News @ M-Media

Tag: Man U

  • တနင်္ဂနွေနေ့ ဘောလုံးသတင်းများ

    တနင်္ဂနွေနေ့ ဘောလုံးသတင်းများ

    စက်တင်ဘာ ၂၇၊ ၂၀၂၀
    M-Media

    ဘ၀တွင် တစ်ခါတစ်ရံ မမျှတမှုကို လက်ခံရတတ်သည်ဟု ဘရိုက်တန်နည်းပြ ဖွင့်ဟ

    မနေ့က ​မန်ယူနဲ့ပွဲမှာ အသင်းရဲ့ကစားပုံအတွက် ဂုဏ်ယူမိပြီး ဒီအခြေအနေကို ဆက်ထိန်းသွားဖို့ လိုအပ်တယ်လို့ ဘရိုက်တန်နည်း ဂရေဟမ်ပေါ်တာက ပြောကြားလိုက်ပါတယ်။

    ဘရိုက်တန်ဟာ ဒီပွဲမှာ ကစားပုံကောင်းခဲ့ပေမယ့် နာကျင်အချိန်ပိုက အငြင်းပွားဖွယ် ပင်နယ်တီကြောင့် ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာပါ။

    ပေါ်တာက ဒါဟာ နာကျင်ဖွယ်ရာအခြေအနေမျိုးဖြစ်ပြီး မိမိကြောင့်မဟုတ်ဘဲ ဒိုင်လူကြီးကြောင့်သာ ရှုံးနိမ့်ခဲ့ရတာဖြစ်ကြောင်း၊ ဘ၀မှာ တစ်ခါတစ်ရံ မမျှတတဲ့အခြေအနေမျိုး ကြုံတွေ့ရတဲ့ပြီး မနေ့က ပွဲဟာ ဒီလိုအနေအထားမျိုးဖြစ်ကြောင်း၊ အသင်းကတော့ တိုးတက်လာကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဝက်စ်ဘရွန်းပွဲမှာ သင်ခန်းစာရခဲ့တဲ့ လမ်းပတ်

    မနေ့က ဝက်စ်ဘရွန်းနဲ့ပွဲမှာ သင်ခန်းစာ ကောင်းကောင်းရလိုက်ပြီး အသင်းပိုကောင်းလာအောင် လုပ်ဆောင်စရာ အများကြီးရှိသေးတယ်လို့ ချယ်ဆီးနည်းပြ ဖရန့်လမ်းပတ်က ပြောကြားလိုက်ပါတယ်။

    ၃ ဂိုးစီသရေကျခဲ့တဲ့ အဲဒီပွဲမှာ ဝက်စ်ဘရွန်းက ပထမပိုင်းမှာတင် ၃ ဂိုး သွင်းထားတာပါ။ ဒုတိယပိုင်းရောက်မှ ချယ်ဆီးက ချေပဂိုးရခဲ့ပြီး ပွဲအပြီး နာကျင်အချိန်ပိုဂိုးနဲ့ တစ်မှတ်ခွဲယူနိုင်ခဲ့ပါတယ်။

    လမ်းပတ်က ဒီပွဲမှာ အမှားတွေကြောင့် သူတို့အသင်း ၂ မှတ်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

    ငွေမက်သည့် ဘောလုံးလောကကို မန်စီးတီးနည်းပြ ဝေဖန်

    ဘောလုံးလောကဟာ ကစားသမားတွေကို ဂရုမစိုက်ဘဲ ငွေရဖို့သာ လုပ်ဆောင်နေတယ်လို့ မန်စီးတီးနည်းပြ ပက် ဂွာဒီယိုလာက ဝေဖန်လိုက်ပါတယ်။

    ကိုဗစ်ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့ရာသီမှာ ဘောလုံးပွဲတွေကို ရွှေ့ဆိုင်းတာ၊ ရပ်ဆိုင်းတာတွေ လုပ်ခဲ့ရပြီးတဲ့နောက် ဒီနှစ်မှာတော့ ကလပ်အသင်း၊ နိုင်ငံအသင်းပြိုင်ပွဲတွေကြောင့် ပွဲတွေ ခပ်စိပ်စိပ် ကစားရဖို့ ရှိနေပါတယ်။

