News @ M-Media

Tag: Myanmar Military

  • စစ်ကောင်စီက လီဆယ်ထောင်ချမှုကို ကုလလူ့အခွင့်အရေးအကြီးအကဲ ပြင်းပြင်းထန်ထန်ဝေဖန်

    စစ်ကောင်စီက လီဆယ်ထောင်ချမှုကို ကုလလူ့အခွင့်အရေးအကြီးအကဲ ပြင်းပြင်းထန်ထန်ဝေဖန်

    ဒီဇင်ဘာ ၆၊ ၂၀၂၁
    M-Media

    -နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချမှတ်တာဟာ နိုင်ငံရေးအရ နှိပ်ကွပ်တာဖြစ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာအကြီးအကဲ မီရှဲလ်ဘာချလတ်က ပြောကြားပြီး ချက်ခြင်း ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။

    အသက် ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ဦးဝင်းမြင့်နဲ့အတူ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ၊ သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေတွေနဲ့ ဒီကနေ့ ထောင်ဒဏ် ၄ နှစ် ချမှတ်ခံခဲ့ရပါတယ်။

    “စစ်တပ်ကထိန်းချုပ်တဲ့ တရားရုံးမှာ လူမသိသူမသိ လီဆယ်တရားစွဲဆိုပြီး နိုင်ငံတော်အတိုင်ပင်ခံကို ထောင်ချလိုက်တာဟာ နိုင်ငံရေးအရ နှိပ်ကွပ်ဖို့ကလွဲပြီး တစ်ခြားမဟုတ်ပါဘူး။ သူမရဲ့ လွတ်မြောက်ခွင့်ကို တစ်ဖက်သက်ငြင်းဆန်တာတင်မကဘဲ နိုင်ငံရေးဆွေးနွေးမှုတခါးကိုပါ ပိတ်လိုက်တာပါ” လို့ ဘာချလတ်ရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ကရင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ စီမံကိန်းဝန်ကြီးတို့ကို ပြီးခဲ့တဲ့လက စစ်ကောင်စီကနေ ထောင်ဒဏ် ၇၆ နှစ်နဲ့ နှစ် ၉၀ အသီးသီးချမှတ်လိုက်တာကို ဘာချလတ်က ​ထောက်ပြခဲ့ပြီး နိုင်ငံရေးအတိုက်အခံတွေကို ဖယ်ရှားရေးအတွက် တရားရေးကို စစ်ကောင်စီက အလွဲသုံးစားလုပ်နေတယ်လို့လည်း ဝေဖန်ခဲ့ပါတယ်။

    “တရားဥပဒေ ချိုးဖောက်အာဏာသိမ်းထားပြီး၊ စစ်အာဏာရှင်စနစ်သွားနေတာကို ဒီလိုတရားစွဲဆိုမှုတွေနဲ့ ဖုံးထားလို့ မရပါဘူး”

    မနေ့က ကြည့်မြင်တိုင်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို စစ်ကောင်စီတပ်ဖွဲ့တွေက ကားနဲ့ ရက်ရက်စက်စက် တိုက်သတ်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းလည်း ဘာချလတ်က ထည့်သွင်းပြောဆိုခဲ့ပြီး ဒါဟာ လက်ရှိ တင်းမာမှုတွေ၊ တိုက်ခိုက်မှုတွေကို ပိုမိုဆိုးရွားစေလိမ့်မယ်လို့လည်း သတိပေးခဲ့ပါတယ်။

