News @ M-Media

Tag: Myanmar Military

  • မြန်မာ့အရေး အထူးကိုယ်စားလှယ်အဖြစ် ဗိုလ်ချုပ်ဟောင်းတစ်ဦးကို အင်ဒိုနီးရှား ခန့်အပ်ဖွယ်ရှိ

    မြန်မာ့အရေး အထူးကိုယ်စားလှယ်အဖြစ် ဗိုလ်ချုပ်ဟောင်းတစ်ဦးကို အင်ဒိုနီးရှား ခန့်အပ်ဖွယ်ရှိ

    ဖေဖော်၀ါရီ ၈၊ ၂၀၂၃

    M-Media 


    -၂၀၂၃ ခုနှစ် အာဆီယံဥက္ကဌအဖြစ် တာ၀န်ယူမယ့် အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ဗိုလ်ချုပ်ဟောင်းတစ်ဦးကို ခန့်အပ်ဖို့ စီစဥ်နေတယ်လို့ သတင်းထွက်လာပါတယ်။ 

    အသက် ၇၅ နှစ်အရွယ် လူဟွန် ပန်ဂျိုင်တန်ဆိုသူဖြစ်ပြီး အင်ဒိုနီးရှားအစိုးရမှာ ရေကြောင်းနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ၀န်ကြီးအဖြစ် တာ၀န်ယူထားပါတယ်။  

    ပန်ဂျိုင်တန်ဟာ အရင်က ကြယ် ၄ ပွင့် ဗိုလ်ချုပ်ဟောင်းဖြစ်ပြီး သမ္မတ ဂျိုကို၀ီဒိုဒိုက သူ့အစိုးရထဲကို ထည့်သွင်းခဲ့တာပါ။ သူဟာ စီးပွားရေးသမားတစ်ယောက်လည်း ဖြစ်ပါတယ်။ 

    ဒီသတင်းနဲ့ပတ်သက်ပြီး ပန်ဂျိုင်တန်နဲ့ အင်ဒိုနီးရှားအစိုးရတို့ဖက်က ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ 

    အာဆီယံဟာ မြန်မာ့အရေးကို ဘုံသဘောတူညီချက် ၅ ရပ်နဲ့ ချဥ်းကပ်နေတာဖြစ်ပြီး အခုအချိန်အထိ အောင်မြင်မှု မရသေးပါဘူး။ 

    Ref: The Star 

  • အားလုံးပါ၀င်မည့် နိုင်ငံတော်အဆင့်ဆွေးနွေးပွဲ ပေါ်ပေါက်ရန် အာဆီယံက လုပ်ဆောင်မည်

    အားလုံးပါ၀င်မည့် နိုင်ငံတော်အဆင့်ဆွေးနွေးပွဲ ပေါ်ပေါက်ရန် အာဆီယံက လုပ်ဆောင်မည်

    ဖေဖော်၀ါရီ ၃၊ ၂၀၂၃

    M-Media 

    -မြန်မာနိုင်ငံကပြဿနာကို ဖြေရှင်းရာမှာ ပြည်တွင်းက အဖွဲ့စုံပါ၀င်တဲ့ ဆွေးနွေးညှိနှိုင်းရေးက အရေးပါတယ်ဆိုတာ အာဆီယံ နိုင်ငံခြားရေး၀န်ကြီးတွေ သဘောတူခဲ့တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေး၀န်ကြီး ရက်တနို မာဆူဒီက ပြောကြားလိုက်ပါတယ်။  

    အာဆီယံ နိုင်ငံခြားရေး၀န်ကြီးတွေဟာ ဒီကနေ့ ဂျကာတာမှာ ၃၂ ကြိမ်မြောက် ညှိနှိုင်းအစည်းအ၀ေး ပြုလုပ်ခဲ့ကြတာပါ။ 

    မာဆူဒီက အစည်းအ၀ေးအတွင်း အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ကာ အားလုံးပါ၀င်နိုင်မယ့် ဆွေးနွေးပွဲတစ်ခု မြန်မာနိုင်ငံမှာ ပေါ်လာရေး ဆောင်ရွက်ဖို့ ဆွေးနွေး သဘောတူခဲ့ကြတယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ 

    “အားလုံးပါ၀င်တဲ့ ဆွေးနွေးပွဲဟာ မြန်မာနိုင်ငံက ပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးအတွက် သော့ချက်တစ်ခုဖြစ်ပါတယ်။ အကြမ်းဖက်မှုလျှော့ချတာ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကို လျင်လျင်မြန်မြန် အဟန့်အတားမရှိပေးနိုင်အောင် ကြိုးပမ်းတာတွေကနေလည်း ဒီလိုဆွေးနွေးပွဲဖြစ်လာနိုင်မယ့် ၀န်းကျင်မျိုး ဖန်တီးပေးရပါမယ်”

