News @ M-Media

Tag: Myanmar Military

  • စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့လူဦးရေ၏ ထက်ဝက်နီးပါး ဆင်းရဲမွဲတွေမှုသတ်မှတ်ချက်အောက် ရောက်တော့မည်

    စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့လူဦးရေ၏ ထက်ဝက်နီးပါး ဆင်းရဲမွဲတွေမှုသတ်မှတ်ချက်အောက် ရောက်တော့မည်

    ဒီဇင်ဘာ ၁၊ ၂၀၂၁
    M-Media

    -လာမယ့်နှစ်အတွင်း မြန်မာနိုင်ငံက မြို့ပြဒေသတွေမှာ ဆင်းရဲမွဲတွေမှုနှုန်း သုံးဆအထိ မြင့်တက်လာမယ့် အနေအထားရှိနေတာကြောင့် ဆင်းရဲမွဲတေမှု သတ်မှတ်ချက်အောက်မှာ နေထိုင်ရမယ့် ပမာဏဟာ စုစုပေါင်းလူဦးရေရဲ့ ထက်ဝက်နီးပါးအထိ ရှိလာမယ်လို့ ကုလသမဂ္ဂက ဒီကနေ့မှာ ထုန်ပြန်ပါတယ်။

    ကိုဗစ်ကပ်ရောဂါနဲ့ စစ်တပ်က အာဏာသိမ်းမှုတွေကြောင့် မြန်မာနိုင်ငံမှာ ဘက်စုံ နိမ့်ပါးလားပြီး၊ ဒီမိုကရေစီအသွင်ကူးပြောင်းမှု ၁၀ နှစ်အတွင်း ရရှိခဲ့တဲ့ တိုးတက်မှုတွေကလည်း တစ်ဖြည်းဖြည်းနဲ့ ဆုတ်ယုတ်လာခဲ့ပါတယ်။

    မကြာသေးခင်က လေ့လာဆန်းစစ်မှုအရ မြန်မာနိုင်ငံဟာ ၂၀၀၅ ခုနှစ် မတိုင်ခင်က မြင်တွေ့ခဲ့ရတဲ့ ဆင်းရဲမွဲတေမှုလမ်းကြောင်းပေါ် ရောက်ရှိနေတယ်လို့ ကုလသမဂ္ဂ ဖွံဖြိုးရေးအစီအစီစဉ် UNDP က ပြောပါတယ်။

    “ဆင်းရဲမွဲတေမှုနွံထဲ မြန်မြန်ဆန်ဆန် လျှောဆင်းနေတာကြောင့် အလယ်အလတ်လူတန်းစား ပျောက်သွားမယ့်အနေအထားဖြစ်ပြီး လက်ရှိဖြစ်နေတဲ့ ပြဿနာကနေ အလျင်အမြန် ပြန်လည်ဦးမော့လာရေးအတွက် မကောင်းတဲ့ နမိတ်လက္ခဏာပါပဲ” လို့ UNDP အာရှပစိဖိတ်ဆိုင်ရာအကြီးအကဲ ကန်နီ ဝစ်ဂ်နာရာဂျာက ပြောပါတယ်။

    အဆိုးဆုံးအနေအထားအထိ ရောက်သွားမယ်ဆိုရင် ဆင်းရဲမွဲတေမှုသတ်ချက်အောက် နေထိုင်ရသူအရေအတွက်ဟာ လက်ရှိ စုစုပေါင်း လူဦးရေရဲ့ ၂၄.၈ ရာခိုင်နှုန်း ရှိနေရာကနေ ၂၀၂၂ ခုနှစ်မှာ ၄၆.၃ ရာခိုင်နှုန်း ရှိလာနိုင်ပြီး၊ မြို့ပြဆင်းရဲမွဲတေမှုနှုန်းကလည်း ၁၁.၃ ရာခိုင်နှုန်းကနေ ၃၇.၂ ရာခိုင်နှုန်း ဖြစ်လာမယ်လို့ UNDP က တွက်ချက်ခဲ့ပါတယ်။

