News @ M-Media

Tag: Museum

  • အမေရိကန် ကျူးကျော်စစ်ကြောင့် ပျက်ဆီးခဲ့သည် အီရတ် အမျိုးသားပြတိုက် ပြန်လည် ဖွင့်လှစ်တော့မည်

    ဖေဖော်ဝါရီ ၉ ၊ ၂၀၁၄
    M-Media
    800px-national-museum-iraq
    – ၂၀၀၃ ခုနှစ်က အမေရိကန်တို့ ကျူးကျော်တိုက်ခိုက်မှုအတွင်းအဆောက်အဦး အစိတ်အပိုင်းအချို့ ပျက်ဆီးသွားခဲ့ပြီးနောက် ပိတ်ထားခဲ့ရသည့် အီရတ်အမျိုးသားပြတိုက်အား လာမည့်ဧပြီလတွင် ပြန်လည် ဖွင်လှစ်တော့မည်ဟု အဆိုပါ ပြတိုက်၏ ဒါရိုက်တာဖြစ်သူက ဖေဖော်ဝါရီ ၅ ရက် ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

    “ဒီပြတိုက် ပြန်လည်ပြင်ဆင်မှုကို အီတလီကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်း လုပ်ဆောင်နေပါတယ်” ဟု ဒါရိုက်တာ ကွာအစ် ရရှစ်ဒ်က တူရကီ သတင်းဌာန Anadolu Agency သို့ ပြောကြားခဲ့သည်။ ထို့ပြင် စီစဉ်ထားသော ပြင်ဆင်မှုများ၏ နောက်ဆုံး အဆင့်မှာ ပြတိုက်၏ ၀င်ပေါက် အသစ်ဖြစ်ကြောင်း၊ လာမည့် ဧပြီလတွင် အဆုံးသတ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    စစ်ပွဲအတွင်း ပြတိုက်ရှိပစ္စည်းအချို့မှာလည်း ခိုးယူခြင်းခံခဲ့ရပြီး ထိုပြတိုက် ပြန်လည်ဖွင့်လှစ်မည်ဆိုသော သတင်းနှင့် ပတ်သက်၍ ရှေးဟောင်း သုသေသနပညာရှင် အဒီလ် အလ်-အက်ဇာဝီက  “၂၀၀၃ ခုနှစ်က ဖောက်ထွင်းဖျက်ဆီးခံခဲ့ရတဲ့ ဒီပြတိုက်ကြီး ပြန်ဖွင့်တော့မယ် ဆိုတာဟာ အီရတ်ရဲ့ယဉ်ကျေးမှု စာမျက်နှာ အတွက် သတင်းကောင်းပါပဲ” ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ထိုပြတိုက်တွင် နိုင်ငံ၏ ရှေးဟောင်း ပစ္စည်းများအားလုံး ပါဝင်တော့မည် မဟုတ်ဟု ထောက်ပြခဲ့ပြီး၊ အီရတ်နိုင်ငံ တစ်ဝှမ်းရှိ ပြည်နယ်များတွင် ထိုကဲ့သို့ ပြတိုက်များ တည်ဆောက်ရန် တိုက်တွန်းပြောဆိုခဲ့သည်။

    ဘဂ္ဂဒတ်မြို့အရှေ့ဘက် Al-Salihiya ဒေသတွင် တည်ရှိသည့် အဆိုပါ အီရတ် အမျိုးသားပြတိုက်အား ၁၉၂၃ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အသေးစိတ် စနစ်တကျ တည်ဆောက်ခဲ့သည့် အဆိုပါပြတိုက်တွင် သမိုင်းခေတ် အလိုက်ပြသသည့် ပြခန်းပေါင်း ၁၈ ခုပါဝင်ပြီး၊ သမိုင်း မတိုင်မီက ပစ္စည်းများ အပါအ၀င် ရှေးဟောင်း အနုပညာ လက်ရာပေါင်း ၂ သိန်းခန့် ပြသထားခဲ့သည်။

    Ref : World Bulletin

  • လူမျိုးတုန်းသတ်ဖြတ်မှု မှတ်တမ်းတွေ ပြသထားတဲ့ ဟိုလိုကော့စ် ပြတိုက်တွင် ရိုဟင်ဂျာရုပ်ပုံများ ခင်းကျင်းပြသ

