News @ M-Media

Tag: Man U

  • အသင်းသားများမှာ နည်းစနစ်သစ်နှင့် အသားကျသွားပြီဟု မန်ယူကွင်းလယ်လူ ပြော

    အသင်းသားများမှာ နည်းစနစ်သစ်နှင့် အသားကျသွားပြီဟု မန်ယူကွင်းလယ်လူ ပြော

    စက်တင်ဘာ ၂၆၊ ၂၀၁၅
    M-Media

    mu

    – မန်ယူအသင်းသားများမှာ နည်းပြဗန်ဂါးလ်၏ နည်းစနစ်များနှင့် လေ့ကျင်မှုနည်းလမ်းများကို ယခုအချိန်တွင် အသားကျသွားပြီဟု ကွင်းလယ်လူမာတာက ပြောကြားလိုက်သည်။

    ဗန်ဂါးလ်မှာ ပြီးခဲ့သည့်နှစ်က ဒေးဗစ်မိုယက်စ်၏လက်မှ အသင်းအား လွှဲပြောင်းယူခဲ့ခြင်းဖြစ်ပြီး ရာသီအစ ၁၀ ပွဲတွင် ၁၃ မှတ်သာ ရရှိကာ ၁၉၈၆-၈၇ ခုနှစ်နောက်ပိုင်း အဆိုးဝါးဆုံး ရာသီအဖွင့်ကို ကြုံတွေ့ခဲ့ရသည်။ ရာသီပြီးဆုံးချိန်တွင်မူ မန်ယူမှာ အဆင့် ၄ နေရာတွင် ရပ်တည်ခဲ့သည်။

    ယခုနှစ်တွင် ဗန်ဂါးလ်၏ မန်ယူအသင်းမှာ မန်စီးတီး၏ နောက် ၂ မှတ်အကွာ ဒုတိယနေရာဖြင့် ချန်ပီယံဘွဲ့ကို စိန်ခေါ်နိုင်သူ ဖြစ်လာခဲ့သည်။ အသင်းသားများနှင့် ဗန်ဂါလ်းတို့အကြား မကျေလည်မှုများ ရှိနေသည်ဟု မကြာသေးခင်က သတင်းများ ထွက်လာခဲ့သော်လည်း မာတာကမူ အသင်းမှာ နည်းပြနှင့် အစေးကပ်သွားပြီဟု ဆိုသည်။

    “နည်ပြတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင် လုပ်ပုံကိုင်ပုံတွေ ရှိပါတယ်။ သူက အခြား ဘယ်နည်းပြနဲ့မှ မတူပါဘူး။ သူစရောက်တုန်းက အစပိုင်းမှာ နည်းနည်း ကသီမယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော်ကတော့ အချိန်လို့ထင်ပြီး၊ အစည်းအဝေးတွေ၊ လေ့ကျင့်မှုတွေ၊ ပွဲတွေကနေတစ်ဆင့် နည်းစနစ်ပိုင်းကို အသားကျအောင် လုပ်ခဲ့ရပါတယ်။ ကျွန်တော်တို့ရဲ့ ဒုတိယနှစ်မှာတော့ ပုံမှန်လိုဖြစ်သွားခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက်လည်း ပိုပြီး နားလည်လာပါတယ်။ နည်းပြနဲ့တင်မဟုတ်ပါဘူး။ ကွင်းထဲက တစ်သင်းလုံးနဲ့ပါပဲ” ဟု မာတာက
    ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့မှာ ပြီးခဲ့သည့်ရာသီကထက် ပို၍ အတူတကွ ရှိနေသောကြောင့် ပိုကောင်းလာသည်မှာ ဓမ္မတာပင်ဖြစ်ကြောင်း၊ ယခုနှစ်တွင် မိမိတို့မှာ ပိုမိုတိုးတက်ချင်ကြောင်း မာတာက ထပ်လောင်းပြောကြားခဲ့သည်။ မန်ယူမှာ ယခုတစ်ပတ် ပရီးမီးယားလိဂ်တွင် အဝေးကွင်း၌ ဆန်းဒါးလန်းနှင့် ကစားရမည်ဖြစ်သည်။