    Ref: AFP

  • မြန်မာနိုင်ငံရှိ ကလေးငယ် ၃ ဦးတွင် ၁ ဦးက အသက်ရှင်ရေး အကူအညီလိုအပ်နေ

    မြန်မာနိုင်ငံရှိ ကလေးငယ် ၃ ဦးတွင် ၁ ဦးက အသက်ရှင်ရေး အကူအညီလိုအပ်နေ

    ဒီဇင်ဘာ ၃၊ ၂၀၂၁
    M-Media

    -လာမယ့်နှစ် မြန်မာနိုင်ငံမှာ အသက်ရှင်ရပ်တည်ရေးအတွက် မရှိမဖြစ်အကူအညီ လိုအပ်မယ့် ကလေးငယ်အရေအတွက်ဟာ ၅ သန်းကျော် ရှိလာလိမ့်မယ်လို့ ကုလသမဂ္ဂရဲ့ မနေ့ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ဒါဟာ မြန်မာနိုင်ငံက ကလေးငယ် ၃ ဦးမှာ ၁ ဦး အကူအညီ အမြန်ဆုံးလိုအပ်နေတာဖြစ်တယ်လို့ Save The Children အဖွဲ့က ပြောပါတယ်။

    ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့ (OCHA) က ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ အကူအညီလိုအပ်နေသူ ၁၄ သန်းလောက်ရှိလာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်ကထက် ၁ သန်း ပိုများလာတာပါ။

    မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ အလိုအပ်ဆုံး ၁၀ နိုင်ငံထဲမှာ စတုတ္ထနေရာ ရှိနေတာဖြစ်ပါတယ်။

    ကိုဗစ်ကပ်ရောဂါ ဖြစ်နေတာ၊ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြင့်တက်လာတဲ့ ပဋိပက္ခတွေက ကလေးငယ်တွေရဲ့ အခြေအနေကို ပိုမိုဆိုးရွားစေပြီး သန်းနဲ့ချီတဲ့ကလေးငယ်တွေ ငတ်မွတ်ခေါင်းပါးမယ့် အန္တရာယ်မျိုး ရင်ဆိုင်ရလာနိုင်တယ်လို့လည်း ကုလသမဂ္ဂက ဆိုပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကလေးငယ် ၈၇၀၀၀ အပါအဝင် လူပေါင်း ၂၃၄၀၀၀ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ ထွက်ပြေးရသူအများစုဟာ တောထဲမှာ ဖြစ်သလိုနေထိုင်နေရပြီး အစားအ​သောက်နဲ့ ဆေးဝါးတွေ မရရှိသလို၊ အကူအညီပေးရေးအဖွဲ့တွေ သွားရောက်ဖို့ကလည်း ကန့်သတ်ချက်တွေ ရှိနေတယ်လို့ Save The Children က သတိပေးခဲ့ပါတယ်။

    လက်ရှိ မြန်မာနိုင်ငံရဲ့ ဆိုးရွားနေတဲ့ အခြေအနေက မျိုးဆက်တစ်ခုလုံးကို မထိခိုက်စေရေးအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းက ကူညီထောက်ပံ့မှုတွေ ပိုမိုပြုလုပ်ကြဖို့လည်း ကုလက တိုက်တွန်းခဲ့ပါတယ်။

    Ref: Relief Web

  • ကမ္ဘာဒီးယားဝန်ကြီးချုပ်က စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို တွေ့ဆုံရန် ဖိတ်ကြားထား

    ကမ္ဘာဒီးယားဝန်ကြီးချုပ်က စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို တွေ့ဆုံရန် ဖိတ်ကြားထား

    ဒီဇင်ဘာ ၂၊ ၂၀၂၁
    M-Media

    -စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦး၀ဏ္ဏမောင်လွင်ကို လာမယ့်တစ်ပတ်မှာ လာရောက်ဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ဒီကနေ့မိန့်ခွန်းမှာ ဖိတ်ကြားလိုက်ပါတယ်။

    ကမ္ဘောဒီးယားဟာ လာမယ့်ဇန်နဝါရီမှာ အာဆီယံဥက္ကဌအဖြစ် တာဝန်ယူမှာပါ။ အခုဖိတ်ကြားမှုဟာ မြန်မာနိုင်ငံက မတည်ငြိမ်မှုတွေ ပြေလည်ရေးအတွက် သံတမန်နည်းလမ်းနဲ့ ဆောင်ရွက်ဖို့ ကမ္ဘောဒီးယားက ခြေလှမ်းစလှမ်းတာလို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    ဝန်ကြီးချုပ်ဟွန်ဆန်ကိုယ်တိုင် အာဏာရှင်ဖြစ်ပြီး နှစ်ပေါင်း ၄၀ နီးပါးလောက် အာဏာဆုပ်ကိုင်ထားတာဖြစ်ပါတယ်။ အတိုက်အခံတွေကို ညှင်းပမ်းနှိပ်ကွပ်မှုအတွက်လည်း နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ဝေဖန်မှုကို ခံနေရပါတယ်။

    စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦး၀ဏ္ဏမောင်လွင်ဟာ လာမယ့်တစ်ပတ် တနင်္လာနေ့၊ အင်္ဂါ နှစ်ရက် လာရောက်ဖို့ ဟွန်ဆန်က ဖိတ်ကြားခဲ့တာပါ။

    ဟွန်ဆန်ဟာ မြန်မာနိုင်ငံက ပြဿနာ ဖြေရှင်းရေးအတွက် အာဆီယံအထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်ဖို့ စဉ်းစားနေတယ်လို့လည်း ယခင်က ပြောကြားဖူးပါတယ်။

    အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့တဲ့ ဧပြီလက အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေးဖြေရှင်းဖို့ အထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်ရေး သဘောတူခဲ့ပြီး ဘရူနိုင်းဒုတိယနိုင်ငံခြားရေးဝန်ကြီးကို ဩဂုတ်လမှာ ခန့်အပ်နိုင်ခဲ့ပါတယ်။

    ဒါပေမယ့် စစ်ကောင်စီက ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့အတွက် အာဆီယံဟာ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို ဒေသတွင်း ထိပ်သီးအစည်းအဝေး ၃ ခု တက်ရောက်ခွင့် မပေးခဲ့ပါဘူး။

    Ref: Bangkok Post

  • မြန်မာဖက်မှ အဖိုးတန်မြေရှားသတ္တုများ တရုတ်ထံ ပြန်လည်တင်ပို့

    မြန်မာဖက်မှ အဖိုးတန်မြေရှားသတ္တုများ တရုတ်ထံ ပြန်လည်တင်ပို့

    ဒီဇင်ဘာ ၂၊ ၂၀၂၁
    M-Media

    -နိုဝင်ဘာနှောင်းပိုင်းကစပြီး မြန်မာဖက်ကနေ ‘မြေရှားသတ္တု’ (Rare Earth) တွေ ပြန်လည်တင်ပို့နေပြီလို့ တရုတ်ကွန်မြူနစ်ပါတီ အာဘော်သတင်းစာ Global Times က ဒီကနေ့မှာ ရေးသားဖော်ပြပါတယ်။

    တရုတ်နိုင်ငံအရှေ့ပိုင်း ကွက်ကျိုးမြို့က ကွန်မြူနစ်အစိုးရပိုင် မြေရှားသတ္တုကုမ္ပဏီရဲ့ မန်နေဂျာက မြန်မာနယ်စပ်မှာ သောင်တင်နေတဲ့ မြေရှားသတ္တုတွေ တရုတ်နိုင်ငံထဲဝင်လာပြီလို့ဆိုပါတယ်။ သောင်တင်နေတဲ့ မြေရှားသတ္တုပမာဏက တန် ၃ ထောင်ကနေ ​၄ ထောင်အထိရှိမယ်လို့လည်း သူက ပြောပါတယ်။

    တရုတ်-မြန်မာနယ်စပ်ကို ကိုဗစ်ကပ်ရောဂါကြောင့် ပိတ်ထားတာ ၆ လလောက်ရှိနေပြီး ပြီးခဲ့တဲ့ရက်ပိုင်းကမှ ကုန်သွယ်ရေးအတွက် ပြန်ဖွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံက ပြန်ဝင်လာတာကြောင့် တရုတ်နိုင်ငံမှာ မြင့်တက်နေတဲ့ မြေရှားသတ္တုစျေးဟာ ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ လျော့ကျသွားနိုင်တယ်လို့ တရုတ်ပညာရှင်တွေက ခန့်မှန်းထားပါတယ်။

