News @ M-Media

Tag: Myanmar Military

  • ပိုမိုပြင်းထန်သည့် ပဋိပက္ခဆီ ကျရောက်လာပြီဖြစ်သည့် မြန်မာနိုင်ငံ

    ပိုမိုပြင်းထန်သည့် ပဋိပက္ခဆီ ကျရောက်လာပြီဖြစ်သည့် မြန်မာနိုင်ငံ

    ဇူလိုင် ၉၊ ၂၀၂၃

    M-Media 


    -စစ်အာဏာရှင်တွေရဲ့ စိတ်ထင်တိုင်း လုပ်ဆောင်မှုကြောင့် မြန်မာနိုင်ငံဟာ ပိုမိုနက်ရှိုင်းတဲ့ ပဋိပက္ခဆီ အတားအဆီးမရှိ ကျရောက်နေတယ်လို့ ကုလ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲက ပြောကြားလိုက်ပါတယ်။ 

    ကုလ လူ့အခွင့်အရေးကောင်စီရဲ့ ၅၃ ကြိမ်မြောက် အစည်းအ၀ေးမှာ ကောင်စီအကြီးအကဲ ဗိုလ်ကာ တာ့က်က မြန်မာနိုင်ငံအကြောင်းကို တင်ပြ ဆွေးနွေးခဲ့ပါတယ်။ 

    နောက်ထပ်ဖြစ်လာမဲ့ ထိခိုက်မှုတွေကို မြန်မာပြည်သူတွေ ကြံ့ကြံ့ခံနိုင်မလားဆိုတာ စဥ်စားလို့ မရနိုင်ဘူးလို့လည်း သူက ပြောပါတယ်။ 

    “တိုင်းပြည်ဟာ ပိုမိုနက်ရှိုင်းတဲ့ ပဋိပက္ခနဲ့ ၀မ်းနည်းကြေကွဲမှုတွေဆီ အတားအဆီးမရှိ၊  ကျဆင်းနေပါတယ်”

    ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း စီးပွားရေး ပိုမိုကျဆင်းလာတာ၊ ဆင်းရဲမွဲတွေမှု ပိုဆိုးတာ၊ သဘာ၀ သယံဇာတွေ ပိုမိုအမြတ်ထုတ်ခံရတာ၊ တရားလက်လွတ်ဖမ်းဆီးမှုတွေ၊ အရပ်သားပျောက်ဆုံးမှုတွေ၊ ညှင်းပမ်းနှိပ်စက်မှုတွေကိုလည်း ဗိုလ်ကာက ထောက်ပြဆွေးနွေးခဲ့ပါတယ်။ 

    အရပ်သားတွေ အသက်ရှင်ရေး လိုအပ်တဲ့ အကူအညီတွေကို အာဏာသိမ်းစစ်ကောင်စီက စနစ်တကျ တားဆီးပိတ်တာ၊ လိုအပ်နေတဲ့သူတွေ အကူအညီ မရနိုင်အောင် ဥပဒေ၊ ဘဏ္ဍာရေးနဲ့ အုပ်ချုပ်ရေးစည်းမျဥ်းတွေ အသုံးပြု လုပ်ဆောင်တာတွေကိုလည်း သူက အစည်းအ၀ေးမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    မြန်မာနိုင်ငံမှာ အရပ်သားပြည်သူ ၁၅ ဒဿမ ၂ သန်းလောက်ဟာ စားနပ်ရိက္ခာနဲ့ အာဟာရထောက်ပံ့မှုတွေ ချက်ချင်း လိုအပ်နေတယ်လို့လည်း ဗိုလ်ကာက ပြောကြားခဲ့ပါတယ်။ 

    Ref: The Star

  • စစ်ကောင်စီက အကူအညီတွေကို တားဆီးတာဟာ စစ်ရာဇ၀တ်မှု မြောက်ပါတယ်

    စစ်ကောင်စီက အကူအညီတွေကို တားဆီးတာဟာ စစ်ရာဇ၀တ်မှု မြောက်ပါတယ်

    လက်နက်ကိုင်ပဋိပက္ခလို ကိစ္စမျိုးမှာ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကို ရည်ရွယ်ချက်ရှိရှိ တားဆီးတာ၊ ငြင်းပယ်တာတွေဟာ စစ်ရာဇ၀တ်မှု မြောက်ပါတယ်။ တမင်သတ်ဖြတ်တာ၊ ညှင်းပမ်းနှိပ်စက်တာ၊ အစာငတ်အောင်လုပ်တာ၊ မဆိုင်ဘဲ အပြစ်ပေးတာလို ဖိနှိပ်တဲ့လုပ်ရပ်တွေနဲ့ အတူတူပါပဲ 

    -ကုလသမ္မဂ လူ့အခွင့်အရေးကောင်စီ 

  • စစ်ကောင်စီဘဏ်နှစ်ခုကို အမေရိကန် အရေးယူ

    စစ်ကောင်စီဘဏ်နှစ်ခုကို အမေရိကန် အရေးယူ

    ဇွန် ၂၂၊ ၂၀၂၃

    M-Media 


    -မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားငွေတွေကို စီမံကိုင်တွယ်ပေးနေတဲ့ ဘဏ်နှစ်ခုကို အမေရိကန်က ဗုဒ္ဓဟူးနေ့မှာ ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်လိုက်ပါတယ်။ 

    မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်း၀ယ်ရေးဘဏ်နဲ့ မြန်မာ့ နိုင်ငံခြားကုန်သွယ်မှုဘဏ်တို့ ဖြစ်ပြီး စစ်ခေါင်းဆောင်တွေ အမြတ်အစွန်း အမြောက်အများရနေတဲ့ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းတွေရဲ့ နိုင်ငံခြားငွေ အထုတ်၊ အသွင်းကို အဓိက လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။  

    ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု၊ အဲဒီနောက်ပိုင်း လူထုအပေါ် အကြမ်းဖက်မှုတွေကြောင့် အမေရိကန်နဲ့ အနောက်နိုင်ငံတွေဟာ မြန်မာစစ်ခေါင်းဆောင်တွေ ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ဘဏ္ဍာရေးအရ ပိတ်ဆို့အရေးယူမှုတွေ အများအပြား လုပ်ဆောင်ခဲ့ပါတယ်။ 

    အခုလို ဘဏ်တွေကို အရေးယူမှုနဲ့ပတ်သက်ပြီး သူတို့ဖက်က ဘာမှ ဆုံးရှုံးမှု ရှိမှာမဟုတ်ဘူးလို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ ဒီလို ပိတ်ဆို့မှုတွေဟာ ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းမှုမှာ မလိုအပ်တဲ့ နှောင့်နှေးမှုတွေ ဖြစ်လာလိမ့်မယ်လို့လည်း သူက ခြိမ်းခြောက်ခဲ့ပါတယ်။ 

    နိုင်ငံခြားနဲ့ ဆက်သွယ်ဆောင်ရွက်တဲ့ မြန်မာဘဏ်တွေကို အမေရိကန်က အခုလို အရေးယူမှုဟာ အာဆီယံဒေသတွင်းက နိုင်ငံတွေကိုပါ ရိုက်ခတ်မှုရှိမှာ ဖြစ်ပါတယ်။ 

    Ref: Reuters 

  • မြန်မာစစ်ခေါင်းဆောင်များကို အာဆီယံတွင် နေရာပြန်ပေးရန် ထိုင်းအစိုးရ ကြိုးစားလာ

    မြန်မာစစ်ခေါင်းဆောင်များကို အာဆီယံတွင် နေရာပြန်ပေးရန် ထိုင်းအစိုးရ ကြိုးစားလာ

    ဇွန် ၁၉၊ ၂၀၂၃

    M-Media 


    -အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်တွေကို အာဆီယံအဆင့်မှာ ပြန်လာပါ၀င်လာနိုင်ရေး ရည်ရွယ်တဲ့ အလွတ်သဘော ဆွေးနွေးပွဲတစ်ရပ် ဦးဆောင်ကျင်းပပေးမယ်လို့ ထိုင်း အိမ်စောင့်အစိုးရက ထုတ်ပြန်ပါတယ်။ 

    စစ်အာဏာသိမ်းမှုနဲ့ နောက်ဆက်တွဲ ပြည်သူတွေအပေါ် အကြမ်းဖက်မှုကြောင့် မြန်မာစစ်ခေါင်းဆောင်တွေကို အာဆီယံက ဖယ်ကျဥ်ထားတာပါ။ 

    စစ်တပ်ကျောထောက်နောက်ခံပြု ထိုင်းအိမ်စောင့်အစိုးရရဲ့ မနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ မြန်မာနိုင်ငံက ပြဿနာကို ဖြေရှင်းရေး အာဆီယံရဲ့ ကြိုးပမ်းမှုကို အထောက်အကူဖြစ်စေဖို့အတွက် ဒီဆွေးနွေးပွဲကို စီစဥ်ရတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ 

    ဆွေးနွေးပွဲကို လာအို၊ ကမ္ဘောဒီးယား၊ တရုတ်၊ ဘရူနိုင်း၊ ဗီယက်နမ်နဲ့ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေး၀န်ကြီးတို့ တက်ရောက်လိမ့်မယ်လို့ ထိုင်းက ပြောပါတယ်။ 

    လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ Human Rights Watch က စစ်ကောင်စီကို အာဆီယံအဆင့်မှာ နေရာပြန်ပေးရေး ဒီတွေ့ဆုံပွဲမှာ ဆွေးနွေးဖို့ရှိတယ်လို့ ပြောပါတယ်။ 

    လက်ရှိ အာဆီယံဥက္ကဌဖြစ်တဲ့ အင်ဒိုနီးရှားက ဒီဆွေးနွေးပွဲကို တက်မှာ မဟုတ်ပါဘူး။ မလေးရှားက အစိုးရက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဒီဆွေးနွေးပွဲဟာ အာဆီယံအဖွဲ့ရဲ့ ညီညွတ်မှုကို ထိခိုက်စေနိုင်တဲ့အတွက် တက်ရောက်မှာမဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။ 

