News @ M-Media

Tag: MaBaTa

  • မ.ဘ.သ ဗဟို အဖွဲ့ ဥက္ကဌ အင်းစိန် ဆရာတော်နှင့် တွေ့ဆုံခြင်း (စည်သူအောင်မြင့်)

    မ.ဘ.သ ဗဟို အဖွဲ့ ဥက္ကဌ အင်းစိန် ဆရာတော်နှင့် တွေ့ဆုံခြင်း (စည်သူအောင်မြင့်)

    အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး (မဘသ) ဗဟိုအဖွဲ့  ဥက္ကဌ ဘဒ္ဒန္တ အရှင်တိလောကာဘိဝံသ အင်းစိန်ရွာမဆရာတော်နှင့် တွေ့ဆုံခြင်း။
    =========================
    စည်သူအောင်မြင့် တွေ့ဆုံမေးမြန်းသည်။
    .10931381_1225673587449211_771464045033099906_n
    ပြီးခဲ့တဲ့ အောက်တိုဘာ ( ၄ ) ရက်နေ့က ရန်ကုန် သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်းအတွင်းမှာ မဘသ အဖွဲ့ကြီးရဲ့ အမျိုးစောင့် ဥပဒေ အောင်ပွဲ အခမ်းအနား ကျင်းပခဲ့ပါတယ်။ အလားတူ အခမ်းအနားကို မြန်မာနိုင်ငံမြို့နယ် တချို့မှာလည်း ကျင်းပခဲ့ပါတယ်။ လက်ရှိကာလဟာ ရွေးကောက်ပွဲကျင်းပဖို့ အလွန်နီးကပ်နေပြီး ပါတီတွေ မဲဆွယ် စည်းရုံးမှုတွေလည်း လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ ကာလလည်း ဖြစ်ပါတယ်။ ဒီအချိန် တချို့သော အမျိုးစောင့်ဥပဒေ အောင်ပွဲတွေမှာ မဘသအဖွဲ့ဝင် လူပုဂ္ဂိလ်နဲ့ သံဃာတချို့ဟာ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ အမတ်ကို မဲမပေးနဲ့ဆိုတာမျိုး လွှတ်တော်ထဲမှာ အမျိုးစောင့်ဥပဒေကို ဝေဖန်ဆွေးနွေးခဲ့တဲ့ NLD ကို မဲမပေးနဲ့ ဆိုတာမျိုး အတိအလင်း ဟောပြောမှုတွေ ရှိခဲ့ပြီး ပြည်တွင်းပြည်ပသတင်းမီဒီယာတွေကလည်း ဒီကိစ္စကို ဝေဖန်ဖော်ထုတ်တာတွေ ရှိလာပါတယ်။ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး မွန်းတည့်နေ ဂျာနယ်ဟာ မဘသ ဗဟိုရုံးချုပ်အဖြစ် အသုံးပြုထားတဲ့ ဆရာတော် သီတင်းသုံးရာ အင်းစိန်ရွာမကျောင်းတိုက်ဆီ သွားရောက်ပြီး သိလိုသည်များကို ဆရာတော်ထံ မေးမြန်းလျှောက်ထားခဲ့ပါတယ်။ အောက်ဖော်ပြထား သည်များဟာ မဘသ ဗဟိုဥက္ကဌ အင်းစိန်ရွာမ ဆရာတော်ကြီး ပြောကြားထားသည်များ ဖြစ်ပါတယ်။
    .
    မေး။ ။ဆရာတော်တို့ မ.ဘ.သ အဖွဲ့ကြီးအနေနဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ဖို့လိုတယ်ဆိုပြီးတော့ လုပ်ကိုင် ဆောင်ရွက်နေကြတာပေါ့ ဘုရား၊၊ ဒါနဲ့ပတ်သက်ပြီး ဆရာတော်ကြီးက ၀ါတော်အရရော၊ သက်တော်အရရော ကြီးမြင့်တယ်ဆိုတော့ ခေတ်အဆက်ဆက်ကို ဖြတ်သန်းဖူးတော့ တပည့်တော်တို့ တိုင်းပြည်ကို ခေတ်သုံးခေတ် ပိုင်းခြားပြီး မေးပါရစေဘုရား။ လွတ်လပ်ရေးရပြီးခေတ်၊ လွတ်လပ်ရေးရပြီး အချိန်ကနေ ၁၉၆၂ ခုနှစ်ထိ တပည့်တော်တို့ ဘာသာ သာသနာဟာ ဘယ်လို အခြေအနေများရှိခဲ့သလဲ ဘုရား။
    .
    အဲဒီ ခေတ်အခြေအနေတုန်းက ဘာသာ သာသနာနဲ့ ပတ်သက်ပြီးတော့ ပြောပလောက်အောင် အန္တရာယ်များတာ သိပ်မတွေ့ခဲ့ဘူးပေါ့နော်။ အဲဒီတုန်းက ဗုဒ္ဓဘာသာ ကလည်းများတယ်၊ တာဝန်ရှိတဲ့  အုပ်ချုပ်နေတဲ့ ပုဂ္ဂိုလ်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေကလည်း ဗုဒ္ဓဘာသာ ရင့်သန်တဲ့ ပုဂ္ဂိုလ်တွေပဲ များတယ်။ အဲဒီအချိန်တုန်းက ရောက်လာတဲ့ ဘာသာခြား လူမျိုးခြားတွေလည်းပဲ အခုချိန်လောက် များသောအားဖြင့် အခုလတ်တလော ခင်ဗျားတို့လည်း အသိပဲလေ ကမ္ဘာ့အစွန်းရောက်တွေက နောက်ပိုင်း မှများလာတာ။ အဲဒီတုန်းက သိပ်မရှိဘူးလေ။ ၁၉၆၂ ဟိုဘက်တုန်းက သိပ်မကြားရဘူးပေါ့။ ဒီမှာလည်းပဲ အဲဒီ အန္တရာယ်တွေ သိပ်မရှိဘူးလေ။
    .
    မေး။ ။ တင်ပါ့ဘုရား။ ဆိုတော့ ၁၉၆၂ နဲ့ ၁၉၈၈ မှာကျတော့ ဗိုလ်ချုပ်ကြီးနေ၀င်း အာဏာသိမ်းပြီးတော့ အုပ်ချုပ် တာပေါ့နော်။ အဲဒီကာလအပိုင်းအခြားမှာရော ဘယ်လို အခြေအနေရှိလဲဘုရား။
    .
    အဲဒီတုန်းကတော့ စစ်တပ်က အဘက်ဘက်က ထိန်းချုပ်ထားခြင်းကြောင့် ဘာသာခြားလူမျိုးခြား အန္တရာယ်တွေလည်း ပြော ပလောက်အောင် ဒီလောက်ကြီး မရှိဘူးပေါ့နော်။ အခုနောက်ပိုင်း ကာလ ပထမ န. ၀. တ တက်လာတယ်၊ န. ယ. က တက်လာတယ်။ န. ယ. က နောက်ပိုင်းကြတော့ နည်းနည်းလေး လက်ရှိ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေရဲ့ အုပ်ချုပ်မှုအပေါ်မှာ လျော့ရဲတာတွေ၊ လာဘ်စားတာတွေ ဒါတွေ ပေါ်မှာ မူတည်ပြီးတော့ ဘာသာကိုဖျက်ဆီးလိုတဲ့ပုဂ္ဂိုလ်တွေက အခွင့်ကောင်းတွေရလာတယ်။ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ပူးပေါင်းပြီးတော့၊ အဲဒီအချိန်မှာ နည်းနည်းလေး ပြဿနာတွေရှိလာတယ်။ အဲဒါတွေက အခုနောက်ပိုင်းမှာကြတော့ ပိုပြီးတော့ ဆိုးသွမ်းလာတယ်။ အရင်တုန်းကဆိုရင် အများရှေ့မှာ မုဒိမ်းကျင့် တာတို့၊ အရွယ်မရောက်သေးတဲ့လူတွေ လိင်အကြမ်းဖက်မှုတွေ သိပ်မရှိဘူးပေါ့နော်။ အခုနောက်ပိုင်း အဲဒါတွေ တော်တော် သောင်းကျန်းလာတယ်။
    .
    ၁၉၆၂ နဲ့ ၁၉၈၈ ကြားထဲမှာတော့ သိပ်မရှိသေးဘူးပေါ့ဘုရား။ ၁၉၈၈ နဲ့ ၂၀၁၀ ထိ တပ်မတော် အစိုးရ ခေတ်မှာကော ရှိလာပြီလားဘုရား။
    .
    အထိုက်အလျှောက်ရှိလာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘူးသီးတောင်၊ မောင်တော ပြဿနာ တွေ ရခိုင်လူမျိုးတွေ လူမျိုးတုံး သတ်ဖြတ်မှုကိစ္စတွေမှာကြတော့ ထိုက်သင့်သလောက်ရှိလာတယ်။ ဒါပေမဲ့ အစိုးရက နိုင်အောင်ထိန်းနိုင်တယ်။
    .
    မေး။ ။ နိုင်အောင်မထိန်းနိုင်တာ ဘယ်အချိန်ကလဲဘုရား။
    .
    နိုင်အောင်မထိန်းနိုင်တာကတော့ အခုနောက်ပိုင်း အဲဒီ၊ ခန့်မှန်းခြေတော့ ၁၉၈၈ – ၉၉ ခုနောက် ပိုင်းလောက်မှာ နည်းနည်းလေး တဖြည်းဖြည်း လျော့ရဲလာတယ်။ ခုန ဆရာတော် ပြောသလိုလေ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ လာဘ်စားမှုတွေ ဘာတွေက ရှိလာတော့ နောက်ပိုင်းကျတော့ အခု ၂၀၁၀ ပေါ်မှာကျတော့ ပိုများလာတယ်လေ၊ ရခိုင်အရေးအခင်းတို့ မိတ္ထီလာအရေးအခင်းတို့၊ ဥက္ကံအရေးအခင်းတို့ ပေါ်လာတယ်၊ ဒါတွေက သိသိသာသာ ထင်ရှားလာတယ်။
    .
    မေး။ ။အရှင်ဘုရားခုနက ရှင်းပြသလိုဆို ၁၉၉၉ နောက်ပိုင်းမှာ ပြဿနာတွေစဖြစ်ပြီဆိုတော့ ဒီပြဿနာတွေနဲ့ ပတ်သက်လို့ အဓိက တာဝန်ရှိတဲ့သူတွေဟာ ဘယ်သူတွေများဖြစ်မယ်လို့ ဆရာတော်ဘုရားယူဆပါသလဲ ဘုရား။
    .
    ဒါကတော့ အစုံပဲ။ အဓိက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေဆိုတာကတော့ အားလုံး ပြည့်စုံအောင် ဖော်ပြဖို့ကတော့ သိပ်မလွယ်ဘူးပေါ့။ ဒါပေမဲ့ တာဝန်ရှိတဲ့ ထိန်းသိမ်းတဲ့ ပုဂ္ဂိုလ်တွေ၊ အခွင့်ထူးခံပုဂ္ဂိုလ်တွေ အဲဒီဥစ္စာတွေ အားလုံးပဲ ပါပါတယ်။ အဲဒီထဲမှာပဲ ကျန်တဲ့ပုဂ္ဂိုလ်တွေကလဲ ပူးပေါင်းမှု အားနည်းလာတဲ့ ပုဂ္ဂိုလ် တွေရှိတယ်။
    .
    မေး။ ။ အဓိက အစိုးရအာဏာပိုင်တွေကို ဆိုလိုတာလားဘုရား။ သို့မဟုတ် အခြား သာမန်ပြည်သူတွေကို ဆိုလို တာလားဘုရား။
    .
