News @ M-Media

Tag: Mandalay Daily

  • ၃၀-၇-၂၀၁၃ အားကစားသတင်းများ

    ဇူလိုင်-၃၀၊၂၀၁၃
    M-Media

    Ferdinand

    လက်ရှိလူအင်အားနှင့် ဆုဖလားများကို ဆွတ်ခူးနိုင်သည်ဟု ဖာဒီနန်ဆို

    ယခုအချိန်အထိ ကစားသမားနှစ်ဦးသာ ခေါ်ယူထားသေးသော်လည်း အသင်းအတွက်လုံလောက်နေပြီး နည်းပြသစ် ဒေးဗစ်မိုယက်စ်လက်အောက် လက်ရှိလူစာရင်းနှင့်ပင် မန်ယူအသင်းအနေဖြင့် ဆုဖလားများကို ဆွတ်ခူးရယူနိုင်သည်ဟု အသင်း၏ နောက်ခံလူ ရီယိုဖာဒီနန်က  ပြောဆိုလိုက်သည်။ ရာသီသစ်တွင် လက်ရှိလူစာရင်းနှင့်ပင် ယှဉ်ပြိုင်ရသော်လည်း ၎င်းတို့အနေဖြင့် ကောင်းမွန်စွာစွမ်းဆောင်နိုင်ပြီး ဆုဖလားများကို ဆွတ်ခူးနိုင်မည်ဟု ယုံကြည်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    ________________________________________________
    ဘရာဇီးကြယ်ပွင့်နေးမာ ဘာကာနှင့် ပထမဆုံး ပွဲထွက်ခွင့်ရတော့မည်

    အင်္ဂါနေ့တွင် ပိုလန်ကလပ်အသင်းနှင့်ခြေစမ်းပွဲကစားရန် ထုတ်ပြန်လိုက်သည့် ဘာစီလိုနာအသင်း၏ ကစားသမားအမည်စာရင်းတွင် ဘရာဇီးဘောလုံးကြယ်ပွင့် နေးမာ ပါဝင်လာသည်ဟု သိရသည်။ ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲတွင် ၀င်ရောက်ကစားခဲ့ပြီးနောက် အနားယူနေခဲ့ပြီး တနင်္လာနေ့က ဘာစီလိုနာအသင်း၏ လေ့ကျင့်ခန်း အစီအစဉ်တွင် ပြန်လည်ပါဝင်လာခဲ့သည့် နေးမာမှာ ဘာစီလိုနာအသင်းအတွက် ပထမဦးဆုံး ပွဲထွက်ကစားခွင့်ရမည်ဖြစ်သည်။
    ________________________________________________
    ဆာမိ ခေဒီရာ အားခေါ်ယူရန် ချယ်ဆီး စိတ်ဝင်စား

    ချယ်ဆီးနည်းပြ မော်ရင်ဟိုအနေဖြင့် ရီးရဲလ်မက်ဒရစ်ကစားသမား ဆာမိ ခေဒီရာအား ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟုသိရသည်။ အသင်းဟောင်း ရီးရဲလ်မက်ဒရစ်အသင်းတွင် လက်တွဲခဲ့ဖူးသူ အဆိုပါကစားသမားအား တစ်နှစ်လုပ်ခ ယူရို ၄.၆ သန်းနှင့် ပြောင်းရွှေ့ကြေး ယူရို ၂၃ သန်းပေးချေရဖွယ်ရှိနေသည်။
    ________________________________________________
    ဂျူဗင်တပ်စ်အသင်းသာ စီးရီးအေ ချန်ပီယံဖြစ်မည်ဟု ဖီအိုရင်တီးနား ကွင်းလယ်လူ ဆို

