News @ M-Media
Tag: MaBaTa
  • ပျော်ဘွယ်မှ ဗလီခိုးဆောက်မှု သတင်းမှာ အစွန်းရောက်များ၏ လိမ်ညာ ဝါဒဖြန့်သည့် သတင်းအမှားသာဖြစ်
    ပျော်ဘွယ်မှ ဗလီခိုးဆောက်မှု သတင်းမှာ အစွန်းရောက်များ၏ လိမ်ညာ ဝါဒဖြန့်သည့် သတင်းအမှားသာဖြစ်
    ဇွန် ၂၅ ၊ ၂၀၁၅
    M-Media
    သတင်း-ဖြိုးသူရ
    Pyaw Bwel Case
    သတင်းအမှားများကို ပုံစံ အမျိုးမျိုး ဖြင့် လှုံ့ဆော်ရေးသားခဲ့မှုများ
    လွန်ခဲ့တဲ့ ရက်သတ္တပတ်များ အတွင်း မန္တလေးတိုင်း၊ပျော်ဘွယ်မြို့ ပြည်သာယာ ကွက်သစ်တွင် ဗလီခိုးဆောက်နေသည့်ဟူ၍ လည်းကောင်း၊ အာရဗီ တက္ကသိုလ်ကို ခွင့်ပြုမိန့် မရှိဘဲ တိုးချဲ့နေကြောင်း၊ ၄င်းအဆောက်အအုံများမှာ ခွင့်ပြုချက် မရှိဘဲ ဖွင့်လှစ်ထားတာဖြစ်ကြောင်း၊ မက္ကာပြန် ၊ OIC စသည့် အသုံးအနှုန်းများဖြင့် တန်ဆာဆင် ရေးသားထားသည့် ပိုစ်များ ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့လာတာကို တွေ့ရပါတယ်။ အဆိုပါ ပိုစ်များ ဖြန့်ဝေသည့် FB အကောင့်များမှာ မ.ဘ.သ အမည်နှင့် အကောင့်များ၊ အမျိုးသားရေးသမား လှုပ်ရှားသူများဟု ဆိုကာ အစ္စလာမ်ဆန့်ကျင်ရေး လုပ်ဆောင်နေသည့် FB အကောင့်များဖြစ်သည်ကို တွေ့ရှိရပါတယ်။
    ညွှန်း- [https://goo.gl/yjiPev] [https://goo.gl/ebvVCa]
    .
    အဆိုပါ သတင်းနှင့် ပတ်သက်ပြီး သတင်းဖြစ်စဉ် အမှန်ကို သိရှိရဖို့ အတွက် M-Media မှ စုံစမ်းခဲ့ပါတယ်။ စုံစမ်း သိရှိခဲ့သမျှမှာ
    .
    ပျော်ဘွယ်မြို့နယ်တွင် ဆံပင်ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သော (တရုတ်နွယ် မွတ်စလင်မ် ) ပန်းသေး မိသားစုသည် ပျော်ဘွယ်မြို့မှ မန္တလေးဘက် အထွက် ရွာတစ်ရွာတွင် ခြံတစ်ခြံ ဝယ်ယူခဲ့ပါတယ်။ ရောင်းသူ ဝယ်သူနှစ်ဦး သဘောတူ ရောင်းဝယ်ပြီးကာမှ ခြံရောင်းသူ (ဗုဒ္ဓဘာသာဝင်) ကိုယ်တိုင်ကပင် ရွာဘုန်းတော်ကြီးကို ထိုခြံတွင် မွတ်စလင်မ်များ လာရောက်နေထိုင် လုပ်ကိုင်ကြမှာဖြစ်ကြောင်း ပြဿနာ ရှာတိုင်ကြားသည့် ပုံစံမျိုးဖြင့် သွားရောက် လျှောက်ထားခဲ့ကြောင်း သိရပါတယ်။
    .
    .
    ထို့ကြောင့် အာရဗီကျောင်း ဗလီဝတ်ကျောင်းဆောက်လုပ်ခြင်း မဟုတ်ကြောင်း ဖြေရှင်းခဲ့သည့်အခါ ထိုယိုးစွပ်မှုဖြင့် ပြဿနာရှာ၍ မရနိုင်တော့ကြောင်း၊ ပန်းသေးမိသားစုသည် အဆိုပါခြံနှင့် အိမ်အဆောက်အဦး ဆောက်လုပ်ရာတွင် သက်ဆိုင်ရာတို့နှင့် နားလည်မှုယူကာ စည်ပင်အား အဆောက်အဦး ပုံစံတင်ထားသည်ထက် ပေပို ဆောက်လုပ်မှုများ လုပ်ခြင်း ရှိခဲ့ကြောင်း သိရပါတယ်။ မကျေနပ်သေးသော ၉၆၉ အမာခံနှင့် သံပန်းလုပ်ငန်းရှင်တို့သည် ပထမ ယိုးစွပ်ပြဿနာရှာမှု မအောင်မြင်သဖြင့် ပေကျော်ဆောက်လုပ်မှုကို အစဆွဲ ဖော်ထုတ် တိုင်ကြားခဲ့ကြပါတယ်။
    .
    .
    “ပန်းသေးတွေက မန္တလေးအထွက်နားက ရွာမှ အရင် ခြံဝယ်တယ်။ ရောင်းတဲ့သူက ဗုဒ္ဓဘာသာဝင်။ အဲ့ဒီသူ ကိုယ်တိုင်ကပဲ ငွေချေပြီး ငွေယူပြီးကာမှ ရွာဘုန်းကြီးကို သွားလျှောက်တယ်။ မွတ်စလင်မ်တွေ လာနေတော့မယ် ဘာနဲ့ပေါ့။ ကြည်ဖြူရောင်းဝယ်ကြပြီးမှ ငွေယူပြီးမှ သက်သက်ညစ်တာပေါ့။ အဲ့ဒါနဲ့ သူတို့လည်း ရှုပ်တယ် ပြဿနာဖြစ်တယ်ဆိုပြီး ပြည်သာယာထဲ မှာ ပြောင်းဝယ်တယ်။ အိမ်က ဆောက်တာ တော်တော်ကြီးတယ်။ သံပန်းလုပ်ဖို့ နှစ်ယောက်ကို ဈေးဆိုင်တယ်။ တစ်ယောက်ကို ရွေးလိုက်တယ်။ နှစ်ယောက်လုံးက ဗုဒ္ဓဘာသာပဲ။ လုပ်ငန်းမရတဲ့ တစ်ယောက်က မကျေနပ်ဘဲ ၉၆၉တွေနဲ့ပေါင်းပြီး ပြဿနာရှာတယ်။ အဆောက်အဦးက ထုထည်ကြီးတော့ အရဗီကျောင်းခိုးဆောက်တယ်၊ ဗလီခိုးဆောက်တယ် ဆိုပြီး ပြဿနာလုပ်တယ်။ ဟုတ်မှ မဟုတ်တာ၊ အိမ်ဆောက်တာကိုး။ အဲ့တော့ မဟုတ်ကြောင်းရှင်းတော့ မကျေနပ်ကြဘူး။ အဲ့ဒီစွဲချက်နဲ့လည်း ပြဿနာဆက်ရှာလို့ မရတော့ဘူး။  မရရအောင် ပြဿနာလုပ်မယ်ဆိုပြီး ပေပိုဆောက်တာကို အစစွဲပြီး ပြဿနာလုပ်ကြတာ။ အဲ့ဒီမိသားစုကလည်း နားလည်မှုယူထားပြီး ပေပိုဆောက်ထားတယ်။ အဲ့တော့ သက်ဆိုင်ရာက ပေပိုဆောက်နေတာတွေ အားလုံးပြန်ဖျက်ပေးဖို့ အမိန့်ချတယ်။ ဒါပါပဲ။”
    .
    ၂၀၁၂ နှစ်လယ်ပိုင်းလောက်မှ စတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အစ္စလာမ်ဘာသာနှင့် နိုင်ငံသား မြန်မာမွတ်စလင်မ်တို့ အပေါ် တစ်ဖက်သတ် မုန်းတီးရေးဖြန့်ချီခြင်းများ အရှိန်အဟုန်နဲ့ လုပ်ဆောင်ခဲ့မှုများကို အာဏာပိုင် အစိုးရက ထိရောက်စွာ အရေးယူ ဆောင်ရွက်ခြင်း မရှိပေ။ ပျော်ဘွယ်မြို့တွင်လည်း ၉၆၉ လှုပ်ရှားမှုများရှိနေပြီး မြို့ခံမွတ်စလင်မ်များကို ပြဿနာရှာလိုမှု အချို့ရှိနေသော်လည်း ငြိမ်းချမ်းမှု လိုလားသူ ဘာသာပေါင်းစုံ မြို့ခံ အများစုကြီးမှာ အေးချမ်းသင့်မြတ်စွာဖြင့် သွားလာလုပ်ကိုင်နေကြကြောင်း စုံစမ်းသိရှိရပါတယ်။
    .