    အခုနှစ်အာဆီယံအလှည့်ကျဥက္ကဌအဖြစ် အင်ဒိုနီးရှားနိုင်ငံက ဆောင်ရွက်မှာဖြစ်ပါတယ်။ မြန်မာပြဿနာ ဖြေရှင်းရေးမှာ အာဆီယံအဖွဲ့ဟာ ဘုံသဘောတူညီချက် ၅ ချက်ကို စွဲကိုင်ထားတာ ဖြစ်ပါတယ်။ 

    မာဆူဒီက အင်ဒိုနီးရှားဟာ မြန်မာပြဿနာဖြေရှင်းရေး နည်းလမ်း ၃ ခုနဲ့ ချဥ်းကပ်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ 

    “အားလုံးပါ၀င်မယ့် နိုင်ငံတော်အဆင့် ဆွေးနွေးပွဲ ဖြစ်လာဖို့ သက်ဆိုင်သူတွေအားလုံး စေ့စပ်ဆွေးနွေးရမှာက ပထမအဆင့် ဖြစ်ပါတယ်။ ကနဦး စေ့စပ်ဆွေးနွေးရမယ့် ကိစ္စကို သက်ဆိုသူတွေအားလုံးထံ မျှ၀ေထားပြီ ဖြစ်ပါတယ်”

    ဒုတိယအဆင့်က နိုင်ငံတော်အဆင့် ဆွေးနွေးမှုလုပ်ဆောင်ရေး လမ်းဖွင့်ပေးဖို့ဖြစ်ပြီး၊ တတိယအဆင့်က အာဆီယံအိမ်နီးချင်းနိုင်ငံတွေ၊ ကုလ၊ နိုင်ငံတာအသိုင်းတို့နဲ့ ပူးပေါင်းကာ ပြဿနာဖြေရှင်းရေး ဖြစ်တယ်လို့လည်း မာဆူဒီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    Ref: CNA 

  • မြန်မာစစ်တပ်၏ လေယာဥ်ဆီရရှိမှုကို ပစ်မှတ်ထား၍ အနောက်နိုင်ငံများ ပိတ်ဆို့အရေးယူမှုလုပ်

    မြန်မာစစ်တပ်၏ လေယာဥ်ဆီရရှိမှုကို ပစ်မှတ်ထား၍ အနောက်နိုင်ငံများ ပိတ်ဆို့အရေးယူမှုလုပ်

    ဖေဖော်၀ါရီ ၁၊ ၂၀၂၃

    M-Media 


    -မြန်မာစစ်တပ် လက်နက်ရရှိအောင်၊ လေယာဥ်ဆီရရှိအောင်၊ ငွေကြေးအကျိုးအမြတ်ရရှိအောင် လုပ်ဆောင်ပေးနေတဲ့ လူပုဂ္ဂိုလ် ၆ ဦးနဲ့ အဖွဲ့အစည်း ၃ ခုကို အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူမှုအသစ်တွေ ပြုလုပ်လိုက်ပါတယ်။ 

    စစ်ခေါင်းဆောင်တွေ အုပ်စီးထားတဲ့ မြန်မာ့ရေနံနဲ့ သဘာ၀ဓာတ်ငွေ့လုပ်ငန်း၊ သတ္ထုတွင်းလုပ်ငန်းနှစ်ခုနဲ့ လေတပ်က တာ၀န်ရှိသူတွေ ပိတ်ဆို့အရေးယူခံရတဲ့ စာရင်းထဲမှာ ပါ၀င်ပါတယ်။ 

    မြန်မာနိုင်ငံက လေယာဥ်စက်သုံးဆီလုပ်ငန်းကို လွှမ်းမိုးထားတဲ့ Asia Sun Group ကုမ္ပဏီကို ယူကေက ပစ်မှတ်ထား ပိတ်ဆို့ခဲ့ပြီး၊ ကနေဒါကလည်း မြန်မာစစ်တပ်က လေယာဥ်ဆီကို တိုက်ရိုက် ဒါမှမဟုတ် သွယ်၀ိုက်ရရှိနိုင်မယ့် လမ်းကြောင်းတွေကို ပစ်မှတ်ထားကာ ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။ 

    အာဏာသိမ်း မြန်မာစစ်တပ်ဟာ အခုနောက်ပိုင်း တော်လှန်ရေးအဖွဲ့တွေကို လေကြောင်းကနေ တိုက်ခိုက်မှု တိုးမြှင့်ပြုလုပ်လာခဲ့ပြီး အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း မြင့်တက်လာပါတယ်။ 

    မြန်မာစစ်တပ်အပေါ် အခုထပ်လုပ်တဲ့ ပိတ်ဆို့မှုအသစ်တွေမှာ သြစတေးလျနိုင်ငံလည်း ပါ၀င်ပါတယ်။ 