    အစိုးရအာဏာပိုင်တွေပေါ်မှာလည်း နည်းနည်းမူတည်တယ်။ အခွင့်ထူးခံ ပုဂ္ဂိုလ်တွေကလည်း အခွင့်အရေးများများ ယူလာတာလည်း ပါတယ်။ နောက်ပြီးတော့ ကျန်တဲ့ အာဏာပိုင်မဟုတ်တဲ့ ပြည်သူ တွေ၊ အတိုက်အခံတွေ၊ နိုင်ငံရေးသမားတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းတာတွေလည်းပါတယ်။
    .
    မေး။ ။ ဆရာတော်ဘုရားရှင်းပြတဲ့ အဲဒီအချိန်တုန်းကဆိုရင် တပည့်တော်တို့နိုင်ငံကို အန္တရာယ်ကျရောက်စေတဲ့ လူဦးရေ ၀င်ရောက်မှုတွေ ရှိလာပြီပေါ့နော်။ ရှိလာပြီဆိုတဲ့ အချိန်မှာ တာဝန်ရှိတဲ့လူတွေထဲမှာ ဥပမာ NLD
    လို  အဖွဲ့အစည်းမျိုးပေါ့။ အဲဒီ အဖွဲ့အစည်းကော ပါပါလား ဘုရား။
    .
    ခုနက ပြောသလို ပူးပေါင်းဆောင်ရွက်မှုပေါ့။ သူက ပူးပေါင်းဆောင်ရွက်မှုမရှိရင် သူလည်းပါ မှာပဲလေ။ ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့ ပုဂ္ဂိုလ်တွေအကုန်လုံး ပါတယ်လို့ ဆရာတော်တို့ ဆိုလိုတာပါ။
    .
    မေး။ ။ တင်ပါ့။ တပည့်တော်တို့နားလည်သလောက်ဆိုရင် အဲဒီအချိန်တုန်းက NLD ပါတီဆိုတာက ထောင်ထဲ ကိုထည့်ထားခံရတယ်။ လူတွေကိုဖမ်းထားတယ်။ ဒေါ်အောင်ဆန်းစုကြည်ဆိုလည်း နေအိမ် အကျယ်ချုပ်နဲ့။ အဲဒီလို အခြေအနေမျိုးမှာ သူတို့ အနေနဲ့ ဒီကိစ္စကို ဘယ်လိုများ ပူးပေါင်းပါဝင်လို့ ရနိုင်မလဲဘုရား။ ဆရာတော်ဘုရားရဲ့ အတွေ့အကြုံအရ မိန့်ပါဘုရား။
    .
    မဟုတ်ဘူးလေ ဆရာတော်က ဘယ်ကိုပါဝင်တယ်ဆိုတဲ့ဥစ္စာကို မပြောဘူး။ ပူးပေါင်းပါဝင်မှု  မဟုတ်တဲ့ ပုဂ္ဂိုလ်တွေမှန်သမျှ ပါတယ်လို့ ပြောနေတာနော်။ ဘယ်နည်းနဲ့ပဲ ဖြစ်ဖြစ်ပေါ့။ ထောင်ထဲကျသည်ဖြစ်စေ။ မကျသည်ဖြစ်စေ။ ထိုက်သင့်သလောက် အကြံပေးလို့ရတယ်၊ ပြောဆိုလို့ရတဲ့ ဥစ္စာတွေရှိတယ်။ သူ့ကို ပါဝင်တယ်၊ မပါဝင်တယ်ဆိုတာမျိုး ဆရာတော်ပြောလိုတာ မဟုတ်ဘူး။ ဒီအကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာမှုမှာ ကိုင်တွယ်မှုတွေမှာ ပြည်သူတွေပေါ်မှာလည်း တာဝန်ရှိသလို အုပ်ချုပ်ရေးပေါ်မှာလည်း တာဝန်ရှိတယ်။ အဲဒီထဲမှာ ပါဝင်မှုမပါတဲ့ ပုဂ္ဂိုလ်တွေ မှန်သမျှဟာ ပူးပေါင်းတယ်ဆိုတဲ့ သဘောလည်းပြောလို့ရ တယ်။ ဘယ်ပုဂ္ဂိုလ်တွေရယ်လို့ မဟုတ်ဘူး။ အားလုံးပဲ။
    .
    မေး။ ။ ဆရာတော်ဘုရားလည်းရှင်းပြသွား သလိုဆိုရင် ၁၉၆၂ ရှေ့ပိုင်းမှာ တိုင်းပြည်ရဲ့ ဘာသာသာသနာမှာ စွန်းတာထင်းတာတွေ သိပ်ပြီးတော့ အဖြစ်နည်းခဲ့တာပေါ့။ ၁၉၆၂ နောက်ပိုင်း ပြန်ကြည့်လိုက်လို့ရှိရင် တပည့်တော်တို့ တိုင်းပြည်ဟာ အခြားသောနိုင်ငံတွေနဲ့နှိုင်းယှဉ်လို့ မရအောင် အများကြီးနိမ့်ကျသွားတဲ့ အခြေအနေတွေ ဖြစ်ခဲ့ပါတယ် ဘုရား။ ဒီတော့ ပြည်သူအားလုံးက ဒီတိုင်းပြည်ကြီးကို ပြန်ပြီး ဖွံ့ဖြိုးစေချင်တယ်။  တိုးတက်စေချင်တယ်။ လွတ်လွတ်လပ်လပ်နဲ့ နေချင်ကြတဲ့အခါကျတော့ ရွေးကောက်ပွဲကြီးကိုမျှော်ကြတာ ပေါ့ ဘုရား။ မျှော်ကြတော့ ရွေးကောက်ပွဲကြီးမှာ လွတ်လွတ်လပ်လပ် မဲပေးချင်ကြတာပေါ့။ ဒါပေမဲ့ တစ်ဖက်မှာ ဖြစ်နေတာက အထူးသဖြင့် မဘသဆရာတော် တော်တော်များများက မျိုးစောင့်ဥပဒေနဲ့ပတ်သက်ရင် လွှတ်တော်ထဲမှာ ဆွေးနွေးစဉ်ကာလတုန်းက NLD အမတ်တွေက ဒါကို ကန့်ကွက်ဆွေးနွေးတာတွေရှိ ခဲ့တယ်။ အဲဒီလိုဆန့်ကျင်ဆွေးနွေးခဲ့တဲ့အတွက် လာမဲ့ရွေးကောက်ပွဲမှာ NLD ကိုမဲမပေးပါနဲ့လို့ ပြောဆိုစည်းရုံးတာတွေ ရှိနေပါတယ်ဘုရား။ ဆိုတော့ ပြည်သူတွေလွတ်လပ်ပိုင်ခွင့်ကို ဒီလိုမျိုးဘယ်သူ့ကိုမဲပေးပါ၊ ဘယ်သူ့ကိုမပေးပါနဲ့လို့ ပြောဆိုတာဟာ သင့်တော်ပါရဲ့လား။
    .
    ( အခြားသံဃာတစ်ပါး – ဘုန်းကြီးတွေက အမိန့်ပေးလို့မှမရတာ။ အသိပညာပေးတာပဲရှိတယ်။)
    နမူနာတစ်ခု ဆရာတော်ပြောမယ်။ ဒေါ်အောင်ဆန်းစုကြည် ကယားပြည်ခရီးစဉ်မှာ တစ်သီးပုဂ္ဂလတွေကို မဲမပေးနဲ့လို့ သူက ပိတ်ပင်တယ်။ သူက ပိတ်ပင်ခွင့်ရှိသလား။ အဲဒီသဘောမျိုးပေါ့။ ကိုယ့်အမျိုးဘာသာ သာသနာကို အန္တရာယ်ဖြစ်လာမဲ့ မည်သူ့ကိုမဆို ထိုက်သင့်သလောက် ဒါကတော့ ရှောင်ရှားဖို့လိုအပ်မယ်။ မရှောင်ရှားရင် သူတို့ကို အမျိုးဘာသာ သာသနာဖျက်တဲ့ ပုဂ္ဂိုလ်လက်ထဲထည့် ပေးသလို ဖြစ်မှာပေါ့။ ဘယ်ပုဂ္ဂိုလ်ရယ်လို့ NLD ရယ်လို့ ပြောတာမဟုတ်ပါဘူး။ အမျိုးဘာသာ သာသနာဖျက်မဲ့ သူတွေကိုတော့ ရှောင်ရှားဖို့လိုအပ်တယ်။ သူကဖျက်မလား မဖျက်ဘူးလား။ မဖျက်ရင် ရှောင်ရှားစရာမလိုဘူး။ ဖျက်ရင်တော့ ရှောင်ရှားဖို့လိုအပ်မယ်ပေါ့။
    .
    မေး။ ။ နောက်ဆုံးပေါ့ ဘုရား။ ဆရာတော်ဘုရားရဲ့ တစ်ပါးချင်း အမြင်ဆိုရင်ပေါ့။ ဆရာတော်ဘုရားရဲ့ ၀ါတော်သက်တော် ကြီးရင့်မှုအရ မြင်တွေ့ရပြီ ထင်ပါတယ်။ တပ်မတော်အစိုးရဆို ဘယ်သူတွေလဲ။  ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဆရာတော်တွေ့ခဲ့တယ်။ NLD ဆရာတော်တွေ့ခဲ့တယ်။ ဆရာတော် တစ်ပါးချင်းအနေနဲ့ NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးဘာသာ သာသနာကို ဖျက်ဆီးမဲ့ ပုဂ္ဂိုလ်တွေရဲ့ ပါတီလို့ယူဆပါသလား။
    .
    ဒါတွေက ဆရာတော်တို့က ပုဂ္ဂိုလ်တိုက်ရိုက်၊ ပါတီတိုက်ရိုက်ကို မပြောလိုပါဘူး။ အမျိုးဘာသာ သာသနာအတွက် အကျိုးပြုတဲ့ပုဂ္ဂိုလ်လား အကျိုးမပြုတဲ့ပုဂ္ဂိုလ်လား။ လက်ရှိလုပ်ငန်းပေါ်မှာပဲ အကျိုးပြုသလား အဲဒီ စံအပေါ်မှာပဲ မူတည်ပြီး အကျိုးမပြုဘူး အနှောင့်အယှက် ဖြစ်လာတယ်ဆိုရင်တော့ ဒီပုဂ္ဂိုလ်က ထိုက်သင့်သလောက်တော့ ရှောင်ရှားဖို့ လိုအပ်မယ်။ အကျိုးပြုတဲ့ ပုဂ္ဂိုလ်ဆိုရင်တော့ လက်တွဲဖို့ လိုအပ်တယ်ဆိုတဲ့ သဘောပေါ့။ ဆရာတော် တစ်နေ့ကပဲ ကယားပြည်နယ် မော်ချီးဒေသ ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ကယ်ဆယ်ဖို့ လုပ်ရင်း အဲဒီထဲမှာ သဘောထားထုတ်ပြန်ချက် တစ်ခု ထည့်လိုက်ပါတယ်။ အဲဒီမှာတွေ့ပါလိမ့်မယ်။ တကယ်တော့ လက်ရှိ လူတစ်စုကောင်းစားရေး အာဏာရှင်စနစ်ကတော့ ပြောင်း လဲရေးလိုအပ်နေပြီ။ ဒါပေမဲ့ အမျိုးသားရေးလက္ခဏာ မပျောက်ပျက်ဖို့ အရေးကြီးတယ်။ အမျိုးသားရေးလက္ခဏာဆောင်တဲ့ အပြောင်းအလဲဖြစ်ဖို့ လိုအပ်တယ်ဆိုတဲ့သဘောမျိုး ဆရာတော်ပြော ပြီးပြီ။ ဆရာတော်တို့က အာဏာရှင်ကိုလည်း မလိုလားဘူး။ အပြောင်းအလဲလိုအပ်တယ်။ အပြောင်းအလဲ ဆိုတာက ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်ဘာသာ သာသနာအတွက် အကျိုးပြုမဲ့ အပြောင်းအလဲ ဖြစ်စေချင်တယ်။ ကိုယ့်လူမျိုး ကိုယ့်ဘာသာသာသနာအတွက် အန္တရာယ်ဖြစ်စေမဲ့ အပြောင်းအလဲမျိုးကိုတော့ ရှောင်နိုင်သလောက် ရှောင်ဖို့ လိုအပ်မယ်။ ဒါ ဆရာတော်တို့က မဲဆွယ်ပိုင်ခွင့် မရှိဘူး။ အသိပေးတာပဲ ရှိတယ်။
    .
    ဘယ်သူ့ကိုမဲပေးပါ ဘယ်သူ့ကိုမဲမပေးပါနဲ့ ဆိုတာတော့ မပြောပါဘူး။
    .
    မွန်းတည့်နေဂျာနယ် အတွဲ ၂ ၊ အမှတ်(၃၂) မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