    ဖီအိုရင်တီးနားကွင်းလယ်လူ ဘော်ဂျာ ဗာလီရိုက ဂျူဗင်တပ်စ်အသင်း၏ ကောင်းမွန်သော ကစားသမားအသစ် ၀ယ်ယူမှုများက စီးရီးအေအပါအ၀င် ဆုဖလားများစွာကို ရရှိစေနိုင်မည်ဟု ပြောဆိုလိုက်သည်။ ဖာနန်ဒိုလော်ရန်တေး၊ ကားလို့စ်တီဗက်ဇ်  စသည့်ကစားသမားကောင်းများ ၀ယ်ယူနိုင်မှုကို ရည်ညွှန်းပြောဆိုလိုက်ခြင်းဖြစ်ပြီး ထိုကစားသမားသစ်များက ဂျူဗင်တပ်စ်အသင်းအား ဆုဖလားများစွာ ရရှိစေရန်ကူညီလိမ့်မည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    ________________________________________________
    goal.com မှ ရွေးချယ်သည့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုအား မက်ဆီ တတိယအကြိမ် ဆွတ်ခူး

    ကမ္ဘာကျော် ဘောလုံး ၀ဘ်ဆိုဒ်တစ်ခုဖြစ်သည့် goal.com က ပေးအပ်ချီးမြှင့်သော ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ဘာစီလိုနာတိုက်စစ်မှူး လိုင်ယွန်နယ် မက်ဆီက ဆွတ်ခူးရရှိသွားသည်ဟု သိရသည်။ ဘောလုံးအားကစားနှင့်ပက်သက်သည့်  အကြီးဆုံး ၀က်ဆိုဒ်တစ်ခုဖြစ်သော goal.com တွင် တာဝန်ထမ်းဆောင်နေသည့် ကမ္ဘာတစ်ဝှမ်းမှ ဂျာနယ်လစ် ၅၀၀ ကျော်က ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ၅၀ ကို မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်ပြီး မက်ဆီက နံပါတ်တစ်နေရာရရှိခဲ့ကာ ဘိုင်ယန်အလယ်တန်းလူ ဖရန့် ရီဘာရီနှင့် ရီးရဲလ်တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုတို့က ဒုတိယနှင့် တတိယနေရာ အသီးသီးရရှိခဲ့ကြသည်။ မက်ဆီမှာ ၂၀၀၉ ခုနှင့် ၂၀၁၁ ခုနှစ်များတွင်လည်း goal.com၏ အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပြီး ယခုအကြိမ်မှာ တတိယအကြိမ်ဖြစ်သည်။
    ________________________________________________
    မန်ယူနှင့် အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးနေသည်မှာ မဟုတ်မှန်ကြောင်း ဖာဘရီဂတ်စ် အေးဂျင့်ဖြစ်သူ ငြင်းဆို

    ဖာဘရီဂတ်စ်၏ အပြောင်းအရွှေ့ကိစ္စအတွက် မန်ယူအသင်းနှင့် ဆွေးနွေးနေသည်မှာ မဟုတ်မှန်ကြောင်း အေးဂျင့်ဖြစ်သူ ဒါရန့် ဒီအင်က ဘာစီလိုနာအသင်းသို့ ပြောကြားလိုက်သည်။ ဖာဘရီဂတ်စ်မှာ မန်ယူသို့ပြောင်းရွှေ့မည်မဟုတ်ဘဲ ဘာစီလိုနာအသင်းတွင်သာ  ဆက်လက်ရှိနေမည်ဖြစ်ကြောင်း ၎င်း၏အနာဂတ်နှင့်ပက်သက်၍ မကြာမီ ထုတ်ပြန်လိမ့်မည်ဖြစ်ကြောင်း ဒါရန့် ဒီအင်က ပြောကြားခဲ့သည်။
    ________________________________________________
    ဒေးဗစ်လူးဝစ် အသင်း၌သာ ဆက်လက်ရှိနေမည်ဟု မော်ရင်ဟိုဆို

    ဘိုင်ယန်မြူးနစ်အသင်းမှ ပေါင် ၃၄.၅ သန်းဖြင့် ခေါ်ယူရန်ကြိုးပမ်းနေသော်လည်း ချယ်ဆီးခံစစ်မှူး ဒေးဗစ်လူးဝစ်မှာ အသင်း၌သာ ဆက်လက်ရှိနေမည်ဟု နည်းပြဖြစ်သူ ဟိုဆေး မော်ရင်ဟိုက ပြောဆိုလိုက်သည်။
    ________________________________________________
    အင်တာနောက်ခံလူအား ခေါ်ယူရန် ကြိုးပမ်းမှုကို လက်လျှော့လိုက်ပြီဟု မီလန်ဆို

