News @ M-Media

Tag: Man U

  • တောင်ပံကစားသမား ၀ယ်ရမည်ဟု ဗန်ဂါးလ်ပြော

    တောင်ပံကစားသမား ၀ယ်ရမည်ဟု ဗန်ဂါးလ်ပြော

    နိုဝင်ဘာ ၉၊ ၂၀၁၅
    M-Media

    mu

    – လက်ရှိ ရှိနေသည့် တောင်ပံကစားသမားများမှာ လျင်မြင်မှုအားနည်းခြင်းကြောင့် လာမည့် ဇန်န၀ါရီ အပြောင်းအရွှေ့တွင် တောင်ပံကစားသမားတစ်ဦး ခေါ်ယူချင်သည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ဗန်ဂါးလ်မှာ အသင်း၏ တောင်ပံနှစ်ဖက်အတွက် လင်ဂါ့တ်နှင့် မာတာတို့ကို ပွဲထုတ်ခဲ့သော်လည်း ကျေနပ်လောက်စရာ ခြေစွမ်းကို ပြသနိုင်ခြင်း မရှိပေ။ အခြား ကွင်းလယ်ကစားသမား တစ်ဦးဖြစ်သူ ဒီပိုင်းမှာလည်း ပုံမှန်ခြေစွမ်းကို ပြသနိုင်ခြင်းမရှိသောကြောင့် အသင်းတွင် နေရာမရပေ။

    “ကျွန်တော်တို့ဟာ တောင်ပံတွေမှာ လျင်မြန်မှုနဲ့ ဖန်တီးနိုင်စွမ်း လိုအပ်တယ်လို့ ကျွန်တော်ပြောခဲ့ပြီးပါပြီ။ ဒါ့ကြောင့် ဒီပြဿနာကို ကျွန်တော်တို့ ပထမဆုံး ဖြေရှင်းရမှာဖြစ်ပြီး အဲဒီနောက်မှာတော့ ဘယ်လိုကစားလဲ၊ လျင်မြန်တဲ့ တောင်ပံကစားသမားတွေနဲ့ အသင်းဟန်ချက် ဘယ်လိုရှိလဲဆိုတာကို ကြည့်ရပါမယ်” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    Ref: Goal

  • မန်ယူနောက်ခံလူဟောင်း အိမ်ယာမဲ့များအား ကူညီစောင့်ရှောက်ပေးမည်

    မန်ယူနောက်ခံလူဟောင်း အိမ်ယာမဲ့များအား ကူညီစောင့်ရှောက်ပေးမည်

    နိုဝင်ဘာ ၄၊ ၂၀၁၅
    M-Media

    mu

    – မန်ယူနောက်ခံလူဟောင်း ဂယ်ရီ နဗီးလ်မှာ ၎င်းနှင့် လက်ရှိ မန်ယူ လက်ထောက်နည်းပြ ရိုင်ယန်ဂစ်တို့ ပူးပေါင်းကာ ဇိမ်ခံဟိုတယ် ဖွင့်လှစ်ရန် စီစဉ်ထားသည့် အဆောက်အဦးတွင် လာရောက်နေထိုင်နေသော အိမ်ယာမဲ့များအား ကူညီပံ့ပိုးသွားရန် သဘောတူညီချက်တစ်ခု ရယူခဲ့သည်ဟု သိရသည်။

    မန်ချက်စတာမြို့လယ်ကောင်မှ စတော့အိတ်ချိန်း အဆောက်အဦးဟောင်းဖြစ်ပြီး ၎င်းတို့ နှစ်ဦးစလုံးမှာ အဆိုပါ အိမ်ယာမဲ့များအား လာမည့်ဖေဖော်ဝါရီလ ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်သည်အထိ ထိုအဆောက်အဦးတွင် နေထိုင်ရန် ခွင့်ပြုထားသည်။

    သို့သော်လည်း နဗီးလ်ကမူ အဆိုပါ အိမ်ယာမဲ့များအား စိတ်ကျန်းမာရေး စောင့်ရှောက်မှုနှင့် အကြံအဥာဏ်ပေးမှုများ ပြုလုပ်ပေးရန် မြို့တော်ကောင်စီ၊ လူမှုဖူလှုံရေးအကြီးအကဲများနှင့် သဘောတူညီခဲ့သည်။ Riverside Care and Support စင်တာကလည်း အဆိုပါ အဆောက်အဦးသို့ ပုံမှန်လာရောက်လည်ပတ်ကာ ကြည့်ရှုစောင့်ရှောက်သွားမည်ဖြစ်ပြီး နေထိုင်စရာ နေရာကိုလည်း ရှာဖွေပေးသွားရန် ရှိနေသည်။