    ဂွါဒီယိုလာက ဒီနေ့ လက်စတာနဲ့ပွဲအတွက် ကြံ့ခိုင်မှုပြည့်၀တဲ့ စီနီယာကစားသမား ၁၃ ဦးသာရှိကြောင်း ရာသီကြို ၂ ပတ်သာ ပြင်ဆင်ခွင့်ရတဲ့ ကစားသမားတွေဟာ ၃ ရက် ၁ ပွဲနှုန်းနဲ့ ၁၁ လဆက်တိုက် ကစားရတော့မှာဖြစ်ပြီး သူတို့ဟာ စက်ရုပ်တွေမဟုတ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: BBC

  • ကြာသာပတေးနေ့ ဘောလုံးသတင်းများ

    ကြာသာပတေးနေ့ ဘောလုံးသတင်းများ

    ​စက်တင်ဘာ ၁၀၊ ၂၀၂၀
    M-Media

    ပေါ့ဘာမှာ အလုပ်ပေါ်တွင် စိတ်နှစ်မြှုပ်မှုမရှိဟု ဂယ်ရီနဗီးလ်ပြော

    • ကွင်းလယ်လူပေါ့ဘာဟာ ပါရမီရှိပေမယ့် စိတ်နှစ်မြှုပ်မှုအားနည်းတာကြောင့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတစ်ယောက် မဖြစ်တာလို့ မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ပြောကြားလိုက်ပါတယ်။

    ၂၀၁၆ ခုနှစ်မှာ ပေါင် ၈၉ သန်းနဲ့ မန်ယူကိုရောက်လာတဲ့ပေါ့ဘာဟာ ခြေစွမ်းကောင်းကို ပုံမှန်မပြနိုင်ဘဲ၊ အပြုအမူပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးလည်း မေးခွန်းထုတ်စရာတွေ ဖြစ်ခဲ့ပါတယ်။

    ဂယ်ရီနဗီးလ်က ပတ်ဝန်းကျင်ရဲ့စကားတွေကြောင့် စိတ်မနှစ်မြှုပ်နိုင်တာမျိုး ကစားသမားတွေမှာ ဖြစ်လေ့ဖြစ်ထရှိပြီး သူလည်း ဖြစ်ဖူးတယ်လို့ ဆိုပါတယ်။ မန်ယူဟာ လက်ရှိမှာ မှန်ကန်တဲ့လမ်းကြောင်းပေါ် ရောက်နေပြီလို့လည်း သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အသင်းတွင် ပါဝင်ကစားရန် အသင့်ရှိဟု အိုဇေးလ်ပြော

    အသင်းမှာ ပါဝင်ကစားဖို့အတွက် ကြံ့ခိုင်မှုပြည့်ကာ အဆင်သင့်ဖြစ်နေတယ်လို့ အာဆင်နယ်ကွင်းလယ်လူ မီဆုအိုဇေးလ်က ပြောကြားလိုက်ပါတယ်။

    အာဆင်နယ်ဟာ ၂၀၂၀-၂၁ ပရီးမီးယားလိဂ် အဖွင့်ပွဲအဖြစ် စနေနေ့မှာ ဖူလ်ဟမ်အသင်းနဲ့ ကစားရမှာပါ။ အသင်းနဲ့ စာချုပ်တစ်နှစ်သာ ကျန်တော့တဲ့ အိုဇေးလ်ဟာ ကိုရိုနာကြောင့် ခေတ္တရပ်နားပြီး ပြန်စတဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာ ရာသီကုန်အထိ နည်​းပြအာတီတာရဲ့ ရွေးချယ်မှုကိုမခံရတော့ဘဲ၊ အသင်းကရောင်းချဖို့ ကြိုးပမ်းမှုကိုလည်း အိုဇေးလ်က လက်မခံခဲ့ပါဘူး။