  • တာထွက်လဲသည့် “မ.ဘ.သ”

    တာထွက်လဲသည့် “မ.ဘ.သ”

    အောက်တိုဘာ ၁၇ ၊ ၂၀၁၅
    M-Media

    သဘောထား တင်းမာသော အမျိုးသားရေးဝါဒီ အုပ်စု မဘသ ၏ နောက်ဆုံးအဆင့် နိုင်ငံရေး အမြတ်ထုတ်မှုဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အတွက် ထောက်ခံပွဲတွင် လော်ဘီ အုပ်စုတွင်း ရှေ့နောက်မညီသော အသွင် လက္ခဏာများ ပေါ်လွင်လာခဲ့သည်။

    -ma-ba-tha-zarni-phyo
    အောက်တိုဘာ ၄ ရက်တွင် ရန်ကုန်မြို့ တွင် ပြုလုပ်ခဲ့သည့်အမျိုးစောင့်ဥပဒေ အောင်ပွဲ အခမ်းအနား တက်ရောက်လာသည့် အမျိုးသားရေး ၀ါဒီ သံဃာတော်များ

    မ.ဘ.သ အဖွဲ့သည် အငြင်းပွားဖွယ် အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ခဲ့ခြင်းနှင့် ပတ်သက်၍ ထပ်မံစုရုံးပြီး ဆွေးနွေးနှီးနှောကြရန် စီစဉ်နေကြောင်း ဒေသခံ အဖွဲ့ခွဲများထံပေးပို့သည့် မဘသ ဗဟိုကော်မတီ၏ ညွှန်ကြားချက်တစ်ရပ်အရ သိရသည်။ သို့သော် လူထုထံ ထုတ်ဖော်ပြောကြားခြင်းဖြင့် အာဏာရ USDP ပါတီအတွက် မဲများ ဆုတ်ယုတ်နိုင်သောကြောင့် သတင်းအမှောင်ချထားသည်ဟု အဖွဲ့ဝင်များက ဆိုသည်။

    “ရွေးကောက်ပွဲနီးလာတာနဲ့အမျှ နိုင်ငံတစ်ဝှန်း မြို့နယ်တွေမှာ အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေးအတွက် လူသိရှင်ကြား သတင်းဖြန့်ဖို့ မှာကြားထားပါတယ်။ ဒါ့အပြင် မဘသ အလိုကျ မျိုးစောင့်ဥပဒေများရဲ့ အရေးပါမှုကို ထပ်ပြန်တလဲလဲ ပြောကြား ရမှာဖြစ်တယ်။ ဒီဥပဒေပြဋ္ဌာန်းနိုင်အောင် အကောင်အထည်ဖော်ပေးခဲ့တဲ့ USDP ပါတီအတွက် မဲဆန္ဒရှင်တွေဆီက မဲတွေကို သဲ့ယူနိုင်ဖို့ တိုက်တွန်းဖွယ်ရှိနေပါတယ်။ တစ်နည်းဆိုရရင် USDP အတွက် ကမ်ပိန်း လုပ်နေတာပါပဲ။ လက်ရှိအစိုးရအတွက် မဲရအောင် ရက်ပိုင်းအတွင်း လှုပ်ရှားမှု စတင်လိုက်ဖို့ စီမံပြင်ဆင်ထားပြီးဖြစ်ပါတယ်” ဟု အမည်မဖော်လိုသူ မဘသ ခေါင်းဆောင်တစ်ဦးမှ ပြော၏။