    Ref: Goal

  • အိပ်မက်တွေ အမှန်တကယ်ဖြစ်လာပြီဆိုတဲ့ မန်ယူလူငယ်ကစားသမား ပါရဲရား

    အိပ်မက်တွေ အမှန်တကယ်ဖြစ်လာပြီဆိုတဲ့ မန်ယူလူငယ်ကစားသမား ပါရဲရား

    စက်တင်ဘာ ၂၄၊ ၂၀၁၅
    M-Media

    mu

    – အသင်းနှင့် ပထမဆုံး ပွဲထွက်ခွင့်ရသည့်ပွဲတွင် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမှာ အိပ်မက်များ အမှန်တစ်ကယ် ဖြစ်လာခြင်းဖြစ်သည်ဟု မန်ယူအသင်း၏ လူငယ်ကွင်းလယ်လူ အန်ဒရီယက်စ် ပါရဲရားက ပြောကြားလိုက်သည်။

    ယနေ့မနက်က ကစားခဲ့သည့် အပ်စ်ဝစ်ခ်ျနှင့် လိဂ်ဖလားပြိုင်ပွဲတွင် မန်ယူမှာ ၃ ဂိုး ပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး အသင်းနှင့် ပထမဆုံး ပွဲထွက်ခဲ့သည့် ပါရဲရားက ဖရီးကစ်မှတစ်ဆင့် ဒုတိယဂိုးကို လှပစွာ သွင်းယူပေးခဲ့သည်။ အသက် ၁၉ နှစ်အရွယ် ဘရာဇီးလ် လူငယ်ကစားသမား ပါရဲရားမှာ မန်ယူ၏ ပွဲထွက်ကစားသမား ၁၁ ယောက်တွင် တစ်ဦးတည်းသော အကယ်ဒမီထွက် ကစားသမားဖြစ်သည်။

    “ဖရီးကစ်ကန်ဖို့ ဂျူအန် (မာတာ) ဆီကနေ ကျွန်တော် တောင်းခဲ့ပြီး သူကလည်း ကျွန်တော့်ကို ပေးခဲ့ပါတယ်။ ဖရီးကစ်ကန်တာကို ကျွန်တော်တို့ လေ့ကျင့်ရေးကွင်းမှာ အတူကျင့်ခဲ့ပြီး သူက ကျွန်တော့်ကို ယုံကြည်ခဲ့ပါတယ်” ဟု ပါရဲရားက ပြောကြားခဲ့သည်။

    ပါရဲရားမှာ မန်ယူတွင် လူစားဝင်ကစားသမားအဖြစ် ၂ ပွဲသာ ကစားရသေးသည်။

    “ကျွန်တော်ကြိုးစားခဲ့သမျှတွေ အရာထင်လာတဲ့အတွက် စိတ်သက်သာရာရခဲ့ပါတယ်။ စတန်းဖို့ဒ်အန့်မှာ ဖရီးကစ်နဲ့ ပထမဆုံး ဂိုးသွင်းနိုင်တာက အိပ်မက်တွေ အမှန်တစ်ကယ် ဖြစ်လာသလိုပါပဲ။ အခု ကျွန်တော် ဆက်ပြီးတော့ တိုးတက်ချင်ပါတယ်”

    နည်းပြဗန်ဂါးကလည်း ပါရဲရားအား ဆက်လက်ထိန်းသိမ်းသွားရန် ဆုံးဖြတ်ထားသည်ဟု ပြောကြားခဲ့သည်။