    နိုဝင်ဘာ- ၈ ၂၀၁၃
    M-Media
    Olaie Manzu
    US Myanmar Rohingya Exhibit.JPEG-09511
    အမေရိကန်ပြည်ထောင်စုမြို့တော် ဝါရှင်တန် ဒီစီ မှာရှိတဲ့ ဟိုလိုကော့စ်ပြတိုက်ရဲ့ အပြင်ပိုင်းနံရံတွေမှာ အကြမ်းဖက်ခြင်းခံနေရတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေရဲ့ ဓါတ်ပုံတွေကို ခင်းကျင်းပြသနေပါတယ်။ ဟိုလိုကော့စ်ပြတိုက်ဟာ ဒုတိယကမ္ဘာစစ်ကာလအတွင်း နာဇီ ဂျာမဏီမှ ဂျူး ခြောက်သန်းခန့် စုပြုံသတ်ဖြတ်ခဲ့တဲ့ မှတ်တမ်းတွေကို ခင်ကျင်းပြသတဲ့ သမိုင်းဝင်ပြတိုက်ဖြစ်ပါတယ်။ ဒီပြတိုက်ဟာ အမေရီကန်ပြည်ထောင်စု အစိုးရက ထောက်ပံ့ပေးနေတဲ့ ပြတိုက်ကြီးလည်းဖြစ်ပါတယ်။

    ဟိုလိုကော့စ်လို့ခေါ်တဲ့ ဂျူးတွေကို စုပြုံသတ်ဖြတ်တဲ့ ဖြစ်ရပ်ကြီးဟာ ကမ္ဘာ့သမိုင်းမှာ အကျဉ်းတန်တဲ့ဖြစ်ရပ် တစ်ခုဖြစ်ပြီး နောက်ထပ် ဒီလိုဖြစ်ရပ်မျိုးတွေ ထပ်မံ မဖြစ်ရအောင် ဟိုလိုကော့စ်ပြတိုက်ကြီးက မီးမှောင်းထိုးပေးလေ့ရှိပါတယ်။ ဥပမာ ဘောစနီးယား၊ ရဝါန်းဒါးနဲ့ ဆူဒါန်မှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးတုန်း သုတ်သင် ရှင်းလင်းမှု ရုပ်ပုံတွေကိုလည်း ကမ္ဘာက သိအောင် ခင်းကျင်းပြသခဲ့ဖူးပါတယ်။ ယခုအခါမှာတော့ မြန်မာနိုင်ငံ အနောက်ဖက် အခြမ်းမှာရှိတဲ့ ရိုဟင်ဂျာလူမျိုးတွေကို အကြမ်းဖက်တိုက်ခိုက်နေတာဟာ လူမျိုးတုန်းသတ်ဖြတ်မှု အသွင်ကူးပြောင်းသွားမှာကို စိုးရိမ်ပြီး ဟန့်တား သတိပေးတဲ့ သဘောနဲ့ အခုလို ပြသနေတာ ဖြစ်တယ်လို့ အေပီ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

    ပြတိုက်မှာ ခင်းကျင်းပြသနေတဲ့ ဓါတ်ပုံတွေကတော့ အင်ဒီယားနားနယ်ဖွား ဓါတ်ပုံဆရာ ဂရေခ့် ကောစတန်တင်း ကိုယ်တိုင် အကြမ်းဖက်ဒေသတွေဆီ သွားရောက် ရိုက်ကူးခဲ့တဲ့ ပုံရိပ်တွေဘဲ ဖြစ်ပါတယ်။ ကောစတန်တင်းဟာ မြန်မာ-ဘင်္ဂလားနယ်စပ်မှာ ခုနှစ် နှစ်ခန့် အချိန်ပေးပြီးဓါတ်ပုံတွေ ရိုက်ကူးလာခဲ့သူဖြစ်ပါတယ်။

    “မြန်မာနိုင်ငံမှာ အံ့မခန်းနိုင်လောက်အောင် ဖွံ့ဖြိုးတိုးတက်မှုတွေလုပ်ဆောင်ဖို့ ပြောဆိုနေကြတဲ့အချိန်ဖြစ်တဲ့အတွက် လူတွေက နိုင်ငံ အနှံ့မှာ ဖြစ်ပွားနေတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်တွေကိုဘဲ အာရုံစိုက်နေကြပြီး ဒီလို ဝမ်းနည်းကြေကွဲဖွယ်ရာဖြစ်ရပ်တွေက အမှောင်ထုထဲမှာ ဖုံးအုပ်နေတာကတော့ တော်တော်စိတ်ပျက်စရာကောင်းပါတယ်” လို့ ကောစတန်တင်းကပြောပါတယ်။

    ကောစတန်တင်းဟာ နိုင်ငံမဲ့ဖြစ်နေရသူတွေကို ကမ္ဘာလည့်မှတ်တမ်းနေခဲ့ပါတယ်။ မလေးရှား၊ နီပေါ၊ သီရီလင်္ကား၊ ကန်နီယား၊ အိုင်ဗရီကောစ်၊ ကူဝိတ်နဲ့ ဒိုမိနီကန် ရီပတ်ပလစ် နိုင်ငံတွေမှာလည်း အလားသဏ္ဍာန်တူတဲ့ အဖြစ်အပျက်တွေကိုမှတ်တမ်းတင်ခဲ့ပေမယ့် ရိုဟင်ဂျာတွေရဲ့ အခြေအနေကတော့ အဆိုးရွားဆုံးပါဘဲလို့ သူကဆိုပါတယ်။

