News @ M-Media

Tag: Man U

  • ၃ ပွဲဆက်နိုင်သော်လည်း ထူးခြားသည့်ခံစားမှု မရှိဟု မော်ရင်ဟိုဆို

    ၃ ပွဲဆက်နိုင်သော်လည်း ထူးခြားသည့်ခံစားမှု မရှိဟု မော်ရင်ဟိုဆို

    စက်တင်ဘာ ၃၀၊ ၂၀၁၆
    M-Media

    morinho-3

    – တစ်ပတ်အတွင်း ပြိုင်ပွဲအားလုံးတွင် ၃ ပွဲဆက်တိုက် အနိုင်ရခဲ့သော်လည်း မိမိအနေဖြင့် ထူးထူးခြားခြား ကျေနပ်မှုမျိုး မရှိဟု မန်ယူနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    ယနေ့မနက်က Zorya အသင်းနှင့် ကစားခဲ့သည့် ယူရိုပါ အုပ်စုဒုတိယပွဲစဉ်တွင် မန်ယူမှာ အီဗရာဟီမိုဗစ်၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး EFL Cup တွင် နော့သက်တမ်တောင်း၊ ပရီးမီးယားလိဂ်တွင် လက်စတာစီးတီးတို့ပြီးနောက် တစ်ပတ်အတွင်း ပြိုင်ပွဲပေါင်းစုံတွင် ၃ ပွဲဆက် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

    သို့သော်လည်း မော်ရင်ဟိုကမူ အသင်း၏ ရလဒ်ကောင်းမွန်မှုအတွက် ထူးထူးခြားခြား မခံစားရဟု ဆိုသည်။

    “တစ်ပတ်မှာ ၃ ပွဲစလုံးရှုံးတယ်။ နောက်တစ်ပတ်ကျတော့ ၃ ပွဲစလုံးနိုင်တယ်။ ၃ ပွဲစလုံးရှုံးတဲ့အတွက် ကျွန်တော် စိတ်မပျက်သလို၊ ၃ ပွဲစလုံးနိုင်တဲ့အတွက်လည်း ကျွန်တော် ထူးထူးခြားခြား မပျော်ရွှင်ပါဘူး။ လာမယ့် တနင်္ဂနွေ (စတုတ်နှင့်ပွဲ) က အခုအချိန်မှာ ကျွန်တော်တို့အတွက် အရေးအကြီးဆုံးအရာ ဖြစ်နေပါတယ်” ဟု မော်ရင်ဟိုက BT Sport သို့ ပြောကြားခဲ့သည်။

    Ref: Goal

  • ယူရိုပါ အုပ်စုဒုတိယပွဲ မဖြစ်မနေ နိုင်ရမည်ဟု မော်ရင်ဟိုပြော

    ယူရိုပါ အုပ်စုဒုတိယပွဲ မဖြစ်မနေ နိုင်ရမည်ဟု မော်ရင်ဟိုပြော

    စက်တင်ဘာ ၂၈၊ ၂၀၁၆
    M-Media

    morinho

    – အသင်းပြန်လည်နိုးထရန်နှင့် ယူရိုပါတွင် ဆက်လက်ယှဉ်ပြိုင်သွားနိုင်ရန်အတွက် မနက်ဖြန်တွင် ကစားမည့် Zorya Luhansk နှင့်ပွဲက အရေးပါပြီး မဖြစ်မနေ အနိုင်ကစားရမည်ဟု မန်ယူနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    ယူရိုပါ အုပ်စုအဖွဲ့ပွဲစဉ်တွင် ဖီယင်နုအသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည့် မန်ယူမှာ ယခုပွဲစဉ်ကို အိုးထရက်ဖို့ဒ်၌ ကစားရမည်ဖြစ်ပြီး နောက်တစ်ဆင့်တက်ရေး အနိုင်ရရှိရန် အရေးကြီးနေသည်။

