News @ M-Media

Tag: Myanmar Military

  • မြန်မာနိုင်ငံရှိ မိမိတို့အကျိုးစီးပွားကို အနီးကပ်စောင့်ကြည့်နေဟု ဗီယက်နမ် ထုတ်ပြန်

    မြန်မာနိုင်ငံရှိ မိမိတို့အကျိုးစီးပွားကို အနီးကပ်စောင့်ကြည့်နေဟု ဗီယက်နမ် ထုတ်ပြန်

    ဒီဇင်ဘာ ၉၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံက အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပြီး မိမိတို့အကျိုးစီးပွားနဲ့ နိုင်ငံသားတွေကို ကာကွယ်ဖို့ လုပ်ဆောင်နေတယ်လို့ ဗီယက်နမ်နိုင်ငံက ပြောကြားလိုက်ပါတယ်။

    ဆက်သွယ်ရေးလုပ်ငန်း MyTel ကို မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဗီယက်နမ်စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်း Viettel Group တို့ ပူးတွဲ ပိုင်ဆိုင်ကြတာပါ။

    ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က အကြမ်းဖက်သတ်ဖြတ်မှုတွေ ပြုလုပ်လာတဲ့အချိန် လက်နက်ကိုင်တော်လှန်ရေးတစ်ရပ် ပြည်သူလူထုကြားထဲမှာ ပေါ်ပေါက်လာခဲ့ပြီး MyTel အပါအဝင် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေလည်း သပိတ်မှောက်တာ၊ နှောက်ယှက်တိုက်ခိုက်တာတွေ ခံလာရပါတယ်။

    ဗီယက်နမ်စစ်တပ်နဲ့ အစိုးရတို့ရဲ့ အကျိုးစီးပွား ပါဝင်နေတဲ့ MyTel လုပ်ငန်း တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ လိုအပ်တဲ့ ကာကွယ်မှုတွေ လုပ်ဆောင်နေတယ်လို့ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လီသီသူဟန်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

    “မြန်မာနိုင်ငံမှာရှိတဲ့ ဗီယက်နမ်နိုင်ငံသားတွေရဲ့ အသက်၊ အိုးအိမ်၊ တရားဥပဒေအရ ရပိုင်ခွင့်၊ သူတို့ရဲ့ အကျိုးစီးပွားနဲ့ စီးပွားရေးကို ကာကွယ်ပေးနိုင်ဖို့အတွက် လိုအပ်တာတွေအားလုံး လုပ်ဆောင်ပေးနေပါတယ်”

    ဗီယက်နမ်နိုင်ငံသားတွေ၊ ဗီယက်နမ်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ပေးနိုင်ရေး နိုင်ငံခြားရေးဝန်ကြီးဌာနဲ့ ဗီယက်နမ်သံရုံးဟာ မြန်မာဖက်က အာဏာပိုင်တွေနဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်လို့လည်း လီသီသူဟန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    လာမယ့်နှစ် အာဆီယံဥက္ကဌဖြစ်လာမယ့် ကမ္ဘောဒီးယားက မြန်မာစစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်လိုတဲ့ သဘောဆန္ဒနဲ့ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းရာမှာ ကမ္ဘောဒီးယားရဲ့ ချဉ်းကပ်မှုကို ထောက်ခံကြောင်း၊ မြန်မာနိုင်ငံကို အရေးပါတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုအဖြစ် မိမိတို့ သတ်မှတ်ထားကြောင်း၊ ဒေသတွင်း လုံခြုံရေး၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် ဗီယက်နမ်က ဆက်လက် ပံ့ပိုးကူညီသွားမှာဖြစ်ကြောင်း လီသီသူဟန်က ပြောပါတယ်။

    Ref: vietnamnews

  • အာဆီယံတွင် မြန်မာစစ်ခေါင်းဆောင် ပြန်ပါနိုင်ရေး ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆောင်ရွက်မည်

    အာဆီယံတွင် မြန်မာစစ်ခေါင်းဆောင် ပြန်ပါနိုင်ရေး ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆောင်ရွက်မည်

    ဒီဇင်ဘာ ၉၊ ၂၀၂၁
    M-Media

    စစ်ကောင်စီဝန်ကြီး ဦး၀ဏ္ဏမောင်လွင်နှင့် ဟွန်ဆန်

    -လာမယ့်နှစ်ဇန်နဝါရီလမှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိပြီး စစ်ကောင်စီကို အာဆီယံအဖွဲ့မှာ ပါဝင်နိုင်ရေး ဆောင်ရွက်သွားမယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြောကြားလိုက်ပါတယ်။