    ပျော်ဘွယ်မြို့ပေါ်တွင် ဗလီဝတ်ကျောင်းတော် ၈ ခုရှိပြီး တစ်မြို့လုံးတွင် မွတ်စလင်မ်ဦးရေ သောင်းကျော်ရှိကြောင်း သိရှိရပါတယ်။
  • ရွေးကောက်ပွဲ အကြို မ.ဘ.သ ခြေလှမ်း နှင့် ဒေသတွင်း ကူးစက်နိုင်ဖွယ်ရှိတဲ့ အစွန်းရောက် အမျိုးသားရေးဝါဒ
    ရွေးကောက်ပွဲ အကြို မ.ဘ.သ ခြေလှမ်း နှင့် ဒေသတွင်း ကူးစက်နိုင်ဖွယ်ရှိတဲ့ အစွန်းရောက် အမျိုးသားရေးဝါဒ
    ဇွန် ၂၄၊ ၂၀၁၅
    M-Media
    ဒန်ငြာရှိန်း- ရေးသည်။
    118
    Image copy form Internet
    ၂၀၁၅ ရွေးကောက်ပွဲအကြိုမှာ ကျင်းပခဲ့တဲ့ မ.ဘ.သရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံကတော့ ထုံးစံအတိုင်း  မြန်မာမွတ်စလင် နိုင်ငံသားတွေနဲ့ NLD ပါတီတို့ကို အကျပ်အတည်းတွေ့စေမယ့် ဆုံးဖြတ်ချက်များနဲ့ အတူ ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။
    “အစစ်အမေးတတ်၏ ဓမ္မသတ်ကို မကျွမ်း” ဆိုသလို နိုင်ငံတော် ဥပဒေပြဌာန်းရာ ကဏ္ဍတွေမှာသာမက ရဲစခန်းတွေ၊ တရားခွင်တွေမှာပါ အင်အားပြခြိမ်းခြောက်ပြီး မိမိတို့ အလိုရှိတဲ့ ဆုံးဖြတ်ချက်ကို ရအောင် လုပ်ယူတတ်ကြတဲ့ မ.ဘ.သ အဖွဲ့ဝင် ဗုဒ္ဓဘာသာ ရဟန်းများဟာ တကယ်ပဲ ဗုဒ္ဓဓမ္မ နားလည်တတ် ကျွမ်းကျင့်သုံးသူများဖြစ်ပါသလားဆိုတာ သံသယပွားစရာ များသထက် များလာနေပါပြီ။ သတ္တ၀ါအပေါင်းကို မေတ္တာတရားနဲ့ လွှမ်းခြုံမိုးခြင်းဖြင့် လောကတခွင် အောင်မြင်ခြင်း အသီးအပွင့်တွေ ဝေဆာဖို့ ရည်ရွယ်ရင်းဖြစ်တဲ့ ဗုဒ္ဓဒေသနာတော်တွေထဲမှာတော့ ချွင်းချက်အနေနဲ့ “ကုလားနဲ့ NLD ” မပါစေရအောင် မ.ဘ.သ က ပေါ်ပေါ်ထင်ထင်ကြိုးပမ်းနေခဲ့တာလဲ ကြာပါပြီ။
    ယခုလ ၂၀ ရက်နေ့နဲ့ ၂၁ ရက်တွေမှာ ကျင်းပခဲ့တဲ့ မ.ဘ.သ ညီလာခံမှာ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေနဲ့ ညီလာခံမှာ ဖြန့်ဝေခဲ့တဲ့ လှုံ့ဆော်ရေးစာတွေမှာ  နိုင်ငံသား မြန်မာမွတ်စလင်တွေ အတွက် အကျပ်အတည်း ဆိုက်ရောက်စေမယ့် ဆုံးဖြတ်ချက်တွေ ပါဝင်နေတာ တွေ့ရပါတယ်။ အဲဒီထဲက အချို့ပြင်းထန်ပြီး အစွန်းရောက်တဲ့ ဆုံးဖြတ်ချက်တွေကတော့
    ၁) ဗုဒ္ဓဘာသာ မဟုတ်သူတွေကို လူမျိုးခြား ဘာသာခြား မိစ္ဆာဒိဌိတွေအဖြစ် ခေါ်ဝေါ်သမုတ်ထားတဲ့ အပြင် သူတို့တွေ လွှတ်တော် အမတ်ဖြစ် မလာစေဖို့ နည်းမျိုးစုံသုံး ဟန့်တားရမယ်
    ၂) မွတ်စလင်တွေ နှစ်စဉ် ကျင်းပတဲ့ အီးဒ်ပွဲတော်မှာ တိရစ္ဆာန် သတ်ဖြတ်ခြင်း မလုပ်ဖို့ ဥပဒေပြဌာန်းပေးရန် အစိုးရကို ဖိအားပေးရမယ်
    ၃) ကျောင်းတွေမှာ မွတ်စလင် ကျောင်းသူတွေ ဦးခေါင်းခြုံခြင်း မလုပ်ဖို့ ဥပဒေထုတ် တားမြစ်ပေးရန် အစိုးရကို ဖိအားပေးရမယ်
    စသဖြင့်ဖြစ်ပါတယ်။
    မ.ဘ.သရဲ့ လှုပ်ရှားမှုတွေကို သူတို့ဒီလိုမြင်တယ်
    —————————————————-
    မ.ဘ.သညီလာခံရဲ့ အစွန်းရောက် ဆုံးဖြတ်ချက်တွေကြောင့် မြန်မာပြည် လူ့အခွင့်အရေးစောင့်ကြည့်မှု အဖွဲ့ရဲ့ အကြီးတန်း သုတေသီ ဒေးဗစ်မက်သီးယီးဆန်ကတော့ မ.ဘ.သကို အစွန်းရောက်ဘာသာရေး၊ အစွန်းရောက်လူမှုရေးအမြင်တွေကို အခြေခံထားပြီး ဘာကိုမှ ဂရုမစိုက်ဘဲ ထင်ရာစိုင်းနေတဲ့ နိုင်ငံရေး အင်အားစုအဖြစ် ကင်ပွန်းတပ်ခဲ့ပါတယ်။ ဒါ့အပြင် သူက မ.ဘ.သ သည် မသမာတဲ့ နိုင်ငံရေးနဲ့ စီးပွားရေးကိစ္စတွေ အကျိုးဖြစ်ထွန်းစေဖို့ အထောက်အပံ့ပေးနေတဲ့ ပဉ္စမ မဏ္ဍိုင်လို့လည်း ဆိုခဲ့ပါသေးတယ်။ (http://tinyurl.com/q5ts2v5)
    အာရှ လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ (HRW) ရဲ့ လက်ထောက်ဒါရိုက်တာ ဖီးလ်ရောဘတ်ဆင်ကတော့ မ.ဘ.သရဲ့ လှုပ်ရှားမှုတွေကို “ရွံ့ရှာဖွယ်ရာ” တွေအဖြစ် သမုတ်ခဲ့ပါတယ်။ (http://tinyurl.com/ogl73z5)
    ဒေသတွင်း ကူးစက်ပြန့်ပွားနိုင်ဖွယ်ရှိတဲ့ အစွန်းရောက် အမျိုးသားရေးဝါဒ
    ———————————————————-
    ယခုနှစ် မ.ဘ.သ ညီလာခံမှာ ထူးခြားတာကတော့ ရဟန်းသံဃာတွေ ဦးဆောင်တဲ့ ထိုင်းနိုင်ငံကိုယ်စားပြု အဖွဲ့လည်း တက်ရောက်လာခြင်းဖြစ်ပါတယ်။
    “ထိုင်းနိုင်ငံသာ ဗုဒ္ဓဘာသာ အမြဲတမ်းဖြစ်ခွင့်ရမယ်ဆိုရင် ထိုင်းနိုင်ငံကို မြန်မာက လာသိမ်းသွားမယ်ဆိုရင်တောင် ကြည်ဖြူစွာနဲ့ လက်ခံနေပါမယ် လို့ ထိုင်းဆရာတော်နဲ့ တာဝန်ရှိသူတွေက နောင်တကြီးစွာနဲ့ပြောကြားခဲ့ပါတယ်။” ဆိုပြီး တက္ကသိုလ်ရဟန်းပျို ဓမ္မစာစောင် ဖေ့စ်ဘွတ်ခ်က ဖော်ပြထားပါတယ်။ (http://tinyurl.com/qch7dlu)
    ထိုင်းနိုင်ငံအခြေစိုက် ဗုဒ္ဓဘာသာဆိုင်ရာ အကြောင်းအရာတွေကို  အဓိကထားထုတ်လွှင့်နေတဲ့ TBC News Agency (National Thai Buddhism and Culture Mass Media Association) က မြန်မာပြည် အခြေဆိုက် မ.ဘ.သဗဟိုကို ရေဒီယို (ချန်နယ်) လွှင့်နိုင်အောင် ကူညီပေးသွားမယ်လို့ ယင်းအေဂျင်စီ ဒုဥက္ကဋ္ဌ Mr. Woottisarn Panaree ပြောကြားခဲ့ကြောင်း The Voice ရဲ့ ဖော်ပြချက်အရသိရပါတယ်။ (http://tinyurl.com/nszf226)
    ဗုဒ္ဓဘာသာနိုင်ငံတခုဖြစ်တဲ့ သီရိလင်္ကာက မွတ်စလင်မုန်းတီးရေး BBS အစွန်းရောက်အဖွဲ့နဲ့ မ.ဘ.သ(၉၆၉) အဖွဲ့တို့အကြား ကူးလူးဆက်နွယ်မှုတွေ ရှိခဲ့သလို ယခုလည်း ဗုဒ္ဓဘာသာ ၉၀% နီးပါးရှိတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ သံဃာအဖွဲ့အစည်းတွေကြား မ.ဘ.သ ဦးဆောင်တဲ့ အစွန်းရောက် အမျိုးသားရေး ဝါဒ ကူးစက်ပြန့်ပွား လာနိုင်ချေရှိနေပါတယ်။
    ကိုင်းလဲမထမ်းချင် ၊ အီးလဲမနမ်းချင်
    ————————————