    မြေရှားသတ္တုဟာ ဆက်သွယ်ရေး၊ ပို့ဆောင်ရေး၊ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးအပါအဝင် နယ်ပယ်စုံမှာ အသုံးပြုလို့ရတဲ့ အဖိုးတန် သတ္တုတစ်မျိုးဖြစ်ပါတယ်။ တရုတ်ဟာ ကမ္ဘာ့မြေရှားသတ္တုလုပ်ငန်းကို ကြီးစိုးထားပြီး ထက်ဝက်လောက်ကို မြန်မာနိုင်ငံကနေ တင်သွင်းတာပါ။

    မြန်မာနိုင်ငံမှာ မြေရှားသတ္တုဟာ ကချင်ပြည်နယ်လို ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ အဓိက တည်ရှိနေတာဖြစ်ပြီး မြန်မာစစ်တပ်နဲ့ လက်အောက်ခံ ပြည်သူစစ်အဖွဲ့တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေက တူးဖော်ကာ တရုတ်နိုင်ငံဖက်ကို မှောင်ခို တင်သွင်းနေတာဖြစ်ပါတယ်။

    မြေရှားသတ္တုရောင်းချမှုဟာ လူအခွင့်အရေးချိုးဖောက်မှု၊ ရာဇဝတ်မှုတွေကို အမြောက်အများ ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ရဲ့ အဓိကဝင်ငွေရလမ်းတစ်ခုဖြစ်တဲ့အတွက် ဒါကို တားဆီးပိတ်ပင်ဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို လူ့အခွင့်အရေးအဖွဲ့တွေက တိုက်တွန်းထားပါတယ်။

    Ref: Global Times

  • လှိုင်သာယာအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို စစ်ကောင်စီက ကြိုတင်စီစဉ်ကျူးလွန်ခြင်းဖြစ်

    လှိုင်သာယာအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို စစ်ကောင်စီက ကြိုတင်စီစဉ်ကျူးလွန်ခြင်းဖြစ်

    ဒီဇင်ဘာ ၂၊ ၂၀၂၁
    M-Media

    -မတ်လ ၁၄ ရက်နေ့ ရန်ကုန်​မြို့ လှိုင်သာယာမြို့နယ်က စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ လူအစုလိုက်အပြုံလိုက် အသတ်ခံရမှုဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကြိုတင်ကြံစည် ကျူးလွန်ခဲ့တာဖြစ်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    အဲဒီဆန္ဒပြပွဲမှာ စစ်သားတွေ၊ ရဲတွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဆန္ဒပြသူတွေ၊ ဒဏ်ရာရသူကို ကူညီတဲ့သူတွေ အနည်းဆုံး ၆၅ ဦး သေဆုံးခဲ့ပါတယ်။

    HRW အဖွဲ့က စစ်ကောင်စီတပ်တွေဟာ ဆန္ဒပြသူတွေကို တစ်နေရာတည်းမှာစုလာအောင်လုပ်ကာ ပတ်လည်ပိတ်ဆို့ပြီး ပစ်ခတ်သတ်ဖြတ်ခဲ့တာကို လေ့လာဆန်းစစ်မှုမှာ တွေ့ရကြောင်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    “စစ်သားနဲ့ ရဲတွေဟာ ပိတ်မိနေတဲ့ ဆန္ဒပြသူတွေ၊ ဒဏ်ရာရသူကို ကူညီတဲ့သူတွေကို ချေမှုန်းရေးရိုင်ဖယ်တွေနဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့အတွက် ဆန္ဒပြသူတွေနဲ့ ဘေးမှာရှိတဲ့သူ အနည်းဆုံး ၆၅ ဦး သေဆုံးခဲ့ပါတယ်”

    မျက်မြင်သက်သေ ၆ ဦး၊ အကြမ်းဖက်မှု ဗီဒီယို ၁၃ ခုနဲ့ ဓာတ်ပုံ ၃၁ ပုံ၊ အခင်းဖြစ်ရာနေ့မှာ စစ်သားတွေ၊ ရဲတွေက ရိုက်ကူးပြီး ဆိုရှယ်မီဒီယာမှာ လွှင့်တင်ထားတဲ့ ဗီဒီယိုတွေကို လေ့လာဆန်းစစ်ကာ HRW က အခုလို ကြေငြာချက် ထုတ်ပြန်တာပါ။