    မိမိက အဆင်သင့်ဖြစ်ပေမယ့် ဖူလ်ဟမ်နဲ့ပွဲ ရွေးချယ်ခံရခြင်း ရှိ၊ မရှိဆိုတာက နည်းပြအပေါ်မှာ မူတည်နေတယ်လို့ အိုဇေးလ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Goal

    mmFootballNews

  • သောကြာနေ့ ဘောလုံးသတင်းများ

    သောကြာနေ့ ဘောလုံးသတင်းများ

    ဖေဖော်ဝါရီ ၂၈၊ ၂၀၂၀
    M-Media

    လေ့ကျင့်ရေးကွင်းတွင် လက်ဆွဲနှုတ်ဆက်မှုကို နယူးကာဆယ်ပိတ်ပင်

    ကမ္ဘာတစ်ဝှမ်း လူပေါင်း ၈ သောင်းကျော်လောက်မှာ ကူးစက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်သစ်ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ နယူးကာဆယ်အသင်းက လေ့ကျင့်ရေးကွင်းမှာ အချင်းချင်း လက်ဆွဲနှုတ်ဆက်တာကို ပိတ်ပင်လိုက်ပါတယ်။ ယူကေမှာ ကူးစက်သူဦးရေဟာ သောကြာနေ့အထိ ၁၉ ဦး ရှိနေပါတယ်။ ဗိုင်းရပ်စ်မကူးစက်ဖို့ ကြိုတင်ကာကွယ်ရေးမှာ လက်ဆေးတာဟာ အရေးကြီးတယ်လို့ နိုင်ငံတကာ ကျန်းမာရေး ကျွမ်းကျင်သူတွေက သတိပေးထားတာပါ။ နယူးကာဆယ်နည်းပြ စတီဗ်ဘရုစ်က အသင်းဆရာဝန်ရဲ့ အကြံပေးမှုကြောင့် လေ့ကျင့်ကွင်းလာရင် အချင်းချင်း လက်ဆွဲနှုတ်ဆက်တဲ့ အလေ့အကျင့်ကို ရပ်ဆိုင်းလိုက်ကြောင်း၊ သတင်းတွေကို စောင့်ကြည့်နေပြီး ယူကေမှာ ဆိုးဆိုးဝါးဝါး မဖြစ်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

    ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လျှင် ဆုတံဆိပ်ရသည်ဆိုသည်ကို မာနေးမသိ

    ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲရင် တစ်ဦးချင်း ဆုတံဆိပ်ရတယ်ဆိုတာ အရင်က မသိခဲ့ဘူးလို့ လီဗာပူးလ်အသင်းရဲ့ ဆီနီဂေါတိုက်စစ်မှူး ဆာဒီယိုမာနေးက ပြောကြားလိုက်ပါတယ်။ လီဗာပူးအသင်းဟာ ၁၁ ပွဲကစားဖို့ ကျန်ရှိနေချိန် ၂၂ မှတ်ဖြတ်ကာ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး နောက်ထပ် ၄ ပွဲ အနိုင်ရရုံနဲ့ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် ချန်ပီယံဖြစ်လာမှာ ဖြစ်ပါတယ်။ မာနေးက‌ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရင် ကစားသမားတစ်ဦးချင်း ဆုတံဆိပ်ရတယ်ဆိုတာ မနေ့ကမှ သိတာဖြစ်ပြီး တစ်ဦးချင်းဆုတံဆိပ်တွေကို သိပ်ပြီး ဦးစားမပေးကြောင်း၊ မိမိတို့အနေနဲ့ ပရီးမီးယားလိဂ်မှာ ဦးဆောင်နေနိုင်တာဟာ လွယ်လွယ်ကူကူနဲ့ ဖြစ်လာတာမဟုတ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အိပ်မက် အမှန်တကယ်ဖြစ်လာတဲ့ မန်ယူတိုက်စစ်မှူး