    “ဖရီးကစ်ကို လက်ဖျားခါလောက်တဲ့နည်းလမ်းနဲ့ သူ သွင်းနိုင်တဲ့အတွက်ကြောင့် သူဟာ တော်တော် အထင်ကြီးခံရတယ်ဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ့် သူ ကန်နိုင်တယ်ဆိုတာ ကျွန်တော်တို့သိလို့ သူ ကန်ခွင့်ရတာပါ။ အခြားသူတွေက သူ့ထက်ပိုပြီး တိုးတက်တယ်ဆိုရင် အဲဒီကစားသမားတွေ ကန်ခွင့်ရမှာပါ။ သူဟာ ညာတောင်ပံ၊ ဘယ်တောင်ပံနဲ့ နံပါတ် ၁၀ နေရာတွေမှာ ကစားနိုင်တယ်ဆိုတာ တွေ့ရပါတယ်။ သူ ယှဉ်ပြိုင်ရမယ့်သူတွေက အက်ရှက်လေယန်း၊ ဒီပိုင်း၊ လင်ဂါ့ဒ်၊ မာတာနဲ့ အခြားသူတွေပါ။
    ဒီအကြောင်းကြောင့် ဒီကစားသမားအားလုံးကို ကျွန်တော်က ထိန်းထားတာပေါ့”

    ထိုပွဲတွင် စံချိန်တွင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားသည့် လူငယ်တိုက်စစ်မှူး အန်သိုနီမာရှယ်ကလည်း တစ်ဂိုးသွင်းယူပေးခဲ့ပြီး ၀ါရင့်တိုက်စစ်မှူး ရူနီက တစ်ဂိုး သွင်းပေးခဲ့သည်။

    Ref: Dailymail

  • နည်းပြသက်တမ်းတစ်လျှောက် ကမ္ဘာ့အဆင့် ကစားသမား ၄ ဦးကိုသာ တွေ့ဖူးသည်ဟု ဖာဂူဆန်ပြော

    နည်းပြသက်တမ်းတစ်လျှောက် ကမ္ဘာ့အဆင့် ကစားသမား ၄ ဦးကိုသာ တွေ့ဖူးသည်ဟု ဖာဂူဆန်ပြော

    စက်တင်ဘာ ၂၂၊ ၂၀၁၅
    M-Media

    mu

    – မန်ယူတွင် တာဝန်ယူခဲ့သည့် နည်းပြသက်တမ်း ၂၆ နှစ်အတွင်း ကမ္ဘာ့အဆင့် ကစားသမား ၄ ဦးကိုသာ တွေ့ခဲ့ရသည်ဟု ဂန္တ၀င်နည်းပြ ဖာဂူဆန်က ၎င်း၏ စာအုပ်အသစ်တွင် ထည့်သွင်းဖော်ပြထားသည်။

    ၎င်း၏ စီမံခန့်ခွဲဆိုင်ရာနှင့်ပတ်သက်၍ နာမည်ကျော် စီးပွားရေးသမား ဆာ မီခေးလ် မိုရစ်နှင့် ပူးတွဲရေးသားသည့် Leading စာအုပ်တွင်ဖြစ်ပြီး ထိုစာအုပ်မိတ်ဆက်ပွဲကို ယမန်နေ့ညပိုင်းက Royal Festival Hall တွင် ပြုလုပ်ခဲ့သည်။

    အဆိုပါ ကစားသမားလေးဦးမှာ အဲရစ်ကန်တိုနာ၊ ရိုင်ယန်ဂစ်၊ ပေါလ်စခိုးလ်နှင့် ခရစ္စတီယာနို ရော်နယ်ဒိုတို့ ဖြစ်ကြပြီး၊ ရော်နယ်ဒိုမှာ အကြီးကျယ်ဆုံးကစားသမားဖြစ်သည်ဟု ဖာဂူဆန်က အတည်ပြုပြောကြားခဲ့သည်။