    သို့သော် မိမိ၏အဖွဲ့အစည်းမှ နိုင်ငံရေးပါတီတစ်ခုအား ကျားကန်ပေးရေး တိုက်တွန်းချက်အပေါ် မဘသ အဖွဲ့တည်ထောင်သူနှင့် နာယဖြစ်သူ အင်းစိန်ရွာမ ဆရာတော် ဦးတိလောကာ ဘိဝံသမှ ငြင်းဆန်ထား၏။ မဘသ အဖွဲ့သည် ကမ်ပိန်းလုပ်ရန် ညွှန်ကြားခံရမှု မရှိကြောင်း၊ လူထုကို ပညာပေးဖို့သာဖြစ်ကြောင်း၊ မည်သည့်နိုင်ငံရေးပါတီ (၀ါ) အဖွဲ့အစည်း၏ အစီအမံကို ဖော်ဆောင်ပေးမည် မဟုတ်ကြောင်း၊ အဖွဲ့၏ရည်ရွယ်ချက်ဖြစ်သည့် အမျိုးဘာသာ သာသနာအရေးကိုသာ ဦးတည်စူးစိုက်သွားမည်ဖြစ်ကြောင်း ဆိုပါသည်။
    ထိုစကား၏အခြားတစ်ဖက်တွင်တော့ သမ္မတ ဦးသိန်းစိန်၏ အားပေး ခွင့်ပြုချက်ဖြင့် သုဝဏ္ဏ အားကစားရုံအတွင်း ကျင်းပသော မျိုးစောင့်ဥပဒေအောင်ပွဲ၌ မဘသခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဝီရသူက လက်ရှိအစိုးရသည်သာ ယခုရွေးကောက်ပွဲ၏ အကောင်းဆုံးရွေးချယ်မှုဖြစ်ကြောင်းဆို၍ သမ္မတ ဦးသိန်းစိန်အား ထောက်ခံပြောဆိုသွားသည်။ သို့သော် မိမိသော်လည်းကောင်း၊ မိမိ၏ ဘက်တော်သားများသော် လည်းကောင်း ကမ်ပိန်းများပြုလုပ်သွားမည်မဟုတ်ဟု အသိပေးခဲ့သည်။

    မဘသ အဖွဲ့သည် ဘာသာရေးနှင့်နိုင်ငံရေး အကြားရှိ အကန့်အသတ်ကို ချိုးဖျက်နေသလို ၎င်း၏ မွတ်စ်လင်မ် ဆန့်ကျင်ရေး အစီအမံများနှင့် အစွန်းရောက် အမျိုးသားရေးဝါဒီ အင်အားများအားဖြင့် ရွေးကောက်ပွဲကို လမ်းချော်အောင် ခြယ်လှယ်နေသည်ဟု အပြင်းအထန် ဝေဖန်ခံနေရပြီဖြစ်သည်။

    တစ်ချိန်က သံဃာတော်များအား တိုက်ခိုက်ခဲ့သည့် အာဏာရပါတီအပေါ် လက်ခံမှုများ ဖြစ်လာအောင် USDP  အတွက် မဲဆွယ်ပေးစေသည့် နောက်ဆုံး အစီအစဉ်ဖြစ်ကြောင်း ဝေဖန်မှုများ ရှိနေကြ၏။

    “အမျိုးသားရေးကို ကာကွယ်ခြင်းနဲ့ USDP ကိုအားပေးထောက်ခံခြင်းဆိုတဲ့ မဘသရဲ့ လမ်းစဉ်ဟာ သူတို့ရဲ့ဦးတည်ချက်တွေနဲ့ ဖီလာ ဆန့်ကျင်နေပါတယ်။ USDP က အမျိုးသားရေးနဲ့ သာသနာရေးအကျိုးစီးပွားကို မကာကွယ်ခဲ့ပါဘူး။

    လက်ပံတောင်းကြေးနီစီမံကိန်းအရေးမှာ သံဃာတော်တွေကို တိုက်ခိုက်မှု၊ လယ်တီဆရာတော်ဘုရားရဲ့သိမ်တော်ကို စီးနင်းမှုတွေထဲ USDP ရဲ့ ပါဝင်ပတ်သက်မှုကိုသာ စဉ်းစားကြည့်လိုက်ပါ။ မဘသ လို့ခေါ်တဲ့ အမျိုးသားရေးဝါဒီ ဘုန်းကြီးများက အိပ်ပျော်နေလျက် လမ်းထလျှောက်နေကြတာပါ။ သူတို့က ဒီအတိတ်ဖြစ်စဉ်တွေကို တမင် မေ့ဖျောက်စွန့်ပစ်ထားကြလို့ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံရှေ့နေများကောင်စီ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

    အဆိုပါ ၂၀၁၂ ဆန္ဒပြမှုတွင် ရဲတပ်ဖွဲ့ဝင်များက ဖော့စ်ဖရပ်စ်(မီးစုန်းဓာတ်)ပါဝင်သော မီးလောင်ဗုံးများဖြင့် ဖြိုခွဲခဲ့သဖြင့် သံဃာတော်ပေါင်း ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြသည်။

    အာဏာရပါတီအဖွဲ့ဝင်တစ်ချို့သည် မဘသ အဖွဲ့ကို တနင့်တပိုးလှူဒါန်းပေးကမ်းမှုအားဖြင့် မျက်နှာလုပ်နေကြသည်။ ပြီးခဲ့ရက်သတ္တပတ် ပဲခူးတိုင်းဒေသအတွင်း မဲဆွယ်ခရီးစဉ်၌ USDP ပါတီဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းက သာသနာကိုအလွဲ သုံးစားပြု လုပ်လိုသော နိုင်ငံရေးသမားနှင့် အသင်းအဖွဲ့များကို ဝေဖန်ရှုတ်ချခဲ့သည်။

    “နိုင်ငံရေးမှာ ဘာသာရေးကို အသုံးချခြင်းပေါ် ကျွန်တော့်အနေနဲ့ လုံးဝ လက်မခံနိုင်ပါဘူး။ ဒီကိစ္စကို ဖွဲ့စည်းပုံအခြေခံဥပဒေ စည်းမျဉ်းအရရော ရွေးကောက်ပွဲ ဥပဒေအရပါ လက်ခံမထားပါဘူး”။

    နိုင်ငံတော်၏ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၌သော် လည်းကောင်း၊ ရွေးကောက်ပွဲဥပဒေ၌ သော်လည်းကောင်း ဘာသာရေးကို နိုင်ငံရေးမှ ကင်းလွတ်စေရန် ရဟန်း သံဃာများအား မဲပေးပိုင်ခွင့်၊ နိုင်ငံရေးပါတီ ထူထောင်ခွင့်မှ တားမြစ်ပြဋ္ဌာန်းထားသည်။

    ယမန်နေ့အထိ ဦးရွှေမန်းနှင့်အဆက်အသွယ် မရရှိသေးပါ။ လက်ရှိပါတီဥက္ကဋ္ဌ ဦးဋ္ဌေးဦးကမူ အဆိုပါ တို့မီးရှို့မီး သံဃာများနှင့် ပူးပေါင်းထားခြင်း အလျဉ်း မရှိကြောင်း ငြင်းဆိုခဲ့၏။

    “မဘသ ဦးဆောင်ဆရာတော်တွေရဲ့ ပြောကြားချက်များကို ကျွန်တော်တို့အားလုံး ကြားသိကြပါတယ်။ သူတို့က အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ဖို့ ဆောင်ရွက်နေတာပါလို့ ပြောခဲ့တာပါ။ USDP ကို မဲပေးဖို့ မပြောဆိုခဲ့ကြပါဘူး။ အမျိုးသားရေးကို ကာကွယ်မယ့် – မဘသ လုပ်ငန်းစဉ်ကို ထောက်ခံမယ့် ပါတီတွေကို မဲပေးကြဖို့ ဟောပြောခြင်းသာ ဖြစ်ပါတယ်”။

    ဤအတောအတွင်း နိုင်ငံရေးလောကထဲ မဘသ၏ လှမ်းဝင်လာပုံနှင့် စပ်လျဉ်း၍ အမျိုးမျိုးအဖုံဖုံသော သတင်းများ ထွက်ပေါ်လျက်ရှိသည်။ သုဝဏ္ဏ အားကစားရုံတွင် ကျင်းပသော မျိုးစောင့်ဥပဒေဖြစ်မြောက်ခြင်း အောင်ပွဲခံအခမ်းအနား၌ အင်းစိန်ရွာမ ဆရာတော်က ဘာသာ သာသနာကို ကာကွယ်လိုမှုကြောင့် လူ့ဘောင်လောကီ အရေး ၀င်ရောက် စွက်ဖက်ရခြင်းမှာ မှန်ကန် မျှတမှုရှိကြောင်း၊ ဗာတီကန်၌ ကွန်မြူနစ်ဝါဒ အဆုံးသတ်စေမှု အပါအ၀င် အနောက်တိုင်း ရာဇ၀င်မှ ဘာသာရေးဆိုင်ရာ စံနမူနာကဲ့သို့ ပြုကျင့်ရန် ဆော်သြခဲ့သည်။ ၎င်းအပြင် ဗုဒ္ဓဘာသာ နိုင်ငံတော် ထူထောင်ရေး ဥပဒေ တစ်ရပ်ပြဋ္ဌာန်းနိုင်ရန်အတွက်လည်း တိုက်တွန်းသွား၏။ သို့သော် မဘသအဖွဲ့တံဆိပ် ကပ်ထားသည့် NLD ဆန့်ကျင်ရေး စီဒီခွေနှင့် လက်ကမ်းစာစောင်များကို အဆိုပါ စုရုံးမှု၌ ဖြန့်ဝေခဲ့ကြသည့်တိုင် ယင်းပစ္စည်းပစ္စယများနှင့်ပတ်သက်၍ တာဝန်မရှိကြောင်း ငြင်းဆိုခဲ့ကြသည် သာမက နိုင်ငံရေးလှုပ်ရှားမှုထဲ မိမိတို့အဖွဲ့၏အမှတ်တံဆိပ်အား လိုရာဆွဲ အသုံး မပြုရန် မဘသမှ တားမြစ် စကားဆိုခဲ့သည်။