    မန်ယူအတွက် အဆိုပါယူရိုပါလိဂ်မှာ ဒုတိယ ဦးစားပေးသာဖြစ်သည်ဟု အများက ထင်မှတ်ထားကြသော်လည်း မော်ရင်ဟိုကမူ မိမိနေဖြင့် နောက်တစ်ဆင့်တက်ရေး အပြည့်အ၀ အာရုံစိုက်သွားမည်ဟု ဆိုသည်။

    “သိပ်အရေးကြီးပါတယ်။ ရိုးရိုးသားသားပြောရရင် ကျွန်တော်တို့ အနိုင်ရဖို့လိုတယ်လို့ ကျွန်တော် ထင်ပါတယ်။ မနိုင်ဘူးဆိုရင် (အုပ်စုမှာ) ၄ ပွဲပဲ ကျန်မှာဖြစ်ပြီး တော်တော်ခက်ခဲမယ့်ပွဲတွေ ဖြစ်လာမှာပါ။ ကျွန်တော်တို့ နိုင်ဖို့ လိုအပ်ပါတယ်” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

    ဖီယင်နုနှင့်ပွဲတွင် မော်ရင်ဟိုမှာ ပထမ ကစားသမား အများအပြားကို အနားပေးခဲ့သော်လည်း မနက်ဖြန်ပွဲတွင်မူ တိုက်စစ်မှူး အီဗရာဟီမိုဗစ်နှင့် ကွင်းလယ်လူ မာရှယ်တို့ ပါဝင်မည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref : Goal

  • မန်ယူအရှုံးမှာ ထူးဆန်းမှုဟု လက်စတာနည်းပြ ပြော

    မန်ယူအရှုံးမှာ ထူးဆန်းမှုဟု လက်စတာနည်းပြ ပြော

    စက်တင်ဘာ ၂၄၊ ၂၀၁၆
    M-Media

    man-u-2

    – မန်ယူအသင်းအား ရှုံးနိမ့်ခဲ့မှုမှာ ထူးဆန်းသောရှုံးနိမ့်မှုဖြစ်ပြီး မိမိတို့အနေဖြင့် တည်ငြိမ်မှု ပျောက်ဆုံးခဲ့သည်ဟု ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ လက်စတာနည်းပြ ကလော်ဒီယို ရာနီယေးရီက ပြောကြားလိုက်သည်။

    ပရီးမီးယားလိဂ် ပွဲစဉ် ၆ အဖြစ် ယနေ့ညနေတွင် ကစားခဲ့သည့် အဆိုပါပွဲတွင် မန်ယူမှာ ၂၂ မိနစ်မှာပင် ဦးဆောင်ဂိုးကို စမောလင်းက သွင်းယူခဲ့ပြီးနောက် နောက်ထပ် မိနစ် ၂၀ အတွင်း မာတာ၊ ရက်ရှ်ဖို့ဒ်နှင့် ပေါ့ဘာတို့က ဂိုးများ ဆက်တိုက် သွင်းယူခဲ့သောကြောင့် ပထမပိုင်းမှာပင် လက်စတာအား ၄ ဂိုးပြတ်ဖြင့် ကစားနိုင်ခဲ့သည်။

    နောက်ပိုင်းတွင် လက်စတာက ခြေပဂိုး ၁ ဂိုးသာ ပြန်သွင်းနိုင်ပြီး ယခုနှစ် ပရီးမီးယားလိဂ်တွင် တတိယမြောက်ရှုံးပွဲနှင့် ကြုံတွေ့ခဲ့ရသည်။ ရာနီယေးရီကမူ မိမိတို့အသင်းမှာ ပထမပိုင်းတွင် ကစားပုံကောင်းခဲ့သည်ဟု ဆိုသည်။