    ကမ္ဘောဒီးယားဟာ လာမယ့်နှစ်မှာ အာဆီယံဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်မှာပါ။ မြန်မာနိုင်ငံက အာဏာသိမ်းစစ်ကောင်စီနဲ့ တွေ့ဆုံညှိနှိုင်းဖို့ ဆန္ဒရှိကြောင်း ပြီးခဲ့တဲ့လကစလို့ ဟွန်ဆန်က လူသိရှင်ကြား ထုတ်ပြောလာတာ ဖြစ်ပါတယ်။

    စစ်ကောင်စီခန့်နိုင်ငံခြားရေးဝန်ကြီးကို ဟွန်ဆန်က အခုတစ်ပတ်မှာ ဖိတ်ကြားတွေ့ဆုံခဲ့သလို၊ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ကမ္ဘောဒီးယားလာဖို့ ဖိတ်ကြားမယ်လို့လည်း ဆိုပါတယ်။

    ဒီကနေ့ နိုင်ငံအရှေ့တောင်ပိုင်းက လေဆိပ်ဖွင့်ပွဲအခမ်းအနားမှာ ဟွန်ဆန်က သူ့အနေနဲ့ လာမယ့်နှစ် ဇန်နဝါရီလမှာ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပြီး စက်မှုဝန်ကြီးကိုလည်း ခေါ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

    “ကျွန်တော်ပြောပြီးသားပဲ။ ကြိုက်တဲ့လူတွေ ကြိုက်သလို ပြောကြပါစေ။ မြန်မာနဲ့ ပူးပေါင်းဆောင်ရွက်မှုမလုပ်ရင် ဘယ်သူနဲ့ ကျွန်တော်တို့က သွားလုပ်ရမှာလဲ”

    အာဆီယံဟာ အရင်လို ၁၀ နိုင်ငံအပြည့်ဖြစ်တာကို လိုလားပြီး ဒီအတွက် တိုင်းပြည်ကို စီမံနေတဲ့အဖွဲ့နဲ့သာ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ကြောင်း၊ အဖြေချက်ခြင်းထွက်မှာမဟုတ်ဘဲ နှစ်နဲ့ချီ ဆွေးနွေးရမှာဖြစ်ကြောင်း ဟွန်ဆန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “တစ်ခေါက်တည်းသွားတာနဲ့ ပြဿနာက ချက်ခြင်း ပြေလည်မသွားပါဘူး။ အနည်းဆုံး ဘုံပြဿနာတွေက ဘာလဲဆိုတာ ကျွန်တော်တို့ သိရမယ်။ ဒါဟာ ပြဿနာကိုဖြေရှင်းဖို့ လမ်းစပါပဲ”

    ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးကျွမ်းကျင်သူ ပေါလ်ချိန်ဘာက စစ်ကောင်စီနဲ့ ဆွေးနွေးညှိနှိုင်းမယ့် ဟွန်ဆန်ရဲ့ အစီအစဉ်ကို အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်လို ဒီမိုကရေစီနိုင်ငံတွေက လက်ခံမှာမဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

    ဩစတေးလျအမျိုးသားတက္ကသိုလ်က နိုင်ငံရေးသုတေသီ ဟန်တာမာစတန်က ဟွန်ဆန်ရဲ့ ဒီနည်းလမ်းဟာ ဒီမိုကရေစီ ဖော်ဆောင်နိုင်ဖို့မရှိဘဲ၊ ဖြုတ်ချခံလိုက်ရတဲ့ အရပ်သားအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ နည်းလမ်းကသာ ယုံကြည်စိတ်ချရလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    ဧပြီလ အာဆီယံထိပ်သီးအစည်းအဝေးမှာ သဘောတူညီခဲ့တဲ့ အချက်တွေကို လိုက်နာဆောင်ရွက်ခြင်းမရှိတဲ့အတွက် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ယခုနှစ်အတွင်း ကျင်းပခဲ့တဲ့ ထိပ်သီးအစည်းအဝေး အနည်းဆုံး ၃ ခုမှာ အာဆီယံက ဖိတ်ကြားခဲ့ခြင်း မရှိပါဘူး။