    စစ်တမ်းအရ မြို့​ပြလူဦးရေရဲ့ ထက်ဝက်လောက်ဟာ စုဆောင်းငွေ မရှိတော့ဘဲ၊ ၃ ပုံ ၁ ပုံလောက်က အိမ်မှာအသုံးပြုနေတဲ့ ယာဉ်တွေ ထုတ်ရောင်းရတာတွေ ဖြစ်နေတာကို တွေ့ရပြီး၊ အစားအသောက် လျှော့စားလာရတာ၊ ကျောင်းထွက်မှုနှုန်း မြင့်တက်လာတာတွေလည်း ဖြစ်လာပါတယ်။

    အရင်က အလယ်အလတ်လူတန်းစား တိုးပွားလာတဲ့ ရန်ကုန်နဲ့ မန္တေလေးလို မြို့ကြီးတွေမှာ ဆောက်လုပ်ရေး၊ ဝန်ဆောင်မှုလုပ်ငန်း၊ လက်လီအရောင်းလုပ်ငန်းနဲ့ အထည်လုပ်ငန်းတွေ ရပ်တည်ဖို့ ခက်ခဲလာပြီး အလုပ်အကိုင်ဆုံးရှုံးတာ၊ လခလျော့ကျတာတွေ ဖြစ်လာတယ်လို့ UNDP က ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    UNDP ရဲ့ အာရှဆိုင်ရာတာဝန်ရှိသူ ကန်နီ ဝစ်ဂ်နာရာဂျာက ဒီလိုအခြေအနေဆိုး ဒီအတိုင်းလွှတ်ထားမယ်ဆိုရင် မျိုးဆက်တစ်ခုလုံးကို ရိုက်ခတ်လိမ့်မယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “စစ်ပွဲကြောင့် မျိုးဆက်တစ်ခု ဆုံးရှုံးရသလို၊ စားနပ်ရိက္ခာရှားပါးတာ၊ အဟာရချို့တဲ့တာ၊ အလွန်အမင်း ဆင်းရဲမွဲတေတာတွေကနေ ချို့တဲ့နိမ့်ပါးပြီး မျိုးဆက်တစ်ခု ဆုံးရှုံးရတာမျိုးလည်း ရှိတတ်ပါတယ်”

    ကိုဗစ်ကပ်ရောဂါရှိနေပေမယ့်လည်း မြန်မာ့စီးပွားရေး တိုးတက်ဖို့ရှိတယ်လို့ ကမ္ဘာ့ဘဏ်က စစ်အာဏာမသိမ်းခင်မှာ ခန့်မှန်းခဲ့ပေမယ့် လက်ရှိမှာတော့ စီးပွားရေးကျဆင်းမှု ၁၈ ရာခိုင်နှုန်းအထိ ရှိလာမယ်လို့ သုံးသပ်ထားပါတယ်။ ဒါဟာ အိမ်နီးချင်းနိုင်ငံတွေထက် အလွန်အမင်း ဆိုးရွားနေတာ ဖြစ်ပါတယ် ။

    Ref: Reuters

  • ပြည်သူကို အာဏာပြန်အပ်ရန်နှင့် အကြမ်းဖက်မှုရပ်တန့်ရန် အာရှ-ဥရောပခေါင်းဆောင်များက စစ်ကောင်စီကို တိုက်တွန်း

    ပြည်သူကို အာဏာပြန်အပ်ရန်နှင့် အကြမ်းဖက်မှုရပ်တန့်ရန် အာရှ-ဥရောပခေါင်းဆောင်များက စစ်ကောင်စီကို တိုက်တွန်း

