News @ M-Media

Tag: Man U

  • မာရှယ်ကို အလွန်အကျွံ မမျှော်လင့်ရန် ဗန်ဂါးလ် သတိပေး

    မာရှယ်ကို အလွန်အကျွံ မမျှော်လင့်ရန် ဗန်ဂါးလ် သတိပေး

    စက်တင်ဘာ ၁၃၊ ၂၀၁၅
    M-Media

    mu

    – မန်ယူအတွက် ပထမဆုံးပွဲတွင် ခြေစွမ်းပြ ဂိုးသွင်းယူပေးနိုင်ခဲ့သော်လည်း လူငယ်တိုက်စစ်မှူး အန်သိုနီ မာရှယ်အပေါ် ပရိတ်သတ်များအနေဖြင့် မျှော်လင့်ချက် အလွန်အကျွံ မထားရန် နည်းပြဗန်ဂါးလ်က သတိပေး ပြောကြားလိုက်သည်။

    ယမန်နေ့က လီဗာပူးလ်အသင်းအား ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သောပွဲတွင် အသက် ၁၉ နှစ်အရွယ် မာရှယ်မှာ လူစားဝင်ကစားခဲ့ပြီး အသင်းအတွက် တတိယမြောက်အနိုင်ဂိုးကို သွင်းယူပေးခဲ့သည်။

    သို့သော်လည်း ဗန်ဂါးလ်ကမူ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၃၆ သန်းတန် တိုက်စစ်မှူးအပေါ် အလွန်အကျွံ မျှော်လင့်မနေရန် သတိပေးခဲ့ပြီး ၎င်းအသက်အရွယ်နှင့် ပွဲတိုင်းတွင် ကောင်းနေမည်ဟု မျှော်လင့်၍ မရကြောင်း ပြောကြားခဲ့သည်။

    “အရမ်းကောင်းတဲ့ ဂိုးပါပဲ။ ဒါကိုတော့ ကျွန်တော် မငြင်းနိုင်ပါဘူး။ ဒါပေမယ့် သူက ၁၉ နှစ်ပဲ ရှိပါသေးတယ်။ သူဟာ ဓလေ့ထုံးတမ်းအသစ်နဲ့ နေသားကျရမှာဖြစ်ပြီး ပရီးမီးယားလိဂ်နဲ့လည်း အံဝင်ခွင်ကျ ဖြစ်ရပါမယ်။ လီဗာပူးလ်က ဂိုးလိုနေတဲ့အချိန်မှာ သူ့ကို ပွဲထုတ်ဖို့ နည်းပြတစ်ယောက်အတွက် ကောင်းမွန်တဲ့ အချိန်ပါပဲ။ ဒါမှသာ သူက ကစားဖို့ နေရာရမှာပါ။ သူ့ရဲ့ အဆုံးသတ်မှုကတော့ လက်ဖျားခါလောက်ပါတယ်” ဟု ဗန်ဂါးလ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထိုကဲ့သို့ စွမ်းဆောင်နိုင်ခြင်းက မာရှယ်အတွက် တွန်းအားဖြစ်သော်လည်း ၎င်း၏ အသက်အရွယ်နှင့် ခြေစွမ်းကောင်းကို ထိန်းထားမည်ဟု မျှော်လင့်၍မရကြောင်း၊ အသက် ၁၉၊ ၂၀၊ ၂၁ အရွယ်ရှိ ကစားသမားများမှာ အတက်အကျ ရှိမည်ဖြစ်ကြောင်း ဗန်ဂါးလ်က ထပ်လောင်းပြောကြားခဲ့သည်။

    ယခုပွဲအနိုင်ကြောင့် မန်ယူမှာ ရာနှုန်းပြည့် နိုင်ပွဲရထားသည့် မန်စီးတီးအသင်း၏အောက် ဒုတိယနေရာတွင် ရှိနေပြီး ဗန်ဂါးလ်ကလည်း အသင်း၏ စွမ်းဆောင်ရည်ကို ကျေနပ်နေသည်။