    Ref: vodenglish

  • စစ်တပ်ပိုင် စီးပွားရေးပေ့ချ်များ၊ အကောင့်များကို Facebook က စတင်ဖယ်ရှား

    စစ်တပ်ပိုင် စီးပွားရေးပေ့ချ်များ၊ အကောင့်များကို Facebook က စတင်ဖယ်ရှား

    ဒီဇင်ဘာ ၈၊ ၂၀၂၁
    M-Media

    -မြန်မာစစ်ခေါင်းဆောင်တွေရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ သက်ဆိုင်တဲ့ ပေ့ချ်တွေ၊ အကောင့်တွေ အားလုံးကို ဖယ်ရှားသွားမယ်လို့ Facebook က ဒီကနေ့မှာ ကြေငြာပါတယ်။

    အခုလိုကြေငြာပြီးပြီးချင်းမှာပဲ စစ်တပ်နဲ့ ဗီယက်နမ်တို့ ပူးတွဲပိုင်ဆိုင်တဲ့ ဆက်သွယ်ရေးလုပ်ငန်း MyTel ရဲ့ စာမျက်နှာကို ဖယ်ရှားလိုက်ပါတယ်။

    Facebook မိခင်ကုမ္ပဏီ Meta ရဲ့ အာရှ-ပစိဖိတ်ဆိုင်ရာအကြီးအကဲ ရာဖေးလ် ဖရန်ကဲလ်က သူတို့ ပလက်ဖောင်းမှာ မြန်မာစစ်တပ် မတည်ရှိရေး ပိုမိုလုပ်ဆောင်သွားမှာဖြစ်ပြီး၊ စစ်တပ်ကပိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း ဖယ်ရှားသွားမယ်လို့ ပြောပါတယ်။

    ‘အရင်ကတည်းက အခုအချိန်အထိ အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ရဲ့ ဝင်ငွေရလမ်းမှာ စစ်ခေါင်းဆောင်တွေပိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေက အဓိကကျနေတာကို နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေက သက်သေသာဓက အထောက်အထား ပြည့်ပြည့်စုံစုံနဲ့ ဖော်ပြလာတဲ့အတွက်’’ ဒီလို အရေးယူဆောင်ရွက်ရခြင်းဖြစ်တယ်လို့လည်း ဖရန်ကဲလ်က ဆိုပါတယ်။

    ရခိုင်ပြည်နယ်က လူနည်းစု ရိုဟင်ဂျာမွတ်စလင်တွေအပေါ် အမုန်းစကားပြောဆိုမှုကို အချိန်မီဖယ်ရှားဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး ရိုဟင်ဂျာအဖွဲ့အစည်းတွေက နစ်နာကြေး ဒေါ်လာ ဘီလီယံ ၁၅၀ ရလိုမှုနဲ့ တရားစွဲပြီး ၂ ရက်အကြာမှာပဲ Facebook ရဲ့ ဒီကြေ​ငြာချက် ထွက်ပေါ်လာတာပါ။

    ဖရန်ကဲလ်ကတော့ စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုဖယ်ရှားဖို့ သူတို့ရဲ့ဆုံးဖြတ်ချက်ကို လွန်ခဲ့တဲ့ သီတင်းပတ်အနည်းငယ်ကတည်းက ချထားတာဖြစ်ပြီး၊ အခုတစ်ပတ် ရိုဟင်ဂျာတွေရဲ့ တရားစွဲဆိုမှုနဲ့ မပတ်သက်ဘူးလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ရိုဟင်ဂျာတွေအပေါ် စစ်တပ်က ကျူးလွန်မှုတွေဟာ အလွန်စက်ဆုပ်စရာကောင်းတယ်လို့ ဖရန်ကဲလ်က မှတ်ချက်ပေးခဲ့ပြီး အမုန်းစကားတွေဖယ်ရှားရေး အားထုတ်လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းကာ ပြည်သူလူထုအပေါ် အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်ဆောင်တဲ့အတွက် အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံတွေက စစ်ခေါင်းဆောင်တွေနဲ့ သူတို့ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့အရေးယူတာတွေ တိုးမြှင့်လုပ်ဆောင်လာပါတယ်။

    စစ်ခေါင်းဆောင်တွေဟာ ကျောက်စိမ်း၊ ရေနံနဲ့သဘာ၀ဓာတ်ငွေ့၊ သစ်လုပ်ငန်း စတဲ့ ဒေါ်လာ ဘီလီယံပေါင်းများစွာ ရရှိတဲ့ လုပ်ငန်းတွေကို ဦးစီးလုပ်ကိုင်နေတာ ဖြစ်ပါတယ်။