    နိုဝင်ဘာ ၂၈၊ ၂၀၂၁
    M-Media

    ASEAN  အစည်းအဝေးမြင်ကွင်း

    -ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို ပြန်လည်လုပ်ဆောင်ပြီး ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးဖို့ အာရှနဲ့ ဥရောပ နိုင်ငံ့ခေါင်းဆောင် ၅၀ ခန့်က မြန်မာအာဏာသိမ်းစစ်ကောင်စီကို တိုက်တွန်းလိုက်ပါတယ်။

    အာရှ-ဥရောပ ထိပ်သီးအစည်းအဝေး(ASEAN) အပြီး သောကြာနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဒီလို တိုက်တွန်းဆော်ဩလိုက်တာပါ။ ဒီအစည်းအဝေးကို အာဏာသိမ်းစစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ခွင့်မရပါဘူး။

    မြန်မာနိုင်ငံကပြဿနာ ဖြေရှင်းရေး အာဆီယံရဲ့ သဘောတူညီချက်အတိုင်း အထူးကိုယ်စားလှယ်ကို လက်ခံဝင်ရောက်ခွင့်ပေးဖို့လည်း ခေါင်းဆောင်တွေက စစ်ကောင်စီကို တိုက်တွန်းခဲ့ပါတယ်။

    “မြန်မာနိုင်ငံက အခြေအနေအတွက် အလွန်အမင်းစိုးရိမ်ကြောင်း ခေါင်းဆောင်တွေက ပြောကြားခဲ့ပြီး ပြဿနာဖြေရှင်းရေး အာဆီယံရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အခိုင်အမာ ထောက်ခံအားပေးကြောင်းလည်း အတည်ပြု ပြောကြားခဲ့ပါတယ်” လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    သက်ဆိုင်သူတွေအားလုံး စေ့စပ်ဆွေးနွေးဖို့၊ အကြမ်းဖက်မှုတွေ ချက်ခြင်းရပ်တန့်ဖို့၊ အဆုံးစွန်ဆုံး ထိန်းချုပ် လုပ်ဆောင်ကြဖို့၊ မတရားဖမ်းဆီးခံထားရသူတွေအားလုံးကို လွှတ်ပေးဖို့၊ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားပြီး အမျိုးသားရင်ကြားစေ့ရေး၊ ရေရှည်ဖွံဖြိုးတိုးတက်ရေး လုပ်ဆောင်ဖို့ အာရှ-ဥရောပခေါင်းဆောင်တွေက ထည့်သွင်းတိုက်တွန်းခဲ့ပါတယ်။

    ASEAN အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံက ဦးစီးပြီး အွန်လိုင်းကနေ ၂ ရက်ကြာ ပြုလုပ်တာ ဖြစ်ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကို ဖြေရှင်းရေး အာဆီယံရဲ့ သဘောတူညီချက်တွေကို အကောင်အထည်မဖော်တာ၊ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ တောင်းဆိုမှုတွေကို မလိုက်လျောတာကြောင့် အာဆီယံဟာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖယ်ကျဉ်ထားတာ ဖြစ်ပါတယ်။

    အောက်တိုဘာလက ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်ခွင့်မပေးသလို၊ နိုဝင်ဘာအလယ်ပိုင်းက ပြုလုပ်တဲ့ တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေးကိုလည်း မြန်မာစစ်ခေါင်းဆောင် တက်ခွင့်မရပါဘူး။

    Ref : eurasiareview

  • မြန်မာအဏာသိမ်းစစ်တပ်ကို ရှုတ်ချသည့် ကြေငြာချက်တစ်စောင်ကို နိုင်ငံ ၇ နိုင်ငံက ပူးတွဲထုတ်ပြန်

    မြန်မာအဏာသိမ်းစစ်တပ်ကို ရှုတ်ချသည့် ကြေငြာချက်တစ်စောင်ကို နိုင်ငံ ၇ နိုင်ငံက ပူးတွဲထုတ်ပြန်