    Ref: Goal

  • ဖိအားများကို ရင်ဆိုင်ရန်အသင့်ဟု မန်ယူ လူငယ်တိုက်စစ်မှူးသစ် မာရှယ် ပြော

    ဖိအားများကို ရင်ဆိုင်ရန်အသင့်ဟု မန်ယူ လူငယ်တိုက်စစ်မှူးသစ် မာရှယ် ပြော

    စက်တင်ဘာ ၂၊ ၂၀၁၅
    M-Media

    mu

    – အပြောင်းအရွှေ့ နောက်ဆုံးနေ့တွင် မန်ယူသို့ ရောက်ရှိလာခဲ့သည့် လူငယ်တိုက်စစ်မှူး အန်သိုနီမာရှယ်က မိမိအနေဖြင့် အသင်းတွင် ဖိအားများကို ရင်ဆိုင်ရန် အဆင်သင့်ဖြစ်နေသည်ဟု ပြောကြားလိုက်သည်။

    အသက် ၁၉ နှစ်အရွယ်သာ ရှိသေးသည့် မာရှယ်ကို မန်ယူက မိုနာကိုမှ ပေါင် ၅၈.၇ သန်းဖြင့် ယမန်နေ့တွင် ခေါ်ယူခဲ့ပြီး ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံး ဆယ်ကျော်သက်ကစားသမားလည်း ဖြစ်လာခဲ့သည်။

    ၂၀၁၂ ခုနှစ် ဒီဇင်ဘာက ယူရိုပါလိဂ်တွင် လိုင်ယွန်နှင့်အတူ ပထမဆုံး ပွဲထွက်ခဲ့သည့် မာရှယ်မှာ ပြင်သစ်လီဂူးတွင် ၅၂ ပွဲသာ ကစားရသေးသူဖြစ်သည်။ သို့သော်လည်း ပြင်သစ် ယူ ၂၁ ကစားသမား မာရှယ်က အိုးထရက်ဖို့တွင် စိန်ခေါ်မှုများအတွက် ပြင်ဆင်ထားသည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော် ဖိအားကို မခံစားပါဘူး။ ဖိအားရှိတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် အဲဒီအတွက် ကျွန်တော် အဆင်သင့် ဖြစ်နေပါပြီ” ဟု မာရှယ်က MUTV သို့ ပြောကြားခဲ့သည်။ ထို့ပြင် မန်ယူသို့ ပြောင်းရွှေ့ခဲ့ရသည့်အတွက် ပျော်ရွှင်မိသည်ဟုလည်း ၎င်းက ဆိုသည်။

    “မန်ယူဟာ အင်္ဂလန်မှာ အသင်းအကြီးတစ်သင်း ဖြစ်တာကြောင့် ကျွန်တော် အရမ်း ပျော်ရွင်ပါတယ်။ အရမ်းလည်း ဂုဏ်ယူမိပါတယ်။ ဒီအတွက် ကျွန်တော် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ရတာကြောင့် အလွန် ပျော်ရွှင်မိပြီး၊ မိသားစုကလည်း တော်တော်ဝမ်းသာနေပါတယ်”

    ထို့ပြင် မိမိအနေဖြင့် နည်းပြဗန်ဂါးလ်ဖြင့် စကားပြောခဲ့ပြီး၊ အလွန်ကြိုးစားရမည်ကို သိရှိကြောင်း၊ မိမိမှာ လျင်မြန်သော ကစားသမားဖြစ်ကာ အသင်း၌ အရာအားလုံး အဆင်ပြေမည်ဟု မျှော်လင့်ကြောင့် မာရှယ်က ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