    “အရိပ်အယောင်ရှိ၏ မစူးစမ်း” ဆိုတဲ့ မြန်မာစကားပုံတစ်ခုလိုပါပဲ။ မြန်မာနိုင်ငံသားများဟာ မ.ဘ.သရဲ့ ချော့လုံး၊ ချောက်လုံး၊ ငေါက်လုံးနဲ့ ဒရန်မာဇတ်လမ်းတွေမှာ မျောပါနေလျက် ဘင်္ဂလီလှေစီးပြေးကိုသာ နိုင်ငံတော် အတွက် အရှက်ရစရာရယ်လို့မှတ်ယူပြီး ဖုံးဟယ်၊ ဖိဟယ်၊ ဆန့်ကျင်ရယ်နဲ့ အချိန်တွေ ကုန်လာလိုက်တာ ၂၀၁၅ ရွေးကောက်ပွဲတောင်ရောက်ခါနီးပါပြီ။ ၀ိဘဇ္ဇလို့ခေါ်တဲ့ ခွဲခြမ်းစိတ်ဖြာတတ်တဲ့ အစွမ်းကို အသုံးချသူ အလွန် နည်းပါးလာတာတွေ့ရပါတယ်။ နိုင်ငံတကာမှာ မြန်မာပြည် တံတွေးခွက်ထဲမျောနေ ရတာဟာ လှေစီးပြေးကြောင့် မဟုတ်ပါ၊ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေကို ဖိနှိပ်ခွဲခြားဆက်ဆံမယ်၊ တခါတရံမှာ အကြမ်းဖက် သတ်ဖြတ်ဖို့ရာ အတင်းအဓမ္မ တိုက်တွန်းနှိုးဆော်နေတဲ့ ဦးဝီရသူနဲ့ မ.ဘ.သ တို့ကြောင့်သာ ဖြစ်တယ်ဆိုတာကို ယထာဘူတကျစွာ သုံးသပ်ကြရမှာဖြစ်ပါတယ်။
    မကြာသေးမီက အဲန်အဲလ်ဒီပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံခြားသတင်းဌာန တစ်ခု အင်တာဗျူးခဲ့ပါတယ်။ အဲဒီလို အင်တာဗျူးတဲ့ အခါ မြန်မာနိုင်ငံတွင်း ဖြစ်ပျက်နေတဲ့ မွတ်စလင်ဆန့်ကျင်ရေး ကိစ္စတွေကို ဘာလို့မရှုတ်ချသလဲဆိုတဲ့ အမေးကို ဒေါ်အောင်ဆန်းစုကြည်က သူကိုယ်တိုင်လည်း အစွန်းရောက် အမျိုးသားရေးဝါဒရဲ့ ပစ်မှတ်ဖြစ်နေ ပါတယ်လို့ ဖြေကြားသွား ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့အဖြေကို သဘော အကျကြီး ကျနေကြတဲ့ အဲန်အဲလ်ဒီလော်ဘီတွေက ဟုတ်လှချည့်ရဲ့ ၊ တော်လှချည့်ရဲ့လို့ ထောမနာပြုနေပေမယ့် သူတို့တတွေ ကိုယ်တိုင် အစွန်းရောက် အမျိုးသားရေးကို ပြတ်သားစွာ မဆန့်ကျင်ခဲ့ရင် ၂၀၁၅အလွန်မှာ အဲန်အဲလ်ဒီ ခမြာ အရုပ်ရေးပြရတဲ့အဆင့်ထိ ရောက်သွားနိုင်တာ သတိပြုကြရမှာ ဖြစ်ပါတယ်။
    မိမိကိုယ်တိုင်က ဓါးစာခံဖြစ်နေတဲ့ အတွက်ကြောင့် ဘာသာရေးအခြေခံ အစွန်းရောက် အမျိုးသားရေးဝါဒကို သာပြီး ရှုတ်ချရမယ်၊ အများပြည်သူနားလည်အောင် အကျိုးအကြောင်းချပြဆွေးနွေး ပညာပေးရပါမယ်။ ဒါမှမဟုတ်ဘဲ ရေငုံနုတ်ပိတ် နေခြင်းက မ.ဘ.သ လက်တံ မည်၍မည်မျှ ရှည်သလဲဆိုတာကို ကိုယ်တိုင်ကိုယ်ကျ လှစ်ဟပြသနေသလိုပါပဲ။
    ဆန့်ကျင်သင့်တာကို ဆန့်ကျင်ကန့်ကွက်ဖို့မလုပ်ဘဲ “မုဒိန်းနဲ့ လှေစီးပြေး” စတဲ့ ဇာတ်ထုပ်တွေထဲမျောနေမယ်ဆိုရင်တော့ ၂၀၁၅ အလွန်မှာ “ကိုင်းမထမ်းချင်ခဲ့တာကြောင့် အီးနမ်း” ရမယ့်အဖြစ်နဲ့ ရင်နင့်ဖွယ်ရင်ဆိုင်သွားရပါလိမ့်မယ်။
    သဘောထားကြီးတဲ့ မ.ဘ.သ
    ——————————-
    မ.ဘ.သ ကြောင့် မြန်မာမွတ်စလင်တွေ အားလုံးဟာ “ခိုးဝင်လူတန်းစား” ဖြစ်သွားကြရပြီးပါပြီ။ ခိုးဝင်ဘင်္ဂလီကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စိစစ်ဖို့ရာ မ.ဘ.သနှစ်ပတ်လည်ညီလာခံက တိုက်တွန်းခဲ့ပါတယ်။ “ခိုးဝင်ဘင်္ဂလီ” နဲ့ “မြန်မာပြည်သား တိုင်းရင်းသား မွတ်စလင်များ” ဆိုတာကို အသေအချာခွဲခြားပြီး တိုက်တွန်းထားတာမျိုး မဟုတ်ပါဘူး။ အဲဒီလိုမျိုး တိုက်တွန်းချက်တွေကြောင့်ပဲ မသမာတဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးဖို့ အတွက် မ.ဘ.သဆိုတာရှိနေရတာပါလို့  HRWရဲ့ အကြီးတန်း သုတေသီ ဒေးဗစ်မက်သီးယီးဆန် ဆိုခဲ့ခြင်းဖြစ်ပါလိမ့်မယ်။
    မ.ဘ.သအဖွဲ့ဝင် ရဟန်းဖြစ်တဲ့ ဦးပါမောက္ခက “မွတ်စလင်တွေ မြန်မာပြည်ထဲမှာနေတယ်၊ သူတို့က နိုင်ငံတော်ကပြဌာန်းထားတဲ့ ဥပဒေကို လေးစားလိုက်နာဖို့လိုတယ်၊  သူတို့သာသနာကို ငါတို့ တိုက်ခိုက်နေတာမဟုတ်ဘူး” လို့ ဆိုပါတယ်။ ဦးပါမောက္ခရဲ့ အဆိုဟာ ၀ိရောဓိဖြစ်နေပါတယ်။ အစ္စလာမ်ဘာသာဝင် နိုင်ငံသားတိုင်းကို မိစ္ဆာဒိဌိများလို့ ကင်ပွန်းတပ်ခြင်းဟာ မြန်မာမွတ်စလင်တွေကို သံသယမျက်လုံးနဲ့ အကြည့်ခံရမယ့်အဖြစ်သို့ တွန်းပို့လိုက်ခြင်းဖြစ်ပါတယ်။  မွတ်စလင်တွေက မိမိတို့ရဲ့ “သာသနာရေးထုံးတမ်း” အရ ဦးခေါင်းပ၀ါခြုံတယ်၊ အီးဒ်ပွဲတော်မှာ တိရစ္ဆာန် သတ်ဖြတ်ကြတယ်၊ ဒါတွေကို အတင်းကာရော အဓမ္မနည်းပေါင်းစုံနဲ့ ဥပဒေထုတ် ပိတ်ပင်ဖို့ ကြိုးစားတာဟာ အစ္စလာမ်သာသနာကို မ.ဘ.သက တိုက်ခိုက်နေတာ မဟုတ်လို့ တခြားဘာများဖြစ်ပါသေးသတုန်း။
    “ပဋိပက္ခဖြစ်တဲ့အခါ အကြမ်းမဖက်ဘဲ ဘာသာရေးခေါင်းဆောင်များနဲ့ ညှိနှိုင်းရမယ်” ဆိုတဲ့ ဆုံးဖြတ်ချက်ကို မ.ဘ.သညီလာခံမှာ ချမှတ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ “တစ်ခုခုဖြစ်ရင် ငါတို့ဆီလာတိုင်လှည့်” ဆိုတဲ့ အဆိုမျိုးပါပဲ။ ဒီအဆိုအကြောင့် ရန်စမှု၊ မီးရှို့လူသတ်မှုနဲ့ အကြမ်းဖက်လုယက်မှုတွေ ဖြစ်ခဲ့ပြီးပါပြီ။ ဥပဒေအထက်မှာ ငါတို့ရှိတယ်၊ အာဏာပိုင်ဆီမသွားခင်ငါတို့ဆီလာခဲ့ဆိုတဲ့ အဲဒီအဆိုကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တရားဥပဒေစိုးမိုးရေးကော်မတီက ဘယ်လိုသဘောထားသလဲဆိုတာ စိတ်ဝင်စားဖွယ်ပါပဲ။
    “ငါတို့က သူတို့သာသနာကို တိုက်ခိုက်နေတာမဟုတ်ဘူး” ဆိုတဲ့ မ.ဘ.သရဲ့ သဘောထားကြီးမှုကို မြန်မာ မွတ်စလင်များက ကြောက်ရွံ့ထိတ်လန့်နေကြပါပြီ။
    အကြမ်းဖက်ဝါဒကို မွတ်စလင်တွေ ရှုတ်ချတဲ့အခါ အာရုံစွင့်ထားတော်မူကြပါ
    ————————————————————————
    IS တွေကို မရှုတ်ချဘူး၊ တာလီဘန်ကို မရှုတ်ချဘူး၊ RSO ကို မရှုတ်ချဘူး စသဖြင့် မ.ဘ.သတွေအပါအ၀င် လူများစုတွေက မြန်မာ မွတ်စလင်တွေ အပေါ် အပြစ်တင်စောကြောကြပါတယ်။