    စစ်တပ်ကျောထောက်နောက်ခံ အလိုတူအလိုပါ မြန်မာ ဦးပိုင်လီမီတက်မှ အောင်ပွဲခံ အခမ်းအနား တက်ရောက်လာသော သံဃာ ၂၀၀၀ ကျော်ကို ကျပ်ငွေ သုံးသိန်းတန် ရွှေရင်ထိုးတစ်ခုစီ ပေးအပ်ခဲ့ကြောင်း သတင်းထွက်လာသောနေ့က ဗူးပေါ်သလို ပေါ်လွင်သွား သဖြင့် မဘသ အဖွဲ့ဝင်များ အထိနာသွားကြသည်။ သို့ပင်သို့ငြားလည်း မြောက်ဥက္ကလာပမြို့နယ် အခမ်းအနားတစ်ခု၌ ဆရာတော် ဦးသြဘာသဆိုသူမှာ နောက်လိုက်သား လူဝတ်ကြောင် ၆ ဦးကို အမျိုးသားရေး အားပေးကူညီပေးခြင်းအတွက် ထိုရင်ထိုးများဖြင့် ဂုဏ်ပြုချီးမြှင့်ခဲ့သည်ဟု  မဘသ အဖွဲ့ဝင်များ၏ အဆိုအရ သိရပေသည်။

    ××××××××××××××××××
    The Myanmar Times တွင် အောင်ကျော်မင်း ရေးသားသည့်  Divisions as Ma Ba Tha begins ‘campaigning’ သတင်းဆောင်းပါးကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင်ပြန်ဆိုထားခြင်းဖြစ်သည်။

  • ဒေါ်စုရဲ့ ရခိုင်မဲဆွယ် ခရီးစဉ် ဖျက်သိမ်းဖို့ အမျိုးသားရေးဝါဒီ မ.ဘ.သ ရခိုင်ဘုန်းကြီးတပါး ပြော

    ဒေါ်စုရဲ့ ရခိုင်မဲဆွယ် ခရီးစဉ် ဖျက်သိမ်းဖို့ အမျိုးသားရေးဝါဒီ မ.ဘ.သ ရခိုင်ဘုန်းကြီးတပါး ပြော

    အောက်တိုဘာ ၁၄၊ ၂၀၁၅
    M-Media

    12140665_775303642591590_8644166327547080417_n
    ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဲမွန်တပ်မြို့ မဲဆွယ်ခရီးစဉ် ဓါတ်ပုံ (NLD)

    ယခုရက်သတ္တပတ်အတွင်း လာရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်ဟာ ဘာသာရေးတင်းမာမှုနဲ့ ဆန္ဒပြမှုတွေဖြစ်လာအောင် လှုံ့ဆော်ချက်တစ်ခု ဖြစ်သွားဖွယ်ရာရှိတယ်လို့ ဆိုပြီး Arakan Natonal Party – ANP ပါတီကို ထောက်ခံအားပေးတဲ့ အမျိုးသားရေးဝါဒီ ဘုန်းတော်ကြီးတစ်ပါးက ဒ်ီခရီးစဉ်ကို ဖျက်သိမ်းလိုက်ဖို့ ပြောကြား လိုက်ပါတယ်။

    “NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရခိုင်ပြည်နယ်ကို မလာသင့်ဘူး။ သူလာရင် ပြဿနာတက်လိမ့်မယ်။ တကယ်လို့ သူမ မလာခဲ့ရင် ပြည်သူတွေက ခါတိုင်းလို ပိုနေမြဲ ကျားနေမြဲ အေးချမ်းနေမှာဖြစ်တယ်”။

    ဆရာတော် ဦးအိန္ဒြာသာရက ငပလီကမ်းခြေအနီးမှာရှိတဲ့ သူ့ရဲ့ပုလဲရတနာကျောင်းတိုက်မှာ မြန်မာတိုင်းမ်ကို ပြောကြား ခဲ့ခြင်းဖြစ်ပါတယ်။ သူဟာ သဘောထား တင်းမာတဲ့ သံဃာများအဖွဲ့ မဘသရဲ့ အမာခံ အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ သူမရဲ့ခရီးစဉ်အပေါ် ကန့်ကွက်ဆန္ဒပြဖို့ လူတွေရဲ့ပြောဆိုမှုများကို ကြားသိရကြောင်း၊ ဒီကိစ္စ ဖြစ်လာနိုင်စရာရှိကြောင်း၊ သို့သော် သံဃာတော်များက ပါဝင်ပူးပေါင်းမှာ မဟုတ်ဘူးလို့ မိမိမျှော်လင့်ပါကြောင်း ထပ်တိုးဖြည့်စွက်ခဲ့ပါသေးတယ်။

    အဲ့ဒီလို ဆန္ဒပြမှုများက အကြမ်းဖက်မှု ဖြစ်ပေါ်သွားစေနိုင်ပါသလားလို့ မေးမြန်းတဲ့အခါ သူက မိမိမသိကြောင်း ဖြေဆိုပါတယ်။ ယမန်နေ့ကအထိ ဒေသတွင်း နိုင်ငံရေးပါတီများဟာ ဒီခရီးစဉ်နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှု မရှိကြပါဘူး။ ဒါပေမယ့် မြန်မာ့နိုင်ငံရေး သုတေသီများက ဒေါ်စုကြည်ရဲ့ခရီးစဉ်ဟာ အန္တရာယ်ရှိနိုင်တယ်လို့ ခန့်မှန်းဖော်ပြထားကြပါတယ်။

    “ရခိုင်ပြည်နယ်အတွက် တစ်ခုတည်းသော အကောင်းဆုံးပါတီက ANP ပါပဲ။ ရခိုင်သားတွေ တစ်ဦးမှ ဒေါ်အောင်ဆန်းစုကြည်ကို မကြိုက်ကြဘူး” လို့ ဦးအိန္ဒြာသာရက ဆိုပါတယ်။

    ရိုဟင်ဂျာလူနည်းစုဝင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး နှုတ်ဆိတ်နေခဲ့တဲ့ အတွက် နိုင်ငံတကာ က ဒေါ်စုကြည်ကို ပြင်းပြင်းထန်ထန် ဝေဖန်ထားပါတယ်။ သို့ပင်သို့ငြားလည်း မြန်မာပြည်က လူတွေ အများစုကတော့ မွတ်စ်လင်မ်လူ့အဖွဲ့အစည်းကို ထောက်ခံသူအဖြစ် သူမအပေါ် အမြင်ရှိနေကြပါတယ်။ ဒီလိုနှုတ်ဆိတ်နေခဲ့မှုကြောင့် အသက် ၇၀ အရွယ် နိုဘယ်ဆုရှင်ကို ရိုဟင်ဂျာလူ့အဖွဲ့အစည်းဝင်အများအပြားကလည်း ဗမာလူမျိုးကြီးဝါဒီအဖြစ် သံသယရှိနေပါတယ်။ သူမဟာ ရခိုင်ပြည်နယ်ထဲက တောင်ကုတ်၊ သံတွဲနဲ့ ဂွမြို့တွေဆီ အောက်တိုဘာ ၁၆ မှ ၁၈ ရက်အတွင်း သွားရောက်ဖို့ လျာထားပါတယ်။

    “သူမဟာ ရခိုင်ကို လုံးဝ စိတ်မ၀င်စားခဲ့ဖူးပါဘူး။ အခုမှ ဘာဖြစ်လို့ လာချင်ရတာလဲ။ ဘာဖြစ်လို့လဲဆိုတော့ မွတ်စ်လင်မ်တွေဖက် ရပ်တည်လို့ပဲဖြစ်တယ်။ ဒီကို ပြဿနာလာရှာဖို့သက်သက် လာတာပါ။ ဒီနယ်က သံဃာအားလုံး မဘသတွေချည်းပါပဲ။ လူတွေကလည်း သံဃာ့သြ၀ါဒအတိုင်းပဲ လိုက်နာပါတယ်” လို့ ဦးအိန္ဒြာသာရက ထပ်လောင်းပြောကြားပါတယ်။

    ၂၀၁၂ ခုနှစ်ကတည်းက စလာတဲ့ ဘာသာရေး လူမျိုးရေးအကြမ်းဖက်မှုတွေကြောင့် ရခိုင်ပြည်နယ်မှာ လူပေါင်း ၂၀၀ ကျော် သေဆုံးပြီး တစ်သိန်းလေးသောင်းအထက် အိုးမဲ့အိမ်မဲ့ဘ၀ ဆိုက်ရောက်ခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းတစ်ခြမ်းလုံးမှာ အကြမ်းဖက်မှုတွေ တင်းမာမှုတွေ ဖြစ်နေခဲ့သလို တောင်ဖက်ခြမ်းမှာလည်း ဘာသာရေးပဋိပက္ခတွေကို တွေ့မြင်ရပါတယ်။ ၂၀၁၃ ခုနှစ် စက်တင်ဘာလအတွင်း သံတွဲမြို့နယ်ထဲ မတည်ငြိမ်မှုကူးစက်လာပြီး ရခိုင်ရွာသားများက ကမန် မွတ်စ်လင်မ်ရွာများကို တိုက်ခိုက်ခဲ့ကြတယ်။ ကမန်လူမျိုး ၅ ဦး သတ်ဖြတ်ခံရပြီး ပြန်လည်ခုခံမှုကြောင့် ရခိုင်လူမျိုး ၄ ဦး ဒဏ်ရာရသွားတယ်လို့ သတင်းများက ဆိုကြပါတယ်။

