News @ M-Media

Tag: Myanmar Military

  • လွိုင်ကော်ရှိ ခရစ်ယာန်ဘုရား​ကျောင်းကို စစ်ကောင်စီက ဝင်စီးပြီး၊ ကျန်းမာ​ရေးဝန်ထမ်းများကို ဖမ်းဆီး

    လွိုင်ကော်ရှိ ခရစ်ယာန်ဘုရား​ကျောင်းကို စစ်ကောင်စီက ဝင်စီးပြီး၊ ကျန်းမာ​ရေးဝန်ထမ်းများကို ဖမ်းဆီး

    နိုဝင်ဘာ ၂၃၊ ၂၀၂၁
    M-Media

    Christ the King Cathedral ဘုရားကျောင်းက ဖွင့်လှစ်ထားသည့် ဆေးခန်း

    -ကယားပြည်နယ် လွိုင်ကော်မြို့က Christ the King Cathedral ခရစ်ယာန် ကက်သလစ်ဘုရား​ကျောင်းကို စစ်ကောင်စီတပ်တွေက တနင်္လာနေ့မှာ ဝင်ရောင်စီးနင်းရှာဖွေခဲ့ပြီး ကျန်းမာရေးဝန်ထမ်း ၁၈ ဦးကို ဖမ်းဆီးသွားပါတယ်။

    ဘုရားကျောင်းပရ၀ုဏ်၊ ဂိုဏ်းအုပ်ဘုန်းကြီးနေထိုင်ရာ အိမ်နဲ့ ဘုရားကျောင်းက ကမကထပြု ဖွင့်လှစ်ထားတဲ့ ဆေးခန်းတွေကို စစ်သားနဲ့ ရဲ ၂၀၀ ကျော်လောက်က ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဘုရားကျောင်းတာဝန်ရှိသူတွေက ကက်သလစ် သတင်းဌာနတစ်ခုဖြစ်တဲ့ UCA ကို ပြောကြားခဲ့ပါတယ်။

    ဆေးခန်းကို ဝင်စီးရာမှာ ကိုဗစ်လူနာ ၄ ဦးအပါအဝင် လူနာ ၄၀ လောက်ကို စစ်ကောင်စီတပ်သားတွေက မောင်းထုတ်ခဲ့ပြီး၊ ကျန်းမာရေးဝန်ထမ်း ၁၈ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ ဆရာဝန် ၄ ဦး၊ သူနာပြုတွေ၊ ဆေးဝါးကျွမ်းကျင်သူနဲ့ စေတနာ့ဝန်ထမ်းတွေ ပါဝင်ပါတယ်။ စစ်သားတွေဟာ ဆေးမှတ်တမ်းတွေ၊ ဆေး၀ါးပစ္စည်း ကိရိယာတွေကို ယူဆောင်သွားခဲ့ပါတယ်။

    ဘုရားကျောင်းပရ၀ုဏ်အတွင်းမှာရှိတဲ့ အ​ဆောက်အဦးတွေကို စစ်ကောင်စီတပ်သားတွေက မနက် ၉ နာရီကနေ ညနေ ၄ နာရီအတွင်း အနည်းဆုံး ၃ ကြိမ် ဝင်ရောက်စီးနင်းခဲ့ကြကာ၊ အဲဒီအချိန်အတွင်း ဘုရားကျောင်းတစ်၀ိုက်မှာ လုံခြုံရေးကို ထူထပ်စွာ ချထားတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

    “ကျွန်တော်တို့ ပရဟိတအလုပ်တွေကို လုပ်နေတာပါ။ ဘာအမှားအယွင်းမှ မလုပ်ထားပါဘူး။ ဘာဖြစ်လို့ ဒီလိုစီးနင်းတာလဲ၊ ဘာတွေရှာတာလဲဆိုတာ ကျွန်တော်တို့လည်း မပြောတတ်တော့ဘူး” လို့ လွိုင်ကော် ကက်သလစ်သာသနာ့နယ်မြေက တာဝန်ရှိသူ ဖာသာ ဖရန်စစ်စိုးနိုင်က ပြောပါတယ်။