    မြန်မာနိုင်ငံက အစ္စလာမ်အဖွဲ့အစည်းတွေကနေပြီး စဉ်ဆက်မပြတ် ကြေညာ စာတမ်းတွေထုတ်ကာ IS စတဲ့အကြမ်းဖက်အဖွဲ့တွေကို ဆန့်ကျင်ကြောင်း ရှုတ်ချကြောင်းတွေကို အလေးအနက် ဖော်ပြခဲ့ကြပါတယ်။ ယခုလ ၆ ရက်နေ့ကလည်း ဆရာကြီးဦးရာဇတ်ရဲ့ သားကြီး ဦးတင်မြင့်၊ ဟာဂျီဦးအေးလွင်တို့ခေါင်းဆောင်ပြီး မ.ဘ.သ ဗဟိုကို သွားရောက်တွေ့ဆုံတဲ့ အခါမှာလည်း မြန်မာမွတ်စလင်တွေရဲ့ အကြမ်းဖက်ဝါဒအပေါ် မြင်တဲ့အမြင်သဘောထားတွေ ရှင်းလင်းသွားရအောင် စာအုပ်စာတမ်းများ လက်ဆောင်အဖြစ် ပေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီစာအုပ်စာတမ်းတွေထဲမှာတင် မြန်မာမွတ်စလင်တွေက အကြမ်းဖက်ဝါဒကို ဘယ်လောက်ထိ ရွံ့ရှာထိတ်လန့် စက်ဆုပ်သလဲဆိုတာ ဖော်ပြပါရှိပြီးဖြစ်ပါလျက်ကယ်နဲ့ မြန်မာမွတ်စလင်တွေသည် အကြမ်းဖက်ဝါဒနဲ့ ပတ်သတ် လာရင် ရေငုံနုတ်ပိတ် နေကြတယ်လို့ စွပ်စွဲနေခြင်းဟာ ကျိုးကြောင်းဆီလျော်လှတဲ့ အချက်တစ်ခုမဟုတ်ပါ။
    မြန်မာမွတ်စလင်အသိုင်းအ၀ိုင်းရဲ့ IS နဲ့ အလ်ကိုင်ဒါတို့အပေါ်ထားရှိတဲ့ အမြင်တွေကို လွန်ခဲ့တဲ့နှစ်တွေအလျင်ကပဲ ထုတ်ဖော် ခဲ့ကြပြီးပြီဖြစ်ပါတယ်။ (http://www.m-mediagroup.com/news/31482) မ.ဘ.သ ရဟန်းများဟာ မွတ်စလင်အသိုင်းအ၀ိုင်းရဲ့ အမြင်ရှုထောင့်ကို မမြင်နိုင် မကြားနိုင်ဖြစ်နေတာဟာ အချိန်ကာလအားဖြင့် နှစ်ပေါက်နေပြီဖြစ်တာကြောင့် မ.ဘ.သကိုယ်တော်များ ကုလားအရေးနဲ့ ပတ်သက်ကာမှပဲ “ရူပါရုံနဲ့ သဒ္ဓါရုံ” ပျောက်ရန်ရှာကော၊ တခြားအရေးမှာတော့ အတော်နိုးကြားတတ်ကြပါလားရယ်လို့ အပြောမခံရအောင် ပြုပြင်သင့်ပါပြီ။
    ၂၀၁၅ မ.ဘ.သ ညီလာခံကြီးက မြန်မာမွတ်စလင်တွေသည် နိုင်ငံသားဖြစ်ကြောင်းကို ဖော်ပြချင်ရင်တော့ IS စတဲ့ အကြမ်းဖက်တွေကို ရှုတ်ချရမယ်၊ မြန်မာ မွတ်စလင်အသိုင်းအ၀ိုင်းက နိုင်ငံတော်အတွက် ဘာတွေများ တာဝန်ကျေခဲ့သလဲ စသဖြင့် မေးခွန်း ထုတ်ထားပါတယ်။ အကြမ်းဖက် လူသတ်ဝါဒကို မရှုတ်ချရင် နိုင်ငံသားပြုပိုင်ခွင့်မရှိဆိုမှတော့ တောင်ကုတ်၊ မိတ္ထီလာနဲ့ လာရှိုးစတဲ့မြို့တွေမှာ ဖြစ်ပွားခဲ့တဲ့ ဥပဒေမဲ့ လူသတ်ရမ်းကားမှုတွေကို မရှုတ်ချခဲ့တဲ့ မြန်မာ့အသိုင်းအ၀ိုင်းကြီးတစ်ခုလုံး မြန်မာနိုင်ငံသား အစစ် ဟုတ်/မဟုတ်ဆိုတာ ပြန်စမ်းစစ်ရမယ့် သဘောပါပဲ။
    ကျွန်တော်များ မြန်မာမွတ်စလင်တွေဟာ ပုဂံခေတ်ကတည်းက မြန်မာနိုင်ငံထဲ အခြေချနေထိုင်လာတာဖြစ်တယ်ဆိုတဲ့အကြောင်းကို မ.ဘ.သ ဥက္ကဌဆရာတော်ကိုယ်တိုင် မြွက်ကြားဖူး (http://tinyurl.com/oho2lbr) တာကြောင့် မြန်မာမွတ်စလင်တွေ တိုင်းပြည်အပေါ် ဘယ်လောက်တာဝန်ကျေခဲ့ပြီးပြီလဲဆိုတာ သမိုင်းကြောင်းက လှလှပပကြီး သက်သေခံနေဆဲဖြစ်ပါတယ်။ လူနည်းစု ကိုးကွယ်ရာ ဘာသာတွေဖြစ်တဲ့ ခရစ်ယာန်၊ ဟိန္ဒူစတဲ့ ဘာသာဝင်တွေထက် အဆပေါင်းများစွာပိုတဲ့ အနစ်နာခံမှုတွေကို မြန်မာ မွတ်စလင်တွေ ဆောင်ကြဉ်းပေးခဲ့တယ်ဆိုတာကိုလည်း မလွဲမရှောင်သာ ဖော်ပြရပါလိမ့်မယ်။
    ကိုယ်တိုင်မီဒီယာလုပ်မယ့် မ.ဘ.သ
    ————————————
    မ.ဘ.သကိုယ်တိုင် မီဒီယာလုပ်တဲ့အခါ နိုင်ငံရေးကို ရည်ရွယ်ပြီး မွတ်စလင်ဆန့်ကျင်ရေး၊ အဲန်အဲလ်ဒီဆန့်ကျင်ရေးကို ၀ါဒဖြန့်မယ်ဆိုတာ အသိသာကြီး ပေါ်လွင်လာပါပြီ။ မ.ဘ.သ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဇူလိုင်လ ၂၁ ရက်နေ့စွဲနဲ့ တင်ပြထားတဲ့ လက်ကမ်း စာစောင်မှာတော့ ဘင်္ဂါလီလှေစီးပြေးကို ရံပြီး အဲန်အဲလ်ဒီဆန့်ကျင်ရေးကို ပေါ်ပေါ်တင်တင်လှုံဆော်ထားတာ တွေ့ရှိရမှာပါ။  (http://tinyurl.com/nj8cjdw)
    ဒါဟာ မ.ဘ.သကိုယ်တိုင်ရဲ့ ၂၀၁၅ ညီလာခံကြေညာချက်ကို ဖောက်ဖျက်ရာလည်းမည်ပါတယ်။ မ.ဘ.သ ၂ နှစ်ပြည့်နှစ်ပတ်လည် ညီလာခံ သဘောထားကြေညာချက်ရဲ့ အမှတ်စဉ် ၁၀ မှာ မ.ဘ.သအနေနဲ့ မည်သည့်ပါတီကို မဲမပေးပါနဲ့ဟု လည်းကောင်း ဝေဖန် အကြံပြုမည် မဟုတ်လို့ ထည့်သွင်းရေးထားပါလျက်ကယ်နဲ့ “ထိုပါတီကြီး၏ ခေါင်းဆောင်က ဗိုလ်ချုပ်သမီးဖြစ်သည်ဟူသော အချက်တစ်ခုတည်းဖြင့် မျက်စိမှိတ်ပြီး ထောက်ခံရွေးချယ် လိုက်မည်ဆိုပါက တိုင်းပြည်နှင့် ဘာသာသာသနာတော်တွင် မမျှော်လင့်နိုင်သော ဘေးရန်အန္တရာယ်များ ကျရောက်လာနိုင်ပါသည်” လို့ ဖော်ပြထားတဲ့ လက်ကမ်းစာစောင်တွေ ဖြန့်ချိတာကတော့ဖြင့် မ.ဘ.သရဲ့ မူ ဘယ်ဆီ ဘယ်ဝယ်လဲဆိုတာ မေးခွန်းထုတ်စရာဖြစ်လို့နေပါတယ်။
    အမျိုးဘာသာသာသနာကို ကာကွယ်လျှင် ဒေါ်စုကို မဲပေးမည်
    ————————————————————–
    မ.ဘ.သ ရဟန်း ဦးပါမောက္ခ က “ကိုယ်ပိုင်အမြင်ရ ပြောရရင် ဒေါ်အောင်ဆန်းစုကြည်မှာ အမျိုးသားရေးစိတ်ဓါတ်ရှိမယ်ဆိုရင် ငါသူ့ကို ထောက်ခံသွားမယ်။ နိုင်ငံခေါင်းဆောင်တစ်ယောက်ဟာ အမျိုးသားရေးစိတ်ဓါတ်ရှိရမယ်၊ နိုင်ငံရေးအသိဥာဏ်လည်း ရှိရမယ့်အပြင် တရားဥပဒေစိုးမိုးဖို့ ဆောင်ရွက်နိုင်ရမယ်” လို့ ဆိုပါတယ်။ (http://tinyurl.com/p7pjh8p)
    ဒါကြောင့် မ.ဘ.သ အလိုကို အရိုးအရှင်းဆုံး ဖြန့်ကျက်ကြည့်ရင်တော့ – ” အဲန်အဲလ်ဒီပါတီဟာ မ.ဘ.သနဲ့ပူးပေါင်းပြီး အမျိုးသားရေး စိတ်ဓါတ်ရှိတဲ့ ပါတီဖြစ်တဲ့အကြောင်း ပြသဖို့လိုပါတယ်၊ ဒါမှသာ ၂၀၁၅ရွေးကောက်ပွဲမှာ အဲန်အဲလ်ဒီ အသက်ရှုချောင်လိမ့်မယ်လို့ ဆိုရမယ့် ကိန်းဆိုက်နေပါတယ်။ မ.ဘ.သ အနက်ဖွင့်တဲ့ အမျိုးသားရေး စိတ်ဓါတ်ဆိုတာကတော့ “မွတ်စလင်ကုလား မုန်းတီးရေး” ဖြစ်တာကြောင့် မွတ်စလင် ကုလားတွေ အတိဒုက္ခရောက်လေလေ၊ အမျိုးဘာသာကို ကာကွယ်ပြီးဖြစ်လေလေဆိုတဲ့ ပုံသေနည်းကို အဲန်အဲလ်ဒီက ကိုင်ဆွဲမှသာ မ.ဘ.သနဲ့ အဲန်အဲလ်ဒီ ပလဲနံပသင့်ပါလိမ့်မယ်။ ”