    မဘသဟာ ဘာသာရေးဝိနည်းနဲ့ မလျော်ညီတာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ ကျောထောက်နောက်ခံပြုချက် ရှိနေတာ စတဲ့ အငြင်းပွားဖွယ်စကားတွေအကြားက ANP ကို ဦးအိန္ဒြာသာရရဲ့ လူမြင်သူမြင်ထောက်ခံရပ်တည်ကြွေးကြော်မှု ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။

    အခြားသော မဘသဘုန်းတော်ကြီးတွေက USDP ကို တိုက်ရိုက်/သွယ်ဝိုက် ထောက်ခံနေကြပေမယ့်လည်း ဘာကြောင့် တိုင်းရင်းသားပါတီတစ်ခုကိုမှ ရပ်တည်အားပေးရတာလဲ၊ အခြားမဘသခေါင်းဆောင်တွေနဲ့ တိုင်ပင်ထားခြင်း ရှိမရှိ ဆိုပြီး မေးမြန်းလျှောက် ထားပါတယ်။ နိုင်ငံရေးဆိုတာ အဖွဲ့ဝင်ဘုန်းတော်ကြီးတွေအကြား ဆွေးနွေးစရာမလိုအပ်တဲ့အရာပါ။ NLD ရော USDP ပါ ရခိုင်များရဲ့ လိုအပ်ချက်နဲ့ အမျိုးဘာသာသာသနာကို ထိန်းသိမ်းစောင့်ရှောက်မှာ မဟုတ်ဘူး၊ ဘယ်သူ့ကို မဲပေးရမလဲလို့ လူတွေမေးလာရင် ANP  ကိုသာ ရွေးချယ်ပါဆိုပြီး ပြောပါမယ်၊ အစိုးရဖက်ကို မရပ်တည်ဘူး၊ ရခိုင်လူထုဖက်ကိုသာ ရပ်တည်ပါမယ်လို့ ဖြေကြားခဲ့ပါတယ်။

    မည်သို့ဆိုစေ သံတွဲမြို့ ANP ပါတီဒုဥက္ကဋ္ဌ ကိုမောင်မောင်ဖြူကတော့ ပါတီနဲ့ ဘာသာရေးအဖွဲ့ အကြား ဆက်နွှယ်ချက်အပေါ် အထူးတလည် သဘောမထားဘဲ “ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ကြောင့် ပြဿနာတက်မယ်လို့ ကျွန်တော် မယုံကြည်ပါဘူး” လို့ ပြောကြားပါတယ်။

    သံတွဲမြို့ USDP ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းမောင်မောင်သိန်းကလည်း “ဘာပြဿနာမှ မဖြစ်နိုင်ပါဘူး။ သူမဟာ လူထုကြားထဲ ဘေးကင်း စွာ သွားလာနိုင်ပါလိမ့်မယ်” ဆိုပြီး အဆိုပါအမြင်အတိုင်း ပြောပါတယ်။
    ရာပေါင်း များစွာသော လူတွေဟာ ယမန်နေ့က သံတွဲမြို့ပေါ် NLD ထောက်ခံပွဲပြုလုပ်ရာမှာ မွတ်စ်လင်မ်များလည်းပါဝင်ခဲ့ကြပါတယ်။ ဘာအတားအဆီးမှ မရှိခဲ့ကြပါဘူး။

    “အရှင် အိန္ဒြာသာရနဲ့ ကျွန်တော် တွေ့ဆုံခဲ့ပြီးပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံရေးအကြောင်း မဆွေးနွေးခဲ့ပါဘူး။ သူ့ရဲ့ ပါတီထောက်ခံမှုဟာ သူ့ကိုယ်ပိုင်အမြင်သာဖြစ်မယ်လို့ ကျွန်တော် ထင်ပါတယ်” လို့ ကိုမောင်မောင်ဖြူက ဆိုပါတယ်။
    သို့သော် သံဃာအဖွဲ့အစည်းရဲ့ထောက်ခံအားပေးမှုက ဗုဒ္ဓဘာသာဝင်အများစုကို ကိုင်လှုပ်နိုင်အောင် သြဇာကြီးမားပြီး ပါတီကို အကျိုးအမြတ်ဖြစ်ထွန်းစေကြောင်း သူက လက်ခံထားပါတယ်။ ဒါ့အပြင် ANP ဟာ ရခိုင်ပြည်နယ်မှာ အောင်ပွဲ ရမယ်လို့ မျှော်လင့်ထားကြောင်း၊ ရခိုင်ကို ဒေါ်အောင်ဆန်းစုကြည် မလာစေချင်တဲ့ ဘုန်းတော်ကြီးရဲ့စကားကိုတော့ မထောက်ခံကြောင်း၊ လူထုဟာ မည်သည့်နိုင်ငံရေးသမားရဲ့ပြောကြားချက်ကိုမဆို သွားရောက် နားထောင်ပြီး မိမိဖာသာ ဆုံးဖြတ်ဖို့ အလေးအနက် တိုက်တွန်းလိုပါကြောင်း၊ သို့သော် မိမိအနေနဲ့ NLD မဲဆွယ်ပွဲတက်ရောက်ဖို့ အားလပ်မှာမဟုတ်ကြောင်း သူက ပြောပြပါတယ်။

    ရန်ကုန်က NLD ဗဟိုကော်မတီအဖွဲ့ဝင် ဦးဝင်းထိန် က “ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ဟာ မည်သည့်နေရာကိုမဆို သွားရောက်နိုင်ခွင့် ရှိပါတယ်။ အဲ့ဒီဆရာတော်ရဲ့ စကားကို တုန့်ပြန်ဖို့ ဆန္ဒ မရှိပါဘူး။ ရခိုင်ပြည်နယ်ခရီးစဉ်အတွက် အသေအချာ စီမံထားပြီးဖြစ်လို့ စိုးရိမ်ပူပန်စရာ မရှိပါဘူး” လို့ ပြောကြားလိုက်ပါတယ်။

    Xxxxxxxxxxxxxxxxxxxxxx
    The Myanmar Times မှ Piona Macgregor ရေးသားသည့် Nationalist Monk tells NLD leader to avoid Rakhine သတင်းဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင်ပြန်ဆိုသည်။

  • မ.ဘ.သ အဖွဲ့ ၏အဆုံးသတ်ပစ်မှတ် NLD

    မ.ဘ.သ အဖွဲ့ ၏အဆုံးသတ်ပစ်မှတ် NLD

    စက်တင်ဘာ ၂၇ ၊ ၂၀၁၅
    M-Media

    12049635_1085279841516167_5911873362568271202_n
    ဓါတ်ပုံ ဧရာဝတီ

    အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ မဘသအဖွဲ့ အပေါ် သိက္ခာချတဲ့ တာဝန်မဲ့ စကားများပြောကြားပြီး မိမိတို့ရဲ့ဗုဒ္ဓဘာသာ ကာကွယ်စောင့်ရှောက်ရေးကြိုးပမ်းချက်များကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေကြောင်း မဘသ အဖွဲ့ဝင် အမျိုးသားရေး ၀ါဒီဘုန်းကြီးများက တန်ပြန် တံဆိပ်တပ်ခဲ့ပါတယ်။

    မဘသအဖွဲ့ဗဟိုကော်မတီရဲ့ ထုတ်ပြန်ချက် တစ်ရပ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီဟာ ဆိုရှယ်မီဒီယာကဖြစ်စေ၊ ဘုန်းတော်ကြီးကျောင်း ကွန်ရက်များကဖြစ်စေ အစွန်းရောက် အမျိုးသားရေးဝါဒီများရဲ့ နိုင်ငံနဲ့အ၀ှမ်း အပုပ်ချတိုက်ခိုက်မှုကို ဘယ်လိုခံနေရကြောင်း ထပ်မံ မီးမောင်းထိုးပြသလိုက်ပါတယ်။

    NLD ပါတီကို သိက္ခာချဖို့၊ နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲမှာ မဲမပေးကြဖို့ အတွက် မဘသ အုပ်စုများဟာ တရားပွဲတွေ၊ လက်ကမ်း စာစောင်နဲ့ စီဒီခွေများဖြန့်ဝေခြင်းကို အသုံးချနေတယ်လို့ NLD ထိပ်တန်း ပါတီဝင်များက စက်တင်ဘာ ၂၁ ရက်မှာ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဧရာဝတီတိုင်းက မြို့နယ်သုံးခု၊ တနင်္သာရီနဲ့ စစ်ကိုင်းတိုင်းက တစ်မြို့နယ်စီမှာ အဆိုပါနည်း အတိုင်း ပါတီကို တိုက်ခိုက်ခဲ့ကြောင်း ဆိုပါတယ်။

    နိုင်ငံရေးထဲ ဘာသာရေးကို တလွဲ အသုံးချနေကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆီ အကြောင်းကြား တိုင်တန်းခဲ့သော်လည်း အစိုးရဖက်က မည်သည့် အရေးယူမှု မရှိတာကို တွေ့ရတယ်လို့ ဦးဝင်းထိန်က ပြောကြားပါတယ်။