    ဒီလိုဝင်ရောက်စီးနင်းတာကြောင့် ဘုရားကျောင်းဆေးခန်းမှာ လာပြတဲ့လူနာတွေ၊ မေလကတည်းက တိုက်ပွဲပြင်းထန်မှုနောက်ဆက်တွဲ ဘုရားကျောင်းမှာ လာရောက်ခိုလှုံနေသူတွေကြားမှာ စိုးရိမ်စိတ်တွေ၊ မလုံခြုံမှုတွေ ဖြစ်လာတယ်လို့ ဖာသာက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ​ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်လာတဲ့ မတည်ငြိမ်မှုတွေအတွင်း ကာယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးတွေမှာ စစ်ကောင်စီတပ်တွေရဲ့ လက်ချက်ကြောင့် အနည်းဆုံး ခရစ်ယာန်ဘုရားကျောင်း ၅ ခု ထိခိုက်ပျက်ဆီးခဲ့ပါတယ်။

    Ref: UCA

  • မြန်မာလူငယ်များအပေါ် လွှမ်းမိုးနိုင်ရေး စစ်ကောင်စီကို ဒေါ်လာသန်းချီလှူသည်ဆိုသည့်သတင်းကို တရုတ်ငြင်း

    မြန်မာလူငယ်များအပေါ် လွှမ်းမိုးနိုင်ရေး စစ်ကောင်စီကို ဒေါ်လာသန်းချီလှူသည်ဆိုသည့်သတင်းကို တရုတ်ငြင်း

    နိုဝင်ဘာ ၂၂၊ ၂၀၂၁

    M-Media

    Twitter တွင်ပြန့်နေသည့် စခရင်ရှော့

    -အာဏာသိမ်းစစ်ကောင်စီ ပညာရေးဝန်ကြီးဌာနကို ယွမ် ၁.၁၆ ဘီလီယံ (ဒေါ်လာ သန်း ၁၈၀) တရုတ်သံရုံးက လှူဒါန်းတယ်ဆိုပြီး Twitter မှာ ပြန့်နှံ့နေတဲ့သတင်းဟာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်သံရုံးက ငြင်းချက်ထုတ်လိုက်ပါတယ်။ 

    “တရုတ်အစိုးရကိုယ်စား မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်သံရုံးဟာ မြန်မာပညာရေးဝန်ကြီးဌာနကို နိုဝင်ဘာ ၁၂ ရက်နေ့က ယွမ် ၁.၆ ဘီလီယံ လှူဒါန်းခဲ့ပြီး ၂၀၂၂ ခုနှစ် မြန်မာနိုင်ငံ မူလတန်းနဲ့ အလယ်တန်းကျောင်းတွေက ကျောင်းသားတွေအားလုံးကို အခမဲ့ နေ့လည်စာကျွေးဖို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်မျိုးဆက်ဟာ တရုတ်ရဲ့ဖွံ့ဖြိုးတိုးတက်မှုကို ရရှိခံစားနိုင်ဖို့ ဆောင်ရွက်တာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ချန်ဟိုင်က ပြောပါတယ်” လို့ တရုတ်လိုရေးထားတဲ့ စခရင်ရှော့တစ်ခု နိုဝင်ဘာ ၁၆ ရက်နေ့ကစပြီး Twitter က တရုတ်နိုင်ငံသားတွေအကြားမှာ ပြန့်နှံ့နေတာဖြစ်ပါတယ်။

    တရုတ်အလံ၊ တရုတ်လိုရေးထားတဲ့ ‘မြန်မာနိုင်ငံတရုတ်သံရုံး’ ဆိုတဲ့ နောက်ခံမှာ တရုတ်တာဝန်ရှိသူ နှစ်ဦး ထိုင်နေတဲ့ဓာတ်ပုံလည်း စခရင်ရှော့မှာ ပါဝင်ပါတယ်။

    ဒါပေမယ့် ဒီဓာတ်ပုံဟာ နိုဝင်ဘာ ၁၂ ရက်နေ့က ကိုဗစ်ကာကွယ်ဆေးတွေ မြန်မာနိုင်ငံကို ပေးအပ်တုန်းက တရုတ်သံရုံးမှာ လွှင့်တင်ခဲ့တဲ့ ဓာတ်ပုံဖြစ်ပြီး၊ မြန်မာပညာရေးဝန်ကြီးဌာနကို ဒေါ်လာသန်းချီပေးတယ်ဆိုတဲ့သတင်းဟာလည်း ခိုင်လုံမှုမရှိကြောင်း AFP သတင်းဌာနရဲ့ စစ်ဆေးမှုမှာ တွေ့ခဲ့ရပါတယ်။ 