    ဒါကြောင့် ဒေါ်စုနဲ့ အဲန်အဲလ်ဒီတို့ဟာ တစ်ရွာလုံးနဲ့ တစ်ယောက်ဆိုသလို တကမ္ဘာလုံးကို နှာခေါင်းရှုံ့နေတဲ့ မ.ဘ.သ အနက်ဖွင့်တဲ့ အမျိုးသားရေးဆိုတာကို နောက်လိုက်ထောက်ခံသွားမှာလား၊ ဒါမှမဟုတ် ဗိုလ်ချုပ်အောင်ဆန်းအစိုးရကိုယ်တိုင် ပညာရေး ၀န်ကြီးနေရာပေးခံ ခဲ့ရသလို လူငယ်တွေကို အမျိုးသားရေး စိတ်ဓါတ်တွေ သွတ်သွင်းပေးခဲ့တဲ့ ကုလားဦးရာဇတ်တို့လို စိတ်ဓါတ်မျိုးရှိကြတဲ့ မြန်မာမွတ်စလင်တွေ အတွက် တစ်စုံတစ်ခု အာမခံချက်ပေးသွားမှာလားဆိုတာ မကြာမီ ၂၀၁၅ ရွေးကောက်ပွဲ အတွက် မဲဆွယ်တဲ့ အခမ်းအနားတွေမှာ တွေ့ရှိကြရတော့မှာ ဖြစ်ပါတယ်။
  • ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေး ဆုတောင်းပွဲ ဆွမ်းစားဖိတ်တာ သံဃာတွေ မကြွဘို့ မ.ဘ.သ အဖွဲ့ လုပ်ဆောင်
    ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေး ဆုတောင်းပွဲ ဆွမ်းစားဖိတ်တာ သံဃာတွေ မကြွဘို့ မ.ဘ.သ အဖွဲ့ လုပ်ဆောင်
    ဇွန် ၈၊ ၂၀၁၄
    M-Media
    ချမ်းငြိမ်းအေး
    380653_113755075435864_114229105_n
    ဓါတ်ပုံ အညွှန်း- အာဗစ်ရှာဟိုစိုင်နီသခင်၏ ဒါရ်ဂါဟ်တော် ၁၉၉၇-ခု အဓိကရုဏ်းတွင် မီးရှို့ဖျက်ဆီးခံရပြီးနောက် ပြန်လည်ပြင်ဆင်ရင်း တားဆီးခံရသည့်အတွက် တစ်ပိုင်းတစ်စဖြင့် ရပ်တန့်ထားခဲ့ရခြင်းဖြစ်သည်။
    မန္တလေး။    ။ မန္တလေးတိုင်း အမရပူရမြို့နယ်ရှိ ဘိုးတော်ဦးဝိုင်း(ဗဒုံမင်း) လက်ထက်  အစ္စလာမ်သာသနာပိုင် အဖြစ် ခန့်အပ်ခြင်းခံရသည့်  အာဗစ်ရှားဟိုစိုင်နီ သခင်ကြီး၏ (၂၀၇) နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားမှာ သံဃာတွေကို ဆွမ်းကပ်ဖို့ စီစဉ်ထားမှုအား လက်မခံဖို့ အတွက် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ (မဘသ) မှ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
    ဒေသခံ မွတ်စလင်များမှ သူတော်စင် အဖြစ် သတ်မှတ်သည့် အာဗစ်ရှားဟိုစိုင်နီ သခင်ကြီး၏ နှစ်စဉ် အောက်မေ့ဘွယ် အခမ်းအနားများ ပြုလုပ်ခဲ့ရာ ယခုနှစ်တွင်  ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအတွက် ရည်ရွယ်ပြီး မန္တလေးမြို့ပေါ်မှ သံဃာတော် အပါး (၁၀၀) ကျော်ကို နေ့ဆွမ်းကပ်လှူရန် စီစဉ်ထားခဲ့ကြောင်း သိရပါတယ်။ ထိုနေ့ဆွမ်းစား မကြွရန် ဖိတ်ကြားခံထားရသော ဘုန်းကြီးကျောင်းများသို့ မ.ဘ.သ အဖွဲ့မှ စာများပေးပို့ခဲ့ပြီး တားဆီးခဲ့ကြောင်း သိရပါတယ်။
    ဘာသာပေါင်းစုံချစ်ကြည်ညီညွှတ်ရေး ဆုတောင်းပွဲအား အမရပူမြို့နယ် သိင်္ဂီရွှေ့ဝါ ခန်းမမှာ ဇွန် ၈ရက်နေ့ နံနက်ပိုင်းမှာ ပြုလုပ်ဖို့ စီစဉ်ခဲ့တာပါပဲဖြစ်ပါတယ်။
    “ကျွန်တော်တို့ ဘုန်းတော်ကြီးတွေကို ဆွမ်းကပ်ဖို့ အဆင်သင့် ချက်ပြုတ်ထားပြီးပါပြီ။ ဒီသခင်ကြီးရဲ့ နှစ်ပတ်လည်အခမ်းအနားမှာ ကျွန်တော်တို့ဂေါပက အဖွဲ့အနေနဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးမှု ရရှိနိုင်ရန် အတွက် သံဃာတော်တွေကို ဆွမ်းကပ်ဖို့ ဖိတ်ကြားတာပါ။” လို့ ဂေါပက အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
    မန္တလေးမြို့နယ်မှ သံဃာတော်တစ်ပါးကလည်း “ဒီလိုတွေ အမြဲလိုက်ပြီး ပိတ်ပင်တားဆီးနေတာ စည်းလုံးမှု ညီညွတ်မှုတွေကို ပျက်ပြားစေနေပါတယ်။ ဘာသာပေါင်းစုံ ချစ်ကြည်မှုရနေတာကိုလည်း ဝင်ရောက်နှောက့်ယှက်သလို ဖြစ်နေပါတယ်။ ဒီလိုလုပ်ရပ်မျိုးတွေကို ဘုန်းကြီးတို့က ပြင်းထန်စွာ ရှုံ့ချပါတယ်” ဟု ဆရာတော်တစ်ပါးက မိန့်ကြားခဲ့ပါတယ်။
    အာဗစ်ရှားဟိုစိုင်နီ သခင်ကြီးသည် ဘိုးတော်ဦးဝိုင်း(ဗဒုံမင်း) လက်ထက်တွင် နှစ်ပေါင်း (၂၀)  ခန့် အစ္စလာမ် သာသနာပိုင်အဖြစ် ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။
    နှစ်ပေါင်း ၂၀၀  ကျော်ရှိပြီဖြစ်တဲ့ ၄င်းအားမြုပ်နှံခဲ့သည့် ဂူဗိမာန်မှာ မန္တလေးတိုင်း အမရပူရမြို့ လင်းဇင်းကုန်းရပ်၌ တည်ရှိပြီး  သမိုင်းဝင်နေရာ တခုလည်းဖြစ်ပါတယ်။
  • စည်သူအောင်မြင့် – “အမုန်းတရား ဟောပြီး မဲမဆွယ်ပါနဲ့”
    စည်သူအောင်မြင့် – “အမုန်းတရား ဟောပြီး မဲမဆွယ်ပါနဲ့”
    စည်သူအောင်မြင့် ရေးသည်။
    မဇ္ဈိမ မှကူးယူဖော်ပြသည်။
    .
    အားလုံးသိကြပြီဖြစ်တဲ့အတိုင်း လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရဟာ အရင် စစ်အာဏာရှင်တွေနဲ့ အစိုးရအဆက်ဆက်ရဲ့ ဆိုးမွေကြီး တစ်ခုဖြစ်တဲ့ ပြည်တွင်းစစ်ကို လက်ခံ ရရှိထားပါတယ်။ ပြည်တွင်းစစ်ဟာ အရာရာကို ဖျက်ဆီးပါတယ်။ တိုင်းရင်းသား အချင်းချင်း မုန်းတီးမှု၊ မယုံကြည်မှု ဖြစ်ပေါ်စေပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဆိုတာကို စက္ကူပေါ်မှာပဲ တည်ဆောက်လို့ ရပါတယ်။ တကယ် လက်တွေ့ မတည်ဆောက်နိုင်ပါဘူး။ တိုင်းပြည်စီးပွားရေး ကိုလည်း ဖျက်ဆီးပစ်ပါတယ်။ စစ်အာဏာရှင် စနစ်ကိုလည်း အမြစ်တွယ် ရှင်သန်စေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်စေလိုတဲ့ စိတ်ဆန္ဒရှိတဲ့ လက်ရှိ သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့တွေဟာ နှစ်ပေါင်း ၆၀ ကျော် ၇၀ နီးပါး ဖြစ်ပွားလာတဲ့ ပြည်တွင်းစစ် ရပ်စဲပြီး လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးရအောင် ကျားကုတ်ကျားခဲ ကြိုးစားနေတဲ့ ကာလလည်း ဖြစ်ပါတယ်။ ဒီလို အခြေအနေမှာ တိုင်းရင်းသားတွေနဲ့ ယုံကြည်မှု ပိုပြီး ပျက်ပြားအောင်၊ ငြိမ်းချမ်းရေးကို အလှမ်းဝေးသွားစေအောင်အထိ ဖြစ်သွားစေနိုင်တဲ့ ဆောင်းပါး တစ်ပုဒ် ပြည်တွင်းထုတ် ဂျာနယ်တစ်စောင်မှာ ဖော်ပြပါရှိလာပါတယ်။
    .