    လူ့အခွင့်အရေးအဖွဲ့ Amnesty International က စီးပွားရေးနဲ့ လူ့အခွင့်အရးဆိုင်ရာ သုတေသနပညာရှင် မွန့်ဆီ ဖာရီက လေယာဥ်ဆီရရှိမှုကို ပစ်မှတ်ထားတဲ့ အခုပိတ်ဆို့မှုအသစ်ကို ကြိုဆိုပြီး အခြားနိုင်ငံတွေလည်း ဒီလိုခြေလှမ်းမျိုး လှမ်းသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။ 

    Ref: Reuters 

  • အာဆီယံကာကွယ်ရေး၀န်ကြီးများအစည်းအ၀ေး စစ်ကောင်စီ တက်ခွင့်ရ

    အာဆီယံကာကွယ်ရေး၀န်ကြီးများအစည်းအ၀ေး စစ်ကောင်စီ တက်ခွင့်ရ

    ဇန်န၀ါရီ ၃၁၊ ၂၀၂၃

    M-Media 


    -အမေရိကန်ပါ၀င်မယ့် အာဆီယံ ကာကွယ်ရေး၀န်ကြီးများအစည်းအ၀ေးကို တက်ရာက်ဖို့ မြန်မာစစ်ကောင်စီကို ဖိတ်ကြားထားပါတယ်။ 

    ADMM-Plus လို့အမည်ပေးထားတဲ့ ရေကြောင်းဆိုင်ရာ အဲဒီအစည်းအ၀ေးကို ထိုင်းနဲ့ အမေရိကန်တို့က ဦးဆောင်ကာ ဖေဖော်၀ါရီ ၂၀ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး ၅ ရက် ကြာမြင့်မှာပါ။ 

    ဆွေးနွေးပွဲမှာ ကယ်ဆယ်ရေး၊ ပင်လယ်ဓားပြကိစ္စ၊ မူးယစ်ဆေး၊ လက်နက်နဲ့ လူမှောင်ခိုမှုပြဿနာတွေကို ဖြေရှင်းရေး စားပွဲ၀ိုင်း စစ်ရေးလေ့ကျင့်မှုလည်း ပါ၀င်မှာဖြစ်ပါတယ်။ 

    အမေရိကန်ကာကွယ်ရေး၀န်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး မာတင် မီနာက မြန်မာစစ်တပ်ကို ဖိတ်ကြားတာဟာ အာဆီယံ လုပ်ထုံးလုပ်နည်းအရဖြစ်ပြီး အဖွဲ့၀င်နိုင်ငံတွေက ဆုံးဖြတ်တာဖြစ်တယ်လို့ Myanmar Now ရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ပါတယ်။ 

    ADMM-Plus အစည်းအ၀ေးမှာ သြစတေးလျ၊ တရုတ်၊ အိန္ဒိယ၊ဂျပန်၊ နယူးဇီလန်၊ ရုရှား၊ တောင်ကိုရီးယားတို့လည်း ပါ၀င်မှာဖြစ်ပါတယ်။ 

    ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူအပေါ် အကြမ်းဖက်မှုတွေကြောင့် အာဆီယံက စစ်ကောင်စီကို အရေးပါတဲ့ အစည်းအ၀ေးတွေ ဖိတ်ကြားခြင်း မပြုပါဘူး။

    အခုအစည်းအ၀ေး ဘာ့ကြောင့် ဖိတ်ကြားလဲဆိုတာ အာဆီယံဖက်က ထုတ်ပြန်ခြင်း မပြုသေးပါဘူး။  

    Ref: Aljazeera 

  • စစ်တပ်ထောက်ခံသူများက အမျိုးသမီးများကို ဆိုရှယ်မီဒီယာတွင် တိုက်ခိုက်စော်ကားမှု ၅ ဆ ပိုများလာ

    စစ်တပ်ထောက်ခံသူများက အမျိုးသမီးများကို ဆိုရှယ်မီဒီယာတွင် တိုက်ခိုက်စော်ကားမှု ၅ ဆ ပိုများလာ

    ဇန်န၀ါရီ ၂၈၊ ၂၀၂၃

    M-Media 


    -အာဏာသိမ်းမှုဆန့်ကျင်တဲ့ အမျိုးသမီးတွေကို စစ်တပ်ထောက်ခံသူတွေက ဆိုရှယ်မီဒီယာမှာ စော်ကားမှု၊ ခြိမ်းခြောက်မှုတွေ ပိုမို ပြုလုပ်လာတယ်လို့ Myanmar Witness အဖွဲ့ရဲ့ လတ်တလောလေ့လာမှုမှာ တွေ့ရှိရပါတယ်။ 