    မြန်မာနိုင်ငံက တရုတ်သံရုံးကလည်း ဒီသတင်းက မဟုတ်ဘူးလို့ ငြင်းပါတယ်။ Twitter မှာ ပြန့်နှံ့နေတဲ့ သတင်းဟာ လုပ်ကြံရေးသားထားတာဖြစ်ပြီး ဓာတ်ပုံကလည်း နိုဝင်ဘာ ၁၂ ရက်နေ့ ကိုဗစ်ကာကွယ်ဆေးလှူတဲ့အချိန်က ဓာတ်ပုံဖြစ်ကြောင်း သံရုံးပြောရေးဆိုခွင့်ရှိသူက AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    “အခုနှစ်အစကတည်းက တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံကို ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၈.၉ သန်းနဲ့ ကိုဗစ်တိုက်ဖျက်ရေးပစ္စည်းတွေ အကြိမ်ကြိမ် ပေးအပ်ခဲ့ပါတယ်။ မြန်မာကျောင်းသားတွေ၊ မသန်စွမ်းသူတွေ၊ ဆေးရုံတက်နေရတဲ့ ကလေးငယ်တွေနဲ့ အခြားသူတွေအတွက်လည်း တရုတ်သံရုံးက ထောက်ပံ့လှူဒါန်းမှု တော်တော်များများ လုပ်ပေးခဲ့ပါတယ်”

    Ref: AFP

  • တရုတ်-အာဆီယံ ထိပ်သီးအစည်းအ၀ေးပွဲကို မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် တက်ခွင့်မရ

    တရုတ်-အာဆီယံ ထိပ်သီးအစည်းအ၀ေးပွဲကို မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် တက်ခွင့်မရ

    နို၀င်ဘာ ၂၂၊ ၂၀၂၁
    M-Media

    -တရုတ်-အာဆီယံ ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအ၀ေးကို ဒီကနေ့ စတင်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံက အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခွင့် မရပါဘူး။

    အွန်လိုင်းကပြုလုပ်တဲ့ ဒီထိပ်သီးအစည်း၀ေးကို မြန်မာစစ်ခေါင်းဆောင်တက်ရောက်ဖို့ တရုတ်ဖက်က ကြိုးပမ်းခဲ့ပေမယ့် အာဆီယံနိုင်ငံတွေက ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။

    မလေးရှားနိုင်ငံခြားရေး၀န်ကြီး ဆိုက်ဖူဒင် အဘ်ဒူလာက အစည်းအ၀ေးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တက်ခွင့်မပေးဖို့ အာဆီယံနဲ့ တရုတ်တို့ သဘောတူခဲ့တယ်လို့ မီဒီယာတွေကို ပြောပါတယ်။

    မြန်မာအာဏာသိမ်းစစ်ကောင်စီဖက်က ဒီကိစ္စနဲ့ပတ်သက်ပြီး ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အောက်တိုဘာလအတွင်းက ကျင်းပပြုလုပ်တဲ့ အာဆီယံ ထိပ်သီးအစည်း၀ေးကိုလည်း တက်ခွင့်မရပါဘူး။ ဖေဖော်၀ါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကို ဖြေရှင်းရေး အာဆီယံနဲ့ ရရှိထားတဲ့ သဘောတူညီချက်တွေကို မလိုက်နာတဲ့အတွက် အစည်းအ၀ေးတက်ရောက်ခွင့် ပိတ်ပင်တာလို့ အာဆီယံဖက်က သတင်းထုတ်ပြန်ပါတယ်။

    နိုင်ငံရေးဖက်က မဟုတ်တဲ့ စစ်ကောင်စီနိုင်ငံခြားရေး၀န်ကြီးဌာနက အကြီးတန်းတာ၀န်ရှိသူတစ်ဦးကို အာဆီယံက အောက်တိုဘာထိပ်သီးအစည်းအ၀ေး တက်ခွင့်ပေးပေမယ့် စစ်ကောင်စီက မစေလွှတ်ခဲ့ပါဘူး။

    အဖွဲ့၀င်နိုင်ငံတစ်ခုကို အခုလို ဖယ်ကျဥ်တာဟာ အာဆီယံသမိုင်းမှာ မကြုံစဖူးကိစ္စလည်း ဖြစ်ပါတယ်။

    Ref: CNA

  • တရုတ်-အာဆီယံအစည်းဝေး စစ်ခေါင်းဆောင်ကို အာဆီယံနိုင်ငံများက တက်ရောက်ခွင့် မပေးလို