    ဘယ်ဂျာနယ်မှာ ဘာတွေ ဖော်ပြလာတာပါလဲ၊ အဲဒီ အကျိုးဆက် ဘာတွေ ဖြစ်လာနိုင်သလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။
    ရည်ညွှန်းပါ ဆောင်းပါးကတော့ “တိုင်းပြည်အတွက် မဘသ” ဆိုတဲ့ ဆောင်းပါးဖြစ်ပြီး မေလ ၁၇ ရက်ထုတ် သာကီသွေး ဂျာနယ် စာမျက်နှာ (၆) မှာ ဖော်ပြထားတာပါ။ ဒီဆောင်းပါး ရေးသူကတော့ နှယ်နှယ်ရရ ပုဂ္ဂိုလ် မဟုတ်ပါဘူး။ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ နာမည်ကြီး ထင်ရှားနေတဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ) ရဲ့ ဥက္ကဋ္ဌ ဆရာတော် အင်းစိန် ရွာမ ပရိယတ္တိ စာသင်တိုက် ဆရာတော် အရှင် တိလောကာ ဘိဝံသ ကိုယ်တိုင် ဖြစ်နေလို့ပါ။ ဒါကြောင့်လဲ အခုလို ဝေဖန် သုံးသပ်မှု ပြုရတာ ဖြစ်ပါတယ်။.
    .
    ဆောင်းပါးမှာ ဖော်ပြထားတာတွေကတော့ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ ခေတ်အဆက်ဆက်ကနေ ကနေ့ထက်တိုင် ဘာသာခြား လူမျိုးခြား တွေရဲ့ ဖိနှိပ်၊ နှိပ်စက်၊ စော်ကား ခံခဲ့ရတဲ့အကြောင်း၊ ဒီအထဲမှာ ဗုဒ္ဓဘာသာ မြန်မာ အမျိုးသမီး တွေလည်း ပါဝင်တဲ့ အကြောင်း၊ အဲဒီ ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးတွေကို ကာကွယ်ပေးဖို့ အမျိုးစောင့် ဥပဒေတွေ ပြဋ္ဌာန်းဖို့ လိုတဲ့အကြောင်း၊ ဒါကြောင့် လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ အမျိုးဘာသာ သာသနာအတွက် အားကိုးလောက် သူတွေကို ရွေးချယ်ပေး ရမှာ ဖြစ်တဲ့အကြောင်း ဖော်ပြထားပါတယ်။
    .
    အဲဒီအထဲက စာပိုဒ် တစ်ပိုဒ်ကို ကောက်နှုတ်ဖော်ပြရရင် “ ယနေ့ မျက်မှောက်ခေတ် မှာလည်း ရခိုင်၊ မောင်တော ဒေသစသည်တို့၌ ဧည့်သည် လူမျိုးခြား၊ ဘာသာခြား ဘင်္ဂါလီများ က ဧည့်သည်ဝတ် ဖောက်ဖျက်ကာ အိမ်သည် မြန်မာများကို သတ်ဖြတ် နှင်ထုတ်နေကြသည်။ ဗုဒ္ဓဘာသာ ဘုရားကျောင်းကန်များကို ဖျက်ဆီးခြင်း၊ ရဟန်းသံဃာများ အပါအဝင် ဗုဒ္ဓဘာသာ ဝင်များကို ဗြောင်တစ်မျိုး ကွယ်ရာတစ်ဖုံ သတ်ဖြတ် ညှဉ်းဆဲ နှိပ်စက်ကြလေပြီ။ ကချင်၊ ကယား စသော အစွန်အဖျား ဒေသများ၌လည်း ဘုန်းတော်ကြီးများကို ခရစ်ယာန် သူပုန်များ က သတ်ဖြတ် ချေမှုန်းနေကြလေပြီ။ တိုင်းရင်းသားများ ဗုဒ္ဓဘာသာဝင်များ အသတ်ခံရသူများ အသတ်ခံရ၊ ကိုယ်လွတ် ရုန်းပြေးသူ ပြေးရ၊ ဖြစ်ခဲ့ကြ ရပါပြီ။ မြန်မာမှာရော၊ ကမ္ဘာမှာပါ ဗုဒ္ဓဘာသာဝင်များက အခြားဘာသာ လူမျိုးများအပေါ် မတရားစော်ကား အကြမ်းဖက်ဖူးသည့် သမိုင်းကြောင်း လုံးဝ မရှိခဲ့ပါ” ဆိုပြီး ဖော်ပြထားတာ တွေ့ရပါတယ်။
    .
    ဒီ စာပိုဒ်ပါ “ကချင်၊ ကယား စသော အစွန်အဖျား ဒေသများ၌လည်း ဘုန်းတော်ကြီး များကို ခရစ်ယာန် သူပုန်များက သတ်ဖြတ် ချေမှုန်းနေကြလေပြီ။ တိုင်းရင်းသားများ ဗုဒ္ဓဘာသာဝင်များ အသတ်ခံရသူများ အသတ်ခံရ၊ ကိုယ်လွတ်ရုန်းပြေးသူ ပြေးရ၊ ဖြစ်ခဲ့ကြရပါပြီ” ဆိုတာ အလွန်အန္တရာယ်များတဲ့ အမုန်းတရား စာသားဖြစ်ပါတယ်။ အစိုးရ အဆက်ဆက်ကို တော်လှန်ပုန်ကန်ခဲ့တဲ့ ကေအိုင်အေ ကချင်သူပုန်တွေ၊ KNPP ကရင်နီ သူပုန်တွေကို ခရစ်ယာန် သူပုန်တွေအဖြစ် ရည်ညွှန်းပြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေကို သတ်ဖြတ်ချေမှုန်းနေတယ် ဆိုပြီး မှန်ကန်မှု မရှိတဲ့ အချက်အလက်တွေကို ရေးသားဖော်ပြ လိုက်တာပါ။
    .
    လက်ရှိ ပြည်တွင်းစစ်ပွဲ ဖြစ်ပွားနေတာမှာ ကချင်နဲ့ ဗမာ၊ ကရင်နီနဲ့ ဗမာ လူမျိုးခြင်း စစ်ပွဲ ဖြစ်နေကြတာ မဟုတ်သလို၊ ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာ ဖြစ်နေကြတဲ့ စစ်ပွဲလည်း မဟုတ်ပါဘူး။ တိုင်းရင်းသား တန်းတူ အခွင့်အရေးရအောင် ခေတ်အဆက်ဆက် ဗဟိုအစိုးရ ကို တော်လှန်ပုန်ကန်နေကြတာသာ ဖြစ်ပါတယ်။ မဘသ ဆရာတော်ကြီးရဲ့ ရေးသားချက်ဟာ လက်နက်ကိုင် တိုင်းရင်းသားတွေရဲ့ တိုင်းရင်းသား အခွင့်အရေး တန်းတူရရေး တော်လှန် ပုန်ကန်မှုကို ပုံပျက်ပန်းပျက် ဖြစ်အောင် စွတ်စွဲလိုက်တာ ဖြစ်သလို လက်ရှိ အစိုးရအဖွဲ့နဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေ ဆွေးနွေးနေတဲ့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်ရေး ကိစ္စ၊ ငြိမ်းချမ်းရေး ကိစ္စကို အဟန့်အတား အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။
    .
    နောက်ထပ် မမှန်ကန်တဲ့ အချက်အလက်တွေ ရေးသား ဖော်ပြပြန်ပါတယ်။ “ရန်ကုန်၊ မန္တလေး စသော ပြည်တွင်းရှိ အချို့နေရာများမှာပင် လူမျိုးခြား၊ ဘာသာခြားများ ရမ်းကား စော်ကားမှုကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ အသက်အိုးအိမ် လုံခြုံမှု စိုးရိမ်နေကြရပြီ” လို့ ဆိုပါတယ်။ ဒီ အခြေအနေ မှန်ကန်မှု မရှိဘူးဆိုတာ ရန်ကုန်၊ မန္တလေး နေထိုင်သူ အားလုံး သိရှိကြပါတယ်။ ဒီလို ရေးသားဖော်ပြမှုဟာ နဂိုကတည်းကမှ တစ်ဦးအပေါ် တစ်ဦး သံသယ စိတ်နဲ့ ကြည့်နေကြတဲ့ မတူညီတဲ့ ဘာသာဝင်တွေအကြား ပိုပြီး သံသယပွား၊ ပိုပြီး အမုန်းပွားတဲ့ အကျိုးဆက်ပဲ ဖြစ်စေနိုင်ပါတယ်။
    .