    “အခုဆိုရင် စစ်တွေမြို့မှာ မွတ်စလင်တွေလုံးဝ မရှိတော့သလို ခံစားရတာကတော့ စိတ်မချမ်းမြေ့စရာဘဲ။ မွတ်စလင်တွေရဲ့ ဘုရားဝတ်ပြုဖို့ နိုးဆော်သံ လည်းမကြားရတော့ဘူး။ ဗလီကျောင်းတွေကလည်းပျက်ဆီးကုန်ပြီ။ လုံးဝမပျက်ဆီးတဲ့ဗလီတွေဆိုရင်လည်း မြန်မာစစ်တပ်က ဗလီတွေထဲမှာ ဝင်နေ နေကြတယ်။” လို့ မတ်လ က စစ်တွေကိုသွားလာခဲ့တဲ့အတွေ့အကြုံကို ကောစတန်တင်း ကပြောပြပါတယ်။ ပြောင်းရွေ့နေရာ ချထားပေးတဲ့ စခန်းတွေက ရိုဟင်ဂျာဒုက္ခသည်တွေကလည်း အားကိုးရာမဲ့ဖြစ်နေတာကိုတွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

    “မြန်မာနိုင်ငံမှာ လူမျိုးတုန်းသတ်ဖြတ်နေပါတယ်လို့ ကျနော်တို့ပြောတာမဟုတ်ပါဘူး။ … ဒါပေမယ့် ဒီလိုဖြစ်ရပ်တွေ နောင်အနာဂါတ်မှာ တစ်ခြားလူတွေမကြုံတွေ့ရအောင် ကျနော်တို့ တက်နိုင်တဲ့ဖက်ကနေ ကြိုးစားကာကွယ်ချင်လို့ဘဲဖြစ်ပါတယ်။” လို့ ဟိုလိုကော့စ်ပြတိုက်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကာကွယ်ရေးဌာန ဒါရိုက်တာ မိုက်ကယ် အဘ္ဘရာမိုဝဇ် ကပြောပါတယ်။

    ရိုဟင်ဂျာတွေအပေါ်ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေကတော့ လူမျိုးတုန်းသတ်ဖြတ်မှု (Genocide) မဟုတ်ဘူးလို့ အများစုက သုံးသပ်နေကြပေမယ့်၊ ဒီကျူးလွန်မှုတွေဟာ လူသားများအပေါ်ရာဇဝတ်မှုကျူးလွန်ခြင်း (Crime Against Humanity) ဖြစ်ကြောင်းကိုတော့ ကမ္ဘာ့ပညာရှင်အများက လက်ခံထားကြပါတယ်။ ရိုဟင်ဂျာလူမျိုးတွေကို သူတို့ရဲ့မွေးရပ်ဇာတိမြေမှ ထွက်ပြေးပြောင်ရွေ့သွားရအောင် ဦးနေဝင်းခေတ်ကတည်းက နည်းမျိုးစုံနဲ့ နှင်ထုတ်နေတာဖြစ်တဲ့အတွက် ယေဘုယအားဖြင့် လူမျိုးတုန်းသုတ်သင်ရှင်းလင်းမှု (Ethnic Cleansing) လို့လည်း အများစုကလက်ခံထားကြပါတယ်။ ရခိုင်လူမျိုးတွေဟာ ရိုဟင်ဂျာမွတ်စလင်တွေ မနေနိုင်လောက်အောင် ဇွဲကြီးကြီးနဲ့ ကြိုးပမ်းလုပ်ဆောင်နေပေမယ့် ရိုဟင်ဂျာတွေဖို့ကတော့ပြေးစရာမြေမရှိဘူးဖြစ်နေပါတယ်။

    ဒါကြောင့် ပြောင်းရွေ့ထွက်မပြေးနိုင်တော့တဲ့ အဆုံးမှာ ဂျောင်ပိတ်နေမိတဲ့ ရိုဟင်ဂျာတွေဟာ လူမျိုးတုန်း သတ်ဖြတ်မှုတွေနဲ့ ရင်ဆိုင်ရမှာကတော့ ကမ္ဘာ ပညာရှင်တွေက စိုးရိမ်နေကြပါတယ်။ ဒီကြားထဲ မကြာခဏဆိုသလို ရိုဟင်ဂျာတွေ ထွက်ပြေးကြရင်း လှေမှောက်သေဆုံးကြရတဲ့ သတင်းတွေကြောင့် စိုးရိမ်စရာတွေ ပိုမိုကြီးထွားလာနေပါတယ်။

    Photo-washingtonpost

    M-Media သို့ Olaie Manzu ပေးပို့သော ဘာသာပြန် သတင်းဆောင်းပါးဖြစ်ပါသည်။