    နိုဝင်ဘာ ၂၈၊ ၂၀၂၁
    M-Media ‌

    Myanmar’s Commander in Chief Senior General Min Aung Hlaing salutes as he attends an event marking Martyrs’ Day at Martyrs’ Mausoleum in Yangon, Myanmar July 19, 2018. REUTERS/Ann Wang – RC1F4623D2C0

    -အဏာသိမ်းမြန်မာစစ်တပ်အပေါ် အကူအညီပေးနေတာတွေအားလုံးကို ရပ်တန့်ဖို့အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းကို တိုက်တွန်းဆော်ဩတဲ့ ကြေငြာချက်တစ်စောင်ကို အမေရိကန်ဦးဆောင်တဲ့ နိုင်ငံ ၇ နိုင်ငံက နိုဝင်ဘာ ၂၆ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

    အမေရိကန်၊ ဩစတေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ တောင်ကိုရီးယားနဲ့ ယူကေတို့က ပူးတွဲထုတ်ပြန်တာဖြစ်ပြီး စစ်ကောင်စီတပ်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အလွန်အမင်း စိုးရိမ်တယ်လို့ ဖော်ပြထားပါတယ်။

    “စစ်တပ်က လက်နက်တွေ စုဆောင်းနေတာ၊ ဗုံးကြဲမှု၊ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မှု၊ အရပ်သားတွေအပေါ် ဆိုးဆိုးရွား ထိခိုက်စေမယ့် အကြမ်းဖက်တိုက်ဖျက်ရေး ခေါင်းစဉ်တပ်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ စစ်သားတွေ ထောင်ချီ ချထားတယ်ဆိုတဲ့ သတင်းတွေအတွက် ကျွန်တော်တို့ စိုးရိမ်မိပါတယ်”

    လိင်အကြမ်းဖက်မှုနဲ့ ညှင်းပမ်းနှိပ်စက်မှုတွေအပါအဝင် စစ်ကောင်စီတပ်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အထူးသဖြင့် စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် နိုင်ငံအနောက်မြောက်ပိုင်းမှာ ပြည်သူ ထောင်သောင်းချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုတွေကိုလည်း ကြေငြာချက်မှာ ထောက်ပြထားပါတယ်။

    ကြေငြာချက်မှာပါဝင်တဲ့ နိုင်ငံ ၇ ခုစလုံးဟာ မြန်မာစစ်တပ်အပေါ် လက်နက်ရောင်းချမှု ပိတ်ပင်ထားသလို၊ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုနဲ့ပတ်သက်ပြီးတော့လည်း စစ်ခေါင်းဆောင်တွေ၊ သူတို့နဲ့ ဆက်စပ်ပတ်သက်သူတွေကို အရေးယူပိတ်ဆို့မှုတွေ လုပ်ဆောင်ထားပါတယ်။

    စစ်ကောင်စီတပ်​တွေအနေနဲ့ အကြမ်းဖက်မှုရပ်တန့်ဖို့၊ ပြည်သူလူထုကို ကာကွယ်ပေးဖို့၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အဟန့်အတားမရှိ ခွင့်ပြုပေးဖို့ တောင်းဆိုတဲ့ အခုလအစောပိုင်းက ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကိုလည်း ချီးကျူးခဲ့ပါတယ်။

    မြန်မာစစ်တပ် လည်ပတ်နိုင်စေမယ့် အထောက်အပံ့ပေးတာတွေ၊ လက်နက်၊ ခဲယမ်း၊ စစ်ဖက်သုံးနိုင်မယ့် ပစ္စည်းတွေ၊ နည်းပညာဆိုင်ရာ အကူအညီ စတာတွေကို မြန်မာစစ်တပ်၊ သူတို့နဲ့ ပတ်သက်ဆက်နွယ်နေသူတွေကို ရောင်းချ၊ ပေးအပ်တာတွေ မလုပ်ဖို့လည်း နိုင်ငံ ၇ နိုင်ငံက နိုင်ငံတကာအသိုင်းအ၀ိုင်းကို တိုက်တွန်းခဲ့ပါတယ်။