    အကြမ်းဖက်တိုက်ခိုက်ဖို့၊ အဓမ္မကျင့်ဖို့၊ သတ်ဖြတ်ဖို့အထိ လှုံ့ဆော်မှုတွေ ရှိနေပြီး Telegram၊ Facebook တို့လို ဆိုရှယ်မီဒီယာတွေက ဒီလိုပို့စ်တွေကို ဖယ်ရှားဖို့ ထိထိရောက်ရောက် လုပ်ဆောင်တာမျိုးမရှိဘူးလို့ အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အမျိုးသမီးတွေအပေါ် ဆိုရှယ်မီဒီယာမှာ တိုက်ခိုက်မှုဟာ ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီ ၁ ရက်နေ့နောက်ပိုင်း အနည်းဆုံး ၅ ဆလောက် မြင့်တက်လာပါတယ်။ အခြား ဆိုရှယ်မီဒီယာတွေထက်စာရင် Telegram မှာ ဒီလို ကိစ္စတွေဟာ အဆ ၅၀၀ လောက် များပြားတယ်လို့ Myanmar Witness ရဲ့ လေ့လာမှုမှာ တွေ့ရှိရပါတယ်။ 

    ဒီလိုတိုက်ခိုက်မှုအများစုကို ပြုလုပ်သူတွေဟာ စစ်အာဏာသိမ်းမှုကို ထောက်ခံကြောင်း ရေးသားတဲ့ အမျိုးသားအမည်နဲ့ အကောင့်တွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

    “အွန်လိုင်းက စော်ကားမှုတွေ၊ ကိုယ်ရေးကိုယ်အချက်အလက်တွေ ဖော်ထုတ်ပြီး တိုက်ခိုက်မှုတွေဟာ အမျိုးသမီးတွေရဲ့ အသံကို တိတ်အောင်၊ လူ့အဖွဲ့အစည်းအတွင်းကနေ ထွက်သွားအောင် လုပ်ဆောင်နေတာမျိုး ဖြစ်ပါတယ်”

    “ရှုထောင့်အရ၊ ပုဂ္ဂိုလ်ရေးအရ၊ ဂုဏ်သိက္ခာပိုင်းအရ တိုက်ခိုက်မှုတွေ၊ အဓမ္မကျင့်မယ်၊ အကြမ်းဖက်တိုက်ခိုက်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကြောင့် အမျိုးသမီးတွေဟာ စိတ်ပိုင်းဆိုင်ရာ ဆိုးဆိုးရွားရွား ထိခိုက်တာမျိုးတွေ ရှိနေပါတယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း၊ NUG၊ PDF နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ထောက်ခံကြောင်း ရေးသားတဲ့ အမျိုးသမီးတွေကို စစ်တပ်ထောက်ခံတဲ့သူတွေက အဓိက ပစ်မှတ်ထား တိုက်ခိုက်တာဖြစ်ပါတယ်။ 

    များသောအားဖြင့် အမျိုးသမီးတွေရဲ့ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်တွေ၊ ကိုယ်ရေးကိုယ်တာကိစ္စတွေ ဖော်ထုတ်ကာ နှောက်ယှက်တာမျိုးဖြစ်ပြီး အဲဒီလို ပို့စ်တွေရဲ့ ၂၈ ရာခိုင်နှုန်းလောက်က မြေပြင်မှာ တိုက်ခိုက်ဖို့အထိ ဆော်သြတတ်ကြပါတယ်။ 

    လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့ အရေးအသားတွေ၊ တိရစ္ဆာန်နဲ့ ခိုင်းနှိုင်းတာတွေ၊ မျိုးမစစ်သူ၊ လိင်ကျွန်ဖြစ်နေသူ စသဖြင့် စော်ကားပြောဆိုတဲ့ ပို့စ်တွေနဲ့ စစ်တပ်ထောက်ခံသူတွေက အမျိုးသမီးတွေကို တိုက်ခိုက်တာမျိုးလည်း တွေ့ရပြီး ဒီလိုအရေးအသားတွေကို ရိုဟင်ဂျာလူ့အဖွဲ့အစည်းအပေါ် တိုက်ခိုက်ပြောဆိုတုန်းကလည်း အများအပြားတွေ့ခဲ့ရတယ်လို့ Myanmar Witness ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    လေ့လာမှုဟာ လူအများ ကြည့်ရှုလို့ရတဲ့ ပို့်စ်တွေကိုသာ အခြေခံတာကြောင့် စစ်တပ်ထောက်ခံသူတွေက အမျိုးသမီးတွေအပေါ် ဆိုရှယ်မီဒီယာမှာ စော်ကားတိုက်ခိုက်မှုဟာ အခုတွေ့ရှိချက်ထက် ပိုပိုများပြားနိုင်တယ်လို့လည်း အဖွဲ့က သုံးသပ်ထားပါတယ်။ 

    Ref: Reuters