    ဖိအားတွေရှိနေပေမယ့် မန်ယူမှာ ပထမဆုံး ဂိုးသွင်းနိုင်တဲ့အတွက် ကျေနပ်မိတယ်လို့ နိုက်ဂျီးရီးယားတိုက်စစ်မှူး အီဂ်ဟာလိုက ပြောကြားလိုက်ပါတယ်။ ဆောင်းရာသီအပြောင်းအရွှေ့ နောက်ဆုံးနေ့မှ တရုတ်ကလပ် ရှန်ဟိုင်းရှင်ဟွာကနေ ရောက်ရှိလာတဲ့ အီဂ်ဟာလိုဟာ ဒီကနေ့မနက်က ဘရုဂျက်အသင်းကို ၅ ဂိုးပြတ်နဲ့ အနိုင်ရတဲ့ပွဲမှာ ပထမဆုံး ဂိုးသွင်းနိုင်ခဲ့တာပါ။ သူ့ကိုခေါ်ယူတဲ့အချိန် ဆိုရှယ်မီဒီယာမှာ Trend ဖြစ်ခဲ့သလို ဒီကနေ့မနက် ဂိုးသွင်းယူနိုင်ခဲ့ပြီးတဲ့နောက်မှာလည်း Trend ထပ်ဖြစ်ခဲ့ပါတယ်။ အီဂ်ဟာလိုက မိမိဟာ မန်ယူအသင်းကို ငယ်ငယ်ကတည်းက အားပေးခဲ့ပြီး ဒီလိုဂိုးသွင်းနိုင်ဖို့လည်း အိပ်မက်မက်ခဲ့တယ်လို့ ဆိုပါတယ်။

    Ref: BBC

  • ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

    ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

    ဖေဖော်ဝါရီ ၅၊ ၂၀၂၀
    M-Media

    စပါးတွင် သိုးမည်တစ်ကောင်ကဲ့သို့ ခံစားခဲ့ရသည်ဟု အဲရစ်ဆန်ပြော

    စီးရီးအေကလပ် အင်တာမီလန်အသင်းကို ပြောင်းရွှေ့ရတာဟာ စပါးအသင်းမှာ လေးစားတန်းဖိုးထားမခံခဲ့ရလို့ ဖြစ်တယ်လို့ စပါးကွင်းလယ်လူဟောင်း ခရစ္စတီယန် အဲရစ်ဆန်က ပြောကြားလိုက်ပါတယ်။ စပါးအသင်းမှာ ၆ နှစ်ခွဲ ကစားခဲ့တဲ့ အဲရစ်ဆန်ဟာ စတာလင်ပေါင် ၁၆.၉ သန်းနဲ့ ပြီးခဲ့တဲ့လမှာ ရုတ်တရက်ပြောင်းရွှေ့ခဲ့တာပါ။ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လီဗာပူးလ်ကို ရှုံ့းနိမ့်ခဲ့တဲ့ပွဲစဉ်အပါအဝင် အချိန်တော်တော်များများမှာ ပရိသတ်တွေရဲ့ ဝေဖန်ပြစ်တင်မှုကို ခံခဲ့ရပြီး သိုးမည်းတစ်ကောင်လို ခံစားရတာကြောင့် စိတ်ပျက်ခဲ့ရတယ်လို့ ဘီဘီစီနဲ့ အင်တာဗျူးမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ၁၄ နှစ်အတွင်း FA ဖလား ပဉ္စမအဆင့်ကို ပထမဆုံးရောက်လာတဲ့ နယူးကာဆယ်