    တရုတ်-အာဆီယံအစည်းဝေး စစ်ခေါင်းဆောင်ကို အာဆီယံနိုင်ငံများက တက်ရောက်ခွင့် မပေးလို

    နိုဝင်ဘာ ၁၈၊ ၂၀၂၁
    M-Media

    -လာမယ့်တစ်ပတ် တရုတ်-အာဆီယံ အစည်းအဝေးမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တက်ရောက်ခွင့်ပြုဖို့ တရုတ်သံကိုယ်စားလှယ်ရဲ့​ ကြိုးပမ်းမှုကို အာဆီယံနိုင်ငံတစ်ချို့က ကန့်ကွက်ထားတယ်လို့ သတင်းထွက်လာပါတယ်။

    နိုဝင်ဘာ ၂၂ ရက်နေ့လုပ်မယ့် အဲဒီအစည်းအဝေးမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့အတူ အာဆီယံခေါင်းဆောင်တွေ ဒေသတွင်းအရေး ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

    ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ စင်ကာပူတို့က မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဒီအစည်းအဝေးမှာ တက်ရောက်ခွင့် မပေးချင်ဘူးလို့ အာဆီယံဒေသတွင်း နိုင်ငံရေးနဲ့ သံတမန်ရင်းမြစ် ၄ ခုက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    “အာဆီယံထိပ်သီးအစည်းအဝေးက ရပ်တည်ချက်အတိုင်း ဆက်လက် ရပ်တည်သွားဖို့ မလေးရှား၊ အင်ဒိုနီးရှား၊ ဘရူနိုင်းနဲ့ စင်ကာပူတို့ သဘောတူထားကြပါတယ်” လို့ အာဆီယံနိုင်ငံတစ်ခုရဲ့ အစိုးရ တာဝန်ရှိသူက ဆိုပါတယ်။

    အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တူကူ ဖိုင်ဇာယာက အောက်တိုဘာ ထိပ်သီးအစည်းအဝေးကအတိုင်း နိုင်ငံရေးဖက်ကမဟုတ်တဲ့ လူတစ်ဦးကိုသာ တက်ရောက်ခွင့်ပေးမယ့် သူတို့ရပ်တည်ချက် မပြောင်းဘူးလို့ အတည်ပြုပါတယ်။

    “လာမယ့် ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံကို ဘယ်သူက ကိုယ်စားပြုတက်သင့်တယ်ဆိုတာနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားကတော့ အရင်က ရပ်တည်ချက် အတိုင်းပါပဲ”

    မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက အခုကိစ္စအတွက် မှတ်ချက်မပေးခဲ့ဘဲ စင်ကာပူ၊ ဘရူနိုင်းနဲ့ ဗီယက်နမ်တို့ကို မေးမြန်းလို့မရဘူးလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လီကျင်းက အခုကိစ္စအတွက် မှတ်ချက် မပေးခဲ့ပေမယ့် မြန်မာနိုင်ငံက သက်ဆိုင်သူတွေအားလုံး စေ့စပ်ဆွေးနွေးရေးကနေတစ်ဆင့် အဖြေရှာဖို့ တရုတ်နိုင်ငံက အားပေးပြီး၊ တည်ငြိမ်အေးချမ်းရေးနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတို့အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဖြေကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့လက ထိပ်သီးအစည်းအဝေးမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အာဆီယံက တက်ခွင့်မပေးဘဲ နိုင်ငံခြားရေးဝန်ကြီးဌာနက အကြီးတန်းအရာရှိတစ်ဦးကိုသာ တက်ခွင့်ပေးပါတယ်။ စစ်ကောင်စီက အဲဒီအကြီးတန်းအရာရှိကို ထိပ်သီးအစည်းအဝေး စေလွှတ်ခြင်းမရှိပါဘူး။

    ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေ ဖြေရှင်းနိုင်ရေး ဧပြီလမှာ အာဆီယံခေါင်းဆောင်တွေ အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း တက်ရောက်ခဲ့ပါတယ်။

    အာဆီယံအထူးကိုယ်စားလှယ်တစ်ဦး မြန်မာနိုင်ငံကို လာရောက်ကာ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေး​ရေးအပါအဝင် အဲဒီအစည်းအဝေးမှာ သဘောတူညီထားတဲ့ အချက်တွေကို စစ်ကောင်စီက လိုက်နာခြင်းမရှိတဲ့အတွက် အာဆီယံက စစ်ကောင်စီကို မနှစ်မြို့နေတာ ဖြစ်ပါတယ်။

    Ref: Reuters

  • စစ်ကောင်စီလက်မှလွတ်မြောက်ရေး ကြိုးပမ်းပေးသူအားလုံးကို ကန်ဂျာနယ်လစ် ကျေးဇူးတင်

    စစ်ကောင်စီလက်မှလွတ်မြောက်ရေး ကြိုးပမ်းပေးသူအားလုံးကို ကန်ဂျာနယ်လစ် ကျေးဇူးတင်

    နိုဝင်ဘာ ၁၇၊ ၂၀၂၁
    M-Media

    -မြန်မာ အာဏာသိမ်းစစ်ကောင်စီလက်ကနေ လွတ်မြောက်ရေး ကူညီပေးခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်တယ်လို့ Frontier Myanmar သတင်းဌာနရဲ့ အယ်ဒီတာ အမေရိကန်ဂျာနယ်လစ် ဒန်နီဖန်စတာက ပြောကြားလိုက်ပါတယ်။

    ဖန်စတာဟာ မနေ့က အမေရိကန်ကို ပြန်လည်ရောက်ရှိသွားပြီဖြစ်ပါတယ်။ ကန်သံအမတ်ဟောင်း ဘီလ်ရစ်ချန်ဆန်နဲ့အဖွဲ့ နေပြည်တော်လေဆိပ်မှာ သူ့ကိုစောင့်နေတာကို မြင်ရတဲ့တစ်ခဏဟာ ဘ၀မှာ အလွန်ပျော်ရွှင်ရတဲ့အချိန် ဖြစ်တယ်လို့ နယူးယောက်က ဂျွန်အက်ဖ်ကနေဒီ လေဆိပ်ကို ရောက်ရှိလာတဲ့ ဖန်စတာက ပြောပါတယ်။

    “လုပ်နိုင်သလောက် လုပ်ပေးခဲ့ကြသူတွေအားလုံးကို ကျွန်တော် ကျေးဇူးအထူးတင်ပါတယ်။ လုပ်ပေးခဲ့တာတွေအားလုံးဟာ နည်းနည်းဖြစ်ဖြစ်တော့ ထိရောက်မှု ရှိခဲ့ပါတယ်”

    ဖန်စတာဟာ မေလက ရန်ကုန်လေဆိပ်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး အမှုများစွာနဲ့ တရားစွဲဆို ခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့တစ်ပတ် သောကြာနေ့မှာ လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ တရားမဝင် အသင်းအဖွဲ့ ဆက်သွယ်မှု ဥပဒေတွေနဲ့ ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံခဲ့ရပြီး ၃ ရက်အကြာ တနင်္လာနေ့မှာ လွတ်မြောက်ခဲ့တာပါ။

    မြန်မာနိုင်ငံကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ အမေရိကန်သံအမတ်ဟောင်း ဘီလ်ရစ်ချက်ဆန်ဟာ ဖန်စတာလွတ်မြောက်မှုမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။

    နိုဝင်ဘာလ အစောပိုင်းကတည်းက စတင်ခဲ့တဲ့ သူ့ခရီးစဉ်မှာ ရစ်ချက်ဆန်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ၂ ကြိမ် တွေ့ဆုံခဲ့ပါတယ်။

    လေဆိပ်မှာ လုံခြုံရေးတပ်ဖွဲ့တွေဝိုင်းထားတဲ့ ဖန်စတာ မိမိဆီကို လမ်းလျှောက်လာတဲ့ မြင်ကွင်းဟာ အကောင်းဆုံးမြင်ကွင်းဖြစ်တယ်လို့ ရစ်ချက်ဆန်က နယူးယောက်မြို့ ဂျွန်အက်ဖ်ကနေဒီ လေဆိပ်မှာ သတင်းထောက်တွေကို ပြောပါတယ်။

    “ကျွန်တော့်က သူ့ကို ‘ဒန်နီရေ- ငါမင်းကို အိမ်ပြန်ခေါ်သွားမှာကွ။ အမေရိကန်ကို ဒီနေ့ပဲ ခေါ်သွားမှာ’ လို့ ပြောတယ်။ သူက ‘ကောင်းလိုက်တာဗျာ’ လို့ ပြန်ပြောပါတယ်”

    စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဖန်စတာကို ပြန်လွှတ်လိုက်တာဟာ လူသားချင်း စာနာထောက်ထားမှုကြောင့်ဖြစ်ပြီး၊ အမေရိကန်အစိုးရနဲ့ ဆက်ဆံရေးကောင်းစေလိုတဲ့ဆန္ဒ မပါဘူးလို့ သတင်းဌာနတွေကို မနေ့က ပြောကြားခဲ့ပါတယ်။

    Ref: CNN