    ‘မဘသအဖွဲ့က ထုတ်ဝေဖြန့်ချိတဲ့ လက်ကမ်း စာစောင်တွေနဲ့တစ်ကွ ဓာတ်ပုံတွေ ကျွန်တော်တို့ဆီမှာ ရှိပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားခဲ့ပါတယ်။ ဒါပေမယ့် ခုချိန်ထိ ပြန်ကြားမှု မရှိသေးပါဘူး’ ။

    စက်တင်ဘာ ၂၃ ရက်နေ့ မဘသအဖွဲ့ထုတ်ပြန်ချက်မှာ မဘသဟာ မည်သည့်အဖွဲ့အစည်း မည်သည့်ပါတီနောက် မလိုက်ခဲ့ပါ။ သို့သော် အမျိုးဘာသာ ကာကွယ်စောင့်ရှောက်ရေး အတွက် မည်သည့်အုပ်စုနှင့် မဆို ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။ ဘယ်ပါတီကိုမှ မတိုက်ခိုက်ကြောင်း ငြင်းဆိုခဲ့ပေမယ့် တိုင်းပြည် လူမျိုးဘာသာကို ဖျက်ဆီးဖို့ကြိုးစားနေတဲ့ မည်သည့်လူပုဂ္ဂိုလ်၊ အုပ်စုကိုမဆို ဖယ်ရှားသွားမယ်လို့ အခိုင်အမာ ဆိုပြန်ပါတယ်။

    NLD ရဲ့ထိပ်တန်းခေါင်းဆောင် ဦးတင်ဦးရဲ့မှတ်ချက်များဟာ တာဝန်မဲ့လှကြောင်း၊ အမျိုးဘာသာ သာသနာကာကွယ်ရေးကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတယ်လို့ ယူဆရကြောင်း အဆိုပါထုတ်ပြန်ချက်ထဲ ပါဝင်နေပါတယ်။

    မဘသဗဟိုကော်မတီက ပုံနှိပ် စာရွက်စာတမ်းများ ထုတ်ဝေဖြန့်ချိဖို့ မည်သည့် ညွှန်ကြားချက်ကိုမှ မထုတ်ပြန်ခဲ့ပါဘူး၊ နိုင်ငံရေးထဲ ပါဝင်စွက်ဖက်မှု မရှိပါဘူးလို့ ရန်ကုန် မဘသအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးပါမောက္ခက ဆိုပါတယ်။ သို့တစေ ‘အမျိုးဘာသာသာသနာ ဖျက်ဆီးမယ့်သူအတွက် ပြည်သူတွေရဲ့ မဲပေးမှုကို မလိုလားဘူး’ လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

    မဘသ သို့မဟုတ် မဘသနဲ့ နီးစပ်သူများက မွတ်စ်လင်မ် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ထင်ထင်ရှားရှား ပြုလုပ်နေကြတယ်၊ NLD ဟာ မွတ်စ်လင်မ်တွေနဲ့ အနီးကပ်ဆက်ဆံမှုရှိနေတယ်၊ ပါတီခေါင်းဆောင်ဟာ မွတ်စ်လင်မ်တွေ အပေါ် စာနာသူဖြစ်တယ် စသဖြင့် သတ်မှတ်ပြောဆိုနေကြောင်း ရန်ကုန်နဲ့ အခြားမြို့များက မဲဆန္ဒရှင်များထံမှ သိရပါတယ်။

    လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ တည်ငြိမ်မှုကို ထိန်းသိမ်းကြဖို့ သမ္မတ ဦးသိန်းစိန်က ပြောကြားထားခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ အစိုးရအနေနဲ့ ရိုဟင်ဂျာ မွတ်စ်လင်မ်တွေကို မဲပေးခွင့် ရုပ်သိမ်းကြောင်း၊ မဘသအဖွဲ့ကတင်သွင်းတဲ့ မျိုးစောင့်ဥပဒေလေးရပ်ကို အတည်ပြုပြဋ္ဌာန်းကြောင်း – သမ္မတရုံးက အသိပေးသလိုလိုနဲ့ ဗုဒ္ဓအမျိုးသားရေးဝါဒလှိုင်းတံပိုးထဲ မဲဆန္ဒရှင်များကို မသိမသာ မောင်းသွင်းခဲ့ပါတယ်။

    ယမန်နေ့က ဘုန်းကြီး၊ မယ်သီလရင်၊ အမျိုးသားရေး ၀ါဒအဖွဲ့ဝင်လူငယ်များ ပါဝင်ကြတဲ့ မဘသထောက်ခံသူဦးရေ တစ်သောင်းဝန်းကျင်ရှိ လူအုပ်တစ်အုပ်ဟာ နေပြည်တော်ရဲ့တပေါင်းခန်းမမှာ စုရုံးပြီး မျိုးစောင့်ဥပဒေပြဋ္ဌာန်းမှု အတွက် အောင်ပွဲခံခဲ့ကြပါတယ်။

    ‘အမျိုးဘာသာသာနာ မပျောက်ကွယ်အောင် ထိန်းသိမ်း ကာကွယ်ပေးမယ့် ဥပဒေများကို ဖန်တီးဖော်ဆောင်ခွင့်ရရှိတဲ့အတွက် ၀မ်းမြောက်ကျေနပ်မိပါတယ်။ ဒီဝမ်းမြောက်မှု အပေါ် ဖော်ပြဖို့ရာ စကားလုံး မရှိပါဘူး’ လို့ နေပြည်တော်မဘသအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဦးဝိလာသက ဆိုပါတယ်။

    သမ္မတဦးသိန်းစိန်က သြဂုတ်လအတွင်း မျိုးစောင့် ဥပဒေလေးရပ် အသက်ဝင်ရေး လက်မှတ်ရေးထိုးပြီးနောက် မဘသအုပ်စုဟာ နိုင်ငံအနှံ့ လှည့်လည်အောင်ပွဲခံနေခဲ့ကြပါတယ်။ အဲ့ဒီဥပဒေများက ဘာသာရေးနဲ့လိင်ပိုင်းဆိုင်ရာ ခွဲခြားချိုးနှိမ်မှုကို ဆက်လက် အဓွန့်ရှည်စေတယ်ဆိုပြီး လူ့အခွင့်အရေး အုပ်စုများက ကန့်ကွက်ရှုတ်ချထားခဲ့ကြပြီးလည်း ဖြစ်ပါတယ်။

    အောင်ပွဲခံအခမ်းအနားများအတွက် အစိုးရဖက်မှ ငွေကြေးထောက်ပံ့ပေးကမ်းမှု မရှိပါ။ အမျိုးသားရေးဝါဒီသံဃာများက တစ်သိန်းကျပ်ထည့်ဝင်ကြသလို ရန်ကုန်တိုင်းမဘသအဖွဲ့က ကျပ်ငွေ သုံးသန်း ထောက်ပံ့ပေးကမ်းပါတယ်လို့ ဦးဝိလာသက ပြောပါတယ်။

    မဘသအဖွဲ့ရဲ့အဆိုအရ တိုင်းပြည် အနှံ့အောင်ပွဲခံ အခမ်းအနားများ အတွက် မိုးထိမိုးမိ ဗုဒ္ဓဘာသာ အဖွဲ့အစည်းက ကျပ်ငွေ သန်း ၇၀ လှူဒါန်းခဲ့ပြီး၊ တော်သလင်းလပြည့် စက်တင်ဘာ ၂၈ ရက်နေ့မှာ ရန်ကုန်ကို ပြန်လာစုစည်းကြမယ်လို့ သိရပါတယ်။

    မဘသအဖွဲ့ဟာ ရွေးကောက်ပွဲပြီးတဲ့နောက် ဘယ်အစိုးရ တက်တက် အမျိုးဘာသာသာသနာ အပေါ် မည်သည့်စော်ကားမှုကိုမျှ လက်ခံမှာမဟုတ်ဘူး၊ ဒါကြောင့် ကမ္ဘာဆုံးတိုင် မြန်မာနိုင်ငံမှာ မဘသ ရှိနေမှာဖြစ်ကြောင်း၊ မဘသဟာ နိုင်ငံရေးပါတီအသွင်မျိုး လုပ်ကိုင်ဆောင်ရွက်သွားမှာမဟုတ်သလို လက်ရှိအစိုးရရဲ့သြဇာတည်မြဲအောင်လုပ်ဖို့ ရည်ရွယ်ချက်လည်း မရှိကြောင်း နာမည်ကြီး ဘုန်းတော်ကြီးတစ်ဦးဖြစ်သူ ဦးသောပါကမှ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာ မွတ်စ်လင်မ် လူ့အဖွဲ့အစည်းကို နိုင်ငံမဲ့ ဘ၀ဖြစ်စေခဲ့တဲ့ ၁၉၈၂ နိုင်ငံသားဥပဒေ ပြန်လည်ရုပ်သိမ်းအောင် မည်သည့် နိုင်ငံရေးပါတီကမှ မကြိုးစားကြဖို့ သူက သတိပေးလိုက်ပါတယ်။

    ဆောင်းပါးရှင်  Ei Ei Toe Lwin   ရေးသားပြိး Myanmar Times အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သည့် “Ma Ba Tha takes aim at defamation accusations ” ဆောင်းပါးကို မြင့်မိုရ်မောင်မောင် ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။

  • လွတ်လပ်စွာ ယုံကြည်ကိုးကွယ် ကျင့်သုံးခွင့် ပြောင်ပြောင်တင်းတင်း ချိုးဖောက် ခံနေရပြီလား