    ၁၄ နှစ်အတွင်း FA ဖလား ပဉ္စမအဆင့်ကို ပထမဆုံးအကြိမ် တက်ရောက်နိုင်တာဟာ အသင်းအတွက် အရေးပါတဲ့ အချိန်ကာလ ဖြစတယ်လို့ နယူးကာဆယ်နည်းပြ စတီဗ်ဘရုစ်က ပြောကြားလိုက်ပါတယ်။ မနက်က အောက်စဖို့ဒ်အသင်းနဲ့ပွဲမှာ မိနစ် ၈၀ အထိ ၂ ဂိုးပြတ်နဲ့ ဦးဆောင်ထားတဲ့ နယူးကာဆယ်ဟာ ၈၄ မိနစ်နဲ့ နာကျင်အချိန်ပိုတွေမှာ ချေပဂိုးပြန်ပေးခဲ့ရပြီး အချိန်ပိုမှာမှ အနိုင်ဂိုး ပြန်သွင်းနိုင်ခဲ့တာပါ။ ဒီနိုင်ပွဲဟာ မိုင်ပေါင်းများစွာဝေးတဲ့နေရာကနေ လာရောက်အားပေးကြတဲ့ ပရိတ်သတ်တွေအတွက် ကျေနပ်စရာ ဖြစ်ကြောင်း၊ မိမိတို့အတွက်လည်း ထိုက်တန်တဲ့နိုင်ပွဲတစ်ပွဲဖြစ်‌ကြောင်း စတိဗ်ဘရုစ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    မန်ယူကိုပြောင်းရွှေ့မှုအကြောင်း ဖွင့်ဟလာတဲ့ တိုက်စစ်မှူး အီဂဟာလို

    မန်ယူအသင်းမှာကစားဖို့ အလွန်စိတ်အားထက်သန်တဲ့အတွက် လုပ်ခလစာကို လျော့ယူခဲ့ပြီး လက်မှတ်ရေးထိုးပြီးတဲ့နောက် အိပ်မပျော်ဖြစ်ခဲ့ရတယ်လို့ မန်ယူကို အငှားနဲ့ ပြောင်းရွှေ့လာတဲ့ အသက် ၃၀ အရွယ် နိုက်ဂျီးရီးယား တိုက်စစ်မှူး အိုဒီယွန် အီဂဟာလိုက ပြောကြးလိုက်ပါတယ်။ အရင်က ဝက်ဖို့ဒ်အသင်းမှာ ကစားခဲ့တဲ့ အီဂဟာလိုဟာ တရုတ်ကလပ် ရှန်ဟိုင်းရှင်ဟွာကနေ ပြောင်းလာတာပါ။ မန်ယူအပြင် အခြား ဆက်သွယ်တဲ့ အသင်းအချို့ ရှိခဲ့ပြီး မန်ယူကို ရွေးချယ်ခဲ့တာဖြစ်ကြောင်း၊ ဒီသတင်းကိုကြားပြီးတဲ့နောက် မိခင်ဖြစ်သူက ငိုကြွေးခဲ့ပြီး မိမိမွေးရပ်ဒေသမှာ ပါတီတွေ ကျင်းပပေးခဲ့ကြောင်း အီဂဟာလိုက ဆိုပါတယ်။