    “လမ်းပေါ်မှာ ဘယ်သူမှ မအိပ်သင့်ပါဘူး။ ဒီစတော့အိတ်ချိန်း အဆောက်အဦးမှာ လာနေတဲ့ အိမ်ယာမဲ့တွေကို ကွန်းခိုစရာနေရာလေး ပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့အတူ ကျွန်တော်တို့ဟာ မြို့တော်ကောင်စီ၊ Riverside အဖွဲ့တို့နဲ့ ပူးပေါင်းပြီး ထောက်ပံ့ကူညီမှုတွေ ပြုလုပ်သွားမှာပါ” ဟု နဗီးလ်က ပြောကြားခဲ့သည်။

    ဂယ်ရီနဗီးလ်မှာ ဒုတိယတန်းစားအဆင့်ရှိသည့် အဆိုပါ အဆောက်အဦးအား ပေါင် ၁.၅ သန်းဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်သည်။

    Ref: Goal

  • မာရှယ်ကိုတားဆီးနိုင်က မန်ယူကို တားဆီးနိုင်ခြင်းဟု ပါဂျူးပြော

    မာရှယ်ကိုတားဆီးနိုင်က မန်ယူကို တားဆီးနိုင်ခြင်းဟု ပါဂျူးပြော

    နိုဝင်ဘာ ၂၊ ၂၀၁၅
    M-Media

    martial

    – မန်ယူနှင့် တွေ့ဆုံခဲ့သည့်ပွဲတွင် လူငယ်ကစားသမား အန်သိုနီမာရှယ်အား ရပ်တန့်ရန် မိမိတို့အသင်းက ကြိုးစားခဲ့ပြီး ၎င်းအား ရပ်တန့်နိုင်ပါက မန်ယူကို ရပ်တန့်နိုင်သည်ဟု ခရစ္စတယ်ပဲလေ့စ်နည်းပြ အလန်ပါဂျူးက ပြောကြားလိုက်သည်။

    ယမန်နေ့က ကစားခဲ့သည့် မန်ယူနှင့် ပဲလေ့စ်ပွဲမှာ ဂိုးမရှိသရေဖြင့် ပြီးဆုံးခဲ့ပြီး မန်ယူမှာ ၃ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ခဲ့ခြင်းလည်း ဖြစ်သည်။ ပါဂျူးကမူ မိမိတို့အသင်းမှာ မာရှယ်၏ ခြိမ်းခြောက်မှုကို အဓိကထားခဲ့သည်ဟု ဆိုသည်။

    “မာရှယ်ကို တစ်လက်မတောင် အလွတ်မပေးပါဘူး။ သူ့ကိုတားဆီးဖို့က ကျွန်တော်တို့အတွက် ပစ်မှတ်ကြီးတစ်ခု ဖြစ်ခဲ့ပြီး တကယ်လို့ ကျွန်တော်တို့ သူ့ကိုတားဆီးနိုင်ရင် မန်ယူအသင်းရဲ့ ဖန်တီးနိုင်မှုကို တားဆီးနိုင်တာပါပဲ။ မာရှယ်ရဲ့ အသက်ကို ထည့်ထွက်မယ့်ဆိုရင်တော့ ဒါဟာ အကြံပြုချက်တစ်ခုပါပဲ။ သူက အင်မတန် ချီးကျူးစရာကောင်းတဲ့ ကစားသမားတစ်ယောက်လို့ ကျွန်တော် ပြောရမှာပါ” ဟု ပါဂျူးက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: Goal

  • ရော်နယ်ဒိုကို ဖာဂူဆန်က ပြန်ခေါ်ရန် နီးစပ်ခဲ့ကြောင်း အီဗရာ ဖွင့်ဟ

    ရော်နယ်ဒိုကို ဖာဂူဆန်က ပြန်ခေါ်ရန် နီးစပ်ခဲ့ကြောင်း အီဗရာ ဖွင့်ဟ

    နိုဝင်ဘာ ၁၊ ၂၀၁၅
    M-Media

    rnd

    – ဖာဂူဆန် နည်းပြဘ၀မှ အနားယူမည်ဟု မကြေငြာခင် သီတင်းပတ်အနည်းငယ်အလိုက အသင်းအား ဆက်လက်တာဝန်ယူရန် ဖွင့်ဟခဲ့ပြီး ရော်နယ်ဒိုအား ပြန်လည်ခေါ်ယူရန် ၉၉ ရာခိုင်နှုန်း သေချာသည်ဟုလည်း အသိပေးခဲ့ကြောင်း မန်ယူနောက်ခံလူဟောင်း ပက်ထရစ်အီဗရာက ပြောကြားလိုက်သည်။

    စပို့တင်းလစ္စဘွန်းမှ မန်ယူသို့ ရောက်ရှိလာခဲ့ပြီးနောက် တောက်ပလာခဲ့သည့် ရော်နယ်ဒိုမှာ ၂၀၀၉ ခုနှစ်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀ ဖြင့် ရီးယဲလ်သို့ ပြောင်းရွှေ့သွားခဲ့သည်။ ဖာဂူဆန်မှာလည်း အသင်းအား ၁၃ ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလား ရယူပေးပြီးနောက် ၂၀၁၂-၁၃ ဘောလုံးရာသီအကုန်တွင် နည်းပြဘ၀မှ အနားယူခဲ့သည်။

    “သူအနားယူဖို့ မကြေငြာခင် ၂ ပတ်အရင်လောက်မှာ သူက “ပက်ထရစ်၊ ငါ ဒီမှာ နောက်ထက် ၅ နှစ် ဆက်ရှိနေအုံးမယ်” လို့ ပြောခဲ့တာကို ကျွန်တော် မှတ်မိပါတယ်။ ကျွန်တော်ကလည်း ဟုတ်ကဲ့ပါဘော့စ် ဆက်လုပ်ပါလို့ ပြန်ပြောခဲ့ပါတယ်။ သူက ပိုပို နုပျိုလာတယ်လို့ ကျွန်တော် ခံစားရတယ်။ ပြီးတော့ သူက ရော်နယ်ဒို အသင်းကို ပြန်လာဖို့ ၉၉ ရာခိုင်နှုန်း သေချာနေတယ်လို့လည်း ပြောခဲ့ပါတယ်။ ကျွန်တော်ကလည်း ငါတို့တော့ ပြန်လာနိုင်ပြီး ချန်ပီယံလိဂ်လည်း ထပ်ရလိမ့်မယ်လို့ ထင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဘာဖြစ်ခဲ့သလဲဆိုတာ အားလုံး သိကြပါတယ်။ အရှုံးနဲ့ရင်ဆိုင်ရတဲ့ခါ ကမ္ဘာကြီးက ချာချာလည်သလို ခံစားရတယ်ဆိုတာ ခင်ဗျားတို့လည်း သိပါတယ်။ ဒါဟာ တော်တော်ကြီးမားတဲ့ စိတ်ဒဏ်ရာပါ။ ကျွန်တော်လည်း အဲဒီလိုမျိုးအရှုံးကို ခံစားခဲ့ရပါတယ်” ဟု ဂျူဗင်တပ်စ်
    နောက်ခံလူ အီဗရာက ပြောကြားခဲ့သည်။

    Ref: Goal

  • မန်ယူတွင် စိတ်ပျက်ခဲ့ရသည်ဟု ဇာဟာဖွင့်ဟ

    မန်ယူတွင် စိတ်ပျက်ခဲ့ရသည်ဟု ဇာဟာဖွင့်ဟ

    အောက်တိုဘာ ၃၁၊ ၂၀၁၅
    M-Media

    zaha

    – မန်ယူတွင် ကစားခဲ့ရသည့် အချိန်များကို မိမိအနေဖြင့် မပျော်ရွှင်ဘဲ အချိန်နှင့်အမျှ စိတ်ပျက်မှုကို ခံစားခဲ့ရသည်ဟု ခရစ္စတယ်ပဲလေ့စ် တိုက်စစ်မှူး ၀ီလ်ဖရိုင်း ဇာဟာက ပြောကြားလိုက်သည်။

    ဇာဟာမှာ ၂၀၁၃ ခုနှစ်တွင် မန်ယူသို့ ရောက်ရှိခဲ့ပြီး ဖာဂူဆန်၏ နောက်ဆုံးခေါ်ယူသော ကစားသမားလည်း ဖြစ်ခဲ့သည်။ သို့သော်လည်း မန်ယူတွင် ၄ ပွဲသာ ကစားခဲ့ရပြီး ပရီးမီးယားလိဂ်တွင် လုံးဝ ပွဲထွက်ခွင့် မရသောကြောင့် ယခုနှစ် ဖေဖော်ဝါရီတွင် အသင်းဟောင်း ပဲလေ့စ်သို့ ပြန်လည်ပြောင်းရွှေ့ခဲ့သည်။

    “အချိန်နဲ့အမျှ ကျွန်တော် စိတ်ပျက်ခဲ့ရပါတယ်။ ကိစ္စ တော်တော်များများအတွက်လည်း ကျွန်တော် ခံစားခဲ့ရပါတယ်။ ကျွန်တော် ကောင်းကောင်းမကစားနိုင်တဲ့အခါ ဘယ်သူမှ ကျွန်တော့်ကို ပြောစရာမလိုပါဘူး။ ကျွန်တော် ကို့ယ်ကိုယ်ကို ပြန်ပြင်တယ်။ စိတ်ရှုတ်တဲ့အခါမှာလည်း ကျွန်တော်က ကိုယ့်ဟာကိုယ် ဖြေပါတယ်” ဟု ဇာဟာက ပြောကြားခဲ့ပြီး မန်ယူတွင် ကစားရသည့်ပွဲများတွင် အကောင်းဆုံး မကစားနိုင်ခဲ့ဟု ၀န်ခံခဲ့သည်။

    Ref: Goal