    အာဏာသိမ်းစစ်ကောင်စီက ဒီကြေငြာချက်ကို ရှုတ်ချတဲ့ ကြေငြာချက်တစ်စောင်ကို စနေနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

    Ref: AFP

  • စစ်ကောင်စီက ပြည်သူများ ငတ်မွတ်ခေါင်းပါးအောင် လုပ်ဆောင်နေ

    စစ်ကောင်စီက ပြည်သူများ ငတ်မွတ်ခေါင်းပါးအောင် လုပ်ဆောင်နေ

    နိုဝင်ဘာ ၂၆၊ ၂၀၂၁
    M-Media

    -တိုက်ပွဲတွေဖြစ်နေတဲ့ နိုင်ငံအရှေ့ပိုင်းနဲ့ အနောက်မြောက်ပိုင်းတွေမှာ စစ်ကောင်စီတပ်တွေက ပြည်သူတွေ ငတ်မွတ်ခေါင်းပါးအောင် လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီက ပြောပါတယ်။

    ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ကယားပြည်နယ်တို့မှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်​ကောင်စီတပ်တွေအကြား တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီကလည်း တပ်အင်အားတွေ ထပ်တိုးကာ ထိုးစစ်တွေ လုပ်ဆောင်နေပါတယ်။

    အထူးအကြံပေးကောင်စီက စစ်ကောင်စီတပ်တွေဟာ အဲဒီဒေသတွေမှာ စားနပ်ရိက္ခာ အထောက်အပံ့တွေကို ဖျက်ဆီးပစ်တာ၊ ကျွဲနွားတိရစ္ဆာန်တွေကို သတ်တာ၊ စားနပ်ရိက္ခာသယ်ဆောင်ရာ လမ်းကြောင်းတွေကို ဖြတ်တောက်တာတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ တိုက်ပွဲတွေကြောင့် လယ်သမားတွေလည်း ကောက်ပဲသီးနှံတွေ မရိပ်သိမ်းနိုင်ပါဘူး။

    နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ မြန်မာနိုင်ငံက လိုအပ်နေသူတွေကို အကူအညီပေးအပ်ဖို့ ကြိုးစားရာမှာ ပြည်ပရောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့လည်း ကောင်စီက ပြောပါတယ်။

    စစ်ကောင်စီဟာ ပြည်သူတွေ အငတ်ဘေးဆိုက်အောင် လုပ်ဆောင်နေပြီး ဒါဟာ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု ဖြစ်တယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    မြန်မာနိုင်ငံမှာ စစ်တပ်က တိုင်းရင်းသား ပြည်သူလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ညှင်းပမ်းနှိပ်စက်မှုတွေကို စုံစမ်းဖော်ထုတ်ရာမှာ အထောက်အကူဖြစ်စေဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ အထူးအကြံပေးကောင်စီကို ကုလသမဂ္ဂက ဖွဲ့စည်းထားတာပါ။

    မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း ယန်ဟီးလီက နိုင်ငံတကာအသိုင်းအ၀ိုင်းက စစ်ကောင်စီကို ဆက်လက်ပစ်ပယ်ထားဖို့ အရေးကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကြောင့် ပြည်တွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၂၃၄၆၀၀ ရှိပြီး၊ အရင်ကအရေအတွက်နဲ့ပေါင်းလိုက်ရင် ၆ သိန်းကျော် ရှိနေတယ်လို့ ကုလရဲ့ မှတ်တမ်းတွေက ဆိုပါတယ်။ ပြည်တွင်းအိုးအိမ်စွန့်ခွာထွက်ပြေးရသူ​ အများစုဟာ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ လောင်စာဆီ ပြတ်တောက်မှုတွေ ကြုံတွေ့နေရပါတယ်။