    အေစီမီလန်အသင်း၏ ဒုတိယ ဥက္ကဌဖြစ်သူ အက်ဒရီယာနို ဂါလီယာနီက အသင်းအနေဖြင့် အင်တာနောက်ခံလူ မာတီယက်စ် ဆီလ်ဗက်စရီအား ခေါ်ယူရန်ကြိုးပမ်းမှုကို စွန့်လွှတ်လိုက်ပြီဟု ပြောဆိုလိုက်သည်။ အပြောင်းအရွှေ့အတွက်ဆွေးနွေးမှုမှာ နီးကပ်မှုမရှိဘဲ  ပို၍ဝေးကွာလာကြောင်း ထို့ကြောင့် ၎င်းတို့အနေဖြင့် အဆိုပါ ကစားသမားအားခေါ်ယူရန်ကိစ္စကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း အက်ဒရီယာနိုက ထပ်လောင်းပြောကြားခဲ့သည်။
    ________________________________________________
    ဖယ်လိုင်နီအားခေါ်ယူရန် မန်ယူ စိတ်ဝင်စားလာ

    ဖာဖရီဂတ်စ်အားခေါ်ယူရန် မသေချာဖြစ်လာပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းသည် အဲဗာတန်အသင်း၏ ကွင်းလယ်လူ မရူအိန် ဖယ်လိုင်နီအား ခေါ်ယူရန် စဉ်းစားနေသည်ဟုသိရသည်။ မန်ယူအနေဖြင့် ဖယ်လိုင်နီအား ယူရို ၂၅.၅ သန်းဖြင့် ကမ်းလှမ်းရန် စီစဉ်နေပြီး  ပြီးခဲ့သည့်နွေရာသီကတည်းက ခေါ်ယူရန် ပစ်မှတ်ထားခဲ့သည့် ဖယ်လိုင်နီ၏ အသင်းဖော် လေတန်ဘိန်းအား တစ်ပါတည်းခေါ်ယူရန် နီးစပ်နေသည်။
    ________________________________________________
    ဘာမင်ဂမ်တိုက်စစ်မှူးဟောင်း ခရစ်ရှန် ဘင်နီတက်ဇ် ကွယ်လွန်

    အင်္ဂလိပ်ကလပ် ဘာမင်ဂမ်အသင်း၏ တိုက်စစ်မှူးဟောင်းဖြစ်သူ ခရစ်ရှန် ဘင်နီတက်ဇ်မှာ ကာတာနိုင်ငံတွင် ယမန်နေ့က ကွယ်လွန်သွားပြီဟုသိရသည်။ အသက် ၂၇ နှစ်အရွယ်ရှိ အီကွေဒေါတိုက်စစ်မှူး ခရစ်ရှန်မှာ ယခုလ အစောပိုင်းတွင်မှ ကာတာကလပ် အလ်ဂျာအစ်ရှ် အသင်းနှင့် သုံးနှစ်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ ဆိုးရွားသော အစာအိမ်ရောဂါ ခံစားခဲ့ရသောကြောင့် ဆေးရုံသို့ တင်ပို့ခဲ့သော်လည်း နာရီအနည်းငယ်အကြာတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။
    ________________________________________________
    အလှူငွေရှာဖွေရေး အပြေးပြိုင်ပွဲတစ်ခုပြုလုပ်ရန် အူစိန်ဘော့အား ဖာရာ ဖိတ်ခေါ်