    ဖရန်ကယ်က စစ်ခေါင်းဆောင်တွေ အပြည့်အ၀မပိုင်ဆိုင်တဲ့ လုပ်ငန်းတွေကိုလည်း Facebook စာမျက်နှာကနေ ဖယ်ရှားသွားမှာဖြစ်ပြီး အဲဒီအထဲမှာ ဘီယာလုပ်ငန်း Kirin’s Myanmar Brewery လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

    Ref: Financial Times

  • စီးပွားရေးပြန်လာလုပ်ရပ် ဂျပန်ကို စစ်ကောင်စီက မေတ္တာရပ်ခံ

    စီးပွားရေးပြန်လာလုပ်ရပ် ဂျပန်ကို စစ်ကောင်စီက မေတ္တာရပ်ခံ

    ဒီဖင်ဘာ ၈၊ ၂၀၂၁
    M-Media

    စစ်ကောင်စီခန့်ဝန်ကြီး ဦးအောင်နိုင်ဦး)

    -မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်လာလုပ်ဖို့နဲ့ ရပ်ဆိုင်းထားတဲ့ အကူအညီပေးရေး စီမံကိန်းတွေ ပြန်လည်ပတ်ဖို့အတွက် စစ်ကောင်စီက ဂျပန်အစိုးရကို မေတ္တာရပ်ခံခဲ့ပါတယ်။

    စစ်ကောင်စီမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားဆက်ဆံရေးဝန်ကြီးအဖြစ် တာဝန်ယူထားတဲ့ ဦးအောင်နိုင်ဦး ဂျပန်သတင်းဌာနတွေနဲ့ မနေ့က အင်တာဗျူးမှာ ဒီလိုပြောကြားလိုက်တာပါ။

    “မြန်မာနိုင်ငံမှာ စီးပွားရေး ပြန်စဖို့၊ ဖြစ်နိုင်ရင် ထပ်မံချဲ့ထွင်ပေးဖို့ ဂျပန်စီးပွားရေးအသိုင်းအ၀ိုင်းကို တိုက်တွန်းပေးပါလို့ ကျွန်တော် သတင်းစကားပါးချင်ပါတယ်။ အရင်ကထက်မတူဘဲ ပိုကောင်းတဲ့ စီးပွားရေး အသိုက်အဝန်းဖြစ်အောင် ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်”

    ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး မတည်မငြိမ်ဖြစ်လာရာကနေ လက်ရှိမှာတော့ အခြေအနေတွေ ပုံမှန်ပြန်ဖြစ်သွားပြီလို့လည်း ဦးအောင်နိုင်ဦးက ပြောပါတယ်။

    ရွေးကောက်ခံအစိုးရကို ဖြုတ်ချအာဏာသိမ်းမှု၊ လူထုအပေါ် အကြမ်းဖက်သတ်ဖြတ်မှုတွေလုပ်တဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကြောင့် ဂျပန်အစိုးရဟာ မြန်မာနိုင်ငံမှာ လုပ်ဆောင်နေတဲ့ အကူအညီပေးရေး စီမံကိန်းတွေကို ရပ်ဆိုင်းလိုက်သလို၊ ဂျပန်စီးပွားရေးလုပ်ငန်းတွေကိုလည်း မြန်မာနိုင်ငံကထွက်ဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။

    ဦးအောင်နိုင်ဦးက လက်ရှိ စစ်ကောင်စီဟာ နိုင်ငံတကာစီးပွားရေးလုပ်ငန်းတွေကို ပြန်လည်ကြိုဆိုဖို့ လုပ်ဆောင်နေကြောင်း၊ မြန်မာနိုင်ငံက အခြေအနေတွေကို နိုင်ငံတကာမီဒီယာတွေက ချဲ့ကားပြောဆိုနေသလို၊ ဝန်ထမ်းတွေအလုပ်မဆင်းတဲ့ CDM လှုပ်ရှားမှုကလည်း မရှိတော့သလောက်ဖြစ်နေကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ အကြီးအကျယ် ကျဆင်းသွားပြီး အလုပ်လက်မဲ့နှုန်း များလာကာ၊ ကုန်စျေးနှုန်းတွေလည်း အလွန်အမင်း မြင့်တက်လာပါတယ်။ ဘဏ်လုပ်ငန်း ရပ်ဆိုင်းလုနီးပါးဖြစ်နေသလို၊ ငွေကြေးတန်ဖိုးလည်း ကျဆင်းနေပါတယ်။ စစ်ကောင်စီရဲ့ လူထုအပေါ် ဖိနှိပ်အကြမ်းဖက်မှုတွေကြောင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေလည်း တိုင်းပြည်ကနေ ထွက်ခွာနေပါတယ်။