    မဘသ ဆရာတော် နောက်ဆုံးရေးတာက အမျိုးစောင့် ဥပဒေကို ကန့်ကွက်သူတွေ ဟာ မြန်မာနိုင်ငံတော်ကို သစ္စာဖောက် သူတွေ ဖြစ်တဲ့အကြောင်း ဖော်ပြထားပြီး “ ၂၀၁၅ ခု ရွေးကောက်ပွဲ၌ မြန်မာနိုင်ငံ၏ နိုင်ငံ့သစ္စာဖောက်များနှင့် ကိုယ်ကျိုးသာ ကြည့်သူများကို ရှောင်ရှားပြီး နိုင်ငံတော်နှင့် အမျိုးဘာသာ သာသနာအတွက် အားကိုးလောက်သော နိုင်ငံ့ ခေါင်းဆောင် ကိုယ်စားလှယ်များကိုသာ စနစ်တကျ ရွေးချယ်နိုင်ကြပါစေကြောင်း” ဆိုပြီး အတိအလင်း ရေးသားထားတာ တွေ့ရပါတယ်။ ဆရာတော် အနေနဲ့ ကိုယ်ကြိုက်နှစ်သက်ရာ ခေါင်းဆောင်၊ ကြိုက်နှစ်သက်ရာ ပါတီကို နှစ်သက်ခွင့် ရှိပါတယ်။ ဝိနည်းနဲ့ ညီတယ်ဆိုရင် ဘယ်လိုခေါင်းဆောင် ဘယ်လို ပါတီမျိုးကို မဲပေးရွေးချယ်ပါဆိုပြီး ကိုယ့် တပည့်ဒါယိကာ၊ ဒါယိကာမတွေကို တိုက်တွန်းနိုင်ပါတယ်။ ဒါပေမယ့် တိုင်းပြည် မီးလောင်မယ့် အမုန်းတရား သွတ်သွင်းပြီး လုပ်ကိုင်ဆောင်ရွက်ဖို့တော့ မသင့်တော်ပါကြောင်း၊ ဒါဟာ မဘသ အဖွဲ့ဝင် ဆရာတော် သံဃာတော် အားလုံးရဲ့ သဘောထားမျိုးလည်း မဟုတ်နိုင်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။
    http://www.mizzimaburmese.com/2013-10-20-17-18-22/2013-10-20-16-34-57/item/44858-2015-05-20-05-27-09
  • စည်သူအောင်မြင့် – “၀ိဘဇ္ဇ ပဲ့တင်သံ ”
    စည်သူအောင်မြင့် – “၀ိဘဇ္ဇ ပဲ့တင်သံ ”
    စည်သူအောင်မြင့်
    မြန်မာတိုင်းမ် ဂျာနယ်၊ ၂၉-၄-၁၅။
    11249160_420980881418051_4700072899996279586_n
    .
    ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့က ရန်ကုန် ဗိုလ်အောင်ကျော်လမ်း၊ Home ခန်းမမှာ အလွန်ထူးခြားတဲ့ စာအုပ် မိတ်ဆက်ပွဲ တစ်ခု ကျင်းပခဲ့ပါတယ်။ စာအုပ်နာမည်က “ ၀ိဘဇ္ဇ ပဲ့တင်သံ” ဖြစ်ပြီး စာအုပ်ကို မိတ်ဆက်ကြတာကလည်း ဆရာတော်၊ သံဃာတော်တွေချည်း ဖြစ်နေလို့ပါပဲ။ လက်ရှိ မြန်မာနိုင်ငံထဲမှာ ဘာသာရေး၊ လူမျိုးရေးကို အခြေခံတဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားနေချိန်၊ ဘုန်းတော်ကြီးတစ်ချို့နဲ့ လူပုဂ္ဂိုလ်တစ်ချို့က ဘာသာခြား အမုန်းတရား ဖြန့်ဖြူးနေကြချိန်၊ အေးမြငြိမ်းချမ်းတဲ့ မြတ်ဗုဒ္ဓ သာသနာဟာလည်း နိုင်ငံတကာ့ အလည်မှာ အထည်အမြင်လွဲ ခံနေရချိန် ခုလို စာအုပ် ထွက်ပေါ်လာတာပါ။ ဒီ စာအုပ် ဘယ်လို ဖြစ်ပေါ်လာသလဲ၊ ဘယ်သူတွေ က ဘာအကြောင်းအရာတွေ ပါဝင်ရေးသားကြသလဲ၊ ဘာတွေထူးခြားမှု ရှိသလဲဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။
    ယနေ့ နာမည်ကျော်ပါတယ် ဆိုတဲ့ မဘသ ထဲက ဆရာတော်ဟာ ဒေ၀ဒတ်လောက် နာမည်ကျော်လို့လား။ ဒေ၀ဒတ်လောက် ဈာန် အဘိဥာဏ်တွေ ရကြလို့လား။ ဈာန်အဘိဥာဏ်ရမှုနဲ့ ကြော်ကြားမှု တစ်ခုတည်းကိုပဲ ကြည့်ပြီး လိုက်သွားတဲ့၊ သောတာပန် ဖြစ်နိုင်လောက်အောင် ပါရမီ ပါလာတဲ့ အဇာသသတ်ဟာ သူ့အဖေကို သတ်မိသည်အထိ လမ်းမှားသွားတာ သူ့ရဲ့ သန္တာန်မှာ ၀ိဘဇ္ဇဥာဏ် မရှိလို့ပဲ သူငယ်ချင်း၊ ဒါကြောင့် ငါကတော့ မဘသ အဖွဲ့ကြီးထဲကို လုံးဝ လုံးဝ မ၀င်ရေးချ မ၀င်ပဲ သူငယ်ချင်းရေ”
    .ဒီစာအုပ် ဖြစ်မြောက်လာရေးအတွက် ကနဦး ကမကထ ပြုလုပ်ခဲ့တဲ့ သံဃာတော် နှစ်ပါးကတော့ အမေရိကန်ပြည်ထောင်စုမှာ သီတင်းသုံးတော်မူတဲ့ ဆရာတော်ဦးဇ၀န နဲ့ ဂျာမဏီနိုင်ငံမှာ သီတင်းသုံးတဲ့ ဆရာတော် ဦးရာဇိက တို့ပဲ ဖြစ်ပါတယ်။ ဆရာတော်တွေ စဉ်းစားမိကြတာက ၂၀၀၇ သံဃာ့အရေးအခင်း ရွှေဝါရောင် တော်လှန်ရေး ကာလတုန်းက မြန်မာနိုင်ငံက ရဟန်းသံဃာတွေဟာ ဖိနှိပ်ခံနေရပြီး၊ ဆင်းရဲမွဲတေနေတဲ့ ပြည်သူလူထု ဘက်က မားမားမတ်မတ် ရပ်ကာ၊ အကြမ်းမဖက် ငြိမ်းချမ်းတဲ့ နည်းနဲ့ အစိုးရကို ဆန္ဒပြခဲ့ကြကြောင်း၊ နေပူ မိုးရွာကြီးထဲမှာ ဖိနပ်မပါ၊ ထီးမပါ မေတ္တာပို့ လမ်းလျောက် ကြွချီကြတဲ့ သံဃာတော်တွေရဲ့ ပုံရိပ်ကို မြင်ကြရတဲ့ နိုင်ငံတကာ မိသားစုဟာ မေတ္တာဂရုဏာ သက်ခဲ့ကြတဲ့အကြောင်း၊ ဗုဒ္ဓသာသနာရဲ့ ပုံရိပ်ဟာ ကမ္ဘာ့အလည်မှာ တင့်တယ်ခဲ့ကြောင်း၊ ဒါပေမယ့် ကံအကြောင်းမလှစွာပဲ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့သစ် တက်လာပြီးနောက် ဘာသာရေးကို အခြေခံတဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားလာ၊ အဲဒီ ပဋိပက္ခထဲမှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ချို့က ပုံစံမျိုးစုံနဲ့ ပါဝင်ပါတ်သက်မှုတွေ ရှိလာတော့ ကမ္ဘာ့အလည်မှာ ဗုဒ္ဓဘာသာ ပုံရိပ် ညှိးနွမ်း ညစ်ထေး ခဲ့ရကြောင်း၊ ဒါကြောင့် ပုံရိပ်ကောင်း ပြန်ထင်ဟပ်နိုင်ဖို့၊ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာရဲ့ တကယ့် တရားစစ်တရားမှန် ပြန်ပြီး ထွန်းကားလာစေဖို့ ဒီ “ ၀ိဘဇ္ဇ ပဲ့တင်သံ” ဆိုတဲ့ စာအုပ် ရေးသား ပြုစု ထုတ်ဝေဖို့ လုပ်ကိုင်ခဲ့ကြတာ ဆိုပြီး ဘ၀အလင်း ဆရာတော်က မိတ်ဆက်ပွဲမှာ မိန့်ပါတယ်။
    .
    ဒီစာအုပ်ထဲ ပါဝင်ရေးသားခဲ့တဲ့ ဆရာတော် သံဃာတော်တွေကတော့ မြ၀တီမင်းကြီး ဆရာတော်၊ ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)၊ သန္တိသုခ ဆရာတော်(ဒါးက)၊ ကံထွန်းသစ်၊ ဓမ္မဒူတ ဒေါက်တာ အရှင်ပညိဿရ၊ အရှင်ဇ၀န၊ မင်းသုည(ဗုဒ္ဓတက္ကသိုလ်)၊ သစ္စာနွယ်(ကျောက်တိုင်)၊ သားအေးည၊ အရှင် ဓမ္မိသာရ၊ ကိုသစ် (သီတဂူ)၊ ဓမ္မဂ္ဂင်္ါ၊ အရှင်ထာဝရ၊ ဦးသောဘိတ (ဘ၀အလင်း)၊ ဘုန်းဘုန်း ဦးကောဝိဒ၊ အရှင်ဓမ္မ- ဒေလီ၊ အရှင်ရာဟုလာ (မစိုးရိမ်)၊ အရှင်သံဝရာ လင်္ကာရ၊ အဝေရာမောင်၊ ဦးရာဝိက၊ အရှင်စန္ဒိမာ (မွန်စိန်တောရ)၊ အရှင်နိယာမ (အောင်သာဝတီ)၊ အရှင်ညာဏိန် (မစိုးရိမ်)၊ အရှင်နန္ဒမာလာ (မာဂဓ တက္ကသိုလ်)၊ မိုးသု (မန္တလေး)၊ ၀တီနွယ် တို့ဖြစ်ကြပါတယ်။ စုစုပေါင်း ဆရာတော် သံဃာတော် ၂၆ ပါးရဲ့ စာတွေပါ။
    .