    “(ဒီအရှုံးဟာ) ထူးဆန်းပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ ပထမပိုင်း မိနစ် ၂၀ လောက်အထိ ကောင်းကောင်း ကစားနိုင်ခဲ့တာကြောင့်ပါ။ တစ်ဦးချင်းစွမ်းရည်တွေကနေ ကျွန်တော်တို့ ပိုကောင်းအောင် လုပ်ခဲ့ရမှာပါ။ ကျွန်တော်တို့ ဟန်ချက်ပျက်ခဲ့ပါတယ်။ ပထမပိုင်းမှာတင် ပွဲက ပြီးသွားပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ အကောင်းဆုံးဆိုတာ ပြသဖို့၊ အတူတူတိုက်ပွဲဝင်ဖို့၊ ပရိတ်သတ်တွေအတွက် ရေကုန်ရေခန်းပေးဆပ်ဖို့ ဒုတိယပိုင်းဟာ ကျွန်တော်တို့အတွက် အရေးကြီးခဲ့ပါတယ်” ဟု ရာနီယေးရီက ပြောကြားခဲ့သည်။

    လက်စတာမှာ ယခုပွဲအရှုံးကြောင့် ၆ ပွဲကစားပြီးချိန်တွင် ရမှတ် ၇ မှတ်ဖြင့် အဆင့် ၁၂ နေရာတွင် ရပ်တည်နေသည်။

    Ref: lcfc.com

  • ၃ ပွဲဆက်အရှုံးအတွက် ဝေဖန်သူများကို မော်ရင်ဟို တုန့်ပြန်

    ၃ ပွဲဆက်အရှုံးအတွက် ဝေဖန်သူများကို မော်ရင်ဟို တုန့်ပြန်

    စက်တင်ဘာ ၂၂၊ ၂၀၁၆
    M-Media

    mor

    – ဘောလုံးလောကရှိ အိုင်းစတိုင်းများ (ဝေဖန်သူများ) က တစ်ပတ်တာ ရလဒ်ညံ့ဖျင်းမှုကိုကြည့်၍ မိမိ၏ အောင်မြင်မှုများ၊ အသင်း၏ အောင်မြင်မှုများကို ဖျက်ဆီးရန် ကြိုးစားနေကြသည်ဟု မန်ယူနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    ယနေ့မနက်ကကစားခဲ့သည့် EFL Cup ပွဲ (ယခင်လိဂ်ဖလားပြိုင်ပွဲ) စတုတ္ထအဆင့်တွင် မန်ယူမှာ နော့သက်တမ်အသင်းအား ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ပရီးမီးယားလိဂ်နှင့် ယူရိုပါတို့တွင် မန်စီးတီး၊ ဖီယင်နုနှင့် ၀က်ဖို့ဒ်တို့အား ၃ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပြီးနောက် ပထမဆုံး နိုင်ပွဲရခြင်းလည်း ဖြစ်သည်။

    ပွဲအပြီးတွင် မော်ရင်ဟိုက မိမိတို့အသင်း ရှုံးပွဲများကြောင့် ပရိတ်သတ်က မကျေမနပ်ဖြစ်သည်ကို လက်ခံသော်လည်း ဘောလုံးပွဲ သုံးသပ်သူများက ထိုရလဒ်ဆိုးများကို အခြေပြု၍ မိမိနှင့် အသင်း၏ အတိတ်က အောင်မြင်ခဲ့မှုများကို ဖျက်ဆီးရန် ကြိုးပမ်းကြသည်ဟု ဝေဖန်ခဲ့သည်။