    လန်ဒန်အိုလံပစ် မီတာ ၅၀၀၀ နှင့် မီတာ ၁၀၀၀၀ ချန်ပီယံ အင်္ဂလန်နိုင်ငံသား မိုဟာမက်ဖာရာက အိုလံပစ် မီတာ ၁၀၀နှင့် မီတာ ၂၀၀ ချန်ပီယံ အူစိန်ဘော့အား အလှူငွေရှာဖွေရေး အပြေးပြိုင်ပွဲတစ်ခုပြုလုပ်ရန် ဖိတ်ခေါ်လိုက်သည်။ ၎င်းတို့ နှစ်ဦးစလုံးမှာ လန်ဒန်မြို့တွင် ကျင်းပသည့်  Anniversary Games အပြေးပြိုင်ပွဲတွင် ဆုတံဆိပ် အသီးအသီး ရရှိထားကြသူများဖြစ်သည်။ ထိုကဲ့ အလှူငွေရှာဖွေရေး ပြိုင်ပွဲတစ်ခုပြုလုပ်ရန် မိမိအနေဖြင့် စဉ်းစားနေကြောင်း၊ အူစိန်ဘော့နှင့် မိမိတို့မှာ လိုအပ်သူများကို ကူညီရန်အတွက် ကိုယ်ပိုင်ဖောင်ဒေးရှင်းများရှိကြပြီး ယခုအပြေးပြိုင်ပွဲအတွက် သတ်မှတ်ရမည့်အကွာအဝေးကို ပရိတ်သတ်များအနေဖြင့် သတ်မှတ်ပေးစေလိုကြောင်း၊ မီတာ ၆၀၀ နှင့် မီတာ ၈၀၀ အကြား အကွာအဝေးသည်သာလျှင် ၎င်းတို့နှစ်ဦးစလုံးအတွက် သင့်တော်မည်ဟုထင်ကြောင်း စသဖြင့် မိုဟာမက် ဖာရာက ပြောဆိုခဲ့သည်။

  • မဟတ္တမဂန္ဓီ ကို လုပ်ကြံသတ်ဖြတ်ခဲ့တာ ဘယ်ဘာသာဝင်လဲ ?

    မေ-၁၂၊ ၂၀၁၃
    M-Media
    မောင်ပုည

    မဟတ္တမဂန္ဓီ ကို လုပ်ကြံသတ်ဖြတ်ခဲ့တာ ဘယ်ဘာသာဝင်လဲ ?(သို့) မန္တလေးနေ့စဉ် သတင်းစာ အယ်တီတာချူပ်သို့ အိတ်ဖွင့်ပေးစာ

    Mandalay Daily
    Photo. Ze Ro FB

    ၁၁.၅.၂၀၁၃ နေ့ထုတ် မန္တလေးသတင်းစာ၌ပါရှိသော နိုင်ငံတကာသတင်းစာမျက်နှာမှာ မဟတ္တမဂန္ဓီကို လုပ်ကြံသတ်ဖြတ်သူကို မွတ်ဆလင် အစွန်းရောက်ဆိုပြီး ပုံပါအတိုင်း သုံးထားတွေ့ရပါသည်။ မြန်မာနိုင်ငံ မီဒီယာ အချို့တွင် မီဒီယာကျင့်ဝတ်မဲ့စွာ သေချာလေ့လာမှုမရှိဘဲ အချက်အလက်များကို လက်လွတ်စပါယ် အသုံးပြုလာကြတာကို တွေ့ရသည်။ အထူးသဖြင့် အစ္စလာမ်ဘာသာဝင်တွေနဲ့ ပတ်သက်ပြီးတော့ပေါ့။

    ယခုကဲ့သို့ မဟတ္တမဂန္ဓီကို လုပ်ကြံသတ်ဖြတ်သူမှာ မွတ်စလင်မ် တယောက်ဖြစ်ကြောင်း လွန်ခဲ့သည့် ၂ နှစ် ကျော်ခန့်က ၂၇ – ၁၀ – ၂၀၁၀ နေ့ထုတ် စောင့်ကြည့်သတင်းဂျာနယ် (News Watch)အတွဲ(၆)၊ အမှတ်(၁၅) စာမျက်နှာ ၃၀ မှာ ဒေါက်တာစိန်စိန်သိန်း က ”ပေးဆပ်ခဲ့သူသာ အလေးမြတ်ပြုခံရ” ဆောင်းပါးမှ မဟတ္တမဂန္ဓီကြီးကို လုပ်ကြံသတ်ဖြတ်သူဟာ ”အလွန်အယူသည်းသော မွတ်စလင်လူငယ်တစ်ဦး”ဆိုပြီး သုံးနှုန်းရေးသားခဲ့ဘူးပါတယ်။