    စာအုပ်ထဲ ရေးသားထားတာတွေထဲက တစ်ချို့ကို ကောက်နှုတ်ဖော်ပြရရင် မဘသ အဖွဲ့နဲ့ ပတ်သက်ပြီး ဆရာတော် အရှင် ဇ၀န က “ မဘသ တို့ဇ။် အမျိုးစောင့်ဥပဒေသည် အမျိုးစောင့်ရာ မရောက်ပဲ တိုင်းပြည်ပျက်ဖို့ လှုံ့ဆော်နေသလို ဖြစ်နေတော့သည်။ တိုင်းရင်းသားတို့ဇ။် (ဗမာ) မြန်မာ များအပေါ် သံသယက ပြည်တွင်းစစ်မီးဇ။် မူလ အကြောင်းဖြစ်သည်။ တိုင်းရင်းသားတို့ဇ။် သံသယကို ပိုမို ခိုင်မာစေမည် ဖြစ်သော ဥပဒေ ”။ “ ဘာသာရေးနှင့် နိုင်ငံရေးကို မရောထွေးပါနှင့်ဟု ခေတ်အဆက်ဆက်က အုပ်စိုးသူတွေ လက်ကိုင်ပြု ပြောကြားခဲ့ကြသည်။ သူတို့တွေပင် ဘာသာရေးကို အသုံးချပြီး လူတွေကို စည်းရုံးကြပြန်သည်။ အထူးသဖြင့် စစ်အာဏာရှင်သည် ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချမှု အများဆုံးဟု ဆိုရမည်” ဆိုပြီး ရေးသားခဲ့ပါတယ်။ (စာ- ၄၅)
    .
    မင်းသုည (ဗုဒ္ဓတက္ကသိုလ်) ကတော့ “ ဒို့ဘုရားရဲ့ ၀ါဒဟာ အမှားအမှန်တွေကို ဥာဏ်ပညာနဲ့ သေခြာပိုင်းခြား စိစစ်ပြီးမှ လက်ခံတဲ့ ၀ိဘဇ္ဇ၀ါဒ ဖြစ်တယ်၊ ဘယ်ဆရာတော်ကြီးမို့လို့ ဘိဝံသ ဘွဲ့တွေရလို့ စာတတ်ပေတတ် အကျော်အမော်ဖြစ်လို့ မှားမှားမှန်မှန် မျက်စေ့စုံမှိတ် လက်ခံရမယ် ဆိုတဲ့ ၀ါဒ မဟုတ်ဘူး။ ယနေ့ နာမည်ကျော်ပါတယ် ဆိုတဲ့ မဘသ ထဲက ဆရာတော်ဟာ ဒေ၀ဒတ်လောက် နာမည်ကျော်လို့လား။ ဒေ၀ဒတ်လောက် ဈာန်အဘိဥာဏ်တွေ ရကြလို့လား။ ဈာန်အဘိဥာဏ်ရမှုနဲ့ ကြော်ကြားမှု တစ်ခုတည်းကိုပဲ ကြည့်ပြီး လိုက်သွားတဲ့၊ သောတာပန် ဖြစ်နိုင်လောက်အောင် ပါရမီ ပါလာတဲ့ အဇာသသတ်ဟာ သူ့အဖေကို သတ်မိသည်အထိ လမ်းမှားသွားတာ သူ့ရဲ့ သန္တာန်မှာ ၀ိဘဇ္ဇဥာဏ် မရှိလို့ပဲ သူငယ်ချင်း၊ ဒါကြောင့် ငါကတော့ မဘသ အဖွဲ့ကြီးထဲကို လုံးဝ လုံးဝ မ၀င်ရေးချ မ၀င်ပဲ သူငယ်ချင်းရေ” လို့ ရေးသားထားပါတယ်။ (စာ-၅၅)
    .
    ဆရာတော် ဦးရာဝိက ကတော့ “ ဗုဒ္ဓဘာသာ အသိုင်းအ၀ိုင်းဟာ မိမိကိုယ်မှာ ဗုံးပတ်ပြီး အသေခံ ဗုံးခွဲသူများနဲ့ မဖွဲ့စည်းစေချင်ဘူး။ ဗုဒ္ဓဘာသာကို အထူးအခွင့်အရေးပေးရမယ်လို့ အစိုးရကို အကြပ်မကိုင်ရဘူး။ မဲရအောင် မဘသ ကို ထောက်ခံကြလို့ မပြောဟောဘူး။ ငါတို့ကို မထောက်ခံရင် နာပြီသာမှတ်လို့ မခြိမ်းခြောက်ဘူး။ ဗုဒ္ဓဘာသာဆိုတာ အင်မတန်မှ သိမ်မွေ့နူးညံ့တယ်။” လို့ဆိုပါတယ်။ (စာ-၁၄၁)
    .
    ဒါတွေကတော့ စာမြည်း နမူနာလောက်ပါ။ စာအုပ်ထဲမှာ ဆရာတော်၊ သံဃာတော်တွေ ရေးထားတဲ့ အခြားသော ဖတ်စရာ မှတ်စရာ၊ မြတ်ဗုဒ္ဓရဲ့ တရားစစ် တရားမှန်နဲ့ ပတ်သက်ပြီး စဉ်းစားစရာ အချက်အလက် များစွာ ပါပါတယ်။ အခြားတစ်ဖက် လက်ရှိ မြန်မာနိုင်ငံထဲက အခြေအနေကို ပြန်ကြည့်လိုက်ရင် ဘာသာခြား အမုန်းတရား ဖြန့်ဖြူးမှု အရှိန်အဟုန် ကောင်းနေဆဲပါ။ ဘွဲ့ရ ပညာတတ် ဘုန်းတော်ကြီးတစ်ချို့ဟာ တရားပွဲတွေမှာ ဘာသာခြား မုန်းတီးရေး ပြောင်ပြောင်တင်းတင်း ဟောပြောနေကြသလို၊ တစ်ချို့ အဖွဲ့အစည်းတွေကတော့ နွေရာသီ ကလေး တရားစခန်းလို နေရာမျိုးမှာတောင် ကလေးသူငယ်တွေ မကြည့်အပ်၊ မမြင်အပ်တဲ့ သွေးရဲရဲသံရဲရဲ သတ်ဖြတ်ထားတဲ့ ဗီနိုင်း ပိုစတာကြီးတွေ ချပြပြီး ဘာသာခြား မုန်းတီးရေး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြတာ တွေ့မြင်ကြရပါတယ်။
    .
    အဲလို ဘာသာခြား အမုန်းတရား ဖြန့်ဖြူးသူတွေထဲမှာ ဘုန်းတော်ကြီးတွေ၊ လူပုဂ္ဂိုလ်တွေ အများအပြား ပါဝင်ကြသလို၊ သူတို့လက်ထဲမှာ အပတ်စဉ် ဂျာနယ် ထုတ်ဝေတာ အပြင် လုံးချင်းစာအုပ် ထုတ်ဝေမှုကအစ မီဒီယာ တစ်ချို့ကို အသုံးပြု လုပ်ကိုင်နေ တာလည်း တွေ့ကြ ရပါတယ်။ အခု ၀ိဘဇ္ဇ ပဲ့တင်သံ စာအုပ်ကတော့ ဆရာတော် သံဃာတော် အပါး နှစ်ကျိပ်ကျော်ရဲ့ ဆောင်းပါးတွေကို ပထမ ဦးဆုံးအကြိမ် စုစည်းထားတာ ဖြစ်လေတော့ ရှိနေနှင့်ပြီးသား အစွန်းရောက် အမုန်းတရားတွေကို ဘယ်လောက် ဖေါက်ထွင်းနိုင်မလဲ၊ ဘယ်လောက် ကျယ်ပြန့်လေမလဲ မမှန်းဆနိုင်သေးပါဘူး။
    .
    တကယ်တော့ မြန်မာနိုင်ငံမှာ အစွန်းရောက် ၀ါဒ ခြေချစ ပြုလာတဲ့ဆီမှာ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတစ်ချို့ ပါဝင်ပတ်သက်နေသလို၊ စစ်မှန်တဲ့ ဗုဒ္ဓရဲ့ ၀ိဘဇ္ဇ၀ါဒ ထွန်းကားလာရေးမှာလည်း ဆရာတော် သံဃာတော်တွေကပဲ အဓိက စွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။ အခု စာအုပ်ကိုတော့ ဆရာတော် ဦးကောဝိဒ က အင်္ဂလိပ်လို ဘာသာပြန်ပြီး နိုင်ငံတကာမှာ ဖြန့်ဝေဖို့ အစီအစဉ် ရှိတယ်လို့လည်း ဆိုပါတယ်။ တကယ့်တကယ် မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဗုဒ္ဓရဲ့ တရားတော်တွေ ထွန်းကားလာဖို့၊ အစွန်းရောက် ၀ါဒတွေကို ထိထိရောက်ရောက် ဟန့်တား တိုက်ဖျက်နိုင်ဖို့ ဆိုတာဟာ နိုင်ငံတကာ မိသားစု အမြင်ကောင်းလာရေးထက် ပိုပြီး အရေးကြီးနေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
    စည်သူအောင်မြင့်။
    https://www.facebook.com/sithu.aungmyint/posts/420980881418051:0