    “ပြီးခဲ့တဲ့တစ်ပတ်က ကိစ္စတွေအတွက် ပရိတ်သတ်တွေက စိတ်ပျက်တာကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် သူတို့ အရင်ကလိုပဲ အသင်းနောက်မှာ အမြဲတမ်းရှိမယ်လို့ ကျွန်တော် ပြောရဲပါတယ်။ ကျွန်တော်တို့ ဆိုးရွားတဲ့ သီတင်းပတ်ကို တွေ့ကြုံခဲ့ရပါတယ်။ ဘောလုံးလောကမှာ ကိုယ့်ကိုယ်ကို အဟုတ်ကြီးထင်နေတဲ့သူတွေ (အိုင်းစတိုင်းတွေ) ရှိတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဘောလုံးလောကမှာ အိုင်းစတိုင်းတွေ အပြည့်ပါပဲ။ ဒီဆိုးရွားတဲ့ သီတင်းပတ်ကို ထောက်ပြပြီး ကျွန်တော်ရဲ့ ၁၆ နှစ်ကာလကို ဖျက်ဆီးဖို့၊ မန်ယူအသင်းရဲ့ မယုံနိုင်စရာ သမိုင်းကြောင်းကို ဖျက်ဆီးဖို့ သူတို့ ကြိုးစားကြပါတယ်” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

    မော်ရင်ဟိုမှာ ပြီးခဲ့သည့် ရှုံးပွဲများအတွက်လည်း ဒိုင်လူကြီးများကို ပြစ်တင်ဝေဖန်မှုများ ပြုလုပ်ခဲ့သေးသည်။

    Ref: Goal

  • EFL Cup ကစားမည့် မန်ယူအသင်း ကားပါကင်တွင် လေ့ကျင့်ရ

    EFL Cup ကစားမည့် မန်ယူအသင်း ကားပါကင်တွင် လေ့ကျင့်ရ

    စက်တင်ဘာ ၂၁၊ ၂၀၁၆
    M-Media

    man-u

    – EFL Cup (ယခင်လိဂ်ဖလား) အဖြစ် လိဂ်ဝမ်းကလပ်နှင့် ယှဉ်ပြိုင်ကစားရမည့် မန်ယူအသင်းမှာ ကားပါကင်တွင် သွေးပူလေ့ကျင့်ခန်းဆင်းနေရသည်ဟု ဆိုရှယ်မီဒီယာတွင် လွှင့်တင်ခဲ့သည့် ဓာတ်ပုံများတွင် တွေ့မြင်ရသည်။

    ယနေ့ညတွင်ကစားမည့် ထိုပွဲတွင် မန်ယူမှာ Northampton အသင်း အိမ်ကွင်း Sixfields တွင် ကစားရမည်ဖြစ်သောကြောင့် နော့သ်အပ်တန်မြို့သို့ ရောက်ရှိနေသည်။ ၃ ပွဲဆက်တိုက် ရှုံးပွဲကြုံတွေ့မှုကြောင့် ဖိအားများနှင့် ရင်ဆိုင်နေရသည့် မန်ယူမှာ ထိုပွဲအတွက် မြို့တွင်းရှိ ကားပါကင်တစ်ခုတွင် လေ့ကျင်ရမှုက ပရိတ်သတ်များအတွက် မကျေမနပ် ပိုဖြစ်စေမည်ဖြစ်သည်။

    မော်ရင်ဟိုဦးဆောင်သည့် မန်ယူအသင်း ကားပါကင်တွင် လေ့ကျင့်နေရသည့် ဓာတ်ပုံများကို Tom ဟုအမည်ပေးထားသည့် Twitter အကောင့်တစ်ခုက လွှင့်တင်ခဲ့ခြင်းဖြစ်ပြီး “ဒီည Northampton အသင်းနဲ့ ကစားရမယ့်ပွဲအတွက် မန်ယူက ကားပါကင်မှာ လေ့ကျင့်နေရတယ်။ လိဂ်ဖလားရဲ့ လှည့်ကွက်လေလား” ဟု ရေးသားခဲ့သည်။

    ထိုဓာတ်ပုံများတွင် မန်အယူအသင်းသားများ သွေးပူလေ့ကျင်ခန်း လုပ်နေသည့်ပုံနှင့် မော်ရင်ဟိုက ကြီးကြပ်နေသည့်ပုံတို့ ပါဝင်ခဲ့သည်။

    Ref: Goal