    ကမ္ဘာ့ဘဏ်၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက လာမယ့်နှစ် မြန်မာ့စီးပွားရေးဟာ ဒေသတွင်း အများဆုံးအဖြစ် ၁၈ ရာခိုင်နှုန်း ကျဆင်းမှာဖြစ်ပြီး သန်းနဲ့ချီတဲ့လူတွေ ငတ်မွတ်ခေါင်းပါးမှု၊ အစာရေစာပြတ်လပ်မှုနဲ့ ကြုံတွေ့ရနိုင်တယ်လို့ သတိပေးထားပါတယ်။

    Ref: Japan Today

  • အာဆီယံပွဲများကို မြန်မာစစ်အာဏာရှင် တက်ခွင့်ရှိသည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ပြော

    အာဆီယံပွဲများကို မြန်မာစစ်အာဏာရှင် တက်ခွင့်ရှိသည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ပြော

    ဒီဇင်ဘာ ၆၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံကိုလာပြီး စစ်ကောင်စီနဲ့စကားပြောဖို့ စီစဉ်ထားတယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်က ဒီကနေ့မှာ ပြောကြားလိုက်ပြီး၊ အာဆီယံအစည်းအဝေးတွေမှာ စစ်ကောင်စီကို ဖိတ်သင့်တယ်လို့ ဆိုပါတယ်။

    ကမ္ဘောဒီးယားဟာ လာမယ့်နှစ်မှာ အာဆီယံအဖွဲ့ဥက္ကဌအဖြစ် တာဝန်ယူမှာပါ။

    တရုတ်ကငွေကြေးထောက်ပံ့ထားတဲ့ ဆောက်လုပ်ရေးစီမံကိန်းဖွင့်ပွဲအခမ်းအနားမှာ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က အာဆီယံအစည်းအဝေးတွေမှာ ၁၀ နိုင်ငံစလုံး ပါဝင်ရမယ်လို့ ပြောကြားခဲ့ပါတယ်။

    “မြန်မာဟာ အာဆီယံမိသားစုဝင်နိုင်ငံပါ။ အစည်းအဝေးတွေကိုတက်ပိုင်ခွင့် သူတို့မှာ ရှိပါတယ်”

    ဟွန်ဆန်ဟာ ပြီးခဲ့တစ်ပတ်က စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦး၀ဏ္ဏမောင်လွင်ကို ကမ္ဘောဒီးယားလာဖို့ ဖိတ်ခေါ်ထားပြီး ဒီဇင်ဘာ ၇ ရက်နေ့ လာရောက်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို မကြာခင် သွားရောက်ဖို့ရှိတယ်လို့လည်း ဒီကနေ့မိန့်ခွန်းမှာ ဟွန်ဆန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အလုပ်တွဲလုပ်နိုင်ရေး ကျွန်တော် နေပြည်တော်ကိုသွားရောက်ဖို့ အလားအလာ တော်တော်လေးကောင်းပါတယ်။ ခေါင်းဆောင်ပိုင်းနဲ့အလုပ်မလုပ်ရင် ကျွန်တော် ဘယ်သူနဲ့ တွဲလုပ်ရမလဲ”

    အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ရဆိုတဲ့ အာဆီယံပဋိဉာဏ်ကို ဟွန်ဆန်က ထောက်ပြခဲ့ပြီး ဒီပဋိဉာဏ်အရ ဘယ်အဖွဲ့ဝင်နိုင်ငံကိုမှ မောင်းထုတ်ခွင့်မရှိဘူးလို့လည်း ဆိုပါတယ်။

    ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာ အာဏာကို နှစ်ပေါင်း ၄၀ နီးပါး ရယူထားပြီး အတိုက်အခံတွေကို ပြင်းပြင်းထန်ထန်နှိပ်ကွပ်တဲ့အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ဝေဖန်မှုကို ခံနေရသူပါ။ သူ့နေရာကို စစ်တပ်အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ သားဖြစ်သူက ဆက်ခံလိမ့်မယ်လို့ ဟွန်ဆန်က ပြီးခဲ့တဲ့တစ်ပတ်မှာ လူသိရှင်ကြား ပြောကြားခဲ့ပါတယ်။

    Ref: Reuters