    Ref: BBC

  • ကြာသာပ‌တေးနေ့ ဘောလုံးသတင်းများ

    ကြာသာပ‌တေးနေ့ ဘောလုံးသတင်းများ

    ဇန်နဝါရီ ၃၀၊ ၂၀၂၀
    M-Media

    နှစ်ဖက်ပရိသတ်များ၏လုပ်ရပ်ကို မန်ယူနှင့် မန်စီးတီးနည်းပြများ ရှုတ်ချ

    • မနေ့က မန်ချက်စတာ ဒါဘီပွဲမှာ နှစ်ဖက်ပရိတ်သတ်တွေရဲ့ အပြုအမှုအတွက် မန်ယူနဲ့ မန်စီးတီး နည်းပြ ၂ ဦးစလုံးက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ မန်စီးတီးကွင်းမှာကစားပြီး အဲဒီပွဲဟာ လိဂ်ဖလား ဆီးမီးဖိုင်နယ် ဒုတိယကျော့ဖြစ်ပြီး မန်ယူက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ မန်ယူအသင်းက ကစားသမားနဲ့ တာဝန်ရှိသူ ၂၃ ဦး သေဆုံးတဲ့ ၁၉၅၈ ခုနှစ် မြူးနစ်လေယာဉ်ပျက်ကျမှုကို မန်စီးတီးပရိတ်သတ်တွေက အမူအရာနဲ့ လှောင်ပြောင်ခဲ့သလို၊ မန်ယူပရိတ်သတွေကလည်း ပွဲအပြီး မန်စီးတီးပရိသတ်တွေကို ထိုင်ခုံတွေချိုးကာ ပစ်ပေါက်ခဲ့ပါတယ်။ မန်စီးတီးနည်းပြ ပက်ပ် ဂွါဒီယိုလာက ဒီအဖြစ်အပျက်တွေဟာ ကောင်းမွန်တဲ့ကိစ္စတွေမဟုတ်ဘူးလို့ ပြောကြားခဲ့သလို မန်ယူနည်းပြ ဆိုလ်းရှားကလည်း ဒီလိုအပြုအမူမျိုး ပပျောက်အောင် ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။

    ကစားပုံထက် နိုင်ပွဲက ပိုအရေးကြီးဟု ရီးယဲလ်မက်ဒရစ်နည်းပြပြော

    အသင်းရဲ့ကစားပုံနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေရှိနေပေမယ့် မိမိရဲ့နည်းစနစ်ကို ပြောင်းလဲသွားမှာမဟုတ်ဘူးလို့ ရီးယဲလ်နည်းပြ ဇီဒိန်းက ပြောကြားလိုက်ပါတယ်။ ရီးယဲလ်ဟာ လာလီဂါမှာ နိုင်ပွဲတွေရနေပေမယ့် ကစားပုံမကောင်းမှုအတွက် ဝေဖန်ခံနေရတာပါ။ အထူးသဖြင့် တိုက်စစ်ကစားပုံဖြစ်ပြီး ၂၀၂၀ အတွင်း လာလီဂါမှာ ရီးယဲလ်သွင်းခဲ့တဲ့ ဂိုး ၆ ဂိုးဟာ တိုက်စစ်မှူးတွေ သွင်းယူခဲ့တာ မဟုတ်ပါဘူး။ ဇီဒိန်းကတော့ ကစားပုံလှပဖို့ထက် နိုင်ပွဲတွေကို ဆောင်ကျဉ်းပေးနိုင်ဖို့က ပိုအရေးကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။

    အသင်းပြောင်းရသည့်အကြောင်း စပါးပရိတ်သတ်တွေကို အဲရစ်ဆန်ရှင်းပြ

    စီးရီးအေကို ပြောင်းရွှေ့သွားရတာဟာ အတွေ့အကြုံသစ်ကို လိုချင်လို့ဖြစ်တယ်လို့ စပါးကွင်းလယ်လူဟောင်း ခရစ္စတီယန် အဲရစ်ဆန်က ပြောကြားလိုက်ပါတယ်။ ၂၀၁၃ ခုနှစ်က အေဂျက်ကနေရောက်လာပြီး စပါးမှာ ၆ နှစ်ခွဲကြာ ကစားခဲ့တဲ့ အဲရစ်ဆင်ဟာ ပရီးမီးယားလိဂ်မှာ အရေးပါတဲ့ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပြီး မန်ယူနဲ့ ရီးယဲလ်တို့လို အသင်းတွေရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရသူလည်း ဖြစ်ပါတယ်။ အင်္ဂါနေ့မှာ စီးရီးအေကလပ် အင်တာမီလန်းအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ အဲရစ်ဆင်က စပါးက အချိန်တွေဟာ ပျော်ရွှင်စရာအချိန်တွေဖြစ်ခဲ့ပြီး အနာဂတ်မှာ ပြန်လည်ဆုံစည်းချင်တယ်လို့ ပရိသတ်တွေကို လိပ်မူတဲ့ ဆိုရှယ်မီဒီယာပို့စ်မှာ ရေးသားထားပါတယ်။

    Ref:Goal, BBC