    “တစ်ကယ်လို့ ခင်ဗျားဟာ သတင်းစာတွေဖတ်မယ်၊ တီဗီက အစီအစဉ်ကြေငြာသူတွေရဲ့စကားကို နားထောင်မယ်ဆိုရင် ကမ္ဘာ့အဆင့်ကစားသမားတွေ အများကြီးအကြောင်း ကြားရဖို့ ရှိပါတယ်။ ကျွန်တော့်ရဲ့စာအုပ်ထဲမှာတော့ ဒီနေ့ခေတ်အခါမှာ ကမ္ဘာ့အဆင့်ကစားသမားနှစ်ဦးသာ ရှိတယ်လို့ ရေးထားပါတယ်။ လီယွန်နယ်မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်ဒိုပါပဲ” ဟု ဖာဂူဆန်က အဆိုပါ အခမ်းအနားတွင် ပြောကြားခဲ့သည်။

    ထိုကဲ့သို့ ကစားသမား ၄ ဦးကို ရွေးချယ်ခဲ့ခြင်းမှာ မိမိ၏ ၂၆ နှစ်တာကာလအတွင်း အလုပ်အတူ တွဲလုပ်ခဲ့ဖူးသည့် ကစားသမားကောင်းများကို မလေးမစားပြုခြင်း၊ ဝေဖန်ခြင်း မဟုတ်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “အဲဒီလေးယောက်ထဲမှာတော့ ခရစ္စတီယာနိုဟာ ခရစ္စမတ်သစ်ပင်ထိပ်က ကြယ်လေးပါပဲ”

    ထို့ပြင် မန်ယူမှ လူငယ်ကစားသမားတစ်ဦးအတွက် စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် အန်သိုနီမာရှယ်အား ၀ယ်ယူလိုက်ခြင်းမှာ ရူးနှမ်းခြင်းလား၏ မေးမြန်းခဲ့ရာတွင် ဖာဂူဆန်က မဟုတ်ဟု ငြင်းဆိုခဲ့သည်။

    “ရူးနှမ်းမှုလားလို့မေးရင်တော့၊ အခုအချိန်မှာ ဒါဟာ ရူးနှမ်းတာမျိုး မဟုတ်တော့ပါဘူး”

    မန်ယူ၏ ကြွယ်ဝမှုမှာလည်း သိသိသာသာပင် မြင့်တက်လာခဲ့ပြီး မိမိ ကိုင်တွယ်သည့်နှစ်များကထက် ပို၍ ကစားသမာများကို အရောင်းအ၀ယ် ပြုလုပ်လာနိုင်ခဲ့သည်ဟု ဆိုသည်။

    “ကျွန်တော် အိုးထရက်ဖို့ဒ်ကို ပထမဆုံး စရောက်တုန်းက အသင်းဟာ ကွင်းဝင်ကြေးလောက်ကိုပဲ မှီခိုနေရတာပါ။ ကျွန်တော်တို့ ဗစ်အန်ဒါဆန်နဲ့ ဘရိုင်ယန် မက်ကလဲတို့ကို ပထမနှစ်မှာ ပေါင် ၁ သန်းနဲ့ ခေါ်ခဲ့တယ်။ နောက်တော့ မက်ခ်ဟုဂ်ျကို ၁.၈ သန်းနဲ့ စာချုပ်ချုပ်ခဲ့ပါတယ်”

    ထို့ပြင် ၁၉၈၆ ခုနှစ်က မန်ယူအသင်း၏ တန်ဖိုးမှာ ပေါင် ၁၀ သန်းဝန်းကျင်သာရှိသေးပြီး၊ ယခုအချိန် တန်ဖိုးမှာ ပေါင် ၂ ဘီလီယံအထိ ရှိလာခဲ့ပြီးဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ဖာဂူဆန်၏ ခေါင်းဆောင်မှု အနုပညာကို အဓိကထား ရေးသားချယ်မှုန်းထားသည့် အဆိုပါ Leading စာအုပ်ကို ယနေ့တွင် စတင်ရောင်းချမည်ျြဖစ်သည်။