    Ref: AFP

  • မြန်မာပြဿနာဖြေရှင်းရေး သက်ဆိုင်သူအားလုံး ပါ၀င်ရမည်ဟု စင်ကာပူပြော

    မြန်မာပြဿနာဖြေရှင်းရေး သက်ဆိုင်သူအားလုံး ပါ၀င်ရမည်ဟု စင်ကာပူပြော

    ဇွန် ၁၈၊ ၂၀၂၃

    M-Media 


    WASHINGTON, DC – JUNE 16: (L-R) Singapore Foreign Minister Vivian Balakrishnan and U.S. Secretary of State Antony Blinken hold a joint news conference at the U.S. Department of State on June 16, 2023 in Washington, DC. Blinken is scheduled to travel to Beijing this weekend in his first trip to China in the Biden administration. Drew Angerer/Getty Images/AFP (Photo by Drew Angerer / GETTY IMAGES NORTH AMERICA / Getty Images via AFP)

    -မြန်မာ့နိုင်ငံရေးပြဿနာနဲ့ပတ်သက်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့ ထိပ်သီးအဆင့် ဆွေးနွေးမှုလုပ်ဖို့ အချိန်အခါ မဟုတ်သေးဘူးလို့ စင်ကာပူနိုင်ငံခြားရေး၀န်ကြီး ဗီဗီယံ ဘာလာကရစ်ရှ်နန်က ပြောပါတယ်။ 

    ၀ါရှင်တန်မှာ ကန်နိုင်ငံခြားရေး၀န်ကြီး အန်တိုနီဘလင်ကန်နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ရဲ့ သဘောထားတွေကို သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။ 

    အာဆီယံဟာ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့ တိုက်ရိုက်ဆက်ဆံမှုမပြုတဲ့ မူ၀ါဒကို ဆက်လက်ဆုပ်ကိုင်ထားတယ်လို့ ဘာလာကရစ်ရှ်နန်က ဆိုပါတယ်။ 

    “အာဏာသိမ်းအဖွဲ့နဲ့ ထိပ်သီးအဆင့်မပြောနဲ့ နိုင်ငံခြားရေး၀န်ကြီးအဆင့်တောင်မှ ဆွေးနွေးဖို့ အချိန်အခါ မဟုတ်သေးပါဘူး” 

    “စစ်အာဏာသိမ်းမှု၊ အရပ်သားတွေအပေါ် ဆက်လက်အကြမ်းဖက်နေမှု၊  နိုင်ငံအတွင်း မတည်မငြိမ်ဖြစ်မှု၊ စီးပွားရေးအပေါ် ကြီးကြီးမားမားရိုက်ခတ်မှု အားလုံးကို ကျွန်တော်တို့ ရှုတ်ချပါတယ်” 

    “အာဏာသိမ်းမှုက ၂ နှစ်တောင်ကျော်သွားပြီး။ ဘာတိုးတက်မှုမှ မမြင်ရသေးပါဘူး” 

    အာဆီယံနဲ့ စစ်ကောင်စီ တာ၀န်ရှိသူတွေအကြား တရား၀င်မဟုတ်တဲ့ ဆွေးနွေးမှု အခုရက်ပိုင်းအတွင်းလုပ်ဖို့ ထိုင်းနိုင်ငံရဲ့ လက်ရှိ အိမ်စောင့်အစိုးရက စီစဥ်ထားတယ်လို့ သတင်းတွေ ထွက်နေတာပါ။ 

    စင်ကာပူနိုင်ငံခြားရေး၀န်ကြီးက စစ်ကောင်စီနဲ့ ဆက်သွယ်ဆောင်ရွက်မှု လုံး၀မရှိဘူးလို့ မငြင်းပေမယ့် နိုင်ငံရေးပြဿနာ ဖြေရှင်းဖို့ဆိုရင် သက်ဆိုင်သူအားလုံး ပါ၀င်ဖို့ လိုတယ်လို့ မှတ်ချက်ပေးပါတယ်။ 

    “အဓိကအချက်က သက်ဆိုင်သူတိုင်း စားပွဲ၀ိုင်းမှာထိုင်ပြီး ဆွေးနွေးဖို့ပါ။ ဒါမျိုးဖြစ်ဖို့ ဘယ်လောက်ကြာမလဲ မသိပါဘူး။ အရင်တစ်ခေါက်က မြန်မာနိုင်ငံမှာ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲမှုဖြစ်ဖို့ ၂၅ နှစ်လောက် ကြာခဲ့တယ်။ အခုတစ်ကြိမ်တော့ ဒီလောက်မကြာဖို့ မျှော်လင့်ပါတယ်” 

    အတိုက်အခံတွေနဲ့ တွေ့ဆုံညှိနှိုင်းရေး စစ်ကောင်စီကို ဆက်လက်ဖိအားပေးဖို့ အရေးကြီးတယ်လို့လည်း သူက ဆိုပါတယ်။ 

    Ref: AFP