    မြန်မာနိုင်ငံမှာ အသက်ဆက်ရှင်ရေး အရေးပါတဲ့ အကူအညီ လိုအပ်နေသူအရေအတွက်က ၃ သန်းလောက်ရှိနေပြီး ၂ သန်းဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှ တိုးလာတာဖြစ်ပါတယ်။

    Ref : The Guardian

  • အာရှ-ဥရောပ ထိပ်သီးအစည်းအဝေး မြန်မာအာဏာသိမ်းခေါင်းဆောင် တက်ခွင့်မရ

    အာရှ-ဥရောပ ထိပ်သီးအစည်းအဝေး မြန်မာအာဏာသိမ်းခေါင်းဆောင် တက်ခွင့်မရ

    နိုဝင်ဘာ ၂၅၊ ၂၀၂၁
    M-Media

    -နို၀င်ဘာ ၂၅ ရက် (‌ယနေ့)မှာ ကျင်းပပြုလုပ်တဲ့ အာရှ-ဥရောပ ထိပ်သီးအစည်းအဝေး (Asem) ကို မြန်မာ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ခွင့်မရပါဘူး။

    အာဆီယံရဲ့ မူအတိုင်း နိုင်ငံရေးနယ်ပယ်ကမဟုတ်သူတစ်ဦးကို မြန်မာနိုင်ငံကိုယ်စားပြု တက်ခွင့်ပေးပေမယ့် စစ်ကောင်စီက စေလွှတ်ခြင်း မရှိပါဘူး။

    Asem အစည်းအဝေးကို ၁၉၉၆ ခုနှစ်ကတည်းက စတင်ကျင်းခဲ့တာဖြစ်ပါတယ်။ ၂ နှစ်တစ်ကြိမ် ကျင်းပ​လေ့ရှိပြီး ပြီးခဲ့တဲ့နှစ်က ကျင်းပရမှာဖြစ်ပေမယ့် ကိုဗစ်ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းကာ ဒီနှစ်မှ ကျင်းပနိုင်တာဖြစ်ပါတယ်။

    အွန်လိုင်းက ပြုလုပ်မှာဖြစ်ပြီး ကမ္ဘောဒီယားဝန်ကြီးချုပ် ဟွန်ဆန်က ဦးဆောင်မှာ ဖြစ်ပါတယ်။ အခုနှစ်အစည်းအဝေးမှာ ဥရောပနိုင်ငံ ၃၀ နဲ့ အာရှ ၂၁ နိုင်ငံက ခေါင်းဆောင်တွေ တက်ရောက်မှာ ဖြစ်ပါတယ်။

    Asem အစည်းအဝေးဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ ဘဏ္ဍာရေး၊ လူမှုယဉ်ကျေးမှုဆိုင်ရာ အချက် ၃ ချက်ကို အဓိကထားတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွေအတွင်း အာရှနဲ့ ဥရောပက ဒီနယ်ပယ်တွေမှာ ဖြစ်ပေါ်တိုးတက်မှုတွေကို အခုအစည်းအဝေးမှာ သုံးသပ်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

    အာဆီယံဟာ အောက်တိုဘာကလုပ်တဲ့ ထိပ်သီးအစည်းအဝေးမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တက်ခွင့်မပေးသလို၊ ပြီးခဲ့တဲ့တစ်ပတ်ကလုပ်တဲ့ အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးကိုလည်း တက်ခွင့်မပေးပါဘူး။

    ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ဖြေရှင်းရေး ဧပြီလက အာဆီယံခေါင်းဆောင်တွေနဲ့ သဘောတူညီချက်ကို လိုက်နာဆေငာ်ရွက်ခြင်း မရှိတဲ့အတွက် ဖယ်ကျဉ်ရခြင်းဖြစ်တယ်လို့ အာဆီယံက ထုတ်ပြန်ထားပါတယ်။

    Ref: The Star