    လွတ်လပ်စွာ ယုံကြည်ကိုးကွယ် ကျင့်သုံးခွင့် ပြောင်ပြောင်တင်းတင်း ချိုးဖောက် ခံနေရပြီလား

    စက်တင်ဘာ ၂၃ ၊ ၂၀၁၅
    M-Media
    မိုးစက်နီ ရေးသည်

    Win Zawlatt (333) 22-3-2014 Saturday
    သရုပ်ဖော်ပုံ ကို 7daydaily မှ ယူပါသည်။

    မြန်မာနိုင်ငံတွင် မကြာမီကျရောက်တော့မည့် အစ္စလာမ်ဘာသာဝင်တို့၏ ဘက္ကရီးက်(အီးဒ်ပွဲတော်) တွင် ကုရ်ဘာနီ သားကောင် လှူဒါန်းခြင်း အိဒ်ပွဲတော်အား ကျင်းပခြင်း မပြုနိုင်ရန် အချို့မြို့များတွင် အုပ်ချူပ်ရေးအာဏာပိုင်များနှင့်မ.ဘ.သ အဖွဲ့တို့က တားဆီးခြင်းတို့ကို ပြုလုပ်လျှက် ရှိနေကြသည်။

    မိတ္ထီလာမြို့တွင် မ.ဘ.သ အဖွဲ့မှ မိတ္ထီလာမြို့တွင် အချိန်တန်ကြာ မကျင်းပခဲ့သည်မှာ ကြာပြီဖြစ်သော ယင်းမြို့တွင် သမိုင်းဝင်ဖောင်တော်ဦး မြတ်စွာ ဘုရားပွဲတော်ကြီးကို စက်တင်ဘာ ၂၁ ရက်မှ ၃၀ ရက်နေ့ထိ ကျင်းပမည်ဖြစ်သောကြောင့် အစ္စလာမ် ဘာသာဝင်တို့၏ အီးဒ်ပွဲတော်တွင် အမဲ သားကောင်ပြုလုပ်ခြင်းကို တားမြစ်ပေးရန် အတွက် အာဏာပိုင် အဖွဲ့အစည်းထံသို့ စက်တင်ဘာလ ၂၁ ရက်နေ့က ကြေငြာချက် တစ်စောင်ထုတ်ပြန်ကာ တောင်းဆိုထားသည်။

    ဧရာဝတီတိုင်း ဟသာင်္တမြို့တွင်လည်း အိးဒ်ပွဲတော်တွင် အမဲ သားကောင် မပြုလုပ်ရန် အတွက် ဟသာင်္တ မ.ဘ.သ မှ သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းသို့ ဖိအားပေးနေသည်ဟု ဟသာင်္တမြို့ခံတစ်ဦးက ဆိုပါသည်။

    “ကျွန်တော်တို့ကို သက်ဆိုင်ရာကခေါ်ပြီးတော့ မင်းတို့ ပြသာနာ မဖြစ်ချင်ရင်တော့ မလုပ်ပါနဲ့။ သူတို့ကလည်း တားပေးပါပြောနေတယ်။ ဒီပုံစံအတိုင်းဆို ကျွန်တော်တို့ ဒီနှစ် လုပ်ခွင့်ရမှာ မဟုတ်ပါဘူး။ ဖိအားပေးတောင်းဆိုလာရင်တော့ ကျွန်တော်တို့ဘက်က အလျော့ပေးပေးရမှာပါပဲ။ သူတို့က ဆိတ်လုပ်မယ်ဆိုရင်တော့ လက်ခံပေးမယ်လည်း ပြောပါတယ်” ဟု အဆိုပါဒေသခံ တစ်ဦးက ပြောပါသည်။

    ယင်းက အခုလိုပြုလုပ်နေခြင်းက ဖွဲ့စည်းပုံမှာ ပါရှိနေတဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို သက်ဆိုင်ရာ အာဏာပိုင်တွေ ကိုယ်တိုင်ကိုက ချိုးဖောက်နေခြင်းဖြစ်ပြီး လူများစုက လူနည်းစုကိုသာ အနိုင်ကျင့်နေခြင်းဟုသာ ထင်မြင်မိပါကြောင်း ၎င်းအမြင်ကို သုံးသပ်ပြောဆို ခဲ့ပါသည်။

    မဘသ ဦးဆောင် ဆရာတော် တစ်ပါးဖြစ်သူ အစ္စလာမ် ဆန်ကျင့်ရေး လှုပ်ရှားမှုများကို ဦးဆောင်၍ ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေသည့် ဦးဝီရသူမှလည်း မန္တလေးတိုင်း ဝန်ကြီးချုပ်ထံသို့ အိဒ်ပွဲတော်တွင် နွားများ လှီးဖြတ်ခြင်းကို တားမြစ်ပေးရန် အတွက် စက်တင်ဘာလ ၁၆ ရက်နေ့က မေတ္တာရပ်ခံသည့် စာတစ်စောင်ပေးပို့ထားသည်။

    ထိုမြို့များကဲ့သို့ပင် ဧရာဝတီတိုင်း ပန်းတနော်မြို့တွင်လည်း ကူဝသုလ်ဗလီ ဝတ်ကျောင်းတော်မှ အိးဒ်ပွဲတော်အတွက် ပန်းတနော်မြို့ရှိ ဝတ်ကျောင်းတော် ၁၁ လုံးအတွက် နွားအကောင်ရေ ၃၅ ကောင်အား လှူဒါန်းနိုင်ရန်အတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးထံသို့ လျှောက်ထားကာ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက် ရမှသာလုပ်ရန် ဆုံးဖြတ်ခဲ့ကြသော်လည်း ပန်းတနော်မြို့နယ် ဇီဝိတဒါန(ကျွဲ၊နွား) ကယ်ဆယ်ရေး အဖွဲ့မှ လုံးဝ (လုံးဝ) ခွင့်မပြုနိုင်ကြောင်း အသိပေး အကြောင်းကြားစာကြောင့် ဂေါပက အဖွဲ့အနေနှင့် ကျွဲ၊နွားများကို မပြုလုပ်တော့ဘဲ အခြားသားကောင်များဖြင့်သာ အသားပေါ်ကာ လှူဒါန်းခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

    “ကျွန်တော်တို့က အခြေအနေ အရပ်ရပ်ကြောင့် မလုပ်ဖြစ်တော့တာပါ။ ပန်းတနော်မြို့နယ် ဇီဝိတဒါန(ကျွဲ၊နွား) ကယ်ဆယ်ရေးအဖွဲ့က တစ်မြို့လုံး သားသတ်လိုင်စင်ကို ယူထားတာပါ။ ကျွန်တော်တို့ ကုရ်ဘာနီ လုပ်ခွင့် မရတာ သုံးနှစ်ရှိနေပါပြီ” လို့ ပန်းတနော်မြို့နယ် ကူဝသုလ် ဗလီဝတ် ကျောင်းတော် အတွင်းရေးမှူးက ပြောပါသည်။

    ၂၀၁၄ ခုနှစ် အတွင်းက 7Days သတင်းရဲ့ ဖော်ပြချက် အရ ထိုင်းနှင့် တရုတ်နိုင်ငံများသို့ တစ်နှစ်လျှင် မြန်မာနိုင်ငံ မှ နွားကောင်ရေ ခြောက်သိန်းကျော် မှောင်ခို တင်ပို့နေကြောင်း သိရပါသည်။  ယခုကဲ့သို့ နှစ်စဉ် ပြည်ပသို့ မှောင်ခို နွားများ တင်ပို့ရောင်းချနေမှုများကို မျက်ကွယ်ပြုပြီး အစ္စလာမ် ဘာသာဝင်တွေရဲ့ ဘာသာရေးပွဲတော်ကြမှ တနှစ်တခါ ပြဿနာလုပ်နေသည့် အဖွဲ့များကို သက်ဆိုင်ရာ အာဏာပိုင်တို့က မတားဆီးဘဲ အားပေး အားမြှောက်လုပ်ပေးနေသည်ကို တွေ့ရှိရသည်။

    မြန်မာနိုင်ငံတွင် လက်ရှိအသက်ဝင်နေသော ၂၀၀၈ ဖွဲ့စည်းပုံ (၃၆၄) တွင်လည်း နိုင်ငံရေးအလို့ဌာ ဘာသာ၊သာသနာကို အလွဲသုံးစား မပြုရ။ ထို့ပြင် လူမျိုးရေးကြောင့်သော် လည်းကောင်း၊ ဘာသာရေးကြောင့်သော် လည်းကောင်း၊ တစ်ဖက်နှင့်တစ်ဖက် တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်း အမျိုးမျိုးပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာစေရန် အကြောင်းရှိသော အပြုအမူသည် ဤဖွဲ့စည်းပုံနှင့်ဆန့်ကျင်သည်။ ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဌာန်းနိုင်သည် ဟုပါရှိပါသည်။

    အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာ စာတမ်းတွင် လက်မှတ်ရေးထိုးထားသော မြန်မာနိုင်ငံအနေနှင့် ယခုကဲ့သို့  အခြေခံဥပဒေက အသိအမှတ်ပြုထားတဲ့ လူနည်းစုဘာသာဝင်တွေရဲ့ ဘာသာရေးပွဲတော် ကျင့်ဆောင်ချက်ကို ပိတ်ပင် တားမြစ်ခြင်းဟာ လူ့အခွင့်ရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေပြီလားလို့ မေးခွန်း ထုတ်စရာတစ်ခု ဖြစ်လာခဲ့ပါသည်။