  • ဗန်ဂါးလ်နှင့်ပြဿနာကြောင့် မန်ယူမှထွက်ခွာရခြင်းဟု ဒီမာရီယာပြော

    ဗန်ဂါးလ်နှင့်ပြဿနာကြောင့် မန်ယူမှထွက်ခွာရခြင်းဟု ဒီမာရီယာပြော

    စက်တင်ဘာ ၁၊ ၂၀၁၅
    M-Media

    dimaria

    – မိမိနှင့် နည်းပြဗန်ဂါးလ်တို့အကြား ပြဿနာများစွာ ရှိခဲ့ပြီး ထိုအကြောင်းကြောင့်ပင် အသင်းမှ ထွက်ခွာခဲ့ရခြင်းဖြစ်သည်ဟု ပီအက်စ်ဂျီ အလယ်တန်းကစားသမား ဒီမာရီယာက ပြောကြားလိုက်သည်။

    အသက် ၂၇ နှစ်အရွယ် ဒီမာရီယာမှာ ရီးယဲလ်မှ အသင်း၏ စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၇၅ သန်းဖြင့် ပြီးခဲ့သည့်နှစ်က မန်ယူသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ပရီးမီးယားလိဂ်တွင် အသားကျရန် ရုန်းကန်ခဲ့ရပြီး ယခုနှစ် သြဂုတ်လအစောပိုင်းတွင် ပီအက်စ်ဂျီသို့ ပြောင်းရွှေ့ရသည်အထိ ဦးတည်သွားခဲ့သည်။

    မိုနာကိုအသင်းအား အနိုင်ရရှိခဲ့သည့်ပွဲတွင် ခြေစွမ်းပြခဲ့သည့် ဒီမာရီယာကမူ မန်ယူမှ ထွက်ခွာရခြင်း၏ အကြောင်းအရင်းကို ပြောကြားခဲ့သည်။

    “ဗန်ဂါးလ်မှာ သူ့ဒဿနနဲ့သူရှိပြီး အဲဒါက မန်ယူကို ကျွန်တော် ပြောင်းရွှေ့ရခြင်းရဲ့ အကြောင်းအရင်းတွေထဲက တစ်ချက်ပါပဲ။ ဒါပေမယ့် ဗန်ဂါးလ်ရဲ့ လုပ်ဆောင်မှုကို အသားကျဖို့ ခက်ခဲခဲ့ပါတယ်။ သူနဲ့ နှစ်ကြိမ်လောက် ကျွန်တော် အခြေအတင် ဖြစ်ခဲ့ပါတယ်။ အစကောင်းခဲ့ပေမယ့် ကျွန်တော် ဒဏ်ရာရသွားတယ်။ ဒဏ်ရာက ပြန်ကောင်းတဲ့အချိန်မှာ ဗန်ဂါးလ်က ကျွန်တော့်ကို
    နေရာချိန်းလိုက်တယ်။ ပီအက်စ်ဂျီနည်းပြ လော့ရန့် ဘလန့်ကို ကျွန်တော်ပြောတဲ့အခါမှာ သူက ကျွန်တော် ရီးယဲလ်မှာကစားတဲ့ နေရာမှာပဲ ကစားစေမယ်လို့ ပြောပါတယ်” ဟု ဒီမာရီယာက ESPN Radio သို့ ပြောကြားခဲ့သည်။

    အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် မန်ယူမှာ မိုနာကိုမှ ဆယ်ကျော်သက်ကစားသမား အန်သိုနီမာရှယ်ကို ယူရို သန်း ၄၀ နီးပါးဖြင့် ခေါ်ယူခဲ့ပြီး၊ တိုက်စစ်မှူး ဟာနန်ဒက်ဇ်နှင့် အဒ်နန် ယာနူဇေးတို့မှာ လေဗာကူဆင်နှင့် ဒေါ့မွန်သို့ အသီးသီး ပြောင်းရွှေ့သွားခဲ့သည်။