    Ref: Goal

  • ရူနီ ဂိုးမိုးခေါင်မှုအတွက် ဗန်ဂါးလ် မစိုးရိမ်

    ရူနီ ဂိုးမိုးခေါင်မှုအတွက် ဗန်ဂါးလ် မစိုးရိမ်

    စက်တင်ဘာ ၁၉၊ ၂၀၁၅
    M-Media

    mu

    – တိုက်စစ်မှူး ၀ိန်းရူနီ၏ ပရီးမီးယားလိဂ် ဂိုးမိုးခေါင်မှုအတွက် မိမိအနေဖြင့် စိုးရိမ်မှုမရှိဘဲ၊ ကစားသမားဘ၀မှ အနားမယူခင် မန်ယူ၏ ဂိုးသွင်းစံချိန်ကို ချိုးစေချင်သည်ဟု နည်းပြဗန်ဂါးလ်က ပြောကြားလိုက်သည်။

    အင်္ဂလန်အသင်းအတွက် ဂိုးအများဆုံးသွင်းသူ ဖြစ်လာသည့် ရူနီမှာ မန်ယူ၏ နောက်ဆုံး ပရီးမီးယားလိဂ် ၁၀ ပွဲတွင် ဂိုးသွင်းယူနိုင်ခြင်း မရှိသေးပေ။ သို့သော်လည်း ချန်ပီယံလိဂ် ခြေစစ်ပွဲဖြစ်သည့် ဘယ်လ်ဂျီယံကလပ် ဘရုဂျက်အား ၄ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် ရူနီမှာ ဟက်ထရစ် သွင်းယူနိုင်ခဲ့သည်။

    ထို့ပြင် အသင်း၏ ဂန္တ၀င်ကစားသမား ဆာ ဘော်ဘီချာလ်တန် တင်ထားသော ၂၄၉ ဂိုးစံချိန်ကိုလည်း မှီရန် နီးစပ်နေပြီး ဗန်ဂါးလ်ကမူ ရူနီ၏ သမိုင်းက စကားပြောသွားလိမ့်မည်ဟု ဆိုသည်။

    “ပရီးမီးယားလိဂ်ဖြစ်ဖြစ်၊ ချန်ပီယံလိဂ်ဖြစ်ဖြစ် ဂရုမစိုက်ပါဘူး။ ဘယ်သူ ဂိုးသွင်းသွင်း ကိစ္စမရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဂိုးများများ သွင်းရပါမယ်” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    ရူနီနှင့်ပတ်သက်၍လည်း “ရူနီမှာ ဂျူအန်မာတာ၊ မမ်ဖစ်ဒီပိုင်း၊ အန်သိုနီမာရှယ်နဲ့ မာရိုနီ ဖယ်လိုင်နီတို့လို ဂိုးသွင်းစတိုင်မျိုးစုံ ရှိပါတယ်။ သူသွင်းတဲ့ဂိုးတွေအားလုံးကို ခင်ဗျား ရေကြည့်လို့ရပါတယ်။ ကျွန်တော်သိသလောက်တော့ ရူနီဟာ ဂိုးတွေအများကြီး သွင်းခဲ့ဖူးပြီး ကလပ်က ဂိုးအများဆုံးစံချိန်နား ကပ်နေပါပြီ။ သူ အဲဒီစံချိန်ကို ချိုးလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

    မန်ယူမှာ တနင်္ဂနွေနေ့တွင် ဆောက်သက်တမ်အသင်းနှင့် အဝေးကွင်းတွင် သွားရောက်ကစားရမည်ဖြစ်ပြီး ဒဏ်ရာအသေးစားမှ ပြန်လည်သက်သာလာသည့် ရူနီမှာ ပါဝင်လာမည်ဖြစ်သည်။ သို့သော်လည်း အားထားရသည့် လူငယ်နောက်ခံလူ လုခ်ရှောမှာ ချန်ပီယံလိဂ် ပီအက်စ်ဗီနှင့်ပွဲတွင် ခြေထောက်အရိုး နှစ်ချောင်းစလုံး ကျိုးသွားသောကြောင့် အနည်းဆုံး ၆ လ ခန့် အနားယူရမည်ဖြစ်သည်။