    ယင်းကဲ့သို့ေ၇းသားချက်ကို စာရေးဆရာ မောင်သဲနီမှ ဒေါက်တာစိန်စိန်သန်းကို အိတ်ဖွင့်ပေးစာပေးပြီး ပြန်လည်ရေးသား တုံ့ပြန်ခဲ့ပါတယ်။ အိတ်ဖွင့်ပေးစာမှ ဖြေရှင်းချက်အချို့ကို ကောက်နှုတ်ဖော်ပြပေးလိုက်ပါတယ်။
    ဂန္ဓီကို ဘယ်သူသတ် သလဲဆိုတဲ့ သမိုင်းအထောက်အထားတွေကို ကျွန်တော်အမြောက်အများ တင်ပြနိုင်ပါတယ်။ ဒါပေမယ့် အခိုင်လုံဆုံး အထောက်အထား တစ်ခုနဲ့တင် လုံလောက် လို့ အဲဒီတစ်ခုကိုပဲ ကျွန်တော်တင်ပြပါရစေ။

    ဂန္ဓီကြီး ကျဆုံးပြီး (၈)နှစ်ပဲကြာသေးတဲ့ ၁၉၅၆ ခုနှစ်မှာ ရန်ကုန်မြို့ မြန်မာနိုင်ငံဘာသာပြန်စာပေ အသင်း၊ စာပေဗိမာန်ရဲ့ ရုပ်ပြဗဟုသုတဘဏ်အဖြစ်ထုတ်ဝေတဲ့ မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)၊ စာမျက်နှာ (၉၁-၉၄)မှာ ဖော်ပြထားတဲ့ မဟတ္တမဂန္ဓီကြီး အကြောင်းကို ဖတ်ကြည့်ဖို့ မူရင်းအတိုင်း ဖော်ပြပေးလိုက်ပါတယ်။

    (၁၉၄၈ ခုနှစ်) ”ဇန္န၀ါရီ ၂၁ ရက်နေ့တွင် ဟိန္ဒူလူငယ်တစ်ဦးသည် ဟိန္ဒူမွတ်စလင် ငြိမ်းချမ်းရေးကို မလိုလားသော ဆန္ဒကိုပြသည်အနေနှင့် ဂန္ဓီ၏ နေအိမ်အနီး၌ ဗုံးဖောက်ခွဲသည်။ ဂန္ဓီသည် ထိုလူငယ်အား အပြစ်မှ ခွင့်လွှတ်ပါရန် မေတ္တာရပ်ခံလေသည်။
    ဇန္န၀ါရီ ၃၀ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်အချိန်တွင် ဂန္ဓီသည် ဒေလီမြို့ရှိ သူ၏နေအိမ် ဗီယာလာ နေအိမ်၌ ဘုရားဝတ်ပြုရန်အလာတွင် ဟိန္ဒူလူငယ်တစ်ဦးဖြစ်သော ဂတ်ဆေးဆိုသူသည် ဂန္ဓီကို ခြောက်လုံးပူး နှင့် သုံးချက်ပစ်သည်။ ဂန္ဓီသည် နာရီဝက်ခန့်ကြာသောအခါ အနိစ္စရောက်လေသည်။”

    ဒါကြောင့် ဆရာမ စွပ်စွဲရေးသားထားသလို ဂန္ဓီကြီးကို သတ်တာ မွတ်စလင်လူငယ်မဟုတ်ပါဘူး။ ဟိန္ဒူ လူငယ်သာဖြစ်တယ်ဆိုတာ သိလောက်ပြီထင်ပါတယ်။ စာပေဗဟုသုတများကို ဆက်လက်လေ့လာပြီး အများအကျိုးပြု စာပေများ ရေးသားနိုင်ပါစေလို့ ဆန္ဒပြုလျက် –

    အပြည့်အစုံဖတ်ရန်။ http://www.m-mediagroup.com/news/832

    ဒါကြောင့် မန္တလေးနေ့စဉ်ထုတ် သတင်းစာ အယ်တီတာချူပ်အနေဖြင့် အမှားပြင်ဆင်ချက်ကို ထင်သာမြင်သာရှိအောင် အမြန်ဆုံး ထည့်သွင်းကြေညာပေးဖို့ တောင်းဆိုလိုက်ပါသည်။