    Ref: Goal

  • အပြောင်းအရွှေ့မပိတ်ခင် နာမည်ကြီးကစားသမားတစ်ဦး မန်ယူ ခေါ်ယူဖွယ်ရှိနေ

    အပြောင်းအရွှေ့မပိတ်ခင် နာမည်ကြီးကစားသမားတစ်ဦး မန်ယူ ခေါ်ယူဖွယ်ရှိနေ

    သြဂုတ် ၂၉၊ ၂၀၁၅
    M-Media

    vangal

    – လာမည့်အင်္ဂါနေ့ အပြောင်းအရွှေ့မပိတ်ခင် ကစားသမားများ ထပ်မံဝယ်ယူမည့်အခြေအနေနှင့် ပတ်သက်၍ မန်ယူနည်းပြ ဗန်ဂါးလ်က ငြင်းဆိုခဲ့ခြင်း မရှိဘဲ၊ နာမည်ကြီးကစားသမားတစ်ဦးကို ၀ယ်ယူမည်ဆိုသည့် ကောလဟာလများမှာလည်း ခိုင်မာလာခဲ့သည်။

    မန်ယူမှာ နွေရာသီအပြောင်းအရွှေ့တွင် အဓိက လူသစ်စုဆောင်းမှုများ ပြုလုပ်ခဲ့ပြီး ပေါင်း သန်း ၇၀ ခန့် သုံးစွဲခဲ့ကာ မော်ဂန် ရှနိုက်ဒါလင်၊ ဘက်စ်တီယန် ရှဝိုင်းစတိုင်ဂါ၊ မန်ဖစ်ဒီပိုင်းနှင့် ဆာဂျီယို ရိုမဲရိုးတို့ကဲ့သို့ ကစားသမားများကို ၀ယ်ယူခဲ့သည်။

    သို့သော်လည်း အသင်းမှ ဂိုးသမား ဒေးဗစ်ဒီဂီယာမှာ ရီးယဲလ်သို့ပြောင်းရွှေ့ရန် ဆက်သွယ်မှုများ ရှိနေပြီး၊ သောမက်စ်မူလာ၊ နေးမာနှင့် ဂါရက်ဘေးလ်တို့ကဲ့သို့ ကစားသမားမျိုးဖြင့် တိုက်စစ်ပိုင်းအတွက်လည်း မန်ယူက အင်အားဖြည့်တင်းမှုများ ပြုလုပ်ရန် စီစဉ်နေသည်ဟု ယုံကြည်ရသည်။

    မန်ယူ၏ အပြောင်းအရွှေ့လုပ်ငန်း ပြီးဆုံးပြီလားဟု မေးမြန်းရာတွင် နည်းပြဗန်ဂါးလ်က

    “ခင်ဗျားအဖြေလိုချင်တဲ့အချိန်မဟုတ်ဘဲ ကျွန်တော်တို့ ကြေငြာချင်တဲ့အချိန်ကျရင် ဒါကို ကြေငြာသွားမှာပါ” ဟု ဗန်ဂါးလ်က ပြန်လည်ဖြေကြားခဲ့ကာ နောက်တစ်ဦးက ထပ်မံမေးမြန်းရာတွင်လည်း ယခုကဲ့သို့ပင် ပြောဆိုခဲ့သည်။

    မန်ယူမှာ ပရီးမီးယားလိဂ် ၃ ပွဲကစားပြီးချိန်တွင် ၇ မှတ်ရထားပြီး ချန်ပီယံလိဂ် ခြေစစ်ပွဲတွင်လည်း ဘရုဂျက်အသင်းအား ပြတ်ပြတ်သားသား အနိုင်ရကာ အုပ်စုအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ မနက်ဖြန်တွင် မန်ယူမှာ ဆွမ်ဆီးအသင်းနှင့် ပရီးမီးယားလိဂ်ပွဲ ကစားရမည်ဖြစ်သည်။

    Ref: Goal

  • မန်ယူမှာ ဘောလုံးမရသည့်အချိန်တွင် ပိုကောင်းသည်ဟု ဗန်ဂါးလ်ပြော

    မန်ယူမှာ ဘောလုံးမရသည့်အချိန်တွင် ပိုကောင်းသည်ဟု ဗန်ဂါးလ်ပြော

    သြဂုတ် ၂၆၊ ၂၀၁၅
    M-Media

    mu

    – မိမိအသင်း၏ ခံစစ်နှင့် တိုက်စစ်မှာ ဘောလုံးမရှိသည့်အချိန်တွင် ပို၍ ကောင်းမွန်သည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ပြောကြားလိုက်ပြီး ချန်ပီယံလိဂ် အုပ်စုအဆင့်သို့ ရောက်ရေးမှာလည်း အလွန် အရေးကြီးသည်ဟု ဆိုသည်။