    Ref: Goal

  • ချန်ပီယံလိဂ်အရှုံးအတွက် ကိုယ်တိုင်သာ အပြစ်တင်ရမည်ဟု ဗန်ဂါးလ်ပြော

    ချန်ပီယံလိဂ်အရှုံးအတွက် ကိုယ်တိုင်သာ အပြစ်တင်ရမည်ဟု ဗန်ဂါးလ်ပြော

    စက်တင်ဘာ ၁၆၊ ၂၀၁၅
    M-Media

    mu

    – ချန်ပီယံလိဂ်အဖွဲ့ပွဲစဉ်တွင် ရှုံးနိမ့်မှုအတွက် ကိုယ်တိုင်သာ အပြစ်တင်ရမည်ဖြစ်ပြီး မိမိတို့အသင်းမှာ အနိုင်ရလောက်အောင် ကောင်းမွန်ခဲ့သည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    ချန်ပီယံလိဂ်ပြိုင်ပွဲနှင့် တစ်နှစ်တာ ဝေးကွာခဲ့ရသည့် မန်ယူမှာ ယခုနှစ်တွင်မှ ပြန်လည် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့ပြီး ယနေ့မနက်က ကစားခဲ့သည့် ပီအက်စ်ဗီအသင်းနှင့် ချန်ပီယံလိဂ်အဖွင့်ပွဲ အဝေးကွင်းပွဲစဉ်တွင် ဒီပိုင်းက ဦးဆောင်ဂိုး သွင်းခဲ့သော်လည်း ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

    ထို့ပြင် အားထားရသည့် ကစားသမား လုခ်ရှောမှာလည်း ခြေထောက်ကျိုးဒဏ်ရာ ရသွားခဲ့သည်။ ဗန်ဂါးလ်ကမူ ထိုပွဲတွင် မိမိတို့မှာ အနိုင်ရလောက်အောင် ကောင်းမွန်ခဲ့သည်ဟု ဆိုသည်။

    “ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ်ပဲ ပြန် အပြစ်တင်ရပါမယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့လို့ပါပဲ။ စပါးနဲ့ပွဲအပြီးမှာ ပြိုင်ဘက်ထက် တစ်ဂိုး ပိုသွင်းရမယ်လို့ ကျွန်တော် ပြောခဲ့ပါတယ်။ ပီအက်စ်ဗီဟာ တော်တော်လေး ထိရောက်သွားပါတယ်။ ဘာမှမဟုတ်တဲ့ ထောင့်ကန်ဘောကနေ လူထိ လမ်းကြောင်းပြောင်းပြီး ဂိုးဝင်သွားတယ်။ ဒုတိယပိုင်းမှာလည်း
    သိပ်မကောင်းတဲ့ ဖြတ်တင်ဘောကနေ ဂိုးရသွားခဲ့ပါတယ်” ဟု ဗန်ဂါးလ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် ပီအက်စ်ဂျီနှင့် ရာသီအစ ပွဲကလွဲ၍ ယခုရာသီ ကစားခဲ့သည့် ပွဲတိုင်းတွင် မိမိတို့မှာ လွှမ်းမိုးမှုရှိခဲ့ကာ၊ အခွင့်အရေးများစွာကိုလည်း ဖန်တီးနိုင်ခဲ့ကြောင်း၊ သို့သော်လည်း ရှုံးနိမ့်မှုများ ရှိခဲ့ကြောင်း၊ ယခုအနိုင်မှာ ပီအက်စ်ဗီနှင့် ၎င်းတို့၏ ပရိသတ်များအတွက် အလွန်ကောင်းမွန်ခဲ့ကြောင်း ဗန်ဂါးလ်က ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal