News @ M-Media

Tag: Myanmar Military

  • မုန်တိုင်းသင့် မြန်မာပြည်သူများအတွက် အင်ဒိုနီးရှားက အကူအညီများ ပေးပို့မည်

    မုန်တိုင်းသင့် မြန်မာပြည်သူများအတွက် အင်ဒိုနီးရှားက အကူအညီများ ပေးပို့မည်

    ဇွန် ၁၅၊ ၂၀၂၃

    M-Media 


    -မေလအတွင်းက တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုံး မိုခါကြောင့် အတိ ဒုက္ခရောက်နေကြတဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေးပို့သွားမယ်လို့ အင်ဒိုနီးရှားက ထုတ်ပြန်ပါတယ်။ 

    အရေးပေါ် ကူညီမှု အဆင့်ကနေ ပြန်လည်ထူထောင်ရေးလုပ်ငန်း လုပ်ကိုင်ရာမှာ အထောက်အကူဖြစ်စေဖို့ ရည်ရွယ်လှူဒါန်းတာလို့ အင်ဒို လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုရေး၀န်ကြီး မူဟာဂျီရ် အီဖန်ဒီက ပြောပါတယ်။ 

    အင်ဒိုနီးရှားရဲ့ အကူအညီတွေဟာ အဆောက်အဦး ပြန်လည်ဆောက်လုပ်ရေး၊ စားနပ်ရိက္ခာ၊ ကျန်းမာရေး၊ သောက်သုံးရေ ရရှိရေး၊ ကူးစက်ရောဂါ တိုက်ဖျက်ရေး၊ တစ်ကိုယ်ရည်သန့်ရှင်းရေး စတဲ့ကဏ္ဍတွေအတွက် ရည်ရွယ်တာပါ။ 

    “မြန်မာနိုင်ငံကို အကူအညီတွေပေးအပ်ဖို့ သမ္မတ ဂျိုကို၀ီရဲ့ ညွှန်ကြားချက်အတိုင်း ဒီလိုအကူအညီတွေ ပေးအပ်တာ ဖြစ်ပါတယ်” လို့ အီဖန်ဒီက မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

    အကူအညီဟာ အင်ဒိုနီးရှားရူပီး ၇ ဘီလီယံဖိုး ရှိမှာဖြစ်ပြီး ဇွန်လ ၂၆ ရက်နေ့မှာ ပေးပို့မှာ ဖြစ်ပါတယ်။ 

    မေလအတွင်း တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်း မိုခါဒဏ်ကို ရခိုင်ပြည်နယ်က အဓိက ခံစားခဲ့ရတာ ဖြစ်ပါတယ်။ 

    Ref: Antaranews 

  • စစ်အာဏာသိမ်းမှု လ ၂၀ အတွင်း လူ ၆ ထောင်ကျော် သေဆုံး

    စစ်အာဏာသိမ်းမှု လ ၂၀ အတွင်း လူ ၆ ထောင်ကျော် သေဆုံး

    ဇွန် ၁၄၊ ၂၀၂၃

    M-Media


    -၂၀၂၁ ခုနှစ် ဖေဖော်၀ါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကြောင့် မြန်မာနိုင်ငံမှာ အရပ်သား ၆ ထောင်ကျော်လောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

    အချက်အလက်တွေကို အော်စလို အခြေစိုက် သုတေသနအဖွဲ့ Peace Research Institute of Oslo က စစ်တမ်းကောက်ယူ ထုတ်ပြန်တာ ဖြစ်ပါတယ်။ 

    “လူတွေထိခိုက်သေဆုံးမှု အရေအတွက်ဟာ အရင်က ထုတ်ပြန်ထားတာတွေထက် ပိုမိုများပြားနေတာကို ကျွန်တော်တို့ တွေ့ရပါတယ်။ စစ်တပ်က အဓိကသတ်ဖြတ်တာဖြစ်ပြီး၊ စစ်တပ်ဆန့်ကျင်ရေးအဖွဲ့အစည်းတွေရဲ့လက်မှာလည်း သွေးတော်တော်စွန်းထားပါတယ်” လို့ အစီရင်ခံစာ ပူးတွဲရေးသားသူ စတိုင် တိုနက်ဆန်က ပြောပါတယ်။ 

    ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့အထိ နိုင်ငံရေးကြောင့် သတ်ဖြတ်ခံရသူ ၆၃၃၇ ဦး ရှိပြီး၊ ဒဏ်ရာရသူက ၂၆၁၄ ဦး ရှိတယ်လို့ သုတေသနအဖွဲ့က ဆိုပါတယ်။ 

    ဒီအရေအတွက်ဟာ နိုင်ငံတကာအဖွဲ့အစည်းတွေ အရင်က ထုတ်ပြန်ထားတဲ့ ပမဏာထက် သိသိသာသာ များပြားနေတာ ဖြစ်ပါတယ်။ 

    သေဆုံးသူ ထက်၀က်လောက်ဖြစ်တဲ့ ၃၀၀၃ ဦးကို အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ လက်ပါးစေ စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ်တွေ သတ်ဖြတ်တာဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

    စစ်ကောင်စီကို ဆန့်ကျင်တဲ့အဖွဲ့တွေရဲ့ သတ်ဖြတ်မှုက ၂၁၅၂ ဦး ရှိပါတယ်။ သာမန်ပြည်သူအချင်းချင်း သတ်ဖြတ်ခံရမှုဟာ ၁၂ ဦးရှိပြီး ၁၁၇၀ ဦးရဲ့ သေဆုံးရတဲ့အကြောင်းအရင်းကို တိတိကျကျ မသိရဘူးလို့ Peace Research Institute of Oslo အဖွဲ့က ဆိုပါတယ်။ 

    “မီဒီယာတွေကဖော်ပြတဲ့ အရေအတွက်ထက်ကို ပိုများပါတယ်။ ဒါတောင် စိတ်ချရတဲ့ မီဒီယာဖော်ပြချက်တွေကို အခြေခံပြီး ခန့်မှန်း တွက်ချက်ထားတာပါ။ သတင်းမထွက်လာတာတွေ ရှိတာကြောင့် အမှန်တကယ်အရေအတွက်ဟာ အခုထက်ပိုများမှာ အသေအချာပါပဲ”

    Ref: AFP 

  • ရူပီး-ကျပ် တိုးမြှင့်သုံးစွဲရန် အိန္ဒိယက စစ်ကောင်စီကို တွန်အားပေး

    ရူပီး-ကျပ် တိုးမြှင့်သုံးစွဲရန် အိန္ဒိယက စစ်ကောင်စီကို တွန်အားပေး

    ဇွန် ၁၃၊ ၂၀၂၃

    M-Media 


    -နယ်စပ်ကုန်သွယ်ရေးမှာ အမေရိကန်ဒေါ်လာအစား ကျပ်-ရူပီး အပြန်အလှန်သုံးစွဲရေးကို မြန်မြန်အကောင်အထည်ဖော်ဖို့ အိန္ဒိယက မြန်မာ အာဏာသိမ်းစစ်ကောင်စီကို တိုက်တွန်းလိုက်ပါတယ်။ 

    စစ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားအရန်ငွေ လျော့နည်းလာတဲ့ စစ်ကောင်စီဟာ နယ်စပ်ကုန်သွယ်ရေးကို သက်ဆိုင်ရာ နိုင်ငံတွေရဲ့ ငွေကြေးနဲ့ ဆောင်ရွက်ဖို့ ကြိုးပမ်းလာတာပါ။ 

    စစ်ကောင်စီ ကုန်သွယ်ရေး၀န်ကြီး ဦးအောင်နိုင်ဦးရဲ့ လတ်တလောခရီးစဥ်မှာ ဒီလုပ်ငန်းစဥ်ကို အလျင်အမြန် အကောင်အထည်ဖော်ဖို့ အိန္ဒိယဖက်က တိုက်တွန်းခဲ့ပါတယ်။ 

    လက်ရှိ နှစ်နိုင်ငံ ကုန်သွယ်ရေးဟာ တစ်နှစ်ကို ကန်ဒေါ်လာ ၁ ဒဿမ ၈ ဘီလီယံဖိုးလောက် ရှိနေပြီး ဒေသသုံးငွေကြေး အသုံးပြုနိုင်ရင် ဒီထက် ပမာဏ ပိုများလာဖို့ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ 

    ကျပ်-ရူပီး သုံးစွဲရေးအတွက် မြန်မာဖက်က CB နဲ့ UAB ဘဏ်တို့ဟာ အိန္ဒိယဘဏ်မှာ ရူပီအကောင့် ဖွင့်ထားပြီး၊ ပြည်တွင်းက အခြားဘဏ်တွေလည်း ဒီလုပ်ငန်းစဥ်မှာ ပါ၀င်ဖို့ စစ်ကောင်စီက အလိုရှိနေတာ ဖြစ်ပါတယ်။ 

    Ref: Reuters 

  • မိုခါမုန်တိုင်းသင့်ပြည်သူများအတွက် နိုင်ငံတကာက အကူအညီပေးမှုကို စစ်ကောင်စီ ပိတ်ပင်

    မိုခါမုန်တိုင်းသင့်ပြည်သူများအတွက် နိုင်ငံတကာက အကူအညီပေးမှုကို စစ်ကောင်စီ ပိတ်ပင်

    ဇွန် ၁၁၊ ၂၀၂၃

    M-Media 


    -ရခိုင်ပြည်နယ်က မိုခါမုန်တိုင်းသင့် ပြည်သူတွေထံ သွားရောက် အကူအညီပေးနေတဲ့ နိုင်ငံတကာအဖွဲ့တွေကို အာဏာသိမ်း စစ်ကောင်စီက တားမြစ် ပိတ်ပင်လိုက်ပါတယ်။ 

    ပြီးခဲ့တဲ့လက တိုက်ခတ်ခဲ့တဲ့ အဲဒီမုန်တိုင်းကြောင့် မြန်မာနိုင်ငံမှာ အနည်းဆုံး ၁၄၈ ဦး သေဆုံးခဲ့ပြီး လူသိန်းနဲ့ချီ အိုးအိမ်တွေ ဆုံးရှုံးခဲ့ပါတယ်။ မုန်တိုင်းဒဏ်ကို ရခိုင်ပြည်နယ်က အဓိက ခံစားခဲ့ရတာပါ။  

    ကုသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးရုံးက စစ်ကောင်စီဟာ အကူအညီပေးရေးအဖွဲ့တွေ ရခိုင်ပြည်နယ်သွားရောက်မှုကို ပြီးခဲ့တဲ့တစ်ပတ်ကစပြီး တားမြစ်လိုက်တယ်လို့ သောကြာနေ့က ထုတ်ပြန်ပါတယ်။ 

    အရင်ခွင့်ပြုချက်အရ လုပ်ဆောင်နေတဲ့ အကူအညီပေးရေးလုပ်ငန်းတွေကိုလည်း ဆက်မလုပ်ဖို့ စစ်ကောင်စီက ပိတ်ပင်ခဲ့ပါတယ်။ 

    ဒီလုပ်ရပ်ကြောင့် ရခိုင်ပြည်နယ်က လူသိန်းနဲ့ချီ အကူအညီတွေဆုံးရှုံးကာ အတိဒုက္ခရောက်လိမ့်မယ်လို့ ကုလရဲ့ ကြေငြာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။ 

    မြန်မာတစ်နိုင်ငံလုံးမှာ မုန်တိုင်းဒဏ် ခံစားရသူ အရေအတွက်ဟာ ၁ ဒဿမ ၆ သန်းလောက် ရှိပြီး ဒီလူတွေကို ကူညီဖို့အတွက် ကန်ဒေါ်လာ ၃၃၃ သန်း လိုအပ်မယ်လို့ ကုလက ခန့်မှန်းတွက်ချက်ထားပါတယ်။ 

    Ref: AFP 

  • မြန်မာနယ်စပ်ရှိ တရုတ်ကာစီနိုရုံများကို ထိုင်းက မီးဖြတ်

    မြန်မာနယ်စပ်ရှိ တရုတ်ကာစီနိုရုံများကို ထိုင်းက မီးဖြတ်

    ဇွန် ၉၊ ၂၀၂၃

    M-Media 


    -ကရင်ပြည်နယ်က လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ မြို့နှစ်ခုကို ထိုင်းနိုင်ငံက တနင်္လာနေ့ကစတင်ပြီး လျှပ်စစ်မီး ဖြတ်တောက်လိုက်ပါတယ်။ 

    ရွှေကုက္ကိုနဲ့ လေကေးကော်တို့ဖြစ်ပြီး တရုတ်လောင်းကစားလုပ်ငန်းတွေ တည်ရှိရာ နေရာတွေပါ။ ပတ်၀န်းကျင်နိုင်ငံတွေက ပြည်သူတွေ လူကုန်ကူး ကျွန်ပြုခံရမှု အဓိကဖြစ်ပွားတဲ့ ဒေသတွေလည်း ဖြစ်ပါတယ်။ 

    လျှပ်စစ်၀ယ်ယူရေး စာချုပ်သက်တမ်းပြည့်သွားတာကြောင့် မီးဖြတ်လိုက်တာဖြစ်ပြီး မြန်မာအစိုးရက သက်တမ်းတိုးဖို့ ငြင်းခဲ့တယ်လို့ ထိုင်းဖက်က ထုတ်ပြန်ပါတယ်။ 

    လက်နက်ကိုင်အစောင့်အကြပ်အားကိုးနဲ့ ဖွင့်လှစ်ထားတဲ့ တရုတ်လောင်းကစားရုံတွေဟာ ကိုယ်ပိုင်မီးစက်တွေနဲ့ လာမယ့်သီတင်းပတ်အနည်းငယ်အထိ တောင့်ခံထားနိုင်လိမ့်မယ်လို့လည်း ထိုင်းတာ၀န်ရှိသူတွေက ဆိုပါတယ်။ 

    တရုတ်ပြည်မက စီးပွားရေးသမားတွေဟာ လောင်းကစားရုံတွေအပြင် အခြားတရားမ၀င်လုပ်ငန်းတွေ၊ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကိုလည်း အဲဒီဒေသတွေမှာ အကြီးအကျယ် လုပ်ဆောင်နေကြပါတယ်။ 

    Ref: South China Morning Post