    မန်ယူမှာ ယခုနှစ်ရာသီအစတွင် ကစားခဲ့သည့် လေးပွဲစလုံး၌ ရှုံးပွဲမရှိသေးသော်လည်း တိုက်စစ်ပိုင်းတွင် ပြဿနာရှိနေပြီး ဂိုးရရန်ခက်ခဲနေကာ ပရီးမီးယားလိဂ်တွင် ၂ ဂိုးသာ သွင်းယူထားနိုင်သည်။ ထို့ကြောင့် အဓိက တိုက်စစ်မှူးဖြစ်သူ ၀ိန်းရူနီမှာ ဝေဖန်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ခံနေရသည်။ ဗန်ဂါးလ်ကလည်း အသင်း၏ ခံစစ်ကစားသမားများမှာ ချီးကျူးမှုနှင့် ပိုထိုက်တန်သည်ဟု ဆိုသည်။

    ယခုနှစ် အသင်းအခြေအနေနှင့်ပတ်သက်၍ စိတ်ကျေနပ်မှုရှိလားဟု မေးမြန်းရာ ဗန်ဂါးလ်က

    “အခုအချိန်အထိတော့ ကျွန်တော်တို့ ခံစစ်အုပ်စုကိုပဲ ကြိုက်ပါသေးတယ်။ ဘောလုံးကို အဓိကကာလ လေးခုခွဲပြီး၊ ကျွန်တော်တို့မှာ ၂ ခုရှိပါတယ်။ အဲဒါကတော့ ပြိုင်ဘက်က ဘောလုံးရနေချိန်မှာ ကျွန်တော်တို့က ပိုကောင်းတယ်လို့ ထင်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဒါကို ကျွန်တော်တို့ သက်သေပြခဲ့ပြီး အခုနှစ်မှာလည်း Clean Sheet တော်တော်များများနဲ့ ကျွန်တော်တို့ ဆက်လက် သက်သေပြနေပါတယ်။ ဒါက သိပ်အရေးကြီးပါတယ်။ ဒါပေမယ့် ဘောလုံးရတဲ့အချိန် တိုးတက်လာအောင် ကျွန်တော်တို့ လုပ်ရပါမယ်” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်

    မန်ယူမှာ ယနေ့ညတွင် ချန်ပီယံလိဂ် ခြေစစ်ပွဲ ဒုတိယအကျော့အဖြစ် ဘရုဂျက်အသင်းနှင့် ကစားရမည်ဖြစ်သည်။ ပထမအကျော့တွင် ၃ ဂိုး ၁ ဂိုးဖြင့်နိုင်ထားပြီး အခြေအနေ ကောင်းနေသော်လည်း ဗန်ဂါးလ်မူ ထိုပွဲမှာ အသင်းအတွက် အရေးပါဆုံးပွဲဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ဟုတ်ပါတယ်။ ဒါက ယူနိုက်တက်အတွက် အရေးပါဆုံးပွဲပါ။ တစ်နှစ်ကျော်ပြီးတဲ့အချိန် ချန်ပီယံလိဂ်မှာ ၀င်ခွင့်ရဖို့ဆိုတာဟာ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ပါ။ ပြီးတော့ ကျွန်တော်တို့ ပါဝင်ခွင့် မရသေးပါဘူး။ သိပ်အရေးပါပါတယ်။ ပြိုက်ဘက်ထက် ဂိုးပိုများများနဲ့ အဆုံးသတ်အောင် ကျွန်တော်တို့ ကစားရပါမယ်။ အဲဒီနောက်မှသာ ကျွန်တော်တို့ (ချန်ပီယံလိဂ်ကို) ၀င်ကစားရမှာပါ”

    Ref: Goal