    “မျက်မြင်သက်သေတွေရဲ့ ပြောကြားမှု၊ ဒဏ်ဂျစ်တယ် သဲလွန်စတွေ၊ လုပ်ခြုံရေးတပ်ဖွဲ့ဝင်တွေက တင်တဲ့ဗီဒီယိုတွေကို ဆန်းစစ်သုံးသပ်လိုက်ရင် ဒီကိစ္စကို ကြိုတင်ကြံစည် ကျူးလွန်တယ်ဆိုတဲ့ သက်သေဟာ ထင်ရှားပါတယ်” လို့ HRW က သုတေသနပညာရှင် မမန်နီ​မောင်က ပြောကြားခဲ့ပါတယ်။

    ဒီနှိမ်နှင်းမှုဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်နေပြီလို့လည်း သူမက ဆိုပါတယ်

    ဆန္ဒပြမှုကို နှိမ်နှင်းဖို့ တာဝန်ကျတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ယောက် TikTok စာမျက်နှာမှာ လွှင့်တင်တဲ့ ဗီဒီယိုမှာဆိုရင် သူတို့အသုံးပြုမယ့် လက်နက်တွေအကြောင်း၊ နှိမ်နှင်းတဲ့အခါ ဘယ်သူ့ကိုမှ မညှာဘူးဆိုတဲ့ အကြောင်းတွေ ပါဝင်ပါတယ်။

    တာဝန်ရှိသူ

    လှိုင်သာယာက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကို အရေးယူ အပြစ်ပေးဖို့ HRW က တိုက်တွန်းခဲ့ပြီး အခုအချိန်အထိ စစ်ကောင်စီက ဒါမျိုးလုပ်ဆောင်တာ မတွေ့သေးဘူးလို့ ဆိုပါတယ်။

    “အမိန့်ပေးတဲ့အဆင့်ကလူတွေ တာဝန်အရှိဆုံးဆိုတာကတော့ သေချာပါတယ်။ နှိမ်နှင်းဖို့ အမိန့်ပေးတဲ့သူ၊ အကောင်အထည်ဖော်တဲ့ သူတိုင်းမှာ ဒီကိစ္စအတွက် တာဝန်ရှိပါတယ်” လို့ မမန်နီမောင်က ပြောပါတယ်။

    ရန်တိုင်းစစ်ဒေသရဲ့တပ်မှူးနဲ့ ရန်ကုန်ရဲတပ်ဖွဲ့အကြီးအကဲတို့က တာဝန်အရှိဆုံးဖြစ်မယ်လို့လည်း သူမက မှတ်ချက်ပေးခဲ့ပါတယ်။

    “နောက်ပိုင်းကျရင် တရားစွဲကာ အရေးယူအပြစ်ပေးခံရမယ်ဆိုတာ ဒီလူတွေသိအောင်လုပ်ဖို့ လိုအပ်ပါတယ်”

    ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပေါ်ပေါက်လာတဲ့ မတည်ငြိမ်မှုတွေအတွင်း စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် အနည်းဆုံး လူ ၁၃၀၀ ကျော် သေဆုံးခဲ့ပြီး ထောင်နဲ့ချီ ဖမ်းဆီးနှိပ်စက် ခံခဲ့ရပါတယ်။

    မြန်မာစစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေကို ပိတ်ဆို့အရေးယူမှု ပိုမိုတိုးမြှင့်လုပ်ဆောင်ခြင်းအားဖြင့် စစ်ကောင်စီက ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ရာဇဝတ်မှုတွေကို တားဆီးဖို့ HRW က နိုင်ငံကတာအသိုင်းအ၀ိုင်းကို တိုက်တွန်းခဲ့ပါတယ်။

    Ref: Daily Mail