်းဂျာနယ်က ထပ်မံ မျက်နှာဖုံး တင်ပြီး အသုံးချလာပြန်တော့ နောက်ထပ်အကြမ်းဖက်လုပ်ရပ်တွေ ပေါ်ပေါက်လာဖို့ လှုံ့ဆော်နှိုးဆော်သလို မလုပ်သင့်ပါလို့တော့ မေတ္တာရပ်ခံချင်ပါတယ်။
    တလောတုန်းကပဲ အင်ဒိုနီးရှားနိုင်ငံမှာ မီးတောင်ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီး အမှိုက်၊ အညစ်အကြေးတွေ ဖုံးလွှမ်းနေတဲ့ ဗုဒ္ဓသာသနိကအဆောက်အဦတွေကို အစ္စလာမ်ဘာသာဝင်တွေက ၀ိုင်းဝန်းပြီး သန့်ရှင်းရေးလုပ်၊ ပြုပြင်ထိန်းသိမ်းကြတယ်ဆိုတဲ့ သတင်းမျိုးဟာ မင်္ဂလာယူစရာ၊ ကုသိုလ်ယူစရာ သတင်းမျိုးပါ။ ဒီလိုအကြောင်းအရာတွေကိုလည်း ရေးသားဖော်ပြသင့်ပါတယ်။ အင်ဒိုနီးရှား နိုင်ငံမှာရှိတဲ့ ကမ္ဘာ့သမိုင်းဝင် ဗောဓောဗုဒ္ဓေါစေတီတွေ၊ ပါကစ္စတန်နိုင်ငံ တက္ကသီလာရှိ ကမ္ဘာ့ဗုဒ္ဓအမွေအနှစ် အဆောက်အဦတွေကို စနစ်တကျပြုပြင်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ထားခြင်း ကဲ့သို့ အစ္စလာမ်နိုင်ငံတွေရဲ့ ဗုဒ္ဓဘာသာအပေါ် အကောင်းမြင်စိတ်ဓာတ်ကိုလည်း ဖော်ပြသင့်ပါတယ်။ ဒါမှသာလျှင် ဘာသာပေါင်းစုံချစ်ကြည်ရင်းနှီးပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးကို ဖော်ညွှန်းတဲ့ အကျိုးပြုစာနယ်ဇင်း တွေ ဖြစ်လာပါလိမ့်မယ်။
    ဒါကြောင့် ကမ္ဘာ့စာနယ်ဇင်းကောင်စီ WJC က ဂျာနယ်များကိုလမ်းညွှန်တဲ့အခါ အချက်တစ်ချက် အနေနဲ့ ‘‘ ပဋိပက္ခများနှင့်စပ်လျဉ်း၍ ရေးသားဖော်ပြရာတွင် သတင်းအချက်အလက်များကို ခိုင်မာအောင် အတည်ပြုပြီးမှသာ ရေးသားကြရန်နှင့် ရေးသားရာတွင်လည်း ငြိမ်းချမ်းရေးကိုရှေ့ရှုသော အသုံးအနှုန်းများဖြင့်သာ သုံးစွဲရန်ဖြစ်ပြီး၊ ဖြစ်ပြီးနှင့်ဖြစ်ဆဲ ပဋိပက္ခများကို ပိုမိုကျယ်ပြန့်လာစေရန် လှုံ့ဆော်သည့်သဘောမျိုး မဖြစ်စေရန်လိုအပ်သည် ” လို့ အတိအလင်း ဖော်ပြထားပါတယ်။ ကျေးဇူးပြု၍ အနာဟောင်းကို မတူးဆွပါနဲ့ခင်ဗျား။ ဒဏ်ရာတွေဟာ မကျက်သေးပါဘူး။
    လာပြန်ပြီလား ၇၈၆
    အများရေးနေတော့ ဆွမ်းကြီးဝိုင်းလောင်းတဲ့အနေနဲ့ ဆောင်းပါးရှင် ဖေသီဟ (ကသ ၄၃) ကလည်း ‘‘ ၇၈၆ ဆောက်လုပ်ရေးကုမ္ပဏီရဲ့ ဥက္ကဋ္ဌတစ်ဦး ” လို့ သုံးနှုန်းပြန်သေးတယ်။ အတွဲ ၁ အမှတ် ၁၅ မှာပါ။ အများယောင်လို့ …………. ဆိုသလို ဖြစ်ပုံရပါတယ်။ ၇၈၆ က ဘာကို ကိုယ်စားပြုသလဲ၊ အစ္စလာမ်ဘာသာ ကိုလား၊ လုပ်ငန်းပိုင်ရှင်ရဲ့ ကုမ္ပဏီအမှတ်သညာလား၊ လူမျိုးခွဲခြားရေးရဲ့ အမှတ်တံဆိပ်လား၊ ခင်ဗျားသိတဲ့ အဖြေလေးပေးပါ။ တလွဲဖြစ်နေပါလိမ့်မယ်။ ရေးတာကိုက မှားယွင်းစွာရေးသားထားလေတော့ ဘယ်လိုမှ သဘောပေါက်နိုင်မှာ မဟုတ်ပါ။ ဒါကြောင့် စာရေးဆရာဆိုတာ အများသူငါကို အသိပညာဖြန့်ဝေပေးနေ သူတွေဆိုတော့ အရင်ဆုံး ကိုယ်သိအောင် ဖတ်ရမှတ်ရတာတွေ လုပ်ရတယ်ဗျ။ ကိုယ်တိုင်မသိဘဲ လျှောက်ရေးနေရင် မှားယွင်းတဲ့အသိပညာတွေ၊ Message အမှားကြီးတွေ စာဖတ်တဲ့ ပြည်သူများ ရသွားရင် ရှက်စရာကြီးဗျို့။
    ကိုမိုးဟိန်း ………. ရေ
    နောက်မဟာအမှားကြီးကတော့ အိန္ဒိယနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုမှာ ထွက်ပြေးလာကြတဲ့ သူတွေအကြောင်းရေးရင်းနဲ့ မြန်မာပြည်က ကွန်မြူနစ်ရဲ့ ပေါ်လစ်ဗျူရိုထဲက ရဲဘော်ဂိုရှယ်တို့ကို အိန္ဒိယ/ဘင်္ဂါလီတွေလို့ ရေးသားခြင်းပါ။ နောက်မှ ဟိန္ဒူဘာသာဝင်တွေလို့ ရေးတာ။ ဒါမမှားဘူးဆိုရင်လည်း M.A ရာရှစ် လို့ခေါ်တဲ့ ကျောင်းသားခေါင်းဆောင် ဦးရာရှစ်ကို အိန္ဒိယ/ဘင်္ဂါလီ တဲ့ဗျာ။ ဒီအကြောင်းကတော့ ဘယ်သူရေးရေး ကျွန်တော်ကတော့ အစ်ကို့ကိုသာ ပြောချင်တာပါ။ အစ်ကိုက နှစ်ပေါင်းများစွာ အဆက်ပြတ်ပြီးမှပေါ်ပေါက်လာတဲ့ ကျောင်းသားသမဂ္ဂရဲ့ စည်းရုံးရေးမှူးတစ်ဦး၊ ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်နေတော့ ‘‘ သခင်အောင်ဆန်း ” တို့နဲ့အတူ လက်တွဲပြီး လွတ်လပ်ရေးအတွက်ကြိုးပမ်းခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တစ်ဦးကို စော်ကားခဲ့တာကိုတော့ အစ်ကိုကိုယ်တိုင်ပဲ သတိပေးသင့်တာပါ။ ဦးရာရှစ် ဘယ်သူလဲဆိုတာ ကြည့်ရအောင်။
    ဦးရာရှစ်ကို ၁၉၁၂ ခုနှစ် အိန္ဒိယမှာမွေးခဲ့ပေမယ့် ၃ နှစ်သား အရွယ်မှာ မြန်မာပြည်ကိုရောက်ခဲ့ပါတယ်။ ရန်ကုန်မြို့ Randaria အထက်တန်းကျောင်းမှာ ပညာသင်ကြားခဲ့ပြီး ရန်ကုန်တက္ကသိုလ်မှာ ၀ိဇ္ဇာသိပ္ပံဘွဲ့နဲ့ ဥပဒေဘွဲ့များ ရရှိခဲ့ပါတယ်။ ဗမာ့အမျိုးသားရေး လှုပ်ရှားမှု၊ ယခင်လှုပ်ရှားမှုတွေမှာ အစ ကနဦးကတည်းက ပါဝင်ခဲ့ပြီး၊ ရန်ကုန်တက္ကသိုလ်ကျောင်းသား လှုပ်ရှားမှုမှာ တက်ကြွစွာပါဝင်ခဲ့တယ်။ ၁၉၃၁ ခုနှစ် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့ အထွေထွေ အတွင်းရေးမှူးချုပ်၊ ၁၉၃၅-၃၆ မှာ ဒုတိယဥက္ကဌ၊ ၁၉၃၆-၃၇ မှာ တကသရဲ့ဥက္ကဌအဖြစ် ရွေးကောက်တင်မြှောက်ခံရတယ်။ ၁၉၃၆ ခုနှစ်မှာဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂရဲ့ ပထမဦးဆုံးဥက္ကဌ ဖြစ်ခဲ့တယ်။ ပထမဆုံး တကသ ကိုယ်စားလှယ်ကောင်စီလူကြီးအဖြစ် တာဝန်ယူခဲ့တယ်။ ဗိုလ်အောင်ကျော် ကျဆုံးခဲ့တဲ့အမှုမှာလည်း ကျောင်းသားများဖက်က ရှေ့နေလိုက်ခဲ့သူ ၀တ်လုံတော်ရ တစ်ဦးလည်းဖြစ်ခဲ့တယ်။
    ဒုတိယကမ္ဘာစစ်ဖြစ်ပွားခဲ့ချိန် မိဘများနဲ့အတူ နိုင်ငံခြားမှာနေထိုင်ရာက တိုင်းပြည်ထူထောင်ရေး အတွက် ဗိုလ်ချုပ်အောင်ဆန်းက ပြန်လာခဲ့ပါလို့ခေါ်လို့ သခင်အောင်ဆန်းနဲ့အတူ တိုင်းပြည်အရေး ကိစ္စတွေမှာ တစိုက်မတ်မတ်ကြိုးပမ်းခဲ့ပြန်ပါတယ်။ ၀န်ကြီးချုပ်ဦးနုက ဦးရာရှစ်ကို ကက်ဘိနက်မှာ ပါဝင်စေခဲ့ပြီး၊ ၁၉၅၄ မှာ သတ္ထုတွင်းဝန်ကြီး၊ ၁၉၆၀ ပြည့်နှစ်မှာ စီးပွားရေးနဲ့စက်မှုဝန်ကြီးအဖြစ် တာဝန်ယူစေခဲ့တယ်။ ၁၉၆၂ ဦးနေ၀င်း အာဏာသိမ်းအပြီး ထိန်းသိမ်းခံခဲ့ရတယ်။ အကြိမ်ကြိမ် အဖမ်းခံခဲ့ရပြီး ဦးနေ၀င်းရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကြီးနဲ့ သဘောထားမတိုက်ဆိုင်လို့ ၁၉၇၄ ဒီဇင်ဘာလမှာ ပါကစ္စတန်ကို အပြီးထွက်ခွာသွားခဲ့ပါတယ်။
    ကိုမိုးဟိန်း …… ရေ
    ဒီလိုတိုင်းပြည်အတွက် ပေးဆပ်ပေးအပ်သူကို တပ်ထွက်ဝန်ကြီးမင်းတစ်ပါးက ‘‘ လိုအပ်ရင် လူမျိုးခြားတွေကို အသုံးပြုရတယ် ” ဆိုသတဲ့။ သူပြောတာကိုတော့ စိတ်မနာပါဘူးဗျာ။ သူတို့က မလိုအပ်ဘူးဆိုရင် ‘‘ သံဃာတော် ” တွေကိုတောင် ချနင်းခဲ့တာပါ။ ဒါပေမယ့် ဒီမိုကရေစီတိုက်ပွဲဝင်ခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ ညီအစ်ကိုကျောင်းတော်သား ဆောင်းပါးရှင်တွေက ပြည်ပြေးတွေ၊ အိန္ဒိယ/ဘင်္ဂါလီတွေ လို့ နှိမ့်ချပြီး စော်ကားတာကိုတော့ ရင်နာစရာပါ။ ဇာတ်တူသားစားတဲ့သူတွေတိုင်း ဇာတ်သိမ်းမကောင်းကြဘူး ဆိုတာ အတိတ်ရာဇ၀င်သမိုင်းမှာ ရှိခဲ့တယ်နော်။ အစ်ကိုကိုယ်တိုင်ပဲ သူတို့ကိုပြောပြစေချင်တာပါ။ အကယ်၍များ M.A ရာရှစ်က အစ္စလာမ်ဘာသာဝင်တစ်ယောက်ဖြစ်လို့ ဒီလိုခေါ်ဝေါ်သမုတ်တယ်ဆိုရင် ဒီလိုလူတွေမှာ အစ္စလာမ်အကြောက်အမုန်းရောဂါ Islamophobia စွဲကပ်နေပြီဗျို့။
    သူရိယနေ၀န်းရဲ့ CEO (အမှုဆောင်အရာရှိချုပ်) တစ်ဦးထံကို မေတ္တာရပ်ခံလိုတာက ….
    –   ခရိုနီတွေကို အမြစ်ဖြုတ်ချင်တယ်ဆိုရင် ရွေးတွယ်နေလို့ကတော့ မဖြစ်နိုင်သေးပါဘူး။ – အိမ်နီးချင်းနိုင်ငံတွေကိုလည်း အကောင်းမြင်ဝါဒလေးနဲ့ ကြည့်ပေးပါ။ – တရုတ်၊ ဘင်္ဂါလီ လူမျိုးရေး မုန်းတီးမှုဝါဒကြီးကို အသက်မသွင်းပါနဲ့။ – ပြီးခဲ့တဲ့ အနာဟောင်းတွေကို မတူးဆွပါနဲ့၊ ပဋိပက္ခတွေ ထပ်မံ မဖြစ်ပွားစေပါနဲ့။ – တိုင်းပြည်အတွက် သစ္စာရှိခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေကို ဂုဏ်မပေးချင်နေပါ၊ မစော်ကားပါနဲ့။ –
    အများသည်းခြေကြိုက်ရေးနိုင်တဲ့၊ ဈေးကွက်အလိုက် နေ့တွက်ကိုက်မယ့် အရေးအသားမျိုးနဲ့ ဆောင်းပါးတွေကို အသုံးမပြုသင့်ပါ။ စာဖတ်အားကောင်းပြီး သမိုင်းအမှန်သိသူ ဆောင်းပါးရှင်တွေကိုသာ အသုံးပြုသင့်ပါတယ်။ မီဒီယာသမားတွေဟာ စစ်မေးခြင်းဆိုင်ရာ အနုပညာနဲ့ တင်ပြခြင်းဆိုင်ရာအနုပညာတွေကို နားလည်ဖို့ ဥပဒေတွေကို လေ့လာရပါတယ်။
    ဒီအချက်တွေကို အကြံပြုရင်းနဲ့ ..
    ခိုင်မာသောရပ်တည်ချက်ဖြင့် သတင်းပညာတို့ကို တင်ဆက်ရင်း နှစ်ဆယ့်တစ်ရာစုရဲ့ ‘‘ ဒီမိုကရေစီ လူမှုဘ၀သစ် ” ကြီးကို တည်ဆောက်ကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။
    ဒီလိုမှ မဟုတ်ရင်တော့
    ကိုယ်ရွာချလိုက်တဲ့ ‘‘ ပေါက္ခရ၀သ မိုးရေတွေထဲမှာ ” ကိုယ်တိုင် နစ်မြုပ်ပျောက်ကွယ်သွားမယ့် အဖြစ်မျိုး မကြုံစေချင်လို့ပါ။
    ‘‘ သူရိယနေ၀န်း ” ထာဝစဉ် တောက်ပထွန်းလင်းပါစေ။
    ကျော်နေမင်း (မြို့ပြ)
  • လူမှုဘဝ တိုက်ပွဲခေါ်သံ (ကျော်နေမင်း-မြို့ပြ) EBook
    ဖေဖော်ဝါရီ ၂၅၊ ၂၀၁၄
    M-Media
    မြန်မာမွတ်စလင်မ်တို့၏ လူထုအခြေပြု လူမှု စစ်တမ်းများနှင့် ပြုပြင်ပြောင်းလဲရေး ရည်မှန်းချက်များ ဆိုင်ရာ စာတမ်း (EBook)
    Cover
    ဤစာတမ်းသည် စာရေးသူ ကျော်နေမင်း(မြို့ပြ) ရေးသားပြုစု ထားသော ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော မြန်မာ မွတ်စလင်မ် လူ့အဖွဲ့အစည်း၏ လူမှုဘ၀ စစ်တမ်းများနှင့် ပြုပြင်ပြောင်းလဲရေး ရည်မှန်းချက် ဆိုင်ရာ စာတမ်း ဖြစ်ပါတယ်။
    အဆိုပါ စာအုပ်ငယ်ကို ၂၀၁၃ ခုနှစ် စက်တင်ဘာမှာ အမ်-မီဒီယာမှ မိတ်ဆက်ပေးခဲ့ပါတယ်။ http://goo.gl/qNz2WR
    ယခုအခါ အွန်လိုင်းတွင် စာအုပ်တအုပ်လုံးကို EBook အနေဖြင့် ဖတ်ရှု့နိုင်ရန် PDF ဖိုင်ကို တင်ပေးလိုက်ပါတယ်။
    File Size = 13.5 MB
    Download =>http://goo.gl/T3N3B2
    EBook အတွက် စာအုပ်အား ဓါတ်ပုံရိုက်ပြီး ကူညီပေးပို့ခဲ့တဲ့ ကိုဟန်းဒရစ် ကို M-Media မှ အထူးကျေးဇူးတင်ရှိပါသည်။